သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


အစိုးရနှင့်ပြည်သူကြား မီဒီယာက အရေးကြီးသည့် ပေါင်းကူးတံတားဟု မွန်ပြည်နယ် ဝန်ကြီးချုပ်ပြော

Posted: 25 Apr 2013 07:25 PM PDT

ယနေ့ စတင်ကျင်းပသွားမည့် ပထမအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံ Strengthening of Ethnic Voices ဖွင့်ပွဲအခမ်းအနား၌ မွန်ပြည်နယ် ဝန်ကြီးချုပ်က မီဒီယာသည် အစိုးရနှင့် ပြည်သူကြား အရေးကြီးသည့် ပေါင်းကူး တံတားကြီး ဖြစ်ကြောင်း ပြောကြားသွားသည်။

attတိုင်းရင်းမီဒီယာညီလာခံ ဖွင့်ပွဲအခမ်းအနား (Photo: SHAN)


"မီဒီယာဆိုတာ အစိုးရနဲ့ ပြည်သူရဲ့နားမျက်စိဘဲ။ အစိုးရရဲ့အမြင်ကို ပြည်သူတွေ သိရှိစေဖို့ မီဒီယာက လုပ်ဆောင် ပေးတယ်။ ဒါကြောင့် အစိုးရနဲ့ ပြည်သူကြား မီဒီယာက အရေးကြီးတဲ့ ပေါင်းကူးတံတားဖြစ်တယ်။ မီဒီယာဟာ ကောင်းကျိုး−ဆိုးကျိုးကို ဖန်းတီးနိုင်တဲ့အတွက်  တိုင်းပြည် တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်စေချင်တယ်" လို့ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့် က အဖွင့် အမှာစကား၌ ပြောကြားသွားသည်။
မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့် (Photo:SHAN)

ပထမအကြိမ် တိုင်းရင်းမီဒီယာညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၂၅ ရက် နံနက် ၉ နာရီ မွန်ပြည်နယ် မော်လမြိုင်မြို့ Mawlanmyine Strand Hotel ၌ ကျင်းပရာ ဖိတ်ကြားထားသည့် ၀န်ကြီးများ၊ လွှတ်တော်ကိုယ် စား လှယ်များ၊ နိုင်ငံရေးပါတီမှ  ပုဂ္ဂိုလ်များ၊ မီဒီယာအဖွဲ့မှ ကိုယ်စား လှယ်များ၊ လူမှုအဖွဲ့အစည်းမှ ကိုယ်စား လှယ်များ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

ပထမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကြီးမှ နိုင်ငံတကာ စံချိန်မှီ နိုင်ငံတော်၏ စတုတ္ထ မဏ္ဍိုင်ဖြစ်သည့် မီဒီယာ တည်ဆောက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ပြောကြားသွား သည်။

ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဒု−ဝန်ကြီး ဦးပိုက်ထွေးက မြန်မာ့မီဒီယာဖွံ့ဖြိုးရေးဆိုင်ရာကို ရှင်းလင်း ပြော ကြား ရာ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လွတ်လပ်သည့် သတင်းမီဒီယာကို ပိတ်ပင်ရန် လုံးဝမရှိကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စု channel ၊ လွှတ်တော် channel ၊ Farmers channel များထုတ် လွှင့်ရန် ကြိုးပမ်းနေကြောင်း၊ ပြည်ထောင်စု channel ကို စက်တင်ဘာ ၁ ရက်နေ့၌ စတင်ထုတ်လွှင့်မည်ဖြစ် ကြောင်း ပြောကြားသွားသည်။
uptပြန်ကြားရေး ၀န်ကြီးဌာန ဒု−ဝန်ကြီး ဦးပိုက်ထွေး (Photo:SHAN)

တိုင်းရင်းသား မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ စံချိန်စံညွန်းနှင့် ပြည့်စုံပြီး ဒီမိုကရေစီ နည်းကျသည့် မီဒီယာ ဥပဒေတရပ် ပေါ်ထွန်းလာရေး၊ တိုင်းရင်းသားဒေသများတွင် ဘက်စုံ မာလ်တီ မီဒီယာများပေါ်ထွန်းလာ ရေးနှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်၌ တိုင်းရင်းသား မီဒီယာများ၏ အခန်း ကဏ္ဍမြင့်မားလာရေးတို့ကို ဆွေးနွေးရန် ရည်ရွယ်၍ ပထအကြိမ် တိုင်းရင်းမီဒီယာညီလာခံ ကြီးကို မွန်ပြည်နယ် မော်လမြိုင်မြို့ Mawlanmyine Strand Hotel ၌ ဧပြီလ ၂၅ ရက်နေ့မှ ၂၇ ရက်ထိ ၃ ရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။

KIA တပ်မဟာ ၄ နယ်မြေအတွင်း အစိုးရတပ် ဆက်လက်ထိုးစစ်ဆင်

Posted: 25 Apr 2013 07:24 PM PDT

သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် အရှေ့ဘက် နားတီးနှင့် နမ့်ဆလပ်ရွာ အကြားရှိ KIA တပ်မဟာ ၄ လက် အောက်ခံ တပ်ရင်း ၁၇ ထိန်းချုပ်ရာ လွယ်ကန်မုံးစခန်းအား  မြန်မာအစိုးရတပ်က ယနေ့နံနက် အစောပိုင်းမှစ၍ ထိုးစစ် ဆင် တိုက်ခိုက်နေကြောင်း တရုတ်နယ်စပ် စစ်ဘက်သတင်းရပ်ကွက် အဆိုအရ သိရသည် ။

ဧပြီလ ၁၉ ရက်နေ့မှစ၍ ၄င်းနယ်မြေများအတွင်း အစိုးရတပ်များ စတင် ထိုးစစ်ဆင်နေခြင်း ဖြစ်ပြီး ယနေ့ နံနက် ၈ နာရီခွဲ ခန့်တွင် အဆိုပါ လွယ်ကန်မုံးစခန်းအား  တိုက်ခိုက်ခြင်း ဖြစ်ကြောင်း တရုတ်နယ်စပ် အခြေစိုက် စစ်ရေး ၊ နိုင်ငံရေး လေ့ လာသူ ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"လွယ်ကန်မုံး စခန်းကို ဗမာတပ်က အဓိက ရချင်တာပေါ့ ။ ဒါကြောင့် ၁၉ ရက်နေ့ကစပြီး ဗမာတပ်က ဒီနယ် မြေတစ်ဝိုက် ပတ်တိုက်လာတာ။ တိုက်ပွဲတွေကတော့ ၁၉ ရက်နေ့ကစလို့ တဖျောက်ဖျောက်နဲ့ဖြစ်နေတာ။  ဒီမနက် ၈ နာရီခွဲလောက် ဖုန်းအဆက်အသွယ် ရတော့ လွယ်ကန်မုံးစခန်းကို စတိုက်နေပြီလို့ ပြောတယ် " ဟု သူက ဆိုသည် ။

အဆိုပါလွယ်ကန်မုံးစခန်းသည် KIA နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆက်သွယ်ရာတွင် အချက် အချာ ကျသည့် စခန်းတစ်ခုဖြစ်ပြီး KIA ၏ ဆက်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်ရန် ရည်ရွယ်ခြင်း ဖြစ်ဖွယ်ရှိ ကြောင်း သူက ဆက်ပြောသည် ။

"ဒီစခန်းက အချက်အခြာကျလို့ တိုက်တာပေါ့။ အစကတော့ လွယ်လွယ်နဲ့ရမယ်ထင်ပြီးတိုက်နေတာ။ အခုဗမာ တပ်က တပ် ရင်း ၂ ရင်းလောက်  အင်အား ထပ်ဖြည့်ပြီး တိုက်နေတယ်။ တိုက်ပွဲက တဖြည်းဖြည်း ပိုပြင်းလာ တယ် " ဟု ဆိုသည် ။

၎င်းတိုက်ပွဲများတွင် အစိုးရတပ်ဘက်မှ ကွန်လုံစစ်ဗျူဟာ လက်အောက်ခံတပ်ရင်းများအပြင် တပ်မ ၁၁ လက် အောက် ခံတပ်များ ပါဝင်တိုက်ခိုက်နေပြီး ယမန်နေ့က တိုက်ပွဲအတွင်း အစိုးရတပ်ဘက်မှ စစ်သည် ၁၇ ဦးခန့် ကျဆုံးခဲ့ကြောင်း ဆိုသည် ။

နိုင်ငံရေးဆွေးနွေးရေးအတွက် ပြည်သူလူထုများနှင့် RCSS/SSA ထပ်မံတွေ့ဆုံရန်စီစဉ်နေ

Posted: 25 Apr 2013 07:21 PM PDT

အစိုးရနှင့်နိုင်ငံရေးဆွေးနွေးရေးအတွက် ဒေသခံပြည်သူလူထုများအား သျှမ်းပြည်တပ်မတော်မှ ထပ်မံတွေ့ဆုံရန်ရှိကြောင်း RCSS/SSA သတင်းရပ်ကွက်ကဆိုပါသည်။

Baung Khurယမန်နှစ် အောက်တိုဘာလ တာချီလိတ်တွေ့ဆုံပွဲက တွေ့ရသော ဗိုလ်မှူးချုပ်ပေါင်ခေး

" လာမယ့်လ ထဲမှာ လူထုနဲ့ထပ်တွေ့မယ် ။ ဗိုလ်မှူးချုပ်ပေါင်ခေးကဘဲ ဦးဆောင်မှာပါ။ ဒီတခါတွေ့ဆုံတာ စတုတ္ထအကြိမ် ပေါ့ဗျာ။   အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးဖို့အတွက် နိုင်ငံရေးဆွေးနွေးရေးမူဘောင်အကြောင်း ထပ်မံဆွေးနွေး အကြံဉာဏ်ယူဖို့ပေါ့ဗျာ" ဟု RCSS မှ အရာရှိ တဦးကပြောသည်။

၂၀၁၂ ဂျန္နဝါရီလ အစိုးရနှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးသဘောတူပြီးနောက်ပိုင်း တွင် RCSS/SSA မှ လူထုနှင့် ပထမ အကြိမ်တွေ့ဆုံနိုင်ခဲ့ပြီး၊ ဒုတိယအကြိမ်ကိုမူ မေလ ၁၉ ရက်နောက်ပိုင်း ဦးအောင်မင်းနှင့် ကျိုင်းတုံ၌ဆွေးနွေးပြီး နောက်ပိုင်း တွင် ဖြစ်သည်။ တတိယအကြိမ်ကို ၂၀၁၂ အောက်တိုဘာလ ၂၈ တာချီလိတ်မြို့၌ UNODC ၊ CCDAC တို့နှင့် တွေ့ဆုံပြီး နောက်ပိုင်းတွင် လူထုအား တွေ့ဆုံခဲ့သည်။ 

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဌာနချုပ် လွယ်တိုင်းလျဲန်း၌ ယခုလ ၂၃ ရက်နေ့က ကျင်းပသော ဗဟိုဦးစီးဦး ဆောင်ကော်မတီအစည်းအဝေးပြီးနောက်ပိုင်း လူထုနှင့်ထပ်မံတွေ့ဆုံရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ  WGEC မှ ရေးဆွဲသည့် နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်မူကြမ်း နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

UNFC လှုပ်ရှားမှု၌ပါဝင်ရန် RCSS/SSA အား Nippon Foundation မှ ဖိအားပေး

Posted: 25 Apr 2013 07:19 PM PDT

စည်းလုံးညီညွှတ်သော တိုင်းရင်းသားများဖက်ဒရယ်ကောင်စီ  UNFC ၏ လှုပ်ရှားမှုများ၌ ပါဝင်ခြင်းမရှိပါက သျှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီအား ထောက်ပံ့နေမှုကို ပြန်လည်သုံးသပ်ရမည်ဟု Nippon Foundation အဖွဲ့မှ အကြောင်း ကြား လာကြောင်း RCSS/SSA ၏ ထိပ်တန်းအရာရှိများသတင်းရပ်ကွက် ကဆိုပါသည်။

SasakawaNippon Foundation ဥက္ကဌ ယိုဟေးအိ ဆာဆာကာဝါ

UNFC တွင် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့ ၁၁ ဖွဲ့ ပါဝင်ဖွဲ့စည်းထားရာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA က ပါဝင်ခြင်း မရှိခဲ့ပေ။ သို့သော် UNFC မှ ပြုလုပ်သော တွေ့ဆုံဆွေးနွေးရေး၊ အစည်း အဝေးအချို့ကိုတက်ရောက် ခဲ့သည်။

အမည်မဖော်လိုသည့် RCSS/SSA ၏ အရာရှိတဦးက" ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ဘာမှ ဝေဖန် တုန့်ပြန်လိုခြင်း မရှိ ပါဘူး။ ဝေဖန်လို့လဲ အကျိုးမရှိပါဘူး။ UNFC ကို  ဆန့်ကျင်တာ အဆိုးမြင်တာလဲ မရှိဘူး။ဒါပေမယ့် သက်ဆိုင်ရာဘက်ကလဲ  ကျနော်တို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အလေးထား အသိအမှတ်ပြုသင့်တယ် " ဟု ပြောဆိုသည်။

အဆိုပါ သတိပေးချက်ကို ပြီးခဲ့သည့်  လဆန်းက Nippon Foundation မှပေးပို့လာခြင်းဖြစ်ကြောင်း ဆိုပါသည်။

၎င်းနှင့်ပတ်သက်၍ Nippon Foundation ၏ ဆုံးဖြတ်ချက်ကို လေးစားပါသည်ဟုသာ အကြောင်းပြန်ထားကြောင်း RCSS က ဆိုပါသည်။

RCSS အား Nippon Foundation မှ ဆန်အိတ် ၆၀၀၀ ကို ယခုနှစ်မတ်ခ်ျလအတွင်းက ထောက်ပံ့ပေးခဲ့သည်။

Nippon Foundation သည်  ၂၀၁၂ ဖေဖော်ဝါရီလ ၂၈ ရက် UNFC မှ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှစ၍ ပွင့်ပွင့် လင်းလင်း ပါဝင်လာခဲ့သည်။ ထိုနောက်ပိုင်း တဖက်တွင်လည်း ဒေါ်လာ ၃ သန်း ဖြင့် လက်နက်ကိုင်တပ်ဖွဲ့များ ၏ လူသား ချင်းစာနာမှုထောက်ပံ့ရေး Humanitarian ကဏ္ဍတွင် အထောက်အကူပေးလျက်ရှိသည်။

Nippon Foundation သည် UNFC အားယခုလကုန်ပိုင်းတွင်  ဂျပန်အစိုးရနှင့်တွေ့ဆုံခွင့်ရအောင်လည်း စီစဉ်ပေးခဲ့သော ဖောင်ဒေးရှင်း တခုဖြစ်သည်။

အလားတူ လွယ်တိုင်းလျဲန်းဌာနချုပ်၌ အင်္ဂါနေ့က ကျင်းပခဲ့သော ဗဟိုဦးဆောင်မှုကော်မတီအစည်းအဝေး  တက်ရောက် ခဲ့သည့် ပုဂ္ဂိုလ် တဦးကလည်း -  " အခု နိပွန်ဖောင်ဒေးရှင်းရဲ့အကြောင်းကြားမှုဟာ သူ့ဆန္ဒ၊ သူ့ဆုံးဖြတ်ချက်တော့ မဟုတ်တန်ဘူး။ UNFC ထဲက ပုဂ္ဂိုလ်တဦးတယောက်ကစတင်လာတာဖြစ်နိုင်တယ်။ ဒါကြောင့်မို့ UNFC တဖွဲ့လုံးကို လက်ညှိုး ထိုးလို့ မရပါဘူး " ဟု ဆိုပါသည်။

ယခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် ဂျပန်နိုင်ငံ ဝန်ကြီး ချုပ်သစ် ရှင်းဇိုးအားဘေးက  နိပွန်ဖောင်ဒေးရှင်း၏ ဥက္ကဌ  ယိုဟေးအိ ဆာဆာကာဝါ အား မြန်မာနိုင်ငံ၏ အမျိုးသားရင်ကြားစေ့ရေး အတွက် ဂျပန်နိုင်ငံအစိုးရ၏ အထူးသံတမန်အဖြစ် ထပ်မံ အပ်နှင်းခဲ့သည်။ ခန့်အပ်ပြီးတရက်အကြာတွင် UNFC နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့ ချင်းမိုင်မြို့တွင်တွေ့ဆုံဆွေးနွေးမှုကို ကမကထ ပြုပေးခဲ့သည်။