သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်

ပြောင်းလဲရေးနဲ့ တန်းတူညီမျှဖို့ ဆန္ဒရှိရင် ထွက်ပေါက်ရှာလို့ရပါတယ်

Posted: 08 Aug 2012 05:04 AM PDT

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အစိုးရကျောင်းမှာ တိုင်းရင်းသားစာပေ သင်ကြားမှုအတွက် မဖြစ်နိုင် ဘူးလို့ တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၄ ပါတီ နဲ့ စနေနေ့(ဩဂတ်စ် ၄ ရက် ၂၀၁၂) ကတွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါ တယ်။ ပြောင်းလဲမှုနဲ့အတူ တိုင်းရင်းသားတန်းတူညီမျှရေးရှိဖို့ အမှန်တကယ်ဆန္ဒရှိခဲ့ရင် ဘာဖြစ်လို့ စုပေါင်း အဖြေမရှာပါသလဲ။ နိုင်ငံရေးမှာ စိတ်ပါဝင်စားတဲ့ သျှမ်းလူငယ်အရေးလှုပ်ရှားသူ စိုင်းလူရဲ့ဆန္ဒသဘောထား အမြင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်ထားပါတယ်။
text_book_meetingရန်ကုန်မြို့ ကိုးမိုင် သျှမ်းကျောင်း၌ကျင်းပသော သျှမ်းဘာသာသင်ရိုးညွှန်းတမ်းစာအုပ်ရွေးချယ်ရေးအစည်းအဝေး (ဓါတ်ပုံ-SL&CA-YGN ဖေ့စ်ဘုခ်မှ)

မေး။ ။ပြီးခဲ့တဲ့ စနေနေ့က နိုင်ငံရေးပါတီ ၁၄ ခု နိုင်ငံတော်သမ္မတနဲ့သွားရောက်တွေ့ဆုံရာမှာ သျှမ်းခေါင်း ဆောင်ခွန်ထွန်းဦးကနေပြီးတော့ တိုင်းရင်းသားဘာသာစာပေကိုအစိုးရကျောင်း ချိန်အတွင်းမှာ သင်ကြားနိုင်ရေး တောင်းဆိုခဲ့ပါတယ်။ သမ္မတအနေနဲ့ ဒီအချက်ကို ငြင်းဆိုလိုက်တဲ့အပေါ် ဘယ်လိုမြင် ပါသလဲခင်ဗျ။

ဖြေ။ ။သမ္မတက လုံးဝ ငြင်းပယ်လိုက်တဲ့သဘောတော့မဟုတ်ဘူးဗျ။ ဒီပလိုမေစီ (Diplomacy) နည်းသုံး နေတာ။ တိုင်း ရင်းသားဒေသတွေမှာ မတူတဲ့လူမျိုးစုတွေနေထိုင်နေတဲ့အတွက် အင်အားကြီးတဲ့အဖွဲ့ရဲ့ စာကို ဘဲသုံးလို့မရဘူး လို့သမ္မတကပြောတယ်။ ဒါဆိုရင် ကျနော်တို့ မေးစရာတခုဖြစ်လာတယ်။ ပြည်ထောင် စုမြန်မာ နိုင်ငံမှာကော ဘာကြောင့် ဗမာစာကို အဓိကထား သင်နေသလဲ။ ကဲ- သမ္မတကြီး ဘယ်လိုဖြေမလဲ။ ဒါပေါ့ အစိုးရသစ်ဆိုပေ မယ့် ဗမာလူမျိုးကြီးဝါဒကြီးက နည်းနည်းလေးမှလျော့ မသွားဘူး။ တိုင်းရင်းသား တွေကိုလဲ ဗမာနဲ့တန်းတူ မထားချင်ဘူး လို့ ကျနော်တို့ မြင်ပါတယ်။ တကယ်လို့ အစိုးရက တကယ်ဘဲပြုပြင် ပြောင်းလဲ ချင်ရင် တကယ်ဘဲ တန်းတူညီတူထားလိုစိတ်ရှိရင် ဘယ်ပြဿနာမဆို ဖြေရှင်းတဲ့နည်းလမ်းက ရှိကို ရှိတယ်။ ဒါကြောင့် သမ္မတကြီးက ထွက်ပေါက်အနေနဲ့ အဲလိုပြောမယ့်အစား -ကဲလာကြ ဘယ်လို ဖြေရှင်း ကြမလဲ ဒီပြဿနာ။ ကျနော်တို့ ညှိနှိုင်းရ အောင် -လို့ခေါ်ရင်တော့ ကျနော်တို့ သျှမ်းလူမျိုး သျှမ်းလူငယ်တွေအနေနဲ့ သိပ်ကို ဝမ်းသာမိပါလိမ့်မယ်။

မေး။ ။ အစိုးရကျောင်းချိန်အတွင်းမှာသင်ကြားဖို့လုံးဝမဖြစ်နိုင်ဘူးလို့ သမ္မတကငြင်းလိုက်တာကြောင့် ဖြစ်နိုင် အောင်ကော လူငယ်တွေအနေနဲ့ ဘယ်လိုပြင်ဆင်လုပ်ဆောင်သွားသင့်သလဲ။

ဖြေ။ ။ အခွင့်အရေးဆိုတာ ရော့ အင့် ဆိုပြီးလွယ်လွယ်နဲ့ပေးလာတာမရှိဘူး။ ကိုယ်လိုချင်တဲ့အခွင့် အရေး ကိုယ် ကတောင်းမှ ရမှာဖြစ်တယ်။ ၁၉၄၇ ပင်လုံစာချုပ်မှာပါတဲ့ အခွင့်အရေးကိုစောင့်နေလို့ ကျနော်တို့ အချိန်တွေ နှစ်ပေါင်း ၆၀ ကျော်သွားပြီ။ ဒါကြောင့် ဖြစ်နိုင်အောင် ဆိုတဲ့ အခွင့်အရေးကို ကျနော်တို့ ဆက်လက် ကြိုးစား တောင်းဆိုသွားမယ်။ ဖြေရှင်းနိုင်အောင်ကျနော်တို့ ကြိုးစားသွားမယ်။ အဆုံးစွန်ပြော ရင် တိုင်းရင်း သားစာပေကို ကျောင်းချိန်အတွင်းမှာပေးမသင်တာတောင်မှ အစိုးရက ဒါက ဒီတိုင်းရင်းသားတွေရဲ့စာပေလို့ အသိအမှတ်ပြု ပေးရင်တောင် ကျနော်တို့ကျေနပ်ပြီ။ ဘာကြောင့် လဲ သူက အသိအမှတ်ပြုပေးရင် ကျနော် တို့တိုင်းရင်းသား စာပေဟာ ဗမာစာနဲ့တန်းတူအဆင့်ရှိ သွားမယ်။ ဒီအဆင့်ရောက်အောင် လူငယ်တွေအနေနဲ့ မမေ့မလျော့ဘဲ ကြိုးစားသင့်တယ်။

သမ္မတပြောတဲ့အတိုင်း ချင်းပြည်နယ်မှာဆိုရင် တရွာနဲ့တရွာတောင်မှ ပြောစကားမတူတာ။ ဘယ်လို လုပ် မလဲ ဆိုတာက ဖြေရှင်းဖို့လမ်းကလွယ်လွယ်လေးပါ။ ဥပမာ သျှမ်းပြည်နယ်ဆိုပါတော့။ တောင်ပိုင်း ၃ မြို့နယ် ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တယ်။ ဒီဒေသမှာ ပအိုဝ်းတွေအနေများလို့ ပအိုဝ်းစာကိုအဓိကထားပြီးသင်လိုက်။ မြောက်ပိုင်း မှာဆိုရင် မန့်တုန့်၊ နမ့်ဆန် ပလောင် (တအာန်း) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပေးထား တယ် ဆိုတော့ တအာန်းစာ ပေးသင်လိုက်။ တခြားနေရာမှာလဲ အဲလို ဘဲ သတ်မှတ်ပေးလိုက်ရင် ခက်ခဲစရာအကြောင်း မရှိဘူး။နောက်တခုအရေးကြီးတာက ကျောင်းချိန်တွင်းမှာ တိုင်းရင်း သားဘာသာကို သင်ကြားခွင့်ပေး လိုက်ပြီဆိုပေမယ့် ကျောင်းသားတွေကို မိမိစိတ်ကြိုက် ဘာသာရွေး ခွင့်ပေးလိုက်ရင် ဘာပြဿနာမှ ရှိတော့မှာမဟုတ်ဘူးလို့ လူငယ်တွေအနေနဲ့ မြင်ပါတယ်။ နောက်တခုက တိုင်း ရင်းသား ဒေသတွေမှာ မတူတဲ့လူမျိုးစုတွေနေထိုင်တယ်ဆိုပေမယ့် သူ့ဟာနဲ့သူ ဘုံဘာသာစကား Common Language ဆိုတာ ရှိပြီးသားဘဲ။ ဒါကြောင့် ကျောင်းချိန်တွင်းမှာသင်ခွင့်ပေးလိုက်တာတောင်မှ ပြဿနာမရှိဘူး။ ပြဿနာရှိမှာက သူတို့( အစိုးရဘက်က)ဘဲ။

အဲ - နောက်တခုထပ်ပြီးသုံးသပ်ကြည့်မယ်ဆိုရင် ခွန်ထွန်းဦးတို့နဲ့ အစိုးရနဲ့ ၂ ကြိမ် ၂ ခါတွေ့ဆုံရာမှာ ဦးအောင်မင်း ၊ ဒေါက်တာမြအေးတို့နဲ့တွေ့တုန်းက တမျိုးပြောတယ်။ သမ္မတကြီး ဦးသိန်းစိန်နဲ့ တွေ့ တော့ တမျိုးထပ်ပြောတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အစိုးရအတွင်းမှာတောင် ကွဲပြားနေတာတွေ့ရ တယ်။

မေး။ ။ ဒီလိုဆိုရင် တိုင်းရင်းသားစာပေကို အစိုးရကျောင်းချိန်မှာ၊ ကျောင်းတွင်းမှာ သင်ကြားနိုင်ဖို့က မလွယ်တော့ဘူးဆိုတာတွေ့ရတယ်။ ဘယ်လိုဆက်ပြီး စခန်းသွားကြမလဲ။

ဖြေ။ ။ သို့ပေမယ့် ကျနော်တို့ သျှမ်းစာပေပညာရှင်တွေကပြောထားတာတခုတော့ရှိတယ်။ အစိုးရ ကျောင်း ချိန်အတွင်းမှာ သင်ကြားခွင့်မရဘူးဆိုပေမယ့် ကျနော်တို့ အပြင်မှာဘဲ ကိုယ့်အားကိုယ်ကိုးပြီး သင်သွားမယ်။ အာဏာပိုင်တွေကနေ အနှောင့်အယှက်မပေးဖို့ဘဲလိုတယ်။ အရင်ကရှိခဲ့ဖူးတဲ့ သမိုင်း ဆိုးက ကျနော်တို့ကို ခုထိ ခြိမ်းခြောက်နေတယ်။ သျှမ်းစာပေသင်တန်းကို သူပုန်စာပေသင်နေတယ် ပြောလိုပြော တာတွေလဲရှိခဲ့ဖူးတယ်။ အရေးအကြောင်းရှာပြီးဖမ်းမယ်ချုပ်မယ်ဆိုတာ ရှိခဲ့ဖူးတယ်။ ဒါကြောင့် ခုလဲဘဲ ကျနော်တို့စာပေအတွက် အစိုးရကနေ မပံ့ပိုးပေးတာတောင်မှ သင်ကြားမှုကိုတော့ မနှောင့်ယှက်သင့်ဘူး။ ကျနော်တို့လုပ်နေတာဟာ အစိုးရကျောင်းချိန်ထဲ သင်ကြားခွင့်မရသေး တဲ့ ကာလ အတွင်းမှာ မိမိစာပေ မပပျောက်ရေးအတွက်၊ မိမိစာပေ ပျံ့ပွားတိုးတက်ရေးအတွက် ဘဲဖြစ် တယ် လို့ သမ္မတကြီးကို တောင်းဆိုချင်ပါတယ်။

မေး။ ။ သျှမ်းစာပေအတွက် စာပေပညာရှင် ၁၉ ဦးကော်မတီဖွဲ့ထားပြီလို့ကြားတယ်ခင်ဗျ။ ကော်မတီတွေ အပေါ် သျှမ်းလူငယ်တွေက ဘယ်လိုမြင်ပါသလဲခင်ဗျ။

ဖြေ။ ။ ကော်မတီ ၁၉ ဦး ဟာ အလုပ်မလုပ်ရသေးတဲ့အတွက် သူတို့အပေါ်ဝေဖန်ဖို့ စောပါသေးတယ် လို့ မြင်ပါတယ်။ ဒါပေမယ့် အဲဒီပုဂ္ဂိုလ်တွေဟာ ကျနော်တို့ လူငယ်တွေအတွက် စေတနာဖြူဖြူစင်စင်ရှိပြီး အကောင်းဆုံး လုပ်ပေးကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

မေး။ ။ အခုဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေနဲ့ မတင်မကျဖြစ်နေတဲ့ တိုင်းရင်းသားဘာသာစာပေ အစိုးရ ကျောင်း မှာသင်ကြားရေးကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုဝေဖန်လိုပါသလဲ။

ဖြေ။ ။စာပေပျောက်ရင် လူမျိုးပျောက်တယ်။ ရှေ့ဆက်သွားနိုင်ဖို့ တိုင်းရင်းသားစာပေ စာအုပ်များများထုတ် ရမယ်။ ကလေးတွေ စာတတ်တယ် ဖတ်ဖို့စာအုပ်မရှိဘူး။ ကနေ့ခေတ် ထုတ်ဝေနေတဲ့ စာအုပ်တွေဟာ ကလေး တွေ ဉာဏ်ရေတိုးဖို့ နည်းနေတယ်။ ဒါကြောင့် ကလေးပညာပေးမဂ္ဂဇင်းတွေများများ ထုတ်ဖို့ လိုတယ်။ တိုးတက် လာတဲ့ ခေတ် မှာ ရေဒီယိုတွေ အင်တာနက်တွေ ပေါပေါများများ သုံးနိုင်ပြီဖြစ်တဲ့ အတွက် အကျိုးရှိရှိ အသုံး ချဖို့လိုအပ် တယ်။ မိမိရင်တွင်းဖြစ်တွေကိုဘဲဦးစားပေးကြဖို့၊ မိမိအတွက် တိုးတက်မှုလမ်းကိုရှာဖို့ တိုက်တွန်း ချင်တယ်။ ဒါက ပညာရေးပေါ့နော်။

နောက်နိုင်ငံရေးဆိုရင် ကျနော်တို့ သျှမ်းပြည်တွင်းမှာ သျှမ်းပါတီဆိုရင် ၃ ခုရှိတယ်။ ဒီ ၃ ခု ပေါင်းနိုင် မှသာ အားလုံးမျှော်မှန်းတဲ့ ညီညွတ်မှုကိုရနိုင်မယ်။ သို့ပေမယ့် ဒီတိုင်းဘဲဆက်သွားရင်တော့ ပေါင်းစည်း နိုင်ဖို့ ခက်လိမ့် မယ်။ မဖြစ်မနေလဲ ပေါင်းရမယ်ဆိုတော့ ကျနော်တို့အနေနဲ့ SSJAC အဖွဲ့ရဲ့ ဦးဆောင် မှုကို အားကိုးပါတယ်။

မေး။ ။ ဟုတ်ကဲ့- အရင်ကသျှမ်းခေါင်းဆောင်တွေ အဖမ်းခံရတာ SSJAC ကြောင့်ဆိုပြီး လူတွေက မြင်ကြ တယ်။ ရှေ့ဆက် ပူးပေါင်းရေးမှာ လူငယ်တွေပါတီတွေက အဲဒီအပေါ်စိတ်ချ ပါ့မလား။

ဖြေ။ ။ ကျနော်တို့ရပ်တည်ချက်အပေါ်မူတည်တယ်။ ရပ်တည်ချက်ခိုင်မြဲရင် မခက်ဘူး။ အနှောင့် အယှက် တော့ရှိမှာဘဲ။ ခံနိုင်ရည်ရှိရင်တော့ ဒီအနှောင့်အယှက်အဟန့်အတားဟာ ကျနော်တို့အတွက် လှေကားထစ်တခု ဖြစ်သွားမယ်။ ဘယ်သူမှ ကိုယ့်ကိုယ်ကိုပြန်ပြီး ထောင်ချောက်ဆင်တဲ့အဖြစ်မျိုးတော့ မလိုကြဘူး။ သို့ပေမယ့် ထောင်ချောက်အဖြစ်ခံမလား အမျိုးသားရေးအတွက်ဖြစ်ချင်သလား၊ စဉ်းစား ပြီးမှ ဆုံးဖြတ်သင့်ပါတယ်။

မေး။ ။၂၀၁၅ ရွေးကောက်ပွဲအတွက် ဘယ်လိုပြင်ဆင်ထားသင့်သလဲ။

ဖြေ။ ။ သျှမ်းပြည်လူထုအတော်များများ ကမှတ်ပုံတင်မရှိကြဘူး။ တခြားကလာနေတဲ့ ဧည့်သည်က များတယ်။ ဒါကြောင့် ဧည့်သည်က အိမ်ရှင်ဖြစ်လာမှု၊ အိမ်ရှင်က ဧည့်သည်ဖြစ်သွားမှု ကိုဟန့်တား နိုင် ဖို့အတွက် ဘယ်အရပ် ဘယ်ဒေသမှာနေနေ မြန်မာနိုင်ငံသား မှတ်ပုံတင်လေးရအောင်တော့လုပ်ကြ ဖို့ တိုက်တွန်းချင်တယ်။ မှတ်ပုံ တင်ဆိုတဲ့အရာဟာလည်း ကျနော်တို့ တိုင်းရင်းသားတွေရဲ့ မျှော်မှန်းချက် ပန်းတိုင်အတွက် အဓိက ကျတဲ့ အရာတခုဖြစ်ပါတယ်။

ပြောင်းလဲရေးနဲ့ တန်းတူညီမျှဖို့ ဆန္ဒရှိရင် ထွက်ပေါက်ရှာလို့ရပါတယ်

Posted: 08 Aug 2012 05:01 AM PDT

တရုတ်သံအမတ်ကျိုင်းတုံသို့ရောက် စိုင်းနော်ခမ်းတပည့်အား ထပ်မံစစ်ဆေး

Posted: 08 Aug 2012 04:58 AM PDT

မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း၏ ဒုတိယ လက်ထောက်အား တရုတ်လက်သို့ လွှဲပေးရန် မြန်မာအစိုးရငြင်းဆိုပြီး နောက်ပိုင်း ယမန်နေ့က တရုတ်သံအမတ်ကြီးဦးဆောင်သည့်အဖွဲ့က ကျိုင်းတုံသို့ရောက်ရှိကာ တရုတ် ၁၃ ဦး သေဆုံး မှုအား ထပ်မံစစ်ဆေးခဲ့သည်ဟု စရဖ အသိုင်းအဝိုင်းကပြောပါသည်။
NK_memberစိုင်းနော်ခမ်းတပည့်များ တာချီလိတ်မြို့၌လက်နက်ချစဉ် (ဓါတ်ပုံ tachilek.net)

"တရုတ်သံအမတ်ကြီး ဦးဆောင်တဲ့ ၆ ယောက်ပါအဖွဲ့က စိုင်းအောင်မြတ် နဲ့ စိုင်းထွန်းကုလားကို မနေ့ကတနေ ကုန်စစ်တယ်။ သံအမတ်ကြီးကတော့ တာချီလိတ်ကနေ လာအိုဘက်ခြမ်းကို ကူးသွားပြီ။ ဒီနေ့လဲ ထပ်စစ်ဦးမယ်။ အခု ဆစ်ဆောင်ပန်းနားက တရုတ်ရဲမှူးကြီးတဦး ဦးဆောင်တဲ့အဖွဲ့ သုံးယောက်က စိုင်းအောင်မြတ်တို့နှစ်ယောက်ကို ထပ်စစ်နေတယ်" - ဟု အဆိုပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။

ဩဂတ်စ် ၇ ရက် အင်္ဂါနေ့ က လာအို(လောဝ်)နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် ဆစ်ဆောင်ပန်းနား ကိုယ်ပိုင်အုပ် ချုပ်ခွင့် ရဒေသ ရဲမှူးကြီးဦးဆောင်သော ၆ ယောက်ပါ အဖွဲ့က နေပြည်တော်မှ ကျိုင်းတုံသို့ရောက်ရှိ၍ စိုင်းနော်ခမ်း၏ ဒုတိယ လက်ထောက်ဖြစ်သူ လက်နက်ချ စိုင်းအောင်မြတ်အား တာချီလိတ်မြို့၌ လက်နက်ချစဉ် ရိုက်ထားသည့် ဓါတ်ပုံ အားပြ၍ တရုတ် ၁၃ ဦး သတ်ရာ၌ ပါဝင်သူများရှိမရှိ မေးမြန်းခဲ့ကြောင်း၊ စိုင်းအောင်မြတ်က တယောက်မှမပါဟုဖြေ ကြောင်း၊ လူသတ်မှု လက်သည်ကို ဆက်လက်မေးမြန်းရာ စိုင်းအောင်မြတ်က တိုက်ရိုက်မဖြေဘဲ ၂၀၀၉ - ၂၀၁၁ အထိ မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောပေါ် ဖမ်းမိသည့် မူးယစ်ဆေးဝါးစာရင်းသာပြောပြခဲ့သောကြောင့် တရုတ်အရာရှိအဖွဲ့ စိတ်ပျက်ခဲ့ကြကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ပြောပါသည်။

"တရုတ်ရဲမှူးကြီးကို စိုင်းအောင်မြတ်က လိသျှမ်းစကားနဲ့ဘဲဖြေတယ်။ တရုတ်သင်္ဘောပေါ်မှာ ရာဘ ဘယ်နှစ်သန်း၊ အိုက်စ်ဘယ်နှစ်ကီလို စတာတွေဘဲဖြေတယ်။ လူသတ်မှုမှာ သူမသိဘူးဘဲပြောတယ်။ မြန်မာအာဏာပိုင်ဘက်ကလဲ ဝင်မပြောဘူး၊ သူတို့လဲ တရုတ်တွေ ခဏခဏ လာစစ်နေတာကို သိပ်မကြည်ချင်တော့ဘူး။ ဘာဘဲဖြစ်ဖြစ် စိုင်းအောင် မြတ်က လက်နက်ချပြီးတဲ့သူဘဲ" - ဟု တာချီလိတ်မြို့နေ စိုင်းအောင်မြတ်မိသားစုနှင့်ရင်းနှီးပြီး ဗျူဟာအသိုင်းအဝိုင်း အတွင်း ဝင်ဆန့်သူတဦးက ပြောပါသည်။

ဂျူလိုင်လ နှောင်းပိုင်းမှ ယနေ့အထိ မြန်မာအာဏာပိုင်တို့ စိုင်းအောင်မြတ်အား ရိုက်နှက်စစ်ဆေးခြင်း မရှိတော့ဘဲ ကျိုင်းတုံမြို့ စရဖ ရုံး၌သာ ထိန်းသိမ်းထားကြောင်း၊ မိသားစုဝင်များလည်း စိုင်းအောင်မြတ်အား ဝင်ထွက်တွေ့ခွင့်ပြု လာကြောင်း မိသားစုအသိုင်းအဝိုင်းကလည်းပြောပါသည်။

တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲ မိုင်းလင်းကျေးရွာအုပ်စု နမ့်ခင်း(မ်း) ရွာ ဇာတိဖြစ်သည့် အသက် ၄၂ နှစ် အရွယ် စိုင်းအောင်မြတ် ခေါ် ဇိန်းဟုန် သည် တရုတ် ၁၃ ဦး အသတ်ခံရမှုတွင် ကိုယ်တိုင်ပါဝင်ဦးဆောင်သူဖြစ်သည်ဟုသတင်း ထွက်နေ၏။

၎င်း၏ ခေါင်းဆောင် စိုင်းနော်ခမ်းမှာမူ လာအိုနိုင်ငံမြောက်ပိုင်း၌ အဖမ်းခံရပြီး တရုတ်နိုင်ငံသို့ လာအိုအစိုးရက လွှဲ အပ်ပေးပြီးနောက်ပိုင်း တရုတ် ၁၃ ဦး သတ်ဖြတ်မှုလည်း ၎င်း၏လက်ချက်ဖြစ်ကြောင်း ဝန်ခံပြီးဖြစ်သည်ဟု တရုတ် နှင့် ထိုင်း သတင်းစာများက ရေးသားပါသည်။