[mrsorcerer:38207] Fwd: [လူဗိုလ်ဟူသည် ...] စောင်းမပြောတဲ့ စောင်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/5/8
Subject: [လူဗိုလ်ဟူသည် ...] စောင်းမပြောတဲ့ စောင်း
To: lubo601@gmail.com


by Mg Han (Notes) on Wednesday, May 8, 2013 at 3:28am
 
ရုပ်ရည်ရယ်စိတ်ဓါတ်လေးရယ် သည်၂ ခုပဲ ခပ်ချာချာဖြစ်တာပါလို့ ကိုယ့်ဟာကိုယ် အားတင်းပြီး နေနေတဲ့ မောင်ဟန်၊ မနေ့ကတော့ ဒါတင်မက ဗဟုသုတနဲ့ ဂီတမှာပါ အင်မတန် ချာတူးလန်ပါဂလား ဆိုတာ မသိခြင်ထောင် ထောင်ထားလျက်နဲ့သိလိုက်ရတယ်။
ဂီတကို ချာတူးလန်တာကတော့ လက်ခုပ်ကိုတောင် စည်းဝါးကျအောင် မတီးတတ်မှန်းကိုယ့်ဟာကိုယ် သိသားပဲ။ သည်လိုပဲ ဖေါ့ဖေါ့တွေးလို့ အေးအေးနေတာမှာ သူငယ်ချင်းတွေက အွန်လိုင်းကနေ တစ်ဘက်က တစ်ယောက်ကို ဂစ်တာတွေတီး သီချင်းတွေဆိုပြ၊ သူတို့ တီးနေဆိုနေတာတွေ အွန်လိုင်းပေါ်တင်ပြ လိုက်ရင် သောက်သောက်လဲ အောင်မြင်တာတွေ့တော့ အားကျချက် ပက်စက်သယ်ဆိုတာ ကြီး ဖြစ်လာရော။ သည်တော့ ကိုယ်လဲလဲလဲလဲလဲလဲလဲ ဆိုပလိုက်မယ်၊ တီးပလိုက်မယ်လို့ ကြံလိုက်တော့ ကမ္ဘာမကျေတောင် ဆန့်တငင့်ငင့်ရယ်။ သည်လိုသည်လို အားငယ်ပါတယ်ဆိုပါမှ ကိုမျိုးဆက်ဆိုတဲ့သူက အမျိုးချစ်ရင်ဆိုပြီး ဘာတွေမှန်းမသိ လျောက်မေးတော့ ကိုလဲ အမျိုးချစ်သူ စာရင်းဝင်ချင်တော့ ဝင်ဖြေပါတယ်။ ကျက်ထားတာတွေနဲ့မတိုးဘူးဗျို့၊ ဒါကြောင့် ရုပ်ရည်ရယ် စိတ်ဓါတ်လေးရယ်သာမက ဗဟုသုတနဲ့ ဂီတမှာပါ ငါဟာချာပါ့ဂလားလို့ချာလေးချာနဲ့ ရာထူးတစ်ဆင့်တိုးသွားတာပေါ့လေ။

ဗဟုသုတဆိုတာကိုယ်မသိလဲ သိတဲ့လူတွေပြောတာ like လေးပေး၊ အေးအေးလေး နေလို့ရပေမယ့် ဂီတနဲ့ ကျူမရတာဟာဘဝမှာ အတော်နင့်နာသဗျ၊ ထိပ်ပြောင်နဲ့ ကီးကြောင်ပေမယ့် ညလေး သဘောကျ အပ်ကစလို့ ဒုံးပျံကြီးထိ ဝယ်ပေးမယ်လို့လဲ ကိုယ်မလုပ်နိုင်၊ ပြိုင်ကားလေးနဲ့ ဘော်ဒီအကျပ်လေးဝတ်ပြီး ဆိုဒ်ရောဂိုက်ရော ပစ်ကျွေးလိုက်ရင် တစ်ဖက်လူကို ဒူးတွေခွေသွားအောင်ထိလဲ သည်အရပ်နဲ့ သည်ဗိုက် သည်မျက်မှန်ကို အားနာရသေး၊ အဲသလို ရုပ်မွဲ စည်းစိမ်မွဲပေမယ့် ရင်ထဲက စကားတွေ တဘက်လူနှလုံးသားထဲ စိမ့်ဝင်သွားအောင် ဂီတဆိုတဲ့ မှော်အတတ် တတ်ထားမယ်ဆိုရင်ဖြင့်လဲ မဆိုးပေဘူးပေါ့။ ဒါပေမယ့်လဲ သီချင်းရယ်လို့ ဆိုမယ်လို့ လုပ်လိုက်မိရင် သည်နားတင်ရပ်ရင် ဘီယာတိုက်မယ်ဆိုသူတွေက အပေါသားဆိုတော့ကား ဒေါင်ဒင်သံပေးလို့ တစ်ဘက်က ညလေး၊ မေလေး၊ မလေး တွေအသဲကို ပဉ္စလက်နဲ့ ဆွဲကိုင်ထားနိုင်သူတွေကို အား......ကျတာပေါ့လေ။
ထားတော့ အားကျတာအားကျတာပေါ့။ မနေ့က ကိုမျိုးဆက်မေးတဲ့ထဲမှာ ပဉ္စသိင်္ခဆိုတဲ့ နတ်အကြောင်းပါတယ်။ သူမေးတာကိုဖြေရင်း မဖြေနိုင်တော့ ဂူဂယ်ရှိရင် အမေ့အိမ်ပဲလို့ လုပ်နေသူ မောင်ဟန်က ဂူဂယ်ထဲမွှေတော့ ဦးဟယ်ရီလွင်ရဲ့ ဘလော့မှာ အဲဒီအကြောင်း သွားတွေ့တယ်။ သူကတော့ ခင်ရေလို့ အစချီပြီး သူ့ရဲ့ခင်ကို ပဉ္စသိင်္ခရဲ့ တေးချင်းတွေ အကြောင်းရေးထားတာပေါ့။ ဒါပေသည့် ဦးပေါ်ဦးတောင် လဝဲသုဒ္ဒရရဲ့ မဲဇာတောင်ခြေကြီး ကူးရေးပြီး ဥာဏ်ချင်းတူလို့ရယ် ဖြစ်သေး တာပဲမို့လား။ ကိုယ်လဲ သူ့ထဲကဟာတွေ ခပ်တည်တည်နဲ့မောင်ဟန်အရေးတွေ ဖြစ်အောင် ရေး တာပေါ့လေ။ သည်တော့ မမမေရေ.....ပေါ့။

မမမေရေ...
မမမေကို စကားမပြောရတာကြာပြီ၊ သည်တော့ မမမေဖို့ရယ်လို့ ပြောမယ်ဆိုတဲ့ ပုံပြင်လေးတွေသည်ကပဲ ပြောတော့မယ်နော်။ မမမေအဖို့တော့ မမမေ ရောက်ရာမှာ အနီးအနားထိလာပြီး ဒေါင်ဒေါင်ဒင်ဒင်လုပ်တတ်တဲ့ ပုရိဿလေးတွေ ရှားမယ်မထင်ပါဘူးနော်။ (ဟယ် မူရင်းကြီးနဲ့ တူလွန်းပြီ) ဒါတွေက "မေလှရဲ့လားမောင်" လို့ မောင့်ကို မေးမဲ့အမေးကို သူတို့ဝိုင်းဖြေနေတာပေါ့ကွယ်။ ကိုယ့်ကိုယ်ကိုယ် လှမှန်းသိသူရဲ့အလှဟာ မာယာအဆင့်ကို တက်သွားတယ်ဆိုပေမယ့် ဒါကိုက ချိုလို့ ပျားတွေ လိပ်ပြာတွေ ဝဲနေတာပေါ့မမမေ။ အဲသည်လို ဒေါင်ဒေါင်ဒင်ဒင်နဲ့ "လျောက်ပြန်သံပေး ခြေအေးဝမ်းယောင် ခွေးဟောင်ပြန်အိပ်"လုပ်ကြတယ်ဆိုရာမှာ တကယ်တော့ ရာဇဝင်သာမက နိပါတ်တော်လာမှာပါ အင်မတန်အောင်မြင်ခဲ့တဲ့ နည်းပေါ့လေ။ ဂါထာပေး တေးဖြစ်လို့ ပိဿလေးနဲ့ပစ်သလို နှပ်မပစ်လိုက်ပါနဲ့ဦး၊ ဘုရားရှင်သာသနာတော်နဲ့ကြုံ ဘုရားရှင်အကြောင်းတွေ၊ ဗုဒ္ဓဓမ္မတွေကို နာနေရလျက် ကြားနေရလျက်က သူ့ဟာမလေးကိုချည်းတသသဖြစ်နေကြောင်းကို သံသရာလွတ်ကြောင်း ဓမ္မနဲ့ သံသရာနစ်ကြောင်း သူ့တဏှာ ရေတစ်လှည့် မီးတဖြာ၊ အမဲတစ်လွှာ အဖြူတစ်ခြမ်း လှလှပပကြီး ဂီတနဲ့ပေါင်းစပ်လိုက်တာ ဘုရားရှင်တောင်မှနုတ်တော်က ဖွင့်ပြီး ကောင်းကြောင်းပြောတော်မူရသတဲ့။


သည်အချိန်ဆိုမမမေရဲ့ မယုံတဝက် ယုံတဝက် မျက်ဝန်းတွေကို ကျနော်မြင်နေမိပါပြီ၊ မောင်ဟန် ဆိုတဲ့ကောင် တယ်ဖေါတဲ့ကောင်ဆိုတာ မမမေသိတာကိုး။ တကယ်ပါမမမေရဲ့ အဖြစ်ကတော့ ဘိုးတော်သိကြား နတ်သက်ကြွေခါနီးအချိန်မှာ ဖြစ်တာပေါ့။ သည်လိုမမမေရဲ့ အိပ်ယာထဲလဲနေ တာမျိုးတော့ မဟုတ်ဘူး၊ နတ်တွေ နတ်သက်ကြွေခါနီးပြီဆို- ပဋိသန္ဓေအခါက ပန်ဆင်ခဲ့သော ပန်းများ ညှိုးနွမ်းကုန်ခြင်း
-နတ်အ၀တ်ပုဆိုးများ ညှိုးနွမ်းကုန်ခြင်း၊

-ကိုယ်ခန္ဓာ၏ လက်ကတီးကြားမှ ချွေးများ ယိုထွက်လာခြင်း၊-ကိုယ်ရောင်ကိုယ်ဝါ မှေးမိှန်လာခြင်း၊
- နတ်များ၏ နေရာတွင် တည်တည်တံ့တံ့ မနေနိုင်မထိုင်နိုင်ဖြစ်လာခြင်း စတာတွေ ဖြစ်လာတာတဲ့။ ဒါပေမယ့်လဲ နတ်တိုင်းကတော့ မသိဘူးတဲ့၊ပညာသတိနဲ့ယှဉ်ကြည့်နေတဲ့ နတ်တွေကမှသိတာတဲ့။ သိကြားမင်းလဲ ပညာရှိစာရင်းဝင်တာပေါ့နော်။ အဲသလိုဖြစ်တော့ ခုချိန်မှာ ဘုရားရှင်ကိုဖူးတွေ့ရရင်ကောင်းမှာပဲဆိုပြီး ဖြစ်သတဲ့။ သေရမှာ မကြောက်ဘူးလို့ ဘယ်လောက်အော်အော် ရင်ထဲမှာဓမ္မရယ်လို့ တကယ်မရှိသူတွေ နဖူးတွေ့ဒူးတွေ့တွေ့ရင် သိကြားမင်းတောင်ဒူးတုန်သွားတာပဲနော်။ ဒါနဲ့ ဘုရားရှင် ဘယ်မှာ သီတင်းသုံးနေသလဲလို့ နတ်တွေကို အကြည့်ခိုင်းတဲ့အခါ မဂဓတိုင်း ရာဇဂြိုဟ်ပြည်၏အရှေ့အရပ် အမ္ဗသဏ္ဍ ပုဏ္ဏားရွာ၏ မြောက်အရပ် ဝေဒိယကတောင် ဣန္ဒသာလဂူမှာ သီတင်းသုံးနေတာကိုတွေ့သတဲ့။ ဒါနဲ့ သိကြားမင်းလဲ ဘုရားရှင်ကို ဖူးမယ်ဆိုပြီး ဆင်းလာလိုက်တာ သူကတော့ သူ့သေမှာကြောက်လို့ဆင်းတာပါပဲ။ ဒါပေမယ့် ရှေ့ပြေး နံကာ၊ ကာဗာ ဦးကင်း ခြေဆင်း၊ မင်းရံ တွေများက သိကြားမင်းဆင်းသတဲ့ဆိုလိုက်လာလိုက်ကြတာ အနီးအနားက ရွာသားတွေက သည်တောင်ကြီး မီးလောင်နေတယ်လို့ ထင်ကြသတဲ့။နတ်တွေရဲ့ အဝတ်အစားဟာ ဟိုရက်ပါတွေဝတ်တဲ့ မီးလင်းတဲ့ အကျီင်္လိုများလား မသိပါဘူးမမမေရယ်။ ဒါပေမယ့် ဘုရားရှင်က ဈာန်ဝင်စားနေသတဲ့။ ဒါနဲ့ သူ့ရဲ့မင်းစေ ပဉ္စသိင်္ခဆိုတဲ့ နတ်သားကို ခေါ်ပြီး မင်းတစ်ယောက်ထဲအရင်ဝင် ဘုရားရှင်ကို ငါသိကြား ဖူးချင်လွန်းလို့ စောင့်နေတယ်လို့ လျောက်ချေလို့လွှတ်လိုက်သတဲ့။

 သေခါနီးလို့ ဇောချွေးပျံနေတဲ့ သိကြားမင်းဘုရားရှင်ဆီ ဖူးချင်တဲ့ ကိစ္စနဲ့ ရှေ့ပြေး ဝင်လာရတဲ့ ပဉ္စသိင်္ခဟာ ဈန်ဝင်စားနေတဲ့ဘုရားရှင်နားကို ချဉ်းကပ်ပြီး သူ့ရဲ့ ကျူကျူသီချင်း ၁၅ပုဒ်ကို တီးဆိုတော့တာပဲတဲ့။ ကဲ မမမေပဲ စဉ်းစားကြည့် သေခါနီး အရေးကြီးလို လွှတ်လိုက်တာ သီချင်း ၁၅ပုဒ်ကိုယ်တိုင်တီး ကိုယ်တိုင်ဆို လုပ်နေတာ ဘယ်လောက် ဒေါသထွက်စရာကောင်းသတုန်း။ နောက်ပြီးပဉ္စသိင်္ခ ဆိုတဲ့ သီချင်းတွေကိုလဲကြည့်ဦး သိကြားဘုန်းတော်ဘွဲ့၊ ဘုရားရှင်ဘုန်းတော်ဘွဲ့၊ တစ်ခုမှမဟုတ်ပဲ သူ့ရဲ့ ကျူကျူကိစ္စတွေချည်းပဲ။ ဘုရားရှင်ကိုသိကြားမင်းတွေ့ချင်တာ မပြောနဲ့၊ မမမေ ဆေးခန်းပြဖို့ လာစောင့်ရင်တောင် ဆရာဝန်ဟာ ကိုယ့်ရှေ့ကလူနာနဲ့စကားကြောလေး ရှည်နေရင် မကြိုက်ဘူးမို့လား၊ မီးတကာ့မီးထဲမှာ ပေါင်ပေါ်ကျတဲ့ဆေးလိပ်မီးပွားဟာ အပူဆုံးပေါ့မမမေ။ ဒါပေမယ့်လေ သူတို့က နတ်တွေ မမမေရဲ့လူတွေမဟုတ်ဘူး၊ နတ်ဖြစ်ရခြင်းရဲ့ အကြောင်း ၃ရပ်ထဲမှာ မှန်သောစကားကိုသာဆိုခြင်း၊အမျက်မထွက်ခြင်း၊ အလှူခံပုဂ္ဂိုလ်နှင့်ကြုံပါက မငြီးငြူခြင်းတဲ့။ အဲသည်တော့နောက်ဘဝဆိုတာလဲ ယုံတယ်။ နတ်ပြည်ဆိုတာလဲယုံတယ်။ နတ်သားလဲဖြစ်ချင်တယ်ဆိုရင် ဒေါသလေးတွေလျော့၊ ကောင်းသောစကားမှန်သောစကားတွေပြော၊ အလှူအတန်းတွေများများလုပ်ပေါ့မမမေ။ ဒါပေမယ့် ပဉ္စသိင်္ခရဲ့ သည်တေးချင်းတွေဟာ သိကြားရဲ့ဘုရားရှင်ကို အလောတကြီး တွေ့ချင်မှုတွေကို အနှောက်ယှက်မဖြစ်တဲ့အပြင် သိပ်ကိုအံဝင်ဂွင်ကျဖြစ်စေသတဲ့။ ဒစ်ပလိုမက်တစ် သိပ်ပိုင်တဲ့ ပဉ္စသိင်္ခပဲနော်။

တကယ်တော့ပဉ္စသိင်္ခဟာ သာမန် သူလိုကိုယ်လို နတ်တစ်ပါးပဲမမမေရဲ့။ ရှေးဘဝ ကုသိုလ်အထုံကြောင့်အဆိုအတီးမှာ အပျိုမငြီးယုံမက အကိုကြီးတွေကပါ ငေးမော နားထောင်ယူရလောက်အောင် ကျွမ်းကျင်သတဲ့။ သူလိုဒါမှမဟုတ် သူ့ထက်သာချင်သာမယ့် နတ်တစ်ပါးလဲရှိသေးတယ်။ မြန်မာတွေ ရုပ်ထုလုပ်လုပ်ထားတဲ့ လောကနတ်ရုပ်ထု ထဲက ဒီဇိုင်းနဲ့ လောကဗျူဟာနတ်ပေါ့။ သူကတော့ ငြိမ်းချမ်းရေး သမားကြီးမမမေရဲ့။ ပဉ္စသိင်္ခလို အချစ်ဒုက္ခသမားမဟုတ်တော့ အဖွဲ့တွေ အနွဲ့တွေမှာ သိပ်ဟော့မဖြစ်ဘူးပေါ့လေ။ သူကိုင်တဲ့ စောင်းက အမှန်တော့သူနဲ့အတူ နတ်ပြည်မှာပေါ်လာတဲ့ အဆောင်ယောင်မဟုတ်ဘူး မမမေရဲ့။ မာန်နတ်ကြီးရဲ့ စောင်း။ဘုရားလောင်းတော် သိဒ္ဒထဘဝကနေ ဘုရားရှင်ဖြစ်တဲ့အထိ ၇နှစ်လုံးလုံး နှောက်ယှက်ပေမယ့်မရလို့ စိတ်ဓါတ်ကျသွားရာက မေ့ကျန်ခဲ့တဲ့ စောင်းတဲ့။ ဘယ်စာထဲမှမပါပေမယ့်မောင်ဟန့်ထုံးစံ အပိုပြောရရင် မာန်နတ်ရဲ့ သမီးတော်တွေ ဘုရားရှင်ကိုအမျိုးမျိုးမြူဆွယ်ရာမှာ ဖအေလုပ်တဲ့ သူကိုယ်တိုင်များ နောက်ကွယ်ကနေ သည်စောင်းနဲ့တီးခဲ့လေသလား မသိပါဘူးမမမေရယ်။ တစ်ခါတစ်ခါ မဖြစ်လောက်ဘူးထင်ပေမယ့် လောဘ၊ဒေါသမကောင်းတာတွေ သိပ်ကို ရှေ့ဆောင်တဲ့အခါ မဟုတ်တာ အကုန်လုပ်တတ်တာကိုး။ ပျက်ကို ပျက်မှကျေနပ်မယ်ဆိုတဲ့ အဖျက်သမားဆိုတာ ကိုယ့်ရဲ့ သမီးအရင်းကို ထိုးကျွေး၊ ကိုယ်တိုင်စောင်းတီးပေးချင်ပေးမှာပေါ့။ လူ့ပြည်မှာတောင် အကောင့်ယောက်ခမဖြစ်ရေး ကိုယ်တိုင်ကုတင်ထမ်းပေးချင်သူတွေ နဲမှမနဲပဲဟုတ်စာ။ မာန်နတ်ဆိုတာလဲ ခေသူတော့မဟုတ်ပါဘူးလေ။ ပရနိမ္မိတ၀သ၀တ္တီ နတ်ပြည် ( ကာမဂုဏ်ကို အလိုရှိတိုင်း ပြီးစေသော ဘုံ )က တန်ခိုးကြီးနဲ့ နတ်တစ်ပါးပါပဲ။သူက လူ့ပြည်က ကာမဂုဏ်ကိစ္စတွေကို သူဖန်ဆင်းတယ်။ သံသရာလည်တယ်။ သတ္တဝါတွေ လုပ်ကြတယ်ဆိုတာလဲသည်ကာမဂုဏ်ကြောင့်ပဲ၊ ဒါကြောင့်သူက လောကရဲ့ ဖန်ဆင်းသူလို့ အထင်ရောက်နေသူပေါ့။ ခုပြောတာမာန်နတ်အကြောင်း မဟုတ်တော့ ထားလိုက်စို့နော်။

အဲသည်နတ်စောင်းကတော့မမမေကြားဖူးမယ့် နာမည်ပါ။ ဗေလုဝ တဲ့လေ။ ဟိုဘီလူးရုပ်ရှင်ထဲက ဗေလုဝနဲ့တော့ ဘာမှမဆိုင်ဘူး မမမေရဲ့။နာမည်အပြည့်အစုံက ဗေလုဝပဏ္ဍု တဲ့။ ဗေလုဝဆိုတာ ပါဠိလို ဥသျှစ်သီးကိုခေါ်တာတဲ့။ ပဏ္ဍုကတော့ ဖျော့တာ သည်တော့ဥသျှစ်သီးအရောင်(အမှဲ့လား အစိမ်းလားတော့ မလုပ်နဲ့တော့ပေါ့လေ)ဖျော့ဖျော့ ပေါ့လေ။ မမမေမျက်စိထဲမြင်မှာပါဝါတာတာလေးလား ရွှေရောင်လားဆိုရင် ကျနော် မသိဘူး။ အရောင်တွေနဲ့ မမမေပိုကျွမ်းမှာပေါ့။ စောင်းအိုးကို ရွှေနဲ့လုပ်ထားပြီး သန္တာကျောက်တွေ နီလာတွေ ခြယ်ထားသေးသတဲ့။  စောင်းကြိုးတွေကတော့ ငွေကြိုးတွေတဲ့။ စောင်းကြိုးရစ်တဲ့မှင်ရိုးက သန္တာနဲ့လုပ်ထားတာတဲ့။ နောက်ပြီး သည်စောင်းသံဟာ တစ်ခါတီးရင် ၄လကျော်ကြာမှအသံဆဲတယ်တဲ့။ အက်ခိုးများတယ်ဆိုတဲ့ သဘောပေါ့။ များဆို သူ့စောင်းကြီးက အကြီးကြီးမမမေရဲ့။ စောင်းလက်ရုံးတင် ၃ဂါဝုတ်ရှိသတဲ့။ ၇တောင်ကို ၁ တာ၊ ၂၀ တာကို ၁ ဥသဘ၊ ၈၀ ဥသဘကို ၁ ဂါဝုတ် ဆိုတော့ ၃သောင်း၃ထောင့် ၆ရာ တောင်ရှိမှာပေါ့။ တောင်ဆုပ်လား၊ သံတောင်လား၊ထိတော့ ဘယ်သိမလဲ မမမေ။ မမမေ လက်ကလေးနဲ့ဆို ၃သောင်းခွဲလောက်တော့ ရှိမှာပေါ့။ သည်လောက်ကြီးတဲ့စောင်းကြီးကို မာန်နတ်ကြီးကမေ့ကျန်ခဲ့တော့ သိကြားမင်းက ပဉ္စသိင်္ခကိုပေးထားတာ။


စောင်းကခပ်မိုက်မိုက်ဆိုတော့ စောင်းတီးမဲ့ နတ်သားကလဲ အပျံစားဗျ။ ပဉ္စဆိုတာ ၅။ သိင်္ခဆိုတာ ဦးစွန်း၊ယောင်ပဲ ထားပါတော့။ ယောင်၅လုံးနဲ့ နတ်သားပေါ့လေ။ ခုခေတ်လိုဆို ကေအလန်းကြီးနဲ့ အီလက်ထွစ်ဂစ်တာကိုင်ထားမယ့် ခပ်မိုက်မိုက်ကလေးပေါ့။ ခေါင်းကိုငိုက် ဒူးတစ်ဘက်ခပ်ကွေးကွေးလေး ရှေ့ထုတ်ပြီး ဂစ်တာကိုဒူဒူဒွမ်ဒွမ်လုပ် ပီးရင် ဖတ်ကနဲ မျက်နှာလှန်တင်လိုက်ပြီး စတင်းမိုက်ကို အောက်ခြေကနေမတဲ့ပီးကိုင် ပီးရင် ပိတ်သတ်ကြီးမင်ဂါပါလို့ လုပ်တဲ့ အဆိုတော်တွေလိုပေါ့နော်။ ဒါပေမယ့်သူက သိကြားမင်းရဲ့ မင်းစေသဘော သာမာန်နတ်သားတစ်ပါးပဲ မမမေရဲ့။ တစ်နေ့မှာ သိကြားမင်းဆီကိုလာပြီး ကပြဖျော်ဖြေတဲ့ သူရိယဝစ္ဆသာဆိုတဲ့ နတ်သမီး အချောအလှလေးကို မြင်ပြီး သဘောကျသွားသတဲ့။ ဘယ်စာထဲမှာမ မပါပေမယ့် ကိုယ့်ဟာကိုယ် ချော်ပြီး တွေးကြည့်ရရင် သိကြားမင်းရဲ့ ပဉ္စမမြောက်မိန်းမကိုယူတဲ့ မင်္ဂလာပွဲမှာများ သွားဆုံကြသလား မသိပါဘူး မမမေရယ်။ ယောဟိနီ နတ်သမီးလေမမမေရဲ့။နတ်သားလေးပါး အလယ်တည့်တည့်မှာပေါ်လို့ သိကြားမင်းကို ဆုံးဖြတ်ခိုင်းရာက အဝေမတည့်လို့ဒိုင်စားသွားတဲ့ ဇာတ်လမ်းပေါ့။ ဟုတ်ချင်မှလဲ ဟုတ်မှာပါ။ ဒါက မောင်ဟန်ဖေါတာ။

အဲဒီအချိန်က အဲဒီသူရိယဝစ္ဆသာ ဆိုတဲ့ နတ်သမီးလေးက
တိမ္ဗရုဂန္ဓဗ္ဗနတ်မင်းကြီး၏သမီး ပေါ့။တိမ္ဗရုပ်ဆိုတာ ဂန္ဓဗ္ဗနတ် စစ်သူကြီးပေါ့။  သည်လိုမမမေရဲ့နတ်ပြည်၆ထပ်ကို သိတယ်မို့လား။ စတုမဟာရာဇ် ၊တာဝတိံသာ ၊ယာမာ ၊တုသိတာ ၊နိမ္မာနရတိ၊ပရနိမ္မိတ၀သ၀တ္တီ ဆိုတဲ့ထဲမှာ မာန်နတ်ကြီးနေတဲ့ ပရနိမ္မိတ၀သ၀တ္တီကအမြင့်ဆုံး၊ လောကကိုစောင့်ရှောက်တယ်ဆိုတဲ့ စတုမဟာရာဇ်နတ်မင်းလေးပါး နေတယ်ဆိုတဲ့ စတုမဟာရာဇ်က အနိမ့်ဆုံးမမမေရဲ့ ။ လူတွေကိစ္စများများလုပ်လေ အဆင့်နိမ့်လေ။ ကိုယ်လုပ်ချင်ရာကိုယ်လုပ်လေ အဆင့်မြင့်လေလို့ မှတ်သာထားလိုက်တော့။ (ဟယ် မဟုတ်တာပြောပြန်ပီ) အဲဒီစတုမဟာရာဇ်နဲ့ တာဝတိံသာကို ပိုင်စိုးတာ သိကြားမင်းမမမေရဲ့။ ဒါပေမယ့် ၂ပြည်လုံးသိကြားမင်းက တပြိုင်တည်း မအုပ်ချုပ်နိုင်တော့ စတုမဟာရာဇ်ကို တိုင်းနဲ့ပြည်နယ်၎ခုခွဲပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေနဲ့ အဲလေ ယောင်လို့အရှေ့အနောက်တောင်မြောက် ခွဲပြီး နတ်မင်းကြီးလေးပါးနဲ့ မတူတဲ့ နတ်၎မျိုးကိုအုပ်ချုပ်စီမံစေသတဲ့။ ဥပဒေကတော့ သိကြား ကွန်စတီကျူးရှင်းကို လိုက်နာပြီး နတ်ပြည်တစ်ခု သက်သက်ခွဲမထွက်ပဲ တာဝတိံသာ နဲ့သာပေါင်းပါမယ်ဆိုတဲ့ မူနဲ့နေမှာပေါ့လေ။ နတ်ပြည်ပင်လုံတွေဘာတွေ မကြားဖူးပေမယ့် သူတို့နတ်တွေဆိုတော့ ဂတိတည်ကြထင်ပါရဲ့။
အဲဒီစတုဆိုတာ ၄၊ မဟာရာဇ် ဆိုတာ မဟာရာဇ နတ်မင်းလေး ၄ပါးအုပ်ချုပ်တယ်ဆိုတဲ့ ပြည်မှာ ဓတရဋ္ဌ နတ်မင်း က အရှေ့ဘက်မှာနေပြီး ဂန္ဓဗ္ဗနတ်စစ်သည်တွေကို အုပ်ချုပ်တယ်။ဂန္ဓဗ္ဗနတ်ဆိုတာ အပင်မှာ သန္ဓေတည်ပြီး ဖြစ်လာတဲ့ နတ်တဲ့။ အနံ့တွေမွှေးသတဲ့။ ကလေးတွေ ဆော့တဲ့ဒိုတာထဲက tree of life အကောင်လေးတွေလို ပုံဆိုးပန်းဆိုးတွေတော့ မဟုတ်ဘူးထင်ပါရဲ့။ ဝိရူဠက နတ်မင်းက တောင်ဘက်မှာနေပြီး ကုမ္ဘာန်(ကြီးမားသော ၀မ်းဗိုက်နှင့်ဝှေးစေ့၊ ပြူးကျယ်နီမြန်းသော မျက်စိ ရှိကြသော ဒါန၀ရက္ခိုသ်) ဆိုတဲ့ နတ်တွေကို အုပ်ချုပ်တယ်။ဝိရူပက္ခ နတ်မင်း နောက်ဘက်မှာနေပြီး နတ်နဂါးတွေကို အုပ်ချုပ်တယ်။ကုဝေရ နတ်မင်း မြောက်ဘက်မှာနေပြီး နတ်ဘီလူးတွေကိုအုပ်ချုပ်တယ်။ အဲဒီ နတ်မင်းကြီးတွေကို ခစားရတဲ့ နတ်စစ်သူကြီးတွေထဲက အရှေ့ဘက်က  ဓတရဌ ဆိုတဲ့ နတ်မင်းကို ခစားရတဲ့ ဂန္ဓဗ္ဗနတ်စစ်သူကြီးတစ်ယောက်ဖြစ်တဲ့ တိမ္ဗရုဂန္ဓဗ္ဗနတ်မင်း။ သူ့မီးဖြစ်တဲ့ သူရိယဝစ္ဆသာ။

သူရိယဝစ္ဆသာ မှာလဲ ရည်းစားရှိတယ်။ သိကြားမင်းရဲ့စီးတော်ယာဉ် အဲဖို့စ်ဝမ်းကိုမောင်းတဲ့ အဲလေ နတ်မြင်းတစ်ထောင်ကတဲ့ ရထား ဝေဇယန္တာ ကိုမောင်းတဲ့မာတလိရဲ့ သားသိခဏ္ဍီတဲ့။ သူ့ခမည်းတော် မာတလိသာ မရှိတော့ရင် သိကြားမင်းရဲ့ အက်စကော့ စီးတော်ယာဉ်ရဲ့ပိုင်းလော့ ဖြစ်လာမယ့် အလောင်းလျာလေးကို နတ်စစ်သူကြီးက ကြည်ဖြူပေမယ့်။ အားနေ ဒေါင်ဒေါင်ဒင်ဒင်လုပ်နေပြီးသိကြားမင်းနားကပ်ပြီး ပြာတာလုပ်နေရတဲ့ ပဉ္စသိင်္ခကိုတော့ ကြည်ဖြူပုံမရဘူး။ ဒါကြောင့်မို့သူများရဲ့ရည်းစားလဲဖြစ်၊ ယောက်ခမကလဲ မကြည်ဖြူ၊ ကိုယ်ပိုင်ရယ်လို့လဲ ရာထူးအာဏာ၊ စည်းစိမ်းကမခမ်းနားတော့ ရှိတဲ့ ကေအလန်းလေးနဲ့ စောင်းကြီးကိုပဲ အသုံးချပြီး သူဘယ်လောက်ကြွေကြောင်းပြောတာပေါ့။ "ငွေဂုဏ်မရှိတော့ ယောက်ခမ မကြည်၊ မအောင်နိုင်သေးတော့ မိဘမကြည်၊ မှီစရာခိုစရာမဲ့၊ဒါပေမယ့်လဲ စောင်းတီးကောင်းတဲ့ ကိုယ့်ဘဝဟာ မလွယ်ပါဘူး"ပေါ့လေ။ သူရဲ့ အဖွဲ့တွေ အနွဲ့တွေဘယ်လောက်ကောင်းသလဲဆိုတာ နောက်မှ ရေးပြတော့မယ်နော်။ အပိုင်း၂ကို မျှော်ပေါ့။
ကျန်းမာချမ်းသာကြပါစေ။

 ကျနော်မောင်ဟန်ပါ။    ။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/09/2013 12:53:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.