သျှမ်းသံတော်ဆင့် |
| Posted: 31 Jan 2013 12:56 AM PST ၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မြန်မာအစိုးရတပ် စခက(၃)လက်အောက်ခံတပ်များ ဂျန္နဝါရီလ ၅ ရက်နေ့က မြစ်ကြီးနား-လိုင်ဇာ ကားလမ်းပေါ်ရှိ နန်ဆန်ယန်ကျေးရွာအား မီးရှို့ဖျက်ဆီး စဉ် (ဓါတ်ပုံ- Jade Land)၂၀၁၂ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းမှစ၍ KIA ထိန်းချုပ်ရာ တရုတ်နယ်စပ် လိုင်ဇာမြို့အနီးရှိ စိုးမိုးကုန်းများအား အစိုးရတပ်မှ သဲသဲမဲမဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ အထိ တစ်လကျော်ကြာ နှစ်ဘက် အပြင်းထန်ဆုံး သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ယခုအခါ နှစ်ဘက် တိုက်ပွဲအရှိန်ကျလာပြီး လာမည့် ဖေဖေါ်ဝါရီလ ပထမအပတ်တွင် KIO နှင့် အစိုးရကိုယ်စားလှယ်များ သည် UWSA "၀" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ ဖိတ်ကြားချက်အရ UWSA ဗဟိုဋ္ဌာနချုပ်ရှိရာ သျှမ်းပြည် (မြောက်ပိုင်း) ပန်ဆန်းမြို့၌ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။ ၄င်းလက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်၍ အစိုးရ ကာကွယ်ရေးဝန်ကြီးဋ္ဌာနကလည်း ယခုလ ၂၈ ရက်နေ့ နေ့စွဲဖြင့် ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့သေးသည်။ အထက်ပါ ကိစ္စများ အပေါ် ခြုံငုံသိရှိနိုင်ရန် တရုတ်နယ်စပ် နိုင်ငံရေး ၊ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောအား သျှမ်းသံတော်ဆင့်က တွေ့ဆုံမေးမြန်းထားသည် ။ မေး - လက်ရှိအခြေအနေမှာ အစိုးရတပ်က စိုးမိုးကုန်းတွေရသွားတာပေါ့နော် လိုင်ဇာမြို့ကတော့ KIO က ထိန်းချုပ်ထား ဆဲ ဆိုတော့ ဒီအခြေအနေကို ဘယ်လို ပြောနိုင်မလဲ။ ဖြေ - လောလောဆယ် အနေအထားက လိုင်ဇာကို မသိမ်းသော်လည်း သိမ်းထားသလို ဖြစ်နေတယ် အချိန်မရွေးသိမ်းလို့ ရနေ တဲ့ အနေအထားဖြစ်နေပြီ နိုင်ငံရေးအရ အမြတ်ထုတ်ချင်လို့သာ လိုင်ဇာကို မသိမ်းဘူးပြောနေတာ ဒါကဘာလဲ ဆိုတော့ ကေအိုင်အေရဲ့ စီးပွားရေးဝမ်းဗိုက်ကိုဖြတ်ချလိုက်တာ ဖြစ်တယ်။ ကျနော်တို့ကြားနေတာတစ်ခုက ဗမာအစိုးရက လိုင်ဇာကိုကွင်းပြီး တရုတ်ပြည် ရင်ကျန်းနဲ့ လဂျားယန်အထိ လမ်းဖေါက်ဖို့ စီစဉ်နေတယ် အဲဒီတော့ ကေအိုင်အေရဲ့ လိုင်ဇာမြို့ဟာမြို့ပျက်ကြီးဖြစ်သွားမယ် သူတို့ ထိုးစစ်ဆင်တိုက်ခိုက်ရတဲ့ ရည်မှန်း ချက်ထဲမှာ အဲဒါတွေပါတယ်။ မေး - ဒီလ ၂၈ ရက်နေ့က ကာကွယ်ရေးဝန်ကြီးဋ္ဌာနက KIA ကို ထိုးစစ်ဆင်တာမရှိဘူး ၊ ခုခံကာကွယ်တာပါလို့ တရားဝင် ကြေငြာချက်ထုတ် ပြောပါတယ် အဲဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ ။ ဖြေ - ဒီကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ ကြေငြာချက်ဟာ တစ်ဘက်သတ်ကြီးဖြစ်နေတယ် စစ်သားတွေဖြစ်ပြီးတော့ ကိုယ်လုပ် ရင်ကိုယ်ဝန်ခံရဲရမယ်။ ကချင်ပြည်နယ်မှာရှိတဲ့ တပ်ရင်း ၄၆ ရင်းနဲ့ ဆိုရင်လက်ခံနိုင်တယ် ကေအိုင်အေက စခန်းတွေတက်ထိုးလို့ သူတို့စခန်းတွေ တစ်ခုပြီးတစ်ခုကျသွားလို့ တခြားတပ်မတွေထည့်ရတယ် ဆိုရင်လက်ခံနိုင်တယ် ကေအိုင်အေက ဘယ်စခန်းမှ ထိုးတာ မရှိဘူး။ မူလ ၄၆ ရင်းရှိတဲ့ မပခမှာ ဧည့်သည်တပ်နဲ့ပေါင်းရင် ၁၂၈ ရင်းဖြစ်လာတယ် မူလတပ်ထက် ၃ ဆပိုများလာတာကို ခံစစ် ဆင်ပါတယ်လို့ ပြောတာက လူတိုင်းသိလောက်ပါတယ်၊ တရုတ်ပြည်ဘက်ကို အမြောက်ဆံကျတာတောင်မှ ကိုယ့်ကိုယ် ကိုယ်ခုခံကာကွယ်လို့ပြောတာ တော်တော်ကိုလက်တွေ့မကျပဲ ငါပြောတာမင်းတို့နားထောင်ဆိုတဲ့ အပေါက်မျိုးလုပ်နေတယ်။ နောက်လေကြောင်းပစ်ကူကိစ္စ လေကြောင်း တိုက်ခိုက်မှုဟာ ၂၄၂ ကြိမ်ရှိတယ် သက်ဆိုင်ရာနိုင်ငံတစ်ခုရဲ့ ရေဒါမှတ်တမ်း မှာ ငြင်းမရအောင်ဖေါ်ပြထားတာ ဖြစ်တယ်၊ တစ်ဘက်က ခိုင်ခိုင်မာမာပြောလာတဲ့အခါမှ လေကြောင်းကို ကျနော်တို့ ဆက်မလုပ်တော့ပါဘူး၊ တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုဦးစီးချုပ်လာတဲ့အခါကျမှ ကတိပေးလိုက်တဲ့ သဘောမျိုးပါတယ်၊ ရိက္ခာနဲ့ ခဲ ယမ်းပို့တာလောက်ပဲလုပ်ပါတော့မယ်လို့ ပြောလိုက်ပုံရတယ် အဲဒီနှစ်ယောက်ပြန်သွားပြီး နောက်ပိုင်းမှ မမြင်ရတော့တာ။ မေး - KIO အပေါ် အစိုးရနဲ့ စစ်တပ်ရဲ့ သဘောထားက ဘယ်လိုရှိမလဲ။ ဖြေ - စစ်တပ်ရဲ့ မိုင်းဆက် ဟာ စစ်စဖြစ်ကတည်းက ငြိမ်းချမ်းရေးကိုသွားမယ်ဆိုတဲ့လမ်းကြောင်းမရှိဘူး၊ ချေမှုန်းမယ် ဆိုတဲ့ သဘောထားပဲရှိတယ်။ KIO ဟာ ကချင်လူထုကို အမျိုးသားရေးအရ ဦးဆောင်နိုင်တဲ့အဖွဲ့အစည်းဖြစ်တယ်၊ ဒါကြောင့် နိုင်ငံရေး စစ်ရေးအရ အရှိန် တက်လာတာကို လက်မခံနိုင်ဘူး၊ ဒေါက်တာတူးဂျာ မြို့ပေါ်တက်ပြီး ရွေးကောက်ပွဲဝင်တာမှာ ပါတီဖွဲ့ခွင့်မပေးဘူး၊ အဲဒီ ကာလဟာ ဗန်းမော် ဧရိယာတစ်ဝိုက်မှာ ဘာမှမဖြစ်သေးတဲ့ကာလမှာ ဒါကိုကြည့်မယ်ဆိုရင် နိုင်ငံရေးအရရော စစ်ရေးအရရော ဖိနှိပ်ထားချင်တဲ့သဘောကို ပြတယ်၊ ၂၀၁၀ ရော ၂၀၁၁ ရော စစ်ဆင်ရေး လေးလပတ် အစည်းအဝေး ညွန်ကြားချက် ထဲမှာ ဆိုရင် အမြစ်ပြတ်ချေမှုန်းရေးပဲ။ မေး - မကြာခင် နှစ်ဘက်ဆွေးနွေးပွဲ ပြန်စမယ်ဆိုတော့ အလားအလာကရော ဘယ်လိုရှိမလဲ။ ဖြေ - လောလောလတ်လတ်ကတော့ အပစ်အခတ်ရပ်ဆဲရေးတစ်ပိုင်း နိုင်ငံရေးကိစ္စတစ်ပိုင်း ဆွေးနွေးဖို့လိုတယ်၊ အပစ်အခတ်ရပ်ဆဲရေးဆိုတာ ကေအိုင်အေကလည်း အပစ်အခတ်ရပ်ဆဲထားတာပဲ ၀ နဲ့ မိုင်းလားလည်း အပစ်အခတ် ရပ်ဆဲ ထားတာပဲ ၀ နဲ့ မိုင်းလားကျတော့ ဘာကြောင့် ပြန်ချုပ်စရာမလိုလဲ။ ၀နဲ့ မိုင်းလားကို ဘော်ဒါဂတ်ကနေ ရုပ်ပြီးတော့ ပြန်ဆက်သွယ်တဲ့အခါမှာ ဗမာတပ်က သူ့ရှေ့တိုးထားတဲ့ တပ်တွေ ရုပ်သွားတာပဲ အဲလိုပဲ ကေအိုင်အေမှာလည်း သူ့တပ်တွေရုပ်လိုက်ရင် အပစ်အခတ်ရပ်ဆဲရေးက အလိုလို ပြီးသွား မှာ ကျနော်မြင်တာက ၁ အချက် ဗမာအစိုးရ စစ်ဆင်ရေးရုပ်ရမယ် ၂ အချက် တပ်တွေရုပ်ရေး။ ဗမာတပ်ဆိုရင်လည်းသူရောက်ရှိနေတဲ့အနေအထား လဂျားယန်ဆိုလို့ရှိယင် လုံလောက်စခန်းကလွဲရင် ကျန်တပ်တွေ အကုန်ဆုတ် အခုယူထားတဲ့ လဝါးယန်းတို့ ရ၇၁ တို့ ဆုတ်ပေးလိုက် အဲလိုမှမညှိနိုင်ဘူးဆိုရင် တွေ့ဆုံမှုကလည်း အရင် တုန်းက အတိုင်းပြန်ဖြစ်သွားမှာပဲ။ |
| အစိုးရဝန်ထမ်းများ အခွန်ကောက်ခံမှုဖြင့် ခရီးသွားလာမှုကို ဟန့်တားနေ သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကဆို Posted: 31 Jan 2013 12:55 AM PST မြို့အဝင်အထွက်ဂိတ်၊ လမ်းတံတားဂိတ်များ၌ အစိုးရဝန်ထမ်းများက အခွန်များ ပိုမိုကောက်ခံနေမှုဖြင့် ပြည်သူများ၏ ခရီးသွားလာမှုကို တားဆီးဟန့်တားနေသကဲ့သို့ဖြစ်နေကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF က ဆိုပါသည်။ ကျိုင်းတုံ-မိုင်းလားလမ်းပေါ်မှ ဂိတ်တစ်ခု (Photo: Arntai / SHAN)ဦးသိန်းစိန် သမ္မတ ဖြစ်လာပြီးနောက် နိုင်ငံရေး အခြေအနေ တိုးတက်ပြောင်းလဲလာသည်ဟုဆိုကာ ပြည်သူများ ခရီးသွားလာမှု ယခင်ကထက်ပိုမို များပြားလာသည်နှင့်အမျှ အစိုးရ၏ ဌာနဆိုင်ရာ ဝန်ထမ်းများလည်း အခွင့်ကောင်းယူကာ အခွန်စောင့်ကြပ်ကောက်ခံလာကြောင်း၊ စောင့်ကြပ်ကောက်ခံ မှုမှာလည်း ၂၀၁၂ အတွင်း ပိုမိုများပြားလာကြောင်း ဂျန္နဝါရီလ ၃၀ ရက်နေ့ထုတ် SHRF ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မျက်နှာချင်းဆိုင်ရှိ BP1 နှင့် ပုံပါကျင် နယ်စပ်ဂိတ်၌ ယခင်နှစ်များက ခရီးသွား တစ်ဦးလျှင် ဘတ် ၃၀၀ ကောက်ခံရာမှ ၂၀၁၂ အောက်တိုဘာလမှစ၍ ဘတ် ၅၀၀ တိုးမြှင့်ကောက်ခံ လာကြောင်း၊ လင်းခေးမြို့ ပန်ပေါင်းရွာ နောင်လိုင်ဂိတ်၌ ယခင်က ဗဲင်ကားတစ်စီးကို မြန်မာစစ်သား များ ကျပ် ၃၀၀၀ ကောက်ယူရာ ၂၀၁၂ အတွင်း ၃ ဆတိုး ကောက်ခံလာကြောင်း ဆိုပါသည်။ "ဂိတ်မှာ စစ်သားကို ပေးပြီးရင် ရဲကိုထပ်ပေးရတယ်။ ရဲက ၁ သိန်းခွဲ တောင်းတယ်ဗျ။ အိမ်ရောက် တော့ သူတို့ကိုပေးရတာနဲ့ ကျနော် ကားဆွဲလို့ရတာနဲ့ တွက်ကြည့်လိုက်ရင် ကျနော့အတွက် ဘာမှ မကျန်တော့ဘူး" ဟု ဗဲင်ကားသမားတစ်ယောက်က ပြောပါသည်။ အဆမတန် အခွန်ကောက်ခံမှုသည် ခရီးသွား ပြည်သူများအား စိတ်အနှောင့်အယှက်ပေးသည့် နည်း တစ်ခုဖြစ်ကြောင်း၊ သွားလာမှုကုန်ကျစရိတ် ၊ ကားသမားများ ကားခရငွေနှင့် ဂိတ်ကြေး ဘီးခွန်ပေးရ သည့်ငွေ - မိမိအတွက် အကျိုးအမြတ် ကျန်မကျန် တွက်ချက်ရမည်ဖြစ်ကြောင်း အချို့က သုံးသပ်ကြပါ သည်။ "အစိုးရဝန်ထမ်းတွေလည်း ညည်းညူကြတယ်။ သူတို့လစာက သားသမီးတွေကို ကျောင်းပို့ဖို့၊ အဝတ် အစားဆင်ပေးဖို့ နေနေသာသာ စားဖို့တောင် မလောက်ဘူးတဲ့။ အဲဒါကြောင့် အခွန်တွေ ကောက်နေရ တာဖြစ်တယ်လို့ ပြောတယ်" ဟု လွိုင်လင်ဒေသခံတစ်ဦးကလည်း ပြောပါသည်။ သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ကို ၁၉၉၀ ဒီဇင်ဘာ ၆ ရက်နေ့၌ (ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ သူ ခွန်ကြာပု၏သား) ခွန်ကြာဦးက စတင်တည်ထောင်ခဲ့သည်။ ၁၉၉၀ မှစ၍ အင်္ဂလိပ်ဘာသာဖြင့် လစဉ် လတိုင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည်တွင်း အဓမ္မရွှေ့ပြောင်းခံရမှုနှင့် သတ်ဖြတ်မှု အကြောင်း ရေးသားထားသော "Dispossessed" နှင့် သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်းနှင့် ပူးပေါင်းထုတ်ဝေသည့် စစ်ပဋိပက္ခအတွင်း သျှမ်းပြည်အမျိုးသမီးများ အဓမ္မပြုကျင့်ခံရသည့်အကြောင်း ရေးသားထားသော "License to Rape" စာအုပ်တို့မှာ လူသိများလှ သည်။ အချက်အလက် အပြည့်အစုံ ဖတ်ရှုရန် - www.shanhumanrights.org |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |







