[mrsorcerer:37996] ရမည်းသင်း ရွာတန်းရွာတွင် မီးရှို့ဖျက်ဆီးခံ ခဲ့ရသူ ဒုက္ခသည် တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်


ဧပြီလ ၂၂၊ ၂၀၁၃
M-Media
မေးမြန်းသူ- ကျောက်ခဲ

ရမည်းသင်း ။      ။      ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား မီးရှို့ဖျက်ဆီးခံခဲ့ရမှု၏ ဒုက္ခသည်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းခိုက် ရွာတန်းကျေးရွာ အဖြစ်အပျက်များရဲ့ ကိုယ်တိုင် အတွေ့အကြုံကို အဆိုပါ ဒုက္ခသည်မှ M-Media ကို ပြောပြလာပါတယ်။

"ရမည်းသင်းမြို့နှင့် ၈-မိုင်ခန့်အကွာရှိရွာတန်းကျေးရွာအုပ်စု ရွာတန်းကျေးရွာရှိ ဈေးကုန်းဗလီ နှင့် မွတ်စလင်မ်အိမ်များအား ၂၃-၃-၂၀၁၂ ည ၇း၃၀ ကျော် ၈း၀၀ နာရီ ၀န်းကျင်ခန့်မှာ အစွန်းရောက် အကြမ်းဖက်သမားများမှဝင်ရောက် မီးရှို့ဖျက်ဆီး လုယက်ခြင်းခံခဲ့ရပါတယ်။"

1

"ရွာတန်းမှာ အရင်က ဘာပြဿနာမှကို မဖြစ်ခဲ့ဖူးဘူး။ ရွာထဲမှာနေတဲ့သူ အားလုံးက ဘာသာမတူပေမယ့် ချစ်ခင်စည်းလုံးကြတယ်။ ဟိုးအရင် ဘိုးဘွား လက်ထက်ကတည်းက အတူတူနေလာခဲ့တာ။ ဆွေမျိုးတွေလဲတော်စပ်နေကြတယ်။ ရွာကလူတွေအများစုက ခြံလုပ်တဲ့ စပျစ်ခြံ စိုက်သမားတွေ၊ မွေးမြူရေးလုပ်တာနည်းနည်းရှိတယ်။

မိထ္ထီလာမှာဖြစ်တယ်ကြားတော့ အဲဒီ မတ်လ ၂၃ရက် မနက်မှာပဲ လူကြီးတွေက ရွာထဲမှာ ဘာမှမဖြစ်အောင် အားလုံးအတူတူ ၀ိုင်းဝန်းစောင့်ရှောက်ဖို့ ပြောဆိုဆွေးနွေးခဲ့ကျတယ်။ ညဘက်ရောက်တော့ အကြမ်းဖက်သမားတွေရောက်လာခဲ့တာ။"

"အခုလို ဖြစ်သွားတာက တစ်ဖက်သတ် အကြမ်းဖက်ခံရခြင်း သက်သက်ပဲ။ လူများစုက လူနည်းစုကို မတရား ၀ိုင်းအနိုင်ကျင့်ပြီး ဖျက်ဆီး လုယက်ခဲ့တာ။ ရွာတန်းအုပ်စုမှာက (၂၄)ရွာလောက်ရှိတယ်ဆိုတော့ အကြမ်းဖက်သမားတွေက ဒီနားက ရွာတွေကပါတာများပါတယ်။ ဆိုင်ကယ်တွေ ကားတွေနဲ့လာကျတယ်။ ရွာထဲရောက်တော့ သူတို့အုပ်စုက ဈေးကုန်းမှာရှိတဲ့  မွတ်စလင်မ်အိမ်တွေကို အရင်ဝိုင်းလိုက်တယ်။ အိမ်ထဲမှာရှိတဲ့ လူတွေ အကုန်ကို ထွက်ပေးဖို့ အော်ဟစ်ပြောဆိုတယ်။ အဲဒီအချိန်မှာ ကျွှန်တော်တို့ကို အိမ်နီးချင်းတွေက ၀ိုင်းအော်ပြီး သတိပေးကြတယ် 'လာပြီ … လာပြီ' ဆိုပြီးတော့ပေါ့။ အဲဒါနဲ့ ကျွန်တော်လည်း အိမ်ထဲကနေ အပြင်ထွက်ကြည့်လိုက်တာ နည်းတဲ့လူအုပ်ကြီးမဟုတ်ဘူးဗျာ။ တုတ်တွေ ဓါးတွေ သံပိုက်လိုမျိုးတွေ ကိုင်ထားကျတယ်။   လူတစ်ထောင်လောက်တော့ရှိမလားမပြောတတ်ဘူး ။ ညဖြစ်နေတော့ အရမ်းများတယ်ဆိုတာတော့ သိလိုက်တယ်။ ဒီလောက်များတဲ့လူအုပ်ကြီးမျိုးကို ဒီရွာမှာနေလာတဲ့ သက်တမ်းတလျှောက် တခါမှမတွေ့ခဲ့ဖူးဘူး။

4

နောက် အဲဒီလူအုပ်တွေက ဈေးကုန်းမှာရှိတဲ့ အိမ်တွေဆီက ပစ္စည်းတွေယူပြီး အရင်ဆုံးဖျက်ဆီးတယ်။ နောက်တော့ ဓါတ်ဆီတွေလောင်းပြီး မီးရှို့ဖို့လုပ်တယ်။ အဲဒီမှာ ဈေးကုန်းမှာရှိတဲ့ မွတ်စလင်မ်အိမ်တွေက ဈေးနဲ့ကပ်လျက်ဖြစ်နေတော့ ပတ်ဝန်းကျင်မှာနေတဲ့ ဗုဒ္ဒဘာသာဝင်တွေက အဲဒီမွတ်စလင်မ်အိမ်တွေကို မီးမရှို့ဖို့ ဈေးကြီးတခုလုံး မီးကူးသွားမှာစိုးရိမ်လို့ အကြမ်းဖက်သမားတွေကို ၀ိုင်းဝန်းတောင်းပန်တော့မှ နောက်ဆုံး ပစ္စည်းတွေ စိတ်ကြိုက်ယူပြီး အိမ်တွေကိုပဲ ဖျက်ဆီးခဲ့ကျတာ။ ဒါပေမယ့် ဈေးနားကလွဲပြီး အောက်ဖက်မှာရှိတဲ့ ဗလီ၊ စာသင်ကျောင်းနဲ့ ကျန်တဲ့ မွတ်စလင်မ်အိမ်တွေအားလုံးကိုတော့ တစ်အိမ် မကျန် ပြာပုံဖြစ်တဲ့အထိ မီးရှို့ခဲ့တယ်။ ဗလီနဲ့စာသင်ကျောင်းက အထက်တန်းကျောင်းနဲ့ ကပ်လျက်ပဲ၊ ဗလီနဲ့ စာသင်ကျောင်းကတော့ မီးထဲပါသွားတယ်။ နောက် တချို့ဗုဒ္ဓဘာသာဝင်တွေအိမ်လဲ မီးထဲပါသွားတယ်။ မီးရှို့ အကြမ်းဖက်တဲ့အဖွဲ့က လုံးဝ စိတ်အေးလက်အေးပုံစံနဲ့ကို စိတ်ကြိုက် လုယက် ဖျက်ဆီး မီးရှို့ခဲ့တာဗျာ။ မွတ်စလင်မ်အိမ်တွေထဲက ပစ္စည်းတွေထုတ်ပြီး အရင်ဆုံးယူတယ်။

နောက် တအိမ်ပြီး တအိမ်ကို အုပ်စုလိုက် ၀ိုင်းပြီးမီးရှို့ခဲ့တာအခုမြင်ရတဲ့အတိုင်း ပြာပုံနဲ့ မီးလောင်သွပ်ပုံပဲကျန်တော့တာ။ တားဆီးမယ့်သူလည်း လုံးလုံး မရှိဘူး။ အဲဒီ အကြမ်းဖက်အဖွဲ့ထဲမှာတော့ ရွာခံက(၁၀)ယောက်လောက်ပါတယ်။ အခုတော့ သူတို့ကို ဖမ်းထားတယ်ပေါ့ဗျာ။ အားလုံးကုန်ပြီး ပြာပုံဖြစ်၊ ဘာပစ္စည်းမှလည်း  မကျန်တော့မှ ဖမ်းတယ်ဆိုတော့လညှ်း ဘာလုပ်လို့ရတော့မှာလဲဗျာ။ အကြမ်းဖက်မှုကို ဦးဆောင်ခဲ့တဲ့လူတွေထဲက အခုထိ အဖမ်းမခံရပဲ လွတ်နေတာလဲ ရှိနေပါသေးတယ်။

7

ဘာကြောင့် မဖမ်းပဲ ဒီလို လွတ်ပေးထားလဲဆိုတာတော့ မသိဘူးဗျာ" လို့ပြောပြခဲ့ပါတယ်။

အစွန်းရောက်  အကြမ်းဖက် သမားများမှ အကြမ်းဖက်မှုကျူးလွန်နေချိန်မှာတော့ အကြမ်းဖက်မှုအန္တရာယ်မှ ဘေးလွတ်ရာကို ရှောင်ရှားခဲ့ရပုံကိုလည်း ဆက်ပြီး ပြောပြလာပါတယ်။

"အဲဒီအချိန်မှာ မွတ်စလင်မ် မိသားစုတွေ အားလုံးကတော့ ထွက်ပြေးကြရတာပေါ့။ ရွာတန်းရဲ့ အနောက်ဖက်မှာရှိတဲ့ စပျစ်ခြံတွေဖက် ပြေးသူကပြေး တခြားလွတ်ရာတွေပြေးကျရတယ်။ ပြေးရင်းနဲ့ အထုတ်အပိုး တစ်နိုင်လေးသယ်ပြေးတာမြင်ရင် လူ ၂၀-ကျော်လောက်က နောက်ကနေလိုက်ပြီး လုတယ်။ နောက်ဆုံး ဘာမှ မသယ်နိုင်ပဲ အထုတ်တွေပြစ်ချပြီး အ၀တ်အထည် ကိုယ်တခုနဲ့ကိုယ်လွတ်ရုန်းပြီးပြေးခဲ့ရတာ။ တချို့ကလေးငယ်လေးတွေနဲ့ အသက်ကြီးပိုင်းတွေတော့ ပြေးရင်းနဲ့ ညဖက်ဆိုတော့ ဘာမှ ကောင်းကောင်းလည်းမမြင်ရ၊ ဓါတ်မီးတောင်မယူနိုင်ပဲ ပြေးရတာဆိုတော့ ဆူးချုံတွေထဲ ၀င်တိုးမိတာ၊ ခလုတ်တိုက်လဲကျ လို့ ပွန်းပဲ့ဒဏ်ရာရတာတော့ရှိပါတယ်။ တချို့လည်း အခြားနေရာတွေမှာ တိမ်းရှောင်နေခဲ့လို့ လူတွေတော့ ဘာမှမဖြစ်သွားပါဘူး။ တစ်ချို့ကိုတော့ ရွာထဲက အိမ်နီးချင်း ဗုဒ္ဓဘာသာဝင်တွေက သူတို့အိမ်မှာခေါ်ပြီး လုံခြုံအောင် စောင့်ရှောက်ထားပေးပါတယ်။  မိသားစုတစ်ချို့ကို ကူညီစောင့်ရှောက်ပေးတဲ့ရွာထဲက ဗုဒ္ဓဘာသာဝင်တွေကို တကယ် ကျေးဇူးတင်ဖို့ကောင်းပါတယ်။

ကျွန်တော်တို့ကတော့ သစ်ပင်တွေပေါ်တက်ပုန်းနေရတော့ သစ်ပင်ပေါ်ကနေမြင်ရလို့ ရွာထဲမှာ ည ၁၁-ကျော်မှာ အိမ်တွေအားလုံး မီးလောင်ကုန်ပြီဆိုတာ သိလိုက်တယ်။

ရမည်းသင်းက မီးသတ်ကားလာတာတော့ရှိပေမယ့် မီးသတ်ရောက်တဲ့အချိန် အိမ်တွေက မီးလောင်ကုန်ပြီပေါ့။ မီးရှို့တဲ့သူတွေက အိမ်တွေမီးရှို့ပြီး ပုန်းနေတဲ့ လူတွေကို စပျစ်ခြံဖက်တွေမှာ ဆိုင်ကယ်တွေနဲ့ အုပ်စုဖွဲ့ပြီးလိုက်ရှာနေသေးတော့ ဘယ်သူမှ မအိပ်ရဲဘူး အိပ်လို့လဲမရဘူးလေ။ မနက် ၃နာရီလောက် စစ်တပ်ရောက်လာတော့မယ်ဆိုမှ အဲဒီအကြမ်းဖက်သမားတွေက ထွက်သွားကြတာ။ ကျွန်တော်တို့လည်း မနက်မိုးလင်းမှ စစ်တပ်ရောက်လာပြီးမှ လုံခြုံရေးရှိပြီဆိုမှ ပုန်းနေတဲ့နေရာကနေထွက်လာရဲတာ "လို့ M-Media ကို ပြောပြပါတယ်။

ရမည်းသင်း မြို့နယ် ရွာတန်းအုပ်စု ရွာတန်းကျေးရွာကို အစွန်းရောက်အကြမ်းဖက်သမားများ ၂၃-၃-၂၀၁၂ ရက်နေ့မှာ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာတန်းကျေးရွာရှိ ဈေးကုန်းဗလီ၊ ဘာသာရေးစာသင်ကျောင်းနှင့် မွတ်စလင်မ်အိမ်ခြေ (၅၂)အိမ် ဗုဒ္ဒဘာသာ(၃)အိမ်ခန့် မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ရပါတယ်။

ယခုအခါမှာတော့ အကြမ်းဖက်မှုကြောင့် နေအိမ်များပျက်စီးဆုံးရှုံးသွားရတဲ့ ဒုက္ခသည်များကို ရွာတန်း အထက်တန်းကျောင်းမှာ ကယ်ဆယ်ရေးစခန်းဖွင့်ပြီး ယာယီနေထိုင်ဖို့ သက်ဆိုင်ရာက စီစဉ်ပေးထားပြီး ဒုက္ခသည်(၁၆၅)ဦးခန့်ရှိပါတယ်။ ရမည်းသင်းမြို့ပေါ်ရှိ အစ္စလာမ်ဘာသာရေးအဖွဲ့ဝင်များ၊ ရွာတန်းကျေးရွာရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဦးဆောင်လျှက် ရွာတန်းရှိ ဒုက္ခသည်များ စားဝတ်နေရေး အဆင်ပြေစေရန် လိုအပ်ချက်များစီစဉ်ပေးလျှက်ရှိကြောင်း၊ ရန်ကုန်၊ မန္တလေး၊ ပျော်ဘွယ်၊ တောင်ကြီး နှင့် အခြားမြို့များမှ စေတနာရှင်များ အသင်းအဖွဲ့များမှလည်း စေတနာထက်သန်စွာ လာရောက်လှူဒါန်းလျှက်ရှိကြောင်းလည်း သိရှိရပါတယ်။


--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.