သျှမ်းသံတော်ဆင့် |
| မြန်မာအစိုးရတပ်၏ လက်နက်ကြီးကျည် ထိမှန် လိုင်ဇာမြို့ခံ ၃ ဦး သေဆုံး ၊ ၁၀ ထက်မနည်း ဒဏ်ရာရ Posted: 14 Jan 2013 02:53 AM PST ယနေ့နံနက် ၈ နာရီဝန်းကျင်ခန့်က မြန်မာအစိုးရ စစ်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် နှစ်လုံး KIO ထိန်းချုပ် ရာ လိုင်ဇာမြို့တွင်းသို့ ရှေ့ဆင့်နောက်ဆင့် ကျရောက်ပေါက်ကွဲခဲ့ရာ မြို့ခံအရပ်သား ၃ ဦးသေဆုံး၍ ၇ ဦးခန့် ဒဏ်ရာ ရရှိသွားကြောင်း သိရသည် ။ ( ဓါတ်ပုံ- ဖေ့စ်ဘုခ် )လိုင်ဇာမြို့ ခါဂျန်ချောင်ရပ်ကွက်အတွင်းရှိ မြစ်ကြီးနားဟိုတယ် အရှေ့နှင့် အနောက်ဘက် နေရာများတွင် ကျရောက် ထိမှန် ခဲ့ခြင်း ဖြစ်ပြီး ကလေး ၂ ဦး အပါအ၀င် အမျိုးသား ၃ ဦးမှာ ပွဲချင်းပြီး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း လိုင်ဇာမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။ "မြို့လည်ခေါင်တည့်တည့် မြစ်ကြီးနားဟိုတယ်နားမှာ ၅ မိနစ်လောက်စီခြားပြီး ကျတာ။ ပထမတစ်လုံးက ဟိုတယ် အ နောက်ဘက်ပေါ့ ။ နောက်တစ်လုံးက ဟိုတယ် အရှေ့ဘက်က အိမ်ပေါ်တည့်တည့်မှန်တာ" ဟု မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည် ။ ၄င်းလက်နက်ကြီးကျည်များ ထိမှန်မှုကြောင့် ၄င်းမြို့ခံအမျိုးသမီး၏ သမီးခြေထောက်တွင် ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ် ဖွယ်ရာ မရှိကြောင်း သူက ဆက်ပြောသည် ။ "ပထမတစ်လုံးက ၉ နှစ်သားကလေးသေတယ်။ အဲဒီမှာလည်း ဒဏ်ရာရတဲ့သူတွေရှိတယ်။ နောက်တစ်လုံး အိမ်မှာ ကျတာ က ၁၅ နှစ်သား ထွယ်တောင် ဆိုတဲ့ ၉ တန်းကျောင်းသားတစ်ယောက်ရယ် သင်းထောက်ဆရာရယ် ၂ ယောက် သေတယ်။ အဲဒီမှာလည်း ဒဏ်ရာရကြတယ်။ ကျမအိမ်မှာတံခါးပိတ်ထားတာ။ ကျမသမီးခြေထောက်ကိုလည်း ထိသွားတယ်။ နည်းနည်းစီ ဒဏ်ရာရတဲ့သူတွေတော့ များတယ်။ အမျိုးသမီးတစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ် ။ တရုတ်ပြည် ရင်ကျန်းဆေးရုံကို ပို့လိုက်တယ်။ အားလုံးဆို ဒဏ်ရာရတာက ၁၀ ယောက်လောက်ရှိမယ် " ဟု သူက ဆိုသည် ။ မြန်မာစစ်တပ်မှ လိုင်ဇာမြို့အနီးရှိ တောင်ကုန်းများပေါ်သို့ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေရာ ယနေ့နံနက်ပိုင်းက အနည်းဆုံး ၅ လုံးခန့် ပစ်ခတ်ခဲ့ကြောင်း၊ ၃ ကြိမ်မှာ တောင်ကုန်းများတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း အရပ်သားများ ထိမှန်သေဆုံးသည့် သတင်းများ ထွက်ပေါ်လာချိန်တွင် လက်နက်ကြီး ပစ်ခတ်မှု ရပ်စဲသွားကြောင်း သိရသည် ။ |
| မူးယစ်ကိစ္စအပါအဝင် ဖွံ့ဖြိုးမှုလုပ်ငန်း၌ RCSS နှင့် UWSP ပူးပေါင်းဆောင်ရွက်မည်ဟုသဘောတူ Posted: 14 Jan 2013 02:52 AM PST ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP/UWSA တောင်ပိုင်းတပ်ဖွဲ့ နှင့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ တွေ့ဆုံရာတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အပါအဝင် အချက် ၄ ချက်ကို ဆွေးနွေးသဘောတူညီနိုင်ခဲ့ကြောင်း ဒေသတွင်းသတင်းကဆိုသည်။ ![]() ဆွေးနွေးပွဲတက်ရောက်သည့် RCSS/SSA ကိုယ်စားလှယ်များအား UWSP/UWSA တောင်ပိုင်းတပ်ဖွဲ့ ကိုယ်စားလှယ်များက ကြိုဆိုကြစဉ် " ၁- အပစ်ရပ်မယ် ၂- နှစ်ဦးနှစ်ဘက် လက်တွဲပူးပေါင်းပြီး စိုက်ပျိုးရေးတွေလုပ်မယ် ၃- သျှမ်းဘက်က တပ်စခန်းတွေ ဆောက်လုပ်ဖို့နေရာအကြောင်း ဆွေးနွေးတယ် ၄- မူးယစ်ဆေးဝါးမူးပေါင်းနှိမ်နင်းမယ် ဆိုတဲ့အချက် ၄ ချက်ဆွေးနွေးကြ တယ်လို့ကြားသိရတယ်" ဟု အမည်မဖေါ်လိုသည့် RCSS/SSA တပ်မှူးတဦးက ပြောပြသည်။ ဒီဇင်ဘာ လကုန်ပိုင်းက သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ဟွေ့အော့၌ ပြုလုပ်ခဲ့သော အဆိုပါ တွေ့ဆုံပွဲသို့ UWSA ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ အမှတ် ၁၇၁ စစ်ဒေသ ဒုတပ်မှူးကြီး Yang Jun ၊ တပ်မဟာ ၇၇၅ တပ်မဟာမှူး ယန်ကော်ကျုံး ၊ ဒုတပ်မဟာမှူး Ya Lisi တို့ဦးဆောင်သော အဖွဲ့နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA ဘက်မှ ဗိုလ်မှူးကြီး တင်းခေး ၊ ဗိုလ်မှူးကြီး စိုင်းဟန် နှင့် ဗိုလ်မှူးကြီးဝမ်းလီတို့ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။ အချက်နံပတ် ၁ ဖြစ်သော အပစ်ရပ်စဲရေးကိစ္စတွင် ယမန်နှစ်က သျှမ်းပြည်တပ်မတော်၏ တပ်သား ကေဒါများအား ၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်မှ ဖမ်းဆီးသည့်ကိစ္စ ရှေ့ဆက်ထိုကဲ့သို့ ထပ်မံမဖြစ်ပွါးရန်သဘောတူညီခဲ့ကြသည်။ သံသ ယကင်းစွာဖြင့် တဖက်နယ်မြေအတွင်းသို့လည်း လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ရှိသည်ဟုလည်း သဘောတူညီကြသည်။ ဖမ်းဆီးထားသူများအနက် ကျန်တချို့အား တွေ့ဆုံသည့်နေ့ကပင် ပြန်လည်လွတ်ပေးလိုက်သည်။ အချက်နံပတ် ၂ - နှစ်ရှည်ပင်များ ၊ ရာသီအလိုက်သီးနှံများကို ဝ တပ်နှင့် သျှမ်းတပ်တို့ပူးပေါင်းစိုက်ပျိုးရောင်းချကြမည် ဖြစ်ကြောင်း သဘောတူကြသည်။ အချက်နံပတ် ၃ - ယခင်က ပြဿနာဖြစ်ခဲ့ဖူးသော ပုံဖာပုံတောင်းဒေသ၌ သျှမ်းပြည်တပ်မတော်မှ တပ်စခန်းစိုက်ခွင့်ရှိသည်။ အချက်နံပတ် ၄ - နှစ်ဦးနှစ်ဘက် လက်တွဲပူးပေါင်းကာမူးယစ်ဆေးဝါးတိုက်ဖျက်သွားမည်။ အစရှိသည်တို့ဆွေးနွေး ခဲ့ကြ သည်။ စိုက်ပျိုးရေးအတွက် သျှမ်းပြည်တပ်မတော်ဘက်မှ ပုံပါကျင်နှင့်နားကောင်းမူး အရှေ့ဘက်ခြမ်းတွင်နေရာရွေးချယ်ထား သည်ဟုလည်း သိရကြောင်း ၎င်းကပြောပါသည်။ သို့သော်အဆိုပါအချက်များနှင့်ပတ်သက်၍ သျှမ်းပြည်တပ်တော် RCSS/SSA ပြောခွင့်ရ ပုဂ္ဂိုလ်ထံမှ အတည်ပြုချက် မရသေးပေ။ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ ဒုတိယအကြိမ်တွေ့ဆုံပွဲကို ၂၀၁၂ ဒီဇင်ဘာလ ၂၈ နှင့် ၂၉ ရက်တွင် ပြုလုပ်ခဲ့ကြသည်။ ၂၀၁၂ ခု စက်တင်ဘာလ ၁၆ ရက်က ပထမအကြိမ်တွေ့ ဆုံ ခဲ့ကြသည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |












