သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


သန်းခေါင်စာရင်းကိစ္စ ဦးသိန်းဇော် သျှမ်း/အရှေ့ ရောက်

Posted: 10 May 2013 04:01 AM PDT

အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဝင် ဦးသိန်းဇော်နှင့်အဖွဲ့ ယမန်နေ့က သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ရောက်ရှိခဲ့ရာ သန်းခေါင်စာရင်းကောက်ယူရေးကိစ္စဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
U Thein Zawပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဝင် ဦးသိန်းဇော် (ဓါတ်ပုံ- အင်တာနက်)

" ဦးသိန်းဇော်ဦးဆောင်တဲ့ ၁၁ ယောက်ပါအဖွဲ့ ဟက်စကီးနဲ့ မိုင်းလားကို မနေ့က မွန်းတည့်ချိန်မှာရောက်တယ်။ မွန်းလွဲ ၂ နာရီမှာ ကျိုင်းတုံကိုပြန်သွားတယ်။ သန်းခေါင်စာရင်းကောက်မယ့်အကြောင်းဆွေးနွေးသွားတယ်။ ကျနော်တို့ဘက်ကလဲ စုဆောင်းထားတဲ့စာရင်းတွေပေးလိုက်တယ်" ဟု မိုင်းလား တပ်ဖွဲ့ဝင် တဦးကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ဒုဥက္ကဌ ဦးသိန်းဇော်နှင့်အဖွဲ့သည် မိုင်းလားခေါင်းဆောင်ကြီးများနှင့် ၂၀၁၄ သန်းခေါင် စာရင်း ကောက်ယူရေးကိစ္စအပြင် မိုင်းလားဒေသ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စကိုပါဆွေးနွေးခဲ့ကြောင်း၊ ယမန်နေ့ညက ကျိုင်းတုံမြို့၌ ပြန်အိပ်ပြီး ယနေ့တွင်လည်း ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် မြို့တော်ပန်ဆန်းသို့ ထပ်မံသွား ရောက်ဆွေးနွေး မည်ဖြစ် ကြောင်း ကြားသိရသည်။

မြန်မာစစ်တပ်၏ လက်နက်ကြီးကျည် ထိမှန် တရုတ်နိုင်ငံသား ကလေးငယ် နှစ်ဦး ဒဏ်ရာရ

Posted: 10 May 2013 04:01 AM PDT

ယမန်နေ့နံနက်ပိုင်းက RCSS/SSA နှင့် မြန်မာအစိုးရစစ်တပ်တို့ ဖြစ်ပွားသည့် တိုက်ပွဲတွင် မြန်မာအစိုးရ စစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ တရုတ်နိုင်ငံအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ တရုတ်နယ်စပ် ဒေသခံ ကလေးငယ် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရပ်ကွက် အဆိုအရ သိရသည် ။
chinaတရုတ်ဘက်ခြမ်း နောင်တောင်းရွာတွင် မြန်မာစစ်တပ်၏ လက်နက်ကြီးကျသည့်နေရာ

RCSS/SSA အမှတ် 701 စစ်ဒေသ အခြေစိုက်ရာ နောင်မရွာနှင့် ကပ်နေသည့် တရုတ်ဘက်ခြမ်း နောင်တောင်းရွာ အ တွင်းသို့ အစိုးရတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ၆ လုံးခန့် ကျရောက် ပေါက်ကွဲခဲ့ပြီး ၄င်းရွာသား ၁ နှစ်နှင့် ၅ နှစ် အရွယ် ကလေးငယ်နှစ်ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း နောင်တောင်းဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"တရုတ်ဘက်ခြမ်းက နောင်တောင်းမြို့နယ်ထဲမှာပဲ။ အခုလက်နက်ကြီးကျတဲ့နေရာက နောင်တောင်း ရွာပေါ့။  အဲဒီနောင်မ ရွာရဲ့အနောက်ခြမ်း နည်းနည်းပဲခြားထားတယ်။ ရွာဘုန်းကြီးကျောင်းနားမှာ တစ်လုံးကျတယ်။ ၁နှစ် သားအရွယ် ကလေး တစ်ဦးနဲ့ ၅ နှစ်သားအရွယ် ကလေးတစ်ဦး ဒဏ်ရာရတယ်။ သူတို့ကိုတော့ နောင်ငိမ့်ဆေးရုံမှာ တင်ထားတယ်လို့ သိရတယ် " ဟု ၄င်းဒေသခံက ဆိုသည် ။

ယမန်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားသည့်တိုက်ပွဲများ ညပိုင်းအထိ ဆက်လက် ဖြစ်ပွားခဲ့ပြီး  အစိုးရတပ်များက RCSS / SSA အမှတ် 701 အခြေစိုက်ရာ နောင်မအား သိမ်းပိုက်ကာ နောင်မနှင့် နောင်ခမ်းရွာများတွင် ယနေ့အထိ တပ်စွဲထားဆဲ ဖြစ်ကြောင်း သိရသည် ။

နှစ်ဘက်တိုက်ပွဲများအတွင်း အစိုးရတပ်ဘက်မှ ကျဆုံးသူ ၁၀ ဦးကျော်နှင့် ဒဏ်ရာရသူ ၂၀ ခန့်ရှိပြီး RCSS /SSA ဘက် မှ တစ်ဦးကျ ၊ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဆိုသည် ။
bombနောင်တောင်းရွာတွင်တွေ့ရသော လက်နက်ကြီးကျည်စ

အစိုးရတပ်ဘက်မှ ဒဏ်ရာရသူများ အထဲတွင် အရာရှိများလည်းပါဝင်ကြောင်း သူက ပြောရာတွင် -"နမ့်ခမ်းဆေးရုံကို တော့ စောစောပိုင်းက ၁၁ ယောက်ရောက်လာတယ်လို့ ကြားတယ်။ အဲဒီအထဲက အနည်းအကျဉ်းထိတဲ့ လူတွေ ပြန်ဆင်း တာ ရောဆို အခု ၄ ယောက်ကျန်တယ်။ အဲဒီအထဲမှာ ၆၈ က ကပ္ပတိန်ပါတယ်။ မူဆယ်ဆေးရုံမှာက ၇ ယောက်ရောက် လာတာ ၄၅ တပ်က ဗိုလ်မှူးတစ်ဦးပါတယ် ။ ဒီဗိုလ်မှူးကတော့ ဒဏ်ရာအတော်ပြင်းတယ် " ဟု သူက ဆိုသည် ။

ယခုအခါ နှစ်ဘက်တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ဒေသခံများ စစ်ဘေးလွတ်ကင်းရာသို့ ရွာလုံးကျွတ် တိမ်းရှောင်မှုများ ရှိနေကြောင်း၊ နောက်ထပ်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သိရသည် ။

စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ အစိုးရအပေါ်အဓိကမူတည်နေ RCSS ပြော (ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးလောင်ဝ်ဆိုင်နှင့် ဆက်သွယ်မေးမြန်းချက်)

Posted: 10 May 2013 04:00 AM PDT

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အမှတ် ၇၀၁ စစ်ဒေသအခြေစိုက်ရာ နောင်မရွာကို ယမန်နေ့က အစိုးရတပ်မတော် စကခ ၁၆ က အင်အား ၅၀၀ ဝန်းကျင်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အစိုးရဘက်က လက် နက်ကြီးနဲ့မပြတ် ပစ်ခတ်လို့ ရွာမီး လောင်မှာကိုစိုးရိမ်ပြီး စခန်းကနေ စွန့်ခွါခဲ့ရတယ်လို့ RCSS ရဲ့စစ် ဒေသမှူးကပြောပါတယ်။ ပြည်ထောင်စုအဆင့်ငြိမ်းချမ်း ရေးတည်ဆောက်နေတယ်ဆိုပေမယ့် တဖက်က လည်း အပစ်မရပ်နိုင်သေးတာ ဘာကြောင့်လဲ။ ဒီတိုင်းဆက်သွားနေရင် နိုင်ငံရေးဆွေးနွေးဖို့ဘယ် အခြေအနေရှိနေလဲ။ RCSS/SSA ရဲ့အမြင်ကိုသိရအောင်လို့ ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးလောင်ဝ်ဆိုင် ကို သျှမ်းသံတော်ဆင့်က မေးမြန်းထားပါတယ်။
YS AMအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင်နှင့် RCSS/SSA ခေါင်းဆောင် တို့ ကျိုင်းတုံမြို့၌ တွေ့ဆုံကြစဉ်

မေး။    ။ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အမှတ် ၇၀၁ စစ်ဒေသဘက်က တိုက်ပွဲပြီးဆုံးသွားပြီ လား။
ဖြေ။    ။ မနေ့က မွန်းလွဲပိုင်း ၃ နာရီလောက်မှာ ကျနော်တို့စခန်းကနေ ဆုတ်ပေးလိုက်ရပါတယ်။ သေနတ်သံတော့မငြိမ်သေးဘူး။

မေး။    ။ ဘာကြောင့် ဒီအခြေအနေအထိ ဖြစ်ရသလဲခင်ဗျ။
ဖြေ။    ။ အခုတိုက်ပွဲက - အပစ်ရပ်ကတည်းက ကျနော်တို့ကို ဒီနေရာမှာ မနေစေချင်ဘူးလေ။ တရုတ်နယ်စပ်မှာဖြစ်တဲ့ အတွက်ရယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို ကျနော်တို့ တစိုက်မတ်မတ်လုပ်နေတဲ့အတွက်ကြောင့်ရယ်၊ ဂက်စ်ပိုက်လိုင်းလမ်းနဲ့နီးတဲ့အတွက်ကြောင့်ရယ်ပေါ့။ ကျနော်တို့ကို အစ ကတည်းက ရွှေ့ခိုင်းတယ်။ အရင်ကတည်း ကျနော်တို့ နေလာခဲ့တာဖြစ်တဲ့အတွက် ကျနော်တို့ကလဲ မရွှေ့ဘူး။ နောက်ပိုင်း ကျနော်တို့ မခွါ ခွါအောင် သူတို့လုပ်တော့ တာ ဘဲ။ ကျနော်တို့ မူးယစ်ဆေးဝါး တိုက်ဖျက်နေတာ၊ တရုတ်အာဏာပိုင်တွေနဲ့ လက်တွဲပြီးလုပ်နေတာကို သူတို့ မျက်စိဆံပင်မွှေးစူးနေတာလေ။ ဒါကြောင့် ကျနော်တို့ကို အဲဒီမှာပေးမနေချင်ဘူး။

ကျနော်တို့ကို တနစ်တကျ စီမံကိန်းချပြီးလာတိုက်နေတဲ့အပေါ်ကြည့်ရင် မြန်မာစစ်တပ်ဟာ  ငြိမ်းချမ်းရေးကို အလေးမထား ဘူး။ ငြိမ်းချမ်းရေးပျက်ချင်ပျက်ပါစေ။ တရုတ်နယ်စပ်ကိုတော့ သူတို့ မရအရ တိုက်ယူမှာဘဲဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်နေ တာဖြစ်တယ် ဆိုတာ ပွင့်ပွင့်လင်းလင်းမြင်နေရပါတယ်။ ကျနော်တို့အနေနဲ့တော့ အပစ်ရပ်ထားတဲ့အဖွဲ့အားလုံးအပေါ် ဆိုးကျိုးမသက်ရောက်အောင် သတိနဲ့ လုပ်နေပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့လဲ တိုင်ပင်နေပါတယ်။ ရှေ့ဆက်ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာပေါ့။  တကယ်လို့ အခြေအနေက ကျနော်တို့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ရည်မှန်းချက်က အောင်မြင်မယ့်လမ်းမရှိရင်၊ တကယ်လို့ အစိုးရနဲ့  စစ်တပ်နဲ့ပေါင်းပြီး ကျနော်တို့တိုင်းရင်းသားတွေကို ဆက်လက်ဖိအားပေးမယ့် အနေအထားတွေ့နေရမယ်ဆိုရင်တော့ အစိုးရကြိုးစားတည်ဆော်ကနေတဲ့ ငြိမ်းချမ်းရေးဟာ အောင်မြင်မယ့်လမ်းမတွေ့ရဘူး။

မေး။    ။ ဦးအောင်မင်းက တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့တိုင်းမှာ -  တိုင်းရင်းသားတွေဆီက ယူဖို့မဟုတ်ပါဘူး။ ပေးဖို့အတွက်အခုလိုတွေ့ဆုံရတာပါလို့ပြောပါတယ်။ ဆိုတော့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ကာလ အထိ RCSS/SSA အနေနဲ့ အစိုးရဆီက ဘာတွေကိုရခဲ့ပြီး ဘာတွေကိုပေးခဲ့ရသလဲ။

ဖြေ။    ။  အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ဖို့အစိုးရကကမ်းလှမ်းလာစဉ် ၂၀၁၁ ကတည်းကနေ အခုချိန်အထိ ဦးအောင်မင်းပြောတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် အချက် ၄ ချက်ဖြစ်တဲ့ ၁- အပစ်ရပ်ရေး ၂- နယ်မြေဖွံ့ဖြိုးရေး ၃- နိုင်ငံရေးဆွေးနွေးချက် ၄- ငြိမ်းချမ်းရေးထာဝရတည်ဆောက်ရေး ဆိုတဲ့အချက် ၄ ချက်ထဲမှာ အကောင် အထည်ဖော်နိုင် တာ တချက်မှမရှိဘူး။ အပစ်ရပ်ရေးဆိုတဲ့အလွယ်ဆုံးအချက်တောင်မှ တွေ့တဲ့နေရာမှာ အခုထိ ချနေကြ တုန်း  ပါ ဘဲ။  နယ်မြေဖွံ့ဖြိုးရေးအတွက်ဆိုတာကလဲ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိတဲ့အပြင် စီးပွါးရေးလုပ်ငန်းရှင်တွေက ကျနော်တို့ သျှမ်းပြည်ထဲမှာရှိတဲ့ မြေပေါ်မြေအောက်သဘာဝ သယံဇာတတွေကို ကိုယ်ကျိုးစီးပွါးအတွက် ခုတ်ဖြတ်တူးဖော် ယူနေကြတယ်။ အစိုးရဆီမှာအခွန်ဆောင်ပြီး လုပ်နေကြတာလေ။ ဒါဆိုရင် ဦးအောင်မင်းပြောသလို အစိုးရဆီက ကျနော်တို့ ရလိုက်တာ - မဟုတ်ဘူးလေ။ အစိုးရကို ကျနော်တို့ကဘဲ ပေးနေရတယ်လေ။

မေး။    ။ နိုင်ငံရေးဆွေးနွေးရေးအတွက်ကကော။

ဖြေ။    ။ နိုင်ငံရေးဆွေးနွေးရေးအတွက်လည်း လမ်းတောင်မမြင်သေးဘူး။ ဘဲဥအစ ရှာမရဆိုသလိုဘဲ။  အာဆီယံဥက္ကဌဖြစ်ဖို့ အစိုးရက ကြိုးစားပြနေတာဘဲဖြစ်တယ်။ ကျနော်တို့ယုံရင် အစိုးရဆွဲတဲ့အကွက်ထဲ ဝင်သွား လိမ့်မယ်။ ၂၀၁၅ ရွေးကောက်ပွဲပြီးမှ ဆက်ဆွေးနွေးမယ် လို့ထပ်ပြောလာရင် အကောင်အထည်ဖော်ဖို့ ပိုပြီးတော့တောင်ခက်သွားမယ်။   တခြားတိုင်းရင်းသားတွေလဲ ကျနော်တို့လိုမြင်ရတယ်လို့ ယုံကြည်တယ်။ ဒါကြောင့် ဦးအောင်မင်းဆီကဘဲ ဖြစ်ဖြစ် အစိုးရဆီကဘဲဖြစ်ဖြစ် ကျနော်တို့ ဘာမှမရသေးပါဘူး။

မေး။    ။ အဲလိုဆိုရင် ဘယ်လိုဖြေရှင်းမလဲ။

ဖြေ။    ။ ကျနော်တို့ တိုင်းရင်းသားတွေဟာ စစ်ဆိုတာကြီးကိုခါးခါးသီးသီးမုန်းနေကြပြီ။ နှစ်ပေါင်း ၆၀ ကြာအောင်ခံနေရတဲ့ အတိတ်ခါးတွေကိုစွန့်လွတ်ချင်ပြီ။ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်ချင်ပြီ။ တခြား သော တိုင်းရင်းသားတွေလဲ ကျနော်တို့ကဲ့သို့ခံစားနေရတယ်လို့ ထင်ပါတယ်။ သို့ပေမယ့် ကျနော်တို့ တိုင်းရင်းသားတွေ ဘက်ကဘဲ ငြိမ်းချမ်းရေးကို တည်ဆောက်ချင်နေရုံနဲ့ မပြီးသေးပါဘူး။ အစိုးရက ငြိမ်းချမ်းရေးတကယ်လုပ်ဖို့ စေတနာမရှိရင်  အောင်မြင်မှုရှိမှာမဟုတ် ဘူး။ ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် အစိုးရအပေါ်မှာ အဓိက မူတည်နေပါတယ် လို့ပြောရတာဖြစ်ပါတယ်။

ဧပြီလနှောင်းပိုင်းက ရပ်ရွာထဲမှာ ဓါတ်ပုံ၊ ပစ္စည်းလှည့်ရောင်းနေတဲ့ ဗမာအမျိုးသား ၄ ဦးပျောက်ဆုံးမှုဟာ သျှမ်းပြည်တပ်မ တော်ရဲ့လက်ချက်လို့ မြန်မာစစ်တပ်ကစွပ်စွဲပြီး သူတို့ကိုပြန်လည်အပ်ပေးဖို့ တောင်းလာခဲ့ပါတယ်။ သျှမ်းပြည်တပ်မ တော် က မဖမ်းထားရကြောင်းပြန်လည်အကြောင်းကြားပြီးနောက် စခန်းကိုရှာဖွေဖို့ မြန်မာစစ်တပ်က တောင်းဆိုလာပြီး RCSS ရဲ့တင်းခါးစခန်းကို မေလ ၃ ရက်က မီးရှို့သိမ်းပိုက်လိုက်ပါတယ်။ အဲဒီအချိန်ကစပြီး မြန်မာစစ်တပ်ဟာ အင်အား ဖြည့်တင်း ပြီး တိုက်ခိုက်တာကြောင့် မေလ ၉ ရက်နေ့က သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မ တော်ရဲ့ အမှတ် ၇၀၁ စစ်ဒေသ အခြေချရာ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မရွာကိုဝင်ရောက် သိမ်းပိုက်ခဲ့တာဖြစ်ပါ တယ်။

“၀” ထောင်သောမိုင်းကြောင့် နယ်စပ်တွင် တုန်လှုပ်ခြောက်ခြား

Posted: 10 May 2013 03:59 AM PDT

သျှမ်းပြည်နယ် မိုင်းတုံမြို့နယ် နှင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်  နယ်စပ်တွင် သင်္ကြန်ကတည်းက မြေမြုပ်မိုင်း များ ဆက်တိုက်ပေါက် ကွဲ လာသည်မှာ   ကလေးအပါအဝင် အနည်းဆုံးလူ ၉ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြသည် ဟု ဒေသတွင်း သတင်း ရပ်ကွက်က ဆိုပါသည်။
ပျက်စီးမှုတွင် နွားများ အပြင် အခြားအိမ်မွေးတိရိစ္ဆာန်များလည်းပါဝင်ကြောင်း ထိုင်း လုံခြုံရေးအရာရှိတစ်ဦးက ယနေ့မနက်တွင် ပြောကြား ခဲ့သည်။

mongton
"မိုင်းတွေကို "၀"ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ရဲ့ ထိုင်း - မြန်မာနယ်စပ် အခြေစိုက် ၁၇၁ စစ်ဒေသ က ထောင်တာ။   ထိုင်းမှာ မူးယစ်ဆေး ဖမ်းမိတိုင်း ၀ ကိုဘဲလက် ညှိုးထိုးကြလို့မူးယစ်ဆေးနဲ့ ပတ်သတ်လာယင် "၀"  ဂုဏ် သတင်း တွေကို ထိန်းသိမ်းကာ ကွယ်ဖို့လို့ ၀ ဘက်က ပြောပါတယ်။  ဒါ့အပြင် ၀ နဲ့ ဗမာ့တပ်မတော်ကြားက တင်းမာမှုက လည်း နောက် အကြောင်းအရင်းတစ်ခုလို့ ကျနော်တို့ထင်တယ် "  ဟု ၎င်းကဆက်၍ ပြောသည်။

နှစ်ဖက် ဆက်ဆံရေးတင်းမာလာသည်မှာ UWSA ၏ မြောက်ပိုင်း မှ မဟာမိတ် များဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မ တော် (KIA) ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့နှင့် ဗမာ့တပ် မတော် တို့ တိုက်ပွဲများစတင် ပြင်းထန် လာကတည်းက ဖြစ်သည်။

မိုင်းတုံမြို့နယ်တွင် ဗမာ့တပ်မတော်သည် ယခုလဆန်းအတွင်းထူးခြားသောလှုပ်ရှားမှုများကိုစတင်လာပြီဟု ဒေသခံများက ဆိုသည်။

-ယခင်က ရုပ်သိမ်းသွားသည့် လက်နက်ကြီးများကို UWSA ထိန်းချုပ်နယ်မြေ မိုင်းကျွတ်မြို့ လွယ်ခီလိတ်တောင်သို့ ပြန်လည် ပို့ထားခြင်း
-ကျေးလက်အတွင်း တိုက်ကင်းလှည့်လည်ခြင်းများ ပြန်လည် ပြုလုပ်လာခြင်း  နှင့်
-အနီးအနားမြို့နယ်များရှိ တပ်များလည်း အင်အားဖြည့်တင်းခြင်း  တို့ဖြစ်ကြသည်။

UWSA  မှ မိုင်းတုံမြို့နယ်အတွင်း မှီတင်းနေထိုင်သူတို့အား ထိုင်းသို့ သွားသော် -

- BP1 ဟုလူသိများသည့် မိုင်းတုံ - ပုံပါကျင် - နောင်အွတ် (အရူနိုးထိုင်း) လမ်းကြောင်း  နှင့်
-မိုင်းတုံ - နားကောင်းမူး - တာကွမ် - ခေါက်ဝိုး - ဟွေပါခီး - နောလဲ - ဖှန် လမ်းကြောင်း  လမ်းကြောင်း၂ ခု ကိုသာအသုံးပြုရန် သတိပေး ခဲ့ကြောင်း  ချင်းမိုင်မြို့ နှင့် ကီလိုမီတာ ၁၆၀ ခန့်ဝေးသော ဖှန်မြို့နေ ဒုက္ခသည်ကူညီပေးနေသည် တစ်ဦးက  ပြောခဲ့သည်။

နယ်စပ်ကြားတွင် မိုင်းတွေထောင်မထားသင့်ဟု ထိုင်းလုံခြုံရေးအရာရှိက သျှမ်းသံတော်ဆင့်အားပြောခဲ့သည်။

မြန်မာနိုင်ငံအစိုးရသည် ၁၉၉၇ တွင် ကျင်းပခဲ့ သော မိုင်းထောင်စစ်ဆင်ရေး ကန့်ကွက်တားဆီးရေး ဆွေးနွေးပွဲတွင် လက်မှက်ရေးထိုးခြင်း မရှိခဲ့ပေ။ လက်ထိုးခြင်း မပြုခဲ့သည့် နိုင်ငံမှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းမဟုတ်၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ၏ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံတွင်ပါဝင်သည့် တရုတ်၊ ရှရှား နှင့် အမေရိကန် တို့လည်း လက်မှက်ရေးထိုး ခြင်းမရှိခဲ့ပေ။

မြန်မာတပ်စခန်းအတွက် ရွာသားများအား သောက်သုံးရေ နေ့စဉ် ခပ်ပေးခိုင်း

Posted: 10 May 2013 03:58 AM PDT

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မိုင်းကောင်(ဝ်)ကျေးရွာအုပ်စု နမ့်လောဝ်းရွာသားများက မြန်မာတပ်စခန်းအတွက် နေ့စဉ် သောက်သုံးရေ သွားခပ်ပေးနေရကြောင်း ဒေသခံများ ပြောကြားချက်အရ သိရပါသည်။


"ဗမာစစ်သားတွေ စခန်းတဲ့ နေရာက ရေမရှိဘူးလေ။ ရွာသားတွေကို လုပ်အားပေး ခပ်ပေးခိုင်းတော့  အလုပ်ပျက် အကိုင် ပျက် ဖြစ်ရတော့တယ်။ နေ့တိုင်း အလှည့်ကျ ဆိုင်ကယ် ၅ စီးနဲ့ပေါ့။ ပြီးခဲ့တဲ့လကတည်းက လုပ်ပေးနေရတာ။ ဒီလလဲ မရပ်သေးဘူး။ ဒီမိုကရေ စီလို့သာ ပြောတယ်။ ဒီလိုအဓမ္မ ခိုင်းစေမှုတွေက ရှိနေတုန်း" ဟု လားရှိုးရောက် နမ့်လောဝ်းဒေသခံ တဦးက ပြောပါသည်။

မိုင်းကောင်(ဝ်)ကျေးရွာအုပ်စု နမ့်လောဝ်းအခြေစိုက် ခလရ ၆၇ က နမ့်လောဝ်းအရှေ့ဘက် ၂ မိုင် ခန့်အကွာ လွယ်မုံမိဏ်းတောင်သို့ ပြောင်းရွှေ့သွားကြောင်း၊ စစ်အင်အားမှာ ၆၀ ကျော်ရှိကြောင်း သိရပါသည်။

ထိုသို့မြန်မာစစ်တပ်လှုပ်ရှားသွားလာနေမှုကြောင့် ဒေသတွင်းစခန်းချ အစိုးရစစ်ကြောင်းများ ကလည်း ရွာသားများအပေါ်တင်းကျပ်မှုများပိုရှိလာကာ ၁၀ မိုင်အကွာရှိလယ်ယာမြေများသို့သွား ရောက်လုပ်ကိုင်လိုပါကလည်း အစိုးရစစ်တပ်အား အကြောင်းကြားရကြောင်း၊ ထို့ကြောင့် ရွာသားများမှာ တခြားသို့ပြောင်းရွှေ့သွားကြသည်များလည်းရှိကြောင်း တန့်ယန်းရောက် မိုင်းကောင်ဝ်ဒေသခံတဦးကပြောသည်။