[moemakadaily@moemaka.biz] 11th April - MoeMaKa Daily

ကာတွန်း ATH - သိကြားမင်း လှည်းတန်းထိပ်မှာ သင်္ကြန်ကျမည်
ဧပြီ ၁၁၊ ၂၀၁၃

Saw Ngo - Bodaw Sein will retreat in Thagyan

ကာတွန်း စောငို - သူတော်ကောင်းကြီး ဘိုးတော်စိန် သင်္ကြန်မှာ တရားစခန်းဝင်မည်
ဧပြီ ၁၁၊ ၂၀၁၃

Ku Mo Jo - MoeMaKa's Thagyan Car visiting Rangoon

ကာတွန်းကူမိုးကြိုး - မိုးမခ၏ သင်္ကြန်အလှပြကား ရန်ကုန်လာမည်
ဧပြီ ၁၀၊ ၂၀၁၃

Tu Maung Nyo - Changing Regime Constitution with 3 objectives




ဦးတည်ချက် ၃ ရပ်ဖြင့် "၂၀၀၈အခြေခံဥပဒေ" ပြင်ဆင်ရေး
တူမောင်ညို (၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်)
           
            လွှတ်တော်ထဲတွင် "၂၀၀၈အခြေခံဥပဒေ"ပြင်ဆင်ရေးဆိုသည်မှာ လွယ်ကူသည့် ကိစ္စမဟုတ်ပါ။ လွှတ်တော်အမတ် "၃၉"  ဦး က ပြင်ဆင်လိုသည့် ဆန္ဒရှိယုံမျှဖြင့်လည်း ပြင်ဆင်ဖို့မဖြစ်နိုင်ပါ။ လွှတ်တော်ထဲတွင်  "၂၀၀၈အခြေခံဥပဒေ" ပြင်ဆင်ရေးဆိုသည်မှာ ကြံ့ဖွံ့ ပါတီနှင့် ဗိုလ်မင်းအောင်လှိုင်၏စစ်သားအမတ်တွေ (ဦးဝင်းတင် စကားနဲ့ပြောရလျှင်"မရွေးအမတ်"တွေ) လက်ထဲမှာရှိနေသည့်အရာဖြစ် သည်။  
            မည်သူမဆို/မည်သည့်ပါတီမဆို "၂၀၀၈အခြေခံဥပဒေ"ကို အခြေခံကျကျပြင်ဆင်မည်ဟုဆိုလျှင် ကြံ့ဖွံ့ပါတီနဲ့ အခြေခံကျကျ ထိပ်တိုက်တွေ့ရလိမ့်မည်။ ဗိုလ်မင်းအောင်လှိုင်နှင့်လည်း အခြေခံကျကျထိပ်တိုက်တွေ့ရလိမ့်မည်။ ထိထိမိမိပြင်ဆင်မည်ဆိုလျှင်ပီပီပြင်ပြင် ထိပ်တိုက်တွေ့ကြရလိမ့်မည်။   မည်သို့မျှ ရှောင်လွှဲ၍ မရနိုင်။
           
            "၂၀၀၈အခြေခံဥပဒေ"ကို ပြင်ဆင်သည့်အခါ အောက်ပါဦးတည်ချက် ၃ ရပ်ကို ဖြစ်မြောက် အောင်မြင်စေရလိမ့်မည်။  

            ၁။ လွှတ်တော်များကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းရမည်၊ လွှတ်တော်ကိုယ်စားလှယ်မှန်သမျှကို သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် ပြည်သူများက ဆန္ဒမဲပေး ရွေးချယ်ထားသူများသာဖြစ်ရမည်။ သမ္မတ၊ဒုတိယသမ္မတအပါအဝင် အစိုးရအဖွဲ့ ကို  လွှတ်တော်ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းရမည်။
            ၂။ တိုင်းရင်းသားလူမျိုးစုများ၏ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တကယ်တန်း အာမခံနိုင်သော(ဖက်ဒရယ်) ပြည်ထောင်စု စစ်စစ်ဖွဲ့စည်းကြရမည်။
            ၃။ လွှတ်တော်များတွင်ရှိသော" စစ်သားအမတ်၂၅%" ကို ဖယ်ရှားရမည်။ စစ်တပ်သည် အစိုးရအဖွဲ့၏ဝန်ကြီးဌာနများ အနက် ဝန်ကြီးဌာနတစ်ခုဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာန အောက်တွင် သာရှိရမည်။

ဖေါ်ပြပါ အချက် ၃ ချက်မပါဝင်သော ပြင်ဆင်ရေးသည် မည်ကာမတ္တပြင်ဆင်ရေး၊ အပေါ်ယံသနပ်ခါးလိမ်းသည့် ပြင်ဆင်ရေး၊ အတုအယောင်ပြင်ဆင်ရေးမျှသာလျှင်ဖြစ်ပေလိမ့်မည်။
            ယခုအခါ "၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး"၊ " ပြင်ဆင်ရေး" ဆိုသည်ကို ကြံ့ဖွံ့ပါတီအမတ်များက ပြောလာကြပြီ။ သူတို့ပြောသည့် သုံးသပ်/ပြင်ဆင်ရေးဆိုသည်မှာ အဘယ်နည်း။
            သူတို့ပြောသည့် သုံးသပ်/ပြင်ဆင်ရေးကို သိလိုလျှင် "ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဖွဲ့စည်းမှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥပဒေပြင်ဆင်မှု" ကို ကြည့်လျှင် သူတို့သဘော၊ သူတို့ဆန္ဒနှင့် သူတို့၏ လုပ်နည်းကိုင်နည်းကို ရှင်းလင်းစွာသိနိုင်သည်။
            သူတို့သည် သူတို့လိုအပ်သည့်ပြင်ဆင်မှုကို ပြုလုပ်လိုသည့်အခါတွင် သူတို့စိတ်ကြိုက်ရေးဆွဲပြီး အတင်းအဓမ္မ အတည်ပြုခဲ့ သော "၂၀၀၈ အခြေခံဥပဒေ" ပါ ပြဋ္ဌာန်းချက်များကိုပင် သွေဖီချိုးဖောက်ရန်ဝန်မလေးသူများ၊ လက်မရွံ့သူများဖြစ်သည်။
            လတ်တလော ပြင်ဆင်ဖွဲ့စည်းခဲ့သောခုံရုံးအဖွဲ့ (ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်းအပါအဝင် ၉ ဦး) နှင့် ခုံရုံးဥပဒေပြင်ဆင်ချက် (၂၀၁၃ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄ ) တို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၉၈ ၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်ကို သွေဖီချိုး ဖောက်၍ ဖွဲ့စည်း/ပြင်ဆင်ထားခြင်းဖြစ်သည်။
 သို့အတွက် ယခုဖွဲ့စည်းပေးခဲ့သော ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်းအပါအဝင် ၉ ဦးသည် ၄င်းတို့ကို ဖွဲ့စည်းပေးခဲ့မှုနှင့် ခုံရုံးဥပဒေပြင်ဆင်မှုသည် တည်ဆဲဥပဒေတစ်ခုဖြစ်သော၊ တည်ဆဲဥပဒေအားလုံး၏ (Parent law) ဖြစ်သည်ဟုဆိုသော "၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ" နှင့် ညီညွတ်ခြင်းရှိ/မရှိ စိစစ်နိုင်မည်လော။ ခုံရုံးဥက္ကဋ္ဌသစ်ဦးမြသိန်းအပါအဝင် ၉ ဦးသည် (ဗိုလ်) ဦးရွှေမန်း စိတ်ကြိုက် ရွေးထား သူများသာဖြစ်သဖြင့် "ခုံရုံးဖွဲ့စည်းမှုနှင့်ခုံရုံးဥပဒေပြင်ဆင်မှု" ကို"၂၀၀၈အခြေခံဥပဒေနှင့် ညီညွတ်ပါသည်" ဟုသာ စိစစ်ဖွင့်ဆိုကြရပေလိမ့် မည်။ မညီညွတ်ပါဟု စိစစ်ဖွင့်ဆိုခဲ့မည်ဆိုလျှင် "ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုး အပါအဝင် ၉ ဦး" တို့ သွားရာလမ်းသို့ မြန်းကြရပေလိမ့်မည်။
ဤသည်မှာ "၂၀၀၈ အခြေခံဥပဒေ"၏ သန္ဓေပါ အကြပ်အတည်းတွေထဲက တစ်ခုဖြစ်သည်။
မည်သူမဆို/မည်သည့် ပါတီမဆို "၂၀၀၈ အခြေခံဥပဒေ"ကိုပြင်ဆင်မည်ဆိုလျှင် ၂၀၀၈အခြေခံဥပဒေ၊ အခန်း(၁) "နိုင်ငံတော် အခြေခံမူများ" အခန်းရှိ ပုဒ်မအားလုံး( ၄၈ ခုရှိသည်)ကို အခြေခံကျကျပြင်ဆင်ရလိမ့်မည်။ ယင်းသို့ ပြင်ဆင်ရာတွင် ဆောင်းပါး အစ၌ တင်ပြခဲ့သော ဦးတည်ချက် ၃ ရပ်ကို ဖြစ်မြောက်အောင်မြင်စေရပေလိမ့်မည်။ သို့မှသာ အခြေခံကျကျပြင်ဆင်ရေးဟု ခေါ်ဆိုနိုင်ပေလိမ့် မည်။
"အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် စစ်တပ်က ပါဝင်ထမ်းဆောင်ရေး" ဆိုသည်မှာ စစ်အုပ်စုက "နိုင်ငံရေးပါတီ များနှင့် နိုင်ငံရေးသမားများအပေါ် ထာဝစဉ်ဗိုလ်ကျနိုင်ရေးနှင့် ချုပ်ကိုင်ချယ်လှယ်နိုင်ရေးသာလျှင်ဖြစ်သည်။
 ၂၀၀၈အခြေခံဥပဒေ၊ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတို့သည် စစ်အုပ်စုက နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေးသမားများအပေါ် ထာဝစဉ်ဗိုလ်ကျနိုင်ရေးနှင့် ချုပ်ကိုင်ချယ်လှယ်နိုင်ရေးအတွက် ယန္တယားနှင့် အစီအမံများသာဖြစ် ပေသည်။
ထိုသို့သောယန္တယားနှင့်အစီအမံများရှိနေသ၍စစ်မှန်ပြည့်ဝသောဒီမိုကရေစီနှင့်စစ်မှန်သော ပြည်ထောင်စု ဆိုသည်မှာ အမည်ခံ သက်သက်၊ အတုအယောင်သက်သက်မျှသာဖြစ်နေပေလိမ့်ဦးမည်။
"၂၀၀၈ အခြေခံဥပဒေ"ကို တကယ်တန်းပြင်ဆင်လိုလျှင် လွှတ်တော်ပြင်ပ ပြည်သူလူထုစွမ်းပကားကို အခြေခံကျကျ စည်းရုံး ပြင်ဆင်ရလိမ့်မည်။

ညွန်း

-  ၂၀၀၈ အခြေခံဥပဒေ
-  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၊ မြန်မာ့အလင်းသတင်းစာ ၊ စာမျက်နှာ ၃
- မြန်မာ့အလင်းသတင်းစာ ၂၆ ဖေဖေါ်ဝါရီ ၂၀၁၃

Maung Swan Yi - U Thant's & Politics


☮ ဦးသန့်နဲ့ ဘာသာရေး ☮  ရေးသူ၊ မောင်စွမ်းရည်       ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် (၁၉၆၁-၇၁) သက်တမ်း (၂) ဆက် ဆောင်ရွက်ခဲ့ရတဲ့ ဦးသန့်ဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတဦးဖြစ်တယ်ဆိုတာ အထူးထုတ်ဖော် ရေးသားစရာမလိုပါဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာ ဖြစ်တာနဲ့ ကုလသမဂ္ဂတာဝန်နဲ့ ဘာဆိုင်သလဲလို့မေးလာရင်တော့ ဦးသန့်ရဲ့ ဘာသာရေး ကိုးကွယ်ယုံကြည်မှုဟာ ထည့်သွင်းပြောဆိုစရာ ဖြစ်လာပါတယ်။ ပြောလည်း ပြောခဲ့ကြပါတယ်။    ဦးသန့်ရဲ့ညီ ဦးခန့်က တက္ကသိုလ် စိန်တင်ရေးတဲ့
☮ ဦးသန့်နဲ့ ဘာသာရေး ☮
 မောင်စွမ်းရည် (Ko Myoe Facebook မှ ကူးယူပါတယ်)  
ဧပြီ ၁၀၊ ၂၀၁၃

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် (၁၉၆၁-၇၁) သက်တမ်း (၂) ဆက် ဆောင်ရွက်ခဲ့ရတဲ့ ဦးသန့်ဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတဦးဖြစ်တယ်ဆိုတာ အထူးထုတ်ဖော် ရေးသားစရာမလိုပါဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာ ဖြစ်တာနဲ့ ကုလသမဂ္ဂတာဝန်နဲ့ ဘာဆိုင်သလဲလို့မေးလာရင်တော့ ဦးသန့်ရဲ့ ဘာသာရေး ကိုးကွယ်ယုံကြည်မှုဟာ ထည့်သွင်းပြောဆိုစရာ ဖြစ်လာပါတယ်။ ပြောလည်း ပြောခဲ့ကြပါတယ်။

ဦးသန့်ရဲ့ညီ ဦးခန့်က တက္ကသိုလ် စိန်တင်ရေးတဲ့ "ငြိမ်းချမ်းရေးဗိသုကာဦးသန့်" ဆိုတဲ့ စာအုပ်မှာ အမှာစာရေးတော့ အောက်ပါအတိုင်းရေးထားတဲ့ စာတပိုဒ်ပါရှိပါတယ်။
"ဗုဒ္ဓဘာသာ မြန်မာတို့၏ ရဋ္ဌပူရဒေသ၊ မြစ်ဝကျွန်းပေါ်၊ ပန်းတနော်ဇာတိဖြစ်သော ဦးသန့်သည် ပြည်ပြည်တိုင်းကား၊ ကျော်ကြားသတင်း၊ ကမ္ဘာချင်းအောင်၊ ပွင့်လင်းထင်ရှား လူသိများလျက်ရှိနေပေသည်။ ဦးသန့်၏ ထင်ရှားကျော်ဇောခြင်း၊ ဦးသန့်ကို ကမ္ဘာက လိုလားခြင်းတို့သည် ဦးသန့်၏ သူမတူအောင် ပြည့်စုံသော ၀ီရိယ၏ စွမ်းပကား၊ ပညာ၏ စွမ်းပကား၊ စင်ကြယ်သော အကျင့်သီလတို့၏ စွမ်းပကားတို့ကြောင့်ဟုလည်း ဆိုနိုင်ပါ၏။ တနည်းအားဖြင့် ဦးသန့်သည် ဣဿာမိစ္ဆရိယဟူသော စိတ်ယုတ်တို့ကို ပယ်ရှားနိုင်၍ ဒေ၀ဓမ္မတရားနှစ်ပါးတို့ ဖြစ်သော ဟီရိသြတပ္ပတရား၊ လောကပါလဖြစ်သော ဗြဟ္မစိုရ်တရားတို့ကို ကောင်းစွာလက်ကိုင်ထားနိုင်သော ပါရမီအင်အား၊ ဘုန်းကံအင်အား ကြီးမားသော မင်းယောက်ျားဖြစ်သောကြောင့်ဟုလည်း ဆိုနိုင်ပါ၏။"

ဦးသန့်ကိုက ဗုဒ္ဓဘာသာဝင် ယောက်ျားကောင်းတဦးအဖြစ် ရှုမြင်သုံးသပ်ထားပုံဖြစ်ပါတယ်။ ဦးသန့်အမြင်ဟာ တကယ့် ဗုဒ္ဓဘာသာဝင်စင်စစ်တဦးရဲ့ ရှုမြင်သုံးသပ်ချက်ဖြစ်ပါတယ်။ ကုလသမဂ္ဂ အသိုင်းအ၀ိုင်းကလည်း ဦးသန့်ရဲ့ လုပ်ဆောင်ချက်တွေကို သုံးသပ်ချီးမွမ်းကြရာမှာ ဦးသန့်ဟာ ဗုဒ္ဓဘာသာဝင်ဆိုတဲ့ အချက်ကို မကြာခဏ ထည့်သွင်း ပြောဆိုကြပါတယ်။

ဗုဒ္ဓဘာသာကို ကမ္ဘာကသိတာက မေတ္တာဝါဒ၊ ငြိမ်းချမ်းရေးဝါဒ၊ အလယ်အလတ်လမ်းစဉ် (မဇ္ဈိမ ပဋိပဒါလမ်းစဉ်) လို ဖြစ်ပါတယ်။ ဦးသန့်ရဲ့ သည်းခံစိတ်ရှည်ခြင်းကိုလည်း ဗုဒ္ဓ၀ါဒီဖြစ်လို့ဆိုပြီး သုံးသပ်ကြပါတယ်။ ဦးသန့်ဆောင်ရွက်ရတဲ့ အလုပ်တွေကလည်း ငြိမ်းချမ်းရေးအလုပ်ကို ဘက်မလိုက် ကြားနေရေး နေရာက သည်းခံစိတ်ရှည်စွာ လုပ်ရတဲ့ အလုပ်တွေဖြစ်ပါတယ်။

တကယ်တော့ ဦးသန့်ဟာ မိရိုးဖလာ ဗုဒ္ဓ၀ါဒတဦး ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းနေပြီး ဘုန်းကြီးကျောင်းရဲ့ ဗုဒ္ဓဘာသာ သရိုးစာအခြေခံတွေ မသင်ခဲ့ရပါဘူး။ သူ့ဖခင်က အိန္ဒိယ တက္ကသိုလ်တခုမှာ ပညာသင်ခဲ့ဖူးတဲ့ ခေတ်ပညာတတ်တဦး ဖြစ်လို့ မိရိုးဖလာပညာရေးလောက်နဲ့ တင်းတိမ်နိုင်သူမဟုတ်ပါ။ ဘုန်းကြီးကျောင်းကို စတင်မပို့ဘဲ လူကျောင်းကိုပဲ စတင်ပို့ခဲ့ပြီး အင်္ဂလိပ်စာတတ်ကျွမ်းရေးကိုပဲ အလေးပေးခဲ့ပါတယ်။

ကိုရင်ဝတ်တော့လည်း ခုနှစ်ရက်ပဲ ၀တ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ဗုဒ္ဓဘာသာမှာ ထူးထူးခြားခြား အဆင့်မြင့်မြင့် လေ့လာရတဲ့ ကျောင်းပညာ အခွင့်အရေးမျိုးမရခဲ့ပါ။ ဒါပေမယ့် စာဖတ်ခြင်းကို အထူးဝါသနာပါတဲ့အတွက် ဗုဒ္ဓစာပေကို မိရိုးဖလာထက်ပိုပြီး လေ့လာလိုက်စားခဲ့ဟန်ရှိပါတယ်။
ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ သာမန်မိရိုးဖလာထက်ပိုပြီး လေ့လာလိုက်စားခဲ့ပုံရတယ်လို့ ဦးသန့်အပေါ် အကဲဖြတ်နိုင်တဲ့ အကြောင်းအချက်တခုကတော့ မန္တလေးတောင်မြို့မဟာဂန္ဓရုံဆရာတော် အရှင်ဇနကာ ဘိဝံသလို ဗုဒ္ဓစာပေကျမ်းပြု အကျော်တဦးက ဦးသန့်လို လူဝတ်ကြောင်တဦးကို မိမိရဲ့ ဘာသာရေးစာအုပ် (အနာဂတ်သာသနာ) မှာ အမှာစာရေးခွင့်ပြုခြင်းပဲ ဖြစ်ပါတယ်။ ဒီအချက်ဟာ ဘာသာရေးနဲ့ ပတ်သက်ပြီး အထင်ကြီးစရာဖြစ်ပေမယ့် ဦးသန့်ဟာ ဘုရားဒကာ ဆဋ္ဌသင်္ဂါယနာတင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုနဲ့တော့ လုံးဝမတူပါဘူး။ ဦးနုက ပုတီးစိတ်ခြင်း၊ ဗေဒင်မေးခြင်း၊ ဗလိနတ်စာကျွေးခြင်း စတဲ့ ကိစ္စတွေမှာ အထူးအလေးအနက် ထားလွန်းပါတယ်။ သဘောထားကွဲလွဲမှု အလွန်နည်းတဲ့ ငယ်ပေါင်းရောင်းရင်း ဦးနုနဲ့ ဦးသန့်တို့ဟာ နိုင်ငံတော်က ဘာသာရေးအတွက် ဆောင်ရွက်မှုမှာ အကြီးအကျယ် သဘောကွဲလွဲခဲ့ဖူးပါတယ်။

ဦးနုဟာ ဆဋ္ဌမ သင်္ဂါယနာတင် သာသနာ့ ဒါယကာကြီးဘွဲ့ခံလိုသူ ဖြစ်ပါတယ်။ ပဉ္စမ သင်္ဂါယနာတင်ခဲ့တာဟာ မင်းတုန်းမင်း လက်ထက်ကဆိုတော့ ထပ်ပြီး သင်္ဂါယနာတင်ဖို့ အလောတကြီးမလိုသေးပါဘူး။ မင်းတုန်းမင်းက ကျောက်ထက်အက္ခရာတင်ခဲ့တာပါ။ ပုံနှိပ်စာတွေလည်း ရိုက်နှိပ်ပြီးသား ရှိနေပါပြီ။ နှုတ်ထက် အာဂုံသက်သက် မဟုတ်ပါဘူး။ ဗမာပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ မိအေးနှစ်ခါနာဆိုသလို ဂျပန်အ၀င်တခါ၊ အင်္ဂလိပ်အ၀င်တခါ စစ်ဒဏ်ခံပြီး ပြာပုံဖြစ်ခဲ့ရတဲ့အပြင် ပြည်တွင်စစ်မီးကလည်း တောက်လောင်နေတာပါ။ ဒါ့ကြောင့် ထူထောင်စ တိုင်းပြည်မှာ လိုဏ်ဂူကြီးဆောက်ပြီး အကြီးအကျယ် ငွေကုန်ကြေးကျခံဖို့ဆိုတာ ဆိုင်းထားသင့်ပါသေးတယ်။ ဒါ့ကြောင့် ဦးသန့်က အမုန်းခံပြီး ကန့်ကွက်ခဲ့ပါတယ်။ ဦးနုက စိတ်ကူးယဉ်သူလည်းဖြစ်၊ လုပ်ချင်သလိုလုပ်ဖို့ အာဏာလည်းရှိချိန်ဖြစ်လို့ ဇွတ်တိုးလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သတင်းစာဆရာ ၀န်ကြီး ဦးထွန်းဖေက "ဘ၀ရှင်မင်းတရားကြီး" လို့ ခေါ်လောက်အောင် ဇွတ်တိုးလုပ်လေ့ရှိလာပါတယ်။ မိတ်ဆွေဦးသန့်ရဲ့ ကန့်ကွက်မှုဟာ မအောင်မြင်ခဲ့ပါဘူး။

မြန်မာပြည်မှာက ကွန်မြူနစ်ဝါဒဟာ မိစ္ဆာဒိဋ္ဌိဝါဒလို့ လူအများအပြားက အစွဲဖြစ်ပေါ်ခဲ့ပါတယ်။ မူလက လက်ဝဲ၀ါဒ ဖြန့်ချိခဲ့သူ သခင်နုက သာသနာ့ ဒါယကာ ဖြစ်လာတဲ့အခါ သူပုန်ထနေတဲ့ ကွန်မြူနစ်တွေကို ဓမ္မာန္တရာယ်တွေလို့ ဆိုင်းဘုတ်ကပ်ခဲ့ပါတယ်။ တချို့ ကွန်မြူနစ်များကလည်း ဘုရားကျောင်းထဲ ဖိနပ်စီးပြခဲ့ကြဖူးတာ ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်ဦးရေများတဲ့ ဗမာပြည်မှာ ကွန်မြူနစ်ကို မိစ္ဆာဒိဋ္ဌိ စွပ်စွဲရတာ လွယ်ပါတယ်။ သံဃာတော်တွေကို ရိုက်နှတ်သတ်ဖြတ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဟာ ယခုအခါ စောစောတုန်းကလိုတော့ ကွန်မြူနစ်တွေကို ဓမ္မာန္တရာယ် မခေါ်ရဲတော့ပါဘူး။ ကဗျာဆရာတင်မိုးက သူတို့ကို ကွန်မြူနစ် တစ္ဆေခြောက်သူတွေအဖြစ် ကဗျာနဲ့ သရော်ခဲ့ဖူးပါတယ်။

ဦးသန့်ကတော့ ဓမ္မာန္တရာယ်အဖြစ် စွဲချက်မတင်ပါဘူး။ ဦးနု တခါတလေ ပြောဖူးသလို "ကွန်မြူနစ်ဝါဒ အဓွန့်ရှည်ပါစေ၊ ဗမာကွန်မြူနစ်များ ကျဆုံးပါစေ" လို့ ပြောလိုပုံရပါတယ်။ ဗမာကွန်မြူနစ်တွေကို ကွန်မြူနစ် အမည်ခံထားတဲ့ အကြမ်းဖက်သမားတွေလို့ ဆိုပါတယ်။ သခင်သန်းထွန်းနဲ့ သခင်စိုးတို့ အပြန်အလှန် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ကြပုံ၊ မကြားဝံ့ မနာသာ စွပ်စွဲပြောဆိုကြပုံတွေဆိုပြီး သူတို့ စာစောင်တွေမှာ အပြန်အလှန်ရေးထားတာ တွေကို စုပေါင်းတင်ပြပါတယ်။ အလံနီသခင်စိုးဟာ မူလက လူ (၃၀) လောက်ရှိရာက မြေရှင်သဌေးတွေရဲ့ ပစ္စည်းတွေကို လုယက်ယူငင်တဲ့အခါ လူဆိုးဓားပြတွေပါဝင်လာလို့ ချက်ချင်းလူ (၃၀၀) လောက် ဖြစ်သွားခဲ့တယ်လို့ ရေးပါတယ်။ "ဓမ္မာန္တရာယ် မိစ္ဆာဒိဋ္ဌိ" ဆိုတဲ့ စကားကို မသုံးခဲ့ပါ။ ဘာသာရေးကို နိုင်ငံရေးတိုက်ပွဲ လက်နက်အဖြစ် သုံးလေ့မရှိခဲ့ပါ။ ရှိတောင်မှ ဖဆ ဆိုရှယ်အများစုလို အဓိက လက်နက်အဖြစ် မသုံးခဲ့ပါ။
ဦးသန့်တသက်တာမှာ မိခင်နဲ့ အတူ ဘုန်းကြီးဆွမ်းကပ်တာမျိုး၊ ရွှေတိဂုံဘုရားကို တက်ပြီး ဘုရားဖူးတာမျိုးကို လုပ်လေ့ရှိပါတယ်။ တရားထိုင်တာလည်း လုပ်ပါတယ်။ ပုတီးစိပ်တာ မကြားဖူးပါ။ အလှူအတန်း အကြီးဆုံးလုပ်ဖူး တာက မိမိရရှိတဲ့ ဂျဝါဟာလာနေရူး ဆုငွေ ရူပီး တသိန်းကို ဂျပန်ရှိ ကုလသမဂ္ဂတက္ကသိုလ်ကို ပညာရေးရန်ပုံငွေ အလှူအဖြစ် လှူခဲ့တာပဲရှိပါတယ်။

ကိုယ်ကျင့်သိက္ခာပိုင်းက ပြောရရင်တော့ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲသူလို့ ပြောရင် သာမန်ပြောရာ ကျပါမယ်။ ဦးသန့်ဟာ သူရဲ့ ရာထူးအရှိန်အ၀ါအသုံးချပြီး အစိုးရ ၀န်ထမ်းအနေနဲ့ရော၊ ကုလသမဂ္ဂ၀န်ထမ်းအနေနဲ့ ရော အခွင့်အရေး အလွဲသုံးစားမှုမျိုး၊ ကိုယ်ကျိုးရှာမှုမျိုး လုံးဝ မရှိခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်နေ၀င်းလို အကုသိုလ်များ တဲ့ လူမျိုးဟာ ဦးသန့်ကို "ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့" ဖြစ်ခဲ့မယ်လို့ ယုံကြည်ပါတယ်။

ဦးသန့်ရဲ့ မိတ်ဆွေရင်း ဦးနုဟာ "ဦးသန့်ဟာ အလွန်ရိုးသားဖြောင့်မတ်သူတယောက်ဖြစ်ပြီး ဗုဒ္ဓဘာသာကိုလည်း အလွန်ရိုသေကိုင်းရှိုင်းသူ ဖြစ်ပါတယ်" လို့ အတိုချုပ်ပြောခဲ့ဖူးပါတယ်။ တကယ်တော့ ဦးသန့်ဟာ ဘယ်ဘာသာကို မဆို ရိုသေကိုင်းရှိုင်းတဲ့ လူယဉ်ကျေးဖြစ်ပါတယ်။ ဦးနုပြောတဲ့ "ဦးသန့်ဟာ အလွန်ရိုးသားဖြောင့်မတ်သူ" ဆိုတဲ့ စကားဟာ ရိုးရိုးနဲ့ ပြည့်စုံလှတဲ့ ဂုဏ်ပုဒ်ပါပဲ။

ဦးအုန်းမြင့် (ဒို့ရှမ်းပြည်) ကတော့ ဗုဒ္ဓဘာသာ ရှုထောင့်က ဂုဏ်ပြုစကားတလုံးဖြစ်တဲ့ "သူဇာတာတို့၏ များစွာ နှစ်လိုကြည်ညိုခင်မင်စေနိုင်သော သွင်ပြင်အမူအရာရှိခြင်း" လို့ အချုပ်ပြောပါတယ်။ အဲဒါကို "သရဏီယတရား ခြောက်ပါးနဲ့ ပြည့်စုံသူ" ပြောနိုင်ပါတယ်တဲ့။ သရဏီယတရား ခြောက်ပါးဆိုတာက -
(၁) ချစ်ခင်နှစ်လိုဖွယ် ကိုယ်အမူအရာရှိခြင်း၊
(၂) ချစ်ခင်နှစ်လိုဖွယ် နှုတ်အမူအရာရှိခြင်း၊
(၃) ချစ်ခင်နှစ်လိုဖွယ် စိတ်အမူအရာရှိခြင်း၊
(၄) ချစ်ခင်နှစ်လိုဖွယ် မျှတဝေဖန်မှုရှိခြင်း၊
(၅) ချစ်ခင်နှစ်လိုဖွယ် ကိုယ်ကျင့်ရှိခြင်း၊
(၆) ချစ်ခင်နှစ်လိုဖွယ် လိုက်လျောတတ်ခြင်းတဲ့။ အားလုံး (၆) ပါးပါ။ 
"ချစ်ခင်နှစ်လိုဖွယ် အမူအကျင့်နဲ့ ပြည်စုံသူ" လို့ ပြောရင် ပြီးမယ်ထင်ပါတယ်။
"ဗုဒ္ဓဘာသာနှင့် ဦးသန့်" ဆိုတဲ့ ဘိလပ်က ဂါဒီယန်သတင်းစာ ဆောင်းပါးတပုဒ်ကို တက္ကသိုလ်စိန်တင်ပြုစုတဲ့ "ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်" ဆိုတဲ့ စာအုပ်မှာ ဘာသာပြန်ပြီး ဖော်ပြထားပါတယ်။ 

အဲဒီဆောင်းပါးက "ဗုဒ္ဓဘာသာနှင့် ဦးသန့်" (လန်ဒန်၊ အောက်တိုဘာ (၁၉) ရိုက်တာ) ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့် ကိုးကွယ်ယုံကြည်သော ဘာသာဖြစ်သည့် ဗုဒ္ဓဘာသာသည်ပင် ဦးသန့်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ခန့်သင့်ကြောင်း တန်ဖိုးမဖြတ်နိုင်သော အထောက်အကူဖြစ်နေပြီ ဖြစ်သဖြင့် ဂါဒီယန်သတင်းစာကြီးက ယနေ့ခေါင်းကြီးပိုင်းမှ ဝေဖန်ရေးသားလိုက်သည်။ ယင်းသတင်းစာကြီးက ဆက်လက်ရေးသားရာတွင် ဗုဒ္ဓဘာသာဝင်များမှာ သမစိတ္တရှိကြ၍ အလယ်အလတ်လမ်းစဉ်ကို လက်ကိုင်ထားပြီး အမြတ်ဆုံးတရားကို ရှာဖွေနေသူများဖြစ်သည် စသဖြင့် ပါရှိသည်။

ထိုသို့ ရည်ရွယ်ရင်းရှိကြသော လူမျိုးများမှာ အဂတိတရားမလိုက်စားဘဲ သမစိတ္တမျှတစွာ ထားရှိတတ်သော သဘောရှိသူများဖြစ်သည်။ ဦးသန့်ကို ကြည့်ပါလျှင် သူယုံကြည်လက်ခံသော ဘာသာတရားကြောင့်ပင် ကုလသမဂ္ဂ၏ တာဝန်ကြီးများကို ထမ်းဆောင်ရန် သင့်တော်သူတဦးဖြစ်ကြောင်း ထင်ရှားနေသည်စသဖြင့် အဆိုပါ ဂါဒီယန်သတင်းစာကြီးက ဆက်လက်ဝေဖန်ရေးသားထားပေသည်။ အထက်ပါစာဟာ ရိုက်တာသတင်းဌာနက ဂါဒီယန်သတင်းစာပါ ဆောင်းပါးထဲက အကြောင်းအချက်တခုကို ဖောက်သယ်ချလိုက်တာပဲ ဖြစ်ပါတယ်။

တကယ်တော့ ဦးသန့်ဟာ မြန်မာပြည်သား တယောက်အနေနဲ့ ဒုတိယကမ္ဘာစစ်ကြီးဒဏ်ကို မိအေးနှစ်ခါနာဆိုသလို ခံခဲ့ရသူ၊ ပြည်တွင်းစစ်ကြီးဒဏ်ကို ခံခဲ့ရသူဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ကို မလိုလား၊ ငြိမ်းချမ်းရေးကို လိုလားတာ ဖြစ်ပါတယ်။ ကမ္ဘာစစ်မီးထဲမှာ သူစုဆောင်းခဲ့တာ စာအုပ်တွေနဲ့ အတူ သူ့အိမ်လည်း မီးထဲပါသွားခဲ့ပါတယ်။ ပြည်တွင်းစစ်ကာလမှာ ကရင်သူပုန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အသက်စွန့်ပြီး ဆောင်ရွက်ခဲ့ရတဲ့ အတွေ့အကြုံ လည်း ရှိပါတယ်။ ဦးနုရဲ့မှတ်ချက်ချအတိုင်း အလွန်ရိုးသားဖြောင့်မတ်ပြီး မေတ္တာရှေ့ထားစဉ်းစားတတ်သူလည်း ဖြစ်ပါတယ်။ ဒါတွေက ဦးသန့်ရဲ့ ပင်ကိုယ် အရည်အချင်းတွေပါ။ ဒီအရည်အချင်းတွေကို ဦးသန့်ဟာ ဗုဒ္ဓဘာသာဝင် တဦးအနေနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပေမယ့် ဗုဒ္ဓဘာသာဝင်တိုင်းမှာ ဒီအရည်အချင်းတွေ ရှိနေတာလည်းမဟုတ်ပါ ဆိုတာကိုတော့ သတိပြုရပါလိမ့်မယ်။ ဦးသန့်က ဦးနုလို အယူသည်းမှုတွေ မပါရှိပါဘူး။ နတ်၊ ဗေဒင်၊ ပုတီးတွေ မပါပါဘူး။ ဦးသန့်မှာ သီလနဲ့ ပညာပိုင်းမှာ လူတကာထက် ပိုပါတယ်။ ဦးသန့်ကို ဗုဒ္ဓဘာသာဝင်တဦးလို့ ဆိုတာထက် "ဗုဒ္ဓဘာသာဝင်ကောင်းတဦး" လို့ "ကောင်း" ဆိုတဲ့ ၀ိသေသတလုံး တိုးဖြည့်ပြောမှ တခြားဗုဒ္ဓဘာသာဝင်တွေနဲ့ မရောမှာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင် ဦးသန့်ရဲ့ စွမ်းဆောင်မှုတွေကြောင့်
(၁) မြန်မာနိုင်ငံရဲ့ ဂုဏ်မြင့်တက်ခဲ့တယ်။
(၂) မြန်မာလူမျိုးရဲ့ ဂုဏ်မြင့်တက်ခဲ့တယ်။
(၃) ဗုဒ္ဓဘာသာရဲ့ ဂုဏ်မြင့်တက်ခဲ့တယ်။
(၃) ကုလသမဂ္ဂကြီးရဲ့ ဂုဏ်လည်း မြင့်တက်ခဲ့ပါတယ်။

ဗိုလ်နေ၀င်းအစ ဗိုလ်သန်းရွှေအဆုံး ဗမာစစ်ဗိုလ်ချုပ်တွေကြောင့် ခုအခါမှာ မြန်မာနိုင်ငံရဲ့ဂုဏ်ရော ဗုဒ္ဓဘာသာရဲ့ဂုဏ်ရော၊ မြန်မာလူမျိုးရဲ့ဂုဏ်တွေ အထူးနိမ့်ကျခဲ့ရပါတယ်။ ဒီဂုဏ်တွေကို သူများက ဆည်ပေးလို့မရပါ။ ဦးသန့်ကို မနာလို တိုရှည် ဖြစ်နေလို့လည်း မပြီးပါ။ ဦးသန့်ဂုဏ်တွေကို ဖျက်ပစ်လို့လည်း မရပါ။ မိမိတို့မှာ ကျဆင်းနေတဲ့ ဂုဏ်ကို မိမိတို့ဘာသာ ပြန်လည်မြှင့်တင်မှသာ ရနိုင်ပါတယ်။

ဗိုလ်ချုပ်တွေအနေနဲ့ မိမိတို့ရဲ့ဂုဏ်ကို ဆည်ချင်ရင် အလွန်လွယ်ပါတယ်။ ဦးသန့် အမိန့်ရှိဖူးသလို စိတ်ထဲကလာတဲ့ ကိစ္စတွေကို စိတ်ထဲမှာပဲ အရင် ရှင်းရပါလိမ့်မယ်။ ဦးသန့်ကို မေတ္တာရှေ့ထားပြီး တိုင်းပြည်ငြိမ်းချမ်းသာယာဝပြော စေချင်ပါတယ်ဆိုတဲ့ စေတနာထားလိုက်ရင် အစစချောမောသွားပါလိမ့်မယ်။

စစ်ဗိုလ်ချုပ်တွေ လူတောမတိုးနိုင်ဖြစ်နေရတာကို ငါတို့ ဘုန်းကြီးလို့ သာမန်လူတွေ မဖူးနိုင်ကြဘူးလို့ ထင်မနေပါလေနဲ့။ မကောင်းတာလုပ်ရင် လူတွေက ကိုယ့်ကို ရှောင်ကြမယ်။ ကိုယ်တိုင်ကလည်း လူတောမတိုးဝံ့ ဖြစ်မယ်။ ကောင်းတာလုပ်ရင် ဦးသန့်လိုပဲ လူရာဝင် လူတောတိုးနိုင်ပါလိမ့်မယ်။ လူကောင်းတဦးကို "လူတောမတိုးစေနဲ့" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အကျယ်ချုပ်၊ အကျဉ်းချုပ်ထားပေမယ့် လူတွေက တနေ့တခြား ပိုပြီးသာ ကြည်ညိုလာပါလိမ့်မယ်။ မကောင်းတဲ့လူကတော့ သူများအကျယ်ချုပ်မထားရဘဲ ကိုယ့်ဘာသာ အကျယ်ချုပ်ချကာ ခံနေရပါလိမ့်မယ်။

ဗိုလ်ချုပ်ကြီးတွေအားလုံး မေတ္တာပွားနိုင်ပါစေ။ တိုင်းပြည်ငြိမ်းချမ်းသာယာအောင်ဆောင်ရွက်နိုင်ကြပါစေ။ ကျနော်တို့ ကြည်ညိုစွာ အလေးပြုပါရစေ။

- မောင်စွမ်းရည်

North Korea restart the war ... (Zaw Aung (Mon Ywa))


 ကမ္ဘာကြီးကို စစ်ကြေငြာလိုက်တဲ့ မြောက်ကိုရီးယား
ဇော်အောင် (မုံရွာ)၊ ဧပြီ ၁၀၊ ၂၀၁၃
မြောက်ကိုးရီးယားက အမေရိကန်ကို စစ်ကြေငြာလိုက်တယ်... ဆိုတဲ့ သတင်း၊ သတင်းစာထဲ မမြင်လိုက်လို့ အင်တာနက်မှာ အတင်းလိုက်ရှာတော့၊ ပဋိပက္ခ အကြီးအကျယ်ဖြစ်နေတာ ။ စစ်သည်တော် အင်အားကိုပဲ ကြည့်ပြီး ခြေလျှင်တပ်နဲ့ တောင်ကိုးရီးယားမြို့တော်ကို အလွယ်တကူဝင်သိမ်း၊ အနိုင်ယူမယ် ဆိုတဲ့ သမရိုးကျ မြောက်ကိုးရီးယားရဲ့ ခြိမ်းခြောက်မှုပါ။
တရုတ်ရဲ့တပည့် ကွန်မြူနစ်နိုင်ငံဖြစ်ပြီး ဆင်းရဲ မွဲတေတဲ့ နိုင်ငံဖြစ်ပါတယ်။ သယံဇာတ ကြွယ်ဝပေမဲ့ အားလုံးစစ်ရေးမှာပဲ သုံးပစ်ပြီး အသက်၂၉နှစ်သား Kim Jong-un ကို ဘုရင်ပုံစံ ခေါင်းဆောင်တင်ထားတဲ့ ခပ်ကြမ်းကြမ်း မြောက်ကိုးရီးယားကို ထိန်းမရနိုင်ဖြစ်နေပါတယ်။
အထက်ပါ ဇယားကိုကြည့်ရင် ခြေလျှင်တပ် တစ်သန်းတစ်သိန်း နဲ့ ၇သိန်း အရေအတွက် အားဖြင့်၊ စစ်လက်နက်ပစ္စည်းများမှာ သာလွန်တဲ့အပြင် နူကလီယာဗုံး ၄လုံးကနေ ၁၂လုံးအထိ မြောက်ကိုးရီးယားက ပိုင်ဆိုင်ပါတယ်။
သို့သော် အမေရိကန်နောက်ခံထားတဲ့၊ ဂျပန်မှာအခြေချ လေတပ်၊ ရေတပ်များနဲ့ နောက်ဆုံးပေါ် နည်းပညာများ ရှိပါတယ်။ ဒါကြောင့် စစ်နည်းဗျူဟာရှင်များ အားလုံးနီးပါးက မြောက်ကိုးရီးယား စစ်ဝင်ရင်တော့ (ဆူဆိုက်)လုပ်တာပဲ လို့ဆိုပါတယ်။
လူအင်အားနဲ့ကြည့်ရင် တောင်ကိုးရီးယားစစ်သည် အင်အားတ၀က်ပဲရှိပေမဲ့ ကျန်းမာ၊ ကြံခိုင်၊ ခေတ်ပညာတတ်၊ ကျွမ်းကျင်မှုများရှိပါတယ်။ အထူးလေ့ကျင့်ထားသူများဖြစ်ပါတယ်။ လေကြောင်းစိုးမိုးမှုကို ခဏတွင်းမှာ ရယူနိုင်ပါတယ်။ အမေရိကန်တပ်သား ၂၈,၀၀၀ လည်း ရှိနေပါတယ်။ နည်းစနစ်ပိုင်းမှာ မယှဉ်နိုင်ပါ။
မြောက်ကိုးရီးယားမှာ နူကလီယာဗုံးများနဲ့ ဒုံးပျံပစ်စွမ်းအားတွေ ပိုင်ဆိုင်ထားပါတယ်။ ဓါတုလက်နက်မှာလည်း ကမ္ဘာ့တတိယ အကြီးဆုံးအင်အား တန်ချိန် ၅၀၀၀ ပိုင်ဆိုင်ပါတယ်။ စစ်သည် ၁သန်း ၁သိန်း၊ တင့်ကား ၄၁၀၀၊  သံချပ်ကား ၂၅၀၀၊ အမြောက်လက်နက် ၃၀,၀၀၀ ရှိပါတယ်။ ၁၉၅၃ခုနှစ် ကိုးရီးယားစစ်ပွဲနောက်ပိုင်း စစ်တိုက်တဲ့အတွေ့ကြုံ မရှိသေးပါဘူး။ ကိုရီးယားလက်နက်ကြီးများဟာ ၁၉၆၀ မတိုင်မီက လက်နက်များဖြစ်ပြီး ထက်ဝက်ဟာ ဒီထက်ပိုပြီး ဟောင်းနွမ်းပါတယ်။ (BLOOMBERG)
ကိုးရီးယားစစ်ပွဲ ၁၉၅၀-၁၉၅၃ (၃နှစ်၁လ) နောက်ကြောင်းပြန် …
စစ်ပွဲတွင် တရုတ်၊ ရုရှား၊ မြောက်ကိုးရီးယား ကွန်မြူနစ်နိုင်ငံများနှင့် အမေရိကန်၊ အနောက်နိုင်ငံများ၊ တောင်ကိုးရီးယားတို့ စစ်အင်အားစမ်းပွဲဖြစ်သည်။ မြောက်ကိုးရီးယားစစ်တပ်နှင့် ဆိုဗီယက်စစ်အကြံပေးများ ၂လအတွင်း တောင်ကိုးရီးယားမြို့တော် ဆိုးလ်မြို့တော်ကို သိမ်းပိုက်လိုက်သည်။ အမေရိကန်နှင့် တောင်ကိုးရီးယားတပ်များ အကြီးကျယ်ဆုံးရှုံးမှုမှာ လေကြောင်းအင်အား အကူဖြင့် ၂ပတ်အကြာ ဆိုးလ်းမြို့တော်ကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး၊ ရက်ပိုင်းအတွင်း မြောက်ကိုးရီးယားနိုင်ငံမြို့များစွာနှင့် မြောက်ကိုးရီးယားမြို့တော် ပြုံယမ်းအထိ ချီတက်၊ သိမ်းပိုက်နိုင်လိုက်သည်။
တောင်ကိုးရီးယားတပ်များ တန်ပြန်ထိုးစစ်ဖြင့် အနိုင်ရရှိနေချိန် မမျှော်လင့်ပဲ တရုပ်စစ်တပ်ကြီး (25 Oct 1950) တွင် ရုတ်တရက် ၀င်ရောက်တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သမိုင်းတွင် အရှည်လျှားဆုံ တပ်ဆုတ်ခွာခရီး စတင်ခဲ့ရသည်။ ဆိုးလ်မြို့လည်း ပြန်လည်ကျဆုံးသွားပြီး တရုတ်၊မြောက်ကိုးရီးယားတပ်များ တောင်ကိုးရီးယားတစ်ခုလုံး သိမ်းပိုက်လုနီးပါးဖြစ်ခဲ့သည်။ အမေရိကန်က နူကလီယာလက်နက်သုံးလုနီးပါး အရှုံးကြီးရှုံးခဲ့သည်။ အမေရိကန်သမ္မတ ထရူးမင်းက စစ်ဗိုလ်ချုပ်မက်အာသာ MacArthur, နေရာတွင်၊ စစ်ဗိုလ်ချုပ်ရစ်ဝေး Ridgway ဖြင့်အစားထိုးလိုက်သည်။  Jul 1953 တိုင် ၂ နှစ်ကြာအောင် အမေရိကန်၊ ကုလနှင့် တောင်ကိုးရီးယားတပ်များက တိုက်ပွဲများစွာဖြင့် လက်လွတ်ခဲ့ရသော မြို့၊နယ်မြေများကို ပြန်သိမ်းခဲ့ရသည်။ ၁၉၅၃ ဇူလိုင်လတွင် နေမြဲနေရာများသို့ ပြန်လည်ဆုတ်ခွာပြီး စစ်ရပ်စဲခဲ့သည်။
အမေရိကန်၊ တောင်ကိုးရီးယား စစ်သားများ ၂သိန်းခန့်သေဆုံးပြီး၊ ၆သိန်းခန့် ဒဏ်ရာရခဲ့သည်။  တရုတ်၊ မြောက်ကိုးရီးယား စစ်သားများ ၄ သိန်းကျော် သေဆုံးခဲ့ပြီး၊ ၇သိန်းခန့် ဒဏ်ရာရခဲ့သည်။ ပြည်သူလူထု ၂သန်းခွဲခန့် သေကြေဒဏ်ရာရခဲ့သည်။ 

Wayyan (Taung Gyi) - Cartoon


ဤတနှစ် သိကြားမင်း ဆင်းကဒ်စီး၍ ဆင်းလတ္တံ့
ကာတွန်း - ဝေယံ (တောင်ကြီး)
ဧပြီ ၁၀၊ ၂၀၁၃

Mar Mar Aye - 476

 "ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်" အမှတ် (၄၇၆)
မာမာအေး
ဧပြီ ၁ဝ၊  ၂ဝ၁၃



သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … အမေရိကါးက သွားတဲ့သူက ကိုယ့်ပြည်နိုင်ငံမှာ ဂနိုင်တော်တော်ကျလာခဲ့ရတယ်တော်ရေ့၊ 

TUESDAY, APRIL 9, 2013

Kyaw Thu - FFSS Yangon Activity,


ရွှေပြည်နန်း၏ ဆယ်သန်းအလှူ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၁၀၊ ၂၀၁၃



ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများသည် ငယ်စဉ်အခါကတည်းက မိဘ၊ ဘိုးဘွားတို့၏ သွန်သင်ဆုံးမမှုအောက်တွင် ကြီးပြင်းခဲ့ကြသလို မိမိကိုယ်ကို လူဟူ၍ပင် မသိတတ်ခင်အချိန်ကတည်းက အဖေ၊ အမေ၊ အဘိုး၊ အဘွားတို့၏ "ဦးတော် လုပ်လိုက်ပါဦး သားသားရေ … မီးမီးရေ"ဟူ၍ ဘာသာတရား ကိုင်းရှိုင်းတတ်စေရန် သွန်သင်ဆုံးမလာတတ်ကြသည်။ လမ်းလျှောက်တက်သည့်အရွယ်တွင်လည်း မိဘ၊ အဘိုး၊ အဘွားများသည် အခါကြီးရက်ကြီး ဥပုပ်နေ့များတွင် ဓမ္မာရုံများ၊ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ သီတင်းသီလဆောက်တည်ကြရာတွင်လည်း သားသား၊ မီးမီးတို့လက်အားဆွဲ၍ ခေါ်သွား တတ်ကြပြီး ဆရာတော်ကြီးများ၊ ရဟန်းသံဃာများ၏ ရှေ့မှောက်တွင် မိမိတို့နှင့်အတူ သြကာသ အစချီ၍ သရဏဂုံဆောက်တည်ခြင်း၊ သီလယူခြင်း စသည့်အမှုကိစ္စများကို အလေ့အကျင့်ဖြစ်စေရန် ဘာသာတရား အား သက်ဝင်ယုံကြည်လာစေရန် သွန်သင်ခဲ့ကြသည်။ မိမိတို့၏ နေအိမ်သို့ ရဟန်းသံဃာများ၊ သီလရှင် များ ဆွမ်းခံကြွသည့်အခါများတွင် ဆွမ်းလောင်းခြင်းစသည့် ဒါနနှင့်ပတ်သက်သော ကုသိုလ်များကိုလည်း ပြုလုပ်စေခဲ့ကြသည်။ နေအိမ်တွင် ဘုရားရှိခိုးသည့်အခါတွင်လည်း ကွယ်လွန်သွားကြသော ဆွေမျိုးမိဘ၊ အဘိုးအဘွားများအား ရည်စူး၍ပြုခဲ့သမျှသော ဒါန၊ သီလ၊ ဘာဝနာ၊ ကုသိုလ်တို့အား ဦးထိပ်ပန်ဆင်၍ အမျှပေးဝေတတ်စေရန် အလေ့အကျင့်ကောင်းများကို သွန်သင်လေ့ကျင့်ပေးခဲ့ကြသည်။ ထို့ကြောင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများသည် အလှူအတန်းပြုလုပ်သည့်အခါတွင် ကွယ်လွန်သွားကြ သော မိဘဆွေမျိုးတို့၏ ကျေးဇူးဂုဏ်တို့ကို အောင့်မေ့လျှက် အလှူဒါနပြုလုပ် အမျှပေးဝေလေ့ရှိကြ သည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။

  ၂ဝ၁၃ခုနှစ်၊ ဧပြီလ (၇) ရက်နေ့တွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေးနှင့် အခြား သော လူမှုအကျိုးပြုလုပ်ငန်းများအား ပိုမိုတိုးတက်ဆောင်ရွက်နိုင်စေရန်အတွက် ကွယ်လွန်သူ ဖခင်ကြီး ဦးရွှေပု(ပါဝါအလှကုန်)၏ နှစ် (၁ဝဝ) ပြည့်မွေးနေ့ကိုရည်စူး၍ ရွှေပြည်နန်းကုမ္ပဏီ၏ မိသားစုများမှ နာရေး ကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေကျပ်သိန်း (၁ဝဝ) အား လှူဒါန်းခဲ့လေသည်။ အဆိုပါငွေလှူဒါန်းပွဲ အား တောင်ဥက္ကလာပမြို့နယ်၊ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် ကျင်းပပြုလုပ်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးကျော်သူနှင့် အသင်းသား အချို့တို့မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ယခုကဲ့သို့ ရွှေပြည်နန်းကုမ္ပဏီ မိသားစုမှ လှူဒါန်းသောအလှူငွေကျပ်သိန်း (၁ဝဝ) တိတိအား နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် အကူအညီ လိုအပ်သောနေရာဒေသများရှိ လူမှုအကျိုးပြုလုပ်ငန်းများတွင် အကျိုးရှိစွာအသုံးပြု၍ လှူဒါန်း သွားမည်ဖြစ်သည်။

ထို့ကြောင့် အနန္တောအနန္တငါးပါးနှင့်တကွ ဖခင်ကြီး ဦးရွှေပု (ပါဝါအလှကုန်)၏ နှစ် (၁ဝဝ) ပြည့်မွေး နေ့အား ရည်စူး၍ပြုလုပ်ရသော ကုသိုလ်ထူးကြောင့် အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးနှင့် လူမှုဒုက္ခများ ခံစားနေရသော ပြည်သူတို့အား ပိုမိုတွင်ကျယ်စွာ ကူညီပေးနိုင်မည် ဖြစ်သဖြင့် ကွယ်လွန်သူဖခင်ကြီး ဦးရွှေပုအနေဖြင့်လည်း သာဓု … သာဓု … သာဓု ခေါ်ဆို၍ ပိုမိုမြင့်မြတ် သောဘုံဘဝမှ သားသမီးများပြုလုပ်သော ဒါနကုသိုလ်အတွက် ကြည်နူးပီတိစိတ်ဖြင့် မုဒိတာပွားနေမည် မှာ ယုံမှားဖွယ်ရာ မရှိပါတော့ချေ။

Eikyar Aww- Stire


ဖွတ်ကလေးနှင့် နိုင်ငံဂျားမှ ဆရာဝန်ဂျီးများ ရွာတော်ပြန်အရေး
အီကြာအော်
ဧပြီ ၁၀၊ ၂၀၁၃



ခက်သေးရွာ၊ ယုန်ကန်ဆေးရုံကြီးတွင် ဆေးရုံစောင့်အလုပ် လုပ်နေသော တပည့်ကျော် ဖွတ်ကလေးတစ်ယောက် ရှုးရှုးရှဲရှဲဖြင့် သူ့ဆရာ အီကြာအော်ဆီသို့ အပြေးအလွှား ရောက်လာလေတော့သည်။ ဖွတ်ကလေးတစ်ယောက် တော်တော် ဒေါဖောင်းနေပုံရသည်။ အီကြာအော်လည်း ဖွတ်ကလေး ဤသို့ ဒေါသ ထွက်သည်ကို မြင်ခဲသဖြင့် အတော်ကို အံ့သြမိတော့သည်။

 "ဟေ့ကောင် ဖွတ်ကလေး မင်းမျက်နှာက မည်းလို့ပါလား၊ အိုးမဲတွေများ ပေနေသလား မသိဘူး"

အီကြာအော်က နောက်သည်ကို မသိသော ဖွတ်ကလေးက သူ့မျက်နှာသူ လက်ဖြင့် ပွတ်လေတော့သည်။

 "ငါက အလကားနောက်တာပါ ဖွတ်ကလေးရယ်၊ မင်းမျက်နှာက ပုတ်သိုးနေပါလား၊ ဘာဖြစ်လာတာလည်းကွ"

"ကျွန်တော်တို့ ယုန်ကန်ဆေးရုံကြီး တစ်ခုလုံး မကျေနပ်ကြဘူး ဆရာအော်"

ဖွတ်ကလေးက စိတ်ဆိုးနေသော လေသံဖြင့် အီကြာအော်ကို ပြန်၍ဖြေလေ၏။

"ဘယ်သူ့ကို မကျေနပ်ကြတာလည်းကွ"

"သူကြီးပြောတာကိုပေါ့"

"သူကြီး အမေပုက ယုန်ကန်ဆေးကုန်ကြီး အဲယောင်လို့ ယုန်ကန်ဆေးရုံကြီး ပြုပြင်မွမ်းမံရေး ဥက္ကဌ မဟုတ်ဘူးလား၊ လူတကာပဲ အမေပု၊ အမေပုနဲ့ ချစ်လိုက်ကြတာ ငါလည်းပါတယ်လေကွာ"

"ဟုတ်တယ်လေ ဆရာအော်ရဲ့ ၊ သူကြီးပြောတာကို ကျုပ်တို့ယုန်ကန်ဆေးရုံကြီးက အုပ်ကလေးတွေ၊ အုပ်ကြီးတွေရော၊ ပါမောက္ခဂျီး၊ အထူးကု ဆရာဝန်ဂျီးတွေပါ မကျေနပ်ကြဘူး"

"နေပါဦး ဖွတ်ကလေးရဲ့ ၊ အမေပုက ဘာများပြောလို့ ဒီလောက်တောင်မှ ရှုးရှုးရှဲရှဲ ဖြစ်နေကြရတာလည်း"

"သူကြီးက ကျုပ်တို့ ခက်သေးရွာကနေ အပြင်ကို ရောက်နေတဲ့ နိုင်ငံဂျားက အထူးကု ဆရာဝန်ဂျီးတွေ ရွာကိုပြန်လာပြီး ရွာကဆရာဝန်ငယ်တွေကို ခဏပဲဖြစ်ဖြစ်၊ အကြာကြီးပဲဖြစ်ဖြစ် လာသင်ပေးဖို့ ပြောတယ်လေ"

"ဟ၊ အဲဒါ ဘာများမှားလို့လည်း၊ တို့ရွာ တိုးတက်ဖို့ဆိုရင် ဘယ်သူပဲလာလာ ကြိုဆိုရမှာပေါ့ မဟုတ်ဘူးလား၊ ကောင်းတာပေါ့ကွ"

အီကြာအော်က အံ့သြတကြီးဖြင့် ဖွတ်ကလေးကို ပြောလိုက်သည်။

"ပါမောက္ခဂျီးးတွေ၊ အထူးကု ဆရာဝန်ဂျီးတွေက အဲဒါဟာ သူတို့ကို မတတ်ဘူးလား၊ မသင်ဘူးလားလို့ စော်ကားသလို ဖြစ်နေကြောင်း ပြောနေကြတယ်"

"ဟာ ဒါဆိုရင် ဆရာဝန်လေးတွေကိုပဲသင်ပြီး သူတို့ကိုသင်ပါလို့ သူကြီးက မပြောလို့များလား၊ အင်း အဲဒါလည်း မဟုတ်တန်ရာသေးပါဘူး"

"ဟေ့ကောင် ဖွတ်ကလေးရဲ့ ၊ သူတို့မှာလည်း ဟိတ်နဲ့ဟန်နဲ့ နေကြရတာကိုးကွ၊ တို့ ခက်သေးရွာမှာက ပါမောက္ခဂျီး၊၊ အထူးကုဆရာဝန်ုဂျီးတွေဆိုရင် အကုန်သိ၊ အကုန်တတ်ပြရတယ်၊ အဲဒီ အရှိန်အ၀ါလေးနဲ့ လုပ်စားရတာကွ"

အီကြာအော်က သူ ထင်ရာမြင်ရာကို လျှောက်ဖြီးလေတော့သည်။

"သူတို့လည်း နိုင်ငံဂျားဘွဲ့ရတွေလေ ဆရာအော်ရဲ့ ၊ တတ်မှာပေါ့"

ဖွတ်ကလေးက သူသိသလောက် တတ်သလောက်ဖြင့် အဓွန့်တက်လိုက်သည်။

အီကြာအော်က မင်းငယ်ပါသေးတယ်ကွာဆိုသော အကြည့်ဖြင့် ဖွတ်ကလေးကိုကြည့်ပြီး…..

"အေးကွ…..၊တတ်တဲ့သူရှိသလို မတတ်တဲ့သူတွေလည်း ရှိမှာပဲ၊ အဲဒါကြောင့် ခက်တာပေါ့ ဖွတ်ကလေးရဲ့ ၊ တို့ခက်သေးရွာမှာက အမြီးပဲကြည့်ပြီး အထင်ကြီးကြတာ၊ တချို့ ဆရာဂျီးများဆိုရင် အမြီးတွေက အရှည်ကြီးတတ်ကြလို့ လူနာမည်တောင် ဘယ်ရောက်သွားမှန်း မသိတော့ဘူး"

"မင်း ကားပျက်ရင်ကော ရွာက ၀ပ်ရှော့ဆရာနဲ့ ပြင်မှာလား၊ နိုင်ငံဂျားမှာသေချာ လုပ်ဘူးတဲ့ ၀ပ်ရှော့ဆရာနဲ့ ပြင်မှာလား၊ တိုးတက်ဖို့အတွက် ကွန်ဇူးမားချွိုက်စ်ဆိုတာ ရှိရမယ်ကွ" အီကြာအော်က သု တတ်သမျှ မှတ်သမျှဖြင့် ဖွတ်ကလေးကို ဆရာကြီးလုပ်တော့သည်။

"ဒါနဲ့ နိုင်ငံဂျားက ဆရာဝန်ဂျီးတွေ တို့ရွာပြန်လာပြီး အလုပ်လုပ်တာနဲ့ မင်းနဲ့က ဘာဆိုင်လို့လည်း၊ ဘယ်ဆရာဝန်ဂျီးမှ ဆေးရုံစောင့်တဲ့ အလုပ်ကို လာမလုပါဘူးကွာ"

"ဆရာအော်ရေ….ဆရာဝန်ဂျီးတွေနဲ့ အတူ ရွာကနေ နိုင်ငံဂျားမှာ အလုပ်သွားလုပ်နေကြတဲ့ ဆေးရုံအပေါက်စောင့်တွေပါ ရွာကိုပြန်ပါလာရင် ကျွန်တော့ စားပေါက်ကလေး ပိတ်သွားမှာပေါ့"

အီကြာအော်လည်း တပည့်ကျော် ဖွတ်ကလေး ဘာကြောင့် ဒေါသဖြစ်ပြီး စိုးရိမ်နေသည်ကို သဘောပေါက်သွားတော့သည်။

"မင်းကလည်းကွာ ပူစရာမရှိတာကို ရှာကြံပြီး ပုနေတာကိုးကွ၊ အမေပုကလည်း နိုင်ငံဂျားရောက် ရွာကဆေးရုံပေါက်စောင့်တွေ ခဏဖြစ်ဖြစ်၊ အကြာကြီးဖြစ်ဖြစ် လာစောင့်ပါလို့တော့ မပြောပါဘူး စိတ်ချပါ"

"တို့ရွာက မီးတောင် မှန်မှန်လာဖို့ မနည်းလုပ်ရဦးမယ်၊ အခုလည်း ရုတ်ရုတ်ရုတ်ရုတ်နဲ့ မင်းပင်စင်သွားတဲ့အထိ နောက်ထပ် အနှစ်အစိတ်လောက်တော့ ဘာမှပြောင်းဦးမှာ မဟုတ်ပါဘူးကွာ" အီကြာအော်က ဖွတ်ကလေးကို ကြံဖန်၍ အားပေးလိုက်လည်။

ဖွတ်ကလေးလည်း အီကြာအော်၏ အားပေးစကားကြောင့် စိတ်သက်သာရသွားပုံရသည်။

"တလောကလည်း တို့ခက်သေးရွာ သမ္မတဂျီးက နိုင်ငံဂျားရောက် ဆရာဝန်ဂျီးတွေ ရွာကို ပြန်လာပြီး အလုပ်လုပ်ကြဖို့ ဖိတ်ခေါ်သေးတယ် မဟုတ်လား"

"ဟုတ်တယ်လေ ဆရာအော်ရဲ့ ၊ နိုင်ငံဂျားကပြန်လာပြီး အလုပ်လုပ်ချင်တဲ့အထုးကူ ဆရာဝန်ဂျီးတွေ သက်ဆိုင်ရာ ပါမောက္ခဂျီးတွေဆီက ထောက်ခံစာတောင်းပြီး လျှောက်ထားရမယ်တဲ့"

"နိုင်ငံဂျားမှာက တို့ခက်သေးရွာလောက် ပါမောက္ခဂျီးတွေ မရှိဘူးထင်တယ် ဖွတ်ကလေးရဲ့၊ တို့ရွာမှာ မြင်မြင်သမျှ ပါမောက္ခလို့တောင် ဆိုကြတယ် မဟုတ်လား၊ ဂုဏ်ယူစရာပေါ့ကွာ"

"ငါ့ အသိမိတ်ဆွေ အင်္ဂါလန်ရွာမှာ အလုပ်လုပ်နေတဲ့ အထူးကုဂျီးတွေတော့ အဲဒီသတင်းတွေကြားတော့ ဂေါင်းချောက်သွားကြသတဲ့၊ အင်္ဂါလန်လို ရွာကြီးမှာတောင် ပါမောက္ခဂျီးတွေက တော်တော်ရှားတာကိုး"

"အခု ကျုပ်တို့ ခက်သေးရွာက ဆရာဝန်ဂျီးတွေလည်း နိုင်ငံဂျားက ဆရာဝန်ဂျီးတွေအတွက် ပြင်ဆင်မှုတွေ လုပ်နေပါပြီ ဆရာအော်"

 "ဟုတ်လား၊ ဘယ်လိုပြင်ဆင်မှုတွေလည်းကွ"

"နိုင်ငံဂျားက ဆရာဝန်ဂျီးတွေ ခက်သေးရွာမှာ ဆရာဝန်မှတ်ပုံတင်(ဆမ) လာလုပ်ရင် ဆမ အတွက် တလကို ဒေါ်လာ ၅၀၀ မှတ်ပုံတင်ကြေးပေးရမယ်တဲ့"

"ဟ၊ မင်းဟာက များလှချေလား၊ အင်္ဂါလန်လို ရွာဂျီးတွေမှာတောင် ဆမ အတွက် တစ်နှစ်ကို ဒေါ်လာ ၆၀၀ ပဲယူတာ၊ ဒါတောင် အဲဒီရွာက ဆရာဝန်တွေက များတယ်ဆိုပြီး အော်နေကြတာ၊ မင်းဟာက တနှစ်ကို ဒေါ်လာ ၆၀၀၀ ဆိုရင် ၁၀ ဆ လောက်များနေပါလား"

"ဒါမှ အထင်ကြီးစရာဖြစ်မှာပေါ့ ဆရာရဲ့ ၊ ရွာသားဟောင်းတွေကိုတော့ ဈေးလျော့ပေးမှာပါတဲ့၊ နိုင်ငံဂျားက အထုးကုဂျီးတွေက ၀င်ငွေကောင်းကြတယ်မဟုတ်လား၊ အဲလောက်တော့ အသာလေးနေမှာပါ"

"မင်ကို ဘယ်သူကများ သတင်းမှားတွေ ပေးလိုက်တာလည်းကွ၊ ဖွဘုတ်တွေ သိပ်ပြီးမဖတ်နဲ့ မင်းကြောင်တောင်တောင် ဖြစ်သွားလိမ့်မယ်"

အီကြာအော်က ခက်သေးရွာသားပြီပြီ ဆရာကြီး လေသံဖြင့် အတည်ပေါက် ပညာပေးတော့သည်။

"အင်္ဂါလန်ရွာဂျီးမှာ အလုပ်လုပ်တဲ့ ငါ့မိတ်ဆွေ အထူးကုဂျီးတွေ ပြောစကားအရ သူတို့ဝင်ငွေ တ၀က်လောက်က အမြတ်ခွန်၊ ၀င်ငွေခွန်ထဲပါသွားရောတဲ့"

"တို့ခက်သေးရွာမှာ လူအများစုအပါအ၀င် ဘယ်ပါမောက္ခဂျီးတွေ၊ ဘယ်ဆရာဝန်ဂျီးတွေများ ၀င်ငွေခွန်ကို ဘယ်နှယောက်များ အမှန်အကန် ဆောင်ကြလို့လည်း၊ ရွာတစ်ရွာ၊ နိုင်ငံတစ်နိုင်ငံဆိုတာ အခွန်နဲ့တည်ဆောက်ရတာကွ၊ အခွံနဲ့ တည်ဆောက်ရတာ မဟုတ်ပေဘူး"

အီကြာအော်၏ အခွန်တရားတော်ကို နာကြားရသောအခါ ဖွတ်ကလေးတစ်ယောက်လည်း တွန့်သွားရသည်။ သူ့ဝင်ငွေကိုသာ အမှန်အတိုင်း ဆောင်ရလျှင်တော့ အီစလံဝေသွားနိုင်သည်။

"ဒါနဲ့ နေပါဦး ဖွတ်ကလေးရဲ့ ၊ တို့ရွာမှာ နိုင်ငံဂျားက ပြန်လာပြီး အလုပ်လုပ်မယ်ဆိုတဲ့ အထူးကုဂျီးတွေ ဘယ်နှယောက်လောက်များ ရှိပြီလည်း"

"ကြားတော့ မကြားမိသေးပါဘူး ဆရာအော်"

"ဒါနဲ့များ ဘာတွေကို ပူပန်နေကြတာလည်း မသိပါဘူးကွာ၊ မင်းလည်းစိတ်အေးအေးထားပါ"

ထိုစဉ်အခါတွင် မီးဖိုချောင်ထဲမှ ထွက်လာသော ဆရာအော်ကတော် ဒေါ်အွန်မေးက လှမ်း၍ မေးလိုက်သည်။

"ကိုအော်၊ ရှင်အမြတ်ခွန် ၀န်ထောက်နဲ့ ချိန်းထားတာ အခုအထိ မသွားသေးဘူးလား၊ လေပေါနေတာနဲ့ နောက်ကျနေဦးမယ်"

 "အေးပါကွာ အခုပဲ သွားမလို့လုပ်နေတာ၊ ဖွတ်ကလေးကို ဆုံးမနေရလို့"

အီကြာအော်လည်း ထုံးစံအတိုင်း ဖွတ်ကလေးကို လွှဲချလိုက်သည်။

"ရှင် လက်ဆောင် ၀င်ဝယ်သွားဖို့ မမေ့နဲ့နော်၊ ကိုခိုနီ့ ဆိုင်ကဆိုရင် သက်သာတယ်"

 ဒေါ်အွန်မေး၏ ဆူသံကို ထပ်ပြီးကြားရမည် စိုးသဖြင့်

"အေးပါကွာ အခုသွားပါပြီ" ဟုဆိုကာ တပည့်ကျော် ဖွတ်ကလေးကို မျက်စပစ်၍

"ဟေ့ကောင် ဖွတ်ကလေး၊ ငါ့ကို အွန်အွန်က အမြတ်ခွန်နည်းအောင် အရာရှိကို လက်ဆောင် ဆက်သခိုင်းထားလို့ ငါ သွားလိုက်ဦးမယ်" ဆိုကာ ဆိုက္ကားဖြင့် ထွက်သွားသည်တွင် ဖွတ်ကလေးကား ပါးစပ် အဟောင်းသားဖြင့် ကျန်ရစ်လေခဲ့တော့သတည်း။      ။


သဗ္ဗေသတ္တာ ကမ္မသကာ
အီကြာအော်

Than Win Hlaing - Articles


သမိုင်းတကွေ့မှ မင်းလောင်းဗန္ဓက
သန်းဝင်းလှိုင်
ဧပြီ ၁၀၊ ၂၀၁၃



လွန်ခဲ့သော နှစ်ပေါင်းရှစ်ဆယ်ကျော်က မုံရွာခရိုင် မြောက်ဖျားတွင် 'ဗသျှူး' အမည်ရှိသော အိမ်ခြေ ၆၉ အိမ်၊ လူဦးရေ ၃၅၄ ဦးသာ ရှိသည့် ရွာငယ်တစ်ရွာရှိလေသည်။ ထိုရွာငယ်ဇနပုဒ်မှာ သာမန်မြန်မာ့ကျေးလက်ရွာသိမ်ရွာငယ်မျှသာဖြစ်သော်လည်း သူ့ကျွန်ဘ၀တွင် ဗြိတိသျှကိုလိုနီနယ်ချဲ့သမားတို့အား ပျာလောင်ခတ်သွားစေသည်အထိ ဒုက္ခအမျိုးမျိုးပေးနိုင်ခဲ့သော ရွာငယ်ကလေးပင် ဖြစ်သည်။

ဒုက္ခပေးနိုင်ခဲ့သည့် အကြောင်းကား ဤသို့ဖြစ်သည်။ ဗသျှူးရွာအပါအ၀င် အနီးအနားရွာများ၌ ထိုစဉ်က စလေဦးပုညကဗျာတစ်ပုဒ်မှ စာသားအတိုင်း 'နှစ်ပြည်ထောင်တည်စ အလည်က ကျောင်းဆောင်၊ အနောက်မှာ ဝေဘူတောင်ငယ်၊ ရွှေဂူချောင်အကွေ့၊ မင်းကြီးနှင့်ကိန္နရာ၊ ဣန္ဒာပါထွက်တဲ့ရသေ့' တဘောင် ခေါ် နိမိတ်စကားပေါ်လာခဲ့လေသည်။

ယင်းတဘောင်၏ အတိတ်နိမိတ်ကိုယူ၍ 'ဗန္ဓက' အမည်တွင်သော ရသေ့တစ်ပါးသည် ရွာနှင့်မနီးမဝေးတွင် ထီးဖြူရုံတစ်ခုကို တည်ဆောက်လေသည်။ ယင်းထီးဖြူရုံ၏ အနောက်ဖက် အတာင် ၅၀ ခန့်အကွာတွင် ကျောက်ခဲများကို တောင်ကုန်းလေးများသဖွယ် စုပုံထား၏။ ထိုတောင်တစ်ခုပေါ်တွင် ဘုရားတစ်ဆူတည်ထားပြန်၏။ အဆိုပါ တောင်ကလေးများရှေ့တွင် ဝေဘူလ နှင့် ဝေဘူလတောင် ဟူသော စာတမ်းတစ်ခု ရေးသား၍ စိုက်ထူထားလေသည်။ ထို့အပြင် တောင်ကုန်းကလေးများအနီး၌ ဆင်ဖြူသုံးစီးပုံ၊ ရှင်ဘုရင်ရုပ်ပုံ၊ နတ်များနှင့်သိကြားမင်းရုပ်ပုံ၊ ကိန္နရာရုပ်ပုံများကိုလည်း တည်ထားလေသည်။ ဤသို့ ဘုရားတည်၍ ရုပ်ပုံများ၊ ဆင်ဖြူများတည်ထားခြင်းမှာ မြန်မာသက္ကရာဇ် ၁၂၈၉ (ခရစ် ၁၉၂၇) ၌ "ဝေဘူတောင်စောင်းမင်းလောင်းဧကန်ပေါ်လတ္တံ" ဟူသော သိုက်တဘောင်အရ တည်ထားခြင်းဖြစ် ကြောင်း သိရလေသည်။

ထိုစဉ်ကထုတ်ဝေသော သတင်းစာများဖော်ပြချက်အရ ပထမဆင်ဖြူက ပိဋကတ်သုံးပုံကိုတင်ဆောင်ရန်၊ ဒုတိယဆင်ဖြူရှင်က မင်းမြှောက်တန်ဆာများကိုတင်ဆောင်ရန်၊ တတိယဆင်ဖြူက မင်းလောင်းကိုတင်ဆောင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

မင်းလောင်းဗန္ဓကရသေ့ကို မုံရွာခရိုင် အုတ်ဖိုရွာ၌ အဘဦးဝိုက်၊ အမိဒေါ်ဖွားခင်တို့မှ မြန်မာသက္ကရာဇ် ၁၂၄၄ (ခရစ် ၁၈၈၂) ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ထွန်းလှဖြစ်သည်။ အုတ်ဖိုမြောက်ကျောင်းဆရာတော် ဦးနန္ဒဝံသထံတွင် ပညာသင်ကြားခဲ့သည်။ အသက် ၁၅ နှစ်တွင် ရှင်လူထွက်၍ မိဘများနှင့်အတူ တောင်သူထန်းတက်အလုပ်များ လုပ်ကိုင်ခဲ့သည်။ အသက်၂၀တွင် ပသျှူးရွာမှ မဖွားခင်ဆိုသူနှင့် အကြောင်းပါ၍ မလှရင်ခေါ် သမီးကလေးတစ်ဦး ထွန်းကားခဲ့သည်။ မဖွားခင်နှင့် အကြင်လင်မယားအဖြစ် ၂၄ နှစ်ခန့် ပေါင်းသင်းနေထိုင်ပြီး နောက် အသက် ၄၄ နှစ်တွင် သက္ကရာဇ်ကြမ်းနှင့် ကြုံကြိုက်သည်ဟုဆိုကာ ရသေ့ဘောင်သို့ ၀င်ရောက်၍ ဗန္ဓက ဘွဲ့ခံယူခဲ့လေသည်။

ရသေ့ဘ၀တွင် ဣစ္ဆာသယဆေးများကို ဖော်စပ်ကာ တစ်ဘူးလျှင် ၂ ကျပ်နှုန်းဖြင့် ဖြန့်ချိရောင်းချခဲ့ရာ လူအများအပြားက ဗန္ဓက ရသေ့ ရောင်းသောဆေးများမှာ ရောဂါဝေဒနာများပျောက်ကင်းစေရုံမျှသာမက  ဓါးပြီး သေနတ်ပြီး တုတ်ပြီး ဆေးများပင် ဖြစ်သည်ဟု ယုံကြည် ကြပြီး နှစ်ခြိုက်ကြသောကြောင့် အများအပြားရောင်းချရသည်။ လများမကြာမီအတွင်း ငွေကြေးများစုဆောင်းမိခဲ့ရာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြရန် နှိုးဆော်တိုက်တွန်းခဲ့သောကြောင့် စေတီပုထိုးများကို တည်ထောင်နေခဲ့ခြင်းဖြစ်သည်။ ဗသျှူးရွာမှ ကိုသာမြတ်၊ ကိုနက်၊ အုတ်ဖို ရွာမှ ကိုထိုက်၊ ပဲမြစ်တောရွာမှ ကိုဘိုးညိမ်း၊ မြို့သစ်ချောင်းမှ ကိုပေါ်ညိမ်း၊ မုံရွာမြို့မှ ဦးဘိုးဇုန်နှင့် ဦးဘိုးဆိုင် စသော ပုဂ္ဂိုလ်များကလည်း ဗန္ဓကရသေ့နှင့်အတူ ရသေ့ဝတ်ကာ သူ၏လုပ်ငန်းများကို ကူညီခဲ့ကြလေသည်။


ဤသို့ဖြင့် ဗသျှူးရွာတွင် ဝေဘူလ၊ ဝေဘာလတောင်များနှင့် ဆင်ဖြူသုံးစီးရှိသည်ဟူသော သတင်းစကားသည် အရပ်ရပ်သို့ ပျံ့နှံ့ သွားလေရာ မင်းလောင်းမျှော်သူများနှင့် ဣစ္ဆာသယဆေးများဝယ်ယူလိုသော သူများ ၀င်လာမစဲတသဲသဲဖြင့် စည်ကားနေလေသည်။

ဗန္ဓကရသေ့သည် တဖြည်းဖြည်း နောက်လိုက်အင်အားများပြားလာသောအခါ ဗသျှူးရွာမှနေ၍ မုံရွာခရိုင်အတွင်းရှိ လူအများအား "ဗြိတိသျှအစိုးရကို ဖြုတ်ချပြီးလျှင် ဗန္ဓကရသေ့ကို မင်းမြှောက်လိမ့်မည်" ဟူသော အရိပ်နိမိတ်များ ထင်မြင်ယုံကြည်လာစေရန် တဘောင်စနည်းများကို တီထွင်ပေးနေသည်ဟူ၍ အချို့က ယူဆကြသည်။

၁၉၂၆ ခုနှစ် စက်တင်ဘာလတွင် ဗန္ဓကရသေ့သည် ဗသျှူးရွာ ရသေ့ကျောင်းသင်္ခမ်းမှ ထွက်ခွာပြီးလျှင် ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာ စည်းရုံး၍ အင်္ဂလိပ်နယ်ချဲ့တို့ကို တော်လှန်ရန်လှုံ့ဆော်ခဲ့သည်။ ထို့အပြင် မြေဒူးမြို့၌ အောင်မြေနင်းကြသေးသည်။ ထိုစဉ်က လှုပ်ရှားဆောင်ရွက်နေမှုများကို သက်ဆိုင်ရာစုံထောက်အစီရင်ခံစာများ၌ "ထိုလူအများသည် ကာလပျက်မည့်ခေတ်သို့ အမြန်ရောက်ပါစေ ဟု ဆုတောင်းမျှော်လင့်နေသူများဖြစ်ကြောင်း၊ ထိုအရပ်မှ လူအများတို့သည် လက်နက်များ ဆွဲကိုင်လျက် အစိုးရက တောင်းသောအခွန်တော်များ ကိုပင် မပေးဟု ငြင်းဆန်နေကြောင်း" ဖော်ပြထားလေသည်။

အစိုးရစုံထောက်များအစီရင်ခံစာများအရ ထိုအရပ်ဒေသမှလူအများ အဘယ့်ကြောင့် ကာလပျက်ပါစေဟု ဆုတောင်းနေသနည်း။ အဘယ့်ကြောင့် အစိုးရအခွန်တော်ကို မပေးနိုင်ဟု ဗြောင်ငြင်းဆန်နေကြသနည်း။ အဖြေမှာ ရှင်းလှပေသည်။

ထိုစဉ်ကာလက မြန်မာပြည်တ၀ှမ်းလုံးတွင် တောင်သူလယ်သမားများ၏ ဘ၀အခြေအနေများမှာ အစိုးရ၏ အမျိုးမျိုးသော အကြောင်းပြချက်ဖြင့် တောင်းခံနေသော အခွန်အတုတ်များနှင့် သဘာဝဘေးဒဏ်များကြောင့် စီးပွားရေးကပ်ဆိုက်ကာ ရေအိုးအောက်မှ ကရွတ်ဆွေးကဲ့သို့ တဖြည်းဖြည်းချင်း မွဲပြာကျနေချိန်ဖြစ်သည်။

၁၉၂၆ ခုနှစ်များတွင် အထက်မြန်မာပြည် မိုးခေါင်ရေရှားရပ်ဝန်းရှိ လယ်သမားတစ်ဦးလျှင် အကြွေးငွေ တစ်နှစ်လျှင် ၁၀၈ ကျပ်မျှ တင်ရှိနေ၍ ကြွေးတင်သော တောင်သူလယ်သမားဦးရေမှာ လူ ၁၀၀ လျှင် ၇၂ ယောက် ကြွေးရှိကြောင်း ထိုစဉ်က ထုတ်ပြန်သော ကြေးတိုင် အစီအရင်ခံစာများအရ သိရှိရလေသည်။

ထို့အပြင် စပါးဈေးကလည်း ထိုးကျလာလိုက်သေး၏။ စပါးဈေးမှာ တင်းတစ်ရာလျှင် ၁၉၂၄ ခုနှစ်၌ ၁၉၅ ကျပ်၊ ၁၉၂၅ ခုနှစ်တွင် ၁၉၄ ကျပ်၊ ၁၉၂၆ ခုနှစ်တွင် ၁၉၀ ကျပ် ဈေးသို့ ကျဆင်းလာခဲ့သည်။ ၁၉၂၇ ခုနှစ်တွင်မူကား စပါးဈေးမှာ ၁၃၀ ကျပ်ဈေးသာ ရှိတော့သည်။

အကြွေးကတင် စပါးဈေးက ထိုးကျနေ၍ တောင်သူလယ်သမားများ အကျပ်ရိုက်နေစဉ် လူခွန်တော်၊ မြေခွန်တော်၊ သဿမေဓအခွန်တော်၊ ရောင်းဝယ်ခွန်များ မပေးမနေရဟူ၍ အင်္ဂလိပ်နယ်ချဲ့အစိုးရ နှိပ်စက်လိုက်သေးသည်။ ကြွေးတင်၊ စပါးဈေးကျ၊ အခွန်တော်တိုးလာသည့်အပြင် ရာသီဥတုဖောက်ပြန်မှုကြောင့် လယ်သမားအများစု၏ ဘ၀မှာ မြေနိမ့်ရာလှံစိုက်ပမာ နစ်သထက်နစ်ကာ ဖွတ်ဘိုးအေဘ၀သို့ ကျရောက်နေရလေသည်။

ထိုစဉ်က လယ်သမားများမှာ အစိုးရ၏ ကြီးလေးသော အခွန်တော်များ စည်းကြပ်ခံရမှုအပြင်၊ လယ်သမားများကို ငွေတိုးချေးငှား မတရားနှိပ်စက်နေသည့် ချစ်တီးတို့၏ ညစ်ပတ်မှုဒဏ်ချက်များကိုလည်း ခံလိုက်ကြရရှာသေးသည်။ ယင်းသို့အားဖြင့် တောင်သူလယ်သမား အများစုမှာ မိမိလယ်ယာမြေများ ကြွေးသိမ်းခံရခြင်းကြောင့် အမြတ်ကြီးစားအတိုးကြီးစား ချစ်တီးတို့လက်သို့ ကျရောက်သွားကြရလေသည်။ အစိုးရနှင့် ချစ်တီးတို့က တောင်သူလယ်သမားများအပေါ် ဤသို့ ဖိစီးနှိပ်စက်လွန်းခြင်းကြောင့် ၁၉၂၆ ဧပြီလ ၈၊ ၉၊ ၁၀ ရက်နေ့များတွင် မိတ္ထီလာမြို့၌ သံဃာသာမဂ္ဂီအဖွဲ့ကြီး၏ သြ၀ါဒခံ 'ဂျီစီဘီအေ ကွန်ဖရင့်' ကြီးက သဿမေဓ အခွန်နှင့် မြေခွန်တော်များ ကောက်ခံခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့လေသည်။

ထို့နောက် အစိုးရ၏ မတရားစည်းကြပ်သော အခွန်တော်ငွေများကို ငြင်းဆန်သည့် 'မပေးဘူး' 'မဆောင်ဘူး' 'မသိဘူး' ဟူသည့် ၀ံသာနုဂျီစီဘီအေ အဖွဲ့ကြီး၏ လက်အောက်ခံ 'ဘူး' အသင်းများ မြန်မာပြည်အရပ်ရပ်တွင် ပေါ်ပေါက်လာခဲ့လေသည်။ ယင်းသို့ တောင်သူလယ်သမားများ၏ ဒိုင်အာခီအစိုးရကို အနုနည်းဖြင့် တော်လှန်လိုက်သည့် ထို 'ဘူး-- အသင်း' များ၏ ဆောင်ရွက်ချက်များသည် မုံရွာခရိုင်အတွင်းရှိ တောင်သူလယ်သမားများကို နှိုးဆွနေချိန်နှင့် တပြေးညီ မုံရွာခရိုင် ဗသျှူးရွာမှ မင်းလောင်း ဗန္ဓကရသေ့၏ မိစ္ဆာဒိဋ္ဌိ အင်္ဂလိပ်အစိုးရကို မောင်းထုတ်ရမည်' ဟူသော တော်လှန်ရေးမီးရှူးတိုင် အရှိန်ပြင်းစွာ တောက်လောင်ချိန်နှင့်လည်း တိုက်ဆိုက်နေလေသည်။

ထို့နောက် မကြာမီအတွင်း 'ဒူးဖြတ်၊ ရင်းဖြို၊ ဖိုးနင်း' ဟူသော တဘောင်စကားပေါ်လာခဲ့ပြန်သည်။ ယင်းတဘောင်ပေါ်ပြီး မကြာမီ မှာပင် ' တဗိုလ်လျှင် တဓါးသွေး၊ ၁၂၈၉ ခုနှစ်မှာ ပါပမင်းပြေးရတော့မယ်၊ မကြာမီ မြေဒူးကို အောင်မြေနင်းမင်း' ဟူသော လှုံ့ဆော်ချက်များကို ၀ံသာနုခေါင်းဆောင်တစ်ဦးဖြစ်သော ကိုထွန်းပေါ်သည် ကျေးရွာများသို့ လှည့်လည်ဟောပြောလျက်ရှိလေ၏။

၁၉၂၆ ခုနှစ် နိုဝင်ဘာလ အတွင်းတွင် ရေဦးမြို့ကို ကျော်ဇံနှင့် ကိုတူတို့၏ နေအိမ်တွင် ၀ံသာနုအစည်းအဝေးတစ်ခုကို လျှို့ဝှက်၍ ကျင်းပကြသည။် ထိုအစည်းအဝေး၌ ဗန္ဓက ရသေ့၏ နောက်လိုက်ရသေ့တစ်ဦးက ဗန္ဓကရသေ့၏ ဣစ္ဆာသယဆေးလုံးများရောင်းချပြိး မိစ္ဆာဒိဋ္ဌိ အင်္ဂလိပ်များကို တိုက်ခိုက်နှင်ထုတ်ကြရန် ဟောပြောလေသည်။ မြင်းစီးရွာတွင်ကျင်းပသော ၀ံသာနုအစည်းအဝေးသို့ ဗန္ဓကရသေ့ကြီးကိုယ် တိုင် တက်ရောက်ဟောပြောခဲ့သည်။ ဗန္ဓက ရသေ့၏ တပည့်များနှင့် ကျေးရွာဝံသာနုခေါင်းဆောင်များက ဦးစီးသော ကျေးရွာဝံသာနု အစည်းအဝေးများကို ဖူးတောင်းပွဲ၊ ရေဦးမြို့၊ ဘဲဘော၊ မြင်းစီး၊ မင်းကွန်း၊ ဖလောင်းရိုင်၊ သာကေတ၊ ဆူးတပ်၊ ဆိတ်ခွန်၊ မင်းတိုင်ပင်၊ ပေါင်းလည်ကုန်း၊ တန့်ဆည်မြို့၊ အုတ်ဖို၊ နှောတော စသည့် မြို့ရွာတို့တွင် ကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေးပွဲများမှ အင်္ဂလိပ်အစိုးရကို မည်သည့်အခွန်မျှ မပေးရေးနှင့် မောင်းနှင့်တိုက်ခိုက်ရန်တို့ကို စည်းဝေးဆုံးဖြတ်ချက်ချခဲ့ကြသည်။

ဤသို့ ဆွေးနွေးဆုံးဖြတ်ကြပြီးနောက် ၁၉၂၆ ခုနှစ် အောက်တိုဘာလတွင် ဗန္ဓကရသေ့နောက်လိုက်များဖြစ်ကြသော ရသေ့ ဦးငြိမ်း နှင့် ရသေ့ ဦးဘိုးအေးတို့က ဗန္ဓကထံမှ ရရှိသောစာကို ဆိတ်ခွန်ရွာသို့ ပေးပို့ရာ ရွာခေါင်းကိုဘိုးလူ၏လက်သို့ မှားယွင်းရောက်ရှိသွား၏။ ကိုဘိုးလူမှ ဆိတ်ခွန်ရွာသူကြီးထံ ပြသရာ သူကြီးက အရေးကြီးသည်ဆိုပြီးလျှင် ရွှေဘိုရာဇ၀တ်ဝန် ဦးဘိုးသန်းထံ တင်ပြခဲ့လေသည်။ ယင်းစာ သည် အခြားမဟုတ်။ ဗန္ဓကရသေ့က အင်္ဂလိပ်ကို စစ်ကြေညာသော အမိန့်စာဖြစ်လေသည်။ စာပါကြေညာချက်မှာ-

၁၂၈၈ ခုနှစ် တော်သလင်းလပြည့်ကျော် ၁၀ ရက် (ခရစ် ၁၉၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်) သောကြာနေ့။ ကန်တော်ရှင်၊ သာသနာပြုမင်းအမိန့်တော်။

ဘုန်းတော်ကြီးများနှင့်တကွ ဒါယိကာများတို့-

ကျွန်ုပ်ကိုယုံကြည်ကိုးစားကြသော သူတို့သည် ၁၂၈၈ ခုနှစ် တန်ဆောင်မုန်းလ (၁၉၂၆ ခုနှစ် နိုဝင်ဘာလ) မှ စ၍ လက်နက်များ အပြည့်အစုံရှိကြစေ။ ကျွန်ုပ်ကိုယ်တိုင် မြန်မာတို့ထီးနန်းကို လုယူသော ပါပမင်းအင်္ဂလိပ်လူမျိုးတို့ကို ကျွန်ုပ်၏ စိတ်ပုတီးနှင့် တိုက်ခိုက်မည်။ တန်ဆောင်းမုန်းလက တပို့တွဲလအထိ ရှိသမျှ လက်နက်ဖြင့် တိုက်ခိုက်ကြမည်။ ဖျက်သင့်သော အရာများကို ဖျက်ဆီးစေ။ မီးနှင့်ဖျက်စေ။

အဆိုပါ အမိန့်တော်ထည့်ထားသော စာအိတ်ကို ရွှေချထားပြီးလျှင် (စ၊ ဓ၊ ဗ၊ ၀) စမလေးလုံးကိုလည်း ရေးသားထားလေသည်။ ဗန္ဓက နှင့် ၀ံသာနုအသင်းဝင် တောင်သူလယ်သမားများသည် ယခင်ပေါ်ပေါက်ပြီးသော "ဒူးဖြတ်၊ ရင်းဖြို၊ ဖိုနင်း" ဟူသော တဘောင်နိမိတ်အရ ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် သောကြာနေ့တွင် မြေဒူးမြို့ကို အလုံးအရင်းဖြင့် ၀င်ရောက်တိုက်ခိုက်ကာ မြေဒူးသူကြီကို ဒူးဖြတ် သတ်လိုက်ကြသည်။ ဤသို့ မြေဒူးသူကြီး ဒူးဖြတ်သတ်သွားခြင်းမှာ မြေဒူးသူကြီးသည် လွန်ခဲ့သော သုံးနှစ်ခန့်က ၀ံသာနုခေါင်းဆောင် တစ်ဦးဖြစ်သူ မောင်နေတက်ဆိုသူအား အစိုးရအကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ ဖြင့် တရားစွဲထောင်ချလိုက်ရာတွင် အစိုးရ၏ အဓိက သက်သေအဖြစ် ပါဝင်ထွက်ဆိုခဲ့ခြင်းကြောင့် ၀ံသာနုများ၏ လက်စားချေခြင်းကို ခံရသည်ဟု ဆိုသည်။ တဖန် "ရင်းဖြို" ဟူသော စကားအရ ၁၉၂၇ ခုနှစ် ဇူလိုင်လ ၂၄ ရက် တနင်္ဂနွေနေ့ တွင် ဗန္ဓကရသေ့နောက်လိုက်များသည် သေနတ်အလက်ပေါင်းများစွာ လူပေါင်းတစ်ရာဖြင့် ဒီပဲရင်းပုလိပ်ဌာနကို လာရောက်တိုက်ခိုက်ခဲ့ ကြသည်။ ရဲဌာနသို့ ၀င်ရောက်စီးနင်းစဉ်က ဗန္ဓက နောက်လိုက်များသည် "အကျဉ်းသမားတွေ ကို လွှတ်ပစ်မယ်။ ဂါတ်တဲကို မီးရှို့ပြီး သေနတ်တွေကိုသာ ယူမယ်။ မဆိုင်တဲ့လူတွေ ဖယ်ကြ" ဟူ၍ အော်ဟစ်ကြသော်လည်း ပုလိပ်ဌာနမှ ဆပ်အင်စပိတ်တော် မောင်ဖိုးသီဆိုသူက ခြောက်လုံးပြူးသေနတ်ဖြင့် ဆီးကြိုခုခံသဖြင့် စီးနင်းသူတို့က ဓါးဖြင့် ခုတ်ဖြတ်သွားခဲ့ကြသည်။ ယင်းနောက် "ဖိုးနင်း" ဟူသော တဘောင်စကားအတိုင်း ၀ံသာနုအဖွဲ့ဝင်များသည် အုတ်ဖိုရွာသို့ သွားရောက်တိုက်ခိုက်ခဲ့ကြပြန်သည်။ အုတ်ဖိုရွာသို့ စီးနင်းတိုက်ခိုက်ရာ၌ သေနတ် ၆ လက်၊ လူအင်အား ၅၀ ပါဝင်၏။

"ဓါးလွတ်ငွေကွပ်နျင့် မြေညွတ်အောင် ချီလာလိမ့်။ ဘိုးတော်ရဲ့မြေး" ဟူသော တဘောင်စကားပေါ်လာပြန်သည်။ ထို့နောက် မုံရွာ၊ စစ်ကိုင်း၊ ရွှေဘိုစီရင်စုနယ်များအတွင်း ဗန္ဓက ရသေ့ခေါင်းဆောင်သည့် ၀ံသာနုအဖွဲ့ဝင်များ၏ ထကြွမှုသည် ပျံ့နှံ့သွားလေသည်။ အင်္ဂလိပ် အစိုးရသည် ထိုဗန္ဓက အဖွဲ့ကို နှိမ်နင်းရန် အင်အား ၁၅၀ ပါရှိသော စစ်ပုလိပ်တပ်ခွဲတစ်ခုကို ရွှေဘိုမြို့မှ အထူးစေလွှတ်ခဲ့ရသည်။ ယင်းစစ် ပုလိပ်တပ်ဖွဲ့သည် တန်ဆည်မြို့၊ ရေဦး၊ တပရင်းမြို့များတွင် ခွဲဝေတပ်စွဲနေကြလေသည်။ အရေးပိုင် မစ္စတာဒဗလျူတီပမ်း၊ ခရိုင်ရာဇ၀တ်ဝန် ဗဟာဒူးဘိုးသန်းတို့သည် ဗန္ဓက အဖွဲ့နှိမ်နင်းရေးကို ဦးစီးနေကြသူများဖြစ်ကြလေသည်။ ရွှေဘို အရေးပိုင်က တရားရုံးတွင် "ဗန္ဓက အရေးတော်ပုံကြောင့် ၁၉၂၆ ခုနှစ်တွင် ရရှိရန်ဖြစ်သော အစိုးရအခွန်တော်ငွေများထဲမှ ၁၂ သိန်းမှာ လုံးဝ ကောက်ခံ၍ မရခဲ့ပါ" ဟု ထုတ်ဖော်ပြောဆိုသွားခြင်းကို ထောက်လျှင် ဗန္ဓက ၀ံသာနုများနှင့် ဘူးအသင်းများ၏ ဆောင်ရွက်မှုများသည် အသင့်အတင့် အောင်မြင်သည် ဟု ဆိုရပေမည်။ ဗန္ဓကအဖွဲ့သည် အင်္ဂလိပ်အစိုးရကိုသာ တိုက်ခိုက်သည်မဟုတ် တိုင်းပြည်သစ္စာဖောက်ရာထူးလက်ခံသော ဒိုင်အာခီအသင်း သားများကိုလည်း ရှာဖွေဖမ်းဆီးသတ်ဖြတ်လေ့ရှိခြင်းကြောင့် ထိုနယ်တ၀ိုက်တွင် အင်္ဂလိပ်အလိုတော်ရိ ဒိုင်အာခီသမားများ ပြေးလွှား ပုန်းအောင်းနေသည်မှာလည်း ထူးခြားမှုတစ်ခုပင်ဖြစ်သည်။

ယင်းသို့ ပုန်ကန်ထကြွမှုများဆက်တိုက်ဖြစ်ပွားလာခြင်းကြောင့် အင်္ဂလိပ်နယ်ချဲ့အစိုးရသည် အင်အားကြီးမားသော စစ်ပုလိပ် တပ်ရင်း အလုံးအရင်းနှင့် ရိုးရိုးပုလိပ်အဖွဲ့အင်အားတိုးချဲ့ပြီးလျှင် ရွှေဘိုခရိုင်တွင် တပ်ခွဲထားစေရလေသည်။ အစိုးရသည် ဗန္ဓကကို အသေ သို့မဟုတ် အရှင် ဖမ်းဆီးမိလျှင် ဆုငွေထိုက်တန်စွာပေးမည်ဟု ကြေညာရသည်အထိ အရေးတယူပြုလာရသည်။

မုံရွာ၊ ရွှေဘိုခရိုင်များအတွင်း ရွာစဉ်ရွယ်ဆက် စစ်ပုလိပ်တို့က ပိုက်စိတ်တိုက်လိုက်လံတိုက်ခိုက်မှုကြောင့် ဗန္ဓက ၀ံသာနုအဖွဲ့မှာ တဖြည်းဖြည်းပြိုကွဲသွားကြရလေသည်။ နောက်ဆုံး၌ ဗန္ဓကရသေ့ကို ၁၉၂၈ ခုနှစ် စက်တင်ဘာလအတွင်းတွင် အလုံမြို့တဖက်ကမ်း ရွှေတောင်ဦး၌ လူဝတ်ဖြင့် ဖမ်းဆီးရမိရာ သူနှင့်အတူ တဘောင်စကားတွင်ပါရှိသည့် 'ငွေကွပ်နှင့်ဓါးရှည်' ကိုပါ သက်သေအဖြစ် သိမ်းဆည်းမိသည်။

ထို့အပြင် ဗန္ဓကနောက်လိုက် ၀ံသာနုခေါင်းဆောင် ၆၉ ယောက်ကိုလည်း ဖမ်းဆီးမိရာ ၂၄ ဦးကို အောက်ရုံးက တရားရှင်လွှတ်သည်။ ကျန် ၄၅ ဦးကို စက်ရှင်ရုံးသို့ တင်ပို့စစ်ဆေးစေရာ ခေါင်းဆောင် ၂၀ ကို အိန္ဒိယရာဇသတ်ကြီး ပုဒ်မ ၁၂၀၊ ၁၂၁ (က)၊ ၁၂၄၊ ၃၉၅၊ ၃၉၇ တို့ဖြင့် အသီးသီး ပြစ်ဒဏ်ပေးလိုက်သည်။

ဗန္ဓကရသေ့ နှင့် အခြားခေါင်းဆောင် ၂၅ ဦးကိုမူ တသက်တကျွန်းထောင်ဒဏ်အပြစ်ပေးလိုက်လေသည်။

သို့သော် ဆဋ္ဌမမြောက် ဂျော့ဘုရင်နန်းတက်ပွဲအထိမ်းအမှတ်အဖြစ် ၁၉၃၇ ခုနှစ် မေလ ၁၂ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ ဗန္ဓကရသေ့သည် ၁၉၃၇ ခုနှစ် မေလ ၂၄ ရက်နေ့တွင် မန္တလေးထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ဗသျှူးရွာသို့ ပြန်လည် ရောက်ရှိလာပြီး မယားကြီး မဖွားခင်နှင့်ဆက်လက်အတူနေထိုင်ခဲ့လေသည်။ သူသည် ဗသျှူးရွာတွင် အေးချမ်းစွာနေထိုင်၍ ကုသိုလ်ဘ၀နာ ပွားများရင်း ၁၉၅၀ ပြည့်နှစ်တွင် ကွယ်လွန်သွားခဲ့လေသည်။

မည်သို့ဆိုစေ… မြန်မာသမိုင်းတကွေ့၌ မင်းလောင်း ဗန္ဓက ရသေ့အမည်ဖြင့် ကျော်ကြားခဲ့သော သူ၏ ဆောင်ရွက်ချက်များ၊ သူ့အတ္ထုပ္ပတ္တိနှင့် ဓါတ်ပုံကို သိရှိသူအလွန်နည်းပါးလာသောကြောင့် ပြန်လည်ဖော်ထုတ်ရေးသားလိုက်ရပါသည်။

စာကိုး။
(၁) မောင်မောင်ခင် (မုံရွာ)၊ "မင်းလောင်းဗန္ဓက" မြန်မာ့အလင်းနှစ်သစ်မင်္ဂလာသတင်းစာ၊ ၁၉၄၀ ဧပြီလ။
(၂) သူရိယ သတင်းစာ ၂၅ နှစ်မြောက် အထူးစာစောင် (၁၉၃၆ ဇူလိုင်လ)
(၃) နတ်မောက်ဘုန်းကျော်၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သုတေသနစာတမ်းများ၊ ရန်ကုန် စံပယ်ဦးစာပေ၊ ပထမအကြိမ် ၁၉၇၅ ဧပြီ။

Kyaw Home - Poem


ဝဉ္စနာ ဂယက်
ကျော်ဟုန်း
ဧပြီ ၁၀၊ ၂၀၁၃



ဒီက ဧပရယ် ချယ်ရီတွေကို မြင်ရင်
ဟိုက ဧပရယ် ရွှေဝါပိတောက်တွေ သတိရ၊

ဒီက မဖြစ်ညစ်ကျယ် သင်္ကြန်ပွဲ ဝင်နွှဲရင်း
ဟိုက ခမ်းနား မြို့ မသင်္ကြန်ပွဲကို တမ်းတ၊

ဒီက သင်္ကြန်ပွဲ တနွှဲမှာ
ကလေးမ တယောက်
ပိတောက်ခက်အတုနဲ့ ရေလာပက်တော့
ကိုယ့်လွမ်းပူ သူ့ ထံမကူးစေဖို့ 
ယဲ့ယဲ့လေးသာ ပြုံးတုံ့ လှယ်မိရ၊

ညီမငယ်တစုက
တရိုတသေ သိမ်းထားရရှာတဲ့
ရင်ဖုံးအင်္ကျီထမီနွမ်းလေးဝတ် ယိမ်းက
မြနန္ဒာအတုမို့  မလတ်မဆတ်လဲ
အပျော်တုလေးတွေ မပျောက်စေဖို့ 
ပျော့ဖျော့လျော့ လက်ခုပ်သံတီး အားပေးခဲ့ရ၊

ရေသန့် ဗူးမော့သောက်ရင်း
သစ်ပင်ရိပ် လမ်းဘေး ရေချမ်းစင်က
အုန်းမှုတ်ခွက်နဲ့ မော့သောက်လိုတဲ့ ငတ်မွတ်ခြင်း
လားရှိုးသိန်းအောင်ပြီးရင်
ငါတို့ တသိုက်ပါ ထပ်တိုးပေါင်းလိုက်
အိမ်လွမ်းသူများ ကွန်ယက်ထဲက အိပ်မက်များ
ထပ်ဆင့်မျှဝေ ခံစားနိုင်စေသား၊

တို့ တတွေများ
အချစ်ရှာရင်း အချစ်ပျောက်
အချစ်ငင်ရင်း အချစ်နင်
နေ့ စဉ် ဝဉ္စနာများနဲ့ ပေါင်းသင်း
အလှည့်များတဲ့ ဘဝများကြား
အလှည့်ဘယ်ခါရောက်လေမလဲ မျှော်ငင်
ငင်တင်တင် နင်တင်တင်နဲ့  ရွယ်ရင့် 
နုနေဆဲက ငတ်မွတ်နေသော ချစ်ခြင်း "အိမ်" ။   

Kyaw Thuyein - Cartoon


သ င်္ကြ န် မှာ
ကာတွန်း - ကျော်သူရိန်
ဧပြီ ၉၊ ၂၀၁၃


ကာတွန်း ကျော်သူရိန် ဖေ့ဘုတ်ခ်စာမျက်နှာမှ ပြန်လည်ကူးယူပါသည်။

Ohm Naing - Articles


ရေးခဲ့မိသော မှတ်တမ်းများ (၂၄)
အုန်းနိုင်
ဧပြီ ၉၊ ၂၀၁၃



● ရွေးကောက်ပွဲ အချိန်ဇယား
၁၉၈၉ ဇူလိုင်လ (၁၁) ရက်နေ့မှာ  ပါတီ စုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က ရွေးကောက်ပွဲအချိန်ဇယား
၊လုပ်ငန်းပြီးစီးမှုနဲ့  ကျနတဲ့လုပ်ငန်းစဉ် များကို ထုတ်ပြန်ပါတယ်..။ဒီ ထုတ်ပြန်ချက်အရတော့ မေလမှာ ရွေးကောက်ပွဲ ကျင်းပဖြစ်မယ်လို့
ဖော်ပြထားပေမယ့်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ မဲဆွယ်ခွင့်ကာလသတ် မှတ်ခြင်းကို    ၁၉၉၀ပြည့်ဖေဖေါ်ဝါရီ ၊မတ်နဲ့  ဧပြီ လို့အကြမ်းဖျင်း  သတ်မှတ်ထားပါတယ်..။

ကိုယ်စားလှယ်များ  လို့ ဆိုပေမယ့်   နိုင်ငံရေးပါတီ များဒီမိုကရေစီ နည်းကျကျ   လှုံ့ ဆော်စည်းရုံးဖို့ ရယ်လို့  တိတိကျကျ  သတ်မှတ်ချက် မပါပါဘူး..။ကိုယ်စားလှယ်များကို သာခွင့်ပြု မယ်..။ပါတီကိုတော့ ခွင့်မပြုဘူးလား..။ပြီးတော့  ဖေဖော်ဝါရီ ၊မတ်၊နဲ့   ဧပြီ ဆိုတော့ သုံးလပဲ
အလုပ်လုပ်ချိန်  ရှိမယ့် သဘောဖြစ်လို့မို့ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲ ဖြစ်မှ ဖြစ်ပါ့မလား..ဆိုတဲ့ သံသယဟာဗဟိုမှာတင်  မဟုတ်ပဲ..။ အောက်ခြေမှာပါ ဖြစ်နေပါတယ်..။လက်ရှိ အခြေအနေကလည်း   အာဇာနည်နေ့ ကိုတောင်လွတ်လွတ်လပ်လပ်  အလေးပြု နိုင်တဲ့ အခြေ အနေ မရှိတာမို့   ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲဖြစ်ဖို့  ယုံရခက်ပြီပေါ့..။

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်  ကလည်းပုံနှိပ်ထုတ်ဝေမှု  ကင်းလွတ်ခွင့်  လျှောက်ထားရေးနဲ့ ပတ်သက်လို့  မတရားတဲ့ ကန့်သတ်ချက်များ  ပါရှိတာမို့  လျှောက်ထားမည်မဟုတ်ကြောင်း ကို   ၁၉၈၉ခုဇူလိုင်လ (၇)ရက် နေ့စွဲ နဲ့   ကြေညာချက် အမှတ်( ၂၂)ကို ထုတ်ပြန်ပြီးတိတိ လင်းလင်း ကြေညာလိုက်ပါတယ်..။ဒီ ကြေညာ ချက်မှာပဲ  "အများ ပြည်သူ   သဘော  မတူတဲ့ အမိန့် အာဏာဟူသမျှ   တာဝန်အရ ဖီ ဆန်  ကြ"  ဆိုတဲ့ ကြွေးကြော်သံကို   ထည့် သွင်းလိုက်ပါတယ်...။

ကျနော်တို့ နယ် မှာတော့   ရန်ကုန် အခြေအနေကို  သိဖို့ ညနေ(၄)နာရီ လောက်မှ  ရောက်လာတတတဲ့  သတင်းစာကို  စောင့်ပြီး  အခြေအနေကို  ကြည့်ရပါတယ်..။ညဖက်ရေဒီယို သတင်းတွေကတော့ အဓိက  ပေါ့..။ဇူလိုင် (၁၇)ရက်နေ့   ရောက်လာတဲ့ သတင်းစာ ကတော့  ထူးခြားနေပါပြီ..။ရန်ကုန်မှာ အာဇာနည်နေ့  အခမ်းအနား ကျင်းပရေး အတွက်  ၀တ်စုံပြည့် လေ့ကျင့်မှုတွေလုပ်တဲ့  သတင်းတွေ ပါလာယုံမျှမကဘဲ..။ဒီ ၀တ်စုံပြည့် လေ့ကျင့်မှုတွေ  လုပ်တဲ့  အခမ်းအနားကိုအခြားအာဇာနည်ကြီးများ ရဲ့   မိသားစုကတက်ရောက်ပေမယ့်  ဗိုလ်ချုပ်အောင်ဆန်း မိသားစုက  ၀တ်စုံပြည့် အခမ်းအနားမတက်ရောက်တာကို ဖော်ပြပြီး  ။အာဇာနည်ကုန်းကို  နိုင်ငံရေး အဖွဲ့ အစည်း  အနေနဲ့ တဖွဲ့ ကို၁၀ဦးစီ  တက်ရောက်ဖို့   အမည်စာရင်းပေးသွင်းထားတဲ့ အဖွဲ့ အစည်းတွေကိုလည်း  ဖော်ပြထားပါတယ်..။သီးခြားတဦးချင်း အလေးပြုမယ့် သူများဟာလည်း  ငါးယောက်တတွဲသာ  အလေးပြု ရမယ်..။အဲဒီ စည်းကမ်းတွေကို  မလိုက်နာရင် တရားဥပဒေအရ ထိရောက်စွာ  အရေးယူမယ်လို့ ဖော်ပြထားပါတယ်..။ဒီ သတင်းစာထဲ မှာပဲအာဇာနည်နေ့  တက်ရောက်ဖို့ အမည် စာရင်း ပေးထားတဲ့ ပါတီ(၇၀) စာရင်းမှာမျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ ကို  တွေ့ ၇တော့  မအံ့သြမိတော့ပါ..။သူတို့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့ အလံတော်အောက်မှာ  ရှိသေးရဲ့ လား..။ရှိနေသေးရင်လည်း  လုံးဝ စိတ်ချယုံကြည်ဖို့  မကောင်းတော့ဘူးလို့ပဲယူဆမိပါတော့တယ်..။ဒါကို ဒေါ်အောင်ဆန်းစုကြည်သတိမူမိပါစေ..လို့ပဲ ဆန္ဒပြုမိပါတော့တယ်..။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း  တပါတီ(၁၀)ယောက်ပဲအလေးပြုရမယ်  ဆိုတာအဓိပါယ်မရှိဘူး..။အာဇာနည်ကြီးများကို  အများပြည်သူ  လွတ်လပ်စွာ ဂါရ၀ပြုနိုင်တယ်..။ဒါကိုမှ  ခွင့်မပြုရင်ကျမကိုယ်တိုင်လည်း  ဗိုလ်ချုပ်အောင်ဆန်း  မိသားစု  အနေနဲ့အာဇာနည်ကုန်းကို မသွားဘူး..။အများပြည်သူနဲ့ အတူပဲ   အာဇာနည်ကုန်းကို  သွားမယ်လို့   ရှင်းရှင်း   ပြောထားပြီးသား..။ဒီတော့  စိတ်ထဲမှာဒီ မျိုးချစ်ကြီးတွေဟာ  ဂဠုန်ဦးစောရဲ့  မျိုးချစ်တွေလိုပဲ  တနေ့မှာ  ကိုယ့်တပ်ကိုပြန်နင်းမယ့်သူတွေလို့ ထင်မိတယ်..။

● ရန်ကုန်မှာ  မာရှယ်လောထုတ်ပြီ
နောက်နေ့   သတင်းစာတွေမှာတော့  မာရှယ်လော အမိန့် အမှတ်  ၁/ ၈၉ ကို ထုတ်ပြန်လိုက်ပါတယ်..။မာရှယ်လော  အာဏာကို  ရန်ကုန်တိုင်း  တိုင်းမှူး၊အလယ်ပိုင်းတိုင်း    စစ်ဌာနချုပ် တိုင်းမှူး၊အနောက်မြောက်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး တို့ သုံးဦးကိုအပ်နှင်းလိုက်ပါ တယ်..။ အဲဒီနေ့   သတင်းစာမှာပဲ  အတွင်းရေးမှူး(၁)ဗိုလ်မှူးချုပ် ခင်ညွန့်က  သတင်းစာရှင်းလင်းပွဲ လုပ်ပြီး  အဓိက အချက်သုံးချက် ကို  တင်ပြခဲ့ပါတယ်..။ပထမ အချက်ကတော့  သူတို့ရွေးကောက်ပွဲ လုပ်ပေးမယ်လို့  ကြေညာနေတာကို  မယုံမကြည်ဖြစ်ပြီး   ဥပဒေအချို့   ဖျက်ပစ်ဖို့တင်ပြနေတာဟာ  ရွေးကောက်ပွဲ ကာလ  မတိုင်ခင်   တိုင်းပြည်မှာ    မင်းမဲ့ စရိုက်ဖြစ်ပြီး    ပါတီကြီးတခုက  နိုင်ငံရေး အာဏာကို  မတရားရယူလိုတယ် ဆိုတဲ့အချက်  ။ဒုတိယ  အချက်က  အာဇာနည်နေ့ကို    စနစ်တကျစီစဉ်ပြီး အာဇာနည်ခေါင်းဆောင်ကြီး များအိမ်ကို   ဖိတ်စာပို့ တဲ့ အခါမှာဗိုလ်ချုပ်အောင်ဆန်းမိသားစု    ကိုယ်စားလှယ်ဆိုသူ      မသိင်္ဂီ ကဗိုလ်ချုပ်ဖုန်းမြင့်  နဲ့   တွေ့ ဆုံညှိနှိုင်းပြီးမှ    အာဇာ နည်နေ့ ကို  စနစ်တကျ    တက်ရောက်မယ်လို့  ပြန်ကြားခဲ့တာ ရယ်..။ဦးတင်ဦး ဆိုသူ  လက်မှတ်ထိုးထားတဲ့ စာတစောင်မှာပါတီတခုလျှင်  လူဆယ်ဦးသာ တက်ရမယ်လို့    ကန့်သတ်ထားတာဟာ   ချုပ်ချယ်မှု တခုသာဖြစ်ပြီးသူတို့ပါတီ(၁၇၀)ကျော်  စုဝေးပြီး ပြည်သူလူထုနဲ့ 
အထူးစည်းကမ်းသေ၀ပ်စွာ ချီတက် အလေးပြုမှာဖြစ်တယ်..။ဒီ့ အရင်  အာဇာနည်နေ့ကျင်းပရေးကော်မတီကိုစာရင်းပေးထားတဲ့ ပါတီ(၇၀)ထဲက  တချို့ ဟာ  အခုပါတီပေါင်းစုံချီတက်အလေးပြုဖို့ လက်မှတ်ထိုးထားတဲ့ အထဲမှာ   ပါနေပြီ ဖြစ်လို့  အရင်စာရင်းက  ပယ်ဖျက်ထားတယ်လို့  ဆိုတာဟာပါတီကြီးတခုက  ပါတီငယ်များကို  အနိုင်ကျင့်တဲ့ သဘောဖြစ်လို့   လက်မခံနိုင်ဘူး..ဆိုတဲ့ အချက်။တတိယအချက်ကတော့  လွန်ခဲ့တဲ့ (၇)ရက်နေ့ က  သံလျင်ရေနံချက်စက်ရုံ  ဗုံးဖောက်ခွဲမှုနဲ့   (၁၀)ရက်နေ့မြို့ တော်ခန်းမ ဗုံးဖောက်ခွဲမှုများရဲ့ တရားခံများဟာ  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က လူတွေဖြစ်တယ် လို့စွပ်စွဲလိုက်တဲ့  အချက်တွေပါဘဲ..။နောက်ဆုံးတော့ သူတို့ ကြေညာထားတဲ့အတိုင်း  လူစုလူဝေးနဲ့   ချီတက်မယ်ဆိုရင်  ထိထိရောက်ရောက်အရေးယူမယ်  ဆိုတာကို  အဓိက ထား ပြောသွားတာပါဘဲ..။

ဒါကို ကြည့် ရင်   အာဇာနည်နေ့   အရေးအခင်းဟာအရေးကြီးတဲ့အကွေ့ အပြောင်းဖြစ်နေပြီးကျားနဲ့  ဆင်    လယ်ပြင်မှာ    တွေ့ ကြတော့ မှာပဲ..။  ဇူလိုင် (၁၈) ရက်နေ့    မနက်ကျတော့    တီဗီကနေပြီး  မာရှယ်လော ကြေညာချက်  အမှတ်(၂)  ဆိုပြီးကြေညာပါတော့တယ်..။အဲဒီအထဲမှာ စစ်တိုင်းမှူးက ထုတ်ထားတဲ့ အမိန့်ကို ဖီဆန်သူတွေကို   စစ်ခုံရုံးနဲ့ သာအမိန့်ချမယ်..။အမိန့်မှာလည်း   ပြစ်ဒဏ်က  သုံးမျိုးပဲ.။အနဲဆုံးထောင်ဒဏ် သုံးနှစ်..။ဒီထက် ကျော်တာက တသက်တကျွန်း..။အဆိုးဆုံး အပြစ်ဒဏ်ကသေဒဏ်..။စစ်ဆေးရင်လဲ အကျဉ်းနည်းနဲ့ ပဲ စစ်မယ်..။သူတို့ ခေါ်ချင်တဲ့  သက်သေပဲခေါ်မယ်..။မခေါ်ပဲ နေချင်လဲ  မခေါ်ဘူး..ဆိုတော့  ဗိုလ်စောမောင်က  ဒေါ်အောင်ဆန်းစုကြည်ကို  ကွန်ဖရန်တေးရှင်းမလုပ်ပါနဲ့ ဆိုပြီး သူတို့ဖက်က တော့ကွန်ဖရန်တေးရှင်းကို  စစ်ရေးအရ  ခေါင်းချင်းခွေ့တဲ့ တိုက်ပွဲ အမြင်နဲ့  ပြင်ဆင်တော့တာပါပဲ..။တကယ်တော့ဒေါ်အောင်ဆန်းစုကြည်က  ကွန်ဖရန်တေးရှင်းကို အကြမ်းမဖက်ပဲ.. အများပြည်သူ
သဘောမတူတဲ့အမိန့်အာဏာဟူသမျှ   တာဝန်အရ  ဖီဆန်ကြ  လို့ အနာခံ ရင်ဆိုင်နည်းကိုသုံးနေချိန်မှာ  ဗိုလ်စောမောင်ကတော့  အကြမ်းနည်း အားဖြင့်   တပ်ထောင်တာဗိုလ်ထုနဲ့   စစ်ဥပဒေကို သုံးပြီးရင်ဆိုင်ခေါင်းချင်း တိုက်တာပါဘဲ...။

ဇူလိုင်လ  (၁၉)ရက်နေ့    ထုတ်  သတင်းစာတွေညနေပိုင်းမှာ ရောက်လာတော့  ဗိုလ်မှူးချုပ်ခင်ညွှန့် က    သတင်းစာရှင်းလင်းပွဲ  လုပ်ပြန်တာ  ပါလာပါတယ်..။အာဏာဖီဆန်ရေး       လမ်းစဉ်ဟာ  ဗိုလ်ချုပ်အောင်ဆန်းက  နယ်ချဲ့ ကိုဆန့်ကျင်ခဲ့ တဲ့ လမ်းစဉ်သာ ဖြစ်တယ်..။တပ်မတော်က  နယ်ချဲ့ ဆန့်ကျငတဲ့  တပ်မတော်  မိုလို့    တပ်မတော်ကိုအာဏာမဖီဆန်သင့်ကြောင်းတွေ..။အေးချမ်းစွာ နဲ့   အာဇာနည်ကြီးများကို  အလေးပြုဖို့တွေ  ပါပါတယ်..။ဒီ့အပြင်   အဲဒီနေ့ထုတ်သတင်းစာတွေမှာပဲ    နိုင်ငံရေး   ပါတီများက  စာရွက် စာတမ်း စာအုပ်နှင့်ပုံနှိပ်ထုတ်ဝေသူများ   ကင်းလွတ်ခွင့်  လျှောက်ချင်ရင်   ဇူလိုင်(၂၅)ရက်နေ့အထိသာ  ခွင့်ပြု မယ်  ဆိုတာလဲ  ပါပါတယ်..။မာရှယ်လောက  ပေးအပ်ထားတဲ့ ကြေညာချက်တွေလည်း ပါတယ်။ဒီ အတိုင်းဆိုရင်   ရန်ကုန်မှာတော့  ပွဲကြမ်းတော့မယ်  ပုံပါဘဲ..။

ဇူလိုင် (၁၉) ရက်နေ့ ည  နိုင်ငံပိုင် ရေဒီယိုသတင်းတွေ အရ  ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ  အဖွဲ့ ချုပ်က  လူထုနဲ့  အတူ  ချီတက်မယ့်  အစီအစဉ်ကိုအချိန်မီ  ဖျက်သိမ်းလိုက်ရတယ်...။မဖျက်သိမ်းရင်    အာဇာနည်ကုန်း တ၀ိုက်ကို   စစ်မြေပြင် လိုပြင်ဆင်ထားတာတွေ ကြောင့်    လူ တွေ သွေးချောင်းစီးမယ့်  အရေးကို  ကာကွယတဲ့ အနေနဲ့  ဖျက်လိုက်ရတာပါ..။ဒါပေမယ့်ရှစ်လေးလုံးက  ကျောင်းသားလူငယ်တွေဟာ  သူတို့ အစီအစဉ် နဲ့  သူတို့  နေရာအသီးသီးက  ပေါ်လာလို့ပစ်ခတ်တာ မဟုတ်ပေမယ့်လုံထိန်းတွေ ရဲ့   အကြမ်းဖက် ရိုက်နှက်  လူစုခွဲတာ ခံရတဲ့ အပြင်ကျောင်းသားလူငယ် လေးဆယ်ကျော်ကိုပါဖမ်းဆီးလိုက်ပါတယ်..။                   အာဇာနည်ကုန်းကိုတော့  အာဇာနည်မိသားစု ကိုးစု  အနက်ခုနစ်စုသာ တက်ရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းမိသားစု နဲ့   ဦးဘ၀င်း မိသားစုက  မတက်ရောက်ဘဲ ကန့်ကွက်ခဲ့ကြပါတယ်..။ဘီဘီစီ နဲ့တွေ့ ဆုံမေးမြန်းခန်း မှာ  ဒေါ်အောင်ဆန်းစုကြည်က  "ဒီလိုသာ တပ်မတော်ကပြည်သူလူထုကို ဖိနှိပတဲ့အစီအစဉ်တွေ  ဆက်လုပ်နေမယ်  ဆိုရင်  ဖက်ဆစ်တပ်မတော်လို့ပဲ  နောက်ကိုခေါ်ရတော့မယ်" လို့ပြောလိုက်ပါတယ်..။

နောက်တနေ့ ည  သတင်းမှာတော့  ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကို ဖမ်းဆီးလိုက်ကြောင်း  သတင်းတွေ ပါလာလို့   ပြည်သူလူထုရော  နယ်တွေမှာ  ရှိတဲ့အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဝင်တွေ ရော  တုန်လှုပ် ခြောက်ခြား  ကြရပါတယ်..။သတင်းတွေထဲ မှာ  အဖွဲ့ချုပ်ရုံးကိုတော့  ဆက်ဖွင့်ခွင့်ပြုမယ်လို့ ပါပါတယ်..။အဲဒီနေ့   ညနေ ရောက်လာတဲ့သတင်းစာမှာလွတ်ငြိမ်းချမ်းသာခွင့် ဆန်ဆန်  အမိန့်အမှတ်(၄/၈၉ )ကို ထုတ်ပြန်ခဲ့ ပါတယ်..။(၁၈.၇.၈၉ ) မတိုင်မီ    စစ်ဆေးတဲ့ အမှုတွေကို    ပိတ်ပြီး   တရားခံတွေကိုလွှတ်ပစ်ရမယ်..။အကျဉ်းသားတွေကိုလည်း    ပြစ်ဒဏ် ရဲ့  သုံးပုံနှစ်ပုံလျှော့ပေါ့  ပေးရမယ်လို့  ပါပါတယ်..။တကယ်တော့ ထောင်ခါတာပါ..။နောက်ထပ် အဖမ်းအဆီးတွေ  ကြမ်းဦးမယ်  ဆိုတဲ့  သဘောပါဘဲ..။

ဒေါ်အောင်ဆန်းစုကြည်နဲ့  ဦးတင်ဦးကို ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး  န.၀.တ  က သတင်းစာရှင်းလင်းပွဲ  လုပ်ပါတယ်..။နိုင်ငံတော်အား  နှောင့်ယှက် ဖျက်ဆီးလိုသူများဧ။်  ဘေးအန္တရာယ်မှ  ကာကွယ်စောင့် ရှောက်သည့်  ဥပဒေ  ပုဒ်မ (၁၀)(ခ) အရ  အရေးယူထားတာ ဖြစ်လို့
ဒီဥပဒေအရ  နေအိမ်မှာပဲအကျယ်ချုပ် ထားမယ်..။ဒီပုဒ်မအရ  တနှစ်အထိ  အရေးယူနိုင်တယ်လို့ရှင်းလင်းပါတယ်..။တပြိုင်နက်ထဲမှာပဲ   နိုင်ငံရေး ပါတီများ ထုတ်ဝေခွင့်  ကင်းလွတ်ချက်ကို   ဇူလိုင်(၂၅)ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ရမယ်  ဆိုတာလည်း  ကြေညာပါတယ်..။

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကလည်း   ဥက္ကဌဦးတင်ဦးနဲ့    အထွေထွေ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်တို့ကို  ဒီလို အရေးယူပြီး အကျယ်ချုပ်ချထားတာကိုကန့်ကွက်ကြောင်း  ကြေညာတဲ့အပြင်   နယ်အဖွဲ့ ချုပ်များကိုလည်း   စိတ်ရှည်လက်ရှည် သည်းခံဖို့ နဲ့ ကန့်ကွက်ကြောင်း သက်ဆိုင်ရာကိုပို့ကြဖို့  ။စိတ်လိုက် မာန်ပါ  မဖြစ်ကြဖို့   ညွှန်ကြားလိုက်ပါတယ်..။

● သခွပ်ပင်က  မီးတကျည်ကျည်
အာဇာနည်နေ့  ကျင်းပဖို့  အရေးတကြီးစိုင်းပြင်နေရခိုက်  ပေါင်းတည်ရုံးရဲ့  အမှုဆောင်အစည်းအဝေး  တခုမှာ    မြို့ နယ်စည်းရုံးရေး   ကော်မတီဝင်ဦးခင်မောင်ဇော်က   နိုင်ငံရေး အစီရင်ခံစာစာတမ်းတခုကို  တင်ပြလာပါတယ်..။ဒီစာတမ်းရဲ့         အတိုချုပ်ကတော့သူ့အနေနဲ့  စားဝတ်နေရေးကြောင့်မြို့ နယ်အဖွဲ့ ချုပ်ရုံးကို  အချိန်ပြည့်  လာရောက်လုပ်အားမပေးနိုင်သော်လည်း  ဝေဖန်စရာ ရှိတာကို မဝေဖန်ရင်  သူ့တာဝန် မကျေမှာစိုးလို့  ဝေဖန်၇တာပါ..။အခု အချိန်မှာ  အထွေထွေအတွင်းရေးမှူး  ဒေါ်အောင်ဆန်းစုကြည် အား အမျိုးသားခေါင်း ဆောင်ဖြစ်လို့   သူဟာ  ပါတီတခုရဲ့ ခေါင်းဆောင်သာမဟုတ်..။တခြားပါတီတွေကိုလည်း  ဦးဆောင်မှု ပေးနေသူပါ..။ ဒါကြောင့်  မြို့ နယ်အဖွဲ့ ချုပ်ကလည်းလုပ်ငန်းလုပတဲ့ နေရာမှာ တခြားအဖွဲ့ တွေကို  လက်တွဲ ရမယ်..။JAC လို့ ခေါ်တဲ့ ပူးတွဲ  လုပ်ဆောင်မှုသဘောကို  ကျယ်ကျယ်ပြန့်ပြန့်  လုပ်ရမယ်..။လွန်ခဲ့ တဲ့ဇူလိုင်လ (၇)ရက်  အထိမ်းအမှတ်ပွဲမှာ  JAC သဘောအရလူ့ဘောင်သစ်နဲ့  လက်တွဲလုပ်ဖို့ အဖွဲ့ ချုပ် (လူငယ်)မှာ    သူတင်ပြ ပေမယ့်  ဗဟိုညွှန်ကြားချက်မရှိလို့ဆိုပြီး   လူ့ ဘောင်သစ်ကတယောက်စကားပြောခွင့်တောင်းတာ မရခဲ့ ဘူး..။သ၀ဏ်လွှာပေးရင်လဲ  သူတို့ပဲဖတ်မယ်..။အခမ်းအနားကိုတော့  ဖိတ်မယ်..။အဲဒီအချိန်မှာ  လူ့ဘောင်သစ်အဖွဲ့ က တရားဝင်မရှိလို့   ဒေသခံကျောင်းသား လူငယ်အနေနဲ့  ဖိတ်တယ်..။ဒါကိုလည်း မင်္ဂလာဆောင်  ဖိတ်စာဝေသလို  ကိုယ်နဲ့  ရင်းနှီးသူကိုသာ
ဖိတ်တာမျိုး ဖြစ်နေတယ်..။

ပေါင်းတည် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (လူငယ်)ဟာ ဘက်လိုက်မှုရှိနေတယ်..။ဒါကြောင့် လာမဲ့  အာဇာနည်နေ့ မှာ   ဒီလို မဖြစ်ဖို့  တင်ပြတယ်..။

နောက်တခုက  မြို့ နယ်စည်းရုံးရေး ကော်မတီဝင် တချို့  အစည်းအဝေး မတက်တာကို အရေးယူရမယ်..။(ဥပမာ..ဦးအောင်မိုးမြင့်၊ ဦးသိန်း)ဒါကိုလည်း  စည်းကမ်းတကျဖြစ်စေချင်တယ်..။စသဖြင့် ပါဝင်ပါတယ်..။ဒီတော့  အစည်းအဝေးမှာ သက်ဆိုင်သူများက  ဖြေရှင်း ဆွေးနွေး
ကြရပြန်တာပေါ့..။ပေါင်းတည်မြို့ နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်( လူငယ်)က ကိုဌေးလွင်ကရှင်းပါတယ်..။JAC ဆိုပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကို  တွဲလွဲ ခိုချင်သူတွေ  အတွက်   အဖွဲ့ ရဲ့ စည်းကော်မတီဝင် တဦးက  ဒီလို ကိုယ်စားပြု ရပ်တည်တာကို  ၀မ်းနည်းမိတယ်..။အပြင် ထရံကို  အတွင်းကာထားတယ်..။စသဖြင့်လူငယ်ပီပီ ပြန်လည်ချေပပြောပါတယ်..။ဗဟိုက ညွှန်ကြားချက်နဲ့   လုပ်ရတဲ့ အခမ်းအနားမှာ ညွှန်ကြားချက်နဲ့ အညီပဲ  လုပ်ရတဲ့အကြောင်း။သ၀ဏ်လွှာ ဆိုပြီး  သူများစကားပြော  စင်မြင့်မှာ   ကိုယ်ပြောချင်တာတွေလာပြောတာမျိုးကို  လက်ခံလို့ မဖြစတဲ့ အကြောင်း..။ လူ့ဘောင်သစ်အဖွဲ့ကလည်း   ဗဟိုမှာကို နှစ်ဖွဲ့ ကွဲနေပြီး  မြို့ နယ်အဖွဲ့  ရဲ့ ဆိုင်းဘုတ်လဲ  အဖြုတ်ခံနေရချိန် မို့  အများဆုံး လှုပ်ရှားနေတဲ့ ကျောင်းသားတွေကို သာ  ဖိတ်ခဲ့ ရကြောင်း..။မလှုပ်ရှားလို့ လူမမြင်ရတဲ့သူတွေကိုတော့  မဖိတ်မိပါဘူး..။စသဖြင့်   ပြန် ဆွေးနွေးကြတယ်..။

ဦးခင်မောင်ဇော်ပြောတဲ့  ဒုတိယအချက်ကစည်းရုံးရေးကော်မတီထဲက  အစည်းအဝေးမတကတဲ့  ကင်းကွာ ပုဂိုလ်များ ဆိုရာမှာ   ဦးသိန်းဆိုတဲ့ပုဂိုလ်က  မြို့နယ်မှာ  အစဉ်အလာကြီးတဲ့   နိုင်ငံရေးသမားကြီး..။တော်လှန်ရေး ရဲဘော်ဟောင်း..။ပ .မ.ည.တ  ဟောင်း
တဦးပါ..။အခုတော့  လေငန်း ရောဂါ ဖြစ်နေလို့  သာ  အစည်းအဝေးတွေကို  မလာနိုင်တာပါ..။ဒါတောင် တခါတရံ  ဆိုက်ကားစီးပြီး  တွဲပိုး လာပါတယ်..။နောက်တယောက်  ဖြစတဲ့ ဦးအောင်မိုးမြင့်က  နှုတ်ထွက်လွှာတင်ထားပါတယ်..။ဒါပေမယ့် ဗဟိုက  ပြည်မြို့ နယ် ကိစ္စကို အကြောင်းပြုပြီး   မြို့ နယ်အဆင့် စည်းရုံးရေးကော်မတီမှာနှုတ်ထွက်တာ ထုတ်ပယ်တာတွေကိုမဆုံးဖြတ်ဘဲ  တိုင်းစည်းနဲ့  ဗဟိုခွင့်ပြုချက် ရပြီးမှသာ အတည်ဖြစ်တယ်ဆိုလို့  ဦးအောင်မိုးမြင့် ရဲ့   နှုတ်ထွက်လွှာကို  တိုင်းနဲ့ ဗဟိုကို တင်ပြထားတဲ့အကြောင်း  ရှင်းလင်းရပါတယ်..။

ဒီလို ဆွေးနွေးတော့လဲ  ဦးခင်မောင်ဇော်ကလက်ခံပါတယ်..။ဒါပေမယ့်  အာဇာနည်နေ့ ချီတက်ပွဲမှာ မဟာမိတ်ပါတီများကို  လက်တွဲခေါ်ဖို့ တင်ပြပါတယ်..။ဒါပေမယ့်လဲ  မြို့နယ်အတွင်းမှာ ရှိတဲ့ နိုင်ငံရေးပါတီများကို  မ.၀.တ ရုံးက ဖိတ်ပြီး တဖွဲ့ ချင်းစီ လူအကန့်အသတ်နဲ့ တက်ဖို့  လက်ခံနေကြပြီး  ဖြစ်နေတယ်..။လူ့ ဘောင်သစ်ကိုတော့   ယခု လက်ရှိအနေအထားအရ  အဖွဲ့ အနေနဲ့ ဖိတ်စာပို့ဖို့  မဖြစ်နိုင်ဘဲ ကျောင်းသားလူငယ် အနေနဲ့ တော့  အဖွဲ့ ချုပ်နဲ့  ပူးပေါင်းပြီးချီတက်နိုင်တယ်..။အခမ်းအနား တက်နိုင်တယ်..။အခမ်းအနားများကလည်း  ယခင်လိုပဲ  ဗဟိုက  ချပေးတဲ့ ပုံစံအတိုင်း ကျင်းပရတာပါ..လို့ ရှင်းပြရပါတယ်..။ဒီတော့လည်းပြီးသွားပါတယ်..။အစည်းအဝေးမှာ  သာမန် တင်ပြဆွေးနွေး ရင်လဲရနိုင်ရက်သားနဲ့  နိုင်ငံရေး စာတမ်းလုပ်ပြီးတင်တယ်..။တခြားအဖွဲ့ အတွက်    ကိုယ့်အဖွဲ့ က  တာဝန်ရှိတဲ့ သူတွေကို
အပြစ်တင်တယ်..။အခမ်းအနားကိုစည်းနဲ့ ဘောင်နဲ့   လုပ်နေရတဲ့အခြေအနေကို  သူက  စည်းလွတ်ဘောင်လွတ်ထင်သလို  လုပ်ဖို့  ရမ်းသမ်းတင်ပြတာကတော့  နဲနဲ  ဆိုးတာပေါ့ ..။သူကတော့ ဒီလိုမှ သဘောပေါက်ပါ့မလားမသိဘူး..။   ။

(ရေးခဲ့ မိသော မှတ်တမ်းများ(၂၅)..ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရပြီးနောက် အဖွဲ့ ချုပ်အခြေအနေ)



--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives