သစ်ထူးလွင်

သစ်ထူးလွင်


ဒေါ်အောင်ဆန်းစုကြည် ပြင်သစ် ခရီးစဉ် စတင်

Posted: 26 Jun 2012 04:22 AM PDT

လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား  ပြင်သစ် နိုင်ငံမှ နိုင်ငံတော် အထူး ဧည့်သည် အဖြစ်ကြို ဆိုမည်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ သမိုင်း ၀င် ပြင်သစ် ခရီးစဉ်ကို ယနေ့နေ့ လည်ပိုင်းတွင် အင်္ဂလန် နိုင်ငံမှ ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့  ရထားဖြင့် ထွက်ခွာမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား ညနေပိုင်းတွင် ပြင်သစ်သမ္မတကကြိုဆိုတွေ့ဆုံပြီး Elyseeနန်းတော်မှာ ပြင်သစ်သမ္မတနှင့် ညစာစားပြီး သတင်းစာရှင်းလင်းပွဲတရပ်ပြုမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံရဲ့ ကြီးကျယ်မြင့်မြတ်သော နိုင်ငံတော်ဧည့်သည်အဖြစ်ကြိုဆိုဂုဏ်ပြုမှာဖြစ်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံမှာ(၃)ရက်ကြာနေထိုင်ပြီး ပဲရစ်မြို့တော်ဝန် Bertrand Delanoeက ဂုဏ်ထူးဆောင်ပြင်သစ်နိုင်ငံသားဆုကိုပေးကို ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးLaurent Fabiusနှင့် သီးသန့်တွေ့ဆုံမှာဖြစ်ပါတယ်။

၁၃ရာစုနှစ်စတင်တည်ထောင်ခဲ့တဲ့ ပြင်သစ်နိုင်ငံရဲ့နာမည်ကျော် Sorbonne တက္ကသိုလ်မှာ ပြင်သစ်ကျောင်းသား/သူများနှင့်တွေ့ဆုံပြီး ဒေါ်အောင်ဆန်းကြည်က ဟောပြောပို့ချမှာဖြစ်ပါတယ်။

Aung Pan - Facebook


လေဘာ ပါတီ ရုံးချုပ်သစ် ဒေါ်အောင်ဆန်း စုကြည် ဖွင့်လှစ် ပေးခဲ့

Posted: 26 Jun 2012 03:54 AM PDT

မြန်မာ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အင်္ဂလန် နိုင်ငံ လေဘာပါတီ ရုံးချုပ် သစ်ဖွင့်ပွဲ တက်ရောက် ဖွင့်လှစ်ခဲ့။

ယနေ့မနက် ၁၀နာရီ ၁၄မိနစ်တွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် အင်္ဂလန်နိုင်ငံ၏ အကြီးဆုံးပါတီ လေဘာ ပါတီဌာန ချုပ်ရုံးခန်း ဖွင့်ပွဲကိုလန်ဒန်မြို့မှပဲရစ်မြို့မထွက်ခွာခင်တက်ရောက်ဖွင့်လှစ်ခဲ့သည်။

လေဘာပါတီခေါင်းဆောင်Ed Miliband မှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လေဘာပါတီရုံးချုပ်သစ်ဖွင့်လှစ်ပွဲကို တက်ရောက်ဖွင့်လှစ်ပေးမှုဟာ အလွန်ကျော်ကြားလှတဲ့ဒီမိုကရေစီအတိုက်အခံခေါင်းဆောင်တဦးကဖွင့်လှစ်ပေးခဲ့သည့်အတွက် လေဘာပါတီရဲ့သမိုင်းဝင်ဖြစ်ကြောင်းပြောကြားရင်း ကြိုဆိုနှုတ်ခွန်းဆက်ခဲ့သည်။
Aung Pan - Facebook

10.14am: Aung San Suu Kyi, the Burmese democracy campaigner, has opened Labour's new HQ today.


နတ်ကာ ရေလှောင် တမံအတွက် နစ်နာကြေး မရသည့် ကုတ်ယူခံမြေပိုင်ရှင် များရှိနေ

Posted: 26 Jun 2012 03:36 AM PDT


ပျော်ဘွယ် မြို့နယ် မဲဒီး အုပ်စုတွင် နတ်ကာရေ လှောင်တမံ တည်ဆောက် စဉ်က ကုပ်ယူထားသည့် မြေယာများ အတွက် လက်ရှိ အချိန်ထိ နစ်နာကြေး မရသေးသော လယ်သမားများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။

 လယ်ဧက (၁၂၀၀)ကျော် အားထားရသော နတ်ကာရေလှောင်တမံအတွက် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလကတည်းက အနီး ပတ်ဝန်းကျင် ရှိ မြေယာများအား မြေကုတ်ယူခံခဲ့ရ၍ တောင်သူများမှာ လုပ်ကိုင်စားသောက်ရန်ခက်ခဲသွားပြီး ယခုနှစ်ဇွန်လ (၁၅)ရက်နေ့က မြေကုတ်ယူခံတောင်သူများက နိုင်ငံတော်သမ္မတထံသို့ အသနားခံစာတင်ပို့ခဲ့ကြောင်း သိရှိရသည်။

ထို့အတွက် ဒက်ဟက်ကုန်း၊စည်ပင်သာ၊ကန်ဖျား၊ကန်စွယ်၊ငန့်ဇင်းကျးရွာမှ တောင်သူများအနေဖြင့် တစ်ဧက ကျပ်(၂)သိန်းနှုန်းဖြင့် နစ်နာကြေးရရှိခဲ့သူများရှိသော်လည်း  မဲဒီး၊ချောင်းနား၊မင်းတဲကုန်းကျေးရွာများက တောင်သူများမှာ လက်ရှိအချိန်ထိ နစ်နာကြေး မရှိသေးကြောင်း သိရသည်။

 "ကျွန်တော်တို့မဲဒီး၊ချောင်းနား၊မင်းတဲကုန်းကျေးရွာတွေက အခုထိမရသေးဘူး။အကုပ်ခံရတာ-၆၅ဧကရှိပါတယ်။ မြေတွေကပျက်စီးပြီး လုပ်စားလို့ မရတော့ဘူး၊ တစ်နှစ်တစ်ခါ ပုံမှန်မြေဆီလွှာချရင်တောင်မှ နောက်ထပ်လေး၊ ငါးနှစ်ကြာတောင် အရင်လိုပြန် မဖြစ်နိုင် ဘူးလို့ ကြားတယ်။ အဲ့ဒီ အတိုင်းဆိုရင်တော့ ထိုက်တန်တဲ့ လျော်ကြေး လေးတော့ လိုချင်ပါတယ်"ဟု   မြေကုပ်ခံရသူတောင်သူကြီး ဦးစန်းလွင်က ပြောသည်။

မြေကုပ်ခံရသော မြေယာပိုင်ရှင်တောင်သူများအနေဖြင့်ယခင်ကဆီထွက်သီးနှံများနှင့်ဆန်စပါးစိုက်ပျိုး ဖြစ်ထွန်းခဲ့ပြီး ယခုချိန်တွင်   မြေဆီလွှာများ ဆုံးရှုံးခဲ့သောကြောင့်သီးနှံစိုက်ပျိုးနိုင်ခြင်းမရှိတော့၍ စီးပွားရေးအဆင်မပြေမှုများနှင့်ရင်ဆိုင်ကြုံတွေ့ နေရခြင်းဖြစ်သည်။

"ကျွန်တော်မှာမြေတစ်ဧကပဲရှိတာအဲဒီမြေလေးအကုပ်ခံရတော့လုပ်စားစရာမြေမရှိတော့ဘူး။ အခုသူများင်္ဆီမှာထွန်ငှား လိုက်နေ ရတယ်၊ နွားလေးတစ်ရှင်းရှိလို့ တော်သေးတာပေါ့၊ မြေယာအစားပေးရင်လည်း လိုချင်ပါတယ် ထိုက်သင့်တဲ့နစ်နာကြေးလည်း ရချင်ပါတယ်၊ မြေတူးကားအသံကြားရင်ကို ကြောက်နေရတာ" ဟု စည်ပင်သာရွာမှ တောင်သူတစ်ဦးက ပြောသည်။
နတ်ကာရေလှောင်တမံအတွက် သင့်တော်မည့် မြေအမျိုးအစားများအားယခင်အစိုးရလက်ထက်ကကဲ့သို့ စမ်းသပ်ရှာဖွေ ခဲ့ခြင်းဖြစ်ကြောင်း၊မည်သည့်ကွင်းများတွင် တူးဖော်သည်ကိုသေသေချာချာမသိရှိကြောင်း မဲဒီးအုပ်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှုး ဦးချစ်စိန်က အတည်ပြုပြောဆိုသည်။

"ဆည်ဆောက်ဖို့ သင့်တော်မယ့်မြေအတွက် သင့်တင့်လျောက်ပတ်တဲ့ငွေကြေးပေးသံကြားရတာတော့  ၀မ်းသာပါတယ်။ ဒီဆည်ကြီးက လယ်ဧက(၁၂၀၀) ကျော်ပေးနိုင်လောက်အောင် ဆောက်လုပ်ထားတာပါ၊ မြေကုပ်ခံ ရတဲ့ကိစ္စနဲ့ ပတ်သက် လို့ တောင်သူတွေက ကျွန်တော့်ကို တင်ပြလာရင်တော့ ဆောင်ရွက်ပေးမှာပါ၊ အခုထိတော့ မတင်ပြသေးပါဘူး၊ သူတို့ဘက် ကတင်ပြလာရင်တော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ကျွန်တော်အတက်နိုင်ဆုံး ဆက်လက်တင်ပြညှိနိုင်း ဆွေးနွေးသွားပါမယ်"ဟု အုပ်ချုပ်ရေးမှုးဦးချစ်စိန်က ပြောကြားခဲ့သည်။

တောင်သူလယ်သမားများနှင့်အလုပ်သမားများအရေးဆောင်ရွက်နေသောကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်(ILO)မှ တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ သုံးသပ်ပြောကြားခဲ့သည်။

"တောင်သူလယ်သမားဆိုတာ တစ်ဧကကို နှစ်သိန်းမဟုတ်ဘူး၊ ဆယ်သိန်းပေးတောင် မတန်ပါဘူး၊ ဘာလို့ လည်းဆိုတော့ သားစဉ်မြေးဆက်ပဒေသာပင်အဖြစ် ထွန်ယက်စိုက်ပျိုးရမှာဖြစ်တဲ့အတွက် မြေက မရှိမဖြစ် လိုအပ်ပါတယ် နိုင်ငံတော် ကတောင်သူမြေတွေလိုအပ်လို့ အသုံးပြုခဲ့ရင်လည်း ထိုက်သင့် နစ်နာကြေးတင်မက ဆုံးရှုံးသွားတဲ့ မြေကိုလည်း ပြင်ဆင်ပေးသင့်ပါတယ်"ဟု ILOမှ တာဝန်ရှိသူတစ်ဦးက  သုံးသပ်သည်။

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup



ဂွမြို့တွင် ဖမ်းမိသော ဘင်္ဂါလီ တစ်ရာခန့် ကို စစ်ဆေးရန် သံတွဲ ရဲစခန်းသို့ ပို့ဆောင်ပြီ

Posted: 26 Jun 2012 02:50 AM PDT


ရခိုင်ပြည်နယ် ဂွမြို့  အနီးတွင်ရှိသော ကျွန်းတစ်ကျွန်းတွင် တရားမ၀င် ၀င်ရောက် လာသည့် ဘင်္ဂါလီလူမျိုး ၁၀၀ နီးပါးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တရားမ၀င် ၀င်ရောက်လာသည့် လူများအနက် အချို့ကို စက်လှေတစ်စင်းပေါ်တွင် တွေ့ရှိခဲ့ကြောင်း ဂွမြို့တွင် ငါးဖမ်းရှာနေသည့် ဒေသခံရေလုပ်သား အချို့က တွေ့ရှိခဲ့ရာ တာဝန်သိ ဒေသခံများက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း ယင်းအကြောင်းကြားမှုကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် အဆိုပါကျွန်းသို့  ထွက်ခွာပြီး လိုက်လံ ရှာဖွေရှာ တရားမ၀င် ၀င်ရောက်လာသူ လူဦးရေ ၁၀၀ နီးပါးခန့်ကို တွေ့ရှိခဲ့သဖြင့် ယင်းတို့ကို ဂွမြို့သို့ ဖမ်းဆီး ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

"လူတွေကများတော့ အတိအကျ စာရင်းကို ကျွန်တော်တို့မရလိုက်ဘူး ဖမ်းဆီးလာတဲ့သူတွေကို သက်ဆိုင်ရာက ကားပေါ်တင်ခေါ်တဲ့အချိန်မှာ ရေတွက်ကြည့်လိုက်တာတော့ ၈၈ ဦး တွေ့ခဲ့ရပါတယ် သူတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက သံတွဲရဲစခန်းကို ပို့ဆောင် လိုက်တယ်လို့ သိရပါတယ်  ၊သူတို့ ဘယ်ကနေ၀င်လာပြီးတော့ ဒီကျွန်းကို ဘယ်အချိန်ကတည်းကရောက်နေတာကိုတော့ ကျွန်တော်တို့လည်း အတိအကျမသိရသေးပါဘူး  " ဟု ငါးဖမ်းစက်လှေပိုင်ရှင် ဒေသခံတစ်ဦးက Flower News သို့ပြောကြားသည်။

ယင်းနှင့်ပတ်သက်၍ ရန်ကုန်မီဒီယာဂရုပ်မှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက "ဒီသတင်းဟာ မှန်ကန်ပါတယ် လူ ၁၀၀ နီးပါးလောက် ရှိမယ်လို့ သတင်းရထားပါတယ် ဒီလူတွေကို အခုဆိုရင် သံတွဲရဲစခန်းက ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့ စီစဉ်နေပါတယ်   " ဟု ပြောကြားသည်။

ဂွမြို့သို့ တရားမ၀င် ၀င်ရောက်လာသူများကို တွေ့ရှိခဲ့သည့် အဆိုပါကျွန်းကို ရောက်ရှိရန် ဂွမြို့မှ စက်လှေဖြင့် တစ်နာရီ ခန့် အချိန်ယူပြီးသွားလာရကြောင်း သိရသည်။

"ပြည်သူတစ်ဦးအနေနဲ့ ပြောချင်တာက ယခုဆိုရင် ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ ယခုအချိန်အထိ ယခင်လို မဖြစ်သေးတာကိုလည်း ကြားနေရပါတယ် အထူးသဖြင့် ဒီလို တရားမ၀င် ၀င်ရောက်လာတဲ့ လူတွေကို စနစ်တကျ မှန်မှန်ကန်ကန် စစ်ဆေးဖော်ထုတ် အရေးယူဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လုံခြုံရေးကို ယခင်ထက် ပိုပြီးတော့ တင်းတင်းကျပ်ကျပ်ဆောင်ရွက် ဖို့လည်း လိုအပ်လာပါလိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်ဟာ ဘင်္ဂလားပင်လယ် အနီးမှာရှိတဲ့အတွက် တရားမ၀င် ၀င်ရောက်လာတဲ့   သူအများစု ဟာလည်း ရေကြောင်းကို အသုံးပြုပြီးတော့ ၀င်ရောက်နေကြတာကို ယခင်ကလည်း ကြားသိနေရသလို ယခုဆိုရင်လည်း ကျွန်တော်တို့ ဂွ မြို့ဘက်ကိုတောင် ၀င်ရောက်လာတာကို တွေ့နေရပြီဖြစ်တဲ့ အတွက်  နောက်နောင် ဒီလိုမျိုး ကိစ္စတွေ ထပ်မံမပေါ်ပေါက်လာဖို့ကတော့ နိုင်ငံတော် အစိုးရအနေနဲ့လည်း ရေပြင်လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ဖို့လိုသလို ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်နေပြီလို့ ကျွန်တော် မြင်ပါတယ် " ဟု စက်လှေပိုင်ရှင်  ဂွမြို့ဒေသခံတစ်ဦး က အကြံပြုပြောကြားသည်။

စောမြင့်သန်း(ပေါက်တော)( Yangon Media Group)
ဘင်္ဂါလီလူမျိုး တဦးအားတွေ့ ရစဉ် ဓါတ်ပုံ-Google Images


လယ်ယာ ကဏ္ဍနှင့်ပတ်သက်သည့် ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ပြု

Posted: 26 Jun 2012 02:42 AM PDT


လယ်ယာ ကဏ္ဍဖွံ့ ဖြိုး တက်စေရန် ဓာတ်မြေ သြဇာ ပိုးသတ် ဆေးနှင့် လယ်ယာ သုံးစက် ကရိယာများ အပါအ၀င် လယ်ယာ သုံး စက်ပစ္စည်းများ ကို ပြည်ပမှ တင်သွင်းခြင်းနှင့် ပြည်တွင်း ထုတ်လုပ်ရောင်း ချခြင်းတို့အပေါ် ကျသင့် သည့် ကုန်သွယ် လုပ်ငန်းခွန်ကို ကင်းလွတ်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီး ဌာနပြည်တွင်း အခွန်များ ဦးစီးဌာန မှ သိရသည်။

အဆိုပါ ကင်းလွတ်ခွင့်ကို ဇူလိုင် (၁) ရက်နေ့မှ ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ အထိ အကျိုးသက်ရောက် မည်ဖြစ်ကြောင်း သိရသည်။

"အရင်တုန်းက ပေးဆောင်နေရတဲ့ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကို အခုသတ်မှတ်ကာလအတွင်း လုံးဝခွင့်ပြုလိုက်တာပါ " ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကြည်မိုး ကပြောသည်။

၂၀၁၂ ခုနှစ်ဇွန်လ ၁၄ ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၂၂/၂၀၁၂ တွင် ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီး ဌာနမှ ပြည်တွင်းလယ်ယာ ကဏ္ဍဖွံ့ ဖြိုးတိုးတက်စေရန် အတွက် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၈၊ပုဒ်မခွဲ (က) အရ အမိန့်ကြေညာစာထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သိရသည်။

သန်းနိုင်ဦး-Yangon Media Group



မြန်မာ ထိပ်တန်း လုပ်ငန်းကြီး အချို့  အာမခံ လုပ်ငန်း လုပ်ကိုင်မည်

Posted: 26 Jun 2012 02:30 AM PDT


ကမ္ဘောဇ၊ ထူးနှင့် မက်စ်မြန်မာမှ ပိုင်ဆိုင်သော ကမ္ဘောဇဘဏ်၊ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်နှင့် ဧရာဝတီဘဏ်တို့ အပါအ၀င် ပုဂ္ဂလိကဘဏ်များနှင့် မြန်မာ ထိပ်တန်း စီးပွားရေး လုပ်ငန်းကြီးအချို့သည် ပုဂ္ဂလိက အာမခံလုပ်ငန်းကို ၀င်ရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိကြောင်း Eleven Media Group အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။

"ဇွန်လ ၂၉ရက်နေ့ ဖောင်ပိတ်မယ်။ ဇူလိုင် ၃ရက်နေ့ ၀န်းကျင်မှာ မြန်မာ့ အာမခံလုပ်ငန်း ကြီးကြပ်ရေး ကော်မတီကို တင်ပြမယ်။ စိစစ်မှုကာလက တစ်လ ၀န်းကျင်ကြာနိုင်ပါတယ်။ ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းမှာ ပုဂ္ဂလိက အာမခံလုပ်ငန်းတွေ ပေါ်ပေါက်လာတော့မှာပါ"ဟု မြန်မာ့ အာမခံလုပ်ငန်းမှ ဒုတိယ အထွေထွေ မန်နေဂျာ ဦးစိန်မင်းက Eleven Media Group ကို ပြောကြားခဲ့သည်။

ပုဂ္ဂလိက အာမခံလုပ်ငန်းများအတွက် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း ၉ချက်ရှိပြီး ယင်းအချက်များနှင့် ကိုက်ညီသည့် မည်သည့်လုပ်ငန်းကိုမဆို လုပ်ကိုင်ခွင့် ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ဈေးကွက်စီးပွားရေးနှင့် အညီ တိုင်းရင်းသား လုပ်ငန်းများ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ထိုသို့ ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းများ အာမခံလုပ်ငန်းကို လုပ်ကိုင်ခွင့်ပေးပြီး နိုင်ငံတကာအဆင့်မီမှသာ နိုင်ငံခြားအာမခံလုပ်ငန်းများနှင့် အကျိုးတူ ဖက်စပ်လုပ်ကိုင်ခွင့် ပေးမည်ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားပါသည်။

ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုသွားမည့် အာမခံ အမျိုးအစားများမှာ အသက်အာမခံနှင့် အထွေထွေ အာမခံများဖြစ်သည့် မီးအာမခံ၊ မော်တော်ယာဉ် အလုံးစုံ အာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ ငွေသား လုံခြုံမှု အာမခံနှင့် သမာဓိ အာမခံ တို့ဖြစ်သည်။ ထိုသို့ အာမခံလုပ်ငန်းလုပ်ကိုင်ရာတွင် လုပ်ငန်း၏ ခိုင်မာမှုနှင့် ယုံကြည်စိတ်ချရမှုအတွက် အသက်အာမခံလုပ်ငန်း လုပ်ကိုင်လိုသူများသည် မတည်ရင်းနှီးငွေ ကျပ်သန်းခြောက်ထောင်၊ အထွေထွေ အာမခံ လုပ်ကိုင်လိုသူများသည် မတည်ရင်းနှီးငွေကျပ် သန်းလေးသောင်းနှင့် လုပ်ငန်းနှစ်ခုပေါင်း လုပ်ကိုင်လိုသူများသည် မတည်ရင်းနှီး ငွေကျပ် ပမာဏ သန်းလေးသောင်း ခြောက်ထောင် ရှိရမည့်အပြင် ဖွင့်လှစ်မည့် ရုံးအဆောက်အအုံ အကျယ်အ၀န်း၊ မြေနေရာတို့ကိုလည်း တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ရန်အတွက် လုပ်ငန်းပေါင်း ၁၈၀ကျော်က လျှောက်လွှာဝယ်ယူထားပြီး ဇွန်လ ၂၅ ရက်နေ့ထိ လုပ်ငန်းတစ်ခုသာ လာရောက် လျှောက်ထားသေးကြောင်းနှင့် ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်း အမီ လုပ်ငန်း အချို့ လာရောက် လျှောက်ထားမည်ဟု ကြားသိရကြောင်း မြန်မာ့အာမခံလုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။

မြန်မာ့အာမခံလုပ်ငန်းကို ၁၉၆၃ခုနှစ်ကတည်းက အစိုးရကသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအစိုးရလက်ထက် ၂၀၁၂ခုနှစ် မေလတွင် ပြည်တွင်း ပုဂ္ဂလိကလုပ်ငန်းများကို အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။

၁၉၆၃ ခုနှစ် တော်လှန်ရေး ကောင်စီ လက်ထက်တွင် ပြည်သူ ပိုင်သိမ်းစဉ်က ပုဂ္ဂလိက နိုင်ငံခြားအာမခံကုမ္ပဏီပေါင်း ၇၀ကျော် ရှိခဲ့ဖူးကြောင်း Eleven Media Group အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။

Eleven Media Group


ထိပ်တန်းကား ကုမ္ပဏီကြီးများ အကျိုးတူ ဖက်စပ် ဆောင်ရွက်ရန် စီစဉ်နေ

Posted: 26 Jun 2012 02:31 AM PDT

တိုယိုတာ၊ နစ်ဆန်း၊ ဟွန်ဒါ၊ ဆူဇူကီး ကုမ္ပဏီတို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဋ္ဌာန်းပြီးပါက မြန်မာ ထိပ်တန်း လုပ်ငန်းကြီးအချို့နှင့် အကျိုးတူဖက်စပ် ဆောင်ရွက်ရန် စီစဉ်နေ

ဂျပန် ထိပ်တန်း မော်တော်ယာဉ်လုပ်ငန်းများဖြစ်သော တိုယိုတာ၊ နစ်ဆန်း၊ ဟွန်ဒါနှင့် ဆူဇူကီးကုမ္ပဏီတို့သည် မြန်မာနိုင်ငံတွင် ၀င်ရောက်လုပ်ကိုင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ဆွေးနွေးနေပြီး ဇူလိုင်လအတွင်း ပြဋ္ဌာန်းတော့မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဋ္ဌာန်းပြီးပါက မြန်မာထိပ်တန်းလုပ်ငန်းကြီးအချို့နှင့် အကျိုးတူဖက်စပ် (Joint Venture-J.V) ဆောင်ရွက်ရန် ချိတ်ဆက်ညှိနှိုင်းနေကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိ Eleven Media Group အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။

"ဂျပန်ထိပ်တန်း ကားကုမ္ပဏီကြီးတွေ လာဆွေးနွေးနေတယ်။ သူတို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအတည်ပြုပြဋ္ဌာန်းတာကို စောင့်နေတဲ့သဘော။ ပြဋ္ဌာန်းပြီးရင် နိုင်ငံခြားလုပ်ငန်းတွေ ပိုပြီးလှုပ်ရှားလာနိုင်တယ်။ ကုန်ထုတ်လုပ်မှုနဲ့ စက်မှုပိုင်းမှာ ပြည်တွင်းပုဂ္ဂလိကနဲ့ J.V တွေများနိုင်တယ်။ သတ္တုနဲ့ စွမ်းအင်ပိုင်းမှာတော့ အစိုးရနဲ့ J.V လုပ်ဖို့ သူတို့ပိုစိတ်ဝင်စားတယ်"ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ အကြံပေး ပညာရှင် ဦးကျော်ဒွန်းက Eleven Media Group ကို ပြောကြားခဲ့ပါသည်။

အဆိုပါ ဂျပန်ကားကုမ္ပဏီများမှ တာဝန်ရှိသူများက မြန်မာနိုင်ငံတွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံလိုကြောင်း ယခုနှစ် နှစ်ဆန်းပိုင်းကတည်းက ထုတ်ဖော်ပြောကြားခဲ့ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ဆွေးနွေးနိုင်ရန် ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ခဲ့ကြောင်း၊ ထို့ပြင် နိုင်ငံတော် သမ္မတကြီး၏ ဂျပန်နိုင်ငံခရီးစဉ်တွင် လိုက်ပါခွင့်ရရှိခဲ့ကြသည့် မြန်မာလုပ်ငန်းရှင်များကလည်း ဂျပန်မော်တော်ယာဉ်လုပ်ငန်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း    ဂျပန်ခရီးစဉ်သို့ လိုက်ပါခွင့်ရရှိခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းထံမှ သိရပါသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းမြှုပ်နှံမှုသည် လက်ရှိအချိန်အထိ သယံဇာတဘက်သို့သာ စီးဝင်မှုများပြားဆဲဖြစ်ပြီး ကုန်ထုတ်လုပ်မှုနှင့် စက်မှုကဏ္ဍသို့ စီးဝင်မှု နည်းပါးနေဆဲ ဖြစ်ပါသည်။ အခြားတစ်ဖက်တွင်လည်း အမေရိကန်၊ အီးယူနှင့် ကနေဒါကဲ့သို့ နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုအချို့နှင့် ဆိုင်းငံ့ကာလများကြောင့် လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားမှုများရှိသော်လည်း လာရောက်ဆွေးနွေးမှု နည်းပါးနေကြောင်းနှင့် ဂျပန်၊ တောင်ကိုရီးယား ကဲ့သို့နိုင်ငံများနှင့် တရုတ်၊ ထိုင်းကဲ့သို့ မြန်မာနှင့် စီးပွားရေး ဆက်ဆံမှုများပြားသောနိုင်ငံများနှင့်သာ ထိတွေ့ဆက်ဆံမှုများပြားနေကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရပါသည်။

မြန်မာနိုင်ငံတွင် အထက်ပါ ဂျပန်ကားကုမ္ပဏီများ၏ ၀န်ဆောင်မှုစင်တာများ ရှိနှင့်ပြီးဖြစ်သော်လည်း ဆူဇူကီးကုမ္ပဏီမှလွဲ၍ ကျန်စင်တာများမှာ အမည်ခံမျှသာ လည်ပတ်နေခြင်းဖြစ်ပါသည်။ ဆူဇူကီး ကုမ္ပဏီသည် မြန်မာကုမ္ပဏီတစ်ခုဖြစ်သော SPA ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းကာ ၁၉၉၇ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ မော်တော်ဆိုင်ကယ်စီးရေ ၁၀၀၀၀နှင့် မော်တော်ယာဉ် စီးရေ ၆၀၀၀ တပ်ဆင် ရောင်းချဖူးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။

လက်ရှိ မြန်မာစီးပွားရေး အသိုင်းအ၀ိုင်းအတွင်း ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု၊ ချိတ်ဆက် ပူးပေါင်းမှုသတင်းများ ထွက်ပေါ်မှုများပြားနေပြီး ဟွန်ဒါကုမ္ပဏီနှင့် ပြည်တွင်းလုပ်ငန်းဖြစ်သည့် ဒိုင်းမွန်းစတားကုမ္ပဏီ၊ ဆူဇူကီးကုမ္ပဏီနှင့် ပြည်တွင်း လုပ်ငန်းဖြစ်သည့် IGE ကုမ္ပဏီတို့သည် မြန်မာနိုင်ငံအတွင်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စီပွားရေးလောကအတွင်း သတင်းများထွက် ပေါ်နေသည်။ အထက်ပါ ဟွန်ဒါနှင့် ဆူဇူကီးကုမ္ပဏီတို့နှင့် ပူးပေါင်းဆောင်ရွက်မည့် သတင်းကို သက်ဆိုင်ရာ ကုမ္ပဏီများသို့ ဆက်သွယ်မေးမြန်းသော်လည်း အတည်ပြု ဖြေကြားပေးမှုမရှိခဲ့ပါ။

နစ်ဆန်း မော်တော်ယာဉ်နှင့် ယာဉ်အပိုပစ္စည်း တရားဝင်ရောင်းချခွင့်ကို မြန်မာကုမ္ပဏီဖြစ်သည့် SPA Motors က ရယူထားပြီး ဂျပန်ထိပ်တန်းဘဏ်ကြီးတစ်ခုဖြစ်သည့် SMBC ဘဏ်နှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မည့် ကမ္ဘောဇ ဘဏ်လီမိတက်ကလည်း ယင်းဘဏ်နှင့် ချိတ်ဆက်လုပ်ကိုင်နေသည့် ကားကုမ္ပဏီများ အပါအ၀င် လုပ်ငန်းများကို မြန်မာနိုင်ငံအတွင်း၌ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ ၀န်ဆောင်မှုများ ပြုလုပ်ပေးသွားမည်ဟု ကမ္ဘောဇဘဏ် လီမိတက် ဒုဥက္ကဋ္ဌဦးသန်းလွင်၏ ပြောကြားချက်အရ သိရကြောင်း Eleven Media Group အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထား ပါသည်။


စစ်တွေမြို့ခံ များ ညမထွက်ရ အမိန့် ရုပ်သိမ်းလျှင် ဆူပူမှုများ ပြန်ဖြစ် မည်ကို စိုးရိမ်

Posted: 26 Jun 2012 02:07 AM PDT

စစ်တွေ၊ ဇွန်-၂၅
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဒေသအာဏာပိုင်များ အနေဖြင့် ညမထွက်ရအမိန့် ကြေညာမှုကို ရုပ်သိမ်းလိုက်ပါက ဆူပူမှုများ ပြန်လည်ဖြစ်ပေါ်လာမည်ကို စစ်တွေဒေသခံများ စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။

"အခုအခြေအနေ တည်ငြိမ်နေတယ်ဆိုတာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားလို့ပါ။ အခြေအနေတွေ သေချာမတည်ငြိမ်သေးဘဲ ညမထွက်ရအမိန့်ကို ရုပ်သိမ်း လိုက်ရင် ဆူပူမီးရှို့မှုတွေပြန်ပြီးဖြစ်လာနိုင်တယ်" ဟု စစ်တွေမြို့မှ ဒေသခံရခိုင်တိုင်းရင်းသားတစ်ဦးက 7Day News သို့ပြောသည်။

ဇွန်လ ၁၁ ရက်မှ စတင်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ကြေညာခဲ့သော်လည်း ဇွန်လ ၂၄ ရက်အထိ မီးလောင်၊ မီးလန့်မှုများရှိနေသေးသည်။

"မနေ့က ဇွန်လ ၂၄ ရက်ညပိုင်းကလည်း မီးလောင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ဇွန်လ ၂၀ နဲ့ ၂၁ ရက် ညတွေမှာလည်း မီးလောင်မှုတွေ ဖြစ်သေးတယ်။ မီးလောင်မှုအများစုက ည ၆ နာရီနောက်ပိုင်းမှာ လောင်တာများတယ်။ ကိုယ့်အိမ်ကိုယ်မီးရှို့ပြီး ထွက်ပြေးကြတာလို့ ယူဆရတယ်"ဟု စစ်တွေမြို့ အမှတ်-၁ ရဲစခန်းမှ ရဲအရာရှိတစ် ဦးကပြောသည်။

by 7Day News Journal



စစ်တွေမြို့၊ ကမ်းနားလမ်းတွင် ပင်လယ်ပြင်ဖက်သို့ လှည့်ကာ လုံခြုံရေးယူထားသည့် လုံထိန်းတပ်ဖွဲ့ဝင် များကို ဇွန်လ ၁၇ ရက်ည ၁၀ နာရီခန့်က တွေ့ရစဉ်။ ဓာတ်ပုံ- ဥက္ကာကိုကို


မြစ်ကြီးနားမြို့ ဧရာဝတီ မြစ်ရေကြီးမှု နောက်ဆုံးအခြေအနေ

Posted: 26 Jun 2012 02:01 AM PDT

ဧရာဝ တီမြစ်ဘေးရှိ မြစ်ကြီးနား မြို့တွင် ဇွန်လ ၂၄ ရက်ည မှစတင်ကာ ဧရာဝ တီမြစ်ရေ တိုးလာပြီး ထိုမြို့၏ စိုးရိမ်ရေမှတ် အထက်ရောက် ရှိလျက်ရှိသည်။ မနေ့ည (ဇွန်လ ၂၅ ရက်) က မြစ်ရေပိုကြီး လာခဲ့ကြောင်း ဒေသခံများကပြောသည်။ မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ်အထက်ရောက်ရှိပြီး မြစ်ရေကြီးခြင်းမှာ ၂၀၀၄ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပြီး ရှစ်နှစ်ကြာမှ မြစ်ရေကြီးခဲ့ခြင်းဖြစ်သည်။

မြို့၏ ဧရာဝတီမြစ်ဘေးတစ်လျောက် ရပ်ကွက်အချို့တွင် မြစ်ရေ၀င်လျက်ရှိပြီး ဒေသခံများအနေဖြင့် ရေပိုမိုကြီးလာမည်ကို ပူပန်စွာစောင့်ကြည့်နေကြသည်။ မြစ်ရေ၀င်သောနေအိမ်အချို့မှ မြို့ခံများမှာ အထက (၅)ကျောင်းသို့ ယာယီသွား ရောက်ခိုလှုံလျက်ရှိကြောင်းလည်းဒေသခံအချို့ကပြောကြားသည်။

by 7Day News Journal


သီတာရပ်ကွက် ရေမြုပ် နေတဲ့အိမ် Photo- Seng Mai


မြစ်ကြီးနားမြို့ စည်ပင်ဆိပ်တွင် ဒေသခံများ မြစ်ရေစောင့်ကြည့်နေစဉ်။ Photo- Seng Mai

ရမ်ပူရပ်ကွက် လယ်ကွင်းရေမြုပ်နေစဉ် Photo- Seng Mai

by 7Day News Journal


ဝန်ကြီး ဦးအောင်မင်း အဖွဲ့နဲ့ လူ့ဘောင် သစ်ပါတီ တွေ့ ဆုံဆွေးနွေး

Posted: 25 Jun 2012 05:15 PM PDT

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီ ကိုယ်စားလှယ် အဖွဲ့တို့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Grand Four Wings ဟော်တယ်မှာ တွေ့ဆုံနေကြစဉ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့တို့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Grand Four Wings ဟော်တယ်မှာ ဒီကနေ့ နေ့လည်(၂)နာရီက ဒုတိယ အကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ဦးအောင်မြတ်စိုးက သတင်း ပေးပို့ ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မတရားအသင်း အဖြစ် သတ်မှတ်ခံထား ရမှုကို ပယ်ဖျက်ရေးနဲ့ မြန်မာပြည်တွင်း လူ့ဘောင်သစ် ပါတီပြန်လည် အခြေချရေးတို့ကို ဒီကနေ့ ဆွေးနွေးပွဲမှာ အဓိကထား ဆွေးနွေးခဲ့တယ်လို့ ပါတီအထွေထွေ အတွင်းရေးမှူး ဦးငွေလင်းက အခုလိုပြောပါတယ်။

"အဓိကက ကျနော်တို့ပါတီအနေနဲ့ ဂုဏ်သိက္ခာရှိစွာ တိုင်းပြည်ထဲကို
ပြန်ပြီးတော့မှ ပြည်သူကို အလုပ်အကျွေးပြုတဲ့ ဒီမိုကရေစီရေး လုပ်ငန်းတွေ မှာ ကျနော်တို့ပါဝင်ဆောင်ရွက်ခွင့်ပေါ့ဗျာ။ အဲဒီဥစ္စာကို ကျနော်တို့တောင်းဆို တယ်၊ နောက်ပြီးတော့မှ ကျနော်တို့ပါတီကို တရားမဝင်ပါတီအဖြစ် သူတို့ ကြေညာထားတာ ကျနော်တို့ပါတီ ခေါင်းဆောင်တွေကို စွပ်စွဲထားတဲ့ ကိစ္စတွေ ကို သူတို့ဘက်က ပယ်ဖျက်ပေးဖို့ ကျနော်တို့ ဒီကိစ္စကို
တောင်းဆိုတော့ အဲဒါတွေနဲ့ ပတ်သက်ရင် သူတို့က ဒီကိစ္စတွေ ကို
ဆောင်ရွက်ပေးဖို့ သူတို့ဖြစ်နိုင်ပါတယ်ပေါ့၊ မတရားအသင်း ကြေညာထား
တဲ့ ဟာကို ပယ်ဖျက်ပေးဖို့"

လူ့ဘောင်သစ်အနေနဲ့ သမ္မတဦးသိန်းစိန်ထံ မိမိတို့ လုပ်ချင်တာတွေကို စာရေးသားဖို့ ဝန်ကြီးဦးအောင်မင်းက ပြောဆိုတာကြောင့် လူ့ဘောင်သစ် ပါတီအနေနဲ့ စာအမြန်ဆုံးရေးပြီး ဝန်ကြီး ဦးအောင်မင်းနဲ့အတူ တခါတည်း
ပေးလိုက်ဖို့ ဆုံးဖြတ်ထားကြောင်းနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့က လည်း လူ့ဘောင်သစ် ပါတီကို ကြိုဆိုကြောင်း ပြောဆိုတယ်လို့ ဦးငွေလင်း
က ပြောပါတယ်။

လူ့ဘောင်သစ်ပါတီအနေနဲ့ ဒိမိုကရေစီ အ ပြောင်းအလဲတွေကို လူထုတွေနဲ့ အတူ ပီပီပြင်ပြင်ဆောင်ရွက် သွားမယ်လို့လည်း ဦးငွေလင်းက ဆက်ပြော ပါတယ်။

"ကနေ့အခြေအနေမှာ တိုင်းပြည်ဟာ သိပ်ကို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရ တုန်းပဲ။ နောက်ပြီးတော့မှ အပြောင်းအလဲတွေလည်း ပိုမိုပြီးတော့မှ ပီပြင်တဲ့ ဒီမိုကရေစီ ပီသတဲ့ အပြောင်းအလဲတွေ ဖြစ်ပွားစေချင်တယ်၊ အဲဒီလိုဖြစ်ဖို့ ဆိုလို့ရှိရင် လူထုကို အလုပ်အကျွေးပြုရင်းနဲ့ လူထုနဲ့အတူ ရပ်တည်ရင်းနဲ့ အဲဒီကိစ္စတွေထဲမှာ ကျနော်တို့ပါတီ ထဲထဲဝင်ဝင် ဆောင်ရွက်ချင်တယ်၊ ကျနော်တို့က လူထုကြားမှာ ပြန်နေမှ ပိုပြီး ပီပီပြင်ပြင် ဆောင်ရွက်နိုင် လိမ့်မယ်လို့ ကျနော်တို့ပါတီက ယုံကြည်တဲ့အတွက် ဒီကိစ္စကို ကျနော်တို့ အတတ်နိုင်ဆုံးပေါ့နော်။ မြန်မြန်ဆန်ဆန် ဖြစ်မြောက်အောင် ကျနော်တို့ ဘက်ကလည်း ဆောင်ရွက်သင့်တဲ့ကိစ္စတွေကို ဂုဏ်သိက္ခာရှိစွာပဲ
ဆောင်ရွက်သွားမယ်လို့ ကျနော်တို့ ပိုင်းဖြတ်ထားပါတယ်"

ဆွေးနွေးပွဲကို မြန်မာအစိုးရဘက်က မီးရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ၊ ထိုင်းနိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီး ဦးတင်ဝင်းတို့တက်ရောက်ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ဥက္ကဌ ဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၊ ဗဟိုဦးဆောင်ကော်မတီတွေ ဖြစ်ကြတဲ့ ဦးဇော်ဇော်ထွန်းနဲ့ ဦးတိုးတိုးထွန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

RFA Burmese


လူမှုကာကွယ်ရေး မဟာဗျူဟာ လိုအပ်နေကြောင်း သမ္မတ ပြောဆို

Posted: 25 Jun 2012 05:09 PM PDT

မြန်မာနိုင်ငံက အလုပ်လက်မဲ့ ပြဿနာနဲ့ ဆင်းရဲမှု တိုက်ဖျက်ရေး အစီစဉ်တွေမှာ နိုင်ငံတကာက အကူအညီတွေ ပိုပြီးရလာဖို့အတွက် လမ်းကြောင်းတွေ ပိုပြီးပွင့်လာအောင် အစိုးရအနေနဲ့ ဆောင်ရွက် မှာ ဖြစ်တယ်လို့ ပျဉ်းမနားနေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပနေ တဲ့ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ညီလာခံမှာ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

Photo:Myanmar President Office Web site
၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်က နေပြည်တော်တွင်
ကျင်းပနေသည့် လူမှုကာကွယ် စောင့်ရှောက်ရေး
ဆိုင်ရာ ညီလာခံ၌ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြော
ကြားနေစဉ်။

နှစ်ရက်ကြာ ကျင်းပမယ့် အဲဒီညီလာခံကို တက်ရောက်နေတဲ့ မင်္ဂလာမြန်မာအဖွဲ့က ညှိနှိုင်းရေးမှူး မမြတ်စုက သမ္မတမိန့်ခွန်းနဲ့ ပတ်သက်လို့ ပြောပြတာက -
"သမ္မတကြီးအနေနဲ့ သူ့အနေနဲ့ပေါ့၊ ဒီမြန်မာနိုင်ငံမှာ အခုတံခါးဖွင့်ပေးနေတယ်ပေါ့နော်၊ တခါးဖွင့်ပေးနေတဲ့ အတွက် ပြည်ပက အကူအညီပေးဖို့ အဓိကအားဖြင့် အလုပ်လက်မဲ့တွေ၊ ဝင်ငွေနိမ့်ပြည်သူတွေကို အကူအညီပေးဖို့ အတွက်ပေါ့၊ လူမှုရေး အကာအကွယ် လုပ်ပေးဖို့ အတွက်ပေါ့။ နောက်တစ်ခုက တတိယဦးစားပေးပေါ့နော်၊ မက်ခရိုအဆင့် လူမှုရေးတွေကိုလည်း ကောင်းအောင်လုပ်ပေးပါ အဲဒီလိုပြောသွားပါတယ်ရှင့်"
အခုလို အစိုးရအနေနဲ့ နိုင်ငံတကာ အကူအညီတွေ ပိုပြီးရလာဖို့ လမ်းကြောင်းတွေ ဖွင့်ပေးမယ်ဆိုရင် မြန်မာနိုင်ငံမှာ အကူအညီ လိုအပ်နေတဲ့ ကလေးသူငယ်တွေကို အရင်ကထက် ပိုပြီး ကာကွယ် စောင့်ရှောက်လာနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း မမြတ်စုက ပြောပါတယ်။
သမ္မတရဲ့အဖွင့်မိန့်ခွန်းမှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှု နောက်ကျနေ ဆဲ ဖြစ်တာကြောင့် ကျေးလက်နေ ပြည်သူတွေနဲ့ နယ်စပ်ဒေသက တိုင်းရင်းသား နယ်မြေတွေမှာ ဆင်းရဲမွဲတေမှုဟာ မြို့ပြဒေသတွေနဲ့ ကွာဟမှုတွေ ရှိနေသေးကြောင်း၊ ဒါ့အပြင် ၀င်ငွေကွာဟမှု ကြီးမားနေ တာကြောင့် ဆင်းရဲသားတွေရဲ့ လူမှုဖူလုံရေးအတွက် အားလုံး လက်တွဲ လုပ်ဆောင်မှ ရမယ့်အခြေအနေ ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုသွား ပါတယ်။
ဒီညီလာခံကို အမေရိကန်ပြည်ထောင်စု အခြေစိုက် National Democratic Institute နဲ့ ကုလသမဂ္ဂ လက်အောက် UNICEF တို့က ဦးစီးကျင်းပတာဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေ ပညာရှင်တွေနဲ့ အစိုးရ ၀န်ကြီးဌာန ပေါင်းစုံက တာဝန်ရှိသူတွေ အပြင် လူမှုအဖွဲ့ အစည်း ပေါင်းစုံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese


ဆန္ဒပြ Famoso အလုပ်သမား များအား အလုပ်ထုတ် ပစ်မည်ဟု သူဌေး အကြပ်ကိုင်

Posted: 25 Jun 2012 05:01 PM PDT

 ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စက်မှုဇုန် ၁ ရှိ Famoso စက်ရုံမှ ဆန္ဒပြနေဆဲ အလုပ်သမားများ အနေနှင့် ဇူလိုင်လ လယ်အထိ လုပ်ငန်းခွင်အတွင်းသို့ ပြန်လည် ဝင်ရောက်ခြင်း မရှိပါက စက်ရုံဝန်ထမ်းအဖြစ်မှ ရပ်စဲ မည်ဟု အလုပ်ရှင်ဘက်မှ ပြောဆိုထားပြီး အလုပ်သမားများကလည်း တောင်းဆိုချက်များ မပြေလည်မချင်း ဆက်လက် ဆန္ဒပြကြမည် ဖြစ်ကြောင်း အလုပ်သမား ကိုယ်စားလှယ် မဟေမာန်ချစ် က ပြောသည်။

"အလုပ်ရှင်ကတော့ လစာ တိုးမပေးနိုင်တဲ့ အကြောင်းကို ပဲပြောတာရှင့်။ သူ့ဘက်က ဖိအားပေးတာက ဒီအလုပ်ကို မဝင်ရင် သမီးတို့ကို အလုပ်က ထုတ်ပစ်မယ်။ ဇူလိုင် ၁၆ ရက်နေ့ နောက်ဆုံးလို့ ပြောတယ်ရှင့်။ အဲဒီရက်နေ့ အလုပ်ကို မဝင်ဘူးဆိုရင် ကိုယ့်သဘောနဲ့ကိုယ် အလုပ်က ထွက်တယ်လို့ သတ်မှတ်တယ်။ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲရင် လစာ လာထုတ်လို့ ပြောပါတယ်ရှင့်။ စက်ရုံအပြင်ထွက်ပြီး ဆန္ဒပြနေတာမို့လို့ သူ့ရဲ့အလုပ်သမားလို့ မသတ်မှတ်ဘူးတဲ့ရှင့်" ဟု မဇ္ဈိမကို ပြောသည်။

ဆန္ဒပြ အလုပ်သမားများ၏ လစာတိုးပေးရေးကိစ္စကို ဇွန်လ၂၅ ရက်နေ့ နေ့လည်က ဗိုလ်တထောင်မြို့နယ် အလုပ်သမား ခုံသမာဓိရုံးတွင် ကြားနာခဲ့သော်လည်း အပြီးသတ် ဆုံးဖြတ်ချက် မချနိုင်သေးကြောင်း သိရသည်။

"ခုံသမာဓိရုံးက ညှိနှိုင်းပေးမှာ မဟုတ်ဘူး။ အဆုံးအဖြတ်ကိုပဲ ပေးမှာ။ သူတို့က ဒီတပါတ်အတွင်းမှာပဲ ဖြေရှင်းပေးမယ်
ပေါ့။ ဒီတော့ သမီးတို့က ဆက်စောင့်ရမှာပေါ့။ သူတို့ဆီက ဆုံးဖြတ်တာကို မကျေနပ်ဘူးဆိုရင် သမီးတို့က ခုံသမာဓိ ဗဟိုကို တက်ဖို့ပဲ ရှိတော့တယ်ရှင့်။ မကျေနပ်ရင်တော့ သမီးတို့က ဆက်ပြီးဆန္ဒပြဖို့ အစီအစဉ် ရှိတယ်ရှင့်။ ဒီလောက် အထိ တောင့်ပြီး ဆန္ဒပြခဲ့ပြီးပြီ။ ကျမတို့အလုပ်သမားတွေက ဆက်ပြီး တောင့်ခံပြီး ဆန္ဒပြသွားမှာပါ" ဟု အလုပ်သမား ကိုယ်စားလှယ် မဟေမာန်ချစ် က ပြောသည်။

စတင်ဆန္ဒပြခဲ့ကြသည့် ဇွန်လ ၈ ရက်နေ့က အလုပ်သမားဌာနမှ ညွှန်/မှူး ဦးဝင်းရှိန်၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် အလုပ်ရှင်ဘက်မှ အလုပ်သမားများ၏တောင်းဆိုချက် ၉ ချက်အနက် ၆ ချက်ကို သဘောတူညီခဲ့သော်လည်း အလုပ်ရှင်၏ အမည်သာပါရှိပြီး လက်မှတ်ထိုးထားခြင်း မရှိတာကြောင့် တရားမဝင်ကြောင်း ယနေ့ ခုံသမာဓိတွင် အလုပ်ရှင်မှ ပြောဆိုကြောင်း သိရသည်။

ဇွန်လ ၂၄ ရက်နေ့က နေပြည်တော်မှ ဒု-ညွှန်/ချုပ် ဦးမျိုးအောင် နှင့် အလုပ်သမား ညှိနှိုင်းရေးအဖွဲ့မှ ဦးသက်နိုင်ဦးတို့ လာရောက် ညှိနှိုင်းပေးသော်လည်း လုပ်ငန်းရှင်နှင့် အလုပ်သမားများအကြား ပြေလည်မှု မရရှိသေးပေ။

အလုပ်သမား ရပိုင်ခွင့် စည်းမျဉ်းစည်းကမ်းများအတိုင်း တောင်းဆိုရခြင်းကို ယခင်က အလုပ်ရှင်ဘက်မှ လိုက်နာမည်ဟု
ပြောဆိုထားပြီး ယခုအခါ ပြင်ဆင်ပြောဆိုနေကြောင်းလည်း မဟေမာန်ချစ်က "အလုပ်ရှင်က ခန့်ထားတဲ့ Supervisor (ကြီးကြပ်ရေးမှူး) တွေရဲ့ စကားကို သေချာ တသွေမတိမ်း နာခံရမယ်ဆိုတဲ့ အချက် ပယ်ဖျက်ဖို့။ ဂိတ် Pass (ဝင်/ ထွက်ခွင့်) အတွက် အလုပ်သမား ခေါင်းဆောင်တွေထဲက တယောက်ယောက်ကို ရွှေးပြီးတော့ ခန့်ထားပေးဖို့
တောင်းဆိုထားတာ။ ဘဘဦးဝင်းရှိန်တို့နဲ့ တွေ့တုန်းက အဲလိုမျိုး တောင်းဆိုထားတာကို လိုက်နာမယ်ပြောပြီး အခုကျ
တော့ စဉ်းစားမယ်ပြောတယ်" ဟု ပြောသည်။

ဂျပန်နိုင်ငံသား အလုပ်ရှင်ဘက်မှလည်း လုပ်ငန်းမလည်ပါတ်နိုင်၍ ဆုံးရှုံးမှုများ ရှိနေပြီး အလုပ်သမားများအား စက်ရုံထဲသို့ ပြန်လည်ဝင်ရောက်စေချင်သလို အလုပ်သမားများ ဘက်မှလည်း ၎င်းတို့ဆန္ဒပြသည့် ၁၄ ရက်တာ လုပ်ခ ပေးရန် လိုလားကြသည်။

အလုပ်သမားများက ရက်ရှည်ဆန္ဒပြပွဲများ မပြုလုပ်လိုကြောင်းနှင့် အလုပ်ရှင်ဘက်မှ အခြေခံလစာ တိုးမြှင့်ပေးမယ်လို့
မျှော်လင့်ကြောင်း ပြောသည်။

"အဲဒါကြောင့်မိုလို့ ညှိနှိုင်းပေးမယ့် လူကြီးတွေကို သမီးတို့ကိစ္စကို မျှမျှတတ ညှိနှိုင်းပေးပါလို့ ပြောချင်ပါတယ်ရှင့်။ သူတို့ကမျှမျှတတ ညှိနှိုင်းပေးပါတယ်။ သမီးတို့ကလည်း စက်ရုံကြီးကို မပိတ်စေချင်ပါဘူးရှင့်။ လည်ပတ်စေချင်ပါတယ်။ သမီးတို့လည်း အလုပ်က မထွက်ချင်ပါဘူးရှင့်" ဟု မဟေမာန်ချစ် က ပြောသည်။

ခုံသမာဓိမှ မည်သည့်ရက်တွင် အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်မည့်နေ့ရက် မသိရှိရသေးသော်လည်း ဆန္ဒပြနေစဉ် ကာလအတွင်း အလုပ်သမားများအား ၈၈ မျိုးဆက် ကျောင်းသားများမှ သောက်ရေနှင့် အမိုးအကာများ စီစဉ်ပေးသည်။

FAMOSO စက်ရုံတွင် အလုပ်သမား ၆၅၄ ဦး ရှိပြီး စက်ရုံအပြင်တွင် ဆန္ဒပြနေသူ ၄၇၇ ဦးရှိကြောင်း သိရသည်။

နေမျိုး    -နယူးဒေလီ (မဇ္ဈိမ)


ကိုမင်းကိုနိုင် လယ်သမားတွေနဲ့တွေ့ဆုံ

Posted: 25 Jun 2012 04:13 PM PDT

ရန်ကုန်တိုင်း ဒဂုံဆိပ် ကမ်းမြို့နယ် သရက်ပင် ချောင်းကျေးရွာ မှာရှိတဲ့ ကွင်းအမှတ် (၁၁၂၆-ခ)က လယ်ယာ မြေတွေကို ပင်လယ်ကိုး သွယ်ကုမ္မဏီနဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီး သိမ်းယူခဲ့တာကြောင့် ဒေသခံလယ်သမား တွေမှာ အခက်တွေ့နေကြတယ်ဆိုလို့ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ ၊ ဒဂုံဆိပ်ကမ်း မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမျိုးအောင် ဦးဆောင်တဲ့ NLD အဖွဲ့ဝင်တွေ နဲ့ ရှေ့နေ ကိုဖိုးဖြူ အပါအဝင် လူဦးရေ ၅၀ လောက်က ဒေသခံလယ်သမား တွေကို ဇွန်လ ၂၂ ရက်နေ့က သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။

ကိုမင်းကိုနိုင်က ဒီလယ်မြေပြဿနာကို အမှန်တရားအတိုင်းထုတ်ဖော်ပေးမယ်ဆိုတာကို ဒေသခံလယ်သမားတွေကို ပြောဆိုသွားခဲ့သလို
 ရှေ့နေကိုဖိုးဖြူကလည်း လယ်ယာမြေဥပဒေတွေနဲ့ ပတ်သက်လို့ ရှင်းပြပြောဆိုသွားခဲ့ပါတယ်။
by Burma VJ Media Network


ဖယ်ရီကားကို ထန်းတပင်ကြံ့ဖွံ့အမတ်၏ ညီမနှင့် အပေါင်း အပါများမှ ဝိုင်းရိုက်

Posted: 25 Jun 2012 03:44 PM PDT

ဘုန်းတော်ကြီးသင်ကျောင်းရန်ပုံငွေ ဖယ်ရီကားကို ထန်းတပင်ကြံ့ဖွံ့အမတ်၏ ညီမနှင့် အပေါင်း အပါများမှ ဝိုင်းရိုက်


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အလယ်ရွာရှိ အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတ စာသင်ကျောင်း ရန်ပုံငွေအတွက် ဒိုင်နာကားတစီးကို စက်ရုံကြိုပို့ယာဉ်အဖြစ် ပြေးဆွဲရာတွင် ထိန်နှစ်ပင်ကျေးရွာအနီးရှိ ဦးကြည်သန်း+ ဒေါ်အေးမြင့် အရက်ဆိုင်မှ လူတစုက ဆိုင်ရှေ့တွင် ကားကိုတား၍ ဝိုင်းဝန်းရိုက်နှက်ခဲ့မှုတခု ဇွန်လ ၂၂ ရက်နေ့ ည ၉း၀၀ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ပါသည်။


ဖယ်ရီကားမှာ ၁၄ ပေ ဒိုင်နာဖြစ်ပြီး ရွှေပြည်သာစက်မှုဇုန်(၃)ရှိ UIBအထည်ချုပ်စက်ရုံမှ စက်မှုအလုပ်သမားများအတွက်  ကြို/ပို့ ဖယ်ရီ မောင်းနှင်ပေးနေသောကားဖြစ်ပါသည်။ အခင်းဖြစ်ပွားချိန်တွင် ကားပေါ်မှာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် အဖော် အဖြစ် မှော်ဘီ နည်းပညာ တက္ကသိုလ်မှ ကျောင်းသားတဦး လိုက်ပါလာပြီး ၎င်းတို့မှာ ပရဟိတကျောင်းမှ မွေးစားထားသူများဖြစ်ပါသည်။


အဆိုပါရိုက်နှက်ခံရမှုကြောင့် ယာဉ်နောက်လိုက်ဖြစ်သူမှာ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရပြီး ကျန်သူနှစ်ဦးမှာလဲ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြပါသည်။


" ဖယ်ရီကားက စက်ရုံအလုပ်သမားတွေကို အပြန်လိုက်ပို့တဲ့အခါမှာ အဲ့ဒီ အရက်ဆိုင်ရှေ့မှာ လူတစုနဲ့ စကားအခြေအတင်များကြပြီး ရွာသစ်ရွာဘက် အလုပ်သမားတွေကို သွားပို့ပြီးအပြန်မှာတော့ ကားလမ်းမအလယ်မှာ အုတ်နီခဲတွေ ပုံ ဝါးလုံးတန်း တားထားပြီး ကားကို တားလို့ ကားရပ်ပေးလိုက်တော့ ကားလမ်းမဘေးက လူ ၃ယောက်က ကားပေါ်တက်ရိုက်ပါတယ်။ ဆိုင်ရှင် အမျိုးသမီး ဒေါ်အေးမြင့်ကပါ ဘေးက ရပ်နေတဲ့သူကိုပါ တွန်းလွှတ်ပြီး ဝင်ရိုက်ခိုင်းပါတယ်။ ကားစပယ်ယာက သွေးအလူးလူးနဲ့ လဲကျသွားတော့မှ အဲ့ဆိုင်ရှင်အမျိုးသမီးက ဝါးလုံးတန်းကို ဖယ်ပေးပြီး မောင်းခိုင်းပါတယ်။ ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းတော့လဲ ဝိုင်းကြည့်နေကြပြီး ဝင်ကူညီပေးတာမျိုး မရှိပါဘူး။"  ဟု အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတ စာသင်ကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဇေယျာနန္ဒက ဖြစ်စဉ်ကို ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။


ရိုက်နှက်မှုဖြစ်ပွားသည့် ညမှာပဲ ထန်းတပင်ရဲစခန်းသို့ အမှုဖွင့် အကြောင်းကြားခဲ့ပေမယ့်  ဝိုင်းရိုက်ခဲ့သူ ၃ ဦးကိုသာ သာမန် ပြဿနာဖြစ်မှုနှင့် အမှုဖွင့်ပေးထားပြီး ဆိုင်ရှင် ဒေါ်အေးမြင့်နှင့် နောက်တယောက် အမည်ကို ဖုံးကွယ်ထားပါသည်။ ထန်းတပင် စခန်းမှူး၊ နယ်ထိန်းရဲနှင့် အမှုလိုက်ရဲ ဇော်မင်းဦးတို့က အမှုဖြစ်ပွားသည့်အရက်ဆိုင်မှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းရီ၏ ညီမဖြစ်သူ ဒေါ်အေးမြင့် ရောင်းချသည့် အရက်ဆိုင်ဖြစ်သောကြောင့် အမှုကို ဖုံးဖိပေးထားခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်နေကြပါသည်။


"ဘုန်းဘုန်းတို့ လှိုင်သာယာနဲ့ ထန်းတပင် သွားတဲ့ ကားလမ်းပေါ်မှာ ညဘက်လုယက်မှုက တော်တော်လေး များလာပါတယ်။ ဟိုတလောကလဲ လူသတ်ပြီး ဆိုင်ကယ်လုသွားတာ ဖြစ်သေးတယ်။ ဆိုင်ကယ်ကိုတော့ ပြန်ရပြီး တရားခံ ကို အခုထိ ဖမ်းမမိသေးပါဘူး။ ဒိုင်နာသမားတွေလဲ ခဏခဏ အရိုက်ခံရတယ်။ ရိုက်တဲ့လူတွေကလဲ သိန်းရီ အမျိုးဟေ့ ဘယ်သူ့မှ ဂရုမစိုက်ဘူျးဆိုတော့ အာဏာပိုင်တွေကလဲ ဘာမှမလုပ်ပဲ ကြည့်နေသလိုဖြစ်နေတယ်။ အခု ဘုန်းဘုန်းကလေးတွေ အရိုက်နှက်ခံရတဲ့အမှုမှာလဲ အမှုမှန်ပေါ်ပေါက်အောင် ဖြေရှင်းပေးတာမျိုးမရှိပဲ ဦးသိန်းရီရဲ့ ညီမဖြစ်တာကြောင့် ကာကွယ်ပေးနေတာမျိုးဖြစ်နေပါတယ်။ ဘုန်းဘုန်းသဘောကတော့ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း သွားလာနေရပြီး တရားဥပဒေ စိုးမိုးစေချင်ပါတယ်။ တရားဥပဒေထက်မှာ မည်သူမှ မရှိစေရဆိုတာမျိုးလို့ ဖြစ်စေချင်ပါတယ်။" လို့ ဆရာတော်က ပြောပါတယ်။


ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အလယ်ရွာရှိ အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတ စာသင်ကျောင်းသည် ကျောင်းသားဦးရေ ၂၀၀၀ ကျော်ရှိပြီး မူလတန်းသင်ပညာရေးမှ တက္ကသိုလ်ပညာရေးအထိ ထောက်ပံ့ပေးနေသည့် ကျောင်းတကျောင်းဖြစ်ပါသည်။


By ဇာဏီ၊ ၂၀၁၂ခုနှစ် ဇွန်လ ၂၅ရက်။
Burma VJ Media Network


နေအိမ်ခြံမြေ ပိုင်ဆိုင်မှု အမိန့်အား အဆုံးထိ အယူခံတက်သွားမည်

Posted: 25 Jun 2012 03:31 PM PDT

ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှ ချမှတ်လိုက်သည့် နေအိမ်ခြံမြေ ပိုင်ဆိုင်မှုအား အညီအမျှ ရယူရန် အမိန့်အား ဥပဒေကြောင်းအရ အဆုံးထိ အယူခံတင်သွားမည်ဖြစ်ကြောင်း ဒီချုပ်ရှေ့နေ ဦးဥာဏ်ဝင်းကပြောသည်။

"" ပထမတင်မယ့် တိုင်းတရားလွှတ်တော်ကပယ်ရင်လည်း ဥပဒေကြောင်းအရ အဆုံးထိရည်ရွယ်ထားပါတယ်"" ၄င်းကပြောသည်။

ဗိုလ်ချုပ်အောင်းဆန်း၏ သားအကြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သည့် ဦးအောင်ဆန်းဦးမှ တရားစွဲဆိုထားသည့် နေအိမ်ခြံမြေ ပိုင်ဆိုင်မှု အမှုတွင် သားသမီး နှစ်ဦင်္းစလုံးအညီအမျှခွဲဝေယူရန် တရားရုံးမှ အမိန့်ချမှတ်မှုအပေါ် ဦးဥာဏ်ဝင်းက ယခုလိုပြောကြားခြင်းဖြစ်သည်။

"" တရားရုံးရဲ့ အမိန့်က လိုအပ်ချက်ရှိပြီး မပြည့်စုံဘူးလို့ ထင်ပါတယ်"" ဟု ၄င်းကပြောသည်။

အယူခံတင်ရန် ကိစ္စရပ်အပေါ် ကာယကံရှင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးတိုင်ပင်မှုမလုပ်ရသေးကြောင်း ၊ အယူခံတင်ရန် ချမှတ်သည့် အမိန့် မိတ္တူစောင့်ဆိုင်းလျှက်ရှိကြောင်း ၄င်းကပြောသည်။

ပိုင်ဆိုင်မှုကို အညီအမျှခွဲယူရန် တရားရုံးမှ ဇွန်လ ၂၂ ရက်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမှုအားရင်ဆိုင်နေရသည်မှာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကျခံနေရစဉ်ကာလ ကတည်းကပင်ဖြစ်သည်။

အမွေဆိုင်မှု ရင်ဆိုင်နေရသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄/ ၅၆ နေအိမ်သည် ၀န်ကြီးချုပ်ဦးနုမှ ဒေါ်ခင်ကြည်အား ၁၉၆၀ ခုနှစ်က ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Popular Myanmar News Journal


လိုင်းကားများ ဝင်ရောက်မှု ကြောင့် လမ်းများ ပျက်စီး

Posted: 25 Jun 2012 03:24 PM PDT


စည်းကမ်းမဲ့ လိုင်းကားများ ရပ်ကွက်အတွင်း လမ်းအား အသုံးပြုမှုကြောင့် လမ်းပျက်စီ

 ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် ငမိုးရိပ်ရပ်ကွက် လုပ်သား ပြည်သူများမှ မိမိတို့ ချွေးနည်းစာဖြင့်
ကိုယ်ထူကိုယ်ထ ခင်းကျင်းထားသည့် ဗဟိုလမ်း (ကတ္တရာခင်း) လမ်းအား လိုင်းကား အမျိုးမျိုးတို့မှ တနင်္လာ
မှ သောကြာနေ့ အထိ ဖြတ်သန်းသွားလာခြင်းကြောင့်လမ်းများ ပျက်စီးလျှက်ရှိပါသည်။

သံသုမာလမ်းပေါ်ရှိ ကညန ရုံး (လိုင်စင်ရုံး) တွင် ရုံးဖွင့် ရက်များတွင် လိုင်စင် အသစ်ဝင် သည့် ကား၊သံ
ရည်ကျို ပို့မည့်ကား များ တန်းစီစောင့်ဆိုင်းရာမှ လမ်းများပိတ်ဆို့နေသည်ကို အခွင့်ကောင်းယူကာ ရတနာလမ်းနှင့် လေးဒေါ်င့်ကန်းကို ဆက်သွယ်ထားသည့် ငမိုးရိပ်ရပ်ကွက် အတွင်း ရှိဗဟိုလမ်းအား ဖြတ်လမ်း
အဖြစ် သုံးနေခြင်းကြောင့် လမ်းမှာ ပျက်စီးရုံတင်မကဘဲ ချိုင့်ခွက်များဖြစ်ပြီးရဟန်းရှင်လူ ကျောင်သားများ အတွက် လမ်းသွားလမ်းလာ အဆင်ပြေချောမွတ်မှုမရှိတော့ပါ။

အဆိုပါကိစ္စအား ငမိုးရိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထံ မေးမြန်းခဲ့ရာ မိမိအနေဖြင့် အထက်က ညွှန်ကြားချက်တစ်စုံတစ်ရာ မရရှိပါသောကြောင့် မည်သို့မှ ဆောင်ရွက်ထားခြင်း မရှိသည့်အကြောင်း
 ပြောဆိုခဲ့ပါသည်။

ရပ်ကွက်အတွင်းလိုင်းကားများဖြတ်လမ်းအဖြစ် ဝင်ရောက်လာသည့်ကိစ္စအား၂၄.၆.၂၀၁၂ နေ့တွင် ရပ်ကွက်နေပြည်သူများမှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စာလှယ်ဦးကျော်တို့ထံ တင်ပြခဲ့ကြသည်။

ငမိုးရိပ်သား