[mrsorcerer:37891] Fwd: [လူဗိုလ်ဟူသည် ...] ရွာသင်္ကြန်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/12
Subject: [လူဗိုလ်ဟူသည် ...] ရွာသင်္ကြန်
To: lubo601@gmail.com


by ရုပ် ဆိုး (Notes) on Friday, April 12, 2013 at 12:08pm

 
ကျုပ်တို့ ဆီက ဗန့်ကျီတောင်လက် ကြက်သွန်တွေ အားကြီးထွက်တဲ့ နေရာပေါ့ ။ မုံရွာတဖက် ၊ ချင်းတွင်းမြစ်အနောက်ဘက် .. ကမ္ဘာကျော် လက်ပတောင်း ဒေသရဲ့ တောင် ဘက်နယ်မှာရှိတယ်
 ( မသိမှာစိုးလို့ နာမည်ကြီးရာ ကိုးကားပြောရတာ ...:P ) ။
ဆရာကြီးမြသန်းတင့် မာယာဘုံ ဝထ္ထု ကြီး ရဲ့ နောက်ခံ ဒေသ ဟာ ကျုပ်တို့ အရပ်ပေါ့ဗျာ ။ အခုလို သင်္ကြန်တွင်းဆို ရင် ကျုပ်တို့ဒေသ က ကြက်သွန်ပေါ်ချိန်နဲ့ကွက်တိ ။ ဆားလင်းကြီးအနောက်လက် (အနောက်အရပ်)၊
ချင်းတွင်းမြစ်အရှေ့ဘက် ၊ ရေစကြို ၊ မြိုင် ၊ ပုလဲ အဲဒီ ဘက်က ရွာ တွေက ခုချိန်ဆို ကျုပ်တို့ ဆီကို ကြက်သွန်ဖော် (ကြက်သွန်နှုတ်) လာလုပ်ကြတယ် ။ တစ်အိမ်မှာမရှိပါဘူးဆိုရင် ဆယ့်လေးငါးယောက် လောက်ကတော့ အနည်းဆုံး ။
ကျုပ်တို့ အရပ်ဓလေ့ က လုပ်အားခ ကို သီးနှံပဲပေးတတ်ကြတယ် ။ လယ်(စပါး)တစ်ရက်ရိတ်ရင် စပါး တခွဲ (၈ ပြည်) ရတယ် ။ ကြက်သွန် တစ်မနက် တူးရင် ၃ ပိဿာရတယ် ။ တနေကုန်တူးရင်တော့ ၆ ပိဿာ ။ အညာနွေ ကောင်းကင်ကနေကလည်းပူ
အောက်က မြေကလည်းပူဆိုတော့  တစ်နေကုန် တူးကြတာတော့ရှားတယ်။ အငှားဖြတ်ရင်တော့ ထခေါက်တောင်း (ထန်းလျှော်တောင်း) တစ်လုံးကို ငါးဆယ်သားရတယ် ။ အဲဒါက ကြက်သွန်ဈေး တစ်ပိဿာ တစ်ထောင်ဖြစ်လည်း အဲတိုင်းပဲ ။
တစ်ပိဿာ တစ်ရာ ဖြစ်လည်းအဲတိုင်းပဲ ။ ပိုမပေးသလို လျှော့လည်းမပေးဘူး ။ ကြက်သွန်မထွက်တဲ့ ရွာတွေ က တစ်နှစ်စာ ဟင်းခပ်ရဖို့ ကြက်သွန်ဖော်လာလုပ်ကြတာပေါ့ ။ မနက်ခင်းဆို ကြက်သွန်နှုတ်ကြတယ် ။
 ညနေ ပိုင်း နေချိုတော့ ကြက်သွန်ကွက် (ကြက်သွန်ခင်း) တွေထဲမှာ ကောက်သင်းလိုက်ကောက်ကြတယ် ။ညဖက်ကျရင်တော့ ကြက်သွန်ခင်းပိုင်ရှင် ထွန်းပေးတဲ့ ဘက်ထရီအိုးမီးရောင်လေးနဲ့ ကြက်သွန်ဖြတ်ကြတယ်။
သူတို့ ပြန်ချိန်ဆိုရင်  မဖြစ်ပါဘူးဆိုတဲ့သူ (လုပ်တာကိုင်တာနှေးတဲ့သူ) တောင် အချိန်(ပိဿာချိန်) တစ်ရာ့ငါးဆယ် ၊ နှစ်ရာတော့အနည်းဆုံးပါသွားကြတယ် ။ သင်္ကြန်တွင်းဆိုရင် တခြားရွာကလာကြတဲ့ ကြက်သွန်ဖော် ဧည့်သည်တွေ ရော ၊
ရွာမှာရှိကြတဲ့ ရွာခံတွေ ရော နဲ့ ဆိုတော့ ရွာထဲမှာလူတွေက တရုန်းရုန်းပဲ ။

    အကြိုနေ့ မှာတော့  ရွာမှာ သိပ်ပြီး ရေမပက်ကြသေးဘူး ။ ကျုပ်တို့ တွေက လွဲလို့ ပေါ့ .. :P ။ ညနေစောင်းဆိုရင် ရွာဘေးက ယမား ချောင်းမှာ ညိုမြလေး တွေက ဖီးလိမ်းပြင်ဆင်ပြီး ရေခပ်ဆင်းကြတယ် ။ ရေပက်ချင်တဲ့ သူတွေက တခြားသွားစရာမလိုဘူး
ချောင်းကမ်းပါး က နေ ရေဖလားလေးကိုင်ထိုင်စောင့်ရုံပဲ ။ အပျို ၊ လူပျိုး အချင်းချင်းကလည်း အချိတ်ဆက်လေးတွေ ရှိကြတာပေါ့။ ဒီနေ့ ညနေစောင်းရင်တော့ ဘယ်ရေခပ်ဆိပ်မှာ ငါ ရေလာခပ်မှာ နင်ရေလာလောင်း ဆိုတာမျိုးပေါ့ ။
အလိုလို ရေထမ်းပျင်းတဲ့ ကျုပ်ကသင်္ကြန်တွင်းဆိုရင် အိမ်ကရှိသမျှ စဉ့်အိုးတွေ ပြည့်တဲ့ အပြင် ၊ အဖွားအိမ်တွေ ၊ အရီးအိမ်တွေပါ ရေလိုက်ခပ်ပေးသေးတယ် ။ ရေခပ်ရင်း တွေ့ သမျှ ကောင်မလေး အကုန်ပက်တယ် ။
သင်္ကြန်တွင်း ကျုပ်တို့ ဘယ်လောက်များအောင်မြင်လဲဆိုရင် ရေအိုးနဲ့ ထုတဲ့ခါထုခံရတယ် ၊ ရေမှုတ်ရိုးနဲ့ ရိုက်တဲ့နှစ်ရိုက်ခံရတယ် ၊ ဖလားနဲ့ခုတ်တဲ့ခါ ခုတ်ခံရတယ် ။  တခါတလေ လူက ချောင်းထဲမှာ ရေသွားပက်လို့ အိမ်ပြန်မရောက်သေးဘူး ။ အိမ်က အမေကို

လာတိုင်တဲ့သူကတိုင်ပြီးပြီ ။ အဲလိုကို အောင်မြင်တာ ။  ခံရတာလည်း မပြောပေနဲ့ ဦး မာနကြီးပါတယ်ဆိုတဲ့ အပျိုကြီးတွေ က အကြိုနေ့ ရေလာခပ်ရင် အကိုကြီးတွေကတော့ လောင်းရကောင်းနိုးနိုး၊
မလောင်းရကောင်းနိုးနိုး ကွက်ကြည့် ကွက်ကြည့် လုပ်နေတဲ့ချိန်" မကြီးမငယ်စလယ်တောင်း" ကျုပ်တို့ က အုပ်စု လိုက် ဝိုင်းပက်တော့ ဟိုက ရှက်ရှက် နဲ့ ခေါင်းပေါ် က ရွက်ထားတဲ့ ရေအိုးနဲ့ လှမ်းထုတယ် ။ ဒီကလည်း ဘယ်ငြိမ်ခံမလဲ ပြေးတာပေါ့ ။
တချို့ကျတော့လည်း သူ့ကောင်လေး ရေလောင်းခံဖို့ ဆိုပြီး ဖီးလိမ်းပြင်ဆင်လာ ..ကျုပ်တို့က လည်း ဝမ်းသာအားရ "အခြောက်ကြီးကွ" ဆိုပြီး တွေ့ရာ ရောနဲ့ ဝိုင်းပက်ကြတာ ..တင်းတင်းနဲ့ ရေခပ်တဲ့ ရေမှုတ်ရိုးနဲ့ လိုက်ရိုက်ရော ။ အယ် .. အခြောက်ကြီး ဆိုတာ က

အဝတ်အစားအခြောက်ကိုပြောတာနော် ။ ငယ်ငယ်က ဘာအကျင့်မှန်းမသိဘူး ရေပက်ရင် အဝတ်ရေစိုနေတဲ့ လူဆိုမပက်ချင်ဘူး ..သူ့ဘာသူချောချောမချောချော ..အဝတ်အစား အခြောက်နဲ့ဆိုရင်တော့ သူထက်ငါ ဦးအောင်လုပြီးပက်ကြတယ် ။
 
    အကျနေ့ ကျရင်တော့ ပက်ချင်သလို ပက်လို့ရပြီ ။ အိမ်က လုပ်စရာရှိတာတွေ အမြန်လုပ်ပြီး ချောင်းထဲမှာ တနေကုန် တနေခမ်း  နှုတ်ခမ်းတွေ ပြာ ၊ လက်တွေ ပဲရေပွအောင် ရေဆော့တယ် ။  ည ဦး ဆိုရင် ရွာအရှေ့ပိုင်းကတစ်ခုံ ၊
အနောက်ပိုင်းကတစ်ခုံ မဏ္ဍပ်လေးတွေ ထိုးပြီး သင်္ကြန်ယိမ်း က ကြ ၊ စတုဒီသာ ကျွေးကြ လုပ်ကြတယ် ။ အဲဒီချိန်ဆိုရင်တော့  သင်္ကြန်ယိမ်းကတဲ့ဆီသွားချင်မှသွားတာ ။  ည ၈ နာရီနောက်ပိုင်းဆိုရင်တော့ ကျုပ်တို့ အ ချိန်ပဲ ။
ရေပုံးလေး တွေ ယူ တဲ့ သူက ယူ ၊ ရေပြွတ် ခပ်ကြီးကြီးတွေ ကိုင်တဲ့သူက ကိုင် ကာလသားတွေစုပြီး ရွာထဲ ပတ်ချာလှည့်ကြတယ် ။ ရွာထဲ စိတ်ဆတ်တဲ့ လူတို့ ၊ အစ်မညီမ လုံးဝအထိမခံ တွန့်တိုတဲ့လူတို့ ၊ မိန်းမကြောက်တဲ့လူတို့ရှိတယ် ။
ကာလသား အကိုကြီးတွေ နဲ့ ပေါင်းပြီး အဲဒီ လူတွေ အိမ်နားကိုသွား ။ ပုဆိုးစုတ် ကနေ ဖြဲထားတဲ့ ကြိုးတွေကို ခွေးချေး ၊ နွားချေး ၊ ဝက်ချေး အကုန်သုတ်တယ် ။ ပြီးတော့ ကိုယ်စမဲ့ လူ နဲ့ အဖွဲ့ ထဲက လူနဲ့ အရပ်ချင်းတူလောက်မဲ့သူကို ရွေးတယ်။
သူ့ နှာခေါင်းနဲ့ ခုနက " ချေးကြိုး " နဲ့ ကွက်တိတန်းပြီး ဝန်းထရံ တွေမှာ ချီထားတယ် ။ ပြီးတော့ အသံဖျက် ပြီး အိမ်ပြင်ကနေ လှမ်းစတယ် " အေ .. ဖိုးxxx မယားကြောက် ...မိန်းမရှိခိုး သွားမကျိုးတဲ့ကောင်...မိန်းမကငါးခြောက်ဆို ..ဆီဆမ်းပြီးသားဆိုတဲ့ကောင်"
"မင်းညီမလေး ..မိxx ... ငါ့ပေးကွာ..ငါကြိုက်လို့ပါဟ ... မင်းညီမနဲ့ ကလေးမွေးရင် မင်းနာမည်ပါအောင်ပေးပါ့မယ် ...ယောက်ဖကြီးရ"... အဲလို တွေ မခံချင်အောင်စတယ် ။ အိမ်ထဲက လူတွေ က အပြင် ထွက်လိုက်ပြီဆိုရင် "ဘောင်မှည့်ဆူး" ခက်တွေ ချပြီးပြေးတယ် ။

ဘောင်မှည့်ဆူးဆိုတာ က ချိတ်ကောက်လေးတွေ ဒီတိုင်းဆို သိပ်မဆူးဘူး ... ဆူးခက်နဲ့ ငြိသွားပြီဆိုရင်တော့ ဖြုတ်ပေဦးတော့ပဲ မဖြုတ်ချင်လို့ စွတ်ရုန်းလေ ၊ ပိုနာလေပဲ ။ အဖွဲ့ တွေကို ထွက်လိုက်တဲ့သူက တန်းထားတဲ့ "ချေးကြိုး" နဲ့ နှာခေါင်းနဲ့တိုက်ရင်တိုက် ၊ မတိုက်ရင်
ဆူးခက်နဲ့ ငြိတယ် ။  ဆူးခက်နဲ့ ငြိလို့ ကုန်းဖြုတ်နေတဲ့ ချိန် ကျမှ အဝေးကနေ ရေပုံး နဲ့ လှမ်းပက်တဲ့ သူကပက် ၊ ရေပြွတ် နဲ့ လှမ်းထိုးတဲ့သူက ထိုးပြီး အော်ပြေးကြတယ် ။

    ရွာထဲ က ကာလသားတွေက ရေပက် ကြမ်း ၊ အစအနောက်ကြမ်းသလို .. ကလေးအမေ တွေကလည်းရွတ်တယ် ။ ညနေ စောင်း ကျုပ်တို့ က ၁၂ နှစ် ၊ ၁၃ နှစ် ရေဖလားလေးတကိုင် ကိုင် ၊ မြောက်ကြွ မြောက်ကြွ နဲ့ သူတို့ ကြည့်မရတော့ဘူးဆိုရင် ..
အဖွဲ့လိုက် ဝိုင်းဖမ်းပြီး  ပါးစပ်အတင်းဟ တယ် ။ ပြီးတော့ ပါးစပ်ထဲ နို့ရည်တွေ ညှစ် တိုက်တယ် ။ အိုးမဲ နဲ့ သုတ်တယ် ။ ထမင်းတွေ ဝါးခွင့်  တယ် ။  အဲဒီမှာ ရွယ်တူ ကောင်မလေးတွေ က ဝိုင်းဟားကြတာပေါ့ ။
အရွယ်ကလည်း ဟိုမရောက်ဒီမရောက်ဆိုတော့  အဲလိုများလုပ်ခံရလို့ ကတော့  ခေါင်းကိုမဖော်နိုင်ဘူး ။ တချိုးတည်း ပြေးရောပဲ ။

    အကျက်နေ့ နေ့ခင်းဆိုရင်လည်း ထိုးနည်း လည်းကောင်းပဲ ။ ရေပက်စရာရှိပက်တယ် ၊ အလုပ်သွားစရာရှိသွားတယ် ။ ညကျရင်တော့ တစ်ညလုံးမအိပ်တော့ဘူး ။  ညဦးပိုင်းဆိုရင် သင်္ကြန်ယိမ်း ကြည့်တယ် ။ ညဘက် သန်းခေါင်းလောက် ထိ က ရွာထဲလျှောက်သွား
ဟိုအိမ်နဲ့ ဒီက မခေါ်ကြဘူး ။ လုံးဝ စကားမပြောကြဘူးဆိုရင် ..ဟိုအိမ် က ပစ္စည်းတီပို့ ၊ ဒီအိမ်ကပစ္စည်းဟိုခိုးပို့ လုပ်ပေးတယ် ။ ဘာပစ္စည်းမှ ခိုး လဲပြီး ပေးလို့ မရရင် ခြံဝန်းရှေ့က တံခါးရွက်တွေကို  တစ်ဖက်စီဖြုတ်ပြီး လဲတပ်ပေးထားတယ် ။ ဟိုဘက် အိမ်က နွားနဲ့ ဒီဘက်အိမ်ကနွား
လဲထားပေးတယ် ။ အဲဒါဆိုရင် မခေါ်ချင်ပဲလည်း ခေါ်ကြရရရော ။ ည ဘက်တကယ်အိပ်ကောင်းပြီဆိုတဲ့ချိန်ကျတော့ ရွာခေါင်းရင်း  ဘုရားတိုက်တွေ (ဘုရားတွေချည်းပဲ သက်သက်ရှိတဲ့နေရာကိုပြောတာ)ထဲ က ဆင်းတုတော်လေးတွေ ခိုးပင့်တယ် ။ ပြီးရင် ရွာထဲက ပိုက်ဆံတော့

နည်းနည်းရှိတယ် .. ဒါမဲ့ ရပ်ရေးရွာရေး ၊ လှူရေးတန်းရေးဆိုရင် ကပ်စေးနည်းတာတို့ ။လယ်ရိတ်ရာ ၊ ကောက်စိုက်ရာ ၊ ကြက်သွန်နှုတ်ရာတွေ မှာ ကျွေးတာမွေးတာကျရင် ကောင်းကောင်းကန်းကန်း မကျွေးတဲ့ အိမ် တို့  ... အဲလို အိမ်တွေ  ထဲ မှာ ဆင်းတုတော်လေး ခိုးထားခဲ့တယ် ။

ပြီးတော့ ဘယ်ဘုရား ၊ ဘယ်ဘုရားက ပင့်လာပါတယ်ဆိုတာကို စာလေးရေးထားခဲ့တယ် ။ သင်္ကြန် တွင်းမှာ အဲဒီ အိမ်က အဲဒီဆင်းတုတော် ကိုရေသပ္ပါယ်ပြီး သင်္ကြန်ပြီးတာနဲ့ တက်နိုင်တဲ့  ကန်တော့ ပွဲနဲ့ ၊ အကျွေးအမွေး လေးပါလုပ်ပြီး ဘုရားကိုပြန်ပို့ရတယ် ။ ပိုက်ဆံ ရှိတဲ့ သူတွေက

ကိုယ့်အိမ် ဘုရားလာပို့ ခံရပြီ ဆိုတာနဲ့ရပ်ရေးရွာရေးတွေ မှာ ကိုယ်လက်နှေးနေပြီ .. ကိုယ့် အလုပ်သမား ၊ စာရင်းငှား တွေပေါ်မှာ ကပ်စေးနည်းနေလို့ ၊ ချစ်တီးကျနေလို့ သဘောပေါက်လိုက်ပေတော့ပဲ ။

    အတက်နေ့ မနက်ခင်း ၃ နာရီလောက်ဆိုရင် ချောင်းထဲမှာ သွားပြီး ဘုရားရေသပ္ပါယ်ရင် ခပ်ဖို့  သဲတွင်းအကြီးကြီးတွေ တူးကြတယ် ။ မနက်ခင်း စတုဒီသာကျွေးဖို့ ချက်ပြုတ် ကြတဲ့ လူကြီးတွေကို ကူလုပ်တယ် ။ မနက်ခင်း ၄ ခွဲ ၅ နာရီလောက်ဆိုရင်တော့
ပိတောက်ပင်ကိုပြေးကြပြီ ။ ပိတောက်ပင်တွေက ရှေးရှေးတုန်းက အပင်ကြီးတွေ ။ ဘုရားဝန်း တွေ ထဲမှာပဲရှိတယ် ။ ပိုင်ရှင်ရယ်လို့ မရှိဘူး ဦးတဲ့ သူ က ခူးပဲ ။ ပိတောက်ပင်တွေကလည်း  သင်္ကြန်မတိုင်ခင်ပွင့်တဲ့ခါ ပွင့်တယ် ၊ သကြန်ထက်နောက်ကျပြီး ပွင့်တဲ့ခါ ပွင့်တယ်။
ဒါပေမဲ့ သင်္ကြန်အတက်နေ့တိုင်းတော့ တစ်ပင်လုံးမဟုတ်တောင် နည်းနည်းတော့ ပွင့်တယ် ။ ပထမ ဆုံး ခူးတဲ့သူက ဘုရားတွေ လှု ။ ပြီးတာနဲ့ ကိုယ်ပေးချင်တဲ့ သူ အတွက်ကြိုက်သလောက် ယူပေတော့ပဲ ။  မနက်ခင်းမိုး နည်းနည်းလင်း ပြီဆိုရင်တော့  အဝတ်စားတွေလဲပြီး
ဘုရားရေသပ္ပါယ်ကြတယ် ။ ရွာမှာ စေတီချည်းပဲ ၇၅ ဆူရှိတယ် ။ အိမ်တွေမှာ ကိုးကွယ်တဲ့ ဆင်းတုတော်တွေရောဆိုရင် ချောင်း ကနေ ရေအခေါက် ၁၀၀ လောက် အနည်းဆုံး ခပ်ရတယ် ။ ဘုရားတွေ မှာ ကိုယ့် အဆက်လိုက် ..ကိုယ့်ဘိုးဘေးတွေ တည်ခဲ့တဲ့ဘုရားတွေမှာ
မုန့်ဟင်းခါးကျွေးတာ ၊ သာကူတိုက်တာ ၊ ဂျုံကျို တိုက်တာ ၊ မုန့်လက်ဆောင်း တိုက်တာ ၊ ကြာဇံတိုက်တာတို့ (ကျုပ်တို့ဆီက အရည်ပါတာဆိုရင် တိုက် တာလို့ ပဲပြောတာ ) လုပ်တယ် ၊ အဲဒါတွေ မတက်နိုင်တဲ့ သူတွေက သကြားလုံး ကမ်းတာ (ဝေတာ) တို့ ၊ သရက်သီးသုပ်
လဖက်သုပ် ၊ ချင်းသုပ် ၊ အဝေရာရွက်သုပ်၊ သမုန်းပွင့်သုပ် တို့ ကျွေးတာ တို့လုပ်တယ် ။ ကိုယ်စားချင်တာ ကျွေးတဲ့ ဘုရားဆိုရင် ၂ ခါလောက် ရေသပ္ပါယ်လိုက်တယ် ။ အဲဒီတော့ ၂ ခါစားရရော ...:P ။ အဲနေ့ကျရင်တော့ ကလေးလေး ရေအိုးပေါက်စ ရွက်နိုင်တဲ့ အရွယ်ကနေ ၊

အဖွားကြီး ၊ အဘိုးကြီး လမ်းလျှောက်နိုင်သေးတဲ့ အရွယ်ထိ  ဘုရာေးတွ ရေသပ္ပါယ်ကြတယ် ။ ဘုရားရေးသပ္ပါယ်တာ က မနက် ၅ နာရီလောက်ကနေ ပါယ်လိုက်တာ ..နေ့ခင်း ၁၁ လောက်မှ ပြီးကျတယ် ။ မြန်မြန်ပြီးချင်လို့ ဘုရားအကုန် ရေမသပ္ပါယ်တဲ့ သူတွေကိုကျတော့
အချင်းချင်း "ဘုရားကျော်" ကြီးဆိုပြီးစကြတယ် ။ အဲနေ့မှာ အဲလို အပြောခံလိုက်ရရင်တော့ ကိုယ့်ကိုယ်ကို လူစဉ်မမှီ တဲ့ လူတစ်ယောက်လိုပဲ ။

    နေ့ခင်း ၁၁ လောက်က နေပြီးတော့ အဘိုးအဘွားတွေ ၊ အရပ်ထဲက သက်ကြီးရွယ်အိုတွေ ကို ခြေသည်း ၊ လက်သည်း ဖြတ်ပေးတာတို့ ။ ခေါင်းလျှော်ပေးတာတို့ ၊ ရေချိုးပေးတာတို့ ၊ အဝတ်စားတွေ လျှော်ပေးတာတို့ လုပ်တယ် ။
ရွာဘေးကချောင်းထဲမှာ ဆိုလည်း တလျော် ၊ ကင်ပွန်းခေါင်းလျှော် ရည် ကို စဥ့်အိုးတွေ နဲ့ တည်ထားပေးတယ် ။ ကြိုက်တဲ့သူ ယူလျော်လို့ရတယ် ။ ချောင်းထဲမှာ ရေသွားချိုးရင်း ခါးဝတ်ထားတဲ့ ရေလဲပုဆိုး ၊ ရေလဲထမီကစ ရေချိုးပြီးပြီဆိုရင်
ဦးလေး ထားခဲ့ ၊ အကိုထားခဲ့ ထားခဲ့ ကျုပ်လျော်ပေးမယ်ဆိုပြီး လျော်ပေးကြတယ် ။ ငယ်သူတွေ က ကြီးသူတွေဆီ ကနေ ယူကြတဲ့ ကုသိုလ်ပေါ့ ။

   အတက်နေ့ ညနေစောင်းရင်တော့ ရှင်လောင်းလှည့်ပြီ ။ တခြား နေရာတွေမှာ သင်္ကြန်တွင်း ဒုလ္လဘ ရဟန်းဝတ်ကြတယ် ။ ကျုပ်တို့ ဆီမှာတော့ သင်္ကြန်အတက်နေ့ ညနေ ကျမှာ သာ ဒုလ္လဘ ရဟန်းဝတ်လေ့ရှိတယ် ။ ညနေ စောင်းဆိုရင် ဒုလ္လဘဝတ်မဲ့ သူကို
ကုတင်သေးသေးတစ်လုံးပေါ်တင်ပြီး ရွာထဲကိုလှည့်တယ် ။ ကိုယ့်နား ရှင်လောင်းရောက်လာပြီဆိုရင် ရှိတဲ့သူက လင်ပန်း ဆွဲ ၊ ကြက်သွန်ပုံထဲက ကြက်သွန် ခပ် .. ကြက်သွန်လင်ပန်းကိုခေါင်းပေါ်ရွက်ပြီး လိုက်တယ် ။ ကုလားပဲရှိတဲ့ သူက ကုလားပဲလင်ပန်းရွက်ပြီး

အတန်းထဲဝင်လိုက်တယ် ။ မြေပဲရှိတဲ့ သူက မြေပဲလင်ပန်း ရွက်ပြီး အတန်းထဲဝင်လိုက်တယ် ။ တစ တစ နဲ့ ရွာတစ်ဝက်လောက်ဆိုရ င် အတန်းလိုက်ကြီးဖြစ်လာရော ။ ကာလသားတွေ က သျှိုးတိုက်လိုက် ၊ စည်တော်ကြီးတွေ ကလိုက်ပေါ့ ။ ရွာလည်းတစ်ပါတ်ပြည့်ရော
ဘုန်းကြီးကျောင်း ကို ရွက်လာတဲ့ ကြက်သွန်တို့ ၊ မြေပဲတို့ ၊ ကုလားပဲတို့ ၊ ဆန်တို့ လှူပြီး သင်္ကန်းတောင်းပြီး ဒုလ္လဘ ရဟန်းဝတ်ကြတယ် ။ နှစ်ဆန်းတစ်ရက်နေ့ ကျရင်တော့ တစ်ရွာလုံး နီးပါး သီလယူကြ ၊ ဥပုဓ်စောင့်ကြပေါ့ ။
  
    ခုဆို အိမ်က အမေ သင်္ကြန်တွင်း လာတိုင်မခံရ တော့ လို့ သူ့သားကို လွမ်းနေမလားပဲ ။ ရွာထဲ က လူတွေကတော့ သင်္ကြန်မျောက်မူးလဲတွေ မရှိတော့ မျက်စိနောက်သက်သာပြီး ပျော်နေမလားပဲ ။
ဘာလိုလို နဲ့ တိုက်ပုံလေးဝတ်ပြီး ဟိုငေး ၊ ဒီငေးငေး လိုက်ရ ။ အီကွတ်မန့် လေးလွယ်ပြီး ဟိုငေးဒီငေး ငေးလိုက်ရ ။ အွန်လိုင်းပေါ် က တက်လာတဲ့ ဓာတ်ပုံလေး တွေ ကြည်ပြီးငေးလိုက်ရ ။ ချက်ဘောက်စ်ကနေ
တဗွမ်း ..ဗွမ်း ... ဗွမ်း ရင်းလွမ်းလိုက်ရ နဲ့ ဒီနှစ်ရောဆိုရင် ၁၂ နှစ်တောင်ကြာသွားပြီ ။ ဘာရယ်လို့ မဟုတ်ပါဘူး ငယ်ငယ်က သောင်းကျန်းခဲ့ဖူးတဲ့ ကလေးဘဝက ရွာသင်္ကြန်ကို သတိရလို့ရေးလိုက်တာ ။
အားလုံးပဲ ပျော်စရာသင်္ကြန်ဖြစ်ကြပါစေ ။ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ ။

(ရုပ်ဆိုး)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/13/2013 09:52:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.