[mrsorcerer:26830] Re: ကိုရဲရင့်သစ္စာသို့ ပြန်ကြားချက် (သမိုင်းတို့အားပြန်လှန်ကြည့်ခြင်း)


by Ye Yint Thitsar on Wednesday, June 27, 2012 at 12:34am ·

ဟုတ်ကဲ့ ကိုမြတ်သိန်းထွန်းခင်ဗျား အခုလို ပြန်ကြားပေးတာ ကျေးဇူးတင် အသိအမှတ်ပြုပါတယ်။ အစ္စလာမ် ဘာသာဝင် ကမန် တိုင်းရင်းသားတွေ နဲ့ ပတ်သက်လို့ ကိုမြတ်သိန်းထွန်းနဲ့ ကျွန်တော့်ရဲ့ အမြင်တို့ဟာ ထပ်တူ ကျနေတဲ့ အတွက် ထပ်မံဆွေးနွေးရေးသား မေးမြန်းဖြေကြားနေစရာမလိုတော့ပါ။
 
"ရိုဟင်ဂျာ" နဲ့ပတ်သက်လို့ ကျွန်တော် ပြန်ကြားခြင်း မပြုခင် အောက်ပါအချက် (၃) ချက်ကို ကျွန်တော် အလေးထားပြောကြားလိုပါတယ်။
 
၁။ ကျွန်တော် ဟာ မြန်မာမွတ်စ်လင်မ် တစ်ဦးပါ။ ကျွန်တော် ဟာ ရိုဟင်ဂျာ   မဟုတ်ပါဘူး။
 
၂။ ကျွန်တော် ဟာ ရိုဟင်ဂျာ ဖက်က ကာကွယ်ပြောဆို နေသူမဟုတ်သလို၊    ရိုဟင်ဂျာ historian လည်း မဟုတ်ပါဘူး။
 
၃။  ကိုမြတ်သိန်းထွန်း က ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ကျွန်တော့် အမြင်ကိုမေးလို့ ကျွန်တော်သိသလောက်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။
 
ကျွန်တော့် နုတ် စာထဲမှာ ရိုဟင်ဂျာနဲ့ ပတ်သက်လို့ စာတွေ့ကိုဘဲကိုးကားပြီး သိသမျှရေးထားခဲ့တာ အမှန်ပါဘဲ။ ကျွန်တော်သူတို့ဒေသကို မရောက်ဖူးလို့ သူတို့အကြောင်း ကိုယ်တွေ့ မသိဘူးလို့လည်းကျွန်တော် ရိုးရိုးသားသား ဝန်ခံထားပါသေးတယ်။ "သူတို့ ရိုဟင်ဂျာ ဆိုတာ ဘင်္ဂလီလူမျိုး အဆက်အနွယ်လို့သိထားပါတယ်။" လို့လည်း ကျွန်တော်ရေးထားပါသေးတယ်။ နောက်ကျွန်တော် ဒီလို ရေးထားပါသေးတယ်။ "ရိုဟင်ဂျာ တွေက ဘင်္ဂလားဒေ့ရှ်မှာ တော့ ဘင်္ဂါလီ လို့ခေါ်ခံရပြီး မြန်မာပြည်မှာ တော့ ရိုဟင်ဂျာ လို့အမည်ခံထားပါတယ်။" အဲဒီ အရေးအသားကို ကျွန်တော် က "ဝ" တို့ "ကိုးကန့်" တို့ "ကချင်" တို့နဲ့ ပမာပေး support လုပ်ထားပါတယ်။  "ရိုဟင်ဂျာ" နဲ့ "ကမန်" တို့ဟာ ဘာသာစကား၊ ယဉ်ကျေးမှု စတာတွေ တူတယ်လို့ ကျွန်တော်ရေးသားခဲ့ခြင်းမျိုးလုံးဝ မရှိပါ။
 
"ရိုဟင်ဂျာ" ဟာတိုင်းရင်းသားဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးနု က တိုင်းသိ ပြည်သိ ကြေညာ ခဲ့တာတွေ၊ ဦးနုအစိုးရ လက်ထက် နဲ့ ဗိုလ်ချုပ်နေဝင်းအစိုးရ လက်ထက်ဦး မှာလည်း အစိုးရပိုင်းကိုယ်တိုင်က "ရိုဟင်ဂျာ" ကို တိုင်းရင်းသား အဖြစ် အတည်ပြု ခဲ့တာလည်း အမှန်ပါဘဲ။ သို့သော် ဝန်ကြီးချုပ်ရုံး က ကြေညာချက် ထုတ်ပြန်ခဲ့တာ မဟုတ်ကြောင်း၊ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တာ မဟုတ်ကြောင်း ကျွန်တော်သိရပါတယ်။ အဲဒီလို သိရခြင်း ဟာ စာပေ အထောက် အထားမတွေ့ရတာက တစ်ကြောင်း၊ အခု အသက် ၉၀ နားနီးနေပြီ ဖြစ်တဲ့
ကျွန်တော့်ဖခင် နိုင်ငံရေးသမားဟောင်း ကို သေချာမေးမြန်းခဲ့တာရယ်၊ အသက် ၈၁ နှစ်ရှိပြီ ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် ကျွန်တော့် ဆရာ ကို ကိုယ်တိုင်မေးမြန်းခဲ့တာ ရယ် က တစ်ကြောင်းကြောင့်ပါ။ ကျွန်တော် ရေးသားခဲ့တဲ့ အထဲမှာ ရိုဟင်ဂျာဘာသာနဲ့ အသံလွှင့်ခွင့်ပြုခဲ့တယ် လို့ဘဲ ပါပါတယ်။ အသံလွှင့်ခွင့်ပြုခဲ့လို့တိုင်းရင်းသားဖြစ်သွားတယ် ဆိုတဲ့ သဘောကိုသက်ရောက်စေတဲ့ အရေးအသားမျိုး ကျွန်တော့် စာထဲမှာ လုံးဝ မပါရှိပါ။ ဝန်ကြီးချုပ် ဦးနု ရဲ့ကြေညာချက်နဲ့ပတ်သက်ပြီး အချို့က ဝေဖန်ပြောဆိုခဲ့ကြောင်းလည်း ကျွန်တော့်စာထဲမှာ ထည့်ရေး
ထားပါတယ်။ ရိုဟင်ဂျာ ကို တိုင်းရင်းသားအဖြစ် ပြုခဲ့ကြောင်း အထောက်အထား နောက်တစ်ခုကတော့ ၁၉၆၄ ခုနှစ်၊ စာပေဗိမာန် က ထုတ်ဝေခဲ့တဲ့ မြန်မာ့စွယ်စုံကျမ်း အတွဲ (၉-က) ပါဘဲ။ စာမျက်နှာ (၈၉-၉၀)၊ မေယုနယ်ခြား ခရိုင် entry မှာ ရိုဟင်ဂျာ ဟာ တိုင်းရင်းသားဖြစ်ကြောင်း၊ မေယုနယ်ခြားခရိုင်ရဲ့ လူများစု (၇၅) ရာခိုင်နှုန်းဟာ ရိုဟင်ဂျာ လူမျိုးများဖြစ်ကြောင်း အတိအလင်း ရေးသားထားပါတယ်။
 
ကို မြတ်သိန်းထွန်း က မြန်မာနိုင်ငံ ရဲ့ တိုင်းရင်းသားလူမျိုးတွေ အကြောင်း ကိုးကားရာမှာ Major C.M Enriquez ရဲ့ Races of Burma ကို အသုံးပြုထားတာ တွေ့ရပါတယ်။ Major C.M Enriquez ဆိုတာက အိန္ဒိယဖွား ဗြိတိသျှလူမျိုး စစ်အရာရှိတစ်ဦးပါ။ မြန်မာနိုင်ငံ ရဲ့ တိုင်းရင်းသားတွေဟာ ဘယ်သူဘယ်ဝါတွေပါလို့ သတ်မှတ်ပိုင်ခွင့် သူ့ မှာမရှိပါဘူး။ အဲဒီ စာအုပ်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေကို ဖော်ပြထား တဲ့စာအုပ်လည်းမဟုတ်ပါဘူး။ အဲဒီ စာအုပ်က ဗြိတိသျှ India စစ်တပ် ရဲ့ စစ်သား စုဆောင်းရေးအရာရှိ တစ်ဦးရဲ့ perspective သာဖြစ်ပါတယ်။ စာရေးသူ မေဂျာဟာ သူ့ခေတ်သူ့ အခါက မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ လူမျိုးတွေ (Races) အကြောင်း သူသိသလောက်ရေးထားတာသာဖြစ်ပါတယ်။ မြောက်မြားလှတဲ့ စစ်တကောင်းသား (ဘင်္ဂါလီ) စိုက်ပျိုးရေးလုပ်ငန်းလုပ်သူတွေ နဲ့ ရခိုင်ပြည် ဟာ နှစ်စဉ် ပြည့်နှက်နေခဲ့ကြောင်း အဲဒီ စာအုပ် section-81 မှာ ရေးထားပါတယ်။ လေ့လာကြည့်ပါ။ ဒါကြောင့် ရခိုင်ပြည်နယ် က ရခိုင်လူမျိုးတွေဟာ ရခိုင်မှာရော ဘင်္ဂလားဖက်မှာ ရော အခြေချနေထိုင်မှုတွေ ရှိခဲ့သလို၊ ဘင်္ဂလား က ဘင်္ဂါလီတွေလည်း ရခိုင်ဖက်မှာ အခြေချနေထိုင်မှုတွေ ရှိခဲ့ကြောင်း ထင်ရှားပါတယ်။ တစ်ကယ်တော့ဒီလို နယ်စပ်ထိစပ် နေတဲ့ ဒေသတွေမှာ အပြန်အလှန် အခြေချနေထိုင်မှုတွေ၊ ယဉ်ကျေးမှု ကူးလူးဆက်ဆံ ဖလှယ်မှုတွေ ဟိုးအရင်ကတည်းကရှိခဲ့တယ် ဆိုတဲ့ကောက်ယူဆင်ခြင် မှု အတွက် ဘယ်ကျမ်းစာအုပ်ကိုမှ ကိုးကားစရာတောင်
မလိုပါဘူး။ အဲဒီခေတ်အခါတုန်းက ခိုးဝင်တာလား? ခိုးဝင်တာမဟုတ်ဘူးလား? ဆိုတဲ့ မေးခွန်းအတွက် နေရာတောင်မရှိပါ။ ကိုမြတ်သိန်းထွန်း ကိုးကားပြတဲ့ အဲဒီစာအုပ် မှာဘဲ မြန်မာနိုင်ငံမှာ အဲဒီ အချိန်က အိန္ဒိယအနွယ်လူမျိုးတွေဟာ အရေ
အတွက်အားဖြင့် ၁,၀၁၇,၈၂၅ ရှိပြီး တရုတ်အနွယ်တွေ ဟာ ၁၉၃,၅၉၄ ရှိကြောင်း ၁၉၃၁ Census ကို မှီငြမ်း ဖော်ပြထားပါတယ်။ အဲဒီစာအုပ်မှာ ရိုဟင်ဂျာ ဆိုတဲ့ နာမည်မပါတာတော့ အမှန်ပါဘဲ။ ကိုမြတ်သိန်းထွန်း တစ်ခုသတိထားရမှာက ကျွန်တော် ဟာ သူတို့ ပြောနေတယ် ဆိုတဲ့ "အာရပ်သဘောင်္သားတွေနဲ့ သက် လူရိုင်းဘုရင်မလက်ထပ်ပြီး ရိုဟင်ဂျာလူမျိုးဖြစ်ပေါ်" Idea ကို ပြောနေတာမဟုတ်ဘဲ၊ ဘင်္ဂါလီ တွေဟာ ရခိုင်ပြည်နယ် နဲ့ ဘင်္ဂလား နှစ်ဖက်စလုံးမှာ အခြေချနေထိုင်ခဲ့ကြကြောင်းကို ပြောနေတယ် ဆိုတာပါဘဲ။ ဒါပေမဲ့ ရခိုင်
ဒေသမှာ အာရပ်သင်္ဘောသား အဝင်အထွက်ရှိခဲ့ကြောင်း သမိုင်းကိုလည်းမေ့ထားလိုက်လို့တော့မရပါဘူး။
 
ဟုတ်ပါတယ်။ အစ္စလာမ်သာသနာဟာ မြောက်ဦးခေတ်ကတည်းက ရခိုင်မှာရှိခဲ့တယ်ဆိုတဲ့သမိုင်းကို ဒေါက်တာအေးချမ်းအပါအဝင် ရခိုင်သမိုင်းပညာရှင်အားလုံးနီးနီးက လက်ခံပြီးသားအချက်ပါ။ မြောက်ဦးနန်းဆက်ကို တည်ထောင်ခဲ့သူ ရခိုင်ဘုရင် မင်းစောမွန်ဟာဘင်္ဂလား  ဘုရင်အကူအညီနဲ့ ထီးနန်းကို ပြန်လည်စိုးစံနိုင်ခဲ့ပြီး ဘုရင့်အမှုထမ်း ဘင်္ဂါလီတွေဟာ မြောက်ဦးမြို့ပြင်ရပ်မှာ အခြေချနေထိုင်ခွင့်ရရှိခဲ့တယ်လို့ ဒေါက်တာအေးချမ်း က သူ့ရဲ့ The Development of a Muslim Enclave.... မှာရေးသားထားပါတယ်။
ဗမာတွေ ရခိုင်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးရခိုင်တွေကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့တဲ့ အတွက် ရခိုင်လူမျိုး အမြောက်အများဟာ ဗြိတိသျှ ဘင်္ဂလားဖက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေါက်တာအေးချမ်းက အထောက်အထားတွေနဲ့ ရေးသား
ထားပါသေးတယ်။ ဗမာတွေ ရခိုင်ကိုသိမ်းပြီးနောက်နေ့မှာဘဲ ရခိုင်အမျိုးသား ၄၀,၀၀၀ ကို သတ်ဖြတ်ခဲ့ပြီး၊ မြင်တွေ့သမျှသော လက်ထပ်ပြီးသားမိန်းမပျိုလှတွေ ရဲ့ ခင်ပွန်းတွေကို သတ်ဖြတ်၊ သူတို့ကို သိမ်းပိုက်ခဲ့ကြောင်း၊ မိန်းမငယ်တွေကို
လည်း သူတို့ မိဘတွေနဲ့ပတ်သက်လို့ လုံးဝ ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ယူဆောင်သိမ်းပိုက်ခဲ့ကြကြောင်း ဒေါက်တာအေးချမ်း က Fracis Buchanan ရဲ့ မှတ်တမ်းကို ကိုးကားရေးသားထားပါတယ်။ နယ်ချဲ့သိမ်းပိုက်သူ ဗမာတွေဟာ ရခိုင်တွေကို မြန်မာပြည်အလယ်ပိုင်းအထိ နယ်နှင်ခဲ့ကြောင်းနဲ့ ဗြိတိသျှတွေ ရခိုင်ကိုသိမ်းပိုက်တော့ ရခိုင်ပြည်နယ် လူဦးရေ ဟာ အလွန်နည်းပါးနေကြောင်း ဒေါက်တာအေးချမ်း က Michael W. Charney ရဲ့ PhD ကျမ်းကို ကိုးကားရေးသားထားပါတယ်။ ရခိုင်မြေ ဟာ ဗမာဘုရင်တွေရဲ့ လုပ်ရပ်
ကြောင့် ဖုန်းဆိုးအသွင်ဆောင်နေခဲ့တဲ့ အတွက် ဗြိတိသျှတွေက ဘင်္ဂလားက ဘင်္ဂါလီ တွေကို ခေါ်ဆောင်အခြေချ နေထိုင်စေခဲ့ကြောင်း ဒေါက်တာအေးချမ်းကဘဲ J.S Furnivall ရဲ့ Colonial Policy and Practice ကို ကိုးကားရေး သားထားပါတယ်။
 
ကိုမြတ်သိန်းထွန်း ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွါးခဲ့တဲ့ ရခိုင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ အကြား အဓိကရုံး အကြောင်းကို ရေးသားဖော်ပြလာပါတယ်။ ဒါပေမဲ့ အထောက်အထားအကိုးအကားမပေးထားပါဘူး။ ကျွန်တော့် အနေနဲ့ အဲဒီအကြောင်းတွေကိုဘဲ
အနည်းငယ်တင်ပြပေးချင်ပါတယ်။ အစ္စရေးလူမျိုး ပညာရှင် မိုရှေယေဂါရ် ရဲ့ သုတေသနပြုချက်အရဆိုရင်ရခိုင်ပြည်နယ်မေယုနယ်ခြားမှာ ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီလူမျိုးတွေ အကြား ဘာလူမျိုးရေး ဘာသာရေးအဓိက
ရုံး မှ မရှိဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာကြတာဟာ ဒုတိယ ကမ္ဘာစစ်စတင်ချိန်အထိပါ။ ၁၉၄၂ ခုနှစ်မှာ ဗြိတိသျှ အုပ်ချုပ်ရေးဟာ ရခိုင်ပြည်နယ် ကနေရုပ်သိမ်းသွားခဲ့ပါတယ်။ အဲဒီ အချိန်မှာ ရခိုင်လူမျိုးထဲက ဆိုးသွမ်းသူ တွေဟာ
ရခိုင်ပြည်တောင်ပိုင်းမှာရှိတဲ့ မွတ်စလင်ရွာတွေကို စတင်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်မှုကြောင့် မွတ်စလင်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း ကို ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး  ဘူးသီးတောင်မောင်တော ဒေသတွေမှာ ရခိုင်တွေကို လက်တုန့်ပြန်တိုက်ခိုက်ခဲ့ပါတယ်။ ဒါက အဓိကရုံး စတင်ပုံအကြောင်း မိုရှေယေဂါရ် ရဲ့ သုတေသန ပြုချက်ပါ။ ဒေါက်တာအေးချမ်း က သူ့ရဲ့စာအုပ်မှာ အထက်ပါ သုတေသန အမြင်ကို ရေးသားထားသလို၊ Rakhine State People's Council 1986 : ၃၆ ကို ကိုးကားပြီး......မွတ်စလင်တွေ က ရခိုင်ရွာလူကြီးနဲ့သူ့
သားနှစ်ဦးကို စတင်သတ်ဖြတ်ခဲ့တဲ့ အတွက် ရခိုင်လူငယ် နှစ်ဦးဖြစ်တဲ့ သိန်းကျော်အောင် နဲ့ ကျော်ရတို့က လူစုစည်းပြီး မွတ်စလင်ရွာတွေကို တိုက်ခိုက်ရွာနေသူတွေကို သတ်ဖြတ်ခဲ့ကြောင်း ရေးသားထားပြန်ပါသေးတယ်။ တောင်ပိုင်းမှ ရာပေါင်းများစွာသော မွတ်စလင်တွေဟာ မြောက်ပိုင်းကို ထွက်ပြေးခဲ့ရတာရယ်၊ ပန်းတောင်း-တောင်ကုတ် လမ်းမှာ မွတ်စလင် ဒုက္ခသည်တွေကို လုယက်တိုက်ခိုက်သတ်ဖြတ် မုဒိန်းကျင့်မှု ဖြစ်စဉ်တွေဟာ တစ်ကယ်ကို ဖြစ်ခဲ့တာပါလို့ ဒေါက်တာအေးချမ်း က အတိအလင်းရေးထားပါတယ်။ ဗြိတိသျှတွေဟာ ရခိုင်ဒေသကို
ဗမာ နဲ့ ရခိုင်တွေ ရဲ့ လုယက်တိုက်ခိုက်ဖျက်စီးမှု အောက်မှာ ထားခဲ့တာဖြစ်ပါတယ်။ ရခိုင်ဒေသမှ အပ ဖြစ်တဲ့မြန်မာပြည်မှာနေထိုင်တဲ့ အိန္ဒိယ လူမျိုး ဒုက္ခသည် ဦးရေ (၉၀၀,၀၀၀) ဟာ ခိုလှုံရာအတွက် အိန္ဒိယပြည်ကို ခြေကျင်သွားရင်း လူပေါင်း (၁၀၀,၀၀၀) သေ
ဆုံးခဲ့ကြောင်း ဒေါက်တာ က အိန္ဒိယပညာရှင် N.R Chakravati ကို ကိုးကားရေးသားထားပါတယ်။  မေယုနယ်ခြားမှာ စစ်တကောင်းသား ဘင်္ဂါလီ တွေကို လက်နက်တပ်ဆင်ပေးခဲ့လို့ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေ ဟာ လူမျိုးရေးဘာသာရေး သွေးချောင်းစီး မှု အဖြစ်ဆိုးတွေကို ရင်ဆိုင်ခဲ့ရတာဖြစ်တယ်လို့ဆိုရင်း ဒေါက်တာအေးချမ်းက ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးကို အပြစ်တင်ထားပါတယ်။ ရသေ့တောင်ဒေသမှာ စစ်တကောင်းသားတွေက ရခိုင်လူမျိုးတွေကို လက်နက်နဲ့ အနိုင်ကျင့် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့အချက်ကိုမြန်မာပြည် ဘုရင်ခံရဲ့ အတွင်းရေးမှူး က ပြန်လည်ပြောပြရာမှာ "I have been told harrowing tales of cruelty and suffering inflicted on the Arakenese villages in Rathedaung area......." လို့သုံးနှုန်း သွားကြောင်း ဒေါက်တာအေးချမ်း ကိုယ်တိုင် က အကိုးအကားနဲ့ရေးထားပါတယ်။ harrowing tales ရဲ့ အဓိပ္ပာယ် ဟာ "စိတ်ညစ်ညူးဖွယ်ရာပုံဇာတ်လမ်းများ" လို့ ရကြောင်း ကိုမြတ်သိန်းထွန်း ကို အထူးရှင်းပြစရာလိုမယ်မထင်ပါ။ တစ်ကယ်တော့ မွတ်စလင်လက်နက်ကိုင်တွေက ရခိုင်တွေကိုသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ကိုမြတ်သိန်းထွန်းရဲ့ အရေးအသားရော၊ ဒေါက်တာ
အေးချမ်းရဲ့ feeling တွေ ဟာ ပါးစပ်ပြောရာဇဝင်တွေ အပေါ်သာအခြေခံထားတာဖြစ်ပါတယ်။ တစ်ကယ်လို့သာ မွတ်စလင်လက်နက်ကိုင်တွေက ကိုမြတ်သိန်းထွန်း ရေးထားသလို ဘာသာရေး ခေါင်းစဉ်တပ်ပြီး ရခိုင်လူမျိုးစုအားလုံး ကို သတ်ဖြတ် genicide လုပ်ခဲ့တယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေ တုန်းသွားတာကြာခဲ့ပြီ ဖြစ်မှာပါ။ အဖြစ်မှန် က ဘာလဲ ဆိုရင်အဓိကရုံးအပြီးမှာ တောင်ပိုင်းမှာ ဗုဒ္ဓဘာသာဝင် ရခိုင်တွေ စုစည်း နေထိုင်ကြပြီး၊ မြောက်ပိုင်းမှာ တော့ မွတ်စလင်စစ်တကောင်းသား တွေ စုစည်းနေထိုင်ကြပါတယ်။
 ဗုဒ္ဓဘာသာဝင် ရခိုင်တွေ ကို ဂျပန် ကလက်နက်တပ်ဆင်ပေးပြီး ၊ မွတ်စလင်တွေကိုတော့ အင်္ဂလိပ် က လက်နက်တပ်ဆင်ပေးထားခဲ့ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ တစ်ဖက်နဲ့တစ်ဖက် လစ်ရင်လစ်သလို အငိုက်ဖမ်းတိုက်
ခိုက်တာတွေ ရှိပါတယ်။ သမိုင်း အမှန်က အဲဒါပါဘဲ။
 
ကိုမြတ်သိန်းထွန်း က ကျွန်တော့်ကိုမေးခဲ့တယ်၊ ရိုဟင်ဂျာ ဆိုသူတွေကနိုင်ငံတကာ မှာ ဘာသာရေးအဓိကရုံး ပုံစံ ဘာကြောင့် ပြောနေသလဲ ဆိုပြီး။ အဲလိုမေးတော့ ကျွန်တော် က ဖြေလိုက်တယ်၊ ရိုဟင်ဂျာတွေကလည်း ဘာသာရေးအဓိကရုံးလို့ခံယူမှာပါဘဲ  လို့၊ ဗလီတွေဖျက်စီးတာကိုး၊ online မှာ နည်းမျိုးစုံနဲ့ အစ္စလာမ် ကို ဆဲနေတာကြောင့်ဖြစ်နိုင်ပါတယ်လို့ ဖြေခဲ့ပါတယ်။ အဲဒီအခါ ကိုမြတ်သိန်းထွန်း က ရခိုင်တွေ က လည်းအစ္စလာမ်ဘာသာ ကိုနာကျည်းချက်ရှိလို့ ဘာသာရေးကိုသာတိုက်ခိုက်နေကြောင်း ၊ ဗလီ
တွေကိုဖျက်စီးနေကြောင်း၊ ဆဲနေကြောင်း အတိအလင်းဝန်ခံတဲ့အပြင် အဲဒီလို လုပ်ရပ်တွေ အတွက် justification ပြတဲ့ အနေနဲ့ ရခိုင်တွေကို မွတ်စလင်တွေ က အတိတ်မှာဘယ်လိုလုပ်ခဲ့ကြောင်းပါးစပ်ရာဇဝင်ကို သမိုင်းလုပ်ပြီးခင်းပြခဲ့ပါတယ်။ ရန်ငြှိုးတွေလည်း ဒီနေ့အထိရှိုနေကြောင်း ကိုမြတ်သိန်းထွန်းပြောခဲ့ပါတယ်။ ရန်ငြိုးတွေ အကြောင်း၊ အဲဒီ ရန်ငြှိုးတွေ လုပ်ရပ်တွေကြောင့် ရှေ့အလားအလာ ဘယ်လို မကောင်းနိုင်ကြောင်း ကျွန်တော် မပြောတော့ပါဘူးဗျာ။
 
"တရားဝင်နိုင်ငံသားဘင်္ဂလီတွေမြန်မာ့မြေပေါ်ရှိနေခြင်း ဟာ မြန်မာမွတ်စလင် တွေနဲ့ တစ်ခြားဘာသာဝင် မြန်မာတွေကြားမှာ ဘာပြဿနာမှ မရှိပါဘူး။" လို့ကျွန်တော်ပြောတာကို ကိုမြတ်သိန်းထွန်း က သဘောမတူပါဘူး။ " လောလောဆယ်ဖြစ် သွားတဲ့ ကျောက်နီမော်လူသတ်မှုနဲ့ ဆက်နွယ်ပြီး တောင်ကုတ်မှာ လူသတ်မှုကြီးတစ်ခုဖြစ်သွားခဲ့တယ်။ ပြဿနာရဲ့အစဟာ ဘင်္ဂလီတွေဆီကနေ စတာပါ" လို့ကိုမြတ်သိန်းထွန်း က ပြောလာပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ပြစ်မှုဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်တွေ ရှိပါတယ်။နိုင်ငံသားမှန်ရင် ပြစ်မှုဆိုင်ရာ ဥပဒေ တွေ ရဲ့အကာအကွယ်ကို ယုံကြည်အားထားရပါတယ်။ တစ်စုံ တစ်ဦး က မိမိ (သို့) မိမိ နဲ့ပတ် သက်ဆက်နွယ်သူ တစ်ဦးဦးကို ပြစ်မှုကျူးလွန်ရင်  ဥပဒေ ရဲ့ အဆုံးအဖြတ်ကို မခံယူဘဲ ကိုယ့်နည်းကိုယ့်ဟန် နဲ့ တရားမျှတမှုကို ဆောင်ယူလိုက်လို့မရပါဘူး။
အစ္စလာမ် ဘာသာဝင် (၃) ယောက် က ဗုဒ္ဓဘာသာဝင် ရခိုင်အမျိုးသမီး တစ်ဦးကို မုဒိန်းကျင့် သတ်ဖြတ် လိုက်လို့ အပြစ်မဲ့ ဘာသာရေးသူတော်စင် အစ္စလာမ်ဘာသာဝင် (၁၀) ဦး ကို လူပေါင်း (၃၀၀) က ရက်ရက်စက်စက် သတ်ဖြတ်
တဲ့လုပ်ရပ် ဟာဘယ်ရှုထောင့်က ကြည့်ကြည့် ဥပဒေနဲ့ညီတဲ့ လုပ်ရပ် မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့ အစ္စလာမ် ဘာသာမှာ အမျိုးသမီး တစ်ဦးကို မုဒိန်းကျင့်ရင် သေဒဏ် ဥပဒေပြဋ္ဌာန်းထားပါတယ်။ အစ္စလာမ်ဘာသာ ရဲ့ သွန်သင်ချက်မှာ တရားဝင်လက်မထပ်ဘဲ နှစ်ဦးသဘောတူ နေထိုင်ခြင်းကို တောင် ပြစ်မှုအကြီးစားသတ်မှတ်ထားတာပါ။ ဘာသာခြားအမျိုးသမီးကို လက်ထပ်နိုင်ရင် ဘယ်လောက်ပေးမယ်တို့၊ မုဒိန်းကျင့်နိုင်ရင် ဘယ်လောက်ပေးမယ်တို့ ဆိုတာတွေ ဟာ လူယုတ်မာ တစ်ချို့ရဲ့ မဟုတ်မတရားအပုပ်ချ ဝါဒဖြန့်ချက်တွေပါ။ အစ္စလာမ်ဘာသာရေးအစွန်းရောက် ၀ါဒတွေဟာ ကိုလိုနီခေတ်အတွင်းမှာ အိန္ဒိယကနေရွေ့ပြောင်းလာတဲ့ မွတ်စလင်တွေဆီကပါလာတယ် ဆိုတာလည်းမဟုတ်ပါဘူး။
 
ရခိုင်လူမျိုးတွေနဲ့ အဲဒီဒေသ က မွတ်စလင်တွေအကြား ပြဿနာ ကို ငြိမ်းချမ်းစေချင်ရင် option ၃ ခု ကိုဘဲကျွန်တော်မြင်ပါတယ်။ တစ်ခုက....
အဲဒီဒေသမှာရှိတဲ့ အစ္စလာမ် ဘာသာဝင်အားလုံးကို genocide လုပ်လိုက်ပါ။
နောက်တစ်ခု က တော့ ရခိုင်လူမျိုးတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကို သီးခြားနယ်သတ်မှတ်ပေးလိုက်ပါ။ ဘာကြောင့်လဲ ဆိုရင် ကိုမြတ်သိန်းထွန်းပြောသလိုပါဘဲ။ ရခိုင် တွေက အစ္စလာမ်ဘာသာအပေါ် မဆုံးနိုင်တဲ့ အငြှိုးထားနေတယ်၊ အဲဒီ က အစ္စလာမ်ဘာသာဝင်တွေ
အနေနဲ့လည်း သူတို့ ကိုးကွယ်ရာ ကိုစော်ကားခံရလို့၊ ဗလီ တွေကို မီးရှို့ဖျက်စီးခံခဲ့ရလို့ ရခိုင်တွေ အပေါ် ကမ္ဘာတည်သ၍ အငြှိုးပြေမယ် မထင်ပါဘူး။
နောက်တစ်ခု က တော့ ကမ္ဘာကုလသမဂ္ဂ ကိုအရေးဆိုဖို့ပါ။  ရိုဟင်ဂျာတွေ အတွက်သမုဒ္ဒရာထဲက ကျွန်းတကျွန်းမှာ သီးသန့်နေရာပေးပြီးသူတို့ ဘဝထူထောင်ရေးအတွက် ဝိုင်းဝန်း ကူညီထောက်ပံ့ကြဖို့ပေါ့ဗျာ။
ကျွန်တော် အားလုံးကို ငြိမ်းချမ်းစေချင်တဲ့အတွက် အထက်ပါ option ၃ ခုကိုပြောပြတာပါ။
 
ကိုမြတ်သိန်းထွန်း စေတနာစကားနဲ့ အသိပေးသလို ဗုဒ္ဓဘာသာဝင်တွေက မြန်မာမွတ်စလင်တွေ အပေါ်မှာ တစ်မျိုးမြင်လာရင်လည်းဘဲ ကျွန်တော်တို့ဟာ အစ္စလာမ်ဘာသာဝင် ဖြစ်လို့ ခံရမဲ့ ဒုက္ခတွေကို ခံရုံဘဲပေါ့ဗျာ။
 
ကျွန်တော် ဟာ မိမိတိုင်းပြည်ရဲ့ ဥပဒေကို လေးစားလိုက်နာတဲ့ နိုင်ငံသားကောင်းတစ်ဦးဖြစ်တဲ့ အတွက် ဒီ ရိုဟင်ဂျာ ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်ရဲ့ အဆုံးအဖြတ်အတိုင်း ခံယူမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသား အားလုံးရဲ့ ဆန္ဒ ဟာကျွန်တော့်
ဆန္ဒ ပါဘဲ။
 
ကိုမြတ်သိန်းထွန်း အနေနဲ့ မြန်မာမွတ်စလင်တွေ အကြောင်းလေ့လာတာတွေ၊ လေ့လာတဲ့အတိုင်းလည်း အမှန်မြင်တာတွေ ကျွန်တော် ကြားရတော့ပီတိ ဖြစ်မိတယ်လို့ ဝန်ခံလိုပါတယ်။ မြန်မာမွတ်စလင်တွေနဲ့ပတ်သက်တဲ့သဘောထား အရေးအသားကို မြင်လိုက်ရတော့ ကိုမြတ်သိန်းထွန်း ဟာအမှန် ကို ဝန်ခံဖော်ထုတ်ရေးသားဖို့ လုံးဝ ဝန်မလေးသူဖြစ်ကြောင်းသိရတဲ့ အတွက် လေးစားမိပါတယ်။ ကျွန်တော်လည်း ကိုမြတ်သိန်းထွန်းလိုပါဘဲ။
ဒီလို လေးစားစရာကောင်းတဲ့ဆွေးနွေးဖက် တစ်ဦးနဲ့ နောက်ကြုံတဲ့ အခါလည်း ဆွေးနွေးချင်ပါသေးတယ်။
 
ရဲရင့်သစ္စာ

 

အပြန်အလှန် ဆွေးနွေးပိုစ်များ

 

ရေးသူ- ရဲရင့်သစ္စာ - ကို Myat Thein Tun အားဖြေကြားခြင်း

ရေးသူ- ကိုမြတ်သိန်းထွန်း .. ကိုရဲရင့်သစ္စာသို့ ပြန်ကြားချက်


2012/6/26 Lu Bo <lubo601@gmail.com>


---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/6/25
Subject: [လူဗိုလ်ဟူသည် ...] ကိုရဲရင့်သစ္စာသို့ ပြန်ကြားချက်
To: lubo601@gmail.com



by Myat Thein Tun on Monday, June 25, 2012 at 3:50am 

ကိုရဲရင့်သစ္စာရေ ကျွန်တော်မေးထားတာကို တကူးတကနုတ်နဲ့ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ အဲဒီနုတ်အောက်မှာ ကွန်မန့်ပေးလို့မရတဲ့အတွက် ဒီမှာပဲ ရေးလိုက်ပါတယ်။ ကိုရဲရင့်သစ္စာရဲ့ ဖြေကြားမှုအရ ရခိုင်ပြည်နယ်အတွင်းက အစ္စလာမ်ဘာသာဝင်ကမန်တိုင်းရင်းသားတွေနဲ့ ရင်းရင်းနှီးနှီးရှိခဲ့တယ်လို့ သိရပါတယ်။ ကမန်တွေနဲ့ပတ်သက်ပြီး အစ်ကို့ရဲ့အမြင်နဲ့ ကျွန်တော့်အမြင် ထပ်တူကျပါတယ်။ ကမန်ဟာ ကျွန်တော်တို့ရခိုင်လူမျိုးစုဝင်၊ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတစ်မျိုးဖြစ်ပါတယ်။ သူတို့ဟာ ကိုးကွယ်ယုံကြည်မှုကလွဲရင် ဘာသာစကား၊လူနေမှုစရိုက်က ရခိုင်လူမျိုးတွေနဲ့ အတူတူပါပဲ။ ဒါပေမယ့် ရိုဟင်ဂျာအကြောင်းနဲ့ ပတ်သက်ပြီးတော့ အစ်ကိုပြောသွားတဲ့အထဲမှာတော့ စာတွေ့တွေကို ကိုးကားသွားတာ တွေ့ရပါတယ်။
သူတို့ရဲ့ ဘာသာစကား၊ လူနေမှုစရိုက်ဟာ မြန်မာနိုင်ငံကကျန်တဲ့တိုင်းရင်းသားတွေနဲ့ တော်တော်လေးကို ကွာခြားပါတယ်။ ဘာသာတူချင်းဖြစ်တဲ့ ကမန်နဲ့တောင်မတူပါဘူး။ ဒါကတော့ ကိုယ်တွေ့ပါ။ နောက်တစ်ချက်က ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် ၀န်ကြီးချုပ်ဦးနုက ကြေငြာခဲ့တယ်လို့ ပြောသွားတာ တွေ့ရပါတယ်။ ဒီနေရာမှာ မေးစရာရှိလာပါပြီ။ ဘယ်လိုမျိုး ကြေငြာခဲ့ပါသလဲ။ ၀န်ကြီးချုပ်ရုံးက ကြေငြာချက်ထုတ်ပြန်ခဲ့တာလား။ ဒါမှမဟုတ် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး တိုင်းရင်းသားအဖြစ်အတည်ပြုခဲ့တာလား။ မြန်မာ့အသံမှာ ရိုဟင်ဂျာဘာသာ ထုတ်လွှင့်ခွင့်ပြုခဲ့တယ်။ အဲဒါကိုတော့ငြင်းစရာမရှိပါဘူ။ ဒါပေမယ့် အသံလွှင့်ခွင့်ပြုတိုင်း ဌာနေတိုင်းရင်းသားဖြစ်လို့ဆိုတာကြီးကျတော့ သိပ်သဘာဝမကျဘူး ထင်ပါတယ်။ အဲလိုသာအသံလွှင့်ခွင့်ရလို့ တိုင်းရင်းသားဖြစ်စတမ်းဆိုရင် ဘီဘီစီမြန်မာပိုင်း ထုတ်လွှင့်ခွင့်ပေးထားတဲ့ ဗြိတိန်ကလည်း မြန်မာက တောင်းဆိုရင် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရမှာပေါ့။ နယ်စပ်တလျှောက် တိုင်းရင်းသားတွေ ဟိုဖက်ဒီဖက်ပျံ့နှံ့နေထိုင်ကြတယ်ဆိုတာကိုတော့ ကျွန်တော်သိပါတယ်။ ဥပမာ ကော့သောင်းဖက်မှာဆိုရင် ဘုတ်ပြင်း၊မလိဝမ်းဖက်မှာ မြန်မာနိုင်ငံသား ထိုင်းလူမျိုးတွေရှိကြတယ်။ ပသျှူးတွေရှိကြတယ်။ အိန္ဒိယနယ်စပ်မှာဆိုရင် ကသည်းတွေ၊ချင်းတွေ ဟိုဖက်ဒီဖက် ရှိကြတယ်။ ရခိုင်-ဘင်္ဂလားနယ်စပ်မှာဆိုရင်လည်း ရခိုင်တွေဟိုဖက် ဒီဖက်ရှိကြတယ်။ ဒါပေမယ့် ကျွန်တော့်ဗဟုသုတအရ ရိုဟင်ဂျာကတော့ အဲလိုမဟုတ်ဘူးခင်ဗျ။ ရခိုင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံထားရတယ်ဆိုတာက နဂိုကတည်းက အဲဒီနေရာမှာနေတဲ့တိုင်းရင်းသားဖြစ်နေလို့။ ဥပမာ ဗိုလ်မင်းတောင်ပေါ့လေ။ ခုထိမြို့စားတစ်ယောက်ကို ဌာနေခေါင်းဆောင်အဖြစ် အသိအမှတ်ပြုနေဆဲပဲ။ ခုလက်ရှိတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ၀တို့ ကိုးကန့်တို့ဆိုတာကလည်း တရုတ်ပြည်ကခိုးဝင်လာတာမဟုတ်ပဲ နဂိုကတည်းက ဟိုဖက်ဒီဖက် အဲဒေသမှာနေခဲ့တဲ့လူတွေဖြစ်တယ်လို့ ၁၉၃၃ခုနှစ်ထုတ် Races Of Burma စာအုပ်မှာမှတ်သားဖူးပါတယ်။ အဲစာအုပ်မှာတော့ ကိုလိုနီခေတ် မြန်မာနိုင်ငံတွင်းမှာ အခြေချနေထိုင်လာကြတဲ့ အိန္ဒိယနွယ်ဖွား လူမျိုးတွေကို တိုင်းရင်းသားအဖြစ် ဖော်ပြထားခြင်းမရှိပါဘူး။ ရိုဟင်ဂျာဆိုတဲ့ နာမည်လည်း လုံးဝမပါပါဘူး။ အဲဒါကြောင့် သူတို့ဖော်ထုတ်ပြောဆိုနေတဲ့ အာရပ်သဘောင်္သားတွေနဲ့ သက်လူရိုင်းဘုရင်မလက်ထပ်ပြီး ရိုဟင်ဂျာလူမျိုးဖြစ်ပေါ်လာတာတို့၊ ရခိုင်ပြည်မှာ နှစ်ပေါင်းထောင်ချီနေထိုင်ခဲ့တာတို့ဆိုတာ ယုံတမ်းပုံပြင်တွေဖြစ်သွားခဲ့ပါတယ်။ အစ္စလာမ်သာသနာဟာ မြောက်ဦးခေတ်ကတည်းက ရခိုင်မှာရှိခဲ့တယ်လို့ မှတ်သားဖူးတယ်။ ဘင်္ဂလီ၊ပထန်၊မဂို စတဲ့လူမျိုးတွေလည်း အဲဒီအချိန်က အ၀င်အထွက်ရှိမှာပါ။ ဒါပေမယ့် ဗုဒ္ဓဘာသာ သက်ဦးဆံပိုင်ဘုရင့်နိုင်ငံတော်မှာ နိုင်ငံခြားသား ဘာသာခြားအခြေချနေထိုင်တဲ့ အရေအတွက်ဟာ အတော်နည်းလိမ့်မယ်လို့ ယူဆမိပါတယ်။ အဲဒီလိုနည်းခဲ့လို့လည်း ဘာသာရေးအဆောက်အအုံ၊ စာပေ၊ယဉ်ကျေးမှုလက်ရာတွေ အားလုံးဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေဖြစ်နေတာပါ။ သမိုင်းကိုခြေရာကောက်မယ်ဆိုရင် များသောအားဖြင့် ကျောက်စာအထောက်အထားလိုအပ်ပါတယ်။ ၁၉၅၀ခုနှစ်ထိ ရိုဟင်ဂျာဆိုတဲ့အကြောင်းအရာပါတဲ့ ကျောက်စာတစ်ချပ်တောင် မတွေ့ဖူးပါဘူး။ ဒီလူမျိုးတွေဟာ ဗြိတိသျှကိုလိုနီခေတ်မှာ ရခိုင်နယ်တွင်းကို အလုပ်လုပ်ဖို့ ၀င်လာတဲ့ အိန္ဒိယ(ပါကစ္စတန်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်)က ဘင်္ဂလီလူမျိုးတွေဖြစ်ကြပါတယ်။
နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ ဗလီတွေကို မီးရှို့ဖျက်ဆီးခံရလို့၊ အွန်လိုင်းပေါ်မှာ အစ္စလာမ်ဘာသာကို နည်းမျိုးစုံနဲ့ ပုတ်ခတ်စော်ကားကြလို့ ရိုဟင်ဂျာတွေက ဒီပြဿနာကို ဘာသာရေးပြဿနာလို့ ခံယူကြတယ်လို့ ကိုရဲရင့်သစ္စာဆိုထားတာ တွေ့ပါတယ်။ ခုကျွန်တော်တို့မြင်နေရ၊ကြားနေရတဲ့ အဲဒီအဖြစ်သနစ်တွေဟာ မျက်မှောက်အကျိုးတရားတွေဖြစ်ပြီး အဲဒီအကျိုးတရားတွေဖြစ်လာဖို့ ဘယ်လိုအဖြစ်သနစ်တွေ အကြောင်းခံခဲ့သလဲဆိုတာကို ကိုရဲရင့်သစ္စာ မသိသေးလို့ ဒီလိုပြောတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ တကယ်တော့ ဒီဖြစ်ရပ်တွေ စတင်မြစ်ဖျားခံရာကို ကြည့်လိုက်ရင် ဒုတိယကမ္ဘာစစ်ကာလတုန်းက ဂျပန်အ၀င်၊ ဗြိတိသျှအထွက်မှာ ရခိုင်ပြည်နယ်အတွင်း အုံလိုက် ကျင်းလိုက်ရွေ့ပြောင်းအခြေချနေကြတဲ့ ဘင်္ဂလီတွေကို အင်္ဂလိပ်တပ်တွေ လက်နက်တပ်ဆင်ပေးရာကနေ  လက်နက်မရှိတဲ့ ဒေသခံဌာနေတိုင်းရင်းသား ရခိုင်၊မြို၊ခမီ၊သက်၊ဒိုင်းနက်၊မရမ္မာလူမျိုးတွေကို ဘာသာရေးခေါင်းစဉ်တပ်ပြီး လူမျိုးတုန်းသတ်ဖြတ်ဖို့ ကြိုးစားခဲ့ရာကနေ စတင်ခဲ့ပါတယ်။ အဲဒီကာလတုန်းက အဲဒီဒေသမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊စေတီ၊ဘုရားပုထိုးတွေ ဘယ်လောက်တောင်ပျက်စီးခဲ့ရသလဲဆိုတာ မီဒီယာဆိုတာ ဘာမှန်းမသိတဲ့ခေတ်ဖြစ်လို့ အပြင်ကဘယ်သူမှမသိခဲ့ကြပါဘူး။ အလ္လာအရှင်ရဲ့ နာမတော်ကို အော်ဟစ်တိုင်တည်ပြီး ရွာလုံးကျွတ်မီးရှို့၊သတ်ဖြတ်၊မုဒိန်းကျင့်ခဲ့ကြတဲ့ ဘင်္ဂလီတွေရဲ့ လုပ်ရပ်ကြောင့် ဒေသခံရခိုင်လူမျိုးတွေရဲ့ စိတ်ထဲမှာ အလ္လာဟာ နာကျည်းစရာအမည်တစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒီကနေစခဲ့တဲ့ ရန်ငြိုးတွေဟာ ဒီနေ့အထိ ခါးသီးစွာတည်ရှိနေဆဲပါပဲ။ ဒီကြားထဲမှာ အပြန်အလှန်သတ်ဖြတ်မှုတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာတော့ ရိုဟင်ဂျာဆိုတာ သနားစရာလူသားတွေအဖြစ် တစ်ယောက်ခံရတိုင်း နှစ်ယောက်စာသတင်း ဖြစ်နေခဲ့ပါတယ်။ ရခိုင်တွေဖက်ကတော့ ၁၀ယောက်ခံရရင်တောင်မှ ပြည်ပသတင်းဌာနမပြောနဲ့၊ ပြည်တွင်းသတင်းဂျာနယ်တွေမှာတောင် ထည့်သွင်းဖော်ပြမခံခဲ့ရပါဘူး။
ဒီဘင်္ဂလီတွေအကြောင်းနဲ့ဆက်စပ်ပြီး သမိုင်းထဲက မြန်မာမူဆလင်တွေအကြောင်း လက်လှမ်းမှီသလောက် လေ့လာဖြစ်ခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ဘာသာခြားလို့ ခွဲခြားသတ်မှတ်လို့မရလောက်အောင်ထိ လူနေမှုပုံစံ၊ ၀တ်စားဆင်ယင်ပုံ၊ တိုင်းပြည်အပေါ်ထားတဲ့ သစ္စာတရား စတဲ့အချက်များစွာ ဗုဒ္ဓဘာသာမြန်မာတွေနဲ့ ထပ်တူကျနေတာ တွေ့ခဲ့ပါတယ်။ ကုန်းဘောင်ခေတ်ကနေ ကိုလိုနီခေတ်ဖက် လေ့လာကြည့်တဲ့အခါ ဆရာကြီးဦးရာဇတ်တို့လို သွေးနှောမြန်မာမူဆလင်တွေရဲ့ ဘ၀မှတ်တမ်းတွေကလည်း တကယ့်ကို ချီးကျူးလေးစားစရာကောင်းလှပါတယ်။ ဒီလိုလူမျိုးတွေကို မြန်မာမဟုတ်ဘူးလို့ ကျွန်တော်တို့အနေနဲ့ ဘယ်လိုမှခွဲခြားမြင်စရာအကြောင်း မရှိပါဘူး။ ဒါပေမယ့် မြန်မာ့မြေမှာမွေး၊မြန်မာပြည်အပေါ် သစ္စာစောင့်သိ အနစ်နာခံခဲ့ကြတဲ့ မြန်မာမူဆလင်တွေဟာ ဒီဘင်္ဂလီတွေရဲ့ လုပ်ရပ်တွေကြောင့် မြန်မာ့လူ့အဖွဲ့အစည်းမှာ မှေးမှိန်ခဲ့ရပါတယ်။ အစ္စလာမ်ဘာသာဟာလည်း အန္တရာယ်ရှိတဲ့ ဘာသာတရားအဖြစ် ရှုမြင်သုံးသပ်ခံနေရပါတယ်။ ကျွန်တော်ထင်တာပြောရရင် အစ္စလာမ်ဘာသာရေးအစွန်းရောက် ၀ါဒတွေဟာ ကိုလိုနီခေတ်အတွင်းမှာ အိန္ဒိယကနေရွေ့ပြောင်းလာတဲ့ မူဆလင်တွေဆီကပါလာတယ်လို့ ယူဆမိပါတယ်။ အဲဒီအစွန်းရောက်မှုကလည်း ပြည်တွင်းကမြန်မာတွေကို အစွန်းရောက်ဖြစ်အောင် ပြုလုပ်လိုက်တယ်လို့ထင်မိပါတယ်။ အဲဒီထဲမှာအဆိုးဆုံးကတော့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာဆိုသူတွေပါပဲ။ ရခိုင်တွေသာ နဂိုကတည်းက မူဆလင်မုန်းတီးသူတွေဖြစ်ခဲ့မယ်ဆိုရင် ကမန်ဟာရခိုင်မှာ တိုင်းရင်းသားဖြစ်လာစရာ အကြောင်းလုံးဝမရှိပါဘူး။
အထက်မှာပြောခဲ့တဲ့ အကြောင်းအရာနဲ့ ဆက်စပ်ပြီး ကိုရဲရင့်သစ္စာနောက်ဆုံးဖြေထားတဲ့အဖြေကို ကျွန်တော့်အနေနဲ့ ထပ်ပြီးဆွေးနွေးချင်ပါတယ်။ ကိုရဲရင့်သစ္စာပြောသွားတာက-
[ကျွန်တော့် အမြင်ပြောရရင်တော့ တရားဝင်နိုင်ငံသားဘင်္ဂလီတွေမြန်မာ့မြေပေါ်ရှိနေခြင်း ဟာ မြန်မာမွတ်စလင် တွေနဲ့ တစ်ခြားဘာသာဝင် မြန်မာတွေကြားမှာ ဘာပြဿနာမှ မရှိပါဘူး။ သမိုင်းသင်ခန်းစာ အများကြီးရထားတဲ့ ဆင်ခြင်တုံတရားရှိတဲ့ နိုင်ငံသားတွေက တော့ ပြဿနာ ကိုရှောင်ကြမှာ အသေအချာပါဘဲ။]
ဒီအချက်ကိုတော့ ကျွန်တော်သဘောမတူပါဘူး။ လောလောဆယ်ဖြစ်သွားတဲ့ ကျောက်နီမော်လူသတ်မှုနဲ့ ဆက်နွယ်ပြီး တောင်ကုတ်မှာ လူသတ်မှုကြီးတစ်ခုဖြစ်သွားခဲ့တယ်။ ပြဿနာရဲ့အစဟာ ဘင်္ဂလီတွေဆီကနေ စတာပါ။ တရားဝင်နိုင်ငံသား ဘင်္ဂလီ အရေအတွက်နည်းနည်းရှိခြင်းဟာ မြန်မာလူနေမှုစနစ်ထဲ အလွယ်တကူ ရောနှောစိမ့်ဝင်သွားနိုင်ပေမယ့် ခုမြန်မာပိုင်နက်အတွင်းမှာ ဘင်္ဂလီအများအစားရှိခြင်းကတော့ အလားတူဆိုးဝါးတဲ့ ပြဿနာပေါင်းမြောက်မြားစွာ ဆက်ပြီးဖြစ်ပေါ်စေပါလိမ့်မယ်။ သမိုင်းသင်ခန်းစာဘယ်လောက်ပဲရရ၊ မီးပွားလေးတစ်စက တစ်မြို့လုံးကို မီးလောင်တိုက်သွင်းပစ်နိုင်သလို ကိုယ့်သွေးကိုယ်သားကို ထိပါးလာရင် ဘင်္ဂလီပဲဖြစ်ဖြစ်၊မြန်မာပဲဖြစ်ဖြစ် ဘယ်သူမှဆင်ခြင်တုံတရား နှလုံးသွင်းနိုင်ဖို့ မလွယ်ပါဘူး။ ဗြိတိသျှတွေမွှေးခဲ့တဲ့ ဒီရန်ငြိုးတွေဟာ ကမ္ဘာတည်သရွေ့တည်ရှိနေအုန်းမှာပါပဲ။ နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်းနေဖို့ ကြိုးစားမယ်ဆိုရင်တောင်မှ မတော်တဆပဲဖြစ်ဖြစ်၊ အဓိကရုန်းဖန်တီးလိုတဲ့ တစ်စုံတစ်ယောက်ကလုပ်လို့ပဲဖြစ်ဖြစ် အချိန်မရွေးသွေးမြေကျမှုတွေ ထပ်ဖြစ်လာပါလိမ့်မယ်။ ခုချိန်မှာ မြန်မာဗုဒ္ဓဘာသာအများစုက မြန်မာမူဆလင်တွေကို ဘင်္ဂလီရိုဟင်ဂျာနဲ့ခွဲခြားပြီး မြင်နေပါသေးတယ်။ အကယ်၍ ဘင်္ဂလီတွေသာ မြန်မာနိုင်ငံသားဖြစ်လာခဲ့မယ်ဆိုရင် မြန်မာမူဆလင်တွေရဲ့ သမိုင်းဟာ ဘင်္ဂလီတွေရဲ့အရိပ်ဆိုးလွှမ်းမိုးခံရပြီး အစ္စလာမ်ဘာသာဟာလည်း သူတို့ရဲ့စရိုက်ဆိုးတွေကြောင့် ပိုပြီးနာမည်ပျက်မယ့် အလားအလာတွေရှိနေတယ်လို့ မြင်မိပါတယ်။
ယုံကြည်ချက်ခြင်းမတူတဲ့အတွက် ကိုရဲရင့်သစ္စာရေးတဲ့အကြောင်းအရာတွေကို ရာနှုန်းပြည့်မကြိုက်ပေမယ့် အဆင့်အတန်းရှိတဲ့ ရေးသားတင်ပြပုံကို တကယ်ပဲနှစ်သက်မိတယ်ဆိုတာ ၀န်ခံပါရစေ။ အမြင်ချင်းမတူပေမယ့် ရေးတာကြိုက်လို့ လိုက်ဖတ်နေတဲ့ စာဖတ်ပရိသတ်တစ်ယောက်အဖြစ် ကျွန်တော့်ကိုမှတ်ယူပေးစေချင်ပါတယ်။ နောက်လည်း အခွင့်အခါသင့်ရင် အေးအေးဆေးဆေး ဆွေးနွေးခွင့်ရချင်ပါသေးတယ်

                                                                                                မြတ်သိန်းထွန်း(၂၅၊၆၊၂၀၁၂)



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 6/26/2012 09:36:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ



--
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ