[MoemakaDaily] 24th April - MoeMaKa Daily


 
ကနေဒါ - ဗန်ကူးဗားမှ မြန်မာမိသားစုတို့ ရဲ့ (၁၇)ကြိမ်မြောက် နှစ်ကူးအတာသင်္ကြန်
ကျော်ဟုန်း ။  ဧပြီ ၂၃ ၊ ၂၀၁၃
ကနေဒါနိုင်ငံ ဗန်ကူးဗား ဘီစီမှာ အခြေချနေထိုင်နေကြတဲ့ မြန်မာမိသားစုများက (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာ နှစ်ကူး အတာသင်္ကြန်ပွဲကို 487 Alexander st , Japanese Language School ရဲ့ မိုးလုံလေလုံခန်းမမှာ (၀၄ ၊ ၂၀ ၊ ၂၀၁၃)နေ့ က နံနက် (၁၁)နာရီခွဲမှ ညနေ (၃)နာရီခွဲအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြပါတယ်။


မြန်မာသင်္ကြန်ပွဲရဲ့ ထုံးစံအတိုင်း သင်္ကြန်သီချင်းများနဲ့  စုံတွဲ ဆို-က ခြင်းများ၊ အုပ်စုလိုက် ဆို-ကခြင်းများ၊ တဦး ချင်း ကပြဖျော်ဖြေခြင်းများအပြင် ဦးရွှေရိုးအကနဲ့ သင်္ကြန်ပွဲရဲ့တွဲဖက်ဖော် သံချပ်အဖွဲ့ လဲပါဝင် တင်ဆက်ထားပါ သေးတယ်။



သံချပ်အဖွဲ့ ဟာ ကျောင်းသားတပ်မတော်မှ ရဲဘော်ဟောင်းများပါဝင်ထားပြီး " ခွပ်ဒေါင်းမောင် သံချပ်အဖွဲ့ " လို့ အမည်ပေးထားပါတယ်။ နှစ်ကူး မေတ္တာပို့ ဆုတောင်းခြင်း၊ ပြည်ပရောက်ဒီမိုအင်အားစုများ ညီညွတ်ရေး၊ မြန်မာပြည်ပြုပြင်ပြောင်းလဲရေးအတွက် ပွင့်လင်းမြင်သာမှုရှိရေး၊ မြန်မာမိသားစုများ တိုင်းပြည်အကျိုးဆောင်ရွက်ရာမှာ အချင်းချင်းညီညွတ်ရေးအတွက် အပြောသက်သက်သာမဟုတ်ဘဲ လက်တွေ့ လုပ်ဆောင်ကြဖို့ လိုကြောင်း၊ ခံယူချက်ကိုသာ ရှေ့ တန်းတင်လုပ်ဆောင်ကြစေလိုကြောင်းကို ခေတ်စနစ်နဲ့ အညီ မီးမောင်းထိုးပြပြီး သံချပ်တိုင်ကာ   လှုံ့ ဆော်တင်ဆက်သွားပါတယ်။ ခွပ်ဒေါင်းမောင်သံချပ်အဖွဲ့ မှာ ကိုတင်နွယ်၊ ကိုမင်းနိုင်၊ ကိုမြင့်ဦး၊ ကိုသန်းထိုက်၊ ကိုထွန်းထွန်း၊ ကိုသီဟတို့ က သံချပ်တိုင်/ဖောက် လုပ်ကြပြီး၊ ကိုအောင်မြင့် (ပုလွေ)၊ ကိုထွန်းခိုင်နဲ့ ကိုအေးလွင် (ဒိုးပတ်) တီးကာ စုပေါင်းတင်ဆက်ခဲ့ကြတာဖြစ်ပါတယ်။



မြန်မာမှုရိုးရာများကို ပြည်ပမှာမွေးဖွားကြီးပြင်းရတဲ့ မြန်မာ့မျိုးဆက်သစ်ကလေးငယ်များ သိရှိရန် ရည်ရည်ပြီး  ဦးရွှေရိုးအကကို (ကိုအောင်မြင့်-ဘစ်ရှော့)က တင်ဆက်ကပြပြီး ကရင် တိုင်းရင်းသား (ကိုနေလင်းထွန်း) ကလဲ မြန်မာမင်းသားအကကို မြတ်မြတ်နိုးနိုးနဲ့ ကပြအသုံးတော်ခံသွားတာကလဲ ထူးခြားမှုတခုပါ။ ဒါ့အပြင် ပြည်ပမှာ မွေးတဲ့ သမီးငယ်လေး (မေသဇင်လှ)က "ပျံသာပျံပါခွပ်ဒေါင်းနီ" နဲ့  သင်္ကြန်သီချင်း ကို ပုံဖော်ကပြသွားပါတယ်။ သမီးငယ်-မေသဇင်လှဟာ ပြည်ပမှာမွေးပေမယ့် မြန်မာအကနဲ့ မြန်မာဝတ်စုံကို ခုံမင်နှစ်သက်သူလေး ဖြစ်ကြောင်းသိရလို့  အံ့သြဝမ်းသာမိရပါတယ်။ သင်္ကြန်မင်းသမီးများအဖြစ် မအေးလွင်မိုး၊ မအမီး၊ မနန်း၊ မသက်ချိုနဲ့ အဖွဲ့ တို့ က တာဝန်ယူဖြေဖျော်ခဲ့ကြပါတယ်။


ကြွရောက်လာကြတဲ့ ပရိသတ်များကို မြန်မာထမင်းဟင်း၊ ခေါက်ဆွဲကြော်၊ မုံ့ ဟင်းခါး၊ တူးဟူးသုတ်၊ အချိုမုံ့ စုံ၊ အဖျော်ရည်များနဲ့ ပြည့်ပြည့်စုံစုံ စတုဒီသာကျွေးမွေးဧည့်ခံခဲ့တဲ့အပြင် မြန်မာ့သင်္ကြန်ရဲ့ မပါမဖြစ် မုံ့ လုံး ရေပေါ်ကို ပွဲခင်းမှာပဲ အတူတူစုပေါင်းလုံးပြီး ဝေငှဒါနပြုကြတဲ့မြင်ကွင်းကတော့ မြန်မာတို့ ရဲ့လက်ရည်တပြင်တည်း စရိုက်ကို ဖော်ညွှန်းပြသနိုင်ခဲ့တာမို့  တမျိုးထူးခြားနေပါတယ်။
ဒါအပြင် မိတ္ထီလာအရေးအခင်းက ဒုက္ခသည်များအတွက် လတ်တလောအလှူကောက်ခံကာ  ကနေဒါဒေါ်လာ - (၁၃၀၀) ရရှိပြီး မြန်မာပြည်တွင်းကို နှစ်သစ်ဦးအလှူအဖြစ် ပေးပို့ လှူဒါန်းမှာ ဖြစ်ကြောင်းလဲသိပါတယ်။
မြန်မာမိသားစုများအပြင် ဒေသခံ ကနေးဒီယမ်းတချို့ လဲ ဗန်ကူးဗားသင်္ကြန်ပွဲကိုလာရောက်ကြပြီး လူပေါင်း(၄၀၀)  နီးပါး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရပါတယ်။  ။

About Nay Myo Zin -

နေမျိုးဇင်
နေမျိုးဇင် ၊ ဧပြီ ၂၄၊ ၂၀၁၃

အဖွဲ့အစည်းကြီး တခုက ကျနော့်ရဲ့ ကိုယ်ရေး အကျဉ်းနဲ့ လုပ်ဆောင်ချက်များကို တောင်းခံလာပါသည်။ ယခု အတိုင်း ပြန်လည် တင်ပြခဲ့ပါသည်။ 

(၁) အမည် နေမျိုးဇင် / အခြား အမည် မရှိပါ။

(၂) မိမိသဘောထား အလျောက် တပ်မတော်မှ နှုတ်ထွက်လာခဲ့ပြီး နိုင်ငံရေးလူမှု လှုပ်ရှားမှု နယ်သို့ ၂၀၀၅ ခုနှစ်ကုန်မှ စတင် ၀င်ရောက်ခဲ့သည်။ ပညာ အရည်အချင်း B.Sc (D.S.A) 

(၃) မွေးသက္ကရာဇ် ၁၉၇၅ ဇွန်လ(၁၀)ရက် / မွေးရပ်ဇာတိ ရန်ကုန်တိုင်း သုဝဏ္ဍမြို့ အမှတ် ၇၄ အခန်း  (၁) ကမာလမ်း၊ ၂၄ ရပ်ကွက်။ တွင် မွေးဖွါးခဲ့ပြီး ၁၇၈ အခန်း(၄) ကောက်လျင်လမ်း ၊ သုဝဏ္ဍမြို့တွင် ကြီးပြင်းခဲ့သည်။ အထက်တန်းကို အထက စိုက်မွေး(၁) လေးထောင့်ကန် မှ အောင်မြင်ခဲ့ပြီး။ မိဘ ဖြစ်သော ဦးငွေဇင် နှင့် ဒေါ်ခင်သီတို့မှာ တနင်္သာရီတိုင်း မှ မြိတ်သူမြိတ်သားများဖြစ်ပါသည်။

(၄) လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ လွတ်ပြီးနောက်ပိုင်း မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် အမည်ဖြင့် ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေး ၊ မတရားမှု တိုက်ဖျက်ရေး။ အသိပညာ အတတ်ပညာပြန့်ပွားရေးနှင့် တရားဥပဒေ စိုးမိုးရေး အတွက် လိုအပ်သော နေရာတိုင်းမှ ပြည်သူ့ အကျိုးပြုလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်။

နယ်လှည့် အခမဲ့ ကွန်ပျူတာနှင့် အင်တာနက် အသုံးပြုနည်း သင်တန်း ပေါင်း ၂၄ ခု ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး၊ ကျေးလက် နေ လူငယ်ပေါင်း သုံးထောင်ကျော်ကို ကွန်ပျူတာ အသုံးပြုနည်း အခမဲ့ သင်ကြားပေးနိုင်ခဲ့သည်။

ဝေးလံခေါင်ဖျားလူသူ အရောက်ပေါက် နည်းပါးသော ဒေသများတွင် ကျေးလက်စာကြည့်တိုက်ပေါင်း (၈) ခုကို သွားရောက်လှူဒါန်းဖွင့်လှစ်ပေးခဲ့ပြီး ဆက်လက်ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်လျှက်ရှိသည်။ ဧရာဝတီတိုင်း အတွင်း ရှိ လယ်သမားခေါင်းဆောင်များ နှင့် ချိတ်ဆက်ပြီး လယ်သမား သမဂ္ဂများ လိုက်လံ ဖွဲ့စည်းခြင်းကို ကူညီဆောင်ရွက်ပေးခဲ့သည်။၊

လယ်သမား ခေါင်းဆောင်များနှင့် လက်တွဲ ချိတ်ဆက်ကာ ဧရာဝတီတိုင်းအ တွင်း ကြုံတွေ့နေရသော မတရားမှုများ လယ်မြေသိမ်းဆည်းခံရမှုများ၊ လုပ်အား ခေါင်းပုံဖြတ်မှုများ၊ အင်းသူကြီးများဧ။် ဥပဒေမဲ့ လုပ်ရပ်များကို လိုက်လံ ဖေါ်ထုတ်ခြင်း၊ လယ်သမားထု ပိုင်ဆိုင်သောလယ်ယာမြေများ ပြန်လည် လွဲပြောင်းပေးအပ်ရန် တောင်းဆိုပေးခြင်းနှင့် လိုအပ်သော ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်များကို လူထု လိုအပ်ချက်များ အရ စုစည်းတည်ဆောက်ပြီး လွှတ်တော်ပြင်ပ တွန်းအားများ အဖြစ် လူထု အတွက် ဦးဆောင် စံနမူနာပြသကာ လူ့အခွင့်အရေး လယ်လုပ်သားများ အခွင့်အရေးတို့ကို တည်ဆောက်ပေးနိုင်ရန် ကြိုးစားနေပါသည်။

လက်ရှိအားဖြင့် အင်းသူကြီးများ မတရားသိမ်းယူထားခဲ့သော လယ်ဧကပေါင်း ၃၀၀၀ ကျော်ကို ပြန်လည် ရရှိခဲ့ပြီး၊ ဆက်လက် ရရှိရန် ဆောင်ရွက်နေဆဲဖြစ်ပါသည်။

(၅) စွန့်လွှတ်အနစ်နာခံနေမှုများအနေဖြင့် လက်ရှိ နိုင်ငံရေး လှုပ်ရှားသူ အသိုက်အ၀န်းမှ အမှန်တကယ် ပေးဆပ်နေသောမျိုးချစ်နိုင်ငံရေးသမား နိုင်ကျဉ်းဟောင်းကြီးများလောက် ပေးဆပ်ခဲ့ရခြင်းမျိုး မရှိသေးပါ။( သို့ပါသော်လည်း ဖွံ့ဖြိုးမှုနှင့် ကူးပြောင်း ရေး တာဆူနေဆဲ မြန်မာနိုင်ငံတွင်းတွင် လက်ရှိ အုပ်ချုပ်သူ လွှတ်တော်နှင့် အစိုးရ၊ ပြည်ထဲရေး ၀န်ကြီးဌာန အပါအ၀င် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှု လိုအပ်နေသော အင်အားစုကြီးများကို ပြောင်ပြောင်တင်းတင်း အတိုက်အခံပြုပြီး အမှန်တရားကို ဖေါ်ထုတ်နေသည့် မိမိတို့တွင် မည်သူ့ အထောက်အပံ့မှမပါ ပြည်သူမှ ပြည်သူသို့ ပံ့ပိုးကူညီသမျှဖြင့်သာ ဖြစ်သလို သွားလာလှုပ်ရှား ဗျူဟာချမှတ် နေရသည်ဖြစ်သောကြောင့် မြောက်များစွာသော အခက်အခဲတို့ ရှိနေပါသေးသည်)

(၆) တပ်မတော်တွင်းမှ စစ်သည် အရာရှိများ ၊ အားလုံး အတွက် နိုင်ငံရေးဆိုသည်ကို အမှန်တကယ် စိတ်ရင်းစေတနာမှန်ဖြင့် လုပ်ဆောင်လိုလျှင် မိမိကဲ့သို့ တပ်မတော်မှ တရားဝင် နှုတ်ထွက်ကာ လူထု အကျိုး အမှန်တကယ် ကိုယ်ရော စိတ်ပါ စေတနာ အရင်းခံပြီး ၊ သယ်ပိုးဆောင်ရွက်ခြင်းဖြင့် စစ်မှန်သော နိုင်ငံရေးကို ပြည်သူပြည်သား နိုင်ငံရေး သမားများ တန်းတူ ထမ်းဆောင်နိုင်ကြောင်း စံနမူနာကို ပြသခြင်းဖြစ်ပါသည်။

မျိုးချစ်တပ်မတော်သားတိုင်း ပြည်သူ့ အတွက် ပြည်သူ့ဘက်မှ ခေတ်အခါ လိုအပ်လာတိုင်း ယခုကဲ့သို့ ပေးဆပ်သမှုပြုသင့်သည် ဟူသော စံနမူနာကိုပြသပါသည်။

ဥပဒေ ဘောင်အတွင်း မှန်ကန်ဖြောင့်မတ်စွာ နေထိုင်ခြင်းဖြင့် မည်သည့် အစိုးရ အုပ်ချုပ်ရေး အဖွဲ့အစည်းကိုမှ စိုးထိတ်ခြောက်ခြား ကြောက်လန့်စရာမလိုပဲ နိုင်ငံသားတဦးဧ။် အခွင့်အရေးကို အပြည့်အ၀ အသုံးချကာ ရဲရင့်ပြတ်သားစွာ မေးမြန်းစူးစမ်း ပြန်လည်ပြီး နိုင်ငံ့ ၀န်ထမ်းတို့အပေါ် မေးမြန်းဖြေကြားခွင့် ရှိသည် ဟူသော စံနမူနာကောင်းတို့ကို နောက်လာနောင်သားများ အတွက် ပြသလုပ်ကိုင်လျှက်ရှိပါသည်။

(၇) လတ်တလောအားဖြင့် လယ်သမားနှင့် ရေလုပ်သားများ ဖွံ့ဖြိုးတိုးတက်ရေး ( ဧရာဝတီတိုင်းလုံးဆိုင်ရာ ) ညီလာခံကြီးကို ယနေ့ပင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးတောင်သူလယ်သမား သုံးထောင်ကျော် တက်ရောက် ခဲ့သည်။ စုစည်းထားသော တောင်းဆိုချက် ၊ ကြေငြာချက်များကို သတင်း မီဒီယာများမှ တဆင့် နိုင်ငံတော် အစိုးရ သိရှိစေရန် တင်ပြပြီးဖြစ်သည်။

(၈) ၂၀၁၂ ခုနှစ် ဧပြီလ ၂ ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့သော မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်ဧ။် အဓိက ရည်မှန်းချက်မှာ - ညီညွတ်ရေး၊ တိုးတက်ရေး နှင့် ငြိမ်းချမ်းရေး ဖြစ်သည်။

ညီညွတ်ရေး.........
အတွက် စိတ်ရင်းစေတနာနှင့် သမိုင်းကြောင်းကောင်းသော နိုင်ငံ့ဝန်ထမ်း ( တပ်မတော်သား၊ အရပ်သား ၊ ၀န်ထမ်း ) အားလုံးနှင့် လက်တွဲချိတ်ဆက်ပြီး သမိုင်း စာမျက်နှာသစ်များ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းသည်။

တိုးတက်ရေး ..................
အတွက် မိမိတို့ တတ်နိုင်သမျှ ( အထူးသဖြင့် ကျေးလက်ဒေသများ) ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာ အသိအတွေးဆင်ခြင်တုံတရား နှင့် ရဲရင့်သော မျိုးချစ်စိတ်တို့ကို စံနမူနာပြ သင်ကြားပြသပေးသည်။ ကွန်ပျူတာ အခမဲ့သင်တန်းများ၊ စာပေ ဟောပြောပွဲများ၊ ကျေးလက်စာကြည့်တိုက်များ ဆက်တိုက် ဖွင့်လှစ်ပေးနေသည်။ အခြား တဖက်မှလည်း တိုးတက်ရေးကို အနှောင့်အယှက်ပြုနေသော ၀ိသမလောဘသား ခရိုနီစီးပွားရေး လုပ်ငန်းရှင်ကြီးများဧ။် မတရားမှုများကို ဥပဒေဘောင်အတွင်းမှ ဖေါ်ထုတ်ပြီး လူထုကို အခြေပြုသော လူထု အကျိုးစီးပွားဖြစ်ထွန်းစေမည့် စီးပွားရေး လူမှုရေး နေထိုင်ရေး ရပ်ဝန်းများဖြစ်ပေါ်လာအောင် ဦးဆောင် အကောင်အထည်ဖေါ်ပေးသည်။ ယခုဆိုလျှင် ရဲမှန်သမျှ ခေါင်းပင် မော်မကြည့်ဝံ့ခဲ့သော ကျေးရွာပေါင်း ရာနှင့်ချီပြီး လွတ်လပ်သော ဥပဒေဘောင်အတွင်းမှ ရဲတင်းပွင့်လင်းစွာ မည်သူကိုမျှ ကြောက်စရာ မလိုတော့သော ပွင့်လင်း ယဉ်ကျေးမှုကို တည်ဆောက်ပေးနိုင်ခဲ့သည်။

ဗီဒီယို အခွေများမှ တဆင့် တနိုင်ငံလုံးသို့ မကြောက်တရား မကြောက်သော လှုပ်ရှားမှုများကို ပြန့်နှံ့ကူးစက် မျှဝေ ပေးခဲ့သည်။

ငြိမ်းချမ်းရေး.................
အတွက် ကချင်ဒေသ စစ်ငြိမ်းချမ်းရေး ၊ တနိုင်ငံလုံး စစ်ငြိမ်းချမ်းရေး အတွက် အင်တိုက်အားတိုက် လုပ်ဆောင်ပေးခဲ့သည်။ ကချင်ပြည်နယ် လိုင်ဇာမြို့သို့ လေးခေါက် တိတိ သွားရောက်ခဲ့ပြီး၊ နောက်ဆုံး အကြိမ်တွင် မြစ်ကြီးနား၊ လိုင်ဇာ ၊ ဗန်းမော် လမ်းကို လူထု နည်းဖြင့် ဦးဆောင် ထိုးဖေါက်ပြီး နှစ်နှစ်ခန့်ပိတ်ဆို့ထားသော ကားလမ်းကို မိမိတို့ ကွန်ရက်မှ ကိုယ်တိုင် မိုင်းရှင်း လမ်းဖွင့်ကြိုးပမ်းပြီး ငြိမ်းချမ်းရေး အတွက် လမ်းလျောက်ချီတက်လာသူ ညီအကိုမောင်နှမ များ ဘေးမသီ ရန်မခစေရန် တတ်စွမ်းသမျှ သွားရောက် ကူညီပေးခဲ့သည်။

လက်ရှိအားဖြင့် အမှတ် (၆၁၃) စည်ပင်လမ်း၊ (၁၉) ရပ်ကွက်၊ တောင်ဒဂုံ ရန်ကုန်မြို့တွင် မိဘများ အတူ နေထိုင်ပြီး ဇနီး မဇင်မျိုးမော် သား မောင်အောင်ပြည့်စုံ ( ၁၀) နှစ်သားတို့ဖြင့် အိမ်တွင်း အင်တာနက် ဆိုင်ငယ်ဖွင့်လှစ်ကာ ၀မ်းစာရှာဖွေရင်း အခြားတဖက်မှ ပြည်သူ့ ၀န်ကို မိမိအသိစိတ်ဓါတ်ဖြင့် ထမ်းဆောင်နေခြင်းဖြစ်သည်။

မှတ်ပုံတင် နံပတ်မှာ ၁၂/သဃက (နိုင်) ၀၀၀၆၆၀ ဖြစ်ပြီး ဆက်သွယ်ရန် ဖုန်းနံပတ်မှာ 0949328559 ဖြစ်ပါသည်။ အီးမေးလ်မှာ msdn.myanmar@gmail.com ဖြစ်ပါသည်။

(၁၀) စား ၀တ် နေရေး အခြေအနေ.... မရှိ မရှား၊ သာမန် လူတန်းစား နည်းတူ ဖြစ်ပါသည်။

နေမျိုးဇင်


Paris Maung - Learning French (9)


ပြင်သစ် ဘာသာ လေ့လာစရာ  (အပိုင်း ၉ ) 
ပါရီမောင်၊ ဧပြီ ၂၄ ၊ ၂၀၁၃ (အပတ်စဉ် တက်ဆက်မည်)

Lesson 9 ( Leçon 9  )    
Les Chiffres  ဂဏန်း ရေတွက်ပုံများ ( လေ ရှိ ဖ်ရ် )  နှင့် Prépositions(ပရေပိုဇီးစီးယွန်း ) ဝိဘတ် များ

Bonne Année ဘွန်း နန်း နေး ) ကောင်းသော နှစ်သစ်ပါ

ဂဏန်းရေတွက်ရန်အတွက် ပြီးခဲ့သည့် သင်ခန်းစာ ၅ တွင် ရေတွက်ပုံ ၁ မှ ၁၀ ကို ပေးပြီးဖြစ်ပါသည်။ ပြန်လည်လေ့ကျင့်ပါ။
ယခု ပေးမည့်  ၁၀ မှ ၂၀ ရေတွက် ပုံတွင် ၁၁ မှ ၁၉ အထိသည် အရေးကြီးပါသည်။ ဘာလို့လဲ ဆိုတော့ ရေတွက်ပုံ  ၇၀ မှ ၇၉ ၊ ၉၀ မှ ၉၉ တို့သည် ပုံမှန် ရေတွက် ခြင်းမဟုတ်ပဲ ထူးခြား သောကြောင့် ဖြစ်ပါသည်။
ဥပမာ - ၇၀ ကိုရေတွက်ရန် ၆၀ နှင့် ၁၀ ဟူ၍၄င်း ၊  ၇၁ ကို ရေတွက်ရာမှာ  ၇၀ နှင့် ၁  ဟု မရေတွက်ပဲ   ၆၀ နှင့် ၁၁ ဟု ရေတွက်ပါသည်။ ( ၆၀ + ၁၀ ) ( ၆၀ + ၁၁ )
ထိုနည်းတူ   ၇၂ ၊ ၇၃ ၊ ၇၄ ၊ စသည်ဖြင့်  ၇၉ အထိကို  အထက်ပါအတိုင်း ၆၀ ကို သာအခြေခံပြီး ထပ် ပေါင်း သွားခြင်း သာ ဖြစ်ပါသည်။ ၈၀ ကတော့ ပုံမှန် အခေါ်အဝေါ် ပြန်ဖြစ်သွားပါသည် ။

အထက်ပါအတိုင်း  ၉၀ မှ ၉၉ အထိ ရေတွက်ရာတွင်လည်း ၈၀ ကို အခြေခံပြီး  ထပ်ပေါင်း ထည့် ပေးခြင်း သာဖြစ်သည် ။ ဥပမာ - ၉၁ ကိုရေတွက်ရာတွင်  ၈၀ + ၁၁ ဟူ၍၄င်း ၊ ၉၉ ကို  ၈၀+ ၁၉  ( ၈၀ နှင့် ၁၉ ဟု ဆိုသော်လည်း  ကြားတွင် ဘာကိုမှ ထည့်သွင်း ရွတ်ဆိုခြင်း မပြုရပါ ။
သို့ပါ၍  ၇၁ မှ ၇၉ အထိ ၊ ၉၁ မှ ၉၉ အထိရေတွက်ခြင်း မှလွဲပြီး ကျန် ရေတွက်ခြင်းများသည် ပုံ မှန် ဖြစ်ကြပါသည် ။
ဥပမာ -  ၃၁ ကို  ၃၀ နှင့် ၁ ၊     ၄၅ ကို   ၄၀ နှင့် ၅  စသဖြင့် ပုံမှန် အတိုင်းရေတွက်ပါသည် ။
၁၀ ၊ ၂၀ ၊ ၃၀ ၊ ၄၀ ၊  ၅၀ .... ၉၀ အထိ သည်လည်း  သီးခြား အခေါ်အဝေါ်ဖြင့် ပုံမှန် ခေါ်ပါသည် ။

၁၀ မှ ၂၀ ရေတွက်နည်း


၇၀ မှ ၈၀ ရေတွက်နည်း


၉၀ မှ ၁၀၀ ရေတွက်နည်း




Prépositions   (ပရေပိုဇီးစီးယွန်း ) ဝိဘတ် များ

Prépositions များသည် မပြောင်းလဲနိုင်သော စာလုံးများဖြစ်ကြပြီး  နာမ် ၊ နာမ်စား ၊ နာမဝိသေသန များကို ချိတ်ဆက်ပေးကြပြီး သူတို့၏ကြားတွင် အကျိုးသက်ရောက်မှု တခုကို ဖြစ်ပေါ်စေပါသည်။  စာလုံး တခုတည်းအနေနှင့်တွေ့ရသလို စာလုံး အစုအနေနှင့် လည်းတွေ့ရတတ်ပါတယ်။ Préposition သည် ကြိယာ ၏ ပြုမူဆောင်ရွက်မှုကို မပြောင်းလဲစေပဲ  ပြောလိုသော အကြောင်းအရာရဲ့ တည်နေရာ ၊ အချိန် ၊ ပြုမူဆောင်ရွက်သော နည်းလမ်း Manière  စသည်တို့ ဖြည့်စွက်ခြင်းအားဖြင့် စာကြောင်း၏ အဓိပ္ပါယ်ကို ပိုမိုပြည့်စုံစေနိုင်ပါသည်။  ပြင်သစ်စာအဆင့်မြင့်လေ့လာနေသူများအတွက် Préposition သည် Adverbe နှင့် တခါတရံ မှားတတ်ပါသည်။ မမှားအောင်ခွဲ ခြားသောနည်းမှာ ..  Prépositions စာလုံး၏နောက်မှာ အမြဲတမ်း Complémént ဟုခေါ်သည့် ဖြည့်စွက် စာကြောင်းလိုက်ပါသည်။

Prépositions များကို ပုံစံ ၃ မျိုးဖြင့်တွေ့ရပါသည်။
1 . Des mots simples     ဥပမာ à , en, devant,de
2. Ancien participes ou adjectifs   ဥပမာ  durant, plein, excepté
3. Des locutions prépositives    ဥပမာ à cause de,  afin de ,  au-dessus de,  de façon à

အထက်ပါ ပုံစံများထဲမှ အရှင်းဆုံးပုံစံဖြစ်သော အမှတ် ၁ ကို ရှင်းပါမည်။ အချို့ ဆင်တူအဓိပ္ပါယ်များမှ ကွဲပြားစေရန် အင်္ဂလိပ်လို ထည့်သွင်းဖေါ်ပြထားပါသည်။ ယခု အောက်တွင် ပေးထားသော Prépositions များနှင့် ဖြစ်ခြင်း၊ ရှိခြင်း ပြကြိယာများ ကိုတွဲဘက်၍ လက်တွေ့ကျကျ စာကြောင်းများစွာပြုလုပ်နိုင်ပါပြီ ။ ကြိုးစားလုပ်ကြည့်ကြပါဦး ။

à   ( to, at )  အာ                    သို့၊ မှာ၊ အချိန်မှာ..
en  ( to, by ) အွန် ၊                 ဖြင့် ၊ သို့          
de  ( from,of ) ဒယ်၊               မှ ၊  ၏  ၊ ရဲ့
sur  ( on ) စရူး၊                      အပေါ်မှာ
sous   ( under )  စူး  ၊           အောက်မှာ
entre  ( between ) အောန့်ထ် ရ်၊       ၂ခုကြားမှာ
parmi  ( among ) ပါမီး၊          အများကြားမှာ
dans  ( in ) ဒေါန်း၊                  အတွင်းမှာ
devant  ( in front of ) ဒဗွန့် ၊           အရှေ့မှာ
derrière  ( behind ) ဒယ်ခ်ရီယယ်ရ်၊   အနောက်မှာ
à côté de  ( next to , beside ) အာ ကိုတေး ဒယ်၊  ဘေးမှာ
en face de   ( opposite ) အွန် ဖတ်စ်ဒယ်၊   မျက်နှာချင်းဆိုင်မှာ
hors de  ( out of ) အော ဒယ်           ၊  အပြင်ဘက် ( အကြောင်းအရာ)
à l'extérieur de  ( outside ) အာလိတ်စတေးရီးယားဒယ်၊    အပြင်မှာ
à l'intérieur de   ( inside ) အာလန်တေးရီးယားဒယ်၊          အတွင်းမှာ
vers   ( towards ) ဗဲခ်           ၊           ဆီသို့
près de  ( by ) ပရဲဒယ်၊        အနီးလေးမှာ
tout près de  ( close to ) တု ပရဲဒယ်၊  ကပ်လျက်လေးမှာ
avec (with)  အာဗက် ၊    နှင့်၊ ဖြင့်



ဥပမာ....  ကားသည် အိမ်ရှေ့တွင် ရှိသည် ၊     ဟုပြောကြည့်ရအောင်၊

La voiture est devant la maison.  (ကားသည် အိမ်ရှေ့တွင်ဖြစ်သည်၊ရှိသည် )ဟု ဖြစ်ခြင်းပြ၊ရှိခြင်းပြ ကြိယာအနေနှင့်ဆိုရပါမည်။ လာဗွာကျူး အေ ဒဗွန့်လာမေဇွန်

Les pommes sont dans le panier. ( panier =  n/m ခြင်းတောင်း )
လေ ပေါ်မ်း စွန့် ဒေါန်း လ ပါနီရေ ၊    ပန်းသီးများသည် ခြင်းထဲမှာ ( ဖြစ်ကြသည်) ရှိကြသည်။

Nous sommes devant la fenêtre . (  fenêtre = n/f ပြူတင်းပေါက်  )
နူ စွမ်းမ် ဒဗွန့် လာ ဖနက်ထ်ရ် ၊ ကျနော်တို့သည် ပြူတင်းပေါက်ရှေ့မှာ ဖြစ်ကြသည်။

Elle est derrière le rideau . ( rideau = n/m လိုက်ကာ၊ခန်းစီး  )
အယ်လ် လေ ဒယ်ရီယယ် လ ရီးဒိုး ၊ သူမသည် လိုက်ကာနောက်တွင်ဖြစ်သည်။

Vous êtes près de Mg Mg. ဗူဇက်ထ် ပရဲဒယ် မောင်မောင် ။ မင်းဟာမောင်မောင့် အနားမှာဖြစ်တယ်။

Je suis entre Mg Mg et Hla Hla. ရဆွီ အော့န့်ထ် မောင်မောင်အေ လှလှ။
ကျနော်သည် မောင်မောင်နဲ့ လှလှ ကြားမှာဖြစ်တယ် ။  (et = and   နဲ့ ၊နှင့် )

La voiture blanche est jolie parmi les voitures noires. လာဗွာကျူး ဘလောန့်ရှ်  အေ ရိုးလီး ပါမီး လေ ဗွားကျူးနွားခ် ။ အဖြူရောင်ကားသည် အမဲရောင်ကားများကြားမှာ လှသည်။

စာကြောင်းကို တဖြည်းဖြည်း ချဲ့ထွင် ရေးသားနိုင်သည်ကို ကြည့်ပါ။ သွားသည်  ဆိုသော ကြိယာ၏ မူရင်း စာလုံး verbe infinitif သည်  Aller ဖြစ်သော်လည်း verbe conjugaison လုပ် လိုက်သောအခါ မူရင်း ကြိယာမှလုံးဝ ကွဲပြားသွားသော စာလုံးများ ဖြစ် လာပါသည်။ Aller သည် ပုံမှန်မဟုတ်သော ကြိယာ များထဲမှ အသုံးများသောတခုဖြစ်သည်။

Je vais à l'école. ရဗေးအာ လေးကောလ် (Je vais ကျနော်သွားသည်  လို့မှတ်ပါရန်)
ကျနော် ကျောင်းသို့ သွားသည်။

Je vais à l'école avec Hla Hla. ရဗေးအာ လေးကောလ် အာဗက် လှလှ
ကျနော် ကျောင်းသို့ လှလှနှင့် သွားသည်။

Je vais à l'école à pied. ရဗေးအာ လေးကောလ် အာပြေး
ကျနော် ကျောင်းသို့ လမ်းလျှောက်  သွားသည်။


Je vais à l'école en voiture. ရဗေးအာ လေးကောလ် အွန်ဗွားကျူး
ကျနော် ကျောင်းသို့ ကားနှင့် သွားသည်။


နေရာကို ပြဆိုခြင်းနှင့် ဆိုင်သည့် Prépositions များကိုလေ့ကျင့်ရန်လင့်
လင့်၏ ဒုတိယပိုင်း ဖြစ်သော လေ့ကျင့်ခန်းများသည် VERBE " ETRE " ကိုအသုံးပြု၍ ဖြစ်ခြင်းကိုပြသော စာကြောင်း များ ဖြင့်တည်ဆောက်ပေးထားသောကြောင့် တလက်စတည်း မိမိ ပြောလိုသော ပစ္စည်းများအကြောင်းကို ၄င်း လင့်မှ နမူနာယူ၍ တည်ဆောက်နိုင်ပါသည်။ ကွက်လပ်များကိုဖြည့်ရင်း လေ့ကျင့်ပါ။



ပါရီမောင်တို့ ကျောင်းတက်တုံးက ပြင်သစ်စာရဲ့ ခက်ခဲဒုက္ခရောက်ခဲ့တာတွေလည်း အခုထိ မှတ်မိပါရဲ့ ။
အင်တာနက်ခေတ်မဟုတ်သေး၊ စာအုပ်စာတန်းကရှားပါး၊ ပြင်သစ်စာကျူရှင်ကမရှိနဲ့။ ယခုခေတ်လို ပြင်သစ်စာ လေ့လာတတ်မြောက်ပြီးရင် အလုပ်အကိုင် အခွင့်အလမ်းတွေကမရှိသေးဘူး။ အခုခေတ်မှာတော့ ကျောင်းကလည်း နိုင်ငံခြားဘာသာ တက္ကသိုလ် ဖြစ်သွားပီ၊ ပြင်သစ်စာတတ်ပြီးရင် ကုမ္ပဏီတွေမှာ လုပ်မလား၊ ဧည့်လမ်းညွှန်ပဲလုပ်မလား စုံလို့ပဲပေါ့။
အသံထွက်တွေကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အလွယ်မှတ်ခဲ့ရတာတွေကို ကြည့်ပါဦး။
S'il vous plaît. စီးလ် ဗူး ပလဲ ၊  "တဆိတ်လောက်ကျေးဇူးပြု၍ "   ဆိုတာကို   "ဆီဗူးပလင်း"
ça va.   စာ ဗား ၊   "အိုကေရဲ့လား"   ဆိုတာကို     "စားဖား"
A bientôt. အာဗျန်တိုး ၊   "မကြာခင်ပြန်ဆုံမယ်"   ဆိုတာကို "အာဖျံကွီး"  စသဖြင့်နောက်ရင်းပြောင်ရင်း  အလွယ်မှတ်ရတာတွေလေ ။

နောက်အပါတ်တွေမှာ ကြိယာအသစ်တွေနဲ့ စကားဆက်တွေပေးပြီး စကားပြော သင်ခန်းစာတွေလုပ်ကြတာပေါ့ ။

                                                A bientôt. အာဗျန်တိုး ၊   "မကြာခင်ပြန်ဆုံမယ်"    

Nyein Chan Eain - Football Will Power


သူ့ခေတ်၊ ကိုယ့်ခေတ် နှင့် နောင်တခေတ်
ငြိမ်းချမ်းအေး၊ ဧပြီ ၂၄၊ ၂၀၁၃
ခင်ဗျားက.. မန်ယူ ပရိသတ် လား လို့ အမေးခံရတိုင်း ကျောက်ဘီလူး (ဦး) တင်မောင်ဆွေ ကြီးကို သတိရတယ်။  မှတ်မိကြမလားတော့ မသိဘူး..။  ဟိုးအရင်.. ဘီဘီစီ (ကို) သူရိန်ကျော်ဇော် က ကျောက်ဘီလူး (ဦး) တင်မောင်ဆွေ(မဆုံးခင်)၊ (ဦး) ခင်မောင်ထွေး (ပျဉ်းမနား) တို့ နဲ့ မြန်မာပိုင်း ရေဒီယို အစီအစဉ် အပတ်စဉ် အားကစား ကဏ္ဍမှာ အမြဲ ပရီမီးယားလိဂ် အကြောင်း ဆွေးနွေးတယ်။  (ကို) သူရိန်ကျော်ဇော် က လည်း မီဒီယာ အနေနဲ့ ကြားက
မေးမြန်းဆွေးနွေးပေမယ့်  ပရိုမန်ယူ မှန်း တချက် တချက် သိသာတယ်..။ ကျောက်ဘီလူးကြီးကတော့ အမြဲတမ်း ပရိုမန်ယူ..။ ရွန်နီလေးက ဘယ်လို..၊ ရိုနယ်လ်ဒိုလေး က ဘယ်ပုံ ဆိုပြီး ပြောတဲ့ သူ့လေသံ ကို အခုထိကြားယောင်မိတယ်။  (ဦး) ခင်မောင်ထွေး (ပျဉ်းမနား) ကတော့ အမြဲ အင်တီမန်ယူ ပေါ့..။
ကျနော်က အဖေ ပင်စင်ယူပြီးတဲ့ အချိန် ရန်ကုန်မှာ အတူတူ တော်တော်ကြာ နေခဲ့ရတော့ သူတို့ အဘိုးကြီး တသိုက်နား အနီးကပ် နေ..၊ ရှေးဟောင်း၊ နှောင်းဖြစ်တွေ မှတ်သားခဲ့ရဖူးတယ်..။
တခါတော့  ကျောက်ဘီလူး (ဦး) တင်မောင်ဆွေ က ပြောတယ်..။ (သူ ရေဒီယို အစီအစဉ်မှာလည်း နောက်တော့ ထည့်ပြောဖြစ်လား မသိဘူး..။)
"ကျနော့် ကို မန်ယူခရေဇီ လို့ ပြောကြတယ်..။  ဒါပေမယ့် တကယ်တော့.. ကျနော့်ဘဝမှာ အားပေးခဲ့ဖူးတဲ့ အသင်းဆိုလို့ မန္တလေးတိုင်းဘောလုံးအသင်း နဲ့ တက္ကသိုလ် အသင်းပဲ ရှိပါတယ်.." ဆိုပြီး ပြောဖူးတယ်။
သူ အားပေးခဲ့တယ် ဆိုတဲ့ နှစ်သင်းမှာ "တက္ကသိုလ် အသင်း" အကြောင်းတော့ အဖေ့နောက် လိုက်ရင်းနဲ့ တော်တော် သိခဲ့ရတယ်။
သူတို့ ဆရာကြီး "ဆရာငြိမ်း (တက္ကသိုလ်အားကစားအရာရှိ (ငြိမ်း)/ မန္တလေးဆောင် အဆောင်မှူးဟောင်း / ဗမာ့လက်ရွေးစင် ဘောလုံးနည်းပြဟောင်း၊ ယခုကွယ်လွန်)"၊ သူတို့ တက္ကသိုလ် အသင်း၊ သူတို့ တက္ကသိုလ် နဲ့ သူတို့ အချင်းချင်း တကယ် ချစ်ကြတာပဲ..။
ဗာစတီ အသင်းက နာမည်ကျော်တွေ..၊ ကပ္ပတိန် လုပ်ခဲ့သူတွေထဲက ဆုံးသွားတဲ့လူတွေ အကြောင်း ဆိုရင် အချင်းချင်း ဆုံရင် တသသ ပြောကြတယ်။  သက်ရှိထင်ရှား ရှိသေးလို့ လာနိုင်တဲ့သူတွေကိုလည်း ဝမ်းသာအားရ ကြိုဆိုကြ၊ နှုတ်ဆက်ကြတယ်။ အသင်းခေါင်းဆောင် လုပ်ဖူးသူတွေဆို လူတိုင်း အဘိုးကြီး ဖြစ်တဲ့ အရွယ်အထိ ရိုသေ လေးစား အကြီးအမှူး ပြုကြတယ်။ သူတို့ ပြောတဲ့ စကားတခွန်း ရှိတယ်..။
"Once a Captain, Always a Captain"..။
သူတို့ ဆရာကြီး "ဆရာငြိမ်း" ကို ဆို ပြောမနေနဲ့.. သိပ်ချစ်ကြတာပေါ့..။ အများအားဖြင့် အဲ့လို ဆုံတွေ့ပွဲတွေကလည်း "ဆရာငြိမ်း" မဆုံးခင် သူ့ရဲ့ မွေးနေ့ အထိမ်းအမှတ်တို့၊ သူ့ ဂုဏ်ပြုပွဲ တို့ လုပ်ရင်းနဲ့
ဆုံကြတာများတယ်။  ကျနော့် အဖေတို့ ခေတ် "ဆရာငြိမ်း" လူငယ်ဘဝ က ကျောင်းသားဟောင်းတွေ က စလို့ တင်မြင့်အောင် (၉၃ ဆီးဂိမ်း ငွေဆုရ နာမည်ကျော် ကွင်းလယ်ဖန်တီးရှင် ဘောလုံးသမား နဲ့ ယခု နည်းပြဆရာ) တို့ ခေတ်အထိ သူ့တပည့် ကျောင်းသားဟောင်းတွေ လာကြတယ်။
"ဆရာငြိမ်း" ကလည်း အဖေတို့ခေတ်ကတည်းက တက္ကသိုလ် ကျောင်းသား၊ အထူးသဖြင့် အားကစားဝါသနာကြီးသူ အားလုံးကို ခေါင်းကိုင် ဖခင်ကြီး တယောက်လို ပြုစု၊ ပျိုးထောင်၊ လေ့ကျင့်၊ သင်ကြားပေးခဲ့တာကိုး။  "ဆရာငြိမ်း" က တပည့်ကို ကိုယ့်သားသမီး အရင်းလို ကျောင်းပညာရေး နဲ့ အားကစား တင်မက ဘဝလမ်းကြောင်း တခုလုံးအတွက်ပါ ပဲ့ပြင်ဆုံးမ၊ လမ်းကြောင်း အကူအညီ ပေးခဲ့တယ်။  အားလုံး သိနိုင်တဲ့ ဥပမာ တခု ပေးရရင် - ကောလိပ်ဂျင်နေဝင်း ဆို ရေတပ်ကနေ ဆယ်တန်းအောင်ပြီး တက္ကသိုလ် စရောက်လာကတည်းက သူ့အိမ်မှာ တင်ထားပြီး သားတယောက်လို စောင့်ရှောက် ပေးခဲ့တယ်။  ဗာစတီ ဘောလုံး အကျော်အမော်၊ နောက် ဘားမား အကျော်အမော် ဖြစ်အောင် ပြုစု၊ ပျိုးထောင်၊ ပံ့ပိုး ပေးခဲ့တယ်။ ကောလိပ်ဂျင်နေဝင်း ကလည်း တက္ကသိုလ်ကို ဘောလုံးကန်ရင်း လူဆွေး၊ ကျောင်းဆွေး နှစ်ပေါင်းများစွာ နေသွားခဲ့တယ်။  ဒါတင်မက နောက်ပိုင်း ကောလိပ်ဂျင်နေဝင်း
ရဲ့ အားကစားသမား ဘဝ နေဝင်ချိန် ရောက်တော့လည်း  ရှေ့ဘဝခရီးအတွက် တသက်လုံး လုပ်ကိုင်စားသောက်စရာ အသက်မွေးဝမ်းကြောင်း အတတ်ပညာ ရုပ်ရှင်နယ်ကို ကူးဖို့ လမ်းညွှန်ကူညီ ပေးခဲ့တယ်..။
"ဆရာငြိမ်း" နဲ့ သူ့ တပည့် အားလုံး လိုလိုရဲ့ ရင်းနှီးမှု နဲ့ ဆက်ဆံပုံက အနည်းအများ အလားတူ ပုံစံ မျိုးချည်းပဲ..။"ဆရာငြိမ်း" ကို ငယ်ငယ်က ပထမဆုံး တွေ့ဖူးခဲ့တဲ့ နေ့ကိုလည်း ခု ဒီစာရေးရင်း သတိရတယ်။
"ဆရာငြိမ်း" ခရီးတခု ထွက်လာရင်းနဲ့ အဖေ တာဝန်ကျတဲ့ မြို့ မှာ အကြောင်းအားလျော်စွာနဲ့ ကားပျက်တယ်။  ကားပျက်တော့ "ဆရာငြိမ်း" က သူ့ခရီးဖော်တွေကို "ဒီမြို့မှာ.. ငါ့တပည့် တယောက် ရှိတယ်၊ ငါ သွား
နှုတ်ဆက်ချည်းအုံးမယ်" ဆိုပြီး နီးရာ ဆိုက်ကားတစီးငှား  အဖေ့ ဌာန ရှိရာ တက္ကသိုလ်ဝင်းထဲကို သွားတယ်။  အဖေ့ ရုံးခန်းရောက်တော့ အဖေ က အိမ်ကို ထမင်းစားပြန်တဲ့ အချိန် ဖြစ်နေတာ့ မရှိဘူး။  ဒါနဲ့ ရုံးက ဝန်ထမ်းလေးတွေက
ဘယ်သူလဲ မေး၊ ကိစ္စကိုမေး လုပ်တော့ တက္ကသိုလ်ဆရာ၊ အားကစားဆရာ နှစ်ပေါင်းများစွာ လုပ်လာတဲ့ လူပျော်၊ လူနောက်ကြီးဆိုတော့
"ငါ သူ့ တပည့် တယောက်ပါ။  ကိစ္စအထူးမရှိပါဘူး။  နှုတ်ဆက်ဖို့သက်သက် လာတာပါ" လို့
ပေါက်ကရစွက် ဆိုခဲ့ပြီး အိမ်ကို ဆက်လိုက်လာတယ်။  အိမ်ထဲဝင်လာတော့လည်း အချိန်က တော်တော် လင့်သွားပြီဆိုတော့ မိုးတိုးမတ်တတ် နဲ့ အဖေ့ ကို
"မင်းတွေ့ချင်လို့ လာတာဟေ့.." အပါအဝင် ပြောချင်တာတွေ အာပေါင်အာရင်း သန်သန်ပြောပြီး မစား၊ မသောက် နဲ့ ပြန်သွားတယ်။  ဝမ်းသာအားရ ဖြစ်ကျန်ခဲ့တဲ့ အဖေ့ ကို သူပြန်သွားမှ အဲဒီ
"အရပ်မြင့်မြင့်၊ ခေါင်းဖြူနဲ့ ဘိုကပြားလိုလို အဘိုးကြီး" က ဘယ်သူလဲလို့ မေးကြည့်တော့မှ "ဆရာငြိမ်း"
မှန်း သိခဲ့ရတယ်။
အဖေ့ကို ငယ်ငယ်ကတည်းက "ဆရာ" အနေနဲ့ပဲ သိလာခဲ့တော့ သူ့ "ဆရာ" ဆိုတာကို စိတ်ဝင်စားမိခဲ့တယ်။  အဖေက သူတာဝန်ထမ်းဆောင်နေတဲ့ မြို့ကလေးက (အဲဒီတုန်းက) ကောလိပ်ကို  ဆရာပေါက်စ ဘဝနဲ့ စရောက်လာခဲ့တယ်။  သူ့ကို စရောက် လာကတည်းက တမြို့လုံးက (သူ့တပည့် မဟုတ်တဲ့ တခြား မိတ်ဆွေတွေက)"ဆရာလေး" လို့ပဲ ခေါ်တယ်။  ကျနော့်မှာ မွေးကတည်းက အဖေ့ ကို "ဆရာလေး" လို့
ခေါ်သံကြားလာရတော့ မယ်သီလရှင်လေးတွေကို မြင်ရင် ကျနော့် ပတ်ဝန်းကျင်မှာ အမြဲ "ဆရာလေး" ဖြစ်နေတဲ့ အဖေ့ ကိုပဲ မျက်စိထဲ မြင်မိတယ်။ အဲ့လောက်ထိအောင် လူတွေက နှုတ်ကျိုးနေကြတယ်။  သူ တဖြည်ဖြည်းနဲ့ အသက်ရလာလို့
"ဆရာကြီး" အရွယ်၊ နောက်ဆုံး ပင်စင်ယူတဲ့ အရွယ် ရောက်လာပေမယ့် လူဟောင်းတချို့ကတော့ သူ့ကို "ဆရာလေး" လို့ ခေါ်ဆဲပဲ။  ဒါက.. ထား..။  
တကယ် ဆိုချင်တာက အဖေက သူ ကျွမ်းကျင်ရာ နယ်ပယ် မှာ ဘယ်သူ့မှ ဗိုလ်မထား၊ အလေးမပြု၊ မှန်တဲ့အတိုင်း လုပ်ချင်ရာလုပ်၊ တဇောက်ကန်း နေလာခဲ့တာ သိတော့ သူ ဝမ်းသာအားရ ဖြစ်ရလောက်အောင် အလေးထားတဲ့ သူ့ "ဆရာ" ဆိုတာကို စ မြင်ဖူးတော့ ကျနော့်မှာ တော်တော် အလေးအနက်ထား စိတ်ဝင်စားသွားခဲ့တယ်။ နောက်ပြီး အဲ့အချိန်မှာ ကျနော်က အဖေ နဲ့ "သားအဖ" တင်မက "ဆရာတပည့်" လည်း
အားကစားနည်းတခုအတွက် တရားဝင် ဖြစ်နေပြီဆိုတော့ အဖေ့ "ဆရာ"၊ ကျနော် နဲ့ဆို "အဘိုးဆရာ" တော်တဲ့ "ဆရာငြိမ်း" အကြောင်းကို တော်တော်သိချင်သွားမိတယ်။
ဒဏ္ဍာရီ ဆန်ဆန် လေးစား၊ အတုယူ၊ ချီးမွမ်းဖို့ ကောင်းတဲ့ "ဆရာငြိမ်းပုံပြင်" တွေကို စကားနည်းတဲ့ အဖေ့ ဆီက အဲ့အချိန်ကစပြီး တစွန်းတစ စ ကြားလာခဲ့ရတယ်။  နောက်ပိုင်း အဖေ ပင်စင်ယူ ရန်ကုန်ပြန်တဲ့ အချိန် သူ့မိတ်ဆွေ၊ သူငယ်ချင်းဟောင်း လူကြီး အဘိုးကြီးတွေနဲ့ အမြဲဆုံတွေ့၊ ပွဲ လုပ်တော့မှ "ဆရာငြိမ်း" ကို ပြန်ဆုံတွေ့ရတဲ့ အပြင် သူ့အကြောင်းလည်း ပိုသိလာခဲ့ရတယ်။
"ဆရာငြိမ်း" အကြောင်းပိုသိလာလေ.. အဖေကလည်း သူ့ဘဝ ကို "ဆရာငြိမ်း" လို ဖြတ်သန်းခဲ့တာပါ့လား ဆိုတာ ပို ရိပ်မိလာခဲ့တယ်။  ပညာရေး၊ ကျန်းမာရေး၊ သာရေး၊ နာရေး၊ အိမ်ထောင်ရေး၊ သားရေး၊ သမီးရေး၊ မင်္ဂလာကိစ္စကြောင်းလမ်းတာ၊ လင်မယား ရန်ဖြစ်တာကနေ ဘဝ လမ်းကြောင်း တိုးတက်ရေး၊ ရာထူး၊ ရာခံ ကိစ္စ အထိ
အဖေ မပါရင် မပြီးတဲ့ အဖေ နဲ့ သူ့တပည့်တွေရဲ့ ဆက်ဆံရေးကို ပိုနားလည်လာခဲ့တယ်။
(စကားချပ် - ခု ပြောရင် စာဖတ်သူ လူအများ ယုံကြမယ် မထင်ဘူး။  နားနဲ့မနာ ဖဝါးနဲ့နာပါ..။  အဖေ့ တပည့် အရပ် ခြောက်ပေ ငါးလက်မ ရှိတဲ့ ဘိုကပြားကြီးတယောက်ရဲ့ အိမ်ထောင်ရေးဘဝ လိင်ဆက်ဆံရေး ကိစ္စ ဆို အဲ့ဒီ တပည့် လူထွားကြီး ရဲ့ ဇနီးက အဖေ့ကို တိုင်တန်းလို့ အဖေ က သူ့တပည့်ကို လိင်မှုဆက်ဆံရေး သြဝါဒ ပေးခဲ့ရဖူးတယ်လို့ ဆိုတယ်။  အဲ့အကြောင်းကို မီလိုက်တဲ့ အဖေ့တပည့်တွေက နောက်ကွယ်မှာ "အဲ့ဒီလို နဲ့ မင်း.. အဖေ (ငါတို့ ဆရာ) က သူ့တပည့် လူသတ်မှု မဖြစ်အောင် ကာကွယ် ဆုံးမ ခဲ့ရသေးတယ်" လို့ ကျနော့် ကို ပြောပြတော့ ကျနော့်မှာ အူတက်မတတ် ရယ် (ရီ) ခဲ့ရတာ မှတ်မိသေးတယ်..။)
ကျနော် ငယ်စဉ်က ကစားသမားပေါက်စဘဝ မှာ စီနီယာ ကစားသမားတွေနဲ့ နည်းပြဆရာငယ်တွေ၊ သူတပည့်တွေ ပြောပြတဲ့ "အဖေ့အကြောင်းပုံပြင်" တွေနဲ့ နောင် ရန်ကုန်ပြန် အခြေချတဲ့အချိန် ဆိုခဲ့တဲ့ တွေ့ဆုံပွဲတွေမှာ ကြားရတဲ့"ဆရာငြိမ်း အကြောင်းပုံပြင်" တွေကို နှိုင်းယှဉ် တတ်လာခဲ့တယ်။  "ဆရာက (ကျနော့် အဖေက) ငါ့ကို အောင်ဆန်းကွင်းလုံးပတ်လည် ခြေထောက်နဲ့ကန် ဆုံးမခဲ့တာကွ.." လို့ ခြေထောက်နဲ့ အကန်ခံရတာကိုပဲ လူရှေ့သူရှေ့
ဂုဏ်ယူဝံ့ကြွားစွာ ထုတ်ပြောတတ်တဲ့ စကားလုံးတွေ၊ ရိုသေလေးစား၊ ချစ်မြတ်နိုးမှုတွေကို "ဆရာငြိမ်း" နဲ့ အဖေ အပါအဝင် "ဆရာငြိမ်း" တပည့်တွေ ဆက်ဆံပုံ၊ ချစ်ခင်ပုံ၊ လေးစားပုံ ကိုကြည့်ပြီး ပိုသဘောပေါက်သွားခဲ့တယ်။
"ဆရာငြိမ်း"  ကို ဦးစိန်လှိုင် လောက် ဗမာ့ရွှေခေတ် ဘောလုံး အတွက် ခရစ်ဒစ် မပေး၊ အသိအမှတ်မပြုကြဘူး လို့ ထင်တယ်။  ဒါပေမယ့် ရွှေခေတ် တခေတ်လုံးက ဘားမား အသင်းမှာ ကြီးစိုးတာက "Army" က မဟုတ်ရင် "Versity" ကဘောလုံးသမားတွေပဲ။  "Versity" က သူတွေအားလုံးကလည်း "ဆရာငြိမ်း" တပည့် ချည်းပဲ။ ဆိုတော့  ဘားမားရွှေခေတ် ဘောလုံးအတွက် "ဆရာငြိမ်း" က နောက်ကွယ်က အဓိက ပံ့ပိုးခဲ့သူလို့ ဆိုနိုင်တယ်။
သူကိုယ်တိုင် ကာလအပိုင်းအခြားတချို့မှာ နိုင်ငံ လက်ရွေးစင်အသင်း (ဘားမားအသင်း) ကို တာဝန်ယူ ကိုင်တွယ် နည်းပြတာတွေလည်း ရှိခဲ့တယ်။ ဒါပေမယ့် ဗာစီတီ အသင်းမှာလို သူ့လက်၊ သူ့ခြေ သူစိတ်တိုင်းကျ
လွတ်လွတ်လပ်လပ် ကိုင်တွယ်ရတဲ့ အခြေအနေနဲ့ မတူဘဲ ဘားမားအသင်းကျ အထက်လူကြီးများ၊ ဆရာများတယ်။  အထူးသဖြင့် ထုံးစံအတိုင်း (အဲ့ခေတ်ကတည်းက) တိုင်းပြည်၊ အားကစားလောက နဲ့ အဖွဲ့ချုပ်မှာ ခြယ်လှယ်နေပြီဖြစ်တဲ့ပုခုံးပေါ်ဘားတွေ အပြည့်နဲ့ ပုဂ္ဂိုလ်တွေက "ဆရာငြိမ်း" အပေါ် သိပ်မကြည်ဘူးလို့ ထင်တယ်။  အထူးသဖြင့် "ဆရာငြိမ်း" ရဲ့ ကစားကွင်းပြင်ပ စခန်းသွင်းလေ့ကျင့်မှု (Training Camp) အုပ်ချုပ်မှု ပုံစံကို သဘောမကျ ကြဘူးလို့ ကြားသိရတဲ့ စကားတွေ၊ အချက်အလက်တွေကြည့်ပြီး (ကျနော့် အနေနဲ့) သုံးသပ်တယ်။
နွားတွေလို ခိုင်းသမျှလုပ်၊ ပြန်မပြောတတ်၊ ပြန်မပြောနိုင်၊ ပြန်မပြောရဲ၊ ငြိမ်ဝပ်ပိပြား နေတာကိုသာ အရည်အချင်းတခု လို့ သတ်မှတ်တဲ့ ဓလေ့၊ ထုံးတမ်း၊ လုပ်ထုံး၊ စနစ်အဖွဲ့အစည်းနဲ့ အသားကျနေတဲ့ ပုဂ္ဂိုလ်တွေဆိုတော့
နောင်တခေတ်မှာ တိုင်းပြည်ရဲ့ နယ်ပယ် ကဏ္ဍ အသီးသီ ရဲ့ ခေါင်းဆောင်တွေ ဖြစ်မယ့် တောက်မယ့်မီးခဲ တရဲရဲလို ဖြစ်နေတဲ့ ခေတ်ပညာတတ် တက္ကသိုလ်ကျောင်းသား လွတ်လပ်တက်ကြွတဲ့ လူငယ်၊ လူရွယ်လေးတွေကို ကြီးကြပ်စီမံ ကွပ်ကဲနေရတဲ့ "ဆရာငြိမ်း" ရဲ့ တပည့်အပေါ် လွတ်လပ်ခွင့် အပြည့်ပေး၊ အခွင့်အရေး အပြည့်ပေး၊ လူပီသတဲ့၊ လူသားဆန်တဲ့ အုပ်ချုပ်မှုပုံစံကို သဘောမကျတာ သဘာဝ ကျပါတယ်။
"ဆရာငြိမ်း" က သူ့တပည့်တွေ စခန်းသွင်းလေ့ကျင့်စခန်းမှာ သောင်းကျန်း လို့ ဆိုခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေက မျက်စိစပါးမွှေးစူး ပြစ်တင် ဝေဖန်ထောက်ပြရင် "ကျူပ်တပည့်တွေက စခန်းမှာ ငြိမ်ဖို့မလိုဘူး။  ကစားတဲ့ ကွင်းထဲမှာပဲ
ငြိမ်ဖို့ လိုတယ်။ လူငယ် သဘာဝ လွတ်လွတ်လပ်လပ် နေပါစေ" လို့ အမြဲ ပြန်ပြောလွှတ်တယ်လို့ ဆိုတယ်။
"ဆရာငြိမ်း" က သူ့တပည့်တွေ  ဖဲရိုက်ချင်ရင် ကိုယ်တိုင် ဖဲထုပ် ဝယ်ပေး၊ ငွေထုတ်ပေးပြီး စခန်းအတွင်းမှာပဲ ကစားစေတယ်။  အရက်သောက်ချင်ရင် ကိုယ်တိုင် ပိုက်ဆံထုတ်ပေး သွားဝယ်စေပြီး စခန်းမှာပဲ သောက်စေတယ်လို့
ဆိုတယ်။  ဒါမှသာ သူ့တပည့်တွေ ဘယ်လောက်အတိုင်းအတာ နဲ့ ဘာတွေ လုပ်နေသလဲ ဆိုတာ အမြဲ လက်လှမ်းမီ သိနိုင်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ တားနိုင်၊ အားကစား နဲ့ ပညာရေး ကို မထိဖို့ ဆုံးမနိုင်တယ်လို့ ဆိုတယ်။
 "ဆရာငြိမ်း" က သူ့တပည့်တွေကို ခန္ဓာကိုယ် ကို အသုံးချပြီးသာ အားကစားနည်းတွေကို ကစားစေတာ မဟုတ်ခဲ့ဘူး။  ဘောလုံးကို ခြေထောက်နဲ့ ကန်တတ် ဖို့တင်မကဘဲ ဦးနှောက် နဲ့ ကန်တတ်ဖို့ကို သင်ပေးခဲ့တယ်။  ဒါ့အပြင်နှလုံးသားနဲ့ ကန်တတ်ဖို့ပါ သင်ပေးခဲ့တယ်လို့ ထင်တယ်။
အကြောင်းက.. "ဆရာငြိမ်း" ဟာ သူ့ ဗာစတီ အသင်း နဲ့ တပည့်တွေကို လက်ကိုင်ထားခိုင်းတဲ့ ဆောင်ပုဒ်က "Play Fair, Never Quit" ဆိုတာ ဖြစ်တယ်။ တရားမျှတခြင်းကို အမြဲ ရှေ့ တန်းတင် အလေးထား ဖော်ဆောင်၊ ကြံစည်၊
ကျင့်ကြံဖို့နဲ့ ဘယ်တော့မှ အရှုံးမပေး၊ ဒူးမထောက်၊ လက်မမြှောက်၊ ထွက်မပြေးဖို့ ဆိုတဲ့ လမ်းညွှန်ချက်ဟာ အားကစား အတွက်သာ မကဘဲ ဘဝ အတွက်လည်း လက်ကိုင်ထားရတဲ့ တရား ဖြစ်တယ်။  ဒီလို စိတ်ဓာတ်၊ အကျင့် နဲ့ တရား ရဖို့
အတွက် "ဆရာငြိမ်း" ပြုစုပေးခဲ့တယ်။  ဒီလိုနဲ့ "ဆရာငြိမ်း" ဟာ သူ့တပည့်တွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်၊ ပညာပိုင်းဆိုင်ရာ၊ ဦးနှောက်အတွေးအခေါ် ပိုင်းဆိုင်ရာ ဖွံဖြို့မှုကို ကျင့်ပေးခဲ့ရုံသာမကဘဲ လွတ်လပ်ခြင်း၊ တရားမျှတခြင်းကို မြတ်နိုးတတ်မှု ဆိုတဲ့ မွန်မြတ်တဲ့ ကျင့်ဝတ်တရား၊ နှလုံးရည်ကိုပါ မျိုးစေ့ချ၊ ပျိုးထောင်ပေးခဲ့တယ်လို့ ယူဆတယ်။
"ဆရာငြိမ်း" သူ့တပည့်တွေကို ပေးလိုက်တဲ့ "Message"၊ လမ်းညွှန်လိုက်တဲ့တရား ဟာ ဗာစတီ အားကစားအသင်းတွေ၊ ဘောလုံးအသင်းတွေ အတွက် ခံယူချက် သက်သက်မဟုတ်ဘဲ ခေတ်ပညာတတ် တက္ကသိုလ်ကျောင်းသား၊ လူငယ် ဆိုတဲ့ လူအုပ်စု တခုလုံးကိုလည်း ကိုယ်စားပြုတယ်။  
"လွတ်လပ်ခြင်း၊ တရားမျှတခြင်း နဲ့ သေတောင် ခေါင်းမငုံ့၊ အရှုံးမပေးခြင်း" ဆိုတာ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့အရင်းရှင် ကို ဆန့်ကျင်ခဲ့တဲ့ ကျွန်ဘဝ လွတ်မြောက်ရေး တိုက်ပွဲတွေကနေစပြီး ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ် အပါအဝင် မျက်မှောက်ခေတ်အထိ ဖိနှိပ်သူ အားလုံးကို ရှေ့တန်းက တော်လှန်ဆန့်ကျင်နေတဲ့ "တက္ကသိုလ်" ဆိုတဲ့လွတ်မြတ်ရေး တပ်ဦး ခံတပ်ကြီး ရဲ့ ဆောက်ပုဒ်၊ ခံယူချက်၊ သဘောထား နဲ့ လုပ်ရပ်လည်း ဖြစ်တယ်။  ဒါဟာ "ကျောင်းသားစိတ်ဓာတ်" လည်း ဖြစ်တယ်။  ဒါဟာ "သမဂ္ဂ စိတ်ဓာတ်" လည်း ဖြစ်တယ်။
ကျနော်ဟာ အဖေတို့ "ဆရာငြိမ်း" မွေးနေ့ နဲ့ ဂုဏ်ပြုပွဲတွေမှာ "ဆရာငြိမ်း" တရား "Play Fair, Never Quit" ဆိုတဲ့ ဆောင်ပုဒ် ကို ရိုက်ထားတဲ့ "University Old Blue" အင်္ကျီဂျာစီတွေ ဝတ်ရင်း တက္ကသိုလ်ဘောလုံးကွင်းထဲမှာ
အသက် ခြောက်ဆယ်ကျော်၊ ခုနှစ်ဆယ် ကျော်  အရွယ် တက်ကြွနေတာကို မြင်တော့ သူတို့ခေတ် တက္ကသိုလ် ဘဝ၊ နောက်ခံ အခြေအနေ၊ လူဖြစ်ကျိုးနပ်၊ တက္ကသိုလ်တက်ရကျိုးနပ်ခဲ့ကြတာကို ဆင်ခြင်မိပြီး အားကျခဲ့ရတယ်။
ဆောင်းပါး အစမှာ ဆိုခဲ့တဲ့ အတိုင်း.. "ကျောက်ဘီလူးကြီး" က ဘာကြောင့် ကမ္ဘာကျော် မန်ယူဘောလုံးအသင်းကို အားပေးသူ၊ ခရေဇီ ဖြစ်သူ လို့ အထင်ခံရတာကို အထင်မခံနိုင်၊ မကျေနပ်နိုင်ဘဲ သူ့ဘဝမှာ တကယ်အားပေးခဲ့တာ၊ချစ်မြတ်နိုးခဲ့ရတာဟာ "တက္ကသိုလ်အသင်း" သာ ဖြစ်ပါတယ် လို့ ထုတ်ဖြေရှင်းရသလဲ၊ ထုတ်ဖြေရှင်းဖို့လိုသလဲ ဆိုတာကို ကျနော် အဖေတို့ နောက် လိုက် အနီးကပ်နေရင်းနဲ့ နားလည်သဘောပေါက်ခဲ့ရတယ်။
ကျနော် တက္ကသိုလ် စရောက်တဲ့ ခေတ်မှာတော့ ဒေသဆိုင်ရာ တာဝန်ကျ ထောက်လှမ်းရေးက  "မင်း နိုင်ငံရေး မလုပ်နဲ့..၊ လူမသတ်နဲ့..ကျန်တာ ကြိုက်သလို သောင်းကျန်း..၊ ငါတို့ တာဝန်ယူတယ်  " ဆိုပြီး တလွဲဆံပင်ကောင်း  "နိုင်ငံရေးမလုပ်ဖို့" ကို "လူမသတ်ဖို့" ထက် ရှေ့က အလေးထား ပြော သတိပေးရင်း ကျောင်းသားအခွင့်အရေး ကို မဟုတ်တယုတ်၊ အလွဲသုံးစား လုပ်တတ်စေဖို့အတွက်ပဲ သက်သက် ပေး ဖျက်စီးခြင်းခံခဲ့ရတယ်။
ကျနော့်ခေတ် တက္ကသိုလ်ကျောင်းသားဘဝမှာ နိုင်သလောက် တက္ကသိုလ် ဘောလုံးပွဲတွေ၊ စာပေဟောပြောပွဲတွေ စတဲ့ ကာယ၊ စိတ္တ ဖွံ့ဖြိုးစေတဲ့ ကျောင်းသားရေးရာ ကိစ္စတွေ ရှင်သန်လာစေဖို့ ကြိုးစား၊ ဆော်သြ စတင် စီစဉ်ခဲ့ဖူးတယ်။  အထိုက်အလျောက်လည်း စ ဖြစ်ခဲ့တယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် ရေရှည် ဖြစ်ဖို့ နဲ့ ဖွံ့ဖြိုးစည်ပင်ဖို့အတွက်တော့မလုပ်နိုင်ခဲ့ဘဲ နောက်ဆုံးတော့ ကိုယ့် ပါမောက္ခချုပ်သာ "ခင်ဗျား.. အလုပ်ပြုတ်သွားချင်လို့လား.. " ဆြို့ပီး စစ်တိုင်းမှူးဗိုလ်ချုပ်ရဲ့ ခေါ်ငေါက်ခံရခြင်းနဲ့ အဆုံးသတ်ခဲ့ရတယ်။
ဒီလိုနဲ့ ကျနော့်မှာ အဖေတို့ခေတ် မျိုးဆက်လို ကိုယ့် "တက္ကသိုလ်အသင်း" ကိုသာ အသည်းစွဲ ဖြစ်ဖို့ အခွင့်အရေး မရခဲ့ပါဘူး။  ကိုယ် ဘောလုံးပွဲ စကြည့်တဲ့ အရွယ် ၁၉၈၈ မတိုင်ခင်က တိုင်းကြီး ဘောလုံးပွဲတွေ အထိုက်အလျောက်အဆင့်အတန်းရှိ၊ ခေတ်စား၊ ကျော်ကြား၊ လူသိ၊ လူကြည့် သေးတယ်ဆိုပေမယ့် အဖေတို့ခေတ်နဲ့ ယှဉ်ရင် "ကျီးနှင့်ဖုတ်ဖုတ်" သာ ဖြစ်တဲ့အတွက် ကျနော့်မှာ ကိုယ့် တိုင်း နဲ့ ပြည်နယ် အသင်း တသင်းကို တသမတ်တည်း အားပေးဖို့ မဖြစ်ခဲ့ပါဘူး။  ဒီလိုနဲ့ အမေကျော် ဒွေးတော်လွမ်း ပြီး မွေးကတည်းက ဆိုသလို မန်ယူအသင်းပဲ အားပေးဖို့ဖြစ်လာ၊ အားပေးခဲ့ရတော့တယ်။
ဆိုတော့ "ခင်ဗျားက.. မန်ယူ ပရိသတ် လား" လို့ မေးခံရရင် ကျနော့် မှာ "ကျောက်ဘီလူးကြီး" လို ဂုဏ်ယူ ဝံ့ကြွားစွာနဲ့ မဟုတ်တဲ့ အကြောင်း၊ တကယ် အားပေး ချစ်မြတ်နိုးတဲ့ "တက္ကသိုလ်အသင်း" နဲ့ "မန္တလေးတိုင်းအသင်း"
ရှိကြောင်း မပြောနိုင်တော့ "ဟုတ်ပါတယ်..။ ကျနော် မန်ယူပရိသတ်ပါ" လို့သာ ဂုဏ်မယူ၊ မဝံ့ကြွားစွာနဲ့ ပြန်ဖြေရုံကလွဲလို့ ကျန်တာ ဖြေစရာ မရှိပါ..။
(စကားချပ် - နိုင်ငံအသင်းအားပေး၊ ချစ်မြတ်နိုးတာကို ထည့်ပြောလို့မရပါ..။ နိုင်ငံအသင်းက အားကစားဝါသနာမပါ၊ ဘောလုံးကို စိတ်မဝင်စားတဲ့ သူသူငါငါ၊ လူတိုင်းလိုလို တိုင်းချစ်၊ပြည်ချစ်၊ မျိုးချစ် စိတ်ကြောင့်
အားပေးတတ်ကြပါတယ်..။)
ဒီလို သူ့ခေတ်၊ ကိုယ့်ခေတ် နောက်ခံ အခြေအနေ၊ စနစ်၊ အခွင့်အရေး ချင်း နဲ့ လူငယ် နဲ့ တက္ကသိုလ်ကျောင်းသာဘဝ ရရှိခဲ့ပုံချင်း မတူညီမှုကြောင့် ကျနော့် နဲ့ အဖေ့ ကြား မျိုးဆက်ကွာဟမှုဟာ ကျနော် အဖေ့ လို အင်္ဂလိပ်စကား ပီအောင် မပြောနိုင်ခြင်း ဆိုတဲ့ အပေါ်ရံ မြင်သာတဲ့ အချက် က စလို့  အလုပ်ကို အလုပ်ပီပီ၊ တာဝန်ကျေကျေ၊ လက်ကြောတင်းအောင် ခါးချိုးလုပ်လိုမှု အားနည်းခြင်း အလယ်.. အမှန်တရား နဲ့ တရားမျှတမှု အတွက် ကိုယ်ယုံကြည်ရာရဲရဲဝင့်ဝင့်၊ နောက် မဆုတ် လုပ်တတ်မှု အားနည်းသွားခြင်း ဆိုတဲ့ ကျင့်ဝတ်နဲ့ ခံယူချက်ပိုင်းဆိုင်ရာ ကွာခြားသွားမှုအထိ အကျိုးသက်ရောက်စေခဲ့တယ်။
ဒီလို "သူ့ခေတ်၊ ကိုယ့်ခေတ်" ခြားနားမှုကို ကျနော့်ရဲ့ မျိုးဆက် "နောင်တခေတ်" လူငယ်တွေ မကြုံတွေ့ စေချင်တော့ပါ။  သူတို့ကို လူငယ်ဖြစ်ရကျိုး နပ် စေချင်ပါတယ်။  တက္ကသိုလ်တက်ရကျိုး နပ်စေချင်ပါတယ်။ တနည်းအားဖြင့် လူဖြစ်ရကျိုးနပ်စေချင်ပါတယ်။  ကောင်းမွန်တဲ့ ပြုစု၊ ပျိုးထောင်၊ မြေတောင် မြှောက်ပေးမှုတွေ ခံစားစေချင်ပါတယ်။
"ဆရာငြိမ်း" တွေ နဲ့လည်း ဆုံစေချင်ပါတယ်။  အဖေ တို့လို "ဆရာငြိမ်း" တပည့်မျိုးတွေ ဖြစ် တိုင်းပြည် တာဝန်ကို ကျေပွန်အောင် ပြန်ထမ်းနိုင်တဲ့ မျိုးဆက် ဖြစ်စေချင်ပါတယ်။
ပညာရပ်ဆိုင်ရာ ဆန်းသစ် တွေးခေါ်မှု အသီးအပွင့်တွေ၊ ရှာဖွေဖော်ထုတ်နိုင်မှု သုတေသန တွေ၊ အနုသုခုမ နဲ့ အားကစား ကဏ္ဍ ပေါင်းစုံ ဝေဆာနေတဲ့ စိတ္တ၊ ကာယ၊ နှလုံး အဘက်ဘက် ကုံလုံကြွယ်ဝ ရင့်ကျက်တိုးတက်ဖြစ်ထွန်းပြီး ကျင့်ဝတ်၊ သိက္ခာ၊ သီလ၊ သမာဓိ၊ ပညာ ပြည့်စုံစေဖို့ ကျင့်ကြံအားပေးတဲ့ တက္ကသိုလ် အသိုင်းအဝန်းမျိုး၊ ပညာအသိုင်းအဝန်းမျိုးပဲ "နောင်တခေတ်" လူငယ် မျိုးဆက်သစ်ကို ရစေချင်ပါတယ်။  ကျနော် နဲ့ ကျနော့် မျိုးဆက် မရခဲ့သမျှ"လွတ်လပ်ခြင်း၊ တရားမျှတခြင်း" လောကပါလတရားတွေ သူတို့ ရရှိ ခံစားစေချင်ပါတယ်။
အလားတူပဲ တပါတည်း.. ကျနော့်လို "သူများငါးချဉ်နဲ့ ချဉ်" နေရတဲ့ "မန်ယူအသင်းအားပေးသူ" ဖြစ်နေရတဲ့ ဘဝ၊ ခုခေတ် လူငယ်အများစု ကြုံတွေ့နေရတဲ့ ခရိုနီ တွေရဲ့ အလကားရသလို အချောင်ရထားတဲ့ ငွေကြေး၊ ဥစ္စာ နဲ့
အရင်းတည်ထားပြီး စည်ပင်သလို ဖြစ်နေပေမယ့် အနှစ်သဘော မပါတဲ့ ပြည်နယ် နဲ့ တိုင်း အမည်ခံ ကလပ်အသင်းတွေကို အားပေးနေရတဲ့ ဘဝ က လွတ်ပြီး တကယ်စစ်မှန်တဲ့ ဒေသခံ လူငယ်တွေရဲ့ အနာဂတ် ဖွံ့ဖြိုးမှု နဲ့ တိုင်းပြည်ရဲ့ အားကစား နဲ့ စိတ္တ၊ ကာယ ဖွံ့ဖြိုးမူကို ဖော်ဆောင်နိုင်တဲ့ ဘောလုံးအသင်းတွေ ပေါ်ပေါက်လာဖို့ နဲ့ ကျနော့် မျိုးဆက်သစ် "နောင်တခေတ်" လူငယ်တွေ တကယ့် ရင်ဘတ်ကြီးနဲ့ အပြည့် အားပေးနိုင်ဖို့ အခွင့်အရေး ရရှိလာစေဖို့
မန်ယူစံချိန်တင် အမှတ်ပေးဖလားယူတဲ့ ဒီနေ့မှာပဲ ဒီစာ ရေးရင်နဲ့ ဆုတောင်းမိပါတယ်။

ငြိမ်းချမ်းအေး
၂၃ ၊ ဧပြီ ၊ ၂၀၁၃

Monday, April 22, 2013

Min Ko Naing & Ko Ko Gyi - Trip to USA to meet with Burmese Community - their words


မေလတွင် အမေရိကန်သို့လာရောက်မည့် ၈၈မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် (ကို)ကိုကိုကြီးတို့၏ စကား
မိုးမခ၊ ဧပြီ ၂၃၊ ၂၀၁၃
မေလလယ်မှ ဇွန်လလယ်အထိ အမေရိကန်ပြည်ထောင်စုကို လာရောက်မယ့် ၈၈မျိုးဆက် ခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ကိုမင်းကိုနိုင် နဲ့(ကို)ကိုကိုကြီးတို့နဲ့ တွေ့ဆုံဆွေးနွေးကြဖို့၊ ကြိုဆိုနှုတ်ဆက်ကြဖို့ ပြည်နယ်အသီးသီး မြို့နယ်အသီးသီးက မြန်မာတိုင်းရင်းသားတွေ၊ မျိုးဆက်ဟောင်း မျိုးဆက်သစ်တွေက ကြိုတင်ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ၀ါရှင်တန်ဒီစီ၊ နယူးယောက်မြို့တော်၊ ဖလော်ရီဒါ၊ ဖို့ဝိန်း၊ ဆန်ဖရန်စစ္စကိုဘေးဧရိယာ၊ လော့စ်အိန်ဂျလိစ်၊ လပ်စ်ဗေးဂတ်စ်၊ ယူတီကာ စတဲ့ မြို့နယ်တွေက သူတို့ကို ကြိဆိုဖို့ တွေ့ဆုံဖို့ အသီးသီး တက်ကြွစွာ ပြင်ဆင်လျက်ရှိပါတယ်။
မြန်မာပြည်ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်တဲ့ ၈၈ အရေးတော်ပုံမှာ ဦးဆောင်ပါဝင်ခဲ့သူ၊ ထောင်ဒဏ် အနှစ် ၂၀ အနှစ် ၆၀ ကျော် ချမှတ်ခံရတဲ့ နို်င်ငံရေးအကျဉ်းသား၊ ဗကသ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်၊ ရွှေဝါရောင်တော်လှန်ရေးမှာလည်း ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသူ၊ ဘ၀သက်တမ်းတလျောက် မြန်မာပြည်လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအရေးအတွက် မြုပ်နှံစွန့်လွှတ် တော်လှန်တိုက်ပွဲဝင်သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေထဲက ထင်ရှားတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ကို ၈၈မျိုးဆက်ဟောင်းတွေ နဲ့ ၈၈နောက်ပိုင်း မျိုးဆက်သစ်တွေ အားလုံးက တွေ့ဆုံဖို့ ပြင်ဆင်နေကြကြောင်းကို ယနေ့နေ့ခင်းမှာ တယ်လီဖုံးမှတဆင့် နှုတ်ဆက်ရင်း သတင်းစကားပါးဖြစ်ခဲ့ပါတယ်။
တဆက်တည်းမှာပဲ အမေရိကန်ပြည်ကို ရောက်ရှိနေထိုင် နေကြတဲ့ မြန်မာတိုင်းရင်းသားမိသားစုတွေ၊ မျိုးဆက်ဟောင်းတွေ မျိုးဆက်သစ်တွေအတွက် ယခုအချိန် လာရောက်တွေ့ဆုံဖို့ ပြင်ဆင်နေချိန်မှာ မည်သို့သော နှုတ်ခွန်းဆက်စကား ပြောဆိုလိုပါသလဲလို့ မိုးမခက မေးမြန်းဖြစ်ခဲ့ပါတယ်။
ကိုမင်းကိုနိုင်က ပြောဆိုရာမှာ …
"ကျနော်တို့ကို NED အဖွဲ့က ဖိတ်တယ်။ ပထမအကြိမ် ဆုပေးပွဲဖိတ်တုန်းက ကျနော်တို့ ၈၈တွေကို ပတ်စ်ပို့မပေးဘူး စတာတွေကြောင့် ကျနော်တို့ မသွားဘူး။ အခုတကြိမ်မှာ ထပ်ဖိတ်တော့ ကျနော်တို့ လာဖြစ်တယ်။ ပြီးတော့ အမေရိကန်ပြည်ထောင်စုမှာ ကျနော်တို့ ကျောင်းသားတွေ ရှိတယ်။ မျိုးဆက်ဟောင်းတွေ၊ မျိုးဆက်သစ်တွေ ရှိတယ်။ မြန်မာကွန်မြူနီတီအားကောင်းတဲ့ ပြည်နယ်တွေ ရှိနေတယ်။ အဲသည်မှာ မြန်မာပြည်နယ်စပ်က ဒုက္ခသည်စခန်းတွေက မွေးဖွားလာတဲ့ မျိုးဆက်တွေ ရှိတယ်။ သူတို့တွေက အစ ကျနော်တို့နဲ့ တွေ့ဖို့ စိတ်အားထက်သန်နေကြတယ်။ ကျနော်တို့ မျိုးဆက်တွေ အချင်းချင်းကတော့ ရှေ့သွားမယ်အလုပ်ကို တိုင်ပင်ကြမယ်။ နောင်မျိုးဆက်ကို ပေးရမှာကတော့ ကျနော်တို့အတွေ့အကြုံနဲ့ အတွေးအမြင်တွေကို ပြောပြမယ်။ သူတို့ဆီကတော့ သူတို့အပြင်မှာ နေရတဲ့ ဘ၀တွေ၊ သင်ရတဲ့ ပညာတွေကို ကျနော်တို့က ပြန်ယူရမှာပေါ့။ နားထောင်ရမှာပေါ့။ ပြီးတော့ သူတို့ သိထားတဲ့ အသိပညာတွေနဲ့ ပြည်တွင်းမှာ ဘယ်လောက် အလုပ်လုပ်လို့ရမလဲဆိုတာကို ကျနော်တို့ သိထားတဲ့ အခြေအနေနဲ့ ပြန်ပြောပြရမှာပေါ့။ ကျနော်တို့ ကွန်မြူနီတီတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ ၀ိုင်းလုပ်ကြမယ်၊ ၀ိုင်းပြီး တိုင်ပင်ဆွေးဆွေးကြမယ်ပေါ့ဗျာ။"
လို့ ပြောသွားပါတယ်။
ကိုကိုကြီးက ပြောဆိုရာမှာ …
" ၈၈ အရေးတော်ပုံနောက်ပိုင်းမှာ မြန်မာပြည်ကနေ ထွက်ခွာသွားရတဲ့ ကျနော်တို့ မိတ်ဆွေတွေ၊ မျိုးဆက်တွေနဲ့ ပြန်လည် ဆုံတွေ့ရမှာဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ စိတ်လှုပ်ရှားတယ်။ နောက်ပြီးတော့ ၈၈ မတိုင်ခင်ကတည်း ထွက်ခွာသွားတဲ့ မျိုးဆက်တွေနဲ့လည်း တွေ့ဆုံကြရမယ်လို့ မျှော်လင့်တယ်။ လက်ရှိမှာ ကျနော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကလည်း တကယ်ကို ဒီမိုကရေစီအတွက် ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကို မြှင့်တင်နိုင်ဖို့တွက် လိုအပ်နေတယ်။ ပြည်တွင်းမှာသာမက ပြည်ပက အင်အားစုတွေကပါ အဖက်ဖက်ကနေပြီး ၀ိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်နေတယ်။ အဲဒီကျမှသာ တကယ်ပြုပြင်ပြောင်းလဲလိုတဲ့ အုပ်ချုပ်ရေးတို့၊ တရားစီရင်ရေးတို့၊ တပ်မတော်တို့က အင်အားစုတွေက ပိုမိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာမယ်။ အခုပြောင်းလဲရေးအတွက် ကျနော်တို့ဖက်က ဝေဖန်ထောက်ပြတဲ့ အပိုင်းတွေရှိတယ်၊ ပူးပေါင်းဆောင်ရွက်တဲ့ အပိုင်းတွေလည်း ရှိတယ်။ အဲသည်အတွက် ကျနော်တို့တတွေက အပြင်မှာရှိနေတဲ့ မြန်မာတိုင်းရင်းသားတွေ မျိုးဆက်ဟောင်း မျိုးဆက်သစ်တွေနဲ့ တွေ့ဆုံဆွေးနွေးကြပြီးတော့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွကို အားကောင်းခိုင်မာလာအောင်နဲ့ instituationlized ဖြစ်လာအောင်၊ ဖွဲ့စည်းပုံ စနစ်တကျဖြစ်လာအောင် ဖော်ဆောင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်"
လို့ ပြောသွားပါတယ်။

Oakland Event for Burmese Ethnics Wrokers Rights

ဥက္ကလံမြို့နေ တိုင်းရင်းသားများအတွက် အလုပ်သမားအခွင့်အရေး ဆွေးနွေးပွဲ စနေနေ့တွင် ကျင်းပမည်
မိုးမခရွာဆော်ကြီး၊ ဧပြီ ၂၃၊ ၂၀၁၃
လက်ခံရရှိသော ဖိတ်စာအရ အလုပ်သမား၊ ၀န်ထမ်းများ ရပိုင်ခွင့် သိကောင်းစရာဆွေးနွေးပွဲကို တိုင်းရင်းသား ဘာသာစကားပေါင်းစုံဖြင့် ဥက္ကလံမြို့၊ ဘေးဧရိယာမှာ ကျင်းပမယ့်အကြောင်း ဖိတ်ခေါ်ထားပါတယ်။ လာမယ့် စနေနေ့ ဧပြီ ၂၃၊ နံနက် ၉ နာရီခွဲကနေ ၁၂ နာရီခွဲအထိ ဖြစ်ပါတယ်။ Burma Refugee Family Network (BRRN) က ပါဝင်စီစဉ်တဲ့အထဲမှာ ပါတယ်။ ဆက်သွယ်ရန် ကိုဝါဘလူစိုး (၅၁၀-၈၉၁-၈၆၃၅) ကို ဆက်သွယ်နိုင်ပါတယ်။

Ku Mo Jo - Burmese Way to Democracy

ကာတွန်း ကူမိုးကြိုး - မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ ဆိုဒါ ...
ဧပြီ ၂၃၊ ၂၀၁၃


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives