[moemakadaily@moemaka.biz] 9th April - MoeMaKa Daily

ဆန်ဖရန်ဘေးဧရိယာ မေတ္တာနန္ဒကျောင်းတိုက် သင်္ကြန်ပွဲတော် စည်ကား
မိုးမခဓာတ်ပုံသတင်း၊ ဓာတ်ပုံ ကိုဂျေစင်၊ ဧပြီ ၉၊ ၂၀၁၃
ဧပြီ ၇၊ တနင်္ဂနွေနေ့၊ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ မေတ္တာနန္ဒကျောင်းတိုက်၊ နှစ်စဉ်ကျင်းပနေကျ ရိုးရာ သင်္ကြန်ပွဲတော်နှင့် ရန်ပုံငွေဈေးရောင်းပွဲတော် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့သည်ကို တွေ့ရစဉ်။









Posted by Maung Yit at 3:26 PM 0 comments  

88 Generation Ko Htay Kywe Meeting with SF Burmese Community

၈၈ မျိုးဆက် ကိုဌေးကြွယ်နှင့် ဆန်ဖရန်မြန်မာမိသားစုများ တွေ့ဆုံပွဲ အပိုင်း ၁
(မြန်မာတိုင်းရင်းသားများ၏ မြန်မာပြည်ငြိမ်းချမ်းရေး ဆုတောင်းနှင့် ကိုဌေးကြွယ်ကို ကြိုဆိုနှုတ်ဆက်ခြင်း)
SFBC Organizers & Friends ရုပ်သံ၊ ဧပြီ ၉ ၊ ၂၀၁၃ (မိုးမခရုပ်သံ)
(ဧည့်ခံကြိုဆိုခြင်း၊ မိတ်ဆက်ခြင်း၊ တိုင်းရင်းသားများက ဆုတောင်းခြင်း၊ ကိုဌေးကြွယ် ကိုယ်ရေးအကျဉ်းကို ဖတ်ကြားခြင်း၊ ကိုမင်းဇင်က နှုတ်ဆက်ကြိုဆိုခြင်း၊ အရှင်ဓမ္မပီယက အမှာစကားပြောကြားခြင်း၊ ကြာမြင့်ချိန် ၄၅ မိနစ်)
Posted by Phan Mee Ain - Literature Lovers at 2:16 PM 0 comments  
Labels: 

Ko Mo Jo - Kayan Ethnics


ကာတွန်းကူမိုးကြိုး - ကယန်းဆိုတာ တိုင်းရင်းသား
ဧပြီ ၉၊ ၂၀၁၃
Posted by Maung Yit at 12:41 PM 0 comments  

Pyay (Say Nit) Book


 
စာရေးဆရာပြေ (ဆေး ၂) ရဲ့ မြူတိမ်ဝေေ၀ တောင်ခိုးဝေးဝေး ထွက်ရှိ
မိုးမခစာအုပ်စင်၊ ဧပြီ ၉၊ ၂၀၁၃
လွန်ခဲ့တဲ့ မတ် ၁၀ ရက်က ရန်ကုန်မြို့မှာ ပြေ (ဆေး ၂) ရဲ့ ဘာသာပြန်စာအုပ် မြူတိမ်ဝေေ၀၊ တောင်ခိုးဝေးဝေး ထွက်ရှိပါတယ်။ ဒီစာအုပ်က ၁၉၆၂ စစ်တပ်က အာဏာသိမ်းစဉ်သီပေါပြည်နယ် လွှတ်တော်အမတ်၊ သီပေါစော်ဘွား စပ်ကြာဆိုင်ကို စစ်တပ်က ဖမ်းဆီး လုပ်ကြံခဲ့တဲ့ သမိုင်းနောက်ခံနဲ့အတူ စော်ဘွားကတော်၊ သြစတြီးလျားသူ၊ Inge Sargent (စပ်သုစန္ဒီ) ရဲ့ ကိုယ်တွေ့ ရုန်းကန် ရင်ဆိုင်ခဲ့ရပုံများကို ဖော်ပြထားတာ ဖြစ်ပါတယ်။
 အဲသည်စာအုပ်ဘာသာပြန်ကို စာရေးဆရာက နအဖ စစ်အစိုးရလက်ထက်မှာ ထုတ်ဝေဖို့ ကြိုးပမ်းခဲ့ပေမယ့် စာပေစိစစ်ရေးက ခွင့်ပြုချက် မရရှိခဲ့ပါဘူး။ အဲသည်တုန်းက အပိုင်းများကို မိုးမခအင်တာနက်မှာ အခန်းဆက် ဖော်ပြခဲ့ပြီး ယခု ကြံ့ဖွံ့အစိုးရလက်ထက်မှာ မြန်မာပြည်တွင်းမှာ စာရေးဆရာက တစုတစည်းတည်း ထပ်မံထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ မြန်မာ့ခေတ်စာအုပ်တိုက်က ပုံနှိပ် ဖြန့်ချိပါတယ်။
Posted by Maung Yit at 12:14 PM 0 comments  
Labels: 

Interview with Galon Ni Sayadaw by Ashin Pyinnyar Nanda

မန္တလေးမြို့၊ ဂဠန်နီဆရာတော်နှင့် တွေ့ဆုံခြင်း
အရှင်ပညာနန္ဒ၊ ဧပြီ ၉ ၊ ၂၀၁၃ (မိုးမခရုပ်သံ)

Posted by Phan Mee Ain - Literature Lovers at 10:41 AM 0 comments  

Nyein Chan Aye - Poem


ရှိသူများ' နဲ့ 'မရှိသူများ' 
('Haves' Vs. 'Have-nots)
ငြိမ်းချမ်းအေး
ဧပြီ ၈၊ ၂၀၁၃


တကယ်တော့..
တိုင်းပြည်မှာ
လူမျိုး/ဘာသာ/အသားအရောင်/လိင်
ခွဲခြားပြီး ပြောနေဖို့ မလိုဘူး။

တကယ်တမ်း..
တိုင်းပြည်မှာ
ခွဲခြားမြင်တတ်ပြီး ပြောရမှာက
'ရှိသူများ' နဲ့ 'မရှိသူများ' အရေး ဖြစ်တယ်။

'Haves' Vs. 'Have-nots'
ကွာခြားချက်ကိုပဲ
အသံထွက်ရမယ်..။

'ရှိသူများ' နဲ့ 'မရှိသူများ'..။
အာဏာရှိသူများ နဲ့ အာဏာမဲ့နေသူများ..။
လုပ်ပိုင်ခွင့် ရှိသူများ နဲ့ လုပ်ပိုင်ခွင့် မဲ့နေသူများ..။
'စံစား' နေရသူများ နဲ့ 'ခံစား' နေရသူများ..။

ဖိနှိပ်နေသူများ နဲ့ အဖိနှိပ်ခံများ..။
အခွင့်အရေး ရနေသူများ နဲ့ အခွင့်အရေး ဆုံးနေသူများ..။
ထိုင်ရာမထ လိုတ ရနေသူများ နဲ့ ဖောင်စီးရင်း ရေငတ်နေသူများ..။
မိုက်ရိုင်းရင်း ထွားကြိုင်းနေသူများ နဲ့ ရိုးသားရင်း ကျုံလှီးနေသူများ..။

အလျှံပယ် ဖြစ်နေတဲ့ ဘဝများ နဲ့ ကုန်းကောက်စရာ မရှိတဲ့ ဘဝများ.။
ဓနအင်အားကို အလွဲသုံးစား လုပ်နေသူများ နဲ့ ဓနအင်အား မဲ့နေသူများ..။
ထားစရာ မရှိလောက်အောင် 'ဟန်' နေသူများ နဲ့ စားစရာကို မရှိ ဖြစ်နေတဲ့ 'ခံ' နေရသူများ..။
အာဏာကို အလွဲသုံးစား လုပ်နေသူများ နဲ့ အာဏာ အလွဲသုံးစား လုပ်ခြင်းကို ခံနေရသူများ..။

'ရှိသူများ' အတွက်
'ဓမ္မ' နဲ့ 'အဓမ္မ' ဆိုတာ သိဖို့ မလိုဘူး..။
တရားမှု နဲ့ 'မတရားမှု' ဆိုတာ ရှိဖို့ မလိုဘူး..။

လုပ်သမျှ 'ဖြစ်' နေတဲ့ 'ရှိသူများ' အတွက်
အရာရာဟာ 'ဓမ္မ'
အရာရာဟာ 'တရား'..။

လုပ်သမျှ 'ခံ' နေရတဲ့ 'မရှိသူများ' အတွက်
'ဓမ္မ' သာ အရာအရာ
'တရား' သာ အရာအရာ..။

'တရားမျှတမှု' နဲ့ 'ဓမ္မတရား' သာ
အရာရာ ဖြစ်တဲ့နေ့
လောကပါလတရား
ထွန်းကားတဲ့နေ့
'ရှိသူများ' နဲ့ 'မရှိသူများ' အရေး ငြိမ်းမယ်..။

'ရှိသူများ' နဲ့ 'မရှိသူများ' အရေး ငြိမ်းတဲ့နေ့
တိုင်းပြည်ဟာ
'လူတစု ဒီမိုကရေစီ' ကနေ
'လူထု ဒီမိုကရေစီ' ကို ပြောင်းမယ်..။
Posted by Aung Htet at 8:46 AM 0 comments  

Salai Sunpai - Cartoon


စိုးရိမ်စရာ မရှိတော့ပါဘူး
ကာတွန်း  - ဆလိုင်းစွမ်းပီ
ဧပြီ ၈၊ ၂၀၁၃


Than Win Hlaing - Articles


ရှေးဦးမြန်မာ့နိုင်ငံရေးပညာကျမ်းများ
သန်းဝင်းလှိုင်
ဧပြီ ၈၊ ၂၀၁၃



လွန်ခဲ့သော နှစ်ပေါင်း ၂၃၀၀ ကျော် ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၀ ခန့်က အိန္ဒိယနိုင်ငံတွင် စိုးစံခဲ့သော မောရိယမင်းဆက်၏ ပထမမြောက်မင်းဖြစ်သည့် အသောကဘုရင့် ဘိုးတော် စန္ဒဂုတ်မင်းအတွက် ရည်ရွယ်လျက် စာဏကျ ခေါ် ကောဋိလျအမတ်ကြီးသည် "အတ္တသျှတ္တရ" အမည်ရှိ ကျမ်းတစ်စောင်ကို ရေးသားပြုစုခဲ့သည်။ ယင်းကျမ်းသည် ကမ္ဘာ့နိုင်ငံရေးပညာသမိုင်း၌ အိန္ဒိယနိုင်ငံ၏ ရှေးအကျဆုံး နိုင်ငံရေးပညာကျမ်းတစ်ခုအဖြစ် ကျော်ကြားနေလေသည်။

အဆိုပါကျမ်းကို "စာဏကျနီတိ" ဟုလည်း ခေါ်ကြသည်။ နီတိဆိုသော စကားမှာ "လမ်းညွှန်" အနက်ဟောသည် အကျိုးစီးပွားကို ဆောင်သည်ဟူ၍လည်း ဆိုနိုင်သည်။ "လောက ဿဟိတံနေ တီတိနီတိ" ဆိုသည့်အတိုင်း "လောကဿ၊ လောကကြီး၏ (၀ါ) လူအများ၏ ဟိတံအကျိုးစီးပွားကို နေတိ ရွက်ဆောင်တတ်သော ဣတိတသ္မာ၊ ထို့ကြောင့် နီတိ-နီတိမည်၏" ဟု ၀ိဂြိုဟ်ပြုကြသည်။

စာဏကျ ခေါ် ကောဋိကျအမတ်ကြီးသည် ပဋိကကျမ်းဂန် တို့၌လာသော ဇာနက္ကပုဏ္ဏား ဆရာကြီးပင်ဖြစ်သည်ဟု ကျေးဇူးရှင်မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီးက မိန့်တော်မူဖူးသည်။ သက္ကတ ဘာသာဖြင့် "စာဏကျ" ဟု ခေါ်၍ ပါဠိကျမ်းဂန်တို့၌ "ဇာနက္က" ဟု ခေါ်သည်။ အဆိုပါ စာဏကျ ဆရာကြီးသည် သာကီဝင် အနွယ်အဆက်မှ ဆင်းသက်လာသော စန္ဒဂုတ် မင်းသားအား သင်ကြားရန် ရေးသားခဲ့သော ဆုံးမခြင်း လမ်းညွှန်၊ နီတိကျမ်းပင်ဖြစ်သည်ဟု ကျေးဇူးရှင်မဟာဝိသုဒ္ဓါရာမ ဆရာတော်ကြီးကပင် မိန့်တော်မူဖူးသည်။

စာဏကျနီတိကျမ်း၌ ပါရှိသော ဂါထာအရေအတွက်မှာ ၁၀၀ မျှသာရှိသော်လည်း ထိုနီတိဂါထာတို့၏ အဓိပ္ပါယ်ကို အကျယ်ချဲ့၍ ဖွင့်ဆိုပါလျှင် လွန်စွာကျယ်ဝန်း၍ အနှစ်သာရနှင့်ပြည့်စုံသော မှတ်သားဖွယ်အမျိုးမျိုးတို့ဖြင့် မဆုံးနိုင်အောင်ပင် ရှိလေရာ "စာဏကျသတက" ဟူ၍လည်း ခေါ်ဆိုကြသည်။

ဤဆိုပါ စာဏကျပုဏ္ဏား ဆရာကြီးရေးသားခဲ့သည့် မူရင်း သက္ကတဘာသာဖြင့် ရှိသော နီတိကျမ်းများကိုမူတည် ကာ ဆရာကြီး လယ်တီပဏ္ဍိတဦးမောင်ကြီးက ပါဠိရှစ်လုံးဘွဲ့ဂါထာသို့ ပြန်ဆိုခဲ့သည်။ ထို့အပြင် အနက်အဓိပ္ပါယ်မြန်မာပြန် နှင့် ဆောင်ပုဒ်လင်္ကာအဓိပ္ပါယ်တို့ကို ဖွင့်ဆိုတာ "စာဏကျနီတိကျမ်း" အမည်ဖြင့်ပင် ပညာအလင်းပြ သတင်းစာပုံနှိပ်တိုက်မှ ၁၉၂၉ ခုနှစ်တွင် ထုတ်ဝေခဲ့လေသည်။

အီတလီနိုင်ငံသမိုင်း၌ ခရစ်နှစ် ၁၅၁၃ ခုနှစ်လောက်တွင် နီကိုလိုမက္ခယာဗေလီ (Niccolo Machiavelli) (ခရစ် - ၁၄၆၉-၁၅၂၇) အမည်ရှိ နိုင်ငံရေးသုခမိန်တစ်ဦးသည် ဘုရင့်သားတော် "ဂုအိလီယာနိုမေဒီစီ" အား ရည်ညွှန်းလျှက် "ရာဇကုမ္မာ" (The Prince) အမည်ရှိ ကျမ်းတစ်စောင်ကို ရေးသားပြုစုခဲ့သည်။ ယင်းကျမ်းသည် ကမ္ဘာ့နိုင်ငံရေးစာပေသမိုင်း ၌ အတော်ဂယက်ရိုက်ခဲ့သော ကျမ်းတစ်ကျမ်းဖြစ်သည်။

အဆိုပါစာအုပ်တွင်တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေသူသည်ရည်မှန်းချက်တစ်ခုပြီးမြောက်အောင်မြင်ရန် ဆောင်ရွက်ရမည့် နည်းလမ်းများအတွက် စိုးရိမ်ကြောင့်ကြနေစရာ မလိုသော သဘောတရားကို လိမ္မာကျွမ်းကျင်စွာ ဖော်ပြထားသည်။ ရန်သူကို နှိမ်နင်းရန် နှင့် မိမိအမိန့်ကို နာခံရန် မည်သည့်နည်းလမ်း မဆို အသုံးပြုရမည်ဟု ခေါ်သည်။ မက္ခယာဗေလီသည် "ဖလောရင့်းသမိုင်း" History of Florence၊ "စစ်အတတ်" (The Art of War)၊ "လီဗီ၏ ပထမ ၁၀ အုပ်ကို ဆွေးနွေးခြင်း" (Discourses on the first Ten Book of Livy) ရေးသားခဲ့သေးသည်။

မြန်မာစာပေသမိုင်း၌လည်း ပဒေသရာဇ်ခေတ် မြန်မာမင်းများလက်ထက်က နိုင်ငံအုပ်ချုပ်မင်းလုပ်သူများအတွက် ရည်ရွယ်လျှက် ရေးသားပြုစုခဲ့သည့် ကျမ်းမြောက်များစွာ ရှိသည်။ ယင်းအုပ်ချုပ်သူ ဧကရာဇ်အနေဖြင့် လိုက်နာကျင့်သုံးသင့်သော နည်းလမ်း၊ စည်းကမ်း ဥပဒေတို့ကို ရေးသားဖော်ပြထားလေသည်။ အဆိုပါ ကျမ်းများကို မြန်မာ နိုင်ငံရေးပညာကျမ်းများဟု ခေါ်ကြသည်။

မြန်မာနိုင်ငံရေးပညာကျမ်းများ၌ မုံရွေးဆရာတော် သက္ကရာဇ် ၁၁၉၄ ခုနှစ်တွင် ပြုစုခဲ့သော မုံရွေးဇေတ၀န် မေတ္တာစာ ၏ အဖွင့်ဖြစ်သည့် "ရာဇောဝါဒကျမ်း" သည် ထင်ရှားလေသည်။ ထို့အပြင် ဆရာတော်သည် "မဟာသီလ၀ံသပျို့" နှင့် "ပဉ္စာဝုဓပျို့" တို့တွင်လည်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စစ်ရေးနှင့် ပတ်သက်သည့်အကြောင်းအရာ များကို ရေးသားဖော်ပြထားလေသည်။

ဂရိအတွေးအခေါ်ပညာရှင်ကြီး အရစ္စတိုတယ် (Aristotle) (၃၈၄-၃၂၂ ဘီစီ) သည် "နိုင်ငံရေး" (Politics) အမည်ရှိ ကျမ်းတစ်စောင်ကို ရေးကာ သူ၏ နိုင်ငံရေးအယူအဆကို တင်ပြထားလေသည်။ ယင်းသို့တင်ပြရာ၌ မိမိ၏ အယူအဆကို ခိုင်မာစေရန် ဂရိသမိုင်းမှ ပြယုဂ်ပုံစံများကို ထုတ်ပြထားလေသည်။ ပြင်သစ်အတွေးအခေါ်ပညာရှင် "ဘိုဒင်" (Jean Bodin) (ခရစ် ၁၅၃၀ - ၁၅၉၆) သည် ရှေးခေတ်၊ အလယ်ခေတ်၊ မျက်မှောက်ခေတ် သမိုင်းကိုလေ့လာလျက် ယင်းလေ့လာချက်များကို အခြေခံပြီးလျှင် မိမိ၏ နိုင်ငံရေးအယူအဆများကို ဖန်တီးထားသည့် Les Dix Lives de la republique ကျမ်းကို ၁၅၇၆ ခုနှစ်တွင် ရေးသားခဲ့လေသည်။

ထို့နည်းတူစွာ မုံရွေးဇေတ၀န်ဆရာတော်သည်လည်း ရာဇ၀င်နှင့် ဂန္တ၀င်ထဲမှ သာဓကများကို ကိုးကားပြီးလျှင် သူ၏ နိုင်ငံရေးအယူအဆများကို တင်ပြထားသည်။

မိမိတင်ပြသော အုပ်ချုပ်ရေးနှင့် နိုင်ငံရေးအယူအဆများကို ဒေါက်ထောက်ပေးရန်အတွက် မုံရွေးဇေတ၀န်ဆရာ တော်သည် ဇာတ်နိပါတ်ထဲမှ ၀တ္ထုကြောင်းများကို ထုတ်နုတ်သည်။ အိန္ဒိယဂန္တ၀င် မြန်မာ့ဂန္တ၀င်ထဲမှ အကိုးအကားများကို မှီးထားသည်။ မြန်မာ့သမိုင်းထဲမှ အဖြစ်အပျက်များကို စံနမူနာပြုသည်။ ထိုမျှနှင့်အားမရသေး၍ သီဟိုဠ်သမိုင်းနှင့် မဇ္ဈိမဒေသ သမိုင်းထဲမှ အတ္ထုပတ္တိများကို လှမ်းယူလိုက်သေးသည်။

အုပ်ချုပ်သူမင်းတို့မည်သည် မလျော့မတင်းစောင်းကြိုးညင်းဟူသကဲ့သို့ မဇ္ဈိမပဋိပဒါနည်းကျကျ အုပ်ချုပ်သင့်သည် ဟု မုံရွေးဆရာတော်က ယူဆသည်။ ထို့ကြောင့် "နေမင်းကို ပုံပြုလည်း အမှုတော်ကင်းလွန်းရှာလေသည်။ လမင်းကိုပုံပြု လည်း အမှုတော်ကင်းလွန်းရှာလေသည်။ နေသို့လည်းမကျ။ လသို့လည်း မရောက်။ သတိထောက်၍ စောင့်ရှောက်တော်မူပါ" ဟူ၍လည်းကောင်း၊ "တင်းလွန်းလည်းမသင့်ပါ။ လျော့လွန်းလည်း မတင့်ရာ" ဟူ၍လည်းကောင်း အုပ်ချုပ်မင်းလုပ်သူတို့အား အလယ်အလတ်လမ်း လိုက်ရန် "ရာဇောဝါဒကျမ်း" ၌ ညွှန်ပြထားသည်။

အရှိန်အ၀ါပြလွန်းသောကြောင့် နေမင်းကို လူတို့မနှစ်သက်ပေ။ အာဏာပြလွန်းသော မင်းကိုလည်း တိုင်းသူပြည်သားတို့ ရွံမုန်း၏။ လကိုမူ အရှိန်အ၀ါအပြနည်းသောကြောင့် လူတို့အရိုအသေတန်၏။ အာဏာအပြနည်းပြီး လျော့ရဲလျော့ရဲ အုပ်ချုပ်သော တိုင်းပြည်၌လည်း တိုင်းသူပြည်သားတို့မှာ ရောင့်တက်တတ်၏။ နည်းလမ်းအမှန်မှာ ယင်းနှစ်ဖက်စွန်းပေါ်ကြားတွင်ရှိသည်။ ဆရာတော်သည် တင်းလွန်းသော၊ အာဏာပြလွန်းသော တစ်ဖက်စွန်းအတွက် ပုဂံရာဇ၀င်မှ "နရသူမင်း" ကို ဥပမာပေးထားပြီး လျော့လွန်းသော အာဏာအပြနည်းလွန်းသော တစ်ဖက်စွန်းအတွက်မူ "ကျစွာမင်း" ကို သာဓက ပြထားသည်။

ထို့အပြင် ဤသည်ကို ရည်၍ မဟာသီလ၀ပျို့၌လည်း -

"မြို့ရွာစိုးယူမင်းတည်းဟူသော် ရေတူကျင့်လည်း အခွင့်မပြီး မီးတူကျင့်လည်း ရခွင့်ယွင်းသွေ၊ မီးရေရောကာ မကျင့်ပါသော် တေဇာမပွား၊ ထိုမင်းအားသည် ချောက်ချားပြည်ကျေးရွာ ဘုရား" ဟူသော စကားသည်လည်း မင်းလုပ်သူသည် မီးကဲ့သို့လည်း မကျင့်ရာ၊ ရေကဲ့သို့လည်း မကျင့်ရ၊ မီးရေရောထားသည့် အလယ်အလတ် မဇ္ဈိမပဋိပဒါလမ်းစဉ်အရ ကျင့်ရမည်ဟု ဆိုထားသည်။

မုံရွေးဆရာတော်သည် ရှိရင်းစွဲအဟောင်းကို ဖျက်ဆီး၍ အသစ်ပြုလုပ်သည်ကို မလိုလားပေ။ အဟောင်းကို ဖျက်ဆီးမပစ်ဘဲ အဟောင်းအပေါ်တွင် အသစ်ထပ်မံမွမ်းမံသည်ကိုသာ လိုလား၏။ "ဌာန" နှင့် "ဌာနီ" နှစ်ခုရှိရာတွင် ဌာနီကိုသာ ဖျက်လိုက ဖျက်ရမည်။ ဌာနီကိုမလို၍ ဌာနကိုပါ ဖျက်ဆီးပစ်ခြင်းသည် မလုပ်သင့်မလုပ်အပ်သည့် အလုပ်ဖြစ်သည်ဟု ဆရာတော်က ယူဆသည်။ ဌာနီဖြစ်သည့် "ကြွက်" ကိုမုန်း၍ ဌာနဖြစ်သည့် "ကျီ" ကို မီးတိုက်ပစ်ခြင်း သည် လူမိုက်၏အလုပ်ဖြစ်၏ ဟု ညွှန်ပြထားသည်။

မင်းတို့မည်သည် ရန်သူကို မိတ်ဆွေဖွဲ့ပါက မိမိသာပျက်စီးခြင်းအဖြစ်သို့ ရောက်ရပုံကိုလည်း အဇာတသတ်မင်း သည် အကယ်၍သာ အမှီမစောင်းဘဲ ဒေ၀ဒတ်နှင့် မပေါင်းဖော်မိပါက အဇာတသတ်မင်းမဖြစ်ဘဲ ဗုဒ္ဓမြတ်စွာ ဟောကြားသော သာမညဖလသုတ်ကို နာရာအရပ်၌ပင် "သောတာပတ္တိမဂ်" ကို ရနိုင်သည်ဟု ဥပမာပြထားသည်။

ကြေးမုံပြင်သည် ကြည်လင်နေသော်လည်း ပွတ်တိုက်ခြင်းမရှိဘဲ သူ့အတိုင်းပစ်ထားပါက အရောင်ညစ်နွမ်းသွား တတ်၏။ ထိုနည်းတူစွာ ပြည်ရွာအရောင်ကိုလည်း ညစ်နွမ်းမသွားအောင် တောက်ပြောင်လာအောင် ပွတ်တိုက်ပေးအပ်၏။ ၀ပြောစည်ပင်မှ ရောင်းရေးဝယ်တာ ကောင်းမှ တောင်သူအလုပ်သမားများ မညှိုးငယ်မှ လူဆိုးသူခိုးတို့ကို နှိမ်နင်းနိုင်မှ တိုင်းပြည်ပြောင်ပြောင်လက်လက် ရှိသည်။ ယင်းသို့လည်း မုံရွေးဇေတ၀န်ဆရာတော်သည် "မဟာသီလ၀ပျို့" ၌ မိန့်ဆိုထားသည်။

ထို့အပြင် နိုင်ငံအုပ်ချုပ်မင်းလုပ်သူတို့သည် မင်းကျင့်တရားဆယ်ပါး၊ သင်္ဂဟတရားလေးပါး၊ နာယကဂုဏ်ခြောက် ပါး၊ အပရိဟာနိယခုနစ်ပါး ဤတရားတို့ကို မမေ့မလျော့ကျင့်ကြံရမည်ဟု ဆိုထားပြန်သည်။

သင်္ဂဟတရားလေးပါးတို့မှာ (၁) အခွန်အတုတ်ကို ဆယ်ဖို့တစ်ဖို့ခံခြင်းလည်းတစ်ပါး၊ (၂) သူရဲသူခက်တို့အား (၆)လတစ်ကြိမ် မျိုးရိက္ခာပေးခြင်းလည်း တစ်ပါး၊ (၃) ဆင်းရဲသားတို့အား အရင်းဥစ္စာပေး၍ သုံးနှစ်လည်မှ အရင်းအတိုင်း သာ ယူခြင်းလည်းတစ်ပါး၊ (၄) အဘ၊ ဦးရီးအစရှိသဖြင့် ချစ်ဖွယ်သောစကားကိုဆိုခြင်းလည်းတစ်ပါး ဤလေးပါးတည်း။ ဤတရားတို့ကား စတုတ္ထနိပါတ်၊ အင်္ဂုတ္တိုရ်၊ ကောသလသံယုတ် အဋ္ဌကထာတို့တွင်လာသည်။

နာယကဂုဏ်ခြောက်ပါးကား (၁) မြေကြီးနှလုံးသုံး၍ သည်းခံခြင်း (ခေမာ)၊ (၂) တစ်ညဥ့်သုံးကြိမ်နိုးကြားခြင်း (ဇာဂရိယ)၊ (၃) ထကြွလုံ့လရှိခြင်း (ဥဋ္ဌာန)၊ (၄) ရှိသည့်ရသည့် လာဘ်လာဘပစ္စည်းတို့ကို ဝေဖန်ခွဲခြမ်း၍ သုံးဆောင်ခြင်း (သံဝါဘာဂ)၊ (၅) ဘေးဘိုး၊ ဘတို့လက်ထက်က လူဟောင်း၊ ကိုယ့်လက်ထက်မှ ထမ်းရွက်သော အမှုထမ်းတို့ကို မခြားမနား၊ နှလုံးမခြား၊ သနားချစ်ခင်ခြင်းညီမျှသည့် (ဒယာ)၊ (၆) မမှားမငြိရအောင် ဆွေးနွေးစုံစမ်းခြင်း (ဣက္ခဏ) ဟူသော အကြီးအကဲပြုသူတို့ကျင့်ရသော ဂုဏ်ခြောက်ပါးဟူ၍ လောကနီတိ ဓမ္မနီတိတို့ လာရှိသည်။

အပရိဟာနိယ (၇) ပါးကား (၁) တစ်နေ့သုံးခါညီလာခံ၍ စည်းဝေးတိုင်ပင်လေ့ရှိခြင်း (သန္နိပါတ)၊ (၂) အမှုရေးရာ ရှိသော အခါ၌ အညီအညွတ်လုပ်ဆောင်ထမ်းရွက်ခြင်း (သမဂ္ဂ)၊ (၃) အစဉ်တစိုက်လာသော ထုံတမ်းစဉ်လာကို မပစ်မပယ် အသစ်လည်းမဆန်းမပွား၊ အစဉ်ရှိရာပြုစုကျင့်ဆောင်ခြင်း (ပညတ္တိပဋိပဇ္ဇန)၊ (၄) ပညာဂုဏ်ကြီးမြတ်သူတို့ ပြောဆိုဆုံးမရာ ရိုသေစွာနာခံခြင်း (သုဝစ)၊ (၅) ပြည်သူ့သမီး၊ ပြည်သူ့သားမယားကို နိုင်ထက်မူ၍ မသိမ်းမယူခြင်း (အပသယှ)၊ (၆) အတွင်းအပ မြို့ရွာပြည်ရွာစောင့်သောနတ်တို့အား ပသပူဇော်ကိုးကွယ်ခြင်း၊ ကောင်းမှုကိုသိုလ်ကို နတ်တို့အား အမျှပေးဝေခြင်း (ဗလီ) (၇) ရလာပြီးသော ရသေ့ရဟန်းတို့ကို မွေ့လျော်အောင်၊ မလာသေးသော ရသေ့ရဟန်းတို့ကို လာချင်အောင် တရားဖြင့် စောင့်ရှောက်ခြင်း (ဂုတ္တ) တို့ဖြစ်ပြီး သတ္တနိပါတ် အင်္ဂဂုတ္တိုရ်၊ ဒီဃနိကာယ်မဟာ ၀ဂ္ဂကျမ်းစတို့၌ လာရှိသည်။

မုံရွေးဆရာတော်သည် မင်းတို့သည် "သတိကိုလက်ယာ၊ ပညာကိုလက်ဝဲ၊ တံကဲလက်သုံး၊ နှလုံးလုံလောက် ၀ီရိယလျှောက်၍ မျှော်ထောက်တော်မူသင့်သည်" ဟုလည်း တင်ပြထားပေသည်။

သို့ကလို နိုင်ငံအုပ်ချုပ်မင်းလုပ်သူတိုင်း လက်စွဲပြုရမည့် ရှေးဦးမြန်မာ့နိုင်ငံရေးပညာကျမ်းဖြစ်သည့် "ရာဇောဝါဒကျမ်း" ကို ပြုစုခဲ့သော မုံရွေးဇေတ၀န်ဆရာတော် အရိယာဝံသအာဒိစ္စရံသီကို သက္ကရာဇ် ၁၁၂၈ နယုန်လဆန်း (၄) ရက် (ခရစ် ၁၇၆၆ မေ ၁၁ ရက်) တနင်္ဂနွေနေ့ မွန်းလွဲ ၆ ဖ၀ါး၊ ၃ ချက်တီးကျော် ၂၄ နာရီ ၂ ပါဒ ၃ ဗီဇနာတွင် အဖကြေးမုံ သူကြီး ဦးကြာဖြူ၊ သူကြီးကတော် ဒေါ်ငြိမ်းမြ (အချို့က ဦးဇေယျ၊ ဒေါ်မင်းလှဟု ဖော်ပြကြသည်။ ယင်းတို့မှာ မွေးစားမိဘများသာ ဖြစ်သည်။ စာရေးသူ) တို့မှ သလ္လ၀တီ မြစ်ခေါ် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရှိ မုံရွေးရွာအနီး ကြေးမုံရွာဗနီပင်ရပ်၌ ဖွားမြင်ခဲ့သည်။ ဆရာတော်လောင်းလျာ၏ ငယ်မည်မှာ မောင်အောင်မြဖြစ်သည်။

ဆရာတော်၏ မိဘအစဉ်အဆက်မှာ မြင်းစီး၊ မြင်းခေါင်း၊ မြင်းစု သူကြီးမျိုးသာ ဖြစ်ကြောင်းသိရသည်။

ဆရာတော် ၆ နှစ်သား အရွယ်တွင် မုံရွေးရွာ ရွှေရေး ဇေတ၀န်တိုက် "ရှင်မဟာဝိစိတ္တဘိရာမပ၀ရသမ္ဗောဓိ" ဆရာတော်ထံတွင် စတင်၍ စာပေများသင်ယူခဲ့သည်။ ၁၅ နှစ်သားအရွယ်တွင် ရှင်သာမဏေပြုသည်။ သာမဏေဘွဲ့ကား အရိယာဝံသဖြစ်သည်။ သာမဏေဘ၀နှင့်ပင် အာဒါသမုခပျို့သစ်ကို စီကုံးသည်။ ရဟန်းဖြစ်သောအခါ ရဟန်း ဘွဲ့အမည်ကား အာဒိစ္စရံသီဖြစ်သည်။ ထို့နောက် မဟာဝိစိတ္တရာမဆရာတော်က တပည့်ဖြစ်သူ၏ ဉာဏ်ပဋိဘာန် ထက်သန်ပုံ ပြောင်ရွှန်းတောက်ထွန်းသည့် ဗျူပ္ပတ္တိနိမိတ်ကို စွဲ၍ လည်းကောင်း၊ မွေးနံ တနင်္ဂနွေဖြစ်၍လည်းကောင်း ရှင်ဘွဲ့ အရိယာဝံသတွင် အာဒိစ္စရံသီဟူသောဘွဲ့ကို ချီတော်မူ၍ "အရိယာဝံသအာဒိစ္စရံသီ" ဖြစ်လာသည်။

ထို့နောက် အရပ်ရပ်တွင် လှည့်လည်ပညာသင်ကြားပြီးနောက် မုံရွေးဇေတ၀န်ကျောင်းတိုက်တွင် ပြန်လည်သီတင်း သုံးသည်။ ဘိုးတော်မင်းတရားကြီး (ဗဒုံမင်း) သည် မုံရွေးဇေတ၀န်ဆရာတော်အား ငါးထပ်ကျောင်း ဆောက်လုပ်လှူဒါန်း သည်။ မြေးတော်ဘကြီးတော်မင်းတရား (စစ်ကိုင်းမင်း) နန်းတက်သောအခါ မုံရွေးဇေတ၀န် ဆရာတော်အား အ၀ (အင်းဝ) မြို့တော်သို့ ပင့်ဆောင်၍ မင်္ဂလာဘုံသာအုတ်ကျောင်းကို ဆောက်လုပ်လှူဒါန်းပြီး "ဣန္ဒ၀ဇီရာဘိလင်္ကာရသီရိဓဇမဟာ ဓမ္မရာဇဓိရာဇာဂုရု" ဘွဲ့တံဆိပ်တော်ကို ကပ်လှူလေသည်။ ထိုအခါကာလမှစ၍ ဆရာတော်သည် ဧကရာဇ်မင်းမြတ်၏ ကုသိုလ်တော်ကိစ္စ၊ ပြည်ထဲရေးကိစ္စများနှင့် ပတ်သက်၍ တိုင်ပင်လျှောက်ထားခြင်းတို့ကို ရမြဲခံယူတော်မူရ၏။

သက္ကရာဇ် ၁၁၈၇ အင်္ဂလိပ်-မြန်မာစစ်ဖြစ်ပွားရာ ဆရာတော်သည် ၀င်ရောက်ဖြေရှင်းပြောဆိုခဲ့သဖြင့် ပြီးပြေလေသည်။ မုံရွေးဆရာတော်သည် "မှန်နန်းရာဇ၀င်တော်ကြီး" ကို ရေးသားရာ၌လည်း ပါဝင်ဆောင်ရွက်တော်မူလေ သည်။ ထို့နောက် "ဣန္ဒ၀ဇီရာဘိလင်္ကာရ သီရိဓဇမဟာရာဇဓိရာဇဂုရု တံဆိပ်တော်ကို ကပ်လှူခံတော်မူရပြန်လေသည်။ ဆရာတော်သည် မြန်မာ့ဂန္တ၀င်စာပေ၌ ထင်ပေါ်ကျော်ကြားသော ကျမ်းပေါင်း ၄၅ ကျမ်းကို ပြုစုခဲ့သူဖြစ်သည်။ ထို့နောက် သက္ကရာဇ် ၁၁၉၆ ခု ၀ါဆိုလ (ခရစ် ၁၈၃၄ ခု ဇွန်လ) တွင် သက်တော် ၆၉ နှစ်၊ ၀ါတော် ၄၉ ၀ါ၌ အ၀ (အင်းဝ) နေပြည်တော် မင်္ဂလာဘုံသာ မည်သော အုတ်ကျောင်းတော်၌ ပျံလွန်တော်မူလေသည်။

မုံရွေးဇေတ၀န်ဆရာတော်နည်းတူ ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းတရားအား ရည်ရွယ်ရေးသားခဲ့သော "ရာဇဓမ္မသင်္ဂဟကျမ်း" ကို ယောအတွင်းဝန်ဦးဘိုးလှိုင်က ပြုစုခဲ့လေသည်။ ရာဇဓမ္မသင်္ဂဟကျမ်းပြု မြန်မာ့နိုင်ငံရေး သုခမိန်ကြီးဦးဘိုးလှိုင်ကို မြန်မာ့သမိုင်း၌ ရွှေပြည်ဝန် ဟူ၍လည်းကောင်း ၀က်မစွတ်မြို့စား ဟူ၍ လည်းကောင်း၊ မကွေးမြို့စားဝန်ရှင်တော်မင်းကြီး ဟူ၍လည်းကောင်း၊ ယောမင်းကြီးဟူ၍လည်းကောင်း၊ ယောအတွင်းဝန် ဟူ၍လည်းကောင်း အမျိုးမျိုးခေါ်ဝေါ်ခဲ့ကြသည်။

ဝက်မစွတ်မြို့စားဝန်ကြီးဦးဘိုးလှိုင်သည် သီပေါမင်းလက်ထက်၌ ဝေပုံကျ ၁၄ ဌာနကို ခွဲဝေပြီးနောက် ၇-ရက်မြောက်ဖြစ်သော ၁၂၄၀ ပြည့်နှစ် နတ်တော်လဆန်း ၇-ရက် (ခရစ် ၁၈၇၈ ခု နိုဝင်ဘာလ ၃၀ ရက်) စနေနေ့တွင် ရာဇဓမ္မသင်္ဂဟကျမ်းကို ရေးသားစီရင်၍ သီပေါမင်းတရားအား ဆက်သလေသည်။ အဆိုပါကျမ်းကို "မင်းအစရှိသော အစိုးရ လူကြီးတို့ ကျင့်အပ်သောကျမ်း" ဖြစ်သည်ဟု ကျမ်းပြုပုဂ္ဂိုလ်က နာခံသာအောင်ဆိုထားသည်။

ပုဂံဝန်ထောက်မင်း ဦးတင်ကမူ "သီပေါမင်းကို ဆုံးမသောကျမ်း" ဖြစ်သည်ဟု အမှန်အတိုင်းဖြောင့်ဆိုလေသည်။ ထိုကျမ်းတွင် ၀က်မစွတ်မြို့စားဝန်ကြီးသည် မင်းတုန်းမင်းခေတ်မှစ၍ အုပ်ချုပ်ရေးပြုပြင်ခြင်းတရားတို့ကို ကြံဆခဲ့သည့် အတိုင်း မှတ်တမ်းတင်သည်။ ထိုကျမ်းကိုရေးရသော အာသီသမှာ ရှေး၌ဖြစ်ကုန်သော ဘုရားလောင်းမင်းကောင်းမင်းမြတ် တို့သည် သတ္တ၀ါအပေါင်းကို စောင့်ရှောက်ကုန်သကဲ့သို့ ထို့အတူသာလျှင် ငါတို့ အရှင်ဆဒ္ဒန်ဆင်မင်းသခင် မင်းတရားကြီး သည် သတ္တ၀ါအပေါင်းကို မိမိ၏ ရွှေရင်တော်နှစ်သားတော်စစ်ကဲ့သို့ တရားဖြင့်စောင့်ရှောက်မူပါစေ" ဟူသော အာသီသ ဖြစ်၏။

ထိုအာသီသသည် အဓိပ္ပါယ်အလွန်ရှိသည်။ သက်ဦးဆံပိုင်စနစ်အရ ဘုရင်မင်းမြတ်၏ အလိုတစ်ခုတည်းဖြင့်သာ အုပ်ချုပ်ခြင်းသည် သတ္တ၀ါအများကို ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်သော နည်းမျိုးဖြစ်သည်ဟု ပြည့်ပြည့်၀၀မဆိုသာသေး။ သတ္တ၀ါအများနှင့် တိုင်ပင်ဆွေးနွေး၍ အုပ်ချုပ်နိုင်သောအဖြစ်သို့ရောက်မှ သတ္တ၀ါများကို ရင်ဝယ်သားကဲ့သို့ သဘောထား သည်ဟု ဆိုနိုင်လိမ့်မည်။ ထိုသို့ဆွေးနွေးတိုင်ပင်သည်မှန်စေ၊ တရားဥပဒေမရှိလျှင် စောင့်ရှောက်ခြင်းမမည်နိုင်။ ထို့ကြောင့် ၀က်မစွတ်မြို့စားဝန်ကြီးသည် တရားသဖြင့်စောင့်ရှောက်ခြင်းကို အာသီသထားခဲ့သည်။

ဝက်မစွတ်မြို့စားဝန်ကြီးသည် ရာဇဓမ္မသင်္ဂဟကျမ်းကို ရေးသားရာ၌ အနောက်နိုင်ငံတို့၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အတွေးအခေါ်တို့ကို နှလုံးပိုက်၍ ရေးသည်။ ဤသို့ဆိုသောကြောင့် ဤကျမ်းသည် အနောက်တိုင်းအတွေး အခေါ်တို့ကို ပုံတူကူးချထားသော ကျမ်းဖြစ်သည်ဟု မဆိုသာ။ ဤကျမ်း၌ ခေတ်နှင့်ယှဉ်၍ ပေါ်ပေါက်လာသော အတွေးခေါ် တို့ကို ဘုရားဟော ကျမ်းဂန်ပါဠိတော်နှင့်လည်းကောင်း၊ အဋ္ဌကထာတို့နှင့်လည်းကောင်း မြန်မာ့ရိုးရာယဉ်ကျေးမှုအရ ဖြစ်ပေါ်လာသော ကာမန္တလီကျမ်း၊ အလိဓာန်ဋီကာ၊ မိလိန္ဒိပဉှာ၊ အမရကောသကျမ်း၊ ဟိတောပဒေသကျမ်း၊ ရာဇနီတိကျမ်း တို့နှင့်လည်းကောင်းညှိနှိုင်းထားသည်ကို တွေ့ရသည်။ ရာဇဓမ္မသင်္ဂဟကျမ်းသည် မြန်မာ့နိုင်ငံရေး အတွေးအခေါ်ဟောင်း တို့ကို တော်လှန်သော ကျမ်းဖြစ်သည်။ သို့ရာတွင် အဟောင်းကိုမြေလှန်၍ အသစ်ကိုသာ လက်ခံခဲ့သည်မဟုတ်။ တရား ဟူသည် အဟောင်း အသစ်မဆိုသာ သဘောအမှန်အကန်ကျ၍ ကောင်းသည်သာ ပဓာနဖြစ်သည်ဟူ၍လည်းကောင်း၊ နိုင်ငံမှာ ကောင်းရာကောင်းကြောင်း နည်းဥပဒေသစ်ပြုလုပ်မည်ဆိုလျှင် အပရိဟာနိယတရားပျက်လိမ့်မည် ထင်မှတ်ပြောဆိုနေကြသည်။ ဤစကားကို အလျှင်းမမှတ်အပ်" ဟူ၍ လည်းကောင်း ရာဇဓမ္မသင်္ဂဟကျမ်းတွင် ရေးသား ထားသည်ကို ထောက်ရှုလျှင် ဟောင်းသော်လည်း ပယ်သင့်မှပယ်သည်။ သစ်သော်လည်း လိုက်သင့်မှလိုက်သည် ကို တွေ့ရလေသည်။

သဘောတရားကို လက်တွေ့နှင့်ယှဉ်၍ သုံးသပ်သည့်အရာ၌ သစ္စာ၊ ဓမ္မ၊ စိတ်၊ စာဂတည်းဟူသော တရားလေးပါး ကို အနောက်နိုင်ငံသားတို့ ကျင့်သုံး၍ တိုးတက်လာကြောင်းဖြင့် ပြဆိုချက်ကို ထောက်ရှုသိနိုင်သည်။ စာဂတရားနှင့် စပ်လျဉ်း၍ "လောက၌ အလုပ်အဆောင် မှုခင်းပြုဖွယ် ကိစ္စရှိသမျှကို အစိုးရပင် ဖြစ်စေကာမူ တန်လောက်အောင်ပေး၍ မခိုင်းလျှင် မည်သည့်အရာကိုမျှ နေရာကျအောင် လုပ်ဆောင်မည့်သူမရှိ။ အကယ်၍ အစိုးရဂုဏ်နှင့် နှိပ်စက်၍ ခိုင်းလျှင် လှန်ပြန်နိုင်လျှင် လှန်ပြန်လိမ့်မည်။ မလှန်နိုင်လျှင် ထွက်ပြေးတိမ်းရှောင်လိမ့်မည်။" ဟူ၍ ယောမင်းကြီးက မှတ်ချက်ထား သည်မှာ ဘုရင်မင်းမြတ်အား လက်တွေ့နိုင်ငံရေးသဘောတရားကို သုံးသပ်နိုင်အောင် တိုက်တွန်းထားခြင်းပင်ဖြစ်သည်။

ရာဇဓမ္မသင်္ဂဟကျမ်းတွင် ၀က်မစွတ်မြို့စားဝန်ကြီးသည် ကျမ်းအဦးအစ၌ပင် သုတ်မဟာပါဠိတော် မဟာပရိနိဗ္ဗာနသုတ်၌ မြတ်စွာဘုရားသည် လိစ္ဆ၀ီမင်းသားတို့အား အကြောင်းပြု၍ ဟောကြားခဲ့သော အပရိဟာနိယတရား ၃၄ ပါး ကို ထည့်သွင်းဖော်ပြထားသည်။ ယင်း အပရိဟာနိယတရားတို့ကား…

(၁) စည်းဝေးတိုင်ပင်ခြင်း

(၂) အညီအညွတ်ဆောင်ရွက်ခြင်း

(၃) ဥပဒေအတိုင်းကျင့်ခြင်း

(၄) လူကြီးသူမတို့၏ အဆုံးအမ၌တည်ခြင်း

(၅) အမျိုးသမီးအား မနှိပ်စက်ခြင်း

(၆) မြို့စောင့်ရွာစောင့်နတ်တို့အား ပူဇော်ခြင်း

(၇) ရဟန္တာတို့အား စောင့်ရှောက်ခြင်းဟူ၍ ဖြစ်လေသည်။

အပရိဟာနိယသည် မဆုတ်မယုတ် မပျက်မစီးနိုင်ခြင်းဟူ၍ အဓိပ္ပါယ်ရှိသည်။ ထို့ကြောင့် အပရိယနိယတရားကို တိုးတက်ရေးတရားဟု ဆိုရမည်ဖြစ်သည်။ ထိုတိုးတက်ရေးတရားတို့တွင် သန္နိပါတတည်းဟူသော စည်းဝေးခြင်း၊ သမဂ္ဂတည်းဟူသော အညီအညွတ်ဆောင်ရွက်ခြင်း၊ ပညတ္တတည်းဟူသော ဥပဒေပညတ်၍ အုပ်ချုပ်ခြင်းတို့သည် ယခုခေတ်၌ ဒီမိုကရေစီဟုခေါ်သော တရားတို့၏ အနှစ်သာရများပင်ဖြစ်သည်။ တိုင်းပြည်နိုင်ငံကို တစ်ယောက် နှစ်ယောက် သော သြဇာနှင့်သာ အုပ်စိုးလျှင် ပုထုဇဉ်ဖြစ်၍ အမှားအယွင်းများရန် ရှိသောကြောင့် တစ်ယောက်နှစ်ယောက်၏ သြဇာနှင့် မပြုလုပ်၊ မင်းမှူးမတ်တို့စည်းဝေးပြုလုပ်လျှင် အမှားအယွင်းရှိရန် မရှိဟူသော စောဒကသည် အများဆန္ဒနှင့်အုပ်ချုပ်သော စနစ်သို့ ရှေးရှုရန်အလို့ငှာ ကျိုးကြောင်းဖော်ပြခြင်းပင်ဖြစ်၏။ အများဆန္ဒနှင့် အုပ်ချုပ်သည့်အရေးတွင် ဥပဒေသည် ပဓာန ဖြစ်သည်။ ထို့ကြောင့် ၀က်မစွတ်မြို့စားဝန်ကြီးသည် ရာဇဓမ္မသင်္ဂဟကျမ်းတွင် အနောက်နိုင်ငံ နည်းစနစ်တို့ကို ထုတ်ဖော်၍ ဥပဒေပြုပုံနည်းကို သညာပေးထားသည်။

ယင်းနောက် ရာဇဓမ္မသင်္ဂဟကျမ်း၌ မင်း၊ မှူးမတ် အစရှိသော သူတို့ပစ္စုပ္ပန်လောက၊ တမလွန်လောက၌ ကောင်းအောင် သိကောင်းကျင့်ကောင်းသည့် နည်းတူ လူတို့၏ ၀ိနည်းဖြစ်သော မင်္ဂလသုတ်၊ ပရာဘ၀သုတ်၊ သိင်္ဂါလသုတ်၊ လောက၀ိစာရဏသုတ်၊ ၀သလသုတ်စသည်တို့ကိုလည်း အကြီးအအုပ်ပြုလုပ်သည့် သူတို့သည် နေ့ညမပြတ် ကြည့်ရှုမှတ်သားအပ်ကုန်သည်ဟူ၍ ကျမ်းနိဂုံး၌ တင်ပြထားလေသည်။

သတိုးမင်းကြီးမဟာမင်းခေါင်သီဟသူဘွဲ့ခံ ရာဇဓမ္မသင်္ဂဟကျမ်းကို စီရင်ရေးသားခဲ့သော ၀က်မစွတ်မြို့စားဝန်ကြီး ကို မြင်းခြံမြို့အထက် တလုပ်မြို့ပုလဲရွာ (ယခုစစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် တောင်ဘက် ရေစကြိုမြို့အနားတွင်ရှိ၍ အိမ်ခြေသုံးရာကျော် လူဦးရေ ၂၀၀၀ ခန့်ရှိသည်) ၌ ခရစ် ၁၈၃၀ ပြည့်နှစ် ဧပြီ ၂ ရက်သောကြာနေ့တွင် အဖ ရေနံချောင်း မြို့စား  ယင်းတောဝန်ကြီးမင်းသတိုးမင်းလှကျော်ထင်နှင့် အမိ ဒေါ်ငြိမ်းတို့မှ ဖွားမြင်သည်။ ငယ်မည်မှာ မောင်လှိုင်ဖြစ်သည်။ အဖေဘက်မှ အဖိုးဖြစ်သူမှာ လွှတ်တော်စာရေးကြီး မောင်ပိုးဖြစ်သည်။

ငယ်စဉ်က တလုပ်မြို့နယ် ကျပို့ရွာမဟာထေရ်ထံ၌ ရှင်သာမဏေ၀တ်၍ ပညာသင်သည်။ ၁၆ နှစ်သားအရွယ်တွင် မင်းတုန်းမင်းသားနှင့် မြောက်ဆောင်တော်မိဖုရားတို့က မွေးဖွားသည်။ ရှင်ဝတ်ဖြင့် ပင်းဆရာတော်၊ ပြည်ဆရာတော်၊ ပညာဇောတာဘိဝံသသီရိပ၀ရ၀ိဇယလင်္ကာရဓမ္မသေနာပတိမဟာဓမ္မရာဇာဓိရာဇဂုရုဘွဲ့တံဆိပ်တော်ရ ဗားကရာသာသနာ ပိုင် ဆရာတော်တို့ထံ၌ ဆက်လက်ပညာသင်သည်။

မင်းတုန်းမင်းသည် ၁၂၁၄ ခု တွင် ပုဂံမင်းကို ပုန်ကန်သောအခါ မောင်ဘိုးလှိုင်ကို လူထွက်စေပြီး အတူလိုက်ပါ ဆောင်ရွက်စေ၏။ မင်းတုန်းမင်းအထွတ်အမြတ်သို့ ရောက်တော်မူသောအခါ ယောမြို့ကိုစားရ၏။ သို့ဖြင့် ယောအတွင်းဝန် ဦးဖိုးလှိုင်ဟု တွင်ခဲ့သည်။ ထို့နောက် မြင်းတင်အခွန်စား ကုလားဝန်ဟူသော ရာထူးကို ထပ်မံပေးသနားခြင်း ခံရသည်။ မကြာမီမှာပင် မကွေးမင်းကြီး၏ သမီးငယ် ခင်ဖြူနှင့် လက်ဆက်ခဲ့သည်။ ၁၈၅၀ တွင် မင်းကြီး မဟာစည်သူဘွဲ့နှင့် အတွင်းမဟာသေနာပတိ ၏ အတွင်းဝန်ရာထူးကိုပါ တိုးမြှင့်ခံရသည်။ ပိဋကတ်သုံးပုံ ကျောက်ထက်အက္ခရာ တင်ရာတွင် ကြီးကြပ်ရသည်။

၁၈၆၅ တွင်း မင်းအမျက်ရှ၍ ရာထူးမှ အပယ်ခံရ၏။ ၁၈၆၆ မြင်းကွန်းမြင်းခုံတိုင် အရေးအပြီးတွင် ယောမြို့စား ရာထူးကို ပြန်ပေးသည်။ ၁၈၆၉ တွင် အတွင်းဝန်ရာထူးကို ပြန်ပေးသည်။ ကျီဝန်ရာထူးကိုလည်း ရ၏။ နိုင်ငံခြားဆက်သွယ် ရေးတွင် အရေးပါသူဖြစ်လာ၏။ ဘုရင့်အား ပြန်လှန်ချေပ ပြောဆိုသဖြင့် ရာထူးမှ မကြာခဏ ရုတ်သိမ်းခံရသည်။ အချုပ် အနှောင်လည်းခံရ၏။ ထို့နောက် မင်းအမျက်ပြေသောအခါ ၀က်မစွတ်မြို့ကိုလည်း စားရသည်။ ရွှေပြည်ဝန်ရာထူးကိုလည်း ရ၏။ ရွှေပြည်ဝန်ဝက်မစွတ်မြို့စားအဖြစ် ထင်ရှားခဲ့၏။ မင်းတုန်းမင်းတရားကြီး၏ နန်းစံနောက်နှစ်ဖြစ်သော ၁၈၇၈ တွင် သတိုးငယ်ဘွဲ့တပ်ဆင်၍ သတိုးမင်းကြီး မင်းလှမဟာမင်းခေါင်သီဟသူ ဘွဲ့ပေးသနားတော်မူခြင်းခံရသည်။

သီပေါမင်းလက်ထက်တွင်လည်း မင်းပြစ်သင့်ခံရ၏။ ထို့နောက် မကွေးမြို့ကိုလည်း စားရ၏။ ထို့နောက် မင်းမှုထမ်း မှ အနားယူသည်။ ကျမ်းပေါင်းများစွာကို ပြုစုခဲ့သည်။

ဝိဇ္ဇာသိပ္ပံဘာသာရပ်မျိုးစုံ နှံ့စပ်ခဲ့သော ရှေးဦးခေတ်ပြောင်း တော်လှန်ရေးသမားကြီးနှင့် မြန်မာဂန္တ၀င် ပညာရှင်ကြီး ယောမင်းကြီး ဦးဘိုးလှိုင် (၅၃) နှစ်သည် ခရစ် ၁၈၈၃ သြဂုတ် ၁၈ စနေနေ့တွင် ရွာပုလဲမြောင်မြို့နယ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့လေသည်။ ကြွင်းကျန်သော ရုပ်ကလာပ်ကို မန္တလေးမြို့ အကွက် ၁၀၉ မင်းတဲအီကင်း၊ ပေါက္ကရုရပ် ၌ အုတ်ဂူသွင်း၍ ဂူသွင်းသင်္ဂြိုဟ်ထားလေသည်။
Posted by Aung Htet at 8:32 AM 0 comments  

SUNDAY, APRIL 7, 2013

Than Htay Maung - Ko Ko Gyi Cartoon

ပန်းချီ သန်းဌေးမောင် - နှုတ်ခမ်းမွေးနဲ့ ကိုကိုကြီး
ဧပြီ ၈၊ ၂၀၁၃ (ပန်းချီဆရာကို ဒီကနေ ခွင့်တောင်းလိုက်ပါ၏၊ မိုးမခမှာ ဖော်ပြခွင့်)

Posted by Maung Yit at 11:08 PM 0 comments  

Ashin Dhammapiya - It is Time


ပျံလေတဲ့ငှက်ခါး နားမှသိမယ်
ဒေါက်တာဓမ္မပိယ (ITBMU)၊ ဧပြီ ၈၊ ၂၀၁၃
            ဧပြီ (၆)ရက်နေ့က ရန်ကုန်ကို ပြန်ရောက်တယ်။ သိကြတဲ့အတိုင်းပဲ အေးတဲ့နိုင်ငံများကနေ မြန်မာ ပြည်ကို ပြန်လာသူတိုင်း ကြုံလေ့၊ ကြုံထရှိတဲ့ အတွေ့အကြုံလေးတစ်ခု။ လေယဉ်ပေါ်ကအထွက် လေဆိပ်ထဲကို တန်းမရောက်နိုင်ပဲ လှေခါးမှဆင်းပြီး စောင့်ကြိုနေတဲ့ ကားပေါ်ကို တက်ရတယ်။ ဒီအခါမှာ ပူလောင်လှတဲ့ ရာသီဥတုဒဏ်က ရုတ်တရက်ကြီးဆိုတော့ အတော်ကို ပူတယ်လို့ ခံစားရတယ်။ တချို့များဆို ရွှေလင်းပန်းနှင့် ချင်းဆေးထားတဲ့ ဘုရင့်သားလေးတွေ၊ သမီးလေးတွေပမာ ဆွေ့ဆွေ့ခုံပြီး သူတို့ပဲ အပူဒဏ်ကို ခံစားနေရသလို  အမူအရာမျိုးနဲ့ပေါ့။ ဘယ်ပဲဖြစ်ဖြစ် တကယ်တမ်းပြောရမယ်ဆိုရင်တော့ - ပူနိုင်ရန်ကော မြန်မာပြည်ကြီး ရယ်ပေါ့  … ။
            စာရေးသူအတွက်တော့ မြန်မာပြည်ကြီးကို သံယောဇဉ်ကြီးလွန်းသူမို့ အပူဒဏ်ကို မငြီးငြူလိုတော့ပါ။ ဒါပေမဲ့ ပြန်လာခါစပဲရှိသေးတာမို့ အပူအအေးမျှတလှတဲ့ ကာလီဖိုးနီးယားပြည်နယ်က ဖရီးမောင့်မြို့လေးကို ချက်ခြင်းဆိုသလိုပဲ ပြန်လည်သတိရမိတယ်။ ပြီးတော့ စိတ်ထဲမှာလည်း ဖရီးမောင့်မြို့လေးကို တိတ်တခိုးလေး လွမ်းမိတယ်။ ̏ဖရီးမောင့်မှာဆိုရင် ဒီအချိန်မှာ ဇိမ်ပဲပေါ့˝။ ဒါပေမဲ့ အသံထွက်အောင်တော့ မညီးညူခဲ့ပါ။ ညဉ်းညူးနေရမဲ့အချိန်အခါမျိုးလည်း မဟုတ်လို့ပါ။  
            လေယဉ်ပေါ်ကဆင်းလာတဲ့ ခရီးသည်တွေထဲမှာ ပြည်ပရောက် မြန်မာပြည်ဖွားတွေ အများကြီး ပါနေတာတွေ့ရလို့  ၀မ်းသာမိခြင်းပါ။ အသွင်ကူးပြောင်းဆဲကာလမှာ မြန်မာပြည်ကိုပြန်လာပြီး ဘာစီးပွားရေး လုပ်ရင် ကောင်းမလဲဆိုတဲ့ စီးပွားလုပ်လိုတဲ့စိတ်ထားနဲ့ ပြန်လာသူတိုင်းကို တကယ်ပဲ ကျေးဇူးတင်နေမိခြင်းပါ။ ယုတ်စွအဆုံး အလည်သက်သက်ပဲ ပြန်လာသူများကိုပင် ကျေးဇူးတင်နေမိခြင်းပါ။ ဘာကြောင့်လဲဆိုရင် တိုင်းပြည်ကို ဒီမိုကရေစီစနစ်နှင့် အသွင်ကူးပြောင်းဆဲကာလမှာ တိုင်းပြည်စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံလိုသူ နိုင်ငံခြားသားများနှင့် အိပ်က်စ်မြန်မာ (ex-Myanmar)များပါ တိုင်းပြည်ကို ရောက်လာကြတယ်ဆိုတော့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားအားထုတ်နေကြတဲ့ နိုင်ငံတော်အကြီးအကဲများအတွက် အင်းအား သစ်များ ဖြစ်လာနိုင်ခြင်းပါ။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်ကို အလည်ပြန်လာရင်း အခြေအနေကို သုံးသပ်မိလို့ မြန်မာပြည်မှာ ပြန်ပြီး စီးပွားးလုပ်ကိုင်လိုတဲ့ တချို့ ex-Myanmar များကို တွေ့ရတော့ ၀မ်းသာမိတယ်လို့ ပြောလိုက်ခြင်းပါ။
            သို့သော် တစ်ခုတော့ ကြိုတင်ပြီးမှာထားပါရစေ။ မြန်မာပြည်ကို ပြန်လာတဲ့အခါ ယခုလောလောဆယ် အင်မီဂရေးရှင်း (immigration) ဌာနမှ ထတ်ပြန်ထားတဲ့မူအရ အိက်က်စ်မြန်မာ (ex-Myanmar) များအတွက် မြန်မာပြည်ကို ပြန်လာတဲ့အခါ (ယခုစာ ရေးသားနေချိန်အထိ) အရိုက်ဗယ်ဗီဇာ (Arrival Visa) ကို လေဆိပ်မှာ ထုတ်မပေးသေးကြောင်း၊ ဆိုလိုတာက လေဆိပ်မှာ အရိုက်ဗယ်ဗီဇာကို အိက်က်စ်မြန်မာများအတွက် မရနိုင်ကြောင်း သိထားစေလိုရင်းပါ။ ပြောချင်တာက မြန်မာပြည်ကို ပြန်မလာခင်တည်းက သက်ဆိုင်ရာသံရုံးမှ ပြည်ဝင်ခွင့်ဗီဇာကို ကြိုတင်လျှောက်ထားခဲ့ကြဖို့ပါ။ ဘာကြောင့် ဒီလိုကြိုတင်ပြောထားရသလဲဆိုရင် လေယဉ်ကွင်းရောက်မှ အရိုက်ဗယ်ဗီဇာကို ထုတ်မပေးရကောင်းလားလို့ ရွှေစိတ်တော်များ ညိုမှာစိုးလို့ပါ။
            ရွှေစိတ်တော်ညိုရုံမျှလောက်ဆိုရင်တော့ မပြောလိုသေးပါ။ နိုင်ငံခြားသားတွေကိုတော့ အရိုက်ဗယ်ဗီဇာ ပေးပြီး၊ ex-Myanmar တွေကိုတော့ ဘာကြောင့် ဗီဇာမပေးနိုင်ရသလဲဆိုတဲ့ အမေးမျိုးတွေနဲ့  ကွန်ပလိန်းတွေ တက်ပြီး အများရှေ့မှာ ဒေါသတရားတွေ ပေါက်ကွဲသွားခဲ့ရင် နိုင်ငံကြီးသားဆိုတဲ့ ဂုဏ်သိက္ခာကို ထိခိုက်သွား နိုင်လို့ပါ။ ဗုဒ္ဓတရားတော်များမှာတော့ အာဏာဒေသနာတော်မျိုးဖြစ်နေခဲ့ရင် (ဥပမာ ၀ိနည်းဒေသနာတော် မျိုးမှာ) ဒီအတိုင်းပဲမှတ်ပါလို့ ဖြေဆိုလိုက်ခြင်းပါ။ ဒါကို ၀ါသနာဖြစ်နေလို့ အပြစ်တင်လိုတဲ့အမြင်နှင့် အပြစ် တင်မယ်ဆိုရင်လဲ တင်ရုံပါပဲ။ တို့က ရွှေမြန်မာပြည်ဖွားတွေပဲ ဘာပဲ၊ ညာပဲနဲ့ဆိုရင် အနည်းဆုံးတော့ စိတ်ပမ်း ကိုယ်ပမ်းဖြစ်သွားမှာ စိုးလို့ပါ။
            စာရေးသူကတော့ အများတွေးသလို မတွေးချင်ပါ။ စာရေးသူ တွေးမိတာက မြန်မာတွေအတွက် ကိုယ့်နိုင်ငံကို ပြန်မလာခင်ကတည်းက ကိုယ့်တိုင်းပြည်ကို တစ်နည်းမဟုတ်၊ တစ်နည်းနည်းဖြင့်  ကျေးဇူးပြု ခွင့်ရတာ ၀မ်းသာစရာတစ်မျိုးပဲလို့ ပြုံးပြုံးလေး တွေးမိမှာပါ။ ဂျွန်ကနေဒီရဲ့ စကားလေးကို ဒီနေရာမှာ ဆက်စပ်တွေးယူမယ်ဆိုရင်တော့ - "တိုင်းပြည်က ငါ့အတွက် ဘာလုပ်ပြီးပြီလဲ မမေးနဲ့ ငါက တိုင်းပြည်အတွက် ဘာလုပ်ပြီးပြီလဲ မေးပါ"ဆိုတဲ့ စကားလေးကို အမှတ်ရနေမိလို့ပါ။ အခုလို ကြည်ကြည်ဇြုဖြူနဲ့ (တချို့လည်း မကြည့်မဖြူနဲ့) မြန်မာပြည်ကို ပြန်မလာခင်ကတည်းက ဗီဇာလျှောက်ပြီး တိုင်းပြည်အတွက် အုဋ္ဌ်တစ်ချပ်၊ သဲတစ်ပွင့်အနေမျိုးနှင့် ပြန်လည်ကျေးဇူးပြုနိုင်တယ်ဆိုတာ နည်းတဲ့အခွင့်ထူးမျိုးမှမဟုတ်တာ။ ဘာပဲဖြစ် ဖြစ်လေ တကယ်လို့များ အခုလို စေတနာစကားနှင့်ရေးတဲ့ ဒီလိုအရေးအသားမျိုးကြောင့် သင့်ဒေါသကို နှိုးဆွပေးလိုက်သလို ဖြစ်နေခဲ့မိရင် စာရေးသူအား နားလည်ပေးနိုင်ဖို့ပါ။ 
            လေဆိပ်ကအတွက် လေဆိပ်ရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ အနည်းငယ်စိမ်းလန်းနေသေးတဲ့ သစ်ပင်များ ရှိရာသို့ ကားမှန်ပြူတင်းမှ လှမ်းမျှော်ကြည့်မိတယ်။ အဲဒီအခါမှာ တောစပ်ထဲရှိ သစ်ပင်တစ်ပင်ပေါ်မှ ပျံဝဲလာတဲ့ ငှက်ခါးတစ်ကောင်ကို အမှတ်မထင် တွေ့လိုက်ရတော့ … ။ စိတ်ထဲမှာ ပြုံးမိတယ်။ "ပျံလေတဲ့ငှက်ခါး နားမှသိမယ်" ဆိုတဲ့ မြန်မာတို့ ညွှန်ဆိုပြုထားတဲ့ ဆိုရိုးစကားလေးတစ်ခုကို အမှတ်မထင် သတိရမိလို့ပါ။ အပျံအနား ကျွမ်းကျင်လှတဲ့ ငှက်ခါးလို ငှက်မျိုးကို ငှက်မုဆိုးတို့ရဲ့  ကြုံးဝါးသံကို ပညာရှင်များက လောက ဖြစ်ပျက်ပုံနှင့် နှိုင်းခိုင်းပြီး ပြောဆိုထားတဲ့ စကားမျိုးပါ။ မိမိအပေါ်မှာ မလိမ်တစ်ပတ် လုပ်သွားတဲ့သူကို ရှာလို့မတွေ့နိုင်သေးတဲ့အခါမျိုးတွေ၊ ဖမ်းလို့မမိနိုင်သေးတဲ့အခါမျိုးတွေမှာ "ပျံလေတဲ့ငှက်ခါး နားမှသိမယ်" ရယ်လို့ ကြုံးဝါးတတ်ကြခြင်းပါ။  
            တစ်ချိန်က မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးတွေ ပျောက်ဆုံးနေလို့ အုပ်ချုပ်သူ စစ်အစိုးရအပေါ်မှာ မကျေနပ်နိုင်လို့ ပြည်တွင်းပြည်ပ မြန်မာတွေစုပေါင်းပြီး ဒီမိုကရေစနစ်အတွက် တိုက်ပွဲဝင်ခဲ့ကြတာကို မှတ်မိ ကြမှာပါ။ စနစ်ဆိုးတစ်ခုကို ဖယ်ရှာပြီး ဒီမိုကရေစီစနစ်နှင့် အစားထိုးကျင့်သုံးနိုင်အောင် တိုက်ပွဲခေါ်သံတွေ၊ တိုက်ပွဲအော်သံတွေကို ကြားယောင်နေမိကြမှာပါ။ အဓိပ္ပါယ်ရှိတဲ့အချိန်မှာ အဓိပ္ပါယ်ရှိတဲ့အလုပ်တွေကို အတူပူပေါင်းပြီး လုပ်နိုင်ကြဖို့ ပြင်သင်တဲ့စိတ်တွေကို ပြင်ကြဖို့ လိုမယ်ထင်လို့ပါ။ သွေးစည်း ညီညွတ်တဲ့ ပြည်သူ၊ ပြည်သားတွေနှင့် တိုင်းပြည်အုပ်ချုပ်သူများရဲ့ လုပ်ရပ်တွေကို အတိုက်အခံသဘောမျိုးနှင့် ဆက်လက် ရပ်တည်မယ်ဆိုရင် ပေးဆက်ခဲ့ရတဲ့အချိန်တွေအတွက် နှမြောမိလို့ပါ။ တိုင်းပြည်အတွက်၊ ပြည်သူပြည်သား တွေအတွက်၊ အမျိုး ဘာသာ သာသနာတော်အတွက် တိုက်ပွဲဝင်ခဲ့တဲ့ အချိန် တွေကို ပြန်လည် တွက်ကြည့် မယ်ဆိုရင် ၁၉၆၂-ခုနှစ်ကစတင်ပြီး၊ ၂၀၁၂-ခုနှစ်၊ ဧပြီလရွေးကောက်ပွဲအထိ ရေတွက်ခဲ့မယ်ဆိုလျှင် နှစ်ပေါင်းငါးဆယ်ဆိုတာ နည်းတဲ့အချိန်တွေမှ မဟုတ်တာ။ အချိန်ဆိုတာ တန်းဖိုးထားတတ် သူတွေအတွက် ပြန်လည်ဝယ်ယူလို့ မရနိုင်လို့ပါ။
            ဟိုခေတ်၊ ဟိုအချိန်အခါမျိုးက အတိုက်အခံပြုလုပ်ရတာဟာ သိပ်ကို အဓိပ္ပါယ်ရှိနေခြင်းပါ။ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ (ရဟန်းသံဃာတော်များပါအ၀င်) ပြည်
သူ၊ ပြည်သားတွေဟာ မိမိတို့က အတိုက်ခံတွေပါဆို တာကို ပေါ်လွင်ထင်ရှားနိုင်စေရန် ရဲရဲတောက် အားမာန်တွေနှင့် စစ်အစိုးရကို ဆန့်ကျင်တဲ့ စာတမ်းတွေကို မိမိတို့ရဲ့ ကျောပြင်တွေမှာဖြစ်စေ၊ သို့မဟုတ် ရင်ဘတ်မှာဖြစ်စေ ချိတ်ဆွဲပြကြခဲ့ကြတာတွေ၊ သို့မဟုတ် နဖူးမှာဖြစ်စေ တင်းကျပ်နေအောင် စည်းထားပြီး တိုက်ပွဲခေါ်သံတွေအနေနဲ့ ကျွေးကြော်ခဲ့ကြတဲ့အသံတွေကို တဖန်နားစွင့်ကြည့်မယ်ဆိုရင် ယခုအချိန်အထိ ကြားယောင်နေမိကြမှာပါ။ "စစ်အာဏာရှင်များ ကျရှုံးပါစေ၊ ဒီမိုကရေစီစနစ် ပေါ်ထွန်းပါစေ" တဲ့။ ဆန္ဒတွေ ပြင်းထန်စွာနှင့် ဒီမိုကရေစီစနစ်ကို ပြည်သူ၊ ပြည်သားတွေ ညီညီညွတ်ညွတ်နှင့် တစ်စိုက်စိုက်မတ်မတ်နှင့် တောင်းဆိုလာခဲ့ကြလို့ ယနေ့မြန်မာ နိုင်ငံတော်ကြီး ဒီမိုကရေစီ တံခါးကြီးကို ဖွင့်ထားနိုင်ခဲ့သည်မှာ တစ်နှစ်နီးနီး ရှိခဲ့ပြီ။ ဒီမိုကရေစီတံခါးကြီးကို ဖွင့်ထားခြင်းဟာ ဒီမိုကရေစီ စနစ်ကို မြတ်နိုးသူတိုင်း ၀င်နိုင်ထွက်နိုင်စေဖို့ ပြည်သူများဆန္ဒနှင့် ပြည်သူတွေ ဖွင့်ထားခဲ့ကြတာပါ။  
            ဒီတော့ ဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ကြတဲ့ ရဟန်းရှင်လူများကို သတိရစေချင်တာက အချိန် တွေဟာ  ပြောင်းလဲခဲ့ပြီ။ အရွယ်တွေလည်း အိုမင်းခဲ့ပြီ။ အချိန်တွေ ပြောင်းလဲလာသည်နှင့်အမျှ၊ အရွယ်တွေ အိုမင်းလာသည်နှင့်အမျှ စိတ်နေစိတ်ထားမျာကိုလည်း ပြောင်းလဲသင့်ပြီ။ ပြောင်းလဲသင့်တဲ့ အရာမျိုးတွေ ပြောင်းလဲနိုင်ခြင်းသည် အောင်မြင်မှုတစ်မျိုးဟု ဆိုနိုင်သည်။ သို့သော် ပြောင်းလဲသင့်တဲ့အရာကို (သို့မဟုတ်) သဘာဝတရားကို ဆန့်ကျင်ဘက်ပြုလျှက် မပြောင်းလဲပဲ ဆုပ်ကိုင်မြဲ ဆုပ်ကိုင်ထားကြမည်ဆိုလျှင် ဇာတ်တော် ထဲက လူတစ်ယောက်လို ပညာရှိများ ကဲ့ရဲ့ဖွယ် (သို့မဟုတ်) အများအတွက် ရယ်ဖွယ်ရာများ ဖြစ်သွားနိုင်ခြင်းပါ။
            ဇာတ်တော်ထဲမှာ - တစ်ခါက ရွာတစ်ရွာမှာ သူငယ်ချင်းနှစ်ယောက်ဟာ စီးပွားရှာဖို့ ရွာကထွက်လာ ခဲ့ကြတယ်။ ခရီးအတော်အတန် သွားပြီးခြဲ့ကြတဲ့အခါမှာ ရွာပျက်ကြီးတစ်ရွာကို ရောက်သွားခဲ့ကြတယ်။ ရွာပျက် ကြီးထဲဝင်ပြီး ဟိုဟိုဒီဒီ ကြည့်ကြတော့ အ၀တ်ရက်လို့ ရနိုင်တဲ့ ချည်ထုပ်တွေကို တွေ့ကြရတယ်။ ဒီအခါမှာ သူငယ်ချင်းနှစ်ယောက်ဟာ ၀မ်းသာအားရနှင့် ချည်ထုပ်တွေကို ထမ်းပြီး ခရီးထွက်ခဲ့ကြတယ်။ ခရီးအတော် အတန် ခရီးဆက်ခဲ့ကြတဲ့အခါ နောက်ထပ်ရွာပျက်ကြီးတစ်ရွာကို ရောက်ခဲ့ကြပြန်တယ်။ အဲဒီရွာပျက်ကြီးထဲမှာ  ချုပ်လုပ်ပြီး အ၀တ်အထည်တွေကို တွေ့ကြရပြန်တယ်။ သူငယ်ချင်းနှစ်ယောက်ထဲက ပထမလူဖြစ်တဲ့ တစ်ယောက်လူက ချည်ထုပ်တွေကို စွန့်ပစ်ခဲ့ပြီး၊ အ၀တ်အထည်တွေကို ထမ်းနိုင်သမျှ ထမ်းယူခဲ့တယ်။
            သို့သော် သူ့သူငယ်ချင်းတဲ့ ဒုတိယလူကတော့ - ဟေ့လူ ငါကတော့ ဒီချည်ထုတ်တွေကို အဝေးကြီးကနေ ထမ်းပြီးလာရလာတာဖြစ်လို့ ဘယ်လိုအကြောင်းနဲ့မ ဒီချည်ထုတ်တွေကို ငါမစွန့်နိုင်ဘူးဆိုပြီး ချည်ထုပ်တွေကိုပဲ ဆက်လက်ထမ်းယူလာခဲ့တယ်။ သူငယ်ချင်းနှစ်ယောက် ခရီးဆက်ခဲ့ကြပြန်ရာ တစ်နေရာ ရောက်ပြန်တော့ နောက်ထပ် ရွာပျက်ကြီးတစ်ရွာကို တွေ့ကြရပြန်တယ်။ အဲဒီရွာပျက်ကြီးထဲကိုဝင်ပြီး ဟိုဟိုဒီဒီ ကြည့်ကြတဲ့အခါ ရတနာမျိုးစုံပါဝင်တဲ့ ပြန်ကျဲနေတဲ့ရွှေတွေကို တွေ့ကြရပြန်တယ်။ ပထမလူက အ၀တ်အထည် တွေကို စွန့်ပြီး ရတနာမျိုးစုံပါတဲ့ ရွှေထည်ပစ္စည်းတွေကို အထုတစ်ခုမှာထည့်ပြီး နိုင်သမျှထမ်းယူလာခဲ့တယ်။ သူ့သူငယ်ချင်းကိုလည်း ရွှေထည်ပစ္စည်းတွေကို နိုင်သမျှထမ်းယူလာဖို့ တိုက်တွန်းတယ်။ ဒါပေမဲ့ သူ့သူငယ် ချင်းက လမ်းတစ်လျှောက်လုံး ထမ်းလာပြီးမှ အခုကြမှတော့ မစွန့်လွတ်နိုင်ဘူးဆိုပြီး ရွှေထည်ပစ္စည်းတွေကို မယူပဲ ချည်ထုပ်ကြီးကိုပဲ ဆက်လက်ထမ်းယူလာခဲ့တယ်။ နောက်ဆုံးအိမ်ပြန်ရောက်ကြတဲ့အခါ ရွှေထည်ပစ္စည်း တွေကို ထမ်းလာတဲ့ပထမလူဟာ ချမ်းသားသွားပြီး၊ ချည်ထုပ်တွေကို ထမ်းယူလာတဲ့ ဒုတိယလူကိုတော့ သားမယားတွေရဲ့ ပြစ်တင်ကဲ့ရဲမှုကို များစွာခံရပြီး ဆက်လက်ပြီး ဆင်းရဲမြဲ ဆင်းရဲနေခဲ့တယ်။
            မှားယွင်းတဲ့ အယူအစွဲမျိုးဆိုတာ ပြောင်းသင့်တဲ့အချိန်မှာ မပြောင်းလဲနိုင်ဘဲ ဆက်လက်ဆုပ်ကိုင် ထားမယ်ဆိုရင် တစ်ချိန်ချိန်မှာ နောင်တတရားများ ရမိတတ်ကြောင်း ဇာတ်တော်က ပြည်သူများအား သိစေလိုရင်းပါ။ ပညာရှိ သတိဖြစ်ခဲမို့ သတိတရားများ ထားနိုင်ကြဖို့ပါ။
            တစ်ချိန်က မြန်မာနိုင်ငံတော်ကြီးကို ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ဖို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်ဦးဆောင်တဲ့ (ဂဂ) မျိုးဆက်သစ်ကျောင်းသားခေါင်ဆောင်များ၊ ဒီမိုကရေစီ လိုလားတဲ့ ရဟန်းရှင်လူ ပြည်သူများအားလုံးဟာ အတူပူပေါင်းပြီး ဒီမိုကရေစီနိုင်ငံတော်ကြီးအတွက် မိုင်ပေါင်း များစွာ ရှည်လျှားလှတဲ့ ခရီးရှည်ကြီးကို ချီတက်ခဲ့ကြတယ်။ ဒီနေ့ဒီချိန်မှာ ပြည့်သူတွေရဲ့ ကြီးမားတဲ့ ဆန္ဒနှင့် အားထုတ်ခဲ့ကြလို့ မြန်မာနိုင်ငံတော်ကြီးဟာ ဒီမိုကရေစီ လမ်းကျောင်းပေါ်ကို ရောက်လာခဲ့ကြတယ်။ တချိန်က အတိုက်အခံဘက်မှာ ရပ်တည်ပြီး၊ အတိုက်အခံစကားတွေကို တစိုက်မတ်မတ် ပြောဆိုနေကြတဲ့ ဒီမိုကရေစီ ခေါင်းဆောင်တွေ၊ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနှင့် ရဟန်းရှင်လူ ပြည်သူတွေဟာ ဒီမိုကရေစီ အလံတော်အောက်မှာ ဒီမိုကရေစီ သစ္စာဓိဋ္ဌာန်များကို သံပြိုင်ညီညာ ရွတ်ဆိုနေကြ တဲ့အချိန်မှာ … ။
            တချို့တချို့သော အတိုက်အခံခေါင်းဆောင်များဟာ တန်ဖိုးကြီးလှတဲ့ မိမိတို့ရဲ့စွမ်းအားတွေကို တိုင်းကျိုး ပြည်ကျိုး၊ ပြည့်သူအကျိုးကို မျှဝေပေးခြင်းမပြုနိုင်ဘဲ စစ်အစိုးရကို အတိုက်အခံပြုခဲ့သကဲ့သို ဒီမိုကရေစီ အစိုးရကိုလည်း ဆက်လက်၍ အတိုက်အခံပြုနေခြင်းဟာ သင့်တော်၊ မတော်၊ နည်းလမ်းမှန် မမှန်၊ စဉ်းစားနိုင်ကြဖို့ပါ။ မိမိတို့တောင်းဆိုခဲ့သော ဒီမိုကရေစီစနစ်ကို ရှင်သန်နိုင်အောင်၊ တိုးတက်နိုင်အောင် ပြုလုပ်ကြရမဲ့အစား တဖက်စောင်းနင်းချည်း ဘယ်လို စနစ်ပဲလာလာ တို့ကတော့ အတိုက်အခံပြုမဲ့ဘက်မှာပဲ ရှိနေမှာပဲဆိုတဲ့ စွဲမြဲသောသန္နိဋ္ဌာန်များ ချမှတ်ထားခဲ့လေရော့သလားလို့ တွေထင်လာမိခြင်းပါ။ 
            လျှောက်လှမ်းသင့်သော လမ်းကို မလျှောက်လှမ်းနိုင်ခြင်းဟာ မျက်စိလည် လှမ်းမှားသွားခြင်းမျိုးလော၊ သို့မဟုတ် ဇာတ်တော်ထဲက ချည်ထုတ်ကို ဆက်လက်ထမ်းလာသူရဲ့ အတွေးခေါ်ကို ကြိုက်နှစ်သက်၍ အတွေးအခေါ်ဟောင်းများကို ဆက်လက် ကျင့်သုံးနေခြင်းမျိုးလော ဝေခွဲ၍ မရနိုင်တော့ပါ။ ̏ပျံလေတဲ့ငှင်ခါး နားခါမှသိမယ်˝ ဆိုတာဟာ သူနားတဲ့အခါမှာ သူရဲ့သရုပ်သကန်များကို ပေါ်လွင်လာတာကြောင့် သူဘယ်လဲ ဆိုတာ သိလာရခြင်းမျိုးဟုလည်း ပြောဆိုနိုင် ခြင်းပါ။ ဘယ်အစိုးရပဲတက်တက် အတိုက်အခံချည်း ပြုလုပ်နေခြင်းဟာ သူတို့ရဲ့ပေါ်လစီများ ဖြစ်နေလေရော့ သလားဆိုတာ ခွဲခြားမသိနိုင်တော့ပါ။  
            ကံရဲ့နိယာမတရားသဘောတစ်ခုမှာ စေတနာမှန်ဖြင့် ပြုလုပ်ခဲ့တဲ့အမှုကိစ္စတိုင်းမှာ စစ်မှန်တဲ့ စေတနာရဲ့ အကျိုးတရားဆိုတာ မလွဲမသွေ ဖြစ်ပေါ်လာခြင်းပါ။ တိုင်းပြည်အတွက် စေတနာမှန်နှင့် တိုက်ပွဲဝင်ခဲ့သူတိုင်း အတွက် တိုင်းပြည်က ထိုသူများအား နွေးထွေးစွာဖြင့် လက်ကမ်းကြိုဆိုလျှက်ရှိနေခြင်းပါ။ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံမျိုး ဖြစ်ပေါ်လာနိုင်ဖို့ စစ်မှန်တဲ့ ဒီမိုကရေစီစနည်းများကို မှန်မှန်ကန်ကန် ဖေါ်ထုတ်နိုင်ဖို့ဆိုတာဟာ တိုင်းပြည်တွင်းမှာ နေသူများ (ပြည်ပမှာနေသူများလည်းပါဝင်) အားလုံးရဲ့ တာဝန်ဆိုတာ သိနားလည် ထားနိုင်ကြဖို့ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။  
ဒေါက်တာဓမ္မပိယ (ITBMU)
           
             
            
Posted by Maung Yit at 10:20 PM 0 comments  

7th April 2013 - MoeMaKa Radio

ဧပြီ ၇၊ ၂၀၁၃ - မိုးမခရေဒီယို ဆစ်ဒနီ
ဖန်တီးသူတို့ နှလုံးသားနဲ့ ကျနော့်ကျန်းမာရေးများ - ဦးပန်တျာ
သတင်းတိုထွာ၊ သီချင်းပဒေသာ
ဦးဘုန်း ဓာတုရဲ့ အကောင်းဆုံး တနာရီ စာပေဟောပြောပွဲ
စီစဉ်သူများ - ဦးပန်တျာ၊ နှင်းမြတ်ခိုင်
 (မိုးမခပရိသတ်များက အသိပေးချင်တာက မိုးမခရေဒီယိုအစီအစဉ် တာဝန်ခံ ဦးပန်တျာနဲရဲ့ ကျန်းမာရေးအခြေအနေကြောင့် နောင်တွင် ရေဒီယိုအစီအစဉ်များ အပြောင်းအလဲ အလျော့အတင်း ရှိပါလိမ့်မယ်။ သတင်းတာဝန်ခံ နှင်းမြတ်ခိုင်က တာဝန်ယူဆောင်ရွက်မှုများ ရှိသလို အခြားပြင်ဆင်မှုများ ပြုလုပ်သွားမှာဖြစ်ပါတယ်။ မိုးမခရေဒီယိုရဲ့ တာဝန်ခံ ဦးပန်တျာ အမြန်ဆုံး ကျန်းမာလာစေဖို့ ဆုတောင်းပေးလိုက်ကြပါစို့။    ။)
(မိုးမခမှတ်ချက် - မိုးမခရေဒီယို (ဆစ်ဒနီ)အစီအစဉ်တွင် သတင်းထည့်သွင်းခြင်း၊ ကြော်ငြာများ ထည့်သွင်းခြင်းတို့အတွက် ဦးပန်တျာတို့ မိုးမခရေဒီယိုအဖွဲ့သို့upantra@gmail.com အီးမေးဖြင့် ဆက်သွယ်နိုင်ပါကြောင်း)
Posted by Maung Yit at 6:28 PM 0 comments  
Labels: 

Burmese Thagyan in Japan


ချယ်ရီပင်တွေအောက်က မြန်မာသင်္ကြန်ပွဲတော်
ကိုထွန်းဝေ၊ (ဂျပန်)၊ ဧပြီ ၇၊ ၂၀၁၃
ယနေ့ တိုကျိုသင်္ကြန်ပွဲလုပ်ဖို့ ရုံးကလူတွေနဲ့ တိုကျိုသင်္ကြန်ပွဲကိုရောက်ခဲ့ ပါတယ်။တော်တော်လေး စည်ပါတယ်။  ကဲကြတဲ့သူတွေလည်း အများကြီးပဲ။ သောက်ကြ၊ ဆိုကြ၊ တီးကြ၊ကကြ နဲ့ပေါ့။ ပျော်ဖို့ကောင်းတယ်။ 



(၂၂)ကြိမ်မြောက် မြန်မာရိုးရာ တိုကျိုအတာသင်္ကြန်ပွဲတော်ကို ဧပြီလ()ရက်နေ့ တိုကျိုမြို့HIBIYA ပန်းခြံမှာ နံနက် ၁၀း၃၀ နာရီ မှ ညနေ ၅း၀၀ နာရီအထိ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(LDB) မှတာဝန်ယူ ဦးစီး၍ စည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အတာသင်္ကြန်ပွဲတော်ဖွင့်ပွဲအစီအစဉ်ကို ရိုးရာမပျက် မြန်မာများ တက်ရောက်ခဲ့တဲ့အပြင် ဂျပန်မှာရှိကြတဲ့တိုင်းရင်းသားတွေလည်း တွေ့ ခဲ့ရပါတယ်။ အခြားနိုင်ငံခြားသားများလည်း တွေ့ ခဲ့ရပါတယ်။တိုကျိုမှာတော့ သင်္ကြန်ပွဲကို မြန်မာ့ရိုးရာ အစားအစာတွေနဲ့  စုံစုံလင်လင် ရောင်းချပေးတာတွ့ရပါတယ်။


မြန်မာလူမျိုးတွေအများကြီး အခုလိုစုစည်းတဲ့ပွဲမျိုးကို ရောက်တော့ မြန်မာပြည်ကိုပြန်ချင်စိတ်တွေ၊ လွမ်းတဲ့စိတ်တွေပိုဖြစ်လာတယ်။ တေးဂီတအစီအစဉ်တွေမှာတော့အငြိမ့် ၊ မင်္ဂလာဒိုးသံချပ်နဲ  အခြားတီးဝိုင်းတွေ တော်တော်စုံလင်ပြီး မိုးလင်းမှ မိုးချုပ်အထိဖျော်ဖြေခဲ့ကြပါတယ်။ဘ၀သရုပ်ဖေါ်တွေကို ထိထိမိမိ တင်ဆက် ဖျော်ဖြေသွားခဲ့ရာဂျပန်ရောက်ပရိတ်သတ်များ အထူးနှစ်ခြိက်အားပေးခဲ့ကြတာကို မျက်ဝါးထင်ထင်တွေ့ ရပါတယ်။အစားအစာများကတော့ စုံလင်တော့ ပုံမှာပြထားတဲ့အတိုင်းတွေ့ ရမှာပါ။ အစားအသောက်ဆိုင်များအားလုံးနီးပါး ရောင်းအားများ ကောင်းခဲ့ကြပါတယ်.ဂျပန်နိုင်ငံမှာ မြန်မာလူမျိုးများဦးစီးကျင်းပပြုလုပ်သည့် ပွဲတော်များအနက် အစည် ကားဆုံးပွဲ ဖြစ်ကြောင်းရေးသားလိုက်ရပါတယ်.

ဗွီဒီယိုကြည့်ရန် http://www.youtube.com/user/zayyar20283?feature=watch


ဓါတ်ပုံများကြည့်ရန် http://tunwai-states.blogspot.jp/2013/04/2013_7.html

သတင်း - ဓါတ်ပုံ  ဗွီဒီယို ကိုထွန်းဝေ။  7.4.2013


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives