သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


တန့်ယန်းရောက် စစ်ပြေးဒုက္ခသည်များအား မနက်ဖြန်နေရပ်ပြန်ကြမည်

Posted: 10 Apr 2013 06:56 AM PDT

တန့်ယန်းမြို့ပေါ်ရောက် စစ်ပြေးဒုက္ခသည်များတချို့တဝက် မနက်ဖြန် နေရပ်ပြန်ပို့ပေးမည်ဖြစ်ကြောင်း ဒုက္ခသည်ကူညီ ကယ်ဆယ် ရေးအဖွဲ့က ပြောပါသည်။

Dr.Sai Aung Muangစစ်ပြေးဒုက္ခသည်များအား လားရှိုးစေတနာရှင်လူငယ်များအဖွဲ့မှ ကျန်းမာရေးဆေးစစ်ပေးနေစဉ် (ဓါတ်ပုံ- KPL)

" တန်ခူးလ လွန်သွားရင် စိုက်ဖို့ပျိုးဖို့ အချိန်လွန်သွားရင်တနှစ်စာ ငတ်တော့မယ်လေ။ ဒါကြောင့် အိမ်မပြန်လို့လဲမရတော့ လို့ မြို့နဲ့သိပ်မဝေးတဲ့ ရွာကလူတွေ မနက်ဖြန် မနက်စောစော သူတို့ပြန်ဖို့ ကားစီစဉ်ပေးမယ်။  ၇ ရက်တပတ် အိမ်ပြန်နေ ကြည့်မယ်။ နေလို့ရရင်ဆက်နေသွားမယ်။ နေလို့မရရင်လဲ ထပ်ပြီးဆွေးနွေးကြတာပေါ့" ဟု ကူညီရေးအဖွဲ့တွင်ပါဝင်သည့် ပုဂ္ဂိုလ်တဦးကပြောသည်။

တန့်ယန်းမြို့ အောင်မင်္ဂလာကျောင်းတိုက်တွင်ခိုလှုံနေကြသော ဒုက္ခသည် ၄၃၁ ဦးရှိကြောင်း၊ ၎င်းတို့တောင်းဆိုမှုကြောင့် ကယ်ဆယ် ရေးအဖွဲ့က ပြန်ပို့ပေးရန်စီစဉ်ရခြင်းဖြစ်ကြောင်း၊ စေတနာရှင်များမှ လာရောက် လှူဒါန်းသော ထောက်ပံ့ပစ္စည်း များကိုလည်း ဒုက္ခသည်များအားခွဲဝေပေးလိုက်ပြီးဖြစ်ကြောင်း၊ ထောက်ပံ့ငွေကျပ် ၁၁ သိန်း ၈ သောင်း ကိုမူ ၎င်းတို့အတွက်ရံပုံငွေ အဖြစ်ထားပေးမည်ဖြစ်ကြောင်းဆိုပါသည်။

" သူတို့ အာမခံချက်အတွက်တော့ ကျနော်တို့တွေ မြန်မာစစ်တပ် စစ်ဗျူဟာရုံးတွေကိုသွားပြီးတောင်းပန်ထားတယ်။ စစ် မက်ထပ်မဖြစ်ပွါးအောင်၊ လူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေထပ်မလုပ်အောင်ပေါ့နော်။ တကယ် လို့ဖြစ်မယ် ဆိုရင်လဲ လူနေရပ်ရွာနဲ့ဝေးတဲ့နေရာမှာသွားဖြစ်စေချင်တယ်။  မနေ့ကလဲ  ခလရ ၂၉၁ က တပ်ရင်းမှူးက  ဘုန်းကြီးကျောင်း ကို လူလွှတ်ပြီးပြောခိုင်းတယ်။ ဒုက္ခသည်တွေ ကိုယ့်အိမ်ကိုယ်ပြန်နေပါတဲ့ " ဟု ကျားဖြူ ပြည်သူ့လွှတ်တော်အမတ် စိုင်းထွန်းထွန်းဝင်း ကပြောသည်။

စစ်ဘေးရှောင်သူများနေရပ်ပြန်ရေး တဘက်က စီစဉ်နေကြသော်လည်း စစ်မျက်နှာပြင်၌ အစိုးရတပ် နှင့် သျှမ်းပြည် တပ်မတော်တို့ကြား စစ်ရေးတင်းမာမှုမှာပြေလျော့ခြင်းမရှိသေးကြောင်း SSPP/SSA ဝမ့်ဟိုင်းဌာနချုပ် အရာရှိတဦးက ပြောသည်။

မတ်ခ်ျလနှောင်းပိုင်းက သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အားထိုးစစ်ဆင်သည့် မြန်မာစစ်တပ်က ဖြတ်သန်းရာ ရွာ များမှ ရွာသားများအား ဖမ်းဆီး ချုပ်နှောင်၍ ပေါ်တာထမ်း လမ်းပြခိုင်းခြင်း၊ ၎င်းတို့စစ်ကြောင်းသုံးဖို့အတွက် ရေခပ်ပေးခိုင်း သဖြင့် မိုင်းနင်းမိကာခြေပျက်ခြင်း၊ သေဆုံးခြင်း၊ ရိုက်နက်သတ်ဖြတ်ခံရခြင်း၊ အမျိုးသမီးများအား ၎င်းတို့နှင့်အတူ ဖမ်းဆီး ခေါ်ဆောင်၍ မုဒိန်းကျင့်ခြင်း အစရှိလုပ်ရပ်များ သတင်းများပျံ့နှံ့နေသောကြောင့် ရွာသားများနေရပ်ပြန်ရန် ကြောက်လှန့် ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင်မိုင်းနင်းမိသည့် အမျိုးသားတဦးလည်း လားရှိုးဆေးရုံကြီး၌ ကျောက်ပတ်တီးစည်း၍ ဆေးကုသနေရဆဲဖြစ်ကြောင်းပြောသည်။

အဆိုပါဒုက္ခသည်များသည် လွယ်စေးအုပ်စု ၁၆ ရွာမှ ရွာသားများဖြစ်ကြပြီး တန့်ယန်းမြို့နှင့်အနီးဆုံးရွာမှာ မြို့နှင့် ၁၅ မိုင်ခန့်ဝေးသော ကောင်းကော်၊ ကောင်းဆိုင်းရွာဖြစ်ကြောင်း၊ တိုက်ပွဲနှင့် သိပ်မဝေးသော ပါဆာ၊ ဟိုမန်းရွာတို့မှ သေနတ်သံ လက်နက်ကြီးသံများ ကြားရကြောင်း တန့်ယန်းဒေသခံကပြောပါသည်။

ရေချိုးဆင်းသည့်မိန်းမပျိုအား BGF ခေါင်းဆောင်၏သား ကိုယ်ထိလက်ရောက်စော်ကား

Posted: 10 Apr 2013 06:55 AM PDT

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် အမှတ် ၁၀၀၇ နယ်ခြားစောင့်တပ် ခေါင်းဆောင်၏မွေးစားသားက ရေဆိပ်ဆင်းသည့် ဒေသခံအမျိုးသမီးငယ်အား ကိုယ်ထိလက်ရောက် စော်ကားခဲ့ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

Nam Hu PPK                                              အခင်းဖြစ်ပွါးသည့် နမ့်ဟူးရေဆိပ်

"အရင်က လားဟူပြည်သူ့စစ်တပ်ဖွဲ့ပေါ့။ အခုတော့ အမှတ် ၁၀၀၇ နယ်ခြားစောင့်တပ် ခေါင်းဆောင် ဂျပီးကွယ်။ သူ့ရဲ့ မွေးစား သားပေါ့။ ထိုင်းကပြန်လာတာမကြာသေးဘူး။ ဗမာစကားလဲကောင်းကောင်းမပြော တတ်၊ သျှမ်းစကားကောဘဲ။ ထိုင်းစကား တော့မွှတ်နေတာဘဲ။ နမ့်ဟူးရေဆိပ်မှာ ရေဆင်းချိုးတဲ့ ရပ်ကွက် ၄ က အသက် ၁၉ နှစ်အရွယ် ကောင်မလေးကို လိုက်ဆွဲတယ်။ ဖက်တယ်။ ဘော်ဒီဂတ် ၂ ယောက်လဲ ပါလာတယ်လေ။ ကောင်မလေးက အော်တော့ နောက်တဆိပ်မှာ ရေချိုးနေတဲ့ အမျိုးသားတွေက ရောက်လာတော့မှ ထွက်ပြေးကုန်တာ။ သူ့နောက်လိုက်တယောက်ဘဲဖမ်းမိတယ်" - ဟု ပုံပါကျင်မြို့ခံ တဦးက သျှမ်းသံတော် ဆင့်အားပြောပြသည်။

ယခုလ ၈ ရက်နေ့ ညနေပိုင်းက နမ့်ဟူးရေဆိပ်၌ ရေဆင်းချိုးသည့် ပုံပါကျင်ဒေသခံ အသက် ၁၉ နှစ်အရွယ် အပျိုမလေး အား အမှတ် ၁၀၀၇ နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင် ဂျပီးကွယ်၏ မွေးစားသား   ဂျန ဆိုသူက လိုက်ဖက် ကြောင်း၊ အနီး၌ ရေချိုးနေသည့် အမျိုးသားများ ရောက်လာမှ ဂျနနှင့် ၎င်း၏ ဘော်ဒီဂတ် တို့ထွက်ပြေးကြောင်း၊ ဘော်ဒီဂတ် တဦးအား ဖမ်းမိသဖြင့် ဂျနအား ၉ ရက်နေ့ ညနေပိုင်း၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးသို့ ရုံးချိန်းခေါ်ယူ သော်လည်း ပျက်ကွက်ခဲ့ကြောင်း လူလတ်ပိုင်း အရွယ်ရှိ ဒေသခံအမျိုးသားက ဆက်လက်ပြောပြသည်။

မောင်ဂျန အား ရပ်ကွက်အုပ်ချုပ်ရေးမှူးမေးမြန်းစဉ်က  - " မိန်းခလေးက ချောတယ်။ သူ့ကိုကြိုက်တယ်။ ဒါကြောင့် လိုက်ဖက်တာ။ သူကျနော့် ကိုယူမယ်ဆိုရင် ကျနော်သူ့ကိုယူမယ်"  - ဟု ထိုင်းဘာသာစကားဖြင့်ပြောကြောင်း သွားရောက် နားထောင်သည့် ပုံပါကျင်ဒေသခံက ပြောပြသည်။

" သူ့တပည့်ဖြစ်တဲ့ ဂျတဲကို ရွာသားတွေကဖမ်းမေးတယ်။ ဂျတဲကတော့ တာလေရွာကဘဲဆိုတော့ ရွာသားတွေနဲ့ သိတော့ သူက အကြောင်းစုံပြောပြတာ။ ဒါပေမယ့်  ဂျပီးကွယ်ရဲ့ သားမှန်းမပြောဘူး။ နောက်တနေ့  ၉ ရက်နေ့ မနက်ပိုင်း လူကြီးအိမ်ကို သူ့ကိုမရမကခေါ်လာတယ်။ လူကြီးတွေနဲ့စကားပြောတာတောင် မျက်မှန်နက်ကြီးကို မချွတ်ဘူး။ ကျနော့်ကို မသိကြဘူးထင်တယ်တဲ့။ နယ်ခြားစောင့် တပ်မှူးကြီးရဲ့သားပါတဲ့ ။ သူတို့တပ်ဖွဲ့က အရာရှိတချို့လဲသူနဲ့ လိုက်ပါလာတယ် လေ။ နဲနဲခြိမ်းခြောက်လိုက် တဲ့ပုံစံပေါ့။  ညနေပိုင်း ထွေအုပ်ရုံးမှာ ရုံးထပ်ချိန်းတော့ သူမလာတော့ဘူး။  ဆိုတော့ ပုံပါကျင် သားတွေ၊ အမျိုးသမီးရေးရာအဖွဲ့တွေ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကမကျေနပ်ဘူး။ စုပေါင်းလက်မှတ်ထိုးထားတဲ့ စာကို သျှမ်းပြည်အစိုးရအထိ တင်ဖို့ စီစဉ်နေကြပြီ " ဟုလည်း ဒေသခံအမျိုးသမီးငယ်တဦး ကပြောသည်။

အဆိုပါလက်မှတ်ထိုးထားသည့်တိုင်စာအား သျှမ်းပြည်နယ်ဝန်ကြီးချုပ်အထိ တင်ရန် အမျိုးသမီးရေးရာအဖွဲ့က ဦးဆောင် စီစဉ်ထားကြောင်းဒေသခံများကပြောပါသည်။

ဂျနဆိုသူသည် နယ်ခြားစောင့်တပ်ရင်းမှူးကြီး ဂျပီးကွယ်၏ ထိုင်းလူမျိုး ဇနီးမှ ပါလာသော သားဖြစ်သည်ဟုလည်း ဒေသခံ များ ကပြောဆိုနေကြသည်။

၂၀၁၀ မတ်လကုန်က နယ်ခြားစောင့်တပ်အမှတ် ၁၀၀၇ အသွင်ပြောင်းလိုက်သော လားဟူပြည်သူ့စစ်တပ်ဖွဲ့တွင် ယခုအခါ ထိုင်းစကားပြောသော တပ်ဖွဲ့ဝင်အများအပြားတွေ့ရကြောင်း၊ ထိုင်းနိုင်ငံ တောင်ပေါ်သားလက်မှတ်ရထားသူများဖြစ်ဟန် တူကြောင်း ပုံပါကျင်ဒေသခံများကပြောသည်။

လားရှိုးမြို့တွင် အငြိမ်းစားကျောင်းဆရာမကြီးအား ဥပဒေမဲ့ဟန့်တားမှု အာဏာပိုင်များ လျစ်လျူရှု

Posted: 10 Apr 2013 06:54 AM PDT

သျှမ်းပြည် (မြောက်ပိုင်း) လားရှိုးမြို့တွင် ခရိုနီဟု ကျော်ကြားသူတစ်ဦးက အသက် ၇၀ အရွယ် အငြိမ်းစား ကျောင်းဆရာမ ကြီးအား ဥပဒေမဲ့ နှောက်ယှက်ဟန့်တားမှု ပြုလုပ်နေခြင်းအပေါ် အာဏာပိုင်များက လျစ်လျူရှုနေသော ကိစ္စရပ်တစ်ခု ဖြစ်ပွားနေကြောင်း အကြားအမြင်များသည့် လားရှိုးမြို့ခံတစ်ဦး အဆိုအရ သိရသည် ။

ဖြစ်စဉ်မှာ အငြိမ်းစား ကျောင်းဆရာမကြီး ဒေါ်ဇင်ဇင်ရီ နေထိုင်သော လားရှိုးမြို့ ရပ်ကွက် ၃ ၊ နယ်မြေ ၇ ၊ ကြာဖြူလမ်း ၊ ဦးပိုင်အမှတ် (၄၉ ၊ ၅၀) မြေကွက်နှင့်ကပ်လျှက် ဦးပိုင်အမှတ် ၅၁ မြေကွက်အား ဦးမောင်မောင်ဝင်းက ၂၀၁၁   က ၀ယ်ယူခဲ့သည် ။

ယခင်က မြေကွက်များအကြား ခြံစည်းရိုးကာရံမှု မရှိခဲ့သော်လည်း လူသစ်များရောက်လာခြင်းကြောင့် ဒေါ်ဇင်ဇင်ရီက ၄င်း ၏ မြေဂရံ မြေကြီးပုံစံ ၁၀၅ အကျယ်အဝန်းအတိုင်း အုတ်တံတိုင်းခတ်ရန် ဆောင်ရွက်ခဲ့ရာ ဦးမောင်မောင်ဝင်းက ကန့် ကွက်ခဲ့ခြင်း ဖြစ်သည် ။

၎င်းကိစ္စအား ဒေါ်ဇင်ဇင်ရီက ခရိုင် ၊ မြို့နယ် ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ၊ စည်ပင် ၊ မြေစာရင်းဦးစီး ဋ္ဌာန များထံ တင်ပြ ခဲ့သဖြင့် တာဝန်ရှိသူများက နှစ်ကြိမ်တိုင်တိုင် ကွင်းဆင်းစစ်ဆေးခဲ့ရာ ဒေါ်ဇင်ဇင်ရီ ၏ မြေကွက်အတွင်းသို့ ဦးမောင်မောင် ၀င်း၏ လှေခါး ကျူးကျော်နေကြောင်း တွေ့ရသော်လည်း ဖြေရှင်းပေးခြင်း မရှိကြောင်း သိရသည် ။

"ဦးမောင်မောင်ဝင်းက DGH ရွှေမြင်းနှစ်ကောင် ဓါတ်ခဲစက်ရုံ ၊ Lady First Mini Market ၊ရွှေဖူးစာ ခန်းမ ၊ Sweet Heart ကိတ်မုန့် တိုက်ပိုင်ရှင်သူဌေးပေါ့။ ပြည်နယ်ရော ပြည်ထောင်စု အစိုးရအထိပါ ပေါက်ရောက်တယ်။ ဒါကြောင့် အာဏာပိုင် တွေက သူနဲ့အလွမ်းသင့်အောင် ပေါင်းရတယ် " ဟု ၄င်းမြို့ခံက ဆိုသည် ။

ယခုအခါ ဦးမောင်မောင်ဝင်းက ဒေါ်ဇင်ဇင်ရီ၏  ဂရံမြေအတွင်း မီးစက်တစ်လုံး နေ့စဉ်ခုတ်မောင်းနေရာ မီးစက်သံနှင့် မီးခိုး များဝင်ရောက်မှုကြောင့် မိသားစုများ နေထိုင်ရေး အခက်ကြုံနေကာ  ဒေါ်ဇင်ဇင်ရီက သျှမ်းပြည်နယ် ၀န်ကြီးချုပ်ထံ တင်ပြ တိုင်ကြားထားကြောင်း သိရသည် ။

ဦးသိန်းစိန်အစိုးရ ပြည်သူ့စစ်များအားနိုင်ငံရေးလက်ကိုင်တုတ်အဖြစ် ဆက်လက်အသုံးပြုနေ

Posted: 09 Apr 2013 07:22 PM PDT

ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား နိုင်ငံရေးလက်ကိုင်တုတ်အဖြစ် ဦးသိန်းစိန်အစိုးရ ဆက်လက်အသုံးပြုနေကြောင်း သျှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုသည်။

Yaba                  သျှမ်းပြည်မြောက်ပိုင်းတွင် RCSS မှဖမ်းမိသော အနီရောင်ယာဘဆေးပြားများ

"ပန်းဆေးပြည်သူ့စစ်စခန်း ကို မနေ့က တပ်ပေါင်းစုတွေ သွားတိုက်တော့ ဘိန်းချက်ရုံ နှစ်ရုံပါတယ်။ နှစ်ရုံစလုံး မီးရှို့ဖျက်ဆီး ခံလိုက်ရတယ်။ မူးယစ်နဲ့ဆိုင်တဲ့ သက်သေတွေတော့ အဲဒီလာတိုက်တဲ့ တပ်ပေါင်းစုက အားလုံးယူဆောင်သွား တယ်လို့ကြားတယ်" - ဟု နမ့်ခမ်းမြို့ နိုင်ငံရေးပါတီမှ စိုင်းခမ်းလုံ က ပြောပါသည်။

ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဦးကျော်မြင့် ခေါ် Li Yongqiang  ခေါ် Lihsaw Yong သည်မြန်မာစစ်တပ်အကြီး အကဲများနှင့် ကောင်းစွာဝင်ထွက်နိုင်သူတဦးဖြစ်ပြီးလက်ရှိတွင် နမ့်ခမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်လွှတ်တော်အမတ်တဦးဖြစ်သည်။ လွှတ်တော်အမတ်လောင်းဘ၀ ကတည်းက ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ကို ဦးဆောင်ရန်အတွက် ၎င်း၏ညီ ဦးကျော်ထွေးအား တာဝန်ပေးအပ်ခဲ့သည်။ ရွှေလီမြစ်ဝှမ်းထွက် မူးယစ်ဆေး - ဘိန်းဖြူ ယာဘ ၇၅% ခန့်သည် ၎င်းညီအစ်ကိုမှ  တိုက်ရိုက်ပတ်သက်သည်ဟု မြို့ခံများကပြောပါသည်။

"ပန်းဆေးပြည်သူ့စစ် ဦးကျော်မြင့်ဟာ တရုတ်ဘက်မှာရော မြန်မာဘက်မှာပါ အာဏာစက်တော်တော်ရှိတဲ့ လူတယောက်ဖြစ် တယ်။ တရုတ်ပြည်ကို ပြန်လည်ထောက်လှမ်းဖို့ မြန်မာအစိုးရက သူ့ကိုဘဲသုံးတာ။ ပန်းဆေးကျော်မြင့်လဲ သူ့လူတွေကို တ ရုတ်ဘက်လွှတ်ထားတာအများကြီး" ဟု ၎င်းနှင့် ရင်းနှီးသည့် လက်နက်ကိုင်အရာရှိတဦးက ပြောပါသည်။

"ရွှေလီမြစ်ဝှမ်းမှာ မူးယစ်ဆေးဝါး ဆိတ်သုဉ်းစေချင်ရင် ပန်းဆေးဦးကျော်မြင့်ကို ထိန်းသိမ်းပစ်ရမယ်လို့ အစိုးရ မူးယစ် ထောက်လှမ်းရေးအရာရှိတဦးက ထိပ်ပိုင်းခေါင်းဆောင်တွေကိုတင်ပြဖူးတယ်။ အဲဒါကို အထက်စစ်အရာကြီးတွေက နိုင်ငံတော် လုံခြုံရေးမှာ ပန်းဆေးဦးကျော်မြင့်ကို အသုံးပြုရဦးမယ်။ သူ့ကိုတော့ ဖမ်းဆီးထိန်းသိမ်းဖို့ မဖြစ်နိုင်သေးဘူးလို့ပြန်ပြောဖူးတယ်" ဟု အဆိုပါအရာရှိက Shan Drug Watch သို့ပြောပြဖူးကြောင်း ဦးခွန်စိုင်းက ပြောပါသည်။

၎င်းသည် လွှတ်တော်ရောက် သျှမ်းပြည်တွင်းမှ ခေတ်သစ်မူးယစ်ရာဇာတဦးဟုလည်း သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့် ရေး အဖွဲ့မှ ၂၀၁၁ ခုနှစ် ထုတ်ပြန်သော Shan Drug Watch အစီရင်ခံစာတွင်ဖော်ပြထားပါသည်။

ရွှေလီမြစ်ဝှမ်းဒေသတွင် အရောင်းသွက်သည်ဟု သတင်းထွက်နေသည်မှာ  WY စာတမ်းပါ ယာဘဆေးပြားမှာ အနီရောင်ဖြစ်ပြီး တရုတ်ယွမ်ငွေ ၁၀၀ လျင် ဆေး ၁၀ ပြားမှ ၁၅ ပြားအထိရရှိကြောင်း၊ ထို့အပြင် 88 နှင့် 1 တဘက်စီ စာတမ်းပါ ယာဘဆေးပြားမှာ နီညိုရောင်ရှိကာ တရုတ်ယွမ်ငွေ ၁၀၀ လျင် ဆေး ၆ ပြားမှ ၈ ပြားအထိရကြောင်း သုံးစွဲသူရွှေလီဒေသခံများကပြောပါသည်။ တရုတ်ငွေ တယွမ်လျှင် မြန်မာကကျပ်ငွေ ၁၄၀ ကျပ် ဝန်းကျင်ရှိသည်။

တရုတ်နိုင်ငံ ရွှေလီတွင် မြေသိမ်းသည့်ကိစ္စ လယ်သမားများ ဆန္ဒပြ

Posted: 09 Apr 2013 07:20 PM PDT

တရုတ် - မြန်မာနယ်စပ် ရွှေလီမြို့တွင် လယ်သမားဟောင်း မိသားစုဝင် ၁၀၀ ခန့်က ၄င်းတို့၏ လယ်မြေများ သိမ်းပိုက်ခံခဲ့ သည့် အပေါ် ဧပြီလ ၈ ရက်နေ့က စ၍ တရုတ်အာဏာပိုင်များထံ ဆန္ဒပြ တောင်းဆိုမှု ပြုလုပ်လျှက်ရှိသည် ။

Farmers protest at SL                     တရုတ်ရွှေလီမြို့တွင် မြေသိမ်းကိစ္စ တရုတ်လယ်သမားများ ဆန္ဒပြနေစဉ်

ရွှေလီမြို့လယ်ရှိ စကိတ်ကွင်းရှေ့တွင် ရွက်ဖျဉ်တဲများထိုးကာ " ၀န်ကြီးချုပ် ငါတို့မြေတွေပြန်ပေး ၊ ငါတို့လယ်ပြန် လုပ်ချင် တယ် ၊ ငါတို့ထမင်းစားချင်တယ် " ဟူသည့် စာတမ်းများ ချိတ်ဆွဲ၍ ဆန္ဒထုတ်ဖေါ်နေခြင်း ဖြစ်သည် ။

အဆိုပါဆန္ဒပြသူများအထဲတွင် သက်ကြီးရွယ်အို အမျိုးသား ၊ အမျိုးသမီးကြီးများနှင့် ကလေးငယ်များ အများစု ပါဝင်ပြီး ၎င်းတို့၏ပုံသဏ္ဍာန်မှာ ဆင်းရဲ နွမ်းပါးသူများ ဖြစ်ပုံရသည်ကိုတွေ့ရသည်။

" ကျနော့်ခြံကို သိမ်းတုန်းကဆိုရင် ကျနော့်အာလူးခင်းကို ဘူဒိုဇာ စက်ကြီးနဲ့ ထိုးလှန်လိုက်တာ။  ဘာမှမရလိုက်ပါဘူး။ တရုတ်တွေက ဘာမှပြောလို့မရဘူး။ မျက်ရည်ကျကျန်ခဲ့တာကလွဲလို့ " ဟု မြေအသိမ်းခံရသည့် ဒေသခံ သျှမ်းအဘိုးကြီးတဦးကပြောပါသည်။

တရုတ်ရဲများက ဆန္ဒပြနေသည့် ဧရိယာကို ကြိုးတား သတ်မှတ်ပေးထားပြီး ၄င်းတို့၏ အနီးအနားတွင် စောင့်ကြည့်မှုများ ပြုလုပ်နေသည် ။

ရွှေလီမြို့တွင် ၂၀၀၀ ခုနှစ်ဝန်းကျင်ခန့်က စ၍ မြို့သစ်စီမံကိန်းများချဲ့ထွင်ခဲ့ရာ  ဒေသခံသျှမ်းနှင့် တရုတ်လူမျိုးများ၏ လယ် မြေအများစု သိမ်းပိုက်ခံခဲ့ရခြင်း ဖြစ်ကာ တရုတ်အာဏာပိုင်များက (တရုတ်အတိုင်းအတာ လယ်တစ်မို = တဧက၏ ၆ ပုံ ၁ ပုံ ) တကွက် ကို ယွမ် ၂ သောင်းခွဲမှ ၃ သောင်းအထိ လျော်ကြေးပေးခဲ့ကြောင်း သိရသည် ။

လာမည့် ၂၀၂၀ ခုနှစ်တွင် ရွှေလီမြို့ပြဧရိယာအား လက်ရှိအကျယ်အဝန်းထက် ၃ ဆမျှ ချဲ့ထွင်မည် ဖြစ်ပြီး အာရှတိုက်တွင် အကြီးဆုံး ဆေးရုံတစ်ရုံလည်း ဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည် ။