[mrsorcerer:38194] ဘာသာရေးအကြမ်းဖက်ရန် ခြိမ်းခြောက်မှုများကြောင့် မတည်ငြိမ်မှုများ နိုင်ငံအနှံ့ ဖြစ်ပေါ်နေ

ဘာသာရေးအကြမ်းဖက်ရန် ခြိမ်းခြောက်မှုများကြောင့် မတည်ငြိမ်မှုများ နိုင်ငံအနှံ့ ဖြစ်ပေါ်နေ

ယခုလပိုင်းအတွင်း မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် ဘာသာရေးအကြမ်းဖက်မှုများ ဖြစ်ပေါ်လာမည်ကို ဒေသအသီးသီးရှိ မွတ်စလင်မ်များမှာ စိုးရိမ်ထိတ်လန့်လျက် ရှိနေကြရတယ်လို့ ဒေသအသီးသီးမှ သတင်းပေးပို့ချက်များအရ သိရှိရပါတယ်။

ဒေသအသီးသီးမှ သတင်းပေးပို့ချက်များအား အောက်ပါအတိုင်း စုစည်းတင်ပြလိုက်ပါတယ်။

မြစ်ကြီးနားမြို့ရှိ မွတ်စလင်မ်အိမ်များအား ပြီးခဲ့တဲ့လကတည်းက ပစ်စာများ နေရာအနှံ့နီးပါး ရောက်ရှိခဲ့ပြီး ထိုစာများတွင် မွတ်စလင်မ်များ၏ ပိုင်ဆိုင်မှုများအား သိမ်းပိုက်မည်။ ဖျက်ဆီးမည်ဟူသော ရေးသားချက်များပါဝင်ထားပြီး၊ ဒုက္ခသည်စခန်းလုပ်ဖို့ နေရာရွေးထားကြရန်၊ ပြေးဖို့ လမ်းရှာထားကြရန်၊ ကေအိုင်အေဆီပြေးလဲ အပိုပင်ဖြစ်မည်၊ ကေအိုင်အေလဲ စပ်တပ်အား တိုက်မနိုင်သောကြောင့် လက်နက်ချဖို့ ဆွေးနွေးနေပြီဟူသော ခြိမ်းခြောက်မှုများ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါစာများအား ကသာ၊ ဗန်မော်၊ ဖားကန့် အစရှိသည့် မြို့များတွင်လည်း ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

မိုးညှင်းမြို့ ဘူတာအတွင်းဖွင့်ထားသော ဘူတာလဘက်ရည်ဆိုင်သည် မွတ်စလင်မ်ဆိုင်ဖြစ်မှန်းသိ၍ အကြမ်းဖက်လုယက်ရန်အတွက် အစဆွဲထုတ် ရန်စမှုများ ပြုလုပ်ခံခဲ့ရသော်လည်း ဆိုင်ပိုင်ရှင် မွတ်စလင်မ်များဘက်က သည်းခံ၍ ဖြေရှင်းခဲ့ခြင်းကြောင့် ပြဿနာများ ကြီးထွားမှု မရှိခဲ့ရကြောင်း သိရပါတယ်။

ကန့်ဘလူမြို့မှာတော့ မြို့ပေါ်ရှိ မွတ်စလင်မ်ဆိုင် (၂၁) ခု၏ စာရင်းအား ရဲတပ်ဖွဲ့မှ လျှို့ဝှက်ကောက်ယူခဲ့ပြီး၊ ဗိုလ်ချုပ်မှူးကြီးမောင်အေး၏အစ်ကိုဖြစ်သူမှ အကြမ်းဖက်မှုများ လုပ်ကိုင်ရန်အတွက် မြို့လုံးကျွတ် ဌာနဆိုင်ရာနှင့် ရပ်မိရပ်ဖများအား အစည်းအဝေးခေါ်ယူ၍ ၀ါဒဖြန့်စကားများအား ပြောကြားခဲ့ပြီးနောက် သမိုင်းဝင် ကန့်ဘလူအရဗီကျောင်းတည်ထောင်ခဲ့သည့် မြန်မာမွတ်စလင်မ် ပညာရှင် သူတော်စင်ကြီးများ၏ သင်္ချိုင်းတော်များအား အမြန်ဆုံးဖျက်ဆီးရန် အရပ်သားတစ်ဦးအနေဖြင့် အတိအလင်းအမိန့်ထုတ်ခဲ့ပြီး၊ ကန့်ဘလူမြို့ပေါ်တွင် စကားဝဲသည့် မျက်နှာစိမ်းသင်္ဃန်းဝတ်များ လှုပ်ရှားနေကြောင်း သိရပါတယ်။ မြို့နယ်အနီးရှိ ကျေးရွာအချို့မှ ဗလီဝတ်ပြုကျောင်းများအား ဘုန်းကြီးများ လတ်မှတ်ရေးထိုး၍ ဖိအားပေး ခြိမ်းခြောက်၍ ဖျက်ခိုင်းနေခြင်းများလည်းရှိနေကြောင်း သိရပါတယ်။

ရွှေဘိုမြို့တွင် ယခုရက်ပိုင်းအတွင်း ထောင်လှမ်းရေးစစ်ဗိုလ်ဟောင်း ဦးခင်ညွန့်နှင့် 969 အကြမ်းဖက်ဂိုဏ်း၏ တရားမ၀င်ခေါင်းဆောင် ၀ီရသူတို့ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

ခင်ဦးမြို့မှာတော့ မွတ်စလင်မ်အိမ်များအား မီးတင်ရှို့ခြင်း ခံခဲ့ရပြီး ဒုက္ခရောက်သူအချို့မှာ ကူညီကယ်ဆယ်ရေးများ လိုအပ်နေတယ်လို့ သိရပါတယ်။

မန္တလေးမြို့တွင်လည်း ဗုဒ္ဓဘာသာအစွန်းရောက် အကြမ်းဖက်သမားများမှာ တုတ်၊ ဓားများ အသင့်ပြင်နေကြပြီး ဆူပူရန် လှုံ့ဆော်လာမည်ဆိုပါက အချိန်မရွေး၊ နေရာမရွေး မွတ်စလင်မ်များ၏ အိမ်များနှင့် ဆိုင်များအပါအ၀င် ဗလီကျောင်းများအား ၀င်ရောက်ဖျက်ဆီးလုယက်နိုင်ကြောင်း သတင်းများ အသီးသီး ထွက်ပေါ်နေသော်လည်း မြို့ပေါ်ရှိ အာဏာပိုင်များမှ ဆူပူရန် လှုံ့ဆော်သူများကို ထိရောက်စွာ အရေးယူခြင်းမရှိဘဲ လျော့တိလျော့ရဲသာ ကိုင်တွယ်ဖြေရှင်းနေခြင်းကြောင့် မွတ်စလင်မ်များမှာ မိမိရပ်ကွက်လုံခြုံရေးအတွက် ကိုယ်ထူကိုယ်ထ ကင်းစောင့်နေရပြီး၊ အကြမ်းဖက်ရန် ၀င်ရောက်ကြိုးပမ်းလာသူများအား တားဆီးနေသော်လည်း တားဆီးသူမွတ်စလင်မ်များအား ခေါင်းစဉ်ပြောင်း၍ တရားခံအဖြစ် ဖမ်းဆီးခြင်းများလည်း ရှိနေကြောင်း သတင်းရရှိပါတယ်။

ကျောက်ဆည်မြို့နှင့်အနီးတ၀ိုက်မှာတော့ မိတ္ထီလာအကြမ်းဖက်မှုများအတွင် ပါဝင်ရန် ငွေဖြင့် ဆွဲဆောင်ခံခဲ့ရပြီးနောက် လိုက်သွားပြီး ပြန်ရောက်မလာတော့သောကြောင့် ကျန်ရှိခဲ့သည့် မိန်းမများမှာ ငွေလည်းမရ၊ လင်လဲသေဆုံးသောကြောင့် မုဆိုးမဘ၀ဖြစ်နေရစဉ် အကြွေးများပိနေခဲ့မှုအတွက် စည်းရုံးသူများနှင့် ပဋိပက္ခများဖြစ်နေကြပြီး စည်းရုံးလှုံ့ဆော်သူများက ကျောက်ဆည်မြို့ပေါ်မှာ ဖြစ်တဲ့အခါ ဦးစားပေး ခေါ်ဆောင်သွားပြီး ပစ္စည်းများအား မြိုးမြိုးမြတ်မြတ်ရအောင် လုပ်ပေးမည်ဟု ကတိပြုနေကြတယ်လို့ မျက်မျင်ကြားသိရသူများကို ကိုးကားပြီး စီဂျေများက သတင်းပေးပို့လာပါတယ်။

မိတ္ထီလာမြို့နယ်တွင်လည်း ပြန်လည်နေထိုင်သူများမှာ ညဘက်တွင် စိုးရိမ်ထိတ်လန့်နေရဆဲဖြစ်ပြီး ခြောက်ခြားစရာ မြို့ပျက်ကြီးတစ်ခုအသွင်ဆောင်နေပြီး 969 များမှာ အာသာမပြေသေးသည့် လူသတ်ဘီလူးကြီးများသဏ္ဍာန်ပေါက်နေပြီး မွတ်စလင်မ်များအား စစ်ရှုံးနှင့်စစ်နိုင်ပမာ မောက်မာစွာ ဆက်ဆံခံနေရဆဲ ဖြစ်ကြောင်း သိရပါတယ်။

ပျော်ဘွယ်မြို့တွင်လည်း ဗလီများအတွင်း ရှောင်တခင် ၀င်ရောက်၍ အကြမ်းဖက်စစ်ဆေးခြင်းများ ရှိနေကြသလို၊ မိတ္ထီလာကိစ္စတွင် ပါဝင်ပူးပေါင်းခဲ့သူများတွင် ပျော်ဘွယ်ဒေသခံအချို့ ကားများဖြင့် သွားရောက်ပါဝင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မိတ္ထီလာတွင် အကြမ်းဖက်ခဲ့သူများက ပျော်ဘွယ်မြို့အား သုံးရက်အတွင်း အကြမ်းဖက် ဖျက်ဆီးမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့၍ အိုးအိမ်များစွန့်ခွါ၍ အသက်ဘေးလွတ်ရာများတွင် ပုန်းခို ရှောင်ဖယ်နေရသည်မှာ နှစ်ရက်ရှိပြီဖြစ်ကြောင်း သိရပါတယ်။

ရမည်းသင်းမြို့နယ်အတွင်းမှာလည်း ရွှေဘုံသာဗလီအား မီးရှို့လုပ်ကြံမှုဖြစ်ပွားခဲ့ပြီးနောက် ဆက်လက်၍လည်း ဗလီအချို့အား ဖျက်ဆီးအုံးမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေတာကြောင့် လုံခြုံရေးသတိကြီးစွာဖြင့် စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။

နေပြည်တော်ဒေသတ၀ိုက်ရှိ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း အကြမ်းဖက်မည်ဖြစ်၍ လိုက်ပါမည့်သူတိုင်းကို ငါးသောင်း အသားတင်ပေးမည်ဖြစ်ပြီး လုယက်မှုတွင် မိမိရသမျှ မိမိယူနိုင်သည်ဟု အုပ်ချုပ်ရေးမှူးနှင့်နီးစပ်သူများက စည်းရုံးနေပြီး၊ မွတ်စလင်မ်များနှင့်ပြဿနာဖြစ်အောင်လုပ်နိုင်သူအား သိန်းငါးဆယ်ပေးမည်ဖြစ်ကြောင်း လိုက်လံစည်းရုံးခြင်းများ ရှိနေတယ်လို့ သိရပါတယ်။ ယခုနောက်ပိုင်းတွင် နေပြည်တော်၌ လိုင်စင်မဲ့ ကားနှင့်ဆိုင်ကယ်များအား 969 စတေကာများတပ်၍ လမ်းပေါ်တွင် အဆင်အခြင်မဲ့ မောင်းနှင်ကာ ပြဿနာရှာ အစဆွဲထုတ်နေခြင်းများဟု ဒေသခံမွတ်စလင်မ်များက ရှုမြင်ကြပြီး သတိထားနေရကြောင်း သိရပါတယ်။

လယ်ဝေး၊ ဧလာ၊ မြို့လှ၊ ရေနီ၊ သာဂရ၊ ဆွာ၊ ရေတာရှည်မြို့များမှာလည်း မတည်ငြိမ်မှုများ ဆက်တိုက်ပေါ်ပေါက်နေပြီး အုပ်ချုပ်ရေးမှူးများမှ ဘုန်းကြီးများ လာဖျက်သည့်အခါ ပြန်မလုပ်ရန်နှင့် ပြန်လုပ်ပါက တာဝန်မယူကြောင်းများ ပြောဆိုနေတယ်လို့ သိရပါတယ်။

တောင်ငူမြို့မှာတော့ ယခင်က အကြမ်းဖက်ခဲ့သည့်နေ့များဖြစ်တဲ့ ယခုလ ၁၅၊ ၁၆၊ ၁၇ ရက်တို့မှာ ပြန်ဖြစ်မယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေပြီး ဒေသခံများမှာ စိတ်ဓာတ်ရေးရာ ကျဆင်းမှုများ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ ယခင်ကတည်းက အကြမ်းဖက်ခံရမှုကြောင့် ပျက်စီးသွားသည့်ဗလီများအား ဆက်လက်၍ ပိတ်ပင်ထားဆဲပင်ဖြစ်ပြီး ဖွင့်ပေးထားသည့် ဗလီခြောက်လုံးအား ၀ီရသူ၏ ၀ါဒဖြန့်သတင်းအပေါ် အခြေခံ၍ မြို့နယ်အာဏာပိုင်များမှ ဗလီများအတွင်း ရှောင်တခင် စီးနင်း၍ လက်နက်များနှင့် အက်ဆစ်ကန်များရှာဖွေခြင်းနှင့် ၀တ်ပြုမှုများအား သူလျှိုများထား၍ စောင့်ကြည့်ခံနေရတယ်လို့ ဒေသခံများက ပြောပြပါတယ်။

ဖြူး၊ ကညွတ်ကွင်း၊ မုန်း ဒေသများဘက်မှာတော့ မကြာသေးမီက ပြဲနေသည့် 969 စတေကာစာရွက်ပေါ် လက်ထောက်မိ၍ စတေကာဖြဲသည်ဟုဆိုကာ ထောင်ချခံရသည့်ပြဿနာနှင့် အမည်မသိ အမျိုးသမီးတစ်ဦး သေဆုံးသည့်ဖြစ်စဉ်များကို အခြေခံကာ မွတ်စလင်မ်များအား အကြမ်းဖက်ရန် တာဆူနေကြောင်း သိရပါတယ်။

ပဲခူးမြို့နှင့်အနီးတ၀ိုက်မှာလည်း မွတ်စလင်မ်များ အထူးစိုးရိမ်နေရပြီး ဥက္ကံမြို့ဖြစ်ပွားပြီးနောက် ပိုမို ထိတ်လန့်နေကြရကြောင်း သိရပါတယ်။

ရန်ကုန်မြို့မှာတော့ နေရာအနှံ့အပြားမှာ သတိအနေအထားနဲ့ အစ္စလာမ်ဘာသာဝင်များဘက်က စောင့်ကြပ်နေကြရပြီး၊ လုံခြုံရေးအရ မတည်ငြိမ်မှုများ ပေါ်ပေါက်စေရန်ကြိုးပမ်းသည့်အကြမ်းဖက်သမားများအား ရပ်ကွက်အတွင်း တာဝန်သိစွာဖြင့် ကိုယ်ထူကိုယ်ထ လုံခြုံရေးစောင့်ကြပ်နေသည့် အစ္စလာမ်ဘာသာဝင်များမှ မကြာခဏဆိုသလို ဖမ်းဆီးရမိနေပြီး သက်ဆိုင်ရာ တာဝန်ရှိ လုံခြုံရေးများလက်သို့ အပ်နှင်းနေသော်လည်း ထိရောက်သည့် အရေးယူမှုများ မရှိသေးသည့်အပြင် အချို့အား ပြန်လွှတ်ပေးနေသည့်ဖြစ်စဉ်များလည်း ရှိနေကြောင်း ကြားသိရပါတယ်။ ဗုဒ္ဓဘာသာ အများစုရှိရာ အချို့ဒေသများတွင် မွတ်စလင်မ်များမှ ဝေငှနေသည်ဟူ၍ လုပ်ကြံစာရွက်တချို့အား သွေးထိုးလှုံ့ဆော်သူများမှ နေ့ဘက်တွင် လိုက်လံဝေငှခြင်း၊ ညဘက်တွင် ကားများဖြင့် မွတ်စလင်မ်များ လက်နက်အပြည့်ဖြင့် လာနေသည်ဟူသော လုပ်ကြံသတင်းများလိုက်လံ အော်ဟစ်နေသလို၊ မွတ်စလင်မ်အများစုရှိရာဒေသများတွင်လည်း အောင်ဆန်းကွင်းဟာ မင်းတို့နေရမယ့်ဒုက္ခသည်စခန်းဖြစ်မယ်ဆိုတာသဘောဟူသည့် ခြိမ်းခြောက်ရေး ပစ်စာများအား အိမ်အချို့တွင် ရောက်ရှိနေပြီး၊ ကိုယ်ထူကိုယ်ထ ကင်းသမားအနီးတွင် မထိတထိ အော်ဟစ်၍ ကားမောင်းပြေးခြင်း၊ 969 အကြမ်းဖက်ဂိုဏ်း၏ အမှတ်တံဆိပ်ပါ စတေကာများနှင့် ဌာနဆိုင်ရာစတေကာများ ပူးတွဲ၍ ကပ်ထားသည့် တရားမ၀င် မော်တော်ဆိုင်ကယ်များဖြင့် ကတုံးတုံး၍ အင်္ကျီနီညိုရောင်လက်ရှည်များ ၀တ်ဆင်ထားသူတချို့အား တင်ဆောင်လာ၍ ရပ်ကွက်အတွင်း ဓာတ်ဆီဘူး၊ ခြင်းလုံး၊ ကျွတ်စများပါ အိတ်များဖြင့် ချပေးခဲ့ခြင်းများလည်း ရှိနေကြောင်း သိရပါတယ်။

ရန်ကုန်ပြည်လမ်းမကြီးတလျှောက်ရှိ မြို့ရွာများမှာတော့ မိတ္ထီလာဖြစ်စဉ်များနောက်ပိုင်း ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများနှင့် ရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သည့် ဥက္ကံအကြမ်းဖက်မှုများကြောင့် ငြိမ်သက်ခြင်းများမရှိသေးဘဲ လက်ကျန် ဗလီနှင့်စာသင်ကျောင်းများအား ဘယ်နေ့ဘယ်ရက်လာဖျက်ကြမည်ဆိုသော ကောလဟလသတင်းများကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြရပြီး ဥက္ကံမြို့တွင်လည်း အကြမ်းဖက်ခံရမှုကြောင့် ဒုက္ခရောက်ခံသူများအား ရန်ကုန်မြို့မှတဆင့် အလှူရှင်များ လာရောက်ပေးကမ်းနေခြင်းအပေါ် အကြမ်းဖက်သမားအချို့မှ တားဆီးမှုများရှိနေပြီး ဒုက္ခသည်များရှိရာဒေသများတွင် ညဘက် လျှပ်စစ်မီးမရှိခြင်းများကြောင့် ညဘက်တွင် လာရောက်၍ ခြိမ်းခြောက်ဝိုင်းထားခြင်းများလည်း ရှိနေတယ်လို့ သိရပါတယ်။ ရန်ကုန်ပြည်လမ်းတလျှောက်ဒေသများတွင် ပေါ်ပေါက်ခဲ့သည့် အကြမ်းဖက်မှုများအတွင်း ဒေသအုပ်ချုပ်ရေးမှူးများ၊ ၀န်ထမ်းများနှင့် ရဲတပ်ဖွဲ့များ ပါဝင်ပတ်သက်နေပြီး ဖမ်းဆီး အရေးယူ စစ်ဆေးခြင်းများ မပြုလုပ်သေးခြင်းကြောင့် ငြိမ်သက်ရန် မလွယ်ကူကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများက အလင်းမျက်ဝန်းသို့ သတင်းပေး ပြောဆိုလာပါတယ်။

မော်လမြိုင်မြို့နဲ့အနီးတ၀ိုက်မှာတော့ ဗလီအတွင်း လက်နက်များ ချပေးထားသည်ဟု ၀ီရသူ၏ လုပ်ကြံသတင်းများကြောင့် အစ္စလာမ်ဘာသာရေး တာဝန်ရှိသူများမှ ချက်ချင်းပင် ပွင့်လင်းမြင်သာမှုရှိစွာ ဗလီများအား လေ့လာခွင့်ပေးခဲ့ပြီး သတင်းစာရှင်းလင်းပွဲများလည်း ပြုလုပ်ခဲ့၍ လုပ်ကြံသတင်းများအား တိုက်ဖျက်ခဲ့သော်လည်း အကြမ်းဖက်သမားများမှ ဗလီအချို့အား အမှောင်ရိပ်ခို၍ တိုက်ခိုက်ခြင်းများရှိနေပြီး အချို့မြို့များရှိ ရာဘာခြံကြီးများတွင် အကြမ်းဖက်မှုကျူးလွန်ရန်အတွက် အစွန်းရောက် ဗုဒ္ဓဘာသာဝင်အချို့အား သင်တန်းသဖွယ် လေ့ကျင့်ပေးနေခြင်းများရှိနေပြီး တုတ်၊ ဓားများနှင့် အကြမ်းဖက်မှုလှုံ့ဆော်ရေး စာအုပ်၊ စာရွက်၊ အခွေများအား စီးပွားရေးလုပ်ငန်းရှင်အချို့မှ ဖြန့်ဝေနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။ လူရမ်းကား အကြမ်းဖက်သမားများသည် အစ္စလာမ်ဘာသာဝင်များပင် မဆိုထားနှင့် ရဲတပ်ဖွဲ့လုံခြုံရေးအရာရှိများကိုပင် အုပ်စုဖွဲ့၍ ထိုးကြိတ် ရိုက်နှက်နေခြင်းများ ရှိနေခြင်းကြောင့် အစ္စလာမ်ဘာသာဝင်များအပေါ် ပစ်မှတ်ထားသည့် ဘာသာရေးအကြမ်းဖက် တိုက်ခိုက်မှုများသည် အချိန်မရွေး ပေါ်ပေါက်လာနိုင်ကြောင်း ဒေသခံများက ဆိုပါတယ်။

ဘားအံမြို့နဲ့အနီးတ၀ိုက်မှာတော့ ၀ီရသူရောက်ရှိလာပြီးနောက် အကြမ်းဖက်မှုအချို့ ပေါ်ပေါက်ခဲ့သော်လည်း ယခုအခါ DKBA နှင့် နယ်ခြားစောင့်တပ်များအကြား တင်းမာမှုများ ပေါ်ပေါက်နေခြင်းကြောင့် မွတ်စလင်မ်များအပေါ် မျှားဦးပြောင်း၍ သက်ရောက်မှုအနေအထားမှာ အနည်းငယ်အားပျော့နေတာကြောင့် အခြေအနေအား သတိထားနေရယုံသာရှိနေသော်လည်း ရွာငယ်များမှာတော့ အစ္စလာမ်ဘာသာဝင်များအပေါ် ရန်စောင်နေကြောင်း သိရပါတယ်။

တနင်္သာရီဒေသများမှာတော့ ပသျှူးမွတ်စလင်မ်များမှာ မြန်မာပြည်တွင်းအကြမ်းဖက်မှုများကဲ့သို့ပင် ရန်စ ရန်ပြုခံနေရခြင်းများရှိနေပြီး အကြမ်းဖက်မှု မကြီးထွားလာစေရန်အတွက် သီးခံနေကြရပြီး သက်ဆိုင်ရာသို့ သတင်းပေး တိုင်တန်းသူများကိုလည်း အကြမ်းဖက်မှုလှုံ့ဆော်သူများအဖြစ် ဖမ်းဆီးအရေးယူနေခြင်းများလည်းရှိကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်ခံခဲ့ရသည့် မွတ်စလင်မ်များမှာ ဒုက္ခသည်စခန်းများအတွင်း ရောက်ရှိနေပြီး နေ့ညအချိန်တိုင်းမှာ ဌာနဆိုင်ရာဝန်ထမ်းများ၏ ရန်ပြုရန်မူခြင်းများ ရှိနေကြောင်းသိရပြီး၊ အနိုင်ကျင့်မှုအပေါ် သတင်းပေးခြင်းများပြုလုပ်ပါက ဒုက္ခသည်စခန်းများကို ပြာဖြစ်သွားအောင် လုပ်ပစ်မည်၊ မျိုးဖြုတ်ပစ်မည်ဟု လ၀က၀န်ထမ်းများက ပြည်သူအပေါ် ရန်ပြု ရန်ဆောင် ရန်ထောင်စကားများ ပြောနေကြခြင်းကြောင့် ဒုက္ခသည်များမှာ စိတ်ရော၊ လူပါ ထိခိုက် ကျဆင်နေကြရကြောင်း သိရပြီး၊ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုများ ပေါ်ပေါက်ခြင်းလုံးဝမရှိခဲ့သည့် သံတွဲမြို့တွင်လည်း မြို့နယ်တွင်း 969 အကြမ်းဖက်ဂိုဏ်း၏ တရားမ၀င် စည်းရုံးရေးမှူး ထွန်းသန့်ကျော်နှင့်အဖွဲ့သည် 969 ဂိုဏ်းများအား နှိမ်နင်းနေသည့်သတင်းများကြောင့် ၀ီရသူ၏အမိန့်အရ ငြိမ်သက်ခဲ့သော်လည်း ယခုအခါ စည်းရုံးရေးများ ပြန်လည်၍ ပြုလုပ်နေပြီး မြို့ပေါ်ရှိ မွတ်စလင်မ်များ၏ အိမ်များ၊ ဆိုင်များအား စာရင်းများ ပြုစုခြင်း၊ ဓာတ်ပုံရိုက်ခြင်းများပြုလုပ်ပြီး ကျေးရွာများတွင် သံတွဲမြို့ပေါ်ရှိ မွတ်စလင်မ်များကို မောင်းထုတ်ရန်ဟူသော စည်းရုံးရေးများ ကျယ်ပြန့်စွာ ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။

မြန်မာပြည်၏ ဒေသအသီးသီးတွင် ယခုကဲ့သို့ မငြိမ်သက်မှုများ ပေါ်ပေါက်နေသော်လည်း သက်ဆိုင်ရာမှ ထိရောက်သည့် တားဆီးမှုများ မရှိသလို ဖြစ်ပေါ်လာပါက လက်တုန့်မပြန်ရန်နှင့် အသာဖယ်ပေးရန်ကိုသာ ပြောဆိုနေကြပြီး အချို့ဒေသများတွင် အထက်ပါအတိုင်း ပြုလုပ်ရန် ခံဝန်ကတိများ ရေးထိုးပေးနေရပြီး မလိုက်နာပါက နှစ်ရှည်ထောင်ဒဏ်များ ကျခံပါမည်ဆိုသည့်အကြောင်းနှင့် မွတ်စလင်မ်လူထုအားလည်း ပြန်လည်၍ ညွှန်ကြားထိန်းသိမ်းပေးမည်ဆိုသော ကတိပြုချက်များအား မွတ်စလင်မ်ခေါင်းဆောင်များအား ခံဝန်ရေးထိုးခိုင်းခြင်းများလည်းရှိနေကြောင်း သိရပါတယ်။

ဒေသအများစုတွင် အစ္စလာမ်ဘာသာရေးဗလီကျောင်းများအား အသံချဲ့စက် အသုံးပြုခြင်းများ ပိတ်ပင်ထားသော်လည်း ဘုန်းကြီးကျောင်းများ၊ ဓမ္မာရုံများနှင့် စေတီပုထိုးများတွင်တော့ အသံချဲ့စက်များအသုံးပြုကာ အချို့နေရာများတွင် 969 အကြမ်းဖက်ဂိုဏ်း၏ တရားမ၀င်ခေါင်းဆောင် သင်္ကန်းဝတ်များ၏ လှုံ့ဆော်မှုများအား ကျယ်လောင်စွာ ဖွင့်ထားကြကြောင်း သတင်းများ အသီးသီး ရရှိပါတယ်။

The Eye of Light (အလင်းမျက်ဝန်း)


--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.