[mrsorcerer:37854] Fwd: [လူဗိုလ်ဟူသည် ...] ဂိုးလ်ဖင်းဂါး



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/9
Subject: [လူဗိုလ်ဟူသည် ...] ဂိုးလ်ဖင်းဂါး
To: lubo601@gmail.com




by Mg Han (Notes) on Tuesday, April 9, 2013 at 8:43am



ကိုယ်စောင့်နတ်များကို ဟိန္ဒူလိုခွဲပြရရင် အတော်များတာဗျ။ ထေရဝါရစစ်စစ်ကျတော့လဲ သူကမရှိဘူး၊ကြားချပြီး ရှေးမူမပျက်ကျ တစ်ပါးထားတော့။ အနောက်တိုင်းများကျ အကောင်းတစ်ပါး အဆိုးတစ်ပါးပေါ့ဗျာ။အဲကိုယ်စောင့်နတ်ရှိလား မသိ၊ မရှိလားလဲမသိ ဖါသိဖါသာပါပဲ။ ဒါပေမယ့် တစ်ခါတစ်ခါ ဖွန်ကြောင်လိုက်မိပြီးအဆင်မပြေတာမျိုးကျ စိတ်ပါလို့မဟုတ်ပါဘူး ကိုယ်စောင့်နတ်က စေ့ဆော်လို့ပါဆို လွဲချလို့ရတယ်။အရက်သောက်ချင်လို့ ကျားချောင်းချောင်းနေပြီး ဝိုင်းတွေ့လို့ ကပ်တီးမူးလဲတော့လဲ ကိုယ်စောင့်နတ်ကဖန်တော့လဲရေကန်အသင့်ကြာအသင့်ဟေ့ဆို ဒင်းခေါင်းစဉ်တပ် ကိုယ်တွယ်ရတာပေါ့လေ။ အဲသလို လုပ်လွန်းလို့လားမသိဘူးဂနေ့လဲ ကိုယ်စောင့်နတ်က စေ့ဆော်ထည့်လိုက်တာ ခံလိုက်ရတယ်။

ဒါနဲ့ပတ်သတ်ပြီး မောင်ကောင်းထိုက် ဟာသလေး ပြောပါဦးမယ်။ ရက်အင်ဒီးယန်းတွေ လိုက်လို့ကောင်းဘွိုင်ပြေးရတော့တာပေါ့လေ။ ဂျီနိုဆိုက်ဒ်တွေ၊ ခရိုင်းအဂန့်ဟူမင်းနတီတွေ၊ မြေကိုချစ်တာတောင်ကိုချစ်တာ၊ တောကိုချစ်တာ၊ နေးတစ်တွေကဘာ၊ ကိုလိုနိုက်စ်တာ ဘာတွေ လျောက်မတွေးနဲ့ဒါကဟာသ။ ဟာသအစဇာတ်ကွက်က ရက်အင်ဒီးယန်းတွေ လိုက်လို့ ဇာတ်လိုက်ကျော် ကောင်းဘွိုင်ပြေးရတယ်။မြင်းစီးရိုင်ဖယ်ထဲမှာ ကျည်ကုန်လို့ ခြောက်လုံးပြူး၂လက်နဲ့ တဒိုင်းဒိုင်းပစ်ပေမယ့်ခါးပတ်လည်က ကျည်တွေသာကုန်တယ် ရက်အင်ဒီးယန်းတွေ မကုန်ဘူး။ ခုခေတ်ကလေးတွေ မျက်စိထဲမြင်အောင်ဆိုResident Evil ထဲက Zombies တွေကိုပစ်လို့ မနိုင်သလိုပေါ့လေ။ ရက်အင်ဒီးယန်းဆိုတဲ့ ရှေးဦးကျအမေရိကားတိုက်မှာ နေတဲ့ အနောက်ဥရောပလူဖြူတွေနဲ့ မတူတဲ့ ယဉ်ကျေးမှု တစ်မျိုးတစ်မည်နဲ့လူမျိုးစုကတော့ ဖုတ်သစ္ဆေတွေလို မဟုတ်ပါဘူး။ လူသားစင်စစ်တွေရယ်ပါ။ ဒါပေသည့် လူဖြူတွေလိုမနေရင် အကုန်လူရိုင်းတွေပဲမို့လား။ အဲလူရိုင်းတွေက ဝိုင်းထားတဲ့ နွားကျောင်း၊ မြင်းကျောင်း၊မြင်းစီးကောင်း၊ သေနှတ်ပစ်လက်ဖြောင့်တဲ့ ကောင်းဘွိုင်ခင်ဗျာ နောက်ဆုံး ကျည်တစ်တောင့်ပဲကျန်တော့သတဲ့။ အဲဒီတော့ သူကစဉ်းစားတယ်။ သွားပြီ ငါတော့ ကိစ္စချောပြီ ဘယ်သူမှ မကယ်နိုင်တော့ဘူး။အဖမ်းခံပြီးတော့တော့ အနှိပ်စက်မခံဘူး။ ကိုယ့်ကိုယ်ကိုယ်သတ်သေတော့မယ်။ အိုဘုရားသခင်အချိန်ကျပြီဆိုရင် ကောင်းကင်ဘုံသို့ခေါ်ပါတော့ ဆိုပြီး လည်ပင်းက လက်ဝါးကပ်တိုင်လေးကိုပြွတ်ခနဲနမ်း ခြောက်လုံးပြူးပြောင်းကို နားထင်တေ့လိုက်တယ်ဆိုရင်ပဲ ဘုရင်းသခင်စေလွှတ်လိုက်တဲ့သူ့ရဲ့ဂါဒီယမ်(ကိုယ်စောင့်နတ်ပေါ့) က နားနားကပ်ပြီး "ချစ်သား ခုအချိန်မကျသေးဘူး။ ကိစ္စမချောနိုင်သေးပါဘူး။မင်းမှာ ကျည်တစ်တောင့်ကျန်ပါသေးတယ်။ သူတို့ထဲက ခေါင်းဆောင်ကို မင်းရွေးမပစ်နိုင်ဘူးလား"လို့ပြောသတဲ့။ အဲတော့ ကောင်းဘွိုင်လဲ အားတက်လာပြီး နောက်ဆုံးကျည်တစ်တောင့်နဲ့ စိတ်ကိုငြိမ်ငြိမ်ထားပြီး ဝိုင်းထားတဲ့ အင်ဒီးယန်းတွေထဲက ခေါင်းဆောင်ကြီးကို ရွေးပစ်လိုက်သတဲ့။ အဲမှာ ခေါင်းဆောင်ကြီး မြင်းပေါ်ကကျတာလဲမြင်ရော ဝိုင်းထားတဲ့ အင်ဒီးယန်းတွေက မှင်သက်မိသွားသတဲ့။ နောက်တော့လက်ထဲက လေးတွေမြှားတွေကို ပစ်ချလိုက်ပြီး ပေါက်စိန်တွေ ဝံ့ပြီး ဒုန်းစိုင်းပြေးဝင်လာတော့သတဲ့။ အဲတော့မှ ကိုယ်စောင့်နတ်က "အင်း ခုမှ တကယ် အချိန်ကျတာ။ right time, right place ပဲ၊ကဲ ပြင်ထားတော့" တဲ့။


အဲသလိုပါပဲ။ အီဖေကိုယ့် ကိုယ်စောင့်နတ်က နေဖင်မထိုးခင်က ကိုယ့်ကိုစောစောနိုး၊ ကျောင်းကိုစောစောသွားခိုင်းတာနဲ့အရင်လိုဆို နောက်ပိုင်းမင်းသားကြီးဖြစ်တဲ့ မောင်ဟန် သည်ကနေ့ ကျောင်းကို စောစောသွားလိုက်ပါတယ်။မနေ့က ကျနော်တို့ရဲ့ မြေအောက်ဝပ်ကျင်းလေး(ဓါတ်ခွဲခန်း)လေးထဲကို ပရော်ဖက်ဆာကြီး လိုက်လာပြီး  ပွစာတက်နေလို့ ရှင်းခိုင်းပါတယ်။ မနေ့က ရှင်းခိုင်းထားပြီးတဲ့ အခန်း သည်ကနေ့ လာကြည့်တဲ့အခါ ခါတိုင်းလိုမဟုတ်ပဲ ဝီရိယရှိရှိ စောရောက်နေတဲ့ ကိုယ့်ကိုမြင်၊ သန့်နေတဲ့ အခန်းကိုကြည့်ပြီးကျေနပ်နေမယ့် ပရော်ဖက်ဆာကို ဖါးတားယားတာ မလိုင်ထည့်ထားတဲ့ အပြုံးကြီးနဲ့ ရင်ကော့ပြုံးပလိုက်မယ်ပေါ့။ ကယ်လစီရမ်ကွေကာကို ကိုယ့်အတွေးနဲ့ကိုယ်သောက်လို့ ကျေကျေနပ်နပ်ကြီးရောက်သွားခဲ့ပေမယ့် ပရော်ဖက်ဆာမဟုတ်ပဲ ဌာနက ဓါတ်ခွဲပစ္စည်းတွေကို အဓိကကိုင်တဲ့ ကိုလေးပွကြီးသာ ရောက်ချလာခဲ့ပါတယ်။(ထောင်ထောင်ကိုင်းကိုင်း နုတ်ခမ်းမွှေးရော ဆံပင်ကေရော ကာတွန်းတင်အောင်နီရဲ့ဇာတ်ကောင် ကိုလေးပွ ဒီဇိုင်းဖြစ်တာကြောင့် သူ့ကို မောင်ဟန်က ကိုလေးပွလို့ နာမည်ပေးထားတာပါ)



ဘုန်းမောင့်တစ်ယောက်တည်း တက်ပလက်လေးပွတ်နေတာကို ကြည့်ပြီး သန့်ရှင်းရေးလုပ်ထားလားလို့ မေးတော့ အင်းပေါ့။ အဲမှာ အဲလူက အခန်းတွင်းအပူချိန်ရအောင် ထားတဲ့စက်အပေါ်ကို လက်ညိုးလေးနဲ့ ပွတ်လိုက်ပါတယ်။ ပြောစရာရှိတာကအဲစက်က စားပွဲခုံပေါ်တင်ထားပြီး ရေခဲသေတ္တာဝမ်းဒိုးလောက်မြင့်ပါတယ်။ အဲအပေါ်မှာမှ မီးအားမြင့်စက်လောက်ဟာတစ်ခုရှိပြီး သူက အဲအပေါ်ကို လက်ညိုးနဲ့ပွတ်လိုက်တာပါ။ မောင်ဟန်တို့လို ဂျပုကတော့ ခုံခုပြီး တက်ပွတ်မှရပါလိမ့်မယ်။ ပြီးတော့ သူ့လက်ညိုးမှာပါလာတဲ့ ဖုန်တွေကိုပြပါတယ်။ ဟုတ်ပါတယ်။ မောင်ဟန်တို့က သူတို့လို တံခါးကို လေမဝင်အောင်ပိတ်ထား၊ ဟီတာလေးနဲ့ အခန်းထဲ နေတတ်တဲ့လူမျိုးမဟုတ်ပါဘူး၊ ရွာမှာဆို ဟင်းလင်းပွင့် အဆောက်ဦးမျိုးမှာသာ နေတတ်ခဲ့တာပါ။ အရင်အခန်းဟောင်းတုန်းကတော့ ပြူတင်းပေါက်တွေကဟောင်း၊ ဆောင်းဆို အနုတ်၃၀ဝန်းကျင် ဒဏ်ခံနိုင်အောင် ဟီတာကအပူလေး အပြင်မထွက်အောင် တိတ်တွေနဲ့ လိုက်ပိတ်ထားရတာ။ ခုအသစ်ကတော့ ပြူတင်းပေါင်တွေက တံခါးမတစ်ခုစာရှိပြီး ကဲလားလိုဖွင့်ဖွင့်၊ ဒလဟောပဲဖွင့်ဖွင့် ဖွင့်လို့ရတော့ အေးချင်လဲအေးတစ်နေ့ ၂ခါ၃ခါလောက်တော့ ဖွင့်ဖြစ်ပါတယ်။ ဒါပေမယ့် မြေအောက်ထဲက အခန်းဆိုတော့ အပြင်ကဖုန်အမှုန်ကတော့ ဝင်ချင်တဲ့ အတိုင်းပေါ့။ ဒါပေမယ့် ဆောင်းတွင်းကြီးနော် အပြင်မှာ ရေခဲတွေချည်းရှိတာ။ဒါပေမယ့်လဲ ပြူတင်းပေါက်ဖွင့်လို့လို့ အကြောင်းပြသွားပြီး ပြူတင်းပေါက် မဖွင့်ဖို့ထပ်ကာထပ်ကာ သတိပေးခံရတော့တာပါပဲ။



နောက်တော့အဲသလိုပဲ သူ့လက်တစ်ဆန့်စာ နေရာတွေ လိုက်ပွတ်လိုက် ပေသွားတဲ့ သူ့လက်ညိုးလေးပြလိုက်၊အရက်ပျံဝတ်လေးနဲ့သုတ်လိုက်၊ စားပွဲမျက်နှာပြင်ကို ပါးကပ်ကြည့် နောက်တစ်နေရာကို လက်ညိုးလေးနဲ့ပွတ်လိုက်၊ပြလိုက်၊ အပူပေးစက် ကြားထဲကို လက်ညိုးလေးထည့်ဆွဲလိုက် ပေတာကိုပြလိုက် နဲ့ နောက်ဆုံးမှာအဲလက်ညိုးလေးကို ဆပ်ပြာနဲ့ဆေး၊ မောင်ဟန့်ကို "ဖလောခ" ပေါင်းများစွာ ပေးပြီး သူယူလာတဲ့ဓါတ်ခွဲခန်းပစ္စည်းတွေ ပြန်သိမ်းလို့ အခန်းကို နောက်တစ်ကြိမ်သန့်ရှင်းရေးလုပ်ပါလို့ပြောသွားပါတော့တယ်။ ဟုတ်ကဲ့ မြွေကိုက်ပါတော့တယ်။ (ဖလေခ= ဗဲဒီးဘက်)


"မြွေကိုက်တယ်" ဆိုတာ ဂျပန်စကားက ဆင်းသက်လာတဲ့ စစ်တပ်ထဲက ပေါရာဏပါ။ ဂျပန်ခေတ် ဗိုလ်သင်တန်းမှာဂျပန်ဆရာ အပုလေးက ရန်သူ့ကို တိုက်နည်း ချဉ်းကပ်နည်း သင်ပေးတဲ့ အခါ (စစ်သားတွေကတော့ကိုယ်စီ တိုက်နည်းဆို သိကြတယ်။ ဝေးဝေးမှာ ကိုယ့်နိမ့်ခါးချိုး၊ နဲနဲနီးတော့ လက်ထောက်ဒူးထောက်၊ပိုနီးတော့ လက်လှဲဒူးလှဲ၊ ကပ်လာတော့ မိကျောင်းတက်၊ ကျားသစ်ချောင်း၊ နောက် ကျားထိုးပြီး(လှံစွပ်ထိုး)ဇာတ်သိမ်းရတဲ့ လေ့ကျင့်ခန်း) သူမကြိုက်၇င် ဂျပန်စကားနဲ့ Again, Again(又又) လို့ ပြောတာကို ဗမာနားနဲ့ မြွေကိုက် မြွေကိုက်လို့ပဲ ကြားတာကနေဖြစ်လာတာပါ။ ဘယ်ထဲဖတ်ဘူးလဲ မမေးနဲ့ မသိဘူး။ စာဖတ်တာများလို့တော့ မထင်နဲ့ ဥာဏ်ကိုက တိမ်လို့မမှတ်မိတာ။ သည်ဘက်ခေတ်မှာလဲ သုံးပါတယ်။ စစ်လေ့ကျင့်ခန်းတွေ လုပ်ရင် အချင်းချင်းကို"ဂယောင်မပေးနဲ့ မြွေကိုက်လိမ့်မယ်"ပဲပြောကြပါတယ်။ အဖွဲ့လိုက်လုပ်ရတော့ ကိုယ်ဘယ်လောက်ကောင်းကောင်းတစ်ဖွဲ့တည်းက တစ်ယောက်ယောက် မှားရင် အစကပြန်လုပ်ရမှာပြောတာပါ။ မြွေတောင် ရိုးရိုးမဟုတ်ဘူး"မြွေခြောက်ကိုက်မယ်"လို့ ဆင့်ပွားသုံးလာကြပါသေးတယ်။


ထားတော့။ ခုတော့ အဲမြွေကိုက်လို့ နောက်တစ်ကြိမ် အခန်းထဲရှိသမျှကို ဆပ်ပြာတစ်ထပ်၊ ပိုးသပ်ဆေးတစ်ထပ်သန့်ရှင်းရပြန်တော့တယ်။ ပြူတင်းတံခါးလဲ ဖွင့်ခွင့်ရှိတော့ဘူး။ သြော် အဲသလို လက်ညိုးကလေးတစ်ချောင်းနဲ့ တို့ကာ တို့ကာနဲ့ မြွေကိုက်သွားတော့ ဗိုလ်လောင်းဘဝကိုတောင် သတိရသေးတော့။ကျောင်း ၆နှစ်မှာ ပြဿနာ အပေးဆုံးကလဲ အဲသည် လက်ညိုးကလေးတွေပါပဲ။ မနက်ခင်းတန်းစီ လိုက်ပြီဆိုတာနဲ့အဲလက်ညိုလေးနဲ့ ပြဿနာစပါတယ်။ ဖိနပ်ထိပ်ဦးပေါ် လက်ညိုးလေးနဲ့သုတ်လိုက်လို့ လက်ညိုးလေးမှာဖုန်ပေသွားရင်(လက်ညိုးလက်မပွတ်ကြည့်လိုက်တာ) ၊ ဖိနပ်ကြိုးမှာ လက်ညိုးကလေး ထည့်မလိုက်လို့ကျလိဆို ကြိုးလေးကကြွသွားခဲ့ရင်၊ ခါးပတ်ကြား အဲလက်ညိုးလေးထည့်ဆွဲလိုက်လို့ အတော်ကလေးဟသွားရင်၊ဘာမှန်းမသိပဲ မလောက်တဲ့ အချိန်ကြောင့် ခါးပတ်ကွင်းကျော်ထိုးမိရင်လဲ အဲလွတ်နေတဲ့ ခါးပတ်ကွင်းလေးထဲလက်ညိုးကလေးနဲ့ ထိုးဆွဲလိုက်ရင်၊ အကျီင်္ကြယ်သီးကြား လက်ညိုးကလေးဝင်သွားလို့ စွပ်ကျယ်သားကိုမထောက်မိပဲ အသားကို ထောက်မိခဲ့ရင်၊ နုတ်ခမ်းနဲ့ မေးကို လက်ညိုးကလေးနဲ့ ပွတ်လိုက်လို့ရှတတဖြစ်နေရင်၊ အဲဒီလက်ညိုးလေးဟာ နံပတ်ပြားပေါ် ဂွက်ကနဲ ထောက်ပြီး ညနေတိုင်ရင် တန်းစီကွင်းကြီးဟာဘယ်လောက်ကျယ်သလဲဆိုတာ တိုင်းရတော့တာပဲ။(တစ်ခါတစ်လေ အပြေးနဲ့၊ တစ်ခါတစ်လေ ဖါးခုန်နဲ့)။
ဒါနဲ့ပြီးရောလားဆိုတော့လဲမဟုတ်သေးပါဘူး၊ အဲလက်ညိုးကလေးကပဲ အိပ်ဆောင် စာအုပ်စင်ပေါ်၊ စားပွဲပေါ်၊ ခင်းထားတဲ့ ဖိနပ်တွေပေါ်၊မီးခလုပ်ခုံပေါ် ပွတ်လိုက်လို့ ဖုန်ပေပြန်ရင်၊ တံခါးပေါက်မှန်ကို ပွတ်လိုက်လို့ ကျလိလို့မမြည်ပဲ ပေပြန်ရင်၊ ကြမ်းခင်းကြွေပြားတွေ ကြားထဲက မြှောင်းထဲကို ထည့်ပွတ်လိုက်လို့ဖိနပ်စာတွေ ထွက်လာရင်၊ ပြူတင်းပေါက် ကလန့်ပေါက်ထဲ နိုက်လိုက်လို့ ဘာမှန်းမသိတာတွေ ထွက်လာပြန်ရင် ။ ဟုတ်ကဲ့ မြွေကိုက်ပြန်ပါတယ်။ 



ဒါက သူများလက်ညိုးမို့ကိုယ့်လက်ညိုးနဲ့ ကိုယ်ရော ဆိုပြန်တော့လဲ မလွတ်သေးပါဘူး။ စစ်ရေးပြလို့ ခေါ်တဲ့ဆီမှာသတိဆွဲတဲ့အခါ အဲလက်ညိုးကို လက်မလေးနဲ့ မဖွက်မိရင်၊ အလေးပြုတဲ့အခါ အဲလက်ညိုးထိပ်ဖျားလေးကမျက်ခုံးနဲ့လွဲရင် ကွာလွန်းရင် ကပ်လွန်းရင်၊ မြွေကိုက်ပြန်ပါတယ်။
လက်နှက်ငယ်ဆိုတဲ့ဟာကို ဖြုတ်တာ တပ်တာတွေ သင်ပြန်တော့လဲ သည်လက်ညိုးကလေး နေရာမှားရင်သူကိုယ်တိုင် အညိုအမဲစွဲတတ်သလို၊ မြွေကိုက်တတ်ပြန်ပါသေးတယ်။ သေနှတ်လက်ထဲရောက်လာလို့သည်လက်ညိုးကလေး trigger ပေါ်တင်မထားပဲ အထဲထည့်ထားမိပြန်ရင် မြွေကိုက်ရုံတင်မက ကြယ်တွေ၊လတွေပါမြင်တတ်ပါသေးတယ်။ ဘယ်တုန်းက ဘယ်လိုစမှန်းမသိပေမယ့် လေ့ကျင့်ခန်းတွေ ဆင်းတဲ့အခါ ဟိုးအလံနီရန်သူဘာညာတွေ ညွန်းတဲ့အခါ  လက်ညိုးကွေးလက်မပိတ်မလုပ်မိပဲလက်ညိုးနဲ့ထိုးမိပြန်ရင် မြွေကိုက်ပြန်ပါတယ်။ လက်ပစ်ဗုံးကို စနစ်တံဖြုတ်တာလဲ သည်လက်ညိုး၊လေးပေပစ်မှတ်ကြီးကို အပေါက်ကလေးလှမ်းဖေါက်တော့လဲ ချိန်သားကျကျ ကွေးရတာလဲ သည်လည်ညိုး၊ အဲလက်ညိုး သောက်တစ်လွဲလုပ်ပြန်ရင် မြွေကိုက်ပြန်ပါလေရော။ 


digitus secundus ဆိုရင် ဆေးပညာလောကထဲကလူကလွဲလို့ ဘာပြောတာလဲလို့ ဘယ်သိပါ့မလဲနော့်။ အဲဒါ လက်ညိုးကို မခက်ခက်အောင် ခေါ်တဲ့အမည်ပါပဲ။ pointer finger ဆိုရင် အလိုလိုသဘောပေါက်သလို ညွန်လို့ရတဲ့ လက်ချောင်းပေါ့နော်။ တစ်နေရာရာကို ညွန်ပြဖို့ သုံးပေမယ့်လူတစ်ယောက်ကို လက်ညိုးထိုးရင်တော့ ရိုင်းတဲ့ အမူအရာပါတဲ့။ မောင့်ဟန့်အတင်းတုပ်နေတုန်း မိုးယုစံလေးကကြားသွားလို့ လက်ညိုးငေါက်ငေါက်ထိုးလို့ ရန်ထောင်ပလိုက်တယ် ဆိုတာမျိုးနေမှာပေါ့နော့်။ trigger finger ဆိုတာကတော့ ရှင်းပါတယ်။ အပေါ်မှာလဲ မြွေကိုက်ပြီးပြီ၊ ထပ်မကိုက်ပါရစေနဲ့တော့။ forefinger လို့ခေါ်တာကတော့ အရင်တုန်းက ကိုယ်ထင်တာ တစ်မျိုးရယ်။ fore ဆိုတဲ့ စကားလုံးကိုသူချည်းမသိခဲ့ပဲနဲ့ play ဆိုတာနဲ့ တွဲသိခဲ့တာလဲဖြစ် အရွယ်ကိုက မိန်းကလေးဆို မျက်လုံးချင်းမဆိုင်ဝံ့လောက်တဲ့ အရွယ်။ (မျက်နှာချင်းမဆိုင်တော့ ဘယ်ကြည့်နေမတုန်း ဆိုတာပြောပြဘူး)ဆိုတော့ တစ်လွဲထင်ခဲ့ဘူးသေးတယ်။ တကယ်တော့ fore ဆိုတာ locate ဆိုတဲ့သဘော။ ညွန်းတဲ့သဘော၊ထောက်ပြတဲ့သဘောပေါ့နော်။ သည်နေရာမှာထား၊ သည်ကိုကြည့် ထောက်ပြတဲ့ လက်ချောင်းကလေးပေါ့။ 


ကိုယ်ငယ်ငယ်ကတော့ အဲဒီလက်ညိုးက ဘူးစဉ်ရှိရာ မထိုးရဘူး ပုပ်တတ်သတဲ့။ တစ်ခုတစ်ကောင် တစ်ယောက်ဆိုတာကို ညွှန်းချင်လဲ ထောင်ရတယ်။ စာသင်နေတုန်း အပြင်ထွက်ချင်ရင်လဲ ထောင်ရတယ်။ မုန့်ဘယ်သူစားမလဲလက်ညိုးထောင် အီးပုံထိုးဆိုလဲ သည်လက်ညိုးလေးပဲ။ တစ်ယောက်ယောက်ကို စိန်ခေါ်လို့ ဘရုစလီလိုလက်ညိုးလေး အပေါ်လှန် ကွေးချီဆန့်ချီလုပ် စိန်ခေါ်တာလဲ သည်ဟာပဲ။ တစ်ယောက်ယောက်ကို ကယိုကယိုရှက်ပါတယ် လို့လှောင်ရင်လဲ သည်လက်ညိုးကလေးပဲ။ စစ်တိုက်တိုင်းကစားလို့ သေနှတ်မပါရင်ဒဂူးညွန့်ဆို သေနှတ်ပုံဖေါ်ရာမှာလဲ သည်လက်ညိုးလေးပဲ။ နပန်းလုံးကြလို့ မနိုင်ရင် လှန်ချိုးတာလဲသည်လက်ညိုးပဲ။ ဘုတ်ဘုတ်ကောင်လေးတွေ နေတဲ့ ကျင်းလေးတွေထဲကနေ အဲအကောင်လေးတွေကို ဖမ်းဖို့ကော်ထုတ်တာလဲ ဒင်းပဲ။ ပွဲဈေးထဲမှာ၊ မန္တလေးဈေးချိုထဲမှာ၊ ရန်ကုန်ဆူးလေမှာ အဖေရော အမေရောမျက်မိမျက်နှာ ပျက်လောက်အောင် ပတ်ပတ်လည် လက်ညိုးထိုး ပူဆာခဲ့တာလဲ သည်လက်ညိုးပဲ။ 



ဟိုးမှာကြည့်စမ်းဆိုပြီး ကောင်းကင်ကြီး လက်ညိုးထိုးပြီးသူငယ်ချင်းတွေကို အရူးလုပ်ခဲ့တာလဲ သည်လက်ညိုးပဲ။ စာမေးပွဲမှာ ဘာဖြေရမှန်းမသိလို့ "ပလောက်"ဆို နံကြားထောက်လိုက်တာလဲ သည်လက်ညိုးပဲ။ နာခေါင်းအနောက်ထဲထိ စိတ်ဝင်တစား နိုက်ပြီးကလော်ကတာလဲ သည်လက်ညိုးပဲ။ ရေမှုန်တွေသီးနေတဲ့မှန်တွေ၊ ဖုန်တွေပေနေတဲ့ နေရာတွေမှာ ပုံတွေဆွဲ စာတွေရေးတာလဲ သည်လက်ညိုးပဲ။ စာအုပ်ကို ဘောလုံးကို အလယ်လောက်က ထောက်လို့ တင်ပြီး မကျအောင်လှည့်ကစားရတာလဲသည်လက်ညိုးပဲ။ သော့တွဲလေးတွေ လက်ဖက်ရည်ဆိုင်က ရေနွေးကြမ်းခွက်တွေ၊ အဝိုင်းပေါက်ပါတာတွေလှည့်ကစားတာလဲ သည်လက်ညိုးပဲ။ သမီးရည်းစားရလို့ တစ်ယောက် နောက်ကျော တစ်ယောက် စာလုံးလေးတွေရေးပြီးဘာပြောတာလဲ ကူးလူးကြတာလဲ သည်လက်ညိုးလေးပဲ။ ဖေ့ဘုတ်ပေါ်က ဟာသလေးလို သည်လက်ညိုးကလေးနဲ့ပဲခင့်ကို အော်အောင် မောင်လုပ်ပြမယ်ဆိုပြီးတော့ မျက်လုံးတော့ မနိုက်ခဲ့ပါဘူးလေ။ နားနောက်ကိုထိုးပြီးကုတ်ရင်း စဉ်းစားရကြပ်ပါတယ်ဆိုတဲ့ အမူအရာဖေါ်တာလဲ သည်လက်ညိုးပဲ။ ပါးစပ်ကလေးနဲ့ကိုက်ပြီးဟီးဟီး ဆို အရူးကွက်နင်းရတာလဲ သည်လက်ညိုးပဲ။ အဲလက်ညိုးလေးကို ပါးစပ်မှာ ကန့်လန့်ပိတ်ရင်တိတ်တိတ်နေထောင်တန်တဲ့။ လက်ညိုးလေးနဲ့ မေးစေ့လေးကို ပွတ်နေရင်း အဖြေမရှိတဲ့ဟာကြီး စဉ်းစားသလိုဟန်ဆောင်ရတာလဲရှိတာပဲ။ သွားတိုက်တံ မရှိဘူးဆိုရင် သည်လက်ညိုးလေးနဲ့ သွားတိုက်လို့ရသေးတယ်ဗျ။ 


မှတ်မှတ်ရရတော့ ဘောလုံးသမားတွေ ဂိုးဝင်သွားရင် လက်ညိုးလေးထောင်ပြီး ပြေးလာတာပါပဲ။ အားကစားမှာတစ်ခုခုကို ပထမရလို့ အောင်ပွဲခံရင် လက်မ လက်ခလယ်ထိပြီး လက်ညိုးလေးကိုထောင် I amNo-1 လို့ သင်္ကေတတဲ့။ နောက်တော့ မြန်မာဘောလုံး အသင်းက ဘယ်ရောညာရောကို လက်ညိုး ထောင်ပြီးလုပ်ကြတာတွေ့တယ်။ လက်ညိုးကို မျိုးစုံထောင်ပြီး အောင်ပွဲခံကြတာလဲတွေ့တယ်။ သြော် သူငယ်တော်ဆိုတဲ့အကကရင်လဲ အဲလက်ညိုးလေး ထောင်ပြီးကတာပဲ။ "လာပါပြီကွယ် ဦးရွှေရိုးနဲ့ ဒေါ်မုန်းရယ်"ဆိုရင်လဲအဲလက်ညိုးလေးနဲ့ပါတာပဲ။ "တို့တော့မယ်ကွဲ့ ဆိတ်တော့မယ် ဆိတ်တော့မယ်ကွဲ့ တို့တော့မယ်"ဆိုတဲ့နေရာမှာပေါ့။ နောက်တော့ ဗီဒီယိုကားတွေထဲက ဘိန်းဖြူအရောင်းဝယ်ခန်းတွေဆို လက်ညိုးကလေးနဲ့တို့တို့ကြည့်တာ မြင်ဘူးတယ်။ အမေကတော့ ငါးတွေ လတ်မလတ်၊ အသားတွေ ရေထိုးမထိုး လက်ညိုးကလေးနဲ့ထိုးထိုးကြည့်တတ်တယ်။ ကောင်မလေးတွေ အဲသလို လက်ညိုးကလေးတွေ နဲ့ တစ်ခုခုကို စူးစူးစမ်းစမ်းလျောက်ထိုးနေရာကြည့်ရင်လဲ ခံစားရတာ ရင်ခုန်ဖို့ကောင်းတယ်။
သူများကို ရန်ထောင်တော့လဲ သည်လက်ညိုး၊ နေရာကို ညွန်တော့လဲ သည်လက်ညိုး၊ သင့်ကြောင့်မီးမလောင်ပါစေနှင့်ဆိုတဲ့ လက်ညိုး၊ ၁၀နှစ် ၁၀နှစ် ဆိုတဲ့ထဲက နောက်ဆုံး ဦးကျော်သူကြီး ကွေးပြသွားတဲ့ လက်ညိုး၊သည်လက်ညိုးကလေးရဲ့ သမိုင်းကိုရေးရင် မတော် ပါရဂူဘွဲ့ရသွားနိုင်မလားပဲ။
ဆရာဝန်တွေ ဆေးကျောင်းသားတွေရဲ့ လက်ညိုးကိုတော့ ပြောပြတော့ဘူးနော်။ သိချင်သူတို့ကိုမေးသူတို့လဲပဲ ရာဇဝင်လာ လက်ညိုးအကြောင်းတွေရှိမှာပဲ။ finger-nose test လောက်တင် ရပ်မထားခိုင်းနဲ့ဇွတ်မေးကြ။


မြန်မာစကားထဲမှာလဲ "လက်ညိုးထောင် ကိုယ်ရောင်လင်းစေဆိုတဲ့"၊ "လက်ညိုးညွှန်ရာ ရေဖြစ်"တဲ့။ ဒါတွေပါ ထည့်ရေးရင် ဖေ့ဘုတ်စ်ထဲ ဆန့်မယ်တောင်မထင်ဘူး။ စည်းကမ်းဥပဒေမှာ ကျောသားရင်သားသာမကကိုယ့်ဟာကိုယ်တောင် ခြွင်းချက်မထားတဲ့ ဘုရင်ကြီးကတော့ နန်းတော်တိုင် ထုံးသုပ်မိတဲ့ကိုယ့်လက်ညိုးကိုယ် သံလျက်နဲ့ဖြတ်သတဲ့။ "ဖခင် ဘုရင်ကြီးမှာ မကြားလိုပါ မကြားလိုပါ"ဆိုတဲ့ သီချင်းလေးစလိုက်ရင် အဇာတသတ်ဇာတ်ထုပ်မှန်း လူကြီးခြေကျသမားတွေနဲ့ တောသားတွေသိပါတယ်။အဲဒီ အဇာတသတ်(ဘုရားရှင်ကို အကြည်ညိုဆုံး ဧတဒဂ် ဘွဲခွံ (ပါလီမာန်စနစ်)သုံးနိုင်ငံရဲ့ဘုရင်ကြီး) ကြီးရဲ့ လက်ညိုးကလဲ ရာဇဝင်လာ လက်ညိုးပေါ့။ သူ့ကိုသတ်မယ့် သားလို့ နိမိတ်ထွန်းတဲ့ရင်သွေး အဇာတသတ်လောင်းလျာ ကလေးငယ်ရဲ့လက်ညိုးမှာ ခူနာပေါက်လို့ သူ့ဖခင်က ပါးစပ်ထဲမှာငုံထား၊အနာသက်သာလို့ သားငယ်အိပ်ပျော်တော့ အနာကပြည်တွေ ပါးစပ်ထဲမှာပေါက်တာတောင် သားလေးနိုးမှာစိုးလို့မြိုချခဲ့တဲ့ဇာတ်ဝင်ခန်းက သားသမီး အပေါ်ထားတဲ့ ဖခင်သူတော်ကောင်းကြီးရဲ့ မေတ္တာကို အညွန်းဆုံးပေါ့။ဒါပေမယ့် အဲဇာတ်ဝင်ခန်းရောက်ရင် ဖခင် ဗိမ္မိသာရကြီးက ၇လကျော် အငတ်ထားရာက မသေလို့ ခြေဖွားကိုဓါးနဲ့ခွဲ၊ ဆားနဲ့ပက်၊ ရှားမီးကင်တဲ့ ဒါဏ်နဲ့ ကံတော်ကုန်နှင့်ပြီလေ။


ရခဲလှတဲ့လူ့ဘဝတန်ဖိုးကြီးကြောင်းကို သာဓကပြဖို့ ရှင်သာရိပု တ္တရာမထေရ် ကိုလက်ညိုးနဲ့ သဲမှုန်တွေကို ကော်ခိုင်း၊ လက်ညိုးပေါ်တင်တာ သာသနာနဲ့ကြုံတဲ့လူတွေပဲ ၊အောက်မှာကျန်တာ သံသရာထဲက အခြားဘဝ အခြားဘုံက လူတွေပဲလို့ဟောခဲ့တော့၊ သည်လက်ညိုးထဲမှာပဲ အင်မတန်အဖိုးမဖြတ်တဲ့ တရားတော်တွေရှိပြန်ရော။ အဲသလို ခပ်ဆင်ဆင် မဂဒူးတို့ ဆင်ထိန်းလုပ်ရာကဘုရင်က မုန်ညင်းစေ့တွေကို လက်တစ်ညိုးပေါ်တင်သမျှယူလို့ ပေးတော့ သူကတော့ သံသရာကို အပြတ်ဖြတ်မယ့်သူတော်ကောင်းစာရင်းမဝင်ပေမယ့် အာဏာလမ်းကြောင်းကို ဝင်မယ့် လောဘသားဆိုတော့ လက်ညိုးကိုတံတွေးစိုအောင်ငုံ မုန်ညင်းပုံထဲ ထိုးယူသတဲ့။ ဒါ့ကြောင့်လဲ နောက်တော့ ဘုရင်ဖြစ်တာထင်ပါတယ်နော်။အဲမင်းကစလိုက်တဲ့ မင်းဆက်တွေဟာ ရာဇာဓိရာဇ်ကျမ်းထဲမှာ ရုပ်လုံးကြွ ဇာတ်ကောင်တွေ အလျိုအလျိုပေါ့။


မန္တလေးတောင် လက်ညိုးထိုး ဗျာဒိတ်ပေးကိုယ်တော်ကြီးရဲ့ လက်ညိုးကလဲ ပုံပြင်ကလေးတွေနဲ့ဗျ။အဲလက်ညိုးမှာ စာသွားချိတ်တဲ့ ဗန်းမော်ဆရာတော် နဲ့ မင်းတုံးမင်းရဲ့ ဇာတ်လမ်းလေးတွေပေါ့။"နန်းတော်ထဲက လူပွေကြီးငြိမ်ငြိမ်နေတို့"၊ "နန်းတော်ထဲက မောင်ညို သတ္တိရှိရင် ရေငုပ်ပြိုင်မလား"တို့ပေါ့။သိချင် နီးရာလူကြီးသာမေးကြတော့။ လက်ညိုးဆိုလို့ မေ့နေလိုက်တာ လက်ညိုးပေါင်း ၁၀၀၀ပြည့်အောင်သီပြီးမှ ငါ့ဆီလာခဲ့လို့ ချောက်ချလိုက်တဲ့ သမီးနဲ့အထင်လွဲတဲ့ ဆရာကြောင့် ကြိုးစားပန်းစားလူသတ် လက်ညိုးဖြတ်တဲ့ အဂုင်္လိမာလ အတွက် နောက်ဆုံး လက်ညိုးရယ်လို့ လိုက်လိုက်တာ အမေဖြစ်နေရာက ဘုရားရှင်ကြားဝင်လို့ "ငါကရပ်နေသူ သင်ကားပြေးနေသူ" ဆိုတဲ့ တစ်ခွန်းနဲ့ အလိမ္မာကြီးလိမ္မာသွားလိုက်တာရဟန္တာတောင်ဖြစ်သွားသတဲ့။ အောင်ခြင်း၈ပါးထဲ ကြားဖူးကြမှာပေါ့လေ။ 


သည်ဘက်ခေတ်မှာတော့ အိုစမာဘင်လာဒင်ရဲ့ လက်ညိုးလေးကို သတိထားမိကြမယ်ထင်ပါတယ်။ တကယ်တော့သူမှမဟုတ်ပါဘူး ဘုရှ်ခ်ျကြီးလဲ တစ်ခါတစ်လေ အဲသလို လက်ညိုးကလေးထောင်ထောင်ပြောတတ်ပါတယ်။ "ဆိုလို့ရှိလို့ရှိရင် ဆိုတဲ့" ကျနော်တို့ဆီက တစ်ယောက်လဲ တစ်ခါတစ်ခါ ပြောတတ်ပါတယ်။ စကားတစ်ခွန်းကိုဟန်ပါပါနဲ့ လေးလေးနက်နက် သြဇာညောင်းအောင် ပြောတဲ့ လက်ညိုးထင်တာပါပဲ။ ပြင်ဦးလွင် တက္ကသိုလ်ကြီးရှေ့က ရုပ်ထုကြီးတွေရဲ့ပုံကိုဟာသလုပ်ထားတဲ့ ဟိုးမှာ အတွဲတွေ ဆိုတဲ့ လက်ညိုးကိုလဲ မြင်မိပြီး ပြုံးမိပါသေးတယ်။ ပါတော်မူဇာတ်ကားထဲက ကင်းဝန်မင်းကြီး ရဲ့ "သည်တစ်ကြိမ် ရာဇပရိယယ်သုံးလို့ သည်းခံတော်မူပါ ဖျား"ဆိုတဲ့ စကားနဲ့ ထောင်ထားတဲ့ လက်ညိုးကိုလဲ မြင်မိပါသေးတယ်။ 



ဒါနဲ့တင်လားဆိုတော့ ဘယ်ကဦးမလဲ အီလက်ထောနစ်ခေတ်မှာ မီးခလုပ်အဖွင့်ပိတ် ဒီကောင်လေးနဲ့ပဲပေါ့။ ကွန်ပြူတာပေါ်ကာစက အနားမကပ်နိုင်သေးလို့ သစ်မရခင် ဝါးပေါင်းကွပ်လို့ လက်နှိပ်စက်ကျင့်ခိုင်းတော့ သည်လက်ညိုးကလေးနဲ့ပဲ တချက်ချက်လုပ်လို့ အငေါက်ခံရ အဆူခံရတာ အခါခါ၊ ကာကူလေတာ တွက်တော့လဲ သည်လက်ညိုးလေးကို မြန်အောင်ကျင့်ရသေးတာ။ ပေသီးခေါက်လဲ ဒီလက်ညိုးပါပဲလေ။ ပိုက်ဆံရေတော့ရော ဒင်းပါပဲ။ လွယ်မှတ်လို့ ကျင့်ယူရတာ။ အံမယ် သတိရလို့ပြောရရင် လက်တောက်ခုံမှာလဲသည်ကောင်လေးကို အတော်ချိန်သားကျအောင် ကျင့်ခဲ့ရသေးတာဗျ။ ကုန်စည်ဒိုင်တွေမှာ ဒစ်ဂျစ်တယ်တွေခေတ်မစားခင်က ကတ္တားချိန်တတ်ဖို့ကို လက်ညိုးကလေးနဲ့ ရိုက်ရိုက်ပြီး စကေးတံလေးပေါ် ကစားတတ်မှ။ရေဒီယို နားထောင်ဖို့ဆိုတာ လိုင်းဖမ်းတဲ့ ဘီးကလေးကို လက်ညိုးလေးနဲ့ အသာလေး ဖြေးဖြေးချင်းရွှေ့တတ်မှ။ မောက်စ်ကလေးသုံးတော့လဲ လက်ညိုးကလေးနဲ့ ကလစ် ကလစ်နဲ့ လိုရာလုပ်ကြသေးတာမို့လား။ အလည်က ဘီးလုံးလေးကိုလဲ လှိမ့်တတ်ဦးမှလေ။ လက်ပတော့များ ပေါ်လာပြန်တော့ အိုင်ပေါ့များပေါ်လာပြန်တော့ သည်လက်ကလေးနဲ့ ခိုင်းတတ်ဖို့ကို အတော်မျက်စိလည်ခဲ့သေးတယ်မို့လား။ ခုခေတ်ကျပြန်တော့လက်ညိုးညွန်ရာ ရေမဖြစ်ပေမယ့် မျက်နှာပြင်ကလေးပေါ်မှာ စေလိုစေ ပီတာပန်ရဲ့ အိပ်မက်ကမ္ဘာထဲလိုက်သွားဖို့ လက်ညိုးကလေးကိုပဲ အားကိုးရတာမို့လား။ တကယ်လို့များ သည်စာတွေကို စာအုပ်သာရေးထားရင်တစ်ရွက်ကနေ နောက်တစ်ရွက်ကိုကူးဖို့ လက်ညိုးကလေးနဲ့ပဲ ရွေ့ရဦးမှာပေါ့။ 


စာကလဲ ရှည်ပြီ။ လက်ညိုးနဲ့ ခရီးသွားလိုက်တာ မူးနောက်လဲနေလောက်ရောပေါ့။ သည်လောက် အရာရောက်လွန်းတဲ့လက်ချောင်းလေးကို "ရန်လို" တဲ့ နာမည်ပေးထားလိုက်ကြတာများ ရက်ရက်စက်စက်၊ ကျနော်ကတော့သူ့ကို "goldfinger" လို့ နာမည်ပေးလိုက်ချင်ပါတယ်။ ရွှေလက်ချောင်းလေးပေါ့။ ဒါပေမယ့်သစ်အစ်ဂိုးလ်ဖင်းဂါးလို့တော့ အကျယ်ကြီးမပြောနဲ့ ဂျိန်းစဘွန်းမင်းသား ရှောင်ကွန်နရီကြားလို့"မိုင်နိမ်းအစ်ဘွန်း ဂျိမ်းစဘွန်း ဒဘယ်အိုဆဲဗင်း"ဆို လက်ကုတ်ပြီး ခဏဆိုခေါ်သွားဦးမယ်။    ။
ကျန်းမာချမ်းသာကြပါစေ။ ကျနော်မောင်ဟန်ပါ။  ။





--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/10/2013 05:26:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.