[moemakadaily@moemaka.biz] 16th April - MoeMaKa Daily

မီးမောင်းအောက်က ပုံရိပ်ယောင်
ကျော်ဟုန်း
ဧပြီ ၁၆၊ ၂၀၁၃

 
အသည်းနှလုံးချင်းတေ့ပြီး
ပစ်ထည့်လိုက်ချင်တယ်။

ချစ်ခြင်းအတွက်
တခါတခါ
စိတ်လွတ် ပေါက်မိ။

လောကက
နိုင်ရာညှဉ်း
လွယ်ရာစားတွေ များ
အများရှေ့ ဆိုရင်
သူတော်စင် စစ်စစ်ကြီး ဂိုက်ဖမ်း။

အတုတွေကို မုန်းတယ်ပြောရင်း
အတုတွေ ခုံမင်တဲ့ လောကသား
စိတ်လှည့်စားအတွက်
ဘဝ ဂလဲ့စားမလာမီ
ရုပ်ရှင်ရိုက်လိုက်ကြဦး
သရုပ်ဆောင် အကယ်ဒမီ မှန်း။

လက်ခုပ်လက်ဝါးတီး
အားပေးလိုက်ပါ့မယ်
ဘရာဗိုကြောင့် မဟုတ်
အထာသိုသိုနဲ့ ပဲ။

ဘယ်သူတွေ
ဟန်ဆောင်ကောင်းမလဲ သိချင်စမ်း
သမိုင်းဆိုတာ အကဲဖြတ်
စစ်တမ်းဆိုတာ ပရိဿတ်။

ဖား - ငါး ကွဲဖို့ 
အချိန်သာ ခဏစောင့်
ချိန်ခွင်ဟာ
အလေးသာတဲ့ဘက်
စောင်းပြတတ်မြဲ မှတ်။

Maung Luu Yae - Articles

မိအေးတို့များ သဘောကောင်းချက်တော့ ကလေး ၅ ယောက်၊ အဖေမပေါ်ဘူးဆိုသလိုဘဲ
မောင်လူရေး
ဧပြီ ၁၆၊ ၂၀၁၃


အစီရင်ခံစာပါတဲ့အတိုင်းကောက်ချက်ချရရင် လက်ပံတောင်းစာချုပ်ဟာ တရားမဝင်။ ဥပဒေနဲ့မညီ။ အထူးသဖြင့် နိုင်ငံတော်အကျိုး တစိုးတစိမှ မရှိ။

အစီရင်ခံစာထဲကအတိုင်းဆိုရင် ဦးပိုင်ဟာ ဇိမ်ခန်းပိုင်ရှင်နဲ့တူနေတယ်။ ဝမ်ဘောင်ကတော့ ရဲပေါ့လေ။ ဇိမ်မယ်ကတော့ လက်ပတောင်း ဒေသခံတွေဘဲ။ နိုင်ငံတော်ကတော့ ရပ်ကွက်လူကြီးအဆင့်လောက်ရှိမယ်ထင်တယ်။

ဆိုတော့ ကြေးနီထုတ်ယူတဲ့လုပ်ငန်းက ရပ်ထားရမယ်။ နိုင်ငံတကာစံနှုံးတွေနဲ့ညီအောင် လုပ်ရမှာတွေ အများကြီး။ အဲလိုလုပ်ပြီးရင်တောင် ဒေသခံတွေရယ်၊ နိုင်ငံအဝှမ်းကပြည်သူတွေရယ် ကြိုက်နှစ်သက်မှ၊ လိုလားမှ ဆက်လုပ်ရမှာ။

အခုဟာက ခပ်တည်တည်ဘဲ။ မြေလျော်ကြေးလေး မဖြစ်စလောက်ပေး၊ ပီးရင် စာချုပ်မယ်တဲ့။ တကယ်က အဲဒီအဆင့်ရောက်ဖို့ အဝေးကြီးလိုသေးတယ်။ စာချုပ်သင့် မသင့် တိုင်းပြည်က စဉ်းစားရမှာ။ ဦးပိုင်လဲမဟုတ်ဘူး။ ဝမ်ဘောင်လဲမဟုတ်ဘူး။ ဒေါ်စုလဲမဟုတ်ဘူး။ မြန်မာ့မြေရေလေပိုင်ရှင် မြန်မာပြည်သူတွေ စဉ်းစားရမှာ။

ဘာ့ကြောင့်ဆို ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ ကြည့်ရအောင်။

အရင်က ဒီပိုက်လိုင်းကို တရုတ်ကလုပ်တာမှတ်နေတာ။ ခုမှဘဲ တရုတ်ဆီက ငွေချေးပြီး မြန်မာဘက်ကလုပ်ရမှန်း သိတော့တယ်။ ပီးတော့ ဓာတ်ငွေ့နဲ့ရေနံက သူတို့သုံးဖို့။ ဒီမှာ စိုက်ခင်းတွေ၊ ဘဝတွေအပျက်ခံပြီး၊ မြန်မာပြည်ကြီးထက်ပိုင်း ပိုင်းခံပြီး၊ ရာသက်ပန် မြေကြီးက ရွှေသီးရမဲ့ဟာတွေ ဆုံးရှုံးခံပြီး သစ်တောတွေ၊ မြေတွေတင် ပေးလိုက်ရတယ်မှတ်နေတာ။ ခုတော့ မြေတင်မက ငွေရောပေးလိုက်ရတာကိုး။ ငွေက ဘယ်ကတုန်းဆိုတော့ တရုတ်ဆီက ချေးထားတာတဲ့။ အဲဒီငွေနဲ့ ပိုက်လိုင်းမြုတ်၊ ပီးရင် တရုတ်ကိုဓာတ်ငွေ့ပို့ပေး။ ပီးရင် မြန်မာ့ရင်းနှီးမြုတ်နှံမှုဘဏ်က  အကြွေးပြန်ဆပ်။ အဲသလိုတဲ့ဗျာ။

မိအေးတို့များ သဘောကောင်းချက်တော့ ကလေး ၅ ယောက်၊ အဖေမပေါ်ဘူး ဆိုသလိုဘဲ။

ကဲ မြန်မာပြည်မိအေး၊ နောက်ထပ် အဖေမပေါ်တွေ မမွေးချင်တော့နဲ့။

ဗိုလ်သန်းရွှေ ဘာတွေလုပ်ထားမှန်းမသိဘူး။ ရူးနေတာထက်ဆိုးတယ်။ စာချုပ်တွေ တတိုင်းပြည်လုံးကသိဖို့ သိပ်အရေးကြီးနေပြီ။ မဟုတ်ရင် မြန်မာပြည်က မနက်အိပ်ယာထရင် ကိုယ့်တိုင်းပြည်မဟုတ်တော့ဘဲ တရုတ်ပြည်ဖြစ်နေမဲ့ကိန်း။ တရုတ်လဝကဆီ ခံဝန်နဲ့နေနေရတာလို ဖြစ်နေမယ်။

ဖတ်ကြည့်ဗျာ  Z.ဖေဝင်း ရဲ့   ရွှေလေထီးနဲ့ မိုးကျရွှေကိုယ်တော်များ ဆိုတဲ့ ပြည်သူ့ခေတ်ကဆောင်းပါး။

"နဝတ အစိုးရလက်ထက်မှာ အရပ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများကို အသုံးပြုတာ မရှိသလောက်နည်းပါးခဲ့ရပြီး၊ အခု ဒီဘက်ပိုင်းမှာ ပညာရှင်များကို အသုံးပြုလာပေမယ့် အဆုံးအဖြတ်ကတော့ သူတို့လက်ထဲမှာပါပဲ။ လုပ်ငန်းကိစ္စကြီးတွေအတွက် စာချုပ်စာတမ်း ချုပ်ဆိုလုပ်ကိုင်ကြရာမှာ ကျွမ်းကျင်မှု ဘယ်လောက်ရှိဖို့ လိုတယ်ဆိုတာ အခုဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင် အရေးမှာ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါပြီ။ ကိုယ်ကလုပ်ငန်းအကြောင်းကို နားမလည်၊ လူလည်းမသိစေချင်တော့ ပညာရှင်လည်းသုံးလို့မဖြစ်၊ တစ်ဖက်ကပြောသမျှ၊ တွက်ပြသမျှယုံပြီး လုပ်လိုက်တော့ နောက်ဆုံးငါးပါးမှောက်တာပါပဲ။ တစ်ဖက်က ယုံလောက်အောင်လုပ်တဲ့နေရာမှာ စားပွဲအောက်ကရော၊ စားပွဲပေါ်ကရော၊ စားပွဲဘေးကပါ အမျိုးစုံလုပ်ခဲ့ပုံရပါတယ် "

အဲဒီဆောင်းပါးမှာ ဘာမှမသိတဲ့စစ်ဗိုလ်ချုပ်တွေကို လျှပ်စစ်ကဏ္ဍတွေမှာ တရုတ်ဘက်က နည်းမျိုးစုံနဲ့နှပ်ချတဲ့အကြောင်းတွေ၊ ယုတ်မာခဲ့တာတွေရေးထားပါတယ်။ ငွေယူပြီး အနှပ်ချခံတာလဲ ဖြစ်နိုင်တယ်တဲ့။

အူကြောင်ကြားလေယဉ်အသစ်ဝယ်ပုံတွေအကြောင်းလဲပါပါတယ်။ အိတ်စပါရာဒိတ်မကြည့်ဘဲ ဝယ်လာသလိုမျိုးလေ။ ကိုယ်အူတာ အတာ  နတာ ချာတာ ဒူတာ ကမ္ဘာလှဲ့ပြနေသလိုပါဘဲ။ ဘာဖြစ်လို့မှ တာဝန်ယူ၊ တာဝန်ခံရတဲ့သူကလဲ မရှိ။ တာဝန်မခံရဲတဲ့နေရာမှာတော့ မြန်မာစစ်ဗိုလ်ချုပ်တွေကို မှီတဲ့သူ ဒီဒွန္နယာမှာ မပေါ်သေး။

ဆောင်းပါးရှင်ကလဲ သူတဆင့်ဖတ်ရတဲ့နွယ်နီမဂ္ဂဇင်းထဲက ဆောင်းပါးအကြောင်းဖောက်သည်ချပါ တယ်။ ကျုပ်လဲ ထပ်ချသင့်တယ်ထင်လို့ ထပ်ချလိုက်ပါတယ်။ ဖတ်မိတဲ့သူတွေလဲ ထပ်ချလိုက်ပါအုံး။ မြန်မာမှန်သမျှ သိရမှ ဖြစ်မှာကိုး။

ဗိုလ်သန်းရွှေ တိုင်းပြည်အပေါ်လုပ်ရက်ပုံကတော့ဗျာ။ ဖတ်သာကြည့်ကြပေတော့။

" ဒီအကြောင်းတွေ စဉ်းစားမိတဲ့ အကြောင်းရင်းကတော့ ယခုနှစ် မတ်လထုတ် နွယ်နီမဂ္ဂဇင်းပါ ဆောင်းပါးတစ်ပုဒ်ကြောင့်ပါ။

' မြန်မာပြည်အပေါ် တရုတ်လွှမ်းမိုးမှု အနေအထား နှင့်တိုင်းပြည်အနာဂတ်' ဆိုတဲ့ ဆောင်းပါးပါ။ စာမျက်နှာ ၁၀၂ မှာ ၁၉၉၉ ခုနှစ် အကုန်မှာ မြန်မာအစိုးရဟာ တရုပ်ပြည်နဲ့ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံဖိုး ရှိတဲ့ နားလည်မှု သဝဏ်လွှာပေါင်း ၅၀၇ ခုကို လက်မှတ်ထိုးခဲ့တယ်။ ၂၀၀၂ ခုနှစ်မှာ တရုပ်ကုမ္ပဏီတွေဟာ ဒေါ်လာ ၂.၁ ဘီလီယံတန်ဖိုးရှိတဲ့ စီမံကိန်း ၂၉၃ ခု ကန်ထရိုက် စာချုပ် ချုပ်ဆိုလိုက်ပြီး၊ ၂၀၀၄ ခုနှစ် မတ်လမှာ သဘောတူညီချက် ၂၁ ချက် လက်မှတ်ရေးထိုးခဲ့တယ်။ ဒီသဘော တူညီချက်တွေက အထူးချေးငွေတွေ၊ စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးတွေ ပါဝင်ပါတယ်။ ၂၀၀၆ စက်တင်ဘာလအထိ မြန်မာပြည်မှာ တရုပ်ပြည်ရဲ့ စီမံကိန်းတွေနဲ့ အလုပ်သမား ကန်ထရိုက်စာချုပ်ပေါင်း ၈၂၅ ခု ရှိပါတယ်။ အများဆုံးကတော့ ၂၀၁၀ စက်တင်ဘာလ ၇ ရက်ကနေ ၁၁ ရက်နေ့အထိ ၅ ရက်ကြာတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ ခရီးစဉ်မှာ တရုပ်က အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံ ထုတ်ချေးခဲ့ပါတယ်။ စာချူပ်ကိုတော့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘဏ်နဲ့ တရုတ်ဖွံ့ဖြိုးရေးဘဏ် ကော်ပိုရေးရှင်း (CDBC)  တို့က လက်မှတ်ရေးထိုးခဲ့ ကြတယ်။ ဒီချေးငွေတွေကို အဓိက ကျောက်ဖြူ ခွန်မင်း ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်း တည်ဆောက်ရေးတို့မှာ အသုံးပြုဖို့ ဖြစ်တယ်လို့ဆိုပါတယ်။ 

ဒီဆောင်းပါးထဲမှာ စစ်လေယာဉ်ဝယ်တာ၊ တင့်ကားဝယ်တာ စတဲ့ စစ်ဘက်အသုံးအဆောင်ဝယ်တဲ့ စာရင်းတွေလည်းပါပါတယ်။ ဒါပေမယ့် ကျွန်တော်စိတ်ဝင်စားတာက အပေါ်မှာတင်ပြခဲ့တဲ့ စာချုပ်တွေပါပဲ။ အဲဒီစာချုပ်တွေသာ လက်ပံတောင်းတောင်လို၊ အပေါ်မှာပြောခဲ့ တဲ့ ဥပမာတွေလိုဖြစ်လာရင် ကျွန်တော်တို့ဘယ်လောက် ဆုံးရှုံးနစ်နာလိုက်မလဲ မတွေးဝံ့စရာပါပဲ။ နောက်သတိပြုမိတာတစ်ခုက အတိုးမဲ့ချေးငွေ ၄.၂ ဘီလီယံဆိုတာ ကျောက်ဖြူ၊ ခွန်မင်း ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်း တည်ဆောက်ရေးတွေမှာသုံးဖို့ဖြစ်ပါတယ်။ ဒီငွေတွေကို မြန်မာ့ရင်းနှီးမြှပ်နှံမှုဘဏ်က ပြန်ဆပ်ရမယ်ဆိုတော့ ဒီပိုက်လိုင်းတွေဟာ ကိုယ့်ငွေနဲဝယ်ထားရတဲ့ သူတို့ပစ္စည်းဖြစ်နေတာပေါ့ "

" အခုပြောခဲ့တဲ့ ဖြစ်စဉ်တွေရဲ့အဓိက အားနည်းချက်တွေက ဘာလဲဆိုတော့ နံပါတ် ၁ ကတော့ ပွင့်လင်းမြင်သာမှုပါ။ အရေးပါလှတဲ့ စီးပွားရေးစာချုပ်စာတန်းတွေ ချုပ်ဆိုရာမှာ ပွင့်လင်းမြင်သာမှု မရှိဘဲ တစ်ဦးတစ်ယောက် (သို့မဟုတ်) လူနည်းစုလေးနဲ့ ကြိတ်ပြီး လုပ်ခဲ့ကြတာတွေကြောင့် ဖြစ်နေ ရတာပါ။ နံပါတ် ၂ ကတော့ ကျွမ်းကျင်တဲ့ ပညာရှင်များ၊ လုပ်သက်ရင့် အရပ်ဘက်ဝန်ထမ်းများကို နေရာမပေးတဲ့ ပြဿနာပါ။ တကယ်သိ၊ တကယ်နားလည်ပြီး၊ တိုင်းပြည်အပေါ်၊ ကိုယ့်မိခင်ဌာန၊ ကိုယ့်လုပ်ငန်းအပေါ် တကယ်စေတနာရှိတဲ့လူတွေက ဘေးရောက်နေတဲ့ ပြဿနာဖြစ်ပါတယ် ။ နောက်ဆုံးအချက်ကတော့ credibility မရှိတဲ့၊ reliable မဖြစ်တဲ့ ကုမ္ပဏီတွေနဲ့ ဆက်ဆံလုပ်ကိုင်တာပါ။ အဲဒီလို ကုမ္ပဏီတွေဟာ လုပ်ငန်းမှာ ယုံကြည်စိတ်ချရမှု မရှိပေမယ့် ဟိုကိစ္စမှာတော့ အတော်ယုံကြည်ရပုံရပါတယ်။ ဒါကြောင့် ကမ္ဘာ့ဘိဇနက်လောကမှာ တရုတ်ကုမ္ပဏီ တွေဟာ လာဘ်ပေးလာဘ်ယူတွေနဲ့ ထိုးဖောက်နေတယ်ဆိုပြီး အတော်နာမည် ပျက်နေတာ ဖြစ်ပါတယ်။ 

အခု အကူးအပြောင်းကာလလည်းဖြစ် ပွင့်လင်းမှုတစ်စုံတစ်ရာရှိလာတော့ မြန်မာ့စီးပွားရေး လုပ်ငန်းများဟာ ပိုမိုယုံကြည်စိတ်ချရမှုရှိတဲ့ ကမ္ဘာတစ်ဝန်းဖြန့်ကျက်နေတဲ့၊ ပွဲစားမဟုတ်တဲ့၊ မူရင်း အနောက်ကုမ္ပဏီကြီးများနဲ့သာ ဆက်ပြီးစခန်းများသွားဖို့ ကြိုးစားသင့်ပါတယ် " တဲ့။

ဒေါ်စုခေါင်းဆောင်တဲ့ကော်မရှင်ခင်ဗျား .... 

မြေလျော်ကြေးပေးပြီး စာချုပ်သစ်ချုပ်ဖို့ အလွယ်တကူမပြောပါနဲ့။ အဲလောက်မြန်မြန် အကောင်အထည်ဖေါ်ရမဲ့ဟာ မဟုတ်ပါဘူး။

တကယ်တော့ ခင်ဗျားတို့သာ ပိုင်တဲ့မြေလဲ မဟုတ်ပါဘူး။

အကောင်အထည်ဖေါ်ဆောင်ရေးများခင်ဗျား။

တရုတ်နဲ့ဘယ်လိုစာချုပ်မျိုးတွေချုပ်ထားတယ်ဆိုတာ ခင်ဗျားတို့အသိဆုံးပါ။ စွတ်ရွတ်ပြီး သခင်အားရ ကျွန်ပါးဝလုပ်မနေပါနဲ့။

လွှတ်တော်ကြီးခင်ဗျား

ခင်ဗျားတို့လဲ တောင်းဆိုကြပါအုံး၊ လွှတ်တော်ကြီးထဲမှာ စာချုပ်တွေအကြောင်း မပြောကြရင် ခင်ဗျားတို့ဟာ ပြည်ဖျောက်တရားခံတွေပါဘဲ။

တပြည်လုံးနီးပါးချုပ်ထားတာဆိုတော့ စာချုပ်တွေဟာ မြန်မာပြည်ကြီးပါဘဲ။

တပ်မတော်ကြီးခင်ဗျာ

ခင်ဗျားကတော့ လုံးဝတိုက်ရိုက်တာဝန်ရှိပါတယ်။

ဒါတွေဟာ တပ်မတော်ဟာ အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်လို့ ကုန်းရုန်း အော်နေတဲ့တပ်ချုပ်ကြီးတွေလုပ်သွားတာပါ။

အမျိုးသားရေးကို ဆက်ပြီး သစ္စာရှိကြအုံးတပ်မတော်ကြီး။

ကိုယ့်တိုင်းပြည်ကြီးကို အဲလို စိတ်ရူးပေါက်သလို စာချုပ်ချုပ်ရောင်းစားထားတာတွေကို ပြန်လည်ကယ်တင်ကြဖို့ အချိန်ရောက်နေပါပြီ။

(ချောက်ထဲကျရန် လက်နှစ်လုံးအလိုမှာ ကယ်လိုက်ရတာမျိုးမဟုတ်ပါ)

စာချုပ်တွေ အကုန်လုံး ပြည်သူကို ချပြပါ။

ပြည်သူက မညစ်ပတ်ပါဘူး။

ပြည်သူဆုံးဖြတ်တာ တရုတ်ကုမ္ပဏီတွေကလဲ နာခံရမှာပါ။

သမတကြီးက ပြည်သူ့ဆန္ဒနဲ့တက်လာတဲ့အစိုးရဖြစ်တော့ကာ ပြည်သူမလိုလားတဲ့မြစ်ဆုံ စီမံကိန်းကို သူ့လက်ထက်မှာ ရပ်ထားမယ်ဆိုပြီး လုပ်ပြထားတဲ့နမူနာရှိပါတယ်။

တကယ်တော့ ပြည်သူ့ဆန္ဒဟာ စာချုပ်ပါဘဲ။ ဥပဒေပါဘဲ။

ပြည်သူက လုပ်ထိုက်ရင် လုပ်ရုံပါဘဲ။

မလုပ်ထိုက်ရင် ဖျက်သိမ်းကြပါ။ နောက်မျိုးဆက်ကျန်ပါသေးတယ်။

မြန်မာပြည်ဆိုတာ ဒီကမ္ဘာမြေပေါ်ကနေ မနက်ဖန်၊ သဘက်ပျောက်သွားမှာ မဟုတ်ပါဘူး။

တိုင်းပြည်ကို ဗိုလ်သန်းရွှေမပိုင်ပါဘူး။ ဒီလိုဘဲ ဘယ်သူတဦးတယောက်မှ မပိုင်ပါဘူး။ သူချုပ်ထားတာတွေ တရားမဝင်ပါဘူး။

မြန်မာတွေ နိုးကြပါ။ ကြားကြပါ။

Ku Mo Jo - Cartoon

ကာတွန်း ကူမိုးကြိုး - မည်းမည်းမြင်တိုင်း ဘာတွေ ထင်နေသလဲ၊ 
ဧပြီ ၁၆၊ ၂၀၁၃

Kyaw Thu - FFSS Yangon Activity,

ပေးဆပ်သူများနှင့် ဒေါင်းတို့မျိုးဆက်
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၁၆၊ ၂၀၁၃


"ဒေါင်းတို့မျိုးဆက်" ငြိမ်းချမ်းရေးသင်္ကြန် သံချပ်အဖွဲ့၏ ပွဲဦးထွက်အဖြစ် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် မှဦးဆောင်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၁၃.၄.၂ဝ၁၃ ရက်နေ့ ညနေ (၄းဝဝ) နာရီအချိန်တွင် သုခခန်းမဆောင်ကြီးသို့လာရာက်၍ ဖျော်ဖြေတင်ဆက်ခဲ့ပြီး နာရေးကူညီမှု အသင်း(ရန်ကုန်)၌ ဒေါင်းအလံစိုက်ထူခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၂ဝ၁၃ ခုနှစ် သင်္ကြန် အချိန်ကာလမှစတင်၍ အသင်းသား/သူများဖြင့် ဖွဲ့စည်းလိုက်သည့် "ပေးဆပ်သူများ" လူမှုရေးသံချပ်အဖွဲ့ သည်လည်း ၁၄.၄.၂ဝ၁၃ ရက်နေ့ ညနေ (၄းဝဝ) နာရီအချိန်တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းရုံးတည်ရှိရာသို့ ဥက္ကဋ္ဌ ဦးကျော်သူ ကိုယ်တိုင်သွားရောက်၍ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ညီညွတ်စွာဖြင့် အမိမြန်မာပြည်ကြီး ငြိမ်းချမ်းရေးရရှိစေရန် ငြိမ်းချမ်းရေးပြ ယုဂ်ဖြစ်သည့် ဂျိုးငှက်ဖြူ ဝဲပျံခဲ့တော့သည်။



 
  



 

News and Media

ကျိုတိုမြို့မှ အမေစုနှင့် မြန်မာများအား လေးစားတန်ဘိုးထားတတ်တဲ့ ဂျပန်ဖိုးဖိုးကြီး
ကိုထွန်းဝေ
ဧပြီ ၁၆၊ ၂၀၁၃


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်၊ကျိုတိုမြို့  မြန်မာမိသားစုနှင့်တွေ့ ဆုံပွဲ အပြီး ၊အမေစုလက်ဘက်ရည်ကြမ်းသောက်ပွဲမှ အပြန် အမေစုပြန်လည်ထွက်ခွါသွားပြီးနောက် ဂျပန်ဖိုးဖိုးကြီးမှ ကျနော့်အား စကားခေါ်ပြောခဲ့ပါတယ်။

ဂျပန်ဖိုးဖိုးကြီး .. .တွေ့ ရတာ ၀မ်းသာပါတယ်။
ကျနော်...... အများကြီးဝမ်းသာပါတယ် အိုကြီးစံ။

ဂျပန်ဖိုးဖိုးကြီး........ခုနက မသိလိုက်ဘူး ခေါ်မှာပေါ့။
ကျနော်................ရပါတယ်အိုကြီးစံ။

ဂျပန်ဖိုးဖိုးကြီး.......ကျိုတိုကို ဘာလာလုပ်လဲ။
ကျနော် ................သတင်းလာယူတာပါ. နောက်ပြီး အမေစုကို လေးစားချစ်မြတ်နိုးလို့ ပါ။

ဂျပန်ဖိုးဖိုးကြီး...... နိဟွန်းကိုရောက်တာကြာပြီလား
ကျနော်...............27 နှစ်နီးပါး ရှိပါပြီ။

ဂျပန်ဖိုးဖိုးကြီး......အခုလိုမျိုး စုကြည်စံအားကန်တော့တာ အတိုင်းမသိဝမ်းသာတယ်ကွာ။
ကျနော်............. ကျနော် အမြတ်နိုးဆုံး အမေထဲကအမေဖြစ်လို့ ပါ အိုကြီးစံ။

ဂျပန်ဖိုးဖိုးကြီး.....စုကြည်စံက ဒီမှာနေသွားသေးတယ်။
ကျနော်.......... .အော် .မှတ်ထားပါ့မယ် အိုကြီးစံ။

ဂျပန်ဖိုးဖိုးကြီး... .ခင်များကို ရှေ့ ကရဲတွေတောင် အံ့ ကြနေကြတယ်။
ကျနော် ......... ဘာဖြစ်လို့ ပါလဲ အိုကြီးစံ။

ဂျပန်ဖိုးဖိုးကြီး... ပင်နီအင်္ကျီနဲ့ မို့ လို့ ပေါ့။ဒီမှာ လဲ နောက်ကိုလာလည်ပါ။
ကျနော် ..........အခုလိုဖိတ်ခေါ်တာ အထူးကျေးဇူးတင်ပါတယ်.။ကျနော်တို့ ဆီလည်း အချိန်မရွေး လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။ အိုကြီး စံ။အထူးဘဲလက်ခံစကားပြောတာ ကျေးဇူးတင်ပါတယ်.။ ကျနော့်ကို ပြန်ခွင့်ပြုပါ။

ဟု နှုတ်ဆက်ရင်း ပြန်လာခဲ့ပါတယ်။ ကျနော်သိခဲ့တဲ့အသိက အမေစုကျေးဇူး မေတ္တာတရားဘယ်လောက်ကြီးမားတယ်ဆိုတာကိုသာ မာန်ကျနော့်လို လူကို အမေစုရဲ့  ထွက်ခွါသွားပြီး လက်ခံစကားပြောပေးတဲ့ အတွက် အမေဘယ်လောက် အလုပ်တွေလုပ်ခဲ့တယ်ဆိုတာကို ကျိုတိုမှာသက်သေပြတဲ့နမူနာတစ်ခုဖြစ်ပါတယ်.။ အမှန်တော့ကျနော် ကျိုတိုကိုလာတာ သတင်းလာယူတာ ဗွီဒီ.ယိုမှတ်တမ်းလာယူတာ ဖြစ်ပါတယ်.။

မိတ်ဆွေများအား အမှန်အတိုင်းတင်ပြလိုက်ပါတယ်.

အမေစု သက်တော်ရာကျော် ရှည်ပါစေ.။

ကိုထွန်းဝေ
15.4..2013
လေးစားစွာမျှဝေပါတယ်။

မှတ်ချက်.....။ ။ ဖိုးဖိုးကြီး နံမည်အား မသိသောကြောင့်. ခွင့်ပြုပါ။

Ku Mo Jo - Thagyan Cartoon 2013

ကာတွန်းကူမိုးကြိုး - သင်္ကြန်မှာ လွတ်လပ်စွာ ထုတ်ဖော်တင်ပြခွင့် ရှိသည်
ဧပြီ ၁၅၊ ၂၀၁၃

Interview With U WIn Tin - Opposition not needed anymore in Burma?

ဦးဝင်းတင်နဲ့ မေးခွန်းများ - အတိုက်အခံလုပ်စရာ မလိုတော့ဘူး တဲ့လား
မိုးမခ၊ ဧပြီ ၁၅၊ ၂၀၁၃
၂၀၁၃ ဧပြီလ သင်္ကြန်အချိန်ဆိုတာ ကြားဖြတ်ရွေးကောက်ပွဲ ၁ နှစ် ပြည့်မြောက်တဲ့ အချိန်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီ ၂၀၁၂ ဧပြီလ ၁ ရက်နေ့မှာ ကြံ့ဖွံ့အစိုးရ ကျင်းပပေးတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရပြီးတဲ့နောက် ၁ နှစ်အကြာမှာ တိုင်းပြည်ဟာ အပြောင်းအလဲ အများအပြားကို ဖြတ်သန်းခဲ့ပြီ ဖြစ်ပါတယ်။ အနောက်အုပ်စု နိုင်ငံများရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ လျော့ကျသွားတာ၊ ပြည်တွင်း ပြည်ပ ကူးလူးဆက်ဆံမှုတွေ တိုးမြင့်လာတာ၊ နိုင်ငံရေးအကျဉ်းသားတွေ အတော်များများ လွတ်မြောက်လာပြီး ပြည်တွင်းမှာ လွတ်လပ်စွာ ပြောဆို ရေးသား ဖြန့်ချိ လှုံ့ဆော်ခွင့်တွေ ပိုမိုရရှိလာတာ စသဖြင့် အပြောင်းအလဲတွေ အများအပြားဖြစ်လာပါတယ်။ ထို့အတူမှာပဲ ပြည်တွင်းစစ်တွေ တိုင်းရင်းသားဒေသများမှာ ဆက်လက်ဖြစ်ပွားခြင်း၊ လူမျိုးရေး ဘာသာရေး အဓိကရုန်းများ ဖြစ်ပွားခြင်း၊ အလုပ်သမား၊ လယ်သမားများရဲ့ စားဝတ်နေရေး လှုပ်ရှားလုပ်ကိုင်ခွင့်များ အငြင်းပွားခြင်း၊ မြေယာနဲ့ လုပ်ပိုင်ခွင့်ပြသနာများ ဖြစ်ပွားခြင်း စတာတွေကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ အစိုးရနဲ့ အပေါင်းအပါများ၊ လုပ်ငန်းရှင်များ၊ အချို့သော အတိုက်အခံပါတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက အခုလက်ရှိအချိန်မှာ အတိုက်အခံလုပ်နေကြမယ့်အစား တိုင်းပြည်ထူထောင်ရေး၊ ပြုပြင်ပြောင်းလဲရေးမှာ ပူးပေါင်း ဆောင်ရွက်ကြဖို့ အချိန်ဖြစ်ကြောင်း လက်တွဲလုပ်ကြမှ ဖြစ်ကြောင်း ပြောကြားကြ၊ ဟောပြောကြ၊ စည်းရုံးရေး ထွက်ကြ စတာတွေ လုပ်နေတာနဲ့ ပတ်သက်ပြီး ဆရာဦးဝင်းတင်ကို မေးမိတဲ့ မေးခွန်းက အတိုက်အခံလုပ်စရာ မလိုတော့ဘူး တဲ့လား ဆိုတာ ဖြစ်ပါတယ်။

ပထမမေးခွန်းကတော့ အခုပြောနေတဲ့ အပြောင်းအလဲဆိုတာ ဘာတွေ ပြောင်းလဲသွားတာလို့ ပြောမလဲ။
ကျနော်ပြောရရင်တော့ အခုသူများတွေပြောနေတာတနဲ့ တူမှာ မဟုတ်ဘူး။ ခုချိန်မှာဖြစ်နေတဲ့ အပြောင်းအလဲဆိုတာတွေက ဟန်ပြလုပ်နေတာပဲ။ စစ်လက္ခဏာတွေ ဘာမှ ပြောင်းတာ မရှိဘူး။ စစ်တပ်ကြီး ရှေ့မှာ စစ်တပ်အသိုင်းအသိုင်းတွေ ရှိတယ်။ လွှတ်တော်ကြီး ရှိတယ်။ အခု အာဏာရထားတဲ့သူတွေကလည်း စစ်အာဏာရှင်ဟောင်းတွေပဲ။ ပြီးတော့ သူတို့ပတ်ဝန်းကျင်မှာ ခရိုနီတွေ၊ စစ်အာဏာရှင် ကျောထောက်နောက်ခံနဲ့ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို သိမ်းထားတဲ့ သူတွေချည်းပဲ။ သိမ်းတဲ့နေရာမှာလည်း ကာလပေါက်ဈေးထက် မတန်တဆ လျော့ပြီး သူတို့လက်ထဲ ထိုးအပ်ထားတာချည်းပဲ။

ပြောင်းတယ်ဆိုတာက ပြည်သူတွေက နှစ်ပေါင်းများစွာ အသက်သွေးချွေးတွေနဲ့ စွန့်လွှတ် စွန့်စား ရုန်းကန် တောင်းဆို တော်လှန်ခဲ့ကြလို့ အခုလို အပြောင်းအလဲဖြစ်လာတယ်လို့ကော မပြောနိုင်ဘူးလား။
          ဒီမိုကရေစီအပြောင်းအလဲဆိုတာ ဦးသိန်းစိန်ရဲ့ အပြောအရဆိုရင်တော့ သူတို့လုပ်ခဲ့တာ။ သူတို့ စစ်ကောင်စီကနေပြီးတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက စီမံဖော်စပ်ပြီး လုပ်ကိုင်ခဲ့ရတာလို့ ပြောနေတာပဲ။ ကြံ့ဖွံ့ပါတီက ဦးဌေးဦးတို့ကိုယ်တိုင်ကလည်း ဒါကိုပဲ ပြောနေတာပဲ။ လက်ရှိအောက်ခြေမှာ grass roots က လူတွေကို လာမေးကြည့်၊ ဘာတွေ အပြောင်းအလဲဖြစ်နေပြီလဲဆိုရင် သူတို့ ဘာမှ မသိဘူး၊ ဘာမှ ပြောတတ်မှာ မဟုတ်ဘူး။ သူတို့တွေမှာ လယ်ယာမြေတွေ အများအပြား သိမ်းဆည်းခံထားရတယ်။ လက်လွတ်ဆုံးရှုံးနေရတယ်။ ပြီးတော့ အုပ်ချုပ်ရေးပိုင်းကို ကြည့်မယ်ဆိုရင်လည်း လက်ပံတောင်းမှာ ဗုံးခွဲတယ်။ မီးလောင်ဗုံးတွေ ခွဲလိုက်တာကို တာဝန်ရှိတဲ့သူ အရေးယူပါလို့ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကိုယ်က ဘယ်လိုပြောသလဲ။ အရေးယူစရာမလိုဘူး။ သူတို့တတွေ အဆင့်ဆင့် အဆင့်ဆင့် လုပ်တာ။ မလုပ်တတ်လို့ ဖြစ်သွားတာ၊ လေ့ကျင့်တောင် ပေးရဦးမယ်။ နိုင်ငံခြားတောင် ပညာတော်သင်လွှတ်ရဦးမယ် ပြောတယ်။ ခံစားနေရတဲ့ ပြည်သူတွေအနေနဲ့က ဘာတွေ အပြောင်းအလဲ ရှိတယ်လို့ ပြောမှာလဲ။

ဒါဆိုရင် အပေါ်က လူတွေက ပြောတဲ့ အပြောင်းအလဲဆိုတာနဲ့ အောက်ခြေလူထုအလွှာဆီက အပြောင်းအလဲဆိုတာ ထပ်တူဖြစ်ခြင်း မရှိဘူး၊ ကွာဟနေတယ်လို့ ပြောရမှာပေါ့။
အဲဒါကို ကျနော် ဟိုးတုန်းကလည်း ပြောခဲ့တယ်။ အခုလည်း ပြောတယ်။ ဘယ်မှာလည်း အပြောင်းအလဲ၊ ဒါကြောင့် ဒါတွေဟာ ဟန်ပြအပြောင်းအလဲတွေပဲ ဖြစ်တယ်။ တကယ့်ဒီမိုကရေစီအပြောင်းအလဲဆိုတာ ဖြစ်ဖို့ဆိုရင် ဗြဟ္မပြည်က အပ်တစင်းနဲ့ လူပြည်ကအပ်တစင်း ဆုံကြဖို့ ဆိုသလိုမျိုးပဲ။ အခုဘယ်မှာလဲ ဒီမိုကရေစီ အပြောင်းအလဲ …။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်။ ဟန်ပြပဲ။ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရကို သုံးဖို့တို့၊ စိစစ်ရေးလုပ်ဖို့ ပြောတယ်၊ လုပ်တယ်။ အခုကျတော့ ဘယ်ရောက်သွားလဲ။ တိုင်းရင်းသားတွေတွေအတွက် အခွင့်အရေးတို့၊ ငြိမ်းချမ်းရေးတို့၊ အပစ်အခတ် ရပ်စဲရေးတို့ ပြောတယ်။ ပြီးတော့ ဒီနေ့ ဒီအချိန်အထိ ကချင်ပြည်နယ်အရေးက တန်းလန်းပဲ။ အခု ရှမ်းပြည်မှာလည်း ထိုးစစ်တွေ ပေါ်နေတယ်။ အပြောင်းအလဲဆိုတာက ဟန်ပြပဲ၊ လက်တွေ့ ဖြစ်မလား။

ကဲ … အပေါ်ထပ်အဆောက်အဦမှာ အခြေခံဥပဒေကို ပြောင်းလဲဖို့ဆိုတာကိုလည်း ပြောနေကြပါသေးတယ် ဆရာရယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် သမ္မတကြီးဖြစ်ဖို့ ဟိုဖက်က ပြောနေသေးတာပဲ မဟုတ်လား။
          အခြေခံဥပဒေပြောင်းလဲရေး ဆိုတာ ဘာပြောင်းမလဲ။ ဒေါ်အောင်ဆန်းစုကြည် ၀င်အရွေးခံနိုင်ဖို့လောက်ပဲ ပြောင်းပေးမှာပါပဲ။ ဒါလေးပဲ။ ဒီထက် မပိုပါဘူး။ သမ္မတဖြစ်လာလိမ့်မယ်လို့ ကာယကံရှင်ကလည်း ထင်ချင် ထင်နေမယ်။ ဒုတိယသမ္မတအထိတော့ အရွေးခံရနိုင်ပါတယ်။ အဲသည်ထက် မပိုနိုင်ဘူး။ အင်န်အယ်ဒီပါတီကိုယ်တိုင်ကလည်း ရွေးကောက်ပွဲကျရင် နိုင်မှာပါပဲ။ land slideတော့ မနိုင်ဘူး။ အင်န်အယ်ဒီရယ်၊ ကြံ့ဖွံ့ရယ်၊ တိုင်းရင်းသားတွေနဲ့ လူနည်းစုတွေရဲ့ အစုအဖွဲ့တွေရယ်။ ဒီလိုမျိုး ဖြစ်လာမယ်။ အဲသည်လို အင်အားစုတွေ ဖြစ်လာမယ်။ အခု နိုင်ငံရေးအခြေအနေကိုကြည့် အင်အားစုတွေ ပီပီပြင်ပြင် မပေါ်သေးခင်၊ လက်ရှိအခြေအနေမှာ မူဆလင်အရေးပြသနာတွေ ပေါ်နေတယ်။ နောင်ဆိုရင် တိုင်းရင်းသားအရေး ပြသနာတွေ ပိုပေါ်လာမယ်။ ကမ္ဘာမှာသုံးတဲ့ အသုံးရှိပါတယ်။ လူနည်းစုဖက်ဆစ်ဝါဒ ဆိုတာ။ တိုင်းရင်းသားတွေ လူနည်းစုအင်အားစုတွေ အချင်းချင်းကြားမှာ ကွဲပြားကုန်မယ်။ ဒါတွေကို တဖက်က အားပေးနေတယ်။ ဒါကြောင့် အခုအပြောင်းအလဲဆိုတာက အတုအယောင်တွေ၊ ဟန်ပြတွေလို့ ကျနော်ကတော့ ပြောတယ်။

ဒီမိုကရေစီရေး အပြောင်းအလဲတွေ တကယ်ဖြစ်ဖို့ဆိုတာက လူပြည့်ကအပ်တစင်းနဲ့ ဗြဟ္မပြည်က အပ်တစင်းလိုပဲ ဆိုရင် အခုလက်ရှိမှာ ဖြစ်ပျက်နေတာတွေကို အတိုက်အခံလုပ်ပြီး ပြောနေ လှုပ်ရှားနေစရာ မလိုတော့ပါဘူး ဆိုနေကြတာတွေကို ဘယ်လိုလုပ်ကြမလဲ ဆရာ …
          ဒီမိုကရေစီ တကယ်ကိုထွန်းကားနေတဲ့ နိုင်ငံတွေမှာကိုယ်တိုင်က အတိုက်အခံဆိုတာ ရှိကြတာချည်းပဲ။ အတိုက်အခံဆိုတာ နေရာတိုင်းမှာ ရှိတာပဲ။ အတိုက်အခံလုပ်စရာ မလိုတော့ဘူးဆိုရင် စစ်တပ်မှာသွားပြီးတော့ အလုပ်လုပ်ကြရုံပဲ ရှိတာပေါ့။ အတိုက်အခံလုပ်ကြတယ်ဆိုတာမှာ ကျနော်တို့မှာ principal ဆိုတာ၊ ရပ်တည်ချက်ဆိုတာ ရှိတယ်။ လူ့အခွင့်အရေးတွေ ရရှိရမယ်။ အခြေခံဥပဒေဆိုတာကို ပြင်ဆင်ရမယ်၊ ပြောင်းရမယ် ဆိုတာ ရှိတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးဆိုတာ ရှိတယ်။ ပြည်ထောင်စုကြီးကို ဖဒရယ်စစ်စစ်အဖြစ် ထူထောင်ကြဖို့ ဆိုတာ ရှိတယ်။ ဒါတွေကို ဖော်ဆောင်တဲ့နေရာမှာ  ဒီမိုကရေစီအစိုးရစစ်စစ်တခု တက်လာတဲ့ဆီမှာတောင် ဒို့ Principal နဲ့ မတူရင် အတိုက်အခံအနေနဲ့ ရပ်တည်ရမှာပဲ၊ ထုတ်ဖော်ရမှာပဲ။ အတိုက်အခံတွေ လုပ်နေစရာမလိုဘူးဆိုတာက ဘယ်လိုမျိုး စဉ်းစားပြီးပြောလဲ မသိဘူး။
အဲသည်မှာ ဥပမာတခုပြောချင်တယ်။ အလံနီသခင်စိုးကြီး ကွယ်လွန်တော့ အသုဘချတဲ့ဆီမှာ။ စစ်အစိုးရလက်ထက်ပေါ့ကွာ။ အဲသည်ဈာပနမှာ အလံနီလူငယ်မျိုးဆက်သစ်လေးတွေ လာကြတယ်။ သူတို့က ဈာပနမှာ စာတမ်းဖတ်ချင်တယ်။ အလေးနီပြုချင်တယ်။ အဲသည်တော့ သခင်စိုးဘေးနားမှာရှိတဲ့ အသိုင်းအ၀ိုင်းတချို့က တားတယ်။မလုပ်ပါနဲ့ ဘာနဲ့ပေါ့လေ။ အဲသည်တော့ အဲသည်ကလေးတွေက ဘာပြောလဲဆိုတော့ ခင်ဗျားတို့ အဲသည်လောက်တောင် ဖြစ်နေရင်တော့ စစ်တပ်ကိုသာ (လက်)ခံလိုက်ကြလို့ ပြောပြီး တန်းစီထွက်သွားတယ်။ အခုဒီအချိန်မှာ အချို့တွေက အတိုက်အခံမလုပ်တော့ဘူးလို့ ပြောနေရင် အတိုက်အခံဆိုတဲ့ စကားလုံးကိုပါ စွန့်လွှတ်ဖို့ ပြောနေရင်တော့ ခုနင်က အလံနီလူငယ်လေးတွေ ပြောသလိုပဲ စစ်တပ်က အုပ်စိုးတာကို လက်ခံလိုက်ကြလို့ ပဲ ပြောရမှာပဲ။

အင်း စကားကို ပြန်ဆက်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ပံတောင်းတောင် အစီရင်ခံစာမှာ လက်ရှိအစိုးရဘက်က ရပ်တည်ပြီး ကာကွယ်ပေးတယ်၊ ဘာညာစသည်ဖြင့် လူတချို့က ပြောကြတာတွေ ရှိတယ်လေ ဆရာ။
အင်း ကျနော့်တဦးတည်းသဘော ပြောရရင် စစ်တပ်က စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို လက်ပံတောင်းကိစ္စမှာ ခိုင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ဆောင်ရွက်တယ်။ အဲသည်တော့ ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်မှာ ကွဲသွားတယ်။ ကွဲသွားတယ်ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ကျ မသွားပါဘူး။ သူ့နိုင်ငံရေးခေါင်းဆောင်မှုမှာ သြဇာကျသွားတယ်လို့ မပြောနိုင်ဘူး။ ဒါပေမယ့် သူဘာကျသွားသလဲဆိုတော့ ဂန္ဓီတို့လို၊ မင်ဒဲလားတို့လို့မျိုး နိုင်ငံရေးမှာ Moral leadership (စိတ်ဓာတ်ပိုင်းဆိုင်ရာ) သြဇာတော့ ကျသွားတယ်။ သူတို့နဲ့ တတန်းတည်း မဟုတ်တော့ဘူး။ တနေ့က သူ နယ်တွေသွားတယ်။ လူထုရဲ့ ထောက်ခံမှုက အပြည့်ပဲ။ ဒါပေမယ့် သူ့ရဲ့ moral  (စိတ်ဓာတ်) သြဇာကတော့ ပျော့သွားပြီ။ သူက စစ်တပ်နဲ့ ပေါင်းပြီး လုပ်နေတယ်လို့ ဘက်လိုက်တယ်လို့ လူတချို့က စွတ်စွဲလုနီးနီး ဖြစ်လာတယ်။

သို့သော် … ဒေါ်အောင်ဆန်းစုကြည်က ဟိုယခင်ကတည်းက တပ်မတော်ကို အကောင်းမြင်တယ်။ သူ့ဖခင်ထူထောင်ခဲ့တဲ့ စစ်တပ်နဲ့ လက်တွဲပြီး လုပ်ချင်တယ်။ စသည်ဖြင့် သည်လိုမျိုး သဘောထားရှိတယ်လို့ ဆရာကိုယ်တိုင်ကလည်း ပြောခဲ့တယ်လေ။
အဲသည် သဘောထားအတိုင်းလုပ်နေတယ်။ ဟုတ်တယ်။  ဒါပေမယ် ဒေါ်အောင်ဆန်းစုကြည်မှာ လူထုထောက်ခံမှုက လျော့မသွားဘူး။ နိုင်ငံရေးသြဇာကလည်း အပြည့်ရှိနေတယ်။ ကျင့်ဝတ်ဆိုင်ရာ ခေါင်းဆောင်မှုမှာ ဂန္ဒီလိုမျိုး၊ မင်ဒဲလားလိုမျိုး ပြည်သူတွေဖက်က ရပ်တည်တာ၊ ပြည်သူ့ဖက်ကလိုက်တာမျိုးတွေမှာ နဲနဲ ပွန်းပဲ့တာမျိုးရှိတယ်။ ဒါကိုလည်း သူကိုယ်တိုင်က သိပါတယ်။ ဆိုတော့ ကျနော်ပြောချင်တာက အတိုက်အခံဆိုတာ လိုအပ်တယ်။ မရှိရဘူးဆိုတာကို ကိုယ့်ရပ်တည်ချက်အရ စဉ်းစားပြီးမှ ပြောပါ။

ဟုတ်ပါပြီ။ အဲသည်မှာ ပြည်ပက အတိုက်အခံတွေ၊ ပြည်တွင်းက အတိုက်အခံတွေထဲက အချို့တွေက အတိုက်အခံဆိုတာထက် လက်ရှိအစိုးရနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ကြဖို့ စီမံကိန်းတွေ ဆွဲလာကြတယ်။ ပြောဆို ဆွေးနွေး တင်ပြတာတွေ လုပ်လာကြတာတွေ မြင်တွေ့နေရတယ် ဆရာ။
          ပေါင်းစားချင်ရင်တော့ ကောင်းပါတယ်။ လုပ်ပါ။ ပေါင်းစားချင်ရင်တောင်မှ လွယ်တာမဟုတ်ဘူး။ ဒီကို လာကြတဲ့သူတွေ၊ အဖွဲ့တွေ အများကြီးပဲ။ တွေ့ပါတယ်။ သူတို့တွေကိုလည်း အစိုးရက ပြစားဖို့၊ ခိုင်းစားဖို့အတွက် လုပ်နေတာပဲ။ စစ်တပ်ရဲ့ စစ်အုပ်စုရဲ့ လက္ခဏာတွေကလည်း ပြောင်းလဲသေးတာ မဟုတ်ဘူး။ အဲသည်စစ်ကောင်စီနဲ့ အစိုးရနဲ့ ပေါင်းချင်တဲ့သူတွေကပဲ ပြောင်းပေးနေရတာ၊ ပြင်ပေးနေရတာတွေပဲ ရှိတယ်။ လက်ရှိပြောရရင် သူတို့တပ်မတော်နေ့ မိန့်ခွန်းမှာ မင်းအောင်လှိုင်က ဘာပြောသလဲ၊ သူတို့တတွေက တပ်မတော်က တိုင်းပြည်ဦးဆောင်မှုအခမ်းကဏ္ဍမှာ ဆက်လက်ရှိနေမယ်ဆိုတာမျိုးကို ပြောသွားတယ်။ စစ်ကောင်စီတွေနဲ့ စစ်တပိုင်းအုပ်စုတွေပဲ ဆက်ပြီး အုပ်ချုပ်နေမှာပဲ။ အဲသည်ထဲမှာ သွားပေါင်းတဲ့သူတွေကလည်း လူနည်းစုတွေအဖြစ်နဲ့ပဲ သွားရပ်တည်ရမှာပဲ။ ဘာလုပ်ပိုင်ခွင့်တွေ ရကြမှာမို့လဲ။ ပေါင်းလုပ်ချင်တဲ့ကိစ္စဆိုတာက မြန်မာပြည်နိုင်ငံရေးသမိုင်းမှာ ရိုးနေပါပြီ။ ဟိုတုန်းကတည်းကလည်း ရှိတာပဲ။ တော်လှန်ရေးကောင်စီ၊ မဆလ၊ န၀တ၊ နအဖ ခေတ်အဆက်ဆက်မှာ စစ်တပ်နဲ့ ပေါင်းပြီးလုပ်ခဲ့ကြတာတွေ ရှိခဲ့တာချည်းပဲ။

နိုင်ငံရေးမှာ တဖက်ပါတီ၊ အင်အားတွေနဲ့ ပေါင်းပြီး လုပ်တယ်ဆိုတာကို တဖက်သတ်ကြီးတော့ အပြစ်တင်လို့ မရဘူး မဟုတ်လားဆရာ။
          ကျနော့်အနေနဲ့ ပြောရရင် အတိုက်အခံစိတ်ဓာတ်ကိုတော့ စွန့်ပစ်စရာမလိုပါဘူး။ ဒါကို စွန့်လွှတ်ရမယ်လို့ ပြောတာကတော့ တရားလွန်တယ်လို့ ပြောချင်တယ်။ ကိုယ်ရဲ့ ရပ်တည်ချက်တွေ၊ မူတွေကို စွန့်လွှတ်စရာမလိုဘူး။ တဖက်ကနိုင်ငံရေးအင်အားစုတွေ အဖွဲ့တွေနဲ့ ပေါင်းပြီးလုပ်ကြ။ ကိုယ့်ရဲ့ သဘောထားကို စွန့်လွှတ်စရာမလိုဘူး။ ဒီမိုကရေစီအပြောင်းအလဲအတွက် ကျနော်တို့တတွေက အတိုက်အခံစိတ်ဓာတ်ကို ကျနော်တို့ရဲ့ မူလရပ်တည်ချက်တွေ၊ မူတွေ Principal တွေနဲ့ အတူတူ မစွန့်လွှတ်ဘဲနဲ့ ဆက်ပြီး ဆောင်ရွက်ကြရလိမ့်မယ်လို့ ယုံကြည်တယ်။ အကျိုးရှိတဲ့ လုပ်ငန်းတွေမှာ အစိုးရနဲ့ ပူးပေါင်းပြီး လုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောတာမျိုးကို လက်ခံပါတယ်။ လုပ်ပါ။ ဒါက နိုင်ငံရေးပဲ။ လုပ်ရမှာပေါ့။
          ဥပမာတခုပြောရရင် မဆလ တပါတီစနစ်မှာလည်း ကွန်မြူနစ်တွေ ဗကပတွေကလည်း လက်တွဲလုပ်ဖို့ ကြိုးစားသေးတာပဲ။ ကွန်မြူနစ်တွေက မဆလပါတီထဲ အကုန်မရောက်တောင် တချို့တွေလည်း ၀င်ကြသေးတာပဲ။ သူတို့တွေတောင်းဆိုတာ ရပ်တည်တာက တပါတီစနစ်ကို ဖျက်သိမ်းဖို့၊ မဆလအခြေခံဥပဒေကို ဖျက်သိမ်းဖို့ကို သူတို့ တောင်းဆိုတာပဲ။ တွဲမလုပ်နိုင်တော့လည်း လမ်းခွဲရတာပဲ။ သူတို့တွေမှာ သူတို့ယုံကြည်တာကိုတွေကို စွန့်လွှတ်ရတာမျိုး၊ အတိုက်အခံမလုပ်တော့ဘူးဆိုတာမျိုးမှ မလုပ်ခဲ့ကြတာပဲ။ ကိုယ့် ယုံကြည်ချက်၊ မူကို စွန့်လွှတ်စရာမလိုဘူး။ အတိုက်အခံစိတ်ဓာတ်တွေကို စွန့်လွှတ်စရာမလိုဘူးလို့ ပြောချင်ပါတယ်။

ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။

3 dead, 130 injured in Boston marathon explosion

 ဘော်စတွန်မာရသွန်တွင် ပေါက်ကွဲမှုဖြစ်၊ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိ  မိုးမခအထောက်တော် အမှတ် ဝဝ၉
ဧပြီ ၁၆၊ ၂ဝ၁၃




အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့ မာရသွန်ပြိုင်ပွဲကြီးတွင်ဖြစ်ပွားခဲ့သော တနင်္လာ ညနေပိုင်းက ပေါက်ကွဲမှုများကြောင့်  ၈ နှစ်အရွယ် ကလေးတဦးအပါအ၀င် စုစုပေါင်း ၃ ဦး သေဆုံးသွားသည်ဟု ဒေသခံ ရဲမင်းကြီး Ed Davis က သတင်းထောက်များကို ပြောဆိုကြောင်း CNN ရုပ်သံက ထုတ်လွှင့်သွားသည်။


ပန်းဝင်ရန် သတ်မှတ်ထားသည့် နေရာတွင် ပေါက်ကွဲခြင်းဖြစ်ပြီး  ဒဏ်ရာရာသူ အနည်းဆုံး ၁၄၁ ဦး ရှိကြောင်း၊ ထိုအထဲတွင် ကလေး ၈ ဦး ပါဝင်ကြောင်း ထိုဒေသရှိ ဆေးရုံများကို ကိုးကားပြီး CNN သတင်းတွင် ဖော်ပြထားသည်။


ထိုအထဲတွင် စိုးရိမ်ရသည့်အခြေအနေရောက်နေသူ ၁၇ ဦး၊ ဒဏ်ရာ ပြင်းထန်သူ ၂၅ ဦး ပါဝင်သည်ဟု ဆိုသည်။ 

ခြေလက် ပြတ်သွားသူတို့ကို သယ်ဆောင်သွားပုံကို သတင်းဓာတ်ပုံတချို့တွင် တွေ့မြင်ရသည်။


အထင်ကရ ပြိုင်ပွဲကြီးဖြစ်သော ဘော်စတွန်မာရသွန်တွင် ပါဝင်ယှဉ်ပြိုင်သူ နှစ်သောင်းကျော် ရှိပြီး ပရိသတ်အများအပြားလည်း တက်ရောက်ခဲ့ကြသည်။


ပေါက်ကွဲမှုဖြစ်ပြီး ထွက်ပြေးကြသည့် ပရိသတ်တို့၏ပစ္စည်းများဖြင့် ပြည့်နေသည့် လမ်းပေါ်တွင် လက်ကျန်ဗုံးရှာဖွေရေးကို အာဏာပိုင်တို့က လုပ်ဆောင်ခဲ့ကြသည်။


ဗုံးတချို့ တွေ့ရကြောင်း၊ ကြိုတင်ပြင်ဆင်ထားသော ရှုပ်ထွေးနက်နဲသော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း အာဏာပိုင်တို့က ပြောသည်။


မည်သည့်အဖွဲ့အစည်း၏ လက်ချက် ဖြစ်သည်ကို မသိရသေးပေ။


နယူးယောက်မြို့ မျှော်စင်ညီနောင် တိုက်ခိုက်မှု၏လက်သည် အိုစမာဘင်လာဒင်ကို သုတ်သင်ရေး အကောင်အထည် ဖော်နိုင်ခဲ့သည် သမ္မတ အိုဘားမားက  
ဘော်စတွန်မြို့ဖြစ်ရပ်နှင့် ပတ်သက်ပြီး ချက်ချင်း တုံ့ပြန်လိုက်သည်။


"(တိုက်ခိုက်မှုကို) ကျူးလွန်တဲ့သူ၊ ကျူးလွန်တဲ့ အဖွဲ့မှန်သမျှဟာ ဥပဒေအရ ထိထိရောက်ရောက် အရေးယူခံရမှာ ဖြစ်ပါတယ်" ဟု အိုဘားမားက ပြောဆိုလိုက်သည်။


အမေရိကန်အားလုံးက ဘော်စတွန်မြို့သူမြို့သားတို့နှင့်အတူ ရပ်တည်ပေးနေမည်ဖြစ်ကြောင်း အိုဘားမားက ပြောသည်။

 

Water Festival in Rangoon

 
 ရန်ကုန်မြို့တော်၏ သင်္ကြန်ပွဲတော် ပုံရိပ်များ 
ဓာတ်ပုံသတင်း
ဧပြီ ၁၅၊ ၂ဝ၁၃


ဓာတ်ပုံ - ငြိမ်းချမ်းနိုင်

EPA သတင်းဌာနက ရိုက်ကူးထားသည့်  ရန်ကုန်မြို့တော်၏ သင်္ကြန်မြင်ကွင်းများကို 

Maung Swan Yi - Articles

နယူးယောက်မှာ သာသနာ ရောင်ဝါနေသို့
မောင်စွမ်းရည်
ဧပြီ ၁၅၊ ၂၀၁၃


ကျနော် နယူးယောက်မြို့ကြီးကို ရောက်စက လည်စရာ ပတ်စရာ အိမ် သိပ်မရှိလှလို့ အတော်ယောင်ချာချာဖြစ်ခဲ့ရပါတယ်။ စာကြည့်တိုက်တွေကတော့ ပေါပါပေရဲ့။ အသင်းဝင်ကဒ်ပြား လုပ်ထားပြီး သိပ်မသွားဖြစ်ပါဘူး။ ရုပ်ရှင်ကားတွေတော့ ငှားကြည့်မိပါရဲ့။

တနေ့တော့ သွားရင်းလာရင်းနဲ့ ဆွမ်းခံကိုယ်တော်တွေ တန်းစီပြီး ကြွသွားတာကို အဝေးကနေ လှမ်းမြင်လိုက်ပါတယ်။ နိုင်ငံခြားတိုင်းပြည်မှာ ဆွမ်းခံကိုယ်တော်တွေကိုလှမ်းမြင်ရတာ အလွန်လွမ်းစရာ ကြည်နူးစရာကောင်းလှပါတယ်။ ဆရာကြီး မင်းသုဝဏ်ရဲ့ နေခြည်မှာ ရွှေရည်ဝင်း လို့ဆိုတဲ့ စာတိုစာစ တပိုင်းတစကို ပြေးပြီး သတိရလိုက်မိပါတယ်။ ပြီးတော့ ကွယ်လွန်သူ မန္တလေးပန်းချီဆရာအကျော် ပေါ်ဦးသက်ရဲ့ ဘုန်းတော်ကြီးပုံ ပန်းချီကားတွေကိုရော၊ မင်းဝေအောင်ရဲ့ ပန်းချီကားတွေကိုရော သတိရလိုက်မိပါတယ်။ ကျနော် ပြည်ပကိုထွက်လာခါနီး တော့ မင်းဝေအောင်ရဲ့ ဘုန်းတော်ကြီးပန်းချီကားတွေ အထူးလွှမ်းမိုးနေပါပြီ။ နေခြည်ထဲမှာ ဆွမ်းခံကြွနေတဲ့ ကိုယ်တော်တွေရဲ့ပုံကို နောက်ကနေဆွဲထားတဲ့ ပန်းချီကားတွေ၊ နေပူကျဲကျဲမှာ ဘုန်းကြီးဆောင်း ထီးနီနီဝါ၀ါကြီးတွေဆောင်းပြီး လှမ်းကြွနေတဲ့ ပန်းချီကားတွေ၊ ဦးပြည်းစိမ်းစိမ်းကို အနီးကပ်နောက်ကနေ ရေးဆွဲထားတဲ့ ပန်ချီကားတွေ ...။

ကျနော်ဟာ လှမ်းမြင်မိတဲ့ ဆွမ်းခံကိုယ်တော်တွေနောက်ကို အပြေးလောက်နီးပါး ခြေလှမ်းနဲ့ အမြန်လိုက်သွားမိပါတယ်။ လမ်းသွားရင် နှုတ်ဆက်စကားလျှောက်ထားဖို့ မသင့်ဘူးမဟုတ်လား။ ဒါ့ကြောင့် လမ်းဆုံးအထိလိုက်မယ်လို့ စိတ်ဆုံးဖြတ်ပြီး နောက်ကပဲ ကပ်လိုက်သွားပါတယ်။ အတန်ကြာတော့ ခြံကျယ်ကြီးတခုထဲကို ကွေ့ဝင်ကြွသွားကြပါတယ်။ လမ်းမှာတော့ ဒကာ ဒကာမ တဦးတလေမျှ ဆွမ်းလောင်းထွက်တာ မမြင်မိပါဘူး။ ဘုန်းကြီးတန်းကြီးပျောက်သွားတော့ စိတ်မောသွားမိပါတယ်။ နေခြည်ထဲက ဘုန်းကြီးတန်းကြီးဟာ ဒို့ဗမာပြည်ရဲ့ ကြည်နူးထူးမြတ်တဲ့ နိမိတ်ပုံတခုပါတကားလို့လဲ စွဲမှတ်သွားလိုက်မိပါတယ်။ ကျနော်တို့ရွာ အချိန်ကို နာရီနဲ့မပြောပဲ ဆွမ်းခံဝင်ချိန်၊ ဆွမ်းခံပြန်ချိန် စသဖြင့် ပြောခဲ့ကြပုံတွေကိုလည်း တစဉ်တန်း အမြှင်တန်းပြီး တွေးတောလိုက်မိပါတယ်။

ဆွမ်းခံသံဃာတန်းကြီး ကွေ့ဝင်သွားတာက ဘုန်းကြီးကျောင်းကြီးထဲကို ဖြစ်နေပါကလား။ ဘုန်းကြီးကျောင်းကိုတွေ့ပြီဆိုတော့ ပိုပြီးဝမ်းသာ သွားမိပါတယ်။ ဘုန်းကြီးကျောင်းဝင်းကြီးက အကျယ်ကြီးပါ။ တဧကခွဲလောက်ကျယ်မယ်ထင်ပါတယ်။ အုတ်တိုက်ကျောင်းကြီး ကလည်း ကြီးမှကြီး။ မန္တလေးကျောင်းတိုက်ကြီးလိုပါပဲ။ မော်ကြည့်မိတော့ အချွန် အမွန်တွေက ဗမာလက်ရာမဟုတ်ပဲ တရုတ်လိုလို၊ ထိုင်းလိုလို ၀င်ပေါက်ရဲ့အဆုံးမှာ ဗမာဘုန်းကြီးကျောင်းတွေမှာ မြင်လေ့မရှတဲ့ ပကတိလူအရွယ်ထက်ကြီးတဲ့ အရုပ်ကြီးက မားမားမတ်မတ်။ ကွယ်ယင်မယ်တော်ဆိုတာထင်ပါရဲ့။ တရုတ်တန်းဘက်မှာလား၊ ဘာလား မသိ မြင်ဖူးပါတယ်။ ဗမာထုံးစံအတိုင်းဝင်သွားတော့ ဘုန်းတော်ကြီးများက ပြုံးပြီးကြိုဆိုကြပါတယ်။ စကားပြောကြည့်တော့မှ ဗမာဘုန်းကြီးတွေမဟုတ်ဘဲ ထိုင်းဘုန်းကြီးတွေဖြစ်နေတာ သိရပါတော့တယ်။ ဘာပဲဖြစ်ဖြစ် သင်္ကန်းဝါ၀ါနဲ့ ဦးပြည်းနဲ့ ပုဂ္ဂိုလ်တွေကို ဖူးမြင်ရတာ ကြည်နူးမိပါတယ်။ မိရိုးဖလားအစွဲအလန်းက သံဃာ (ဘုန်းကြီး) ဆိုတာ အနန္တော၊ အနန္တငါးပါးဝင် ဆရာမိဘနဲ့တန်းတူ တဂိုဏ်းတည်းပါတကားစဉ်းစားတဲ့ အမြင်အစွဲဟာ ဇာတိပြလာပါတော့တယ်။ ဗမာပါလို့လျှောက်ထားဝတ်ချပြီး ပြန်ခဲ့ပါတယ်။

နောက်တော့ ဘုန်းကြီးကျောင်းတကျောင်းကိုရောက်သွားပါတယ်။ အိမ်တအိမ်ရဲ့ အပေါ်ထပ်တခြမ်းမှာပါ။ ခပ်ကျဉ်းကျဉ်းပါပဲ။ ဗမာပြည်က ရခိုင်ဘုန်းတော်ကြီးတပါးပါ။ ရခိုင်သံဝဲ၀ဲနဲ့ ဗမာစကားပြောပါတယ်။ ပါရဂူဘွဲ့ရထားသူပါပဲ။ နောက်တကျောင်းကတော့ မန္တလေးကိုယ်တော် တပါးရဲ့ကျောင်းပါ။ ကျောင်းရဲ့ဘွဲ့အမည်က ၀ိသုဒ္ဓါရုံ ဓမ္မရံသီကျောင်းတဲ့။ ဒကာ ဒကာမွေက ပါဋ္ဌိဘွဲ့အမည်ကို ဖတ်လေ့မှတ်လ့နည်းပါတယ်။ ဘုန်းကြီးသုံးပါး သီတင်းသုံးနေထိုင်လို့ သုံးပါးကျောင်းလို့ပဲ အမည်တွင်ပါတယ်။ မျက်စောင်းထိုး တခေါ်လောက်မှာ ပအို့ဝ်ဘုန်း တော်ကြီးတပါးတည်း သတင်းသုံးတဲ့ ကျောင်းတကျောင်း ရှိသေးသတဲ့။ ကျောင်းအမည်က မဟာအောင်မြေတဲ့။ မြေတော့မရှိရှာပါဘူး။ အိမ်တအိမ်ရဲ့ အပေါ်ထပ်မှာပါ။ တခါက အဆိုတော်ကြီး မာမာအေး ခေတ္တတည်းခိုသွားဖူးတဲ့နေရာလို့ ဆိုပါတယ်။ အဲဒီတပါးကျောင်း ဆရာတော်က အိန္ဒိယက တက္ကသိုလ်ကျောင်းထွက်ပါရဂူဘွဲ့ရလို့ သတင်းကြားရတော့ ၀မ်းသာရပါတယ်။ အမေရိကန်မှာ သာသနာပြုရင် အင်္ဂလိပ်စာကျွမ်းဖို့လိုမှာပေါ့။ တပါးကျောင်းနဲ့ သုံးပါးကျောင်းဆရာတော်များက စာပေ၀ါသနာပါကြပါတယ်။ အနေကြာလာတော့ ကျနော်နဲ့ ဆရာရင်း ဒကာရင်းတွေ ဖြစ်လာကြပါတယ်။

သုံးပါးကျောင်းဆရာတော်က စာပေပါမက ပန်းချီပါ ၀ါသနာပါတယ်။ ပေါ်ဦးသက်ရဲ့ ရွှေတိဂုံစေတီတော်ကြီးပုံကို မန္တလေး လူထုတိုက်မှာ မြင်နေကျပါ။ အဲ့ဒီပုံနဲ့ ထပ်တူကျအောင် ဆရာတော်က ဆွဲနိုင်ပါတယ်။ အနီးကပ်ကြည့်မှ လက်ရာမတူတာကိုတွေ့နိုင်ပါတယ်။ ပန်းချီဆွဲပါ။ ပြပွဲလုပ်ကြမယ်ဆိုပေမယ့် မဆွဲဖြစ်ပါဘူး။ ဧည့်သည် အာဂန္တွုေများလို့နဲ့တူပါတယ်။ ဒါပေမယ့် နောက်ကျောဘက်က ဆွမ်းစားဆောင်မှာ စာပေ၀ါသနာပါတဲ့ ဒကာ ဒကာမတွေရဲ့ တိုက်တွန်းမှုနဲ့ စာကြည့်တိုက်ကလေးတခုတော့ လုပ်ဖြစ်ပါတယ်။ နယူးယောက် ဗမာတွေမှာ စာဖတ်ဝါသနာပါသူတွေ တော်တော်လေးရှိပါတယ်။ သူတို့ဖတ်ပြီး စာအုပ်တွေ စာနယ်ဇင်းတွေကို လှူကြပါတယ်။ အသက် ၈၀ ကျော် စာပေ၀ါသနာရှင် အဖွား ဒေါ်ခင်တီဆိုတာက စာအုပ်ဘီဒိုတွေ လှူတယ်။ ရီတာအောင်တို့လို စာရေးဆရာမမျိုးကလဲ သူရဲ့ မဂ္ဂဇင်းတွေ၊ စာအုပ်တွေ လှူထားပါတယ်။ စည်းကမ်းသိပ်ကြပ်လို့တော့ မရပါဘူး။ တချို့လောဘကြီးတဲ့ စာဖတ်သူများက သူများလက်ပါသွားမှာစိုးလို့တဲ့ သူဖတ်ချင်တာတွေကို တွန်းလှဲနဲ့ သယ်သွားတာ တွေ့လိုက်ရပါတယ်။ ဆရာတော်ကလဲ ပြောချိန်မရလောက်အောင် အလုပ်ရှုပ်နေဟန်တူပါတယ်။ ငှားသွားတာတွေကို ပြန်တော့ပို့ကြပါသတဲ့။ ငှားချိန် ကန့်သတ်လို့လဲ မရပါဘူး။ ကြုံမှ ပြန်အပ်ကြတာပါ။

ဒီကျောင်း နှစ်ကျောင်းက ကွင်းခေါ် ဘုရင်မမြို့နယ်ထဲမှာရှိတာပါ။ ဘရွတ်ကလင်းဘက်မှာလဲ ဘာကင်ကျောင်းတဲ့။ မစိုးရိမ်ကျောင်းတဲ့။ နှစ်ကျောင်းရှိနှင့်ပါတယ်။ ကျနော်နေတဲ့ ဘုရင်မမြို့နယ်ထဲက ကားနဲ့သွားရရင် နာရီဝက်လောက်သွားရပါတယ်။ ဝေးလို့ မသွားဖြစ်ပါဘူး။ နောင် တနှစ် နှစ်နှစ်ကြာမှ ကားကြုံလို့ လိုက်သွားဖူးပါတယ်။ မစိုးရိမ်ကျောင်းဆိုတာ မစိုးရိမ်စာချကိုယ်တော်ကြီး သီတင်းသုံးတဲ့ကျောင်းပါ။ ရှစ်လေးလုံးကာလက ဖမ်းဆီးခံ၊ ထောင်ချခံရရှာတဲ့ မထေရ်ကြီး ၀ါကြီးဆရာတော်ကြီးပါ။ တပည့် သံဃာ ၆၀၀၀ လောက်မွေးထုတ်ခဲ့တဲ့ ဆရာတော်ကြီးကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်ဆိုတော့ မျက်ရည်လည်လောက်အောင် စိတ်ထိခိုက်မိပါတယ်။ ဗုဒ္ဓဘာသာ အမြင်အရရော၊ လူလောကအမြင်အရရော ဒီလိုပုဂ္ဂိုလ်ကြီးမျိုးကို ဗုဒ္ဓဘာသာဝင်စစ်ဗိုလ်စစ်သားတွေက ဘယ်လိုစိတ်ဓာတ်နဲ့များ လုပ်ရက်ကြသလဲဆိုတာ မစဉ်းစားနိုင်အောင်ပါပဲ။

ရွှေဝါရောင်တော်လှန်ရေးဆိုပြီး ကမ္ဘာ့စာနယ်ဇင်းတွေမှာ ဟိုးလေးတကျော်ဖြစ်သွားတဲ့ ၂၀၀၇ ခုနှစ် သံဃာတော်များ ဆန္ဒပြပွဲဆိုတာ မျိုးကတော့ ဗုဒ္ဓဘာသာ သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာရော မကြံစဖူး ထူးကဲလှပါတယ်။ တန်းစီလာကြတဲ့ သံဃာတော်များဟာ မေတ္တာသုတ် ရွတ်လာကြတာဆိုတော့ အလွန်ကြည်နူးစရာ၊ ကြည်ညိုစရာပါ။ ဒကာ ဒကာမတွေ အချိုရည်များ၊ ရေအေးများ ကပ်လှူပြီး လမ်းမပေါ်မှာ ထိုင်ကန်တော့ကြပါတယ်။ ဒါကို သေနတ်တွေနဲ့ပစ်သူက ပစ်ကြပါတယ်။ ဒီအချိန်မှာ ပီနန်ဆရာတော်ကြီးကလဲ နယူးယောက် မြို့မှာ ရောက်ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စု အမြို့မြို့အနယ်နယ်မှာ ရောက်ရှိနေကြတဲ့ သံဃာတော်များပါ နယူးယောက်မှာ စုဝေးပြီး သာသနာ့ဥသျှောင် ဆိုတဲ့ အဖွဲ့အစည်းတခု ဖွဲ့လိုက်ပါတယ်။ ပီနန်ဆရာတော်ကြီးက ဥက္ကဌ၊ မစိုးရိမ်ဆရာတော်ကြီးက နာယက၊ သာသနာ့ဥသျှောင်အဖွဲ့ကြီးက စစ်အာဏာရှင်အစိုးရကို ရှုတ်ချကန့်ကွက်ပါတယ်။ တိုက်ခန်းတခန်းကို ငှားပြီး ရုံးခန်းလုပ်တော့ သာသနာ့ဥသျှောင်ဆိုတဲ့ ဘုန်းတော်ကြီး ကျောင်းတကျောင်းတိုးလာခဲ့ပါတယ်။ သာသနာ့ဥသျှောင် ရုံးခန်းအတွက် အကုန်သက်သာအောင် တပါးကျောင်းကို ခဏရွှေ့ပြောင်းသွားတော့ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ သာသနာ့ဥသျှောင် ကျောင်းဝန်းနေရာကို ဦးဇင်းတပါးက ဆက်ခံပြီး ဧချမ်းမြေ့ ဆိုတဲ့ ဘွဲ့အမည်နဲ့ ကျောင်းတကျောင်းထောင်လိုက်တဲ့အခါ ဘုန်းကြီးကျောင်း တကျောင်း ထပ်တိုးသွားပြန်ပါတယ်။ အဲဒီကျောင်းလဲ တပါးကျောင်းပါပဲ။

ရွှေဝါရောင်အရေးအခင်းမှာ ထွက်ပြေးလာရတဲ့ ဘုန်းကြီးသုံးပါးက ဘရွတ်ကလင်းဘက်ရောက်လာပြီး ကျောင်းတကျောင်းထောင်တယ်။ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အမေရိကန်တဦးက ကူညီအားပေးပါတယ်။ ကျောင်းဘွဲ့က မေတ္တာပါရမီတဲ့။ ထောင်ထွက်ဘုန်းတော်ကြီးတပါးက ဦးဆောင်ပါတယ်။ နိုင်ငံရေးနဲ့ပြေးလာကြရတဲ့ ကျောင်းသားကြီးတချို့လဲ အဲဒီကျောင်းမှာ ဒုလ္လဘရဟန်းခံတာတွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ ဘရွတ်ကလင်းဘက်မှာ ဘုန်းကြီးကျောင်းသုံးကျောင်းဖြစ်သွားခဲ့ပါတယ်။ ကျနော်တို့ မေတ္တာပါရီမီကျောင်းကို တပတ်တခါ ဆွမ်းဟင်းပို့လှူပါတယ်။ 

သုံးပါးကျောင်းလို့တွင်တဲ့ မဟာဝိသုဒ္ဓါရုံကျောင်းကတော့ အာဂန္တုဘုန်းတော်ကြီးတွေများပါတယ်။ ဒါပေမယ့် သုံးပါးထက်ပိုခဲ့တယ်။ ခဏသီတင်းသုံးပြီး မြို့ရွာအနှံ့ ဖြန့်သွားကြပါတယ်။ အာဂန္တတပါးက နက္ခတ်ဗေဒင်တတ်သတဲ့။ ဒါ့ကြောင့် ဘွဲ့အမည်ကိုမခေါ်ပဲ ဗေဒင်ဘုန်းကြီး လို့ပဲ ခေါ်ကြပါတယ်။ ဗေဒင်ဘုန်းကြီးမှာလည်း သူ့နည်းနဲ့သူ ကိုးကွယ်သူတွေများလာတော့ ဘုရင်မမြို့ထဲမှာပဲ ရွှေဘုန်းပွင့် အမည်နဲ့ ကျောင်းတကျောင်းထောင်လိုက်လို့ ဘုန်းကြီးကျောင်း ၈ ကျောင်းဖြစ်လာပါတယ်။

မကြာခင်ကပဲ နိုင်ဝင်ဘာလထဲမှာ ပီနန်ဆရာတော်ကြီးက မြေကွက်တကွက်ကို လောင်းအိုင်လင်း နယ်မြေဘက်မှာ ၈ သိန်းကျော်ပေးပြီး ၀ယ်ယူခဲ့ပါတယ်။ သုံးထပ်တိုက်အရှည်ကြီးတတိုက်လဲ ပါရှိပါတယ်။ အဲဒီနားမှာက ဗမာအိမ်မရှိပါဘူး။ ကားနဲ့ ဆယ်လေးငါးမိနစ်လောက်သွားရတဲ့နေရာမှာ ဗုဒ္ဓဘာသာအိမ်တအိမ်ပဲရှိပါတယ်။ ဆရာတော်ကြီးက မလေးရှားမှာပဲ ခမ်းနားကြီးကျယ်တဲ့ကျောင်းတိုက်ကြီးတခုတည် ထောင်ပြီး သီတင်းသုံးနေပါတယ်။ အသစ်ဝယ်လိုက်တဲ့ ကျောင်းကြီးမှာ သံဃာတပါးတင်ထားပါတယ်။ ကျောင်းဘွဲ့က ဗုဒ္ဓဒီပံ တဲ့။ ဗုဒ္ဓဘာသာ ဗမာတွေကို အထင်မသေးရအောင် ကျယ်ဝန်းခမ်းနားတဲ့ကျောင်းကြီးဝယ်လိုက်လို့ မိန့်ကြားပါတယ်။ ဗမာတွေများတဲ့ ဘုရင်မ (ကွင်း) မြို့နယ်ထဲမှာက မြေကျယ်ကျယ်မရှိပါဘူး။ ဒါပေမယ့် ဆွမ်းကွမ်းပေါပါတယ်။ ပီနန်ဆရာတော်ကြီး သာသနာပြုပုံ ထူးခြားပါတယ်။ ဗမာလူမျိုးတွေ တစုတဝေးရောက်ရှိနေထိုင်တဲ့ နိုင်ငံတိုင်းမှာ ဗုဒ္ဓဘာသာကျောင်းတွေ ၀ယ်ယူတည်ထောင်ပေးပြီး သံဃာတော်မျာလဲ ရှာဖွေအပ်နှံပေးပါတယ်။ နိုင်ငံခြားမှာ ကျောင်းထိုင်သံဃာတော်များဟာ ဗမာစကားအပြင် အင်္ဂလိပ်စကား၊ တရုတ်စကားသစည် ပြောတတ်ရပါတယ်။ပီနန်ဆရာတော်ကြီးရဲ့ ကျောင်းနဲ့ ထိုင်းဘုန်းကြီးပါ ပေါင်းရင် နယူးယောက်မှာ ဗုဒ္ဓဘာသာကျောင်းပေါင်း ၁၀ ကျောင်းရှိသွားပါ ပြီ။

ပီနန်ဆရာတော်ကြီးက နယူးယောက်ကို တနှစ်တခေါက်၊ နှစ်ခေါက်ဆိုသလို ကြွရောက်လာတတ်ပါတယ်။ တခါတော့ ကျနော်တို့က ဆွမ်းကပ်ပါတယ်။ ဆရာတော်ကြီးက ... ဒကာတို့ ဗိုလ်နေ၀င်းကို ကျေးဇူးတင်ကြ။ သူလုပ်လို့ ဘုန်းကြီးတွေရော၊ ဒကာတွေရော ပြည်ပကို ပြေးလာကြရတာ။ ဟော ခုတော့ အမေရိကားလို နိုင်ငံကြီးမှာတောင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေနဲ့ စည်ကားလာပြီ မဟုတ်လား။ ကျေးဇူးဆိုတာ ရှာကြံတင်တတ်ကြရမှာပေါ့ .... လို့ ရယ်ရယ်မောမောနဲ့ မိန့်ကြားဖူးပါတယ်။

တကယ်တော့ နယူးယောက်မြို့နယ်ရဲ့ မြို့တော်က အယ်လ်ဘန်နီပါ။ အယ်လ်ဘန်နီမှာ ရုံးချုပ်တွေတည်ရှိပါတယ်။ နယူးယောကကနေပြီး ကားနဲ့သွားရင် ၃ နာရီ ပြင်းပြင်းလောက်ကြာပါတယ်။ အဲဒီမှာ ၂၀၀၃ လောက်ကတည်းက ဘုန်းကြီးကျောင်းတကျောင်း ရှိနေပါပြီ။ ကျောင်းထိုင်ဆရာတော် ဦးဣဿရိယက မိုးကုတ်ကကြွလာတာဆိုတော့ ဒကာ ဒကာမတွေက မိုးကုတ်ဆရာတော်လို့ပဲ လွယ်လွယ် ခေါ်ကြပါတယ်။ အဲဒီမှာရှိကြတဲ့ ဗမာတွေက ကျောင်းသားတပ်မတော်ကလာကြတာများပါတယ်။ ခုနောက်တော့ နောက်ထပ်ဗမာတွေ တနေ့တခြားတိုးများနေပြီး ဘုန်းကြီးကျောင်းတကျောင်းတောင် ထပ်ပြီးပေါ်ပေါက်နေသတဲ့။

မိုးကုတ်ဆရာတော်ကြီးက ၂၀၀၃ ခုနှစ် ကျနော်အမေရိကားကိုရောက်စကတည်းက အဆက်အသွယ်ရှိပါတယ်။ ကျနော်က အိုင်အိုစာ တက္ကသိုလ် စာပေရေးသားမှုအစီအစဉ်မှာ ပါဝင်ဆင်နွှဲနေကတည်းက တပတ် တခါ နှစ်ခါ ဖုန်းဆက်လေ့ရှိပါတယ်။ အဲဒီအစီအစဉ်ကို ကိုသာနိုး၊ ကိုဝင်းဖေ၊ ချစ်ဦးညို၊ ဒေါက်တာ ခင်မောင်ညို၊ နုနုရီ၊ ခက်မာ စတဲ့ စာရေးဆရာတွေ တက်ရောက်ခဲ့ကြဖူးပါတယ်။ နိုင်ငံတကာက စာရေးဆရာတွေ တွေ့ဆုံမိတ်ဖွဲ့တဲ့ပွဲပါပဲ။ နှစ်တိုင်းရှိပါတယ်။ တကြိမ်လုပ်ရင် သုံးလကြာပါတယ်။ သုံးလပြီးရင် ကျနော်က နယူးယောက်ကို သားအကြီးနဲ့သွားနေမယ်လို့ဆိုတော့ သူ့ဆီအရင်လာနေပါလို့ ဆရာတော်က ဖိတ်ကြားတာနဲ့ တလလောက်သွားနေခဲ့ဖူးပါတယ်။ သူပုန်ကျောင်းသားတွေရဲ့ ပို့ဆွမ်းကိုစားခဲ့ရပါတယ်။ အဲဒီက ကျောင်းသားကြီးတွေနဲ့လဲ တူသားအရင်လို ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။ ထူးခြားတာကတော့ အဲ့ဒီမြို့မှာ ကားတိုက်ခံရတဲ့ သမင်ပံ့သကူသားတွေ မပြတ်စားရတာပါပဲ။

ခုဆိုရင် အယ်လ်ဘန်နီမြို့မှာ နှစ်ပေါင်း ၉၀ ကျော် ၁၀၀ နီးပါးသက်တမ်းရှိတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဟောင်းမြေနေရာကို ရောင်း မယ်ကြားလို့တဲ့ ၀ယ်ယူပြီး ဗုဒ္ဓဘာသာ သာသနာ့မြေအဖြစ်ပြောင်းလဲဖို့ မိုးကုတ်ဆရာတော်နဲ့ ဒကာ ဒကာမတွေ အားထုတ်နေကြပါတယ်။ ရန်ပုံငွေ ပြည့်စုံရင် အမြန်ဝယ်ဖြစ်မှာပဲဆိုပြီး အလှူခံနေကြလေရဲ့။ အဲဒီနေရာကိုရရင် ဗုဒ္ဓဘာသာဝင်တွေရဲ့ တရားစခန်းတို့ သင်တန်းတို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာနိုင်မယ်လို့ သိရပါတယ်။ ဆရာတော်ရဲ့ လက်ရှိကျောင်းမှာ သံဃာ ၃ - ၄ ပါးရှိပါတယ်။ စာတိုက်ကလေးသဖွယ် စာအုပ်များလည်း ထားရှိပါတယ်။ ဘာသာရေး ပွဲလမ်းအခမ်းအနားတွေအပြင် ဗမာတွေရဲ့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ စာဆိုတော်နေ့ စတဲ့အခမ်းအနားတွေ ကျင်းပလေ့ရှိပါတယ်။

ကျနော်လဲ အယ်လ်ဘန်နီ ဘုန်းတော်ကြီးကျောင်းမှာ သင်္ကန်ဝတ်ဖို့ စိတ်ကူးဝင်ဖူးပါတယ်။ ဒါပေမယ့် သီလလဲ မပေးတတ်တဲ့အပြင် သံဃာတော်တွေ တန်းစီရင် အသက်ကြီးပြီး ၀ါငယ်တဲ့ ဘုန်းကြီးအိုကြီးက နောက်ဆုံးကနေပြီး နှေးတုံ့ နှေးတုံ့ လိုက်နေရမှာ အားနာလို့ သင်္ကန်မစီးဖြစ်တော့ဘဲ ဘုရင်မမြို့နယ် (ကွင်းမြို့နယ်) ထဲက တပါးကျွန်းခေါ် မဟာအောင်မြေကျောင်းမှာ ပအို့ဆရာတော် ဦးဝိလသ အမှူးထားပြီး ပဋ္ဌာန်းဝတ်အသင်းတခု တည်ထောင်ထားပါတယ်။ တနင်္ဂနွေ ညနေတိုင်း ပဋ္ဌာန်းရွတ်ဖတ်ပြီး ၀တ်ပြုကြပါတယ်။ အသင်းသား ၃၀ ၀န်းကျင်ရှိပါတယ်။ အဲဒီမှာ သက်ကြီးပူဇော်ပွဲ၊ အဖေနေ့၊ အမေနေ့ ကန်တော့ပွဲ စတဲ့ပွဲတွေ နှစ်စဉ်လုပ်ပါတယ်။ အဲဒီမှာ ဘုရားဒကာ၊ ကျောင်းဒကာအဖြစ်နဲ့ ပါဝင်ဆောင်ရွက်ရင်း ဆရာတော်က ကမ္မဋ္ဌာန်းဝိပဿနာ အလုပ်ပေးစခန်းအဖြစ်ပါ တိုးချဲ့လာတဲ့အတွက် ကျနော်လဲ တောမမှီတဲ့ ယောဂီစွမ်းဖြစ်နေပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ သာဓုခေါ်ကြပါခင်ဗျား ...။

မောင်စွမ်းရည်
၂၀၁၃ ဖေဖော်ဝါရီ
နယူးယောက်



သရုပ်ဖော်ပန်းချီအား ဤနေရာမှ ကူးယူပါသည်။


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives