[mrsorcerer:38011] Fwd: [လူဗိုလ်ဟူသည် ...] ၂၀၁၅ ခုနှစ်အလွန် အန်အယ်လ်ဒီနှင့် သမ္မတဇာတ်လမ်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/4/23
Subject: [လူဗိုလ်ဟူသည် ...] ၂၀၁၅ ခုနှစ်အလွန် အန်အယ်လ်ဒီနှင့် သမ္မတဇာတ်လမ်း
To: lubo601@gmail.com


by Myat Thi Ha (Notes) on Sunday, April 21, 2013 at 4:34am
၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် အန်အယ်လ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်အရာရှိများနှင့် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများအား တွေ့ရစဉ်

ဒေါက်တာရန်မျိုးသိမ်း

မည်သို့ပင်ဖြစ်စေ ၂၀၁၅ ခုနှစ် နောက်ပိုင်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တပ်မတော်နှင့် တိုင်းရင်းသားပါတီများအကြား ပိုမိုရင့် ကျက်သော၊ နားလည်မှုရှိသော၊ သူနိုင်ကိုယ်နိုင် အခင်းအကျင်းဆန်သော နိုင်ငံရေးအခင်းအကျင်းသစ် တစ်ရပ်ကို ဦးတည်လာနိုင်မည်ဟု...


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိလိမ့်မည်ဟုလည်းကောင်း အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး ယန္တရားများကို အများစု ထိန်းချုပ်လာနိုင်လိမ့်မည်ဟုလည်းကောင်း၊သုံးသပ်ပြောဆိုမှုများကို တွေ့နေရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတဖြစ်လိုကြောင်း နှုတ်ထွက်စကား အလွန်ကာလတွင် သူမအနေဖြင့် သမ္မတဖြစ်နိုင် မဖြစ်နိုင် မသေချာသော်လည်း အန်အယ်လ်ဒီပါတီမှ ခေါင်းဆောင် တစ်ဦးဦးသည် ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် သမ္မတ သို့မဟုတ် ဒုတိယသမ္မတဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲနိုင်သည့် အနေအထားတွင် ရှိနေသည်။ အကယ်စင်စစ် အန်အယ်လ်ဒီပါတီ၏ သမ္မတဇာတ်တော်ကြီးသည် ၂၀၁၅ ခုနှစ်အလွန် နိုင်ငံရေးပြကွက်တွင် ချော်လဲရောထိုင် မရောင်ရာဆီလူး အဆင့်လောက်သာ ခရီးပေါက်ခဲ့မည်ဆိုလျင် မြန်မာ့နိုင်ငံရေး၌ ရင်ကွဲနာကျရဖွယ် ရှိနေသည်ဟုလည်း သုံးသပ်မှုများ ရှိနေသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့သည် အဓိက ထိပ်တိုက်တွေ့မည့် ပါတီကြီးနှစ်ခု ဖြစ်သည်။ ပါတီကြီးနှစ်ခုသည် လွှတ်တော်အသီးသီး၌ ကိုယ်စားလှယ်အများစု အနိုင်ရရှိရေးကို ကျားကုတ် ကျားခဲ ကြိုးစားနေသည့် တစ်ချိန်တည်းတွင် ရွေးကောက်ပွဲ မဲဆွယ်ကာလ၊ မဲပေးသည့်ကာလနှင့် မဲရေတွက်သည့်ကာလ ထိုကာလသုံးပါးလုံးတွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ဘက်မလိုက်မှုတို့ကို ထိန်းသိမ်းနိုင်ရန် အထူးလိုအပ်သည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် မရိုးမအီရှိနေသော မဲလိမ်၊ မဲခိုး ဇာတ်လမ်းဆိုးများကလည်း ရိုးရာမပျက် ပြန်အသက်ဝင်လာနိုင်သည်ကို မမေ့မလျော့အပ်ဟု ဆော်သြလိုပါသည်။ နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၊ အဖွဲ့အစည်းများကို ကာလသုံးပါးစလုံး၌ ထိထိရောက်ရောက် လာရောက် လေ့လာခွင့်ပြုမည်ဆိုလျင် အတိုင်းထက်အလွန် ကျေနပ်ဖွယ်ဟု မှတ်ယူရမည်ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော် နှစ်ရပ်၌ ကိုယ်စားလှယ် ၁၃၀ ထက် လျော့နည်း အနိုင်ရရှိခဲ့ပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၆ ရာခိုင်နှုန်း ရရှိရေး မျော်မှန်းချက်နှင့် တက်တက်စင် လွဲခဲ့ပြီဟု သုံးသပ်ရ မည်ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်နှစ်ရပ်၌ ပြည်နယ်များမှ လွှတ်တော် ကိုယ်စားလှယ် ၂၀၇ ဦးနှင့် တိုင်းဒေသကြီးများမှ လွှတ်တော်ကိုယ်စားလှယ် ၂၉၁ ဦးတို့ကို ရွေးကောက်မည်ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တိုင်းဒေသကြီး ကိုယ်စားလှယ် ၂၉၁ ဦးကို ပိုမိုအလေးထားမည်ဖြစ်ပြီး တိုင်းဒေသကြီး မဲဆန္ဒနယ်များတွင် လွှတ်တော်ကိုယ်စားလှယ် ၁၃၀ ဦး အနိုင်ရရှိရန် ပြင်ဆင်ဆောင်ရွက်လာနိုင်ဖွယ် ရှိနေသည်။ အဆိုပါ လွှတ်တော်ကိုယ်စားလှယ် ၁၃၀ ဦးသည် ပြည်ခိုင်ဖြိုးပါတီအတွက် လွှတ်တော်အတွင်း အကောင်းဆုံး ခံစစ်ကြောင်းကို ပုံပေါ်စေမည်ဖြစ်သည်။
လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၁၃၀ ဦး မပြည့်ပါက လွှတ်တော်နှစ်ရပ်အတွင်း ပြည်ခိုင်ဖြိုးပါတီ၏ သြဇာရှိမှုကို များစွာလျော့ပါးသွားစေလိမ့်မည်ဟု အကဲခတ်များက သုံးသပ်ကြသည်။

အကယ်၍ ပြည်ခိုင်ဖြိုးပါတီသည် ပြည်ထောင်စုလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ၁၃၀ နေရာ အပြည့်အနိုင်ရရှိမှု မရှိပါက တိုင်းရင်းသားလူမျိုးစုနိုင်ငံရေးပါတီများ၏ လွှတ်တော်တွင်း နိုင်ငံရေးအခန်းကဏ္ဍသည် ပိုမိုအရေးပါလာမည်မှာ မုချဖြစ်သည်။ ထို့အတူ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးတို့၏ သြဇာအရှိန်အ၀ါသည်လည်း တစ်ရှိန်ထိုး တိုးတက်လာဖွယ်ရှိနေသည်။ တစ်ချိန်တည်းတွင် လွှတ်တော်နှစ်ရပ်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကိုယ်စားလှယ်များက အများစုနေရာကို အနိုင်ရရှိထားခဲ့မည်ဆိုလျင် ပြည်ခိုင်ဖြိုးပါတီအတွက် ပိုမိုခက်ခဲ ကျပ်တည်းစေမည် ဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။
ပြည်ခိုင်ဖြိုးပါတီသည် လွှတ်တော်ကိုယ်စားလှယ် ၁၃၀ ဦး မပြည့်သဖြင့် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၆ ရာခိုင်နှုန်း ရည်မှန်းချက်ကို အကောင်အထည် မဖော်နိုင်လျင် လိုအပ်သော ကိုယ်စားလှယ်အရေအတွက်ကို မည်သို့ ဖြည့်တင်းနိုင်မည်ကို စဉ်းစားလာမည်ဖြစ်သည်။

ထိုအခြေအနေကို ပြည်ခိုင်ဖြိုးပါတီအနေဖြင့်လည်း ကြိုတင်တွက်ဆပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားလိမ့်မည်ဟု ထင်မြင်မိသည်။ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တိုင်းရင်းသားလူမျိုးစု ပါတီများနှင့် ပူးပေါင်းလျက် ပြည်ထောင်စုလွှတ်တော်တွင် အန်အယ်လ်ဒီပါတီကို ရင်ဆိုင်ရန် လိုအပ်နေသော ကိုယ်စားလှယ်အရေအတွက်ကို ဖြည့်တင်းရေးသည် အကောင်းဆုံးနည်းလမ်း ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု အကဲခတ်များက သုံးသပ်ကြသည်။ ထို့ကြောင့် ယခုအချိန်ကတည်းကစ၍ ပြည်ခိုင်ဖြိုးပါတီသည် တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများနှင့် ဆက်ဆံရေးကောင်းမွန်လာရေးကို မဟာဗျူဟာမြောက် တည်ဆောက်လာနိုင်သည်။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဆက်ဆံရေး အဖုအထစ်များ ရှိနေသည့် ရခိုင်နှင့်ရှမ်းတိုင်းရင်းသား ပါတီများကို ဦးစားပေး ချဉ်းကပ်စည်းရုံးပြီးမဟာမိတ်အသွင် ဆက်ဆံရေး ထူထောင်လာနိုင်သည်ဟုလည်း ကောက်ချက်ပြုနိုင်သည်။

မည်သို့ပင်ဖြစ်စေ ၂၀၁၅ ခုနှစ် နောက်ပိုင်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တပ်မတော်နှင့် တိုင်းရင်းသားပါတီများအကြား ပိုမိုရင့်ကျက်သော၊ နားလည်မှုရှိသော၊ သူနိုင်ကိုယ်နိုင် အခင်းအကျင်းဆန်သော နိုင်ငံရေးအခင်းအကျင်းသစ်တစ်ရပ်ကို ဦးတည်လာနိုင်မည်ဟု...

ထို့အပြင် ပြည်ခိုင်ဖြိုးပါတီသည် အန်အယ်လ်ဒီပါတီနှင့် ကင်းကွာနေသော အခြားပါတီများ မဟာမိတ်အဖွဲ့များနှင့် မဟာဗျူဟာမြောက် မဟာမိတ်အသွင် ဆက်ဆံရေးကိုလည်း ၂၀၁၃ ခုနှစ် ဒုတိယနှစ်ဝက်ပိုင်းတွင် အရှိန်အဟုန်မြှင့် တည်ဆောက်လာနိုင်ဖွယ်ရှိသည်ဟု မှတ်ချက်ပြုနိုင်သည်။ တစ်နည်းအားဖြင့် ပြည်ခိုင်ဖြိုးပါတီသည် အန်အယ်လ်ဒီပါတီနှင့် မဟာမိတ်မဟုတ်သော နိုင်ငံရေးပါတီများနှင့် မဟာမိတ်အသွင် ဆက်ဆံရေးပုံဖော်မှုကို ခြေလှမ်းသွက်သွက် ဆောင်ရွက်လာနိုင်ဖွယ် ရှိနေသည်မှာလည်း အသေအချာဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ၂၀၁၅ ခုနှစ် အလွန် လွှတ်တော်အခင်းအကျင်းအတွက် ထိရောက်၊ စနစ်ကျသော မဟာမိတ်မူဝါဒကို ရေးဆွဲချမှတ် အကောင်အထည် ဖော်လာနိုင်ဖွယ်ရှိသည်ဟုလည်း အကဲခတ်များက သုံးသပ်ကြသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တိုင်းရင်းသားပါတီများ အန်အယ်လ်ဒီ မဟုတ်သော အခြားနိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များကို လိုက်လံ ကောက်သင်းကောက်သော်ငြားလည်း လွှတ်တော်ကိုယ်စားလှယ် ၁၃၀ ဦး မပြည့်ပါက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်း တင်သွင်းသူသည်လည်းကောင်း၊ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်များသည်လည်းကောင်း၊ နောက်တက်မည့် သမ္မတသစ်ဖြစ်ရန် အလွန်ခဲယဉ်းမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အုပ်ချုပ်ရေး အာဏာအားလုံးနီးနီးကို နိုင်ငံတော်သမ္မတထံတွင် အပ်နှင်းထားသည့်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ကိုလည်း သမ္မတမှ ဦးဆောင်ဖွဲ့စည်းသည့်အလျောက် အန်အယ်လ်ဒီပါတီမှ ကိုယ်စားလှယ်တစ်ဦးဦး သမ္မတဖြစ်လာမည်ကို ပြည်ခိုင်ဖြိုးပါတီအနေဖြင့် စိုးရိမ်မည်မှာ အသေအချာဖြစ်သည်။

အကယ်၍ ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲ အလွန်ကာလတွင် အန်အယ်လ်ဒီပါတီသည် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီဆိုလျင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အခန်းကဏ္ဍသည် ယခုထက် ပေါ်ပေါ်ထင်ထင် မြင့်တက် အရေးပါလာဖွယ် ရှိနိုင်သည်ဟု ကောက်ချက်ပြုနိုင်သည်။ ၂၀၁၅ ခုနှစ်အလွန် နိုင်ငံတော်သမ္မတသည် အန်အယ်လ်ဒီပါတီမှ ရွေးချယ်သူ တစ်ဦးဦးဖြစ်လာပါက နိုင်ငံတော်သမ္မတ၏ လုပ်ကိုင်ဆောင်ရွက်မှုများကို နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ၊ ပြန်လည်ထိန်းညှိလာနိုင်ဖွယ် ရှိနေသည်ဟု အကဲခတ်များက သုံးသပ်ကြသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် (၁၁) ဦးပါ ၀င်သော်လည်း အဖွဲ့ဝင်ခြောက်ဦးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်း တင်သွင်းသူများဖြစ်သဖြင့် တပ်မတော်ကိုယ်စားလှယ်များက ကောင်စီတွင် အမြဲတမ်း အသာစီးရနေမည်မှာ ငြင်းမရသော အချက်ဖြစ်နေသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို တပ်မတော်အကြီးအကဲများက အများစုနေရာရရှိထားသဖြင့် ထိန်းချုပ်ထား နိုင်သည့် အသွင်ဆောင်နေသည်ဟုလည်း မှတ်ချက်ပြုကြသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ပြည်ခိုင်ဖြိုးပါတီနှင့် အန်အယ်လ်ဒီပါတီ၏ ဆက်ဆံရေးနှင့် အန်အယ်လ်ဒီပါတီနှင့် တပ်မတော်ဆက်ဆံရေးတို့ကို မျက်စိဒေါက်ထောက် ခရေစေ့တွင်းကျ လေ့လာစောင့်ကြည့်ရန် လိုအပ်သည်။ ပြည်ခိုင်ဖြိုးပါတီသည် အန်အယ်လ်ဒီပါတီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဆက်ဆံရေးကို အရှိန်အဟုန်မြှင့်နေခြင်းကို ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်းခေါင်းဆောင်သုံးဦး၏ အန်အယ်လ်ဒီပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ တက်ရောက်ခဲ့ခြင်းက အတည်ပြုခဲ့သည်။
လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီနှင့် အန်အယ်လ်ဒီပါတီတို့အကြား ဆက်ဆံရေးကို မှန်းဆရန်ခဲယဉ်းသည်ဟုလည်း သုံးသပ်မှုအချို့ ရှိနေသည်။

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား လူကြီးလူကောင်း သဘောတူညီချက်တစ်ရပ်ရပ် ရှိနိုင်သည်ဟု အချို့က မှန်းဆကြသည်။ ကြားဖြတ်ရွေးကောက်ပွဲအလွန် ကာလများအတွင်း အန်အယ်လ်ဒီပါတီနှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် ပြည်ခိုင်ဖြိုးပါတီ အစိုးရနှင့် ဆက်ဆံရာတွင် ပလူးပလဲနိုင်လွန်း သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။ထို့အတူ လာမည့် ရွေးကောက်ပွဲမတိုင်မီ ပြည်ခိုင်ဖြိုးပါတီနှင့် အန်အယ်လ်ဒီပါတီတို့အကြား အလုပ်သဘော မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုများ ရုပ်လုံးပေါ်လာနိုင်သည်ဟု မှတ်ချက်ပြုကြသည်။ တစ်နည်းအားဖြင့် အန်အယ်လ်ဒီပါတီသည် ပြည်ခိုင်ဖြိုးပါတီနှင့် မဟာမိတ် တည်ဆောက်ဗျူဟာမြောက်သော လမ်းကို လျောက်လာနိုင်သည့် အလားအလာကလည်း အားကောင်းနေသည်။

လာမည့် နှစ်များအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအကြား မဟာဗျူဟာမြောက် မဟာမိတ်အသွင် ဆက်ဆံရေးများ ဖြစ်ပေါ်လာရန် အလားအလာ ကောင်းနေသည်ဟု အကဲခတ်အချို့က သုံးသပ်ကြသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီကာလကတည်းက အန်အယ်လ်ဒီပါတီနှင့် ပြည်ခိုင်ဖြိုးပါတီ တို့သည် ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းအတွက် အသေးစိတ်ညှိနှိုင်းမှုများ ဆွေးနွေးမှုများပြုလုပ်ပြီး အပြန်အလှန်သဘော သူနိုင် ကိုယ်နိုင်သဘော ဆောင်သော နားလည်မှုတစ်ခုကို အနိမ့်ဆုံး ပြင်ဆင်ထားနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။ နှစ်ပါတီအကြား နဖူးတွေ့ ဒူးတွေ့ဆွေးနွေးပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်သတ်မှတ်ရာတွင် ပါတီကြီးနှစ်ခုအကြား အပြုသဘော ညှိနှိုင်းသတ်မှတ် ရွေးချယ်သည်အထိ
ခြေလှမ်းကျယ်လာနိုင်ကိုလည်း ငြင်းဆန်နိုင်ရန် ခဲယဉ်းသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံရေးပါတီများ၏ စည်းရုံးလှုပ်ရှားမှုများသည် ပွင့်လင်းမြင်သာနိုင်ရန်နှင့် ပြည်သူ လူထုကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ချပြနိုင်ရန်လည်း အထူးလိုအပ်ကြောင်း ထောက်ပြလိုပါသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန်တွင် အန်အယ်လ်ဒီပါတီမှ သမ္မတဖြစ်လာမည်ဆိုလျင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခြင်းကို နှိုင်းယှဉ်သုံးသပ်ချက်အရ ပိုမိုသဘောတွေ့မည် ဖြစ်သည့်အလျောက်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုသည် သမ္မတ၏ အရည်အချင်းများကို ဖော်ပြသည့် ပုဒ်မဖြစ်လိမ့်မည်ဟုလည်း ထင်ကြေးပေး သုံးသပ်မှုများ ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလျင် နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ပိုမိုသဘောကျ လက်ခံလာမည်ဖြစ်သည့်အပြင် သူမ၏ တပ်မတော်နှင့် ဆက်ဆံရေးကောင်းမွန်လိုမှုကို အကြောင်းပြုလျက် တပ်မတော်ထိပ်တန်း အရာရှိကြီးများကို ကာကွယ်ရေးဦးစီးချုပ်၏ ခွင့်ပြုချက်ဖြင့် သူမဦးဆောင်ဖွဲ့စည်းမည့် အစိုးရအဖွဲ့တွင် ထည့်သွင်းလာနိုင်သည်ဟုလည်း ခန့်မှန်းတွက်ချက်ကြသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအဖွဲ့သစ် ဖွဲ့စည်းသည့် လမ်းကြောင်းပေါ် ရောက်ရှိခဲ့လျင် အဆိုပါအစိုးရအဖွဲ့သည် ပြည်ခိုင်ဖြိုးပါတီသာမက အခြားတိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များပါ ပါဝင်သည့် ညွှန့်ပေါင်းအစိုးရ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟုလည်း အကဲခတ်များက မှတ်ချက်ပြုကြသည်။

အချုပ်အားဖြင့်ဆိုသော် လာမည့်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် ၁၃၀ ဦး အနိုင်ရရှိရေးကို ရည်မှန်းချက်ထား ဆောင်ရွက်ပြီး နိုင်ငံရေးခံစစ်ကွင်းကို ပြင်မည်ဖြစ်ပြီး ကိုယ်စားလှယ် ၁၃၀ ထက် လျော့ကျနိုင်မည့် အနေအထားအတွက် တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများနှင့် မဟာဗျူဟာဆက်ဆံရေးကို ရွေးကောက်ပွဲ အကြိုကာလအတွင်း ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်ဖို့ ခဲယဉ်းနေသည့် ကာလတွင် အန်အယ်လ်ဒီပါတီသည် သမ္မတနှင့် ဒုတိယသမ္မတနေရာများ၌ အနိုင်ရရှိခဲ့ပါက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ၂၀၁၅ ခုနှစ် အလွန် အာဏာသုံးရပ် စီမံခန့်ခွဲမှုတွင် ပိုမိုအရေးပါလာမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ၂၀၁၅ ခုနှစ် နောက်ပိုင်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တပ်မတော်နှင့် တိုင်းရင်းသားပါတီများအကြား ပိုမိုရင့်ကျက်သော၊ နားလည်မှုရှိသော၊ သူနိုင်ကိုယ်နိုင် အခင်းအကျင်းဆန်သော နိုင်ငံရေးအခင်းအကျင်းသစ်တစ်ရပ်ကို ဦးတည်လာနိုင်မည်ဟု မျှော်လင့်မိပါသည်။

Eleven Media Group


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/24/2013 10:58:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.