[MoemakaDaily] 17th April - MoeMaKa Daily

ကြယ်သီးတိုင်းပြည် (ရွှေသွေးဂျာနယ်) စက်တင်ဘာ ၃၀၊ ၁၉၇၈
ဇာတ်လမ်း တက္ကသိုလ်ရွှေရီဝင်း၊ ပန်းချီ ဦးဘကြည်
မိုးမခ ပြန်လည်ဆန်းသစ်ခြင်း၊ ဧပြီ ၁၇၊ ၂၀၁၃
(အဲသည်တုန်းက ရွှေသွေးဂျာနယ်ကို ဖတ်ဖူးသူ ပရိသတ်တွေထဲမှာ ရှိသေးလား)




Mar Mar Aye - New Year Poem


နှစ်သစ်ဆုတောင်း
မာမာအေး၊ ဧပြီ ၁၇၊ ၂၀၁၃
တနှစ်ကူးပြီလေ
ပုရစ်ဖူး တဝေေ၀နဲ့
ပိတောက်လှေ
လှိုင်လှိုင်နှောပါတဲ့
ချစ်သော မေ။
ရွှေမြန်မာ သာစေရောရယ်နဲ့
ဟိန်ချွေသံ မေတ္တာပို့လိုက်ရဲ့
အဖွဲ့ဖွဲ့အစည်းစည်း
တစုတည်း ညီညာ
ငြိမ်းချမ်းစွာ တူယှဉ်တွဲ
ပြည်သူထဲကို ၀င်လေ။
ဒို့အဖေ၊ ဒို့အမေ
ဒို့အမျိုးသား ဒို့ဘိုးဘွား
အမွေအနှစ် မြန်မာပြေ။
တိုးစေ ပွားစေ
အားသစ်မယ့် သားအနှစ်
ဂုဏ်ရည်ပေ။
ညီကြစေ
တဆွေမှ တဆွေ
ပြည်အလှဝေ
စ ညီပါစေ။        ။
(ဒေါ်မာမာအေးက မိုးမခအတွက် နှစ်သစ်ကဗျာ ရွတ်ဆိုပေးတာ ဖြစ်ပါတယ်။ ဖုန်းထဲက ကူးယူတာမို့ အမှားအယွင်းပါလျင် ပြင်ဆင်ပေးမည် ဖြစ်ပါတယ်)

Ashin Wirathu - New Year Notes

"မင်္ဂလာပါ ၁၃၇၅- ကြိုဆိုပါတယ်- ၁၃၇၅- လာခြင်းကောင်းပါစေ- ၁၃၇၅" 
(အရှင်ဝီရသူ (မစိုးရိမ်))၊ ဧပြီ ၁၇၊ ၂၀၁၃

by Wira Thu (Notes) on Tuesday, April 16, 2013 at 12:47pm

          မနက်ဖြန်မနက် အရုဏ်တက်သည်နှင့် တစ်ပြိုင်နက် မြန်မာသက္ကရာဇ် ၁၃၇၅-ခုနှစ်သည် စတင်သစ်ဆန်းတော့မည်ဖြစ်ပါသည်။ 
          မြန်မာနှစ်သစ်ကိုဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။ 
          မြန်မာနှစ်သစ်မှာမြန်မာပြည်သူ ပြည်သားများနှင့်အတူ ကမ္ဘာသူ ကမ္ဘာသား အားလုံး ကောင်းခြင်းမင်္ဂလာ အပေါင်းနှင့်ပြည့်စုံပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါသည်။ 
          ၁၃၇၄-ခုနှစ်ဟောင်းတစ်ခုတည်းမှာ ဦးပဉ္စင်း ဝီရသူသည် ၁/၇၄ မှ ၁၄/၇၄ ထိ ကြေညာချက် (၁၄)ချက် ထုတ်ပြန်ဖြစ်ခဲ့ပါသည်။နိုင်ငံရေး၊ သာသနာရေး၊ အမျိုးသားရေး စသည့် ပြဿနာများအပေါ် ဦးပဉ္စင်း ဝီရသူ၏ သဘောထားအမှန်ကို ပြည်သူများ သိစေချင်၍ ဖြစ်ပါသည်။ 
          ကြေညာချက်ထုတ်ရာတွင် ပြဿနာတစ်စုံတရာ ကြီးမားမှုကို အခြေခံ၍ ထုတ်ပြန်ခြင်း ဖြစ်သောကြောင့် ကြေညာချက်များခြင်းသည် တိုင်းပြည်အတွက် ကောင်းသော လက္ခဏာမဟုတ် ပါ။ ထို့ကြောင့် ၁၃၇၅-ခုနှစ်တွင်တိုင်းပြည်၏ အနာဂတ်ခရီး ပန်းခင်းသော လမ်းကဲ့သို့ သာယာဖြောင့်ဖြူး ချော့မွေ့မှု အပြည့်အဝမဟုတ်သည့်တိုင် အလုံးစုံ စိန်ခေါ်မှု အနည်းငယ်မျှလောက်သော ပြဿနာလေးများကိုသာ တွေ့ကြုံခံစားရပါစေဟုထပ်မံ ဆုမွန်ကောင်း တောင်းလိုက်မိပါသည်။ 
          ၁၃၇၄-ခုနှစ်သည်ဦးပဉ္စင်း ဝီရသူအတွက် စိန်ခေါ်မှု အကြီးမားဆုံး၊ စိန်ခေါ်မှု အများပြားဆုံး၊ အမျိုးသားပြဿနာများနှင့်ကြုံတွေ့ခဲ့ရသည့် နှစ်တစ်ခု ဖြစ်ခဲ့ပါသည်။ ကိုယ်အား၊ဥာဏ်အား ရှိသမျှဖြင့် ရင်ဆိုင်ဖြေရှင်းခဲ့ရ၍အကျိုးရလဒ်များ ခံစားခဲ့ရသော်လည်း ထိုသို့သော အခက်အခဲမျိုး နောင်မကြုံစေလိုတော့ပါ။
          သို့ဖြစ်၍ဦးပဉ္စင်းနှင့် ပတ်သက်သည့် အထင်အမြင်လွဲမှားမှုလေးများကို အကျဉ်းမျှ ဖော်ပြခြင်း အားဖြင့်တည့်မတ် မှန်ကန်စေလိုပါသည်။ မရှင်းလျှင် ဘာမျှမဖြစ်သော်လည်း ရှင်းလျှင် အကုသိုလ် တိုးပွားမှုမဖြစ်နိုင်တော့သောကြောင့် ထိုသို့သော အထင်အမြင်လွဲသူတို့ အကျိုးငှာ ရှင်းလင်း တင်ပြရခြင်း ဖြစ်ပါသည်။
၁။       ဦးပဉ္စင်းသည်ဦးခင်ညွန့်နှင့် ပတ်သက်မှု လုံးဝ မရှိပါ။ တွံတေးအရှင်ဣန္ဒက မွေးနေ့မှာတွေ့ဖူး ပြောဖူးသည်မှ လွဲ၍ ယခုထိ အဆက်အသွယ်မရှိပါ။
          2001၊2002၊ 2003- ခုနှစ်များတွင် ထောက်လှမ်းရေးတို့၏ နည်းမျိုးစုံ နှောက်ယှက်မှုကို ခံခဲ့ရပြီး၊ထောက်လှမ်းရေး တပ်မှူးများ၏ "ခေါင်းရိုက်ခွဲပစ်မယ်" "ထောင်ချပစ်မယ်"-ဟူသော ခြိမ်းခြောက်မှုများကိုလည်းခံခဲ့ရကာ၊ ဦးပဉ္စင်း ကိုယ်တိုင်လည်း တရားထဲ ထည့်ဟောပြီး စိန်ခေါ်ခဲ့ ဖူးပါသည်။ 
          ထို့အပြင်ဦးပဉ္စင်း၏ ဆရာရင်းဖြစ်သူ ကျောက်ဆည်မြို့၊ မင်းကုန်းကျောင်းတိုက် ဆရာတော်ကြီးကို အစာရေသုံးရက် အငတ်ထားပြီး၊ ထိုးကြိတ်၊ ကန်ကျောက်၊ နှိပ်စက်ကြသည့် မြင်ကွင်းကြောင့် ထောက်လှမ်းရေးတို့ကိုလုံးဝ မကျေနပ်နိုင်ခဲ့ပါ။ 
          ထောင်ထဲထိလိုက်၍ထောက်လှမ်းရေးများ ဒုက္ခပေးခဲ့ကြသော်လည်း ဦးခင်ညွန့်အပေါ် အရေးတယူ ဆက်ဆံခဲ့ရခြင်းမှာအကျနာခဲ့သူအပေါ် ကိုယ်ချင်းစာမိသောကြောင့် ဖြစ်ပါသည်။ 
          ထောက်လှမ်းရေးနှင့်မပတ်သက်၍ ထောက်လှမ်းရေးထံမှ ဖုန်း၊ ကား၊ TV-မည်သည့်ပစ္စည်း ဝတ္ထုမျှ မရရှိခဲ့ဖူးသောကြောင့်ထောင်ကျသည်အထိ ဦးပဉ္စင်းမှာ ကားလည်းမရှိ၊ TV-လည်း မရှိ၊ ကြိုးဖုန်း၊ ဟန်းဖုန်းလည်းမရှိခဲ့ခြင်း ဖြစ်ပါသည်။ ဦးပဉ္စင်းတို့ ကျောင်းတိုက်တွင် ထောက်လှမ်းရေးနှင့် ပတ်သက်မှုရှိ၍ဖုန်း၊ ကား အခွင့်အရေးများစွာ ရရှိခဲ့ကြသော ဆရာတော်များ ယခုထိ ရှိနေပါသည်။ 
၂။       ဦးအောင်သောင်းကိုလက်ခံစကားပြောခြင်းသည်လည်း တစ်ကြိမ်တစ်ခါမျှသာ ဖြစ်ပါသည်။ သူလာသည့် ရည်ရွယ်ချက်ကိုမသိရသော်လည်း ဦးပဉ္စင်းနှင့် အဆင်မပြေ ဖြစ်ခဲ့ရပါသည်။ ဧည့်သည်ကို ရန်တွေ့လိုက်သလိုမျိုးဖြစ်၍ ဧည့်ဝတ်မကျေပွန်သူ-ဟုပင် ခံစားခဲ့ရပါသည်။ အကျဉ်းသား လွတ်မြောက်ရေးကိစ္စမှာ အပြင်းအထန်ဆုံးဆွေးနွေးချက် ဖြစ်ခဲ့ပါသည်။ ယခုအချိန်ထိလည်း အဆက်အသွယ်မရှိကြတော့ပါ။ 
          ဦးခင်ညွန့်နှင့်ဖြစ်စေ၊ဦးအောင်သောင်းနှင့်ဖြစ်စေ ဦးပဉ္စင်းတွေ့ဆုံရာ၌ တံခါးပိတ် ဆွေးနွေးခြင်းမျိုးလုံးဝမရှိပါ။ မီဒီယာများ ရှေ့နှင့်၊ အများပြည်သူ ရှေ့မှာ ထင်သာမြင်သာ တွေ့ဆုံကြခြင်းဖြစ်ပါသည်။ ရုပ်သံ ဗွီဒီယိုများမှတ်တမ်း တင်ထားပါသည်။ လိုအပ်လျှင် မူရင်းအတိုင်း တစ်လုံးမကျန်ဖွင့်ချပြမည် ဖြစ်ပါ၏။ 
၃။       သမ္မတဦးသိန်းစိန်ကိုထောက်ခံခြင်းသည် အမျိုးသားရေးအတွက် အမှန်တကယ် လိုအပ်သောကြောင့် ဖြစ်ပါသည်။ ထိုသို့ထောက်ခံခြင်းကြောင့် နိုင်ငံရေးလောကသားတို့၏ ငြိုငြင်မှုကို ခံယူရမည် ဆိုသည်ကိုလည်းကြိုတွက်ထားပြီး ဖြစ်ပါသည်။
          သမ္မတကြီးကိုထောက်ခံသောအားဖြင့် ဘာအခွင့်အရေးမျှ မရပါ။ မွတ်စလင်မ်တို့၏ ဆဲရေးတိုင်းထွာ ခြိမ်းခြောက်မှုကိုသာခံခဲ့ရသည့်အပြင် နိုင်ငံရေးနယ်ပယ်မှ ကြဉ်ဖယ်မှုကိုလည်း ခံခဲ့ရပါသည်။ သမ္မတကိုထောက်ခံသောကြောင့်သမ္မတလူ(သမ္မတဘုန်းကြီး)ဟု သမုတ်ခံရသော် လည်း ဦးပဉ္စင်းဝီရသူ ယခုထိ passport-မကျသေး၊မရသေးပါ။
          တစ်ထောင်တည်းအတူနေ ကိုဇာဂနာကြီး ရခဲ့ပါသည်။ အတူတူ တစ်ရက်တည်း လွတ်လာသည့် "88"အဖွဲ့ ရခဲ့ပါသည်။ ရဟန်းချင်းအတူတူ ရွှေညဝါဆရာတော်၊ ဒယ်အိုး ဆရာတော်တို့ နိုင်ငံခြားသို့ ခေါက်တုန့်ခေါက်ပြန် သွားလာနေကြပါသည်။
          ဦးပဉ္စင်းဝီရသူသည် ယခုချိန်ထိ passport-ကို လုံးဝ မမြင်ဖူးသေးသူ ဖြစ်ပါ၏။
၎။       လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝ ထောက်ခံခဲ့ပါသည်။ ထိုသို့ ထောက်ခံရုံဖြင့်ဦးပဉ္စင်းသည် ဒေါ်စုလူ ဒေါ်စုဘုန်းကြီးမဟုတ်ပါ။ ယခုချိန်ထိလည်း ဒေါ်စုနှင့် တစ်ကြိမ်မျှမတွေ့ဆုံဖူးသေးသလို ဖုန်းဖြင့်လည်း မပြောဆိုဖူးပါ။
          ဦးပဉ္စင်းသည်တိုင်းပြည်မျက်နှာနှင့် အမျိုးသား အကျိုးစီးပွားကို ရှေ့ရှူ၍ မည်သည့် လုပ်ရပ်မဆို ထောက်ခံသင့်ကထောက်ခံသွားမည်ဖြစ်ပြီး၊ ရှုတ်ချသင့်က ရှုတ်ချသွားမည် ဖြစ်ပါသည်။ 
          ဤသည်မှာမြတ်စွာဘုရား၏ မူဝါဒဖြစ်ပါသည်။ မှန်ပါသည်။ ဝဏ္ဏာ ဝဏ္ဏေသု အဂ္ဂပုဂ္ဂလော မြတ်စွာဘုရားသည်ချီးကျူးထိုက်သူကို ချီးကျူးခြင်း၊ ရှုတ်ချထိုက်သူကို ရှုတ်ချခြင်းတို့၌ နှစ်ယောက်မရှိသူ ဖြစ်ပါသည်။ 
၅။       ဦးပဉ္စင်းဝီရသူသည်အမျိုးသားရေးတရားဟောကြား၍ ထောင်ချခံခဲ့ရသူ ဖြစ်ပါသည်။ 2012-ခုနှစ် ရခိုင်အရေးအခင်းနောက်ပိုင်းမှစ၍ အမျိုးသားရေးတရားများ ပြန်လည် ဟောကြားခဲ့ သည်မှာလည်း မှန်ပါသည်။ သို့သော်အကြမ်းဖက်ဝါဒကို အားမပေးသူ ဖြစ်ပါသည်။ 
          သို့ပါသောကြောင့်အမျိုးဘာသာ သာသနာကို စော်ကားသူများ ရှိလာပါက ဥပဒေဘောင် အတွင်းမှ ထိရောက်သည့် အပြစ်ပေးဒဏ်ခတ်မှုမျိုးဖြင့်သာ တုန့်ပြန်စေလိုပါသည်။ 
          

          အွန်လိုင်းပရိသတ်ကြီးနှစ်သစ်နှင့်အတူ ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ............
          
                                                                                               မေတ္တာဖြင့်
                                                                                                 ဦးပဉ္စင်း
                                                                                             ဝီရသူ (မစိုးရိမ်)
                                                                                        (17.4.2013 AM 00:45)
(Facebook link  ကနေ ကူးယူဖော်ပြပါတယ်။)

Interview with Saffron Monks - Ashin Nanda Wunth


ရွှေဝါရောင်သံဃာတော် အရှင်နန္ဒ၀ံသနှင့် တွေ့ဆုံခြင်း (အရှင်ပညာနန္ဒ)
မိုးမခရုပ်သံ၊ အရှင်ပညာနန္ဒ၏ မှတ်တမ်းတင်အစီအစဉ်၊ ဧပြီ ၁၇၊ ၂၀၁၃

Saw Ngo - No Opposition When Visiting President

ကာတွန်း စောငို - သမ္မတကြီးဆီ သွားတာ အတိုက်အခံပြောစရာလား လို့
ဧပြီ ၁၇၊ ၂၀၁၃

Zay Hmine - Emply Sky


မရှိတော့တဲ့ကောင်းကင်
ဇေမှိုင်း၊ ဧပြီ ၁၆၊ ၂၀၁၃

                        လက်ဖ၀ါးပေါ်က
                        မြှားကိုဆုပ်ကိုင်ခဲ့တဲ ဒဏ်ရာတွေ
                        ပေါ်ကုန်မှာစိုးလို့ 
                        လက်ဖ၀ါး ဓါတ်ပုံမရိုက်ရဲတာပါ..။
                        အလုပ်တွေ
                        အများ……ကြီးလုပ်ခဲ့ရတာပါ
                        လက်ဗွေ မပေါ်တာကတော့ မဆန်းပါဘူး
                        မျက်မှောင်ကြီး ကြုတ်မကြည့်ပါနဲ့                  
                        ကျုပ်လာတာ
                        အညာမြက်တောရိုင်းတွေဆီက
                        ကိုယ့်မြေကို ပြန်တောင်းနေတဲ့လူတွေဆီက
                        သေချာတယ်
                        ဘာစာတမ်းမှ မရေးဘူး
                        သေချာတယ်
                        ဘာမှတ်တမ်းမှမတင်ဘူး
                        အမှန်ပါပဲ မှတ်တမ်းမဲ့ စာတမ်းမဲ့ တောင်သူတွေလေဗျာ
                        ခဏခဏ ရင်ခုန်ကြတယ်
                        တစုံတရာများ
                        မိုးလေးတသိမ့်များ
                        ရွာမလားရယ်လို့ ….။
                        မိုးရွာတော့ကော
                        ဘာများဖြစ်မှာတုန်းအေ
                        ငတို့  မြေမှမရှိတဲ့ဟာကို
                        ဘယ်သကြားက မိုးကျပေးပေး
                        ငတို့ လယ်တွေနဲ့ 
                        ငတို့ က အဝေးကြီးရယ်…….။
(Photo - farmers from Latpadaung District occupied by Chinese Mining Project, 2013)

Tu Maung Nyo - Justified Prejudice in Burma


               တရားသော ဥပဒေ တရားသော စီရင်မှု
တူမောင်ညို။ (၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်)
လွန်ခဲ့သော မတ်လ ၂၀ ရက်နေ့က၊ မိတ္တီလာမြို့ ---- ရွှေဆိုင်တွင်ဖြစ်ပွားခဲ့သော ဖြစ်ရပ်သည် မှုခင်းအသေးအဖွဲမျှသာဖြစ်ပါ သည်။ ပြည်သူများအချင်းချင်းအကြားဖြစ်ပွားသည့် အကျိုးစီးပွားပဋိပက္ခမှ တဆင့်တက်၍ ကိုယ်ထိလက်ရောက်ခိုက်ရန် ဖြစ်ပွားဖြစ်ခြင်း သာဖြစ်သည်။
            သို့အတွက် ထိခိုက်နစ်နာသူများဘက်မှ အမှုဖွင့်တရားစွဲဆိုလျှင် တရားရုံးက လက်ခံကြားနာစစ်ဆေးပြီး ကျူးလွန်သည့် ပြစ်မှု နှင့်ဆီလျော်သည့်ပြစ်ဒဏ်စီရင်ချက်ချမှတ်ပေးလိုက်လျှင် ပြီးပြတ်ပြေငြိမ်းသွားနိုင်သည့် အမှုမျိုးသာဖြစ်သည်။ သို့သော်လည်း ယခုတော့ မြေခွေးလို အကွက်ချောင်းနေသူ အကြမ်းဖက်သမားများက သာမန် မှုခင်းအသေးအဖွဲကလေးကို  အစုလိုက်အပြုံလိုက် လူသတ်မီးရှို့မှု သောင်းကျန်းမှုကြီးအဖြစ်သို့ ချဲ့ထွင်လုပ်ကြံခဲ့ကြခြင်းဖြစ်သည်။ ယခုအချိန်အထိ ယင်းသို့ လူသတ်မီးရှို့ခဲ့ကြသော အကြမ်းဖက်သမား၊ သောင်းကျန်းသူ လူရမ်းကား ဒုစရိုက်ကောင်များကို အတိအကျဖေါ်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေးချေ။
            ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ၏ "နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားသူ/အဖွဲ့အစည်း" ဆိုသည်များ ကို (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအနေဖြင့်ဖော်နိုင်ခြင်းမရှိသေးပါ။ ကိုယ့်လူ ကိုယ်ထုတ်ရိုက်ရမည့်ကိန်းဆိုက်နေသဖြင့် မထွေးနိုင်မမျိုနိုင်ဖြစ် နေပုံလည်းရပါသည်။  
            သို့သော်လည်း ဧပြီလ ၁၁ ရက်နေ့တွင် --- ရွှေဆိုင်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့်ပတ်သက်သူ ၃ ဦးကို "အလုပ်နှင့် ထောင် ဒဏ် ၁၄ နှစ် သီးခြားစီကျခံရန်" မိတ္ထီလာမြို့နယ်တရားရုံးက စီရင်ချက်ချမှတ်ခဲ့ပြီဖြစ်သည်။
            ဤသို့ စီရင်ချက်ချမှတ်ခဲ့ခြင်းသည် မျှတသောတရားစီရင်မှု ဟုတ်ပါသလော။
            ထွန်းထွန်း (ခ) အာရှစ်၊ ညီညီ(ခ) မင်းအောင်၊ မမြင့်မြင့်အေး တို့ ၃ ဦးအား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၂၊ ၃၂၅၊ ၃၂၄၊ ၁၁၄ တို့ဖြင့် ပြစ်ဒဏ်စီရင်ခဲ့ခြင်းဖြစ်သည်။ ယင်းပုဒ်မများအနက် ပုဒ်မ ၃၈၂ ဖြင့် စွဲဆိုစီရင်ခြင်းသည် ဆီလျော်ကိုက်ညီမှုမရှိ၊ အမှုနှင့်သက်ဆိုင် ခြင်းမရှိဟုယူဆပါသည်။ ထို့အပြင် "အလုပ်နှင့်ထောင်ဒဏ် ၁၄ နှစ် သီးခြားစီကျခံစေရန်" စီရင်ချက်ချမှတ်ခြင်းမှာ မျှတမှုမရှိဘဲ၊  တစ်စုံ တစ်ခုသော အငြှိုးအတေးဖြင့်ချမှတ်သည်ဟု ထင်မြင်ယူဆဖွယ်ရာအကြောင်းအချက်များရှိနေပါသည်။
            ပြစ်မှုဆိုင်ရာမတော်မတရားမှု (criminal wrong) သို့မဟုတ် ပြစ်မှု(crime) ကို စီရင်ရာတွင် သတ်မှတ်ထားသည့် ပြစ်ဒဏ်ပေး ခြင်းနယ်ပယ်အတွင်း ဖြစ်ပေါ်လာသည့် အမှုအခြေအနေနှင့် ကျူးလွန်သူတို့၏ အကျင့်စာရိတ္တကိုလိုက်၍ အမှုကို စီရင်ဆုံးဖြတ်ကြသည့် တရားသူကြီးများသည် မိမိတို့ကိုယ်ပိုင်ဆင်ခြင်ဉာဏ်ကို ချင့်ချိန်သုံးသပ်ပြီး ပြစ်ဒဏ်ပေးရန်သာဖြစ်သည်။
            သို့သော်လည်းယခုအမှုတွင် တရားသူကြီးသည် သူ၏ ကိုယ်ပိုင်ဆင်ခြင်ဉာဏ်ကိုချင့်ချိန်သုံးသပ်ခဲ့ပုံမပေါ်ပါ။ တရားသူကြီး အပေါ်တွင် "ဂတိ" တစ်မျိုးမျိုးသို့မဟုတ် တစ်မျိုးထက်ပို၍ လွှမ်းမိုးနေပုံရပါသည်။ လက်ရှိအစိုးရအုပ်ချုပ်ရေးပိုင်း၏ ညွန်ကြားချက်ကို မလွန်ဆန်ဝံ့ဘဲ၊ အထက် ကချမှတ်ပေးသည့်အတိုင်း စီရင်ခဲ့ရပုံပေါ်နေပါသည်။
            ကျွန်တော်အနေဖြင့် "အစုလိုက်အပြုံလိုက်လူသတ်မီးရှို့အကြမ်းဖက်သောင်းကျန်းမှုကြီး" အဖြစ်သို့ ချဲ့ထွင်လုပ်ကြံခဲ့သည်မှာ မည်သည့်အဖွဲ့၏လက်ချက်ဖြစ်သည်၊ မည်သူတို့ပါဝင်ပတ်သက်နေသည် စသည့်အချက်များကို အများပြည်သူသိရှိအောင် အလျှင်အမြန် ဖော်ထုတ်ပြီး မည်သို့အပြစ်ပေးအရေးယူမည်ဆိုသည့်အချက်ကိုသာ ပို၍စိတ်ဝင်စားပါသည်။
            တရားဥပဒေဟူသည် မည်သူ့ကိုမဆို ချစ်ခြင်းမုန်းခြင်း၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ အသားအရောင်၊ ဆင်းရဲချမ်းသာခွဲခြား မှု ကင်းရှင်းပြီး လွတ်လပ်မျှတစွာတရားစီရင်ရမည်သာဖြစ်သည်မဟုတ်ပါလော။
 တရားစီရင်ရေး၏ ရည်ရွယ်ချက်သည် ပြည်သူများ၏ အခွင့်အရေးများကို ကာကွယ်ရန်နှင့် မတော်မတရားမှုများကို နှိပ်ကွပ် ရန်ဖြစ်ပါသည်။ မိတ္တီလာမြို့နယ်တရားရုံး၏တရားစီရင်မှုသည် ယင်းအချက်ကိုချိုးဖောက်ထားပါသည်။ အညှိုးအတေးဖြင့် ပြစ်ဒဏ်စီရင် ကြောင်း ပေါ်လွင်နေပါသည်။
ဤပြစ်ဒဏ်စီရင်ချက်ကို တရားရုံးအဆင့်ဆင့်သို့ ဆက်လက်လျှောက်ထားအယူခံဝင်မည်ဆိုလျှင် ဤအမှုသည်စိတ်ဝင်စားဖွယ် ရာကောင်းလာပါလိမ့်မည်။ အထက်တရားရုံးအဆင့်ဆင့်၏ ပကတိအနေအထားကိုပြည်သူများအထင်အရှားမြင်တွေ့ရဖွယ်ရှိပါသည်။
 ထို့အပြင် ယနေ့တရားစီရင်ရေးမဏ္ဍိုင်၏ အသွင်အပြင်နှင့်လက္ခဏာကိုလည်း အတိုင်းအတာတစ်ခုအထိ အထင်အရှားမြင် တွေ့သိရှိနိုင်ပါလိမ့်မည်။ ပြည်သူများက " ရန်ကုန်တွင်တရားရေးမဏ္ဍိုင်ပြိုလဲနေပြီး၊ မန္တလေးတွင် တရားရေးမဏ္ဍိုင်ပျက်စီးနေသည်" ဟု ပြောနေကြပါသည်။
ယေးလ်တက္ကသိုလ်စင်မြင့်၌ပြောကြားသော မိန့်ခွန်းတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့မှာ လောလောဆယ် တရားရေးမဏ္ဍိုင်ဆိုတာ မရှိသေးဘူးဆိုတာ သိထားပေးကြပါ" ဟု နိုင်ငံတကာသို့ သတင်းစကား ပါးခဲ့ဖူးပါသည်။
တရားသောဥပဒေများပြဋ္ဌာန်းတည်ရှိနိုင်မှသာ တရားသောဥပဒေစိုးမိုးရေးသည် ပေါ်ပေါက်ရှင်သန်နိုင်ပါလိမ့်မည်။
ကာ/ချုပ်သည်လည်းကောင်း၊ စစ်တပ်သည်လည်းကောင်း ဥပဒေ၏ အောက်တွင် တကယ်တန်းတည်ရှိပြီး၊ ဥပဒေ၏စိုးမိုးမှုကို အပြည့်အဝ လိုက်နာနိုင်မှသာ တကယ့်တရားဥပဒေစိုးမိုးရေးသည် ရှင်သန်ကြီးထွားနိုင်ပါလိမ့်မည်။
 တရားဥပဒေစိုးမိုးရေးဆိုသည်မှာ တရားမျှတသောဥပဒေများစိုးမိုးရေးသာဖြစ်ပါသည်။ မတရားသည့်တည်ဆဲဥပဒေမှန်သမျှ ပယ်ဖျက်ရပါမည်။ယင်းတို့အထဲတွင် "၂၀၀၈ အခြေခံဥပဒေ" သည် အဓမ္မအတည်ပြုခဲ့သော မတရားသောဥပဒေတစ်ရပ်ပင်ဖြစ်ပါသည်။

ညွန်း
- မြန်မာနိုင်ငံရာဇသတ်ကြီး (ပြစ်မှုဆိုင်ရာဥပဒေ)
- ဥပဒေရေးရာသိပ္ပံပညာ - ဥပဒေပါမောက္ခမောင်တင်အုံး၊ စပယ်ဦးစာပေ၊ ဒုတိယအကြိမ် ၁၉၈၄
- ဒီလှိုင်းစာစောင်၊ အတွဲ၁၊ အမှတ် ၃၈၊

SUU with Burmese Community in Japan - Video

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျိုတိုမြန်မာမိသားစုများနဲ့ တွေ့ဆုံပွဲ ရုပ်သံ
ကိုဇေယျာ၏ ယူကျုကနေ ရယူတယ်။ ဧပြီ ၁၆၊ ၂၀၁၃

Mar Mar Aye - 464


  
"ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်" အမှတ် (၄၆၄)
လွတ်လပ်ရေးတေးသံ နဲ့ မြသက်မူ
မာမာအေး
ဧပြီ ၁၆၊  ၂၀၁၃

Than Win Hlaing - Articles

မြန်မာ့သမိုင်းတကွေ့မှ မင်းလောင်းမောင်သန့်
သန်းဝင်းလှိုင်
ဧပြီ ၁၆၊ ၂၀၁၃


မြန်မာ့သမိုင်းတကွေ့၌ မင်းလောင်းဗန္ဓကရသေ့ထက်စော၍ မင်းလောင်းအဖြစ် ကျော်စောခဲ့သူကား မြင်းမူမြို့နယ် ပဲကူရွာသား မောင်သန့် ဖြစ်သည်။

စာရေးဆရာ ဥာဏက မဂ္ဂဇင်းတစ်စောင်တွင် မင်းလောင်းမောင်သန့်နှင့် ပတ်သက်၍ ဤသို့ ရေးခဲ့ဖူးသည်။ မြင်းမူနယ်​ ရွာတစ်ရွာတွင် မင်းလောင်မောင်သန့်သည် မြင်းမူမြင်းကြီးကို စီး၍ တန်ခိုးကြီးဘုရားများကို ရွှေချခဲ့ကြောင်း၊ မှော်ဇာရွာရှိ နန်းဦးဘုရား ကိုလည်း ရွှေချခဲ့ကြောင်း၊ ထိုနှစ်က ဘုရားပွဲတော်ဖြစ်ရာ ပြောင်းရိုးစဉ်းရာမှ အ၀တ်ပေါ်မီးကျကာ လက်ရုံးက မီးတောက်သည်ဆို၍ အများက သူရဲကောင်းအဖြစ် ကိုးကွယ်ကြသည်။ ကြိတ်မြှောက်ကြသည်။ မောင်သန့်ကိုယ်တိုင်ကလည်း တကယ်ပင် မိမိသည် မင်းလောင်းဖြစ်လာပြီဟု ထင်မြင်လာခဲ့သည်။ ဤသို့ဖြင့် နောက်ပါအင်အားတဖြည်းဖြည်းတောင့်တင်းရာမှ မြင်းမူဂါတ်ကို ၀င်စီး၍ နောက်ဆုံးတွင် နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ ဖမ်းဆီးခံရကြောင်း ရေးသားထားလေသည်။

၁၉၅၆ ခုနှစ် မေလထုတ် ရှုမ၀ ရုပ်စုံမဂ္ဂဇင်းတွင်လည်း ဦးတော်သခင်ဆိုသူက "ဗမာ့တော်လှန်ရေးစိတ်ဓာတ်နှင့်မင်းလောင်း မောင်သန့်" အမည်ရှိ ဆောင်းပါးကို ရေးသားခဲ့သည်။ အဆိုပါ ဆောင်းပါးတွင် မြန်မာသက္ကရာဇ် ၁၂၇၂ (ခရစ် ၁၉၁၀) ခုနှစ်တွင် ကြယ်တံခွန်ပေါ်၍ မင်းပြောင်းမင်းလွှဲ ဖြစ်မည်ဟု နိမိတ်ဖတ်ကြသည်။ သူရင်းငှားဖြစ်သူ မောင်သန့်သည် ပြောင်းရိုးစဉ်းစဉ် တဘက်မီး စွဲရာမှ အများက နိမိတ်ဖတ်သဖြင့် မင်းလောင်းဟုမှတ်ယူခဲ့ကြသည်။ နတ်ဝင်သည်တဦးကလည်း နတ်ဝင်ပူးရင်း မောင်သန့်ကို မင်းဖြစ်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။ မောင်သန့်ကို အများက ရွှေရင်နာဘုရားကို ပြန်တည်ပြီး မင်းဖြစ်မည်ဟု ယုံကြည်စွဲလန်းခဲ့ ကြသည်။ နိဂုံးပိုင်းတွင် မန္တလေးတောင်ကြီး၌ မောင်သန့်နှင့် အပေါင်းပါလူရှစ်ယောက်အား ၁၉၁၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ပြစ်မှု ထင်ရှား၍ အိန္ဒိယ ရာဇသတ်ကြီး ပုဒ်မ ၁၂၁ အရ ကြိုးမိန့်စီရင်ချက် ချခဲ့ကြောင်း ဖော်ပြထားသည်။

သို့ကလို မောင်သန့်၏ နယ်ချဲ့တော်လှန်ရေးကို သေးသိမ်အောင် အမျိုးမျိုးရေးသားပြောဆိုနေသလို ၁၉၃၅ ခုနှစ် ဧပြီလ ထုတ် သူရိယမဂ္ဂဇင်းတွင် စာရေးဆရာကြီး မဟာဆွေက မြင်းမူနယ်မောင်သန့်အကြောင်းကို ရေးသားထားပြန်သည်။ သူ၏ ဆောင်းပါးတွင် မြင်းမူနယ်ပဲကူရွာ၌ ၁၉၁၀ ပြည့်နှစ်တွင် မောင်သန့် သူပုန်ထခဲ့သည်။ လက်ရုံးက မီးတောက်သည်ကို မြင်လိုက်သော သူမှာ ပဲကူရွာသား ကိုသာဦးဆိုသူဖြစ်သည်။ ထို့အပြင် မောင်သန့်အကြောင်းကို မြင်းမူဌာနပိုင် ဦးဘိုးငြိမ်းက သွားရောက်စစ်ဆေး သည်။ ပဲကူရွာသူကြီးမှာ ဦးဘိုးမှီဖြစ်သည်။ စစ်ကိုင်းခရိုင် ရာဇ၀တ်ဝန် ဂျွန်ဒေါ့ဆန် (John Dobson) ကိုယ်တိုင်ဆင်း၍ စစ်ဆေးသည်။ စစ်ကိုင်းသို့ ခေါ်လာကာ အရေးပိုင် မေဂျာဘိုးဝင်း (Major C.E. Bowen) ထံ ခေါ်ပြသည်။ မောင်သန့်ကို နောက်ဆုံးဖမ်းပေးသူမှာ ပုလိပ် အင်စပက်တော် ဦးစံခိုဖြစ်သည်ဟု တိတိကျကျ ရေးသားဖော်ပြထားသည်။

ထိုစဉ်က မောင်သန့်၏ တော်လှန်ရေးသတင်းသည် သာယာဝတီ၊ ပြည်၊ ဓနုဖြူ၊ ညောင်တုန်း၊ ပန်းတနော် တို့အထိ ပျံ့နှံ့ခဲ့ သည်။ တက္ကသိုလ်စိန်တင်ရေးသားသည့် 'ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်အတ္ထုပ္ပတ္တိ' စာအုပ်တွင် မင်းလောင်းမင်းသန့် သူပုန်ထသည့် ၁၉၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် မွေးသဖြင့် မောင်သန့် (ဦးသန့်) ဟု သူ့မိဘများ (ဦးဖိုးနှစ်၊ ဒေါ်နန်းသောင်) တို့မှ အမည်ပေးခဲ့ကြောင်း ရေးသားထားလေသည်။ ဤမျှအထိ မင်းလောင်းမင်းသန့်သတင်းသည် လူထုအတွင်း စိမ့်ဝင်ခဲ့သည်။

မင်းလောင်းမင်းသန့်ကို စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ပဲကူရွာတွင် ၁၈၉၀ ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက် ကြာသပတေးနေ့ တွင် အဘ ဦးထွန်းပို၊ အမိ ဒေါ်မယ်ရ တို့မှ ဖွားမြင်ခဲ့သည်။ အမည်နှင့် လိုက်အောင်ပင် အသားညိုညိုနှင့် သန့်သန့်ပြန့်ပြန့် ဖြစ်၏။

ငယ်စဉ်က ပဲကူရွာအရှေ့ဘက် ၀ါဆိုကျောင်းဆရာတော် ဦးအရိယ၀ံသထံတွင် စတင်ပညာသင်ကြားခဲ့သည်။

မိဘနှစ်ပါးဆင်းရဲနွမ်းပါးသောကြောင့် ငယ်စဉ်မှာပင် မြေပိုင်ရှင် ဦးအော့အိမ်တွင် သူရင်းငှားလုပ်ခဲ့ရသည်။ မောင်သန့်တွင် မွေးချင်းသုံးဦးရှိသည်။ အစ်မအကြီးဆုံးမှာ မငွေတင်ဖြစ်သည်။ ဒုတိယမောင်သန့် မွေးသည်။ မောင်သန့်အောက်မှ ညီမ မကတုံးမ၊ မဂွက်ကြီးတို့နှစ်ဦးရှိသည်။ ၁၉၀၇ ခုနှစ်တွင် မောင်သန့်သည် မိဘများနှင့်အတူ မြောက်ရွာ၊ ရွှေဘိုနယ် ၀က်လက်နယ် စပါးတော သို့ ပြောင်းရွှေ့လိုက်ပါသွားသည်။

၁၉၀၈ ခုနှစ်သို့ ရောက်သောအခါ တစ်နေ့တွင် ပြောင်းရိုးစဉ်းနေစဉ် ညာဘက်လက်ရုံးမှ မီးဟုန်းဟုန်းတောက်သည်ဟူသော သတင်းတစ်ခု ပျံ့လာသည်။ အများက မောင်သန့်ကို နယ်ချဲ့အင်္ဂလိပ်ဆန့်ကျင်ရေးနှင့် ဆက်စပ်ဖြစ်လာကြသည်။ လက်ရုံးက မီးတောက်သည့် မင်းလောင်းမောင်သန့်၊ အင်္ဂလိပ်မင်းကို တိုက်ခိုက်မည့်သူဟု မျှော်လင့်ချက်၊ ယုံကြည်ချက်များ ပိုများလာကြသည်။

မင်းလောင်းဟူသော ဂုဏ်ပုဒ်နှင့် ပတ်သက်၍ မောင်သန့်ကိုယ်တိုင်က သူ့ကိုယ်သူ မင်းလောင်းဟု မဆိုခဲ့ပါ။ ပတ်ဝန်းကျင် က သာ သူ့ကို 'မင်းလောင်း' ဟု သမုတ်ကြခြင်း ဖြစ်သည်။ ထိုစဉ်က အများပြည်သူတို့က သီပေါမင်းတရားနှင့် စုဘုရားလတ်မိဘုရား တို့ကို ဖမ်းဆီးခေါ်ဆောင်ကာ မြန်မာနိုင်ငံကို အတင်းအဓမ္မသိမိးပိုက်အုပ်စိုးနေသော နယ်ချဲ့အင်္ဂလိပ်တို့ကို မုန်းတီးစိတ်နာခဲ့ကြ သည်။ အင်္ဂလိပ်တို့ကို အံတုယှဉ်ပြိုင်တိုက်ခိုက်နိုင်မည့် မင်းသားတစ်ပါးကို မျှော်ကိုးနေကြချိန်လည်းဖြစ်သည်။ ထိုစဉ် သီပေါမင်းတရား ပါတော်မူပြီး ၂၅ နှစ်အကြာတွင် မောင်သန့်လှုပ်ရှားမှုပေါ်လာ၍ မောင်သန့်ကိုပင် အားကိုးအားထားပြုရမည့် ပုဂ္ဂိုလ် တစ်ဦး (၀ါ) မင်းလောင်းအဖြစ် မျှော်လင့်ယုံကြည်ခဲ့ကြခြင်းသာ ဖြစ်သည်။

သို့ကလို မောင်သန့်၏ သတင်းများသည် ပဲကူရွာနှင့် အနီးအနားဝန်းကျင်ကျေးရွာအုပ်စုများသို့ တဖြည်းဖြည်း ပျံ့နှံ့သွား သည်။ အင်္ဂလိပ်အစိုးရအား တော်လှန်တိုက်ခိုက်ရန် အခွင့်အရေးကောင်းကို စောင့်လျက် ရှိသော မောင်သန့်၏ ဦးလေးတော်သူ ဦးမျှင် နှင့် ရွာသူကြီးအချို့က မောင်သန့်သည် မွေးဖွားချိန်မှစ၍ ထူးခြားသော အသွင်လက္ခဏာများတွေ့ရကြောင်း၊ အသက် ၁၀ နှစ် အရွယ်မှစ၍ သက်သတ်လွတ်စားကြောင်း စသည်ဖြင့် သတင်းလွှင့်ခဲ့သည်။ ထို့ပြင် ဗေဒင်နက္ခတ်တတ်ကျွမ်းသော မျိုးချစ်ပုဂ္ဂိုလ်အချို့ နှင့် တိုင်ပင်ပြီး မောင်သန့်သည် အမှန်ပင် လူဝင်စားမင်းလောင်းတစ်ဦးသာဖြစ်ကာ မြန်မာနိုင်ငံမှ မျက်နှာဖြူ အင်္ဂလိပ်တို့အား အပြီးတိုင် တော်လှန်မောင်းထုတ်လိမ့်မည်ဖြစ်ကြောင်း၊ ထို့နောက်တွင် ရှင်ဘုရင်ဖြစ်လာပြီး မြန်မာနိုင်ငံအား အုပ်စိုးလိမ့်မည်ဖြစ်ကြောင်း မောင်သန့်၏ ဇာတာတွက်ချက်၍ သတင်းလွှင့်ခဲ့ကြသည်။

ဤသို့ဖြင့် ပဲကူရွာတွင် မင်းလောင်းမောင်သန့် ပေါ်နေပြီဖြစ်ကြောင်း သတင်းလွှင့်လျက်ရှိရာ အဖွဲ့ဝင်အင်အားတဖြည်းဖြည်း တိုးပွားလာခဲ့သည်။ ရဟန်းတော်များ၊ ဗေဒင်ပညာရှင်များ၊ တုတ်ပြီး၊ ဓားပြီး၊ သေနတ်ပြီး၊ ဆေးများစီရင်တတ်သည်ဆိုသော တိုင်းရင်း ဆရာများ စသည်ဖြင့် လူမျိုးစုပေါင်းစုံပါဝင်လာလေတော့သည်။ နောင်တွင် ယင်းအဖွဲ့မှာ မောင်သန့်၏ အကြံပေးအဖွဲ့သဘောမျိုး ဖြစ်လာခဲ့သည်။

သို့ကလို အခြေအနေ၌ မောင်သန့်အား မြင်းမူဂါတ်က ခေါ်ယူစစ်ဆေးခြင်း၊ စစ်ကိုင်းအရေးပိုင်ရုံးက မေးမြန်းခြင်းများက မောင်သန့်အား နယ်ချဲ့တော်လှန်ရေးလုပ်ငန်းများ လုပ်ရန် တွန်းအားပေးလိုက်သကဲ့သို့ ဖြစ်လာသည်။ ထိုအခါ မောင်သန့်သည် အင်္ဂလိပ်အစိုးရက မိမိအား အာရုံစိုက်စောင့်ကြည့်လာပြီဟူသော အသိက ၀င်လာကာ နောက်ဆုံး၌ သူ့ကျွန်မခံပြီဟူသောစိတ်ဓာတ် ဖြင့် ရှေ့ဆက်တိုက်ပွဲဝင်ရန်သာ ရှိတော့သည်ဟု ဆုံးဖြတ်ချက်ချလိုက်တော့သည်။

မြင်းခေါင်းမင်းအနွယ်တော် မီးခဲပြာဖုံးတော်လှန်ရေးသမားကြီးများဖြစ်ကြသည့် ဗိုလ်ဆိုးသာ၊ ဗိုလ်ရာဘော်၊ ဗိုလ်မျှော်၊ ဗိုလ်ရဲဇံတို့က မောင်သန့်ထံ ဗိုလ်ဝင်ခံ၍ လက်ရုံးဗိုလ်များဖြစ်လာကြ၏။ မောင်သန့်၏ လက်ရုံးဗိုလ်များ၊ အရာတော်နယ်၊ မြောင်နယ်မှ ဗိုလ်များ ၀င်လာကြသည်။ ရွှေဘိုနယ်၊ ဓနုဖြူနယ်မှ ဗိုလ်များ၊ မြင်းနှင့်တကွ နောက်ပါများစုရုံးလာကြသည်။ မုံရွာ၊ ချောင်းဦး၊ ရေဦး၊ ကောလင်း၊ ၀န်းသိုနယ်တို့မှ နောက်ပါနောက်လိုက်များကလည်း လက်နက်လူသူစုရုံးလာကြသည်။

ဤသို့ဖြင့် မောင်သန့်၏ တော်လှန်ရေးအင်အားစုများမှာ များပြားလာခဲ့သည်။

မောင်သန့်၏ တော်လှန်ရေးနောက်သို့ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်၍ လိုက်သူများရှိသကဲ့သို့ ဓါးကိုင်၍ မလိုက်နိုင်သော် လည်း သူ့ကို ချစ်၍ နောက်ကွယ်မှအားပေးနေကြသူများ၊ သြဘာပေးနေသူများလည်း အများအပြားရှိသည်။

ပဲကူရွာသား မြင်းခေါင်းကြီးသည် နေပြည်တော်မှ တပ်ဆုတ်ခဲ့ကာ ပဲကူရွာတွင် လူသူစုရုံး၍ နယ်ချဲ့တို့ကို အားပြိုင်ခဲ့သည်။ ပဲကူရွာ၏ အနောက်မြောက်အဂ္ဂံတောင်ရိုးကို အခြေပြုကာ နယ်ချဲ့တပ်များနှင့် အနီးကပ်တိုက်ပွဲများ ဆင်နွှဲခဲ့ဖူးသည်။

အဂ္ဂံတောင်ရိုးသည် တော်လှန်ရေးအတွက် ဘူမိနက်သန်မှန်သောနေရာဖြစ်သည်။ မျိုးချစ်တော်လှန်ရေးသမားတို့၏ စခန်းအောင်မြေဖြစ်သည်။။ မောင်သန့်သည် ၁၉၁၀ ပြည့်နှစ် နှစ်ဦးပိုင်းတွင် မိမိနောက်လိုက်နောက်ပါများနှင့် ပဲကူရွာမှ အဂ္ဂံတောင်ရိုး သို့ ထွက်ခဲ့ကြသည်။ အဂ္ဂံတောင်ရိုးမှာ ဧရာဝတီမြစ်ကမ်းမှ ငါးမိုင်ခန့်၊ မြင်းမူနှင့် ဆိုသော် ၂၅ မိုင်ခန့် ဝေးကွာသည်။ တောရိပ် တောင်ရိပ်လည်း ကောင်းလှသည့်အပြင် လူသူအရောက်အပေါက်လည်း နည်းလှသည်။ မင်းလောင်း မောင်သန့်တို့အဖွဲ့သည် တောင်ရိုးတွင် ခိုင်မာစွာ အခြေစိုက်လိုက်နေလေသည်။ ရွှေရင်နာဘုရားတွင် စခန်းချစဉ်ကလို အုတ်အော်သောင်းတင်း စည်းရုံးလူစု သည့် နည်းဖြင့် မပြုလုပ်တော့ဘဲ အတော်ကျစ်ကျစ်လျစ်လျစ် ပြုပြင်စည်းရုံးလာခဲ့သည်။ အကြံပေးအဖွဲ့၏ ဆန္ဒအရ မောင်သန့်သည် လူတိုင်းကို အတွေ့မခံတော့ဘဲ အထူးစိတ်ချရသည့် အတွင်းလူခေါင်းဆောင်များကိုသာ တွေ့ဆုံတော့သည်။

မောင်သန့်၏ ဘုန်းတန်ခိုးနှင့်အစွမ်းသတ္တိကို ယုံကြည်၍ ၀င်ရောက်လာသူများကို ပထမဆုံး သွေးသောက်အဖြစ် သစ္စာရေ တိုက်ကြသည်။ စိတ်ချရသည့်အဆင့် သွေးသောက်များဖြစ်လာသောအခါမှ မောင်သန့်၏ အကြံပြုချက်အတိုင်း ဆရာတော်၊ ဘုန်းတော်ကြီးများနှင့် လောကီပညာသည်ဆရာများက တုတ်ပြီး၊ ဓါးပြီး၊ သေနတ်ပြီး ဆေးများ ထိုးပေးကြသည်။ ဂါထာမန္တာန်များကို လည်း ကျက်မှတ်ရွတ်ဖတ်သရဇ္ဈာယ်စေသည်။ အင်္ဂလိပ်ကို မုန်းတီးစိတ်နာနေသူ မြန်မာမျိုးချစ်တို့သည် မင်းလောင်းမောင်သန့်ရှိရာ အဂ္ဂံတောင်တန်းတွင် တဖြည်းဖြည်း စုရုံးလာကြရာ လူ ၁၀၀၀ ခန့်အထိ အင်အားတောင့်တင်းလာသည်။ မင်းလောင်းမောင်သန့် အဖွဲ့၏ သိမ်းသွင်းစည်းရုံးမှုကြောင့် သူ့အားယုံကြည်သူများနှင့် သူ့ကျွန်ဘ၀မှ လွတ်မြောက်လိုသော မြန်မာမျိုးချစ်များ၏ အဘက်ဘက်မှ ၀ိုင်းဝန်းထောက်ပံ့ကူညီမှုကြောင့် မောင်သန့်တို့ အဖွဲ့သည် ငွေရေးကြေးရေး အခြေအနေနှင့် လူအင်အားအတော် အသင့် ခိုင်မာလာခဲ့သည်။

ထိုအခါ အင်္ဂလိပ်အစိုးရအား ရင်ဆိုင်တိုက်ခိုက်နိုင်ရန် သေနတ်လက်နက်များသာ လိုတော့သည်။ ထို့ကြောင့် လက်နက်များ ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရသည်။ အချို့သော ကြေးရတတ်ပုဂ္ဂိုလ်များနှင့် ရွာသူကြီးများသည် မင်းလောင်းမောင်သန့် တို့ အဖွဲ့ကို ယုံကြည်ကြသောကြောင့်လည်းကောင်း၊ သူ့ကျွန်မခံလိုသော မျိုးချစ်စိတ်ကြောင့်လည်းကောင်း၊ မိမိတို့ပိုင် နှစ်လုံးပြူး တစ်လုံးပြူး စသည့် လက်နက်များကို တိတ်တဆိတ် လာရောက်အပ်နှံကြသည်။

သို့ရာတွင် ပြောပလောက်အောင် မရရှိခဲ့ပေ။ တကယ်သေနတ်အစစ်ရော၊ လုပ်သေနတ်ပါ ပေါင်းမှ အလက် ၃၀ မျှသာ ရရှိသည်။ သို့အတွက် လက်နက်ကောင်းများ ရရှိရေးအတွက် ပုလိပ်ဌာနများ၊ စစ်ပုလိပ်စခန်းများကို စီးနင်းတိုက်ရန် စီစဉ်ခဲ့သည်။

ထို့နောက် အခါပေးအဖွဲ့က တွက်ချက်ပေးသည့် ၁၉၀၉ နိုဝင်ဘာလ ၄ ရက် ကြာသပတေးနေ့တွင် မြင်းမူဂါတ်တဲကို ၀င်ရောက်စီးနင်းရန် ရက်မှတ်လိုက်ကြသည်။ နယ်ချဲ့အင်္ဂလိပ်တို့အား တိုက်ခိုက်ရာတွင် မြန်မာမှန်သမျှ ရရာဓါးလက်နက်တို့ ဆွဲကိုင် ပြီး လိုက်ပါတိုက်ခိုက်ကြရန်လည်း အနီးအနားမှ ရွာများသို့ အမိန့်ထုတ်ပြန်ခဲ့သည်။

ထိုစဉ်က မြင်းမူမြို့နယ်၌ ရိုးရိုးပုလိပ်တပ်ဖွဲ့ဝင် ၂၀ ခန့် အပြင် အိန္ဒိယစစ်ပုလိပ် ခေါ် ရိုင်ဖယ်သေနတ်ကို စစ်ပုလိပ် ၁၅ ဦး ခန့် ရှိနေသည်။ မြင်းမူပုလိပ်ဌာနအား မောင်သန့်တို့အဖွဲ့က စီးနင်းတိုက်ခိုက်လိမ့်မည်ဆိုသည့် သတင်းကို အင်္ဂလိပ်အလိုတော်ရိ သူကြီးများထံမှ အခိုင်အမာ သတင်းကြိုသိရှိထားသဖြင့် မြင်းမူနယ်ပိုင်ဝန်ထောက်က စစ်ကိုင်းအရေးပိုင်ထံသို့ အစီရင်ခံတင်ပြထား ပြီး ဖြစ်သည်။

ထိုအခါ စစ်ကိုင်းရာဇ၀တ်ဝန် (D.S.P) သည် စစ်ပုလိပ်အချို့ကို ခေါ်ယူလျက် မြင်းမူမြို့သို့ ကိုယ်တိုင်ဆင်းလာပြီး မြင်းမူဂါတ်တဲတွင် လူအင်အား၊ လက်နက်အင်အား ထပ်မံဖြည့်တင်းကာ မောင်သန့်တို့ တိုက်ခိုက်မည့်အချိန်ကို စောင့်ဆိုင်းနေလေ သည်။ ထိုစဉ်က မင်းလောင်းမောင်သန့်၏ တပ်ဖွဲ့ကြီး အလံတလူလူမောင်းသံတဒူဒူနှင့် ချီတက်လာရာ မြင်ရသူအပေါင်းအား အလွန်ပင် ဇာတိသွေး ဇာတိမာန် တက်ခဲ့သည်ဟု ပြောစမှတ်ပြုကြပေသည်။

ဤသို့ဖြင့် မြန်မာသက္ကရာဇ် ၁၂၇၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ ၁၉၁၀ ပြည့်နှစ် နိုဝင်ဘာလ ၉ ရက် ဗုဒ္ဓဟူး နေ့တွင် နံနက် ၅ နာရီတွင် လူ ၁၀၀၀ ခန့် အင်အားရှိသော မောင်သန့်တို့ အဖွဲ့ကြီးသည် မြင်းမူဂတ်တဲကို စီးနင်းတိုက်ခိုက်ခဲ့ ကြသည်။ ထိုအချိန်တွင် စစ်ကိုင်း ရာဇ၀တ်ဝန်သည် ဂါတ်တဲအတွင်း၌ ရှိနေပြီး တိုက်ပွဲကို ကိုယ်တိုင်ဦးစီးစီမံလျက်ရှိသည်ဟု ဆိုသည်။ ဂါတ်တဲမှာ ရိုးရိုးသစ်သားဂါတ်တဲမျိုးမဟုတ်ဘဲ အုတ်အင်္ဂတေသံတိုင်များဖြင့် အခိုင်အမာ ခံတပ်သဖွယ် ဆောက်လုပ်ထား သော ဂါတ်တဲဖြစ်သည်။ မျိုးချစ်စိတ်ဓါတ်တက်ကြွသော်လည်း လက်နက်အင်အား မမျှတမှု၊ လေ့ကျင့်မှုနှင့် စည်းရုံးရေးအားနည်းမှု များကြောင့် မောင်သန့်တို့၏ အင်္ဂလိပ်အစိုးရအား ဆန့်ကျင်ပုန်ကန်သော တပ်ဖွဲ့ကြီး၏ မြင်းမူဂါတ်တဲတိုက်ပွဲကား နံနက် ၈ နာရီခန့် တွင် လုံးဝပြီးဆုံးသွားခဲ့ရလေသည်။ သေသူနှင့် ဒဏ်ရာရသူ မနည်းလှပေ။ မောင်သန့်၏ ဒဏ်ရာရလက်ထောက်ဗိုလ်အချို့လည်း ပုလိပ်များ၏ ဖမ်းဆီးမှုခံခဲ့ရသည်။

မြင်းမူဂါတ်တဲတိုက်ပွဲဖြစ်ပွားပြီးနောက် မင်းလောင်းမောင်သန့်၏ တပ်ဖွဲ့ကြီးသည် ပြိုကွဲခဲ့ရလေသည်။ အင်္ဂလိပ်အစိုးရ၏ ပုလိပ်တပ်နှင့် စစ်ပုလိပ်တပ်တို့ကလည်း ခံစစ်မှ တိုက်စစ်အသွင်သို့ ပြောင်းကာ မောင်သန့်တို့နောက်သို့ ထပ်ကြပ်မကွာလိုက်လေ တော့သည်။ မောင်သန့်တို့၏ အခြေခံစခန်းများဖြစ်သော ပဲကူရွာ၊ အာလကပ္ပ၊ ရွှေရင်နာဘုရားနှင့် အဂ္ဂံတောင်တန်းများတွင်လည်း ပုလိပ်နှင့် စစ်ပုလိပ်တပ်က ကြိုတင်နေရာယူစောင့်ဆိုင်းနေသဖြင့် မောင်သန့်တို့လူစုမှာ ခိုနားစခန်းချရန် နေရာပင် များစွာ အခက်အခဲတွေ့ရလေသည်။ တပ်ပျက်သွားပြီးနောက် မောင်သန့်နှင့်အတူ ဦးလေးဦးမျှင်အပါအ၀င် အမာခံလူသူဟူ၍ မဆိုစလောက် သာကျန်ရှိတော့သည်။ အစိုးရကလည်း မောင်သန့်နှင့် ခေါင်းဆောင်အချို့တို့အား ဖမ်းဆီးပေးနိုင်သူ သို့မဟုတ် အတိအကျသတင်း ပေးနိုင်သူအား ခေါင်းဆောင်တစ်ဦးအတွက် ဆုတော်ငွေ ၁၀၀၀ိ/- စီ ပေးမည်ဟု အမိန့်ထုတ်ပြန်လိုက်လေသည်။

မြင်းမူဂါတ်တဲတိုက်ပွဲအပြီး ၁၅ ရက်ခန့်အကြာတွင် အထူးတပ်ဖွဲ့မှ မောင်သန့်တို့နှင့် အဖွဲ့သည် မြင်းခြံမှ တဆင့် ရန်ကုန်သို့ ရထားဖြင့် ထွက်ခွာသည့်သတင်းအစအနကို ရရှိခဲ့လေသည်။ ယင်းနောက် မြင်းခြံမီးရထားရုံပိုင်အား စစ်ဆေးရာ မြင်းခြံမှ ရန်ကုန်သို့ လိုက်ပါသွားသောသူအပေါင်းမှာ ၁၀ ဦးခန့်ရှိကြောင်းနှင့် သူတို့၏ ထိုင်ခုံနံပါတ်များကို ပေးအပ်လေသည်။

ရာဇ၀တ်ဝန်သည် ရန်ကုန်ရဲမင်းကြီးထံသို့ ကြေးနန်းရိုက်၍ အဆိုပါလက်မှတ်နံပါတ်များကို ကိုင်ဆောင်ထားသည့် ရန်ကုန်-မြင်းခြံ ခရီးသည်များအား ခေတ္တထိန်းသိမ်းထားရန် ဖော်ပြလေသည်။

ထို့နောက် မောင်သန့်တို့အဖွဲ့သည် ပုဇွန်တောင်ဘူတာတွင် ရန်ကုန်ရဲမင်းကြီးအမိန့်ဖြင့် ဖမ်းဆီးခြင်းခံရသည်။ များမကြာမီ စစ်ကိုင်းရာဇ၀တ်ဝန်သည် မောင်သန့် အား ကောင်းစွာသိရှိသည့် ပုလိပ်အရာရှိတစ်ဦးနှင့် မောင်သန့်တို့အဖွဲ့ထဲမှ မောင်ဖြူဆိုသူနှင့် သိကျွမ်းသူ မောင်ကြီးတို့အား ရန်ကုန်သို့စေလွှတ်၍ မောင်သန့်တို့အဖွဲ့ ဟုတ်မဟုတ် သေချာစွာစစ်ဆေးစေသည်။ ၄င်းတို့က မောင်သန့်နှင့် အဖွဲ့ အမှန်ပင်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသလို မောင်သန့်တို့အဖွဲ့အား အစောင့်အကြပ်ထူထပ်စွာဖြင့် မြင်းခြံသို့ ပြန်လည်ပို့ဆောင်လေသည်။ ထို့နောက် မြင်းခြံထောင်မှတဆင့် စစ်ကိုင်းထောင်၊ ထိုမှတဖန် မန္တလေးအကျဉ်းထောင်သို့ ပြောင်းရွှေ့၍ စစ်ကိုင်းစက်ရှင်မင်းတရားရုံးက အိန္ဒိယရာဇသတ်ကြီးပုဒ်မ ၁၂၁ ဖြင့် တရားစွဲဆိုခဲ့သည်။

မောင်သန့်နှင့်အတူ တရားစွဲခံရသူအများအပြားရှိရာ ၃၃ ဦးမှာ ကြီးလေးသာ အပြစ်ဒဏ်ခံရသည်။ မောင်သန့်အမှုကို ၁၉၁၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း စစ်ဆေးရာ ၆ လခန့် ကြာမြင့်ခဲ့သည်။ တရားခံများ ရှေ့နေငှားရမ်းခွင့် မရခဲ့ချေ။ ကိုယ်တိုင်လျှောက်လဲ ခြင်း၊ ဖြေကြားခြင်းသာ ပြုလုပ်ခဲ့ရသည်။ မောင်သန့်အမှုကို ၁၉၁၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် စက်ရှင်အမှုတွဲ အမှတ် (၃၈/၁၉၁၁) အိန္ဒိယ ပင်နယ်လ်ကုတ်၏ ပုဒ်မ ၁၂၁ ဖြင့် စွဲချက်တင်ခဲ့သည်။ ထို့နောက် ၁၉၁၁ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် ကြိုးမိန့်စီရင်ချက် ကို အယူခံတင်သွင်းခဲ့ရာ တရားရုံးက ပယ်ချ၍ ကြိုးမိန့်ကို အတည်ပြုခဲ့သည်။ မောင်သန့်တို့အမှုကို စီရင်သူမှာ စက်ရှင်တရားသူကြီး အေမက်ဂရီဂါ (A. Mac Gregar – M.A., I.C.S) ဖြစ်သည်။ မောင်သန့်နှင့်အတူ ဗိုလ်မြှောင်၊ ဗိုလ်ရာဘော်၊ ဗိုလ်ကံပွင့်၊ ဗိုလ်ရွှေတုတ် တို့ ကြိုးဒဏ်အပြစ်ပေးခြင်းခံရသည်။ ကျန်ရဲဘော် ၉ ဦးတို့မှာ တသက်တကျွန်း ( ကပ္ပလီကျွန်း) သို့ အပို့ခံခဲ့ရသည်။

မန္တလေးထောင်ကြီးတွင် မောင်သန့်အား ကြိုးပေးသောနှစ်မှာ ခရစ် ၁၉၁၁ ခုနှစ် စက်တင်ဘာလတွင် ဖြစ်သည်။ ကြိုးပေးခံရစဉ်က မောင်သန့်သည် အသက် ၂၁ နှစ်သာ ရှိသေးသည်။

မည်သို့ဆိုစေ… မင်းလောင်းမောင်သန့်အဖွဲ့သည် ထိုကဲ့သို့ အရေးမလှကျဆုံးသွားရခြင်းမှာ နယ်ချဲ့အင်္ဂလိပ်အစိုးရ အင်အားနှင့် မိမိတို့၏ ပကတိအင်အားကို နှိုင်းယှဉ်သုံးသပ်နိုင်စွမ်းမရှိခြင်း၊ ပဒေသရာဇတ်ခေတ်အစဉ်အလာအတိုင်း အင်း၊ အိုင်၊ ခါးလှည့်လက်ဖွဲ့များအပေါ် အလွန်အားထားမှုလွန်ကဲခြင်း၊ စစ်ရေးစစ်ရာအသိအမြင်ခေါင်းပါးခြင်း၊ ဒဏ္ဍာရီသာသာ ပါးစပ်ရာဇ၀င် ကိုသာ အဆင်ခြင်မဲ့ယုံကြည်ကာ မိမိတို့ဆောင်ရွက်သမျှ အောင်မြင်မည်ဟု ထင်မြင်ပြုမူခဲ့ခြင်းနှင့် အချိန်အခါနှင့် နေရာဒေသ (ကာလံဒေသ) ၏ ကန့်သတ်ချက်မျာကို သဘောပေါက်နားလည်မှုမရှိခြင်း၊ ခြုံ၍ ဆိုရသော် မျိုးချစ်စိတ်သာ ပြင်းထန်ပြီး အရည်အချင်းအားဖြင့် ချို့တဲ့သူများဖြစ်ခြင်းကြောင့် ကျဆုံးသွားခဲ့ရလေသည်။

 စာကိုး
(၁) တင်မြင့်၊ အဂ္ဂံတောင်က မောင်သန့်ထခဲ့၊ စာပေဗိမာန်၊ ပထမအကြိမ် ၁၉၉၅။
(၂) လူထုဦးလှ၊ ကျွန်တော်စတီးပွဲစား။လူထုစာပေတိုက် ၂၀၁၂
(၃) ဦးတော်သခင် "မြန်မာ့တော်လှန်ရေးစိတ်ဓါတ်နှင့်မင်းလောင်းမောင်သန့်" ရှုမ၀မဂ္ဂဇင်း (၁၉၅၅၊ မတ်လ)
(၄) အိမ်မဲဒေါင်းပြာ "တခါတုန်းက နယ်ချဲ့ဆန့်ကျင်ရေး (၁၉၀၉ ခု မင်းလောင်းမောင်သန့်၏ လှုပ်ရှားမှု)" စစ်ပြန်မဂ္ဂဇင်း အမှတ် ၄၉ (၁၉၈၂ အောက်တိုဘာလ) စာ ၂၆၊၃၂။



--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives