သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ဂိတ်များလျော့သွားသော်လည်း အခွန်အခ တိုးမြင့်ကောက်ခံ

Posted: 22 Apr 2013 07:19 PM PDT

သျှမ်းပြည်အရှေ့ပိုင်းမိုင်းခတ်မြို့နယ် မိုင်းနုန်းအုပ်စုတွင် မြန်မာစစ်တပ်နှင့် ပြည်သူ့စစ်တို့၏ဂိတ်များ ရုပ်သိမ်းသွားပြီဖြစ် သော်လည်း ၀ တပ်ဖွဲ့၏ဂိတ်များရုပ်သိမ်းခြင်းမရှိသေးသည့်အပြင် ယခင်ကထက်တိုး၍ အခွန်ကောက်ခံနေကြောင်း ဒေသတွင်း သတင်းရပ်ကွက်ကဆိုပါသည်။

"အရင်က မိုင်းကာ မိုင်းနုန်း ကားမှာ ၀ တပ်ဖွဲ့ထိန်းချုပ်နယ်မြေနဲ့ ဒီဘက်မြန်မာအစိုးရထိန်းချုပ် နယ်မြေကြားမှာဂိတ်တွေ ရှိတယ်လေ။ အဲတာ ရွာထဲကနေ ရွာပြင် ထွက်တာတောင် မြန်မာစစ်တပ်စောင့်တဲ့ဂိတ်၊ လားဟူပြည်သူ့စစ် ဂိတ်နဲ့ ၀ တပ်ဖွဲ့ရဲ့ ဂိတ်တွေမှာ ဂိတ်ဖြတ်သန်းခတွေ အဆမတန်ပေးရတယ်။ ဝက်ပ်ဆိုက်တခုကနေ ဒီအကြောင်းသတင်း ထွက်ပြီး တပတ်လောက်အကြာမှာ မြန်မာဂိတ်နဲ့ လားဟူပြည်သူ့စစ်ဂိတ်တွေက ရုပ်သိမ်းသွားပြီ။ အခု ၀ ဂိတ်ကျန်နေတယ်" ဟု မိုင်းနုန်းဒေသခံ တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ယခုနှစ် မတ်ခ်ျလဆန်းပိုင်းက လားဟူပြည်သူ့စစ်ဂိတ်နှင့် မြန်မာစစ်တပ်တို့၏ ဂိတ်များကိုဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း ၀ တပ်ဖွဲ့၏ ဂိတ်ကျန်နေသေးကြောင်း၊ အဆိုပါဂိတ် ၂ ခု ဖျက်သိမ်းလိုက်သည်နှင့် ၀ တပ်ဖွဲ့၏ ဂိတ်မှ ဆိုင်ကယ်နှင့် ကား ဖြတ်သန်းခ တိုးမြင့်ကောက်ခံလာကြောင်း၊ ယခင်က လားဟူဂိတ်နှင့် မြန်မာဂိတ်တို့တွင် ဆိုင်ကယ်တစီး ကျပ် ၅၀၀ စီ ၊  ကားများ  အကြီးအသေးအလိုက်  အခွန်တိုးကောက်၍   မတ်ခ်ျလဆန်း  အဆိုပါ ဂိတ် ၂ ခု ရုပ်သိမ်း လိုက်သည်နှင့် ၀ ဂိတ်က တရုတ်ငွေ ၂ ယွမ်မှ  ၅ ယွမ်အထိ တက်လာကြောင်း၊ ကားကြီးများ ယွမ်ငွေ ၅၀ အထိကောက်ခံကြောင်း မိုင်းနုန်းဒေသခံ စိုင်းနန် ကပြောသည်။

အဆိုပါဂိတ်မှ UWSA ၀ တပ်ဖွဲ့၏ တပ်မဟာ ၄၆၈ လက်အောက်ခံတပ်ရင်းတရင်းက စောင့်ကောက်နေခြင်းဖြစ်ပြီး ခေါင်းဆောင်ဖြစ်သူမှာ ဗိုလ်ဆမ်တန်းဆိုသူဖြစ်ကြောင်း၊ ၈ မိုင်သာဝေးသော မိုင်းကာနှင့်မိုင်းနုန်းကြားရှိ ကောင်းမန့်ဟေး ရွာတွင် တည်ရှိခြင်းဖြစ်ပါသည်။

မိုင်းခတ်မြို့နယ်သည် ကျိုင်းတုံမြို့မြောက်ဘက်တည့်တည့် မိုင် ၅၀ ကျော်အကွာတွင်တည်ရှိသည်။ မိုင်းနုန်းအုပ်စုသည် မိုင်းခတ်မြို့အနောက်ဘက် ၇ မိုင်အကွာတွင်တည်ရှိပါသည်။ သျှမ်းနှင့် အခါလူမျိုး ရောနှောနေထိုင်သည့်အုပ်စု ဖြစ်ပါသည်။ လားဟူပြည်သူ့စစ်တပ်ဖွဲ့မှာ ဂျဟယ် ဆိုသူက ဦးဆောင်ပါသည်။

KIA နှင့် SSPP/SSA သို့ အစိုးတပ်အင်အားထပ်ဖြည့်

Posted: 22 Apr 2013 07:19 PM PDT

သျှမ်းပြည်မြောက်ပိုင်း SSPP/SSA ထိန်းချုပ်နယ်မြေနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နယ်မြေသို့ ယခုတပတ်အတွင်း အစိုးရတပ်များ အင်အားထပ်မံဖြည့်တင်းနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

mm-army-trucksKIA နှင့် SSPP/SSA သို့ အစိုးတပ်အင်အားထပ်ဖြည့်

"မိုင်းနောင်အခြေစိုက် စကခ ၂ လက်အောက်ခံတပ်ရင်းတွေက မိုင်းစန်ဘက်ကနေ မိုင်းရှူးဘက်ကို တပ်ရင်း သုံးရင်းထပ်ပို့တယ်။ စုပေါင်းအင်အားက ၂၀၀ ကျော်မယ်" - ဟု မိုင်းစန်မြို့(မြို့နယ်ခွဲ) သားတဦး ဖြစ်သည့် စိုင်းမောင်က ပြောသည်။

ဧပြီ ၂၁ ရက်နေ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စကခ ၂ လက်အောက်ခံ ခလရ ၂၄၈၊ ခမရ ၅၁၅ ၊ ၅၁၇ အင်အား ၂၀၀ ကျော်က ယာဉ်တန်း ၁၃ စီးဖြင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲမှ - မိုင်းစန် မြို့ နယ်ခွဲ ထိုမှတဆင့် မိုင်းရှူးမြို့နယ် မိုင်အော့တ် တိုက်နယ် ပန်င နမ့်တောင် ကျေးရွာဘက် တက်သွားကြောင်း၊ ထို့အတွက်ကြောင့် သျှမ်းပြည်တပ်မတော်ဘက်ကလည်း ခုခံကာဖို့  အင်အားအသင့် ပြင်ဆင် ထား ကြောင်း - မိုင်းရှူးမြို့ပေါ် ရောက် အမည်မဖေါ်လိုသူ တပ်မှူးတဦးကပြောပါသည်။

ထို့အတူ အစိုးရစစ်ယာဉ်တန်းများသည် မူစယ် - နမ့်ခမ်းမြို့ကို ဖြတ်သန်းပြီး ကချင်ပြည်နယ်သို့ - ယမန်နေ့ က လူ ၊ ရိက္ခာ အပြည့်ကား ၅ စီး၊ ယနေ့ ၂ စီး ထပ်မံဖြည့်တင်းနေကြောင်း နမ့်ခမ်းမြို့ခံများက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၄ လက်အောက်ခံတပ်ရင်းများနှင့်လည်း အစိုးရတပ်နှင့်နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်ဟု ကွတ်ခိုင်ဒေသခံ ဇော်အောင် ကပြောသည်။

"ကျနော်တို့ရတဲ့သတင်းအရ ကချင်ဘက် စစ်ယာဉ်တန်းတွေ သွားနေသလို ကျနော်တို့ဘက်လဲ အင်အားဖြည့် လာနေတယ်ဆိုတော့ အစိုးရစစ်ကြောင်း လှုပ်ရှားမှုအရှိန်မြင့်လာရင် ဒီရက်ပိုင်း မိုင်းရှူးမြို့နယ် အရှေ့ဘက် ခြမ်း သံလွင်မြစ်နဲ့ကပ်လျက်နယ်မြေတွေမှာတိုက်ပွဲတွေဖြစ်ပွားလာနိုင်တယ်" - ဟု အဆိုပါ သျှမ်းတပ်မှူး က ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း အစိုးရတပ်နှင့် တိုင်ရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြားဖြစ်ပွားသော တိုက်ပွဲကြောင့် မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ္မတူမြို့နယ်၊ တန့်ယန်းမြို့နယ် အတွင်း ဒုက္ခသည်စခန်းတခုလျှင် ဒေသခံစစ်ဘေးရှောင်ဒုက္ခသည်များ ရာဂဏန်းရောက်ရှိခိုလှုံနေပါသည်။

RCSS/SSA ထိမ်းချုပ်နယ်မြေအသွားလမ်း ဂိတ်တခု ထိုင်းအစိုးရပိတ်ထား

Posted: 22 Apr 2013 07:17 PM PDT

သျှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ဟု လူသိများသည့် RCSS/SSA ထိမ်းချုပ်နယ်မြေသို့ ဖြတ်ကျော် ရသည့် ထိုင်းဂိတ်တခုအား ထိုင်းအစိုးရက ပြီးခဲ့သည့်ရက်ပိုင်းက ပိတ်ပင်လိုက်ကြောင်း ကြားသိရပါသည်။


"နိုင်ငံရေးပြဿနာကြောင့်မဟုတ်ပါဘူး။ ဒေသခံ အကြီးအကဲတွေ နားလည်မှု လွှဲမှားလို့ဖြစ်တဲ့ အသေးအမွှား ကိစ္စပါ။ ဒါတွေကျနော်တို့ ဖြေရှင်းနေပါတယ်။ တခြားဒေသဆီကို ပြဿနာပြန့်ပွားသွားဖို့လဲမရှိနိုင်ပါဘူး" - ဟု RCSS/SSA ပြောခွင့်ရ စိုင်းဆိုင်မိန်းက ပြောသည်။

ထိုင်းနိုင်ငံ ဖှန်မြို့နယ် နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ကြား နယ်စပ်မျဉ်းပေါ်ရှိ RCSS/SSA ၏ တပ်မဟာ ၇၂၇ လွယ်ဆန်စုဌာနချုပ်သို့ အသွားလမ်းပေါ် နယ်ခြားဂိတ်အား ထိုင်းအစိုးရက မြန်မာနှစ်ဆန်း ပိုင်းက စတင် ပိတ်ပင်ခြင်းဖြစ်သည်။

"ကျနော်တို့ တပ်ဖွဲ့သုံးဖို့ ဘူဒိုဇာကား ဝယ်လာတယ်။ ထိုင်းအာဏာပိုင်က သူတို့ခွင့်ပြုချက် မရသေးဘဲနဲ့ သယ်ယူတယ်လို့ပြောတယ်။ ကျနော်တို့တပ်သုံးဖို့ပါ ။ အရင်တုန်းကလဲ ဒီအတိုင်း သယ်ယူနေတာဘဲ။  ဘာပြဿနာမှာမရှိခဲ့ဖူးပါဘူး" - ဟု စိုင်းဆိုင်မိန်းက ဆက်ပြောသည်။

အမည်မဖေါ်လိုသည့် ဒေသခံ သျှမ်းတပ်အရာရှိတဦးက - ထိုင်းအစိုးရ ယခုကဲ့သို့ ပိတ်ပင်ထားခြင်းသည် တပ်မဟာကြီးတခုလုံး၏ လည်ပတ်မှု မထိခိုက်နိုင်သော်လည်း ဒေသအတွင်းနေထိုင်သည့်လူထု၏ စားဝတ်နေ ရေးအတွက် ရေရှည်ထိခိုက်လာနိုင်ကြောင်း ပြောသည်။

ယင်းလပ် ဦးဆောင်သော ထိုင်းအစိုးရအဖွဲ့သည် သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် အား မူးယစ်ဆေးဝါးလက်တွဲဖေါ်ဆောင်တိုက်ဖျက်မှုအကောင်းဆုံးဆု 'ရွှေလင်းယုန်ဆု' ဂုဏ်ပြုချီးမြင့်ဖူးသည်။