[MoemakaDaily] 26th April - MoeMaKa Daily
ကာတွန်းစောငို - ရွှေဂျိုးလေးတွေ ကူတဲ့ ရွှေပြည်ကြီးဆီသို့၊ ဧပြီ ၂၆၊ ၂၀၁၃
Kamarpale - Poem
ကျနော် အဖြေရှာနေတာ
ကမာပုလဲ
ဧပြီ ၂၆၊ ၂၀၁၃
ကျနော် အဖြေရှာနေတာပါ ...
ကျနော် အဖြေရှာနေတာ ...
ကျနော့်ကို အမေမွေးတဲ့ ၁၉၆၂ ခုနှစ်ကစခဲ့ ...
မွေးကတည်းက ကျနော် ငိုတယ်
အဲဒါ အဖြေရှာတာပဲ
တကသ အဆောက်အဦကြီး မိုင်းခွဲဖျက်ဆီးခံရတယ်
အတုအယောင် ငြိမ်းချမ်းရေးပျက်တယ်
ကိုကိုးကျွန်းကို နိုင်ငံရေးအကျဉ်းသားတွေ ပို့တယ်
တရုတ် - ဗမာ အရေးအခင်း
ဆန် ရှားပါးမှု ...
အာ ... အဖြေရှာပါတယ်ဆိုမှ ပြဿနာပဲ
အဖြေရှာပါတယ်ဆိုမှ ပြဿနာ တထွေးကြီးနဲ့ ထိပ်တိုက်တိုးရ
အဲဒီ ပြဿနာတွေကို ဘယ်လို ခဲဖျက်နဲ့ ဖျက်ပစ်ရမလဲ မေမေ
ကျနော် အဖြေရှာနေတာ ပြဿနာတွေသာ တွေ့တွေ့နေရ
ပြဿနာတွေကလည်း ပြဿနာပြီး ပြဿနာ 
ပြဿနာတွေက အသစ်ပြီး အသစ်
ကျနော် အဖြေရှာနေတာပါဆို
၁၉၇၄၊ ၇၅ ... ပြဿနာတွေ
ဦးသန့် ... ကျွန်းဆွယ် ... သခင်ကိုယ်တော်မှိုင်း ... ဂျွန် - ၆
ကျနော် အဖြေရှာနေတာ
ပြဿနာတွေချည်း
တရားမ၀င် ငွေစက္ကူ
ဘုန်းမော် ... စိုးနိုင်
ကျနော် အဖြေရှာနေတာ 
" နောင်ကို ဆူဆူပူပူလုပ်ရင်
စစ်တပ်ဟာ မိုးပေါ်ထောင်မပစ်ဘူး ... "
ဂျွန် - ၂၁
တံတားနီ
၈၈၈၈ ....
အာ ... ကျနော် အဖြေရှာနေတာပါဆို
"သမဂ္ဂ အဆောက်အဦကြီးကို ပျော်ပျော်ပါးပါး အုတ်မြစ်ချ ..."
ရင်ဘတ်မှာ မောင်းပြန်သေနတ်ကျည်ဆံရာ အပေါက်ကြီးတွေ
"၀င်းမော်ဦး "
ပြဿနာပဲ
အဖြေမတွေ့ဘဲ ... ပြဿနာတွေချည်း တွေ့
၁၉၉၀ ရွေးကောက်ပွဲ ရလဒ်
ဂန္ဓီ ...
နာဂစ်
ဒီပဲယင်း ... လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲ
စု - လွှတ် - တွေ့
ရွှေဂုံတိုင် ကြေညာချက်
၂၀၀၇ - စက်တာဘာ ... သံဃာထု
၂၀၀၈ စစ်အခြေခံ ဥပဒေ
၂၀၁၀ - အဓမ္မရွေးကောက်ပွဲ
ဟာ ...
ဂုရုရေ ... မင်းပြောသလို
"ကျွတ်စဉ်ကြီး "
ပြဿနာတွေ တပြုံ တထွေးကြီး ...။
"၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မစွန့်လွှတ်ဘူး
ဒါပေမဲ့ လက်တွေ့မကျတော့ဘူး "
ပါတီ မှတ်ပုံတင်မယ်
လူထုက တောင်းဆိုလို့ 
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၀င်မယ် ... ၀င်တယ် ..."
( ဒုက္ခ ဘယ်တုန်းက လူထုက တောင်းဆိုလိုက်သလဲ မသိဘူး )
သစ်ကောင်းအိမ်
အဲဒါ .... မင်း သိလိုက် ... ကြားလိုက်သလားဟ ...။
လက်ပံတောင်းတောင်
မီးလောင်ဗုံး ဒဏ်ရာ
ဘုရား ... တရား ... သံဃာ
ဘာတွေလဲဗျာ
ဘုန်းကြီးကို မီးလောင်ဗုံးနဲ့ ပစ်ခတ်နှိမ်နင်းရတယ်လို့ ...
သမတကြီး ... သမတကြီး
တောင်တလုံးဆုံးရှုံးရတာများ ဘာအရေးလဲ
အင်းလေကန် ခမ်းခြောက်သွားတာ ဘာအရေးလဲ
လယ်သမားတွေ ထမင်းငတ်တာ ဘာအရေးလဲ
ကျေးဇူးရှင် လယ်သမားကို သေနတ်နဲ့ ပစ်တာ ဘာအရေးလဲ
ကျနော် ပြဿနာ ရှာနေတာ
အဲလေ ... ကျနော် အဖြေရှာနေတာပါ ...
အဟင့် ... ဟင့်
"သမတ ဖြစ်ချင်တယ် ... သမတ လုပ်ချင်တယ် "
"ဖန်လ်ခွက်ထဲ ရေတ၀က်ရှိနေရင် ရှိတယ်လို့ လက်ခံရမှာပဲ "
ဟာ ... ဟဲ့ကောင် ငတုံးရ
အဲဒါ .... ရေမဟုတ်ဘူးဟ
အပြစ်မဲ့ ပြည်သူတွေရဲ့ ခေတ်အဆက်ဆက် ကျခဲ့ရတဲ့ မျက်ရည်တွေ ဟ
အရေးတော်ပုံနဲ့ အရေးခင်းတွေမှာ ကျခဲ့ရတဲ့ ပြည်သူ့သွေးကို ပေါင်းခံထားတဲ့ အရည်ဟ
ဟာဗျာ ...
ကျနော် အဖြေရှာနေတာ
ကျနော် အဖြေရှာနေတာလေဗျာ
ကျနော် အဖြေရှာနေပါတယ်ဆိုမှ
ပြဿနာတွေနဲ့ချည်း တွေ့တွေ့နေ
ကျနော် အဖြေရှာနေတာ ...
အဖြေ မတွေ့ရင်တော့ 
သင်္ချိုင်းကုန်းက အမေရေ ...
ကျနော့်ကိုသာ သေရာကနေ 
ထပြီး ... ဆုံးမလိုက်ပါတော့ဗျာ ...။ ။
+ ၀န်ခံချက်။ ။ ဒီစာ ကဗျာလို့ မခံစားကြပါနဲ့ ဗျာ ...
Goal Shal - Poem
တ မ်း တ
ဂေါ်ရှယ်
ဧပြီ ၂၆၊ ၂၀၁၃
မေတ္တာဖျန်းမှလန်းဆန်းမဲ့ မိဘမဲ့ကလေးလေးတွေနဲ့  
မိဘရှိပြီး အတူနေခွင့်မရတဲ့ ကလေးလေးတွေအတွက်
မေတ္တာမျှဝေပေမဲ့ ကိုယ်ကိုတိုင် နွေးထွေး ဖော်ရွေမှုကမ်းလက်ကို မျှော်လင့်ခဲ့မိပါတယ် ...။ 
အခန်းထောင့်တနေရာမှာ ကြေကွဲပြီး 
အထီးကျန်နေသူများကို အဖော်ပြုဖို့ ပြောခဲ့ပေမယ့်လည်း 
ကိုယ်ကိုတိုင် ခြောက်သွေ့မှုများနဲ့ အဖော်မဲ့ခဲ့ရပါတယ် ......။
မျှော်လင့်ချက်ကင်းမဲ့ပြီး
ဘ၀ကို စုန်မျှောအရှုံးပေးချင်သူတွေ ကူညီနိုင်ဖို့ အားပေးခဲ့ပေမယ့် 
ကိုယ်ကိုတိုင် ပင်ပန်းလေးလံ ထိုင်းမှိုင်းမှုတွေနဲ့အတူ
မနက်ဖြန်နေ့ရက်ကို ရင်မဆိုင်ချင်လောက်အောင် ကျိုးပဲ့ ချိနဲ့နေခဲ့ရပါတယ် ...။
ပင်ပန်းခြင်းတွေနဲ့  ညည်းတွားနေကြသူများကို လှိုင်းကြီးလှေအောက်ပါလို့ 
ပေါ့ပေါ့ပါးပါးလေး အားပေးနှစ်သိပ့်စကားလေး ပြောခဲ့ပေမယ့်လည်း 
ဘဝလောကဓံကြားက ကိုယ်တိုင်လှေငယ်လေးက မြှုပ်လုမြှုပ်ခင်ပါဘဲ ...။
အငယ်ဆုံးသောသူတွေရဲ့ဘဝတွေကို မြင်သာလာအောင် 
ရှိသမျှအစွန်းများနဲ့ မီးမောင်းထိုးပြနေခဲ့ပေမဲ့လည်း
ကိုယ်တိုင်က အမှောင်ထဲ အတွင်းကြေကြေခဲ့သူပါ
ဘယ်သူသိနိုင်မှာတဲ့ ရေခြား မြေခြားဘဝ (oversea life) လေ  ...။
Kyaw Thu - FFSS Yangon Activity,
အကြောင်းကြောင့် အကျိုးဖြစ်
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၂၆၊ ၂၀၁၃
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဦးကျော်သူသည် မြန်မာပြည်အဝှမ်းနယ်မြို့များရှိ ပရဟိတအသင်းအဖွဲ့ များ၊ ပရဟိတစိတ်ဓါတ်များ ပိုမိုတိုးတက်လာစေရန်နှင့် ပရဟိတအသင်းအဖွဲ့အချင်းချင်း စနစ်တကျနှင့် ပိုမို၍စည်း လုံးမှုရှိစေရန် ဒေသတစ်ခုတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အသင်းအဖွဲ့အချင်းချင်း ဆက်သွယ် ကူညီမှုများ ပေးနိုင်ရန်အတွက်ရည်ရွယ်၍ ပရဟိတဟောပြောပွဲများ ပြုလုပ်ခဲ့ရာ မြန်မာပြည်အလယ်ပိုင်းနှင့် ရှမ်းပြည် နယ်ရှိ မြို့အတော်များများတွင် ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ယခင်လအတွင်း၌ ဖြစ်ပွားခဲ့သော လူမျိုးရေး ပဋိပက္ခများကြောင့် လူစုလူဝေးများဖြစ်စေမည့် ဟောပြောပွဲများအား ခေတ္တရပ်နားထားခဲ့ရာ ယခု အခြေအနေများ ကောင်းမွန် ငြိမ်သက်သွားခဲ့ပြီဖြစ်သဖြင့် လူမှုရေးပရဟိတ ဟောပြောပွဲများအား ပြန်လည်စတင်ခဲ့ပြီဖြစ်သည်။
၂ဝ.၄.၂ဝ၁၃ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ မဟာအနှစ်၏ ရင်သွေး "နှလုံးလှ ပိုင်ရှင်များ" နာရေးကူညီမှုအသင်း၏ ရုံးဖွင့်ပွဲနှင့် လူမှုရေးပရဟိတဟောပြောပွဲအား ကျိုင်းတုံမြို့တွင် ကျင်းပပြုလုပ် ခဲ့ကာ ယင်းနေ့ ညနေပိုင်းတွင် "နှလုံးလှပိုင်ရှင်များ" နာရေးကူညီမှုအသင်းရုံးခန်းအား နာရေးကူညီမှုအသင်း (ရန်ကုန်) ဦးကျော်သူမှ ဖွင့်လှစ်ပေးခဲ့ပြီး ည (၈းဝဝ) နာရီအချိန်တွင် ဟောပြောပွဲအား ကျင်းပခဲ့သည်။ ထိုသို့ ဟောပြောခဲ့ရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဦးကျော်သူမှ "ဗြဟ္မစိုရ်ခြေလှမ်းများ" ခေါင်းစဉ်ဖြင့် ဟောပြော ပေးခဲ့ပြီးနောက် ကိုအလင်းဆက်(IR)မှ "ပဉ္စမမဏ္ဍိုင်၏စိန်ခေါ်မှုများ" ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့သည်။ ၄င်းဟော ပြောပွဲသို့ မြို့ခံပရိသတ်များနှင့် လူမှုရေးအဖွဲ့အစည်းများမှလာရောက် အားပေးခဲ့ကြသည်။ "နှလုံးလှပိုင်ရှင်များ" နာရေးကူညီမှုအသင်းသည် လူငယ်များဖြင့်ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး မဟာအနှစ် ဗုဒ္ဓဘာသာတရားပွဲ များ ဖြစ်မြောက်ရေးအဖွဲ့၏ ရင်သွေးငယ်များလည်းဖြစ်သည်။ "နှလုံးလှပိုင်ရှင်များ" နာရေးကူညီမှုအသင်း၏ ဥက္ကဌ ဦးကျော်သူအောင် ဦးဆောင်၍ တက်ကြွစွာလှုပ်ရှားနေသော လူငယ်အဖွဲ့အား မြင်တွေ့ရသည်မှာ ၄င်းတို့၏ အသင်း အတွက် အားတက်စရာပင် ဖြစ်တော့သည်။ ထို "နှလုံးလှပိုင်ရှင်များ" နာရေးကူညီမှုအသင်း၏ ရုံးဖွင့်ပွဲတွင် တိုက် ဆိုင်စွာဖြင့် အလှူရှင်များမှ လှူဒါန်းသော နာရေးနိဗ္ဗာန်ယာဉ် (၂) စီးအား လက်ခံရရှိခဲ့လေသည်။ နောက်တနေ့ နံနက်တွင် ကျိုင်းတုံမြို့ရှိ ကျိုင်းတုံစော်ဘွား၏ ဂူသင်္ချိုင်းဗိမာန်အား သွားရောက်လေ့လာခဲ့ကာ ကျိုင်းတုံစော်ဘွား၏ နောက်ဆုံးမျိုးဆက်ဖြစ်သူနှင့် တွေ့ဆုံခွင့်ရရှိခဲ့ပြီး စော်ဘွားများ၏ သင်္ချိုင်းဂူဗိမာန် (၉) ခုအား ဂါရဝပြုကာ ပြုခဲ့သမျှ သော ကောင်းမှုကုသိုလ်တို့အား မေတ္တာပို့သ အမျှပေးဝေခဲ့ကြသည်။
၂၁.၄.၂ဝ၁၃ ရက်နေ့တွင် တာချီလိတ်မြို့သို့ ရောက်ရှိခဲ့ကြပြီး "မဇ္ဇျိမ" လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့် ဆွေ၏ ဦးဆောင်စီစဉ်မှုဖြင့် ယင်းနေ့ ည (၈းဝဝ) နာရီအချိန်တွင် ဟုတ်တက် ဗုဒ္ဓဘာသာဘုရားကျောင်းတွင်  လူမှုရေးပရဟိတ ဟောပြောပွဲကျင်းပခဲ့သည်။ ထိုဟောပြောပွဲတွင်လည်း ကောင်းသောအကြောင်းတရားကြောင့်   ကောင်းသောအကျိုးတရား ဖြစ်ထွန်းသည်ဟုပင် ဆိုရလေမလားမသိ။ "မဇ္ဇျိမ" လူမှုကူညီရေးအသင်းသို့ အများ ပြည်သူ အလှူရှင်များမှ လှူဒါန်းခဲ့သောအလှူငွေများနှင့် မြို့နေပြည်သူလူထုတို့၏ အင်တိုက်အားတိုက် အားပေးခြင်း ခံယူရရှိခဲ့လေသည်။  ၂၂.၄.၂ဝ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့၏ သုဿန်သို့ သွားရောက်လေ့လာခဲ့ပြီး နေ့လည် (၁၂းဝဝ) နာရီအချိန်တွင် တာချီလိတ်မြို့ရှိ "မဇ္ဇျိမ" လူမှုကူညီရေးအသင်းနှင့် မြို့ခံပရဟိတအဖွဲ့များ၊ ထိုင်း နိုင်ငံ မယ်ဆိုင်မြို့ရှိ လူမှုဂရုဏာအသင်း(မယ်ဆိုင်) အစရှိသည့် လူမှုရေးအဖွဲ့များတို့အား ဇန်းမွန်အာခါဟိုတယ်တွင် တွေ့ဆုံခဲ့ကြပြီး ပရဟိတအဖွဲ့များမှ သိလိုသောအချက်များအား မေးမြန်းခဲ့ရာ ဦးကျော်သူမှ ပြန်လည်ဖြေကြား၍ အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ယခုကဲ့သို့ အများပြည်သူတို့အတွက် ပရဟိတဟောပြောပွဲများ အယူသီးမှုပပျောက်ရေးနှင့် အသိပညာပေး ဟောပြောပွဲများပြုလုပ်ပေးခဲ့သော ကျွန်တော်တို့၏ ပေးဆပ်မှုအကြောင်းများကြောင့် ယခုခရီးစဉ်တွင် ကျိုင်းတုံမြို့ရှိ လွန်ခဲ့သောနှစ်ပေါင်း (၂၃) နှစ်က ပျံလွန်တော်မှုခဲ့ပြီး ယနေ့တိုင် မပုပ်မသိုး၊ မပျက်ယွင်းဘဲ အကောင်းပကတိ အလား သက်တော် (၇၆) နှစ်ရှိ ဆရာတော်ဦးသာဂရ၏ ရုပ်ကလာပ်တော်အား ဖူးမျှော်ခွင့် ရရှိခဲ့သလို ကျိုင်းတုံ စော်ဘွားများ၏ ဂူသင်္ချိုင်းဗိမာန်များအားလည်း လေ့လာဂါရဝပြုခွင့်ရရှိခဲ့သော အကျိုးထူးကိုရရှိခဲ့ကာ ကျိုင်းတုံမြို့ရှိ မဟာအနှစ်၏ရင်သွေး "နှလုံးလှပိုင်ရှင်များ" နာရေးကူညီမှုအသင်း၏ ဥက္ကဌ ဦးကျော်သူအောင်နှင့် တာချီလိတ်မြို့ရှိ "မဇ္ဇျိမ" လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေတို့၏ ဗြဟ္မစိုရ်စိတ်ဓါတ်အကြောင်းတို့ကြောင့် မော်တော်ယာဉ်များ၊ အလှူငွေများနှင့် ပြည်သူလူထုတို့၏ ထောက်ခံအားပေးမှု အကျိုးတရားများ ရရှိခဲ့ပါကြောင်းနှင့် "ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်" ဖြစ်ပါကြောင်း ထိုထူးမြတ်လှသည့် ကုသိုလ်ထူး၊ အကျိုးထူးများအား အများပြည်သူ တို့အား မျှဝေလိုက်ရပါတော့သည်။
Ohm Naing - Articles
ရေးခဲ့မိသော မှတ်တမ်းများ (၂၅)
အုန်းနိုင်
ဧပြီ ၂၆၊ ၂၀၁၃
● ဒေါ်အောင်ဆန်းစုကြည်အဖမ်းခံရပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အခြေအနေ
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ရုံးက ဇူလိုင်(၂၃) ရက်နေ့ထုတ်ပြန်ခဲ့တဲ့စာအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကို ဖမ်းတော့မဲ့ဆဲဆဲမှာ  ဒေါ်အောင်ဆန်းစုကြည် သဘာပတိအဖြစ် ဆောင်ရွက်တဲ့အစည်းအဝေးက အောက်ပါ ပုဂ္ဂိုလ်ကြီးများကို  ယာယီအရန် ဗဟိုအလုပ်အမှုဆောင် များအဖြစ် တိုးချဲ့ ပေးခဲ့ပါတယ်.။
၁။ ဦးဘသော်(မောင်သော်က)
၂။ ဦးရွှေ
၃။ ဦးခင်မောင်ဆွေ
၎။ ဦးစိုးသိန်း(မောင်ဝံသ) တို့ဖြစ်ပြီး  .. နောက်ထပ်
၁။ ဦးချမ်းအေး
၂။ ဦးမောင်မောင်
၃။ ဦးလှဖေ
၎။ ဦးသန်းထွန်း
၅။ ဦးမျိုးအောင်
၆။ ဦးကျော်မင်း (ဗိသုကာ)
၇။ ဦးမိုးသူ
၈။ ဒေါက်တာတင်မျိုးဝင်းတို့ကို  အလုပ်ကော်မတီဝင်များအဖြစ်  တာဝန်ပေးခဲ့ပါတယ်..။
နယ်အဖွဲ့ အစည်းများအနေနဲ့ စိတ်တည်တည် ငြိမ်ငြိမ်ထားကာ အစည်းအဝေးများကျင်းပပြီး ခေါင်းဆောင်ကြီးများကို  နေအိမ်အကျယ်ချုပ်
ထားတာနဲ့   အခြားခေါင်းဆောင်အများအပြား  ဖမ်းဆီးထားတာကိုလည်း  ကန့်ကွက်ကြောင်းဆုံးဖြတ်ပြီး သက်ဆိုင်ရာ မ.၀.တ၊ တ.၀.တ နဲ့   န.၀.တ များထံကို ပို့ဖို့ ညွှန်ကြားလာပါတယ်..။ အဲဒီညွှန်ကြားချက်တွေရဲ့  အောက်ဖက်မှာတော့   "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ကင်း လွတ်ခွင့်အမှတ် န/သ  ၀၅၂" ဆိုတာ ပါလာပါတယ်..။
အဓိပါယ်ကတော့  ဒေါ်အောင်ဆန်းစုကြည်က  ကင်းလွတ်ခွင့်မလျှောက်ဘူး.  ။အာဏာဖီဆန်တယ် ဆိုပေမယ့်  ဒေါ်အောင်ဆန်းစုကြည်အ ဖမ်းခံရတာနဲ့    တပြိုင်တည်း  ဒေါ်အောင်ဆန်းစုကြည်  ပြောခဲ့တာကိုဘေးချိတ်ပြီး  ကင်းလွတ်ခွင့် လျှောက်လိုက်ပြီ ဆိုတဲ့  သဘောပေါ့..။
ဇူလိုင်(၂၄) ရက်နေ့  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့ ကြေညာချက် အမှတ်(၂၇)မှာတော့ ဒီကိစ္စကို  ရှင်းလင်းပါတယ်..။စာပိုဒ် (၅) မှာ  အဖွဲ့ ချုပ်တရားဝင်ရပ်တည်ခွင့်ရရှိဖို့ အတွက်  နိုင်ငံရေးပါတီများ ပုံနှိပ်ထုတ်ဝေမှု  ကင်းလွတ်ခွင့် လျှောက်ထားဖို့  ဆုံးဖြတ်လိုက်ပြီလို့ပါပါတယ်..။အကြောင်းပြချက်ကတော့  "ဒေါ်အောင်ဆန်းစုကြည်   တောင်    ဇူလိုင်(၁၉)ရက် နေ့ကအာဇာနည်ကြီးများကို  ပြည်သူနဲ့ အတူ   ချီတက်အလေးပြု မယ့်   အစီအစဉ်ကို   သွေးချောင်းစီး မဲ့  အန္တရာယ်ကိုထောက်ပြီး ပယ်ဖျက်ခဲ့တယ်..။  ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်  ဆုံးဖြတ်ထားခဲ့တာ  ဖြစ်ပေမယ့်  ပယ်ဖျက်သင့်တာ ပယ်ဖျက်မယ် ဆိုတဲ့ သဘောပေါ့"
ဒီနောက်  အစည်းအဝေးမှာလည်း  ဗဟိုအလုပ်အမှုဆောင် နဲ့ ဗဟိုအလုပ်ကော်မတီကို တိုးချဲ့ ဖို့သာ  ဆုံးဖြတ်နိုင်ပြီး  အဖမ်းခံသွားရတာ
  ဖြစ်လို့    ထုတ်ဝေမှု ကင်းလွတ်ခွင့်  မှတ်ပုံတင်ကိစ္စကိုဆုံးဖြတ်မသွားနိုင်တော့တာသာ ဖြစ်တယ်..။ဒါကြောင့် ကျန်တဲ့ သူတွေက    အဖွဲ့ ချုပ်ရပ်တည်နိုင်ရေး   အတွက်  ကင်းလွတ်ခွင့်လျှောက်ဖို့ ဆုံးဖြတ်တာဖြစ်တယ်..။ဒါဟာ  အဖွဲ့ ချုပ်အတွက်  သိက္ခာမကျပါဘူး..လို့  ဖော်ပြပါတယ်..။
အဖွဲ့ ချုပ်က  နောက်ထုတ်တဲ့ ကြေညာချက် ၊ညွှန်ကြားချက် တွေဆိုရင်လည်း  နယ်အဖွဲ့ အစည်းတွေ နဲ့  အဖွဲ့ ချုပ်ဝင်လူငယ်တွေ အတွက်   မကျေနပ်စရာတွေပါလာပါတယ်..။ဇူလိုင် (၂၉)ရက် နေ့   ထုတ်တဲ့ ညွှန်ကြားချက်မှာတော့    ခေါင်းဆောင်ကြီး နှစ်ဦးနဲ့    ကျန်အဖမ်းခံရသူတွေ        လွှတ်ပေးရေး အတွက်   မိမိတို့  ကိုးကွယ်ရာအယူဝါဒအလျှောက်  ၀တ်ရွတ်စဉ်များ..၊ဆုတောင်းပွဲများ တပတ်တိတိ ဆက်လုပ်ကြပါလို့ ညွှန်ကြားပါတယ်။ ညွှန်ကြားချက်ထဲ မှာ ၁၉၆၀  ခုနှစ်လောက်က  ဆရာကြီးမင်းသုဝဏ်ရေးခဲ့တဲ့ကဗျာတပုဒ်လဲ ထည့် ထားပါသေးတယ်..။
"မေတ္တာသုတ်"
ဒေါသဖြစ်ရွေ့   ပူခြစ်လောင်တောက်
ငါစိတ်ဖောက်သည် ၊မြွေဟောက် ပါးပျဉ်း နှယ်တကား..။
စာပေနှီးနှော   စကားပြောက
ဒေါသ ပြေခဲ့  ဖူးသည် ရှင့်..။
စာပေကြည့်လျက် ၊ကြံလေ့ကျက်က
အမျက်ပြေခဲ့ဖူးသည် ရှင့်..။
ဒီတခါမူ
ပူသည့်ဒေါသ ၊ ထသည့် အမျက်
ထွက်သည့် စိတ်ကြမ်း ၊မနိုင်စွမ်းရွေ့ 
အေးချမ်းမေတ္တာ ၊သုတ်ကို ရှာသော်
ပမာ တောက်ငြီး၊ တောင်တက်မီးကို
မိုးကြီး ညှိမ်းသို့ ၊ ငြိမ်းစေသတည်း။    ။
(မင်းသုဝဏ်)...တဲ့။
ဇူလိုင်လ ကုန်ခါနီးလာတော့  နည်းနည်း တည်ငြိမ်လာတာမို့မြို့ နယ်စည်းရုံးရေးကော်မတီအစည်းအဝေး ခေါ်ပြီး  အခြေအနေ အားလုံးကို  ညှိနှိုင်းဆွေးနွေးကြတယ်..။ဗဟိုက ရသမျှ ညွှန်ကြားချက်နဲ့ သတင်းတွေကို  တင်ပြပြီး..ဥက္ကဌ ဦးတင်ဦး နဲ့  အထွေထွေ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည် တို့ကို ဖမ်းဆီးပြီး  နေအိမ်အကျယ်ချုပ် ထားတာကို  ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ နယ်အသီးသီးမှာ ဖမ်းဆီးထားတဲ့ အဖွဲ့ ချုပ်ဝင်များ၊အခြား ဒီမိုကရေစီ အင်အားစုများကို အမြန်ဆုံးလွှတ်ပေးဖို့  ဆုံးဖြတ်ချက် များကို  ဇူလိုင်(၂၈)နေ့ မှာ ချမှတ်ပြီး  သက်ဆိုင်ရာ မ.၀.တ  ၊တ.၀.တ နဲ့  န.၀.တ  တို့ကို ပို့...။ဗဟိုကို မိတ္တူ ပို့ ..စတာတွေကို လုပ်နိုင် လာပါတယ်..။
ဇူလိုင်လ  (၃၀)ရက်မှာ  ပဲခူးတိုင်းစည်း ကိုယ်စားလှယ်ဗိုလ်မှူးဟောင်း မောင်အေး..၊ဦးနိုင်ဦး..၊ဒေါက်တာ တင်အေး၊ဦးဇော်မင်း နဲ့  ဦးအောင်စောဦး တို့  ပြည်မြို့ နယ်စုကိုရောက်လာပါတယ်..။မြို့ နယ်စု (၆)မြို့ နယ်   အစည်းအဝေး လုပ်ပြီး  ဗဟိုအခြေအနေကို   ဦးမောင်အေး ရှင်းပြလို့သိရတာက ဇူလိုင်လ(၁၉)ရက်နေ့နံနက် ပိုင်းမှာပဲ  ရန်ကုန်မြို့ နယ်အသီးသီးကို ချီတက်ရေး  အစီအစဉ်များဖျက်သိမ်းကြောင်း ကို  အကြောင်းလဲကြား..။တချို့  နေရာတွေမှာ ၀င်လည်း ထိန်းသိမ်းပေး တာမျိုး တွေလုပ်ကြရတယ်..လို့  သိရပါတယ်..။သူ့ကိုဖမ်းတော့ မှာကို သိလို့   ဒေါ်အောင်ဆန်းစုကြည်က  ဗဟိုအလုပ်အမှု ဆောင်ကိုတိုးချဲ့ သွားတယ်..။နေ့လည်ပိုင်းမှာ  အိမ်ရှင်မှ တပါး အားလုံး ထွက်ခိုင်းလို့   ထွက်လာကြတော့လူစုကွဲသွားပြီး နောက်တနေ့  (၂၀)ရက်နေ့မှာ ဒေါ်စုကို ဖမ်းတယ်..။(၂၁)ရက် နေ့  နေ့လည်(၂)နာရီ မှာ  ရှိတဲ့ ဦးစီး အဖွဲ့ နဲ့  စည်းဝေးကြပြီး အဖွဲ့ မပျက်ရေး အတွက်  ပုံနှိပ်ဥပဒေကို ကင်းလွတ်ခွင့်  လျှောက်သင့်ကြောင်းဆွေးနွေးကြတယ်..။မကျေနပ်သူတွေရှိလို့   ဗဟိုဦးစီး အဖွဲ့  (စီစီ ) အစည်းအဝေးကို  ဇူလိုင် (၂၃)မှာထပ်ခေါ်တယ်..။ဗဟို ဦးစီး (စီစီ) (၄၁) ဦးရှိတဲ့ အနက်  (၁၁)ဦး အဖမ်းခံထားရလို့  စီစီ (၃၀) ရှိတဲ့အနက် အစည်းအဝေးတက်ရောက်သူ  (စီစီ) (၂၅) ဦးပဲရှိတော့တယ်..။မဲခွဲရာမှာ ကင်းလွတ်ခွင့်  လျှောက်ဖို့  (၂၁)မဲ ၊ကန့်ကွက်မဲ(၁) မဲ၊ ကြားနေ (၃) မဲနဲ့  အတည်ဖြစ်ပြီး  ဦးဘသော်(မောင်သော်က)  အမည်နဲ့   ကင်းလွတ်ခွင့်  လျှောက်မယ်လို့ ဆုံးဖြတ်အပြီးမှာ  ဆရာ မောင်သော်က  အဖမ်းခံ ရလို့   ဦးချစ်ခိုင် အမည် နဲ့    ကင်းလွတ်ခွင့် လျှောက်ထားရတယ်..ဆိုတာတွေ ကို သိရပါတယ်..။ဦးမောင်အေး  ပြောပြလို့   ဦးမိုးသူ၊ဒေါ် မြင့်မြင့် ခင်၊ဦးသော်က၊ ဦးစိုးသိမ်း ၊ ဦးထွန်းတင် တို့   အဖမ်းခံရပြီး.။ဦးကိုယု နဲ့  ဦးဝင်းခက် ကို  အဆက်မသွယ်မရကြောင်း..၊ရှောင်နေကြကြောင်း..သိရပါတယ်..။  ။
● မြို့ နယ်ပါတီ တွင်း  တာဝန်ခွဲဝေရေး ပြသနာ
အဲဒီလို  တပြည်လုံး အတိုင်းအတာနဲ့  နိုင်ငံရေးလှိုင်းတံပိုးထန်နေချိန်မှာ  ပေါင်းတည်မြို့ နယ်အတွင်းရှိ  မြို့ နယ်စည်းရုံးရေး ကော်မတီ(ယာယီ) အဖွဲ့ ဝင်   ဦးဖေမြင့်ကနိုင်ငံရေး သုံးသပ်ချက်နဲ့   အလုပ်စာတမ်းတခု  တင်ပြလာပါတယ်..။ဒီ စာတမ်းကို  (၅.၈.၈၉) နေ့  ကော်မတီ အစည်းအဝေးမှာဆွေးနွေးကြပါတယ်..။
သူ့ စာတမ်းကို  သူကိုယ်တိုင် ရှင်းလင်းဖတ်ကြားပါတယ်..။စာပိုဒ် (၁၅)ပိုဒ်ပါပြီး  အပိုဒ်(၁)က  (၃) အထိ နိဒါန်းပိုင်း...။အပိုဒ် (၄) နဲ့  (၅)က   ပေါင်းတည်မြို့ နယ်  စည်းရုံးရေးကော်မတီ ရဲ့   လက်ရှိအခြေအနေ..။အပိုဒ်(၆)(၇)(၈)(၉)(၁၀)(၁၁)(၁၂) နဲ့  (၁၃) တို့က  လက်ရှိအခြေအနေ အပေါ်သုံးသပ်ချက်..။အပိုဒ်(၁၄)နဲ့  (၁၅)ကလက်ငင်း  လုပ်သင့်သည့်   လုပ်ငန်းများလို့   ပါရှိပါတယ်..။
အတိုချုပ်ကတော့  ဒီမြို့ နယ်  စည်းကော်မတီမှာ   ကော်မတီဝင်(၂၃)ဦး  ရှိပေမယ့်  (၂၂) ဦးနဲ့   လှုပ်ရှားနေရာမှာ  အုပ်ချုပ်ရေးပိုင်းမှာ အတွေ့ အကြုံ ရှိသူတွေ..။နိုင်ငံရေးမှာ အတွေ့ အကြုံ ရှိသူတွေ  ပါတာမို့အဖွဲ့ လိုက်  အားကောင်းမှု  ရှိတယ်..။ဒါပေမယ့်  အားလုံး စည်းရုံးရေးကော်မတီဝင်တွေချည်း ဖြစ်နေပြီးသီးသန့်  တာဝန်ခွဲခြားမထားပဲ  တစ်ဦးချင်း တာဝန်ထမ်းရွက်မှု  သတ်သတ်မှတ်မှတ်  မရှိလို့  အားနဲတယ်..။ဒါ့ ကြောင့်   တဦးချင်း တာဝန်သတ်သတ် မှတ် မှတ်  ရှိတဲ့ အမှုဆောင်အဖွဲ့  ဖွဲ့ သင့်တယ်..ဆိုတဲ့သဘောပါဘဲ...။သူ့ ရဲ့   သုံးသပ်ချက်  စာတမ်းက  တော်တော် ပြည့်စုံပါတယ်..။တော်တော်လည်း ကောင်းပါတယ်..။လုပ်ငန်းစဉ် အနေနဲ့   တာဝန်တိတိကျကျ  တစ်ဦးစီ ပေးရေး ဆိုတာလဲ  ကောင်းတာပါဘဲ..။ ဒါပေမယ့်  မြို့ နယ်  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်  စဖွဲ့စဉ်ကတည်းက  ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌ ရူး  မရူးကြနဲ့   ဆိုလို့   ဥက္ကဌ  အတွင်းရေးမှူး  တောင်   မထားခဲ့ပါဘူး..။ဒါဟာ ဗဟိုညွှန်ကြားချက်အတိုင်းပါ..။ဒါပေမယ့်  မြို့ နယ်အတော်များများမှာ  ဗဟိုက  ဥက္ကဌအတွင်းရေးမှူးရယ်လို့  မဖွဲ့ ပါနဲ့  ဦး...လို့ဆိုထားတဲ့ ကြားထဲကပဲ..။ဗဟိုရဲ့  ဖွဲ့ စည်းပုံ အတိုင်း  နာယကတွေ၊ ဥက္ကဌတွေ၊ဒု ဥက္ကဌ တွေ  နဲ့  ဖွဲ့ ကြပါတယ်..။ကျနော် တို့  မြို့ သာ  စည်းရုံးရေးကော်မတီ ဘဲ  ရှိပြီး  ဥက္ကဌ
အတွင်းရေးမှူး ဆိုတာတွေ  မရှိသေးတာပါ..။မ.၀.တ   ကနေပြီး  ခေါင်းဆောင် တယောက်   အမည်ပေးပါဆိုတော့  ကျနော့် နံမယ်ပေးခဲ့ပါတယ်။ကျနော်က  ရှစ်လေးလုံးအရေးတော်ပုံကတည်းက နံမယ် ထွက်ပြီးသားဖြစ်တာရယ်..။မ.၀.တ  ဥက္ကဌ နဲ့ လဲအတော်များများ အလုပ်တွဲလုပ်ခဲ့ဖူးတော့  ကျနော့်နံမယ်တော့ပေါ်ချင်ပေါ်ပစေတော့ လို့  သဘောထားပါတယ်..။ကျန်တဲ့ သူတွေကိုတော့ အချိန်မတိုင်မီ  အာဏာပိုင် အဖွဲ့အစည်းများထံမှာ စာရင်းဝင်သွားမှာကို လည်း  မလိုလားလို့ အားလုံးတန်းတူထားပြီး  လုပ်နေတာပါ..။
ဒါပေမယ့်  ပြီးခဲ့တဲ့ အာဇာနည်နေ့လို ကိစ္စမျိုးကျတော့အာဏာပိုင်အဖွဲ့ အစည်းနဲ့  ဆက်သွယ်တဲ့ လုပ်ငန်း  ၊အစည်းအဝေးတက်တာ..၊ဆွေးနွေးတာ..။အဖွဲ့ကိုဦးဆောင်ညွှန်ကြားတာ၊အားလုံးကို ကျနော်ကပဲလုပ်သွားတော့   မြို့ နယ်အဖွဲ့ အစည်းရဲ့  ခေါင်းဆောင်မှုကိုကျနော်တဦးတည်းက  လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားသလို ဖြစ်နေတယ်..။ကျနော်က ပြသနာပေါ်ရင်  ကျနော်ပဲ ရှေ့ ကခေါင်းခံမယ်..လို့အနာခံစိတ်ထားတယ် ဆိုပေမယ့်  လက်တွေ့ သဘောက  ကျနော်က ခေါင်းဆောင်မှုကိုချုပ်ကိုင်ထားတယ်..။ကျန်တဲ့သူတွေကို တာဝန်ယူတတ်အောင်..။သူ့အတိုင်းအတာအလျှောက် တာဝန်ခွဲဝေမှု  နဲနေတဲ့သဘော က  လက်တွေ့ မှာထင်ရှားနေတယ်..။
ဒါ ကြောင့်   ဦးဖေမြင့် ရဲ့  စာတမ်းက  မှန်မှန်ကန်ကန်သုံးသပ်ထားတယ် လို့  လက်ခံနိုင်ပါတယ်..။ဒါပေမယ့် ဗဟိုက  ခုထိ  ဖွဲ့စည်းပုံ  မပေးသေးပါ..။နောက်တချက်က  ဗဟိုမှာ ဥက္ကဌနဲ့  အထွေထွေအတွင်းရေးမှူးတို့ကို အကျယ်ချုပ်ချထားပြီး    ကျန်တဲ့ဗဟိုအလုပ်အမှုဆောင်တော်တော်များများ အဖမ်းခံနေရတဲ့အခုလိုလှုပ်လှုပ် ရှားရှား အချိန်မျိုး မှာမှ   ကျနော်တို့က  အမှုဆောင်ထဖွဲ့ပြီး  ဘယ်သူက ဘာတာဝန်ရယ်လို့ သတ်မှတ်လိုက်ရင်  သူခိုး..သူခိုး အော်နေတုံး  ခြေထဆေးလိုက်သလိုဖြစ်နေမလား..။အခု အတိုင်းက ဖမ်းချင်ရင်ကျနော်  တယောက်ထဲကိုပဲ ဖမ်းနိုင်မယ်..။ကျန်တဲ့အဖွဲ့ ဝင်တွေကတော့ဘယ်သူက  ဘာတာဝန်ရယ်လို့ အတိအကျ မရှိထားလို့  အားလုံး ဖမ်းချင်ရင် ဖမ်း..။အရေးကြီး တာဝန်ယူထားသူရယ်လို့  သီးသန့်မရှိတော့လူရွေးဖမ်းဖို့  မလွယ်ဘူး..။ကျနော်တို့က  အမှုဆောင်ဖွဲ့လိုက်မယ်..။တာဝန်ခွဲဝေလိုက်မယ် ဆိုရင်  လူရွေးသာသွားမယ် ဆိုတဲ့ အချက်တွေကို ထည့်စဉ်းစားသင့်တယ်..လို့သုံးသပ်ကြပါတယ်..။အယူအဆ အမျိုးမျိုး နဲ့ အကြိတ်အနယ်  ဆွေးနွေးကြပါတယ်..။ဒီလို ဆွေးနွေးရင်းနဲ့  ဖွဲ့ ရေးနဲ့  မဖွဲ့ရေး  ဆိုပြီး အယူအဆနှစ်မျိုး ကွဲလာတယ်..။
ဒီ အစည်းအဝေးမှာ သဘာပတိအဖြစ်  ဦးသန်းထွန်းကိုတင်ထားပါတယ်..။ဒီမိုကရေစီ သဘောအရမိမိ အယူအဆကို  ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ..။ညှိ ရရင် ညှိမယ်..။ညှိမရရင်လဲ  နောက်ဆုံး မဲခွဲတာပေါ့လို့ပြောပါတယ်..။ဒီတော့ မဲခွဲတယ်  ဆိုရင်စိတ်ဝမ်းကွဲနိုင်တယ်..။စည်းရုံးရေးကို ထိခိုက်နိုင် တယ်..ဆိုတဲ့အယူအဆတရပ် ပေါ်လာပြန်တယ်..။ကျနော်ကတော့  ဒါကို ဒီမိုကရေစီ လေ့ကျင့်မှုတရပ်လို့ ယူဆပါတယ်..။ကျနော်တို့ ကျောင်းသားတုံးကလဲ  ဒီလိုပဲ  အကြိတ်အနယ် ဆွေးနွေးကြ..။ငြင်းခုံကြတာတွေ ရှိတယ်..။မဲခွဲလို့ဖြစ်စေ..။ကြားအဖြေတခုခု ရလို့ ဖြစ်စေ..။ပြီးသွားတဲ့အခါကျတော့လဲအေးအေးဆေးဆေးပါဘဲ..။ကျနော်တို့လူကြီးတွေမှာ  အတွေ့ အကြုံ ရှိပါတယ်..။ဒါပေမယ့်  ဒီလိုဆွေးနွေး ခြင်းခုံတာကို အတွေ့ အကြုံ မရှိတဲ့ လူငယ်တချို့ က  ပဋိပက္ခဖြစ်မှာကို စိုးရိမ်ကြပါတယ်..။
အတွေ့ အကြုံ ရှိပါတယ်..ဆိုတဲ့ကျနော်တောင်  ဆွေးနွေးရင်းဦးဖေမြင့် အပေါ်  သံသယ ရှိလာပါတယ်အာဇာနည်နေ့ အတွေ့ အကြုံ အရများ  ခံစားချက် နဲ့ ဆွေးနွေးနေသလားလို့ပါ..။အာဇာနည်နေ့က ဦးဖေမြင့်ကပန်းခွေလုပ်ပြီး ရေချိုး နေလို့ ချီတက်ရာမှာ မပါရတာကို   မကြေမနပ် ဖြစ်ခဲ့သူပါ..။ဒါပေမယ့်  ကျနော်က  အားလုံးကို  ပြောပါတယ်..။တကယ်လို့ နောက်ဆုံးမှာ  မဲခွဲ ဆုံးဖြတ်ကြရရင်လဲ  မဲရှုံးတဲ့ ဘက်က အရှုံးကိုလက်ခံပြီး  နိုင်တဲ့ ဘက်က အယူအဆအတိုင်း  လိုက်နာရမယ်..။ငါ့ အယူအဆမနိုင်လို့   ငါမလုပ်တော့ဘူးဆိုတာမျိုး  မဖြစ်စေရဘူး..လို့   ရှင်းပြရ ပါတယ်..။ နောက်ဆုံးတော့  မဲခွဲဆုံးဖြတ်ရမယ့် အနေအထားကိုပဲရောက်လာပါတယ်..။ဒီ အချိန်မှာ ကနော်က  အဆိုတခုတင်ပါတယ်..။မဲခွဲတာကိုနောက်တနေ့ ရွှေ့ ပေးဖို့ပါ..။
ဒီ အစည်းအဝေးမှာ နှစ်ဘက်ဆွေးနွေး ကြတာကို  ခုတည  သွေးအေးအေး နဲ့ စဉ်းစားပြီး မနက်ဖန်မှ  မဲပေးကြဖို့ .။သွေးပူတုံး မဲမခွဲဖို့ပါ..။ဒီ အဆိုကိုတော့   အားလုံးက  သဘောတူပါတယ်..။
နောက်တနေ့  မတိုင်ခင်   မိမိဖါသာ အပြင်မှာ ထပ်ဆွေးနွေးချင်ဆွေးနွေး ..။စည်းရုံးချင်..စည်းရုံး။နောက်တနေ့  အစည်းအဝေးမှာလဲ ဒိနေ့ တက်တဲ့(၁၆)ဦး  အပြင်    ထပ် တက်မဲ့ ကော်မတီဝင်  ရှိလာရင်လဲသဘာပတိက  ရှင်းပြပြီး  မဲခွဲဖို့  သဘာပတိကလွဲလို့ တခြားသူများကတော့
နောက်တနေ့   အစည်းအဝေးမှာထပ်မဆွေးနွေး ဖို့  ဆုံးဖြတ် ပါတယ်..။နောက်တနေ့   အစည်းအဝေး အတွက်လုပ်ငန်း လမ်းညွှန် သဘော
ပေါ့..။နောက်တနေ့ မှာတော့  ကော်မတီဝင်  ၁၆ဦး အပြင်ထပ်မလာပါ...။ဒါကြောင့် သဘာပတိက မဲခွဲ ဖို့လုပ်တော့  ဦးဖေမြင့်က  သူ့စာတမ်းကို  ထပ်မံရှင်းလင်းပြန်ပါတယ်..။ဒါကိုတော့  ကျနော်က တားပါတယ်..။
မနေ့က  သဘောတူပြီးသား အတိုင်းပဲ သဘာပတိက ဆောင်ရွက်ပါ..။ဒီမိုကရေစီ  ဆိုတာ လွတ်လပ်ခွင့် ရှိတယ်ဆိုပေမယ့်  စည်းကမ်းတော့  ရှိရပါတယ် လို့ ပြောရပါတယ်..။ဦးဖေမြင့် ကလည်း  ထပ်ပြီး တင်ပြပြန်ပါတယ်..။ဆရာကြီးက  သြဇာအား  သုံးပြီး   အစည်းအဝေးကိုချုပ်ကိုင်နေပါတယ်လို့  စွပ်စွဲပါတော့တယ်..။ဒီတော့မှ  သဘောထားက  ပွင့်ကျသွားတာပါ..။ကျနော်  ဘာမျှမပြောတော့ပါ..။သဘာပတိ  ဦးသန်းထွန်းကဦးဖေမြင့်ကို ထပ်မံ  မဆွေးနွေးဖို့  မေတ္တာရပ်ခံပြီး   မဲခွဲပါတယ်..။
ကော်မတီဖွဲ့ စည်းရေး ဘက်က (၆)မဲ...။မဖွဲ့ ရေး  ဘက်က(၁၀)မဲ။ကြားနေ မရှိပဲ  အစည်းအဝေးပြီးပါတယ်..။ဒါဟာ  ဦးအောင်ကြီး အရေးအခင်းတုံးက  ဒေါ်အောင်ဆန်းစုကြည်  ပြောသလို.."ညီညွတ်ရေးရဲ့  ဆုံးရှုံးမှု  ရယ်လို့   မဟုတ်ပါဘူး..။ဒီမိုကရေစီသဘောတရားရဲ့   အောင်မြင်ခြင်းပဲလို့ဘဲကျမတော့  မှတ်ထားပါတယ်" ဆိုတဲ့အတိုင်းပါဘဲ..။ဒီမိုကရေစီ အလေ့အကျင့် တခု  ရတယ်လို့  ပဲကျနော် ယူဆလိုက်ပါတယ်..။    ။
Aung Din - Burmese Regime Hluttaw in Perspective - 17
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၄၀၊ ဧပြီ ၄ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)
မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း (၁၇) လွှတ်တော်နှင့် ငြိမ်းချမ်းရေး (ခ)
ပြည်ထောင်စုလွှတ်တော်ဟာ မြန်မာနိုင်ငံမှာ နှစ် ၆၀ကျော်ကြာဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကြီးကို အဆုံးသတ်နိုင်ရေးအတွက် အင်မတန်အရေးပါတဲ့ အခန်းကဏ္ဏမှာရှိကြောင်းတင်ပြခဲ့ပါတယ်၊ တိုင်းရင်းသားလူမျိုးစုများ တောင်းဆိုနေတဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေကို လွှတ်တော်ကပဲ ဥပဒေပြုအာဏာနဲ့ အာမခံဖြည့်ဆီးပေးနိုင်လို့ပါ၊ တိုင်းရင်းသားလူမျိုးစုများ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်၊ ပြဋ္ဌန်းမပေးသေးသ၍ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်မှာ မဟုတ်ပါ၊ အခုလို မြန်မာနိုင်ငံရဲ့ အင်မတန်အရေးကြီးတဲ့ အပြောင်းအလဲကာလမှာ လွှတ်တော်က လုပ်သင့်လုပ်ထိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုတွေကို ရဲရဲရင့်ရင့်ဆောင်ရွက်ရင်း လွတ်လပ်ရေးနဲ့အတူမွေးဖွားခဲ့တဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ပေးနိုင်ဖို့ မျှော်လင့်မိပါတယ်၊
ဒါပေမည့်လဲ  မတ်လ ၂၁ရက်နေ့ထုတ်၊ The Hot News ဂျာနယ်၊ စာမျက်နှာ ၂၃ မှာဖော်ပြထားတဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအုန်းမြင့်ရဲ့ ပြောကြားချက်တွေကတော့ စိတ်မသက်သာစရာပါ၊ ဦးအုန်းမြင့်ဟာ အာဏာရ ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်တစ်ယောက်လဲဖြစ်ပြီး မြန်မာ့တပ်မတော်မှာ ဗိုလ်ချုပ်အဆင့်နဲ့ တပ်မမှူးရာထူးတွေကို တာဝန်ထမ်းဆောင်ခဲ့သူပါ၊ 
သူက The Hot News ဂျာနယ် နဲ့အင်တာဗျူးမှာ "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးတဲ့ ရပိုင်ခွင့်နဲ့အခွင့်အရေးတွေဟာ တိုင်းရင်းသားတွေပြောနေတဲ့ ဖက်ဒရယ်နဲ့ သိပ်မကွာပါဘူး" လို့ ပြောသွားပါတယ်၊ သူ့စကားအတိအကျက "ဒီကနေ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကပေးတဲ့အထဲမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ တန်းတူညီတူအခွင့်အရေးအပြည့်အဝရှိတယ်၊ တိုင်းရင်းသားအားလုံး လွတ်လပ်စွာကိုးကွယ်ခွင့်၊ အမျိုးဘာသာအတွက် ကိုယ့်ပြည်နယ်၊ ဒေသဖွံ့ဖြိုးရေးအတွက် လွတ်လပ်စွာလုပ်ပိုင်ခွင့်တွေ ရှိပြီးသားပဲ၊ ပြည်နယ်လွှတ်တော်တွေက ဥပဒေရေးဆွဲတယ်၊ ပြည်နယ်လွှတ်တော်တွေရဲ့ ဥပဒေပြုခွင့်နဲ့အညီ ပေါ်ထွက်လာတဲ့ ဥပဒေတွေကိုလည်း ပြည်နယ်အစိုးရက စီမံတယ်၊ အဲဒီဥပဒေနဲ့ ပြည်နယ်ဖွံ့ဖြိုးရေးကို ရှေ့ရှူပြီး စီမံတာတွေလုပ်တယ်၊ နိုင်ငံတော်က အတည်ပြုပြဋ္ဌန်းထားတဲ့ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်နဲ့အခွင့်အရေးတွေဆိုတာဟာလည်း ခုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပြောနေတဲ့ ဖက်ဒရယ်ဆိုတာနဲ့ သိပ်မကွာပါဘူး၊" လို့ပြောခဲ့ပါတယ်၊
အဲဒီလို ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်တစ်ယောက်လဲဖြစ်၊ တပ်မတော်ခေါင်းဆောင်ဟောင်းတစ်ယောက်လဲဖြစ်၊ တိုင်းရင်းသားပြည်နယ်တစ်ခုဖြစ်တဲ့ မွန်ပြည်နယ်အစိုးရရဲ့ ဝန်ကြီးချုပ်လဲဖြစ်ပြီး အစိုးရနဲ့ မွန်ပြည်သစ်ပါတီရဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးနေတဲ့ ဦးအုန်းမြင့်လို ပုဂ္ဂိုလ်မျိုးကတောင် "၂၀၀၈ဖွဲ့စည်းပုံမှာ ပါဝင်တဲ့ ပြဋ္ဌန်းချက်တွေဟာ တိုင်းရင်းသားလူမျိုးစုတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်မူနဲ့ သိပ်မကွာပါဘူး၊ တိုင်းရင်းသားများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေကို ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြဋ္ဌန်းထားကြောင်း" ယုံကြည်လက်ခံထားတယ် ဆိုတော့ ကြံ့ခိုင်ရေးပါတီက လွှမ်းမိုးထားတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ ၂၀၀၈ဖွဲ့စည်းပုံကို ပြင်ဆင်ပြီး တိုင်ရင်းသားလူမျိုးစုများရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆီးလို့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးပါဝင်ဆောင်ရွက်လိမ့်မယ်ဆိုတာ မျှော်လင့်ချက် အခိုင်အမာမထားရဲပါ၊
ဒါကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံမှာ တိုင်းရင်းသားလူမျိုးစုများရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို ဘယ်လို ကန့်သတ်ချုပ်ချယ်ထားတယ်ဆိုတာ ရှင်းပြပြီး ပြင်သင့်တာတွေကို အကြံပေးချင်ပါတယ်၊ ရှေးနှစ်ပေါင်းများစွာကထဲက ကိုယ်ပိုင်အုပ်ချုပ်မှု၊ ကိုယ်ပိုင်အကြီးအကဲ၊ ကိုယ်ပိုင်ဒေသ၊ ကိုယ်ပိုင်ယဉ်ကျေးမှုတွေနဲ့ လွတ်လပ်စွာရပ်တည်ခဲ့ကြတဲ့ တိုင်းရင်းသားလူမျိုးစုများအတွက်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှုနဲ့ ကတိကဝတ်တွေကို ယုံကြည်ပြီး ပင်လုံစာချုပ်ကို ၁၉၄၇ခုမှာ အတူလက်မှတ်ထိုးလို့ မြန်မာပြည်မနဲ့အတူပူးတွဲပြီး ဗြိတိသျှအစိုးရထံကနေ လွတ်လပ်ရေးရယူခဲ့ကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေအတွက်၊ ပြည်ထောင်စုကြီးထဲက ဘယ်တော့မှခွဲမထွက်ပဲ ကိုယ့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေရရှိရေးဆိုတာ အင်မတန် တရားမျှတတဲ့ တောင်းဆိုချက်တွေ ဖြစ်ပါတယ်၊ အဲဒီတောင်းဆိုချက်တွေကို လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသားတပ်မတော်တွေကပဲ တောင်းဆိုနေတာမဟုတ်ပါ၊ လက်နက်ကိုင်မထားတဲ့ တိုင်းရင်းသားတွေကလဲ တောင်းဆိုနေတာဖြစ်တယ်ဆိုတာ အရင်ဆုံး ထောက်ပြချင်ပါတယ်၊
အခြေခံမူများ
၂၀၀၈ဖွဲ့စည်းပုံရဲ့ အခြေခံမူများအခန်း၊ ပုဒ်မ ၈ မှာ " နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်" ဟု ပြဌန်းထားပါတယ်၊ ပုဒ်မ ၉ (က) မှာ ရှိရင်းစွဲ တိုင်း ၇ တိုင်းကို တိုင်းဒေသကြီးများအဖြစ်၊ ရှိရင်းစွဲ ပြည်နယ် ၇ ခုကို ပြည်နယ်များအဖြစ် ပိုင်းခြားသတ်မှတ်ပြီး တိုင်းဒေသကြီး ၇ ခု နှင့် ပြည်နယ် ၇ ခုဟာ အဆင့်အတန်းတူညီကြသည်လို့ ပြဋ္ဌန်းထားပါတယ်၊ တကယ်တော့ ဒီပုဒ်မ ၉ (က) ပြဋ္ဌန်းချက်ဟာ ရှေ့က ပုဒ်မ ၈ နဲ့ ကွဲလွဲနေပါတယ်၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ တိုင်းရင်းသားခေါင်းဆောင်များလက်မှတ်ထိုးချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်အရ တိုင်းရင်းသားများဟာ ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော်မှာ တန်းတူရည်တူ ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် ပါဝင်ကြတာပါ၊ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလဲ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်များကို ပြည်ထောင်စုအဖွဲ့ဝင်များအဖြစ် သတ်မှတ်ခဲ့ပြီး နောက်ထပ်တိုင်းရင်းသားပြည်နယ်များဖွဲ့စည်းပြီး ပြည်ထောင်စုအဖွဲ့ဝင်အဖြစ်စုစည်းဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်၊ တိုင်းဒေသကြီး ၇ ခုဟာ ဗမာတိုင်းရင်းသားအများစုနေထိုင်ရာ ပြည်မဒေသဖြစ်ပါတယ်၊ ဒါကြောင့် မြန်မာပြည်မက တိုင်းဒေသကြီး ၇ ခုကို တိုင်းရင်းသား ပြည်နယ် ၇ ခုနဲ့ အဆင့်အတန်းတူတယ်လို့ သတ်မှတ်ထားတာဟာ ပြည်နယ်များရဲ့ ပြည်ထောင်စုအဖွဲ့ဝင်အဆင့်အတန်းကို နှိမ့်ချလိုက်သလို ဖြစ်နေပါတယ်၊
အခု တိုင်းရင်းသားများတောင်းဆိုနေကြသလို တိုင်းဒေသကြီး ၇ ခုကို ပေါင်းစပ်ပြီး ဗမာပြည်နယ်အဖြစ်သတ်မှတ်ပြီး ၈ ပြည်နယ်ပုံစံနဲ့ နိုင်ငံတော်ကို ပြန်လည်ဖွဲ့စည်းဖို့ဆိုတာလဲ လက်တွေ့မှာ ဖြစ်နိုင်မယ်မထင်ပါ၊ ဖြစ်သင့်တာကတော့ ပြည်နယ် ၇ ခုကို ပြည်ထောင်စုအဖွဲ့ဝင်များအဖြစ် ပြဋ္ဌန်းပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေမှာ အခွင့်အရေးတွေပိုပေးဖို့ပဲ ဖြစ်ပါတယ်၊
ဥပဒေပြုရေး၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂ (ခ) အရ ဥပဒေပြုအာဏာပိုင် ပြည်ထောင်စုလွှတ်တော်ကို လူဦးရေ (သို့မဟုတ်) မြို့နယ်ကိုအခြေခံပြီး ရွေးကောက်တင်မြှောက်တဲ့ လွှတ်တော် (ပြည်သူ့လွှတ်တော်) နဲ့ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာရွေးကောက်တင်မြှောက်သည့် လွှတ်တော် (အမျိုးသားလွှတ်တော်) တို့ ပေါင်းစပ်ဖွဲ့စည်းကြောင်းပြဋ္ဌန်းထားပါတယ်၊ ဒီပြဋ္ဌန်းချက်အရ တိုင်းဒေသကြီးများဟာလဲ ပြည်နယ်များနဲ့ တန်းတူ တူညီတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရေကို ရွေးကောက်တင်မြှောက်ရပါတယ်၊ ပုဒ်မ ၁၄၁ အရ အမျိုးသားလွှတ်တော်ကို ကိုယ်စားလှယ်ဦးရေ အများဆုံး၂၂၄ ဦးဖြင့်ဖွဲ့စည်းရမှာ ဖြစ်ပြီး တိုင်းဒေသကြီး ၇ ခု နဲ့ ပြည်နယ် ၇ ခုက ၁၂ဦးစီ ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ် ၁၆၈ ဦးနဲ့ ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်သားကိုယ်စားလှယ် ၅၆ဦး တို့ပါဝင်ကြပါတယ်၊ ဒီဖွဲ့စည်းမှုကို ကြည့်မယ်ဆိုရင် အမျိုးသားလွှတ်တော်မှာ ဗမာတိုင်းရင်းသားအများစုနေထိုင်ရာ တိုင်းဒေသကြီး ၇ခုက ဗမာတိုင်းရင်းသားအများစုဖြစ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၈၄ ဦးရှိနေပြီး ကျန် ကချင်၊ ကရင်၊ ကရင်နီ (ကယား)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ချင်း စတဲ့ တိုင်းရင်းသားများက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ဦးစီသာ ရွေးကောက်တင်မြှောက်ခွင့်ရှိပါတယ်၊ တပ်မတော်သားကိုယ်စားလှယ် ၅၆ယောက်မှာလဲ အများစုက ဗမာလူမျိုးများပဲ ဖြစ်တာမို့ လူမျိုးစုလွှတ်တော် (သို့မဟုတ်) အထက်လွှတ်တော်မှာ ဗမာတိုင်းရင်းသားကိုယ်စားပြု ကိုယ်စားလှယ်က ၁၄၀နီးပါးရှိပြီး ကျန်တိုင်းရင်းသား လူမျိုး ၇ ခုကိုယ်စားလှယ်များထက် အဆပေါင်းများစွာ များပြားနေပါတယ်၊ ဒါ တန်းတူညီမျှမှုမဟုတ်ပါ၊ တဖက်သတ်အနိုင်ကျင့်မှုဖြစ်ပါတယ်၊
ပင်လုံစာချုပ်ကို အခြေခံပြီး ရေးဆွဲပြဋ္ဌန်းတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလဲ ပြည်ထောင်စုလွှတ်တော်ကို လူဦးရေကို အခြေခံတဲ့ ပြည်သူ့လွှတ်တော်နဲ့ တိုင်းရင်းသားလူမျိုးစုများကို အခြေခံတဲ့ လူမျိုးစုလွှတ်တော်များဖြင့် ဖွဲ့စည်းပါတယ်၊ လူမျိုးစုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၁၂၅ ယောက်သတ်မှတ်ထားပြီး ရှမ်းပြည်နယ်အတွက်ကိုယ်စားလှယ် ၂၅ ဦး၊ ကချင်ပြည်နယ်အတွက်ကိုယ်စားလှယ် ၁၂ ဦး၊ ချင်းဝိသေသတိုင်းအတွက် ကိုယ်စားလှယ် ၈ဦး၊ ကရင်နီပြည်နယ်အတွက် ကိုယ်စားလှယ် ၃ဦး၊ ကရင်လူမျိုးများအတွက် ကိုယ်စားလှယ် ၂၄ဦး၊ နဲ့ မြန်မာပြည်မအပါအဝင် ကျန်ဒေသများအားလုံး (ရခိုင်၊ မွန်၊ တနင်္သာရီ အပါအဝင်) အတွက် ကိုယ်စားလှယ် ၅၃ဦး ရွေးကောက်တင်မြှောက်ဖို့ သတ်မှတ်ထားပါတယ်၊ တပ်မတော်ကိုယ်စားလှယ်များလုံးဝမပါဝင်ပါ၊ ဒီဖွဲ့စည်းမှုကို ကြည့်ရင် တိုင်းရင်းသားလူမျိုးများဟာ သက်ဆိုင်ရာ ဒေသအကျယ်အဝန်းနဲ့ လူဦးရေအလိုက် သင့်တင်လျောက်ပတ်တဲ့ ကိုယ်စားလှယ်ဦးရေကို ရွေးကောက်တင်မြှောက်ခွင့်ရှိပြီး ဗမာတိုင်ရင်းသားကိုယ်စားပြုကိုယ်စားလှယ်ဟာလဲ အလွန်အကျွံမများတာတွေ့ရပါတယ်၊ ဒီကနေ့ မြန်မာနိုင်ငံရဲ့ အမျိုးသားလွှတ်တော်မှာလဲ တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှရေးမူနဲ့ ဗမာတိုင်းရင်းသားကိုယ်စားလှယ်များဦးရေကို လျှော့ချပြီး တိုင်းရင်းသားကိုယ်စားလှယ်ဦးရေကို တိုးမြှင့်ပေးသင့်ပါတယ်၊
အမေရိကန်ပြည်ထောင်စုကိုလဲ ဖက်ဒရယ် (ပြည်ထောင်စု) စနစ်နဲ့ဖွဲ့စည်းတာပါ၊ အောက်လွှတ်တော်က လူဦးရေကိုအခြေခံရွေးကောက်တင်မြှောက်ပြီး အထက်လွှတ်တော်က ပြည်နယ် ၅၀ က ကိုယ်စားလှယ် နှစ်ဦးစီနဲ့ စုစုပေါင်း ကိုယ်စားလှယ် ၁၀၀ နဲ့ ဖွဲ့စည်းပါတယ်၊ ဒါပေမည့် အမေရိကန်ပြည်ထောင်စုမှာ ကိုယ်ပိုင်တိုင်းရင်းသားလူမျိုးမရှိပါ၊ ဗြိတိသျှအင်ပါယာကြီးကို ချဲ့ထွင်ဖို့ နယ်မြေသစ်ရှာဖွေကြတဲ့ ဗြိတိသျှဘုရင်မကြီးရဲ့ သစ္စာခံတွေက အမေရိကတိုက်ကို ရှာဖွေတွေ့ရှိပြီး ကမ္ဘာတစ်ဝှမ်းကလူမျိုးပေါင်းစုံရောက်ရှိနေထိုင်လို့ ဗြိတိသျှဩဇာခံ နိုင်ငံသစ်တွေတည်ထောင်ခဲ့ကြတာပါ၊ နောက်ပိုင်းမှာ  ဗြိတိသျှအင်ပါယာကို ဆန့်ကျင်ပုန်ကန်ပြီး လွတ်လပ်ရေးရခဲ့တဲ့ ပြည်နယ်တွေ စုပေါင်းဖွဲ့စည်းလို့ အမေရိကန်ပြည်ထောင်စုဆိုပြီး တည်ရှိလာတာပါ၊ အမေရိကန်လူမျိုးရယ်လို့ မရှိပါ၊ အင်္ဂလို-အမေရိကန်၊ ဂျာမန်-အမေရိကန်၊ ပြင်သစ်-အမေရိကန်၊ ချက်-အမေရိကန် စသဖြင့် သူတို့ ဘိုးဘွားဘီဘင်များရဲ့ မူလဇာတိအရင်းအမြစ်ကို မူတည်ပြီး ခေါ်ဝေါ်ကြပါတယ်၊ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ ဒေသအခြေပြုပြည်နယ်များသာရှိပြီး လူမျိုးစုအခြေပြုပြည်နယ်များ မရှိပါ၊
ပြည်နယ်လွှတ်တော်များ၂၀၀၈ ဖွဲ့စည်းပုံအရ တိုင်းဒေသကြီး ၇ ခုနဲ့ ပြည်နယ် ၇ခုမှာ တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်များ ဖွဲ့စည်းပေါ်ပေါက်လာပါတယ်၊ ဒီဆောင်းပါးက တိုင်းရင်းသားလူမျိုးစုများအရေးကို ရေးသားတာမို့ ပြည်နယ်ဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့ ပြည်နယ်လွှတ်တော်များဆိုင်ရာ ပြဋ္ဌန်းချက်များကိုပဲ ဝေဘန်သုံးသပ်ပါ့မယ်၊
၂၀၀၈ဖွဲ့စည်းပုံ ပုဒ်မ ၁၆၁ အရ ပြည်နယ်လွှတ်တော်ကို ပြည်နယ်အတွင်း မြို့နယ်များက တစ်မြို့နယ်ကို နှစ်ဦးကျစီ၊ ပြည်နယ်အတွင်းမှာပါဝင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ဒေသ (ရှိလျင်) ယင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှအပ ကျန်တိုင်းရင်းသားများအနက်မှ လူဦးရေ စုစုပေါင်း နိုင်ငံတော်လူဦးရေ၏ သုညဒဿမတစ်ရာခိုင်နှုံးနှင့်အထက်ရှိသည့် တိုင်းရင်းသားလူမျိုးအသီးသီးက လူမျိုးတစ်မျိုးလျင် တစ်ဦးကျ ရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ်များ၊ အဆိုပါကိုယ်စားလှယ်ဦးရေ နှစ်မျိုးပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသော ကာကွယ်ရေးဦးစီးချုပ်မှအမည်စာရင်းတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်လို့ ပြဋ္ဌန်းထားပါတယ်၊ 
ဆိုတော့ ပြည်နယ်လွှတ်တော်တစ်ခုမှာ ပြည်နယ်တွင်းမှ တိုင်းရင်းသားကိုယ်စားလှယ်များက လေးပုံ သုံးပုံ၊ တပ်မတော်ကိုယ်စားလှယ်များက လေးပုံတစ်ပုံပါဝင်ပါတယ်၊
တိုင်းရင်းသားလူမျိုးစုများတောင်းဆိုနေကြတဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ဆိုတာ သက်ဆိုင်ရာပြည်နယ်ရဲ့ ဥပဒေပြုလွှတ်တော်ကို သက်ဆိုင်ရာတိုင်းရင်းသားကိုယ်စားလှယ်များနဲ့ လွတ်လပ်စွာရွေးကောက်တင်မြှောက်ဖွဲ့စည်းပြီး ပြည်နယ်အရေးကိစ္စတွေကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ ဥပဒေပြုခွင့်ဘောင်ထဲကနေ လွတ်လပ်စွာ ဥပဒေပြုပြဋ္ဌန်းခွင့်ကို ဆိုလိုတာပါ၊ အခုလို ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုံးက ပြည်နယ်လွှတ်တော်ထဲမှာ နေရာယူပြီး ပြည်နယ်လွှတ်တော်ရဲ့ ဥပဒေပြုအာဏာကို ထိန်းချုပ်ထားတာဟာ တိုင်းရင်းသားများ တောင်းဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ကို ညင်းပယ်လိုက်တာပါပဲ၊
ပြည်နယ်များ၏ ဥပဒေပြုခွင့်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ နောက်ဆက်တွဲ ဇယား (၂) မှာ ပြည်နယ်လွှတ်တော်များကို အပ်နှင်းထားတဲ့ ဥပဒေပြုခွင့်တွေကို ပြဋ္ဌန်းထားပါတယ်၊ (၁) ဘဏ္ဏာရေးနှင့် စီမံကိန်း (၂) စီးပွါးရေး (၃) စိုက်ပျိုးရေးနှင့် မွေးမြူရေး (၄) စွမ်းအင်၊လျှပ်စစ်၊ သတ္တုနှင့် သစ်တော (၅) စက်မှုလက်မှု (၆) ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး (၇) လူမှုရေး နဲ့ (၈) စီမံခန့်ခွဲရေးဆိုပြီး ကဏ္ဏပေါင်း ၈ ခုခွင့်ပြုထားပါတယ်၊ အဲဒီလို ကဏ္ဏ ၈ခု၊ အကြောင်းအရာပေါင်း ၄၁ ခု ဥပဒေပြုခွင့်ပေးထားပေမည့် ပြည်နယ်လွှတ်တော်များရဲ့ ဥပဒေပြုခွင့်ဟာ အကန့်အသတ်များအတွင်းမှာသာဖြစ်တာ တွေ့ရပါတယ်၊ စီးပွါးရေးကဏ္ဏမှာ ဆိုရင်" ပြည်ထောင်စုက ပြဋ္ဌန်းသည့် ဥပဒေနှင့်အညီ ပြည်နယ်အတွင်းဆောင်ရွက်သည့် စီးပွါးရေးကိစ္စများ၊ ကူးသန်းရောင်းဝယ်ရေးကိစ္စများ၊ သမဝါယမကိစ္စများ" လို့ ခွင့်ပြုထားတော့ ပြည်နယ်အနေနဲ့ ကိုယ်တိုင်ဦးဆောင်ဦးရွက်ပြုခွင့်မရှိပဲ ပြည်ထောင်စုအစိုးရက ပြည်နယ်အတွင်းဆောင်ရွက်မည့် စီးပွါးရေး၊ ကူးသန်းရောင်းဝယ်ရေး နဲ့ သမဝါယမကိစ္စများကိုသာ တဆင့်ခံအကောင်အထည်ဖော်ပေးရတဲ့ အဆင့်မှာပဲရှိနေပါတယ်၊ စွမ်းအင်၊လျှပ်စစ်၊ သတ္တုနှင့် သစ်တောကဏ္ဏမှာဆိုရင်လဲ ပြည်နယ်အတွင်းမှာ ရှာဖွေ ထုတ်လုပ်နိုင်တဲ့ သတ္တုတူးဖော်ရေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး၊ သစ်ထုတ်လုပ်ရေး၊ ကျောက်မျက်ရတနာနဲ့ မြေပေါ်မြေအောက်သယံဇာတပစ္စည်းများထုတ်ဖော်ရေးအတွက် ဥပဒေပြုခွင့် မပေးထားပါ၊ 
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ် လွှတ်တော်များရဲ့ ဥပဒေပြုခွင့်ကို ဇယား (၂) မှာဖော်ပြထားရာမှာ ထူးခြားတဲ့ ကဏ္ဏနှစ်ခုကိုတွေရပါတယ်၊ အဲဒီ ကဏ္ဏနှစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံမှာ လုံးဝမပါဝင်သလို တိုင်းရင်းသားလူမျိုးစုများရသင့်တဲ့ ဥပဒေပြုခွင့်လဲ ဖြစ်ပါတယ်၊ အဲဒီ ကဏ္ဏနှစ်ခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ နဲ့ လုံခြုံရေးရာ များဖြစ်ကြပါတယ်၊
ဆက်ရေးပါဦးမယ်၊
လေးစားစွာ၊
အောင်ဒင်
မတ်လ ၂၈၊ ၂၀၁၃
May 25th - NYC Meeting with 88 Generation Leaders
 ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့  
နယူးယောက်မြို့တော် မြန်မာတိုင်းရင်းသားများနှင့် မေလ ၂၅ စနေနေ့တွင် တွေ့ဆုံမည်
မိုးမခအထောက်တော် ၀၀၃၊ ဧပြီ ၂၆၊ ၂၀၁၃
မေလ ဒုတိယပတ်မှာ အမေရိကန်ပြည်ထောင်စုသို့ NED အဖွဲ့ကြီးရဲ့ ဖိတ်ကြားချက်အရ လာရောက်ပြီး ၂၀၁၂ တုန်းက ချီးမြှင့်ခံထားရတဲ့ ဒီမိုကရေစီဆုကို လက်ခံကြမယ့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ကို ဒေသခံ မြန်မာတိုင်းရင်းသားကွန်မြူနီတီအသီးသီးက တွေ့ဆုံနှုတ်ဆက်ကြဖို့ ပြင်ဆင်လျက်ရှိပါတယ်။
သူတို့ရဲ့ ပထမဦးဆုံး မြန်မာတိုင်းရင်းသားမိသားစုများနဲ့ တွေ့ဆုံဆွေးနွေးပွဲကို မေလ ၂၅ ရက်၊ စနေနေ့၊ နယူးယောက်မြို့တော်မှာ ကျင်းပရန် စီစဉ်လျက်ရှိကြရာမှာ လောလောဆယ် ကုလရုံးချုပ်ရှိရာ အဆောက်အအုံက ခမ်းမဆောင်တခုမှာ ကွန်မြူနီတီတွေ့ဆုံပွဲဖြစ်မြောက်အောင် ကြိုးစားလျက်ရှိကြောင်း သိရှိရပါတယ်။
တွေ့ဆုံပွဲဖြစ်မြောက်ရေး စီစဉ်သူများအနက် တဦးအပါအ၀င်ဖြစ်တဲ့ ကိုနေတင်မြင့် (347-944-7341) က ပြောကြားရာမှာ နယူးယောက်မြို့တော်နဲ့ အနီးပတ်ဝန်းကျင်က မြို့နယ်တွေက မြန်မာ့အရေးစိတ်ဝင်စားသူတွေ၊ အဖွဲ့အစည်းတွေ၊ ၈၈ မျိုးဆက်တွေ၊ မျိုးဆက်သစ်လူငယ်တွေကို ဆက်သွယ်အကြောင်းကြားပြီး ဖိတ်ခေါ်ထားကြောင်း၊ ရပ်မိရပ်ဖများသဖွယ်ဖြစ်တဲ့ ကဗျာဆရာမောင်စွမ်းရည်နဲ့တကွ စာနယ်ဇင်းသမားများ၊ ဘာသာရေးခေါင်းဆောင်များကိုလည်း အကြံဥာဏ်များ တောင်းခံပြီး စီစဉ်လျက် ရှိကြောင်း ပြောပြပါတယ်။
ထိုနည်းတူ မေလ ၂၆မှာ အော်လင်ဒို၊ ဖလော်ရီဒါပြည်နယ်၊ မေလ ၂၇မှာ ဖို့ဝိန်းမြို့၊ အင်ဒီယာနာပြည်နယ်တို့မှာ မြန်မာကွန်မြူနီတီ တွေ့ဆုံပွဲများ အသီးသီး ကျင်းပဖို့ ရှိတဲ့အကြောင်း ဇွန်လ ၁ ရက်မှာ ဆန်ဖရန်စစ္စကိုဘေးဧရိယာ၊ ဇွန်လ ၂ ရက်နေ့မှာ လော့စ်အိန်ဂျလိစ်မြို့တော်၊ ၎င်းနောက် ဇွန်လ ၇ ရက်မှာ လပ်စ်ဗေးဂတ်စ်၊ စသည့် မြို့နယ်များက မြန်မာကွန်မြုနီတီပွဲများ ဆောင်ရွက်ကြဖို့ ရှိကြောင်း သိရှိရပါတယ်။ နယူးယောက်ပြည်နယ်က ယူတီကာမြို့က မြန်မာများနဲ့လည်း ဆုံတွေ့ဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။ အဲသည်နောက် အမေရိကန်မှ မထွက်ခွာမီ ၀ါရှင်တန်ဒီစီမြန်မာကွန်မြူနီတီနှင့် ဇွန် ၉ မှာ နောက်ဆုံးတွေ့ဆုံမှာ ဖြစ်ပါတယ်။ ၈၈ မျိုးဆက် ခေါင်းဆောင် ၂ ဦးရဲ့ ခရီးစဉ်မှာ ၎င်းတို့နဲ့အတူ ၀ါရှင်တန်ဒီစီက မြန်မာ့အရေးလှုပ်ရှားသူ၊ ကိုအောင်ဒင်က လိုက်ပါပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ၈၈ အရေးတော်ပုံကာလ၊ ဗကသလို့ ခေါ်ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှာ ကိုမင်းကိုနိုင်က ဥက္ကဌအဖြစ် ဆောာင်ရွက်ခဲ့စဉ်က ဒုဥက္ကဌ ၂ ဦးအဖြစ် ကိုကိုကြီး နဲ့ အောင်ဒင်က အတူတူ တာဝန်ယူခဲ့ကြတာ ဖြစ်ပါတယ်။ ယခု အနှစ် ၂၄ နှစ်ကျော်မှာ သူတို့ ၃ ဦး အတူတူ ပြန်လည်ဆုံတွေ့ကြမှာ ဖြစ်ပါတယ်။
ကိုမင်းကိုနိုင်ကတော့ ၈၈ အရေးတော်ပုံကာလက စလို့ လက်တွဲခဲ့ကြတဲ့၊ ကွဲကွာခဲ့ကြတဲ့ ရဲဘော်မိတ်ဆွေတွေ ပြန်တွေ့ကြမယ်၊ တိုင်ပင်ဆွေးနွေးကြမယ်လို့ ၀မ်းမြောက်ဝမ်းသာပြောပါတယ်။ မျိုးဆက်သစ်တွေနဲ့ တွေ့ဆုံ မိတ်ဆက်ရ၊ အတွေ့အကြုံတွေ အမြင်တွေ ဝေမျှခွင့်ရမယ်လို့လည်း မျှော်လင့်လျက်ရှိပါတယ်။ ကိုကိုကြီးကတော့ ဒီမိုကရေစီအရေး အပြောင်းအလဲအတွက် ပြည်တွင်း ပြည်ပက အင်အားတွေ ဘက်ပေါင်းစုံကနေ ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 
Maung Maung Gyi passed away
၈၈ အရေးတော်ပုံတပ်သားတဦး ကွယ်လွန်
ဇော်သူရ (မဲဆောက်) ပေးပို့သည်၊ မိုးမခ၏ ၀မ်းနည်းမှတ်တမ်း၊ ဧပြီ ၂၆၊ ၂၀၁၃
ကိုမောင်မောင်ကြီး ( ၁၉၆၃ - ၂၀၁၃ ) ကိုယ်ရေးအတ္ထုပတ္တိ
ကိုမောင်မောင်ကြီးကို အဖ ဦးအုန်းဖေ နှင့် အမိ ဒေါ်ညွန့်ရီတို့မှ ၁၉၆၃ ခုနှစ်၊ ဇန္န၀ါရီလ(၁၇) ရက်နေ့တွင် ရန်ကုန်တိုင်း ၊ ရန်ကုန်မြို့ ၊ ရန်ကင်းမြို့နယ်၌ မွေးဖွားခဲ့သည်။ မွေးချင်း(၈)ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ ၁၉၆၉ ခုနှစ်မှစ၍ ရန်ကင်းမြို့နယ် ၊ အလယ်တန်း ကျောင်း (အ လ က ၃) တွင် ပညာ စတင်ဆည်းပူးခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ရန်ကင်းမြို့နယ် အထက်တန်း ကျောင်း (အ ထ က ၂) သို့ ပြောင်းရွှေ့ပြီး ပညာဆက်လက်သင်ယူခဲ့သည်။ ၁၉၈၈ ခုနှစ် အထိ လုပ်သားများ ကောလိပ်တွင် သမိုင်းအဓိက ဘာသာရပ်ဖြင့် ပညာဆက်လက်ဆည်းပူးခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီ နည်းပြသင်တန်း ၊ လမ်းစဉ်လူငယ် ခေါင်းဆောင်နှင့်မွမ်းမံသင်တန်း အပြင် အလုပ်သမားအစည်းအရုံး ရုံးစီမံခန့်ခွဲမှု ပညာရပ်များကိုသင်ယူခဲ့သည်။
ကျောင်းသားဘဝ ကတည်းမှစ၍ စာပေ၀ါသနာပါသောကြောင့် မြန်မာစာပေများ ၊ ဒုတိယကမ္ဘာစစ်ဆိုင်ရာ စာပေများ၊ အလုပ်သမားစာပေများအပါအ၀င် တော်လှန်စာပေများအား လေ့လာဆည်းပူးခဲ့သည်။ လုပ်သားများ ကောလိပ်တွင် သမိုင်းအဓိက ဘာသာရပ်ဖြင့် ပညာသင်နေရင်း ရန်ကင်းမြို့နယ် ၊ ရက်ကွက်စာကြည့်တိုက်တွင် လည်း အတွင်းရေးမှူးအဖြစ် ဝင်ရောက်တာဝန် ထမ်းဆောင်ခဲ့သည်။ ပညာသင်နေရင်း လုပ်ငန်းခွင်များ ၀င်ရောက်လုပ်ကိုင်စဉ် ၁၉၈၈ ခုနှစ် မတ်လ ကျောင်းသား (ကိုဖုန်းမော်) လှုပ်ရှားမှုအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ပြီး (၁၉၈၈) ခုနှစ် မြန်မာတနိုင်ငံလုံးဆိုင်ရာ ဒီမိုကရေစီ လူထုအရေးတော်ပုံကြီးတွင် တာဝန်ကျရာ အခန်းဏ္ဍမှ တက်ကြွစွာပါဝင် လှုပ်ရှားဆောင်ရွက်ခဲ့သည်။
၁၉၈၈ လူထုအရေးတော်ပုံမတိုင်မီအထိ မြန်မာ့ရေနံ ကော်ပိုရေးရှင်းရုံးဝန်ထမ်း ၊ ရန်ကင်းမြို့နယ် ကြက်ခြေနီ တပ်စုမှူး နှင့် လုပ်သားများကောလိပ် အလုပ် အမှု ဆောင်အဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
၁၉၈၈ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့တွင် စစ်အစိုးရ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့)၏ စစ်အာဏာသိမ်းမှုကြောင့် စစ်အာဏာရှင်စနစ်အား တိုက်ဖျက်ရန်အတွက် တိုင်းရင်းသားလူမျိုးစု တော်လှန်ရေး အခြေခံဒေသသို့ ထွက်ခွါလာခဲ့သည်။
လွတ်မြောက်နယ်မြေသို့ရောက်ရှိပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) သို့ မွန်ပြည်နယ် ၊ ဘုရားသုံးဆူဒေသ ၊ တပ်ရင်း (၁၀၂)မှ စတင်ဝင်ရောက်ကာ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)တွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တပ်ရင်းစည်းရုံးရေးအဖွဲ့ဝင် ၊ စခန်း ကော်မတီအတွင်းရေးမှူး (၂) ၊ အမှတ် (၁၀၂)တပ်ရင်းမှူး ၊ စခန်းကော်မတီ ဒုတိယ ဥက္ကဌ ၊ နယ်မြေကော်မတီ အတွင်းရေးမှူး နှင့် မကဒတ ဒုတိယအကြိမ်ညီလာခံသက်တမ်းအတွင်း ဗဟိုကော်မီတီဝင် ၊ ဗဟိုလုပ်ငန်း စစ်ဆေးရေးဌာနအတွင်းရေးမှူးအဖြစ်လည်းကောင်း ၊ ၄င်းနောက် တပ်ရင်း (၂၀၉)သို့ပြောင်းရွှေ့ပြီးနောက် တတိယအကြိမ်ညီလာခံသက်တမ်းအတွင်း ကျောင်းသား တပ်မတော် စစ်ရုံးချုပ် ရုံးအုပ်ကြီးအဖြစ် လည်းကောင်း ၊ ၁၉၉၆ခုနှစ် ပေါင်းစည်းရေးညီလာခံ သက်တမ်းကာလအတွင်း ဗဟိုကော်မတီဝင် ၊ ဌာနချုပ် တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
သက္ကရာဇ်(၂၀၀၀)ခုနှစ်မှစ၍ ကွယ်လွန်ချိန်အထိ ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစုတွင် ဗဟိုဦးဆောင်ကော်မတီဝင်အဖြစ် ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုတွင်လည်း မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။
နိုင်ငံရေး ၊ စစ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေစဉ်မှာပင် ဒီမိုကရေစီ ၊ လူ့အခွင့်အရေး ၊ လူထုစည်းရုံးရေး ၊ ရုံးစီမံခန့်ခွဲရေး အပါအ၀င် အခြားသော ပညာရပ်များကိုလေ့လာဆည်းပူးကာ နိုင်ငံတကာတက္ကသိုလ်များမှ အသိအမှတ်ပြု ဘွဲ့လက်မှတ်များ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သည်။ ၄င်းအပြင် မိမိတတ်ကျွမ်းသောပညာရပ် များကို သင်ကြားပို့ချသည့် ကျောင်းဆရာ ၊ သင်တန်းဆရာအဖြစ်လည်း နှစ်ပေါင်းမျာစွာ ဆောင်ရွက်ခဲ့သည်။
မကွယ်လွန်မိအချိန်အထိ Children Development Center ပညာရေးကော်မတီတွင် ဒုတိယ ဥက္ကဌအဖြစ် လည်းကောင်း ၊ ခလေးအခွင့်အရေးကာကွယ်စောင့်ရှောက်မှုကော်မတီတွင် တွဲဖက်အတွင်း ရေးမှူးအဖြစ် လည်းကောင်း ၊ Suwannimit Foundation တွင် ဆပ်ကော်မတီဝင်အဖြစ်လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။
၂၀၁၁ ခုနှစ်မှစ၍ အသည်းရောဂါ ဝေဒနာကြောင့် ရုပ်ပိုင်းဆိုင်ရာ အားနည်းသွားသော်လည်း စစ်အာဏာရှင် များကို အရှုံးမပေး လက်မလျှော့ဘဲ တိုင်းပြည်နှင့်ပြည်သူလူထုအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့သည်။
၁၉၉၅ခုနှစ်တွင် မြန်မာ့အမျိုးသမီး သမဂ္ဂအဖွဲ့မှ နော်လေးဒီနှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ စောရန်နိုင် နှင့် စောဇင်မင်း သား(၂)ယောက် ထွန်းကားပြီး မကွယ်လွန်မီအချိန်အထိ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ခဲ့သည်။
Maung Yin Nga Tay - Articles
ရောက်တတ်ရာရာအတိုအစများ
မောင်ရင်ငတေ
ဧပြီ ၂၅၊ ၂၀၁၃
● အောက်စ်ဘုခ် ရှေးဟောင်းမြို့တော်သို့ (တစ်)
အောက်စ်ဘုခ်မြို့လယ် Freie und Reichsstädte (de) Free Imperial City (en)
ယနေ့ ဂျာမဏီနိုင်ငံရဲ့ တတိယရှေးဟောင်းအကျဆုံးမြို့ ဘိုင်ယန်ပြည်နယ်ရဲ့တတိယအကြီးဆုံးမြို့ ဖြစ်တဲ့ Augsburg အောက်စ်ဘုခ်မြို့ကို အလည်တခေါက် ရောက်ခဲ့ပြန်ပါတယ်၊ ဒီမြို့လေးအနီးက Meitingen မိုင်တင်ဂန်ဆိုတဲ့အရပ်မှာ အခြေချနေထိုင်နေတဲ့ မိတ်ဆွေမိသားစုရှိတာကြောင့် တနှစ် တခေါက်ဆိုသလို ရောက်ဖြစ်နေတာပါ၊ နေရာတနေရာ ဒေသတခုကို ရက်အနည်းငယ်နဲ့ စုံအောင် ရောက်ရှိနိုင်ဖို့ မလွယ်ကူပါဘူး၊ ဥရောပရဲ့ အားသာချက်က နေရာတိုင်းနေရာတိုင်းမှာ တည်ရှိခဲ့တဲ့ သမိုင်းကြောင်းဆိုင်ရာတွေကို ထိမ်းသိမ်းပြုပြင် စောင့်ရှောက်ထားနိုင်ခဲ့တာပါဘဲ၊ အပေါ်ယံလေး ထုံးသုတ် နှမ်းဖြူးထားတာမျိုး မဟုတ်ပါဘူး၊ အခုခေတ်လို လူတိုင်းလူတိုင်း ခရီးတွေသွားလာနိုင်တဲ့ အခါကာလမျိုးမှာတော့ ဒါတွေကနေ ရရှိတဲ့ဝင်ငွေကကိုဘဲ မနည်းမနော ဘီလီယံနဲ့ချီပြီး ရရှိနေပါပြီ၊
အောက်စ်ဘုခ်မြို့ဆိုတာကလည်း ယနေ့ကာလ လူသိများထင်ရှားနေတဲ့ ဂျာမဏီရဲ့ တခြားမြို့ကြီး တွေလို နာမည်မကြီးပေမဲ့ သူ့သမိုင်းကြောင်းကတော့ သေးလှတာမဟုတ်ပါဘူး၊ ရှေးအဟောင်းဆုံး မြို့တမြို့ဖြစ်သလို သမိုင်းကြောင်းအရ ရောမအင်ပါယာခေတ်က နှစ်ပေါင်း ၅၀၀ ကျော်လောက် (၁၂၇၆-၁၈၀၃) Free Imperial City ခေါ်သီးခြားမြို့ပြနိုင်ငံတခုအဖြစ် ရပ်တည်ခဲ့တဲ့ မြို့တမြို့ပါ၊ နောက်အထူးခြားဆုံး တခုကလည်း Augsburger Hohes Friedensfest (The Augsburg High Peace Festival) ခေါ်နှစ်စဉ်နှစ်တိုင်း ရှစ်ရက်ရှစ်လမှာ ကျင့်ပပြုလုပ်တဲ့ အောက်စ်ဘုခ်ငြိမ်းချမ်းရေး ပွဲတော်ပါဘဲ၊ ဒီငြိမ်းချမ်းရေးပွဲတော်ကို ၁၆၅၀ ခုနှစ်က စတင်ကျင့်ပ ပြုလုပ်ခဲ့တာဖြစ်ပြီး ယနေ့ခေတ် အခါမှာတော့ ဂျာမဏီနိုင်ငံတဝှန်းလုံး အောက်စ်ဘုခ်တမြို့တည်းမှာသာ အထူးခံစားခွင့်ရထားတဲ့ အလုပ်ပိတ်ရက် ကျောင်းပိတ်ရက် ဖြစ်ပါတယ်၊ ဒီငြိမ်ချမ်းရေးနေ့ဆိုပြီး ပေါ်ပေါက်လာရတာကတော့ အောက်စ်ဘုခ်မြို့မှာ ပရိုတက်စတင့်နဲ့ ကာသိုလစ်ဘာသာဝင်တွေရဲ့အကြား ငြိမ်းချမ်းစွာ အတူနေ ထိုင်ကြရေး စာချုပ်ချုပ်ဆိုခဲ့ရာက ပေါ်ပေါက်လာခဲ့တာပါတဲ့၊
ပြင်သစ်အမြန်ရထား SNCF TGV
အောက်စ်ဘုခ်မြို့ဟာ ပါရီ-မြူးနစ် အမြန်မီးရထားလမ်းမပေါ် မြူးနစ်မြို့မရောက်ခင် မိုင် ၄၀ ခန့်မှာ တည်ရှိပါတယ်၊ မိုင်ပေါင်း ၅၀၀ ခန့်ဝေးကွာသော ဒီခရီးကို ဒီတခါစီးဖြစ်တာက ပြင်သစ်အမြန်ရထား TGV ဘဲဖြစ်ပါတယ်၊ နှစ်လလောက်အလိုက ကြိုတင်လက်မှတ် ဝယ်ယူထားလို့ ယူရို ၅၀ ဗမာငွေ ငါးသောင်းခန့်သာ ပေးရပါတယ်၊ အရေးတကြီးမသွားမဖြစ် နီးမှကပ်ပြီးဝယ်မယ်ဆိုရင် ယူရိုငွေ ၁၅၀ အထက်ဈေးပေါက်ပါတယ်၊ ပါရီ-မြူးနစ် အမြန်ရထားလမ်းမကြီးပေါ်မှာ တည်ရှိတဲ့မြို့ အမည်များက ရိုင်းမြစ်ကမ်းပေါ်က ပြင်သစ်ဂျာမန် နယ်စပ်မြို့ဖြစ်တဲ့ စထရပ်ဘူး Strasbourg၊ ဂျာမဏီ မြို့ကြီးများ ဖြစ်ကြတဲ့ Karlsruhe,Stuttgart,Ulm,Augsburg တို့ဘဲဖြစ်ကြပါတယ်၊ တီဂျီဗွီရထားဟာ မိုင်ပေါင်း ၃၀၀ နီးပါးရှိတဲ့ ပြင်သစ်ဘက်အခြမ်းမှာ အမြန်ရထားလမ်းသစ်ကြီး LGV L'est Européenne စီမံကိန်း တစိတ်တပိုင်း ပြီးစီးသွားခဲ့လို့ တနာရီကို ကီလိုမီတာ ၃၂၀ မိုင်နဲ့ဆိုရင် ၂၀၀ နှုန်းလောက် အထိတင်ပြီး မောင်းပါတယ်၊ ဂျာမဏီဘက်အခြမ်း အရောက်မှာတော့ တနာရီကို ကီလိုမီတာ ၂၀၀ ကျော် ၂၅၀ လောက်သာ မောင်းပါတော့တယ်၊ အမြန်ရထားလမ်း ဖောက်လုပ်ထားတဲ့ စနစ်တွေမှာ ဂျာမဏီနဲ့ ပြင်သစ် မတူညီတာကတော့ ပြင်သစ် High-speed rail လမ်းက အမြန်ရထားတွေသာ သီးသန့်သွားတဲ့လမ်းဖြစ်ပြီးတော့ ဂျာမဏီကတော့ ဒေသအတွင်းသွားတဲ့ ရိုးရိုးရထားတွေပါ ဒီအမြန် ရထားလမ်းတွေပေါ်မှာ ရောပြီးမောင်းကြတာပါ၊ အဲဒါကြောင့် ဂျာမဏီဘက်ရောက်ရင် ရထားက အရှိန်လျှော့ပြီး မောင်းနေရတာပါ၊ ဂျာမဏီရဲ့မြို့တွေကလည်း တမြို့နဲ့တမြို့ ပိုပြီးနီးကပ်ပါတယ်၊ သီးသန့်အမြန်လမ်းဖောက်ဖို့ စီမံကိန်းတွေက ရှိတော့ရှိနေပါပြီ၊ ဘယ်တော့ပြီးမလည်းတော့ မသိပါ၊ ပြင်သစ်မြေ ပါရီအရှေ့ခြမ်းဒေသမှာတော့ အမြန်လမ်း ကီလိုမီတာ ၁၃၀၀ ကျော် ဖောက်လုပ် ပြီးစီး နေပါပြီ၊ ပါရီ မြူးနစ်ခရီးကတော့ စုစုပေါင်း ၆ နာရီကြာ မောင်းရတဲ့ခရီးပါ၊ ဒီလောက် အမြန်နှုန်း တင်ပြီးမောင်းနိုင်တဲ့ ကမ္ဘာကျော် ပြင်သစ်အမြန်ရထားကြီးရဲ့ ချို့ယွင်းချက်တခုကတော့ အိမ်သာ အခန်းထဲမှာ အိမ်သာသုံးစက္ကူ ပြတ်လပ်သွားခြင်းပါဘဲ၊ အထက်ပိုင်းက တာဝန်ရှိသူတွေရဲ့ ညံ့ဖျင်း မှုကြောင့်လား အလုပ်လုပ်သူတွေရဲ့ ပေါ့လျှော့မှုကြောင့်လားတော့မသိပါ၊ သေခြာတာတခုကတော့ စီးပွားရေး ကျပ်တည်းလာမှုတွေနဲ့အတူ အခြေခံအလုပ်သမားတွေရဲ့ အရာရာမှာ မကျေနပ်မှုတွေ တိုးပွားလာနေပြီး အလုပ်လုပ်ကိုင်ရာမှာ ခိုကပ်လာတဲ့သူတွေ များလာတာ ဆိုတာပါဘဲ၊
ဘိုင်ယန်ရထား BAHNLAND BAYERN Regional Express (RE)
မောင်ရင်ငတေရဲ့ တည်းခိုရမယ့် နေရာကတော့ မြူးနစ်မြို့ မဟုတ်ပါဘူး၊ မြူးနစ်မြို့ကို ဂျာမန်လို ရေးတာကတော့ München လို့သာ ရေးတာကို တွေ့မြင်ရမှာပါ၊ မြူးနစ်မရောက်ခင် အောက်စ်ဘုခ် ဘူတာမှာဆင်းပြီး Nürnberg နူရင်ဘာ့ခ်မြို့ကိုသွားတဲ့ ရထားကို ၁၅ မိနစ်လောက် စီးလိုက်ရင် မောင်ရင်ငတေရဲ့ မိတ်ဆွေများနေထိုင်ရာ Meitingen မိုင်တင်ဂန်ဆိုတဲ့ ရထားလမ်းနဘေးက မြို့လေးကို ရောက်ပါတယ်၊ ဒီမြို့ဘူတာအသေးလေးမှာတော့ ICE ခေါ် အဖြူရောင် ဂျာမန် အမြန်ရထားတွေ ရပ်လေ့ရပ်ထ မရှိပါဘူး၊ ဒေသအတွင်းသွား RE နဲ့ RB အနီရောင်ရထားတွေနဲ့ ဟိုနားဒီနားသွားတဲ့ လော်ကယ်ရထားတွေသာ ရပ်နားပါတယ်၊
အောက်စ်ဘုခ်ခရိုင်တွင်းသွား လူငါးယောက် တရက် စီးနိုင်တဲ့ မိသားစုလက်မှတ်
ဂျာမန်ရဲ့ ရထားလက်မှတ်ရောင်းတဲ့ နည်းစနစ်တွေကတော့ မှတ်သားဘွယ်ရာ ကောင်းလှပါတယ်၊ ရောင်းချပုံစနစ်တွေက ခရီးသွားပြည်သူတွေ အစဉ်ပြေချောမွေ့အောင် စီစဉ်ပေးထားသလို ဈေးနှုန်း သက်သာစွာနဲ့ ခရီးသွားခရီးထွက်ချင်သူတွေ ပိုများပြားအောင် ဆွဲဆောင်ထားပါတယ်၊ ဋ္ဌာနေသမား အမြဲနေထိုင်သူတွေအတွက် လပေးလက်မှတ်နဲ့ နှစ်ပေးလက်မှတ်ဆိုပြီး စီမံထားတာမျိုးကတော့ ဥရောပရဲ့ မြို့ကြီးတိုင်း နိုင်ငံတိုင်းလိုလိုမှာ ရှိတာကြောင့် မထူးဆန်းလှပါဘူး၊ မောင်ရင်ငတေတို့လို တခါတရံလာရောက် လည်ပတ်သူ ခရီးသွားတွေအတွက် စီမံပေးထားပုံက ထူးခြားတာပါ၊ မြို့တမြို့ ဇုံတဇုံအတွက်လက်မှတ် ပြည်နယ်တခုချင်းစီအတွက်လက်မှတ် တနိုင်ငံလုံးသွားတဲ့လက်မှတ် စနေ တနင်္ဂနွေ ပိတ်ရက်အတွက်လက်မှတ် ရုံးဖွင့်ရက်များအတွက်လက်မှတ် တယောက်နှစ်ယောက်ချင်း ငါးယောက်တအုပ်စုလက်မှတ် စသဖြင့် တန်ဖိုးအမျိုးမျိုး ပုံစံအမျိုးမျိုး သတ်မှတ်စီမံပေးထားတာပါ၊ လက်မှတ်တစောင်ချင်းစီ လူတယောက်ချင်းစီ အတွက်ကတော့ တခြားနိုင်ငံ တခြားမြို့တွေထက် ထူးပြီးမသက်သာလှပါဘူး၊ ဒါပေမဲ့ လူနှစ်ယောက် သုံးလေးငါးယောက် အုပ်စုနဲ့သွားရင်တော့ သိသိ သာသာကို သက်သာလှပါတယ်၊ ဥပမာအားဖြင့် ဘိုင်ယန်ပြည်နယ်ရထားလက်မှတ်က တဦးတည်း သွားမယ်ဆိုရင် ၂၂ ယူရိုပေးစီးရမှဖြစ်ပြီး နောက်တဦးတိုးတိုင်း လေးယူရို ထပ်ဆောင်းပေးရမှာ ဖြစ်ပါတယ်၊ ငါးယောက်ပါဝင်တဲ့ အုပ်စုတစုကို ၃၈ ယူရိုကျသင့်မှာ ဖြစ်ပါတယ်၊ မနက်ကိုးနာရီကနေ နောက်တနေ့မနက် သုံးနာရီထိ စီးနိုင်ပါတယ်၊ အဖြူရောင်အမြန်ရထား ICE တို့ IC တို့စီးခွင့်မရှိဘဲ ဒေသတွင်းသွား ရထားတွေကိုသာ စီးနိုင်ပါတယ်၊ ဒီလော်ကယ်ရထားတွေက ရုံးချိန်ကျောင်းချိန်မှာ လူကျပ်လေ့ရှိပေမဲ့ တခြားကြား အချိန်တွေမှာတော့ လူသိပ်မရှိပါဘူး၊ ဘိုင်ယန်ပြည်နယ်က ဂျာမဏီ အကျယ်ဆုံးပြည်နယ်ဖြစ်လို့ စီးရတာပိုတန်သလိုပါ၊ အရှေ့ဘက်ချက်နယ်စပ် သြစတြီးယားနယ်စပ် တောင်ဘက်က ဆွစ်နယ်စပ်ထဲအထိ ဘိုင်ယန်လက်မှတ်နဲ့ သွားလို့ရပါတယ်၊
ဘိုင်ယန်ပြည်နယ်တွင်း ဟိုနားဒီနားသွား လော်ကယ်ရထားများ Bayerische Regiobahn (BRB)
ဂျာမဏီနိုင်ငံရဲ့ စီပွားဖွံ့ဖြိုးမှု တိုးတက်မှုများနဲ့အတူ တနိုင်ငံလုံးကို ဖြန့်ကျက်ထားတဲ့ ရထားလမ်း ကွန်ယက်တွေကတော့ ပင့်ကူမျှင်ထက်တောင်မှ ရှုပ်ထွေးလှပါပေတယ်၊ ၁၈၃၅ ခုနှစ်က စတင်ခဲ့တဲ့ Deutsche Bahn ရထားဋ္ဌာနကြီးဟာ အခုဆိုရင် ဂျာမဏီနိုင်ငံတဝှန်း ရထားလမ်းအရှည် မိုင်ပေါင်း နှစ်သောင်းခွဲကျော်ရှိနေပြီး ထက်ဝက်ကျော်ကျော်က လျှပ်စစ်ဓါတ်အားနဲ့ပြေးဆွဲတဲ့ ရထားလမ်းတွေ ဖြစ်ပါတယ်၊ အဲဒီနေရာမှာတော့ ပြင်သစ်နိုင်ငံထက် ပိုပြီးသေးငယ်တဲ့ ဂျာမဏီနိုင်ငံရဲ့ ရထားလမ်း စုစုပေါင်းအရှည်က မိုင်တသောင်းရှစ်ထောင်ကျော်သာရှိတဲ့ ပြင်သစ်ထက် မိုင်ခုနှစ်ထောင်လောက် ပိုပြီးများနေတာပါ၊ အဲဒါကြောင့်လည်းဘဲ မနီးမဝေး တမြို့ကနေတမြို့ တရွာကနေတရွာ နေ့စဉ် နေ့တိုင်းလိုလို မီးရထားကိုသာ အဓိကအားကိုးအားထားပြုပြီး ကျောင်းသွား ရုံးတက် ဈေးဝယ်ထွက် နေသူတွေကို အများအပြား တွေ့မြင်ရမှာ ဖြစ်ပါတယ်၊
မိုင်တင်ဂန်က ကာဘွန်ပစ္စည်းစက်ရုံ
လူဦးရေ တသောင်းခန့်သာနေထိုင်တဲ့ အဲဒီမိုင်တင်ဂန်မြို့လေးမှာ ကမ္ဘာ့ရှေ့ဆောင် Carbon fiber ပစ္စည်းတွေ ထုတ်လုပ်တဲ့ SGL Carbon ကုမဏီရဲ့ ပင်မစက်ရုံကြီးတခု ရှိပါတယ်၊ ဒီစက်ရုံကြီးမှာ မောင်ရင်ငတေရဲ့ မိတ်ဆွေတဦး ရောက်ရှိပြီး အလုပ်လုပ်ကိုင်နေတာ ၁၅ နှစ်နီးပါး ရှိနေပါပြီ၊ အဲဒီ စက်ရုံကြီးမှာ မြန်မာတိုင်းရင်းသားတချို့ အလုပ်လုပ်နေပါတယ်၊ မိုင်တင်ဂန်ရွာကလေးမှာက ဘာမှ ထူးထူးခြားခြား မရှိလှပါဘူး၊ ၁၉၂၀ ခုကာလက စတင်တည်ဆောက်ခဲ့တဲ့ ဒီကာဘွန်စက်ရုံကြီးမှာ အလုပ်လုပ်ကိုင်သူများ အများစုနေထိုင်ကြလို့ စက်ရုံလုပ်သားတွေရဲ့ မြို့တမြို့လိုသာ ဖြစ်နေပါပြီ၊ မိုင်တင်ဂန်နဲ့ အောက်စ်ဘုခ်ကို ဖြတ်သန်းစီးဆင်းသွားတာကတော့ ၂၆၄ ကီလိုမီတာရှည်တဲ့ Lech မြစ်ဘဲဖြစ်ပါတယ်၊ သြစတြီးယားနိုင်ငံ တောင်တန်းဒေသတွေပေါ်တည်ရှိတဲ့ Lech မြို့အနီးက မြစ် ဖျားခံလာတဲ့ ဒီမြစ်ဟာ အောက်စ်ဘုခ်နဲ့ မိုင်တင်ဂန်ကို ဖြတ်သန်းသွားပြီး Donauwörth မြို့အနီးမှာ နာမည်ကျော် Donau ဒိုနောင်ဝ်မြစ်ထဲကို စီးဝင်သွားတာပါ၊ Germany, Austria, Slovakia, Hungary, Croatia, Serbia, Bulgaria, Moldova, Ukraine, Romania အနောက်အလယ်အရှေ့ ဥရောပဆယ်နိုင်ငံကို ဖြတ်သန်းစီးဆင်းတဲ့မြစ် ရှေးဟောင်းသမိုင်းအရရော ခေတ်သစ်ယနေ့ကာလ နိုင်ငံလေးနိုင်ငံရဲ့မြို့တော်များက ဒီမြစ်ကမ်းဘေးနဖူးမှာ တည်ရှိနေတဲ့မြစ် ရေကာတာဆည်ပေါင်း အကြီးအသေး ၇၀၀ ကျော်တည်ဆောက်ထားတဲ့မြစ် ဥရောပရဲ့ ဒုတိယအရှည်ဆုံးမြစ် ၁၇၈၅ မိုင် ၂၈၇၅ ကီလိုမီတာကျော်အရှည်ရှိတဲ့မြစ် ဂျာမန်လို Donau ဒိုနောင်ဝ်မြစ် အင်္ဂလိပ်လို Danube ဒန်ညုမြစ်ခေါ်   ဖြတ်သန်းသွားတဲ့ ဒေသတွေရဲ့ဆိုင်ရာ ဘာသာစကားတွေအရ Dunaj, Dunărea, Donava, Duna, Dunav, Дунав, Tuna လို့ခေါ်ကြတဲ့ မြစ်ကြီးပါ၊ ဒီမြစ်ကြီးအကြောင်းကို သေခြာ ရေးချင်ပါသေးတယ်၊
မိုင်တင်ဂန်ရွာအနီး Lech လာ့ရှ်မြစ်ကမ်းနဘေးက ကျေးလက်လမ်း
အောက်စ်ဘုခ်မြို့ကတော့ လာ့ရှ်မြစ်ကမ်းပေါ်က အကြီးဆုံးအထင်ရှားဆုံး စက်မှုလုပ်ငန်း တိုးတက် အဖွင့်ဖြိုးဆုံး ရှေးဟောင်းအကျဆုံးသော မြို့တမြို့ ဖြစ်ပါတယ်၊ နှစ်ပေါင်း ၅၀၀ ကျော် မြို့ပြနိုင်ငံ အဖြစ် ရပ်တည်လာတဲ့ အောက်စ်ဘုခ်မြို့ဟာ တချိန်တုန်းကတော့ ဂျာမဏီနိုင်ငံရဲ့ အထည်အလိပ် လုပ်ငန်းတွေ များပြားစွာထွန်းကား တည်ရှိခဲ့တဲ့ မြို့တမြို့လည်း ဖြစ်ခဲ့ဖူးပါတယ်၊
ယခုအခါမှာတော့ ယင်းချည်ထည်လုပ်ငန်းတွေထက် တခြားသောစက်မှုလုပ်ငန်းတွေ ပိုများပြားလာခဲ့ပါပြီ၊ ဂျာမဏီရဲ့ တနိုင်ငံလုံးလိုလိုမှာ မတွေ့မဖြစ်တွေ့ရမှာကတော့ ဘီယာချက်စက်ရုံများပါဘဲ၊ မြို့တိုင်းရွာတိုင်းမှာ ဒေသထွက် ဘီယာအမျိုးမျိုး ရှိနေပါတယ်၊ ဂျာမဏီရောက် ကိုရွှေဗမာကို ပြည်တွင်းမှာနေထိုင်သူ သူငယ်ချင်းတဦးက မေးပါတယ်တဲ့၊ မင်းတို့နေတဲ့ဂျာမဏီပြည်မှာ ဘာဘီယာအမျိုးအစားကောင်းပြီး ဘယ်ဘီယာကို သောက်ပါသလဲလို့ပါ၊ ဂျာမဏီရောက်က ပြန်ဖြေပါတယ်၊ ဒီဟာက နာမည်ကြီးပြီး သောက်လို့ကောင်းလို့ ဒီဟာကိုသောက်ပါတယ်ပေါ့၊ ပြည်တွင်းကသူငယ်ချင်းက သူမကြားဖူးပါဘူး၊
အိတ်စပို့မလုပ်ဘူးလားလို့ ထပ်မေးပါတယ်၊ ပြန်ဖြေသူက အိတ်စပို့လုပ်မလုပ်မသေခြာဘူး၊ သေခြာ တာကတော့ ဂျာမန်တွေ သူတို့ထွက်တဲ့ဘီယာ သူတို့သောက်တာ လောက်ဟန်မတူပါဘူးလို့သာပါ၊ ဟုတ်လည်းဟုတ်လောက်ပါတယ်၊ ဘီယာတံဆိပ်အမျိုးမျိုး ငါးထောင်ကျော်နဲ့ တနှစ်ကို ငါးဘီလီယံ လီတာ ထုတ်လုပ်နေတာ ဖြစ်ပါတယ်၊
၂၆၄ ကီလိုမီတာရှည်တဲ့ လာ့ရှ်မြစ်
အောက်စ်ဘုခ်နယ်တကြောမှာ အဲဒီခေတ် ၁၄ ရာစုက ထွန်းကားခဲ့တဲ့ ချည်ထည်ရက်ကန်းလုပ်ငန်း လုပ်ကိုင်ရင်း ချမ်းသာလာတဲ့ မိသားစုကတော့ Fugger မိသားစုဘဲ ဖြစ်ပါတယ်၊ Johann (Hans) Fugger စတင်တည်ထောင်ခဲ့တဲ့ ဒီမိသားစုလုပ်ငန်းတွေဟာ  Johann ရဲ့ မြေးအငယ်ဖြစ်သူ Jakob Fugger von der Lilie (၁၄၅၉-၁၅၂၅) လက်ထက်မှာတော့ ပိုမိုတိုးပွားလာပြီး သတ္တုတွင်းလုပ်ငန်း ဘဏ်လုပ်ငန်းတွေကိုပါ တိုးချဲ့လုပ်ကိုင်ခဲ့တာပါ၊ သူဟာ ၁၆ ရာစု အစပိုင်း ဥရောပဒေသတခုလုံးရဲ့ ဘဏ်လုပ်ငန်းတွေကို ချုပ်ကိုင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်၊ သူကိုယ်တိုင်ဦးစီးခဲ့တဲ့ ယနေ့ခေတ်ထိ တည်ရှိနေသေးသော လုပ်ငန်းကတော့ Fuggerei ခေါ် လူမှုအိမ်ယာလုပ်ငန်းဘဲ ဖြစ်ပါတယ်၊
Die Fuggerei ဖူဃရိုန်း The world's oldest social housing complex still in use.
၁၄၅၉ ခုမှာမွေးဖွားခဲ့တဲ့ အောက်ဇ်ဘုခ်မြို့သား သတ္ထုတွင်းလုပ်ငန်းရှင် ဘဏ်လုပ်ငန်းရှင် Jakob Fugger ဟာ ၁၅ ရာစုနှောင်းပိုင်းမှာ ဥရောပတလွှား ထင်ရှားခဲ့တဲ့ သူဌေးကြီးတဦးဖြစ်ပါတယ်၊ အဲဒီ အချိန်က သူဟာချမ်းသာလွန်းလို့ သူ့အမည်ကိုတောင်မှ Jakob Fugger the Rich လို့ခေါ်တွင်ခဲ့ပါ တယ်တဲ့၊ Jakob Fugger ရဲ့ငွေးကြေးဆိုင်ရာလုပ်ငန်းတွေဟာ ဥရောပငွေကြေးလုပ်ငန်းတွေမှာ အီတလီ ဖလောရင်မြို့က  Famiglia de' Medici ခေတ်ပြီးရင် Fugger ခေတ်ဆိုပြီး ဦးစီးဦးဆောင် နေရာမှာ ရှိခဲ့တာပါ၊ Jakob Fugger ဟာ Upper Hungaria ခေါ်ယနေ့ Slovakia စလိုဗာကီးယား နယ်မြေကထွက်ရှိတဲ့ ကြေးနီတွေကို သြစတြီးယား ဂျာမဏီတင်မက နယ်သာလန် ဘယ်လ်ဂျီယံ ကနေ စပိန် ပေါ်တူဂီ အီတလီ နောက်ပြီး အိန္ဒိယထိတိုင် တင်ပို့ရောင်းချရင်း ပိုမိုကြီးပွား ချမ်းသာ လာသူလည်းဖြစ်ပါတယ်တဲ့၊ Die Fuggerei ဆိုတာကတော့ ၁၅၁၆ ခုနှစ်မှာ သူကိုယ်တိုင် စတင် ဦးစီးတည်ထောင်ခဲ့တဲ့ ကမ္ဘာ့ရှေးအကျဆုံး လူမှုဝန်ထမ်းလုပ်ငန်းနဲ့ ကယ်ဆယ်ရေး အိမ်ယာစခန်း ဖြစ်ပြီး ယခုထက်ထိတိုင်အောင် ဆက်လက်လုပ်ကိုင်နေဆဲလုပ်ငန်း ဖြစ်ပါတယ်၊ သူဟာ သူပိုင်ဆိုင် တဲ့ ငွေတွေနဲ့ သူရဲ့အကောင်းဆုံးသော လူမှုရေး လုပ်ငန်းဖြစ်တဲ့ ဖူဃရိုန်းခေါ် လူမှုအိမ်ယာစခန်းကို တည်ထောင်ခဲ့တာပါ၊ ယနေ့ကာလမှာတိုင် အဲဒီအိမ်ယာမှာ နေထိုင်နေသူတွေဟာ တနှစ်နေထိုင်ခ တယူရိုတောင် မပြည့်တဲ့ ၈၈ ဆင့်သာ ပေးရပါတယ်တဲ့၊ လုံးချင်းအိမ်ကလေးပေါင်း ၆၇ လုံးမှာရှိတဲ့ အိမ်ခန်းပေါင်း ၁၄၀ မှာ နေထိုင်သူပေါင်း ၁၅၀ ကျော်လောက် ရှိပါတယ်တဲ့၊ ဘယ်လို စာရွက် စာတမ်းတွေပြပြီး ဘယ်လိုနေထိုင်ခွင့်ရကြသလဲ ဆိုတာကတော့ အထူးကိုစိတ်ဝင်စားစရာ ကောင်း လှပါတယ်၊ အဲဒီလောက်ထိ အသေးစိတ်ကိုတော့ မောင်ရင်ငတေလည်း မစုံစမ်းမသိရှိနိုင်ကြောင်းပါ ခင်ဗျာ၊ သိရှိမည်ဆိုပါကလည်း အဲဒီ ဖူဃရိုန်း အိမ်ယာစခန်းမှာ အသက်ရွယ် အိုမင်းမစွမ်းရှိလာရင် နေထိုင်လိုကြောင်း လျှောက်ထားပြီးနောက် ဘယ်လောက် အချိန်ကာလတိုင်အောင် စောင့်ဆိုင်း ရမယ် ဆိုတာကိုလည်း မခန့်မှန်းနိုင်ကြောင်းပါ၊
မိုဇာ့တ် အဖေရဲ့အဖိုး Franz Mozart ဖူဃရိုန်းဂေဟာမှာ နေထိုင်သွားတဲ့ အထိမ်းအမှတ်
Die Fuggerei အဆောက်အဦများဟာ ဒုတိယကမ္ဘာစစ်ရဲ့ ဗုံးဒဏ်တွေကြောင့် အကြီးအကျယ် ပျက်စီးခဲ့ရပြီး မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်ထားတဲ့ အဆောက်အဦများကို ဒီကနေ့မှာ တွေ့မြင်နေရတာပါ၊ ဖူဃရိုန်းပြတိုက်ကိုလည်း ဖွင့်လှစ်ထားပြီး ဝင်ရောက်ကြည့်ရှုချင်ရင်တော့ လေးယူရိုပေးပြီး ဝင်ကြည့်နိုင်ပါတယ်၊ ကမ္ဘာကျော် ဂီတစာဆို Wolfgang Amadeus Mozart မိုဇာ့တ် (၁၇၅၆-၁၇၉၁) ၏ အဖေရဲ့အဖိုး အုတ်စီပန်းရန်ဆရာကြီး အောက်စ်ဘုခ်မြို့သား Franz Mozart (၁၆၄၉-၁၆၉၃) ကတော့ ဒီဂေဟာမှာ ၁၆၈၁ ကနေကွယ်လွန်ခဲ့သည့် ၁၆၉၃ ခုနှစ် ထိတိုင် နေထိုင်သွားခဲ့ပြီး အစဉ်အဆက် နေထိုင်သွားကြတဲ့သူတွေ အထဲမှာတော့ အကျော်ကြားဆုံးသော အထင်ပေါ်ဆုံးသောသူ တဦးပါဘဲ၊
မိုဇာ့တ် အဖေ  Leopold Mozart နေထိုင်သွားရာ Das Mozarthaus အိမ်ပြတိုက်
မိုဇာ့တ်၏ အဖေရဲ့အဖိုး အုတ်စီ ပန်းရန်ဆရာကြီး Franz Mozart က အောက်စ်ဘုခ်မြို့သားစစ်စစ် ဖြစ်သလို မိုဇာ့တ်ရဲ့အဖေ ဂီတစာဆို ဂီတမှူး တယောပညာရှင် Johann Georg Leopold Mozart လီယိုပို မိုဇာ့တ် (၁၇၁၉-၁၇၈၇) ကလည်း အောက်စ်ဘုခ်မြို့သား ဖြစ်ပါတယ်၊ ကမ္ဘာကျော်မိုဇာ့တ် ကတော့ အောက်စ်ဘုခ်မြို့သားတဦး ဖြစ်မလာခဲ့ဘဲ ဖခင်မိုဇာ့တ် ပြောင်းရွှေ့နေထိုင်ရာမြို့ဖြစ်သော အောက်စ်ဘုခ်မြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၂၂၀ ကျော်ကွာဝေးတဲ့ ဂျာမဏီနဲ့သြစတြီးယား နယ်စပ်မြို့ သြစတြီးယားပြည်ရဲ့ စတုတ္ထအကြီးဆုံးမြို့ Salzburg ဆားဇ်ဘုခ်မြို့မှာ မွေးဖွားခဲ့တာပါ၊ ဘိုင်ယန်ပြည်နယ် အရှေ့တောင်ဘက်တခြမ်းလုံးဟာ သြစတြီးယားပြည်နဲ့ နယ်နမိတ်ချင်းထိတွေ့ ဆက်စပ်နေပြီး အစဉ်အဆက် ယဉ်ကျေးမှုချင်းလည်းတူသလို စကားပြောတာကလည်း တူပါတယ်၊ ဒါကြောင့် မိုဇာ့တ်တို့ ဘိုးဘွားဘီဘင်ခေတ်များ ကာလများကပင် အကူးလူး အဆက်ဆံများခဲ့ကြတဲ့ နေရာဒေသတွေ ဖြစ်ပါတယ်၊ အောက်စ်ဘုခ်ကနေ ဆားဇ်ဘုခ်မြို့ကို သွားမယ်ဆိုရင် ဘိုင်ယန်နယ် လက်မှတ်ဝယ်ပြီး သက်သက်သာသာ နေ့ချင်းပြန် သွားလို့ရပါတယ်၊ ဂျာမန်နယ်စပ်လိုင်းကို ကျော် လိုက်တာနဲ့ ဆားဇ်ဘုခ်မြို့ကို ရောက်ပါပြီ၊ မိုဇာ့တ်တို့သားအဖကတော့ ဒီမြို့နှစ်မြို့ ဒီအိမ်နှစ်အိမ်ကို ကူးချီသန်းချီ နေထိုင်ခဲ့ကြတာပါ၊
လီယိုပို မိုဇာ့တ် ရဲ့ Versuch einer gründlichen Violinschule တယောတီးနည်းစာအုပ် ၁၇၅၆
ကမ္ဘာကြီးမှာ မိုဇာ့တ်ဆိုပြီး ထင်ရှားကျော်ကြားခဲ့တာဟာ သူရဲ့ဖခင် လီယိုပိုမိုဇာ့တ်ကြောင့်ဆိုရင် မှားတယ်လို့ ဘယ်သူမှာ ငြင်းမှာမဟုတ်ပါဘူး၊ စာအုပ်ချုပ်သမား Johann Georg Mozart (၁၆၇၉-၁၇၃၆) ရဲ့သားဖြစ်သူ လီယိုပိုဟာ ၁၇၃၇ ခုနှစ်သူ့အသက် ၁၈ နှစ်  ဆားဇ်ဘုခ်မြို့မှာ ကျောင်းသွား မတက်ခင်ကတည်းကိုက တယောနဲ့ စန္ဒယား အတီးကို ကျွမ်းကျင်သူ ဖြစ်နေခဲ့ပါပြီ၊ လီယိုပိုဟာ ဆားဇ်ဘုခ်မြို့တွင် ဆက်လက်နေထိုင်နေရင်း ၁၇၄၇ ခုမှာ ဆားဇ်ဘုခ်မြို့သူ Anna Maria Pertl Mozart ဆိုသူနဲ့ ရပြီးတော့ သားဖြစ်သူ ကမ္ဘာကျော် မိုဇာ့တ်ကို မွေးဖွားခဲ့တာပါ၊ လီယိုပိုမိုဇာ့တ် ရေး သားပြုစုခဲ့တဲ့ တယောတီးနည်းစာအုပ် A Treatise on the Fundamental Principles of Violin Playing ကို သားမိုဇာ့တ်မွေးဖွားခဲ့တဲ့နှစ် ၁၇၅၆ ခုနှစ်မှာ ပထမအကြိမ် ဖြန့်ချီခဲ့ပါတယ်၊ ဒီစာအုပ်ကို ၁၇၆၉ နဲ့ ၁၇၈၇ မှာ ထပ်မံ ထုတ်ဝေခဲ့ပြီး ၁၇၆၆ မှာ နယ်သာလန်ဒတ်ရှ် ဘာသာစကားဖြင့်၎င်း ၁၇၇၀ မှာ ပြင်သစ်ဘာသာဖြင့်၎င်း ပြန်ဆိုထုတ်ဝေခဲ့ပါတယ်၊ ကမ္ဘာကျော် မိုဇာ့တ်ရဲ့ အမအရင်း Maria Anna Walburga Ignatia Mozart III (Nannerl) (၁၇၅၁-၁၈၂၉) ကလည်းဘဲ မွေးရာပါ အနုပညာဗီဇ ပါခဲ့သူတဦးပါ၊ ဒါပေမဲ့ သူမကတော့ သူမရဲ့ အနုပညာဗီဇများကို သူမရဲ့ မောင်ဖြစ်သူ လောက် ထင်ပေါ်ကျော်ကြားအောင် ပြသခွင့်မရခဲ့ပါဘူး၊ အဖေမိုဇာ့တ်ဟာ သူ့သားနဲ့သမီးဖြစ်သူရဲ့ ငယ်ဆရာအရင်းလို့လည်း အများကသတ်မှတ်လို့ ထားကြပါတယ်၊
လီယိုပိုမိုဇာ့တ်၊ harpsichord စန္ဒယားတီးနေတဲ့ ၇ နှစ်သားမိုဇာ့တ်နဲ့ အမ Maria Anna Mozart
မိုဇာ့တ်တို့မိသားစု ဥရောပတခွင် လှည့်လည်စဉ် အသုံးပြုခဲ့တဲ့ ရထားလုံး
၁၇၆၃ ကနေ ၁၇၆၆ ခုနှစ် အတွင်းမှာ လီယိုပိုမိုဇာ့တ် ဦးဆောင်ပြီး သူရဲ့မိသားစုဝင်များ အားလုံး ပါဝင်တဲ့ The Mozart family grand tour လို့ အမည်တွင်ခဲ့တဲ့ အနောက်ဥရောပတခွင် လှည့် လည်ခဲ့တဲ့ သုံးနှစ်ငါးလရက်နှစ်ဆယ်ကြာ ခရီးစဉ်ကတော့ ကမ္ဘာကျော်ခဲ့သလို နောင်တချိန် မိုဇာ့တ် ဆိုပြီး ထင်ပေါ်ကျော်ကြားလာမဲ့ သားမိုဇာ့တ်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လေ့ကျင့်ရေးခရီးစဉ်ဘဲ ဖြစ်ပါတယ်၊ အဲဒီခရီးစဉ်မှာ အသက် ၇ နှစ်အရွယ်သာ ရှိသေးတဲ့ ကမ္ဘာကျော်မိုဇာ့တ် အပါအဝင် မိသားစုဟာ သူတို့ပိုင်ရထားလုံးနဲ့ သြစတြီးယားပြည် ဆားဇ်ဘုခ်မြို့ကနေ အသွားခရီးကို ၁၇၆၃ ခု ဇူလိုင်ကိုးရက်နေ့က စတင်ထွက်ခွာလာခဲ့တာပါ၊ ဒီခရီးရဲ့ပထမနေ့မှာဘဲ သူတို့လှည်းရဲ့ ဝင်ရိုးကျိုး ပါတယ်၊ ဂျာမန်နယ်စပ် Wasserburg မြို့အနီးမှာပါ၊ လှည်းနားရပေမဲ့ အဖေမိုဇာ့တ်ကတော့ မနား အားဘဲ သူ့မိသားစုရဲ့ဂီတပွဲနဲ့ ဖျော်ဖြေရေးပွဲတွေရအောင် လုပ်ခဲ့တာမျိုးပါ၊ မြူးနစ်မြို့ရောက်တော့ အဲဒီအချိန်က ဘိုင်ယန်နယ်စားပယ်စား Maximilian III Joseph, Elector of Bavaria ရှေ့မှောက် မှာ ဖျော်ဖြေခွင့်ရခဲ့ပြီး တညတည်းနဲ့ ဆုတော်ငွေရခဲ့တာ အဲဒီတုန်းက ဂျာမဏီမှာ အသုံးပြုနေတဲ့ငွေ ၃၅၄ Gulden သို့မဟုတ် forint ရခဲ့ပါတယ်တဲ့၊ အဖေမိုဇာ့တ်လီယိုပိုရဲ့ တနှစ်လစာငွေရဲ့ထက်ဝက် ကျော်ခန့်ရှိတဲ့ ချီးမြှင့်ရရှိခဲ့တာပါ၊ မိုဇာ့တ်မောင်နှမကို ကြိုက်လွန်းကြလို့ ဒီလောက်ပမာဏ ရရှိခဲ့ တာပါတဲ့၊ အဲလိုမျိုးနဲ့ သူတို့ရှေ့ခရီးတွေ ဆက်ခဲ့ကြတယ် ထင်ပါတယ်၊
၁၈ ရာစုနှောင်းပိုင်းရဲ့ သမိုင်းဝင် နယ်လှည့်ဂီတခရီး 
ဂျာမဏီ München (Munich), Mannheim, Mainz, Frankfurt, Köln (Colonge) အဲဒီအချိန်က Austrian Netherlands လို့ခေါ်တဲ့ ဘယ်လ်ဂျီယံနိုင်ငံ Liège, Bruxelles, Luxemburg ကတဆင့် ပါရီမြို့သို့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ ရောက်ရှိလာပြီး ငါးလကျော်ကြာနေထိုင်ပါတယ်၊ ထို့နောက် ပါရီ မှတဆင့် Calais မြို့အနီး ယခုခေတ် နာမည်ကျော် Channel Tunnel တည်ရှိရာနေရာမှ အင်္ဂလိပ် ရေလက်ကြားကိုကူးခါ Dover မှတဆင့် လန်ဒန်မြို့သို့ ၁၇၆၄ ခုနှစ် အေပရယ်လ ၂၃ ရက်နေ့မှာ ရောက်ရှိသွားပြန်ပါတယ်၊ လန်ဒန်မြို့တွင် တနှစ်ကျော်ကြာ နေထိုင်စဉ်အတွင်း ထိုခေတ်ထိုအခါက အင်္ဂလန်ပြည်တဝှန်းမှာ ထင်ပေါ်ကျော်ကြားနေသူများနှင့် ဂီတဆွေးနွေးပွဲများ ဂီတဖျော်ဖြေပွဲများကို ပြုလုပ်ခဲ့ပါတယ်၊ ဒါတွေကနေပြီးတော့ ကမ္ဘာကျော်မိုဇာ့တ်ရဲ့ နာမည်ကျော် ဆန်ဖိုနီ တေးသွားတွေ ဖြစ်ပေါ်လာစေခဲ့တာ ဖြစ်မှာပါ၊ မိုဇာ့တ်တို့ လန်ဒန်ရောက်နေစဉ်မှာ အုပ်စိုးနေတဲ့ဘုရင် George III ရဲ့မိဖုရားက ၁၉ နှစ်အရွယ် ဂျာမန်သူ Charlotte of Mecklenburg-Strelitz Sophia ဖြစ်ပါတယ်၊
၁၈ ရာစုနှောင်းပိုင်းရဲ့ သမိုင်းဝင် နယ်လှည့်ဂီတခရီး
လန်ဒန်က အပြန်ခရီးမှာတော့ ဒိုဗာ ပြင်သစ်ပြည် ကာလေမြို့ Lille လီလ်မြို့မှတဆင့် ဘယ်လ်ဂျီယံ Gand (Gent), Anvers (Antwerp)  ထို့နောက် နယ်သာလန်နိုင်ငံ Den Haag (The Hague) သို့ စက်တင်ဘာ ၁၁ ရက် ၁၇၆၅ မှာရောက်ပါတယ်၊ Haarlem,Utrecht နဲ့ အမ်စတာဒမ်မြို့သို့လည်း ရောက်ရှိခဲ့ပါတယ်၊ နယ်သာလန်ရောက်နေစဉ်မှာ မိုဇာ့တ်တို့သားအဖတတွေ ခရီးပန်းပြီး နာမကျန်း ဖြစ်ခဲ့ကြပါတယ်၊ ထို့နောက် မေလ ၁၀ ရက်နေ့မှာ ပါရီမြို့သို့ ဒုတိယအကြိမ် ရောက်ရှိခဲ့ပါတယ်၊ နှစ်လအကြာ ပါရီမြို့မှာနေပြီး Dijon ဒီရွန်မြို့ Lyon လီယွန်မြို့များကတဆင့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ဇူးရစ် လူဇမ်းမြို့များကို ဝင်ရောက်ပါတယ်၊ အဲဒီကမှ ဂျာမဏီမြူးနစ်ကို ပြန်လည်ရောက်ရှိပြီး ဆားဇ်ဘုခ်မြို့ Getreidegasse လမ်းရှိ နံပတ်ကိုး နေအိမ်ကိုတော့ နိုဝင်ဘာလ ၂၉ ရက် ၁၇၆၆ မှာ ပြန်ရောက်ခဲ့ပြီး ခရီးစဉ်ကို အောင်မြင်စွာနဲ့ အဆုံးသတ်ခဲ့ပါတယ်၊ သုံးနှစ်ခွဲကျော် ရထားလုံးစီးပြီး ဥရောပ ၈၈ မြို့ကို ရောက်ရှိခဲ့တဲ့ခရီးစဉ်ဟာ ခုခေတ် ခုအခါလို အမြန်ရထားတွေ မှန်လုံကားတွေ လေယာဉ်ပျံတွေနဲ့ သွားမယ်ဆိုရင်တောင်မှ သွားဖို့လွယ်ကူလှတဲ့ ခရီးမဟုတ်ပါဘူး၊ ဇိမ်ခံခရီးလည်း မဟုတ်ပါဘူး၊ လေ့ကျင့်ရင်း လေ့လာရင်း ဖျော်ဖြေပွဲတွေလုပ်ရင်း သွားခဲ့တဲ့ခရီးပါ၊ တဦးတယောက် တည်းသာ သွားတဲ့ခရီးလည်း မဟုတ်ပါဘူး၊ မိသားစုဝင်ကလေးတွေနဲ့ သွားခဲ့တဲ့ခရီးပါ၊ လီယိုပိုရဲ့ ကိုယ်ပိုင်အဆက်သွယ်တွေနဲ့ တမြို့ပြီးတမြို့ သွားခဲ့တာပါ၊ လန်ဒန်ခရီးတောင်မှ ပါရီမြို့သို့ရောက် ရှိပြီးမှ အစီအစဉ်ထဲ ပါလာတာမျိုးပါတဲ့၊ ကာလေမြို့ကနေ ဒိုဗာမြို့ကို သွားဖို့ခရီးမှာ ရေလက်ကြား ဖြတ်သန်းရန် ၁၃ ရက်ကြာခဲ့တာမျိုးတွေလည်း ရှိခဲ့ပါတယ်တဲ့၊ အခုခေတ်များဆိုရင်တော့ ပါရီ လန်ဒန် ယူရိုစတားရထားနဲ့သွားတာ နှစ်နာရီ ကျော်ကျော်သာ ကြာတော့ပါတယ်၊
Wolfgang Amadeus Mozart in 1763, aged seven, at the start of the Grand Tour. He is wearing livery presented by the Empress of Austria the previous winter.
မွေးအမည် Joannes Chrysostomus Wolfgangus Theophilus Mozart ခေါ်တဲ့ မိုဇာ့တ်က သားအငယ်ဆုံးဖြစ်ပြီး မွေးချင်း ၇ ယောက် ရှိခဲ့ပေမဲ့ သူ့အထက်ငါးယောက်ဟာ ငယ်စဉ်ကတည်းက သေဆုံးခဲ့လို့ မိုဇာ့တ်မှာ အမတယောက်တည်းသာ အဖော်ရှိခဲ့ပါတယ်၊ ဥရောပဂန္တဝင်ခရီးစဉ် အတွင်း နယ်သာလန်နိုင်ငံ Den Haag မြို့ကိုရောက်ရှိနေခိုက် အသက်ကိုးနှစ်သား အရွယ်ခန့်သာ ရှိသေးတဲ့ မိုဇာ့တ်ရဲ့ Six sonatas for keyboard and violin ကို ရေးဖွဲ့သီကုံးခဲ့တာကတော့ မယုံကြည်နိုင်ဘွယ်ရာ ကောင်းလှပါတယ်၊ မိုဇာ့တ်ရဲ့ ဒီဂန္တဝင်ခရီးကို မသွားခင်မှာလဲ ၁၇၆၂ ခုမှာ မိုဇာ့တ်မိသားစုဟာ မြူးနစ်မြို့နဲ့ ဗီယာနာမြို့ကို သုံးလကျော်ကြာ ခရီးထွက်ခဲ့ပါသေးတယ်၊ အဲဒီ ဗီယာနာသွားတဲ့ခရီးမှာ မိုဇာ့တ်ဟာ သူနဲ့သက်တူရွယ်တူ တနှစ်ကျော်သာကြီးတဲ့ နောင်တချိန် ပြင်သစ်သမိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားလာမယ့် လူဝီ ၁၆ ရဲ့ ဇနီးချောလေးဖြစ်လာမယ့်  သြစတြီးယားမင်းသမီးလေး Marie Antoinette နဲ့လည်း ဆုံတွေ့ခဲ့ရပါတယ်၊ ဒီဂန္တဝင်ခရီး အပြီးမှာ အီတလီနဲ့ ချက်နိုင်ငံ ပရာဟာသို့လည်း ပညာရှာရင်း အလုပ်ရှာရင်း ခရီတွေ ထွက်ခဲ့ပါတယ်၊ ၁၇၇၈ မှာ မိုဇာ့တ်တို့ သားအမိ အလုပ်ရှာဖို့ ပါရီကိုတခေါက် ထပ်ရောက်ခဲ့ပါသေးတယ်၊ ပါရီရောက်စဉ် မိုဇာ့တ်ရဲ့အမေ Anna Maria Mozart နာမကျန်းဖြစ်ပြီး ဆုံးပါသွားခဲ့ပြီးနောက် မိုဇာ့တ်တယောက် တည်းသာ ဆားဇ်ဘုခ်မြို့ကို ပြန်ခဲ့ရပါတော့တယ်၊
မိုဇာ့တ် မွေးဖွားခဲ့ရာ ဆားဇ်ဘုခ်မြို့က Mozarthaus မိုဇာ့တ်အိမ်ပြတိုက်တည်ရာလမ်း
အောက်စ်ဘုခ်အကြောင်း ရေးရင်းနဲ့ ပေရှည်သွားလို့ မခွဲချင်ဘဲ နှစ်ပိုင်းခွဲလိုက်ရကြောင်းပါ၊ နောက် တပတ်ရေးမယ့် အောက်စ်ဘုခ်အပိုင်းနှစ် မှာတော့ လီယိုပို မိုဇာ့တ်ကဲ့သို နောက်ထပ် ကမ္ဘာကျော် အောက်စ်ဘုခ်မြို့သားများဖြစ်ကြတဲ့  ကဗျာဆရာကြီး ဘားတော့ဘရက်ရယ် ဒီဇယ်အင်ဂျင်စက်ကို တီထွင်ခဲ့သူ ရူဒေါ့ဖ်ဒီဇယ်တို့ရဲ့ အကြောင်းနဲ့ အောက်စ်ဘုခ်မြို့အကြောင်းတွေကို သိသလောက် တတ်သလောက် ဆက်လက်ရေးသားမှာ ဖြစ်ကြောင်းပါ ……
အောက်စ်ဘုခ်မြို့လယ်တနေရာ
Jakob Fugger von der Lilie (၁၄၅၉-၁၅၂၅) ဖူဃရိုန်းဂေဟာ တည်ထောင်သူ
Franz Mozart (၁၆၄၉-၁၆၉၃) အုတ်စီ ပန်းရန်ဆရာကြီး
Johann Georg Mozart (၁၆၇၉-၁၇၃၆) စာအုပ်ချုပ်သမား
Leopold Mozart လီယိုပို မိုဇာ့တ် (၁၇၁၉-၁၇၈၇) ဂီတစာဆို ဂီတမှူး တယောပညာရှင်
Maria Anna Walburga Ignatia Mozart (၁၇၅၁-၁၈၂၉)
Wolfgang Amadeus Mozart ကမ္ဘာကျော်မိုဇာ့တ် (၁၇၅၆-၁၇၉၁)
--
Send email to - editors@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here  (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives