[Moemakadaily] 10th May - MoeMaKa Daily

ကယ်လီဖိုးနီးယားပြည်နယ် ဒုဝန်ကြီးချုပ် နယူးဆွန် စာအုပ်သစ် တက္ကသိုလ်ကျောင်းမှာ မိတ်ဆက်
နဲ့ အပြောကောင်းတဲ့ နယူးဆွန် ကောက်နုတ်ချက်များ
မိုးမခ၊ မေ ၁၀၊ ၂၀၁၃
မေလ ၉  ရက်၊ ဆန်ဖရန်စစ္စကိုပြည်နယ်တက္ကသိုလ် (SFSU) စာကြည့်တိုက်၊ ၄ထပ်က မော်ကွန်းတိုက် ခန်းမဆောင်မှာ စာအုပ်မိတ်ဆက်ပွဲနဲ့ လက်မှတ်ထိုးပွဲ တခု ကျင်းပခဲ့ပါတယ်။ စာရေးဆရာကတော့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ လက်ထောက်ပြည်နယ်မှူးလို့ ခေါ်မလား၊ မြန်မာပြည်အဆိုအရ ပြည်နယ်ဒုဝန်ကြီးချုပ်လို့ ခေါ်မလား၊ Lt Governor – Gavin Newsom ဖြစ်ပါတယ်။ အသက် ၄၅ နှစ်၊ လူချော၊ ဆန်ဖရန်စ္စကိုသား၊ အသက်အငယ်ဆုံး ဆန်ဖရန်မြို့တော်ဝန် (၂၀၀၃)၊ လက်ရှိ ၄၉  ဦးမြောက် ပြည်နယ်ဒုဝန်ကြီးချုပ်ဖြစ်ပါတယ်။ 
သူရဲ့စာအုပ်ကတော့ Citizenville: How to Take the Town Square Digital and Reinvent Government ( နိုင်ငံသားမြို့တော် - မြို့တော်ခမ်းမတွေကို ဒစ်ဂျစ်တယ်အသွင်ပြောင်းပြီး အစိုးရတွေကို အသစ်တီထွင်ကြဖို့) ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။  နည်းပညာနယ်မြေဖြစ်တဲ့ ဆန်ဖရန်ဘေးဧရိယာကို နောက်ခံထားပြီးတော့ သူရဲ့ နိုင်ငံရေးအတွေးအမြင်တွေကို ပြုစုထားတာမို့ ပြည်နယ်တက္ကသိုလ်ဖြစ်တဲ့ SFSU က ကျောင်းစာကြည့်တိုက်မှာ ကျောင်းသားတွေဆီ လာရောက်ပြီး စာအုပ်ကို မိတ်ဆက်ခြင်း၊ မေးခွန်းများ ဖြေကြားခြင်းနှင့် အမှတ်တရစာအုပ်လက်မှတ်ထိုး ရောင်းချခြင်း အခမ်းအနားကို ပြုလုပ်တာ ဖြစ်ပါတယ်။

အမေရိကန်တပြည်လုံးမှာ ကယ်လီဖိုးနီးယားပြည်နယ်က နည်းပညာနဲ့ အပြောင်းအလဲမှာ ရှေ့တန်းရောက်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်တခုလုံးမှာ ဆန်ဖရန်ဘေးဧရိယာနဲ့ ဆီလီကွန်တောင်ကြားဆိုတာဟာ ဆန်းသစ်ပြောင်းလဲတဲ့ လူတန်းစားတွေ လူငယ်တွေ နည်းပညာသမားတွေ အများဆုံး နေထိုင်ရာ ဒေသပါ။ လူမှုရေး နိုင်ငံရေးမှာ ထူးခြား ဆန်းသစ်တဲ့အတွက် လက်နက်ကိုင်အကြမ်းဖက်မှုကို ဆန့်ကျင်ရာ၊ စစ်ဆန့်ကျင်သူများ၊ ဂျစ်ပစီများ၊ ဆေးခြောက်ရှုသူများ၊ လိင်တူချင်း လက်ထပ်သူများ၊ အတိုက်အခံနိုင်ငံရေးလှုံဆော်သူများ၊ ဒီမိုကရက်များ အားကောင်းတဲ့ ဒေသတခုဖြစ်ပါတယ်။ အဲသည်အသိုင်းအ၀ိုင်းကြားထဲက နည်းပညာကို အားပေးသူ၊ လိင်တူချင်းလက်ထပ်ခွင့် မြို့တော်ဝန်ဘ၀မှာ ပထမဆုံးခွင့်ပြုခဲ့သူ၊ ပြည်နယ်ရဲ့ ဒုဝန်ကြီးချုပ်ရဲ့ စာအုပ်ကို ကျောင်းသူ ကျောင်းသားတွေ အပါအ၀င် ဆရာတွေ ဆရာမတွေကပါ စိတ်ဝင်စားလို့ ခမ်းမတခုလုံး အပြည့်နီးပါး မိတ်ဆက်ပွဲကို လာရောက် နားထောင်ကြပါတယ်။

သူဟောပြောချက်တွေ အထဲက စိတ်ဝင်စားဖွယ်ရာတွေကို ကောက်နုတ်ဖော်ပြရသည် ရှိသော် …
(၁) နည်းပညာတွေက ပြောင်းလဲနေတယ်။ ခေတ်က မြေဖြူခေတ်၊ ပါဝါပွိုင့်တွေနဲ့ စာသင်တဲ့ ခေတ်မဟုတ်တော့ဘူး။ အွန်လိုင်းတွေ၊ အင်တာနက်တွေနဲ့ စာသင်တဲ့ခေတ်၊ ကျောင်းသားတွေက တော်လှန်ပြောင်းလဲနေတဲ့ခေတ်၊ ကျောင်းဆရာတွေ၊ ၀န်ထမ်းတွေ၊ အစိုးရတွေက နောက်က လိုက်နေရတဲ့ ခေတ်ဖြစ်နေပြီ။
(၂) ဥပမာတခုက သမ္မတ ရီဂင်လက်ထက်မှာ အာကာသထဲက ဂြိုလ်တုတွေရဲ့ ပထ၀ီဆိုင်ရာ အချက်အလက်တွေကို အစိုးရချည်းပဲ မောင်ပိုင်စီးထားရာကနေ ပြည်သူတွေ လက်ထဲ ထည့်လိုက်တယ်။ အဲသည်မှာ ဂျီပီအက်စ်တွေ၊ လျပ်စစ်မြေပုံတွေ၊ မိုးလေ၀သခန့်မှန်းချက်တွေဟာ နည်းပညာတခေတ်ဆန်းပြီး တော်လှန်ပြောင်းလဲသွားတယ်။ open data access လို့ ခေါ်တယ်။
(၃) လက်ရှိသမ္မတ အိုဘားမားကိုယ်တိုင်ကလည်း အစိုးရလက်ထဲက ဒေတာတွေကို ပြည်သူလက်ထဲ ထည့်ဖို့ လုပ်နေတယ်။ သာဓကကတော့ ဖုံးတွေထဲက app တွေဟာ အစိုးရဒေတာတွေကနေ ပြည်သူတွေ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့ အခမဲ့ဝန်ဆောင်မှုတွေအသွင် ပြောင်းလာတယ်။ ဘတ်စကားလမ်းကြောင်းတွေ၊ လေယာဉ်ပျံခရီးစဉ်တွေ၊ ဈေးသက်သာတဲ့ နေရာတွေ၊ အများကြီး ရှာနိုင်တဲ့ appတွေ ပေါ်ထွန်းလာတယ်။ အစိုးရ၀က်ဆိုက်တွေက အွန်လိုင်းပေါ်တက်ဖို့ အကုန်အကျများတယ်။ ကြိုးနီတွေ များတယ်။ အဲသည် အစိုးရဒေတာတွေကို လူတွေလက်ထဲ ထည့်လိုက်ရင် အကျိုးရှိဖို့ ဖြစ်လာမယ်။
(၃) ဒါပေမယ့် အစိုးရတွေဟာ နည်းပညာကို ခေတ်နဲ့အမီသုံးပြီးတော့ အလွဲသုံးစားမဖြစ်အောင်၊ အန္တရယ်မဖြစ်အောင် ကာကွယ်နိုင်ရမယ်။ စောင့်ရှောက်နိုင်ရမယ်။ ပညာပေးနိုင်ရမယ်။
(၄) နည်းပညာတော်လှန်ရေးဟာ ခေတ်တိုင်း နေ့တိုင်းမှာ ဖြစ်နေတယ်။ ပြောင်းလဲနေတယ်။ အမေရိကန်မှာ အွန်လိုင်းနဲ့ မဲမပေးနိုင်သေးဘူး။ အွန်လိုင်းကနေ မဲပေးသူအဖြစ် မှတ်ပုံတင်တာပဲ လုပ်နိုင်သေးတယ်။ နိုင်ငံရေးသမားတွေကိုယ်တိုင်က ရှေ့ကနေ ကာဆီးကာဆီးလုပ်နေတယ်။ ကမ္ဘာမှာ ဆဲလ်ဖုံးတွေက ရေလောင်းအိမ်သာတွေထက် အရေအတွက်များနေတာဟာ ရှက်စရာလည်း ကောင်းတယ်၊ စဉ်းစားစရာလည်း ကောင်းတယ်။
(၅) နိုင်ငံရေးသမားတွေဟာ ရွေးကောက်ခံရဖို့၊ အာဏာရဖို့ကိုပဲ ဦးစားပေးတဲ့အတွက် ခေတ်မီ ပြောင်းလဲ တိုးတက်ရေးကို မလုပ်နိုင်ဘူး။ အမြဲတန်း ဈေးဆစ်ခံနေကြတယ်။ ကမ္ဘာမှာ နိုင်ငံရေးသမားတွေ အစစ်အမှန်တွေဆိုတာ ရွေးကောက်ပွဲနိုင်စရာမလိုဘဲ ခေတ်ကို ပြောင်းအောင်လုပ်နိုင်တဲ့သူတွေ ဖြစ်တယ်။ ဥပမာ မာတင်လူသာကင်း၊ ဂန္ဓီ၊ ဟာဗယ်၊ မန်ဒဲလားတို့ကို ကြည့်ပါ။ အကုန်လုံး ဖမ်းချုပ် ထောင်ချခံရသူတွေချည်းပဲ။ ရွေးကောက်ပွဲဆိုတာကို မည်မည်ရရ နိုင်ခဲ့သူတွေ မဟုတ်ဘူး။ သို့သော်လည်း ခေတ်ကို လူတွေကို ပြောင်းလဲနိုင်တဲ့ နိုင်ငံရေးသမား စစ်စစ်တွေ ဖြစ်တယ် ဆိုတာကို လက်ခံရမယ်။
(၆) ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တွေ ဘာကွာခြားသလဲ။ ဒီမိုကရက်တွေက နည်းပညာသုံးပြီးတော့ ရွေးကောက်ပွဲနိုင်အောင်လုပ်နိုင်တယ်။ ရီပတ်ဘလစ်ကန်တွေကတော့ နည်းပညာသုံးပြီး တိုင်းပြည်ကို ချယ်လှယ်နိုင်တယ်။ အခုပဲကြည့်ပါ။ အိုဘားမားနိုင်တယ်။ ဒါပေမယ့် ဘာတွေ လုပ်နိုင်သလဲ။ အတိုက်အခံရီပတ်ဘလစ်ကန်တွေနဲ့ ငြင်းခုန်နေရတာနဲ့ ခေတ်က တောင်းဆိုနေတဲ့ အပြောင်းအလဲကို မနည်း ဖြစ်အောင်လုပ်နေရတယ်။ ခုချိန်မှာ လက်နက်တွေကို ထိန်းချုပ်ဖို့ မလုပ်နိုင်သေးဘူး၊ နိုင်ငံသားဥပဒေ ပြောင်းလဲရေးကို မလုပ်နိုင်သေးဘူး။ 
(၇) နည်းပညာတော်လှန်ရေးဟာ မျိုးဆက်သစ်တွေနဲ့အတူ အစိုးရတွေ လူ့ဘောင်လောကတွေကို ပြောင်းလဲမှု ပြုလုပ်မှာ အသေအချာပါပဲ။ နိုင်ငံရေးသမားတွေက ဒါကို လက်ခံရမယ်။ ဆန့်ကျင်နေလို့ မရဘူး။ အောက်ခြေကနေ ပြောင်းမှာပဲ။ အပေါ်ကနေ ပြောင်းမှာ မဟုတ်ဘူး။
(၈) တခုပဲ ပြောချင်တယ်။ မိုက်ကယ်အင်ဂျလိုပြောခဲ့တာ။ အမြင့်ကို မှန်းပြီးတော့ လွဲသွားတာ က အရေးမကြီးဘူး။ နိမ့်နိမ့်လေးမှန်းပြီးတော့ မှန်းတဲ့အတိုင်းဖြစ်လာခဲ့တာ အဆိုးဆုံးပဲ။ စိတ်ကူးယဉ်မှတော့ ကြီးကြီးကျယ်ကျယ် ယဉ်ကြမှပေါ့။ မဖြစ်စလောက်လေး စိတ်ကူးပြီး အဲသည်လောက်လေး ဖြစ်လာခဲ့တာနဲ့ ဘ၀ကို ပြီးသွားတာမျိုးတော့  မဖြစ်စေချင်ဘူး။
အပြောကောင်းတဲ့ ကိုယ်လူချော နိုင်ငံရေးသမားက စာရေးဆရာလည်း လုပ်သေးဆိုတော့ လာမယ့် ရှေ့ရွေးကောက်ပွဲတွေ အဆင့်ဆင့်မှာ နယူးဆွန်တယောက်ကတော့ အောင်မြင်မှုတွေ ရပြီး နေရာရလာဦးမှာတော့ မြင်ယောင်မိပါသေးတယ်။ ချီကာဂိုနိုင်ငံရေးလောကထဲက တက်လာတဲ့ ရှေ့နေ စာရေးဆရာ၊ ကျောင်းဆရာ၊ ဟောပြောပွဲဆရာ ဘရက်ဟူစိန်အိုဘားမားဆိုတာ ကြားဖူးကြတယ် မဟုတ်လား။ အခု အမေရိကန်ပြည်ထောင်စုရဲ့ ဒုတိယသက်တမ်းနိုင် သမ္မတကြီး ဖြစ်နေပြီလေ။
ကဲ … စာဖတ်သူတွေလည်း နယူးဆွန်ရဲ့ စာအုပ်ကို ၀ယ်ဖတ်၊ ငှားဖတ်ကြည့်ကြပါဦး။ ညွှန်းလိုက်ပါရဲ့ဗျာ။ (ဓာတ်ပုံ မိုးမခ)
http://www.amazon.com/dp/B008EKMC9K/ref=rdr_kindle_ext_tmb




Thursday, May 9, 2013

CDA Cares Dental Healthcare Drive coming 18th - 19th May at San Jose



ကယ်လီဖိုးနီးယားသွားဆရာဝန်အသင်းကြီး ဆန်ဟိုဇေးမှာ အခမဲ့ဆေးကုမည်
SFBC Organizers မေ ၁၀၊ ၂၀၁၃
လာမယ့် မေ ၁၈၊ ၁၉ စနေ၊ တနင်္ဂနွေ အားလပ်ရက် ၂ ရက်မှာ ဆန်ဟိုဇေး၊ ကုန်စည်ပြပွဲခန်းမခဆောင်မှာ CDA လို့ ခေါ်တဲ့ ကယ်လီဖိုးနီးယားသွားဆရာဝန်များအသင်းကြီးကနေ အခမဲ့သွားကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားမှာ လူ ၁၀ သန်းလောက်ဟာ သွားကျန်းမာရေးအတွက် ကုသမှု မရရှိနိုင်ကြပါဘူး။ ၃ သန်းဟာ ချို့တဲ့သူတွေ၊ မသန်စွမ်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။ ပြီးတော့ ကယ်လီဖိုးနီးယား ကလေး ၃ ဦးမှာ ၁ ဦးက သွားကျန်းမာရေးနဲ့ အလှမ်းဝေးလျက်ရှိပါတယ်။ အဲသည်အတွက်ကြောင့် ပြည်နယ်လုံးဆိုင်ရာ သွားဆရာဝန်အသင်းကြီးကနေပြီးတော့ အခမဲ့သွားကုသမှုတွေကို နှစ်စဉ် ဆောင်ရွက်ခဲ့ရာမှာ သည်နှစ်မှာတော့ ဆန်ဟိုဇေးမှာ အများပြည်သူအားလုံးကို လက်ခံကုသပေးမှာ ဖြစ်ပါတယ်။
ယခု CDA Cares ရဲ့ စေတနာဝန်ထမ်းကုသမှုဟာ အမေရိကန်ဒေါ်လာ ၂.၈ သန်းဖိုး ရှိခဲ့ပြီး၊ လူနာပေါင်း ၃၆၇၆ ဦး၊ ကုသမှုပေါင်း ၁၇၂၈၈ မျိုးကို စေတနာ့ဝန်ထမ်း လုပ်အားပေး ၂၉၀၁ ယောက်နဲ့ ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ်အတွက် CDA Cares San Jose ဆေးကုသမှုကို မြန်မာသွားဆရာဝန်တွေကလည်း သွားရောက် ဆေးပညာအလှူပြုကြမယ်လို့လည်း သိရပါတယ်။ အဲသည်ထဲမှာ တဦးအပါအ၀င်ဖြစ်တဲ့ ဒေါက်တာမောင်မောင်သော်ကတော့ သူ့ဇနီးနှင့်အတူ မေလ ၁၉ ရက်နေ့မှာ သွားပြီး လုပ်အားပေးဆောင်ရွက်မှာဖြစ်တဲ့အကြောင်း ပြောပြပါတယ်။




လူနည်းစုတွေဖြစ်တဲ့ အာရှသားတွေ၊ တောင်အမေရိကန်သားတွေ၊ အာဖရိကန်နွယ်ဖွားတွေ အများအပြားဟာလည်း သွားကျန်းမာရေး စစ်ဆေးဖို့ အခက်အခဲအမျိုးမျိုး ရှိနေပါတယ်။ မြန်မာလူမျိုးတွေမှာလည်း အဲသည်လို အခက်အခဲရှိတာကြောင့် လွန်ခဲ့တဲ့ ၂ လခန့်က SFBC ဆန်ဖရန်ဘေးဧရိယာ မြန်မာကွန်မြူနီတီ Organizers & Friends ကနေ Dixon Landing သွားဆေးခန်းမှာ မြန်မာသွားဆရာဝန် ၂ ဦးဖြစ်တဲ့ ဒေါက်တာမောင်မောင်သော်နဲ့ ဒေါက်တာလှမြိုင်တို့ ၂ ဦးရဲ့ အကူအညီနဲ့ အခမဲ့ ဆေးကုသမှုကို ပြုလုပ်ပေးခဲ့ရာမှာ လူနာ ၂၀ ခန့်ကို သွားကျန်းမာရေးစောင့်ရှောက်မှု ပြုနိုင်ခဲ့ပါတယ်။
သည်တခေါက် CDA ရဲ့ အစီအစဉ်မှာ သွားကျန်းမာရေးကုသမှု လိုအပ်နေသူတွေ အခမဲ့စစ်ဆေးခွင့်ရမှာမို့ ကယ်လီဖိုးနီးယားမှာ နေထိုင်သူ လိုအပ်နေသူတွေ အားလုံးကို လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။ ပိုပြီး ဆရာဝန်တွေ အများကြီး၊ လုပ်အားပေးတွေ၊ ကိရိယာတွေ၊ ဆေးပစ္စည်းတွေ အများကြီးနဲ့ ဆောင်ရွက်ပေးနိုင်မှာဖြစ်တဲ့အတွက် အကောင်းဆုံး အခွင့်အရေးကြုံကြိုက်မှုပါပဲလို့ လုပ်အားပေးဆရာဝန် ဒေါက်တာမောင်မောင်သော်က ပြောပြပါတယ်။
https://www.facebook.com/cdacares 

ပန်းချီသန်းဋ္ဌေးမောင် - ဒဂုန်တာရာ အမှတ်တရပန်းချီ

ပန်းချီသန်းဋ္ဌေးမောင် - ဒဂုန်တာရာ အမှတ်တရပန်းချီ
ဧပြီ ၁၀၊ ၂၀၁၃ (သူ့ဖေစ်ဘွတ်ကနေ ကူးယူတင်ဆက်ပါသည်)

Salai Sunpai - Cartoon


မျှော်လင့်ချက်
ကာတွန်း - ဆလိုင်းစွမ်းပီ
မေ ၉ ၊ ၂၀၁၃


Hanthar Waddy U Win Tin - Articles


မြေကြီးကိစ္စ မေ့လျော့ပေါ့ဆ မလုပ်ကြနဲ့ လှုပ်တတ်တယ်၊ ပြိုတတ်တယ်၊ မျိုတတ်တယ်
ဟံသာဝတီ ဦးဝင်းတင်
မေ ၉၊ ၂၀၁၃



ဒီကနေ့ ကျုပ်စိတ်ထဲမှာ အင်မတန်လေးလံဝန်ပိတဲ့ ကိစ္စကြီးတရပ် ရှိနေတယ်ဗျာ။ နှလုံးသားမှာ ကျောက်တုံးတွဲ ဆွဲထားသလိုပဲလို့တောင် ပြောရမလား မသိဘူး။

ပြီးခဲ့တဲ့အပတ်က ဒီလှိုင်းစာစောင်ရဲ့ အာဘော်ခန်းမှာ "မြေကြီးကိစ္စ" ဆိုတဲ့ စကားလုံးကို တွေ့လိုက်ရတယ်။ ကျုပ်ပြောချင်တဲ့ကိစ္စကို မီးမောင်းထိုးပြလိုက်သလိုပဲဗျာ။ ကျုပ်ပြောချင်တဲ့ကိစ္စတွေက ပေါင်းလန်ဗြောင်းဆန်အောင် များပြားဆူဝေနေတယ်။ ဘယ်ကိစ္စကို ဘာက ကိုင်ပြောရမှန်း မသိတတ်အောင် ဖြစ်နေရတယ်။ ဒီလှိုင်းက အဲဒါတွေအားလုံးကို မြေကြီးကိစ္စလို့ တံဆိပ်ကပ်လိုက်တယ်ဗျို့။

ဟုတ်လိုက်တာဗျာ။ ကျုပ်ပြောချင်နေတာကလည်း တစ်ပြည်လုံးရဲ့မြေတွေ ယာတွေရဲ့ကိစ္စ၊ မြေတွေ ယာတွေပေါ်မှာ လုပ်ကိုင်စားသောက်နေကြတဲ့ လယ်သမား ယာသမား၊ မြေလုပ်သားတွေရဲ့ ကိစ္စ၊ အဲဒီလုပ်သားထုကြီးရဲ့ ငွေကြေး အရင်းအနှီး မပြည့်စုံမှုကိစ္စ၊ ကြွေးမြီကိစ္စ၊ ချေးငွေကိစ္စ၊ စိုက်ထုတ်ရင်းနှီး သုံးစွဲနေရတဲ့ ပစ္စည်းကိရိယာ၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး စရိတ်ငွေကြေးတွေရဲ့ ကိစ္စ၊ လယ်ယာထွက်ကုန်သီးနှံ ဈေးနှုန်းတွေရဲ့ ကိစ္စ။ အို . . . ပြောမဆုံးပေါင် တောသုံးထောင်ပါပဲဗျာ။ စားရင်းတို့ရင် အပင်းဆို့သလို မော မော မော ဆိုတဲ့ စကားအတိုင်းပဲပေါ့။

ဒီအထဲ စစ်တပ်တို့၊ အစိုးရဌာနတို့ ခရိုနီ၊ ခရိုပြာ၊ ခရိုဝါ၊ ခရိုစိမ်းဆိုတဲ့ အာဏာကပ်ပါးတို့က မတော်မတရား နည်းမျိုးစုံနဲ့ သိမ်းယူအပိုင်စီးထားတဲ့ မြေယာဧက သိန်းပေါင်းများစွာရဲ့ ကိစ္စကလည်းပါသေး။ သီးနှံစိုက် လယ်ယာမြေတွေပေါ်မှာ စက်ရုံ အလုပ်ရုံ၊ အိုးမြေ အိမ်မြေ၊ တပ်မြေ စခန်းမြေ၊ သတ္တုတူး ကျော်ဖော်စတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ပြောမပြနိုင်လောက်အောင် မတရားကြီး သိမ်းထားတဲ့မြေတွေက အများကြီး အားကြီးရှိသေးသဗျ။ အဲဂလို သိမ်းထားတဲ့ မြေတွေ၊ ယာတွေထဲမှာ တိုင်းရင်းသား ဒေသတွေက လယ်ယာမြေစိုက်ခင်းတွေကလည်း ဧရာမ အများကြီး ပါဝင်နေသေးတယ်လို့ ဆိုသဗျ။

ထားပါတော့ဗျာ။ အဲဒီမြေကြီး ကိစ္စကြီးတွေက ဒီနေ့ ပူလောင်ဆူပွတ် ဂယက်ထလာနေပြီဗျ။

လက်ပံတောင်း ကြေးနီစီမံကိန်းဆိုတာ အားလုံးသိကြပါရဲ့။ မီးခဲကိစ္စကြီးလေဗျာ။ စစ်ကိုင်းတိုင်း၊ မုံရွာနယ်ထဲက မြေကြီးကိစ္စဗျ။ တရုတ်တရက်တွေ၊ ဗရုတ်ဗရက်လုပ်နေတဲ့ အရှုပ်အယှက်တွေလို့ သာမန်ကာလျှံကာ မထင်လိုက်နဲ့ဗျ။ အဲဒါလည်း မြေကြီးကိစ္စပဲဗျ။ သယံဇာတ တူးတယ်ဆိုတာ မြေကြီးကိစ္စပဲပေါ့ဗျာ။

အဲ . . . အဲ။ ပြောရဦးမယ်။ ကျုပ်ရင်လေးနေတယ်ဆိုတဲ့ကိစ္စက အဲဒီ မြေကြီးကိစ္စပဲဗျ။ မြေကြီးပေါ်မှာ လူတွေနေတယ်။ ကျုပ်တို့လို ကျောမွဲတိုင်းပြည်အဖို့က မြေကြီးပေါ်မှာပဲ လုပ်ကိုင်စားသောက်ကြရသပေါ့ဗျာ။ အဲဂလို လူတွေ မှီတင်းနေထိုင်ရာ မြေကြီး။ လူတွေ တူးဆွအသက်မွေးရာ မြေကြီး။ အဲဒီမြေကြီးတွေဟာ ပြဿနာတွေ ပေါက်ဖွားရာ၊ ပဋိပက္ခတွေ ပေါက်ကွဲရာ အရင်းခံ ဘူမိနက်သန်တွေ ဖြစ်လာမယ်ဆိုရင် တစ်ပြည်လုံး၊ တစ်မျိုးလုံး အခက်ကြုံ လာနိုင်ပြီလို့ ဆိုရပေမှာပေါ့ဗျာ။

ကမ္ဘာ့သမိုင်းကို ပြန်မျှော်ကြည့်မလား။ လတ်တလော အိမ်နီးချင်းနိုင်ငံ သတင်းတွေ ငဲ့စောင်းကြည့်မလား။ တိုင်းရေးပြည်ရာ ပြဿနာတွေဟာ မြေကြီးကနေ မီးစွဲတောက်လောင်လာတာဗျ။ ဘယ်လောက် အန္တရာယ်ကြီးနိုင်တယ်ဆိုတာ အလွယ်နဲ့ သိမြင်နိုင်ပါတယ်။

ဒီနေ့ ကျုပ်တို့တိုင်းပြည်မှာလည်း မြေကြီးတွေ ပူလောင် မြိုက်ကျွမ်းစပြုနေပြီလို့ ဆိုရမယ်ဗျ။

လက်ပံတောင်းလို သယံဇာတတူးဖော်ရေးကိစ္စဟာ မြေယာပြဿနာ ဖြစ်လာနေတယ်။ ရန်ကုန်မြို့တော် အနီးအနား ဝန်းကျင်တစ်ဝိုက်က မြို့ပြနယ်မြေ တိုးချဲ့ရေးကိစ္စဟာ မြေယာပြဿနာ ဖြစ်လာနေတယ်။ ပြည်နယ်ဒေသတွေမှာ စွမ်းအင်ထုတ်လုပ်မှုကိစ္စတွေဟာ မြေယာပြဿနာဖြစ်လာနေတယ်။

ဒီလို မြေကြီးကနေ မီးတောက်လာတဲ့ ကိစ္စတွေဟာ မထိန်းသိမ်းကြ၊ မဖြေရှင်းကြရင် ကြာလေလောင်လေ၊ လူ့ဘောင်မီးစွဲလေ ဖြစ်လာလိမ့်မယ်ဗျို့။

၂၀ ရာစုအတွင်းက မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ မြေကိစ္စတွေက သမိုင်းသက်သေခံနေတယ်။ ၁၉၂၀ ပြည့် ကာလများအတွင်း မြေကြီးပြဿနာဟာ ဆရာစံတောင်သူလယ်သမားသူပုန်ကြီးကို မွေးဖွားပေးခဲ့တယ်။ ဂျပန်ခေတ် လယ်သမားတွေ လယ်မဆင်းနိုင်ဘူး။ မြေကြီးပြဿနာက ဖက်ဆစ် တော်လှန်ရေး လူထုအရေးတော်ပုံကြီးကို ဖန်တီးခဲ့တယ်။

အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ စတဲ့ တိုင်းရေးပြည်ရေးတာဝန်ရှိသူတွေဟာ ဒီနှစ်ဆန်းပိုင်းလောက်ကစပြီး မြေကြီးကိစ္စ ဖြေရှင်းရေးလေသံတွေ ပစ်လာခဲ့ကြတယ်။ ဘယ်လို ပြဿနာထုထည်ပမာဏတွေကို စမ်းသပ်ရှာဖွေတွေ့ရှိလေသလဲတော့ မပြောတတ်။ တိုင်းပြည်ရဲ့ မြေကြီးပြဿနာတွေက တက်ပြီးတက်ရင်း ခေါင်ညွန့်ကို နင်းနေကြပြီ။

ကျုပ်တို့ ပြောချင်တာကတော့ဗျာ။ စာရင်းအင်းတွေ၊ ကိန်းဂဏန်းတွေ၊ စီမံလျာထားချက်တွေ မဟုတ်ပါဘူး။ သဘောကိုပြောချင်တာပါ။ သဘာဝကို ပြချင်တာပါ။

မြေကြီးဆိုတာ လှုပ်တတ်သဗျ။ မနှစ်က စစ်ကိုင်းတိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မြေငလျင်ကြီး မှတ်မိရဲ့မဟုတ်လား။

မြေကြီးဆိုတာ ပြိုတတ်သဗျ။ တလောက တရုတ်ပြည်ဘက်မှာ ပေါ်ပေါက်ခဲ့တဲ့ မြေပြိုမှုကြီးတွေ မြင်မိမှာပေါ့။ ပျက်လိုက်တဲ့အိမ်တွေ၊ သေလိုက်တဲ့လူတွေ။ နည်းမှတ်လို့။

မြေကြီးဆိုတာ မျိုတတ်သဗျ။ ဘုရားလက်ထက် ဒေဝဒတ် မြေမျိုခန်းလို ဖြစ်ရပ်ကအစ ဒီနေ့ခေတ်ကမ္ဘာနဲ့ အဝန်း ကြက်သီးဖြန်းဖြန်းထစရာ ကြားနေကြရတဲ့ အိမ်တွေ၊ လူတွေ မြေကြီးထဲ နစ်မြုပ်ပျောက်ကွယ်သွားတဲ့ မြေမျိုမှုတွေအထိပေါ့လေ။

ဒါ့ကြောင့် ကျုပ် အသည်းကြောင်ကြောင် ယောင်ကန်းကန်းဟစ်လိုက်ချင်တာကတော့ မြန်မာပြည်မှာ

မြေကြီးတွေ လှုပ်ခါနီးပြီဗျို့။
မြေကြီးတွေ ပြိုခါနီးပြီဗျို့။
မြေကြီးတွေ မျိုခါနီးပြီဗျို့။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။အတွဲ(၂)၊ အမှတ်(၁၇)။။။ (၆-၅-၁၃)

Cartoon Aung Maw - Cartoon

ထောင်ကြွေး 
ကာတွန်း - အောင်မောင်
မေ ၉ ၊ ၂၀၁၃



ကာတွန်းအောင်မော်ဖေ့ဘုတ်ခ် ပြန်လည်ကူးယူပါသည်။

Ashin Nyarnikar Biwuntha - Articles


ခရီးသွားပါ
အရှင် ဉာဏိကာ ဘိဝံသ (ကာလီဖိုးနီးယားတက္ကသိုလ်)
မေ ၉၊ ၂၀၁၃

ပန်းချီ - မျိုးဝင်းအောင်

 ကိုယ့်အကြောင်းကိုယ်ပြန်ဖြည့်ရတဲ့ မှတ်တမ်းများမှာ ကိုယ်အနှစ်သက်ဆုံးနဲ့ ကိုယ်ဝါသနာပါရာဆိုတဲ့ အကွက်မှာ စာရေးစာဖတ်လို့ အမြဲတမ်းဖြည့်နေကျ။ မပြောင်းလဲတဲ့အရာ။ အသက်အရွယ် နေရာ ဒေသနဲ့ အချိန်အခါအရ အခြားဝါသနာတွေ အကြိုက်တွေသာ ပြောင်းကောင်းပြောင်းသွားမယ် စာရေး စာဖတ်တဲ့ဝါသနာကတော့ ခုတိုင်မပြောင်းမလဲ အမြဲရှိနေသေးတဲ့အရာ။ ဒီဝါသနာဟာဖြင့် နောင်မှာ လည်း ပြောင်းလဲသွားနိုင်မယ် မဟုတ်ဘူးလို့လည်း ယုံကြည်မိပါတယ်။

စာရေးစာဖတ်ရဲ့နောက်မှာ ကပ်ပါလာတဲ့ဝါသနာ၊ တစ်နည်းပြောရလျင် ဒုတိယအနှစ်သက်ဆုံးအရာက တော့ ခရီးသွားခြင်းပေါ့။ ခရီးများသွားရမယ်ဆိုလို့ကတော့ အချိန်မရွေး၊ နေရာမရွေး၊ စိတ်အားထက် သန်စွာ။ အထူးသဖြင့်တော့ သွားရမည့်ခရီးဟာ မရောက်ဖူးသေးတဲ့နေရာသစ်လည်းဖြစ်မယ်၊ သွားမည့် နေရာက သစ်ပင်တောတောင် ပင်လယ်သမုဒ္ဒရာတွေနဲ့ဆက်စပ်နေပြီး သဘာဝအလှတွေနဲ့လည်း ပြည့် လျှမ်းနေတဲ့နေရာမျိုးဖြစ်မယ်ဆိုလျင်တော့ ပိုလို့ပင်တက်တက်ကြွကြွဖြစ်နေတတ်တယ်။

အတွေ့အကြုံအရပြောရလျင် လူတွေဖန်တီးထားတဲ့ အံ့ဖွယ်ဘနန်းကြီးတွေက နှစ်ကြိမ်သုံးကြိမ်မျှ လောက်ဆို ရိုးသွားပြီ။ သူတို့ဖန်တီးထားမှုအပေါ် ထပ်ဆင့်ကာပိုမိုပြီး စိတ်ခံစားမှုအရောင်လည်း ချယ် လို့မရ။ ရပ်တန့်နေတဲ့အလှတွေ။ သဘာဝအလှတွေကတော့ လူတွေဖန်တီးထားတဲ့အရာတွေလို ရပ် တန့်နေတဲ့အလှမျိုး မဟုတ်။ တစ်ကြိမ်နဲ့တစ်ကြိမ်၊ တစ်ချိန်နဲ့တစ်ချိန်၊ တစ်ရာသီနဲ့တစ်ရာသီက မတူ။ ကိုယ့်စိတ်ခံစားမှုအပေါ် မူတည်လို့ အလှကလည်း အနိမ့်အမြင့်၊ အတိုးအလျော့၊ အမြဲတမ်း ပြောင်းနေ တတ်တယ်။ ဒါကြောင့် ဆောင်းမှာရောက်ခဲ့ဖူးတဲ့ နေရာဖြစ်ပေမယ့် နွေမှာနောက်တစ်ခေါက်ရောက် ပြန်တော့ အလှရသက တစ်မျိုးတစ်ဖုံ၊ သစ်လွင်လတ်ဆတ်လို့။ အဲ နွေမှာရောက်ဖူးတဲ့နေရာများ ကလည်း မိုးနဲ့ဆောင်းမှာ တစ်မျိုးတစ်ဖုံပြောင်းလဲလို့နေပြန်တယ်လေ။ နွေမိုးဆောင်းပြောင်းလဲမှုနဲ့အတူ မဟောင်းနိုင်တဲ့ အလှများနဲ့ အစဉ်ထာဝရ သစ်လွင်စွာ ဝေဆာနေတတ်တာ။

စာရေးစာဖတ်နဲ့ခရီးသွားရတာ ဝါသနာထုံပေမယ့် တခါခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ် နှစ်သစ်တဲ့၊ ကိုယ်ဝါသနာပါတဲ့အရာများကနေ အတန်ကြာကြာ ကင်းကွာနေရတတ်တယ်။ ဝါသနာမပါ လှသော်လည်း မလွှဲမရှောင်သာလို့ မဖြစ်မနေလုပ်နေရတာမျိုးတွေလည်း ရှိတတ်တယ်။ သို့ပေမယ့် ပါလာတဲ့ဗီဇပိုးက အဲဒီလိုဝါသနာပါတဲ့အရာများနဲ့ကင်းနေရတာကို သဘောကျ မနှစ်သက်နိုင်ဖူးထင်ပါ ရဲ့။ စာရေးစာဖတ် အတန်ကြာကြာ မလုပ်ဖြစ်လျင်၊ ခရီးတစ်ခုခု မသွားဖြစ်တဲ့အချိန် တော်တော်ရှည် သွားလျင် စိတ်ထဲမှာ တစ်ခုခုလိုနေသလိုမျိုး ခံစားမိလာတတ်တယ်။

စာလေးရေး၊ စာလေးဖတ်၊ ကြောင့်ကြမဲ့စွာ သွားချင်တဲ့နေရာလေးသွား၊ ပေါ့ပေါ့ပါးပါးလေးသာ ဘဝ ကိုဖြတ်သန်းချင်သူတစ်ဦးအဖို့ မလွှဲမရှောင်သာ လုပ်ရတဲ့အလုပ်တွေအတွက် အချိန်တွေပေးနေရတာ၊ ကိုယ့်ဝါသနာကို နောက်မှာပို့ထားရတာ ဘယ်မှာမွေ့ပျော်ဖွယ် ဖြစ်ကောင်းပါ့မလဲ။

စာမရေးဖြစ်ပေမယ့် ခုရက်ပိုင်းမှာ စာအုပ်တော်တော်များများကိုတော့ ဖတ်ဖြစ်လိုက်တယ်။ သို့ပေမယ့် စာအုပ်အနည်းငယ်လောက်ပဲ အဆုံးထိဖတ်ဖြစ်ပါတယ်။ တော်တော်များများစာအုပ်တွေကတော့ မဆုံး ခဲ့ဘူး။ စာအုပ်အလယ်လောက်ရောက်မှ ဆက်မဖတ်ဖြစ်တော့တာမျိုး။ သုံးချိုးတစ်ချိုး၊ လေးချိုးတစ်ချို့ မှာ ရပ်သွားတာမျိုး။ မဆုံးတဲ့စာအုပ်တွေမှာ စာရေးသူတွေက ဘာတွေပြောချင်တာလဲ၊ ဘာတွေပေးချင် တာလဲဆိုတာ တိတိကျကျ မသိနိုင်တော့။ စိတ်မအားလို့ မဆက်ဖြစ်တာ။ ကိုယ်မအားလို့ မဆက်နိုင် တာ။ ထွေကာလီကာ အကြောင်းပေါင်းရယ်က မဆုံးနိုင်စွာ။ တခါခါမှာတော့ ကိစ္စများမြောင် လူတို့ ဘောင်ဆိုတဲ့အစား ကိစ္စများမြောင် ရဟန်းဘောင်လို့တောင် ပြင်သင့်နေပြီထင်တယ်လို့တွေးမိပြီး ပြုံးမိ ပါသေးတယ်။

ခရီးသွားခြင်းအကြောင်းကို စဉ်းစားမိတိုင်း မြတ်ဗုဒ္ဓရဲ့ "စရထ ဘိက္ခဝေ စာရိကံ ဗဟုဇနဟိတာယ၊ ဒေသေထ ဘိက္ခဝေ ဓမ္မံ" 'ရဟန်းတို့ လူများစွာတို့အား အကျိုးများစေဖို့ရာ ခရီးထွက်ကြ။ ရဟန်းတို့ ရောက်ရာအရပ်တိုင်းမှာ အပိုအလိုမရှိ အမှားမရှိ တိကျကုံလုံ အလုံးစုံသော သတ္တဝါတို့ကို ဆင်းရဲကနေ ထုတ်ဆောင်နိုင်စွမ်းရှိတဲ့ တညီတည်းမှန် တသားတည်း အကျိုးရှိသော ဓမ္မကို ဟောပြော သင်ပြကြ' ဆိုတဲ့ မိန့်တော်မူချက်ကို ဦးစွာသတိရမိတတ်တယ်။ ဗုဒ္ဓကိုယ်တော်တိုင်လည်းပဲ သတ္တဝါတစ်ဦးဦး ကောင်းကျိုးဖြစ်ထွန်းမယ်ဆိုတာ မြင်တော်မူလျင် ကိုယ်တော်တိုင်ရဲ့ သက်တော်ရွယ်တော်နဲ့ အချိန် အခါကို ငဲ့တော်မမူပဲ ကြွရောက်ကာ တရားဒေသနာများကို ဟောပြောလေ့ရှိတာကိုလည်း မှန်းမျှော် ကြည်ညိုမိတယ်။

အခြားအခြားသောခရီးသွားခြင်းနဲ့ပတ်သက်တဲ့ ရှေးရှေးသူဟောင်းစကားများလည်း ဦးနှောက်ထဲကို အစီအရီဝင်ရောက်လာပါတယ်။

"The world is a book and those who do not travel read only one page."  စိန့်သြဂတ် စတင်းကတော့ "ကမ္ဘာကြီးက စာအုပ်တစ်အုပ်လိုပဲ။ ဟိုဟိုဒီဒီ ခရီးမသွားဖူးဆိုလျင် စာအုပ်ရဲ့စာတစ် မျက်နှာလောက်သာ ဖတ်သလိုဖြစ်မယ်"ဆိုတော့ ခရီးမသွားဖြစ်လျင် အဆုံးထိတိုင် မဖတ်ဖြစ်တဲ့စာအုပ် တွေလို ကမ္ဘာကြီးက ဘာတွေပြောလိုတာလဲ၊ ဘာတွေပေးချင်တာလဲဆိုတာ မသိနိုင်ဖြစ်လေမလားလို့ စာတစ်အုပ်နဲ့ကမ္ဘာကြီးကို ဆက်စပ်ကာတွေးမိပါသေးတယ်။ ဒါကတော့ ခရီးသွားချင်နေတဲ့ကိုယ့်စိတ် ကို ပိုမိုပြီးသွားဖြစ်အောင် ကိုယ့်အဆိုကိုယ်တင် ကိုယ့်ဟာကို ပြန်ထောက်ခံနေတာလည်း ဖြစ်ကောင်း ဖြစ်လေမလားပေါ့။

စူးစမ်းရှာဖွေသူဆိုတာ အတွေ့အကြုံသစ်တွေ နေရာသစ်တွေ တွေ့ရရုံမျှနဲ့တော့ မလုံလောက်သေးဘူး လေ။ အဲဒီအတွေ့အကြုံသစ် နေရာသစ်တွေကို ဘယ်လိုရှုမြင်တယ်၊ ဘယ်လိုခံစားနားလည်တယ်၊ ဘယ်လိုတုံ့ပြန်တယ်ဆိုတာအပေါ်မှာလည်း မူတည်တယ်။ ဒါကြောင့် ခရီးတစ်ခုကိုသွားတိုင်း ပကတိ မျက်စိနဲ့ပါမက စိတ်မျက်စိ၊ နှလုံးသားမျက်စိနဲ့ပါ ကြည့်ဖြစ်အောင်ကြည့်လေ့ရှိပါတယ်။

ခရီးစဉ်တိုင်း ခရီးစဉ်တိုင်းမှာ မြုပ်ကွယ်နေတဲ့ ပန်းတိုင်တွေဆိုတာရှိတယ်လေ။ ဒါဟာ ခရီးသွားသူ ကိုယ်တိုင် ကြိုတင်မသိနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ အကောင်းလည်းဖြစ်ကောင်းဖြစ်မယ်။ မကောင်းတာလည်း ဖြစ်ကောင်းဖြစ်မယ်ပေါ့။ ခုလိုမသိနိုင်တာကိုကပင်လျင် ခရီးသွားရခြင်းအတွက် ပိုမိုစိတ်ဝင်စားဖွယ်တစ်ခုပါပဲ။

တရုတ်ပညာရှိလောင်ဇူးစကားအရဆိုလျင်တော့ 'ခရီးသွားကောင်းတစ်ယောက်ဆိုတာ ဘယ်ကိုသွား မယ်ဆိုတာ ကြိုတင်ပြင်ဆင်သတ်မှတ်ထားတာမျိုးမရှိသလို ဘယ်အချိန်မှာဘယ်ကိုရောက်မယ်ဆိုတာ မျိုးလည်း ရည်ရွယ်ထားမှုမျိုး မရှိရဘူး'တဲ့။ ဘာအကြောင်းကြောင့်မှ ခရီးသွားတာမျိုးမဟုတ်ပဲ တကယ့် ခရီးသွားစစ်စစ်တစ်ဦးဖြစ်ဖို့ဆိုလျင်တော့ သူပြောသလိုဖြစ်ဖို့လိုပေလိမ့်မယ်။ တွေ့ရာအိပ်၊ ကြုံရာလည်၊ ရောက်ရာစား၊ ရရာစီး၊ အင်းဒီခရီးမျိုးဆိုလျင်တော့ အတော်ကိုပေါ့ပါးလွတ်လပ်ပေလိမ့်မပ။

ရှေးသူတော်ကောင်းများကပြောကြတယ်။ သတ္တဝါအားလုံးဟာ သံသရာခရီးသွားတွေချည်းသာတဲ့။ ဆုံးစမထင်တဲ့ခရီးကို သွားနေကြသူတွေချည်းသာတဲ့။ သွားနေတဲ့သံသရာခရီးစဉ်တစ်လျှောက်မှာ နားခို ရာ ဘုံဘဝလေးတွေကိုလည်း သူသူကိုယ်ကိုယ်ပိုင်ဆိုင်နေကြပါတယ်။ ကိုယ်နားခွင့်ကြုံတဲ့နေရာ၊ လည် ခွင့်ရတဲ့နေရာလေးက ကောင်းတဲ့နေရာဌာန ကောင်းတဲ့အသိုင်းအဝိုင်းမှာ မွေးဖွားကြီးပြင်းပြီး မိတ် ကောင်းဆွေကောင်းသူငယ်ချင်းကောင်းများနဲ့တွေ့ရလျင်ဖြင့် ခဏနားခိုရာ လည်ပတ်စရာနေရာလေး ဟာ ကြည်နူးစရာဖြစ်လေမှာပ။

တွေ့ရကြုံရတဲ့ ဘုံဘဝအဆောက်အဦက ဒုက္ခစုံပြွမ်းပြီး ကြမ်းထမ်းဖွယ်အတိဖြစ်မယ်ဆိုလျင်တော့ လည်း လည်ပတ်ခွင့်၊ နားနေခွင့်ရတဲ့နေရာလေးက မောပမ်းငြီးငွေ့ဖွယ် အားငယ်စိတ်ပျက်ဖွယ်သာ ဖြစ်ပေလိမ့်မယ်။

လူ့ဘဝဆိုတာ ရနိုင်ရောက်နိုင်ခဲတဲ့နေရာ၊ အရောင်အသွေးစုံ၊ အလှတွေနဲ့ ပြည့်စုံလွန်းတဲ့နေရာ၊ ရွေး ချယ်စရာ၊နားခိုစရာ၊ လည်ပတ်စရာတွေလည်း ပေါကြွယ်တဲ့နေရာ။ နားခွင့်လည်ခွင့်ရတဲ့ ဒီနေရာလေး ရဲ့အလှကို အပြည့်အဝခံစားနိုင်စေဖို့ကတော့ ခရီးသွားသူရဲ့ ဘဝအပေါ် ဘယ်လိုမြင်တယ်၊  စိတ်ခံစားမှု ဘယ်လိုရှိတယ်၊ ဘဝအပေါ် ဘယ်လိုတုန့်ပြန်သလဲဆိုတဲ့အပေါ်မှာသာ တည်ပေလိမ့်မယ်။

တရားခရီးထွက်နေသူတွေအဖို့လည်း ခန္ဓာကပြနေတဲ့သဘာဝတရားတွေက အဓိကမဟုတ်ဖူးလေ။ ပြနေတဲ့သဘာဝတရားတွေကို ဘယ်လိုမျက်စိနဲ့ကြည့်မလဲ၊ ဘယ်လိုခံစားပြီး ဘယ်လိုတုန့်ပြန်မလဲ ဆိုတာကသာ ပိုမိုအရေးကြီးပေလိမ့်မယ်။

မြင်မြင်သမျှ ဤ လောက၀ယ်
အလှတို့ဖြင့် ခြယ်သဖြင့်လည်း
မြင်ခွင့်ရှိမှ မြင်စွမ်းရသည်။

အလှဟူငြား မြင်သည်ထားဦး
ခံစားသိတတ် ခံယူတတ်မှ
ကျိုးမြတ်ပီတိ ရင်ဝယ်ငြိ၏၊ (မောင်စွမ်းရည်)

ခရီးသွားပါ
စိတ်ငြိမ်းချမ်းမှု ပေးနိုင်တဲ့ တစ်နေရာ။

ခရီးသွားပါ
လတ်ဆတ်တဲ့လေ ရှူရှိုက်ခွင့်ရနိုင်တဲ့ တစ်နေရာ။

ခရီးသွားပါ
တိတ်ဆိတ်အေးချမ်းတဲ့ တစ်နေရာ။

ခရီးသွားပါ
စိတ်ကြိုက်စာ ရေးသီနိုင်တဲ့ တစ်နေရာ။

ခရီးသွားပါ
ချစ်မေတ္တာတရားကို အဆုံးမဲ့ ဖြန့်ဝေပေးနိုင်တဲ့ တစ်နေရာ။

မဆုံးသေးတဲ့ခရီးကို သွားနေရသူတွေအဖို့ ပန်းတိုင်မရောက်သမျှတော့ ဆက်ပြီးသာ လျှောက်နေရ ဦးမယ်။ မောပမ်းလာလျင်လည်း ခဏနားလိုက်၊ ဆာလောင်လာလျင်လည်း နားကာစားလိုက်။ ဘ၀ အတွက် အခက်အခဲတွေ၊ သင်္ခန်းစာတွေ၊ ပျော်ရွှင်ကြည်နူးမှုတွေဟာ ခရီးဆုံးပန်းတိုင်ဆီကနေ ရနိုင် တာမျိုးမဟုတ်၊ သွားနေဆဲ ခရီးဆီကသာ ရနိုင်တာမျိုးဆိုတာ ရှင်းရှင်းလင်းလင်း သိနားလည်ခြင်းနဲ့ အတူပေါ့လေ။ ။

အရှင် ဉာဏိကာ ဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)

(မှတ်ချက်)
ရက်တိုခရီးတစ်ခုထွက်ဖို့ လေယာဉ်လက်မှတ်ဝယ်အပြီးမှာ ရုတ်တရက်စာရေးချင်စိတ်ပေါ်လာလို့ ရေး ဖြစ်လိုက်တဲ့ ဒီစာလေးဟာ ခရီးသွားတစ်ဦးဦးအတွက် အကျိုးတစ်စုံတစ်ရာ ဖြစ်နိုင်ကောင်းမယ် ထင်ပါ ရဲ့။ ။

Ohm Naing - Articles


ရေးခဲ့မိသော မှတ်တမ်းများ (၂၆)
အုန်းနိုင်
မေ ၈၊ ၂၀၁၃



● ပြည်မြို့နယ်စုရဲ့ ပြဿနာ 

အဲဒီလိုနဲ့ဗဟိုနဲ့  အောက်ခြေမကျေနပ်မှုတွေအောက်ခြေမှာလည်း  လှုပ်လှုပ် ရှား ဖြစ်မှုတွေနဲ့ပြည့်နေတဲ့   ဒီလို အချိန်မျိုးမှာပဲ  (၁၀.၈.၈၉)မှာ   ပြည်မြို့ နယ်စု(၆)မြို့ နယ်   အစည်းအဝေးတက်ဖို့  ဖိတ်စာရပါတယ်..။  အစည်းအဝေး အချိန်က  နေ့လည်(၁၂)နာရီ ဆိုလို့ပေါင်းတည်မြို့ နယ် စည်းရုံးရေး  ကော်မတီဝင်   ဦးမြင့်စိုးနဲ့  အတူနှစ်ယောက်သား   (၁၁)နာရီလောက်ပြည်မြို့ ကို အရောက်သွားခဲ့ကြပြီး ထမင်းစားအပြီး နေ့လည် (၁၂)နာရီမှာအစည်းအဝေးကျင်းပမဲ့  နေရာကို  ရောက်ခဲ့ပါတယ်..။

ကျနော်တို့ ရောက်သွားချိန် မှာ အစည်းအဝေးကပြီးလုနေပါပြီ..။သူတို့ လူစုံလို့  (၁၀)နာရီ ကတည်းက  အစည်းအဝေး စတယ်လို့ ပြောပါတယ်..။ပေါင်းတည် စည်းရုံးရေး ကော်မတီဝင်ဦးခင်မောင်ဇော် လည်းအစည်းအဝေး မှာ  ရှိနေပါတယ်..။ဒါဟာ  လုပ်ထုံးလုပ်နည်း အရတော့  မှန်ကန်မှုမရှိပါ..။မြို့ နယ်စု အစည်းအဝေးကို ဘယ်သူ တက်ရမယ်  ဆိုတာ  မြို့ နယ်ကော်မတီက ဆုံးဖြတ်ရမှာပါ..။မြို့နယ်ကော်မတီရဲ့  ဆုံးဖြတ်ချက် နဲ့   တက်ရမဲ့ သူက ကျနော် နဲ့  ဦးမြင့်စိုးပါ...။အခု  အစည်းအဝေးတက်နေသူက  ဦးခင်မောင်ဇော်ပါ..။

ဦးခင်မောင်ဇော်က  သူ့ရဲ့  စီးပွါးရေး ကြောင့် လို့  အကြောင်းပြပြီးမြို့ နယ်စည်းကော်မတီ အစည်းအဝေးများကို တောင်   တက်နိုင်ခြင်းမရှိပါ..။တက်လေ့ မရှိပါ..။ဒါ့ကြောင့် သူ့ကိုလည်း မြို့ နယ်စည်းကော်မတီကတာဝန်ပေးလေ့  မရှိပါ..။

ဒါနဲ့  အကျိုးအကြောင်း မေးတော့  ဦးခင်မောင်ဇော်က သူပေါက်ခေါင်းမြို့ ကို ရောက်နေတုံး  ပေါက်ခေါင်းက ဦးသန်းထွတ် တို့က  အစည်းအဝေး တက်မယ် ဆိုလို့သူလိုက်လာတာ..။ဒီရောက်တော့  ပေါင်းတည်က  အစည်းအဝေး တက်မဲ့ သူ မရှိလို့  သူဝင်တက်နေတာပါ လို့ ပြောပါတယ်..။ဒီအစည်းအဝေးကို တာဝန်ခံလုပ်နေတဲ့  သူတွေက    ပြည်မြို့ က  တာဝန်ခံတွေသာ   မဟုတ်ပါဘူး..။ပဲခူးတိုင်းစည်း အဖွဲ့ ဝင်တွေ ဖြစ်တဲ့ ဦးသိန်းလွင်၊ဦးအောင်စောဦး  ၊ဦးဇော်မင်းနဲ့   ဒေါက်တာတင်အေး တို့လဲရှိနေပါတယ်..။ဒေသခံ ဘက်က ပြည်မြို့ က ဒေါက်တာခင်မောင်ဝင်း၊ သဲကုန်း ဦးအောင်သန်း နဲ့ ပေါက်ခေါင်းဦးသန်းထွတ်၊  ရွှေတောင် ဦးသန်းကြွယ်တို့ ဦးဆောင်နေကြပါတယ်..။ဒီ အစည်းအဝေး ကျင်းပပုံ ကျင်းပနည်းဟာသံသယရှိစရာ ဖြစ်နေပါတယ်..။

အစည်းအဝေးကို  နေ့လည်(၁၂)နာရီ မှာ ဖိတ်ပြီး..၊အချိန်စောပြီး စတင်စည်းဝေးတယ်..။အစည်းအဝေးကိုတရားဝင် တက်ရောက် ခွင့် မရှိသူ (ကြုံရာ လူ)ကိုတက်ခွင့်ပေးထားတယ်..။ဒါကြောင့်   ဒီအစည်းအဝေးရဲ့ ပုံစံကို ကျနော်က  ကန့်ကွက်ပါတယ်..။ကျနော် အစည်းအဝေး မတက်ဘဲထပြန်ဖို့တောင်  စိတ်ကူးမိပါတယ်။အတူ  အစည်းအဝေး တက်ဖို့ လိုက်လာတဲ့   ဦးမြင့်စိုးက အခြေအနေသိရအောင်ဆက်နေသင့်တယ်လို့  ပြောလို့က တကြောင်း ၊ဒီလို အကြပ်အတည်း ကာလမှာ  စိတ်ဝမ်းကွဲတယ်  ဆိုတာမျိုးမဖြစ်ချင်တာကတကြောင်း၊သူတို့ ကလည်း  တောင်းပန်လို့   အစည်းအဝေး ဆက်တက်ပါတယ်..။

အစည်းအဝေး မှာ ဆွေးနွေး တဲ့  အကြောင်းအရာကလည်းကန့်ကွက်စရာ ဖြစ်လာပါတယ်..။အကြောင်းအရာကတော့  (၁) ခုတလောမှာ အဖမ်းအဆီးတွေ များလို့ တိုင်းစည်းရုံးရေး ကော်မတီမှာ လူနဲတာကြောင့်   တိုင်းအရံ ဖွဲ့ စည်းဖို့ နဲ့ ..၊(၂) ပဲခူးတိုင်း စည်းရုံးရေးကော်မတီရုံးကို  ပဲခူးမှာ ဖွင့်ဖို့နဲ့   ၊(၃) မြို့ နယ်စု ကော်မတီ  ဖွဲ့စည်း ဖို့ပါ..။တိုင်း စည်းရုံး ရေး  ကော်မတီရုံးကိုပဲခူးမှာ ဖွင့်ဖို့ဆို  တာကတော့  ကန့်ကွက်စရာ
မရှိပါဘူး..။တိုင်း အရံဖွဲ့ တယ်..ဆိုတာကတော့  တိုင်းစည်းရုံးရေးကော်မတီနဲ့   ဗဟိုကို ကျော်လုပ်တဲ့  သဘောဖြစ်နေတယ်..။ဒါမျိုးကို  ဗဟိုနဲ့  ညှိနှိုင်းပြီးမှလုပ်သင့်တယ်..။အခုဟာက မညှိနှိုင်းခင်  ဖွဲ့ ပြီးနေပြီ..။ဒါဟာ စည်းရုံးရေး ရာ စည်းကမ်းနဲ့  မကိုက်ညီဘူး..။ဒါ့ ကြောင့်  ကျနော် ကန့်ကွက်တယ်  လို့  ပြောပါတယ်..။                

နောက်တခုကလည်း  မြို့ နယ်စုကော်မတီ ဖွဲ့စည်းရေးပါ..။မြို့ နယ်စု ဆိုတာ ခရိုင်သဘောပေါ့..။မဆလ ခေတ်  ဖွဲ့ စည်းပုံမှာ  ခရိုင်မရှိသလို  အခု  ကျနော်တို့ NLD ကလည်း(ခရိုင်) မြို့ နယ်စု မထားပါ..။လွန်ခဲ့ တဲ့  ပဲခူးတိုင်း ညီလာခံ  အကြိုကာလတုံးကတခါ   မြို့ နယ်စုကော်မတီ ဖွဲ့စည်းမယ်လို့   အသံထွက်ခဲ့ပါတယ်..။တိုင်း စည်းက  ခွင့်မပြုပါ..။မြို့ နယ်စု ကော်မတီ မဖွဲ့ ရလို့ တားထားပါတယ်..။ဒီမြို့ နယ်စု ကော်မတီ
ဖွဲ့ စည်းရေး ဆိုတာ  ပြည်မြို့ နယ်ရဲ့   သဘောထားသာ ဖြစ်တယ်..လို့သိရပါတယ်..။ဒါကိုလည်း ကျနော်က  ကန့်ကွက်ပါတယ်..။တိုင်းက  တားထားတဲ့ ကိစ္စတခု  ကို   ခုလို  တိုင်းစည်းမှာ  အားနဲပြီး မတည်မငြိမ်ဖြစ်နေတုံးမှာ  အောက်ခြေက  မလုပ်သင့်ဘူး..။မလုပ်ကောင်း ဘူး လို့  ကျနော်က  တင်ပြပါတယ်..။

ဒီတော့  သဲကုန်းမြို့ နယ်က  ဦးအောင်သန်းကတိုင်းစည်းတာဝန်ခံ  ဦးကိုယုက  ဒီလို အရံ ဖွဲ့ ထားဖို့  စာနဲ့ ရေးပေးခဲ့တာ..။ဆရာကြီးကိုတောင်  ထည့်ဖွဲ့ မလို့..။ဆရာကြီးတို့  ရောက်မလာလို့  ဒီပြင် လူများနဲ့  ဖွဲ့လိုက်တာပါ လို့  ပြောပါတယ်..။ကျနော်က  ဦးကိုယုနဲ့  တက္ကသိုလ်မှာတုံးက
အတူတူ  လုပ်ခဲ့ကိုင်ခဲ့ ဖူးတဲ့အတွေ့ အကြုံ ရှိပါတယ်..။ဦးကိုယု ဟာ လှုံ့ ဆော်အား အလွန်ကောင်းတဲ့သူပါ..။ဒါပေမယ့်  အခုဟာမျိုးက
တော့   မလုပ်သင့်တဲ့ ကိစ္စပါ..။ခင်ဗျား တို့လဲမလုပ်ကောင်းပါဘူး..။မလုပ်ပါနဲ့ လို့ ကျနော်  တားပါတယ်..။

ဒီတော့မှ  ပဲခူးတိုင်းတာဝန်ခံ  ဦးသိန်းလွင်ကပဲခူးတိုင်းရုံးဖွင့်ပွဲကို  ပဲခူးမှာ (၁၂)ရက်နေ့  လုပ်မယ်။တမြို့ နယ်   ကိုယ်စားလှယ် တယောက်  လွှတ်ပါ..။အဲဒီကျတော့  ဆရာကြီးဆွေးနွေးပါ လို့  ပြောပါတယ်..။

ကျနော်  ဒီပြည်မြို့ နယ်စုရဲ့   လုပ်ပုံလုပ်နည်း ကိုမကြိုက်ပါ..။ပြီးတော့  ကိုယု ကိုလည်း  ဒီလိုလုပ်မယ်လို့မထင်ပါ..။တကယ်တော့ ဗဟိုကို ကျနော်လည်း  အားမရ ပါ..။အထူးသဖြင့်မျိုးချစ်ကြီးများကို  အားမရပါ..။ဒါပေမဲ့  အားမရတိုင်း ထင်သလို   မလုပ်သင့်ပါ..။မြို့ နယ်စု ဖွဲ့စည်းခြင်းကိုလည်း  ပဲခူးတိုင်း (၂၈)မြို့ နယ်စုံညီအစည်းအဝေးမှာ  အတည်ပြု ထားခြင်း မရှိပါ..။မြို့ နယ်စု မဖွဲ့ ရလို့ ကိုတိတိကျကျ  ညွှန်ကြားပြီး ရှိတာမို့အခု  မြို့ နယ်စု ကော်မတီဖွဲ့ တာကိုလည်း ကျနော်  ကန့်ကွက်ပါတယ်..။

ဒီ တော့မှ  ဦးသိန်းလွင်က  ထပ်ရှင်းပါတယ်..။ဒီ အစည်းအဝေး မှာသူရှိနေသော်လည်း  ဒီမြို့ နယ်စုဖွဲ့ စည်းရေးဟာ   သူ့သဘောထားမပါ ဘဲ..။ပြည်မြို့ နယ်အတွင်း  မြို့နယ်ပေါင်းစုံအစည်းအဝေးက တင်ပြထားတဲ့   စာတမ်းအရ  လုပ်တာဖြစ်ကြောင်း  ပြောပါတယ်..။ဒီတော့ မှ  ထပ်ပြီးပြသနာ ပေါ်တော့တာပေါ့..။ဘယ်တုံးက  စည်းဝေးတဲ့  မြို့ နယ်ပေါင်းစုံ  အစည်းအဝေးက  စာတမ်းလဲ လို့ ကျနော်က  မေးတော့မှ (၂.၈.၈၉)နေ့က  အစည်းအဝေးပါတဲ့ ..။အဲဒီ  အစည်းအဝေးကို  အရေးပေါ်  လုပ်ရတာမို့ ပေါင်းတည်နဲ့  ပန်းတောင်းကိုမဖိတ် ဖြစ်ပဲ  ပြည်၊ရွှေတောင်၊ ပေါက်ခေါင်းနဲ့  သဲကုန်း တို့ကသာတက်ရောက်ပြီး  ပြုစုတဲ့   စာတမ်းဖြစ်ပါသတဲ့ ..။ပြည်မြို့ နယ်စု (ယခင် အခေါ်  ခရိုင်)မှာ ခြောက်မြို့ နယ်ပါတယ်..။ပြည်၊ပန်းတောင်း၊ပေါက်ခေါင်း၊သဲကုံးရွှေတောင် နဲ့  ပေါင်းတည် ပါ..။ဒီလို  ၆မြို့ နယ်  ရှိတဲ့  အနက်က  လေး
မြို့ နယ်ပဲ  ဖိတ်ပြီး  ပြုစုတဲ့  စာတမ်းဆိုတာ  ဘယ်လို ပါလဲ..။ဒါဆို ကျန်တဲ့   အရေးပေါ်မို့  မဖိတ်ဖြစ်တဲ့   မြို့တွေကိုလဲ  စာတမ်း မဖြန့်ပါလား..လို့မေးတော့မှ   စာတမ်းကို  ပြန်ဖတ်ပြပါတယ်..။

အချုပ်ကတော့  မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့က  ဇွန်လ (၂၇)ရက်နေ့က ထုတ်ပြန်တဲ့   ကြေညာချက်ကို  မကျေမနပ် ဖြစ်ရာက ထွက်ပေါ်လာတဲ့   စာတမ်းပါ..။(မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ ရဲ့  စာတမ်း(၂၇.၆.၈၉)ကို နောက်ဆက်တွဲ (က)တွင်  ဖော်ပြထားပါတယ်..။ထို စာတမ်းအကျဉ်းချုပ်ကိုလဲ  ရှေ့ တွင်ဖော်ပြပြီး) အဲဒီ စာတမ်းမှာ  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးရဲ့ အရံ အဖွဲ့ ဖြစ်တဲ့  မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့က  မိခင်အဖွဲ့ နဲ့ သဘောထားမတူတဲ့  သဘော၊ မိခင်အဖွဲ့ ကို  ပြန်ဝေဖန်တဲ့  သဘောအပြင်  ၊တစုံတရာထိပ်တိုက် ရင်ဆိုင်လာရရင်  ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့  သူ့ရဲ့ နောက်လိုက်တွေ ရဲ့  တာဝန်သာဖြစ်တယ်မျိုးချစ်ရဲဘော် ဟောင်းကြီး များနဲ့  မဆိုင်ဘူး ဆိုတဲ့  သဘောမျိုးတွေပါတယ်..။ဒါကြောင့် မျိုးချစ်ကြီးတွေကိုမယုံနိုင်ဘူး..။ဗဟို အလုပ်အမှုဆောင်  ဦးအောင်လွင်နဲ့   အတွင်းရေးမှူးဦးဝင်းတင်   ကိုလဲ တရားလက်လွတ် ဖမ်းဆီး လိုက်ပြီး..။အာဇာနည် နေ့အရေးအခင်း အပြီး  ဗဟိုအလုပ်အမှုဆောင်   အများအပြား   ဖမ်းဆီးခံရ  လိုက်တယ်..။ဒီတော့  လက်ရှိ ဗဟိုကော်မတီမှာ  ဒေါ်စုဘက်က  တတ်သိပညာရှင်  လေးဦးသာကျန်တော့လို့  ဗဟိုကော်မတီ နဲ့   ဗဟို အလုပ်အမှုဆောင်ကို အင်အားဖြည့်နိုင်အောင်  ရန်ထားချင်တယ်..။ဒါကြောင့်အောက်ခြေကနေပြီးတော့ အရန်အဖွဲ့ တွေ ဖွဲ့ ထားသင့်တယ် ဆိုတဲ့  သဘောပါဘဲ..။

ဒါလည်း  မှန်တော့ မှန်ပါတယ်..။အဖွဲ့ ချုပ် စတင်ဖွဲ့စည်းစဉ်က  အောင်စုတင် သုံးဖွဲ့  က  တဖွဲ့ကို(၁၄)ဦးစီနဲ့  (၄၂) ဦးရှိတဲ့  ဗဟိုဦးစီးအဖွဲ့ (စီစီ) မှာဦးအောင်ကြီး အဖွဲ့က  (၁၃) ဦး  နှုတ်ထွက် သွားပြီး.မျိုးချစ်ရဲဘော်ဟောင်းက (၁၄)ယောက် ၊ဒေါ်စုရဲ့  တတ်သိပညာရှင်များဘက်က  (၁၄)ဦးနဲ့ ဦးအောင်ကြီး အဖွဲ့က ကျန်ခဲ့ တဲ့   ဦးကြည်မောင်  နဲ့ အားလုံး(၂၉)ယောက်ရှိ  နေ ရာက  တချို့  အရေးယူခံရ..။တချို့  နှုတ်ထွက် ..။တချို့  ဖြည့်စွက်  နဲ့ မို့ ...။ဗဟိုဦးစီး အဖွဲ့  (စီစီ)မှာမျိုးချစ်ကြီးများက (၂၀) ဦး ၊ဒေါ်စုရဲ့ တတ်သိပညာရှင်တွေက (၂၀) ဦးနဲ့ ဦးကြည်မောင် နဲ့  ပေါင်း(၄၁) ဦး  ရှိခဲ့ ပါတယ်..။အခု..ဇူလိုင်(၂၀)ရက်ဒေါ်အောင်ဆန်းစုကြည်ဦးတင်ဦး နဲ့  ဗဟိုခေါင်းဆောင် အများအပြား အဖမ်းခံလိုက် ရတဲ့ အခါမှာတော့  ဗဟိုဦးစီး အဖွဲ့  (စီစီ)မှာ လူ(၃၀)ပဲ ကျန်ပါတော့တယ်..။တချို့ က  ရှောင်နေတယ်..။ဒီ အခြေအနေတွေကိုပဲခူးတိုင်း စည်း  အဖွဲ့ ဝင် ဦးမောင်အေး ရှင်းပြတုံးက  သိခဲ့ရပြီးသားပါ..။အခု ပြည်မြို့ နယ်စု  အစည်းအဝေးမှာတော့ ဒေါ်စု ရဲ့  တတ်သိအုပ်စုက  (၄)ဦး ပဲ  ကျန်တော့တယ် လို့ ထပ်သိရတယ်..။ဗဟိုအလုပ် အမှုဆောင်အဖွဲ့ မှာ (၆)ဦး ရှိတဲ့ အနက်  (၅)ဦးက စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်ပြီး  ဦးခင်မောင်ဆွေ တယောက်သာ တတ်သိပညာရှင်ထဲကကျန်တော့ပါတယ်..။ဗဟို အလုပ်ကော်မတီ (၆)ဦးမှာတော့ (၃)ဦးစီပဲရှိနေပါသေးတယ်..။နောက် ဆုံး အစည်းအဝေးမှာ  ဗဟိုကော်မတီ (၂၅) ဦးပဲ တက်တဲ့  အနက်  ဒေါ်စုရဲ့  တတ်သိပညာရှင်တွေက  လေးဦးပဲရှိသလား  ဆိုတာတော့ အတိအကျ  မသိရသေးပါ..။အခု ဖော်ပြပါ ကော်မတီ ၂ခုမှာပဲဒေါ်စုရဲ့  တတ်သိကလေးဦး  ရှိနေပြီမို့  အခြား ဗဟို ဦးစီးအဖွဲ့  (စီစီ) ၀င်တွေလဲရှိနိုင်ကောင်းပါသေးတယ်..။ဒါပေမယ့်  တတ်သိအုပ်စုက  နည်းသွားပြီ ဆိုတာကတော့  သေချာပါတယ်..။

ဒါပေမယ့် ဒါကို တဖြေးဖြေးချင်း  စည်းကမ်းတကျ ရှင်းတာကကောင်းမယ်..။အခုလို ပုန်းရှောင်နေတဲ့  ဗဟိုဦးစီး အဖွဲ့ ဝင်နဲ့  တိုင်းစည်း ရုံးရေးကော်မတီဦးကိုယုတယောက်တည်းရဲ့   ညွှန်ကြားချက်နဲ့တော့လုပ်ဖို့ မကောင်းဘူး..။ဦး ကိုယု ကလည်း  ညွှန်ကြားခဲ့လိမ့်မယ်လို့ မထင်ပါဘူး..။နောက်တချက်ကလည်းကျနော်တို့  မှာ ဒေသဆိုင်ရာ ပြသနာ ရှိပါတယ်..။

ပြည်ခရိုင်လို့ ခေါ်ခေါ်  ပြည်မြို့ နယ်စုလို့  ခေါ်ခေါ်ပြည်ဇုံ လို့ပဲ ခေါ်ခေါ်  ဒီခြောက်မြို့ နယ်မှာပြည်မြို့ က  ဘယ်လုပ်ငန်းမဆို ဦးဆောင်မှုယူချင်ပါတယ်..။အားကစားဘက်မှာဖြစ်ဖြစ်  ၊ပညာရေးဘက်မှာဖြစ်ဖြစ်  အရင် မဆလ ခေတ်က    လူရည်ချွန် စီမံကိန်းမှာဘဲ ဖြစ်ဖြစ်  သူတို့ပြည်မြို့ က  ဦးဆောင်မှုယူချင်ပါတယ်..။ဒေသ အနေအထားအရလဲ  ယူထိုက်ပါတယ်.။ဒါပေမယ့်  ပေါင်းတည်မြို့နယ်ကိုလည်း ချန်ထားလို့မရပါ..။အထူးသဖြင့် နိုင်ငံရေးမှာတော့  ရှစ်လေးလုံး အရေးတော်ပုံကြီးမှာပြည်ခရိုင် (၆)မြို့ နယ်ထဲမှာ ပေါင်းတည်က  ထိပ်ဆုံးရောက်သွားပါတယ်..။ပြည်မြို့ နယ်က  ကုလားဗမာ အဓိကရုဏ်းကြောင့်စစ်အုပ်ချုပ်ရေး ထုတ်ခံထားရလို့  ဦးမဆောင်နိုင်ပါ..။အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဖွဲ့တော့လည်း   ကျနော့် ရဲ တက္ကသိုလ်ကျောင်းသားဘ၀  လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း ဟောင်းတွေဖြစ်တဲ့ဒေါ်မြင့်မြင့်ခင်၊  မုံရွာ ဦးတင်ရွှေ၊  ဦးတင်ထွတ်၊ဦးစိုးသိန်း(မောင်ဝံသ) ၊ဦးကိုယု  တို့က   အဖွဲ့ ချုပ်  ဗဟိုရဲ့ ခေါင်းဆောင်မှုအခန်းမှာပါနေတယ်..။ကျနော်က သူတို့နဲ့  ပြန်တွဲမိနေတယ်..။ဒီတော့   ပေါင်းတည်    အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဗဟိုနဲ့ နီးစပ်မှု   ပိုရှိနေတယ်..။ဒီတော့  ပြည်မြို့ နယ်စုရဲ့  ခေါင်းဆောင်ပိုင်း နေရာ ကိစ္စမှာပေါင်းတည်ကအန္တရာယ်ဖြစ်လာတယ်လို့ သဘောထားဟန်တူ  ပါတယ်..။ဒါကြောင့် (၂.၈.၈၉)အစည်းအဝေးမှာ ပေါင်းတည်ကိုမဖိတ်ဘူး..။ပြည်မြို့ က  သဲကုန်းနဲ့    ပေါက်ခေါင်းအကူအညီနဲ့  တကွက်ကျော်လိုက်တဲ့ သဘောဖြစ်နေတယ်လို့   ကျနော်တဦးတည်းအနေနဲ့  ခံစားမိပါတယ်..။အဲဒီ   (၂.၈.၈၉)   အစည်းအဝေး မတိုင်မီနှစ်ရက်လောက်က(၃၀.၇.၈၉) နေ့အစည်းအဝေးကိုတောင်    ကျနော် တက်ခဲ့ သေးတာပဲ..။ဘာကြောင့်    ပေါင်းတည်ကိုဖိတ်ဖို့လက်လှမ်းမမီဖြစ်ရမှာလဲ..။တမင် မဖိတ်ပဲ ချန်ထားတာပဲ ဖြစ်မယ်..။အခု (၁၀.၈.၈၉)အစည်းအဝေးကိုလည်းနေ့လည် (၁၂)နာရီလို့  ဖိတ်ပြီး  (၁၀)နာရီမှာ အစည်းအဝေးကိုစထား နှင့်တာတွေဟာ   သံသယကို   ပိုကြီးထွား စေပါတယ်..။

ဒါကြောင့်  ဒီ(၁၀.၈.၈၉) နေ့    အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေကို  ကန့်ကွက်ပါတယ်..။(၂.၈.၈၉) နေ့ က  ပြုလုပ်တဲ့  မြို့ နယ်ပေါင်းစုံအစည်းအဝေးကစာတမ်းကိုလည်း   စည်းရုံးရေးရာ လုပ်ထုံး လုပ်နည်း နဲ့  မကိုက်ညီလို့လုပ်နည်းလုပ်ဟန်ကို ကန့်ကွက်ပါတယ်..။ဒါကို ကျနော်တို့  မြို့ နယ်စည်းရုံးရေးကော်မတီမှာ တင်ပြပြီး  မြို့ နယ်ရဲ့  အဆုံးအဖြတ် အတိုင်း   ဖြစ်စေရမယ်လို့   တင်ပြပါတယ်..။မြို့ နယ်စုက
ဖိတ်တဲ့  (၁၂.၈.၈၉) နေ့မှာ ကျင်းပမဲ့   ပဲခူးတိုင်းရုံး ဖွင့်ပွဲကိုလည်းမြို့ နယ်စည်းရုံးရေးကော်မတီရဲ့   ဆုံးဖြတ်ချက်အရ  ဆောင်ရွက်မယ်..လို့  ပြောပြီး ပြန်ခဲ့ကြပါတယ်..။

နောက်တနေ့  မြို့ နယ်စည်းရုံးရေးကော်မတီ  အစည်းအဝေးကိုကျင်ပပါတယ်..။(၁၁.၈.၈၉) နေ့နံနက် (၉)နာရီ(၃၀)မိနစ်မှာ ကျင်းပတဲ့  အစည်းအဝေးကို မနေ့ကပြည်အစည်းအဝေးကို တရားမ၀င်သွားတက်ခဲ့ တဲ့   ဦးခင်မောင်ဇော် လဲ   တက်ပါတယ်.။ကျနော်က  ပြည်မြို့ နယ်စုအစည်းအဝေးမှာ  တင်ပြဆုံးဖြတ်တာတွေ ရဲ့  အတိုချုပ် အဖြစ်    (၁) ဗဟိုမှာ စစ်ဗိုလ်  အုပ်စုများပြီး  တတ်သိအုပ်စု  အားနဲသွားတဲ့ အပြင်   ဒေါ်စု အဖမ်းခံရပြီးတဲ့ နောက်ဒေါ်စုရဲ့  သဘောထားကို  ဆန့်ကျင်တဲ့   သဘောထားကို  ဗဟိုကပြောင်းလည်းနေဟန်တူတယ်..။  ဥပမာမှတ်ပုံတင် ကိစ္စမှာ   ဒေါ်စုရဲ့  အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူသမျှ   တာဝန်အရ  ဖီဆန်ကြဆိုတဲ့  လမ်းစဉ်ကို  စွန့်ပစ်ပြီး  မှတ်ပုံတင်လိုက်တယ်..။ဒါကို မကျေနပ်ကြ ဘူး..။

(၂) ဗဟိုကို ၀န်းရံဖို့   တိုင်းအရံ ဖွဲ့ ထားဆိုတဲ့   ဦးကိုယုရဲ့ ညွှန်ကြားချက်အရ  ပြည်မြို့ နယ်စုက  (၁)ဦးသောင်းစိန် (ပြည်) ။(၂)ဦးအောင်သန်း (သဲကုန်း)။(၃) ဦးသန်းထွတ် (ပေါက်ခေါင်း) တို့ကိုရွေးချယ်တယ်...။(၃) မြို့ နယ်စုကော်မတီ ဖွဲ့ စည်း  ဖို့  အဆိုပြုတယ်..။(၄) ပဲခူးတိုင်း  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်  စည်းရုံးရေးကော်မတီရုံးကို    ပဲခူးမြို့ မှာ ဖွင့်မယ်..။ဖွင့်ပွဲကို(၁၂.၈.၈၉)နေ့မှာ လုပ်မှာ  ဖြစ်လို့   တမြို့ နယ်  ကိုယ်စားလှယ်  တယောက်စေလွှတ်ရမယ်..။

(၅)မြို့ နယ်စုဟာ  ဒီကိစ္စတွေကို  ပေါင်းတည်ကို  အသိမပေးဘဲ  (၂.၈.၈၉)နေ့က ပြည်ရွှေတောင်ပေါက်ခေါင်းသဲကုန်း  လေးမြို့ နယ် သာ  စုပြီး  စာတမ်းပြုစုတယ်..။(၁၀.၈.၈၉)နေ့မှာ မှ  ခြောက်မြို့ နယ်  အစည်းအဝေးခေါ်တယ်..။အစည်းအဝေး ခေါ်တော့လဲ နေ့လည် (၁၂)နာရီ ကို   အချိန်သတ်မှတ်ပြီး(၁၀)နာရီမှာ ပေါင်းတည်က   တရားမ၀င်တက်တဲ့   ဦးခင်မောင်ဇော်ကို   ပေါင်းတည်ကိုယ်စားလှယ်အဖြစ်  သတ်မှတ်ပြီး  အစည်းအဝေးလုပ် ပုံဟာ   မရိုးသားဘူးလို့   ခံစားမိတဲ့ အကြောင်း နဲ့   ကျနော်နဲ့  ဦးမြင့်စိုးတို့ နှစ်ဦး  တိုင်ပင်ပြီးကျနော်ကန့်ကွက်ခဲ့ တယ်..။အခု  မြို့ နယ်အစည်းအဝေးကို  တင်ပြပါတယ်...လို့ ပြောပါတယ်..။

အတူ  အစည်းအဝေး  တက်တဲ့   ဦးမြင့်စိုးကလည်းကျနော့်လိုပဲ  ပြည်က  လူလည်လုပ်တယ်လို့ခံစားရကြောင်း  ပြောပါတယ်..။ပြည်အစည်းအဝေးကိုပေါက်ခေါင်းကိုယ်စားလှယ်များ နဲ့    အတူ တက်ခဲ့ တဲ့ ဦးခင်မောင်ဇော်ကတော့  သူက  အစည်းအဝေးကို  တရားဝင်တက်တာ
မဟုတ်ပါဘူး..။ဆရာကြီးတို့  မလာခင်  မှတ်သားထားဖို့သာ  တက်တာပါ  လို့   ပြောပြီး..။ဗဟိုမှာ  ဖြစ်နေတဲ့  အနေအထားကို  ပြောပြပြီး..။
ဒေါ်စု သဘောထား အတိုင်း  တိုင်းမှာ  ဗဟိုကို   အားဖြည့်ဖို့    အရံ အဖွဲ့   ရှိသင့်ကြောင်း..။ဒါပေမယ့်..မိမိမြို့ နယ်ရဲ့  သဘောထားကိုသာ  မိမိ  လိုက်နာမှာ  ဖြစ်တယ်လို့   ပြောပါတယ်..။

ဒီကိစ္စက  အရေးကြီးတာကလဲ  တကြောင်း..။လွန်ခဲ့ တဲ့ တပါတ်လောက်  အတွင်းမှာ   ဒီမိုကရေစီကျတဲ့    အစည်းအဝေးတရပ်ကို  တက်ရောက်ဆွေးနွေးနိုင်   ခဲ့ ကြလို့ နိုင်ငံရေး   တိုးတက်နိုးကြားမှု  အဆင့်တဆင့်  မြင့် လာပြီဖြစ်တဲ့      ကော်မတီဝင်များဟာ   အတော်ကို
တက်တက်ကြွကြွ   စိတ်ဝင်စားစွာနဲ့  ဆွေးနွေး ကြပါတယ်..။အစည်းအဝေး  ကျင်းပတာကိုတောင်  ခါတိုင်းလိုလူဝင်လူထွက်များတဲ့   အောက်ထပ်ရုံးခန်းမှာ  မကျင်းပဘဲ   အိမ်ရှင်ကို  ခွင့်တောင်းပြီး   အပေါ်ထပ်မှာသီးသန့် အချိန်ယူပြီး  ဆွေးနွေးကြတယ်..။

နိုင်ငံရေး  ပါတီ တခုမှာ    ဒီလို  အစည်းအဝေးမျိုးတွေကို  စည်းကမ်းတကျဒီမိုကရေစီကျကျ   ကျင်းပနိုင်ရင်အစည်းအဝေး တခုဟာ   နိုင်ငံရေး ရက်တို သင်တန်း     တခုလောက်   တာသွားတယ်ဆိုတာကို..ကျနော့်ရဲ့ ကျောင်းသားဘ၀  ကျောင်းသားလှုပ်ရှားမှုတွေ အတွင်း မှာ  တွေ့ ကြုံခံစားခဲ့ရတာမို့   ဒီလို  အစည်းအဝေးမျိုးကို   အားလုံး  ကျယ်ကျယ်ပြန့်ပြန့်  ပါဝင်ဆွေးနွေးစေကာ  အလေ့အကျင့်လုပ်ပေးပါတယ်..။ နောက်ဆုံးတော့ ....(၁)အချက်   ဗဟိုကို  မကျေနပ်တာထက်  အားမရဘူးဆိုတာကို   အားလုံးလက်ခံတယ်..။(၂)အချက်    တိုင်းအရံဖွဲ့ စည်းရေးကိုတော့  လောလောဆည်  စည်းရုံးရေးမပြိုကွဲစေဖို့အတွက်  လက်မခံဘူး။ပေါင်းတည်မြို့ ရဲ့   သီးသန့်သဘောထားကို  ဗဟိုကို  တင်ပြမယ်..။(၃)မြို့ နယ်စု  ဖွဲ့ စည်းတယ်   ဆိုတဲ့ အစား    တိုင်းမှာ    မြို့နယ်စု  တာဝန်ခံတယောက်  ထားတာမျိုးလောက်  ဖြစ်သင့်တယ်..။ဒါကိုလည်း  ပေါင်းတည်မြို့ နယ်ရဲ့  သဘောထားကိုသီးသန့်တင်ပြမယ်..။

(၄)ပဲခူးတိုင်း  စည်းရုံးရေးကော်မတီရုံးကို  ပဲခူးမှာ  ဖွင့်တာလက်ခံတယ်..။ဖွင့်ပွဲကို  မြို့ နယ်က တက်ဖို့ကိုတော့  တရားဝင်ဖိတ်စာကို  တိုင်းစည်းက  ပေးရင်   တက်မယ်..။တက်မဲ့ ကိုယ်စားလှယ် အဖြစ်   ဦးဖေမြင့်ကို   သတ်မှတ်တယ်..။(၅) မြို့ နယ်စုနဲ့   တိုင်းစည်းမှ  တာဝန်ရှိသူ  တချို့ ရဲ့ လုပ်ပုံလုပ်နည်းဟာ  စည်းရုံးရေးရာ ကျင့်ဝတ်တွေနဲ့မကိုက်ညီဘူး..။ဒါကြောင့်  သံသယရှိတယ်..။ဒါပေမယ့်  အဖွဲ့ ချုပ်စည်းရုံးရေး  မပျက်ပြားစေဖို့  ဒီကိစ္စကိုခုအတောအတွင်း  သဘောထားကြီးကြီးထားပြီး  ခွင့်လွှတ်လိုက်မယ်လို့  ဆုံးဖြတ်ကြပါတယ်..။
           
ချုပ်လိုက်ရင်  မြို့ နယ်စု   စာတမ်းကို   ပေါင်းတည်ကလုံးဝဥသုံ  လက်မခံပါ...။အချို့ အချက်များမှာ ထောက်ခံ ပေမယ့်     တချို့  အချက်တွေကိုတော့  သဘောမတူနိုင်လို့ သီးခြားစာတမ်းတင်မယ်လို့ပြည်မြို့ နယ်စုကို  စာပြန်လိုက်ပါတယ်..။ ဒီစာကိုလည်း   တိုင်းဖွင့်ပွဲ
တက်မယ့်   ပြည်မြို့ က   လူတွေကိုဘူတာက  စောင့်ပေးလိုက်ပါတယ်..။မိတ္တူ တစောင်ကိုလည်း   တိုင်းစည်းရုံးရေး
ကော်မတီကို  ပေးလိုက်ပါတယ်...။         ။


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives