[Moemakadaily] 29th April - MoeMaKa Daily

မိုးမခ ကျန်းမာရေး မစိုးရိမ်ရပါ
မောင်ရစ်၊ ဧပြီ ၂၉ ၊ ၂၀၁၃
သည် သင်စာကို ဖတ်နေရချိန်မှာ မိုးမခ၀က်ဆိုက်ကြီး ထူထူထောင်ထောင်ဖြစ်နေတယ်လို့ မှတ်ပါ။ ဒီစာကို မဖတ်ရဘဲနဲ့  ၀က်ဆိုက်ရှာမတွေ့ဘူးဆိုတာ တွေ့ရင်တော့ မိုးမခလည်း ဒေါင်းနေပြန်ပြီလို့သာ သဘောထားလိုက်ပါ။ အခု ဧပြီလ သင်္ကြန်အချိန်မှာ မိုးမခ၀က်ဆိုက်ကို ပြန်လည် ပြုပြင်ရေးတွေ၊ ပြင်ဆင်ရေးတွေ လုပ်နေရင်းနဲ့ ပြဿနာဖြစ်နေတဲ့ အပေါက်အပြဲတွေကို ဖာထေးနေရင်းကပဲ ၀က်ဆာဗာက ချုချာတာတွေကိုပါ ပြင်ဆင်နေရတာကြောင်း ဧပြီတလလုံးနီးပါး ခုချိန်ထိ မိုးမခလည်း ထောင်လိုက် လဲလိုက် ဖြစ်နေပါတယ်။ နောက်တခါ မိုးမခ၀က်ဆိုက်ကို လာလည်ရင်းနဲ့ မတွေ့ပြန်ရင် MoeMaKa.BlogSpot.Com ဘက်ကပ်ဆိုက်ကိုသာ သွားဖတ်ပါလေတော့လို့ ပြောလိုက်ပါရစေ။
အရင်တုန်းက ပရိသတ်တွေထဲမှာ အမေရိကန်ကပြည်သူတွေက နံပါတ် ၁။ အခုတော့ မြန်မာပြည်က စာဖတ်သူတွေက နံပါတ်တစ် ချိတ်သွားပါတယ်။ မြန်မာပြည်က စာဖတ်သူတွေရဲ့ လည်ပတ်မှုနှုန်းကို မသင်္ကာလို့ ၀က်ဆိုက်ကုမ္မဏီက အိုင်ပီတွေ အတော်များများကို ဘလောက်လုပ်ပစ်လိုက်လို့ မိုးမခ၀ိုင်းတော်သားတချို့ အင်တာနက်ကဖေးကနေ မိုးမခကို ၀င်လို့မရဖြစ်ကုန်ပါတယ်။ အဲသည်နောက်ပိုင်းမှာ ဆာဗာလည်း ဧည့်သည်များလွန်းလို့ စင်ကျိုးတဲ့အခြေအနေဖြစ်လို့ ဆာဗာအသစ် အဆင့်တိုးမြှင့်တာလုပ်နေရပါတယ်။
မိုးမခ ကျန်းမာရေး မစိုးရိမ်ရပါ။ မိုးမခက စက်ဆရာတွေ ညံ့လို့သာ မှတ်လိုက်ပါ။ စက်ဆရာညံ့လည်း မိုးမခက သူတို့ကို ဖြုတ်ပစ်လို့မရဘူး။ ဆံထုံးစိုက် ဆီစိုက်တဲ့ စက်ဆရာတွေကို သည်ဖက်ကမ္ဘာမှာ အစားထိုးဖို့ ရှာမတွေ့သေး။ မိုးမခမှာက ကြီးတော်နွားကျောင်းတဲ့ ဆရာတွေချည်းပဲ။ တပည့်တယောက်မှ မပါဘူးဆိုတော့ ကိုယ်လုပ်ချင်တာ လုပ်နေတာကို လက်ပိုက်ကြည့်နေသူ ကိုယ်မသာ၊ သူမသာတွေဖြစ်နေလို့ပါ။
မိုးမခက ဧပြီလမှာ နှစ်ပတ်လည်တယ်။ ပြန်ကြည့်လိုက်တော့ မိုးမခဟာ အမေရိကန်ပြည်မှာ သောင်ပြင်လွှတ်တဲ့ ဒေါင်းသူငယ်လေးအဖြစ် ချာချာလည်ခဲ့တာ ၁၀ နှစ် ရှိသွားပြီ။ ခုထိတောင် ၀က်ဆိုက်တွေ နွားဆိုက်တွေ တောင့်တင်းလုံခြုံမှု မရှိသေးဘူး။ သူ့ကို "၁၀ နှစ်သားတောင် ရှိပြီ အမြီးလည်း မထွက်၊ ဂျိုလည်း မပေါက်" လို့ သွားပြောရင်လည်း နာမယ့်ပုံ မရှိဘူး။ ၈၈ အရေးတော်ပုံကနေ ကြီးပြင်းလာတဲ့ လူစင်စစ်တွေဟာ အနှစ် ၂၀ ကျော်အကြာမှာ" လေးဘက်တွေ ထောက်၊ အမြီးတွေပေါက်၊ ဂျိုတွေ ထောင်နေတဲ့ အကောင်တွေ ဖြစ်ကုန်တဲ့ကြားထဲ လေးခွလေး ခါးထိုးတဲ့ နွားကျောင်းသား ပုဆိုးဂွင်းသိုင်းကလေး ဖြစ်နေတာပဲ ကောင်းပါတယ် ..." လို့ ဆင်ခြေပြန်ပေးပါလိမ့်မယ်။
သင် သည်စာကို ဖတ်နေချိန်မှာ မိုးမခ၀က်ဆိုက်ကြီး ထူထူထောင်ထောင်ဖြစ်နေတယ်လို့ မှတ်ပါ။ မတွေ့ရပြန်ရင်လည်း မပူပါနဲ့ စာဖတ်သူတွေဆီ မရောက်ရောက်အောင် ပြန်လာပါ့မယ်။ ဒီလိုနဲ့ပဲ ၁၀ နှစ် တိုင်ခဲ့ပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျန်းမာ ချမ်းသာကြပါစေ။ ကိုယ်လိုချင်တဲ့ ဒီမိုကရေစီ ကိုယ်စီ ကိုယ်စီရကြပါစေ။

Sunday, April 28, 2013

Aung Din - Burmese Regime Hluttaw in Perspective 18


(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၄၂၊ ဧပြီ ၂၅ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)


မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (18)
အောင်ဒင်

အပိုင်း (၁၈) လွှတ်တော်နှင့် ငြိမ်းချမ်းရေး (ဂ)

ပြည်နယ်ဥပဒေပြုခွင့်

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ စာရင်း ၂၊ ပြည်နယ်ဥဒေပြုစာရင်း "(၁) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာကိစ္စများ" ဆိုတဲ့ခေါင်းစဉ်အောက်မှာ ပြည်နယ်ကောင်စီ (သို့မဟုတ်) ပြည်နယ်လွှတ်တော်များကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌန်းချက်များကို မဆန့်ကျင်ပဲ ပြည်နယ်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေပြုခွင့်၊ အခါအားလျော်စွာ ပြင်ဆင်ခွင့်ပေးထားပါတယ်၊ ပြည်နယ်ဥပဒေပြုအဖွဲ့ရွေးကောက်တင်မြှောက်ခြင်း၊ ပြည်နယ်ဝန်ထမ်းရာထူးများနှင့် ပြည်နယ်ရာထူးခန့်ထားရေးအဖွဲ့များ၊ ပြည်နယ်အငြိမ်းစားလစာငွေများ၊ အထူးသဖြင့် ပြည်နယ်ကပေးရမည်ဖြစ်သော၊ သို့မဟုတ် ပြည်နယ်အခွန်ဘဏ္ဏာတော်များမှပေးရမည်ဖြစ်သော်အငြိမ်းစားလစာငွေများ၊ ပြည်နယ်ကောင်စီဥက္ကဋ္ဌနဲ့ကောင်စီဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများရဲ့ လစာနဲ့ခံစားခွင့်များဆိုင်ရာဥပဒေပြုခွင့်တွေ အပ်နှင်းထားပါတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအရ ယင်းကိစ္စများအားလုံးကို ပြည်ထောင်စုလွှတ်တော်ကပဲ ဆုံးဖြတ်ပါတယ်၊ ပြည်နယ်များမှာ ကိုယ်ပိုင်ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲပြဋ္ဌန်းခွင့်မရှိပါ၊
အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်အားလုံးမှာ ကိုယ်ပိုင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေရှိကြပြီး သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များက ရေးဆွဲ၊ ပြင်ဆင်၊ ပြဋ္ဌန်းကြတာပါ၊ အမေရိကန်ပြည်ထောင်စုမှာ ပါဝင်တဲ့ ပြည်နယ်များအားလုံးဟာ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်အလက်များကို မဆန့်ကျင်ပဲ ပြည်နယ်ဆိုင်ရာဖွဲ့စည်းပုံများ ရေးဆွဲခွင့်ရှိပြီး အဲဒီပြည်နယ်ဖွဲ့စည်းပုံမှာ ပြည်နယ်အဆင့်ရွေးကောက်ပွဲများ၊ ပြည်နယ်အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ဘဏ္ဏာရေး၊ လုံခြုံရေး၊ စည်ပင်သာယာရေး စတဲ့ ပြည်နယ်ဆိုင်ရာအရေးကိစ္စတွေကို ပြဋ္ဌန်းထားပါတယ်၊ ပြည်နယ်များသာမကပါ၊ ပြည်နယ်များအတွင်းမှာ ပါဝင်ကြတဲ့ ကောင်တီ (ခရိုင်) များ၊ မြို့များရဲ့ ကောင်စီများဟာလဲ သက်ဆိုင်ရာ ကောင်တီ နဲ့ မြို့တော်ဖွဲ့စည်းပုံများရေးဆွဲခွင့်ရှိကြပါတယ်၊

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ခွင့်ပြုထားတဲ့ ပြည်နယ်ကောင်စီများ ဥပဒေပြုခွင့်များအထဲမှာ နောက်ထူးခြားတဲ့ ဥပဒေပြုခွင့်ကတော့ "လုံခြုံရေး" ပါ၊ "လုံခြုံရေး" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ "ပြည်သူ့ငြိမ်ဝပ်ပိပြားရေး (သို့သော်မြို့ပြအုပ်ချုပ်မှုတွင် ကုန်းတပ်၊ ရေတပ်၊ လေတပ်ကို အသုံးပြုခြင်းမပါ)၊  ကျေးရွာပုလိပ်အပါအဝင်ဖြစ်သော ပုလိပ်၊ ပြည်နယ်ဆိုင်ရာ တရားစီရင်ရေးစနစ် နဲ့ ဗဟိုတရားရုံးရဲ့လက်အောက်ခံပြည်နယ်အတွင်း တရားရုံးများအဆင့်ဆင့်ဖွဲ့စည်းမှု၊ ပြည်နယ်အကျဉ်းထောင်များ နဲ့ ပြစ်မှုကျူးလွန်သူများအားအရေးယူခြင်း"၊ စတဲ့ကိစ္စတွေကို ဥပဒေပြုခွင့်ပေးထားပါတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ ပြည်နယ်လွှတ်တော်များဟာ အဆိုပါကိစ္စများကို ဥပဒေပြုခွင့်မရပါ၊
တိုင်းရင်းသားလူမျိုးစုများတောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ဆိုတာ ပြည်ထောင်စုထဲက ခွဲမထွက်ပဲ၊ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို မဆန့်ကျင်ပဲ၊ ကိုယ်ပြည်နယ်အရေးကိစ္စကို ကိုယ့်ဖာသာ စီမံခန့်ခွဲခွင့်၊ ကိုယ့်ဘာသာ ဥပဒေပြုခွင့်ပါ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်နယ်လွှတ်တော်တွေ ဖွဲ့စည်းခွင့်ပေးထားပေမည့် ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ကိုတော့ ခွင့်မပြုထားပါ၊

ပြည်နယ်ရဲတပ်ဖွဲ့ (သို့မဟုတ်) ပြည်နယ်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းခွင့်

၁၉၄၇ ဖွဲ့စည်းပုံမှာ ပြည်နယ်ဆိုင်ရာ ရဲတပ်ဖွဲ့ (သို့မဟုတ်) လုံခြုံရေးတပ်ဖွဲ့များဖွဲ့စည်းခွင့်ပေးထားပေမည့် ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ ပြည်နယ်လုံခြုံရေးကိစ္စတွေကို ပြည်ထောင်စုအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာန၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာနများက တာဝန်ယူထားပါတယ်၊ တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုရာမှာ ပြည်နယ်တွင်းလုံခြုံရေးအတွက် သက်ဆိုင်ရာပြည်နယ်များအလိုက် ပြည်နယ်အစိုးရလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းခွင့်နဲ့ ပြည်ထောင်စုအစိုးရ နဲ့ ပြည်ထောင်စုတပ်မတော်က ပြည်နယ်ဆိုင်ရာလုံခြုံရေးကိစ္စတွေမှာ ပြည်နယ်အစိုးရရဲ့ ဖိတ်ခေါ်ချက်မရှိပဲ၊ ဒါမှမဟုတ် တစ်နိုင်ငံလုံးကို ပျံ့နှံ့နိုင်တဲ့ အရေးပေါ်အခြေအနေမျိုးမရှိပဲ ဝင်ရောက်မစွက်ဖက်ဖို့ဆိုတာ အရေးကြီးတဲ့ လိုအပ်ချက်ပါ၊ 

လက်နက်ကိုင်တိုင်းရင်းသားအင်အားစုများနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ မြန်မာအစိုးရဘက်က တင်ပြတဲ့ အချက်တစ်ချက်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ဖျက်သိမ်းပြီး ၂၀၀၈ဖွဲ့စည်းပုံနဲ့အညီ တစ်ခုတည်းသော လက်နက်ကိုင်တပ်မတော်ဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ရေးပါ၊ ဒါ အင်မတန်အရေးကြီးတဲ့အချက်ပါ၊ ပြည်တွင်းငြိမ်းချမ်းရေးအမှန်တကယ်ရဖို့ အဓိကလိုအပ်ချက်က ပြိုင်ဘက်လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ဖျက်သိမ်းပြီး တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးပါ၊ တစ်ဘက်မှာလဲ လက်နက်ကိုင်တပ်များနဲ့ အင်အားတည်ဆောက်ပြီး နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ကြတဲ့ တိုင်းရင်းသားခေါင်းဆောင်များအဖို့ သူတို့ အမှီသဟဲပြုရာ တပ်များကို ဖျက်သိမ်းဖို့ဆိုတာ သိပ်လွယ်တဲ့ ကိစ္စမဟုတ်ပါ၊ လက်နက်ကိုင်တပ်တွေကို စွန့်လွှတ်ပြီး ရွေးကောက်ပွဲနည်းလမ်းနဲ့ အာဏာရအောင်ကြိုးစားဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု သိပ်ရှိမှာမဟုတ်ပါ၊ တပ်ရှိတုံးက ဩဇာအာဏာကြီးမားပြီး တပ်မရှိတော့တဲ့အချိန်မှာ အရှိန်အဝါလျော့ကျသွားရသူတွေကိုလဲ ရှေ့မှာ တွေ့ခဲ့ကြတာပါ၊

တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင် တိုင်းရင်းသားများတောင်းဆိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေကို အပြည့်အဝပေးသင့်ပါတယ်၊ အဲဒီအထဲမှာ ပြည်နယ်အစိုးရလက်အောက်ခံ ပြည်နယ်ရဲတပ်ဖွဲ့ ဖွဲ့စည်းအုပ်ချုပ်ခွင့်လဲပါပြီး အဲဒီ ပြည်နယ်ရဲတပ်ဖွဲ့တွေဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို စနစ်တကျ အသွင်ပြောင်းရာမှာ ပိုပြီးအဆင်ပြေပါလိမ့်မယ်၊ ပြည်နယ်လုံခြုံရေးတပ်ဖွဲ့တွေဟာ ပြည်နယ်အစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ ပြည်နယ်တွင်းလုံခြုံရေးကိစ္စများကို ပြည်နယ်ဥပဒေအရ ဆောင်ရွက်ရန်ဖြစ်ပြီး အရေးပေါ်အခြေအနေတစ်ရပ်ပေါ်ပေါက်လာရင် ပြည်ထောင်စုအစိုးရရဲ့ အမိန့်နဲ့ ပြည်ထောင်စုတပ်မတော်ရဲ့ အောက်မှာ တာဝန်ထမ်းဆောင်ရန် ဖြစ်ပါတယ်၊
သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များအနေနဲ့လည်း တောင်းဆိုတဲ့ အခွင့်အရေးများရလို့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ သဘောတူပြီဆိုရင် သူတို့ရဲ့တပ်တွေကို ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များအဖြစ် အသွင်ပြောင်းဖွဲ့စည်းခွင့်ပြုရမှာဖြစ်ပြီး သူတို့ကိုယ်တိုင်ကတော့ တပ်ကို စွန့်ခွါရမှာပါ၊ ပြည်နယ်အစိုးရအာဏာရချင်ရင် လူထုထောက်ခံမှုကို နိုင်ငံရေးနည်းနဲ့ စည်းရုံးပြီး ရွေးကောက်ပွဲကတဆင့် ကြိုးပမ်းရမှာပါ၊ ငြိမ်းချမ်းရေးသဘောတူညီပြီးတဲ့နောက် ဘယ်တိုင်းရင်းသားခေါင်းဆောင်မှ ပြည်သူ့စစ်လိုနံမည်မျိုးနဲ့ ခါးပိုက်ဆောင်တပ်တွေ မပိုင်ဆိုင်သင့်ပါ၊ 

တိုင်းရင်းသားခေါင်းဆောင်တွေက ကိုယ်ပိုင် ခါးပိုက်ဆောင်တပ်တွေနဲ့ ပြည်တွင်းမှာ တရားဝင်ရပ်တည်နေရင် လူထုနစ်နာပါတယ်၊ အခုကိုပဲ အစိုးရနဲ့ ငြိမ်းချမ်းရေးရထားတဲ့ တိုင်းရင်းသားခေါင်းဆောင်အချို့ဟာ ပြည်သူ့စစ်အမည်နဲ့ သူတို့ရဲ့ တပ်တွေကို ဆက်လက်ခေါင်းဆောင်နေပြီး နယ်မြေအပိုင်စားရတဲ့ စစ်ဘုရင်တွေလို ရပ်တည်နေတဲ့အပြင် လွှတ်တော်ထဲကိုပါ ရွေးကောက်ခံကိုယ်စားလှယ်များအဖြစ် ရောက်ရှိနေတာတွေ့ရပါတယ်၊ သူတို့ရွေးကောက်ခံရတယ်ဆိုတာ လူထုက တကယ်ထောက်ခံလို့လား၊ လူထုကို လက်နက်နဲ့ ခြိမ်းချောက်ပြီးမဲပေးခိုင်းလို့လား ဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်၊

အမေရိကန်ပြည်ထောင်စု၊ ပြည်ထောင်စုအစိုးရအဖွဲ့ (Federal Government) မှာ ပြည်ထဲရေးဝန်ကြီးဋ္ဌာနဆိုတာ မရှိပါ၊ ပြည်ထောင်စုရဲတပ်ဖွဲ့ဆိုတာ မရှိပါ၊ ပြည်နယ်ရဲတပ်ဖွဲ့အသီးသီးဟာ ပြည်နယ်လွှတ်တော်က ပြဋ္ဌန်းတဲ့ ပြည် နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အခြားသက်ဆိုင်ရာဥပဒေများအရ ပြည်နယ်အစိုးရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ တည်ရှိပြီး ပြည်နယ်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စတွေကို ဆောင်ရွက်ကြပါတယ်၊ ပြည်နယ်ရဲအဖွဲ့အကြီးအကဲများကို အချို့ပြည်နယ်တွေမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးက ခန့်အပ်ပြီး အချို့ပြည်နယ်တွေမှာ လူထုက ရွေးကောက်တင်မြှောက်ပါတယ်၊ ပြည်ထောင်စုအစိုးရဟာ ပြည်နယ်ရဲတပ်ဖွဲ့များအပေါ် တိုက်ရိုက်ဩဇာသက်ရောက်မှုမရှိပါ၊ ပြည်ထောင်စုထောက်လှမ်းရေးဗျူရို (Federal Bureau of Investigation/FBI) ဆိုတာတော့ရှိပါတယ်၊ အဲဒီဗျူရိုက ပြည်နယ်တစ်ခုရဲ့ နယ်နမိတ်အတွင်းဖြစ်ပေါ်တဲ့ ရာဇဝတ်မှုများကို မကိုင်တွယ်ပါ၊ ပြည်နယ်တစ်ခုရဲ့ နယ်နမိတ်ကိုကျော်ပြီး အခြားပြည်နယ်များကိုပါ ဆက်စပ်ဖြစ်ပွါးတဲ့ ရာဇဝတ်မှုများ၊ ပြည်နယ်တစ်ခုအတွင်းက ပြည်ထောင်စုအစိုးရရဲ့ လုပ်ငန်း၊ ဋ္ဌာနများနဲ့ ပါတ်သက်တဲ့ အမှုအခင်းများ၊ ပြည်ထောင်စုအစိုးရနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အမှုအခင်းများကိုသာ ကိုင်တွယ်ဖြေရှင်းပါတယ်၊

ကိုယ်ပိုင်အုပ်ချုပ်ခွင့်

၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၂၄၈ အရ ပြည်နယ် ၇ ခုမှာ ပြည်နယ်အစိုးရအဖွဲ့တွေကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ နဲ့ ပြည်နယ်ဥပဒေချုပ်တို့နဲ့ ဖွဲ့စည်းပါတယ်၊ ပုဒ်မ ၂၆၁ အရ နိုင်ငံတော်သမ္မတဟာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ (ရွေးကောက်တင်မြှောက်ခံရသူများနှင့် ကာကွယ်ရေးဦးစီးချုပ်မှ ခန့်အပ်သူများ) ထဲမှ သတ်မှတ်ထားသည့်အရည်အချင်းများနှင့်ပြည့်စုံသော သင့်တော်သူတစ်ဦးကို ရွေးချယ်၍ သက်ဆိုင်ရာပြည်နယ်လွှတ်တော်သို့ အမည်စာရင်းတင်သွင်းပြီး သက်ဆိုင်ရာပြည်နယ်လွှတ်တော်၏သဘောတူညီချက်ဖြင့် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမှာဖြစ်ပါတယ်၊ ဒီဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်ရွေးချယ်ခန့်အပ်ခွင့်အာဏာဟာ ပြည်နယ်လွှတ်တော်မှာ မတည်ရှိပဲ နိုင်ငံတော်သမ္မတထံမှာ တည်ရှိနေပါတယ်၊ ဒါကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတယ်လို့ မခေါ်နိုင်ပါ၊ တခါ ပုဒ်မ ၂၆၂ (ဌ) (၁) မှာ ပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံတော်သမ္မတအားတာဝန်ခံရမည်လို့ ပြဋ္ဌန်းထားပါသေးတယ်၊ မဖြစ်သင့်ပါ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမယ်ဆိုရင် ပြည်နယ်လွှတ်တော်များဟာ ပြည်နယ်ဝန်ကြီးချုပ်ကို မိမိတို့ဘာသာ ရွေးကောက်တင်မြှောက်ခွင့်ရှိရမှာဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဟာ ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်လူထုကိုပဲ တာဝန်ခံရမှာပါ၊

ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းရာမှာ ပုဒ်မ ၂၆၁ အရ နိုင်ငံတော်သမ္မတက ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခံရသူက ဦးဆောင်ဖွဲ့စည်းရပါတယ်၊ ပုဒ်မ ၂၆၂ (က) နဲ့ (ခ) အရ ပြည်နယ်ဝန်ကြီးချုပ်က (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲက ဖြစ်စေ သင့်တော်သူများ၊ (၂) လုံခြုံရေးနဲ့ နယ်စပ်ရေးရာတာဝန်ယူဖို့ ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးတဲ့ တပ်မတော်အရာရှိများ၊ (၃) ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ဒေသများ၏ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ (၄) ရွေးကောက်ပွဲကော်မရှင်မှရယူသော ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများရေးရာဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသောကိုယ်စားလှယ်များ ဖြင့်ဖွဲ့စည်းပြီး ပြည်နယ်လွှတ်တော်ကို အမည်စာရင်းတင်ပြရမှာဖြစ်ပါတယ်၊ ပုဒ်မ ၂၆၂ (ဂ) အရ ဒီပြည်နယ်ဝန်ကြီးလောင်းတွေဟာ သတ်မှတ်ထားတဲ့အရည်အချင်းများနဲ့ ပြည့်စုံတယ်ဆိုရင် ပြည်နယ်လွှတ်တော်မှာ ငြင်းပယ်ခွင့်မရှိပဲ အတည်ပြုပေးရမှာပါ၊ ပုဒ်မ (၂၆၂) (င) (စ) နဲ့ (ဆ) အရ ပြည်နယ်လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ပြည်နယ်ဝန်ကြီးလောင်းများစာရင်းကို ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံတင်ပြပြီး နိုင်ငံတော်သမ္မတက ယင်းဝန်ကြီးများကို တရားဝင်ခန့်အပ်ခြင်း၊ ဝန်ကြီးဋ္ဌာနများသတ်မှတ်ပေးခြင်းပြုပေးရမှာဖြစ်ပါတယ်၊

ဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတဟာ ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်ခွင့်ရှိတဲ့အပြင် ပြည်နယ်ဝန်ကြီးတွေကိုပါ ဝန်ကြီးဋ္ဌာနသတ်မှတ်ပေးခွင့်ရှိနေပါတယ်၊ ပြည်နယ်ဝန်ကြီးချုပ်မှာလဲ နိုင်ငံတော်သမ္မတကို သစ္စာခံရတဲ့ အပြင် သူ့ရဲ့ ပြည်နယ်အစိုးရအဖွဲ့ကိုတောင် စိတ်ကြိုက်ဖွဲ့စည်းခွင့်မရှိပါ၊ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်အရာရှိများကို လုံခြုံရေး၊ နယ်စပ်အရေးဝန်ကြီးဋ္ဌာနများမှာ မလွဲမသွေ တာဝန်ပေးရမှာဖြစ်ပြီး ကျန်တဲ့ဝန်ကြီးတွေကိုလဲ ကိုယ်တိုင် နေရာချထားခွင့်မရှိပါ၊ တခါ ပုဒ်မ ၂၆၂ (ဌ) (၂) အရ ပြည်နယ်ဝန်ကြီးများဟာ ပြည်နယ်ဝန်ကြီးချုပ်က တဆင့် နိုင်ငံတော်သမ္မတကို တာဝန်ခံရမှာဖြစ်ပါတယ်၊ ဒါကြောင့် ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်များဟာ (တပ်မတော်ကိုယ်စားလှယ်များမပါ) နိုင်ငံတော်သမ္မတက ကြိုက်တဲ့အချိန်မှာ ရာထူးမှ ဖယ်ရှားနိုင်ပြီး အသစ်ရွေးချယ်အစားထိုးခန့်အပ်နိုင်ပါတယ်၊ 

ဒီဖွဲ့စည်းပုံအရ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ဆိုတာ နိုင်ငံတော်သမ္မတရဲ့ လက်အောက်ခံဝန်ထမ်းများ၊ ပြည်နယ်အစိုးရဆိုတာလဲ ကာကွယ်ရေးဦးစီးချုပ်က တစိတ်တပိုင်းလွှမ်းမိုးထားတဲ့ အုပ်ချုပ်ရေးယန္တရားအဆင့်တစ်ဆင့်သာ ဖြစ်ပါတယ်၊ ဒါကို ကိုယ်ပိုင်အုပ်ချုပ်ရေးလို့ မခေါ်နိုင်ပါ၊

အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်အကြီးအကဲဖြစ်တဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးများ (Governor of the State) ကို လေးနှစ်တစ်ခါ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ ရွေးကောက်တင်မြှောက်ပါတယ်၊ အများဆန္ဒနဲ့ရွေးကောက်တင်မြှောက်ခံရတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်နယ်အစိုးရအဖွဲ့ဝင်လောင်းများရဲ့ အမည်စာရင်းကို ပြည်နယ်လွှတ်တော်ကို တင်သွင်းရပါတယ်၊ ပြည်နယ်လွှတ်တော်ကလဲ အရည်အချင်းတစ်ခုထဲကြည့်တာမဟုတ်ပါ၊ အဆိုပြုခံရသူတွေရဲ့ နောက်ကြောင်းသမိုင်း၊ ကိုယ်ကျင့်တရား၊ ပိုင်ဆိုင်မှု၊ အတွေ့အကြုံတွေကို နှိုက်နှိုက်ချွတ်ချွတ်စစ်ဆေးပြီး မသင့်တော်ရင် ငြင်းပယ်ပါတယ်၊ ဒီလိုနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးဟာ သူ့ကိုရွေးကောက်တင်မြှောက်တဲ့ ပြည်နယ်လူထုကို တာဝန်ခံပြီး ပြည်နယ်အစိုးရအဖွဲ့ဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးကို တာဝန်ခံပါတယ်၊ အမေရိကန်ပြည်ထောင်စုသမ္မတဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ပြည်နယ်အစိုးရအပေါ် အာဏာမသက်ရောက်ပါ၊

ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် တိုင်းများ ကွာခြားချက်

၂၀၀၈ ဖွဲ့စည်းပုံအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခု (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်) နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တစ်ခု (ဝ) တို့ ဖွဲ့စည်းတည်ရှိလာပါတယ်၊ ပုဒ်မ ၂၇၆ (က) အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အရ ဒေသနဲ့ တိုင်းတွေဟာ အဆင့်အတန်းတူညီတယ်လို့ သတ်မှတ်ထားပါတယ်၊ ထူးခြားချက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ တိုင်းများဟာ သက်ဆိုင်ရာ အကြီးအကဲကို ကိုယ်ပိုင်ရွေးချယ်ခွင့်ရတာပါ၊ ပုဒ်မ ၂၇၆ (ခ) (ဂ) နဲ့ (ဃ) များအရ အဆိုပါဒေသများမှာ လွှတ်တော်လို့ ပြောရမည့် ဥပဒေပြုအဖွဲ့အစည်းကို "ဦးစီးအဖွဲ့" ဆိုတဲ့ အမည်နဲ့ (၁) ဒေသအတွင်းမှ မြို့နယ်အလိုက် ရွေးကောက်တင်မြှောက်ထားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ (၂) လုံခြုံရေးနဲ့ နယ်စပ်ရေးရာတာဝန်ယူဖို့ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သားများ နဲ့ (၃) လိုအပ်၍ (၁) နှင့် (၂) ပါပုဂ္ဂိုလ်များက ရွေးချယ်ဖြည့်စွက်ခန့်အပ်သည့်ပုဂ္ဂိုလ်များ အပါအဝင် အနည်းဆုံး အဖွဲ့ဝင်၁၀ ဦးနဲ့ ဖွဲ့စည်းပါတယ်၊ ပုဒ်မ ၂၇၆ (င) အရ ဦးစီးအဖွဲ့ဝင်များဟာ မိမိတို့အချင်းချင်းညှိနှိုင်း၍ ရွေးကောက်တင်မြှောက်ထားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနက်မှ သင့်တော်သူတစ်ဦးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ သို့မဟုတ် တိုင်းရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ပြီး ယင်းပုဂ္ဂိုလ်ရဲ့အမည်စာရင်းကို နိုင်ငံတော်သမ္မတထံ တင်သွင်းရပါတယ်၊ ပုဒ်မ ၂၇၆ (စ) အရ နိုင်ငံတော်သမ္မတက ယင်းအမည်စာရင်းတင်သွင်းခံရသူကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ သို့မဟုတ် တိုင်းရဲ့ ဥက္ကဋ္ဌအဖြစ်ခန့်အပ်ရပါတယ်၊ 

ဒီတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ သို့မဟုတ် တိုင်းဦးစီးအဖွဲ့တွေဟာ အနည်းဆုံးတော့ သူတို့ရဲ့ အကြီးအကဲတွေကို သူတို့ရဲ့ ရွေးကောက်ခံပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲက  ရွေးချယ်ခွင့်ရှိကြောင်းတွေ့ရပါတယ်၊ ဒီလိုအခွင့်အရေးမျိုး ပြည်နယ်တွေမှာ မရှိပါ၊ အထက်မှာ တင်ပြခဲ့တဲ့အတိုင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးချယ်ခန့်အပ်တာပါ၊ အဲဒီလိုရွေးချယ်ရာမှာလဲ တပ်မတော်သားကိုယ်စားလှယ်များပါပါဝင်တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအားလုံးထဲက ရွေးချယ်တာပါ၊ ဦးသိန်းစိန် နိုင်ငံတော်သမ္မတတာဝန်ယူပြီးတော့ ခန့်အပ်တဲ့ ပြည်နယ်ဝန်ကြီးချုပ်များထဲမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟာ ရွေးကောက်ခံကိုယ်စားလှယ်မဟုတ်ပါ၊ တပ်မတော်ကိုယ်စားလှယ်ဖြစ်ပါတယ်၊ ပြည်နယ်တွေမှာ ဒီလိုအခွင့်အရေးမျိုးဘာကြောင့်မရရသလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်၊

ဆက်ရေးပါဦးမယ်၊

လေးစားစွာ၊

အောင်ဒင်
မတ်လ ၂၉၊ ၂၀၁၃
  

28th April 2013 - MoeMaKa Radio

old-radio
ဧပြီ ၂၈၊ မိုးမခရေဒီယို ဆစ်ဒနီ
မြူနှင်းလွင့်ကြွေ - ရဲရင့်ဝေလွင် စီးရီးသစ်
သတင်းတိုထွာ၊ သီချင်းပဒေသာ
ဟင်္သာကိုးသောင်း - ရွှေတိုင်ညွန့် နှစ် ၁၀၀၊ ကိုမင်းနောင်
ဘော်စတွန်အကြမ်းဖက်မှုအပေါ် အမေရိကန်ပြည်သူတို့ ခံယူချက်များ - နိုင်ငံတကာသာဂိ၊ မိုးမခ
ပီနန်ဆရာတော် ကျောင်းကိစ္စဖြင့် ရန်ကုန်သို့ ပြန်ကြွတော်မူ - အပြင်စီးမဂ္ဂဇင်း
ပီနန်ဆရာတော်သို့ ပူဇော်ဓမ္မတေး - ဦးပန်တျာ
အော်စီငွေကြေး ခိုင်မာမှု - ကျော်နိုင် (စက်မှုတက္ကသိုလ်)
ဇာဂနာရဲ့ ထောင်တွင်းအတွေ့အကြုံ ရှင်းလင်းခြင်း အပိုင်း ၁ - ၂၀၁၂ ဒီဇင်ဘာ ကျောက်မြောင်းစာပေဟောပြောပွဲ
ဘရာဇီးနဲ့ ဆစ်ဒနီမှ လူဝင်စားလေးများ - ချမ်းမြေ့ဆရာတော်၊ ဒေါက်တာဇင်မာထွန်း
အထူးကဏ္ဍ - အငြိမ့်သမိုင်းကျောင်း - ပွင့်ဦးသိဂီအငြိမ့်
စီစဉ်သူ - ဦးပန်တျာ၊ သံစဉ်ရတနာ၊ နှင်းမြတ်ခိုင်၊
(မိုးမခမှတ်ချက် - မိုးမခရေဒီယို (ဆစ်ဒနီ)အစီအစဉ်တွင် သတင်းထည့်သွင်းခြင်း၊ ကြော်ငြာများ ထည့်သွင်းခြင်းတို့အတွက် ဦးပန်တျာတို့ မိုးမခရေဒီယိုအဖွဲ့သို့ upantra@gmail.com အီးမေးဖြင့် ဆက်သွယ်နိုင်ပါကြောင်း)

Cartoon Saw ngo - Popular guy of Burma

ကာတွန်းစောငို - ဘိုးတော်စိန်ကို ချစ်တဲ့သူတွေထဲ သူတို့လည်းပါတယ်
ဧပြီ ၂၉ ၊ ၂၀၁၃

Suu and World Leaders in Mongolia


မွန်ဂိုလီးယားနိုင်ငံရောက် "ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံ"မှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ့ခေါင်းဆောင်များ ကိုယ်စားလှယ်များ
ဓာတ်ပုံသတင်းကောက်နုတ်ချက်၊ ဧပြီ ၂၉ ၊ ၂၀၁၃
From .Yingluck Shinawatra facebook

BRFN - Outreach to educate workers rights to Burmese migrant community


BRFNက မြန်မာတိုင်းရင်းသားရွှေ့ပြောင်းမိသားစုများအတွက် အလုပ်သမားရေး ပညာပေး
ကျော်နိုင်၊ ဧပြီ ၂၉ ၊ ၂၀၁၃
            ဧပြီလ(၂၇)ရက်၊ ၂၀၁၃ ခုနှစ်၊ စနေနေ့ တွင် Burma Refugee Family Network  မှ ဦးဆောင်စီစဉ်ပေးသော အလုပ်သမား၊ ၀န်ထမ်းများ၏ ရပိုင်ခွင့်များ သိကောင်းစရာ အလုပ်ရုံဆွေးနွေးပွဲကို  Legal Aid Society-Employment Law Center  မှ ရှေ့ နေများ၏ အကူအညီဖြင့် ဆန်ဖရန်စစ္စကိုဘေးဧရိယာ၊ ဥက္ကလံမြို့ တွင် ကျင်းပခဲ့ပါသည်။
မြန်မာတိုင်းရင်းသားများဖြစ်သော ကရင်၊ ကရင်နီ၊ရခိုင်နှင့် ဗမာတိုင်းရင်းသားအများစု တက်ရောက်ဆွေးနွေးခဲ့ပါသည်။ ဗမာ၊ ကရင်၊ ကရင်နီဘာသာပြန်များကိုလည်း မြန်မာဒုက္ခသည်များ မိသားစုကွန်ယက်မှ ကူညီပံ့ပိုးခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်သူများမှလည်း သူတို့ လုပ်ငန်းခွင် အတွေ့ အကြုံများကို ရှေ့ နေများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။  အထူးသဖြင့် ရှေ့ နေများမှ အခြားပြည်နယ်များနှင့် မတူတဲ့ ကယ်လီဖိုးနီးယားပြည်နယ်၏ အလုပ်သမားများ ခံစားခွင့်ဥပဒေများကို အချိန်တိုတိုအတွင်းမှာ အတတ်နိုင်ဆုံး ရှင်းလင်းပြောပြခဲ့ပါသည်။ 



Burma Refugee Family Network မှ တာဝန်ရှိသူများက ရှေ့ ဆက်ပြီးတော့လည်း မြန်မာတိုင်းရင်းသား ဒုက္ခသည်များနှင့် ပါတ်သက်သော အစီအစဉ်များရှိကြောင်း ပြောပြခဲ့ပါသည်။

Mya Sein Taung Sayadaw Dhamma Talk



မြစိမ်းတောင်ဆရာတော် တရားပွဲ ဘေးဧရိယာမှာ ကျင်းပ
ကျော်နိုင်၊ ဧပြီ ၂၉ ၊ ၂၀၁၃
ဧပြီလ(၂၇)ရက်၊ ၂၀၁၃ ခုနှစ်၊ စနေနေ့ တွင် ဆန်ဖရန်စစ္စကိုဘေးဧရိယာ ဖရီးမောင့်မြို့ တွင်   မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ၏ ဓမ္မသဘင်အထူးတရားပွဲကို ဆင်ယင်ကျင်းပခဲ့ပါသည်။ ထိုပွဲစဉ်ကို ဖရီးမောင့်မာဃလုလင်လူငယ်အဖွဲ့ မှ (၂၁)ကြိမ်မြောက် အထူးတရားပွဲအဖြင့် ကျင်းပခြင်းဖြစ်ပြီး၊ တရားခေါင်းစဉ်မှာ "စစ်မှန်သောအသိ၊ စစ်မှန်သော ငြိမ်းချမ်းမှု၊ စစ်မှန်သောချမ်းသာ" ဖြစ်ပါသည်။




ဆရာတော်ဘုရားမှ နိဗ္ဗာရောက်ကြောင်းတရားတော်ကို ဓမ္မသူတော်စင်၊ သူတော်ကောင်း အပေါင်းတို့ အား နှလုံးသွင်းမှန်ကန်ပြီး၊ ရိုရိုသေသေ နာယူမှတ်သားစေကာ ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာတရားများ အားထုတ်နိုင်ရန် ရည်သန်၍ ဟောကြားခဲ့ပါသည်။ ဆရာတော်ဘုရားအား ကပ်လှူရန် ကောက်ခံရရှိသော လှူဒါန်းငွေများကို ဆရာတော်ဘုရားမှ ဖရီးမောင့် မာဃလုလင်လူငယ်အဖွဲ့ ထံသို့  သာသနာအတွက်အသုံးပြုရန် ပြန်လည်စွန့် ခဲ့ပါသည်။




Ku Mo Jo - Democracy Goal

ကာတွန်းကူမိုးကြိုး - ဒီမိုကရေစီ ဂိုး ...
ဧပြီ ၂၉ ၊ ၂၀၁၃

Ashin Zawana (Khone Zaung) - Articles


အခြေတိုးမြင့် ကျန်ကောင်းသင့်၏
အရှင်ဇ၀န (ကုန်းဇောင်း)
ဧပြီ ၂၈၊ ၂၀၁၃



လူ့ပြည်လောက လူ့ဘဝကား အိုရနာရ သေရဦးမည် မှန်ပေသည်တည်း..။ ဆရာဇော်ဂျီရဲ့ အလွန် လူကြိုက်များတဲ့ ကဗျာလေးပါ။ မှန်ပါတယ်၊ လူ့ပြည်လောက လူ့ဘဝကို ရောက်လာကြသူတိုင်း အိုကြရမယ်၊ နာကြရမယ်၊ သေကြရမယ်။ လူ့ဘဝ လူ့ခန္ဓာကိုယ်ကြီးကို စတင်ပိုင်ဆိုင်ကထဲက နေ့စဉ်နဲ့အမျှ သေခြင်းတရားဆီသို့ ခရီးဆက်နေကြရတာပါ။ လူကသာ လောကီအာရုံ ကာမဂုဏ်တွေနဲ့ ပျော်မြူးပြီး မေ့လျှော့နေပေမဲ့ နာရီ မိနစ် စက္ကန့်တွေက လူ့သက်တမ်းကို အစဉ်မပြတ်နှုတ်ယူနေပါတယ်။ လူတွေကသာ အနားယူ အိပ်စက်နေပေမဲ့ သေခြင်းတရားဆီသို့ ဦးတည်လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေကတော့ အနားယူတယ်လို့ မရှိပါဘူး။ တစ်မိနစ်/တစ်နာရီလေး အချိန်ကုန်သွားတိုင်း ကိုယ်နေရမည့် ကိုယ့်သက်တမ်းထဲက တစ်မိနစ်/တစ်နာရီ နှုတ်ယူသွားပါပြီ။

အဲဒီလိုပါပဲ နေ့ရက်လတွေ နှစ်တွေကုန်သွားတိုင်း ကုန်သွားတိုင်း ကိုယ်နေရမည့်သက်တမ်း ထဲက နေ့တွေ ရက်တွေ လတွေ နှစ်တွေကို နှုတ်ယူသွားနေတာပါပဲ။ လယ်တီဆရာတော်ဘုရားကြီးက ဆုံးမ ထားတယ်လေ။ တစ်နေကွယ် သေနယ်သို့ တစ်ခါကူး မေ့လျှော့ကာ သေဘူးထင်လိုက်ပါနဲ့ နေကွယ်တာ အချိန်များရင်ဖြင့် သေနယ်ရွယ်ရွာ တစ်ကြိမ်သွားရမယ် တားမရဘူး-တဲ့။ လူတိုင်းလူတိုင်း ငြင်းဆိုခွင့် ရှောင်လွှဲခွင့်မရှိသော သေခြင်းတရားဆိုတာ ဟိုးအတီတေကာလ အစမထင်သံသရာထဲက ရှိနေခဲ့တာပါ။

သို့ပြီတကား သင်ဖွားသောမြေ သင်တို့မြေသည် အခြေတိုးမြင့် ကျန်ကောင်းသင့်၏-တဲ့။  လူတိုင်းလူတိုင်း နိယာမသဘောအရ သေဆုံး သွားကြပေမဲ့ သူတို့မွေးဖွားရာဒေသ၊ သူတို့မွေးဖွားရာနိုင်ငံနှင့် လူမျိုးအတွက် တိုးတက်ဖွံ့ဖြိုးအောင်၊ ငြိမ်းချမ်းသာယာအောင် ဆောင်ရွက် ခဲ့ကြတဲ့သူတွေကတော့ အလွန့်အလွန်ကို နည်းပါးလှပါတယ်။

ဘဝပေးအခြေအနေအရ လူသားတစ်ဦးရယ်လို့ မွေးဖွားလာခဲ့ကြပြီ။ မိဘတွေက ကျွေးမွေးပြုစု ယုယမှုကြောင့် လူလားမြောက်ခဲ့ပါပြီ။ ဆရာသမားတွေရဲ့ သွန်သင်ညွှန်ပြ ဆုံးမမှုကြောင့် အသိဉာဏ်တွေ  လည်း ဖွံ့ဖြိုးတိုးတက်လာခဲ့ပါပြီ။ လူ့လောကကြီးထဲမှာ ပီပီပြင်ပြင် လူသားရယ်လို့ ဖြစ်လာတဲ့အခါမှာ အဲဒီ လူသားလေးက လူ့ပတ်ဝန်းကျင်ကို ဘယ်လိုငြိမ်းချမ်းသာယာအောင် ဆောင်ရွက်ခဲ့ပြီးပြီလဲဆိုတာ ကိုယ့်ကိုယ်ကိုလည်း ပြန်မေးကြည့်ရမယ်။ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အကဲခတ်ကြည့်ရမယ်။

ငါက လူ့လောကအတွက် ဘယ်လောက်အသုံးကျသလဲ။ ငါဆိုတဲ့ လူသားတစ်ယောက် မွေးဖွားလာ တဲ့အတွက် ငါ့မိသားစု တိုးတက်ကြီး ပွားအောင် ငါဆောင်ရွက်နိုင်ခဲ့ပြီလား။ ကောင်းကျိုးတစ်ခုခု ပြုပေးနိုင်ခဲ့ သလား။ ငါတို့ရပ်ရွာ ငါတို့နိုင်ငံကြီး သာယာချမ်းမြေ့အောင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီလား။ ကောင်းကျိုးတစ်ခုခု ပြုခဲ့ပြီးပြီလား။

ဒါမှမဟုတ် ငါဆိုတဲ့ လူသားတစ်ယောက် လူ့လောကထဲကို ရောက်လာတဲ့အတွက် ငါ့မိသားစုတွေ ဆုတ်ယုတ်ပျက်စီး ဒုက္ခတွေ အကြီးအ ကျယ်ရောက်ခဲ့သလား။ ငါတို့ရပ်ရွာ ငါတို့နိုင်ငံတော်ကြီးမှာလည်း ငါဆိုတဲ့ လူသားတစ်ယောက်ကို လက်ခံထားတဲ့အတွက်      ဆုတ်ယုတ် ပျက်စီးပြီး ဒုက္ခတွေ အကြီးအကျယ် ရောက်ခဲ့သလားဆိုတာကို စဉ်းစားဝေဖန်သုံးသပ်ရပါမယ်။

စဉ်းစားဝေဖန်သုံးသပ်ပြီး ကိုယ့်မိသားစု တိုးတက်ကြီးပွားအောင် သာယာချမ်းမြေ့အောင် ဆောင်ရွက်နိုင်သူဖြစ်ဖို့ ကြိုးစားရပါလိမ့်မယ်။ အဲဒီကနေ တစ်ဆင့်တက်ပြီး     ကိုယ့်ရပ်ရွာ ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအတွက် တိုးတက်ကြီးပွားအောင် သာယာချမ်းမြေ့အောင် လုပ်ဆောင် ရပါလိမ့်မယ်။ လူ့လောကထဲကို ရောက်ရှိလာပြီး လူ့လောကကောင်းကျိုးကိုမှ မဆောင်ရွက်ရင် လူသားပီသတဲ့လူ မဖြစ်နိုင်ပါဘူး။

ကမ္ဘာတစ်လွှား ဘယ်နိုင်ငံကိုပဲကြည့်ကြည့် သန့်ရှင်းရေး အလုပ်သမားကနေ သမ္မတကြီးအထိ လူမှန်လျှင် လူ့တာဝန်ဝတ္တရားတွေကို မသွေမတိမ်း ထမ်းဆောင်ရမှာပါ။ ဟိုးရှေးရှေးတုန်းက လူသားတွေက လူ့လောကကြီး အကျိုးရှိရာ အကျိုးရှိကြောင်းကို ဆောင်ရွက်ခဲ့ကြလို့ ယနေ့ခေတ်လူသားတွေမှာ    အဆင်ပြေပြေ လွယ်လွယ်ကူကူ သက်တောင့်သက်သာ သွားလာလှုပ်ရှားနိုင်ခဲ့ကြပါတယ်။

သိပ္ပံပညာရှင်များက လူသားတွေအတွက် အကျိုးရှိစေမည့် လျှပ်စစ်မီးတွေ၊ အင်ဂျင်စက်တွေ၊ ကား ရထား လေယာဉ်တွေ စသည် စသည် တီထွင်ဖန်တီးခဲ့ကြလို့ နောက်လာနောက်သား ခေတ်လူများဟာ အရာရာတိုင်းမှာ လွယ်လင့်တကူ ချောချောမွေ့မွေ့ သက်တောင့်သက်သာ လျှင်လျှင်မြန်မြန် သွားလာလှုပ်ရှား နိုင်ခဲ့ကြတယ်။ ကောင်းကျိုးချမ်းသာများနှင့် ပြည့်စုံခဲ့ကြတယ်။

လူ့လောကကောင်းကျိုးကို လိုလားကြတဲ့ ပညာရှင်တွေက လူ့လောကကောင်းကျိုးအတွက်  စက်ပစ္စည်း အမျိုးမျိုး တီထွင်ကြံဆပြီး လူ့လောကကြီးမှာ သူတို့အတွက် သမိုင်းမှတ်တိုင်တွေ စိုက်ထူထားခဲ့ကြတယ်။ မြန်မာပြည်ဖွား နိုင်ငံသားတို့ကကော သင်တို့မွေး ဖွားရာဒေသမှာ မှတ်မှတ်ရရ ကောင်းကျိုးပြုခဲ့ကြပြီးပြီလား။ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးအတွက် အုဋ္ဌ်တစ်ချပ် သဲတစ်ပွင့်ပဲဖြစ်ဖြစ် မှတ်မှတ်ရရ ကောင်းကျိုးတစ်ခုခု ပြုခဲ့မှသာ သမိုင်းပေးတာဝန်ကျေသူ လူသားဆန်သူ ဖြစ်ပါလိမ့်မယ်။

သင်၏မျိုးသား စာစကားလည်း ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏-တဲ့။ ကိုယ့်ဘာသာစကား ကိုယ့်ယဉ်ကျေးမှုဆိုတာကလည်း တကောင်းခေတ်၊ ပျူခေတ်၊ ပုဂံခေတ်တွေကနေ စပြီး အစဉ်အဆက် ထွန်းကားလာခဲ့တာပါ။ ယခုခေတ်ရောက်မှ အခြားဘာသာစကားတွေကို မသင်ရင်မဖြစ်လို့ သင်ကြားရာကနေ ကိုယ့်ဘာသာစကားကို တန်ဘိုးထားရကောင်းမှန်းမသိတဲ့ အဖြစ်သို့ ရောက်ရှိနေခဲ့ပါပြီ။ အထူးသဖြင့် နိုင်ငံရပ်ခြား တိုင်းတစ်ပါးကိုရောက်နေတဲ့ အချို့မြန်မာများနှင့် သူတို့ကနေ ပေါက်ဖွားလာကြတဲ့ မျိုးဆက်သစ် တွေမှာ မြန်မာစာနဲ့ပတ်သက်လို့ တော်တော်လေးကို အားနည်းလာတာကို တွေ့နေရပါတယ်။ ဒို့တော့ကွာ မြန်မာစကားကို မေ့တေ့တေ့တောင်ဖြစ်နေပြီလို့ ပြောရတာကိုပဲ တစ်လွဲဆံပင်ကောင်း ဂုဏ်ယူ နေကြပါ သေးတယ်။ မြန်မာလူမျိုးဖြစ်ပြီး မြန်မာစကား မြန်မာစာကို ကောင်းကောင်းမပြော တတ်တာကမှ ရှက်စရာကောင်းတာပါ။ ကိုယ်တိုင်ကမှ မြန်မာလိုကောင်းကောင်းမတတ်ရင် ကိုယ့်မျိုးဆက်သစ်တွေကို မြန်မာလို ကောင်းကောင်းရေးတတ် ဖတ်တတ်အောင် ဘယ်လိုသင်မလဲ။ ဒီလိုနဲ့ ဘာသာစကားကော လူမျိုးကောဟာ တိမ်ကောပပျောက်ကုန်တော့ဖို့ပဲ ရှိပါတော့တယ်။ ဆရာ ဇော်ဂျီတို့ဖြစ်စေချင်တဲ့ ကိုယ့်ယဉ်ကျေးမှု ကိုယ်ဘာသာစကား တိုးတက်ထွန်းကားဖို့ မျိုးချစ်လူငယ်တွေကတော့ အစွမ်းကုန်ကြိုးစား နေကြပါတယ်။

သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့် သစ္စာအရောင် ဉာဏ်တန်ဆောင်လည်း   ပြောင်လျှက်ဝင်းလျှက် ကျန်စေသတည်း-တဲ့။ ဟုတ်တယ် ငါတို့ ဘိုးဘွားဘီဘင်လက်ထက်က ရွာဦးထိပ်မှာ ကျောင်းကန်ဘုရားစေတီ တွေ အစဉ်အဆက် တည်ထားကိုးကွယ်ခဲ့ကြတယ်။ အမှတ်တရ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူထားတဲ့ နေရာ တိုင်းမှာ စေတီပုထိုး တန်ခိုးကြီးဘုရားတွေ တည်ထားကိုးကွယ်ခဲ့ကြတယ်။ တော တန်းတောင်တန်း မြစ်ကမ်း တစ်လျှောက် မြင်သာတဲ့နေရာတိုင်းမှာ စေတီပုထိုးတော်များဖြင့် နိုင်ငံတော်ကို အလှဆင်ခဲ့ကြတယ်။

အဲဒီလို စေတီပုထိုးတွေ တည်ထားကိုးကွယ်တဲ့အတွက် ငါတို့တိုင်းပြည်နဲ့ ငါတို့လူမျိုးအတွက် ဘာအကျိုးထူးသလဲလို့ မေးစရာရှိပါတယ်။ မြင့်မြတ်တဲ့နေရာတိုင်းမှာ တည်ထားကိုးကွယ်တဲ့ စေတီပုထိုးတွေကို ဘဝအတွက် ရုန်းကန်လှုပ်ရှားသွားလာနေတဲ့ လူသားတွေအတွက် စိတ်ထဲကနေမှန်းဆ ရှိခိုးပူဇော်နိုင်တယ်။ အဲဒီလို ရှိခိုးပူဇော်ခြင်းဖြင့် စိတ်နှလုံးချမ်းမြေ့ပြီး အစစအရာရာ အဆင်ပြေနိုင်တယ်။ ဗုဒ္ဓဘာသာ တိုင်းပြည်ဖြစ်တဲ့အတွက် မြတ်ဗုဒ္ဓ၏ အဆုံးအမ သာသနာတော်နှင့်အညီ တပည့်သား သံဃာတော်တွေက သူတော်ကောင်းတရားထွန်းကားအောင် တပည့်အဆက်ဆက်သို့ သင်ကြားပို့ချပေးခဲ့ကြတယ်။ ဒကာ ဒကာမတွေကို ဟောပြောဆုံး မပြီး လူသားတွေရဲ့ နှလုံးသားထဲသို့ အရောက်ပို့ခဲ့ကြတယ်။

ငါတို့ ဘိုးဘွားဘီဘင်လက်ထက်ကထဲကနေ ယနေ့တိုင်အောင် ငါတို့လူမျိုးတွေဟာ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ အေးအေးချမ်းချမ်း သာသာယာယာ နေထိုင်လာခဲ့ကြတာပါ။ မိဘဘိုးဘွားတွေကလည်း သားသမီးမြေးမြစ်တွေကို မြတ်ဗုဒ္ဓတရားတော်နှင့်အညီ သွန်သင်ဆုံးမ ဖေးမကူညီခဲ့ကြတယ်။ သားသမီးတွေ အရွယ်ရောက် လူလားမြောက်လို့ အိမ်ထောင်ကျသွားရင်တောင်မှ မိအိုဖအိုတွေက ငါတို့ရင် သွေးငယ်တွေကို ထိန်းကျောင်းပဲ့ပြင် သွန်သင်ဆုံးမ ငယ်စဉ်ကထဲက နှလုံးသားထဲကို သူတော်ကောင်းတရားတွေ ထည့်ပေး ခဲ့ကြတယ်။ ငါတို့ကလည်း ငါတို့ရဲ့ မိဘတွေကို အသက်ထက်ဆုံး ပြုစုစောင့်ရှောက်ခဲ့ကြတယ်။ တစ်ဦးနဲ့ တစ်ဦး ဖေးမကူညီ ချစ်ခင်တွယ်တာ မေတ္တာစမ်းရေ အဆက်မပြတ် တသွင်သွင်စီးဆင်းနေတဲ့ ငါတို့မိသားစု ငါတို့မြို့ရွာ ငါတို့နိုင်ငံဟာ ဘယ်လောက်အေးချမ်းခဲ့သလဲဆိုတာ အားလုံးသိကြမှာပါ။

ငါတို့ဟာ သားရေးသမီးရေး စီးပွားရေးအတွက် နေ့စဉ်နဲ့အမျှ လှုပ်ရှားရုန်းကန်နေရလို့ သံဃာတော်တွေက ငါတို့အတွက် တစ်ဖက်တစ်လမ်းက တရားတော်နှင့်အညီ ကူညီစောင့်ရှောက်ပေးခဲ့ကြတယ်။ ငါတို့ကလည်း ငါတို့ တတ်နိုင်တဲ့ဘက်က သံဃာတော်တွေကို ပစ္စည်းလေးပါးနဲ့ ပံ့ပိုးကူညီလှူဒါန်းသလို သံဃာတော်တွေဘက် ကလည်း ငါတို့စိတ်နှလုံး ငြိမ်းချမ်းသာယာအောင် တရားနည်းလမ်းတွေပေးခဲ့ကြတယ်။ အချိန်ရှိခိုက် လုံ့လစိုက် ပြီး အနှစ်သာရအရှိဆုံး ဝိပဿနာတရား ကြိုးစားအားထုတ်ဖို့ကိုလည်း လမ်းညွှန်တော်မူကြတယ်။ သစ္စာလေး ပါး မြတ်တရားကို ပိုင်းချားထင်ထင် သိမြင်အောင် ငါတို့ကို သွန်သင်ညွှန်ပြ ဆုံးမခဲ့ကြတယ်။

ငါတို့သေသွားခဲ့ရင် ငါတို့ဦးချ၍ အမျှဝေရာ စေတီသာနှင့် သစ္စာအရောင် ဉာဏ်တန်ဆောင်တွေဟာ ရှေးရိုးအစဉ်အလာအတိုင်း ပြောင် လျှက်ဝင်းလျှက် ကျန်ခဲ့ကြမှာလား။ ဒါမှမဟုတ် ရှေးကထက်ပိုပြီး တိုးတက် ထွန်းလင်းတောက်ပနေမှာလား။ သို့တည်းမဟုတ် တစ်ဖြည်းဖြည်းနဲ့ ဆုတ်ယုတ်ပျက်စီးသွားကြမှာလားဆိုတာ ကို သေသေချာချာ စဉ်းစားဝေဖန်သုံးသပ်ကြဖို့ လိုပါလိမ့်မယ်။

ငါတို့ဘိုးဘွားဘီဘင်လက်ထက်ကထဲက အစဉ်အလာကောင်းခဲ့တဲ့ ငါတို့ အမျိုးဘာသာသာသနာနဲ့ ငါတို့တိုင်းပြည်ကြီးကို ငါတို့ရဲ့ မျိုးဆက်သစ်တွေလက်ထဲကို ဝကွက်အပ်ထားခဲ့ရမှာပါ။ ဒီတော့ ငါတို့မျိုးဆက် သစ်တွေဟာ အရာရာတိုင်းမှာ ထူးချွန်ထက်မြက်သော လူတော်လူကောင်းတွေဖြစ်ဖို့၊ ငါတို့တိုင်းပြည်နဲ့လူမျိုး ဘာသာသာသနာကို သစ္စာရှိရှိ ချစ်မြတ်နိုးသူတွေဖြစ်ဖို့ အထူးလိုအပ်ပါတယ်။

အဲဒီလို မျိုးဆက်သစ်တွေ အများကြီး မွေးထုတ်ပေးနိုင်မှသာ ငါတို့ ဘိုးဘွားဘီဘင်လက်ထက် အစဉ်အလာမပျက် တည်ထားကိုးကွယ် ခဲ့ကြတဲ့ စေတီပုထိုးတွေ ကျောင်းကန်ဘုရားတွေဟာ အစဉ်အဆက် တိုးတက်ထွန်းလင်းတောက်ပနေမှာပါ။ ရှေးကထက်ပိုပြီး ဆန်းပြား ခမ်းနားတဲ့ စေတီပုထိုးတွေ ကျောင်းကန် ဘုရားတွေလည်း အများကြီးပေါ်ပေါက် လာဦးမှာပါ။ ငါတို့ နိုင်ငံကြီးကိုလည်း ဗုဒ္ဓတရားတော်နှင့်အညီ ချမ်းမြေ့သာယာ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်နေကြမှာပါ။

အဲဒီလို သားစဉ်မြေးဆက် လက်ဆင့်ကမ်းနည်းစနစ်ဖြင့် တစ်ခေတ်ထက်တစ်ခေတ် ပို၍ပို၍ တိုးတက်ကောင်းမွန်လာသော စေတီပုထိုး တိုင်းပြည်နဲ့လူမျိုးတွေ ဖြစ်လာအောင် ငါတို့အားလုံးက ဝိုင်းဝန်းကြိုးစားကြပါစို့-ဟု တိုက်တွန်းရင်း…။

Saturday, April 27, 2013

Kyaw Home - Poem


သယံဇာတ ဝဋ်နာ ကံနာ
ကျော်ဟုန်း
ဧပြီ ၂၈၊ ၂၀၁၃



ပျားရည်ကြောင့်
ပျားအုံ အဖျက်ခံရတယ်။
ပျားတွေလဲ
ပြေးနိုင်ရင် ပြေး
မပြေးနိုင် သေ။

ပုလဲကြောင့်
ကမာ ရင်ခွဲခံရတယ်။
ပုလဲထုတ်ခံရင်း
ကမာ သေရင်လဲ သေ
မသေလဲ ခဲစ ထပ်သွင်းခံ
ယားကျိကျိ အနေခက်ရင်း
ဝေဒနာ ဝဋ်ရှည်ရော့ပဲ။

စိန်ကြောင့်၊ ပတ္တမြားကြောင့်၊ ကျောက်စိမ်းကြောင့်
ရေနံ သဘာဝဓာတ်ငွေ့ ကြောင့်
... ကြောင့်တွေ ကြောင့်
တချို့  လူသားတွေလဲ
သွေးစွန်း အသက်ယွန်း
သယံဇာတတွေလောက် ဘဝဟာ တန်ဖိုးမရှိ၊

လောကကြီးထဲ
လောကသားတွေအချင်းချင်း
မကြွေသင့်ဘဲ အခြွေခံရ တချို့ များ၊

လိုင်စင်ရ သားသတ်သမားရဲ့ မိတ်ဆွေလား (သယံဇာတ)
သယံဇာတ ပိုင်ရှင်အစစ်တွေကတော့
ဝဋ်ကြွေးဆပ်
ဘယ်အထိလဲလေ
မမေးစမ်းနဲ့ တော့
လောကသား လောဘတွေ မခမ်းသရွေ့ တဲ့လား
ပစ်မှတ်က ပိုင်ရှင်တွေရဲ့ အသည်းနှလုံး တည့်တည့်။


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives