သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ဂျွန်လ ၂၆ ရက် ကမ္ဘာ့ မူးယစ်းဆေးဝါးတိုက်ဖျက်ရေးနေ့တွင်

Posted: 25 Jun 2012 08:21 AM PDT

ဂျွန်လ ၂၆ ရက် ကမ္ဘာ့ မူးယစ်းဆေးဝါးတိုက်ဖျက်ရေးနေ့တွင် သျှမ်းသံတော်ဆင့်သတင်းဌာနမှ သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြုစုထုတ်ဝေသော Shan Drug Watch ၂၀၁၂ အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပမည်ဖြစ်သဖြင့် ပြည်တွင်းပြည်ပ သတင်း မီဒီယာ အဖွဲ့အစည်းများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိုစိတ်ဝင်စားသည့်ပုဂ္ဂိုလ်၊ အဖွဲ့များအား တက်ရောက် ရန်ဖိတ်ကြားအပ်ပါသည်။

မိတ်ဆက်ပွဲကို ၂၀၁၂ ဂျွန်လ ၂၆ ရက် ချင်းမိုင်မြို့ နိမန်းဟေမင်းလမ်းရှိ Uniserve ခန်းမ (International Center ) Mandalay အခန်းတွင် နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပမည်ဖြစ်သည်။

အစီရင်ခံစာ မိတ်ဆက်ပွဲ၌ သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေးအဖွဲ့ခေါင်းဆောင် ၊ သျှမ်းသံတော်ဆင့်သတင်းအယ်ဒီတာ ဦးခွန်စိုင်းက ၂၀၁၁- ၂၀၁၂ အတွင်း သျှမ်းပြည်၌ ဖြစ်ပွါးခဲ့သော မူးယစ်ဆေးဝါး ပြဿနာများအပြင် ၎င်းပြဿနာအား ဖြေရှင်းရန်နည်းလမ်း ဖြစ်သည့် Win- Win Solution ကို ရှင်းလင်းပြောကြားမည်ဖြစ်သည်။ ထို့အပြင် ပအိုဝ်းလူငယ်များအဖွဲ့အစည်း PaO Youth Organization မှလည်း ရှင်းလင်းပြောကြားမည်ဖြစ်သည်။

သျှမ်းပြည်တွင်း၌ RCSS/SSA ပထမဆုံး မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမည်

Posted: 25 Jun 2012 08:18 AM PDT

မနက်ဖြန်၌ ကျရောက်မည့် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA က သျှမ်းပြည်တွင်း၌ ပထမဆုံး အကြိမ် မူယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမည်ဖြစ်ကြောင်း သိရှိရပါသည်။

burn-drugs_at_Loi_Kaw_Wan၂၀၀၂ လွယ်ကော်ဝမ်း၌ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးနေစဉ် (Photo: Tai Freedom)

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်ခွဲ မိုင်းနောင်မြို့၌ နမ့်ဇန်မြို့ နောင်ဟဲန့်အခြေစိုက် ပအိုဝ်း ပြည်သူ့စစ်အဖွဲ့နှင့် လဲချားမြို့ ဝမ့်ပန်ပြည်သူစစ်အဖွဲ့မှ ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးမည်ဖြစ်ကြောင်း၊ အစိုးရဘက်မှ တာဝန်ရှိသူများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ သတင်းမီဒီယာအဖွဲ့များနှင့် ပြည်သူများအား ဖိတ်ကြားထားကြောင်း ဆို၏။

"အစိုးရကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့တွေဟာ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ် နေတဲ့ အဖွဲ့လို့ ကမ္ဘာက ထင်မြင်လာအောင် စစ်အစိုးရက လုပ်လာခဲ့တယ်။ ဒီတော့ ကျနော်တို့ဖက်က လည်း လက်နက်ကိုင် တိုက်ပွဲဝင်တာဟာ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ဖို့ မဟုတ်ဘူး။ အမျိုးသား အတွက်ဖြစ်တယ်၊ တော်လှန်ရေးလုပ်ဖို့အတွက် မူးယစ်ဆေးဝါးကနေဘဲ အထောက်အပံ့ရတာ မဟုတ် ဘူးဆိုတဲ့ အကြောင်းကို ဒီကနေ့ ကမ္ဘာကသိအောင် ပြသရတော့မယ်။ စစ်အစိုးရဟာ မူးယစ်ဆေးဝါးကို ဂိမ်းလိုသဘောထားပြီး မျိုးချစ်ပုဂ္ဂိုလ်တွေကို ကစားနေတာ ကမ္ဘာက သိသင့်ပြီ" ဟု RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ် က ပြောပါသည်။

နယ်စပ်တွင်မူ RCSS/SSA ထိန်းချုပ်နယ်မြေဖြစ်သော ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟိုင်အုပ်စုနှင့် မျက်နှာချင်းဆိုင်ရှိ လွယ်လမ်၌ ၂၀၀၁ တွင်လည်းကောင်း၊ ထိုင်းနိုင်ငံ မယ့်ဖှာ့လုံနှင့် မျက်နှာချင်းဆိုင်ရှိ စစ်ဒေသ အမှတ် ၁ လွယ်ကော်ဝမ်း၌ ၂၀၀၂ တွင်လည်းကောင်း မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆို၏။

မြန်မာအစိုးရနှင့် မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်နိုင်ပြီဆိုပါက မူးယစ်ဆေးဝါးနှင့် ပတ်သက်နေ သည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း စဝ်ယွတ်စစ် က ပြောပါ သည်။

"အစိုးရနဲ့ တိုင်ပင်ဆွေးနွေးပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးသွား မယ်။ မူးယစ်ဆေးဝါး မစိုက်ဖို့၊ မထုတ်လုပ်ဖို့ သတိပေးမယ်။ အချိန်ပေးမယ်။ အဲဒါတောင် ဆက်လုပ် နေသေးရင်တော့ ဥပဒေအရ အရေးယူသွားမယ်လို့ ကျနော်တို့ဖက်ကတော့ အဲဒီလို စီမံချက်ရှိပါတယ်။"

မူးယစ်ဆေးဝါး ပြဿနာသည် တစ်ဦးတစ်ယောက်တည်း၏ ပြဿနာ မဟုတ်ကြောင်း၊ ထို့ကြောင့် အားလုံးပူးပေါင်း၍ ကြိုးစားတိုက်ဖျက်သွားလျှင် မြန်မာပြည်၌ မူးယစ်ဆေးဝါး ကင်းစင်ပပျောက် သွားမည်ဟု ယုံကြည်ကြောင်း စဝ်ယွတ်စစ် က ပြောပါသည်။

နိုင်ငံတကာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု ဆန့်ကျင်ရေးနေ့ ၂၆ ဂျွန် ၂၀၁၂

Posted: 25 Jun 2012 08:17 AM PDT

သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေးအဖွဲ့၏ ဂျွန်လ ၂၆ ရက် ၂၀၁၂ တွင် နောက်ဆုံး အကြိမ်ထွက်ရှိမည့် မူးယစ်ဆေးဝါးဆိုင်ရာအစီရင်ခံစာ၌ Win- Win Solution (သူနိုင် ကိုယ်နိုင် ဖြေရှင်းမည့်နည်းလမ်း) ပါရှိအကြံပြုထားပါသည်။
Presentationယမန်နှစ်က ကျင်းပသော Shan Drug Watch ၏ ၂၀၁၁ အစီရင်ခံစာ presentation

အဆိုပါအစီရင်ခံစာ၌ ယမန်နှစ်က သျှမ်းပြည်အတွင်းဖြစ်ပွါးခဲ့သော မူးယစ်ဆေးဝါးနှင့်ပတ်သက် သည့်အချက်အလက်များဖြစ်သည့် -
၁- ရွှေတြိဂံဒေသ မူးယစ်ရာဇာ နော်ခမ်းအား လာအိုအာဏာပိုင်များ ဖမ်းဆီးမိခြင်း။
၂- ၂၀၁၁- ၂၀၁၂ သျှမ်းပြည်အတွင်း မူးယစ်ဆေးဝါး အထွက်နှုန်းတိုးလာခြင်း- စသည်တို့အပြင် (ရှေးယခင်ကတည်းက အကြံပြုခဲ့သည်) ကျင့်သုံးသင့်သော မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းရေးနည်းလမ်းလည်းပါရှိမည်ဖြစ်သည်။

Shan Drug Watch ၏ Newsletter အသစ်တွင် သျှမ်းပြည်အရေး သိရှိနားလည်သည့်ပုဂ္ဂိုလ်များ၏ သုံးသပ်ချက်များကိုလည်း ထည့်သွင်းဖော်ပြထားသည်။

Opium Warlords (လော်ရှင်းဟန် အကြောင်း) Heroin Wars (ခွန်ဆာအကြောင်း) များရုပ်ရှင် မှတ်တမ်း ဖြင့် နာမည်ကြီးသည့် Adrian Cowell ( 1934-2011) က သျှမ်းပြည်တွင်းမူးယစ်ဆေးဝါးပြဿနာနှင့်ပတ်သက်၍ " မူးယစ်ရာဇာများ တယောက်ပြီးတယောက် လာ၊ တယောက်ပြီးတယောက်ထွက်သွားသော်လည်း မူးယစ်ဆေးဝါး များမှာ ထာဝရတည်ရှိနေဆဲ" " Drug lords may come and Drug lords may go, but the drugs will go on forever." ဟု ပြောဆိုခဲ့ဖူးသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတဖြစ်သူ ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်၏ သားတဦးဖြစ်သော သျှမ်းအမျိုးသာခေါင်းဆောင် စဝ်ဇန့်ယောင်ဟွေ့( 1939-2004) ကမူ - ရှေးယခင်ကတည်းက ကျင့် သုံးလာသည့် သျှမ်းပြည်တွင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေးနည်းလမ်းမှာ" မီးခိုးသာငြိမ်းအောင် လုပ်နေပြီး မီးညွှန့်ကျိုးအောင် မသတ်" ဟူသော နည်းလမ်းအတိုင်းဖြစ်နေကြောင်း သုံးသပ်ပြောဆို ခဲ့သည်။

Shan Drug Watch အစီရင်ခံစာ ရေးသားသူ ဦးခွန်စိုင်းမှာ သျှမ်းပြည်တွင်းမူးယစ်ဆေးဝါးအရေးကို နှစ် ၃၀ ကျော်လေ့လာမှတ်သားပြုစုခဲ့သူတဦးဖြစ်သည်။ ၎င်းက" မူးယစ်ဆေးဝါးပြဿနာရဲ့အရင်း အမြစ်ဟာ နိုင်ငံရေးပြဿနာဖြစ်တယ်။ နိုင်ငံရေးပြဿနာ ဝင်မလာခင်တုန်းက မူးယစ်ဆေးပြဿနာ ဆိုတာလဲ မရှိခဲ့ဘူး။

ဦးခင်ညွန့်ခေါင်းဆောင်တဲ့ မြန်မာနိုင်ငံထောက်လှမ်းရေးတပ်ဖွဲ့ မပြိုကွဲခင်တုန်းက ထောက်လှမ်းရေး အရာရှိတဦးက တာချီလိတ် ပြည်သူ့စစ်ခေါင်းဆောင်တဦးကို ဘယ်လိုပြောလဲဆိုတော့- မူးယစ်ဆေးဝါး သုံးစွဲသူတဦးဟာ ဘီဘီစီသတင်းနားထောင်သူတဦးလောက် အပြစ်မကြီးဘူးလို့ ပြောခဲ့ဖူးပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအစိုးရ သမ္မတဦးသိန်းစိန် ဦးဆောင်ပြီးလုပ်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းစဉ်ကို အဖက်ဖက်ကနေ ပွင့်လင်းစွာ လက်တွဲပူးပေါင်း ပါဝင်လုပ်ဆောင်မယ် ဆိုရင်တော့ နိုင်ငံရေး ဆွေးနွေးမှုကနေ သဘောတူညီမှု ရရှိလာမယ်။ နိုင်ငံရေး သဘောတူညီမှုဟာ မူးယစ်ဆေးဝါး ပြဿနာဖြေရှင်းရေးကို တဖက်တလမ်းကနေ ကူညီပံ့ပိုးပေးလိမ့်မယ်လို့ ယုံကြည် ပါတယ်" ဟု ပြောပါသည်။

၂၀၁၂ ဂျွန် ၂၆ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ထုတ် သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာ ရေးအဖွဲ့ Shan Drug Watch မှ သျှမ်းပြည်ပြည်၏ မူးယစ်ဆေးဝါးအခြေအနေအား နှစ်စဉ်နှစ်တိုင်း စစ်တမ်းကောက်၍ နှစ်စဉ်နှစ်တိုင်း အစီရင်ခံစာ ထုတ်ပြန်လေ့ရှိသည်။

သျှမ်း/တောင် လင်းခေးခရိုင် CDMA ဖုန်း မြို့တွင်းဧရိယာသာဆက်သွယ်နိုင်

Posted: 25 Jun 2012 08:16 AM PDT

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နှင့် ပတ်ဝန်းကျင်မြို့များသို့ ဆက်သွယ်ရေးဌာနမှ CDMA ဖုန်းနံပတ်များ ချပေးသဖြင့် ဒေသခံလူထုတို့ ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသော်လည်း တခြားမြို့သို့ဆက်သွယ်၍မရသေးသဖြင့် စိတ်ညစ် နေကြကြောင်း ဒေသခံလူထုကပြောသည်။
CDMA-Test-SIM-CardCDMA SIM ကဒ်များ

"လင်းခေးမြို့မှာ ဒီမနက် CDMA ဖုန်းနံပတ်တွေ ချပေးတယ်။ အလုံး ၄၀၀ အတွက်ပေါ့။ နံပတ်တခု ကျပ် ၂ သိန်းနဲ့ ဆက်သွယ်ရေးရုံးကရောင်းတယ်။ စီးပွါးရေးလုပ်ငန်းရှင်တွေ၊ ကုန်သည်တွေ အများစုပေါ့ ဝယ်ကြတယ်။ လူတွေက အားခဲ ထားကြ မျှော်လင့်ထားကြတာကိုး။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်းရေးစနစ်ဟာလဲ အဓိကကျတဲ့ကဏ္ဍတခုမှာ ပါနေတယ်မဟုတ်လား။ ဒါပေမယ့်ဗျာ တခြားမြို့တွေကိုဆက်လို့မရသေးဘူး။ စိတ်ညစ်နေရတယ်။ မြို့တွင်းဧရိယာထဲမှာဘဲ ဆက်နိုင်သေးတယ်" ဟု လင်းခေးမြို့ခံတဦးကပြောသည်။

CDMA ဖုန်းဆက်သွယ်ရေးလွယ်ကူစေရန်အတွက် လင်းခေးမြို့ ဆက်သွယ်ရေးရုံးဝင်းအတွင်း ဖုန်းဧရိယာတိုင်ကို လွန်ခဲ့ သည့် နှစ်ကတည်းက ထူထားသော်လည်း ပထဝီအနေအထားအရ ပင်လယ်ရေမျက်နှာပြင်အနှိမ့်ပိုင်းတွင် တည်ရှိနေခြင်း ကြောင့် တခြားမြို့နယ်သို့ဆက်သွယ်ရန် လိုင်းမမိခြင်းဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင်း အမြင့်ဆုံးဧရိယာတိုင်ဖြစ် သည်ဟု ဆက်သွယ်ရေးဝန်ထမ်းများကပြောကြောင်း လင်းခေးမြို့ခံ စိုင်းနောင့်က ပြောသည်။

တဖက်တွင်လည်း ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖုန်းနံပတ်များ ချမပေးခြင်းကြောင့် ဒေသခံလူထုတို့ ကာလအတန်ကြာ စောင့်ဆိုင်းခဲ့ရရာမှ ယနေ့မနက်ပိုင်းမှ ဖုန်းနံပတ်များအမှန်တကယ်ချပေးခဲ့ခြင်းဖြစ်ကြောင်း ဈေးသည်တဦးကလည်း ပြောသည်။

" မိုင်းပန်၊ မောက်မယ်၊ မိုးနဲ တွေမှာတော့ ဒီလဆန်းပိုင်းလောက်ကစပြီး ချပေးနေပြီ။ သူတို့တွေကတော့ ဧရိယာတိုင်နဲ့ မဟုတ်ဘူး။ စကိုင်းနက်လိုင်းနဲ့ပေးတာရှိသလို IP Star ခုံနဲ့ဘဲ ပေါင်းပြီးပေးတာဘဲရှိတယ်။ လင်းခေးမှာတော့ခရိုင်ရုံးမို့လို့ ဧရိယာတိုင်နဲ့ပေးတာ။ ပုဂ္ဂလိက ဆက်သွယ်ရေး (ဖုန်း၊ အင်တာနက်) ဆိုင်ဖွင့်ထားတဲ့စီးပွားရေး လုပ်ငန်းရှင် တယောက် ဆိုရင် ဖုန်းအလုံး ၂၀ လိုချင်တယ် ။ အိမ်ထောင်စုဇယားရှိတဲ့လူတွေကိုသွားပေးခိုင်းတယ်လို့ ကြားတယ်။ ဝယ်ပေးခ တလုံး ကို ကျပ် ၁ သောင်းပေးတယ်။ အဲတာ သူတို့ပြန်ရောင်းဖို့ဖြစ်နိုင် တယ်လို့ ပြောနေကြတယ်" ဟုလည်း ဆိုပါသည်။

သို့သော် ၉ လပိုင်းအတွင်း GSM ဖုန်းနံပတ်များချပေးရန်ရှိသည်ဟုလည်း တဖက်မှသတင်းများထွက်ပေါ်နေရာ ယခုချ ပေးသည့် CDMA ဖုန်းနံပတ်ထက်ဈေးပေါသော GSM ဖုန်းများကိုသာ လူထုကမျှော်နေကြပြန်ကြောင်း အင်တာနက်သုံး သည့် ဒေသခံလူငယ်များကလည်း ပြောသည်။

CDMA ဖုန်းများနှင့် GSM ဖုန်းများကို နိုင်ငံတော်သမ္မသစ်၏ တနှစ်ပြည့်အမှတ်တရဟုဆိုကာ ယခုနှစ်ဆန်းပိုင်းကတည်းက ချပေးမည်သတင်းများထွက်ပေါ်နေပြီးနောက် ၄ လ အကြာမှ ဖုန်းများချပေးခဲ့ခြင်းဖြစ်သည်။ အတည်မပြုနိုင်သေးသည့် သတင်းအရ လင်းခေးမြို့တွင် CDMA ဖုန်းနံပတ် ၆၀၀ ခန့် ထပ်မံချပေးရန်ရှိသည်ဟုလည်း ကြားသိရပါသည်။

SSPP နဲ့ အစိုးရတပ်များ ပစ်ခတ်မှုရပ်စဲ

Posted: 25 Jun 2012 08:03 AM PDT

သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ကိုယ်စားလှယ်အဖွဲ့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်တို့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးအပြီးမှာ SSPP နဲ့ အစိုးရတပ်အကြား ဂျွန် ၁၇ ရက်နေ့က စတင် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများရပ်စဲသွားပြီလို့ သျှမ်းပြည်တိုးတက်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးစိုင်းလ က ပြောကြားလိုက်ပါတယ်။
SSPP နဲ့ အစိုးရတပ်များ ပစ်ခတ်မှုရပ်စဲ

"ဦးသိန်းဇော်နဲ့ မန္တလေးမှာ ဆုံတယ်လေ။ ၁၁ နာရီခွဲကနေ ၁ နာရီလောက်အထိ ညှိနှိုင်း ဆွေးနွေးကြတယ်။ ကျနော် တို့ဘက်က ဖြစ်စဉ်တွေ တင်ပြတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ရှေ့ဆက်မဖြစ်ဖို့ကို ဆွေးနွေးတယ်။ အဲဒါတွေကို သူက သမ္မတဆီ တင်ပြတယ်။ သမ္မတကလည်း ဦးသိန်းဇော် ကတဆင့် ကျနော်တို့ဆီ အကြောင်းကြားလာတယ်။ နှစ်ဖက်တပ် ရောက်ရှိနေတဲ့ နေရာမှာ ရပ်ဆိုင်းထားပြီးတော့ ပစ်ခတ်မှု မလုပ်ဖို့၊ ပြီးတော့ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် တွေ့ ဆုံဆွေးနွေးဖို့ နှစ်ပတ်အတွင်း ဆောင်ရွက်ဖို့၊ တပ်တွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ပစ်ခတ်မှု မဖြစ်အောင် ကာကွယ်ရေး ဦးစီးချုပ်ကို သူက ပြောထားပြီးပြီ။ ကာကွယ်ရေး ဦးစီးချုပ် ကလည်း အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးကို အကြောင်းကြားထားပြီး ဖြစ်တယ် လို့ ဦးသိန်းဇော်က ပြောတယ်" လို့ ဗိုလ်မှူးစိုင်းလကပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော် နဲ့ သျှမ်းပြည်တိုးတက်ရေး ပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီကနေ မွန်းလွဲ ၁ နာရီခန့်အထိ မန္တလေးမြို့ မှာ တွေ့ ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ ကိုယ်စားလှယ်အဖွဲ့မှာ အထွေအထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဆိုင်၊ ဗိုလ်မှူးကျော်လှ၊ ဗိုလ်မှူးခေးမောဝ်၊ ဗိုလ်ကြီးနော်လိတ် တို့ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် SSPP နဲ့ အစိုးရတပ်များ တိုက်ပွဲပြန်လည် ဖြစ်ပွားနေတာကို ကူညီဖြေရှင်းပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ခွန်ထွန်းဦးက သမ္မတ ဦးသိန်းစိန် ဆီကို မေတ္တာရပ်ခံတဲ့ စာတစ်စောင် ဂျွန် ၂၁ ရက် နေ့စွဲနဲ့ ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်မှူးစိုင်းလ က – "ခွန်ထွန်းဦး က သမ္မတ ဆီ မေတ္တာရပ်ခံတဲ့ စာဖြစ်ပါတယ်။ နှစ်ဘက် ပစ်ခတ်မှု မဖြစ်ဖို့ရယ်၊ ပြည်သူတွေ အေးအေးချမ်းချမ်း နေထိုင်နိုင်ဖို့လို့ပါပါတယ်။ အဲဒီစာက အထောက်အကူ ပြုပါတယ်။ အဖက်ဖက်ကနေ ဝိုင်းဝန်းပြီး အကောင်းဘက်ကို ဆောင်ရွက်ဖို့ တိုက်တွန်းတဲ့စာပဲလေနော့်။ ကျ နော်တို့ ထာဝရငြိမ်းချမ်းရေးကို ချီတက်နေတဲ့အချိန်မှာ နိုင်ငံရေးပါတီတွေကော၊ ကျနော်တို့ လက်နက်ကိုင် တွေကော ဝိုင်းဝန်းပြီးတော့ လှုံ့ဆော်ရင်တော့ အောင်မြင်မယ်လို့တော့ ကျနော်တို့ မျှော်လင့်တယ်လေ" လို့ ပြောပါတယ်။

ဂျွန် ၁၇ ရက်နေ့မှာ အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့များ နဲ့ ဟွေ့လွတ် ဒေသရှိ SSA တပ်ဖွဲ့များ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ် ဗျူဟာမှူးရဲ့ တောင်းဆိုမှုအရ ဂျွန် ၁၈၊ ၁၉ ရက်နေ့များမှာ SSA က ပြန်လည်တိုက်ခိုက်ခဲ့ခြင်း မရှိပေမယ့် ဇွန်လ ၂၀ ရက်နေ့မှာ အစိုးရတပ်က SSA ရဲ့ လွယ်ဖာဖင့်စခန်းကို တက်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ နှစ်ဖက်တပ်များ ရောက်ရှိရာမှာ အခြေပြု တပ်စွဲနေကြပြီးပစ်ခတ်မှုမရှိတော့ဘူးလို့ သိရပါတယ်။

www.kawli.info မှ ကူးယူဖေါ်ပြသည်။

မူစယ်မြို့သစ်အိမ်ရာစီမံကိန်းအတွက် လယ်မြေအရောင်းအ၀ယ်ဈေးတည့်

Posted: 22 Jun 2012 01:24 AM PDT

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ ဟိုဆောင်နှင့် တော်ရွဲ့ရွာရှိ ဒေသခံလယ်သမားများပိုင် လယ်မြေများတွင် နယူးစတားလိုက်ဖ်ကုမ္ပဏီမှ အိမ်ရာစီမံကိန်း တည်ဆောက်ရန် အတွက် ကုမ္ပဏီနှင့် လယ်သမားများ အကြား ဈေးညှိနှိုင်းရာတွင် ယခုလ ၁၉ ရက်နေ့က နှစ်ဘက် ပြေလည်မှု ရရှိသွားကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအတွက် ကုမ္ပဏီမှ လယ်တစ်ဧက ကျပ်သိန်း ၂၄၀ ဖြင့် လယ်သမားများထံမှ ၀ယ်ယူရန် ညှိနှိုင်း ဆုံးဖြတ်ခဲ့ကြောင်း မူစယ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်တို့ ပြောသည်။

တရုတ်နယ်စပ် ရွှေလီမြစ်ဘေးမှ မူစယ်မြို့လေယာဉ်ကွင်းအထိ ရှည်လျားသည့် ၄င်းစီမံကိန်း အတွက် ကုမ္ပဏီ နှင့်လယ်သမားများအကြား လွန်ခဲ့သည့် ၃ လခန့်ကတည်းက ညှိနှိုင်းမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"လွန်ခဲ့တဲ့ ၂ ရက်လောက်ကပဲ သိန်း ၂၄၀ နဲ့ ဈေးတည့်သွားတယ်၊ လယ်သမားတွေက တစ်ဧက သိန်း ၃၀၀ လိုချင် တယ်၊ ကြားထဲက ကျားဖြူပါတီကုမ္ပဏီက ၀င်ညှိပေးတယ်၊ ဒီဈေးကသင့်တယ်လို့တော့ ပြောလို့မရဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ အခုရွှေသမင်ဘုန်းကြီးကျောင်းဘက်က လယ်တွေတောင်မှ တစ်ဧကကို သိန်း ၂၀၀ ပေါက်နေတာ၊ ဘယ်လို ပဲ ဖြစ်ဖြစ် ရေရှည်မှာ လယ်သမားတွေဘက်က ကြည့်ရင်တော့ နစ်နာမှုရှိတာပေါ့ " ဟု သူက ဆိုသည်။

အဆိုပါ လယ်ယာမြေ အရောင်းအ၀ယ်ဖြစ်ရန် ကျားဖြူပါတီကုမ္ပဏီမှ ၀င်ရောက်အကျိုးဆောင်ပေးသည့် အပေါ် မူစယ် ဒေသခံများအကြား အမြင်ကြည်လင်မှု မရှိကြောင်းလည်း သိရသည်။

"ကျားဖြူကလယ်သမားတွေဘက်က ရပ်တည်ရမဲ့အစား အရောင်းအ၀ယ်ဖြစ်အောင် ကြားဝင်ပေးတာတော့ မကောင်း ဘူးပေါ့၊ သူတို့ကိုယ်တိုင်က စီမံကိန်းကတော့ကျလာပြီ၊ တားလို့မရတော့ဘူးဆိုပြီး လုပ်လာတယ်၊ နိုင်ငံရေးပါတီ တစ်ခုက စီးပွားရေးနဲ့ပတ်သက်လာပြီဆိုရင်တော့ သူများအ၀ါးအမြိုခံရတာကို အဖွဲ့ဝင်တွေတောင် မကြိုက်ကြဘူး " ဟု မူစယ်သား အိုက်စိုင်းလုံ ကဆိုသည်။

လက်ရှိတွင် လယ်ယာမြေ အရောင်းအ၀ယ်ကိစ္စ နှစ်ဘက်ဈေးတည့်သွားသော်လည်း ငွေလက်ငင်းပေးချေခြင်း မရှိသေးကြောင်း လတ်တလော မြေတိုင်းတာခြင်း ကိစ္စများ ဆောင်ရွက်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံ သျှမ်းသံဃာတော်များညီလာခံမှ ဥက္ကဌသစ်ရွေးချယ်

Posted: 22 Jun 2012 12:48 AM PDT

ထိုင်းနိုင်ငံ သျှမ်းသံဃာတော်များညီလာခံကို ယခင်အပတ်က ချင်းမိုင်မြို့ ဝပ်ပါပေါက်ကျောင်းတိုက်၌ ကျင်းပရာ အဖွဲ့၏ ဥက္ကဌသစ်အား အသစ်ပြန်လည် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း ကြားသိရပါသည်။
Tai-Sangkha-Th-1ထိုင်းနိုင်ငံ သျှမ်းသံဃာတော်များညီလာခံ

ယခုလ ၁၈ ရက် နယုန်လကွယ်နေ့က သျှမ်းသံဃာတော်များညီလာခံကိုကျင်းပရာ ယမန်နှစ်ကဆောင် ရွက်ပြီး စီးခဲ့သော လုပ်ငန်းများ၊ လှုပ်ရှားမှုများ တင်ပြခဲ့ကြပြီး ရှေ့ဆက်လုပ်ငန်းဆောင်တာများနှင့် စီမံကိန်းများ လည်းချမှတ် နိုင်ခဲ့သည်ဟုလည်း သံဃာတော်များအသိုင်းအဝိုင်းကဆိုပါသည်။

အဆိုပါ သံဃာတော်များညီလာခံသို့ ထိုင်းနိုင်ငံမြောက်ဘက်ခြမ်း ချင်းမိုင်၊ ချင်းရိုင်းနှင့်မယ့်ဟောင့်ဆောင် ခရိုင်အတွင်းရှိ သျှမ်းဘုန်းကြီး ကျောင်း ၃၀ ကျော်မှကျောင်းထိုင်ဆရာတော်များအပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မဟာကျူးလား တက္ကသိုလ်မှ သံဃာ တော်များပါ တက်ရောက်ရာ စုစုပေါင်းအင်အား အပါး ၅၀ ကျော်ရှိပါသည်။

၎ နှစ်တာ အဖွဲ့၏ဥက္ကဌအဖြစ် တာဝန်ကျေဆောင်ရွက်ခဲ့သော ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့ရှိ ဟွေ့ခိုက်ဆရာတော် ထိရကစ် ကောသလ္လ သည် သက်တော်ကြီးရင့်လာသည့်အလျောက် တာဝန်မှရပ်နားခွင့်ပြုရန်တင်ပြသည့်စာကြောင့် ချင်းမိုင် ခရိုင် ဖှန်မြို့နယ် ဝိန်းဝိုင်ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်ဦးစရိန္ဒ်အား ဥက္ကဌသစ် အဖြစ်ရွေးချယ်တင်မြှောက်ခဲ့သည်။

ထိုင်းနိုင်ငံ သျှမ်းသံဃာတော်များအဖွဲ့အစည်းကို ၁၉၇၄ (သာသနာသက္ကရာဇ် ၂၅၁၇ ) ကစတင်တည်ထောင်ခဲ့ရာ ထိုစဉ်က ' ထိုင်းနိုင်ငံ သံဃာတော်များ ' ဟူ၍သာ နာမည်ပေးထားသည်။ ထိုစဉ်က ချင်းရိုင်းခရိုင် မုံးဖန်းမြို့နယ် မုံ့ဇွမ်းကျောင်းတိုက် ကျောင်းထိုင်ဆရာ တော် သုစိန္ဒာ သုမင်္ဂလ က ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့သည်။ အဖွဲ့အစည်း၏ အဓိက ရည်ရွယ်ချက် ၃ ခုမှာ ၁- အမျိုးသား ရေးကို ပံ့ပိုးဆောင်ရွက်ရန် ၂- သာသနာတိုးတက်မြင့်မားရေးကို ဆောင်ရွက်ရန်နှင့် ၃- စာပေနှင့်ယဉ်ကျေးမှု တိုးတက် မြင့်မားရေး ဆောင်ရွက်ရန် စသည်တို့ဖြစ်သည်။

လွန်ခဲ့သည့် ၄ နှစ်ခန့် သာသနာသက္ကရာဇ် ၂၅၅၁ က'ထိုင်းနိုင်ငံ သံဃာတော်များ 'အဖွဲ့အစည်းအား အမှုဆောင်အဖွဲ့အသစ် ပြန်လည်ရွေးချယ်ကာ 'ထိုင်းနိုင်ငံ သျှမ်းသံဃာတော်များအဖွဲ့အစည်း' (Tai Sangha Association) ဟူသောနာမည်ပါ ပြောင်းလိုက်သည်။ မဟာနာယကမှာ ချင်းမိုင်ခရိုင် ဖှန်မြို့နယ် ဟိုဖိုင်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ဦးကောဝိဒ ဖြစ်သည်။

ထိုင်းနိုင်ငံ သျှမ်းသံဃာတော်များအဖွဲ့အစည်းတွင် နာယက (အတိုင်ပင်ခံပုဂ္ဂိုလ်) ၄ ပါးရှိရာ ၁-မယ်ဟောင့် ဆောင် ဝပ်ဖရာ့ နောန်းကျောင်းတိုက် ဆရာတော်ဦးသာသန ၂- ချင်းမိုင်မြို့ ဝပ်ပါပေါက်ကျောင်းတိုက် ကျောင်း ထိုင် ဆရာတော် ဦးအိန္ဒာ ၃-ချင်းရိုင်းမြို့ ဆန်ပါကော်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးကဏ္ဍိတနှင့် ၄-ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် ဟွေ့ခိုက် ကျောင်းထိုင် ဆရာတော် ဦးထိရကစ် ကောသလ္လ တို့ဖြစ်သည်။ ထို့အပြင် ဒုဥက္ကဌလည်း ၄ ပါး ရှိသည်။

ချမှတ်ထားသောရည်ရွယ်ချက်များဖြစ်သော ၁- ဗုဒ္ဓသာသနာတော်ပြန့်ပွါးရေး ၂-စာပေ၊ယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာယဉ်ကျေး မှုပြန့်ပွားရေး ၃- ပြည်တွင်းပြည်ပမှ သံဃာတော်များနှင့် ဆက်သွယ်ပူးပေါင်း လှုပ်ရှားရေး ၄- ထိုင်းနိုင်ငံရောက် သျှမ်းပြည် သားများအတွက် အားကိုးအားပြုနိုင်သည့် မဏ္ဍိုင်တခု ဖြစ်ရန် ၅- တရားဝင် သျှမ်းသံဃာတော်များဖောင်ဒေးရှင်းတခု ဖြစ်မြောက်ရေး စသည်တို့အတွက် လာမည့် ညီလာခံ၌ ဆက်လက်ဆွေးနွေး သွားမည်ဟုလည်း ဆရာတော်တစ်ပါးက မိန့်ကြားပါသည်။

ပြင်းထန်သည့် တိုက်ပွဲကြောင့် ဦးသိန်းဇော် နှင့် ဆွေးနွေးရန် SSPP ပြင်ဆင်

Posted: 22 Jun 2012 12:46 AM PDT

၃-၄ ရက်ဆက်တိုက် အစိုးရတပ်အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေမှုအပေါ် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန် သျှမ်းပြည်တပ်မတော်ခေါင်းဆောင်ပိုင်းအချို့ အစိုးရ၏ငြိမ်းခြမ်းရေးကိုယ်စားလှယ် ဦးသိန်းဇော် နှင့်တွေ့ဆုံရန် ပြင်ဆင်နေသည်ဟု သိရပါသည်။
theinzawပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး လုပ်ငန်းဖေါ်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဌ (၃) ဦးသိန်းဇော်( ဓါတ်ပုံ- မဇ္ဈိမ)

"မနေ့တုန်းက အစိုးရတပ်အပြင်းအထန်ထိုးစစ်ဆင်တယ်၊ ကျနော်တို့ရဲ့ ရှေ့တန်း ကင်းစခန်းတဆင့်ဆုတ် ပေးတယ်၊ ဒါတောင်အစိုးရတပ်ကျနော်တို့ တပ်စခန်းဆီကို လက်နက်ကြီးနဲ့ တညလုံးထုနေတုန်းဘဲ။ ငြိမ်းချမ်း ရေး လိုချင်လို့အပစ်ရပ်တာဘဲဗျာ။ ပြေလည်အောင်ဆွေးနွေးဖို့ ဒီကနေ့ ကျနော်တို့ ဦးသိန်းဇော်နဲ့တွေ့ဖို့ ချိန်းဆိုထားတယ်" - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

ဂျွန် ၂၂ ယနေ့ နံနက်ပိုင်း၌ သျှမ်းပြည်တပ်မတော် ခေါင်းဆောင်ပိုင်းအချို့ဖြစ်သည့် စဝ်ခွန်ဆိုင်၊ စဝ်နော် လိတ်၊ စဝ်ကျော်လှ၊ ဗိုလ်မှူး ခေးမောဝ်း တို့ ကိုယ်စားလှယ်အဖွဲ့ မန္တလေးမြို့သို့ရောက်ရှိနေကြောင်း၊ နေပြည် တော် မှ လာမည့် ဦးသိန်းဇော်နှင့် မန္တလေးမြို့၌ တွေ့ဆုံရန်ချိန်းဆိုထားခြင်းဖြစ်ကြောင်း ကြားသိရပါသည်။

"၁၇ ရက်နေ့က စတဲ့တိုက်ပွဲက ၁၈ ရက်တရက်ထဲ နားတယ်။ အဲဒါသူတို့တောင်းဆိုချက်ကြောင့် ဗျူဟာမှူးက စစ်ဖြစ်နေတဲ့ နေရာကို လာရောက်စစ်ဆေးမယ်ပြောလို့ ကျနော်တို့လဲ အပစ်အခတ်မလုပ်ဘူး။ ဗျူဟာမှူးဝင် ရောက်စစ်ဆေးဖို့သဘောတူတယ်။ အပစ်အခတ်လဲမလုပ်ဘူး။ အဲဒါဗျူဟာမှူး တပ်အင်အားနှစ်ရင်း ထပ်ခေါ် လာတယ်။ ၁၉ ရက် ညနေပိုင်း တိုက်ပွဲပြန်စတယ်။ ၂၀ ရက် ၂၁ ရက် လူအင်အားနဲ့တက်တိုက်တယ်။ ကျနော်တို့စခန်းဆီကို လက်နက်ကြီး မရပ်မနား ပစ်တယ်" - ဟု ဗိုလ်မှူးစိုင်းလကပြောပါသည်။

ဇန္နဝါရီ ၂၈ ရက် ပဏာမအဆင့်၊ ပြည်ထောင်စုအဆင့် သဘောမတူညီမှု မရမှီ အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ် စားလှယ် ဦးသိန်းဇော်က အပစ်ရပ်သဘောတူညီမှုရရှိပြီး ၅ ရက်အတွင်း SSPP/SSA နယ်မြေကပ်လျက် ရှေ့တန်းတပ်များအားလုံးတပ်ရုပ်ပေးပါမည်ဟု ကတိစကားပေးဖူးသော်လည်း ယနေ့တိုင်တပ်မရုပ်သည့် အပြင် ယခုကဲ့သို့ ထိုးစစ်ဆင်တိုက်ခိုက်မှု လုပ်လာခဲ့သည်ဟု ဆက်ပြောပါသည်။

ကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော် သည် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး လုပ်ငန်းဖေါ်ဆောင်ရေး ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းရာ၌ ဒုတိယ ဥက္ကဌ (၃) အဖြစ်တာဝန်ယူထားသည့် ပုဂ္ဂိုလ်ဖြစ်သည်။

SSPP/SSA နှင့် အစိုးရတပ်တို့အကြားတိုက်ပွဲပြင်းထန်နေ

Posted: 21 Jun 2012 03:35 AM PDT

သျှမ်းပြည်မြောက်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲပိုမိုပြင်းထန်လာနေကြောင်း ဒေသခံများပြောပြချက်အရသိရပါသည်။

SSA_1ဂျွန် ၂၁ ရက် ၂၀၁၂ SSA1 - တိုက်ပွဲဝင်နေသော SSPP/SSA တပ်မတော်သား

"ဟုတ်တယ်၊ ရှိနေတာက ၄ ရင်းလေ၊ မနေ့က စစ်ကား ၇ စီး ကာလိ(ကွန်ဟိန်း)ကနေ မိုင်းဇန်၊ မိုင်းဇန်ကနေ မိုင်းရှူးကို ညတွင်းချင်းအင်အားထပ်ဖြည့်တယ်။ အခုလဲ ( ဒီမနက် ၁၁ နာရီခွဲအထိ) တိုက်ပွဲပြန်ဖြစ် နေတုန်း ဘဲ" - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

ဂျွန် ၁၇ ရက်နေ့ စတင်ခဲ့သော အစိုးရတပ်၏ ထိုးစစ်ဆင်မှုသည် ၁၈ ရက်နေ့ တရက်တည်းနားပြီး ယနေ့တိုင် တိုက်ပွဲဖြစ်ပွားနေ ခြင်းဖြစ်ပါသည်။

SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ၏ပြောပြချက်အရ အစိုးရတပ်သည်သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် မြောက်ဘက်ခြမ်း တောင်ဟျိုးကျေးရွာအုပ်စု ဟွေ့လွတ်ကျေးရွာအနီးရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ဖာဖင့်တပ်စခန်းအား သိမ်းပိုက်နိုင်ရန် အင်အား ၄၀၀ ခန့်ဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်ဟုပြောပါသည်။

"အဓိကကတော့ အဲဒီဒေသ (သံလွင်မြစ်ကမ်း)ကို အစိုးရတပ်က စစ်ရေးအရအလိုရှိနေတယ်၊ လူကြီးဆန်ဆန် ဆွေးနွေးညှိနှိုင်းလို့ရတဲ့ကိစ္စဘဲ။ ဘာဖြစ်လို့ အဲဒီလိုလုပ်တယ်ဆိုတာနားမလည်ဘူး၊ ကျနော်တို့ကိုတက်တိုက်ရ တဲ့အကြောင်းရင်းက 'ခင်ဗျားတို့တပ်လက်နက်ကိုင်ပြီးသွားလာနေလို့ ' လို့အကြောင်းပြပြီး 'နယ်မြေ ရှင်း လင်းရေးလုပ်နေတာ' တဲ့။ ကျနော်တို့နယ်မြေဘဲဗျာ" - ဟု ဗိုလ်မှူးစိုင်းလ က ဆက်၍ပြော ပါသည်။

အစိုးရစစ်တပ်သည် SSPP/ SSA အားထိုးစစ်ဆင်တိုက်ခိုက်နေသကဲ့သို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA နှင့်လည်း တိုက်ပွဲများအဆက်မပြတ်ဖြစ်ပွါးနေပါသည်။

၎င်းနှင့်ပတ်သက်၍ RCSS/SSA ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီးယွက်စစ်က - "တကယ်လို့ အစိုးရက ကျနော် တို့ကို ဆက် တိုက်နေရင် ပြဿနာမဖြေရှင်းရင်တော့ ငြိမ်းချမ်းရေးလည်း ပျက်ပြယ်မှာဘဲ။ ငြိမ်းချမ်းရေးကနေ ရန်သူတွေ ပြန်ဖြစ်ပြီး တိုက်ပွဲတွေလဲပြန်ဖြစ်လာမှာဘဲ။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက ငြိမ်းချမ်း ရေး ရချင် လို့သာ အပစ်ရပ်တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းချင်လို့ အပစ်ရပ်တယ်။ အပစ်ရပ် ပြီးတာတောင် အစိုးရဘက်က ထပ်တိုက်ချင်ရင်တော့ ပြန်တိုက်ရမှာဘဲ" - ဟု ပြော၏။

ယမန်နှစ် မတ်ခ်ျ ၁၃ မှ စက်တင်္ဘာလအထိ အစိုးရမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် ၁၉၈၉ ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထဲန့်နှင့် ဗိုလ်ချုပ်ခင်ညွန့်တို့ တည်ဆောက်ခဲ့သော ငြိမ်းချမ်းရေး ပျက်ပြယ်သွားခဲ့သည်။ လက်ရှိတွင်လည်း မြန်မာစစ်တပ်၏အောက်ခြေ တပ်ရင်းများ အမိန့်နာခံခြင်းမရှိသောကြောင့် ဦးသိန်းစိန် တည်ဆောက်ခဲ့သည့် ငြိမ်းချမ်းရေးစီမံကိန်းလည်း ထိခိုက်ပျက်စီးနိုင်ဖွယ်ရှိသည်ဟု - သုံးသပ်သူများရှိနေပါ သည်။

RCSS/SSA စစ်ဒေသ အမှတ် ၁ ဌာနချုပ်သို့ ချည်းကပ်လာသည့် ၀ တပ်ဖွဲ့ ပြန်လည်ဆုတ်ခွာ

Posted: 21 Jun 2012 01:04 AM PDT

သျှမ်းပြည်တပ်မတော် အမှတ် ၁ ကျိုင်းတုံစစ်ဒေသမှူးနှင့် ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် တပ်မဟာ ၇၇၅ တပ်မဟာမှူးတို့ ဆွေးနွေးသဘောတူညီမှုရရှိပြီးနောက် RCSS/SSA စစ်ဒေသ အမှတ် ၁ (လွယ်ကော်ဝမ်း) ဌာနချုပ်သို့ ချဉ်းကပ်လာသည့် ၀ တပ်ဖွဲ့လည်း ယမန့်နေ့ညက ပြန်လည်ဆုတ်ခွာ သွားပြီဖြစ်ကြောင်း သိရှိရပါသည်။
Loi_Kaw_Wan_1လွယ်ကော်ဝမ်း (Photo: SHAN)

"ကျနော်တို့ သဘောတူညီချက်ရပြီးနောက်တနေ့ မနေ့ ည ၈ နာရီကနေ သန်းခေါင်းယံအတွင်း ၀ တပ်ဖွဲ့တွေ အားလုံးဆုတ်ခွာသွားပါပြီ" ဟု ဗိုလ်မှူးကြီး ကွဏ်းဇင့် က သျှမ်းသံတော်ဆင့်အား ပြောပါ သည်။

လွယ်ကော်ဝမ်း စစ်ဌာနချုပ် အမှတ် ၁ စစ်ဒေသမှူး ဗိုလ်မှူးကြီး ကွဏ်းဇင့်နှင့် ၀ ပြည်သွေးစည်းညီညွတ် ရေး တပ်မတော် တပ်မဟာ ၇၇၅ တပ်မဟာမှူး ယန်ကော်ကျုံးတို့ တမြန်နေ့ ဂျွန်လ ၁၉ ရက်က အချက် ၄ ချက်ပါ သဘောတူညီမှုရရှိပြီးနောက်ပိုင်း ၀ တပ်ဖွဲ့တို့ ဆုတ်ခွာသွားခဲ့ခြင်းဖြစ်သည်။

ထိုင်းနယ်စပ်လုံခြုံရေးအာဏာပိုင်များဘက်မှလည်း လွယ်ကော်ဝမ်းသို့ ချဉ်းကပ်လာသည့် ၀ စစ်ကား များ မိုင်းယွန်းသို့ ဂျွန်လ ၁၉ ရက်မှ စ၍ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း အတည်ပြုပြောဆို၏။

ယခုလ ၁၆ ရက် မိုင်းယွန်း အခြေစိုက် ၀ တပ်မဟာ ၅၁၈ မှ စစ်ကားအစီး ၅၀ (ကားတစီး အင်အား ၂၀-၃၀ ကြား)နှင့် ဟွေ့အော် အခြေစိုက် တပ်မဟာ ၇၇၅ မှ စစ်ကား ၁၀ စီးတို့ လွယ်ကော်ဝမ်းဌာနချုပ် မြောက်ဘက် မီတာ ၂၀၀၀ အကွာ၌ ချဉ်းကပ်ရောက်ရှိလာသဖြင့် ၄ ရက်ကြာ နှစ်ဦးနှစ်ဘက် စစ်ရေး တင်းမာလာခဲ့ခြင်းဖြစ်သည်။

လွှတ်တော်အမတ်တဦး၏လက်နက်ကိုင်အဖွဲ့ ပြည်ထောင်စုလမ်းမပေါ် ပိုက်ဆံစောင့်တောင်း

Posted: 21 Jun 2012 01:03 AM PDT

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၌ လက်နက်များကိုင်ဆောင်ထားသည့် ကွတ်ခိုင်မြို့ ဌာနေတိုက်ခိုက်ရေး ရဲတပ်ဖွဲ့က မူစယ်မှ လားရှိုး အတက်/အဆင်း ယာဉ်များထံမှ ပိုက်ဆံစောင့်တောင်းနေကြောင်း မူစယ် - လားရှိုး ခရီးသွားများက ပြောသည်။

"သူတို့စလုပ်လာတာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကဘဲ။ အသွားတုန်းက မတွေ့ရဘူး၊ ကျနော် ဗုဒ္ဓဟူးနေ့က ပြန်လာတော့ တီခွန်မြတ်ရဲ့ကွတ်ခိုင်ပြည်သူ့အဖွဲ့ကပေါ့။ နမ့်ဖတ်းကာမတိုင်ခင်မှာတနေရာ နမ့်ဖတ်းကာနဲ့ ကွတ်ခိုင်ကြားက လွယ်ဖတ်းလိန်းမှာ တနေရာစောင့်ပြီးကောက်နေတယ်" ဟု မူစယ်မှလာသည့်ခရီးသည် အမျိုးသားတဦးကပြောသည်။

မူစယ်မှလာသည့် ဆိုင်ကယ်အသစ်များအား တစီးလျင် ကျပ် ၁၀၀၀ ၊ ဗင်ကား၊ ခရီးသည်တင်၊ ကုန်တင်ကား၊ ၁၀ ဘီးကားကြီးများကိုလည်း အရွယ်အစား အလိုက် တစီးလျင် ကျပ် ၅၀၀၀ မှ ကျပ် ၁၀၀၀၀ အထိ ကောက်ယူနေ ကြောင်း လားရှိုးကားဆရာ တဦးကလည်းပြောသည်။

ကားကြီးကားငယ်နှင့်ကုန်ကားများမပါသေးဘဲ တရက်လျင် မူစယ်မှ လားရှိုးသို့ အဆင်းချည်းဆိုင်ကယ် (ပျှမ်းမျှ) အစီးရေ ၃၀၀ ခန့်ရှိကြောင်း မူစယ်- လားရှိုး ဆိုင်ကယ်ကယ်ရီသမား များကပြောသည်။

"ဆိုင်ကယ် အစီး ၃၀၀ ရှိတယ်ဆိုတာက ကယ်ရီတင်တဲ့အရေအတွက်ပါ မပါသေးဘူး။ တရုတ်ဆိုင် ကယ်တွေကို ကျနော်တို့ ဆိုင်ကယ်တစီးပေါ်မှာ ၂ စီး- ၃ စီးအထိ တင်ကြတယ်လေ။ အဲတာတွေပါရင် အစီး ၃၀၀ ဘယ်က မလဲ" ဟု ၎င်းကဆက်ပြောသည်။

ယခုကဲ့သို့ အခွန်စောင့်ကောက်နေသည်မှာ မြန်မာအာဏာပိုင်များ၏ ဆင့်ဆိုမှုဟုပြောသော်လည်း အဆိုပါ ကွတ်ခိုင်ပြည်သူ့စစ်တပ်ဖွဲ့ဝင်ငွေအတွက်သာ ဖြစ်ပုံရကြောင်း ကယ်ရီသမားများက ပြောသည်။

ကွတ်ခိုင်ပြည်သူ့ဌာနေ တိုက်ခိုက်ရေး ရဲတပ်ဖွဲ့ခေါင်းဆောင် ဥပဒေညွှန်ကြားရေးမှူး ဦးတီခွန်မြတ်မှာ ကွတ်ခိုင် မြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်ပါသည်။

ထို့အပြင် ပြည်ထောင်စုပူးတွဲဥပဒေကြမ်းကော်မတီ၏ ဥက္ကဌလည်းဖြစ်ပါသည်။ ဤအခွန်ကောက်ခံမှုနှင့် ဦးတီခွန်မြတ်ပတ်သက်သည် မပတ်သက်သည်ကိုမူ စုံစမ်းဆဲဖြစ်ပါသည်။

အခွန်ငွေ မထည့်သည့် ယာဉ်မောင်းအား မူစယ်မြို့အုပ်ချုပ်ရေးမှူး တရားစွဲ

Posted: 20 Jun 2012 02:10 AM PDT

ပြည်နယ်အစိုးရရံပုံငွေအတွက် အခွန်ကောက်နေသော တရုတ် - မြန်မာနယ်စပ် ဆင်ဖြူဂိတ်တွင် ယခုလ ၁၆ ရက်နေ့က မိုးကောင်းကင် ယာဉ်လှိုင်းမှ ယာဉ်မောင်းတစ်ဦး အခွန်ငွေမထည့်သည့်ကိစ္စနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှုဖွင့်တရားစွဲဆိုထားကြောင်း သိရသည်။
Muse_-_Jakao_Gateမူစယ် - ကျယ်ဂေါင် နယ်ခြားဂိတ်

၎င်းနေ့ ညနေ ၆ နာရီခန့်က မိုးကောင်းကင်ယာဉ်လှိုင်းမှ ယာဉ်တစ်စီး ကျယ်ဂေါင်ဘက်မှ မူစယ်သို့ ဆင်ဖြူဂိတ်အတိုင်းဝင်လာစဉ် အခွန် မဆောင်ဘဲ ဖြတ်ကျော်မောင်းနှင်သဖြင့် ဦးမြဟန်မှ ကားရပ်တန့်ရန် တားမြှစ်ရာမှ ပြဿနာစတင်ဖြစ်ပွားကြောင်း မူစယ်မြို့ အုပ်ချုပ်ရေးရုံး ၀န်ထမ်း အသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

"အခွန်ကောက်တဲ့ဂိတ်မှာ ကားမရပ်ပဲ ကားဆက်မောင်းသွားတော့ ဦးမြဟန်က တားတာပေါ့နော်၊ ယာဉ်မောင်းကကားနောက်ပြန်ဆုတ်လာပြီး သူ့အဖေဆီကို ဖုန်းပြန်ဆက်တယ်၊ ဘယ်အဆင့်လဲ၊ ဘာညာမေးတယ်နဲ့တူတယ်၊ ဘာအဆင့်မှ မရှိပါဘူး၊ ဘယ်ကကောင်မှန်း မသိပါဘူး ဆိုပြီး ဖုန်းထဲကနေ ပြန်ပြောတယ်၊ အဲဒီနေ့ညနေပိုင်းမှာပဲ ချက်ခြင်း ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်" - ဟု နီးစပ်သူတစ်ဦးက ဆိုသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဆိုပါယာဉ်မောင်းအား တာဝန်ဝတ္တရားနှောက်ယှက်မှုဖြင့် အမှုဖွင့်ထားပြီး ယခုအခါယာဉ်မောင်းအား ရဲစခန်းမှ အာမခံနှင့် ပြန်လွှတ်ထားကြောင်း ၁၄ ရက်အတွင်း တရားရုံးတွင် တရားစွဲတင်ရမည် ဖြစ်ကြောင်းနှင့် ၄င်းယာဉ်မောင်းမှာ မိုးကောင်းကင် ယာဉ်လှိုင်းပိုင်ရှင်၏သားဖြစ်ကြောင်း သိရသည်။

မူစယ် - မန္တလေး လှိုင်းပြေးဆွဲနေသော အဆိုပါ မိုးကောင်းကင်ယာဉ်လှိုင်းတွင် ယခင်စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ယခုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေး ကိုယ်တိုင်ရှယ်ယာပါဝင်ကြောင်း သိရသည်။

သျှမ်းပြည်တပ်မတော်နှစ်ခုလုံး နှင့် အစိုးရတပ်အကြားတိုက်ပွားများဆက်ဖြစ်နေ

Posted: 20 Jun 2012 12:58 AM PDT

SSPP ၊ RCSS သျှမ်းပြည်တပ်မတော် တို့ နှင့် မြန်မာအစိုးရတပ်အကြား ယခုတပတ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားကြောင်း၊ ယနေ့နေ့ခင်းပိုင်းအထိလည်း တိုက်ပွဲများဖြစ်နေသေးကြောင်း ကြားသိရပါသည်။
army-post မြန်မာအစိုးရစစ်သားများ

"၁၇ ရက်နေ့က တိုက်ပွဲဖြစ်ပြီးတော့ မနေ့နဲ့ တနေ့က အစိုးရတပ် ခလရ ၁၄၉ ၊ ၁၅၀ တပ်ရင်းတွေ အင်အား ထပ်ဖြည့် တယ်။ အခု ကျနော်တို့ ထိန်းချုပ်နယ်မြေ မိုင်းရှူးမြို့ မြောက်ဘက် တောင်ဟျိုးအုပ်စုထဲမှာဘဲ တပ်ရင်း ၄ ရင်းရှိတယ်။ ဒီမနက် ၅ နာရီကနေ နေ့လည်ခင်းအထိ တိုက်ပွဲတွေ ဖြစ်နေ တုန်း" - ဟု SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က ပြောပါသည်။

ဂျွန် ၂၀ ရက် ၂၀၁၂ နံနက် ၀၅ : ၀၀ နာရီမှစ၍ အစိုးရတပ် ခမရ ၅၁၆၊ ၅၁၇၊ ခလရ ၁၄၉၊ ၁၅၀ ပူးပေါင်း အင် အား ၃၀၀ ခန့်က သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP/SSA တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း ၊ မိုင်းရှူးမြို့နယ် မိုင်းအောတ်ကျေးရွာအုပ်စု မြောက်ဘက် ဝမ့်ဟွေ့လောတ်၌ တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ပွဲမှ မြန်မာ စစ်တပ်၏ လက်နက်ကြီးကျည် ဝမ့်ခိုယောင်း ရွာအရှေ့ဘက်သို့ ကျရာ ဒေသခံရွာသူ ပါပွိ (အသက် ၄၅ နှစ်) ဒဏ်ရာရ သွားကြောင်း SSPP ၏ စစ်မျက်နှာမှ အရာရှိတဦးကလည်း အတည်ပြုပြောပါသည်။

rcss-ssa-soldiersRCSS တပ်သားများ

ထို့ အတူ သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဟု လူသိများသည့် RCSS/SSA နှင့် ဂျွန် ၁၉ ရက် ယမန်နေ့ က မိုင်းကိုင်မြို့နယ်အတွင်းတစ်ကြိမ်၊ ဂျွန် ၁၇ ရက်နေ့က သီပေါမြို့နယ်အတွင်း တစ်ကြိမ်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ သေးသည်ဟု ဆိုပါသည်။

" ၁၇ ရက်နေ့က နောင်ချိုအခြေစိုက်ခလရ ၁၁၅ အင်အား ၄၀ ခန့်က ဝမ့်ဇင်းကျေးရွာအုပ်စု အုလုရွာနားမှာရှိတဲ့ ကျနော်တို့တပ်စခန်းကို တမင်သက်သက်လာတိုက်တာ၊ ကျနော်တို့ဘက် အသေအပျောက်တော့မရှိဘူး၊ အစိုးရတပ် ဘက်ကတော့မသိဘူး၊ ၁၉ ရက်နေ့ မနေ့တုန်းကတော့ ရင်ဆိုင်တိုက်ပွဲ၊ ကျနော်တို့လူ က ၅-၆ ယောက်ဘဲ၊ အစိုးရတပ် ကတော့ တုံလောဝ်ဘက်ကတပ်။ အဲဒီမှာလဲ တိုက်ပွဲတခါဖြစ်ခဲ့ရတယ်" - ဟု သျှမ်းတပ် အရာရှိတဦးက ပြောပါသည်။

သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က - ယနေ့တိုက်ပွဲ ထိခိုက်သေကျေ စာရင်းမရ သေးသော်လည်း သျှမ်းပြည်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ ပြောပြချက်အရာ အစိုးရ တပ် ၅ ယောက် သေကြောင်း၊ သျှမ်းပြည်တပ်မတော်ရရှိသည့်သတင်းအရ အစိုးရဘက် ၁ သေ ၅ ယောက် ဒဏ်ရာရရှိကြောင်း၊ ယခုဖြစ် ပွါးခဲ့သော တိုက်ပွဲကြောင့် သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ပန်ဖ က စိတ်မကောင်းကြောင်း၊ အနာဂတ်ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ အစိုးရအပေါ် သာ မူတည်ကြောင်း၊ အစိုးရဘက် တပ်မဆုတ်ဘဲ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေက ဦးသိန်းဇော်ဖိတ်ကြား ထားသည့် ဂျွန် ၂၀ မှ ၃၀ ရက်နေ့ အတွင်းတွေ့ဆုံဖို့ လျာထားချက်လည်း ရက်ထပ်ရွှေ့ပြောင်းနိုင်ကြောင်း - ပြောပါသည်။
SSPP_soldierSSPP တပ်သားများ

အပစ်ရပ်မှု သဘောတူပြီးနောက်ပိုင်း သျှမ်းပြည်တပ်မတော် တောင်ပိုင်း နှင့် ၂၂ ကြိမ်၊ သျှမ်းပြည်တပ်မတော် မြောက်ပိုင်း နှင့် အကြိမ် ၂၀ တိုက်ပွဲဖြစ်ပွားရာမှာ အစိုးရတပ်ဘက် စတင်ခြင်းတာဖြစ်သည်ဟု သျှမ်းတပ် နှစ်ဖွဲ့လုံးက စွပ်စွဲပြောဆိုပါသည်။

ခရောင်းလမ်းကိုကျော်ကာ ပေါင်းစည်းနေထိုင်ဖို့

Posted: 20 Jun 2012 12:56 AM PDT

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ်က ငြိမ်းချမ်းရေးခရီးလမ်းမှာ အတွေအကြုံရှိသူ ၀ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် UWSA ကို လူထုဘဝ မြင့်မားရေး အတွက် လက်တွဲဆောင်ရွက်ဖို့ အကြံဉာဏ်တောင်းတဲ့စာတစောင် ရေးသားပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ သျှမ်းသံတော်ဆင့် သတင်းဌာနက စဝ်ယွတ်စစ်ကို 19/6/2012 က သွားရောက်တွေ့ဆုံ မေးမြန်းထား ပါတယ်။

DSC_0102


မေး။ ။ RCSS/SSA က UWSA ဝ တပ်ဖွဲ့ကို စာရေးသားပေးပို့တယ်လို့ သိရပါတယ်။ ဘယ်လိုအကြောင်း ကြောင့် ရေးသားပေးပို့ရပါသလဲ။
ဖြေ။ ။ အကြောင်းရင်း ၂ ချက် ရှိပါတယ်။ RCSS က တခါမှအပစ်မရပ်ဖူးဘူး။ အခြေအနေကြောင့် အပစ်ရပ် ရတယ်။ ၀ တပ်က အပစ်ရပ်တာ အစောဆုံးအဖွဲ့တခုဖြစ်တယ်။ အပစ်ရပ်ပြီးနောက် ဘာလုပ်သင့်တယ် ဆိုတာ သူတို့နဲ့ တိုင်ပင်ဖို့လိုတယ်လို့ မြင်တယ်။ နောက်တချက်က ၀ တပ်ဖွဲ့နဲ့ သျှမ်းတပ်က အနေချင်းနီးတယ်။ မိုင်းတော့-မိုင်းထားဟာ ညီညွတ်သော သျှမ်းတော်လှန်ရေး တပ်မတော် (SURA) ရဲ့ နယ်မြေဟောင်းဖြစ် တဲ့အတွက် ကျနော်တို့က မိုင်းတော့-မိုင်းထားကို တောင်းတယ်။ မြန်မာစစ်တပ်က တပ်ဆုတ်ပေးရင် ကျနော်တို့ အတူတူ ဘယ်လိုနေမလဲ၊ မြန်မာတပ်က တပ်မဆုတ်ပေးရင် ကျနော်တို့ ဘယ်လိုနေကြမလဲ၊ တကယ်လို့ မြန်မာတပ်က ၀ တပ်ဆုတ်ပေးဖို့ တောင်းလာရင် ၀ ဖက်က ဘယ်လိုလုပ်မလဲစသဖြင့် တိုင်ပင်ဆွေးနွေးဖို့ပါ။ ဒါကတော့ ကျနော်တို့ အချင်းချင်း လေးစားယုံကြည်တဲ့အကြောင်း ပြသတာပါ။

မေး။ ။ ဘယ်တုန်းက ပေးပို့ခဲ့ပါသလဲ။ UWSA ဘက်က ဘယ်လိုတုံ့ပြန်ပါသလဲ။
ဖြေ။ ။ အပစ်ရပ်ပြီးနောက် ဖေဖော်ဝါရီလတုန်းက ပေးပို့ခဲ့ပါတယ်။ သူတို့အစည်းအဝေးထိုင်ဦးမယ်လို့ ပြောလာတယ်။ ဒါပေမဲ့ အခုထက်ထိတော့ ဘာမှအကြောင်းမပြန်သေးဘူး။


မေး။ ။ မိုင်းတော့-မိုင်းထားကို တောင်းတဲ့အတွက် RCSS/SSA နဲ့ မြန်မာတပ်တို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါး အကြောင်းပြပြီး ၀ တပ်ဖွဲ့ကို နှင်ထုတ်မှာကို ၀ ဖက်က စိုးရိမ်ပူပန်နေတယ်လို့ ကြားရပါတယ်။
ဖြေ။ ။ ဒါကတော့ သူတို့ဖာသာတွေးပြီး ပူပန်နေတာပါ။ ငြိမ်းချမ်းရေး တည်ဆောက်တယ်ဆိုတာ မြန်မာစစ် တပ်နဲ့ဘဲ တည်ဆောက်ဖို့ မဟုတ်ဘူး။ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့လိုတယ်လို့ ကျနော်တို့ မြင်တယ်၊ ယုံကြည်တယ်။ နောက်တချက်က ၀၊ လားဟူ၊ ပအိုဝ်းဆိုတာ သျှမ်းပြည်သားတွေဘဲ။ တပြည်တည်းသားတွေမို့ ပိုပြီးညီညွှတ်ဖို့လိုတယ်။ မြန်မာတပ်နဲ့ပေါင်းပြီး သူတို့ကို တိုက် မယ်ဆိုတာ တဖက်သတ်အတွေးနဲ့ ပူပန်နေတာပါ။

မေး။ ။ မိုင်းတော့-မိုင်းထားက ၀ တပ် လှုပ်ရှားတဲ့နယ်မြေဖြစ်တယ်။ RCSS က သွားတောင်းတော့ ဘယ်လိုပြဿနာတွေ ဖြစ်လာဖွယ်ရှိလဲ။
ဖြေ။ ။ တကယ်တော့ မိုင်းတော့-မိုင်းထား-ဟိုမိန်းဆိုတာ SURA နောက် MTA တို့ရဲ့ ဌာနဖြစ်တယ်။ အရင်က မိုင်းတော့-မိုင်းထားမှာ မြန်မာစစ်တပ်ဘဲရှိတာ။ ၀ တပ်တွေက ခိုင်းလုံမှာ လာနေတယ်။ မိုင်းတော့- မိုင်းထားမှာ လာနေတယ်ဆိုတာ မြန်မာစစ်တပ်က ကျနော်တို့ အချင်းချင်း တိုက်ခိုက်ဖို့ စီစဉ်ပေးလို့ဖြစ်တယ်။ ကျနော်တို့ သတိမမူရင် အချင်းချင်း တိုက်ကြမှာဘဲ။ မိုင်းတော့-မိုင်းထားကြောင့် တိုက်ပွဲမဖြစ်စေချင်ဘူး။

မေး။ ။ RCSS တောင်းဆိုတာ ဖြစ်လာနိုင်မှာလား။ ၀ ဖက်ကရော လွယ်လွယ်နဲ့ လိုက်လျောမှာလား။
ဖြေ။ ။ အဲဒါတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ မြန်မာတနိုင်ငံလုံးအတွက် ကျနော်တို့ ညီညွှတ်မှု တည်ဆောက် ရမယ်။ သမ္မတ ဦးသိန်းစိန်နဲ့တော့ အပစ်ရပ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ထိုးစစ်ဆင်မယ် ဆိုတာ မဖြစ်သင့်ပါဘူး။

မေး။ ။ RCSS/SSA နဲ့ UWSA တို့ လွယ်ကော်ဝမ်းမှာ စစ်ရေးတင်းမာ နေတယ်လို့ ကြားရပါတယ်။ အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အဲဒါတော့ ကလေးအချင်းချင်း ရန်ဖြစ်တယ်လို့ မြင်တယ်။နိုင်ငံရေး စစ်ရေးနဲ့မပတ်သက်ဘူး။လယ်ယာ စိုက်ပျိုးတာကို အမြင်မှားပြီး တင်းမာတာပါ။

မေး။ ။ အခြေအနေကော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အခြေအနေတော့ ငြိမ်သက်သွားပါပြီ။ ၀ လူကြီးတွေလည်း အခြေအနေကို စစ်ဆေးသိရှိသွားပြီလို့ ယုံကြည်ပါ တယ်။

မေး။ ။ UWSA ဘက်က လူကြီးတွေကို ဘယ်လိုအမှာစကားပြောကြားချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ ပေါ်လစီက သျှမ်းပြည်အေးချမ်းဖို့၊ မြန်မာပြည်အေးချမ်းဖို့၊ တိုင်းရင်းသားအားလုံး ညီညွှတ် ဖို့ဖြစ်တယ်။ နောက်တချက်က UWSA ခေါင်းဆောင် ပေါက်ယိုချမ်ကို လေးစားယုံကြည်တယ်။ အချင်းချင်း မမြင်ဖူးပေမဲ့ သူ့ရဲ့စိတ်ဓာတ်ကို လေးစားတယ်။ ၀ ကိုတိုက်ဖို့ ကျနော်တို့မှာ ရည်ရွယ်ချက်မရှိပါဘူး။ ဒါပေမဲ့ သူတို့က အမြင်မှားပြီး ကျနော်တို့ကို လာတိုက်ရင်တော့ ကျနော်တို့ကလည်း ကိုယ့်ကိုယ်ကို ကာကွယ်ရမှာပေါ့။

မေး။ ။ ရှေ့ဆက်ပြီး UWSA နဲ့ ဆက်သွယ်ဖို့ ရှိပါသလား။
ဖြေ။ ။ တကယ်တော့ ကျနော်တို့ အမြဲတမ်း ဆက်သွယ်ကြပါတယ်။ ၀ ဖက်က လူတွေနဲ့ ကျနော်တို့ အမြဲ တမ်း ဆက်သွယ်တယ်။ ကျနော်တို့ အနေနီးပေမဲ့ ပြဿနာ ကြီးကြီးကျယ်ကျယ် တခါမှမရှိခဲ့ဘူး။ အောက်လက် ငယ်သား အချင်းချင်း ရန်ဖြစ်တာတော့ ရှိတာပေါ့။

မေး။ ။ မိုင်းတော့-မိုင်းထားမှာ ဌာနချုပ်ထားဖို့ ဘယ်အဆင့်ထိ ရောက်ပြီလဲ။
ဖြေ။ ။ ဂျန္နဝါရီ ၁၆ ရက် တောင်ကြီးမှာ ဆွေးနွေးတုန်းက မိုင်းတော့-မိုင်းထားကို RCSS ရဲ့ ထိန်းချုပ်နယ် မြေလို့ သတ်မှတ်ပေးတယ်။ ဒါပေမဲ့ ဦးအောင်မင်းက ကတိသာပေးသွားတယ်။ တာဝန်တော့မယူဘူး။ ဒီနေ့ထိ ပြဿနာတွေ ရှိနေတုန်း။ မေလ ၁၉ ရက် ကျိုင်းတုံမှာ ဆွေးနွေးတုန်းက ဗိုလ်ချုပ်ကြီး စိုးဝင်း လည်း တိုက်ပွဲထပ်မဖြစ်တော့ဘူးလို့ ကတိပေးသွားတယ်။ ဒီလ ၁၆ ရက်မှာဘဲ တိုက်ပွဲထပ်ဖြစ်တယ်။ ဒါဟာ အပြောတမျိုး အလုပ်တမျိုးလို့ ပြောရမှာဖြစ်တယ်။ မျှော်လင့်ထားသလိုမှ မဖြစ်လာဘဲ။

မေး။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး RCSS/SSA ဘက်က ဘယ်လိုအစီအစဉ်တွေ ရှိပါသလဲ။
ဖြေ။ ။ဒီအတွက် ကျနော်တို့ ၃ ကဏ္ဍ ခွဲထားပါတယ်။ ကျိုင်းတုံမှာ ဆွေးနွေးပြီးနောက် ဗိုလ်ချုပ်ကြီး စိုးဝင်း က သူရဲ့စစ် တပ်အပေါ် သြဇာဘယ်လောက်ရှိမှာလဲ။ သူပြောထားတဲ့အတိုင်း လုပ်မှာလားဆိုတာ စောင့်ကြည့် နေတယ်။ ပြီးတော့ သဘောတူညီချက်အတိုင်း နိုင်ငံရေးဆွေးနွေးမယ်။ထို့အပြင် နိုင်ငံရေးဆိုတာ RCSS တဖွဲ့တည်းကဘဲ တာဝန်ယူထားတာ မဟုတ်ဘူး။ ပြည်သူတွေလည်း ပါဝင်ဆုံးဖြတ်ပိုင်ခွင့်ရှိရမယ်။ ပြည်သူတွေ ပါဝင်ရမယ်။

DSC06619


မေး။ ။ ပြဿနာတွေရှိလို့ မိုင်းတော့-မိုင်းထားမှာ ဌာနချုပ် သွားမထားသေးနိုင်ဘူးဆိုတာ ဘာပြဿနာပါလဲ။
ဖြေ။ ။ မြန်မာစစ်တပ်က တပ်မဆုတ်ပေးတဲ့ ပြဿနာပါ။ ကျနော်တို့ကို ၀င်ခွင့်မပေး သေးဘူး ။

မေး။ ။ ဒီလိုဆိုရင် ခေါင်းဆောင်တယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ဘက်တောင်းတဲ့သူ ။ သူတို့ဖက်က ပေးရမဲ့သူ။ သူတို့က ပေးမယ် လို့ပြောပြီး မပေးတော့ သူတို့ဘဲ ရှေ့ဆက်ပြဿနာတွေ ကြုံဦးမှာ။ ဒီလောက်လေးတောင် သူတို့မပေးနိုင် တော့ ရှေ့ဆက် ကျနော်တို့က သူတို့ကို ဘယ်လိုယုံရမှာလဲ။

မေး။ ။ အကြိမ်ကြိမ် ဆွေးနွေးပြီးတာတောင် တိုက်ပွဲတွေ ဖြစ်နေတုန်းဆိုတော့ ဘာကြောင့်လဲ။
ဖြေ။ ။ တိုက်ပွဲဖြစ်တာ ၃ ချက် ကြည့်ရမယ်။ တချက်က လက်အောက်ငယ်သားတွေ ပြဿနာလား။ ဘယ်အဆင့်ရဲ့ စီမံချက်လဲ။ ဥပမာ-ကာကွယ်ရေးဦးစီးချုပ်ရုံးလား၊ ဗျူဟာအဆင့်လား၊ တိုင်းအဆင့်လားပေါ့။ တကယ်လို့ တိုင်းအဆင့်ဆိုရင်တော့ ကြီးမားတဲ့ ပြဿနာဘဲ။ တပ်ရင်းမှူးတို့ ဗျူဟာမှူးတို့ အဆင့်လောက်ဘဲဆိုရင် ကျနော် တို့ ဖြေရှင်းလို့ရတယ်။ ဒီလိုတိုက်ပွဲတွေဖြစ်နေတာဟာ အထက်က သိသည်ဖြစ်စေ မသိသည်ဖြစ်စေ မြန်မာစစ် တပ်ဘက်က အရင်ဆုံးမှားတာဘဲ။

မေး။ ။ အထက်က မသိဘူးဆိုတာ ဖြစ်နိုင်သလား။
ဖြေ။ ။ မသိဘူးဆိုတာ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တပ်စခန်းအချင်းချင်း နီးနီးကပ်ကပ်နေ ရင်တော့ ပြဿနာရှိမှာဘဲ။ စစ်ဆိုတာ တယောက်သောသူရဲ့ အမိန့်ကိုဘဲ နာခံတာမဟုတ်ဘူး။ စစ်တိုက်လာ တာ နှစ်နဲ့ချီပြီ။ ၄-၅ လအတွင်း အချင်းချင်းယုံကြည်စိတ်ချဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နောက်တခုက မြန်မာ စစ်တပ်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ သူတို့ကို ယုံကြည်လာအောင် လုပ်ရမယ်။ တိုက်ပွဲတွေ အကြိမ်ကြိမ် ထပ်ဖြစ်နေရင် တော့ ဘယ်သူက ယုံတော့မှာလဲ။ ယုံကြည်မှုမရှိရင် ညီညွှတ်မှု မတည်ဆောက် နိုင်ဘူး။ ညီညွှတ်မှုမရှိရင် တိုင်းပြည်ငြိမ်းချမ်းအောင် မလုပ်နိုင်ဘူး။ ထာဝရငြိမ်းချမ်းမှုဆိုတာလည်း မဖြစ်လာနိုင်ဘူး။

မေး။ ။ တကယ်လို့ ရှေးဆက်ပြီး တိုက်ပွဲတွေဖြစ်နေရင် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ထိခိုက်နိုင်ပါသလား။
ဖြေ။ ။ တကယ်လို့ ဆက်ဖြစ်နေပြီး ပြဿနာကို မဖြေရှင်းရင်တော့ ငြိမ်းချမ်းရေးလည်း ပျက်ပြယ်မှာဘဲ။ ငြိမ်းချမ်းရေးကနေ ရန်သူတွေဖြစ်ပြီး တိုက်ပွဲတွေဖြစ်လာမှာဘဲ။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက ငြိမ်းချမ်းရေး ရချင်လို့သာ အပစ်ရပ်တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းချင်လို့ အပစ်ရပ် တယ်။ အနှစ် ၄၀-၅၀ တိုက်ခိုက်လာကြတာ ဘယ်သူကမှ ဘယ်သူ့ကို မနိုင်ဘူး။ ဒါကြောင့် အပစ်ရပ်တယ်။ အပစ်ရပ်တယ်ဆိုတာ ယုံကြည်မှု တည်ဆောက်ဖို့ဖြစ်တယ်။ အပစ်ရပ်ပြီးတာတောင် သူတို့ဖက်က ထပ်တိုက် ချင်ရင်တော့ ပြန်တိုက်ရမှာဘဲ။ တိုက်ပွဲဖြစ်ရင် ပြည်သူတွေလည်း ဒုက္ခတွေ့မယ်။ မြန်မာပြည်ကို စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင်၊ စစ်မှန်တဲ့ ပြည်ထောင်စုနိုင်ငံဖြစ်အောင် ထူထောင်ပြီးတော့ ကမ္ဘာ့နိုင်ငံအတွက် လမ်းဖွင့်ပေးမယ်ဆိုတာ တိုက်ပွဲဖြစ်ရင် ဘယ်လိုမှ မဖြစ်လာနိုင်ဘူး။ ဒါကို အထက်က ခေါင်းဆောင်တွေလည်း စဉ်းစားမယ်ဆိုတာ ယုံကြည်ပါတယ်။

မေး။ ။ သူတို့ကို စောင့်ကြည့်သွားမယ်လို့ ပြောတာ ဘယ်အချိန်ထိလဲ။ သတ်မှတ်ထားတာရှိလား။
ဖြေ။ ။ ဒါကတော့ အချိန်ပေးရမယ်။ အလုပ်ကြီးအကိုင်ကြီးလုပ်တဲ့နေရာမှာ အလုပ်သေးအကိုင်သေးကြောင့် ဆုံးရှုံးသွား ရတာ မဖြစ်သင့်ဘူး။ အချိန်တိုတိုလေးအတွင်းမှာ ကောင်းလာဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် အခုအချိန်မှာ ကြိုးစားပြီး ဆက်သွယ်ကြမယ်။ ကြိုးစားပြီး ပြဿနာဖြေရှင်းမယ်။ နိုင်ငံရေး ဆွေးနွေးနိုင်တဲ့ အဆင့်အထိပေါ့။ နိုင်ငံရေး ဆွေးနွေးဖို့ ပြည်သူ၊ ပါတီ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်။ နိုင်ငံရေးဆွေးနွေးတဲ့အခါ ဘာတွေလုပ် သင့်တယ်ဆိုတာ ဆုံးဖြတ်မယ်။ ကျနော်တို့လည်း ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို ခံယူမယ်။ ဘာကြောင့်လည်း ဆိုတော့ စစ်သားဆိုတာ လည်း ပြည်သူ့နှလုံးသားပါ။

မေး။ ။ တိုက်ပွဲတွေဖြစ်နေတဲ့အကြောင်းကို မြန်မာဘက်က လူကြီးတွေကို အကြောင်းကြားလား။ သူတို့ဘာပြောလာသလဲ။
ဖြေ။ ။ တိုက်ပွဲဖြစ်တဲ့နေ့ကဘဲ ကျိုင်းတုံကို ချက်ချင်းအကြောင်းကြားသွားတယ်။ ဗိုလ်ချုပ်ကြီး စိုးဝင်း ကိုတော့ အကြောင်းမကြားရဘူး။ ပြဿနာငယ်လေးဘဲဖြစ်သေးတဲ့အတွက်ကြောင့်ပါ။ သူတို့ စစ်ဆေးကြည့် မယ်လို့ ပြောလာပါတယ်။

မေး။ ။ အပစ်ရပ်ပြီးနောက် RCSS/SSA ရဲ့ ကိုယ်စားလှယ်တွေ ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးတယ်။ ဘာတွေဆွေးနွေးပါသလဲ။ ဘာအကျိုးကျေးဇူးတွေရပါသလဲ။
ဖြေ။ ။ ကိုယ်စားလှယ်တွေ စေလွှတ်တာ ကျိုင်းတုံသဘောတူညီချက်အရပေါ့။ သတင်းမီဒီယာဌာနဖွင့် လှစ်ဖို့ပါ။ နောက် အနောက်နိုင်ငံရဲ့အကူအညီနဲ့ ပြည်သူတွေကို ကူညီနိုင်ဖို့ NGOs ရုံးဖွင့်ဖို့။ နောက် အပစ်ရပ် အပေါ် စောင့်ကြည့်မယ့် ပုဂ္ဂိုလ်တွေကို ရှာဖို့ပါ။ ဘယ်သူ့ဘက်က မှားတယ် မှန်တယ် ဆိုတာ စောင့်ကြည့်ဖို့ အတွက်ပါ။ ကချင်နဲ့ တိုက်တာဖြစ်ဖြစ် SSPP နဲ့တိုက်တာဖြစ်ဖြစ် အစိုးရဘက်ကလည်း သူတို့မှန်တယ်။ တိုင်းရင်းသားဖက်ကလည်း သူတို့မှန်တယ်။ ဘယ်သူကမှ တရားမစီရင်နိုင်ဘူး။ ဒါဟာ ကျနော်တို့အတွက် သင်ခန်းစာဖြစ်တယ်။ ဒါကြောင့် စောင့်ကြည့်တဲ့အဖွဲ့ရှိရမယ်။ နိုင်ငံရေး ပြဿနာဖြေရှင်းဖို့ ဘယ်လိုလုပ်သင့် တယ်ဆိုတာ ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးတာလည်းပါတယ်။ သူတို့တင်ပြလာအရ အားလုံးအကောင်း မြင်ကြပါတယ်။

မေး။ ။ RCSS/SSA အနေနဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနေတာကို ဒုက္ခသည်တွေ၊ သျှမ်းပြည်သားတွေက ရန်သူ့လှည့်ကွက်ထဲဝင်ပြီလို့ ပူပန်နေကြပါတယ်။ ဒီကစ္စနဲ့ ပတ်သက်ပြီး ဘာများ ပြောကြားချင်ပါသလဲ။
ဖြေ။ ။ ရန်သူ့လှည့်ကွက်ထဲဝင် မဝင်ဆိုတာ သျှမ်းပြည်သားတွေအပေါ်မှာ မူတည်ပါတယ်။ RCSS မှာဘဲ မူတည်တာ မဟုတ်ဘူး။ ဘာတွေလုပ်သင့်တယ်ဆိုတာ သူတို့လည်း ကြားရ၊ သိရပြီး ပြောပြမှာဘဲ။ ကျနော်တို့ က ဆုံးဖြတ်မဲ့သူဖြစ်တယ်။ သျှမ်းပြည်လူထုက ထင်မြင်ချက်ပေးမဲ့သူဖြစ်တယ်။ ကျနော်တို့ အခွင့်အရေးကို မဆုံးရှုံးသွားအောင် ကြိုးစားသွားမယ်။ ကျနော်တို့ တခါမှ အပစ်မရပ်ဖူးပေမဲ့ ဘာတွေဖြစ်ခဲ့ သလဲဆိုတာ ကျနော်တို့ မြင်ဖူးတယ်။ ဒါဟာ ကျနော်တို့ရဲ့ သင်ခန်းစာဘဲ။
DSC06620
မေး။ ။ နိုင်ငံရေး ပြဿနာကို ဘယ်လိုဖြေရှင်းသင့်လဲ။ အစိုးရက ဘာဘဲပြင်ချင်ပြင်ချင် လွှတ်တော်ထဲမှာ ပြင်လို့ ပြောထားပါတယ်။

ဖြေ။ ။ လွှတ်တော်တွင်းကဘဲဖြစ်ဖြစ် လွှတ်တော်ပြင်ပကဘဲဖြစ်ဖြစ် လက်ခံတဲ့အပေါ်မှာ မူတည်တယ်။ အပစ်ရပ်တဲ့အဖွဲ့တွေ လွှတ်တော်ထဲ ဘယ်လိုဝင်မှာလဲ။ နိုင်ငံရေးကို လွှတ်တော်ပြင်ပမှာ ဆွေးနွေးဖို့ ရည်ရွယ်ကြတယ်။ လွှတ်တော်ပြင်ပက သဘောတူညီချက်ကို လွှတ်တော်ထဲ ယူသွားမယ်။ အပြင်ဘက်မှာ သဘောမတူသေးဘဲ အတွင်းဘက်ကို မဝင်နိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်မရှိသေးဘူး။ လွှတ်တော်ထဲသွားပြောဖို့ ဖြစ်နိုင်မှာလား။

မေး။ ။ တပ်မတော်တခုတည်းထားရှိမယ်ဆိုတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ပြည်ထောင်စုဆိုတာ တိုင်းရင်းသားအားလုံးကို အခြေခံတယ်။ ဒါကြောင့် ပြည်ထောင်စုတပ်မတော် ဆိုတာလည်း တိုင်းရင်းသားတွေကို အခြေခံရမယ်။ ဒါကြောင့် ပြည်နယ်နဲ့တိုင်းကနေ ဖွဲ့စည်းထူထောင်မှာသာ ပြည်ထောင်စုတပ်မတော်ဖြစ်တယ်။

မေး။ ။ အပစ်ရပ်တဲ့အပေါ် RCSS/SSA ဘယ်လောက်ထိ ကျေနပ်အားရလဲ။
ဖြေ။ ။ ကျေနပ်အားရတာ မရှိသေးပါဘူး။ အပစ်ရပ်တဲ့အတောအတွင်း နိုင်ငံရေး ဆွေးနွေးရမယ်လို့ မြင်တယ်။ စစ်ပြေးဒုက္ခသည်တွေလည်း အသက်ရှုချောင်လာမယ်၊ သွားလာတာ လွယ်ကူမယ်၊ ချောဆွဲတာ လျော့လာမယ်လို့ မြင်တယ်။ ထာဝရငြိမ်းချမ်းရေးကတော့ နိုင်ငံရေးဆွေးနွေးနိုင်တဲ့အချိန်မှဘဲဖြစ်မယ်။

မေး။ ။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်မယ်ဆိုတာ ဘယ်အဆင့်ထိ ရောက်ပြီလဲ။ ဘာတွေလုပ်ပြီးပြီလဲ။
ဖြေ။ ။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဖို့ အချိန်မရောက်သေးဘူး။ နိုင်ငံရေးသဘောတူညီချက်မရသရွေ့ ဖွံ့ဖြိုး ရေးလုပ်ငန်းလည်း လုပ်နိုင်မှာမဟုတ်ဘူး။ အခုလုပ်မဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းဆိုတာ တပ်သားတွေနဲ့ သူတို့ရဲ့ မိသားစု၊ စစ်ပြေးဒုက္ခသည်တွေအတွက်ပါ။ သူတို့တွေ ကောင်းကောင်းမွန်မွန် နေထိုင်သွားဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်။ သျှမ်းပြည်ဖွံ့ဖြိုးရေးအတွက်တော့ အချိန်မရောက်သေးဘူး။ နိုင်ငံရေးဆွေးနွေးပြီးမှ ပြဿနာ တွေ ဖြေရှင်းပြီးမှ ဖြစ်နိုင်မယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဟာလည်း အရေးကြီးပါတယ်။ ပြည်သူတွေ တိုးတက် အောင် အရင်ဆုံးလုပ်ရမယ်။ ပြည်သူပြီးမှ တိုင်းပြည်ပေါ့။ တိုင်းပြည်ဖွံ့ဖြိုးဖို့ဆိုတာ ပြည်သူတွေ အသိဉာဏ် ကြွယ်ဝရမယ်။ အသိဉာဏ် ဗဟုသုတမရှိရင် သူများကို မမှီနိုင်ဘူး။ နောက်ဆုံးတော့ သူတောင်းစား ပြန်ဖြစ်တာ ဘဲ။

မေး။ ။ ဆက်သွယ်ရေးရုံးတွေဖွင့်တာ၊ ကုမ္ပဏီတွေ ဖွင့်တာတွေကရော။
ဖြေ။ ။ ဆက်သွယ်ရေးရုံးဖွင့်တာ ပြဿနာတွေ ဖြေရှင်းဖို့။ အစိုးရက ဘာပြောချင်ပြောချင် ကျနော်တို့ရုံးကို သွားရမယ်။ ကျနော်တို့လူ မြန်မာစစ်တပ်နဲ့ဖြစ်ဖြစ် ဒေသခံအာဏာပိုင်တွေနဲ့ဖြစ်ဖြစ် ပြဿနာဖြစ်လာရင် အမြန်ဆုံးဖြေရှင်းနိုင်ဖို့အတွက်ပါ။ ပြည်သူတွေ ပြဿနာရှိလာရင် မြန်မာအာဏာပိုင်တွေကို မပြောရဲရင် ကျနော်တို့ဆီလာပါ။ ကျနော်တို့ ကူညီမယ်။ ညီညွှတ်ရေးရအောင် နိုင်ငံရေးပါတီတွေနဲ့ ဆက်သွယ်ဖို့။ စီးပွားရေးကတော့ ကုမ္ပဏီထောင်မယ်။ ကုမ္ပဏီထောင်ရတဲ့အကြောင်းရင်းက တပ်အတွင်း ပြဿနာဖြေရှင်းဖို့။ ကုမ္ပဏီထောင်တာ အောင်မြင်လာရင် ပြည်သူတွေအပေါ် အခွန်ကောက်တာတွေ အားလုံးရုပ်သိမ်းမယ်။ အခွန်မကောက်တော့ဘူး။

မေး။ ။ ပြည်သူတွေကို အရင်ဆုံးထူထောင်မယ်ဆိုတာ ဘယ်လိုစထူထောင်မှာလဲ။
ဖြေ။ ။ ပြည်သူတွေကို ထူထောင်မယ်ဆိုတာ ပညာရေးမှာပါ။ ပညာရေးက အရေးကြီးဆုံးဘဲ။ ပညာရေး အဆင့်မမှီရင် သူများကို မှီဖို့မဖြစ်နိုင်ဘူး။ စိုက်ပျိုးရေး၊ အသက်မွေးဝမ်းကျောင်း စသဖြင့်ပေါ့။

မေး။ ။ နောက်ဆုံးအနေနဲ့ ပြည်သူတွေကို ဘာများမှာကြားချင်ပါသလဲ။
ဖြေ။ ။ အပစ်ရပ်တဲ့အတောအတွင်းမှာ ပြည်သူတွေ ကိုယ့်ရဲ့ဇာတိ မွေးရပ်မြေကို ပြန်သွားနေစေချင်တယ်။ ရွာတွေပြန်တည်ပါ။ ရွာပျက်တွေ မရှိစေချင်ဘူး။ နောက် မှတ်ပုံတင်လုပ် ပေးမှာဖြစ်တဲ့အတွက် မှတ်ပုံတင်လုပ် ကြဖို့။ အိမ်ထောင်စုစာရင်းတွေ လုပ်ကြပါ။ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်ရှိရင် တရားဝင်ဖြစ်မယ်။ တကယ် လို့ မှတ်ပုံတင်မရှိ အိမ်ထောင်စုမရှိရင် နိုင်ငံမဲ့ တွေဖြစ်ကုန်မယ်။ အားလုံးတစုတစည်းတည်း ငြိမ်းချမ်းရေး တည်ဆောက်ဖို့အချိန်တန်ပြီ။ ညီညွှတ်ကြရမယ်။ ခေတ်လူငယ်တွေ ဆေးစွဲတာ အများကြီးဘဲ။ ဆေးဖြတ်ချင်ရင် ကျနော်တို့ ဆီကိုလာခဲ့ပါ။ မကြောက်ပါနဲ့။ အရေးမယူပါဘူး။ စာရင်းမပေးဘဲ ဖမ်းမိတဲ့အခါ ကျရင်တော့ ပြစ်ဒဏ်ချမှတ်ခံရမယ်လို့ မှာကြားချင်ပါတယ်။

စစ်ရေးနည်းဖြင့်မဖြေရှင်းရဘဲ RCSS/SSA နှင့် UWSA တို့ သဘောတူညီရရှိ

Posted: 19 Jun 2012 11:39 PM PDT

သျှမ်းပြည်တပ်မတော် အမှတ် ၁ ကျိုင်းတုံစစ်ဒေသမှူးနှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တပ်မဟာ ၇၇၅ တပ်မဟာမှူးတို့ အချက် လေးချက် ဆွေးနွေးသဘောတူညီမှုရရှိကာ တင်းမာမှုများလျော့ကျသွားပြီဖြစ် ကြောင်း လွယ်ကော်ဝမ်းအေခြစိုက် SSA အရာရှိများကပြောသည်။
yan_guo_gyoung၇၇၅ တပ်မဟာမှူး ယန်ကော်ကျုံး

" ကျနော်တို့ လွယ်ကော်ဝမ်းဌာနချုပ်အမှတ် ၁ စစ်ဒေသမှူး ဗိုလ်မှူးကြီးကွဏ်းဇင့်နဲ့ အမှတ် ၇၇၅ ရဲ့ ဝ တပ်မဟာ မှူး ယန်ကော်ကျုံးတို့ ဖုန်းထဲကနေ ဆွေးနွေးပြီး အချက် ၄ ချက်ကို သဘောတူညီမှုရရှိခဲ့ကြတယ်။ ကျနော်တို့ လုပ်နေဆဲ ယာခင်းတွေကို ဆက်လက်လုပ်ကိုင်သွားဖို့လဲ ဝ ဖက်က သဘောတူခဲ့တယ်" ဟု လွယ်ကော်ဝမ်း အခြေစိုက် သျှမ်းပြည်တပ်မတော်၏ အရာရှိတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ယခုလ ၁၆ ရက်နေ့က သျှမ်းပြည်တပ်မတော်၏ လွယ်ကော်ဝမ်းဌာနချုပ်သို့ ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ် မတော်က အင်အားဖြည့် ချဉ်းကပ်လာမှုကြောင့် ၄ ရက်ကြာ နှစ်ဦးနှစ်ဘက် စစ်ရေးအရတင်းမာရာမှ ယမန်နေ့က နှစ်ဘက်ခေါင်းဆောင်များ တယ်လီဖုန်းဖြင့်ဆွေးနွေးခဲ့ကြပြီး ပြန်လည်အဆင်ပြေခဲ့ကြပြီဖြစ်ကြောင်း SSA ခေါင်း ဆောင်များကပြောသည်။

"ဝ ခေါင်းဆောင်ဖက်က ကျနော်တို့ကို အချက် ၃ ချက်တောင်းဆိုတယ်။ ၁- သူတို့ထိန်းချုပ်နယ်မြေထဲ ကျူးကျော် ဝင်ရောက်ခြင်းမပြုဖို့။ ၂- ကျနော်တို့တပ်စခန်းတွေ နေရာတွေ တိုးချဲ့တည်ဆောက်ခြင်းမပြုဖို့နဲ့ ၃- တဖက်နယ် မြေထဲကို တဖက်က ဝင်ရောက်တော့မယ်ဆိုရင် ကြိုတင်အကြောင်းကြားကြဖို့ စတာတွေပါတယ်။ ကျနော်တို့ သဘောတူလိုက်လျောပေးတယ်။ ဒါကြောင့် ၄-၅ ရက်အတွင်းတင်းမာနေမှုတွေ လျော့ကျသွားပြီလို့ပြောနိုင်ပါ တယ်။ ဒါပေမယ့် ကျနော်တို့ ဌာနချုပ်ရဲ့ မြောက်ဖက် မီတာ ၂၀၀၀ အကွာမှာရှိနေတ့ ဝ တပ်ဖွဲ့ရဲ့ အင်အားတွေ ပြန်ရုပ်သိမ်းသွားပြီလားဆိုတာ စစ်ဆေးနေဆဲဖြစ်တယ်" ဟု ဗိုလ်မှူးကြီးကွဏ်းဇင့် ကပြောသည်။

ယခုလ ၁၆ ရက်နေ့က မိုင်းယွန်း အခြေစိုက် ဝ တပ်မဟာ ၅၁၈ မှ စစ်ကားအစီး ၅၀ (ကားတစီး အင်အား ၂၀ - ၃၀ ကြား) နှင့် ဟွေ့အော်အခြေစိုက် တပ်မဟာ ၇၇၅ မှစစ်ကား ၁၀ စီးတို့ လွယ်ကော်ဝမ်းဌာနချုပ်သို့ချဉ်းကပ် ရောက်ရှိလာခြင်းဖြစ်ပြီး၊ ၎င်းနှင့်ပတ်သက်၍ လွယ်ကော်ဝမ်းဌာနချုပ် အမှတ် ၁ စစ်ဒေသမှူး ဗိုလ်မှူးကြီး ကွဏ်းဇင့်က" ငြိမ်းချမ်းသော နည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်အောင် ကြိုးစားနေကြောင်း " သျှမ်းသံတော်ဆင့် သို့ပြော သည်။

နယ်စပ်လုံခြုံရေးထိုင်းတပ်ဖွဲ့ကမူ နယ်စပ်သို့ ဒုက္ခသည်များထပ်မံရောက်လာမည်ကို စိုးရိမ်သဖြင့် ဝ တပ်ဖွဲ့အား ပဋိပက္ခ မစတင်မိရန်သတိပေးတားမြစ်ခဲ့သေးသည်ဟု ထိုင်းလုံခြုံရေးအရာရှိတဦးကပြောသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့သည် ၂၀၀၀ - ၀၁ တိုက်ပွဲအပြင်းထန်ဖြစ်ခဲ့ဖူး၏။ ထို့အတူ ၂၀၀၅ ခုနှစ်တွင်လည်း ဝ တပ်ဖွဲ့ မှ တပ်သားတဦးပျောက်ဆုံးသည့်ကိစ္စ နှင့် သောက်သုံးရေကိစ္စတို့ကြောင့် တလကျော်ကြာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီးဘူးသည်။

KIA နှင့် အစိုးရတပ်တိုက်ပွဲ နှစ်ဘက် ကျဆုံးမှုရှိ

Posted: 19 Jun 2012 03:09 AM PDT

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မုံးကိုးမြို့နယ်ခွဲအတွင်း ယမန်နေ့ နေ့လည် ၁၂ နာရီခွဲခန့်က KIA နှင့် အစိုးရတပ်များ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်ဘက်ထိခိုက်သေဆုံးမှုများ ရှိကြောင်း သိရသည်။

KIA__B_Flag


အစိုးရဘက်မှ ခလရ ၁၂၃ ၊ ခလရ ၄၅ ပူးပေါင်းအဖွဲ့များနှင့် KIA တပ်ရင်း ၃၆ တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် အစိုးရတပ်ဘက်မှ ၁၀ ဦးကျော် သေဆုံးပြီး KIA ဘက်မှ ၁ ဦးသေ ၁ ဦးဒဏ်ရာရရှိကြောင်း KIO ပြောခွင့်ရသူ တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးလနန်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

"ကျနော်တို့ ကေအိုင်အေ တပ်ရင်း ၃၆ နဲ့ ခလရ ၁၂၃ ၊ ခလရ ၄၅ အဖွဲ့တွေနဲ့ မနေ့က မုံးကိုးဒေသဘက်မှာ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်တယ် သူတို့ဘက်ကတော့ ၁၀ ယောက်ကျော် ထိခိုက်ကျဆုံးသွားတယ် ကျနော်တို့ဘက်က တစ်ယောက် ကျတယ် တစ်ယောက်က ဒဏ်ရာရတယ် " ဟု သူက ပြောသည်။

အဆိုပါ တိုက်ပွဲမဖြစ်ခင် အစိုးရတပ်များ နော်ဂူရွာ အတွင်းသို့ ၀င်ရောက်လာပြီး တရုတ်လူမျိုး အဖိုးအို ၊ အဖွားအို လင်မ ယား နှစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သူက ဆိုသည်။

ယမန်နေ့ တစ်ရက်အတွင်း ကချင်ပြည်နယ်၌ အစိုးရတပ် နှင့် KIA တို့ ၆ ကြိမ်ထက်မနည်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဂျွန်လ ဆန်းပိုင်းမှ ယနေ့အထိ နှစ်ဘက်တိုက်ပွဲပေါင်း ၆၀ ကျော်သွားပြီ ဖြစ်ကြောင်း သိရသည်။

သမိုင်းဝင်ပင်လုံမြို့၌ လောင်းကစားဝိုင်းများကြောင့် ဒေသခံလူထုအခက်တွေ့

Posted: 19 Jun 2012 03:07 AM PDT

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့တွင် ခေတ်အဆက်ဆက်မှယနေ့တိုင် ရှိနေသေး သည့်လောင်းကစားဝိုင်းကြောင့် ဒေသခံလူထုတို့ အခက်တွေ့နေရကြောင်း ဒေသခံများပြောပြ ချက် အရသိရသည်။

pang-longလောင်းကစားဝိုင်း

"ခံရတာကတော့ ဒေသခံလူထုပေါ့ဗျာ။ စံစားရတာကတော့ အာဏာပိုင်ပေါ့။ ဈေးနေ့ဆိုရင်လာပြီး လောင်းကစား တဲ့လူတွေ ဘယ်လောက်များလဲဆိုရင် ဂုံဂင်းကားချပ်က အကောင်ပလောင်တွေကို တောင် မမြင်ရအောင်ဘဲ ပိုက်ဆံတွေကများတာ။ ဈေးသုံးဖို့ပိုက်ဆံတွေ လောင်းရှုံးလို့ အိမ်ပြန်ရင် ရန်ဖြစ်၊ စကားများ၊ လင်မယားကွဲ ၊ ထိုင်း ကိုပြေး၊ ဘာမှအရင်းမထည့်ရတဲ့ ရဲတို့ အာဏာပိုင်တို့တော့ ပိုက်ဆံရပြီးရင်းရ" ဟု ပင်လုံဒေသခံ နန်းစံက ပြောသည်။

အဆိုပါ ဂုံဂင်း လောင်းကစားဝိုင်းကို ကမ္မဌာန်းကျောင်းတိုက် သွားမည့်(လမ်းဆုံ) မြို့မြောက်ဘက် အထွက် လမ်း၌ရှိကြောင်း၊ ဖိုင့်ကျူး( ကျွဲကျိုဖဲ) ဝိုင်းမှာမူ ရပ်ကွက် ၃ ၌ရှိကြောင်း အမည်မဖေါ်လိုသည့် ရပ်ကွက် ၃ ဒေသခံ တဦးကလည်း ပြောပြသည်။ မိခင်ကလေး၊ ကျန်းမာရေး၊ ပညားရေးဌာန နှင့် မီးသတ် ဝန်ထမ်းများမှတပါး အခြားဌာနဆိုင်ရာအားလုံးထံ လောင်းကစားဒိုင်များလာဘ်ထိုးရကြောင်း လည်း ဝန်ထမ်းများအသိုင်းဝိုင်းက ပြောပါသည်။

အဆိုပါလောင်းကစားဝိုင်းများမှ အခွန်အတုတ်များကို မြန်မာအာဏာပိုင်များဖြစ်ကြသော အကောက်ခွန်၊ ရဲ၊ စစ်တပ်၊ SB၊ လ၀က၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ထွေအုပ်အစရှိသူတို့အပြင်ဆိုင်ရာအာဏာပိုင်များလည်း ကောက်စားကြကြောင်း၊ ခမရ ၅၁၃ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးက တရက်လျင် လောင်းကစား ဝိုင်းတဝိုင်း ကျပ်တသောင်းစီဖြင့် အများဆုံးရရှိကြောင်း မြို့နယ်ရုံးနှင့်နီးစပ်သူတဦးကလည်း ပြောပြသည်။

"တပ်နဲ့ မြို့နယ်ဥက္ကဌကိုကစားဝိုင်းဒိုင်တွေက တရက်ကို ၁ သောင်း ပေးရတယ်။ ကျန်တဲ့ ရဲတို့၊ လ၀က၊ မူးယစ် SB တို့ စတာတွေကိုတော့ တရက်ကိုကျပ် ၃၅၀၀ နဲ့ ၅၀၀၀ ကြားပေးရတယ်။ နေ့ခင်းထမင်းစား ချိန်ဆိုရင် ပိုက်ဆံရဖို့ အာဏာပိုင်တွေက လောင်းကစားဝိုင်းဒိုင်တွေမှာ သွားရစ်နေကြတယ်။ ဘယ်နည်း နဲ့ဘဲရှာရှာ လူထုအနေနဲ့ကတော့ ရှာစားရခက်နေတာဘဲ၊ ဒီကိစ္စက လွိုင်လင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြိုင်ကလဲ မျက်စိမှိတ်၊ နားပိတ်နေတယ်" - ဟု ရပ်မိရပ်ဖ တဦးက ပြောပါသည်။

လွတ်လပ်ရေးကျောက်တိုင်စိုက်ထူရာသမိုင်းဝင် ပင်လုံမြို့သည် ခေတ်အဆက်ဆက် လောင်းကစား ဝိုင်းများမပြတ်သောမြို့တမြို့ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးအာဏာပိုင်များမှ အခွန်အတုတ်ကောက်စားကာ ခွင့်ပြုထားသောကြောင့် ကစားဝိုင်းအပိတ်မခံရခြင်းဖြစ်ကြောင်း ပင်လုံဒေသခံ ယင်းနောင့် ကပြော သည်။

SSPP/SSA နှင့် တိုက်ပွဲ နှစ်နာရီကျော်ဖြစ် အစိုးရတပ်နှစ်ယောက်သေ

Posted: 18 Jun 2012 03:21 AM PDT

သျှမ်းပြည်တပ်မတော်နှင့် မြန်မာအစိုးရတပ်တို့အကြား ယမန်နေ့က ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ် ဘက် နှစ်ယောက်သေဆုံးကြောင်းဒေသခံအသိုင်းအဝိုင်း ကပြောပါသည်။

SSPP_SSASSPP/SSA တပ်မတော်သား (ဓါတ်ပုံ- SSPP/SSA)

"အခုဖြစ်တဲ့ တိုက်ပွဲနဲ့ဆို အပစ်ရပ်ပြီး နောက်ပိုင်း ၁၈ ကြိမ်ရှိပြီ။ ရလခ ရဲ့ G-1 က ကျနော်တို့ကို သေနတ်ကိုင် ပြီးသွား လာတာတွေ့လို့တဲ့။ ကျနော်တို့နယ်မြေဘဲဗျာ၊ သူတို့ကဘဲ ကျနော်တို့ထိန်းချုပ်နယ်မြေထဲ အကြောင်း မကြား ဘဲဝင် လာတော့ အခုလိုထိပ်တိုက်ဖြစ်ပြီပေါ့။ နှစ်နာရီ ကျော်ကြာ တိုက်ခိုက်ကြတယ်" - ဟု SSPP/SSA တပ်မှူး တဦးက ပြောပါသည်။

ဂျွန် ၁၇ ရက် ၂၀၁၂ ညနေ ၁၇:၀၀ - ၁၉: ၀၀ နာရီ အထိ အစိုးရတပ် ခမယ ၅၁၆၊ ၅၁၇ ပူးပေါင်းအင်အား ၁၀၀ ဝန်း ကျင်ခန့်က သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေ မိုင်းရှူးမြို့ မြောက်ဘက် မိုင်းအောတ်ကျေးရွာအုပ်စု တောင်ဟျိုး ဟွေ့လွတ် တပ်မဟာ ၃၆ ထိန်းချုပ်နယ်မြေ အတွင်း ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု ဆို၏။ မိုင်းရှူးမြို့ ကျန်းမာရေးအသိုင်းဝိုင်းက အဆိုပါတိုက်ပွဲ၌ အစိုးရတပ်ဘက် နှစ်ယောက်သေ ဆုံးပြီး ၅ ယောက် ထက် မနည်း ဒဏ်ရာရှိသည်ဟုပြောပါသည်။

"ကျနော်တို့က ကိုယ့်ကိုကိုယ်ကာကွယ်တဲ့အနေနဲ့ပဲ။ တိုက်ပွဲတော့ပြီးသွားပြီ။ အခြေအနေက မငြိမ်သေးဘူး။ ဒီနေ့ အင်အား ၂၀၀ လောက်ထပ်ဖြည့်တယ်။ နယ်မြေရှင်းလင်းရေးလုပ်တာတဲ့။ မကြာခင်ကျနော်တို့ တွေ့ဆုံဆွေး နွေး တော့မှာဘဲ။ အေးဆေးဆေးမရှင်းဘဲနဲ့ ဘာလို့အခုလိုလုပ်တာလဲဆိုတာနားမလည်ဘူး" - ဟု အဆိုပါ တပ်မှူးတဦးက ဆက်ပြောပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရတို့ လာမည့် ၂၀ ရက်နေ့ နောက်ပိုင်း တွေ့ဆုံမည်ဟု ဦးသိန်းဇော်က ဖိတ်စာပေးပို့ထားသော်လည်း ရခိုင်ပြည်၌ မငြိမ်မသက်ဖြစ်နေမှုကြောင့် ရက်ထပ်မံ ရွှေ့ဆိုင်းထားပြန်သည်ဟု SSPP/SSA က ဆိုပါသည်။

ယခုနှစ်ဆန်းပိုင်း တောင်ကြီးမြို့၌ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့်မြန်မာအစိုးရကိုယ်စားလှယ်တို့ ပဏာမ အဆင့်ဖြစ်သော အပစ်ရပ်ရေးအပါအဝင် ပြည်ထောင်စုအဆင့်ပါ တပြိုင်နက် သဘောတူညီလက်မှတ်ရေးထိုးခဲ့ သော်လည်း နှစ်ဦးနှစ်ဖက်ကြားတိုက်ပွဲများ ဆက်ဖြစ်နေဆဲဖြစ်သည်။

ရခိုင်ပြည် ပဋိပက္ခကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဆင့်တိုးမြင့် ဆွေးနွေးရန် ရွှေ့ဆိုင်း

Posted: 18 Jun 2012 03:19 AM PDT

ရခိုင်ပြည် ပဋိပက္ခကြောင့် နေပြည်တော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့တို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဆင့်တိုးမြင့်ဆွေးနွေးရန် ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သိရှိရပါသည်။
Bao_YouxingUWSA ခေါင်းဆောင် ပေါက်ယိုချမ်
သမ္မတ ဦးသိန်းစိန် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ ပထမဆုံး ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ သော ၀ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) သည် ငြိမ်းချမ်းရေး အဆင့်တိုးမြင့် ဆွေးနွေးရန် နေပြည်တော်သို့ ဂျွန်လ ၁၅ ရက်နေ့၌ သွားရောက်ရမည်ဖြစ်သည်ဟု ဆို၏။

"ရခိုင်လူမျိုးနဲ့ ရိုဟင်ဂျာကြားက ပဋိပက္ခကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရက်ရွှေ့လိုက်တယ်။ ဆွေးနွေးဖို့ ဘယ်နေ့ပြန်ချိန်းမလဲတော့ မသိဘူး" ဟု ၀ အရာရှိနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု-သျှမ်းပြည်အရှေ့ပိုင်း (NDAA-ESS) နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA တို့လည်း ငြိမ်းချမ်းရေး အဆင့်တိုးမြင့် ဆွေးနွေး ရန် အစိုးရဘက်မှ ဖိတ်ခေါ်ခဲ့သည်။

Sai_LeunNDAA ခေါင်းဆောင် စဝ်စိုင်းလင်း
"ပန်ဆန်းအဖွဲ့ ဆွေးနွေးပြီးရင် ကျနော်တို့ မိုင်းလားအဖွဲ့ဘဲ။ ရက်ရွှေ့လိုက်တော့ မိုင်းလားအဖွဲ့လည်း နေပြည်တော်ကို မသွားဖြစ်တော့ဘူး" ဟု မိုင်းလားအရာရှိတစ်ဦးက ပြောပါသည်။

သို့သော် သျှမ်းပြည်တပ်မတော်-မြောက်ပိုင်းဟု လူသိများသည့် SSPP/SSA မှာမူ ဂျန္နဝါရီ ၂၈ ရက် အပစ်ရပ်ရန် သဘောတူ ဆွေးနွေးပြီးနောက်ပိုင်း မြန်မာစစ်တပ်နှင့် ၁၈ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း၊ နောက်ဆုံးတိုက်ပွဲမှာ ဂျွန် ၁၇ ရက် ညနေ ၃ နာရီခန့် မိုင်းရှူးမြို့နယ်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်ကြောင်း၊ တောင်ဟျိုးနှင့် မိုင်းအောတ်ကြားအခြေစိုက် သျှမ်းတပ်ဖွဲ့၏ တပ်မဟာ ၃၆ ကို ခမရ ၅၁၆ နှင့် ခမရ ၅၁၇ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း SSPP/SSA အသိုင်းအဝိုင်းက ဆို၏။

Pang_FaSSPP/SSA ခေါင်းဆောင် စဝ်ပန်ဖ
ဝ တပ်ဖွဲ့ (UWSA)၊ မိုင်းလားတပ်ဖွဲ့ NDAA နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့သည် ဦးအောင်သောင်း၊ ဦးသိန်းဇော်တို့ ခေါင်းဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေး ပြီး အပစ်ရပ်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

လွန်ခဲ့သည့်လအတွင်း ပြန်လည်ဖွဲ့စည်းလိုက်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီအဖွဲ့၌ ဦးအောင်သောင်း ပါဝင်ခြင်းမရှိသော်လည်း ဦးသိန်းဇော် က ဒုဥက္ကဋ္ဌ(၃) အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

RCSS ကျိုင်းတုံစစ်ဒေသဌာချုပ်အနီး ဝ တပ်ဖွဲ့ချဉ်းကပ် နှစ်ဘက်စစ်ရေးတင်းမာ

Posted: 16 Jun 2012 06:16 AM PDT

ဂျွန် ၁၆ ရက် ယနေ့နံနက် ၁၀:၀၀ ခန့်မှစ၍ သျှမ်းပြည်
တပ်မတော် RCSS/SSA အမှတ် ၁ (ကျိုင်းတုံ) စစ်ဒေ
သအား တောင်ပိုင်း ဝ တပ်ဖွဲ့ ဝမ့်ဟုန့်ဌာနချုပ်မှကား
၅၀ စီးခန့်(တစီး လျှင် လူအင်အား ၂၀-၃၀ အတွင်းရှိ)
အင်အားဖြည့်ချဉ်းကပ်နေဟု နယ်စပ် ထိုင်းလုံခြုံရေး
အရာရှိပြော၊ အဆိုပါကိစ္စဟုတ်မှန်ကြောင်းသျှမ်းတပ်ဖွဲ့
အတည်ပြု၊ မိမိဘက်မှလည်း အသင့်အနေအထား
စစ်ရေးပြင်ဆင်ထားသောကြောင့် နှစ်ဘက် စစ်ရေး
တင်းမာနေဟု အမှတ် ၁ စစ်ဒေသမှူး ဗိုလ်မှူးကြီး
ကွဏ်းဇင့်က ပြော။

SSA အား အစိုးရတပ် တက်တိုက် စခန်းတခုမီးရှို့ပစ်

Posted: 16 Jun 2012 06:13 AM PDT

ယနေ့ မနက်ပိုင်း၌ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်း တခုအား မြန်မာအစိုးရစစ်တပ်ကတက်တိုက်

၍ စခန်းတခုလုံး မီးရှို့ပစ်လိုက်ကြောင်း အစိုးရတပ်နှင့် နီးစပ်သည့် လားဟူအမျိုးသားတဦးက ပြောပါသည်။
altမြန်မာအစိုးရစစ်သားများ

"မနေ့ကညနေပိုင်းက ကတည်းက တက်ဝိုင်းထားတာ။ ဒီမနက်မှစတိုက်တာ။ သျှမ်းတပ် ဘက်က လူအင်အား
သိပ်မရှိဘူး။ ဆယ်ယောက်တောင်မရှိဘူး။ အစိုးရဘက်က တပ်ရင်း ၂ ရင်းပေါင်းလေ။ စခန်းတခုလုံးကို ဗမာတပ်
ကမီးရှို့ပစ်လိုက်ပြီ" - ဟု အဆိုပါ လားဟူ အမျိုးသားတဦးကပြောပါသည်။

ဂျွန် ၁၆ ရက် ယနေ့ နံနက်ပိုင်း ၌ အစိုးရတပ် ခလရ ၂၂၅ နှင့် နားကောင်းမူး အခြေ စိုက် ခလရ ၆၅ ပူးပေါင်း
အင်အား ၁၀၀ ကျော်က သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ နယ်ခွဲ အရှေ့မြောက်ဘက်ခြမ်းရှိ
RCSS/SSA ၏ လွယ်ငွမ်းတပ်စခန်းအား တက်တိုက်ကြောင်း၊ သျှမ်းတပ်က စခန်းမှရှောင်ထွက်ပေးသည့်နောက်
အစိုးရတပ်က အဆိုပါစခန်းအား မီးရှို့ပစ် လိုက်ကြောင်း၊ လယ်ကွင်းယာခင်းများအတွင်း ကျည်များကျရောက်သော
ကြောင့် ကောက်စိုက်နေသည့်ဒေသခံ လယ်သမားများလည်း တိုက်ပွဲမှ ရှောင်တိမ်း နေရကြောင်း ဒေသခံများက
ပြောပါသည်။

"မနေ့က ညနေပိုင်း မိုင်းတုံဘက်အင်အားကား၎ စီးနဲ့လာတဲ့ ခလရ ၂၂၅ က နမ့်ဟူးခွန် မှာ ရှိတဲ့တပ်တချို့နဲ့
လာပေါင်းတယ်။ ဒီမနက် ၇ နာရီခွဲကနေ ကျနော်တို့ ကိုစတိုက်တာ။ ၁၁ နာရီ ကျော်လောက်မှာ ကျနော်တို့တပ်
ဆုတ်ပေးလိုက်ရတယ်။ သေကြေ ဒဏ်ရာရတာတော့ ကျနော်တို့ဘက်မရှိဘူး။ အစိုးရတပ်ဘက်ကတော့မသိဘူး။
ဒီကိစ္စ က ကျနော်တို့လုပ်နေတဲ့ ငြိမ်းချမ်းရေးကိုအရမ်းထိခိုက်စေတယ်။ အစိုးရဘက်က ကတိမတည်ဘူး။ တိုက်ပွဲ
ဖြစ်ရင် တောင်းပန်တယ်။ ထပ်မဖြစ်ဖို့ကတိပေးတယ်။ ပြီးရင်သူတို့ဖက်က ထပ်ပြီးကျူးလွန်တာဘဲ။ အထူးပြန်
လည် သုံးသပ်ရလိမ့်မယ်" – RCSS ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

"ကျနော်တို့ဆီမှာ ခြေစိုက်တဲ့ ဗျူဟာမှူးရဲ့ကား(ဗျူဟာမှူးကိုယ်တိုင်ပါမပါတော့မသိရဘူး) နဲ့ လုံခြုံရေးကား တစ်စီး
က ရပ်ကွက် ၃ မှာရှိတဲ့ ဆေးဆိုင်မှာ ဆေးတွေအများကြီဘဲ လာဝယ် သွားတယ်။ သေတာတော့မသိဘူး၊ ဒဏ်ရာ
တော့ အများကြီးရမယ်ထင်တယ်" - ဟု ပုံပါကျင် ဒေသခံတဦးက ပြောပါသည်။

ယခုတကြိမ်ဖြစ်ပွားသောတိုက်ပွဲသည် ငြိမ်းချမ်းရေးပဏာမအဆင့်သဘောတူညီမှုရရှိသည့် နောက်ပိုင်း အကြိမ်
၂၀ မြောက်တိုက်ပွဲဖြစ်သည်။

တိုက်ပွဲနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က မြန်မာအစိုးရထံ ရှုပ်ချ
ကန့်ကွက်ကြောင်း စာတစောင်ပေးပို့ထားသည်ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။

"ဒီကိစ္စကျနော်တို့ဖက်ကနေ မြန်မာအစိုးရနဲ့စစ်တပ်ပိုင်းကို အကြောင်းကြားထားတယ်။ အထက်ပိုင်းကအေးအေး
ဆေးဆေးဆွေးနွေးလို့ရတဲ့ကိစ္စ ဘာကြောင့် အောက်ခြေတပ်ရင်း တပ်းမှူးတွေကို ဒီလိုလုပ်ခွင့်ပေးထားတာလဲ -
ဆိုတာကိုလဲ မေးမြန်းထားတယ်။ ဒါပေမယ့် ကျနော်တို့ဖက်က ငြိမ်းချမ်းသောလမ်းနဲ့ဘဲ ဖြေရှင်းသွားချင်တယ်"
ဟု ၎င်းက ပြောသည်။

အဆိုပါဒေသဘက် (ပထမ တကြိမ်) မေ ၂၃ ရက် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် တိုက်ပွဲထပ် မဖြစ်ဖို့ စစ်တိုင်းနှင့်
အောက်ခြေတပ်ရင်းများထံညွှန်ကြားထားပြီးဖြစ်ကြောင်း ဒုကာကွယ်ရေး ဦးစီးချုပ်၊ ဒုဥက္ကဌ ပြည်ထောင်စုအဆင့်
ငြိမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဗိုလ်ချုပ် ကြီးစိုးဝင်းက သျှမ်းပြည်တပ်မတော်ထံအကြောင်းကြားခဲ့
သည့် နောက်ပိုင်း ဒုတိယအကြိမ် ထပ်မံဖြစ်ပွားခဲ့သောတိုက်ပွဲဖြစ်သည်။

ဒုက္ခသည်များနေရပ်ပြန်လည်ပို့ဆောင်ရေးအတွက် အပစ်ရပ်သဘောတူညီချက်ဖြင့်မလုံလောက်သေး

Posted: 15 Jun 2012 01:51 AM PDT

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၂ ဖွဲ့ကမြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဆွေးနွေးပြီး နောက် ပိုင်း နယ်စပ်နေဒုက္ခသည်များ နေရပ်ပြန်လည်အခြေချရေးဖိအားပေးသည့်အနေဖြင့် စေတနာရှင် တချို့ကရိက္ခာ ထောက်ပံ့မှု များဖြတ်တောက်မှုအပေါ် အချိန်မတန်သေးဟူသည့် ဆွေးနွေးချက်တရပ်ပါဝင်သည့် Ethnic Conflicts, Refugees and Sanction ဟူသော လက်ရှိမြန်မာ၏ ပြောင်းလဲခြင်း၏ဆွေးနွေးပွဲတရပ် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်၌ ကျင်းပခဲ့သည်။


KNU ၏ ဒုဥက္ကဌ ဒေးဝစ်ဒ်သာကဘော

ဆွေးနွေးပွဲကို ဂျွန်လ ၁၄ ရက်ကကျင်းပခဲ့ခြင်းဖြစ်ပြီး ဒုက္ခသည်များအား နေရပ်ပြန်စေရန် အစာရေစာနှင့် အထောက်အပံ့များ ထောက်ပံ့မှုရပ်ဆိုင်းလိုက်သည်မှာ အချိန်မတန်သေးကြောင်း ထိုင်း မြန်မာနယ်စပ် တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) မှ Mr. Duncan McArthur က တက်ရောက် သူလူထု ၁၀၀ ကျော်အား ပြောသည်။

" ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ဘာတွေလိုအပ်သလဲဆိုတော့ (၁) တိုင်းရင်းသားနယ်မြေထဲကို အင်အားဖြည့် တိုးချဲ့ချလာ တဲ့မြန်မာစစ်တပ်တွေ တပ်ဆုတ်ပေးရမယ်။ (၂) ဒုက္ခသည်တွေပြန်လည် အခြေချတဲ့နေရာမှာကူညီ ထောက်ပံ့မှုပေးတဲ့ အဖွဲ့အစည်း ရှိရမယ်။(၃) လက်နက်ကိုင်တပ်ဖွဲ့တွေ အပစ်ရပ်သဘောတူညီချက်တွေအတိုင်း လိုက်နာရမယ့် စည်းမျဉ်းရှိရ မယ်။ (၄) ဒုက္ခသည်တွေပြန် လည်နေရာချတဲ့နေရာတွေမှာ ဘယ်အဖွဲ့အစည်းမဆို ဝင်ရောက်လည်ပတ်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေရှိရ မယ်။ (၅) တပြည်လုံးဆိုင်ရာ နိုင်ငံရေး သဘောတူညီချက်တွေရှိ ရမယ်။ (၆) တရားဥပဒေ စီရင်ရေးမှာ ပြုပြင် ပြောင်းလဲရေးရှိရမယ်။ ဒီဟာတွေမရှိသေးဘဲနဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရင် ဘာမှထူးမှာမဟုတ်ဘူး။ ဒုက္ခသည် စခန်း ကိုဘဲ ပြန်ပြေးလာကြ ဦးမှာဘဲ" ဟု Mr. Duncan McArthur က ပြောသည်။

အပစ်ရပ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းနှင့်ပတ်သက်၍လည်း- အပစ်ရပ်ပြီးနောက်ပိုင်း မြန်မာစစ်တပ် များ တပ်ဆုတ်မှုမရှိသော်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကြားပစ်ခတ်မှုလျော့ပါးသွားသည်ဟု ဆိုနိုင်ကြောင်း၊ ထို့အပြင် အပစ်ရပ်တပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီတို့ အတော်အသင့် ဆက်သွယ်၊ တွေ့ဆုံ၊ ဆွေးနွေးနိုင်ကြသည်ကိုကြည့် ခြင်းအားဖြင့် အကောင်းဖက်ပြောင်းလဲမှုကို အနည်းငယ် တွေ့နေရ ကြောင်း၊ သို့သော် ဤအချက်အနည်းအကျဉ်းကိုမြင်ကာ စေတနာရှင်တချို့နှင့် အစိုးရတချို့က ဒုက္ခသည်များ အား ရိက္ခာဖြတ် နေရပ်ပြန်ပို့ရန်စီစဉ်နေကြသည့်အချက်မှာတော့ အခက်အခဲတခုဖြစ်နေကြောင်း ၎င်းက ဆက် လက်ပြောပြသည်။

သို့သော် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ Sunai Pasuk ကမူ ထိုင်းနိုင်ငံမှကြုံတွေ့ခဲ့ရသည့် အတွေ့ အကြုံအရ မြန်မာနိုင်ငံအစိုးရသည် စစ်တပ်နှင့်မကင်းကွာသဖြင့် စစ်တပ်မှအာဏာမသိမ်းတော့ဟု မဆိုနိုင် သေးကြောင်း၊ အလားတူ မြန်မာနိုင်ငံအစိုးရမှ အာမခံချက်မပေးနိုင်သည့်အချက်များစွာရှိနေသေးကြောင်း ထောက်ပြသည်။

မသေချာသည့်အချက်များအနက် မြန်မာအစိုးရက အာမခံချက်၊ အပေးအယူ (Benchmark များဖြစ်သော ဥပမာ- နိုင်ငံရေး အကျဉ်းသားများကျန်ရှိနေသေးခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ရသေးခြင်း၊ စီးပွါးရေး လုပ်ငန်းများနှင့် ပတ်သက် သည့် ကြည်လင်မှု ((Transparency) မရှိသေးခြင်း၊ ဒေသခံများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်း၊ တိုင်းရင်းသားများ အပေါ် ထိုးစစ်ဆင်မှုများရှိ နေသေးခြင်း) တို့ကြောင့် ပြည်ပစီးပွါးရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံထဲသို့ အဆောတလျင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများ လုပ်နေခြင်းမှာ မသင့်လျော် သေးကြောင်း - အဆိုပါပုဂ္ဂိုလ်က သုံးသပ်ပါသည်။

Mr. Duncan McArthur နှင့် Sunai Pasuk တို့အပြင် KNU ၏ ဒုဥက္ကဌ ဒေးဝစ်ဒ်သာကဘောနှင့် သျှမ်းသံ တော်ဆင့်သတင်းဌာန အယ်ဒီတာ ဦးခွန်စိုင်းတို့လည်း မြန်မာနိုင်ငံ၏ပြောင်းလဲရေးနှင့်ပတ်သက်သောအချက် အလက်များ ပြောခဲ့ကြ သည်။

" မြန်မာနိုင်ငံရဲ့ ထာဝရငြိမ်းချမ်းရေးအတွက် တဖက်တလမ်းကနေ အထောက်အကူပေးနိုင်မှာက Democratic Federalism" ဒီမိုကရေစီကျသော ပြည်ထောင်စုစနစ် မူဝါဒဘဲဖြစ်တယ်" ဟု ဒုဥက္ကဌ ဒေးဝစ်ဒ်သာကဘော ကပြောသည်။

သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာ ဦးခွန်စိုင်းကမူ - မြန်မာနိုင်ငံအစိုးရ၏ ဥပဒေပြုအမတ်များအား ဂျာမနီ ၊ ဩစတြေးလီးယား နှင့် အင်ဒိုနီးရှား နိုင်ငံသို့ ဥပဒေပြုစနစ် လေ့လာရန်ဖိတ်ခေါ်ခြင်းခံရသကဲ့သို့ Federalism အား ခွဲထွက်ရေးအဖြစ် လွဲမှားနားလည်နေကြသည့် မြန်မာပြည်သူလူထုအား Federalism အကြောင်းလေ့လာရန် အမေရိကန်၊ ဂျာမနီ၊ ဆွိစ်ဇာလန် နှင့် ဩစတြေးလီးယား နိုင်ငံစသည်များက ဖိတ်ခေါ် သင့်ကြောင်း ပြောဆိုသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးဟောပြောရေးဖြစ်မြောက်ရေး အစီအစဉ်အတွက် ချင်းမိုင်တက္ကသိုလ် သိပ္ပံဌာနမှ The Regional Center for Sustainable Development (RCSD)နှင့် The Best Friend Library တို့ ကမ ကထပြုပါသည်။

သျှမ်းသူပုန်သတင်းလိုက်မေး ကျေးလက်ရွာသားတဦးအား အစိုးရတပ် ဖမ်းဆီးသတ်ဖြတ်

Posted: 15 Jun 2012 01:49 AM PDT

သျှမ်းပြည်မြောက်ပိုင်း သီပေါ၊ နမ္မတူမြို့နယ်အတွင်း လှုပ်ရှားသည့်အစိုးရတပ်က သျှမ်းသူပုန်သတင်း လိုက်လံ မေးမြန်းကာ ဒေသခံလူထုအား ရိုက်နှက်စစ်ဆေးမှုကြောင့် ဒေသခံတဦးသေဆုံးသွားပါသည်။

altမြန်မာစစ်တပ်၏ရိုက်နှက်စစ်ဆေးသည့်လက် ချက်ကြောင့်ဒေသခံများသေကြေ၊ ဒဏ်ရာရ (ဓါတ်ပုံ- SSPP/SSA)

"ကျနော်တို့ရွာထဲကိုဝင်လာပြီး ချောဆွဲတယ်၊ အဲဒီအထဲမှာ စိုင်းပီးလဲ တယောက်ပါသွားတယ်၊ ဖမ်းခေါ် သွားပြီး နောက်တရက်မှာဘဲ စိုင်းပီးအသတ်ခံလိုက်ရတော့တာဘဲ၊ ဒီကိစ္စမြို့တက်ပြီး နိုင်ငံရေးပါတီတွေဆီကို စာနဲ့ပေနဲ့ တိုင်တမ်းဖို့ ပြင်ဆင်ထားတယ်" - ဟု ဝမ့်ဆန်းအုပ်စု ဒေသခံ ရပ်မိရပ်ဖတဦး ကပြောပါသည်။

ဂျွန် ၇ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် အရှေ့တောင်ဘက် မိုင် ၂၀ ကျော် မန့်ဆန်း ကျေးရွာ အုပ်စုဝင် မန့်ကောင်းဝိန်းရွာသားများအား အစိုးရတပ် ခမရ ၅၀၃ မှ ဗိုလ်ကြီးလှိုင်ထွန်း ဦးဆောင်သည့် စစ်ကြောင်း တကြောင်းက ဖမ်းဆီးသွားခဲ့၏။ စိုင်းပီး အသက် ၄၂ ကိုလည်း ဂျွန် ၇ ရက် ကတည်းက ဖမ်းဆီး ရိုက်နှက်သဖြင့် ၈ ရက်နေ့ နံနက် ၁၀ နာရီ အချိန်သေဆုံးခဲ့ရ၏။ စိုင်းပီး၏အလောင်းအား ရွာအပြင်ဘက် တော ပိုင်းတစ်နေရာ ၌ မြှုပ်နှံလိုက်သည်ဟု ပေါ်တာဖမ်းဆီးခံရသူများ အသိုင်းဝိုင်းက ပြောပါသည်။

"ကျနော်တို့တပ်ဖွဲ့ ဘယ်မှာ ရှိလဲဆိုတာ သူတို့သိတာဘဲ။ ကျနော်တို့ဆီတော့ မလာဘူး။ စိုင်းပီးသေသွားတဲ့ကိစ္စ ကျနော်တို့ လဲကြား တယ်။ ၈ ရက်နေ့မှာ အသတ်ခံလိုက်ရတယ်။ မိသားစုဝင်တွေက ၉ ရက်နေ့မှာမှအလောင်း ရှာ တူးယူပြီး ဘုန်းကြီးပင့် သရဏဂုံတင်၊ အသုဘ ပေးပြီးမှ ပြန်သင်္ဂြိုလ်တယ်ပြောတယ်၊ တတ်နိုင်တဲ့ဘက်က ကျနော်တို့လဲပံ့ပိုးပေးပါတယ်။ ကျနော်တို့တွေက အပစ်ရပ်ထားပြီဘဲ၊ အဲဒီလိုမျိုးမလုပ်သင့် ပါဘူး၊ ကျနော်တို့လဲ ဒီ စိုင်းပီး ကိစ္စကို ထပ်တင်ပြသွားပါ့မယ်" - ဟု ဒေသအတွင်း လှုပ်ရှားသည့် သျှမ်းပြည် တပ်မတော် အရာရှိ တဦးက ပြောပါသည်။

မန့်ဆန်းကျေးရွာ အုပ်စုဝင် မန့်ကောင်းဝိန်းရွာသည် မန့်ဆန်းရေကျ (မန့်ဆန်းရေတံခွန်) နှင့် ၇ မိုင်သာ ဝေးသည် ဟု ဆိုသည်။

စိုင်းပီး သည် အဖ ဆန်လုံ၊ အမိ နန်းဆာ တို့၏ သားဖြစ်ပြီး ဇနီး နန်းလီ၊ သား ၁ ယောက် သမီး ၃ ယောက် ၊ သမီးကြီး မှာ ၁၈ နှစ်ရှိပြီး သမီးငယ်မှာ ၄ နှစ် သာရှိသေးသည်ဟု မန့်ဆန်းဒေသခံများပြောပြချက်အရသိရပါ သည်။
altမြန်မာစစ်တပ်၏ရိုက်နှက်စစ်ဆေးသည့်လက်ချက်ကြောင့်ဒေသခံများသေကြေ (ဓါတ်ပုံ- SSPP/SSA)

သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စုအဆင့် ငြိမ်း ချမ်း ရေးတည်ဆောက် ထားနိုင်သည်ဟု ဆိုသော်လည်း အပစ်ရပ်ချိန် ဂျန္နဝါရီ ၂၈ ရက် မှစ၍ ယနေ့အထိ တိုက်ပွဲ ၁၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

လက်နက်ကိုင်အဖွဲ့နှင့် အစိုးရတို့ကြား ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်မည်သို့ပင်ရေးထိုးထားစေကာ မူ ၎င်းထိန်း ချုပ်နယ်မြေအတွင်း သွားလာလှုပ်ရှားပါက ရှင်းလင်းသုတ်သင်သွားမည်ဖြစ်ကြောင်း ကျောက်မဲ အခြေစိုက် စကခ ၁ မှူး ဗိုလ်မှူးကြီး ထွန်းထွန်းညီ က လက်အောက်ခံအရာရှိအရာခံများအား ပြောကြားဖူး ကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့် သို့ပြောဖူးပါသည်။

မူစယ် ၁၀၅ မိုင် ရှောင်ကွင်းလမ်းတွင် ဂိတ်ဖွင့်၍ ကယ်ရီကားများကို အခွန်ကောက်

Posted: 15 Jun 2012 01:47 AM PDT

တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း အတွင်းရှိ မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ကုန်စစ်ဆေးရေး ဂိတ်အား ရှောင်ကွင်းသည့်လမ်းပေါ်တွင် ဂိတ်များဖွင့်၍ အခွန်ကောက်နေကြောင်း ဒေသခံတချို့ အဆိုအရသိရသည်။

၁ မိုင်ခန့်သာ ရှည်လျားသည့် မော့တောင်းရွာအုပ်စုအနီး ခိုခေးလမ်းပေါ်တွင် စစ်မှုထမ်းဟောင်းနှင့်ပြည်သူ့စစ်အဖွဲ့ များမှ အနည်းဆုံး ဂိတ် ၅ ခုခန့် ဖွင့်လှစ်၍ ငွေကောက်ခံနေခြင်း ဖြစ်ပြီး ၄င်းဂိတ်များဖွင့်ခွင့်ရရန် မူစယ် ၁၀၅ မိုင်ရှိ ရဲစခန်းမှူးအား ငွေပေးရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"ပန်းဆိုင်း - နမ့်တောင်းဘက်ကထွက်လာတယ်လေ။ ၁၀၅ မိုင်ကို ကွင်းတဲ့လမ်းပေါ့ ၁၀၅ မိုင်စခန်းမှူးဆီမှာကိုစိုးဝင်း ဆိုတဲ့ လူ အခွန်ဆောင်ထားတာ။ သူက တစ်ဂိတ်ဖွင့်တယ်။ သူ့အဖေက တစ်ဂိတ် မုံးပုတ် ပြည်သူ့စစ်က တစ်ဂိတ် ၊ KDA က တစ်ဂိတ် ၊ စစ်မှုထမ်းဟောင်းက တစ်ဂိတ်ပေါ့ သူတို့ဖွင့်ထားတာ " ဟု ဆိုသည် ။

ဂိတ်ကြေးငွေ အဖြစ် တစ်ဖွဲ့လျှင် တစ်လ ကျပ် ၁ သိန်းဝန်းကျင် ပေးဆောင်ရပြီး တရားမဝင်သယ်ယူသည့် ကယ်ရီ ကုန်များ အဆိုပါလမ်းအတိုင်း သွားလာသည်ဟု ဆိုသည် ။

အဆိုပါဂိတ်များတွင် ပေးဆောင်ရမည့် ကယ်ရီခကို သီးခြားသတ်မှတ်ထားခြင်း မရှိပဲ နှစ်ဦးနှစ်ဘက်ညှိနှိုင်း၍ ပေးဆောင်ရကြောင်း တုန်ဖုန်းကားတစ်စီး အနည်းဆုံး ကျပ် ၅၀၀၀ နှင့် ထော်လာဂျီ တစ်စီး ကျပ် ၃၀၀၀ ၀န်းကျင် ပေးဆောင်ရ ကြောင်း သိရသည် ။

SSPP/SSAအားငြိမ်းချမ်းရေးဖော်ဆောင်ရေးအဆင့် တိုးမြင့်ဆွေးနွေးဖို့ ဦးသိန်းဇော် ဖိတ်ခေါ်စာပေးပို့

Posted: 15 Jun 2012 01:45 AM PDT

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ (၃) ဦးသိန်းဇော်မှ သျှမ်းပြည်တပ် မတော် SSPP/SSA ထံ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဆင့်တိုးမြင့်ဆွေးနွေးဖို့ ဖိတ်ခေါ်စာပေးပို့ခဲ့ကြောင်း SSPP/SSA နှင့်နီးစပ်သော သတင်းရပ်ကွက်က ဆိုပါ သည်။


"၂၀ ရက်နေ့နောက်ပိုင်း နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ SSPP ကကိုယ်စားလှယ်တွေကို ဖိတ်ခေါ်တယ် ဆိုတဲ့ စာတစောင် ဦးသိန်းဇော်က ပို့လိုက်တယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဆင့်တိုးမြင့်ဆွေးနွေးဖို့ လို့ပြောတယ်။ ဘာ အကြောင်းတွေ ဆွေးနွေးမယ်ဆိုတာတော့ သီးခြားခေါင်းစဉ်မတပ်လာဘူး" ဟုသျှမ်းပြည် တပ်မတော်မြောက်ပိုင်းတပ်ဖွဲ့ဟု လူသိ များသည့် SSPP/SSA နှင့်နီးစပ်သော အသိုင်းအဝိုင်းက သျှမ်းသံ တော်ဆင့် အားပြောသည်။
altမြန်မာအစိုးရကိုယ်စားလှယ်နှင့် သျှမ်းပြည်တပ် မတော် SSPP/SSA တို့ တောင်ကြီး၌ တွေ့ဆုံဆွေးနွေးစဉ် (ဓါတ်ပုံ- Burmavjmedia)

အလားတူ ဖိတ်ခေါ်စာမျိုး သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားတပ်ဖွဲ့လည်းလက်ခံရရှိကြောင်း ကြားသိရပြီး ပန်ဆန်းဌာနချုပ်ကိုမူ ဖိတ်ခေါ်ကြောင်းမကြားရ ဟုပြောသည်။

ယခုနှစ်ဆန်းပိုင်း တောင်ကြီးမြို့၌ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့်မြန်မာအစိုးရကိုယ်စားလှယ်တို့ ငြိမ်းချမ်းရေး ဆွေးနွေးရာ၌ ပဏာမ အဆင့်ဖြစ်သော အပစ်ရပ်ရေးသဘောတူညီချက်ရရှိကာပြည်ထောင်စု အဆင့်ပါ တပြိုင်နက်ဆွေးနွေး နိုင်ခဲ့သည်။ သို့သော် နှစ်ဦးနှစ်ဖက်ကြား ပစ်ခတ်မှုဆက်ရှိနေသေးကြောင်း သိရသည်။

"ကျနော်တို့ တောင်ကြီးမှာအပစ်ရပ်ရေး ဆွေးနွေးသဘောတူပြီးနောက်ပိုင်း မြန်မာအစိုးရရဲ့ စစ်တပ်က အင်အားဆက် လက်တိုးချဲ့နေတာကြောင့် ကျနော်တို့ SSPP/SSA တပ်ဖွဲ့နဲ့ ၁၇ ကြိမ်ထက်မနဲ ပစ်ခတ်မှု ရှိခဲ့တယ်။ တိုက်ပွဲအများစုဟာလည်း မြန်မာစစ်တပ်ဖက်က စတင်ပစ်ခတ်တိုက်ခိုက်တာ ဖြစ်တယ်။ ကျနော် တို့ဖက်ကတော့ မိမိကိုယ်မိမိကာကွယ်တဲ့ အနေနဲ့ဘဲ" ဟု အဆိုပါ သတင်းရပ်ကွက်က ဆက်လက်ပြော ပြသည်။

SSPP/SSA နှင့်မြန်မာအစိုးရ၏ စစ်တပ်အကြား နောက်ဆုံးအကြိမ်ဖြစ်ပွါးသော တိုက်ပွဲမှာ ယခုလဆန်း ၆ ရက်ကဖြစ်ပြီး သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းရင်အုပ်စု ၌ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲမှ မြန်မာအစိုးရ တပ်မတော် သား ၃ ဦးကျဆုံးရာ ဗိုလ်ကြီးတဦးလည်း ပါဝင်ကြောင်း SSPP/SSA ကပြောပါ သည်။ အလားတူ မိုးမိတ်မြို့နယ်အတွင်း၌ လည်း ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး သေကြေဒဏ်ရာရမှုကိုတော့ မသိရ သေးဟုလည်းပြောပါသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ တအန်းင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် သျှမ်းပြည် တပ်မတော် SSPP/SSA တို့ပူးပေါင်းကာကချင်တပ်ဖွဲ့ တပ်ချလှုပ်ရှား နယ်မြေ အတွင်း ဦးတည်သည့် မြန်မာစစ်ယာဉ်တန်း အား မတ်လ ၂ ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United nationality Federal Council) UNFC ၏ မတ်ခ်ျလစာစောင်၌ ရေးသားဖော်ပြထားသည်။