သျှမ်းသံတော်ဆင့် |
- ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဘိန်းစိုက်ပျိုးမှု ပိုများလာဟု PYO ပြော
- တရုတ်နယ်စပ်၌ မြန်မာဖုန်းလိုင်းများ အပိတ်ခံနေရသည့် ကိစ္စ ဒေသခံများ မကျေနပ်
- မြန်မာအလုပ်သမားများ တရုတ်အာဏာပိုင် ဖမ်းဆီး လချီချုပ်နှောင်ထား
- ကျောင်းချိန်အတွင်း တိုင်းရင်းဘာသာစာပေသင်ကြားနိုင်ရေး သျှမ်းစာပေပညာရှင်များတွေ့ဆုံ
| ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဘိန်းစိုက်ပျိုးမှု ပိုများလာဟု PYO ပြော Posted: 26 Jun 2012 03:27 AM PDT ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း အစိုးရ၏ မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်းမှာ မထိရောက်သည့်အပြင် ပြည်သူများ စားဝတ်နေရေး အခက်အခဲကြောင့် ဘိန်းပိုမို စိုက်ပျိုးလာကြောင်း ပအိုဝ်းလူငယ်အဖွဲ့အစည်း (PYO) က ပြောပါသည်။ ဤကဲ့သို့ ပြည်သူများ ဘိန်းပိုမိုစိုက်ပျိုးလာခြင်းသည် စစ်တပ်က ဘိန်းစိုက်ပျိုးမှုကို အရေးမယူသည့် အတွက်ကြောင့်လည်း ဖြစ်သည်ဟု ဆို၏။ "စစ်တပ်က ဘိန်းစိုက်တာ အရေးမယူတဲ့အပြင် ဘိန်းခွန်ကောက်စားတယ်။ ဒါပေမဲ့ ဘိန်းဖျက်ကာလ ရောက်လာရင် သူတို့က ဘာမှမဖြေရှင်းပေးဘူး။ ဒါကြောင့် ပြည်သူတချို့ အချိန်ကုန် လူပန်းပြီး အမြတ် အစွန်း သိပ်မရကြဘူး" ဟု ခွန်ချန်းခဲ က ဆက်ပြောပါသည်။ ယနေ့ ကျရောက်သော ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ ဂျွန်လ ၂၆ ရက်၌ သျှမ်းပြည်မူးယစ် ဆေးဝါး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဦးစီးပြီး ချင်းမိုင်တက္ကသိုလ်၌ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။ မူးယစ်ဆေးဝါးသည် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း၊ ပြည်သူလူထု အားလုံးနှင့် ပတ်သက်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်ကြောင်း သျှမ်းပြည်မူးယစ်ဆေး ဝါး လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဦးခွန်စိုင်း က ပြောပါသည်။ "မူးယစ်ဆေးဝါး ပပျောက်အောင် လုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးရဖို့လိုတယ်။ ဒါကြောင့် အစိုးရနဲ့ အတိုက်အခံတို့ သဘောတူညီမှု ရယူရမယ်။ သဘောတူညီချက်ရရင် ရန်သူတွေ မဟုတ်တော့ဘူး။ အစိုးရဖက်က ရန်သူမရှိရင် စစ်တပ်တိုးချဲ့စရာ မလိုတော့ဘူး။ စစ်တပ်လျှော့ချဖို့ဘဲ လိုတော့တယ်။ ပြည်သူတွေလည်း စစ်တပ်အတွက် ဝန်ထုပ်ဝန်ပိုး မရှိတော့ဘူး။" ပြည်သူတွေ ဘိန်းစိုက်ပျိုးရခြင်းမှာ ၁- စစ်တပ်ကို ကျွေးမွေးရန်၊ ၂- သူပုန်ကို ကျွေးမွေးရန်၊ ၃- ပြည်သူ့စစ်ကို ကျွေးမွေးရန်၊ ၄- အလှူအဒါန်းပြုလုပ်ရန်၊ ၅- မိသားစုကို ကျွေးမွေးရန်အတွက် စိုက်ပျိုးရခြင်းဖြစ်ကြောင်း သံလွင်အနောက်ခြမ်း ဘိန်းစိုက်တောင်သူတစ်ဦးက ပြောပြဖူးသည်ဟု ဦးခွန်စိုင်း က ဆို၏။ အစိုးရ အဆက်ဆက်မှာ လုပ်ဆောင်နေသော မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေး ၁၅ နှစ် စီမံကိန်း မှာ အတုအယောင်သာဖြစ်၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရန် မဟုတ်ဘဲ အတိုက်အခံကို တိုက်ဖျက်ရန် ဖြစ်ကြောင်း၊ အစိုးရနှင့် အတိုက်အခံကြား သဘောတူညီချက် မရမချင်း အစိုးရက ဆောင်ရွက်နေသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးသည် ညောင်ရွှေစော်ဘွား၏သား စဝ်ဇန့်ယောင်ဟွေ ပြောဆိုသည့်အ တိုင်း "မီးခိုးသာ ငြိမ်းအောင် လုပ်နေပြီး မီးညွှန့်ကျိုးအောင် မသတ်" ဟူသော နည်းလမ်းအတိုင်းဖြစ် နေဦးမည်ကြောင်း ၎င်းက သုံးသပ်ပြောဆိုပါသည်။ |
| တရုတ်နယ်စပ်၌ မြန်မာဖုန်းလိုင်းများ အပိတ်ခံနေရသည့် ကိစ္စ ဒေသခံများ မကျေနပ် Posted: 26 Jun 2012 03:25 AM PDT ဖုန်းများ နယ်ခြားဖြတ်ကျော်မှု ဆိုသည့် အကြောင်းပြချက်ဖြင့် တရုတ်နယ်စပ် သျှမ်းပြည်(မြောက်ပိုင်း) မူစယ်နှင့် နမ့်ခမ်းမြို့ နေ ဒေသခံများ ကိုင်ဆောင်သည့် မြန်မာဖုန်းများ မကြာခဏ လိုင်းအပိတ်ခံနေရသည့် အပေါ် အဆိုပါ ဒေသခံများ မကျေမနပ် ဖြစ်နေကြောင်း သိရသည် ။ "ကျမဖုန်းက CDMA 450 အမျိုးအစား ဆင်းကဒ်က ၅ သိန်းပေးရတယ်၊ အခုတရုတ်နယ်စပ်ဘက်ယူလာတော့ ဖုန်းလိုင်းဖြတ်ခံလိုက်ရတယ်၊ ဖုန်းထဲမှာ ပြောခက ၃ သောင်းကျော်ဖိုးကျန်သေးတယ်၊ ဒီကိစ္စ ဖုန်းရုံးမှာသွားပြောတော့ နယ်ခြား သယ် ဆောင်လို့ ဆိုပြီး အကြောင်းပြတယ်၊ ကျမတို့ဝယ်တုန်းက ဖုန်းနဲ့ပတ်သက်တဲ့ စည်းကမ်းချက်ထဲမှာ နယ်ခြားမဖြတ် ကျော်ရဆိုတဲ့ အချက်မပါဘူးကော " ဟု သူက ဆိုသည် ။ လှိုင်းအဖြတ်ခံရသည့် ဖုန်းအများစုမှာ တရုတ်နယ်စပ်နှင့် ကပ်နေသည့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်၊ နမ့်ခမ်းမြို့ခံ ဖုန်းများ ဖြစ်ကြောင်း သိရသည် ။ "တခြားနေပြည်တော်တို့ မန္တလေးတို့ ဘက်က ဖုန်းတွေလည်း တရုတ်နယ်စပ်ဘက် ယူလာတာပဲ၊ လိုင်းဖြတ်ခံရတာ သိပ်မရှိဘူး၊ ဒီဘက်မူစယ် ၊ နမ့်ခမ်းဘက်ကဆိုရင် နေ့စဉ်တရုတ်ပြည်ဘက်သွားလာနေကြတာ၊ နယ်ခြားဖြတ်တိုင်းလိုင်းဖြတ်မယ်ဆိုရင် ဖုန်းတစ်လုံးရဲ့ တန်ဖိုးကလည်း နည်းတာမဟုတ်ဘူး" ဟု သူက ဆက်ပြောသည် ။ ယခုရက်ပိုင်း တရုတ်နယ်စပ် ရွှေလီမြို့၌ ဖုန်းဆိုင်ဖွင့်ထားသော မြန်မာဖုန်းလိုင်းများလည်း ဖြတ်တောက်ခံနေရကြောင်း ဖုန်းအငှားဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည် ။ "လွန်ခဲ့တဲ့တစ်ပတ်လောက်က အကုန်လိုင်းဖြတ်ခံရတယ် မနေ့တနေ့ကတော့ တချို့ဖုန်းလိုင်းတွေ ပြန်ပြောလို့ရပြီ၊ သူများ နိုင်ငံမှာတော့ ဖုန်းများများပြောရင် ဘောက်ဆူးပေးတယ်၊ မြန်မာပြည်ကတော့ ဖုန်းများများပြောရင် လိုင်းဖြတ်ခံရတယ်၊ ဒီကိစ္စတွေ အထက်တက်ပြောလည်း ဘာမှမထူးဘူး၊ လိုင်းအဖြတ်ခံရရင် ပိုက်ဆံရှိတဲ့လူက ဖုန်းနောက်တစ်လုံးထပ်ဝယ် မရှိတဲ့သူက ဒီအတိုင်းနေပေါ့ " ဟု ဆိုသည် ။ ဖုန်းဝယ်ယူစဉ် လိုက်နာရမည့် စည်းကမ်းချက် ၁၅ ချက်ခန့်ရှိသည့် အနက် နံပတ် ၆ ပါ ဋ္ဌာနအနေဖြင့် မိုဘိုင်းဖုန်းဆက် သွယ်မှုကို အချိန်မရွေး ဖြတ်ထားနိုင်သည် ၄င်းအပြင် ငှားရမ်းအသုံးပြုသူအား သတ်မှတ်ပေးထားသော နံပတ်ကို အချိန်မရွေးပြောင်းလဲနိုင်သည် ဆိုသည့်အချက်မှလွဲ၍ နယ်ခြားဖြတ်ကျော် သယ်ဆောင်ခွင့်မရှိ ဆိုသည့် အချက်မပါဝင်ကြောင်း သိရသည် ။ |
| မြန်မာအလုပ်သမားများ တရုတ်အာဏာပိုင် ဖမ်းဆီး လချီချုပ်နှောင်ထား Posted: 26 Jun 2012 02:31 AM PDT တရုတ် - မြန်မာနယ်စပ်ဖြတ်ကာ ရွှေလီ၊ ကျယ်ဂေါင်ဘက် အလုပ်သွားလုပ်ကြသော မြန်မာအလုပ်သမားများ၊ ခရီးသွားများအား တရုတ်အာဏာပိုင်များက လိုက်လံဖမ်းဆီးပြီး အာမခံ မပေးဘဲလချီချုပ်နှောင်ထား ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။
တရားဝင်နယ်စပ်ကူး လက်မှတ်ကိုင်ဆောင်သည်ဖြစ်စေ နယ်ခြားခြံစည်းရိုးပေါက်မှခိုးဝင်သူများဖြစ်စေ စစ်ဆေး ဖမ်းဆီးထားခြင်းဖြစ်ကြောင်း စိုင်းယီ့ပီးကပြောသည်။ ယခုကဲ့သို့ မြန်မာဘက်မှအလုပ်သမားများအား အချိန်အကန့်အသတ်မရှိ စိတ်ကြိုက်ဖမ်းဆီးစစ်ဆေးနိုင်သည်ဟူ သည့်အချက်မှာ မြန်မာ နှင့် တရုတ်အာဏာပိုင် နှစ်ဘက်သဘောတူညီမှုရထားသောအချက်ဖြစ်ကြောင်း နမ့်ခမ်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးကလည်း သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။ "စိုင်းယွမ် ခေါ် အေပီး လေ။ အသက် ၃၂ နှစ်ရှိပြီ။ နမ့်ခမ်း မြို့ ပေါက်နေရပ်ကွက် မှာနေတာလေ။ သူ ရင့်ကြိုင်မှာ သီချင်းခွေရောင်းဖို့ ရွှေလီမြို့အထွက်မှာအဖမ်းခံရတာ။ သူလဲ တရားဝင်ပတ်စပို့ စာအုပ်အနီ ကိုင်တာဘဲ။ အခု ရွှေလီစန့်ဟောင့် အချုပ်ခန်းမှာတဲ့၊ သွားကြည့်လို့မရဘူး။ နှစ် လပြည့်မှ တွေ့ခွင့်ပေးမယ်။ အဲဒီအချိန်မှ အာမခံနဲ့ ပြန်လွှတ်ရင်လွှတ်ပေးမယ် လို့ ရွှေလီကတရုတ်ရဲအရာရှိက ပြောတယ်" - ဟု ၎င်း၏ သူငယ်ချင်းဖြစ်သူ စိုင်းခမ်း က ဆက်လက်ပြောပြသည်။ " နယ်စပ်ကူးလက်မှတ် ပတ်စ်ပို့ စာအုပ် အနီရောင်လုပ်ရင် စစ လုပ်ချင်း ၁ သောင်းကျပ်ကုန်တယ်။ တခါဖြတ် ကူးရင် နယ်စပ် အာဏာ ပိုင်တွေက တံဆိပ်တုံးထုပေးတယ်။ တခါထုခ ကျပ် ၁၀၀၀ ။ ပြီးရင်ဟိုးဘက်ခြမ်းမှာ အလုပ်သွားလုပ်ရင် တရက် လုပ်အားခ ကျပ် ၄၀၀၀ ဘဲရတယ်ဆိုတော့ တချို့က လက်မှတ်မလုပ်ချင်ကြဘူး လေ။ ဟိုဘက်ခြမ်းမှာ အိပ်ခွင့် ၇ ရက်ပေးတယ်ဆိုပေမယ့် အမျိုးတွေဟိုဘက်မှာမရှိရင်ဘယ်မှာသွားအိပ်မလဲ။ စက်ရုံအလုပ်သမားလဲ တရက် လုပ်အားခ ယွမ်ငွေ ၅၀ ။ စက်ရုံသူဌေးက လုပ်အားခကို တပတ်မှတခါထုတ်ပေး တယ်။ သူဌေးတချို့လဲ တပတ် ၁၀ ရက် ကြာရင် တရုတ်ရဲတွေ ကိုအကြောင်းကြားလိုက်တယ်။ အဲလိုညှစ်တာ လဲရှိ တယ်" ဟု ဆိုပါသည်။ တရုတ်ဘက်ခြမ်းသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသူများမှာ သျှမ်းပြည် ရွှေလီဒေသ၊ မူစယ်၊ နမ့်ခမ်းမှသျှမ်း၊ ပလောင်၊ ကချင်မှလာသော ဒေသခံများအပြင် အောက်ပြည်အောက်ရွာမှ ဗမာလူမျိုးများ ဖြစ်ကြကြောင်း သိရသည်။ အဖမ်းခံရသူများမှာလည်း မိသားစုရေး ဝမ်းရေးအတွက် လှုပ်ရှားရုန်းကန်နေကြသော သာမာန်လူတန်းစား အလုပ်သမား များသာဖြစ်ကြကြောင်း ဒေသခံများက ပြောပြသည်။ |
| ကျောင်းချိန်အတွင်း တိုင်းရင်းဘာသာစာပေသင်ကြားနိုင်ရေး သျှမ်းစာပေပညာရှင်များတွေ့ဆုံ Posted: 26 Jun 2012 02:26 AM PDT အစိုးရစာသင်ကျောင်း၌တိုင်းရင်းသားဘာသာစာပေအား ကျောင်းချိန်အတွင်းသင်ကြားနိုင်ရန်အတွက် ပြည်ထောင်စု ပညာရေးဝန်ကြီး၏ ပထမအကြိမ်အစည်းအဝေးပြီးနောက်ပိုင်း ရန်ကုန်သျှမ်းစာပေယဉ်ကျေးမှုအသင်းကြီးမှူး၍ သျှမ်းစာပေ ကျွမ်းကျင်သံဃာတော်အချို့နှင့် ပညာရှင်ဆရာကြီးများအား ဖိတ်ခေါ်ကာအစည်းအဝေး ကျင်းပခဲ့ကြကြောင်း အသင်းဝင် လူငယ်များကပြောသည်။ "အစည်းအဝေး ဆုံးဖြတ်ချက် ၃ ချက်ကတော့ - ကျနော်တို့ သျှမ်းစာသင်ရိုးညွှန်းတမ်းအဟောင်းဖြစ်တဲ့ စဝ်ဆိုင်မိန်းရေးတဲ့ ကျားခေါင်းပုံပါစာအုပ်ကို အစိုးရရဲ့သင်ရိုးညွှန်းတမ်းကော်မတီထံတင်ပြဖို့၊ ပညာရေးဝန်ကြီးဆုံးဖြတ်ချက်ဖြစ်တဲ့ တိုင်းရင်း သားစာပေ ဘာသာရပ်ကိုကျောင်းချိန်ပြင်ပသင်ကြားရေးဆိုတဲ့အချက်အပေါ် ကျောင်းချိန်အတွင်းမှာ သင်ကြားခွင့်ရအောင် တောင်းဆိုဖို့၊ လာမယ့်ဩဂတ်စ်အတွင်း မန္တလေးမှာကျင်းပမယ့် ဗဟိုသျှမ်းစာပေယဉ်ကျေးမှုကော်မတီအစည်းအဝေးမှာ သျှမ်းစာပေ သင်ရိုးညွှန်းတမ်းနဲ့ပတ်သက်တဲ့ ကော်မတီတရပ်ဖွဲ့စည်းဖို့- စတဲ့အချက် ၃ ချက်ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရနဲ့တိုက်ရိုက်ဆက်သွယ်ဖို့ ကော်မတီပေါ့နော်" ဟုဆို၏။ ပြီးခဲ့သည့် တနင်္ဂနွေနေ့ ဂျွန်လ ၂၄ ရက် မွန်းလွဲ ၁ နာရီ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ ပြည်လမ်းရှိ ကိုးမိုင် သျှမ်းဘုန်းကြီး ကျောင်း နှီးဘုရားကျောင်းတော်၌ ကျင်းပသောအဆိုပါအစည်းအဝေးသို့ ရန်ကုန်သျှမ်းစာပေယဉ်ကျေးမှု အသင်း နာယက၊ ဥက္ကဌ၊ အတွင်းရေးမှူး နှင့်အကြီးအကဲအချို့အပါအဝင် အသင်းဝင်များ ၃၀ ကျော် ခန့်တက်ရောက်သည်ဟုသိရပါသည်။ " ကျနော်တို့ ရန်ကုန် သျှမ်းစာပေယဉ်ကျေးမှုအသင်းကနေ သျှမ်းစာပေကျွမ်းကျင် ပညာရှင်သံဃာတော်တွေဖြစ်တဲ့ တောင် တန်း သာသနာပြုဆရာတော် စဝ်ဆုခမ်း၊ လွယ်လင်ဓါတ်တော်ကျောင်းဆရာတော်၊ ကိုးမိုင်သျှမ်းကျောင်း တိုက်အုပ်ဆရာ တော် စဝ်နိဂြောဓတို့အပါအဝင် စုစုပေါင်းသံဃာတော် ၅ ပါးနဲ့ သျှမ်းစာပေပညာရှင်/မြန်မာ့သမိုင်းပညာရှင် ဆရာကြီး စိုင်းအောင်ထွန်းတို့ ဒေါက်တာစိုင်းဆန်အိုက်တို့ ကိုလည်း ဖိတ်ခေါ်ပြီးဆွေးနွေးကြတယ်။ အစိုးရကျောင်းမှာ တိုင်းရင်းသား စာပေသင်ကြားဖို့ သင်ရိုးညွှန်းတမ်း ကော်မတီဆီကို ၂ လအတွင်း တင်ပြရမယ်ဆိုတော့လေ" ဟု အသင်း၌လှုပ်ရှားသူ စိုင်းလင်းကပြောသည်။ ရန်ကုန်သျှမ်းစာပေယဉ်ကျေးမှုအသင်း၏ အဆိုပါအစည်းအဝေးဆုံးဖြတ်ချက်များအား လာမည့် ဩဂတ်စ်လအတွင်း ကျင်းပ မည့် ဗဟို(ပြည်လုံးကျွတ်) သျှမ်းစာ ပေယဉ်ကျေးမှု ကော်မတီအစည်းအဝေးသို့ ထပ်မံတင်ပြရန် သဘောတူညီ ခဲ့ကြကြောင်း အစည်းအဝေးတက်ရောက်သူ အဆိုပါလူငယ် ကဆက်လက်ပြောပြသည်။ ယခုလ ၁၅ ရက်က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက ပညာရေးဝန်ကြီးဌာနအစည်းအဝေး ခန်းမ၌ တိုင်းရင်းသားဘာသာ သင်ကြားရေးအစည်းအဝေးဆင့်ခေါ်ရာ မြန်မာဘာသာကို ရုံးသုံးဘာသာစကား အဖြစ်လည်း ကောင်း၊ အင်္ဂလိပ်ဘာသာကို နိုင်ငံတကာသုံးဘာသာစကားအဖြစ်လည်းကောင်း သတ်မှတ်ပြီး မူလတန်းအဆင့်ကတည်းက စတင်သင်ကြားပေးမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားဘာသာကိုမူ ကျောင်းချိန်ပြင်ပတွင်သာ သင်ကြားပေးရန် လျာထား ကြောင်း၊ သင်ခန်းစာနှင့် ဆရာ့လက်စွဲများကို အခြေခံပညာသင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ် ကော်မတီက ဦးဆောင်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း (သို့မဟုတ်) တိုင်းရင်းစာပေပြန့်ပွါးရေးအဖွဲ့တို့မှ ပူးပေါင်းရေးဆွဲကာ ၂ လအတွင်းအပြီးပြုစု၍ ပညာရေးဝန်ကြီးထံသို့ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ကပြောသည်ဟု မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြထားသည်။ တိုင်းရင်းသားဘာသာကိုသင်ပြပေးမည့် ဆရာ၊ ဆရာမများ ကိုလည်း လေ့ကျင့်ပျိုးထောင်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ တိုင်းရင်းသားဘာသာစာပေကိုလည်း သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၌ စတင်သင်ကြားပေးမည်ဖြစ်ပြီး မွန်၊ ကရင်၊ ပလောင်၊ ချင်း၊ ဂုံ၊ သျှမ်း၊ ကယား၊ ကယန်း၊ ပအိုဝ်းစာပေများကိုသင်ကြာပေးရန်လျာထားကြောင်း၊ အင်း၊ ဓနု တိုင်းရင်းသား ဘာသာကိုမူ ဝေါဟာရစကား အသုံးအနှုန်းများပြုစုပေးရမည်ဖြစ်ကြောင်းလည်း အဆိုပါအစည်းအဝေး၌ ပြောကြားခဲ့သည်ဟု ဆိုပါသည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |