[MoemakaDaily] 25th April - MoeMaKa Daily
ဘော်စတွန်အကြမ်းဖက်မှု အလွန်
နိုင်ငံတကာသာဂိ၊ ဧပြီ ၂၅၊ ၂၀၁၃
ဧပြီ ၁၅ ရက်နေ့ ဘော်စတွန်မြို့ မာရသွန်ပွဲတော် ပန်းတိုင်အနီးမှာ ဗုံး ၂ လုံး ပေါက်ကွဲခဲ့တယ်။ လူ ၃ ဦး သေဆုံးပြီး ၁၈၀ ကျော် ဒဏ်ရာရခဲ့တယ်။ မီးဖိုချောင်သုံး ဟင်းပေါင်းအိုးထဲမှာ ယမ်းတွေ၊ ဘောစေ့တွေ၊ သံချောင်းတွေထည့်ပြီး တယ်လီဖုံးကနေ တဆင့် ချိန်ကိုက်ဗုံးအဖြစ် ဖောက်ခွဲခဲ့တာဖြစ်တယ်။ ဧပြီလ ၁၉  ရက်နေ့မှာ ဗုံးဖောက်ခွဲတဲ့ အကြမ်းဖက်သမား လူငယ် ၂ဦးကို တဦးအသေ၊ တဦးဒဏ်ရာနဲ့ လုံခြုံရေတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့တယ်။ အဲသည်မှာ ပုလိပ်ဝန်ထမ်းတဦးလည်း သေဆုံးခဲ့ရတယ်။ အဲသည် ဘော်စတွန်အကြမ်းဖက်မှုအလွန်နဲ့ အဲသည်ကာလမှာ နိုင်ငံတနိုင်ငံနဲ့ နိုင်ငံသားတွေ ဘယ်လိုရင်ဆိုင်သလဲ၊ ဘယ်လိုမျိုး သင်ခန်းစာယူသလဲ၊ ဘယ်လိုမျိုး ဖြတ်သန်းသလဲဆိုတာကို တွေ့မိသလောက် တင်ပြလိုက်ပါတယ်။
နိုင်ငံသားတွေ
ပြင်းထန်တဲ့ ဗုံး ၂ လုံး ရှေ့ဆင့် နောက်ဆင့် ပေါက်ကွဲသွားချိန်မှာ ပြည်သူတွေဟာ အလန့်တကြား လွတ်မြောက်ရာကို အကာအကွယ်ယူကြတယ်။ ဒါပေမယ့် မီးခိုးတွေ စဲသွားချိန်မှာ ပြည်သူတွေဟာ ရဲတွေနဲ့ စစ်မြေပြင်သဖွယ်ဖြစ်နေတဲ့ အပျက်အစီးတွေ၊ သွေးအလိမ်းလိမ်းနဲ့ လဲပြိုနေသူတွေဆီကို အပြေးဝင်လာပြီး ကယ်ဆယ်ရေးတွေ လုပ်ကြတယ်။ တမြို့လုံးက လူတွေဟာ ဒဏ်ရာရသူတွေ၊ ထိခိုက်သူတွေကို ကူညီဖို့၊ ကယ်ဆယ်ဖို့၊ ပြုစုဖို့ ခွန်စိုက်အားစိုက် လုပ်ကြတော့တာပဲ။ သမ္မတနဲ့ တပြည်လုံးက လူတွေက ဘော်စတွန်နဲ့အတူတူ ရပ်တည်ပြီး ၀ိုင်းဝန်းခဲ့ကြတယ်။
သူတို့သမ္မတ အိုဘားမားက ဘာပြောသလဲ …
"ငါတို့ အမေရိကန်တွေဆိုတာ ဘယ်လိုလူတွေလဲ ဆိုတာ သိချင်သလား … ဒါ အမေရိကန်တွေဆိုတာကို ပြလိုက်တာပဲ။ မကောင်းမှု ဒုစရိုက်တွေကို ငါတို့ ဘယ်လို တုန့်ပြန်သလဲ။ ငါတို့တွေ တကိုယ်ကောင်း မဆန်ဘူး၊ ငါတို့တွေ ကိုယ်ချင်းစာတယ်။ ငါတို့တွေ သူရဲဘော မကြောင်ဘူး။ ဒီလိုမျိုး ငါတို့ ရင်ဆိုင်တယ်"
လို့ သူက ပြောတယ်။ အမေရိကန်တပြည်လုံးက အဲသည်အကြမ်းဖက်မှုကို အားတင်းပြီး ရင်ဆိုင်ကြတယ်။
စုံစမ်း စစ်ဆေး အရေးယူကြပုံ
            ရဲတွေ၊ ထောက်လှမ်းရေးတွေ၊ စစ်သားတွေ အကုန်လုံး ဘော်စတွန်တမြို့လုံးကို ပိတ်ဆို့ပြီး မြေလှန် စုံစမ်းကြတော့တာပဲ။ အစိုးရ၊ လွှတ်တော်၊ ပြည်နယ်၊ လုံခြုံရေးအဖွဲ့တွေဟာ တဦးကို တဦး အပြစ်တင်တာ၊ လွှဲချတာတွေ မလုပ်ကြဘူး။ အရေးကြီးတာက တရားခံကို ဖော်ထုတ် ဖမ်းဆီးဖို့၊ နောက်ထပ်အကြမ်းဖက်မှုတွေ မဖြစ်ဖို့၊ ပြည်သူတွေ အေးချမ်းလုံခြုံဖို့ကို အားလုံးက တာဝန်ယူကြတယ်။ လူတွေကို ကြောက်အောင်၊ ဒေါသတွေ ထွက်အောင် လှုံဆော်တာတွေ၊ သွေးထိုးတာတွေ မလုပ်ဘူး။ စည်းကမ်းရှိရှိ တည်ငြိမ်ရင့်ကျက်စွာနဲ့ အကြမ်းဖက်စော်ကားခံလိုက်ရတာကို ပြန်လည် တွန်းလှန်ဖို့ ဖြေရှင်းဖို့ လုပ်ကြတာပဲ။
            ပြည်သူတွေက တရားဥပဒေနဲ့အညီ ရင်ဆိုင်ဖြေရှင်းမှာကို ယုံကြည်စိတ်ချတဲ့အတွက် သူတို့နည်း သူတို့ဟန်နဲ့ တရားစီရင်တာတွေ၊ တဖက်သတ် စွတ်စွဲ ဆုံးဖြတ်တာတွေ မလုပ်ဘူး။ မင်းမဲ့စရိုက် ပြန်လှန်အကြမ်းဖက်တာတွေ ရမ်းကားတာတွေ မလုပ်ဘူး။ ထိခိုက် ဒဏ်ရာရသူတွေ၊ ကျဆုံးသူတွေအတွက် အခမ်းအနားတွေ လုပ်တယ်၊ ဆုတောင်းပေးတယ်။ ၀ိုင်းကူကြတယ်။ အလှူငွေတွေ စုဆောင်းပြီး လူနာတွေအတွက် စုဆောင်းကြတယ်။ မြို့တော်နဲ့ ပြည်နယ်အစိုးရတွေက ရန်ပုံငွေထူထောင်ကြတယ်။
မီဒီယာတွေက ထိန်းသိမ်းပုံ
            နိုင်း အီလဲဗင်းအပြီးမှာ အမေရိကန်တွေရဲ့ စိတ္တဇက ဘာသာရေးအစွန်းရောက် မူဆလင်အကြမ်းဖက်သမားတွေပဲ။ အဲသည်အကြမ်းဖက်မှုတွေ အမေရိကန်မြေမှာ မဖြစ်အောင် အစွမ်းကုန် ကာကွယ်ဖို့ ကြိုးစားတယ်။ အဲသည်ကြားထဲက အကြမ်းဖက်ခံရပြီ ဆိုရင် အဲသည် စိတ္တဇနဲ့ မူဆလင်တွေ၊ အစွန်းရောက်အကြမ်းဖက်အုပ်စုတွေကို စွပ်စွဲတာ ရန်ရှာတာတွေ မဖြစ်အောင်လည်း ကြိုတင်ပြီး ထိန်းကြတယ်။ သည်တော့ မီဒီယာတွေက တဖက်သတ် စွပ်စွဲတာတွေ အပြစ်တင်တာတွေ မလုပ်ဘူး။
အဲသည်ကြားထဲကပဲ တိုင်းတပါးက ပြောင်းရွှေ့လာပြီး အမေရိကန်နိုင်ငံသားတွေ ဖြစ်နေတဲ့ (တဦးကတော့ ဂရင်းကတ်အဆင့်၊ နိုင်ငံသား လျောက်ထားဆဲ) ညီအကို ၂ ဦးကို မူဆလင်တွေ၊ အစွန်းရောက်အကြမ်းဖက်တွေ ဘာညာဆိုပြီး တဆိပ်ကပ်တာ၊ မသေချာသေးပဲ အတင်းနံမယ်ဖျက်တာ မလုပ်ကြဘူး။ ဘာသာရေးအစွန်းရောက်အကြမ်းဖက်တွေ ကျက်စားတဲ့ နိုင်ငံက ပြောင်းလာသူ မိသားစုတွေအဖြစ် သတင်းပို့နေပေမယ့် တရားခံတွေကို အပြစ်မထင်ရှားသေးဘဲ ကြိုတင်ပြီး ဘာမှ မပြောဘူး။ နောက်တချက်က တိုင်းပြည်ကို တရားဝင် ပြောင်းရွှေ့နေထိုင်သူတွေဖြစ်တဲ့အတွက် အကြမ်းဖက်သမားဖြစ်နေသည့်တိုင်အောင် တရားဥပဒေနဲ့အညီ၊ နိုင်ငံသားဥပဒေနဲ့အညီ တရားစီရင်မယ်ဆိုတာကိုပဲ အလေးထား တင်ပြတယ်၊ လုပ်ဆောင်တာကို တွေ့ရတယ်။
နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေ တုန့်ပြန်ကြပုံ
            အစိုးရက အကြမ်းဖက်သူတွေကို ဖော်ထုတ်အရေးယူဖို့ ကြိုးစားတယ်။ ပါတီ ၂ ရပ်စလုံးကလည်း အဲသည်အတွက် နိုင်ငံရေးအမြတ်ထုတ်ပြီး ပြောတာ ဆိုတာတွေ မလုပ်ကြဘူး။ သို့သော်လည်း ဘော်စတွန်အကြမ်းဖက်မှုဟာ တရားခံတွေ ဖမ်းမိပြီးတဲ့နောက်မှာ နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးရေး ၀ါဒဖြန့်ချိရေးအတွက် ထုတ်ဖော်ပြောဆိုစရာ ကိစ္စဖြစ်လာတယ်။ အဲသည်မှာလည်း ဘာသာရေး၊ အသားအရောင်၊ လူမျိုးတွေကို စွဲပြီး ပြစ်တင်ပြောဆိုတာမျိုးတွေ မလုပ်ကြဘူး။
            သူတို့ပြောတာက အမေရိကန်နိုင်ငံသားတွေ၊ တရားဝင်ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်လို့ ဥပဒေအရ တရားနည်းလမ်းနဲ့အညီ ရင်ဆိုင်ရမယ်၊ တရားစီရင်ရမယ်လို့ ပြောကြတယ်။ အဲသည်မှာ အကြမ်းဖက်သမားတွေဖြစ်လို့ နိုင်ငံတော် (နိုင်ငံသား)တွေကို လုပ်ကြံသူအဖြစ် အမြင့်ဆုံးရာဇ၀တ်မှုကို ရင်ဆိုင်ရမယ်လို့ ပြောကြတယ်။
            လူဝင်မှုကြည့်ကြပ်ရေး ဥပဒေပြင်ဆင်နိုင်ဖို့ လွှတ်တော်မှာ ကြိုးစားနေချိန်ဖြစ်တာမို့ သည်လိုမျိုး တိုင်းတပါးက အန္တရာယ်ရှိသူတွေကို အစိုးရတွေက ဘယ်လို စိစစ်ပြီးမှ လက်ခံသင့်သလဲ၊ ကာကွယ်ကြမလဲလို့ မေးခွန်းတွေ ထုတ်ကြတယ်။ သေနတ်ကိုင်ဆောင်ခွင့် ထိန်းသိမ်းရေး ဥပဒေ ပြင်ဆင်ဖို့ တင်သွင်းဖို့ ကြိုးစားချိန်ဖြစ်နေတာမို့ အဲသည်လူတွေကို နောက်ကြောင်းစစ်ဆေးနိုင်ခဲ့မယ်သာ ဆိုရင်၊ သူတို့ရဲ့ လက်နက်စုဆောင်းတာတွေကို ရာဇ၀င်လိုက်နိုင်ခဲ့မယ်သာ ဆိုရင် ကြိုတင်ကာကွယ်နိုင်မယ့်အကြောင်း တင်ပြ ဆွေးနွေးကြပါတယ်။
            နိုင်ငံရေးပါတီတွေက လွှတ်တော်ကော်မီတီ နိုင်ငံအရေး အထွေထွေ ကြားနာကြချိန်မှာ ဘော်စတွန်အကြမ်းဖက်မှုကို အကြောင်းပြပြီး ဘာသာရေးတွေ၊ တိုင်းတပါးက နိုင်ငံသားခံယူသူတွေကို ဝေဖန်တာ ကန့်သတ်တာမျိုးတွေ ရှေ့တန်းမတင်ကြဖို့ကို အချင်းချင်းသတိပေးကြပါတယ်။ ထိန်းကြပါတယ်။
အရှိကို အရှိအတိုင်းလက်ခံ
            အမေရိကန်မှာ ပြည်တွင်းမွေး နိုင်ငံသားတွေနဲ့ ပြည်ပမွေး နိုင်ငံသားတွေ ရှိတယ်။ အမြဲတန်းနေထိုင်ခွင့် ဂရင်းကတ်နဲ့ နေထိုင်သူတွေ ရှိတယ်။ ဗီဇာတို ဗီဇာရှည်တွေနဲ့ တရားဝင် နေထိုင်သူတွေ ရှိတယ်။ တရားမ၀င်နေထိုင်သူတွေလည်း ရှိတယ်။
            ခရစ်ယာန်တွေ၊ အယူသီးသူတွေ၊ ရှေးရိုးစွဲသူတွေ၊ မူဆလင်တွေ၊ ဟိန္ဒူတွေ၊ ဗုဒ္ဓဘာသာဝင်တွေ၊ အခြားဘာသာတွေ၊ ဘာသာဝင်မဟုတ်သူတွေ ဘာသာပေါင်းစုံရှိတယ်။ လူအရောင်အသွေး မျိုးစုံရှိတယ်။ အတွေးအခေါ်အယူအဆ မျိုးစုံ ခံယူ ကျင့်သုံးနေသူတွေ၊ ၀ါဒဖြန့် စည်းရုံးနေသူတွေ ရှိတယ်။
            သည်တော့ နိုင်ငံမှာ အရေးအခင်းတွေ၊ အရေးအကြောင်းတွေပေါ်ရင် သူတို့ တရားဥပဒေအောက်မှာ အရောင်အသွေး၊ ဘာသာ၊ လူမျိုး၊ နို်င်ငံသား၊ မခွဲခြားဘဲ ပြဌာန်းထားတဲ့ ဥပဒေနဲ့ အညီ ရင်ဆိုင်ရမယ်၊ စီရင်ခံရမယ်ဆိုတာကို အာမခံထားတဲ့အတွက် တာဝန်ယူထားတဲ့အတွက် လူထုဟာ ဥပဒေကို သူတို့လက်ထဲ လွှဲပြောင်းပြီး လက်လွတ်စပယ် မလုပ်ကြဘူးလို့တော့ ပြောနိုင်တယ်။
            မတရားမှု အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့ရင်လည်း ပြည်သူတွေဟာ အိုဘားမားပြောသလို တကိုယ်ကောင်းမဆန်၊ ကိုယ်ချင်းစာ၊ သူရဲဘော မကြောင်ပဲ အတူတကွ ရင်ဆိုင်ဖြေရှင်းကြတယ်၊ ကူညီ လက်တွဲကြတာကို အခုမှမဟုတ်ဘူး ဟိုးနှစ်ပေါင်းများစွာကတည်းက အကျင့်လုပ်ခဲ့ကြတာကို မမေ့မလျော့ ကြဘူး။
တရားဥပဒေအောက်မှာ အားလုံး အတူတူပဲ
            သူတို့တွေဆီမှာ ပြောနေကျ စကားရှိတယ်။ အဖြူတွေ လူသတ်ရင် ရူးလို့ တဲ့။ အမည်းတွေ လူသတ်ရင် ဆိုးလို့၊ အခြားကောင်တွေဆိုရင်တော့ အစွန်းရောက်တွေလို့ ပြောကြလိမ့်မယ်တဲ့။ အဲသည်လို stereo type (တဖက်သတ်ဆုံးဖြတ်တာ) တွေ ရှိတာကိုလည်း သူတို့တတွေက သိရှိပါကြောင်း ၀န်ခံထားကြပါတယ်။
            သည်တော့ အခု ဘော်စတွန်ဗုံးခွဲ အကြမ်းဖက်မှုမှာ တရားခံအဖြစ် အစွပ်စွဲခံရသူတွေဟာ ရုရှားပြည်က ပြောင်းလာတဲ့ လူဖြူ နိုင်ငံသားတွေဖြစ်နေပြီး အစွန်းရောက်အကြမ်းဖက်ဝါဒီတွေရဲ့ သဘောထားတွေနဲ့ အကြမ်းဖက်တဲ့ လုပ်ကြံမှုကြီး ကျုးလွန်တာ ဖြစ်တာမို့ အမေရိကန်တွေအဖို့ကတော့ ပြဌာန်းထားတဲ့ တရားဥပဒေနဲ့ပဲ စီရင်ရမှာမို့ သူတို့ဥပဒေအထက်မှာ အဖြူ၊ အမည်း၊ ဘာာသာကွဲတွေ မရှိနိုင်တာကတော့ အသေအချာပါပဲ။
            ကဲ … မြန်မာပြည်က အကြမ်းဖက်မှုတွေ၊ လက်နက်ကိုင် သတ်ဖြတ်မှုတွေကို ကျနော်တို့တတွေ ဘယ်လို တရားဥပဒေတွေ ကာကွယ်စောင့်ရှောက်မှု အာမခံတွေနဲ့ ဖြေရှင်းကြမလဲ။ နိုင်ငံသားတွေ အတူတကွ လက်တွဲပြီး ရင်ဆိုင် ဖြေရှင်းကြမလဲ။ တရားဥပဒေအထက်မှာ အင်အားစုတစု၊ လူတစု၊ လက်နက်ကိုင်တဲ့အဖွဲ့ ရှိနေလို့ကတော့ ဘယ်တော့မှ တရားမျှတမှုနဲ့ လုံခြုံစိတ်ချမှု ရနိုင်မှာ မဟုတ်ပါဘူး။
Than Win Hlaing - Y.M.B.A Sayar Tin
သမိုင်းတကွေ့မှ ၀ိုင်အမ်ဘီဆရာတင်
သန်းဝင်းလှိုင်
ဧပြီ ၂၅၊ ၂၀၁၃
လွတ်လပ်ရေးတိုက်ပွဲဝင်အမျိုးသားစိတ်၊ မျိုးချစ်စိတ်ကို တပ်လှန့်နှိုးဆော်ခဲ့သည့် `တို့ဗမာသီချင်း´ ကို ရေးစပ်သီကုံးခဲ့သော အမျိုးသားဂီတစာဆို ၀ိုင်အမ်ဘီဆရာတင်ကို မန္တလေးမြို့ ရွှေဘုန်းရှိန် (မင်းသားစု) ရပ်၌ ၁၈၉၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ သီပေါမင်းလက်ထက် သွေးသောက်တော်ကြီးဟောင်း ဦးရန်အောင်နှင့် ဒေါ်သိန်းတို့ ဖြစ်သည်။ မွေးချင်းသုံးဦး အနက် ဒုတိယသားဖြစ်သည်။ မောင်တင်၏ အစ်မကြီးမှာ မမိဖြစ်ပြီး ညီမမှာ မငါ့မ ဖြစ်သည်။
မောင်တင် အသက် ၆ နှစ်သားအရွယ်တွင် ဗုဒ္ဓသာသနာ့နုဂ္ဂဟ (B.T.N) ကျောင်း၌ ပညာသင်ယူခဲ့သည်။ ထိုစဉ်က ကျောင်းအုပ်ကြီး မှာ ဦးထွန်းရှိန် (နောင် ဖေ၊ ပု၊ ရှိန် ကိုယ်စားလှယ်အဖွဲ့ဝင်) ဖြစ်ရာ မောင်တင်သည် ငယ်စဉ်ကပင် မျိုးချစ်စိတ် သန္ဓေတည်ခဲ့သည်။ မကြာမီ မိဘများက အင်္ဂလိပ်စာပါ တတ်မြောက်စေလိုသဖြင့် ကယ်လီကျောင်းသို့ ပြောင်းရွှေ့ပညာဆည်းပူးစေခဲ့သည်။
၁၉၀၈ ခုနှစ် ၀န်းကျင်၌ မြန်မာတို့ မျိုးချစ်စိတ်ဓာတ်နိုးကြားတက်ကြွလာပြီး ၀ိုင်အမ်ဘီအေခေါ် ဗုဒ္ဓကလျာဏယုဝအသင်းကြီး ထူထောင်ချိန်တွင် မောင်တင်မှာ ကိုးတန်းကျောင်းသားအရွယ်သို့ ရောက်နေပြီဖြစ်သည်။ ၁၉၀၉ ခုနှစ် အသက် ၁၇ နှစ် အရွယ်တွင် မောင်တင်သည် ဟိုက်စကူးဖိုင်နယ် စာမေးပွဲအောင်မြင်ခဲ့သည်။
ကိုတင်သည် ဟိုက်စကူးဖိုင်နယ်အောင်မြင်ပြီးနောက် အမ်ဘီတီ (M.B.T) အလွတ်ပညာသင်ကျောင်း၌ ကျောင်းဆရာ ၀င်လုပ်ခဲ့သည်။ ဆရာတင်သည် ငယ်စဉ်ကပင် ဂီတ၀ါသနာပါသူဖြစ်သောကြောင့် စာသင်ချိန်ပြီးလျှင် လက်ဆွဲဘာဂျာတီးမှုတ်နေတတ်သည်။ လက်ဆွဲဘာဂျာကိုလည်း ကျွမ်းကျင်စွာတီးဆွဲနိုင်သည်။ လက်ဆွဲဘာဂျာဖြင့် သီချင်းရေးစပ်ရာ၌ သံစဉ်ရှာခဲ့သည်။
မကြာမီ တပည့်များက ၀ိုင်းဝန်းတိုက်တွန်းသဖြင့် မန္တလေးမြို့ ၈၄ လမ်း နှင့် ၃၆ လမ်းထောင့်၌ ဗုဒ္ဓဘာသာလူငယ်များ (Young Men's Buddhist) အင်္ဂလိပ်အလွတ်ပညာသင်ကျောင်းကို ၁၉၁၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းကျောင်းကို အတိုကောက်အားဖြင့် ၀ိုင်အမ်ဘီ (Y.M.B) ခေါ်ရာမှ ဆရာတင်ကိုလည်း ၀ိုင်အမ်ဘီဆရာတင်ဟု အများက ခေါ်ဝေါ်ခဲ့ကြသည်။ အဆိုပါကျောင်းသည် စတင်ဖွင့်လှစ် စဉ်က ကျောင်းသာ ၁၀ ဦးသာ ရှိခဲ့သော်လည်း သုံးလေးလ အကြာ၌ ကျောင်းသား ၅၀ အထိ တိုးတက်လာခဲ့သည်။ မန္တလေးသာမက အခြားမြို့ကြီးများမှ ကျောင်းသားများပါ လာရောက်ပညာသင်ယူခဲ့ကြသည်။ ဆရာတင်သည် သူ၏ ကျောင်းကို သုံးခါရွှေ့ပြောင်းဖွင့်လှစ်ခဲ့ရာ ၁၀ နှစ် ခန့် ကြာမြင့်ခဲ့သည်။
ဆရာတင်သည် စာပေဗဟုသုတ လေ့လာလိုက်စားလေ့ရှိပြီး၊ တခါတရံ ဘိလိယက်သွားထိုးနေတတ်သည်။ မိဘများကွယ်လွန်သွား ကြပြီးနောက် ဆရာတင်သည် မသီတာဆိုသူ တခုလပ်အမျိုးသမီးနှင့် လက်ဆက်ခဲ့သည်။ ဆရာတင်သည် မသီတာနှင့် သားသမီးမထွန်းကားခဲ့ ဘဲ ဇနီးသည်မှ ပါလာသည့် သားမောင်တေနောင်မှာလည်း အသက် ၁၄ နှစ် အရွယ်တိမ်းပါးသွားခဲ့လေသည်။
ဆရာတင်သည် ၀ိုင်အမ်ဘီအလွတ်ပညာသင်ကျောင်းကို ထူထောင်ပြီး မကြာမီတွင် ၀ိုင်အမ်ဘီတီးဝိုင်းကို တည်ထောင်ခဲ့သည်။ ယင်းဂီတ၀ိုင်းကို စန္ဒရားကိုဘသော်၊ တယောကိုဘကြွေနှင့် ကိုဘကြူ၊ ဂီတာကိုဘ၀င်း၊ ဘင်ဂျို ကိုဖူး၊ တာပလာကိုသက်ရှည်၊ အဆိုကိုဘငြိမ်း၊ ကိုဘိုးဖေ၊ ကိုအောင်ခိုင်တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဆရာတင်သည် နေ့ဘက်တွင် သီချင်းရေးဖွဲ့ပြီး ညဘက်၌ စာသင်သည်။
ကျောင်းဆရာဘ၀တွင် ပထမဆုံးရေးစပ်သီကုံးခဲ့သော သီချင်းမှာ `အာကာသဇိုး´ ဖြစ်သည်။ အဆိုပါသီချင်းကို အငြိမ့်မင်းသမီး မြခြေကျင်း မငွေမြိုင်ကို သီဆိုစေရာ လူကြိုက်များထင်ပေါ်ကျော်ကြားလာခဲ့သည်။ ပထမကမ္ဘာစစ် (၁၉၁၄-၁၈) အထိမ်းအမှတ် မန္တလေးမြို့ ဥပုသ်တော်ကုန်းတွင် ကျင်းပသောအခါ ဆရာတင်ရေးစပ်သည့် `ပထမကမ္ဘာစစ်´ သီချင်းကို မငွေမြိုင်အား သီဆိုစေရာ စစ်သားများအားလုံး မတ်တပ်ရပ်ပြီး အလေးပြုခဲ့ကြသည်။ ထို့နောက် မင်းသမီး ဥသြမယ်တင်အတွက် `ဟေမာန်တွင်း´ သီချင်း၊ ဥက္ကလာအေးကြည်အတွက် `ရွှေနွယ်ရိုး´ သီချင်း စသည်တို့ ရေးဖွဲ့ပေးခဲ့သည်။
၁၉၂၇ ခုနှစ်တွင် ဆရာတင်သည် ၀ံသာနုသီချင်းများကို စတင်ရေးဖွဲ့ကာ အငြိမ့်မင်းသမီး အဝေရာကြည်၊ ပျော်တော်ဆက် မတင်အောင်၊ ယုဇန ခင်သန်းကြည်၊ မင်္ဂလာအုန်းကြင်၊ ဂီတမယ် လှလေးစိန် တို့အား သီဆိုစေခဲ့သည်။
၁၉၂၈ ခုနှစ်တွင် ၀ိုင်အမ်ဘီတီးဝိုင်းအဖွဲ့ဝင် ဦးဘသိန်းက ရုပ်ရှင်ကုမ္ပဏီ ထောင်ကာ `ဗိုလ်ဆင်တောင်´ ဇာတ်ကားရိုက်ကူးခဲ့ရာ ၀ိုင်အမ်ဘီဆရာတင်က ဇာတ်ညွှန်းနှင့် ဒါရိုက်တာအပြင် ဇာတ်ဝင်သီချင်းများကိုပါ ရေးစပ်ပေးခဲ့သည်။ ကယားပြည်နယ်၌ မင်းသား ဘသိန်း၊ မင်းသမီး မစောတင်နှင့် ရိုက်ကူးခဲ့သည်။ မန္တလေးသို့ ပြန်လာစဉ် ဇနီး ဒေါ်သီတာနှင့် အကြောင်းမတိုက်ဆိုင်ဘဲ ကွာရှင်းပြတ်စဲခဲ့ကြသည်။ သို့ဖြင့် မန္တလေးမှ ရန်ကုန်သို့ တိတ်တဆိတ် ထွက်ခွာကာ လန်ဒန်အတ်ဦးအုန်းမောင်ထံ၌ ရုပ်ရှင်သီချင်းများ ရေးစပ်ကာ နေထိုင်ခဲ့သည်။ ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီနှင့် မြန်မာအဆွေရုပ်ရှင်ကုမ္ပဏီတို့အတွက်လည်း သီချင်းများ ရေးပေးခဲ့သည်။
ဆရာတင်သည် ရန်ကုန်မြို့၌ နေထိုင်စဉ်အတွင်း မန္တလေးဗုဒ္ဓဘာသာအထက်တန်းကျောင်းတွင် ရင်းနှီးခဲ့သော မိတ်ဆွေဟောင်း သခင်ဘသောင်း နှင့်ပြန်လည် တွေ့ဆုံရာမှ မူလဓါတ်ခံ မျိုးချစ်စိတ်ဓါတ်မှာ ပြန်လည်နိုးကြားလာခဲ့သည်။ ဤသို့ဖြင့် `တကောင်းအဘိရာဇာ´ အစချီ တို့ဗမာသီချင်းများကို ၁၉၂၉ ခုနှစ် ခန့်တွင် ရေးဖွဲ့သီကုံးပေးခဲ့သည်။ သခင်ဘသောင်းက လိုအပ်သည့်အချက်အလက်များကို ဖြည့်စွက်၍ အကြံဥာဏ်များပေးခဲ့ကြသည်။ ၁၉၃၀ ပြည့်နှစ် မေလ ၃၀ တွင် သခင်ဘသောင်းသည် တို့ဗမာအစည်းအရုံး ဗဟန်းရပ်၌ တည်ထောင်သောအခါ ဆရာတင်လည်း သခင်အစည်းအရုံးသို့ဝင်ရောက်ခဲ့ရာမှ ၀ိုင်အမ်ဘီသခင်တင် ဖြစ်လာခဲ့သည်။
ထို့နောက် ၁၉၃၀ ပြည့်နှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ၀ိုင်အမ်ဘီဆရာတင်ရေးစပ်ခဲ့သည့် တို့ဗမာသီချင်းရန်ကုန်တက္ကသိုလ် သထုံဆောင် သဟာယနှင့် စာဖတ်ခန်းမတွင် ဧည့်ပရိသတ်အခမ်းအနားဖြင့် ပထမဆုံး သီဆိုခဲ့သည်။ အဆိုပါသီချင်းကိုပင် နောက်တနေ့ ဇူလိုင် ၂၀ ရက်တွင် လူထုပရိသတ်တောင်းဆိုမှုကြောင့် ရွှေတိဂုံစေတီတော်ရှိ ရာဟုထောင့်ရှိ ဦစံထွန်းဒေါ်နှစ် ဇရပ်၌ လူထုအခမ်းအနားဖြင့် သီဆိုပေးခဲ့ပြန်သည်။ သီချင်းဆိုသည့်အခမ်းအနား၌ တို့ဗမာသီချင်းစာသားစာရွက်တစ်စောင်လျှင် တစ်ပဲဖြင့် ရောင်းချရာ ရောင်းမလောက် ဖြစ်ခဲ့ရသည်။
တို့ဗမာသီချင်း နာမည်ကြီးလာသောအခါ ပန်းတနော်မြို့ အမျိုးသားကျောင်းဆရာ ဦးသန့် (နောင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်) တို့က ဖိတ်ကြားသဖြင့် ၀ိုင်အမ်ဘီဆရာတင်နှင့် အဖွဲ့က တို့ဗမာသီချင်းသွားရောက် ဆိုပြခဲ့ကြသည်။ အဆိုပါ တို့ဗမာသီချင်းကို နောက်ပိုင်းတွင် ဓာတ်ပြားသွင်းခဲ့ရာ နိုင်ငံတ၀ှမ်းပျံ့နှံ့သွားခဲ့သည်။
ဝိုင်အမ်ဘီဆရာတင်ရေးစပ်၍ ကိုယ်တိုင်သီဆိုခဲ့သော တို့ဗမာသီချင်းစာသားမှာ အောက်ပါအတိုင်းဖြစ်သည်-
၁။ တကောင်းအဘိရာဇာ တို့ဗမာသာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာ ယိုးဒယားနဲ့ကုလားကိုပါ တိုက်ခိုက်ခဲ့တာ အောင်ခဲ့တာ တို့ဗမာ၊ စိန်မှန်ကင်းအစစ် အဖြစ်ကြီးဖြစ်လျက် ထင်းတစ်လှည့်ကြုံရ၊ ထုံးနဲ့မသွေ လောကဓမ္မတာပေ၊ ငါတို့ကံခေဖြစ်ရပြန်သလေ၊ သို့သော် အရင်းကို စစ်လျှင် ဗမာပြည်… ငါတို့ပြည်။
နောင် ဥဒါန်းဘယ်မကြေစရာ ရာဇ၀င်တင်ထား မျိုးရိုးနွယ်က ကမ္ဘာတစ်ခွင်လုံးမှာဖြင့် ဗမာအထင်အရှား၊ တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား၊ တို့ဗမာ တို့ဗမာ မဟုတ်လေသလား၊ (တို့ဗမာ ငါတို့ဗမာ)၂ (ဒါ ငါတို့ဗမာ )၂ အားလုံးညီညီယောက်ျားဘသား တို့ဗမာ နောင်လာနောင်သား ကောင်းစာဖို့ရာ တို့ကိုယ်ကျိုးလုံးလုံးမပါ၊ ရဲရဲဗမာပီပီ ဗမာပြည် တို့ဗမာဖို့ပါ။ သခင်ကျင့်ကို ကျင့်ကြပါ။ သခင်မျိုးဟေ့ တို့ဗမာ၊ မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့ ဇာမဏီသွေးတို့ဗမာ။
၂။ သံပြိုင် (ကမ္ဘာမကြေ ဗမာတွေ ဒါ ဒို့ပြည် ဒါ ဒို့ပြည် ဒါ ငါတို့ပြည်)၂ (တို့ဗမာ)၂ ပြည်ကို တိုင်းရင်းသား အကုန်အစင် တို့ပြည်လို့ မှတ်ထင် တို့ဝတ္တရားပင် တို့ဗမာသခင်။
၃။  (သြော်…. အမျိုးသားရေး ကြိုးပမ်းကြပါ။ တို့ဗမာ ဟေ့ တို့ဗမာ၊ သြော်…. အမျိုးသားရေး အားပေးကြပါ။ တို့ဗမာ ဟေ့ တို့ဗမာ၊ အရှေ့က နေ၀န်းထွက်သည့်ပမာပ တို့ခေတ်ကိုသာ ရောက်ရတော့မှာ မလွဲပါ။ တို့ဗမာ ဟေ့ တို့ဗမာ၊ ဗမာပြည်တ၀ှမ်း အကုန် ဒို့ အိမ်မှတ်ပါ တို့ဟာ မှတ်ပါ၊ အဲဒါ တို့ဗမာ)၂
၎။ သံပြိုင် (ကမ၁ဘာမကြေ တို့ဗမာပြည်)
ဤသို့ဖြင့် တို့ဗမာသီချင်းသည် လူသိများကျော်ကြားလာပြီးနောက် ၁၉၃၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ပြည်မြို့၌ ကျင်းပသောဒုတိယအကြိမ် မြောက် နှစ်ပတ်လည်ညီလာခံတွင် တို့ဗမာသီချင်းကို အမျိုးသားသီချင်းအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်လိုက်ကြသည်။
ယင်းနောက် ၁၉၃၈ တွင် မြင်းခြံနှစ်ကျိပ်ရှစ်ဆူလှည့်လည်ပွဲ၌ နဂါးနက်ယိမ်းအဖွဲ့အတွက် ဆရာတင်က `ရွှေကိုယူသည်၊ငွေကိုယူသည်၊ ပြီးတော့ လူကိုပါယူသည်၊ အမျိုးပျောက်မှာ စိုးကြောက်ပါသည်´ စသည့် စာသားများပါ တေးသီချင်းကို ရေးဖွဲ့သီကုံးပေးခဲ့ရာမြင်းခြံရာဇဝတ်ဝန်၏ တားမြစ်ခြင်းကို ခံခဲ့ရသည်။ ယိမ်းအဖွဲ့ခေါင်းဆောင်မှာ ၆ လ အကျဉ်းချခံထားခဲ့ရရာ ဆရာတင်သည် များစွာစိတ်မကောင်း ဖြစ်ခဲ့ရသည်။
ခေတ်အပြောင်းအလဲတွင် ၀ိုင်အမ်ဘီဆရာတင်သည် ဆည်ဝန်ထောက်လှေသင်းမောင်မောင် (လှေသင်းအတွင်းဝန်မင်း ဦးရွှေမောင်၏ သား) လက်အောက်၌ ဆည်မြောင်းအင်စပက်တော်ဝင်လုပ်သည်။ ဆရာတင်သည် အလုပ်တွင် ဟန်ပြပြီး မြေအောက်ဖက်ဆစ်ဂျ ပန်တော်လှန်ရေး လုပ်နေခြင်းဖြစ်သည်။ ၁၉၄၅ ခုနှစ် မတ်လအတွင်း အထက်ဗမာပြည်တိုင်းမှူး ဗိုလ်မှူးဗထူး၏ မြန်မာ့တပ်မတော်နှင့် မဟာမိတ်တို့အကြား ဆရာတင်သည် ဆက်သွယ်ရေးတာဝန်ခံဖြစ်သည်။ ယင်းနောက် စစ်ကြီးပြီးချိန်တွင် တပည့်မောင်ဖူးအိမ်တွင် အတူနေထိုင်ခဲ့သည်။
ဆရာတင်သည် တပည့်မောင်ဖူးအား အလွန်ချစ်ခင်ရှာသည်။ တခါတရံ ဆရာတပည့်နှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်များပြောဆိုနေတတ်ကြ၏။ ၀ိုင်အမ်ဘီဆရာတင်ရေးစပ်သီကုံးခဲ့သော တို့ဗမာသီချင်းကို အခြေခံလျက် `တရားမျှတလွတ်လပ်ခြင်းနဲ့ မသွေ၊တို့ပြည်၊ တို့မြေ၊ များလူခပ်သိမ်းငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြည်၊ တို့ပြည်တို့မြေ၊ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ၊ အဓိဋ္ဌာန်ပြုပေ၊ ထိန်းသိမ်းစို့လေ´ ဟူသော ခြေဆင်းပိုဒ်နှင့် တေးသွားနှင့်စာသားကို မှီး၍ `ကမ္ဘာမကြေ မြန်မာပြည်´ စာသားဖြည့်သွင်း၍ နိုင်ငံတော်သီချင်း အဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။
ဆရာတင်ရေးစပ်ခဲ့သော သီချင်းများစွာအနက် လူသိများသည့် သီချင်းအချို့မှာ-
၁။ အာကာသဇိုး  (မငွေမြိုင်ဆို)
၂။ ပထမကမ္ဘာစစ်အောင် (မငွေမြိုင်ဆို)
၃။ ဒို့ဗမာသီချင်း  (ဆရာတင်ကိုယ်တိုင်ဆို၍ ဓာတ်ပြားသွင်းခဲ့)
၎။ အမျိုးသားသီချင်း (၁၉၄၈ ခုနှစ်) ဆရာတင်၏ ဒို့ဗမာသီချင်းအသွားကို တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ အစချီသော
ဆီလျော်သော စာသားသွင်းခဲ့သည်။)
၅။ မိုးဒူးနဲ့တိုက်  (ဆရာတင်ကိုယ်တိုင်သီဆို၍ ဓာတ်ပြားသွင်းခဲ့)
၆။ သခင်သီချင်း
၇။ မော်တော်ကားသီချင်း (မြန်မာညွန့်အဖွဲ့ မင်းသမီးတလိုင်းမမြကျင်ဆို)
၈။ အုံ့ပုန်းချစ်  (၀င်းဦးပြန်လည်သီဆိုသည်)
၉။ အချစ်၏ ကျေးကျွန်
၁၀။ လက်ရုံးစစ်ချီ
၁၁။ ၀ံသာနု  (လူရွှင်တော်ကြီးဦးချစ်ဖွယ်ဆို)
၁၂။ မီးတုတ်  (လူရွှင်တော်ကြီးဦးချစ်ဖွယ်ဆို)
၁၃။ အောင်တော်မူ
၁၄။ ရွှေနွယ်ရိုး
၁၅။ လူကလေး
၁၆။ ဦးအောင်ဇေယျ
၁၇။ မယ့်ဖူးစာ
၁၈။ ပလုတ်တုတ်တုတ်
၁၉။ ပါးချိုင့်လေး   (စစ်ကြိုခေတ်က တက္ကသိုလ်ဖေသန်းဆိုခဲ့ပြီးဝင်းဦးပြန်လည်ဆို)
၂၀။ တောင်သူလယ်သမားသီချင်း
၂၁။ နှစ်ပါးသွားသီချင်း (ရွှေမန်းတင်မောင်ဇာတ်အဖွဲ့၌ စာရေးဆရာအဖြစ် လုပ်ကိုင်စဉ်အတွင်း ရွှေမန်းတင်မောင်အတွက်
ရေးစပ်ခဲ့သောသီချင်း) တို့ဖြစ်သည်။
ထို့အပြင် ၀ိုင်အမ်ဘီဆရာတင်သည် ရုပ်ရှင်ဇာတ်ကားအချို့၌လည်း ပါဝင်ရိုက်ခဲ့သေးရာ ၄င်းပါဝင်ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကား
များမှာ-
၁။ တော်မြိုင်လယ် (၁၉၂၄) အသံတိတ်၊ မန္တလေးအောင်ဇေယျရုပ်ရှင်၊ ဒါရိုက်တာ ဦးဘစိန်၊ မင်းသားမောင်မြမောင်၊ မင်းသမီး ဘီဘီ ခေါ် မဘီ၊ ၀ိုင်အမ်ဘီဆရာတင်က Art title Dialogue စကားပြောစာတန်းကို ရေးသားပေးခဲ့သည်။ ထိုစဉ်က အင်္ဂလိပ်-မြန်မာ စာတန်းထိုးကြသည်။
၂။  ဗိုလ်ဆင်တောင် (၁၉၂၈) အသံတိတ်၊ မန္တလေးအောင်ဇေယျရုပ်ရှင်၊ ၀တ္ထု ဇာတ်ညွှန်း ဒါရိုက်တာ ၀ိုင်အမ်ဘီဆရာတင် လူရွှင်တော် အဖြစ် ပါဝင်ခဲ့သည်။
၃။  လွတ်ပြီကျွတ်ပြီ (အသံတိတ်) အေ၀မ်းဖလင်၊ ဒါရိုက်တာ ဦးဘရှင်၊ မင်းသား ကျော်ဆွေ၊ မင်းသမီး မေမြ၊ ၀ိုင်အမ်ဘီဆရာတင် ဇာတ်ရံ။ ယင်းဇာတ်ကားကို ၁၉၄၈ ခုနှစ် မတ်လ ၆ ရက်နေ့တွင် စတင်ပြသခဲ့သည်။)
၎။  ကမ္ဘာမကြေ (အသံတိတ်) အေ၀မ်းဖလင်၊ မင်းသား ခင်မောင်၊ မင်းသမီး မေမြ၊ ချန်ထွန်းကြီး၊ သောကြာ၊ ၀ိုင်အမ်ဘီဆရာတင် (မထင်မရှားဆိုက်ပတ် Side part အဖြစ်ပါဝင်) ယင်းကားသည် ၁၉၄၈ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် စတင်ပြသသည်။
သို့ကလို လွတ်လပ်ရေးတိုက်ပွဲဝင် အမျိုးသားဂီတစာဆိုတော်ကြီး ၀ိုင်အမ်ဘီဆရာတင်သည် ရန်နိုင်စိန် ဦးစီးသော ပြဇာတ်အတွက်သီချင်းများသားပေးနေစဉ်အတွင်း မြန်မာ့လွတ်လပ်ရေးရရှိပြီး ၆ လ အကြာ ၁၉၄၈ ခုနှစ် သြဂုတ်လ ၈ ရက် နံနက် ၅ နာရီတွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ပန်းနာရောဂါဖြင့် ကွယ်လွန်သွားခဲ့လေသည်။ `ကိုယ့်မင်းကိုယ့်ချင်းနှင့် နေချင်ပြီဗျာ´ ဟု မကြာခဏပြောလေ့ရှိသော ဆရာတင်သည် လွတ်လပ်ရေးရပြီးနောက်မှ ကွယ်လွန်သွားရာ ၄င်းဆန္ဒပြည့်ဝစွာဖြင့် ဘ၀ကူးကောင်းခဲ့သူဟု ဆိုရပေမည်။ ကြွင်းကျန်သော ရုပ်ကလာပ်ကို ကြံတောသုဿာန်၌ သင်္ဂြိုဟ်ခဲ့သည်။ ကွယ်လွန်ပြီး ၂ နှစ်အကြာ ၁၉၅၀ ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့နှစ်ပတ် လည်နေ့တွင် နိုင်ငံတော်သမ္မတကြီး စ၀်ရွှေသိုက်က ဆရာတင်အား ၀ဏ္ဏကျော်ထင်ဘွဲ့ နှင့် ရွှေတံဆိပ်ကို ပေးအပ်ချီးမြှင့်ခဲ့ရာ ဆရာတင်ကိုယ်စားအစ်မကြီး ဒေါ်မိနှင့် ခင်ပွန်း ဦးလုံး တို့မှ ဖွားမြင်သော တူမ ဒေါ်သက်ရှည်က မျက်ရည်လည်ရွှဲဖြင့် ဆုတက်ယူခဲ့သည်။
ယခုအခါ ဂီတစာဆို ၀ိုင်အမ်ဘီဆရာတင်ရေးသားခဲ့သော သီချင်းများနှင့်ပတ်သက်၍ အမွေဆက်ခံသူအဖြစ် ဒေါ်သက်ရှည်၏သမီးဒေါ်ညွန့်ညွန့်စိန်က တရားဝင်အမွေဆက်ခံကြောင်း သတင်းစာရှင်းလင်းပွဲကို ပြုလုပ်၍ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ကချုပ်ဆိုခဲ့သည့် ၀ိုင်အမ်ဘီဆရာတင်ရေးခဲ့သည့် သီချင်းများ မူပိုင်သူအဖြစ် တရားဝင်လွှဲအပ်သော စာချုပ်အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ မူပိုင်ခွင့်လွှဲအပ်သည့် စာချုပ်၏ သက်သေများအဖြစ် ဆရာဝန်တင်မောင်ကြည်နှင့် ဆရာသိုက်ထွန်းသက်တို့က အသိသက်သေ လက်မှတ်ရေးထိုးကြသည်။
ဝိုင်အမ်ဘီဆရာတင်၏ တရားဝင်အမွေဆက်ခံသူ ဒေါ်ညွန့်ညွန့်စိန်၏ မိသားစုမျိုးရိုးမှာ အောက်ပါအတိုင်းဖြစ်သည်-
ဦးရန်အောင် + ဒေါ်သိန်း
ဆရာတင် (သားသမီးမရှိ)            ဒေါ်မိ (နှမ)
ဒေါ်သက်ရှည်      (မောင်) ဦးဘရီ
ဒေါ်ညွန့်ညွန့်စိန်        သားသမီး မရှိ
သား (၃)၊ သမီး (၁)
(ကိုကျော်ကျော်ထွန်း၊ ကိုမောင်မောင်ထွန်း၊ ကိုဇော်ဇော်ထွန်း၊ မယုယုဖြိုး)
စာကိုး
၁။ သန်းဝင်းလှိုင်၊ အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန် ပထမတွဲ၊ ပညာရွှေတောင်စာပေ၊ ၂၀၁၀။
၂။ ရွှေသွေး၊ ၀ိုင်အမ်ဘီဆရာတင်အတ္ထုပ္ပတ္တိ ရန်ကုန်၊ ပင်မရေစီးစာပေ၊ ပထမအကြိမ်၊ ၁၉၆၅။
၃။ ပြည့်စုံ `၀ိုင်အမ်ဘီဆရာတင်´ Northern Star Journal (၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်)
Ba Kyaw (Magawe) - Poem
ငါတို့ ... ဖြောင့်မတ်ရမယ်
ဘကျော် (မကွေး)
ဧပြီ ၂၅၊ ၂၀၁၃
ရိုးသားဘို့အတွက်
ဖြောင့်မတ်ဘို့လိုတယ်
တကယ်တော့--
ပျော်ရွှင်ကစားရတယ်ဆိုတာ
အချိန်တိုတိုလေးပါ၊
ကိုယ်အနိုင်ရဘို့
လက်ထိဘောမဖမ်းချင်ပါနဲ့
စည်းကမ်းတွေ
အမျိုးမျိုးချ
အားနည်းသူကို အနိုင်မယူချင်ပါနဲ့
ငါတို့ ... ဖြောင့်မတ်ရမယ်
ရိုးသားဘို့အတွက်
ဖြောင့်မတ်ရမယ်။   ။
အရှုံးအနိုင်ဟာ
ထာဝရမဟုတ်ဘူးဆိုရင်
ခင်မင်ပေါင်းစည်းခြင်းက
ခိုင်မြဲပါစေ၊
ကိုယ်အသာရဘို့
ဟန်ဆောင်အပြုံးတွေမပေးပါနဲ့
ကတိတွေအမျိုးမျိုးပေးပြီး
ချွေးသိပ်လှည့်ဖျားတာမျိုး
မလုပ်မိပါစေနဲ့
ငါတို့ ... ဖြောင့်မတ်ရမယ်၊
ရိုးသားဘို့အတွက်
ဖြောင့်မတ်ရမယ်။         ။
အမြင့်ရောက်ရင်
လေတိုက်တာမှန်ပေမဲ့
လေဟုန်စီးပြီး
ခရီးသွားရတဲ့ငှက်
အတောင်မညောင်းဘို့
စဉ်းစားရမယ်၊
သွားတာခြင်းတူပေမဲ့
လှမ်းတာခြင်းမတူရင်
မင်းနောက်ကျနေတာ
အကောက်ကြံဘို့မဟုတ်ဘူး
သတိပြုပါ
ငါတို့--ဖြောင့်မတ်ရမယ်
ဖြောင့်မတ်ဘို့အတွက်
ရိုးသားရမယ်။   ။
MECTel monopolized Myanmar Telecom market
ပွင့်လင်းမြင်သာမှုမရှိသော သမ္မတကြီးဦးသိန်းစိန် အစိုးရ၊ မြန်မာ့ဆက်သွယ်ရေး နှင့် MECTel
(ဖုံး)နတ်သား၊ ဧပြီ ၂၅၊ ၂၀၁၃
          မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယနေ့အချိန်အခါတွင် ဘယ်အချိန်က အော်ပရေတာ လျှောက်ထားပြီး ဘယ်အချိန်က ခွင့်ပြုခဲ့တယ် ဆိုတာကို အများပြည်သူ မသိလိုက်ရပဲ စစ်တပ်ပိုင်မြန်မာစီးပွားရေး ဦးပိုင်လီမီတက်၏ MECTel (မြန်မာစီးပွားရေး ကော်ပရေးရှင်း)သို့ ဟိုလိုလို ဒီလိုလိုဖြင့် MECTel (မြန်မာစီးပွားရေး ကော်ပရေးရှင်း) တံဆိပ် ပါရှိသည့် ဖုန်းကဒ်များ ရောင်းချခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။
ဒီရက်ပိုင်း သတင်းတချို့ဖက်ကြည့်ရာတွင်
" တင်ဒါဝင်ပြီးတော့ ဖုန်းကတ်တွေ ထုတ်တာမဟုတ်ပါဘူး၊ ဆက်သွယ်ရေးက ပထမ အော်ပရေတာ ဖြစ်ပြီး MEC က ဒုတိယအော်ပရေတာအနေနဲ့ ယူပြီး လုပ်တာဖြစ်တာကြောင့် မြန်မာ့ဆက်သွယ်ရေးရဲ့ လက်အောက်ခံလို့ ပြောလို့ ရပါတယ်" တဲ့ ၊
 ဘယ်တုန်းကများ ဘယ်သူ့ ခွင်ပြုချက်နဲ့လုပ်ခွင့်ရထားပါလိမ့်တကယ်ကိုအံ့သြစရာပဲနော်၊ သမ္မတကြီးဦးသိန်းစိန် အစိုးရလက်ထက်မှာ အခုလိုမျိုး ပေါ်ပေါ်ထင်ထင် ကိစ္စတွေတင်မက အခြားသော ကိစ္စများတွင်လည်း ပွင့်လင်းမြင်သာမှုမရှိတာ အများကြီးပါ ၊တကယ်တော့ အပြောင်းအလဲ ကာလဆိုပြီး  ရောရောချနေခြင်းဖြစ်သည်။
မြန်မာစီးပွားရေး ဦးပိုင်လီမီတက်သည် စီးပွားရေးလုပ်ငန်းများအား လက်ဝါးကြီးအုပ်ရယူနေဆဲပင် ဖြစ်ပါသည်။
အရင်ကတည်းက  ယခုလို လုပ်ဖို့အစီအစဉ်ရှိနေပြီး မြန်မာ့ဆက်သွယ်ရေးကလိုလို ဘာလိုလိုနဲ့  စစ်တပ် မှ အထက်မြန်မာပြည်နေရာ တော်တော်မျုားများမှာ GSM Tower တိုင်တွေကိုစိုက်ထူလျက်ရှိနေတာပါ။တင်ဒါတွေ တင်ထားတဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေကို အချိန်ဆွဲထားပြီး ပြည်သူတွေကိုပါ ဘာမှ မသိဘူး ဆိုပြီးလုပ်ချင်သလို လုပ်နေကြတာပါ။
       ပြီးတော့ ဟိုတစ်လောက ဆက်သွယ်ရေးဝန်ကြီးဟောင်းနဲ့ အရာရှိတစ်ချို့ ရဲ့ လာဘ်ပေးလာဘ်ယူ အလွဲသုံးစားလုပ်မှုတွေကို စစ်ဆေးတာတွေဆိုရင်လည်း ပွင့်လင်းမြင်သာမူမရှိ  သလို မည်သို့ မည်ပုံ အရေးယူဆောင်ရွက်ခဲ့ခြင်းများ နောက်ဆက်တွဲများကို တုတ်ပြန်ကြေညာခြင်းများမရှိပေ။ထိုကိစ္စတွင် 
ထိရောက်သော အရေးယူဆောင်ရွက်မှုများ မရှိကြောင်း သိရှိရပါသည်၊
အလွဲသုံးစား လုပ်ထားသော ငွေများအား ပြန်လည်အပ်နှံသော အရာရှိများအားတာဝန်မှရပ်စဲခြင်း၊ ဌာန အပြောင်းအရွေ့များ လုပ်ခြင်း စသော ထိရောက်မှုမရှိသော အရေးယူခြင်းများဆောင်ရွက်ခဲ့ပါသည်။လက်ရှိတွင် လည်း လာဘ်ပေးလာဘ်ယူ အလွဲသုံးစားလုပ်မှုတွေ ဆက်လက်ရှိနေတုန်းပါ၊နေပြည်တော်ရှိ ဆက်သွယ်ရေး စီမံကိန်းရုံးမှာလည်း project များအတွက် စက်ပစ္စည်းများကို လိုအပ်သည်ထက်(မလိုအပ်ပဲ) ZTE, HUAWEI Company  များမှ ကော်မရှင်ရယူပြီး ၀ယ်ယူခြင်းများလည်း ရှိနေပါသည်။
       သမ္မတကြီးဦးသိန်းစိန် အစိုးရ နှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့အား ပွင့်လင်းမြင်သာမှု့ ရှိစေလိုပါကြောင်း၊ လာဘ်ပေးလာဘ်ယူ အလွဲသုံးစားလုပ်မှုများအား ထိရောက်သော အရေးယူေ ဆာင် ရွက်မှုများရှိစေလိုပါကြောင်း တင်ပြအပ်ပါသည်။
Letter to MoeMaKa (4) - Min Ko Naing by Aung Din
မိုးမခသို့ပေးစာများ အပိုင်း(၄) - အောင်ဒင်
(မိုးမခရေဒီယို အောက်တိုဘာ ၁၉ရက် ၂၀၀၃။ အစီအစဉ်တွင် ထုတ်လွှင့်သည့်ပေးစာ။)
"လူငယ်တစ်ယောက်အကြောင်း" နေ့စွဲ၊ အောက်တိုဘာ ၁၅၊ ၂၀၀၃ (နယူးယောက်)
(၁)
သမီးလေးမိုးမခရေ …
ဒီစာကို ဖေဖေရေးနေတဲ့အချိန်မှာ အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်ကျောင်းသားတွေဟာ မကြာခင်ဖြေဆိုကြ ရတော့မယ့်နှစ်လည်စာမေးပွဲအတွက် အသည်းအသန်ကြိုးစားကျက်မှတ်နေကြလေရဲ့။ အဲ့ဒီလိုကြိုးစားနေကြရတဲ့ ကြားက တက္ကသိုလ်၊ ကောလိပ်ပေါင်း(၄၇)ခုက ကျောင်းသားတွေဟာ ဖေဖေတို့မြန်မာနိုင်ငံက အကျဉ်းကျနေတဲ့ ကျောင်း သားခေါင်းဆောင် မင်းကိုနိုင်ရဲ့ မွေးနေ့ဖြစ်တဲ့ အောက်တိုဘာ ၁၈ရက်နေ့မှာ ၂၄နာရီ အစာငတ်ခံပြီး မင်းကိုနိုင်ကို ဂုဏ်ပြုကြမတဲ့။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြီးအကြောင်း မှတ်တမ်းတင် သတင်းရုပ်ရှင်ကား တွေကို သူတို့ရဲ့ ကျောင်းတွေမှာ ပြသပြီး မင်းကိုနိုင်နဲ့တကွ နိုင်ငံသားအကျဉ်းသားများလွတ်မြောက်ရေးအတွက် တောင်းဆိုကြမတဲ့။ လေးစားချစ်ခင်ဖို့သိပ်ကောင်းတဲ့ ကျောင်းသားကလေးတွေပါသမီးရယ်။ သူတို့နဲ့ မိုင်ပေါင်း ထောင်ပေါင်းများစွာဝေးတဲ့ ကမBာ့တဘက်ခြမ်းနိုင်ငံတခုက အဖိနှိပ်ခံပြည်သူတွေအတွက်၊ သူတို့စိုးရိမ်ပူပန်နေကြ တယ်။ စာနာထောက်ထားကြတယ်။ သွေးစည်းချစ်ကြည်ကြတယ်။ အနိဌာရုံတွေများလှတဲ့ ဟော့ဒီကမBာကြီး မပျက် မစီးပဲ တည်တံ့ခိုင်မြဲနေတာ ဒီလိုသာမန်ပြည်သူတွေရဲ့ အပြန်အလှန်နားလည်ချစ်ခင်မှုကြောင့်ပေါ့။
(၂)
၁၉၆၂ခုနှစ်၊ အောက်တိုဘာ(၁၈)နေ့မှာ ဖခင်ကြီး ဦးသက်ညွန့်၊ မိခင်ကြီးဒေါ်လှကြည်တို့က ဖွားမြင်ခဲ့တဲ့ တတိယ မြောက်ရင်သွေး ပေါ်ဦးထွန်းဆိုတာ ဖေဖေတို့ရဲ့မင်းကိုနိုင်ပေါ့ကွယ်။ သူကိုမွေးတော့ ငလျှင်ကြီးတွေ မလှုပ်ခတ်ခဲ့ပါ ဘူး။ ဥက္ကာပျံတွေလည်း မေºကကျခဲ့ပါဘူး။ သူ့ရဲ့ငယ်ဘ၀ဟာလည်း မြန်မာတနိုင်ငံလုံးက လူငယ်ထုတရပ်လုံးနဲ့ ထပ် တူထပ်မျှပါပဲ။ ကျောင်းတက်တယ်။ ကျောင်းပြေးတယ်။ စာသင်ခန်းထဲမှာ ၀တ္ထုစာအုပ်ခိုးဖတ်တယ်။ ရုပ်ရှင်ကြည့် တယ်။ ဂစ်တာတီးတယ်။ ကဗျာစပ်တယ်။ သီးချင်းဆိုတယ်။ ရန်ဖြစ်တယ်။ အဖေါ်ကောင်းရင် ခရီးသွားတယ်။ ကျောင်းစာထက် ပြင်ပဗဟုသုတကိုပိုပြီး စိတ်ဝင်စားတယ်။ ပြဌာန်းစာအုပ်ထဲမှာမပါတဲ့ သမိုင်းအစစ်အမှန်တွေကို ပတ်ဝန်းကျင်မှာသင်ယူတယ်။
သမီးရေ၊ ၁၉၈၀ခုနှစ်များအတွင်းက ဖေဖေတို့ ရန်ကုန်သင်္ကြန်ပွဲတော်မှာ အင်မတန်ရေပန်းစားတဲ့သံချပ်အဖွဲ့ တဖွဲ့ ရှိခဲ့တယ်။ "ဆိတ်ပါးစပ်နဲ့ နတ်မျက်စိ"တဲ့။ အခြားအဖွဲ့များလို အလှအပနဲ့ဝတ်စားဆင်ယင်မှုကို အဓိက မထားပဲ ခေတ်ရဲ့ ကမောက်ကမဖြစ်မှုတွေကို ကွက်ကွက်ကွင်းကွင်းလှောင်ပြောင်ဝေဖန်တဲ့ သံချပ်တွေနဲ့ ပရိသတ်ကို ဆွဲဆောင် နိုင်ခဲ့တယ်။ ပေါ်ဦးထွန်းဟာ အဲ့ဒီ "ဆိတ်ပါးစပ်နဲ့ နတ်မျက်စိ"သံချပ်အဖွဲ့ရဲ့ အတိုင်ခေါင်းဆောင်တယောက် ဖြစ်ခဲ့ တာပေါ့။
အဲ့ဒီလိုပြင်ပလှုပ်ရှားမှုတွေများလွန်းလို့လည်း ၁၀တန်းစာမေးပွဲကို တဘုန်းဘုန်းကျပြီး၊ ၁၉၈၅ခုနှစ်ကျမှပဲ အောင်မြင် တော့တယ်။ ၁၉၈၆၊ ၁၉၈၇ခုနှစ်တွေမှာ ရန်ကုန်တက္ကသိုလ်၊ ဗိုလ်တထောင်နယ်မြေမှာ ပထမနှစ်၊ ဒုတိယနှစ် သင်တန်းများကို တက်ရောက်အောင်မြင်ပြီး ၁၉၈၈ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ်ပင်မမှာ၊ တတိယနှစ်၊ သတ္တဗေဒ အဓိက ကျောင်းသားတယောက်ဖြစ်လာခဲ့တယ်။ အဲ့ဒီ ၁၉၈၈ခုနှစ်ဟာလည်း ပေါ်ဦးထွန်းအပါအ၀င် ဖေဖေတို့ အားလုံးရဲ့ ဘ၀တွေကို အကြီးအကျယ်ပြောင်းလဲပစ်လိုက်တဲ့ နှစ်ပေါ့။
(၃)
၁၉၈၈ခုနှစ်၊ မတ်လ ၁၃ရက်နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေဟာ မဆလအစိုးရရဲ့ လုံထိန်းတပ် သားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကိုခံရပြီး ကိုဘုန်းမော်၊ ကိုစိုးနိုင်စတဲ့ ကျောင်းသားတခိျု့ သေနတ်ဒဏ်ရာနဲ့ကျ ဆုံးခဲ့ရတယ်။ အဲ့ဒီအနိဌာရုံအဖြစ်အပျက်ဟာ ရန်ကုန်တက္ကသိုလ်ကိုပါ ကူးစက်ပံျ့နှံ့ပြီး စက်မှုတက္ကသိုလ်ကျောင်းသား တွေကို အားပေးရိုင်းပင်းဖို့ချီတက်လာတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေဟာ ပြည်လမ်းမကြီးအပေါ်၊ အင်းလျား ကန်ကြီးရဲ့အရှေ့၊ တံတားဖြူလို့ခေါ်တဲ့နေရာမှာ လုံထိန်းတပ်သားတွေရဲ့ အကြမ်းဖက်ဖြိုခွဲခြင်းခံရတယ်။ စစ်ပုလိပ် တွေရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ ရိုက်နှက်မှုတွေအောက်မှာ ကျောင်းသားများစွာ အသတ်ခံခဲ့ရတယ်။ အဲ့ဒီ လူသတ်ပွဲ ကြီးကနေ အသက်မသေပဲ လွတ်မြောက်လာတဲ့ပေါ်ဦးထွန်းအဖို့ သွေးစွန်းနေတဲ့ပြည်လမ်းမကြီးနဲ့ အနီရောင်ဖြစ်သွား တဲ့တံတားဖြူကို ဘယ်တော့မှ မေ့မရနိုင်တော့ဘူး။ အဲ့ဒီကစလို့ ပေါ်ဦးထွန်းနဲ့ ကျောင်းသားသူငယ်ချင်းများရဲ့ မဆလ အစိုးရ ဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုကြီးပေါ်ပေါက်ခဲ့ပြီး ဇွန်လအရေးအခင်း၊ အဲ့ဒီနောက် ၁၉၈၈ သြဂုတ်လ ၈ရက်နေ့မှာ တတိုင်းပြည်းလုံး အုံºကပါဝင်တော်လှန်ကြတဲ့ ဒီမိုကရေစီအရေးတော်ပုံကြီး ရှင်သန်ထမြောက်ခဲ့တာ ပေါ့။ ပေါ်ဦးထွန်းဟာလည်း မင်းကိုနိုင်အဖြစ်ကို ရောက်ရှိခဲ့တာပေါ့။
၁၉၈၈၊ သြဂုတ်လ ၂၈ရက်နေ့၊ ရန်ကုန်တက္ကသိုလ် သမဂ္ဂမြက်ခင်းပြင်မှာ ကျင်းပတဲ့ ကျောင်းသားထုညီလာခံကြီး ကနေ မင်းကိုနိုင်ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဥက္ကဌအဖြစ်ရွေးချယ်တာဝန်ပေးလိုက်ကြ တယ်။ ခွပ်ဒေါင်းတွေ တောင်ပံပြင်းပြင်းခတ်ပြီး မုန်တိုင်းကိုထွင်းဖောက်နေကြချိန်ပေါ့။
စစ်အုပ်စုရဲ့ သွေးရူးသွေးတမ်းအကြမ်းဖက်တုန့်ပြန်မှုအောက်မှာ ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ အပြစ်မဲ့ ပြည်သူထောင် ပေါင်းများစွာ ကျဆုံးခဲ့ကြရတယ်။ မြောက်များလှစွာသော ကျောင်းသားပြည်သူတွေနယ်စပ်ဒေသကို ထွက်ပြေးတိမ်း ရှောင်ကြချိန်မှာ မင်းကိုနိုင်ကတော့ လိုက်ပါမသွားခဲ့ဘူး။ ကျောင်းသားထုနဲ့ ကျောင်းသားသမဂ္ဂရှိရာ၊ ပြည်သူလူထု ကြီးရှိရာ ပြည်တွင်းမှာပဲ ငါနေမယ်လို့ေºကးကြော်ပြီး နယ်စပ်ဒေသကို ရှောင်တိမ်းဖို့ ငြင်းဆန်ခဲ့တယ်။ ဒီလိုနဲ့ ၁၉၈၉၊ မတ်လ၂၃ရက်နေ့မှာတော့ မင်းကိုနိုင်ဟာစစ်ထောက် လှန်းရေးများရဲ့ ဖမ်းဆီးခြင်းကိုခံရတော့တယ်။
(၄)
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ကြီးထဲမှာ၊ ဖေဖေတို့ သူငယ်ချင်းနှစ်ယောက်ပြန်ဆုံတွေ့ရတဲ့နေ့တနေ့ကို ဖေဖေ အမြဲတမ်းသတိရမိတယ်။ ၁၉၈၉၊ ဒီဇင်ဘာလရဲ့နေ့ရက်တရက်မှာပေါ့။ ဖေဖေ့ကို ထောင်ဝန်ထမ်းတွေက အင်းစိန် ထောင်၊ ၁တိုက်၊ ၁ခန်းထဲကနေ လာခေါ်ထုတ်ကြတယ်။ ထုံးစံအတိုင်း တကိုယ်လုံးကို စောင်ကြီးနဲ့အုပ်ပြီး မမြင် မကန်းနဲ့ သူတို့ခေါ်ရာလိုက်သွားရတာပေါ့။ ၁၅မိနစ်လောက်ကြာပြီး စောင်ကြီးကို ခွာလိုက်တော့ ဖေဖေဟာ အင်းစိန်ထောင်၊ အကူးတိုက်ဝင်းထဲက စစ်ကြောရေးရုံးထဲရောက်နေတယ်။ အထဲမှာလည်း အခြားနိုင်ငံရေးအကျဉ်း သားတခိျု့လည်း ရောက်နှင့်နေတာတွေ့ရတယ်။ အဲ့ဒီအထဲမှာ မင်းကိုနိုင်လည်းပါတာပေါ့။
(၅)
လူ့ဘ၀မှာ ရှင်လျှက်နဲ့ ကျရတဲ့ ငရဲခန်းတွေရှိတယ်ဆိုရင် အဲ့ဒါဟာ မြန်မာစစ်ထောက်လှမ်းရေးရဲ့ စစ်ကြောရေးစ ခန်းတွေက လွဲလို့ တခြားမရှိနိုင်ဘူး။ စစ်ထောက်လှန်းရေး ငရဲသားတွေက ညှင်းပန်းနှိပ်စက်နည်းမျိုးစုံသုံးပြီး မင်း ကိုနိုင်ကို ဒဏ်ခတ်ခဲ့ပေမယ့် အဲ့ဒီညှင်းပန်းနှိပ်စက်မှုတွေက မင်းကိုနိုင်ရဲ့သံမဏိဦးခေါင်းကို မပြောင်းညွတ် စေခဲ့ပါဘူး။
ဒီမိုကရေစီလှုပ်ရှားမှုဟာ မှားယွင်းတယ်လို့ဝန်ခံရင်၊ စစ်အုပ်စုကချမှတ်ထားတဲ့ ဥပဒေတွေကိုလေးစား လိုက်နာမယ် လို့ ကတိပြုရင်၊ အကျဉ်းထောင်ကနေပြန်လွှတ်ပေးမယ်လို့ စစ်အုပ်စုကအကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပေမယ့် မင်းကိုနိုင်က လက်မခံခဲ့ပါဘူး။ သူ့ရဲ့လွတ်မြောက်ရေးနဲ့ ဂုဏ်သိက္ခာကို အလဲအလှယ်မလုပ်ခဲ့ဘူး။ ဒါကြောင့်လည်း စစ်အုပ်စုက မင်းကိုနိုင်ကိုပိုပြီး အညှိုးကြီးကြီးနဲ့ ဖိနှိပ်တော့တာပေါ့။
၁၉၉၇ ခုနှစ်မှာ သူ့ကိုရန်ကုန်အကျဉ်းထောင်က နေ မိုင်ပေါင်း ခုနှစ်ရာကျော်ဝေးတဲ့ ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်ကိုပြောင်းရွှေ့ပစ်လိုက်တယ်။ အင်းစိန် ထောင်မှာတုံးက သူ့ရဲ့မိသားစုဟာ တလကိုနှစ်ကြိမ်၊ တကြိမ်ကို ဆယ့်ငါးမိနစ်လောက် မင်းကိုနိုင်ကိုသွားရောက်တွေ့ ဆုံနိုင်ခဲ့ပေမယ့် စစ်တွေထောင်မှာတော့ တနှစ်မှ တခေါက်၊နှစ်ခေါက်သာ သွားရောက်တွေ့ဆုံနိုင်တော့တယ်။ ၂၀၀၀ခုနှစ်မှာ မင်းကိုနိုင်ရဲ့ ပြစ်ဒဏ်ကာလပြည့်သွားခဲ့တယ်။ ဒါပေမယ့် အညှိုးကြီးသလောက် ကြောက်တတ်တဲ့ စစ်အုပ်စုက မင်းကိုနိုင်ကို ပြန်လွှတ်မပေးပဲ ဆက်လက်ချုပ်နှောင်ထားခဲ့တယ်။
အခုဆိုရင် မင်းကိုနိုင်ဟာ အကျဉ်းထောင်ကြီးထဲမှာ အကျဉ်းကျနေတာ ဆယ့်လေးနှစ်နဲ့ ခုနှစ်လကျော်ခဲ့ပြီ။ ရှစ်ပေ၊ ဆယ့်နှစ်ပေ အခန်းကျဉ်းကလေးထဲမှာ တနေ့မှာ ၁၅မိနစ်သာ အပြင်ထွက်ခွင့်ရပြီး၊ ကျန်တဲ့ ၂၃နာရီ ၄၅မိနစ်ကို အလုံပိတ်အခန်းကျဉ်းကလေးထဲအထီးကျန်ဖြတ်သန်း ခဲ့ရတာ ရက်ပေါင်း ငါးထောင်သုံးရာကျော်ခဲ့ပြီ။ အခုအောက်တိုဘာလ ၁၈ရက်နေ့မှာလည်း ၁၄ကြိမ်မြောက် အကျဉ်းထောင်တွင်းမွေးနေ့ပွဲကို အထီးကျန်ဖြတ်သန်းနေလိမ့်မယ်။
ဘယ်တော့များမှသူ့ရဲ့တောင်ပံတွေ လွတ်လပ်ပျံသန်းခွင်းရမှာလဲ။
ဘယ်တော့များမှ နိုင်ငံတကာကျောင်းသားပြည်သူတွေရဲ့ ဂုဏ်ပြုမှုကို ကိုယ်တိုင်ကိုယ်ကျခံယူနိုင်မှာလဲ။
ဘယ်တော့များမှ သူချစ်တဲ့ ကျောင်းသားပြည်သူတွေနဲ့ ပြန်ဆုံတွေ့ခွင့်ရမှာလဲ။
အသစ်တိုးလာတဲ့ အင်မတန်ချစ်စရာကောင်းတဲ့ တူကလေးတယောက်၊ တူမလေးတယောက်အပါအ၀င် သူချစ်တဲ့ မိသားစုကို ဘယ်တော့များမှ ပြန်လည်ထွေးပွေ့နိုင်မှာလဲ။
နှင်းဆီပန်းတွေကတော့ ရဲရဲရိုင်းရိုင်းပွင့်လို့၊ သူရဲကောင်းရဲ့အပြန်လမ်းကို အကြိုထောက်နေကြလေရဲ့။ မနက်ဖြန်ကို မျှော်တွေးပြီး စိတ်ကူးမယဉ်တတ်တဲ့
ဖေဖေတို့ရဲ့သူရဲကောင်းကတော့
ဦးခေါင်းမတ်မတ်၊ ခြေစုံရပ်ပြီး၊ လတ်ဆတ်ရဲရင့်နေလေရဲ့။
ဂုဏ်ယူလိုက်စမ်းကြစို့ကွယ်။
(အောင်ဒင်)
Ko Ko Gyi - Direction
လားရာ
ကိုကိုကြီး
ဒီဇင်ဘာ ၁၈၊ ၂၀၀၉ မှာ မိုးမခမှာ တင်ဆက်ခဲ့ပြီး (ပြန်လ ည်ဆန်းသစ်ခြင်း)
(ကိုကိုကြီး၏ မိခင်ကွယ်လွန်စဉ်က သူကိုယ်တိုင်ရေးခဲ့သော အမှတ်တရစာ။ ထိုစဉ်က ၎င်းကို ထောင်တွင်းမှ ခေတ္တထုတ်ပြီး မိခင်အသုဘသို့ ရှု့ခွင့်ပြုခဲ့သည်)
"ဂျိုင်း" ကနဲ တံခါးပိတ်သံ၊ မင်းတုံးထိုးသံ၊ သော့ခတ်သံ မက်တဲလစ်သံတွေ။ သံစဉ် မညီ၊ နာရီမရှိ၊ စည်းချက်မကျ၊ တရွေ့ရွေ့ဝေးသွားတဲ့ ဖိနပ်သံများ။ ခါတိုင်း စကား သိပ်များလေ့ရှိတဲ့ အခန်းဖေါ်က ရုတ်တရက် စူးစမ်းတဲ့အကြည့်။ ချက်ချင်း သဘောပေါက်သွားတဲ့ဟန်၊ သက်ပြင်းချ၊ တိတ်ဆိတ်။
ပြန်လာကတည်းက ဘာမှမပြောဖြစ်၊ ပြောချင်စိတ်လည်းမရှိ။ ပရိသတ်အမြင်မှာ တည်ငြိမ်ကြံ့ခိုင်သယောင်၊ တကယ်က ရုပ်နဲ့နာမ် မကပ်တာ၊ အခန်းထဲပြန်အရောက်၊ အိပ်ယာနေရာပေါ်လှဲချ။
လက်ထဲက ယပ်တောင်ကို တွေတွေကြီးငေးကြည့်နေမိ၊ ဝဲလာတဲ့မျက်ရည်တွေကို ပုတ်ခတ်ပစ်လိုက်ဘို့မကြိုးစားတော့။ ကျပါစေလေ၊ လွတ်လွတ်လပ်လပ်ကြီးစီးပါစေတော့။
တိတ်ဆိတ်အခန်းငယ်ထဲ။ မြေဆွဲအားကို ဆန့်ကျင်နေတဲ့ အိမ်မြှောင်ငယ်က "စုတ်"တသတ်သတ်။ ရင်းနှီးနေကျ မျက်နှာကြက်ညစ်ထပ်ထပ်ကို မော့အကြည့်၊ တအိအိပြိုကျလာသလို။
× × ×
"မေမေ အဲဒီမှာရပ်နေ။ သားလာခဲ့မယ်"
"မှုတ်ဘူး၊ မှုတ်ဘူး ခုနနေရာကိုပြန် သွား၊ သားလာကြိုမယ်"
"သားရယ် မေမေခေါင်းပေါ်က အထုပ်ကြီးနဲ့ သားရဲ့"
"မရဘူး၊ ပြန်သွား၊ ပြန်သွား၊ သားလာကြိုမယ်လို့ ပြေနေတဲ့ဟာကို"
"ကဲ … ကဲ … သား ကျေနပ်အောင် ပြန်သွားပြီ။ ဟုတ်ပလား"
"သားကလေ မေမေကို သိပ်ဆိုးတာဘဲ၊ မောလိုက်တာသားရယ်"
ဆိုတယ်သာ ပြောတာ မေမေ့မျက်နှာက ပြုံးလို့။
ခေါင်းပေါ်က အထုပ်ကြီးကိုချ၊ သားကို ပွေ့ဖက်နမ်း၊ သားလက်ကိုဆွဲပြီးအိမ်ပြန်။
လမ်းထဲက.. ဒီသားအမိကိုကြည့်ပြီး သဘောကျ ကြ။
မေမေက ပုတက်တက်နဲ့ ဘယ်သူကိစ္စဖြစ်ဖြစ် လက်မနှေးတမ်းကူညီတက်သူ၊ လူချစ်လူခင်များတဲသူ။ ကျွန်တော်တို့အိမ်က တောင်ဥက္ကလာမှာ၊ ကတ္တရာလမ်းမကြီးတခုကနေ ချိုးဝင်ရတဲ့လမ်းသွယ်လေး၊ မေမေပြန်လာမယ့်အချိန် ညနေစောင်းဆို အိမ်ရှေ့ကနေ လမ်းချိုးလေးကို မျှော်နေတာ။ မေမေ အဝတ်ထုပ်ကြီး ရွက် ဝင်လာတာတွေ့တာနဲ့ ထွက်ကြိုနေကြ။
အဝေးကနေ အော်ပြီးပြေးကြိုတာ၊ ရောက်တဲ့နေရာမှာ ရပ်နေမှ၊ ကိုယ်တိုင် လာကြိုမယ်ပေါ့။
မေမေကလဲ သားလာကြိုတာတွေ့ လို့ ဆက်လျှောက်လာရင် …
မရဘူး။ လာကြိုမယ်လို့ … အော်ထားတုံးကနေရာ ပြန်သွား…။ အဲဒီနေရာမှာပဲ လာကြိုမယ်။ ဒါဆို ဒါမှ ဇွတ်…။
အဲဒီတုံးက မေမေနှလုံးသွေးကြောကျဉ်းတဲ့ ဝေဒနာ ခွဲစိတ် ကုသပြီး ပြန်ကောင်းလာတဲ့အချိန်၊ မေမေ့ပေါင်ပေါ် ခေါင်းတင်ရင်း အဲဒီချုပ်ရိုးကြီးကို ခဏခဏ ကြည်ဘူးတယ်။ ရင်သားအောက်မှာ တစ်ပေလောက် ကင်းခြေများကြီး တကောင် ကန့်လန့်ဖြတ်ကပ်နေသလိုကြီး။
တရုတ်ဗမာအရေးအခင်းဖြစ်နေတဲ့အချိန်၊ ဆေးရုံပေါ်မှာချည်း ခြောက်လလောက်ကြာတယ်။ ညီလေးက အခါလည် မရှိတရှိ၊ နို့ဘူးတိုက်ပြီးအဘွားနဲ့ ထားခဲ့ရတာ။ နှလုံးခွဲစိတ်မှုက ခေတ်ဦး၊ အဖိတ်အစင်တွေကလဲရှိ၊ ကံကောင်းထောက်မစွာဘဲ မေမေတယောက် လူကောင်းလို ပြန်ပြီး လုပ်နိုင်ကိုင်နိုင်လာတယ်။
ဖေဖေက လက်နှိပ်စက် စာရေး၊ ခွဲစိတ်ပြီးကောင်းလာတာနဲ့ မိသားစုဝင်ငွေ အတွက်တဘက်တလမ်းက ရှာရတော့တာ၊ (၃၈) လမ်း ဈေးက မေမေအကြီးဆိုင်မှာ ပါတိတ်အဆင် ဒီဇိုင်းမျိုးစုံလက်ခံ။ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တာမွေ ပါတိတ်ခုံတွေမှာ ဒီဇိုင်းစုံမယ့်နံပါတ်တွေနဲ့ လိုက်အပ်။ အဲဒီအချိန်ကပေါ်ပလင်၊ အနားပြာပိတ်အဖြူတွေကို ပါတိတ်ဆေးရိုက်ပြီး လုံချည်၊ အင်္ကျီ ချုပ်ဝတ်ကြတာ။ ခုခေတ်လို နိုင်ငံခြားက မဝင်ဘူး။
အဲဒီအပ်ထည်တွေကို အပေါ်အဝမှာ ရှုံ့ ကြိုးတတ်ထားတဲ့ အဝတ်အိတ် အစိမ်းကြီးထဲထည့်၊ ပါတိတ်ရုံတွေမှာ ပိတ်စနဲ့ အပ်ထားတဲ့ ဒီဇိုင်းနံပါတ်တွဲပြီး အပ်၊ ပြီးတာတွေ ပြန်ထည့်၊ အဲဒီအဝတ်ရှုံ့အိတ် အစိမ်းကြီးရွက်ပြီး ညနေစောင်း အိမ်ပြန်လာတဲ့ မေမေ့ကို …
"မေမေ… အဲဒီမှာရပ်နေ။ သားလာခဲ့မယ်"
× × ×
"သား … ရော့ ... အောက်က ခေါင်းမု (ခေါင်းခု) လေး ခံပြီး ရွက်သွားနှင့်။ မေမေလိုက်ခဲ့မယ်"
ပုဆိုးဟောင်းတထည်ကို ကရွတ်ခွေပြီး ခေါင်းခုလေးလုပ်ပေးတယ်၊ ပြီးတော့.. ချဉ်ဖတ်ဇလုံ ခေါင်းပေါ်တင်၊ ဘောက်ဆတ်ဘောက်ဆတ်နဲ့ မနက်စောစော နန္ဒဝန်ဈေးမှာ ဆိုင်ဖွင့်ဘို့၊ မေမေကလဲ ဇလုံတလုံးရွက်လို့ နောက်က လိုက်လာ၊ နှစ်ခေါက်.. သုံးခေါက်။
ဇလုံတွေ သူ့နေရာနဲ့သူ ချ၊ ခင်ကျင်းပြီး အိမ်ပြန် ရေမိုးချိုး။ ပြီးမှ ကျောင်းတက်ရတာ၊ မှုလတန်းကျောင်းက အိမ်နဲ့ဈေးကြား၊ အိမ်နဲ့ နှစ်လမ်းဘဲ ခြားတယ်၊
အထက်တန်းကျောင်းရောက်တော့လဲ လမ်းထိပ်တင်၊ အော်ခေါ်ရင် ကြားရတဲ့နေရာ၊ ချဉ်ဖတ်က အရင်က အဘွား ရောင်းတာ၊ ခြေထောက် သံဆူးလို့ မေမေက ခဏ ဆိုင်ကူထွက်ပေးရင်းနဲ့ ချဉ်ဖတ်သည်ဖြစ်ကရော … ဆိုပါတော့။
သူငယ်ချင်းတွေက နောက်တယ်… ။
"ချဉ်ဖတ်" တဲ့။
ဘာဖြစ်သေးလဲ "ချဉ်ဖတ်" ပေါ့။
ဖေဖေကလဲ တောင်ဥက္ကလာအိမ်ကနေ အလုံသစ်လုပ်ငန်းဌာနကို တခါတလေ စက်ဘီးနဲ့ ရုံးတက်တယ်၊ အပြန်စက်ဘီးနဲ့ ဟင်းဂလာရွက်တွေ ပုဆိုးနဲ့ထုတ်ပြီး တင်လာတာ။ ပုဆိုးတထည်ကို အောက်က စုချည်၊ ပြောင်းပြန်လှန် ဟင်းကလာ အချိန် တဆယ်ထည့်၊ ထိပ်ကနေချည်၊ စက်ဘီးနောက်ခုံပေါ် ကြိုးနဲ့ သေချာတုတ်ပြီး နင်းလာရတာ။
အဲဒီတုံးက အလုံအမှိုက်ပုံပေါ်မှာ ဟင်းဂလာစိုက်ရောင်းတဲ့ သူတွေရှိတယ်။ မြေသြဇာကေ ကာင်းတော့ သန်မှသန်။ ဟင်းဂလာ ချဉ်ဖတ်ကလဲ လူကြိုက်များမှများ။ ချဉ်ဖတ်ကလဲ အစုံ။ ပဲပင်ပေါက်၊ မုန်လာဥသတ်သတ်၊ အပင်နဲ့ဥ တွဲရက်၊ ငှက်ပျောအူ၊ ငှက်ပျောဖူး၊ ကန်စွန်း၊ ကြောင်လျှာ၊ ဇရစ်၊ မာလာဖူး၊ သရက်ကင်း၊ ကတက်၊ သရက်သီးဆားစိမ်၊ ပိုးတီ ... အို ... စုံတကာကို စေ့လို့။
ပင်ပမ်းတာကတော့ တကယ့်ကို။ ဒါပေမဲ့ မိသားစု လက်ရည် တပြင်တည်းလေ။
အဲဒီဘဝလေး ခုပြန်တွေးတာတောင် ပျော်တုန်း။
နောက်တော့ …
ချဉ်ဖတ်ကနေ မေမေ လက်ငုတ် အထည်ဆိုင် ပြန်ဖွင့်တယ်။ ဒါးစက်လိုက်တယ်၊ ဘီတင်ပန်း လိုက်တယ်၊ မိန်းမဝတ်၊ ကလေးဝတ်၊ လက်ခံတယ်၊ ချုပ်ရောင်းတယ်။ စက်ချုပ်ဆိုင်တွေက ကိုယ်ပိုင်ဒါးစက်၊ ဘီတင်စက် မထားကြသေးဘူး၊ အငှားလိုက်ရတာ။
ဖေဖေ အလုပ်အားရင် ဆိုင်ဝိုင်းထိုင်တယ်။ တော်ရုံ စက်ပျက်ရင် ဖေဖေပဲ ပြင်တာ။ ညီလေးလဲ အရွယ်ရောက်ပြီ။ ကြုံတဲ့သူ ဒါးစက်ဝင်လိုက်၊ ဘီတင်ဝင်လိုက်၊ စက်ချုပ်ပစ္စည်းမျိုးစုံရောင်း။ မိသားစု စည်းစည်းလုံးလုံး၊ တခရီးတည်း ဦးတည်ရာ တခုတည်း။
မေမေနဲ့အတူ ဆိုင်ဖွင့်၊ မေမေနဲ့အတူ ဆိုင်သိမ်း။
× × ×
"သားရယ်.. အစစအရာရာ ဂရုစိုက်နော်"
မေမေကတော့ စိတ်ပူတာပဲ။ သားအတွက် စိုးရိမ်တာပဲသိတယ်။ တကယ်လဲ မေမေက ဘာမှ သိပ်နားလည်တာမဟုတ်၊ သူ့သားလုပ်နေတာတွေကို နားမလည်ရိုးအမှန်၊ အကြောင်းကိစ္စရှိလို့ စာရွက်ပေါ်လက်မှတ် ထိုးဆိုမှ …
"ဝင်းကြည်"
လို့ တွန့်တွန့် တွန့်တွန့်လောက်ပဲ ထိုးတက်တဲ့အမေ။
သူ့သားကို သူယုံတာ တခုပဲ ရှိတယ်။ သူ့သားဟာ ငယ်ငယ်ထဲက မဟုတ်တာမလုပ်ဘူး၊ သူ့သားလုပ်တာဆိုရင် ဟုတ်တာပဲ ဖြစ်ရမယ်။ မေမေသိတာ ဒါပဲ၊ ဒါဆိုလုံလောက်ပြီလေ။ စိတ်ထဲက မိခင်တယောက်ရဲ့မေတ္တာ၊ သည်းသည်းကိုလှုပ်လို့။ တလောကလုံး ကိစ္စထက်၊ သူ့သားကို ချစ်တာက သူ့အရေး၊ သူ့ကိစ္စဘဲလေ။
ဖေဖေကတော့ သိတယ်။ သူ့သားကို ယုံလဲ ယုံတယ်၊ ထောက်လဲ ထောက်ခံတယ်။ အဲဒီတုန်းက ဖေဖေ သစ်ကုမ္ပဏီမှာ လုပ်နေတဲ့အချိန်၊ ပိန်းပိတ်အောင် မှောင်နေတဲ့ခေတ်၊ သားတွေအတွက် မျှော်လင်ချက်တံခါးလေးတချပ် ပွင့်လာနိုး စိတ်ရှည်သည်းခံမှု အပြည့်နဲ့ လုပ်နေတာ။
အဲဒီတံခါးချပ်လေးအပွင့် …
ဖေဖေကုမ္ပဏီရဲ့ အစီအစဉ်နဲ့ ညီလေးက ဟိုး အဝေးမှာ၊ ပြန်လာရင် မိသားစုအနာဂါတ်တွေ တပွေတပိုက်နဲ့ ။ ကျွန်တော့်မှာလဲ မျှော်လင့်ချက်တွေ တလှေကြီး။
မေမေက သူ့သားအလုပ်ကို ဂဃနဏမသိပေမဲ့ ကြားဘူးနားဝတော့ ရှိတာပေါ့။ သူလဲ သူ့အသက်အရွယ်၊ သူ့ဖြတ်သန်းမှု နည်းမှတ်လို့။ သူ့တစ်သက်မှာ ဒီအလုပ်သဘာဝမျိုးက သူ့အနီးအပါးက၊ တချို့ခပ်လှမ်းလှမ်းက ဖြတ်သွား တိုးသွားတာတွေ ရှိမှာပေါ့။
ခြေမကိုင်မိ၊ လက်မကိုမိ၊ တဖက်က အတန်းပညာ မရှိပေမဲ့ ဘယ်ဟာက မှားတယ်၊ ဘယ်ဟာက မှန်တယ် ဆိုတာလောက်တော့ အရိုးခံနဲ့ကို သိသပေါ့။ စိုးရိမ်တာကတော့ တဖက်၊ တားရမှာက အခက်၊ တားဖို့ကလဲ မလွယ်။
ရင်ကဖြစ်တဲ့ သား၊ ဘယ်အရွယ် ရောက်ရောက် ရင်ခွင်ပိုက်ကလေးလိုပဲ မြင်နေတဲ့သား …
အဲဒီသားကလဲ ဒါဆို ဒါမှ ဇွတ်။
ပျောက်သွားလိုက်တာ …
ပြောက်ကျားပြောက်ကျား အသံတော့ ကြားနေရသား။
မိုးသံလေသံတွေကလဲ ညံလို့၊ တော်ပါသေးရဲ့ သားငယ်ပြန်ရောက်လာပေလို့ လို့ စိတ်ကိုဖြေ။ ရှိတာမှ သားနှစ်ယောက်၊ သားအမိ သားအဖလေးယောက်။ ညီလေးက ငယ်ငယ်ထဲက အိမ်နဲ့ကျောင်းဈေး၊ ဒီလောက်ပဲ သွားသွားလာလာရှိတာ၊ ဆယ်တန်းအောင်တော့ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)၊ ဒါ နယ်ကုန်ဘဲ။ အမျိုးတွေအိမ်၊ ဖေဖေရုံး၊ ဒါ သူသွားတက်တဲ့နေရာတွေပေါ့။
ရပ်ဝေး ဘယ်မှ မသွားဖူးဘူး၊ မိသားစုအနာဂတ်အတွက်၊ ပင်လယ်ရပ်ခြားခရီး ဆိုတာ တကယ့်အိပ်မက်ပဲ စွန့်စားခန်းပဲ။ ခုလို ဥဒဟို သွားနေကြတဲ့ခေတ်မှ မဟုတ်တာ။ ဒီကြားထဲ အလုပ်မှာ လက်ကို မီးဟပ်သွားတယ်ကြားတော့၊ မေမေ မသိအောင်ဖုံးဖိပြီး သားအဖနှစ်ယောက် တိတ်တိတ်လေး စိတ်ပူခဲ့ကြရတာ။ ညီလေးအနေနဲ့ တစိမ်းသက်သက် ပတ်ဝန်းကျင်သစ် အတွေ့အကြုံသစ်မှာ ဘယ်လောက်ရုန်းကန်ခဲ့ရမယ်ဆိုတာ တွေးကြည့်ယုံနဲ့သိလောက်ပါတယ်။
ခုလဲ ဆက်နေရင် အခွင့်အလမ်းတွေ အများကြီးရှိရက်နဲ့ မိသားစုအခြေအနေ ကြားလို့ ပြန်လာတာ။ အဓိက ကျွန်တော့ကြောင့်ပါပဲ။ ဒါတောင် ညီလေး ရှာလာသလောက်ကလဲ မိသားစုကို တစ်ဆစ်ချိုး ပြောင်းစေလောက်တဲ့ ပမာဏပါ၊ တော်တော့ကို ခြိုးခြံစုခဲ့တာကိုး။
တလှေထဲစီး၊ တခရီးထဲလှော်ခဲ့၊ ခတ်ခဲရတာတွေ။ ကမ်းခြေဖွေးဖွေး၊ လေနုအေးလေးတော့ ကြုံရချေသေးရဲလို့ တွေးရင်း၊ သားကြီးကို မျှော်နေမှာတော့ အသေအချာပါ။
သားငယ်ရောက်လာလို့ သားကြီးကို အစားထိုးတယ်ဆိုပေမဲ့၊ မတူပါဘူး။ သားငယ်ကို ချစ်တာက ချစ်တာ၊ သားကြီးကိုချစ်တာက ချစ်တာဘဲလေ၊ တူမှ မတူတာ။ ပိုလို့တောင် သတိရသေး၊ မျှော်သေး၊ တလျှောက်လုံး ပင်ပမ်းကြီးစွာ ရုန်းခဲ့ကြရတာမဟုတ်လား။
မေမေ အမျှော်ကြီးမျှော်နေတုန်း ညီလေးပြန်ရောက်တာကြားလို့။ "ဗြုန်း" ဆို အိမ်ပြန်ရောက်လာတော့ ။ မေမေလေ အံ့လဲသြ၊ ဝမ်းလဲသာ၊ တုန်လို့၊ ဆို့နင့်လို့ …။
ခဏတဖြုတ် မေမေနဲ့ အတူနေ၊ စားသောက်။ မေမေကလဲ မျက်စိအောက်က ပျောက်သွားမှာစိုးနေတဲ့အချိန်၊ ဘာတက်နိုင်မှာလဲ မေမေရယ်၊ ခွဲခဲ့ရဦးတော့မယ်၊ ချန်ထားခဲ့ရဦးမယ်။
ခလေးဘဝထဲက ကျောင်းပြီးရင် ကျောင်းတက်၊ မိဘကူ၊ လုပ်လာလိုက်တာ၊ မိသားစုစိုက်ခဲ့သမျှ ရိတ်သိမ်းရတော့မယ်အချိန်၊ ကြီးဒေါ်နွားက ကျောင်းမှ ဖြစ်မှာမို့၊ တားမရမယ့် သားကို …
"ခွင့်လွှတ်ပါ မေမေရယ်။ အေးအေးဆေးဆေး တနေ့ … မကြာတော့ပါဘူး" … ရယ်လို့။ လေးတွဲ့တွဲ့ခြေလှမ်းတွေနဲ့။ … ဝေး၍ … ဝေး၍ … ဝေးရာ … ဝေးရာ …။
"သြော်.. မေမေရယ်။ ခုချိန်ထိ သားကို စောင့်နေတုန်းပါလား"… တွေးရင်း အောက်နှုတ်ခမ်းကို ဖိကိုက်ထားလိုက်မိတယ်။ 
"ကိုကိုလာမှ မေမေကို ထုတ်မယ်ဆိုပြီး စောင့်နေတာ။ ရောက်မှ လာပါမလားလို့ စိတ်ပူရင်းနဲ့ပဲ စောင့်နေတာ"
လို့ တည်တည်ငြိမ်ငြိမ်ဟန်နဲ့ နှုတ်ဆက်နေတဲ့ညီလေးကို ငေးကြည်နေရင်း …
အိမ်မှာအငယ်ဆုံး၊ ကလေးလိုပဲ ထင်ပြီး ဆူလိုက်၊ ငေါက်လိုက်လုပ်ခဲ့တာတွေဆီ ပြန်ရောက်သွားတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်။ ဖေဖေဈာပန။
အခု ဒီညီလေးတစ်ယောက်ထဲ မေမေ့ဈာပနကို ဦးစီးနေတာ ... တကယ့်လူကြီးတစ်ယောက်လို။
ဖေဖေရယ်၊ မေမေရယ် မရှိတော့တဲ့နောက် နှစ်ကောင်ကြွက်။
တယောက် တနေရာစီ။ တဘဝစီ။ တကောင်ကြွက်စီ၊
တကောင်ကြွက်ညီလေးက အိမ်ရှင်၊ တကောင်ကြွက်အစ်ကိုက ဧည့်သည်။
ဧည့်သည်မှ "ဘွား"ကနဲ ကိုယ်ထင်ပြလာတဲ့ ဧည့်သည်။
အတွေးတွေ လက်စပ်ရင်း အအေးတိုက်ထဲကနေ၊ မေမေ့ကို ထုတ်၊ အလောင်းစင်မှာပြင်။ မေမေ့မျက်နှာကို တစိမ့်စိမ့်ကြည်နေမိတယ်၊ နှလုံးရောဂါသည် မေမေ…။ ခွဲစိတ်ပြီး ပြန်ကောင်းလာတယ်ဆိုပေမဲ့ စိတ်ပူစရာရှိရင် သူများတကာထက် ပူတက်တဲ့မေမေ။ သားအတွက် စိုးရိမ်စိတ်တွေ တထိတ်ထိတ်နဲ့ မျှော်နေရှာမယ့်မေမေ။ မျှော်ဦး ..မျှော်ရိပ်တွေ.. ခုထိ ထင်းနေတုန်း။ မေမေ့နောက်ဆုံးခံစားချက်၊ နောက်ဆုံးအတွေးတွေကို အေးခဲပြီးသိမ်းထားတာထင်ရဲ့။
ကျွန်တော့်ကို ဖက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ ဝမ်းကွဲအမတွေ၊ ညီမတွေ။
ခပ်လှမ်းလှမ်းကနေ အသံတိတ် စိတ်ထိခိုက်နေကြ၊ ဂရုဏာသက်နေကြသူတစ်ချို့။
ကျွန်တော် ငိုရမလား၊ ငိုနေသလား။ တစ်ခုခုစဉ်းစားနေတာလား၊ မျက်ရည်မကျဘူး။ တည်ငြိမ် ရင့်ကျက်နေတာလား၊ တရားသံဝေဂ ယူနေတာလား။
မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဘာမှမဟုတ်ဘူး။
ငိုလို့မရတာ၊ ငိုရမယ်ဆိုတာ မေ့နေတာ၊ ဝိဥာဉ်မဲ့နေတာ၊ ရုပ်နဲ့နာမ်မကပ်တာ … ဗျ။
စိတ်ထဲမှာ ကြိတ်ပြီး အသံတိတ် ပူဆွေးနေတာ … သောက၊
ရှိုက်ကြီးတငင် ငိုကြွေးဟစ်အော် ပူဆွေးနေတာ … ပရိဒေဝ၊
ငိုလို့ မရတော့လောက်အောင် လောင်ကျွမ်းပြီး မင်သက်ကြောင်တက်နေတာ … ဥပါယာသ … တဲ့။
လက်မောင်းကို လာကိုင်ပြီး
"ကိုကို..ကန်တော့ကြရအောင်" လို့ ညီလေးကပြောမှ ညီအစ်ကိုနှစ်ယောက် လက်အုပ်ချီပြီး မေမေ့ အလောင်းကို ကန်တော့။
"ခွင်လွှတ်ပါ..မေမေရယ်… သားကို ခွင့်လွှတ်ပါ"
အားပေးနှစ်သိမ့် နှုတ်ဆက်သူတချို့ကို အသိအမှတ်ပြုရုံ၊ ပြန်ပြုံးပြရမယ်ဆိုတဲ့ ဗီဇအသိနဲ့ အသိမဲ့ တုံ့ပြန်နေတုန်း …
"ပြန်ကြရအောင်" လို့ လက်မောင်းကို ကိုင်ထားရင်း သတိပေးတဲ့ အသံတစ်သံ။
ဟုတ်တယ်၊ ပြန်ရဦးမယ်လေ၊ သူတို့သဘော၊ ကိုယ်က ဆောင်နေရတာကိုး။
တော်ကြာဆို၊ မီးသင်္ဂြိုလ်တဲ့အခန်းထဲ မေမေ့ကို ထည့်ကြတော့မယ်။ ချစ်သူ၊ ခင်သူတွေနဲ့ ဘဝ ခြားသွားတော့မယ့်အသံ။ "ဂျိုင်း" ကနဲ ဆိုတဲ့ အသံ။ မကြားရက်တော့၊ မကြားဝံ့တော့၊ မကြားလိုတော့။
ဒီနေရာကို မလာခင်၊ ဒီနေရာကို မရောက်ခင်၊ မေမေဟာာ မေမေ့မိသားစု၊ မေမေ့ပတ်ဝန်းကျင်လေးကို စွမ်းနိုင်သမျှ အကျိုးပြုခဲ့ပြီဘဲ၊ …ပိုအရေးကြီးတာက မေမေဟာ ရှင်သန်နေတဲ့အခိုက်၊ ဘယ်သူ့ကိုမှ မျက်ရည် ကြီးငယ် မကျစေခဲ့ဘူးလေ။ ဒါပါဘဲ …
သားလဲ စွတ်စိုနေတဲ့ မျက်ရည်တွေကို သုတ်ပေးဖို့၊ မျက်ဝန်းတွေကို လင်းလက်စေဖို့၊ ကိုယ့်ကိုယ်ကို လောင်ကျွမ်းခံနေကြတာပါ။
မေမေ.. မေမေရယ်.. ဘဝတလျှောက်လုံး တောက်တက် ဖားလျား ရုန်းကန် ကျွေးမွေးခဲ့တဲ့ မေမေ။ ခုတော့ … တဘဝ အမောတွေ ရပ်သွားပြီပေါ့၊
ဒီခရီးဟာ အားလုံးသွားရမယ့်ခရီး၊
ဒီနေရာဟာ သားလဲလာရမယ့်နေရာ၊
"မေမေ … အဲဒီမှာ ရပ်နေ …
သား လာခဲ့မယ်" လို့ အော်ရင်း…
တောက်တောက် တောက်တောက်နဲ့ ပြေးကြိုခဲ့တဲ့သား၊ ပျော်ပျော်ပါးပါး အတူသွားနေကြရာက ခွဲထွက်သွားတဲ့သား။
ခု.. မေမေ ရပ်သွားပြီလေ။ မေမေ ရပ်နေပြီ။
"သား … သွားနှင့်၊
မေမေ လိုက်ခဲ့မယ်"…. ဆိုတဲ့ မေမေရေ
"သွားနှင့်တော့ … သွားနှင့်လေဦးတော့ … မေမေရေ။
သား လိုက် လာ ခဲ့ မှာ ပါ … … … … … … … … … …" ။ ။
(ဓာတ်ပုံ - ကိုကိုကြီးနှင့် မိသားစုကို ၎င်းမိခင်ဈာပနတွင် တွေ့ရစဉ်)
(ကျေးဇူးစကား - စာမူများကို ပေးပို့ ပြင်ဆင်ပေးသူ ကိုဘိုကြည်နဲ့ အေအေပီပီအဖွဲ့သားများ၊ နိုင်ငံရေးအကျဉ်းသားမိသားစုမိတ်ဆွေများ)
Tuesday, April 23, 2013
Vancouver Burmese Thagyan Photo News
ကနေဒါ - ဗန်ကူးဗားမှ မြန်မာမိသားစုတို့ ရဲ့ (၁၇)ကြိမ်မြောက် နှစ်ကူးအတာသင်္ကြန်
ကျော်ဟုန်း ။  ဧပြီ ၂၃ ၊ ၂၀၁၃
ကနေဒါနိုင်ငံ ဗန်ကူးဗား ဘီစီမှာ အခြေချနေထိုင်နေကြတဲ့ မြန်မာမိသားစုများက (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာ နှစ်ကူး အတာသင်္ကြန်ပွဲကို 487 Alexander st , Japanese Language School ရဲ့ မိုးလုံလေလုံခန်းမမှာ (၀၄ ၊ ၂၀ ၊ ၂၀၁၃)နေ့ က နံနက် (၁၁)နာရီခွဲမှ ညနေ (၃)နာရီခွဲအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြပါတယ်။
မြန်မာသင်္ကြန်ပွဲရဲ့ ထုံးစံအတိုင်း သင်္ကြန်သီချင်းများနဲ့  စုံတွဲ ဆို-က ခြင်းများ၊ အုပ်စုလိုက် ဆို-ကခြင်းများ၊ တဦး ချင်း ကပြဖျော်ဖြေခြင်းများအပြင် ဦးရွှေရိုးအကနဲ့ သင်္ကြန်ပွဲရဲ့တွဲဖက်ဖော် သံချပ်အဖွဲ့ လဲပါဝင် တင်ဆက်ထားပါ သေးတယ်။
သံချပ်အဖွဲ့ ဟာ ကျောင်းသားတပ်မတော်မှ ရဲဘော်ဟောင်းများပါဝင်ထားပြီး " ခွပ်ဒေါင်းမောင် သံချပ်အဖွဲ့ " လို့ အမည်ပေးထားပါတယ်။ နှစ်ကူး မေတ္တာပို့ ဆုတောင်းခြင်း၊ ပြည်ပရောက်ဒီမိုအင်အားစုများ ညီညွတ်ရေး၊ မြန်မာပြည်ပြုပြင်ပြောင်းလဲရေးအတွက် ပွင့်လင်းမြင်သာမှုရှိရေး၊ မြန်မာမိသားစုများ တိုင်းပြည်အကျိုးဆောင်ရွက်ရာမှာ အချင်းချင်းညီညွတ်ရေးအတွက် အပြောသက်သက်သာမဟုတ်ဘဲ လက်တွေ့ လုပ်ဆောင်ကြဖို့ လိုကြောင်း၊ ခံယူချက်ကိုသာ ရှေ့ တန်းတင်လုပ်ဆောင်ကြစေလိုကြောင်းကို ခေတ်စနစ်နဲ့ အညီ မီးမောင်းထိုးပြပြီး သံချပ်တိုင်ကာ   လှုံ့ ဆော်တင်ဆက်သွားပါတယ်။ ခွပ်ဒေါင်းမောင်သံချပ်အဖွဲ့ မှာ ကိုတင်နွယ်၊ ကိုမင်းနိုင်၊ ကိုမြင့်ဦး၊ ကိုသန်းထိုက်၊ ကိုထွန်းထွန်း၊ ကိုသီဟတို့ က သံချပ်တိုင်/ဖောက် လုပ်ကြပြီး၊ ကိုအောင်မြင့် (ပုလွေ)၊ ကိုထွန်းခိုင်နဲ့ ကိုအေးလွင် (ဒိုးပတ်) တီးကာ စုပေါင်းတင်ဆက်ခဲ့ကြတာဖြစ်ပါတယ်။
မြန်မာမှုရိုးရာများကို ပြည်ပမှာမွေးဖွားကြီးပြင်းရတဲ့ မြန်မာ့မျိုးဆက်သစ်ကလေးငယ်များ သိရှိရန် ရည်ရည်ပြီး  ဦးရွှေရိုးအကကို (ကိုအောင်မြင့်-ဘစ်ရှော့)က တင်ဆက်ကပြပြီး ကရင် တိုင်းရင်းသား (ကိုနေလင်းထွန်း) ကလဲ မြန်မာမင်းသားအကကို မြတ်မြတ်နိုးနိုးနဲ့ ကပြအသုံးတော်ခံသွားတာကလဲ ထူးခြားမှုတခုပါ။ ဒါ့အပြင် ပြည်ပမှာ မွေးတဲ့ သမီးငယ်လေး (မေသဇင်လှ)က "ပျံသာပျံပါခွပ်ဒေါင်းနီ" နဲ့  သင်္ကြန်သီချင်း ကို ပုံဖော်ကပြသွားပါတယ်။ သမီးငယ်-မေသဇင်လှဟာ ပြည်ပမှာမွေးပေမယ့် မြန်မာအကနဲ့ မြန်မာဝတ်စုံကို ခုံမင်နှစ်သက်သူလေး ဖြစ်ကြောင်းသိရလို့  အံ့သြဝမ်းသာမိရပါတယ်။ သင်္ကြန်မင်းသမီးများအဖြစ် မအေးလွင်မိုး၊ မအမီး၊ မနန်း၊ မသက်ချိုနဲ့ အဖွဲ့ တို့ က တာဝန်ယူဖြေဖျော်ခဲ့ကြပါတယ်။
ကြွရောက်လာကြတဲ့ ပရိသတ်များကို မြန်မာထမင်းဟင်း၊ ခေါက်ဆွဲကြော်၊ မုံ့ ဟင်းခါး၊ တူးဟူးသုတ်၊ အချိုမုံ့ စုံ၊ အဖျော်ရည်များနဲ့ ပြည့်ပြည့်စုံစုံ စတုဒီသာကျွေးမွေးဧည့်ခံခဲ့တဲ့အပြင် မြန်မာ့သင်္ကြန်ရဲ့ မပါမဖြစ် မုံ့ လုံး ရေပေါ်ကို ပွဲခင်းမှာပဲ အတူတူစုပေါင်းလုံးပြီး ဝေငှဒါနပြုကြတဲ့မြင်ကွင်းကတော့ မြန်မာတို့ ရဲ့လက်ရည်တပြင်တည်း စရိုက်ကို ဖော်ညွှန်းပြသနိုင်ခဲ့တာမို့  တမျိုးထူးခြားနေပါတယ်။
ဒါအပြင် မိတ္ထီလာအရေးအခင်းက ဒုက္ခသည်များအတွက် လတ်တလောအလှူကောက်ခံကာ  ကနေဒါဒေါ်လာ - (၁၃၀၀) ရရှိပြီး မြန်မာပြည်တွင်းကို နှစ်သစ်ဦးအလှူအဖြစ် ပေးပို့ လှူဒါန်းမှာ ဖြစ်ကြောင်းလဲသိပါတယ်။
မြန်မာမိသားစုများအပြင် ဒေသခံ ကနေးဒီယမ်းတချို့ လဲ ဗန်ကူးဗားသင်္ကြန်ပွဲကိုလာရောက်ကြပြီး လူပေါင်း(၄၀၀)  နီးပါး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရပါတယ်။  ။
About Nay Myo Zin -
နေမျိုးဇင်
နေမျိုးဇင် ၊ ဧပြီ ၂၄၊ ၂၀၁၃
အဖွဲ့အစည်းကြီး တခုက ကျနော့်ရဲ့ ကိုယ်ရေး အကျဉ်းနဲ့ လုပ်ဆောင်ချက်များကို တောင်းခံလာပါသည်။ ယခု အတိုင်း ပြန်လည် တင်ပြခဲ့ပါသည်။ 
(၁) အမည် နေမျိုးဇင် / အခြား အမည် မရှိပါ။
(၂) မိမိသဘောထား အလျောက် တပ်မတော်မှ နှုတ်ထွက်လာခဲ့ပြီး နိုင်ငံရေးလူမှု လှုပ်ရှားမှု နယ်သို့ ၂၀၀၅ ခုနှစ်ကုန်မှ စတင် ၀င်ရောက်ခဲ့သည်။ ပညာ အရည်အချင်း B.Sc (D.S.A) 
(၃) မွေးသက္ကရာဇ် ၁၉၇၅ ဇွန်လ(၁၀)ရက် / မွေးရပ်ဇာတိ ရန်ကုန်တိုင်း သုဝဏ္ဍမြို့ အမှတ် ၇၄ အခန်း  (၁) ကမာလမ်း၊ ၂၄ ရပ်ကွက်။ တွင် မွေးဖွါးခဲ့ပြီး ၁၇၈ အခန်း(၄) ကောက်လျင်လမ်း ၊ သုဝဏ္ဍမြို့တွင် ကြီးပြင်းခဲ့သည်။ အထက်တန်းကို အထက စိုက်မွေး(၁) လေးထောင့်ကန် မှ အောင်မြင်ခဲ့ပြီး။ မိဘ ဖြစ်သော ဦးငွေဇင် နှင့် ဒေါ်ခင်သီတို့မှာ တနင်္သာရီတိုင်း မှ မြိတ်သူမြိတ်သားများဖြစ်ပါသည်။
(၄) လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ လွတ်ပြီးနောက်ပိုင်း မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် အမည်ဖြင့် ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေး ၊ မတရားမှု တိုက်ဖျက်ရေး။ အသိပညာ အတတ်ပညာပြန့်ပွားရေးနှင့် တရားဥပဒေ စိုးမိုးရေး အတွက် လိုအပ်သော နေရာတိုင်းမှ ပြည်သူ့ အကျိုးပြုလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်။
နယ်လှည့် အခမဲ့ ကွန်ပျူတာနှင့် အင်တာနက် အသုံးပြုနည်း သင်တန်း ပေါင်း ၂၄ ခု ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး၊ ကျေးလက် နေ လူငယ်ပေါင်း သုံးထောင်ကျော်ကို ကွန်ပျူတာ အသုံးပြုနည်း အခမဲ့ သင်ကြားပေးနိုင်ခဲ့သည်။
ဝေးလံခေါင်ဖျားလူသူ အရောက်ပေါက် နည်းပါးသော ဒေသများတွင် ကျေးလက်စာကြည့်တိုက်ပေါင်း (၈) ခုကို သွားရောက်လှူဒါန်းဖွင့်လှစ်ပေးခဲ့ပြီး ဆက်လက်ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်လျှက်ရှိသည်။ ဧရာဝတီတိုင်း အတွင်း ရှိ လယ်သမားခေါင်းဆောင်များ နှင့် ချိတ်ဆက်ပြီး လယ်သမား သမဂ္ဂများ လိုက်လံ ဖွဲ့စည်းခြင်းကို ကူညီဆောင်ရွက်ပေးခဲ့သည်။၊
လယ်သမား ခေါင်းဆောင်များနှင့် လက်တွဲ ချိတ်ဆက်ကာ ဧရာဝတီတိုင်းအ တွင်း ကြုံတွေ့နေရသော မတရားမှုများ လယ်မြေသိမ်းဆည်းခံရမှုများ၊ လုပ်အား ခေါင်းပုံဖြတ်မှုများ၊ အင်းသူကြီးများဧ။် ဥပဒေမဲ့ လုပ်ရပ်များကို လိုက်လံ ဖေါ်ထုတ်ခြင်း၊ လယ်သမားထု ပိုင်ဆိုင်သောလယ်ယာမြေများ ပြန်လည် လွဲပြောင်းပေးအပ်ရန် တောင်းဆိုပေးခြင်းနှင့် လိုအပ်သော ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်များကို လူထု လိုအပ်ချက်များ အရ စုစည်းတည်ဆောက်ပြီး လွှတ်တော်ပြင်ပ တွန်းအားများ အဖြစ် လူထု အတွက် ဦးဆောင် စံနမူနာပြသကာ လူ့အခွင့်အရေး လယ်လုပ်သားများ အခွင့်အရေးတို့ကို တည်ဆောက်ပေးနိုင်ရန် ကြိုးစားနေပါသည်။
လက်ရှိအားဖြင့် အင်းသူကြီးများ မတရားသိမ်းယူထားခဲ့သော လယ်ဧကပေါင်း ၃၀၀၀ ကျော်ကို ပြန်လည် ရရှိခဲ့ပြီး၊ ဆက်လက် ရရှိရန် ဆောင်ရွက်နေဆဲဖြစ်ပါသည်။
(၅) စွန့်လွှတ်အနစ်နာခံနေမှုများအနေဖြင့် လက်ရှိ နိုင်ငံရေး လှုပ်ရှားသူ အသိုက်အ၀န်းမှ အမှန်တကယ် ပေးဆပ်နေသောမျိုးချစ်နိုင်ငံရေးသမား နိုင်ကျဉ်းဟောင်းကြီးများလောက် ပေးဆပ်ခဲ့ရခြင်းမျိုး မရှိသေးပါ။( သို့ပါသော်လည်း ဖွံ့ဖြိုးမှုနှင့် ကူးပြောင်း ရေး တာဆူနေဆဲ မြန်မာနိုင်ငံတွင်းတွင် လက်ရှိ အုပ်ချုပ်သူ လွှတ်တော်နှင့် အစိုးရ၊ ပြည်ထဲရေး ၀န်ကြီးဌာန အပါအ၀င် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှု လိုအပ်နေသော အင်အားစုကြီးများကို ပြောင်ပြောင်တင်းတင်း အတိုက်အခံပြုပြီး အမှန်တရားကို ဖေါ်ထုတ်နေသည့် မိမိတို့တွင် မည်သူ့ အထောက်အပံ့မှမပါ ပြည်သူမှ ပြည်သူသို့ ပံ့ပိုးကူညီသမျှဖြင့်သာ ဖြစ်သလို သွားလာလှုပ်ရှား ဗျူဟာချမှတ် နေရသည်ဖြစ်သောကြောင့် မြောက်များစွာသော အခက်အခဲတို့ ရှိနေပါသေးသည်)
(၆) တပ်မတော်တွင်းမှ စစ်သည် အရာရှိများ ၊ အားလုံး အတွက် နိုင်ငံရေးဆိုသည်ကို အမှန်တကယ် စိတ်ရင်းစေတနာမှန်ဖြင့် လုပ်ဆောင်လိုလျှင် မိမိကဲ့သို့ တပ်မတော်မှ တရားဝင် နှုတ်ထွက်ကာ လူထု အကျိုး အမှန်တကယ် ကိုယ်ရော စိတ်ပါ စေတနာ အရင်းခံပြီး ၊ သယ်ပိုးဆောင်ရွက်ခြင်းဖြင့် စစ်မှန်သော နိုင်ငံရေးကို ပြည်သူပြည်သား နိုင်ငံရေး သမားများ တန်းတူ ထမ်းဆောင်နိုင်ကြောင်း စံနမူနာကို ပြသခြင်းဖြစ်ပါသည်။
မျိုးချစ်တပ်မတော်သားတိုင်း ပြည်သူ့ အတွက် ပြည်သူ့ဘက်မှ ခေတ်အခါ လိုအပ်လာတိုင်း ယခုကဲ့သို့ ပေးဆပ်သမှုပြုသင့်သည် ဟူသော စံနမူနာကိုပြသပါသည်။
ဥပဒေ ဘောင်အတွင်း မှန်ကန်ဖြောင့်မတ်စွာ နေထိုင်ခြင်းဖြင့် မည်သည့် အစိုးရ အုပ်ချုပ်ရေး အဖွဲ့အစည်းကိုမှ စိုးထိတ်ခြောက်ခြား ကြောက်လန့်စရာမလိုပဲ နိုင်ငံသားတဦးဧ။် အခွင့်အရေးကို အပြည့်အ၀ အသုံးချကာ ရဲရင့်ပြတ်သားစွာ မေးမြန်းစူးစမ်း ပြန်လည်ပြီး နိုင်ငံ့ ၀န်ထမ်းတို့အပေါ် မေးမြန်းဖြေကြားခွင့် ရှိသည် ဟူသော စံနမူနာကောင်းတို့ကို နောက်လာနောင်သားများ အတွက် ပြသလုပ်ကိုင်လျှက်ရှိပါသည်။
(၇) လတ်တလောအားဖြင့် လယ်သမားနှင့် ရေလုပ်သားများ ဖွံ့ဖြိုးတိုးတက်ရေး ( ဧရာဝတီတိုင်းလုံးဆိုင်ရာ ) ညီလာခံကြီးကို ယနေ့ပင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးတောင်သူလယ်သမား သုံးထောင်ကျော် တက်ရောက် ခဲ့သည်။ စုစည်းထားသော တောင်းဆိုချက် ၊ ကြေငြာချက်များကို သတင်း မီဒီယာများမှ တဆင့် နိုင်ငံတော် အစိုးရ သိရှိစေရန် တင်ပြပြီးဖြစ်သည်။
(၈) ၂၀၁၂ ခုနှစ် ဧပြီလ ၂ ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့သော မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်ဧ။် အဓိက ရည်မှန်းချက်မှာ - ညီညွတ်ရေး၊ တိုးတက်ရေး နှင့် ငြိမ်းချမ်းရေး ဖြစ်သည်။
ညီညွတ်ရေး.........
အတွက် စိတ်ရင်းစေတနာနှင့် သမိုင်းကြောင်းကောင်းသော နိုင်ငံ့ဝန်ထမ်း ( တပ်မတော်သား၊ အရပ်သား ၊ ၀န်ထမ်း ) အားလုံးနှင့် လက်တွဲချိတ်ဆက်ပြီး သမိုင်း စာမျက်နှာသစ်များ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းသည်။
တိုးတက်ရေး ..................
အတွက် မိမိတို့ တတ်နိုင်သမျှ ( အထူးသဖြင့် ကျေးလက်ဒေသများ) ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာ အသိအတွေးဆင်ခြင်တုံတရား နှင့် ရဲရင့်သော မျိုးချစ်စိတ်တို့ကို စံနမူနာပြ သင်ကြားပြသပေးသည်။ ကွန်ပျူတာ အခမဲ့သင်တန်းများ၊ စာပေ ဟောပြောပွဲများ၊ ကျေးလက်စာကြည့်တိုက်များ ဆက်တိုက် ဖွင့်လှစ်ပေးနေသည်။ အခြား တဖက်မှလည်း တိုးတက်ရေးကို အနှောင့်အယှက်ပြုနေသော ၀ိသမလောဘသား ခရိုနီစီးပွားရေး လုပ်ငန်းရှင်ကြီးများဧ။် မတရားမှုများကို ဥပဒေဘောင်အတွင်းမှ ဖေါ်ထုတ်ပြီး လူထုကို အခြေပြုသော လူထု အကျိုးစီးပွားဖြစ်ထွန်းစေမည့် စီးပွားရေး လူမှုရေး နေထိုင်ရေး ရပ်ဝန်းများဖြစ်ပေါ်လာအောင် ဦးဆောင် အကောင်အထည်ဖေါ်ပေးသည်။ ယခုဆိုလျှင် ရဲမှန်သမျှ ခေါင်းပင် မော်မကြည့်ဝံ့ခဲ့သော ကျေးရွာပေါင်း ရာနှင့်ချီပြီး လွတ်လပ်သော ဥပဒေဘောင်အတွင်းမှ ရဲတင်းပွင့်လင်းစွာ မည်သူကိုမျှ ကြောက်စရာ မလိုတော့သော ပွင့်လင်း ယဉ်ကျေးမှုကို တည်ဆောက်ပေးနိုင်ခဲ့သည်။
ဗီဒီယို အခွေများမှ တဆင့် တနိုင်ငံလုံးသို့ မကြောက်တရား မကြောက်သော လှုပ်ရှားမှုများကို ပြန့်နှံ့ကူးစက် မျှဝေ ပေးခဲ့သည်။
ငြိမ်းချမ်းရေး.................
အတွက် ကချင်ဒေသ စစ်ငြိမ်းချမ်းရေး ၊ တနိုင်ငံလုံး စစ်ငြိမ်းချမ်းရေး အတွက် အင်တိုက်အားတိုက် လုပ်ဆောင်ပေးခဲ့သည်။ ကချင်ပြည်နယ် လိုင်ဇာမြို့သို့ လေးခေါက် တိတိ သွားရောက်ခဲ့ပြီး၊ နောက်ဆုံး အကြိမ်တွင် မြစ်ကြီးနား၊ လိုင်ဇာ ၊ ဗန်းမော် လမ်းကို လူထု နည်းဖြင့် ဦးဆောင် ထိုးဖေါက်ပြီး နှစ်နှစ်ခန့်ပိတ်ဆို့ထားသော ကားလမ်းကို မိမိတို့ ကွန်ရက်မှ ကိုယ်တိုင် မိုင်းရှင်း လမ်းဖွင့်ကြိုးပမ်းပြီး ငြိမ်းချမ်းရေး အတွက် လမ်းလျောက်ချီတက်လာသူ ညီအကိုမောင်နှမ များ ဘေးမသီ ရန်မခစေရန် တတ်စွမ်းသမျှ သွားရောက် ကူညီပေးခဲ့သည်။
လက်ရှိအားဖြင့် အမှတ် (၆၁၃) စည်ပင်လမ်း၊ (၁၉) ရပ်ကွက်၊ တောင်ဒဂုံ ရန်ကုန်မြို့တွင် မိဘများ အတူ နေထိုင်ပြီး ဇနီး မဇင်မျိုးမော် သား မောင်အောင်ပြည့်စုံ ( ၁၀) နှစ်သားတို့ဖြင့် အိမ်တွင်း အင်တာနက် ဆိုင်ငယ်ဖွင့်လှစ်ကာ ၀မ်းစာရှာဖွေရင်း အခြားတဖက်မှ ပြည်သူ့ ၀န်ကို မိမိအသိစိတ်ဓါတ်ဖြင့် ထမ်းဆောင်နေခြင်းဖြစ်သည်။
မှတ်ပုံတင် နံပတ်မှာ ၁၂/သဃက (နိုင်) ၀၀၀၆၆၀ ဖြစ်ပြီး ဆက်သွယ်ရန် ဖုန်းနံပတ်မှာ 0949328559 ဖြစ်ပါသည်။ အီးမေးလ်မှာ msdn.myanmar@gmail.com ဖြစ်ပါသည်။
(၁၀) စား ၀တ် နေရေး အခြေအနေ.... မရှိ မရှား၊ သာမန် လူတန်းစား နည်းတူ ဖြစ်ပါသည်။
နေမျိုးဇင်
--
Send email to - editors@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here  (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives