[mrsorcerer:27768] Fwd: သစ်ထူးလွင်



---------- Forwarded message ----------
From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/7/16
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com


သစ်ထူးလွင်


ဆက်သွယ်ရေးကဏ္ဍတွင်လည်း နိုင်ငံခြားကုမ္ပဏီများကို ခွင့်ပြုတော့မည်

Posted: 16 Jul 2012 07:02 AM PDT

မြန်မာအစိုးရအနေနှင့် ဆက်သွယ်ရေး (telecommunication) ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများကို ခွင့်ပြုတော့မည်ဖြစ်ကြောင်း အစိုးရ အကြီးတန်းအရာရှိတဦးက ဖော်ထုတ် ပြောဆိုလိုက် သည်။

နိုင်ငံတကာ ကုမ္ပဏီများကို အစိုးရနှင့် ဖက်စပ်လုပ်ကိုင်စေကာ မြန်မာပြည်တွင်း အခြေခံ အဆောင်အအုံများ တည်ဆောက်ပြီး ဝန်ဆောင်မှုများ ပေးစေရန်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ ဦးကျော်စိုးက စင်္ကာပူနိုင်ငံတွင် တနင်္လာနေ့က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာအစိုးရအနေနှင့် တိုင်းပြည်တွင်း ဝန်ဆောင်မှုများ ပေးရန်အတွက် နိုင်ငံခြားကုမ္ပဏီ သုံးခုအထိ ဖက်စပ် လုပ်ကိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုနိုင်သည်။

"ကျနော်တို့အနေနဲ့ နိုင်ငံသားတွေအတွက် ဆက်သွယ်ရေးနဲ့ အင်တာနက် ဝန်ဆောင်မှုတွေမှာ ပိုမိုများပြားတဲ့ ရွေးချယ် စရာတွေ ပေးလိုပါတယ်။ ဒါဟာ လူတိုင်းအတွက် လူမှုရေးနဲ့ စီးပွားရေးနယ်ပယ်တွေမှာ အကျိုးဖြစ်ထွန်းစေမှာပါ" ဟု ဦးကျော်စိုးက ဆိုသည်။

အစိုးရအနေနှင့် မကြာမီ လအနည်းငယ်အတွင်း အကြံပေးတယောက်ကို ခန့်အပ်မည်ဖြစ်ပြီး ၎င်းအကြံပေး အရာရှိ အနေနှင့် မြန်မာပြည်တွင်း ရင်းနှီးလုပ်ကိုင်မည့် နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီများအတွက် အဆိုပါ ကဏ္ဍ ဖွင့်လှစ်ရေးနှင့် ဘောင်စည်းမျဉ်းများအတွက် အကြံဉာဏ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းဌာနကြီးမှူး ဦးကျော်စိုးက ပြောဆိုသည်။

လူဦးရေ သန်း ၆၀ ခန့်ရှိသော မြန်မာနိုင်ငံတွင် လူ သုံးသန်းသာလျှင် တယ်လီဖုန်း တလုံး အသုံးပြုနိုင်သေးပြီး လာမည့် ၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်ကုန်တွင် ၇၅ ရာခိုင်နှုန်းထိ မြှင့်တင်ရန် ရည်ရွယ်ထားသည့်အတွက် လူဦးရေ သန်း ၄၀ မှာ ဖုန်းကိုင်ဆောင် အသုံးပြုလာနိုင်လိမ့်မည် ဖြစ်ကြောင်း ဦးကျော်စိုးက ပြောသည်။

ထိုသို့ နိုင်ငံခြား ပုဂ္ဂလိကကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်သည့်အခါ အစိုးရအနေနှင့် ပိုင်ဆိုင်မှု ၅၁ ရာခိုင်နှုန်းထိ စွဲကိုင်ထားမည် ဖြစ်သည်။

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ဥပဒေအရ ဆက်သွယ်ရေး လုပ်ငန်းမှာ အခြေခံအားဖြင့် နိုင်ငံပိုင်ဖြစ်ပြီး အစိုးရသာလျှင် ဝန်ဆောင်မှုပေးနိုင်သည့် တဦးတည်းသော အခွင့်အရေးပိုင်ရှင် ဖြစ်သည်။ သို့သော် ဆက်သွယ်ရေး ဥပဒေသစ်တခုကို မူကြမ်းရေးဆွဲနေရာ အချောကိုင်အဆင့်သို့ ရောက်ရှိနေပြီး ၎င်းဥပဒေသစ်အရ ပုဂ္ဂလိက အခန်းကဏ္ဍများလည်း ခွင့်ပြုလာလိမ့်မည်ဟု ဦကျော်စိုးက ပြောဆိုသွားသည်။

မြန်မာနိုင်ငံသည် နိုင်ငံအတွင်း မိုဘိုင်းဖုန်းနှင့် သတင်းအချက်အလက် ဝန်ဆောင်မှုများ တိုးတက်ရေးအတွက် အလင်း ဖန်မျှင် fibre-optic ကွန်ယက် ကို နိုင်ငံအနှံ့ တည်ဆောက်လျက် ရှိနေသည်။ လက်ရှိ Fibre-optic ကွန်ယက်၏ အရွယ်အစားမှာ ကီလိုမီတာ ၁၀၀၀ ခန့်ရှိကြောင်း ဦးကျော်စိုးက ပြောခဲ့သော်လည်း အသေးစိတ် အချက်အလက်များ ကို ပြောဆိုသွားခြင်း မရှိပေ။

မဇ္ဈိမသတင်းဌာန


ဒုသမ္မတလျားထားခံရသူ ဦးမြင့်ဆွေ ရဲ့ သား တာရာမြင့်ဆွေ သြစတြေလျနိုင်ငံသားခံ ယူထား

Posted: 16 Jul 2012 06:45 AM PDT

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့  သားဖြစ်သူ တာရာမြင့်ဆွေဟာ သြစတြေလျနိုင်ငံသားခံယူထားသူ သူရဲ့  ဇနီးဖြစ်သူကို လက်ထပ်ထိမ်းမြားပြီးတဲ့နောက်မှာ သူကိုယ်တိုင်လည်း သြစတြေလျနိုင်ငံသား ခံယူထားသူဖြစ်ကြောင်းသိရပါတယ်။

ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့  သားဖြစ်သူ တာရာမြင့်ဆွေရဲ့  ဇနီးဖြစ်သူ (ဒေါက်တာမြင့်ဆွေနှင့် ဒေါ်ခင်သန်းဝင်းတို့ ၏ သမီးဖြစ်သူ) ဟာ သြစတြေလျနိုင်ငံ၊ ဆစ်ဒနီမြို့ (Fairfield City, Syndey, New South Wales State, Australia) မှာ နေထိုင်ကြပြီး၊ သူမဟာ လွန်ခဲ့တဲ့ (၁၂) နှစ်ခန့် ကကတည်းက ဖီဂျီနိုင်ငံ (Fiji) ကနေ သြစတြေလျနိုင်ငံရဲ့  နိုင်ငံသားခံယူပြီး ဆစ်ဒနီမြို့ သို့  ရွှေ့ ပြောင်းအခြေစိုက်နေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေအား ဒုတိယသမ္မတအဖြစ် အဆိုတင်သွင်းထားမှုဟာ ဒုတိယသမ္မတဖြစ်ဖို့  လက်ရှိသတ်မှတ်ချက်များနဲ့  ညှိစွန်းနေတာကို ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ အခုလိုတွေ့ ရပါတယ်။



ဇူလိုင်လ ၁၆ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၄၁

Posted: 16 Jul 2012 06:08 AM PDT

ဇူလိုင်လ ၁၆ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၄၁

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 


စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး နှင့် ပတ်သက်၍ NLD ကြေငြာချက် ထုတ်ပြန်မည်

Posted: 16 Jul 2012 05:59 AM PDT

နေပြည်တော် ၊ ဇူလိုင် ၁၆

မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်း ရေး ကိစ္စရပ်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘောထားကို သီးခြား ထုတ်ပြန် ပေးသွားမည်ဟု ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်တွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် အရေးကြီး အဆို အဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဒေါ်နန်းဝါနုက စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းနိုင်ရေးအတွက် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကို မဆို မည်သည့် နည်းလမ်းကို မဆို အသုံးပြု ၍ ဖြစ်စေ ညှိုနှိုင်း ဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အကြား မိုက်(Microphone)လု၍ ဆွေးနွေး ခဲ့ရသည် အထိ အခြေအတင် ဖြစ်ပွားခဲ့ရသည်။

ပြည်ထောင်စု အစိုးရ အနေနှင့် လူ့အခွင့်အရေး နှင့် တရားဥပဒေ စိုးမိုးရေးများကို အာမခံချက် ပေးရန် လိုကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရုံဖြင့် တိုင်းပြည် တိုးတက်လာမည် မဟုတ်ကြောင်း အုပ်ချုပ်သူ၊ အုပ်ချုပ်ခံနှင့် စနစ် အံဝင်ခွင်ကျ ဖြစ်ရန်လိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ် နှစ်ဦးက ဆွေးနွေးသည်။

စီးပွားရေး ပိတ်ဆို့မှုများကို အမေရိကန် ပြည်ထောင်စုက ဖြေလျှော့ ပေးလိုက်ပြီ ဆိုသော်လည်း အမေရိကန် နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်များအား မြန်မာပြည်သို့ လာရောက် ခွင့်ပြုခြင်းသာဖြစ်ပြီး အမေရိကန် ဆီးနိတ် လွှတ်တော် အမတ် မက်ကော်နယ်နှင့် အဖွဲ့ဝင် အချို့က စီးပွားရေး ပိတ်ဆို့မှု သက်တမ်း တိုးမြှင့်ပေးရန် တင်ပြထားခြင်း ဖြစ်သည်ဟု သတင်း အခိုင်အမာ ရရှိထားကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် တွန်းအားပေးသည့် အနေနှင့် ချမှတ်ထားသည် စီးပွားရေး အရေးယူ ပိတ်ဆို့ မှုများကို သက်တမ်း ထပ်မတိုးရန် မြန်မာနိုင်ငံသို့ရောက်ရှိ နေသော အမေရိကန် ပြည်ထောင်စု၏ စီးပွားရေး ကုန်သွယ်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ဒုတိယ၀န်ကြီးဦး ဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို တိုက်တွန်းခဲ့သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်များအား အသိပေးခဲ့သည်။

The Voice Weekly


ဒုတိယသမ္မတ အတည်ပြုနိုင်ရေး ရက်ပိုင်းခန့် ကြန့်ကြာဦးမည် ဟုဆို

Posted: 16 Jul 2012 05:56 AM PDT

နေပြည်တော်၊ ဇူလိုင် ၁၆

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက အမည်စာရင်း တင်သွင်းထားသော ဒုတိယ သမ္မတကို ပြည်ထောင်စု လွှတ်တော်က ဆွေးနွေး အတည်ပြုရန် လတ်တလော အစီအစဉ် မရှိသေးသဖြင့် ဒုတိယသမ္မတ အတည်ပြုနိုင်ရေး ရက်ပိုင်းခန့် ကြာဦးမည်ဟု ထင်ကြောင်း ဒုတိယသမ္မတ အရည်အချင်း စိစစ်ရေး အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အချို့ထံမှ စုံစမ်း သိရှိရသည်။

ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ၏ မိသားစုဝင် တစ်ဦးမှာနိုင်ငံခြားသား ခံယူထားသဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒုသမ္မတ ဖြစ်ရန် အရည်အချင်း မကိုက်ညီကြောင်း၊ ယင်းကြောင့် လွှတ်တော်တွင် တင်သွင်းရန် ကြန့်ကြာနေခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူများနှင့် အစိုးရ အသိုင်းအဝိုင်းကြားတွင် ထွက်ပေါ်နေသော သတင်းများအရ သိရသည်။

အမည်မဖော်လိုသော လွှတ်တော် ကိုယ်စားလှယ် အချို့ကလည်း ယင်းသတင်းကို မမှန်ကန်ဟု မငြင်းလိုကြောင်း  ဒုသမ္မတ အရည်အချင်း စစ်ဆေးရေး အဖွဲ့ဖွဲ့ထားပြီးဖြစ်ရာ အရည်အချင်းမပြည့်မီကြောင်း နောင်မှ ပေါ်ပေါက်ပါက ယင်းအဖွဲ့က တာဝန်ယူရမည် ဖြစ်ကြောင်းပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များအရ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများတွင် ရှိရမည့်အရည်အချင်းများတွင် "မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း ၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း ၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊" ဟုအတိအလင်း ဖော်ပြထားသည်။

လစ်လပ်နေတဲ့ ဒုသမ္မတ ရာထူးအတွက် စိစစ် ရွေးချယ်ရမယ့် ဒုသမ္မလောင်း အမည်ကို ခုချိန်ထိ မသိရသေးဘူးလို့  ဒုသမ္မတ စိစစ် ရွေးချယ်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဌေးဦးက ပြောကြားသည်။ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ဒုသမ္မတလောင်း အမည်စာရင်း တင်သွင်းရန် ဇူလိုင် ၄ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ညွှန်ကြားခဲ့သည်။

မနက်ဖြန် (ဇူလိုင် ၁၇ ရက်နေ့) မွန်းလွဲ ၁ နာရီတွင် စတင်ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်လည်း ဒုတိယ သမ္မတ ရွေးချယ်တင်မြှောက်မည့် အစီအစဉ်တွင်လည်း ပါဝင်လာခြင်း မရှိသေးကြောင်းပြည်ထောင်စု လွှတ်တော် အစီအစဉ် လျာထားချက် အရသိရသည်။

The Voice Weekly


ဇူလိုင် ၁၆ ရက် လွှတ်တော်မြင်ကွင်းများ (ဓါတ်ပုံ)

Posted: 15 Jul 2012 10:32 PM PDT

ယနေ့နေ့လည်ပိုင်းတွင် ကျင်းပရန်ရှိသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ပေးပို့ထားသည့် ရခိုင်ပြည်နယ်တွင် ထုတ်ပြန်ထားသည့် အရေးပေါ်ဥပဒေကို အတည်ပြုမပြု ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က The Voice Weekly သို့ပြောကြားသည်။
န၀မ နေ့ မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့
 တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်
ဓါတ်ပုံ - The Voice Weekly နှင့် Popular Myanmar News Journal


ယနေ့ကျင်းပသည့် လွှတ်တော်တွင် မေးခွန်းခြောက်ခုနှင့် အဆိုနှစ်ခု တင်သွင်းမည်

Posted: 15 Jul 2012 09:24 PM PDT

နေပြည်တော်၊ဇူလိုင်-၁၆

ယနေ့ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုထ္ထပုံမှန်အစည်းအဝေး န၀မမြောက်နေ့တွင် မေးခွန်းခြောက်ခုနှင့် အဆိုနှစ်ခု တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

မေးခွန်းခြောက်ခုတွင် တောင်ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်စုစုလှိုင်က လယ်သမားများ လယ်ယာမြေပြန်လုပ်ခွင့်ပြုရန်နှင့် စပ်လျင်းသည့်မေးခွန်း၊ဦးတင်မောင်ဦး ရွှေပြည်သာ မဲဆန္ဒနယ်မှ နိုင်ငံ၏ စားနပ်ရိက္ခာ စီမံခန့်ခွဲမှုဆိုင်ရာ မေးခွန်း၊လသာ
မဲဆန္ဒနယ်မှ ဦးကြီးမြင့်က စရိတ်မျှပေး ကျန်းမာရေး စနစ်နှင့် စပ်လျင်းသည့် မေးခွန်း၊ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဒေါက်တာ နေလင်းက ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှင့် ငါးနှစ်အောက်ကလေး သေဆုံးမှုနှင့် စပ်လျင်းသည့်မေးခွန်း အစရှိသည့်
မေးခွန်းများအား မေးမြန်းကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုနှစ်ခုမှာ ဘုတလင် မဲဆန္ဒနယ်မှ ဦးသန်းနွယ်က ပတ်ဝန်းကျင်ထိန်းသိမ်းနှင့် စပ်လျင်းသည့်အဆိုနှင့် မြောက်ဥက္ကလာ မဲဆန္ဒနယ်မှ ဒေါက်တာ သန်းဝင်းက ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ကော်မရှင်တစ်ရပ်ဖွဲ့
ယဉ်ကျေးမှုမြှင့်တင်ရေး စီမံချက်ချလုပ်ဆောင်ရန်နှင့် စပ်လျင်းသည့် အဆိုများအား တင်သွင်းကြမည်ဖြစ်သည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်သည် နေ့တ၀က်သာကျင်းပမည်ဖြစ်ပြီး နေ့လည် ၁ နာရီတွင် ပြည်ထောင်စုလွှတ်တော်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။ယနေ့ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် ဒုတိယသမ္မတအသစ်အား အတည်ပြုခန့်အပ်ဖွယ်ရှိပြီး ကျန်းသစ္စာကျိန်ဆိုခြင်းပါပြုလုပ်ဖွယ်ရှိသည်ဟု ခန့်မှန်းကြသည်။

7Day News Journal


မွန်ပြည်နယ် ရေးမြို့နယ်မှာ အာဇာနည်နေ့ ချီတက်အလေးပြုခွင့်မရ

Posted: 15 Jul 2012 09:01 PM PDT

မွန်ပြည်နယ် ရေးမြို့နယ်မှာ လာမည့် ဇူလိုင်လ (၁၉)ရက်နေ့ မှာ ကျရောက်မည့်
အာဇာနည်နေ့ တွင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ချီတက်အလေးပြုခွင့် လျှောက်ထားချက်ကို ရေးမြို့ နယ် ရဲတပ်ဖွဲ့ မှူးရုံးမှာ ငြင်းပယ်လိုက်ကြောင်းသတင်းရရှိပါတယ်။

ရဲတပ်ဖွဲ့ ရုံးမှ ပြန်ကြားချက်အပြည့်အစုံကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။


နိုင်ငံတကာ AIDS ညီလာခံ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်

Posted: 15 Jul 2012 07:21 PM PDT

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ် နေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည့် မိန့် ခွန်း ပြောကြားခဲ့စဉ်။
ဇူလိုင်လ (၂၂) ရက်နေ့ အမေရိကန် ပြည်ထောင်စုမှာ ကျင်းပမယ့် နိုင်ငံတကာ
 AIDS ညီလာခံမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
ဗီဒီယိုကတဆင့် မိန့်ခွန်းစကား ပြောကြားမယ်လို့ အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။

ဒီ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမေရိကန် သမ္မတဟောင်း Bill Clinton၊ မိုက်ကရိုဆော့ ကုမ္ပဏီ တည်ထောင်သူ သန်းကြွယ်သူဌေး အလှူရှင် Bill Gates နဲ့ ဂီတပညာရှင် အဆိုတော် Elton John တို့ကလည်း တက်ရောက် စကားပြောကြမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ AIDS ညီလာခံကို (၂) နှစ်တစ်ကြိမ် ကျင်းပနေတာပါ။ အမေရိကန် ပြည်ထောင်စုမှာ ၁၉၉၀ ခုနှစ်က ကျင်းပခဲ့ပြီးကတည်းက HIV ပိုး ရှိသူတွေကို နိုင်ငံတွင်း အ၀င်မခံတဲ့ ပိတ်ဆို့မှု မူဝါဒကြောင့် နောက်ထပ် မကျင်းပနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။

အဲဒီပိတ်ဆို့မှု ကို ၂၀၀၈ ခုနှစ် သမ္မတ George W. Bush လက်ထက် လွှတ်တော်အမတ်တွေက ပယ်ဖျက်ခဲ့ကြပြီး အဲဒီ ပယ်ဖျက်မှုကို ၂၀၀၉ ခုနှစ် သမ္မတ အိုဘားမားက ဥပဒေအဖြစ် လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။

အခုကျင်းပမယ့် နိုင်ငံတကာ AIDS ညီလာခံမှာ ပရိတ်သတ် နှစ်သောင်းခွဲလောက် တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ညီလာခံမှာ HIV/AIDS ဆိုင်ရာ နောက်ဆုံးပေါ် သုတေသန စာတမ်းတွေ ဖတ်ကြားကြမှာ ဖြစ်ပါတယ်။

RFA - Burmese


တာဝန်သိ စီးပွားရေးဆောင်ရွက်မှု GE စလုပ်မည်

Posted: 15 Jul 2012 06:42 PM PDT

(AP Photo/Khin Maung Win)
အမေရိကန်နိုင်ငံက General Electric (GE) ကုမ္ပဏီက မြန်မာနိုင်ငံမှာ တာဝန်သိ လုပ်ငန်းဆောင်ရွက်မှုတွေ မကြာခင် စပြီး လုပ်ဆောင်တော့မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ GE ကိုယ်စားလှယ်က ဗွီအိုအေကို ပြောပါတယ်။ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတချို့ ဖြေလျှော့ပေးလိုက်ပြီးတဲ့ ရက်ပိုင်းအတွင်းမှာပဲ GE ကုမ္ပဏီက ခေတ်မီရောဂါ ရှာဖွေကုသရေး စက်တွေကို ဗဟိုစည် ဆေးရုံ နဲ့ ပန်းလှိုင် ဆေးရုံတွေဆီကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။ အပြည့်စုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မမိုးဖြူက တင်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန် နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့မှု ဖြေလျှော့ပေးပြီးတဲ့နောက် ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံက ဗဟိုစည် ဆေးရုံနဲ့ ပန်းလှိုင် ဆေးရုံတွေက အမေရိကန်အခြေစိုက် General Electric (GE) ကုမ္ပဏီကနေ အမေရိကန် ဒေါ်လာ ၂ သန်းလောက် တန်ဖိုးရှိတဲ့ ခေတ်မီရောဂါ ရှာဖွေရေးနဲ့ ကုသရေး စက်ပစ္စည်းတွေ ၀ယ်ယူခဲ့ပါတယ်။ အဲဒီလို ၀ယ်ယူခဲ့တဲ့ အရောင်းအ၀ယ် စာချုပ် လက်မှတ်ထိုးတဲ့ အခမ်းအနားကို ရန်ကုန် ဆီဒိုးနား ဟိုတယ်မှာ မနေ့က ကျင်းပခဲ့တာကို မြန်မာနိုင်ငံရဲ့ GE ကိုယ်စားလှယ် စင်ကာပူအခြေစိုက် Sea Lion ကုမ္ပဏီက ဒါရိုက်တာ ဒေါက်တာ ၀င်းဇော်အောင်က အခုလို ပြောပြပါတယ်။

"အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ထောက် နိုင်ငံခြားရေးဝန်ကြီး under secretary မစ္စတာ ရောဘတ်ဟောမတ်စ် (Robert Hormats) ရယ်၊ စီးပွားကူးသန်းဝန်ကြီးဌာနက under secretary မစ္စတာ ဖရန်ဆစ္စကို ဆန်းချက် (Francisco Sanchez) ရယ်၊ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရက်မစ်ချဲလ် (Derek Mitchell) ရယ်၊ တက်ရောက် ချီးမြှင့်တယ်။ ၃ ဦးစလုံးက ဒီစက်ပစ္စည်းတွေကို မြန်မာနိုင်ငံက ဆေးရုံတွေကို ရောင်းချနိုင်ခြင်း၊ ဒီဆေးရုံတွေကို မြန်မာလူမျိုးတွေ အသုံးပြုနိုင်ခွင့် ရရှိတာနဲ့ ပတ်သက်ပြီး အကျိုးကျေးဇူးတွေ၊ နှစ်နိုင်ငံ ဆက်ဆံရေး ပွင့်လင်းလာတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မှတ်ချက်တွေ ပေးသွားပါတယ်ခင်ဗျ။"

ဗဟိုစည် နဲ့ ပန်းလှိုင် ဆေးရုံကြီးနှစ်ခုက ၀ယ်သွားခဲ့တဲ့ စက်တွေဟာ နောက်ဆုံးပေါ် နည်းပညာတွေကို သုံးထားတဲ့အတွက် မြန်မာလူထုအတွက် အဆင့်မြင့် ကျန်းမာရေး ၀န်ဆောင်မှုတွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းကို သူက တဆက်တည်း ပြောပါတယ်။

"ဗဟိုစည်ဆေးရုံက ၀ယ်သွားတဲ့ GE 128 အော်တီမာ စီတီ ၆၆၀ ဆိုတဲ့ စက်ကတော့ အသေးစား ဆိုတဲ့ နည်းပညာ ထည့်ထားပါတယ်။ အဲဒီနည်းပညာဟာ ဓာတ်မှန်ရိုက်တဲ့အခါ ဓာတ်ရောင်ခြည်သင်မှုက ၄၀% လျော့ချလို့ ရပါတယ်။ အဲဒီတော့ လူနာတွေကို အကျိုးအများကြီး ဖြစ်ထွန်းစေမှာပါ။ နောက် ပန်းလှိုင်ဆေးရုံကို ရောင်းလိုက်တဲ့ GE အန်နိုဗာ အိုင်ဂျီအယ် ၅၃၀ ဆိုတဲ့ စက်ကတော့ နှလုံးသွေးကြောတွေ ခန္ဓာကိုယ်အနှံ့အပြားက သွေးကြောတွေကို ကြည့်ဖို့အတွက် ပုံရိပ်ဖော်စက်တခု အနေနဲ့ နောက်ဆုံးထုတ်တဲ့ စက်တခု ဖြစ်ပါတယ်။ ဒီလိုမျိုး စက်အကောင်းစားတွေကို မြန်မာလူနာတွေအနေနဲ့ စတင်သုံးစွဲခွင့် ရလာမယ့်ကိစ္စဟာ ကျနော်တို့ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးတွေ ပြေလည်လာပြီးတော့၊ ဒီထုတ်ကုန် product တွေကို မြန်မာပြည်သူတွေကို မိတ်ဆက်ပေးခွင့် ရတဲ့အတွက် ကျနော်တို့ အများကြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။"

အခုလို မြန်မာနိုင်ငံအတွက် ပထမဆုံးအနေနဲ့ ကျန်းမာရေး ၀န်ဆောင်မှု ပစ္စည်းတွေ ရောင်းချခဲ့တဲ့ GE ကုမ္ပဏီက မြန်မာလူထုအတွက် တာဝန်သိ စီးပွားရေး လုပ်ဆောင်မှုတွေ ဖြစ်လာအောင် ဘယ်လို အစီအစဉ်မျိုးတွေ လုပ်ဖို့ရှိသလဲဆိုတဲ့ အမေးကိုတော့ သူက အခုလို ဖြေပါတယ်။

"GE ကုမ္ပဏီမှာ GE foundation ဆိုတဲ့ Philanthropic wing (ကုသိုလ်ပြုတဲ့ဌာန) တခု ရှိပါတယ်။ မြန်မာနိုင်ငံ ဝေးလံခေါင်းပါးတဲ့နေရာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ပြည့်၀၀ မရတဲ့နေရာတွေမှာ လိုအပ်နေတဲ့ မိခင်နဲ့ ကလေးစောင့်ရှောက်ရေး တွေမှာ လိုအပ်တဲ့ အကူအညီတွေကို သူတို့အနေနဲ့ လှူဒါန်း ၀န်ဆောင်မှုတွေ ပေးသွားဖို့အတွက်ကို ကမ်းလှမ်းထားတာ ရှိပါတယ်ခင်ဗျ။ မြန်မာပြည်ကို မကြာခင်ပြန်လာပြီး ကျန်းမာရေးဝန်ကြီးဌာနက အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး သဘောတူစာချုပ်တွေ ချုပ်ဆိုဖို့ အစီအစဉ်တွေ ရှိတယ်လို့ ကြားသိရပါတယ်။"

မြန်မာနိုင်ငံအတွက် ပထမဆုံး ကျန်းမာရေး ၀န်ဆောင်မှုပစ္စည်းတွေ ရောင်းချခဲ့တဲ့ GE ကုမ္ပဏီရဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ်ဖြစ်တဲ့ Sea Lion ကလည်း မြန်မာနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍ အတွက် ဘယ်လို ဆောင်ရွက်မှုတွေ လုပ်နေသလဲ ဆိုတာကို ဒေါက်တာ ၀င်းဇော်အောင်က တဆက်တည်း ရှင်းပြပါတယ်။

"ကျနော်တို့ Sea Lion ကုမ္ပဏီအနေနဲ့ ဆိုရင်လည်းပဲ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ အဆင့်အတန်း မြင့်မားဖို့အတွက် အဓိကလိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျွမ်းကျင်ဝန်ထမ်းတွေ၊ ဆရာဝန်တွေကအစ အောက်ခြေ ကျန်းမာရေး နည်းပညာရှင်တွေ၊ ကျန်းမာရေး ၀န်ထမ်းတွေပေါ့နော်။ သူတို့ရဲ့ ပညာသင်ကြားရေးတွေ၊ နိုင်ငံခြားမှာ သွားပညာသင်ဖို့ ကိစ္စတွေမှာ တတ်နိုင်တဲ့ဘက်ကနေပြီး ပံ့ပိုးနေတာတွေ ရှိပါတယ်။ ကျနော်တို့က ဒီ ဒေါ်လာ ၁ သိန်းနဲ့ ညီမျှတဲ့ မြန်မာငွေကို သပ်သပ်ဖယ်ထားပြီး သင်ကြားရေး Training တွေမှာ အသုံးချသွားဖို့အတွက် လိုအပ်တဲ့ အကူအညီတွေ ပြန်ပေးသွားဖို့ အဓိကထားပြီး လုပ်နေတာတွေ ရှိပါတယ်။"

အခုလို အမေရိကန် မြန်မာ စီးပွားရေး ဆက်သွယ်မှုလမ်းကြောင်း စပြီးတော့ပွင်လာတာကြောင့် မြန်မာလူထု ကျန်းမာရေးအတွက် ပံ့ပိုးပေးနိုင်မယ့် အလုပ်တွေကို ဆက်ပြီး လုပ်ကိုင်သွားဖို့ မျှော်လင့်တယ်လို့လည်း GE ကုမ္ပဏီရဲ့ မြန်မာကိုယ်စားလှယ်က ဗွီအိုအေကို ပြောဆိုပါတယ်။

By မမိုးဖြူ - ဗွီအိုအေ မြန်မာပိုင်း


ပညာရေး ကျန်းမာရေး ပြုပြင်ဖို့ လွှတ်တော်မှာ ဒေါ်စု အဆိုတင်ပြနိုင်ဖွယ်ရှိ

Posted: 15 Jul 2012 06:38 PM PDT

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ကျင်းပ နေတဲ့ စတုတ္ထအကြိမ် လွှတ်တော် ပုံမှန် အစည်အဝေးမှာ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အဆိုတွေကို တင်ပြသွားနိုင်ဖွယ် ရှိနေပါတယ်။ မနက်ဖြန် ကျင်းပမယ့် လွှတ်တော်အစည်အဝေးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ၀င်ရောက် ဆွေးနွေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရန်ကုန် အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုရဲကျော်အောင်က သတင်း ပေးပို့ထားပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ကျင်းပနေတဲ့ စတုတ္ထအကြိမ် လွှတ်တော် အစည်အဝေးမှာ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အဆိုတွေကို တင်ပြကောင်း တင်ပြနိုင်တယ်လို့ သူမရဲ့ လွှတ်တော် ကိုယ်ရေးအရာရှိ ဦးဇေယျာသော်က ပြောပါတယ်။

သူမအနေနဲ့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆိုတွေကို တင်ပြသွားဖို့ ရှိပေမဲ့ လက်ရှိ လွှတ်တော်အစည်းအဝေး ကျင်းပနေချိန်မှာ အဆိုနဲ့ မေးခွန်းပေါင်း ၄၀၀ ကျော် ရှိနေတာကြောင့် ဆွေးနွေးမေးမြန်းမှုတွေ ဘယ်တော့ ဖြစ်မယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဦးဇေယျာသော်က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပြပါတယ်။

"ကျနော်တို့  အဆိုတွေ၊ မေးခွန်းတွေကိုတော့ တင်ဖို့ အစီအစဉ် ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ပညာရေး၊ ကျန်းမာရေး ကိစ္စတွေ ဆိုတဲ့နေရာမှာ အင်မတန်မှ စိတ်ဝင်စားတယ် ဆိုတာ အားလုံးပဲ သိပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ အခု လောလောဆယ် အခြေအနေမှာတော့ ပြင်ဆင်ဆဲ အခြေအနေလို့ပဲ ပြောလို့ရပါသေးတယ်။"

လွှတ်တော်အတွင်း ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေဟာ တပတ်တကြိမ် တနင်္လာနေ့တိုင်း နေပြည်တော်မှာ အစည်းအဝေး လုပ်ပြီး တပတ်အတွင်း လွှတ်တော်တွင်း ပြော ဆိုဖို့တွေကို ပြင်ဆင်တယ်လို့ ဦးဇေယျာသော်က ပြောပါတယ်။

"အမေစု အနေနဲ့ သီးသန့် သီးခြား ပြင်ထားတဲ့ အစီအစဉ်မျိုးတွေ မရှိပါဘူးခင်ဗျ။ ကျနော်တို့တွေက လွှတ်တော်ကိုယ်စားလှယ် အားလုံး တနင်္လာနေ့တိုင်း အစည်းအဝေး ထိုင်ပါတယ်။ တပတ် တပတ် အတွင်းမှာ ဘာတွေ လုပ်နိုင်ကြမလဲ ဆိုတာကို အစည်းအဝေး ထိုင်ကြပါတယ်။ အဲဒီတော့ မနက်ဖြန်ကျမှ တနင်္လာနေ့ ကျရင်တော့ မနက်ဖြန်ည အစည်းအဝေး ထိုင်ပြီးတော့မှ တပတ်စာကို ကျနော်တို့က ဆုံးဖြတ်ကြမှာပါခင်ဗျ။"

မနက်ဖြန် ပြန်လည် ကျင်းပမယ့် လွှတ်တော်အစည်အဝေးမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် ၂ ဦး ၀င်ရောက် ဆွေးနွေးဖို့ရှိတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပြပါတယ်။

"လွှတ်တော် အစည်းအဝေး အစီအစဉ်ကို သောကြာနေ့က နည်းနည်း ကြိုပြီးတော့ပေါ့၊ အဲဒါက tentative ပေါ့ သူတို့ ပေးထားတယ်။ အဲဒီအထဲမှာ ကျနော်တို့ဆီက ဆွေးနွေးဖို့ စာရင်းပေးထားတဲ့ အကြောင်းအရာ တခု နှစ်ခုလောက် ပါတယ်။ အဲဒီကိစ္စတွေ အတွက် ကျနော်တို့ဆီက ဆွေးနွေးဖို့ စာရင်းတင်ထားတဲ့ ပုဂ္ဂိုလ်များက လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ဒါပေမဲ့ အဲဒါတွေက လွှတ်တော်စည်းကမ်းအရ ကြိုသိသွားအောင် ပြောလို့မရပါဘူး။ ဒါကြောင့်မိုလို့ ဆွေးနွေးဖို့ကတော့ ကျနော်တို့တွေလည်း ပြင်ဆင်နေကြတယ် ဆိုတဲ့အကြောင်း၊ အဲဒီလောက်ပဲ ပြောနိုင်ပါတယ်။"

သောကြာနေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာတော့ စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး ကွမ်းဟိန်း မဲ ဆန္ဒနယ်က ဒေါ်နန်းဝါနု ရဲ့ အဆိုတခု တင်ပြခဲ့ပါတယ်။ ဒီအဆိုနဲ့ပတ်သက်ပြီးတော့ လွှတ်တော်က ဘာတွေဆက်လက် လုပ်ဆောင်မလဲ ဆိုတာကို စောင့်ကြည့်ရမယ်လို့ NLD ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

By ကိုရဲကျော်အောင် - ဗွီအိုအေ မြန်မာပိုင်း


လွှတ်တော်မှာတိုင်းရင်းသားအခွင့်အရေး အဆိုတင်

Posted: 15 Jul 2012 06:35 PM PDT

တိုင်းရင်းသား ကိုယ်စားလှယ်များ
 ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော် မှာ တိုင်းရင်းသားတွေ ရဲ့ အခွင့်အရေး နဲ့ ပတ်သက်တဲ့ အဆိုကို တင် အပြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘောထား ကို ပါ သိရ အောင် တိုင်းရင်းသားပါတီ တွေ တနင်္ဂနွေ နေ့ က ရန်ကုန်မြို့ မှာ ဆွေးနွေးကြပါတယ်။

ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကရင် အမျိုးသား ဒီမိုကရေစီ ကွန်ဂရက်၊ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ ကွန်ဂရက်၊ ချင်းတိုးတက်ရေး ပါတီ စတာတွေ ပါဝင်ကြပါတယ်။

ကွတ်ခိုင် အမတ်တင်သွင်းတဲ့ အဆိုပြုလွှာ ကို တိုင်းရင်းသားပါတီ တွေ က စုပေါင်း ဆွေးနွေးရာမှာ ဆုံးဖြတ်ချက် တခု ကျလာကြောင်း၊ အဲဒါကတော့ တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေး ဆိုင်ရာ ပြဿနာ အရင်းအမြစ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုံစံမကျမှု အပေါ် မူတည်ကြောင်း၊ ၂၀၀ဂ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြုပြင်မှသာ ပြဿနာ အရပ်ရပ် ဖြေရှင်းရာ ရောက်မယ်လို့ သဘောတူ ရာမှ ဆုံးဖြတ်ချက် ကို ဒေါ်အောင်ဆန်းစုကြည် ထံ ပို့လိုက်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းလိတ်က ဘီဘီစီ ကို ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြုပြင်ရေးမှာ လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ် တွေ များနေတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပါတီ က လူနည်းစု မို့ ဖြစ်နိုင် မဖြစ်နိုင် မေးခွန်းကို ဦးစိုင်းလိတ် က ရှင်းပြရာမှာ စစ်တပ် ကိုယ်တိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးပါဝင် တဲ့ ပင်လုံညီလာခံ ပုံစံ ကျင်းပလိုတဲ့ ပြောသံကြောင့်၊ အတိုက်အခံ အင်အားစုတွေ တစိတ်တဝမ်းထဲ ရှိရေးသာ အဓိက ကျပုံ ကို ဦးစိုင်းလိတ်က ဘီဘီစီ ကို ပြောပါတယ်။

ဘီဘီစီ မြန်မာပိုင်း


ရုပ်ရှင်သရုပ်ဆောင်ရဲတိုက် ဗုဒ္ဓဘာသာ ကူးပြောင်း (ရုပ်/သံ)

Posted: 15 Jul 2012 08:47 PM PDT

ရုပ်ရှင်သရုပ်ဆောင်ရဲတိုက် ဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က စပြီး အစ္စလာမ်ဘာသာ
ကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့ကြောင်း သူရဲ့ အင်တာဗျူး ရုပ်/သံ တခုမှာ
 ပြောဆိုထားပါတယ်။ အင်တာဗျူး ရုပ်/သံ မှာ ဘာကြောင့် ဘာသာကူးပြောင်းခဲ့
တယ်ဆိုတာကို  အင်တာဗျူး ရုပ်/သံ မှာ ရဲတိုက် ရဲ့ ပြောဆိုချက်တွေကို ဆက်လက်ကြည့်ရှုနားထောင်နိုင်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

သရုပ်ဆောင်ရဲတိုက်


ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့ ချန်ပီယံလုပွဲ (ရုပ်/သံ)

Posted: 15 Jul 2012 05:23 PM PDT

David Haye knocks out Dereck Chisora in the 5th Round.

David Haye vs Dereck Chisora - 14th July 2012

ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့ ချန်ပီယံလုပွဲ (ရုပ်/သံ)  အစအဆုံးကို တဆက်ထဲ ကြည့်ရှုနိုင်ပါတယ်။
ကြာမြှင့်ချိန် ၄၆ မိနစ် ၅၉ စက္ကန့် ရှိပါတယ်။


ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




လယ်တောသူ အလှမယ်ရွေးပွဲ

Posted: 15 Jul 2012 04:39 PM PDT

ဇူလိုင် ၁၅ရက် နေ့ လယ် ၂နာရီ က MCC ခန်းမတွင် " Miss Farmer Contest " လယ်တောသူ ရွေးချယ်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
The Voice Weekly မှ ရိုက်ကူးပြီ ဖေ့စ်ဘုတ်ပေါ်မှာ တင်ပြထားတဲ့ လယ်တောသူ အလှမယ် ဓါတ်ပုံပေါင်း (၂၅) ပုံကို တဆက်ထဲ ကြည့်
ရှုနိုင်ပါတယ်။

ဓါတ်ပုံများကြည့်ရှုရန် ဒီနေရာကိုနှိပ်ပါ



အာဇာနည်နေ့ နိုင်ငံတော် အခမ်းအနား NLD ပါတီ တက်ရောက်မည်

Posted: 15 Jul 2012 08:48 PM PDT

အာဇာနည်ဗိမာန်တွင် အလေးပြုနေသော တပ်မတော်သားများကို ၂၀၁၁ ခုနှစ် အာဇာနည်နေ့ အခန်းအနားတွင် တွေ့ရစဉ်။ ဓါတ်ပုံ - AFP
အစိုးရက ဒီနှစ်ကျင်းပမယ့် ဇူလိုင် (၁၉) ရက် ၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော် အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တက်ရောက်ဖို့ ရှိတယ်လို့ ပါတီတာဝန်ရှိသူတွေက RFA ကို ဒီကနေ့ ပြောကြားပါတယ်။

ဒါဟာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ နေအိမ်အကျယ်ချုပ်က လွှတ်ပေးလိုက်ပြီးတဲ့နောက် သက်ဆိုင်ရာ အာဏာပိုင်တွေက NLD ပါတီကို အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ဖို့ ပထမဦးဆုံးအကြိမ် တရားဝင်ဖိတ်ကြားတာ ဖြစ်တယ်လို့ ပါတီ နာယကအဖွဲ့ဝင် ဦးတင်ဦးက ပြောပါတယ်။

"မနှစ်ကတုံးက ကျနော်တို့က အဖွဲ့ရယ်လို့မှ အသိအမှတ်ပြု မခံရသေးပဲ။ သို့သော်လည်းဘဲ သမ္မတကြီး ဦးသိန်းစိန်နဲ့ တွေ့ပြီးတဲ့ နောက်ပိုင်းမှာ လိုက်လိုက်လျောလျော ရှိလာတော့၊ ဒေါ်အောင်ဆန်းစုကြည်က သူ့ဟာသူပဲ မနက်ပိုင်းမှာ ခါတိုင်းလိုပဲ သွားတာ ရှိတယ်ပေါ့နော်။ အဲဒါနဲ့ အတူတကွပဲလား။ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်တို့ ပြီးတော့မှပဲ နောက်ပိုင်းမှ တဖွဲ့စီ ပန်းခွေချတာပဲ ဖြစ်မလား ဆိုတာတော့ မသိသေးဘူးခင်ဗျ။ ဒါပေမဲ့ တက်ဖို့ ၅ ယောက်တော့ စာရင်းပေးလိုက်ပြီ။"

အာဇာနည်နေ့ အခမ်းအနားကို ပါတီကိုယ်စားပြု တက်ရောက်မယ့် ငါးဦးကတော့ ဦးတင်ဦး၊ ဦးဟံသာမြင့်၊ ဦးစိုးဝင်း၊ ဒေါ်မြင့်မြင့်စိန်၊ ကိုမျိုးညွန့်တို့ ဖြစ်ပါတယ်။

ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေး တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အာဇာနည်နေ့ အခမ်းအနား အတွက် ဇူလိုင် (၁၈) ရက်နေ့မှာ ရန်ကုန်မြို့ကို ခေတ္တခဏ ပြန်လာမယ်လို့ ဆိုပါတယ်။

မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေ လုပ်ကြံ သတ်ဖြတ်ခံရပြီး ကျဆုံးသွားတဲ့နေ့ကို အောက်မေ့တဲ့ အနေနဲ့ NLD ဌာနချုပ်မှာလည်း အရင်နှစ်တွေလိုပဲ အခမ်းအနား ကျင်းပပြီး အာဇာနည်ဗိမာန်ကို သွားရောက် အလေးပြုဖို့ ရှိတယ်လို့ ပါတီတာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

RFA Burmese


ပုလောမြို့နယ် မှာ NLD ကို အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ပြု

Posted: 15 Jul 2012 08:49 PM PDT

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့ကြသော အာဇာနည်များ။ ဓါတ်ပုံ - RFA
တနင်္သာရီတိုင်း ပုလောမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လာမည့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ရဖို့ တင်ပြထားတာကို ပုလော မြို့နယ် အုပ်ချုပ်ရေးမှူးက မနေ့က ခွင့်ပြုခဲ့လို့ ပုလော NLD အဖွဲ့ဝင်တွေက အာဇာနည် ကျောက်တိုင်ရှိရာ မြို့နယ် အားကစားကွင်းမှာ ဒီကနေ့ သန့်ရှင်းရေးလုပ် ဆေးသုတ်တာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ရဖို့ အတွက် အခုလဆန်းပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးထံ လိပ်မူပြီး စာရေးတင်ပြ တောင်းဆိုထားတာကို ဇူလိုင်လ ၁၄ ရက်နေ့ မနေ့က ခွင့်ပြုကြောင်း တရားဝင် ခေါ်ယူ ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ပုလောမြို့နယ် NLD စည်း အဖွဲ့ဝင် ဦးကိန်းရှိန် က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။

"အာဇာနည်နေ့ အခမ်းအနား လုပ်မယ်ပေါ့၊ အာဇာနည်နေ့ ကျောက်တိုင် သွားပြီးတော့ အလေးပြုမယ်၊ ပန်းခွေချမယ်၊ အဲ့ဒီ ကိစ္စကို ကျနော်တို့ မြို့နယ် အုပ်ချုပ်ရေးမှူးဆီ စာတင်ထားပြီးတော့ ကျနော်တို့ သွားမယ့်ဟာက ဘောလုံးကွင်းထဲမှာ ရှိတော့ကာ အားကာ ခွင့်ပြုချက်လည်း ပြုရင်းပေါ့။ ပေးပါဆိုပြီး တွဲတင်ထားတယ်ခင်ဗျ၊ အဲ့ဒါကို မနေ့က စနေနေ့က အစည်းဝေးလုပ်တယ်လေ။ ကျနော်တို့ ခေါ်ပြီးတော့ အုပ်ချုပ်ရေးမှူးရော၊ အတွင်းရေးမှူးရော တခြားမြို့နယ်မှူးတွေရော ပါတယ်ခင်ဗျ၊ အုပ်ချုပ်ရေးမှူးက ကျနော်တို့ကို အခမ်းအနားတော့ လုပ်ပါလို့ ခွင့်ပြုလိုက်တယ်။"

တိုင်းပြည်အတွက် အကျိုးပြုသွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို လေးစားကြည်ညို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီ အခမ်းအနား လုပ်ဖို့ စီစဉ်ခဲ့ရတာ ဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော်ကြာ ပိတ်ပင်ခံထားရတဲ့ အာဇာနည်နေ့ အခမ်းအနားကို မြို့နယ် NLD ရုံးမှာ အခမ်းအနား ကျင်းပမှာ ဖြစ်သလို နေ့လည်ပိုင်းမှာ အာဇာနည် ကျောက်တိုင်မှာ ပန်းခွေချတဲ့ အခမ်းအနားနဲ့ ညပိုင်းမှာ ဟောပြောပွဲတွေ လုပ်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

RFA Burmese


ဦးဝီရသူ ရခိုင်ဒုက္ခသည်တွေကို သွားရောက်ကူညီ

Posted: 15 Jul 2012 04:12 PM PDT


ဦးဝီရသူ (မစိုးရိမ်) မန္တလေးရခိုင်ဒေသ ဒုက္ခသည်များအား အလှူငွေ နှင့် လှူဖွယ်
ပစ္စည်းများ ပေးအပ် လှူဒါန်း၍ အားပေးစကားများ သွားရောက် ပြောကြားခဲ့ပါသည်။

(၁၅၊၇၊၂၀၁၂) ယနေ့နံနက်(၉း၃၀)နာရီအချိန်တွင် မောင်းတောရှိ အလိုတော်ပြည့်ကျောင်း၌
 June 8 ရက်နေ့က တပြိုင်တည်း သေးဆုံးခဲ့သော (ဦးပညာသာရ) ရဟန်းတစ်ပါး အပါအ၀င်
လူ(၁၃)ဦး၊ စုစုပေါင်း(၁၄)ဦးအတွက် ဆွမ်းသွပ်အမျှဝေပေးခဲ့သော အခမ်းအနားကျင်းပခဲ့သည်။

ထိုအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများ၊ ကျဆုံးသွားသောသူတို့ရဲ့
မိသားစုဝင်များ၊ ဒုက္ခသည်များ၊ ရွာ(၇)ရွာမှမီးရှို့ဖျက်ဆီးခံရသောကျောင်း(၇)ကျောင်းမှ
ကျောင်းထိုင် ဆရာတော်(၇)ပါးနှင့် ဖိတ်ကြားထားသူတို့ တက်ရောက်ခဲ့ကြသည်။

တက်ရောက်ခဲ့သူတို့ထဲမှ ကျဆုံးသူတို့ရဲ့ မိသားဝင်တစ်ဦးစီ၊ ကျောင်းထိုင် ဆရာတော်
(၇)ပါးတို့အားအလှူငွေကျပ်(၁)သိန်းစီ စုစုပေါင်းအလှူငွေ(၂၁)သိန်းကို ဆရာတော်
 ဦးဝီရသူ မှ စွန့်ကြဲ လှူဒါန်းခဲ့သည်။

ဆက်လက်၍ နေ့ခင်းပိုင်းတွင် ၄ မိုင် ရဲတပ်ရင်း(၂)ရှိ ဒုက္ခသည် စခန်းသို့ သွားရောက်၍ ဒုက္ခသည်
အိမ်ထောင်စု (၂၆၉)စု လူဦးရေ တစ်ထောင်ကျော် ၊ နို့တိုက်မိခင် (၈၂)ဦး၊ ကိုယ်ဝန်ဆောင်
 မိခင်(၃)ဦး၊တို့ကို တစ်ဦးကို ကျပ်တစ်သောင်းစီ ဆရာတော် ဦးဝီရသူ မှ စွန့်ကြဲ လှူဒါန်းခဲ့
Myanmar News Now မှ သိရသည်။

အပြန်တွင် ဝေသာလီရွာကို ၀င်ရောက်ကြည့်ရှု့ ခဲ့သည်။ ထိုမှတဆင့် ဗဟိုကျောင်း ဒုက္ခသည်
 စခန်းသို့ဝင်ရောက်ကာ ဒုက္ခသည် အိမ်ထောင်စု (၂၆)စု အတွက် အလှူငွေကျပ် (၁)သောင်းစီ ၊
 (၇၉)အိမ် အတွက် ဆန်အိပ်(၅၀)၊ ကို ဆရာတော် ဦးဝီရသူ မှ စွန့်ကြဲ လှူဒါန်းခဲ့သည်။

ထိုနောက်ဆက်လက်၍  အလိုတော်ပြည့် ပရဟိတကျောင်းရှိ ဒုက္ခသည် (၄၀)ဦး၊ ကိုယ်ဝန်
 ဆောင်(၅)ဦး၊ ဂိလာန တစ်ဦး၊ ဒုက္ခိတ တစ်ဦး၊ စုစုပေါင်း(၄၇)ဦးတို့အား တစ်ဦးကို
အလှူငွေကျပ် တစ်သောင်းစီ ကို ဆရာတော် ဦးဝီရသူ မှ အသီးသီး စွန့်ကြဲ လှူဒါန်းခဲ့သည်။

မနက်ဖြန်(၁၆၊၇၊၂၀၁၂)နေ့တွင် ဘင်္ဂဒေ့ရှ် နယ်စပ်သို့ ဆက်လက်သွားရောက်မည် ဖြစ်ကြောင်း
Myanmar News Now မှသတင်းရရှိသည်။


မင်းကိုနိုင်၏ ပထမဆုံးစာအုပ် နာရီပိုင်းအတွင်း ဈေးကွက်တွင် ပြတ်

Posted: 15 Jul 2012 03:53 PM PDT

ရန်ကုန်၊ ဇူလိုင် ၁၅

မြန်မာနိုင်ငံ၏ ထင်ရှားသော နိုင်ငံရေး လှုပ်ရှားသူ ၈၈ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ ပထမဆုံးသော လက်ရာဖြစ်သည့် နောက်ကြည့်မှန် စာအုပ်ကို ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီက ရန်ကင်းစင်တာတွင် စတင်ထုတ်ဝေ ဖြန့်ချိလိုက်ပြီး နာရီပိုင်းအတွင်း ရောင်းကုန် သွားကြောင်း ပွဲစီစဉ်သူများက ပြောကြားသည်။

အဆိုပါ စာအုပ်သည် မင်းကိုနိုင်၏ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က အကျဉ်းထောင်အတွင်း အတွေ့အကြုံများကို ခံစားရေးသားထားခြင်း ဖြစ်ကြောင်း စာအုပ်မိတ်ဆက်တွင် ရေးသား ဖော်ပြထားချက်အရ သိရသည်။

ယင်းစာအုပ်ကို ၎င်းအသက် ၂၆ နှစ်အရွယ် ကျောင်းသားတစ်ဦးဘဝတွင် ရေးသားခဲခြင်း ဖြစ်ပြီး လွန်ခဲသော ၂၄ နှစ်ခန့်က လက်ရာဖြစ်ကာ ငယ်မူလက်ရာကို မြင်တွေ့ရမည် ဖြစ်ကြောင်းလည်း စာအုပ်မိတ်ဆက်တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။

"ဒီစာအုပ်ကို ကောင်းကောင်း မဖတ်ရသေးပေမဲ့ သူ့ဘဝရဲ့အတွေ့အကြုံတွေက စာဖတ်သူအတွက် message တစ်ခုတော့ ရသွားမှာပါ" ဟု မြန်မာနိုင်ငံ လူငယ်အစည်းအရုံးမှ တာဝန်ရှိသူ ဒေါ်ခိုင်က ပြောကြားသည်။

ယင်းစာအုပ်တန်ဖိုးမှာ ကျပ်နှစ်ထောင်ဖြစ်ပြီး ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ရုံးခန်းတွင် လာရောက် ဝယ်ယူနိုင်ကြောင်း ရောင်းချနေစဉ်က ပြောကြားခဲ့သည်။ သို့သော် နာရီပိုင်းအတွင်း ရောင်းကုန်သွားသဖြင့် ထပ်မံ ရိုက်နှိပ်ရန် စီစဉ်နေသည် ဟု သိရှိရသည်။

မင်းကိုနိုင်သည် ၁၉၈၈ နောက်ပိုင်း ထောင်အတွင်း နှစ် ၂၀ ခန့် အကျဉ်းကျခံခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် သရက်ထောင်မှ ပြန်လည်လွတ်မြောက် လာခဲ့သည်။

ယင်းစာအုပ်ကို ကိုမင်းကိုနိုင်မှ ကိုယ်ပိုင်ထုတ်ဝေခြင်း ဖြစ်ပြီး အရှေ့ကြယ် စာပေမှ ဖြန်ချိခြင်း ဖြစ်ကာ အုပ်ရေ ၅၀၀၀ ထောင် ဖြန့်ချိခြင်း ဖြစ်သည်ကို ကိုမင်းကိုနိုင်ထံမှ သိရှိရသည်။

The Voice Weekly



မောင်တောမျြိုတွင် တိုင်းရင်းသားများမှ UNနှင့်INGOs အဖွဲ့များကိုဆန့်ကျင်ဆန္ဒပြ

Posted: 15 Jul 2012 03:43 PM PDT

ဒီကနေ့ ၂၀၁၂ခု၊ဇူလိုင်လ၊ (၁၅)ရက်၊(တနင်္ဂနွေနေ့)တွင် မောင်တောမြို့ရှိဒေသခံ
တိုင်းရင်းသားပြည်သူများ အင်အား (၅၀၀)ခန့်သည် UNနှင့်INGOsအဖွဲ့များကို
ဆန့်ကျင်သော စာတမ်းများ ရိုက်နှိပ်ထားသော တီရှပ်များဝတ်ဆင် လျက်ဆန္ဒဖေါ်
ထုတ်ခဲ့ ကြကြောင်း သတင်းရရှိပါသည်။

"No Entry for UN and INGOs Agency in Rakhine"ပါရှိသော တီရှပ်များ
ရိုက်နှိပ်ဝတ်ဆင် လျက် မောင်တောမြို့တွင် ဘင်္ဂလီကုလားများ အတွက်ရည်ရွယ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသောကုလသမဂ္ဂနှင့်
နိုင်ငံတကာ အဖွဲ့အစည်းများကို မောင်တောနှင့် ကျန်ရခိုင်ဒေသများတွင်
ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်ခြင်းများကို ဆန့်ကျင်ကန့်ကွက်ကြောင်း
ဆန္ဒဖေါ်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

မောင်တောမြို့တွင်လက်ရှိလုပ်ကိုင်လျက်ရှိသော UN and INGOs
အဖွဲ့ပေါင်း(၂၀)နီးပါးခန့် ရှိကြောင်း Myanmar News Now မှ သိရှိရပါသည်။


ရွာခံ အမျိုးသမီးများကို မဖွယ်မရာ လုပ်ပြသူ တရုတ် ဝန်ထမ်း ၃ ဦးကို ဆားလင်းကြီးတွင် အမှုဖွင့် တိုင်ကြား

Posted: 15 Jul 2012 03:38 PM PDT

မုံရွာ၊ ဇူလိုင် ၁၅

ဒေသခံများက ဆန့်ကျင်နေသည့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း တည်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး ဆားလင်းကြီး မြို့နယ် ဝက်မှေးရွာ ယာမြေများအတွင်း စွန့်ပစ်မြေများ မပုံရန် သွားရောက် တားမြစ်ခဲ့သည့် ဝက်မှေးရွာနေ တောင်သူများအား တောင်စောင်းပေါ်မှ ကျောက်တုံးများဖြင့် လှိမ့်ချခဲ့ပြီး မဖွယ်မရာ အပြုအမူများ ပြုလုပ်ပြခဲ့သော မြန်မာဝမ်ဘို ကုမ္ပဏီမှ တရုတ်လူမျိုး ဝန်ထမ်း သုံးဦးအား အရေးယူ ဖော်ထုတ်ပေးရန် ဆားလင်းကြီးမြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း ဝက်မှေးရွာခံ ဖြစ်သည့် မသွဲ့သွဲ့ဝင်းက ပြောကြားသည်။

"ကျွန်မတို့က ပဲစဉ်းငုံခင်းထဲမှာ မြေတွေမပုံဖို့ အဲဒီနေ့က သွားပြောတာပါ၊ ညပိုင်း ၈ နာရီလောက်မှာ မြန်မာဝမ်ဘို ကုမ္ပဏီ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ တရုတ်လူမျိုး သုံးယောက်က တောင်ကုန်းပေါ်က နေပြီး ကျောက်တုံးတွေကို ပြိုင်တူတွန်းပြီး လှိမ့်ချပါတယ်။ နောက်ပြီး သုံးယောက် ပြိုင်တူ မဖွယ်မရာ အပြုအမူ လုပ်ပြပါတယ် အဲဒီ အပြုအမူတွေကို လက်မခံလို့ အမှုဖွင့်တာပါ အမှန်ဆိုရင် ဧည့်သည်က အိမ်ရှင်ကို စော်ကားတဲ့ သဘော ဖြစ်နေပါတယ်"ဟု ၎င်းက ဖြစ်စဉ်အား ရှင်းပြသည်။

ညပိုင်းအချိန် ဖြစ်နေ၍ ယင်းကဲ့သို့ မဖွယ်မရာ ပြုလုပ်မှုကို မည်ကဲ့သို့ မြင်ရပါနည်ဟု The Voice weekly က မေးမြန်းရာတွင် ဆိုဒ်မှ လုပ်ငန်းခွင်မီးများ ထွန်းထားပြီး ရွာသားများတွင်လည်း ဓာတ်မီးများ ပါသည့်အတွက် မြင်ရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းအမှုဖွင့် တိုင်ကြားမှုအား ဆားလင်းကြီးမြို့နယ် ရဲစခန်းမှ ဇူလိုင်လ ၁၂ ရက်နေ့တွင် မဖွယ်မရာ ပြုလုပ်မှု၊ ကျောက်တုံးများအား လှိမ့်ချမှုဖြင့် အမှုတွဲ လက်ခံရရှိကြောင်း ယင်းရဲစခန်းမှ အရာရှိ တစ်ဦးက အတည်ပြု ပြောကြားပြီး (ပ) နံပါတ်ကိုမူ မသိရှိရသေးပေ။

"ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော်တော့ မသိရသေးပါဘူး။ ဒါပေမယ့် တကယ် ဖြစ်ခဲ့တာ မှန်တယ် ဆိုရင်တော့ တရားရုံးက အရင် ဆုံးဖြတ်မှာပါ။ ပြီးရင်တော့ ကုမ္ပဏီကလည်း ထိုက်တန်တဲ့ ပြစ်ဒဏ်ကို အပြစ်ပေးသွားမယ်လို့ ထင်ပါတယ်"ဟု မြန်မာဝမ်ဘို ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ The Voice Weekly ၏ ဆက်သွယ် မေးမြန်းမှုအား ပြန်လည် ဖြေကြားခဲ့သည်။

မြန်မာဝမ်ဘို စီမံကိန်းမှာ ဆားလင်းကြီးမြို့နယ် စီမံကိန်းနယ်တွင် ပါဝင်သော ရွာသူရွာသားများ၏ တောင်းဆိုမှုကြောင့် ဇွန်လ ပထမပတ်မှ စတင်၍ မြေသားစုပုံ စွန့်ပစ်မှုများနှင့် စက်ရုံအလုပ်ရုံ တည်ဆောက်ရေး လုပ်ငန်းများအား ယာယီရပ်နား ထားကြောင်း ဒေသခံ တောင်သူများ၏ ပြောကြားချက်များအရ သိရသည်။

The Voice Weekly


ပုဒ်မ ၁၄၄ကို အခွင့်ကောင်းယူပြီး ဖေါက်ထွင်းမူများ မောင်တောတွင် တိုးပွားနေ

Posted: 15 Jul 2012 03:28 PM PDT

မောင်တော်မြို့ 
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို အခွင့်ကောင်းယူပြီး မသမာသူများသည် အုပ်စုဖွဲ့ ဖေါက်ထွင်းမူများ နေ့စဉ် ရက်ဆက် ဆိုသလို ကျူးလွန်နေကြသည်ဟု သတင်း ရရှိသည်။

ယခုကဲ့သို့ ဖေါက်ထွင်းမူများကို ပြုလုပ်နေသည့် အဖွဲ့အစည်းမှာ (၆) ဖွဲ့ခန့်ရှိပြီး ညဥ့်တိုင်းလိုလို ဖေါက်ထွင်းမူ များကို ကျူးလွန်နေသည်ဟု ဆိုသည်။

ဖေါက်ထွင်းမူ ကျူးလွန်သူများအား တာဝန်ကျ လုံထိန်း တပ်ဖွဲ့ဝင်များက လက်ပူးလက်ကြပ် ဖမ်းမိပြီး ရဲစခန်းသို့ အပ်သော်လည်း ငွေကြေးယူကာ အဆိုပါ ဖေါက်ထွင်း ၀ိဇ္ဖာများကို ပြန်လည် လွှတ်ပေးလိုက်သည်ဟု ပြောသည်။

" အခု ပြဿနာက သူတို့ကို ဖမ်းမိပြီး ရဲလက်ကို အပ်ပေမယ့် ပြစ်မူ မထင်ရှားဆိုပြီး ပိုက်ဆံယူပြီး လွှတ်ပေးလိုက်တယ်။ ဒီအတွက် ဖေါက်ထွင်းမူတွေက အထူးတိုးပွားနေပါတယ်။  အခု လူတွေက ဖေါက်ထွင်းမူတွေကနေ လုယက်မူတွေ ဖြစ်လာမှာကို စိုးရိမ်ကြပါတယ်" ဟု အမည်မဖေါ်လိုသူ ရွှေပန်းထိမ် ဆရာ တစ်ဦးက ပြောသည်။

ဖေါက်ထွင်းခံနေရသောဆိုင်များမှာ လူသူ အစောင့်အရှောက်မရှိဘဲ ပိတ်ထားရသော မောင်တောမြို့မ ဈေးကြီးမှ ဆိုင်ခန်းမျိုးစုံ ဖြစ်သည်ဟု သူက ဆိုသည်။

ယခု ဖေါက်ထွင်းမူကို ကျူးလွန်သော အဖွဲ့ (၆) ဖွဲ့မှာ – အမှတ်(၄)ရပ်ကွက် ကန်ဘောင်ကြီးဘေး (မြို့နယ် တရားသူကြီး တပည့်ရင်း) ခေါင်းဆောင်သော အဖွဲ့၊   အမှတ်(၄) ရပ်ကွက်၊ စံပြရွာနေ ဦး——- နှင့် ဦး ———– ခေါင်းဆောင်သော အဖွဲ့၊  အမှတ်(၄) ရပ်ကွက် စံပြရွာ (သင်းချိုင်းကုန်း)နေ ဦး——–၊ ——- နှင့်  မယက အရန် စာရေး တစ်ဦး ခေါင်းဆောင်သော အဖွဲ့၊ အမှတ်(၄) ရပ်ကွက် ရုပ်ရှင်ရုံ အနီး တွင် တာဝန်ကျနေ ရဲတပ်ရင်း (ခေါ်) လုံထိန်းတပ်ရင်းမှ ——— ဦးဆောင်သော အဖွဲ့၊  (———-  (ပန်းထိမ်)၊ ——- (ပုဇွန်ဒိုင်)၊ဦး——– ၊  ——- ခေါင်းဆောင်သော အဖွဲ့နှင့် ညောင်ပင်လှ (ညောင်ခေါင်း) ——- ခေါင်းဆောင်သော အဖွဲ့များဖြစ်ကြောင်း သိရသည်။

" အခု ကြားတာက တာဝန်ကျတဲ့ နစက အဖွဲ့ဝင် တချို့နဲ့ ပူးပေါင်းပြီး ဆိုင်ခန်းမျိုးစုံကို ဖေါက်ထွင်းတာ ဖြစ်တယ်လို့  သတင်းတွေ ထွက်နေပါတယ်။ ဒါကြောင်း အထက်အာဏာပိုင်တွေကို ကျွန်တော်တို့ မြို့သူ မြို့သားတွေက ဒီကိစ္စကို အမြန်ဆုံး တာပေးဖို့ လိုလားနေပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုအချိန်တွင် မောင်တော မြို့သူမြို့သားများမှာ ဆူပူ အကြမ်းဖက်သူများ ရန်ထက် ဖေါက်ထွင်းမှုမှ တဆင့် တက်ပြီး လုယက်မှုများ အထိဖြစ်လာမည်ကို စိုးရိမ်နေကြရသည်ဟု သူက ဆိုသည်။

၎င်းဖေါက်ထွင်းသူများအား အချိန်မီ ဖမ်းဆီး အရေးယူခြင်း မပြုပါက ကြောင်ကြီးလျှင် ကျားဖြစ်သွား သကဲ့သို့ သခိုးကြီးလျှင် ဓါးပြ ဖြစ်သွားနှိင်ပါသဖြင့် အချိန်မီ ဖမ်းဆီး အရေးယူ ဆောင်ရွက်ပေးရန်  အတွက် ပြည်ထဲရေး ဝန်ကြီး ထံသို့လည်း မြို့သူ မြို့သားများက တင်ပြသွားမည်ဟု ပြောဆိုသွားသည်။

နိဉ္စရာ သတင်းဌာန


ရောဂါဆန်း တစ်မျိုးကြောင့် ကမ္ဘောဒီးယားတွင် ကလေး ၆၁ ဦး သေဆုံး

Posted: 15 Jul 2012 03:22 PM PDT

ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေး ဝန်ကြီး ဌာနနှင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) တို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် ဧပြီလမှစ၍ ဖြစ်ပေါ်ခဲ့သော ကလေး ၆၁ ဦး သေဆုံးခဲ့ရသည့် အမျိုးအမည်မသိ ရောဂါဆန်းနှင့်ပတ်သက်ပြီး စုံစမ်းစစ် ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 အဆိုပါစုံစမ်းစစ်ဆေးမှု၏ အဓိကရည်ရွယ်ချက်မှာ ရောဂါဖြစ်ပွားရ သည့်အကြောင်းရင်းနှင့် ဇာစ်မြစ်ကို ဖော် ထုတ်ပြီး သင့်လျော်သောကုသမှုနှင့်ထိန်း ချုပ်မှုတို့ကို ရှာဖွေရန်ဖြစ်သည်ဟု ကမ္ဘော ဒီးယားနှင့် WHO တို့ ဇူလိုင်လ ၄ ရက် နေ့တွင် ပူးတွဲပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ ရောဂါသည် ပြင်းထန်သော အသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပြီး အာ ရုံကြောဆိုင်ရာ ရောဂါလက္ခဏာရပ်များ ကို တွေ့ရှိရသည်ဟုဆိုသည်။ ယနေ့အထိ အဆိုပါရောဂါကြောင့် ဆေးရုံတင်ခဲ့သော ကလေး ၆၂ ဦးအနက် ၆၁ ဦးမှာ သေဆုံး သွားသည်ဟုဆိုသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ရှိ ကန်သာဘိုဖာကလေးဆေးရုံ က ကျန်းမာရေးဝန်ကြီးဌာနသို့ သတိပေး နှိုးဆော်ချက် ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆို ပါ အမျိုးအမည်မသိရောဂါသည် ကိုယ်ပူ ရှိန်မြင့်တက်ခြင်းဖြင့် စတင်ပြီး အသက်ရှူ လမ်းကြောင်းဆိုင်ရာနှင့် အာရုံကြောဆိုင် ရာ ရောဂါလက္ခဏာရပ်များဖြစ်ပေါ်ကာ အသက်ရှူစနစ်ဆိုင်ရာ လုပ်ငန်းဆောင်တာ များ အလျင်အမြန် ချို့ယွင်းသွားခဲ့သည် ဟုဆိုသည်။ အဆိုပါရောဂါသည် ကမ္ဘော ဒီးယားနိုင်ငံ တောင်ပိုင်းမှလာပြီး ဇာစ်မြစ် ကို ယခုတိုင် မသိရသေးဟုဆိုသည်။
(Xinhua, 4.7.12) NYM
BY GOOD HEALTH


ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် အလှူငွေ

Posted: 15 Jul 2012 08:15 AM PDT

(၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့က ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး လုပ်ငန်းတွေ အတွက် ကူညီပံ့ပိုးတဲ့ အနေနဲ့ မန္တလေးမြို့ခံ လုပ်ငန်းရှင် တစ်ဦးက အလှူငွေကျပ် သိန်း (၁၀၀) ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်မှာ ရှိတဲ့ (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့ရုံးခန်းမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဲဒီအလှူငွေဟာ (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့ နောက်ထပ် သွားရောက်မယ့် ခရီးစဉ်တွေကို များစွာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

"ဒီအခုရတဲ့ အလှူငွေနဲ့ နောက်ခရီးစဉ်တွေအတွက် ဆက်သုံးနိုင်ပါလိမ့်မယ်။ အဲဒီကနေ ဆက်လာပြီး အလှူငွေတွေ ရနေသရွေ့တော့။ နောင်တကယ် လိုအပ်လာရင် ကျနော်တို့ သဘင် အလုပ်တွေ လုပ်ပြီးတော့ ပိုက်ဆံ အလှူခံရ ခံရပေါ့။ ကျနော်တို့ ကိုယ့်ကိုယ်ကို မရောင်းစားရပဲနဲ့ ကျန်တဲ့ အနုပညာတွေကို ရောင်းတဲ့နည်းနဲ့ပဲ ကျနော်တို့ ဆက်ပြီးတော့ အလှူငွေ ရှာကြရပါလိမ့်မယ်။"

ဒီအလှူငွေကို မန္တလေးမြို့က အမည်မဖော်လိုတဲ့ မုန့်တိုက်ပိုင်ရှင် တစ်ဦးက ပထမဆုံးအကြိမ် လှူဒါန်းတာ ဖြစ်ပြီး၊ အလှူငွေကို စာရေးဆရာ မောင်ဖူလုံက (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေကို ပေးအပ်ခဲ့ပါတယ်။

ဒီအတောအတွင်း ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖေါ်ဆောင်ရေး အတွက် ပြည်ထောင်စု တ၀ှမ်း လှည့်လည်ပြီး လိုက်လံကူညီ ဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကို အနုပညာရှင်တွေ အနေနဲ့ ၀ိုင်းဝန်းကူညီဖို့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ လူမှုရေး လုပ်ငန်းတွေ အတွက် အနုပညာရှင်တွေ ဘက်ကလည်း အတတ်နိုင်ဆုံး ပါဝင်ကူညီကြဖို့ အဆင့်သင့် ဖြစ်နေကြောင်း တွေ့မြင်ရတယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။

"ဒီနေ့ ကျနော်တို့ ၈၈ ကျောင်းသားတွေရဲ့ ရံပုံငွေပွဲ အတွက် ဂီတပွဲ လုပ်ဖို့ပါ။ အဲဒါ တီးဝိုင်းအများကြီးနဲ့ အဆိုတော်တွေ တော်တော်များများ ပေါ့လေ၊ ကျနော်တို့ လကလှမ်းမှီသလောက် ဖိတ်ပြီးတော့ သူတို့ဆီက အကြံဥာဏ် တောင်းပါတယ်။ ကျနော်တို့ ဖိတ်တဲ့အပေါ်မှာ သူတို့ အားလုံးက ကြည်ာကြည်ဖြူဖြူပဲ ပူးပေါင်း ဆောင်ရွက်ပါမယ်။ အခမဲ့ဆိုပေးဖို့ ကျနော်တို့က မေတ္တာရပ်ခံတာကိုး ရံပုံငွေအတွက်။ သူတို့က အခမဲ့ ဆိုပေးရုံ မကဘူး။ သူတို့ ဆက်ပြီးတော့ လုပ်ပေးလို့ ရတာ မှန်သမျှထပ်ပြီး ကူညီပေးသွားမယ်လို့ ကတိပေးသွားတယ်။ နောက်ပြီးတော့ ဒီနေ့ပွဲတက်တဲ့ အဆိုတော်တွေတင် မကပါဘူး။ နောက်ထပ်ပေါ့လေ။ လက်လှမ်းမမှီပဲ ကျန်နေတဲ့ အဆိုတော်တွေ တော်တော်များများလည်း ဒီမှာလာပြီးတော့ ကျနော်တို့နဲ့ ပူးပေါင်းကူညီမယ့် သတင်းစကားတွေ ကတိစကားတွေ ရလိုက်ပါတယ်။"

မစ္စတာဂီတာ ကဖေးဆိုင်မှာ ကျင်းပတဲ့ တွေ့ဆုံပွဲကို နာမည်ကျော် အဆိုတော်တွေ ဖြစ်တဲ့ မေခလာ၊ ကော်နီ၊ ခင်မောင်တိုး၊ သျှီ နဲ့တကွ နာမည်ကျော် တေးရေးဆရာတွေ၊ ဂီတပညာရှင်တွေလည်း တက်ရောက်ခဲ့ကြ ပါတယ်။

အလားတူပဲ ကို မင်းကိုနိုင်ရဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော် တက္ကသိုလ် ကျောင်းသား အရွယ်က ရေးသားခဲ့တဲ့ နောက်ကြည့်မှန် ၀တ္ထုစာအုပ် မိတ်ဆက်ပွဲနဲ့ အမှတ်တရလက်မှတ်ရေးထိုးပွဲကို ဒီကနေ့ မနက်က ရန်ကင်းစင်တာမှာ ကျင်းပခဲ့ပါတယ်။

RFA Burmese

(ဓာတ်ပုံ- ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ - -ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန်အတွက် မန္တလေးမြို့နေ လုပ်ငန်းရှင် တစ်ဦး၏ လှူဒါန်းငွေ ကျပ်သိန်းတစ်ရာကို စာရေးဆရာမောင်ဖူလုံမှ တစ်ဆင့်ပေးအပ်ခဲ့ရာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက အခမ်းအနားဖြင့် လက်ခံရယူနေစဉ်။)



ထွန်းတုံးတိုက်ပွဲ နောက်ဆုံးအခြေအနေ (သတင်း/ရုပ်သံ)

Posted: 15 Jul 2012 07:59 AM PDT

 မိတ္ထီလာခရိုင်အတွင်း အဓမ္မ လယ်ယာမြေများသိမ်းခံမှုကြောင့် (၁၄.၇.၂၀၁၂)ရက်နေ့အထိ လယ်သမားများက ထွန်တုံးတိုက်ပွဲကို ဆက်လက်တိုက်ပွဲဝင်လျှက်ရှိသည်။ထွန်တုံးတိုက်ပွဲဆင်နွှဲနေသော တောင်သူများက မိမိတို့ပိုင်ဆိုင်ခဲ့ကြ သော မိမိတို့စိုက်ပျိုးထွန်ယက်ခဲ့ကြသော လယ်ယာမြေများကို ယခုမိုးကာလအမှီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် တောင်းဆို ထွန်ယက်နေကြခြင်းဖြစ်ပါသည်။  ----

ရုပ်/သံ နှင့် သတင်းအပြည့်အစုံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

မိတ္ထီလာခရိုင် မိတ္ထီလာမြို့ ကံကောင်းကျေးရွာမှလယ်သမားများ ထွန်တုံးတိုက်ပွဲဝင်နေစဉ်



You are subscribed to email updates from Thit Htoo Lwin
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ