Download from above link
ရခိုင်ပြည်အရေးအခင်း ဘေးသင့်သံဃာတော်များသို့ ဘေးဧရိယာဆရာတော်များက န၀ကမ္မလှူဒါန်း
မိုးမခအထောက်တော် ၀၀၂၊ နိုဝင်ဘာ ၁၄၊ ၂၀၁၂
ရခိုင်ပြည်နယ်အရေးအခင်းများအတွင်း ဘေးသင့်သံဃာတော်များအတွက် န၀ကမ္မအလှူတော်ကို ဆန်ဖရန်ဘေးဧရိယာရှိ ဆရာတော်များစုပေါင်း ပြုလုပ်ခဲ့သည်။ ဆရာတော်များ၏ စုပေါင်းန၀ကမ္မ အလှူတော်ငွေ အမေရိကန်ဒေါ်လာ ၃၁၀၀ကို နယူးဝပ်မြို့ အလိုတော်ပြည့် ဗောဓိသုခဓမ္မရိပ်သာကျောင်းတွင် သီတင်းသုံး လျက်ရှိသော အလိုတော်ပြည့်ဆရာတော်ကြီးထံသို့ ဟေးဝဒ်မြို့၊ မုဒိတာရွှေကျောင်းဆရာတော် အရှင်ဥာဏိကာဘိဝံသက နိုဝင်ဘာ ၁၂ က ကိုယ်စားသွားရောက် လှူဒါန်းခဲ့သည်။
အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကို ဗေးဧရိယာရှိသံဃာတော်များက စုပေါင်းလှူဒါန်းသော နဝကမ္မအလှူတော်
ဆရာတော်များ ဓမ္မာနန္ဒဝိဟာရ ဟာ့မွန်းဗေးမြိုံ ဒေါ်လာ ၇၀၀
ဆရာတော်များ မေတ္တာနန္ဒဝိဟာရ ဖရီးမောင့်မြို့ ဒေါ်လာ ၅၀၀
ဆရာတော်နှင့်တပည့်များ တထာဂတရိပ်သာ ဆန်ဟိုဆေးမြို့ ဒေါ်လာ ၅၀၀
ဆရာတော်များ တောင်ပုလုကမ္ဘာအေး ဘော်ဒါခရိမြို့ ဒေါ်လာ ၃၀၀
ဆရာတော် ရတနာဥာဏ်ရောင် ဒေလီစီးတီးမြို့ ဒေါ်လာ ၂၀၀
ဆရာတော် မုဒိတာရွှေကျောင်း ဟေးဝပ်မြို့ ဒေါ်လာ ၃၀၀
ဆရာတော်များ ဓမ္မအေးရိပ် ဥက္ကလံမြို့ ဒေါ်လာ ၄၀၀
ဆရာတော်များ ကုသလကာရီကျောင်း ဖရီးမောင့်မြို့ ဒေါ်လာ ၂၀၀
စုစုပေါင်း ဒေါ်လာ ၃၁၀၀
ဦးဝဏ္ဏိတ အလိုတော်ပြည့်ကျောင်း နယူးဝပ်ကလည်း ဒေါ်လာ ၃၀၀ ဖြည့်စွက်လှူဒါန်းသဖြင့် စုစုပေါင်း ဒေါ်လာ ၃၄၀၀ လှူဒါန်းနိုင်ခဲ့ပါသည်။
Phone Shan (London Vihara) - Help Needed from all Direction
လက်တွဲခေါ်ယူ ဖေးမကူ
ဘုန်းသျှံ (လန်ဒန်ဝိဟာရ)၊ နိုဝင်ဘာ ၁၄၊ ၂၀၁၂
၁၁.၁၁.၂၀၁၂- တနင်္ဂနွေနေ့ နံနက်က လှုပ်ခတ်သွားတဲ့ ပြင်အား ၆-ဒသမ-၈၊ ရှိ သဘာဝကပ်ဆိုး ငလျင်ဒဏ်ကြောင့် ဧရာဝတီ မြစ်ဘေးရှိ မလားကျေးရွာကလေး ဆိုးဆိုးရွားရွား ခံလိုက်ရပါတယ်။
ထိုရွာငယ်ကလေးဟာ ဧရာဝတီမြစ်မကြီး၏ အနောက်ဘက်ကမ်းမှာ အိမ်ခြေ (၁၆၀)ကျော်ရှိ၍ လူဦးရေ (၆၆၈) နေထိုင်လျှက် လယ်ယာလုပ်ကိုင်သူ၊ စဥ့်အိုးစဥ့်ခွက် လုပ်ကိုင်သူ၊ အရောင်းအဝယ် လုပ်ကိုင်သူတို့နှင့် အတော်အတန် စည်ကားခေတ်မှီသော ရွာငယ်လို့ ဆိုရပါမယ်။ ဘာသာတရားကိုလည်း လေးစားကြ၍ ခေတ်ပညာတတ် ပေါများသော ရွာလည်း ဖြစ်ပါတယ်။ သာသနာဘက်မှာ ကြည့်မည်ဆိုလျှင်လည်း ရဟန်း သံဃာတော်များ၊ ရှင်သာမဏေများ၊ ဘုရားပွဲ၊ ကျောင်းပွဲ၊ ရှင်ပြုမင်္ဂလာ ပွဲများနှင့် အထူးတလည် စည်ကားသော ရွာကလေး ဖြစ်ပါတယ်။
သက်တော် (၆၁) သိက္ခာတော် (၄၁) ရှိသော အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ လန်ဒန်ဝိဟာရကျောင်းမှာ သာသနာပြု နေတော်မူသော၊ မုဒုံမြို့ မြို့မ မဟာစည်သာသနာ့ရိပ်သာကြီး၏ ပဓာန နာယက၊ ရန်ကုန်မြို့ မဟာစည် သာသနာ့ရိပ်သာ ဗဟိုဋ္ဌာနချုပ်နှင့် အပြည်ပြည်ဆိုင်ရာ မဟာစည်သာသနာ့ ရိပ်သာများ၏ နာယကလည်းဖြစ်သော မုဒုံဆရာတော် ဘဒ္ဒ န္တ ကုသလာနန္ဒ မဟာထေရ်- မွေးဖွားရာဇာတိ ချက်မြှုတ် ရွာလည်း ဖြစ်ပါတယ်။ ဆရာတော် ငယ်ရွယ်စဉ်မှာ စာပေသင် ရှင်သမဏေ ပြုခဲ့သည်မှာလည်း ထိုရွာကလေးပဲ ဖြစ်ပါတယ်။ ရွေဘို-မန္တလေး မြို့ကြီးများမှာ လောကုတ္တရာ စာပေသင်၍ အသက်နှစ်ဆယ် ပြည့်သောအခါ မြင့်မြတ်သော ရဟန်းဘောင် တက်ခဲ့သည်မှာလည်း ထိုရွာငယ်ကလေးရှိ ရွာဦးကျောင်း ခန္ဓသိမ်တော် မှာပဲ ဖြစ်ပါတယ်။
ဆရာတော်၏ ကျောင်းသားငယ်ဘဝက ကျော်တက်ကျော်ဆင်း ထင်သလို ပြေးလွှားဆော့ကစား ပြုလုပ်ခဲ့တဲ့ ကျောင်းအဝင်မုဒ်ဦးနှင့် ဆရာတော် ရဟန်းဖြစ်ခဲ့ရသော ရှေးဟောင်း သိမ်တော်မြတ်တို့ ယခုတော့ မြေခလို့ သွားခဲ့ပါပြီ။ ငယ်ရွယ်စဉ်က တူတူပုန်း ကစားခဲ့၊ ငရဲကြီးမှာမကြောက် မသိနားမလည်၊ နောက်ကွယ်မှာ ပုန်းခိုရာ ပြုခဲ့တဲ့ ရုပ်ပွားဆင်းတုတော်များ သီတင်းသုံးရာ သမိုင်းဝင် ဘုရားတိုက်မှာလဲ ထို့အတူ ပြိုကျလို့ ကျောင်းဆောင် အချို့မှာလည်း ကွဲအက် ပျက်စီးသွားခဲ့ရပါပြီ။
ကျေးရွာမုလတန်းကျောင်းနှင့် ကျေးရွာတွင်းရှိ အုတ်နှင့်ပြုလုပ်ထားသော လူနေအိမ် တိုက်ခြောက်လုံး၊ ပျဉ်ထောင်အိမ် (၁၁)လုံးကလည်း လုံးဝ မြေပြင်မှာ အိပ်စက် အနားယူသွားပါပြီ။ မြေသားမှာလည်း ကွဲအက်-ကြောင်းကြီးတွေနဲ့ ပျက်စီးသွားလို့ ရွာမှာအဆန်းတကျယ် ဖြစ်လို့နေပါပြီ။ ဧရာဝတီ မြစ်ရေကလဲ မောက်တက်လာပြီး ရွာကို ကျော်လို့ လယ်ယာ စိုက်ခင်းများကို ရေလွှမ်း ဖျက်ဆီး၊ ရေတက်လာလျှင် ကာဆီးပြီးထားတဲ့ တာရိုးကြီးတွေကိုပါ ပျက်စီးအောင် လုပ်သွားခဲ့ပါပြီ။
အသက်ရွယ် (၈၀)ကျော် အဘိုးအဘွားများ ပြောပြချက်အရ ဒီလို အဖြစ်အပျက်မျိုး လွန်ခဲ့တဲ့ နှစ်ပေါင်း(၆၀) ကျော်လောက်မှာ ပုဂံငလျင်လှုပ်ချိန်က တစ်ကြိမ် ကြုံခဲ့ရဘူးတယ်၊ အဲဒီအချိန်တုန်းက အသံတွေပေးပြီး တုန်ခါတယ်၊ ဒီထက်လည်း ပြင်းထန်တယ်၊ တိုက်တာ အဆောက်အဦးတွေ သိပ်မရှိသေးလို့ အပျက်အစီး ကြီးကြီးမားမား မရှိဘူး။ လူနေအိမ်တွေတော့ အားလုံးနီးပါး ပြားပြီး ပျက်စီးသွားတယ်။ အခုလည်း အိမ်တွေပျက်စီးမှု ပိုများတယ်၊ မြေလွှာ အက်ကြောင်းကြီးတွေလည်း ပိုကြီးတယ်၊ ဒါဟာ ဒုတိယဒုက္ခပဲလို့ ငြီးတွား ပြောဆို ကုန်ကြပါပြီ။
နိုဝင်ဘာလ (၁၁)ရက်နေ့ နံနက် (၇)နာရီ (၄၅)မိနစ်အချိန် ငလျင်ကြီး လှုပ်ခတ်ပြီးသည့် နောက်ပိုင်းမှာ နေ့လည် (၂)နာရီခွဲတစ်ကြိမ်၊ ညနေ (၅)နာရီ မိနစ်(၂၀)မှာ တစ်ကြိမ် အင်အား ရစ်ခ်ျတာစကေး- ၅ ဒသမ ၈-ရှိတဲ့ နောက်ဆက်တွဲ ငလျင်များ ထပ်မံလှုပ်ခတ် သွားခဲ့တာကြောင့် စိုးရမ်စိတ်ဖြင့် လူတွေအားလုံး ဘောလုံးကွင်းထဲမှာ တဲထိုးနေကြရတဲ့ အဖြစ် ရောက်သွားပါပြီ။
အဆိုးဝါးဆုံးမှာတော့ တည်ဆောက်ဆဲ ဧရာဝတီ၏ အလှတရားတစ်ခု၊ ဒေသ၏တန်ဖိုး၊ မြန်မာနိုင်ငံအတွက် သမိုင်းဝင် ဖြစ်လာမည့် ကျေးရွာထိပ်က အောင်ဇေယျ မြစ်ကူးတံတားကြီး ပျက်စီးသွားခဲ့ပါပြီ။ အလှမ်းဝေးလှတဲ့ မန္တလေးမြို့၊ မိုးကုတ်မြို့တို့ကို လွယ်ကူ ချောမွေ့စွာ သွားလာနိုင်တော့မည်ဟု တစ်နယ်လုံးရှိ ပြည်သူလူထုများက မျှော်လင့်ထားခဲ့ကြ၊ နှစ်များစွာက ဖြစ်လာလျှင် ကောင်းမှာလို့ တောင့်တခဲ့တဲ့ အောင်ဇေယျ။ ယခုတော့ အများပြည်သူ မျှော်လင့်ချက်တွေ ပျက်သုန်းလို့ တစ်နယ်လုံး ငိုကျွေးရတဲ့ အဖြစ်ကို ရောက်ခဲ့ရပါပြီ။
ပြောပါရစေ… သဘာဝ ကပ်ဆိုးဟူသည် မခေါ်ပဲ လာတတ်သော်လည်း မနှင်ပဲတော့ ပြန်လိမ့်မည် မဟုတ်ပါဘူး။ အဘယ့်ကြောင့်ဆိုသော် ကျွနုပ်တို့၏ အမိမြန်မာနိုင်ငံမှာ သစ်တောတွေ ပြုန်းတီး၊ သဘာဝ သယံဇာတတွေ ဖျက်ဆီးနေကြလို့ပါပဲ။ မြန်မာနိုင်ငံ၏ အရှေ့မြောက်နှင့် အနောက်မြောက်ပိုင်းမှာ ထူထပ်လှတဲ့ တောဆိုးသစ်ပင်တွေ ရှိပါတယ်၊ နိုင်ငံ၏ အရှေ့ဘက်ခြမ်း၊ အရှေ့တောင်ဘက်နှင့် အနောက်တောင် အရပ်တွေမှာလည်း ထို့အတူပါပဲ၊ ကမ္ဘာက အသိအမှတ် ပြုရလောက်အောင်ကို သဘာဝ တောတောင်တွေ ပေါများလှပါတယ်။ ယခုတော့ တရားမဝင်ရော- တရားဝင်ရော ထင်သလို ခုတ်လှဲကြ၊ အစားထိုး စိုက်ပျိုးဖို့ကိုလည်း မရည်ရွယ်၊ လည်သူတွေသာစားလို့ မြေယာပါမကျန် လှန်လိုလှန် မှောက်လိုမှောက် လုပ်လာခဲ့ကြတာ နှစ်ပေါင်း ငါးဆယ်ကျော်လာခဲ့ပြီ မဟုတ်လား၊
တောတောင်တွေ ပျက်သုန်းကုန်ပါပြီ၊ ဧရာဝတီ- ချင်းတွင်း မြစ်ရေတွေလည်း နောက်ခဲ့ကြပါပြီ။ ဧရာဝတီ- ချင်းတွင်းကို အမှီပြုလို့ အသက်မွေးခဲ့သူတွေလည်း လူမသိ သူမသိ မျက်ရည်သုတ်လို့ ငိုကျွေးခဲ့ရတဲ့ ရက်တွေ များခဲ့ကြပါပြီ။ အရင်းစစ်တော့ အမြစ်က ဆိုတဲ့အတိုင်း အုပ်ချုပ်သူ လူတန်းစားတစ်ရပ်၏ အမျှော်အမြင်နည်းမှု၊ ဉာဏ်မဲ့မှု၊ ညှာတာ ထောက်ထား ကိုယ်ချင်းစာစိတ် ကင်းမဲ့မှု၊ အတ္တကြီး ကိုယ်ကျိုး ရှာမှု တွေကြောင့်ပဲလို့ ဆိုလိုက်ချင်ပါတယ်။
သဘာဝကပ်ဆိုးတွေ ဒို့မြေမှာ နောင်မလာရအောင် မကျရောက်အောင် လုပ်ဖို့က ပြည်သူတွေ အသိပညာရှိဖို့ လိုပါပြီ၊ ကိုယ့်မြေ ကိုယ့်ရေကို ချစ်တတ်ဖို့ လိုပါပြီ၊ ဒါဒို့ပြေ ဒါဒို့မြေ ဒို့ပိုင်တဲ့မြေလို့ ပါးစပ်က ဆိုနေရုံမျှ ပြီးသွားမည့် အချိန်အခါ မဟုတ်တော့ပါဘူး။ သစ်တစ်ပင်ခုတ် သုံးပင်ပြန်စိုက်ရမည် ဆိုတာကိုလည်း စိတ်ထဲမှာ စွဲထားဖို့ လိုသလို လက်တွေ့ ကျင့်သုံးကြဖို့ လိုပါပြီ။ အုပ်ချုပ်သူမှစ- အုပ်ချုပ်ခံ လူတန်းစားနှင့် နိုင်ငံ ဝန်ထမ်းများပါမကျန် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာအတွက် ကိုယ့်တာသူ့တာ မခွဲထားပဲ တစ်စိတ်တည်း တစ်ဝမ်းတည်း လက်တွဲလို့ ဆောင်ရွက်ကြပါမှ ဖြစ်တော့မှာပါ။
ကမ္ဘာမှာ သဘာဝ တရားဆိုးတွေက နိုင်ငံပေါင်းစုံကို မြင်သာအောင် သိအောင် ပြောလာကြ ပြလာကြပါပြီ။ ကမ္ဘာကြီး ပျက်စီးဖောက်ပြန်အောင် လုပ်နေတာလည်း ကမ္ဘာပေါ်နေကြတဲ့ ကျွန်ုပ်တို့၊ ကောင်းအောင် စောင့်ရှောက် ရမည်မှာလည်း ကျွန်ုပ်တို့ပါပဲ ဆိုတာ ဘာသာတရား အဆုံးအမနဲ့ ပြောရလျှင် အားလုံးအတွက် "အပ္ပမာဒေန သမ္မာဒေထ" လို့ ဆိုလိုက်ပါရစေတော့။
သတ္တဝါ မှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာ ရှိကြပါစေ…
၁၂. ၁၁. ၂၀၁၂။
အသိပေး နိုးဆော်ပါသည်…..
မုဒုံဆရာတော်၏ ဇာတိ မလားကျေးရွာနှင့် ဘုရားကျောင်းကန်များ ပြုပြင်တည်ဆောက် နိုင်ရန်- အလှူငွေခေါ်ခေါ်၊ ကူညီငွေ ပြောပြော မိမိသဘော ဆန္ဒအတိုင်း လှူလိုက ကူညီလိုက အောက်ပါ ဖုန်းနံပါတ်ကို ဆက်သွယ်ရန်။ သို့မဟုတ်- ဆရာတော်၏ ဘဏ်အကောင့်တွင် ထည့်သွင်းပေး ကြပါရန်။
မုဒုံဆရာတော်= ဖုန်း = 075 3333 6448/ 0044 - 75 3333 6448/
Email- venmudon50@gmail.com
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့။
လက်ကမ်း မျှဝေပေးကြပါရန် မေတ္တာရပ်ပါသည်။ မလားကျေးရွာ၏ ပျက်စီးမှု အခြေအနေများ…. မလားကျေးရွာမှ သီးခြားဓာတ်ပုံများ မရောက်သေးပါ၊
Mudita Shwe Kyaung Ka Htain Pwe
မုဒိတာရွှေကျောင်း ကထိန်ပွဲ စည်ကားသိုက်မြိုက်
မိုးမခဓာတ်ပုံသတင်း၊ နိုဝင်ဘာ ၁၃၊ ၂၀၁၂
နိုဝင်ဘာ ၁၁က ဆန်ဖရန်ဘေးဧရိယာ၊ ဟေးဝဒ်မြို့၊ မုဒိတာရွှေကျောင်း ကထိန်ပွဲတော်ကို ကျင်းပခဲ့ရာ အဟာရအလှူရှင်များက မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာများဖြင့် ဧည့်ပရိသတ်ကို ကျွေးမွေးဧည့်ခံကြပြီး ဧည့်ပရိသတ်များက ဆွမ်းအလှူဒါန၊ ကထိန်သင်္ကန်းအလှူဒါနများ ပြုခြင်းတို့ ဆောင်ရွက်ကြပါတယ်။
ကျောင်းထိုင်ဆရာတော် အရှင်ဉာဏိကာဘိဝံသက ပြောကြားရာမှာ ဆန်ဖရန်ဘေးဧရိယာသို့ ပြောင်းရွှေ့လာကြသူ မြန်မာမိသားစုများ တနှစ်ထက် တနှစ် တိုးတက်များပြားလာသည်ဟု ထင်ကြောင်း၊ ကျောင်းသားလူငယ်များ၊ မိသားစုများအပြင် လူကြီးများ၊ ကလေးသူငယ်များ အများအပြားကို တွေ့ရကြောင်း၊ ယခုလို ဘာသာရေး လူမှုရေးပွဲများတွင် မိတ်ဟောင်း မိတ်သစ် ဆုံကြသည်ကို တွေ့ရသည်မှာ မင်္ဂလာဖြစ်ကြောင်း ပြောကြားသွားသည်။
Quake death toll up to 26
ငလျင်ကြီးကြောင့် သေဆုံးသူ အနည်းဆုံး ၂၆ ဦးရှိ
မိုးမခအထောက်တော် အမှတ် ၀၀၂
နိုဝင်ဘာ ၁၃၊ ၂၀၁၂
တနင်္ဂနွေနေ့က လှုပ်ခတ်သွားသည့် ငလျင်ကြီးကြောင့် သေဆုံးသူ အနည်းဆုံး ၂၆ ဦးရှိနေကြောင်း နိုင်ငံတကာ ကြက်ခြေနီ နှင့် လခြမ်းနီ အသင်းက သတင်းထုတ်ပြန်ထားသည်ဟု ရန်ကုန်မြို့တော်မှ လာသည့် အေဂျင်စီသတင်းတို့က ဆိုသည်။
ပျောက်ဆုံးနေသူအရေအတွက်မှာ ၁၂ ဦး ရှိသည်ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးအောင်ကျော်ထွတ်က AFP သတင်းဌာနကို ပြောသည်။
ဒဏ်ရာရသူ ၂၃၁ ဦးရှိသည်ဟု သိရှိရသည်။
ဆေးရုံ ၂၂ ခု
ဘာသာရေး အဆောက်အအုံ ၁၃၇ ခု
အိမ် ၂၅၁ လုံး
အစိုးရရုံး ၄၈ ရုံး ပျက်စီးထိခိုက်သည်ဟု AFP သတင်းတစ်ပုဒ်က ကြက်ခြေနီအဖွဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီး ရေးသားထားသည်။
----------------
ပြီးခဲ့သောနှစ် လွယ်မွေမြို့ငလျင်နှင့် ယခင်က မြန်မာပြည်ကို ကိုင်လှုပ်ခဲ့သည့် ငလျင်ကြီးများအကြောင်း ဖတ်ရှုရန် အောက်ပါ လင့် တစ်ခုခုကို နှိပ်ပါ။
http://moemaka.blogspot.com/2011/03/quakes-in-burma.html
http://moemaka.com/?p=17989
မိုးမခအထောက်တော် အမှတ် ၀၀၂
နိုဝင်ဘာ ၁၃၊ ၂၀၁၂
| ရွှေဘိုအနီး ဆိုးဆိုးရွားရွား ပျက်စီးနေသော ကျေးလက်ဒေသ မြင်ကွင်း (ဓာတ်ပုံ - Reuters) |
ပျောက်ဆုံးနေသူအရေအတွက်မှာ ၁၂ ဦး ရှိသည်ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးအောင်ကျော်ထွတ်က AFP သတင်းဌာနကို ပြောသည်။
ဒဏ်ရာရသူ ၂၃၁ ဦးရှိသည်ဟု သိရှိရသည်။
ဆေးရုံ ၂၂ ခု
ဘာသာရေး အဆောက်အအုံ ၁၃၇ ခု
အိမ် ၂၅၁ လုံး
အစိုးရရုံး ၄၈ ရုံး ပျက်စီးထိခိုက်သည်ဟု AFP သတင်းတစ်ပုဒ်က ကြက်ခြေနီအဖွဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီး ရေးသားထားသည်။
----------------
ပြီးခဲ့သောနှစ် လွယ်မွေမြို့ငလျင်နှင့် ယခင်က မြန်မာပြည်ကို ကိုင်လှုပ်ခဲ့သည့် ငလျင်ကြီးများအကြောင်း ဖတ်ရှုရန် အောက်ပါ လင့် တစ်ခုခုကို နှိပ်ပါ။
http://moemaka.blogspot.com/2011/03/quakes-in-burma.html
http://moemaka.com/?p=17989
Letter to Moemaka
သမတကြီး သိစေလို (မိုးမခပေးစာ)
ပြည်သူတဦး
နိုဝင်ဘာ ၁၃၊ ၂၀၁၂
ပြည်သူတဦး
နိုဝင်ဘာ ၁၃၊ ၂၀၁၂
ယခုအခါ နိုင်ငံတော်အစိုးရမှ (GSM 2.75 G) မိုဘိုင်းများအား မြို့နယ်နှင့် ကျေးရွာများတွင် ဒေသခံအုပ်ချုပ်ရေးအဖွဲ့ အစည်းများ၏ အကူ အညီကိုရယူကာ အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချရောင်းချရာတွင် အမှန်တကယ်သုံးစွဲမည့် ကျေးလက်နေပြည်သူများ၏လက်ဝယ်သို့ သက်သက်သာသာနှုန်းထားဖြင့်ရောက်ရှိစေရန်အတွက် မလိုလားအပ်သော ငွေကျေးကောက်ခံမှုများ မပြုလုပ်ရန်၊ သတ်မှတ်နှုန်းထားမှအပ အပိုငွေကျေးကောက်ခံမှုမရှိစေရန်ညွှန်ကြားထားကြောင်း သိရှိရသည်။ ညွှန်ကြားချက်တွင် စစ်ဆေးတွေ့ရှိပါကလည်း ထိရောက်စွာ အရေး ယူမည်ဟုပါရှိကြောင်းလည်း သိရှိရပါတယ်။
ညွှန်ကြားချက်ကို အတိအကျထုတ်ထားသော်လည်း တကယ်လက်တွေ့တွင် အိတ်ချိန်းဝန်ထမ်းများမှ ငွေကျေးကောက်ခံမှုများရှိနေသည်ဟု သိရပါတယ်။ သမ္မတကြီးမှ ဆင်းရဲမှုပပျောက်စေရေးဟုပြောကြားနေသော်လည်း အောက်ခြေ၀န်ထမ်းများမှလိုက်နာမှုမရှိဘဲ အကျင့်ပျက်ခြ စားနေဆဲဖြစ်ပါတယ်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရွှေတောင်၊ ပန်းတောင်း ကြိ့ပင်ကောက်မြို့နယ်တို့တွင် လျှောက်လွှာခဆိုပြီး ကျပ် ၁၀၀၀ နှင့် အုတ်ဖိုမြို့နယ်တို့ တွင် ကျပ် ၁၅၀၀ တို့ကို ကောက်ခံလျှက်ရှိကြောင်း သိရပါတယ်။ ထို့အပြင် ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များသို့ ဆက်သွယ်ရေးလုပ်ငန်း များမှ အများပြည်သူနှင့်သက်ဆိုင်သည့် လုပ်ငန်းများမှာသုံးစွဲရန်အတွက် လစဉ်ထုတ်ပေးနေတဲ့ ဒီဇယ်ဆီများကိုလည်း ကိုယ်ကျိုးအတွက် သုံးစွဲနေမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ယခုလို နိုင်ငံတော်သမတကြီးနှင့် တာဝန်ရှိသူများက ပြုပြင်ပြောင်းလဲနိုင်ရန်ကြိုးစားနေသော်လည်း အောက်ခြေအာဏာပိုင်တို့ရဲ့ အကျင့် ပျက် ခြစားနေမှုများကို သိမြင်စေရန်အတွက် ဖော်ထုတ်တင်ပြလိုက်ရပါတယ်။
News and Media
ရွှေညဝါဆရာတော်ရဲ့ ကနေဒါဓမ္မခရီးနှုတ်ဆက်ပွဲ ဗန်ကူးဗားမှာကျင်းပ
ကျော်ဟုန်း
နိုဝင်ဘာ ၁၃၊ ၂၀၁၂
ကျော်ဟုန်း
နိုဝင်ဘာ ၁၃၊ ၂၀၁၂
ရွှေညဝါဆရာတော်ဟာ ဗန်ကူးဗား၊ တိုရန်တို၊ ကယ်လ်ဂါရီ၊ စက်စကာတွန်းမြို့ များကို ဓမ္မဒူတခရီးလှည့်လည်ခဲ့ပါတယ်။ (နိုဝင်ဘာ၊ ၁၂ ၊ ၂၀၁၂) နံနက်(၈)နာရီခွဲမှာ ရွှေညဝါဆရာတော်၊ ဦးသူရိယ၊ ဗုဒ္ဓရံသီ ဦးဂေါသက၊ ထိုင်ဝမ်ဆရာတော် ဦးနန္ဒဝံသ တို့ ဟာကယ်လ်ဂါရီ၊ စက်စကာတွန်းမှ ကထိန်သင်္ကန်းကပ်၊ ဒုလ္လဘရဟန်းခံရှင်ပြုနဲ့ တရားပွဲအပြီး ဗန်ကူးဗား အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်လာကြပါ တယ်။
ဗန်ကူးဗား ဗုဒ္ဓရံသီကျောင်းမှ ဂေါပကများဖြစ်ကြတဲ့ ကိုစိန်ထွန်း၊ ကိုကိုလေး၊ ကိုတင်နွယ်နဲ့ မိတ်ဆွေများအပြင် ကပ္ပိယ-ကိုမိုး၊ ကိုမောင်မောင် သိန်း၊ ကိုသန်းဝင်း၊ ကျော်ဟုန်း(မီဒီယာ) တို့ လဲ သွားရောက်ကြိုဆိုခဲ့ကြပါတယ်။ နိုဝင်ဘာ (၁၂)ရက်နေ့ တွင် ရွှေညဝါဆရာတော်ဟာ ဗန် ကူးဗား ဗုဒ္ဓရံသီကျောင်းမှာ နေ့ ဆွမ်းအပြီး ပထမတရားပွဲနဲ့  ဒုတိယတရားပွဲကို ည(၆)နာရီမှ (၈) နာရီခွဲထိ ကြွရောက်လာတဲ့ပိရိသတ်များကို နှုတ်ဆက်တရား(၂)ပွဲ ဟောပြောတော်မူပါတယ်။ ပထမတရားပွဲမှာ "ပြည်ပရောက်ရောက်နေပေမယ့် အမျိုးဘာသာ၊ သာသနာအကျိုးဆောင်ရွက်နိုင်ခြင်းမှာ ရှေးကုသိုလ်ကံ၊ပါရမီကြောင့်ဖြစ်ကြောင်း၊ မိမိနိုင်ငံရဲ့အကျိုးကိုလဲ အခွင့်အခါသင့်လျှင် ပြန်ဆောင်ရွက်သင့်ကြောင်း" များကို တရားအတွင်း ထည့်သွင်း ဆုံးမသြဝါဒပေးခဲ့ပါတယ်။
ညပိုင်းတရားပွဲမှာလဲ "ဗုဒ္ဓဘုရားရှင်ဟောကြားတော်မူခဲ့သည့်အတိုင်း သံဃာတော်များဟာ သာသနာ တိုးတက်ပြန့် ပွားရေး၊သာသနာဖျက်များရန်မှကာကွယ်ရေး၊ ကိုးကွယ်သည့် ဒကာများအကျိုးများအားရှေ့ ရှုဆောင်ရွက်ရေးတို့ ကိုဆောင်ရွက်နိုင်မှသာသနာ့ဝန်ထမ်းဖြစ်နိုင်ကြောင်း၊ ထို့ အတူ မြန်မာပြည်သူများ တချို့ က ပြည်သူ့ ဝန်ထမ်းကို အစိုးရဝန်ထမ်းဟု အမှတ်မှားနေကြကြောင်း၊ ပြည်သူများထံမှ ရရှိသည့် အခွန်များဖြင့် နိုင်ငံ့ဝန်ထမ်းများအား လစာငွေပေးရသဖြင့် ပြည်သူ့ ဝန်ထမ်းဟုသာခေါ်ထိုက်ကြောင်း၊ အစိုးရသည်ပင်ပြည်သူ့ ဝန်ထမ်းဖြစ်၍ ပြည်သူများကောင်းကျိုးဆောင်ရွက်နိုင်မှသာတာဝန်ကြေပြီး လူချစ်ကြမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ်တို့ အပေါ် တာဝန်ကြေရန် ပြည်သူလုထု လူကြီးတိုင်းတွင် တာဝန်ရှိကြောင်း၊ ကိုယ်တိုင်ကြီးကျယ်ဖို့ ထက် တိုင်းပြည်ကြီးကျယ်အောင် ဆောင်ရွက်နိုင်ဖို့  ပို အရေးကြီးကြောင်း" မှတ်သားဖွယ်စကားများလဲ တရားထဲမှာ ထည့်သွင်းဟောကြားခဲ့ပါတယ်။
ရွှေညဝါဆရာတော်ကို ပြည်ပရောက် မြန်မာပြည်သားများက တိုင်းပြည်နှင့်လူမျိုးကိုချစ်တဲ့ဆရာတော်၊ သာသနာ့အကျိုးတိုးပွားရန် ဆောင်ရွက်နေတဲ့ဆရာတော်အဖြစ် ကြည်ညိုသဒ္ဓါပွားကြတာကို တွေ့ မြင်ရပါတယ်။ ဆရာတော်ဟာ ကနေဒါနိုင်ငံမှာ (၂)ပတ်ကြာရောက်ရှိ နေချိန်အတွင်း ဗန်ကူးဗား၊ တိုရန်တို၊ ကယ်ဂါရီ၊ စက်စကာတွန်းမြို့ များမှာ ဒကာများရဲ့ဆန္ဒကို ဖြည့်ဆီးပြီး တရားများ မနေမ နား ဟောခဲ့ပါတယ်။ ၄င်းမြို့ (၄)မြို့ မှ ဆရာတော်အား လှူဒါန်းငွေစုစုပေါင်း ကနေဒါဒေါ်လာ (၁၅,၀၀၀) ရရှိခဲ့ကြောင်း သိရပါတယ်။
(နိုဝင်ဘာ၊ ၁၃ ၊၂၀၁၂) င်္နနက် (၁၁)နာရီ မှာ ဗန်ကူးဗား၊ ကနေဒါနိုင်ငံမှ ထိုင်းနိုင်ငံကို လေယာဉ်ဖြင့် ကြွချီသွားပါတယ်။ ထိုင်း နိုင်ငံမှာလဲ ရွှေညဝါဆရာတော်ဟာ တရားပွဲများကျင်းပဦးမှာဖြစ်ကြောင်း သိရပါတယ်။ ရွှေညဝါဆရာတော်ဟာ သံဃာ့ဝိနည်းအတိုင်း ကျင့်ကြံနေထိုင်ပြီး သာသနာ့တော်တည်တံ့ပြန့် ပွားရေးလုပ်ဆောင်နေတဲ့ ရဟန်းဖြစ်တဲ့အပြင် မိမိတိုင်းပြည်နဲ့ လူမျိုးအကျိုးကို လိုအပ်လာရင်နောက်မတွန့် ဘဲ ကိုယ်ကျိုးစွန့် ဆောင်ရွက်တတ်သည့်ရဟန်းတော်မြတ်ဖြစ်သဖြင့် ပြည်တွင်းပြည်ပမြန်မာပြည်သားအများစုက လေးစားကြည်ညိုမှုအရရှိဆုံး ဆရာတော်တပါးလဲ ဖြစ်ပါတယ်။
Kyaw Thu - FFSS Yangon Activity,
ပေခံ၍ အသေခံကြတော့မှာလား
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
နိုဝင်ဘာ ၁၃၊ ၂၀၁၂
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
နိုဝင်ဘာ ၁၃၊ ၂၀၁၂
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နေ့စဉ်နေ့တိုင်း နာရေးကူညီမှုပေါင်း (၄၅)မှ(၅၀)ဦးခန့် ပျမ်းမျှအခမဲ့သဂြိုလ်ပေးနေရသလို သုခကုသိုလ်ဖြစ်ဆေးခန်းတွင်လည်း ရောဂါဝေဒနာသည် ကျန်းမာရေး ချို့တဲ့သူ လူဦးရေ(၂၀၀)ကျော်ခန့်တို့ကို အခမဲ့ဆေးဝါး ကုသပေးလျှက်ရှိရာ ၈.၁၁.၂ဝ၁၂ ရက်နေ့ နံနက် (၇း၃ဝ) နာရီအချိန်ခန့်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိ အမှတ် (၁၃/က) ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ လူနာတင်ယာဉ် အကူအညီ တောင်းခံရန် အမျိုးသားတစ်ဦး ရောက်ရှိလာခဲ့သည်။ ၄င်းအမျိုးသားဖြစ်သူ ဦးသူရကို၏ အစ်ကိုတော်စပ်သူ ဦးကျော်ကျော်ထွန်းအား သင်္ဃန်းကျွန်းမြို့နယ်နေအိမ်မှ မြောက်ဥက္ကလာပဆေးရုံသို့ သွားရောက်ရန် လူနာတင်ယာဉ် အကူအညီ တောင်းခံခြင်းဖြစ်သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ဝင်များသည် ဦးကျော်ကျော်ထွန်းအား ဆေးရုံသို့ ကူညီပို့ဆောင်နိုင်ရန် နာရေးကူညီမှု အသင်း (ရန်ကုန်)မှ သင်္ဃန်းကျွန်းမြို့နယ် နေအိမ်သို့ ထွက်ခွာခဲ့ကြသည်။ လူနာဖြစ်သူ ဦးကျော်ကျော်ထွန်း ၏နေအိမ်သည် အထပ်မြင့် (၆) လွှာတွင်နေထိုင်ပြီး ခါးရိုးတန်းမကြီး ခွဲစိတ်မှု ခံယူထားရသူဖြစ်သည်။ အိပ်ယာထပ်တွင် လှဲလျောင်းနေရသည်မှာ (၇) လခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထို့အပြင် ဦးကျော်ကျော် ထွန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ သွားရောက်ကူညီခဲ့သည်မှာ ယခုတစ်ကြိမ်သည် (၅) ကြိမ် ကူညီပေးခြင်းဖြစ်သည်။ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်များသည် လူနာအားခက်ခဲစွာ အထပ်မြင့်မှ သယ်ချခဲ့ရပြီး မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ကာ ဆေးရုံမှတဖန် နေအိမ်သို့ ပြန်လည်၍ ပို့ဆောင် ပေးခဲ့ကြသည်။ ထိုသို့ ခက်ခက်ခဲခဲ ကူညီပြီးချိန်တွင် လူနာ၏ညီဖြစ်သူ ဦးသူရကို၏ မိခင်နှင့် ညီအစ်ကို မောင်နှမများမှ ကျေးဇူးတင်ရှိပါကြောင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လူနာတင်ယာဉ်အကြိမ် ကြိမ် အကူအညီတောင်းခံရခြင်းအား အားနာ၍ ပြင်ပပုဂ္ဂလိကဆေးခန်းများမှ လူနာတင်ယာဉ်ခေါ်ယူခဲ့ရာ (၆) လွှာမှ လူနာအားသယ်ယူချရာတွင် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုအားနည်းခြင်း အဆင်မပြေမှုများ ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ယခုကဲ့သို့ ထပ်မံအကူအညီ တောင်းခံရခြင်းဖြစ်ကြောင်း ရှင်းပြ ခဲ့ကြပါသည်။
ထို့အပြင် ၉.၁၁.၂ဝ၁၂ ရက်နေ့ နေ့လည်တွင်လည်း ပုလဲမြို့နယ်မှ အမျိုးသမီးတဦး၏ အကူအညီ တောင်းခံမှုကြောင့် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့သားများသည် လူနာ၏နေအိမ် ၂၃ လမ်း၊ ရွှေနံ့သာ စံပြ ရပ်ကွက်၊ ပုလဲမြို့သစ်သို့ သွားရောက်၍ ကူညီပေးခဲ့ကြသည်။ လူနာဖြစ်သူ ဦးနန်းနွယ် အသက် (၆၄) နှစ် ဖြစ်ပြီး အရိုး TB ဝေဒနာဖြင့် အိပ်ယာတွင် (၄) လခန့်လဲလျောင်းလျက်ရှိကာ ဆွေမျိုးမိသားစုများ မရှိသည့် အတွက် တစ်ဦးတည်း နေထိုင်သူဖြစ်သည်။ ဦးနန်းနွယ်အား အကူအညီပေးနိုင်ရန် အနီးပတ်ဝန်းကျင်မှ အမျိုးသမီးတစ်ဦး၏ ကူညီဆက်သွယ်ပေးမှုကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူနာတင်ယာဉ်ဖြင့် နေအိမ်မှ ကြည့်မြင်တိုင်အရိုးဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြသည်။ ဦးနန်းနွယ်မှ ယခုကဲ့သို့ အကူအညီ ပေးသည့်အတွက် ဦးကျော်သူ၏ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အဖွဲ့သားများကို ကျေးဇူးတင်ရှိပါ ကြောင်း နောင်တွင်လည်း ဆထက်တဘိုး တိုးတက်ကူညီနိုင်ကြပါစေကြောင်း ဆုတောင်းစကားဆိုခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့၏ လူမှုဒုက္ခများထဲ၌ ကျင်လည်နေကြ ရသူတို့အတွက် ဆက်လက်ကူညီ ကွက်လပ်ဖြည့်နေရဦးမည် ဖြစ်ရာဝေဒနာရှင် မိဘပြည်သူအပေါင်းတို့ သည်လည်း ဆေးရုံ၊ ဆေးခန်းများသို့ သွားလာရန်မတတ်နိုင်သည့် မိမိတို့၏ ခံစားနေရသော ဝေဒနာဆိုး များအတွက် လည်းကောင်း၊ ယခုကဲ့သို့သော လမ်းလျှောက်ဖို့နေနေသာသာ မိမိတို့ လဲလျောင်းနေရသော နေရာအခင်းအကျင်းမှ မတ်တပ်ပင်မထနိုင်သော ဝေဒနာရှင်များအနေဖြင့် မိမိတို့၏ ဝေဒနာဆိုးများအား ကြိတ်မှိတ်ခံစားခြင်း၊ ပေ၍ ခံစားခြင်းများပြုလုပ်ကာ မိမိတို့ သေဆုံးမည့်နေ့ရက်ကို မစောင့်ဆိုင်းကြဘဲ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း မှတဆင့် အကူအညီတောင်းခံကာ ဆေးဝါး ကုသခြင်း၊ လူနာတင်ယာဉ်တောင်းဆိုခြင်းတို့အား ပြုလုပ်ကြပါက မိမိတို့၏ ကြုံတွေ့ခံစား နေရသော ရောဂါဝေဒနာများ ပျောက်ကင်းမှုကိုရရှိစေမည်ဖြစ်သလို နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လည်း အဓိကရည်ရွယ်ချက်ဖြစ်သော "အများပြည်သူအတွက် အများပြည်သူကောင်းမှု" ဟူသော ကုသိုလ် ကောင်းမှုကြီးတစ်ရပ်ကို စွမ်းဆောင်၊ ဖေးမ၊ ကူညီ၊ ပေဆပ်ခြင်း တည်းဟူသော မွန်မြတ်သော လူသားချင်း စာနာထောက်ထားမှု တစ်ရပ်ကို လုပ်ဆောင်ပေးရာရောက်တော့မည်ဖြစ်ပေတော့သည်။
Ashin Awwthada - Articles
ကျွန်ုပ်တို့ကျတဲ့ မျက်ရည်
အရှင်သြသဓ (ဟပ်မွန်းဘေး)
နိုဝင်ဘာ ၁၃၊ ၂၀၁၂
အရှင်သြသဓ (ဟပ်မွန်းဘေး)
နိုဝင်ဘာ ၁၃၊ ၂၀၁၂
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁-ရက်နေ့က မြန်မာနိုင်ငံမှာ နိုင်ငံတော်သမ္မတကြီး ဦသိန်းစိန်ဟာ သမ္မတအိမ်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး သူတို့မေးတဲ့ မေးခွန်းတွေကိုလည်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ ပွဲစပြီး မကြာမီ မေးခွန်းသုံးခု လောက် ဖြေဆိုပြီးချိန်က စလို့ သမ္မကြီးဦးသိန်းစိန်ဟာ ဇောချွေးများပြန်လာတယ်လို့ ဆိုပါတယ်။ စိတ်လက်မအီမသာဖြစ်နေတဲ့ ပုံတွေလည်း တွေ့ရပါတယ်။ နောက်ဆုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကာကွယ်ရေးဝန်ကြီးမှ ခန့်အပ်နိုင်မှု အနေအထားနှင့် ပတ်သက်ပြီး Favourite Journal မေးမြန်းချက် အရောက်မှာတော့ မျက်စိမျက်နှာများ ပျက်လာကာ အသံများတုန်လှုပ်လာပြီး မျက်ရည် များပါ ကျဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတကြီးကျတဲ့မျက်ရည်ကတော့ အကျဉ်းအကြပ်ထဲမှာ ဘယ်လိုဖြေရမှန်းမသိလို့ ကျတဲ့မျက်ရည်ပါ။
တခါက မြန်မာပြည်မှာ ရာတန်တွေသိမ်းတော့ ဒကာတစ်ယောက်ဟာ လက်ထဲမှာရှိတဲ့ငွေ အကုန်ဆုံး၊ စီးပွားတွေလဲ အကုန် ပျက်လို့ နေမထိ ထိုင်မသာဖြစ်ကာ တငိုငို တမှိုင်မှိုင်နဲ့ ရူးမတတ်ဖြစ်နေလို့ နောက်ဆုံး ကျောင်းရောက်လာပါတယ်။ ရောက်လာတာက တော့ ယောဆရာတော်ကျောင်းပါ။ စာရေးသူလဲ ရောက်နေချိန်မို့ သူ့အပူသောကမျက်ရည်တွေနဲ့ ယောဆရာတော်ကို လျှောက်ထားခဲ့ တာ ကြားရတော့ အတော့်ကို ဝမ်းနည်းစရာပါ။ သူ့မျက်ရည်တွေကတော့ စီးပွားဆုံးလို့ကျတဲ့ မျက်ရည်လို့ဆိုရမှာပါ။
နောက်တစ်ယောက်က စာရေးသူငယ်စဉ်က သူငယ်ချင်းပါ။ သူ့မှာ သမီးလေးတစ်ယောက်၊ သားလေးတစ်ယောက် ရှိပါတယ်။ နောက်ထပ် သားသမီး မယူကြတော့ပါဘူး။ မိဘအိမ်ကနေ ခွဲခဲ့ကြတော့ သမီးလေးကို သူ့မိဘတွေအဖေါ်ရအောင် အဖိုးအဖွားနဲ့ ထားခဲ့ ပါတယ်။ သားငယ်လေးကတော့ သူတို့နဲ့နေပါတယ်။ သားဆိုလို့ ဒီမြေးလေးတစ်ယောက်သာပါလို့ အဖိုးအဖွားတွေက ချစ်လိုက်တာလဲ မပြောပါနဲ့တော့။ အဲဒိအချိန်မှာ ကလေးဟာရုတ်တရက် အဖျားဝင်ပြီး သေဆုံးသွားပါတယ်။ အဖိုးအဖွား မိဘဆွေမျိုး အကုန်လုံး ချုံးပွဲချ ငိုလို့ ဘယ်သူမှ ဖျောင့်ဖျမရလို့ နောက်ဆုံး ကျွန်ုပ်ဆီခေါ်လာပါတယ်။ တရားသဘောလေးပေါက်အောင် အများတကာ ဖြစ်တာတွေနဲ့ ဥပမာပေး ဟောပြလိုက်လို့ သောကသက်သာရာ ရသွားပါတယ်။ သူတို့ကျတဲ့မျက်ရည်တွေကတော့ တစ်ဦးတည်းသောသားလေး ဆုံးရှုံးသွားလို့ ကျတဲ့မျက်ရည်ပါ။
နောက်ပြီး စာရေးသူရဲ့ ခမည်းတော်ကြီးဟာ ၁၉၈၇-ခုနှစ်၊ ဇွန်လလောက်က လေတခြမ်းဖြတ်ပါတယ်။ စာရေးသူ မန္တလေးမှာ ရှိနေလို့ ကြေးနန်းရိုက်အကြောင်းကြားပါတယ်။ ဒီတော့ လေယာဉ်လက်မှတ်စောင့်မနေဘဲ ရရာကားနဲ့ဘဲ မွေးရပ်မြေ ကလေးမြို့ကို သွားခဲ့ပါတယ်။ ကားဂိတ်က ဆင်းတာနဲ့ ဆေးရုံကို တန်းသွားခဲ့ပါတယ်။ ခမည်းတော်ကြီးဟာ စာရေးသူကိုတွေ့တော့ သူ့မျက်နှာက အရမ်းပျော်ပြီး ဝမ်းသာနေပုံ ပေါက်ပါတယ်။ ဒါပေမဲ့ မျက်လုံးက မျက်ရည်တွေကျနေတယ်။ ဒီတော့ စာရေးသူက "ဘာလို့မျက်ရည်တွေ ကျနေတာတုန်းလို့" မေးတော့၊ သူက ငိုလို့ ကျတာမဟုတ်ဘူးတဲ့၊ သူ့ဖာသာသူ လူတွေလာတိုင်း ဒီလိုဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတော့ ခမည်းတော်ကြီးကျတဲ့ မျက်ရည်ဟာ လေဖြတ်ရောဂါကြောင့်ကျတဲ့ မျက်ရည်ဖြစ်မယ်လို့ စာရေးသူ သဘောပေါက်လိုက်မိပါတယ်။
မနှစ်က ၂၀၁၁-ခု၊ ဒီဇင်ဘာလမှာ စာရေးသူ အရှေ့မလေးရှားက ကိတကူနဘလုဆိုတဲ့ မြို့ကို သွားပြီးတရားပြခဲ့ပါတယ်။ ယောဂီထဲမှာ ခရစ်ယာန်ဘာသာဝင် ဒကာမကြီးတစ်ယောက်လဲ ပါပါတယ်။ အစပိုင်း တစ်ရက်နှစ်ရက်မှာ သူ့မျက်နှာတွေ မကောင်းပါ ဘူး။ ငိုနေသလိုဖြစ်လို့ သူ့ကို မေးကြည့်မိပါတယ်။ ဒီတော့ သူကပြောတယ်။ ဒီမှာ သီလယူတော့ ပါဏာတိပါတအကြောင်းတွေ၊ အကုသိုလ်အကြောင်းတွေ ကြားရတော့ သူလုပ်ခဲ့တဲ့ အမှားတွေကို သတိရပြီး ငိုတာဖြစ်ကြောင်း လျှောက်ပါတယ်။ သူဟာ အရင်က ကလေးနှစ်ယောက် ကိုယ်ဝန်ဖျက်ချခဲ့ဖူးကြောင်း၊ အခုတော့ သူ့မှာ မှားမှန်းသိပြီး သူဟာ မိခင်စိတ်မရှိတဲ့ မိန်းမရိုင်းကြီးပါလားလို့ ကိုယ့်ကိုယ်ကို နောင်တ ပူပန်မှုတွေဖြစ်နေကြောင်း မျက်ရည်များ စိုရွှဲလျက် ပြောရှာပါတယ်။ ဒီတော့ အပြစ်ကို အပြစ်မှန်းသိကာ နောင်ကိုရှောင်ကြဉ်လျှင် ဘဝအသစ်ဖြင့် ကုသိုလ်ကောင်းမှုများ လုပ်နိုင်ကြောင်း၊ တရားအသိဉာဏ်တွေလဲ ရနိုင်ကြောင်း ပြောပြလိုက် လို့ သူ့မျက်နှာလဲ ချက်ချင်းပြောင်းသွားပြီး စိတ်သက်သာရာ ရသွားပါတယ်။ သူကတော့ လုပ်ခဲ့မိတဲ့အမှားအတွက် နောင်တဖြစ်ကာ ကျလာတဲ့မျက်ရည်တွေပါ။
၁၉၉၄-ခုနှစ်လောက်တုန်း မိမိတို့အရပ်မှ ဆွေမျိုးတော်သူတစ်ယောက် ရောဂါရှိလို့ ရန်ကုန် ဂျပန်ဆေးရုံကြီးကို လာတက်ပါ တယ်။ မိမိက တတ်စွမ်းနိုင်သမျှ ကူညီပေးရပါတယ်။ သူ့မိန်းမက နေ့လည်ဘက်မှာ စောင့်ပေးတယ်။ စာရေးသူကတော့ ညနေပိုင်း နေ့တိုင်း သွားတွေ့ပါတယ်။ ရောဂါက တစ်ခါခွဲသည်။ ဟုတ်မလိုလိုနဲ့ မအောင်မြင်ပေ။ ပိုဆိုးလာပြန်သည်။ ထို့ကြောင့် ဆရာဝန်များက ဒုတိယအကြိမ် ထပ်ခွဲပြန်သည်။ မထူးပါ။ ပိုလို့ပင် ဆိုးလာပါတယ်။ သည်တော့ သူ့ကိုယ်သူ ရိပ်မိလာတယ်။ သည်တောင်ကို သူမကျော် နိုင်တော့ပေ။ သူ့မှာ သမီးလေး နှစ်ယောက်ရှိသည်။ ငယ်ကြသေး၏။ မိန်းမကလဲ ငယ်သေးသည်။ ထိုနေ့ ညနေပိုင်း ဆေးရုံက ဧည့်သည်ပြန်ချိန် ခေါင်းလောင်းခေါက်တော့ သူ့မိန်းမရော, ကျွန်ုပ်ရော ပြန်ကြရတော့မည်။ သည်တော့ သူ့မိန်းမလက်ကို ကျစ်ကျစ် ပါအောင် ဆုပ်ထားပါတော့တယ်။ မျက်လုံးကလည်း အားငယ်နေတဲ့မျက်လုံး။ ပြီးတော့ မျက်ရည်တွေလည်း ကျလို့။ ငိုနေသည်ပြောက ပိုမှန်မည်။ ကျွန်ုပ်က တရားလေးတွေ သတိပေးနေသည်ကိုပင် သူနားမထောင်တော့။ ဇနီးနှင့်သမီး နှစ်ယောက်ကို ခွဲထားခဲ့ပြီး သေရမှာ ကို ကြောက်နေရှာသည်။ ဟုတ်ပါသည်။ နောက်နေ့မနက် ဆေးရုံမှာ လှုပ်ရှားမှုမဲ့နေသည့် သူ့အလောင်းကိုသာ ကုတင်ပေါ်မှာ တွေ့လိုက်ရတော့၏။ ဒါကြောင့် မနေ့က သူမျက်ရည်ကျသည်။ သေဖို့ပြင်ဆင် မထားသေးတဲ့အတွက် သေရမှာကြောက်၍ ကျတဲ့ မျက်ရည်တွေပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလ(၆)ရက်နေ့ကတော့ အမေရိကန်သမ္မတ အိုဘားမားဟာ သူ့ရဲ့ဒုတိယသက်တမ်းအတွက် ပြိုင်ဘက် ဖြစ်တဲ့ မတ်ရောမနီကို အပြတ်အသတ်နှင့် အနိုင်ရခဲ့ပါတယ်။ နောက်တစ်နေ့ အိမ်ဖြူတော်ကို မပြန်ခင် သူ့ရဲ့ စည်းရုံးလှုံဆော် ရေးဌာနချုပ်ကိုသွားပြီး ပါဝင် လှုပ်ရှားခဲ့ကြတဲ့ ဝန်ထမ်းတွေ,လုပ်အားပေးသူတွေကို ကိုယ်တိုင်သွားရောက် ကျေးဇူးတင်ကြောင်း ပြောပါတယ်။ သူပြောပုံက--
"I'm really proud of all of you," Obama said. "What you guys accomplished will go on in the annals of history."
လို့ ဖြစ်ပါတယ်။ သူဟာ အထက်ပါစကားပြောရင်း မျက်ရည်များပါ ကျလာပါတယ်။ သမ္မတကြီး အိုဘားမားကတော့ သူ့လုပ်ဖေါ် ကိုင်ဘက်တွေရဲ့ ထောက်ခံအားပေးမှုဟာ ကျေးဇူးကြီးမားလွန်းလို့ ကျတဲ့မျက်ရည်ပါတဲ့။
ဟိုတုန်းက စာရေးသူ ရန်ကုန် မဟာစည်ရိပ်သာမှာ နေစဉ်က ဒကာမတစ်ယောက် တရားထိုင်လာပါတယ်။ အရင်က တရားထိုင်ရမှာ အင်မတန် ကြောက်သူပါ။ စာရေးသူက အခုနေ အားမထုတ်မိလျှင် မိမိအတွက် ဖြစ်လာနိုင်မည့် ဆုံးရှုံးမှုနဲ့ လုပ်လျှင် ရနိုင်မည့် ပစ္စုပ္ပန်တမလွန် အကျိုးများကိုပါ ပြောပြလို့ နောက်ဆုံး တရားထိုင်ဖြစ်သွားပါတယ်။ အစပိုင်းမှာ အတော်ကြိုးစားရှာပါတယ်။ သို့သော် တရားက မတက်ပါ။ ရက်ကလေး အတော်ကြာလာတော့ သမာဓိလေး တော်တော်ကောင်းလာတယ်။ ထူးဆန်းသည့် ခံစား မှုများ၊ အေးချမ်းမှုများ၊ ဘယ်တုန်းကမှ မရဖူးသည့် စိတ်ချမ်းသာမှုများ တွေ့လာရလို့ နောက်နေ့ တရားလျှောက်တော့ မျက်ရည်တွေနဲ့ စိတ်အားထက်သန်စွာ လျှောက်ပါလေတော့တယ်။ သူကတော့ တရားရဲ့ငြိမ်းအေးမှုလေးကို ခံစားလိုက်ရပြီး ဓမ္မပီတိကြောင့်ကျတဲ့ မျက်ရည်လို့ ပြောနိုင်ပါတယ်။
၁၉၈၂-ခုလောက်တုန်းက စာရေးသူ ရန်ကင်းမှာနေခဲ့ပါတယ်။ ဘောက်ထော်က ဆွမ်းစားပင့်လို့ စာရေးသူလဲ ပင့်သံဃာ စေ့အောင် လိုက်သွားရပါတယ်။ အဲဒိပွဲမှာ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော်ကြီး ဦးသေဋ္ဌိလလည်း ပါလာတယ်။ ဆွမ်းကျွေးတဲ့ ဒကာမ ကြီးက အဘိဓမ္မာသင်တန်းသူလို့ သိရပါတယ်။ ဒါကြောင့် ဆရာတော်ကြီးက တရားချီးမြှင့်တဲ့အခါ အဘိဓမ္မာအကြောင်းလေး ထည့်ပြော ပါတယ်။ လှူဒါန်းလျှင် သောမနဿဖြစ်ဖို့လည်း အရေးကြီးကြောင်း၊ ကမ္မဿကတာ ဉာဏ်ပါပြီး ဉာဏသမ္ပယုတ် ဖြစ်ဖို့လည်း လိုကြောင်း၊ တက်ကြွသည့်စိတ်ဓာတ်ဖြင့် အသင်္ခါရိကဖြစ်ဖို့လည်း လိုအပ်ကြောင်းများ ထည့်ပြောသွားပါတယ်။ အလှူမှာ ဝမ်းသာလျှင် က,တာတောင် အပြစ်မရှိကြောင်း ဝိသာခါကျောင်းအမကြီး ကျောင်းလှူပွဲအပြီး ဝမ်းသာလွန်းလို့ ကျောင်းပတ်ပြီးက,တာကို ဥပမာထား ဟောသွားပါတယ်။ တရားပွဲပြီးတော့ သူ့အလှူလဲ အောင်မြင်၊ ဆရာတော်ကြီးကိုယ်တိုင်လဲကြွ တရားဟော၊ ဟောပြန်တော့လည်း သောမနဿဖြစ်ဖို့အကြောင်းဖြစ်နေတော့ ရေစက်ချဆုံးတော့ သာဓုတောင် မခေါ်နိုင်ရှာဘူး။ ငိုပါလေရော့။ မေးကြည့်တော့ ဝမ်းသာ လွန်းလို့ပါ….တဲ့။ တရားနာရတာ ဝမ်းသာလွန်းလို့ကျတဲ့ ဓမ္မဿဝနပီတိ မျက်ရည်လို့ ဆိုရမှာပါ။
နောက်ပြီး ဂိုဏ်းကြီး ၁၈-ဂိုဏ်းမှာ သံဃာတော်ပေါင်း ထောင်ချီ၍ စာချနေသည့် စာပေအလွန်တတ်သည် မဟာသိဝမထေရ် ကြီးဟာ တနေ့မှာ သံဝေဂရပြီး ရွာအနီးတောသို့ တရားအားထုတ်ရန် ထွက်သွားပါတယ်။ စာတွေ သည့်ကလောက်တတ်ထားမှတော့ တစ်ဝါတွင်းလောက် အားထုတ်လိုက်လျှင် ရဟန်းကိစ္စ ပြီးသွားမှာပါဟု ထင်ကာ အားထုတ်ပါတယ်။ ဝါကျွတ်တော့ သူထင်သလို ရဟန္တာ ဖြစ်ဖို့ အသာထား၊ နိမိတ်တောင် မထင်သေးပါဘူး။ သည်တော့ နောက်တစ်ဝါဆိုရင် ဖြစ်ပါလိမ့်မယ်လို့ အားမလျှော့ဘဲ ဆက်လုပ်ပါ တယ်။ နောက်တစ်ဝါလည်း ရဟန္တာက မဖြစ်သေးပါ။ နောက်တော့ နှစ်တွေကြာလာတာနဲ့ ဝီရိယလိုနေလို့ဖြစ်မယ်ဆိုပြီး ကုတင်ကိုသိမ်း၊ ကျောခင်းမအိပ်တော့ဘဲ ထိုင်ခြင်း,ရပ်ခြင်း,သွားခြင်း ဣရိယာပုထ် သုံးပါးနဲ့သာ နေပါတော့တယ်။ သည်လိုနဲ့ နှစ် ၃၀-ကြာသည့် တိုင်အောင် ရဟန္တာမဖြစ်သေးသဖြင့် ဝါကျွတ်တော့ စိတ်ဓာတ်တွေ ကျပြီး ဆရာတော်ကြီး ချုံးပွဲချကာ ငိုပါလေတော့တယ်။ မဟာသိဝ မထေရ်ကြီးကတော့ တရားမရလို့ စိတ်ဓာတ်ကျကာ ဝမ်းနည်းပြီး ငိုတဲ့မျက်ရည်ပါ။
ဘုရားလက်ထက်က ကောလိယမင်းမျိုးကနေ နွားအကျင့်ကို ကျင့်နေတဲ့ ပုဏ္ဏနှင့် ခွေးအကျင့်ကို ကျင့်နေတဲ့ သေနိယတို့ဟာ သူတို့နေရာ ကောလိယတိုင်းကို ဘုရားရောက်လာတော့ သွားတွေ့ကြပါတယ်။ ပြီးတော့ သူတို့အကျင့်တွေအကြောင်း မေးမြန်းကြ တယ်။ သူတို့ဟာ ခွေးအကျင့်နှင့် နွားအကျင့်တွေကို ပင်ပင်ပန်းပန်း နှစ်ရှည်လများ ပြည့်ပြည့်စုံစုံ ကျင့်ထားသူတွေ ဖြစ်ကြပါကြောင်း၊ ထို့ကြောင့် သူတို့သေလျှင် ဘယ်ဘုံဌာနကို ရောက်ကြပါမလဲလို့ မေးကြပါတယ်။ ဒီတော့ ဘုရားက သုံးကြိမ်တိုင်တိုင် မမေးမြန်းဖို့ ပိတ်ပင်ပါသေးတယ်။ သူတို့က အတင်းမေးတာနဲ့ နောက်ဆုံးတော့ ဘုရားက "ပုဏ္ဏနှင့် သေနိယတို့…. ခွေး အကျင့်ကို ကျင့်သူဟာ ခွေးသာဖြစ်နိုင်ပြီး၊ နွားအကျင့်ကို ကျင့်သူဟာလဲ နွားဘဲဖြစ်နိုင်တယ်။ အကယ်၍ ဒီအယူသာမှန်တယ်လို့ ဒိဋ္ဌိနဲ့စွဲနေရင် ငရဲကိုပင် ကျနိုင်သေးတယ်"လို့ ပြောတော့ သူတို့ နှစ်ယောက်လုံး ငိုပါလေတော့တယ်။ ဘာလို့ငိုတာတုန်းမေးတော့ သူတို့ဟာ ဒီအကျင့်တွေကို နှစ်ရှည်လများ ကျင့်ထားကြပြီး အခုမှ မှားမှန်းသိလို့ ငိုတာပါဘုရားဆိုပြီး လျှောက်ကြတယ်။ သူတို့ကတော့ အကျင့်မှားတွေကို ကျင့်ခဲ့မိ လို့ နောင်တရပြီး ကျတဲ့မျက်ရည်ပါတဲ့။
ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးကတော့ အသက် ၇၉-နှစ်အရွယ်မှာ အိုမင်းရင့်ရော်မှုကြောင့် ပြင်းထန်တဲ့ ရောဂါဝေဒနာ တွေ ခံစားလာရပါတယ်။ ဒါနဲ့ အိမ်က အခိုင်းအစေလေးကို ရှင်သာရိပုတြာနှင့် ရှင်အာနန္ဒကို အပင့်ခိုင်းလိုက်ပါတယ်။ မထေရ်နှစ်ပါး လည်း ရောက်လာပြီး ရောဂါအခြေအနေကို မေးကြည့်တော့ ပို၍သာ တိုးနေကြောင်း ကျောင်းဒကာကြီးက လျှောက်ထားလိုက်ပါတယ်။ ဒီတော့ ရှင်သာရိပုတြာမထေရ်ကြီးက ကျောင်းဒကာကြီးကို တရားဆယ်မျိုး အစဉ်အတိုင်းဟောသွားပါတယ်။ တရားဆုံးတော့ ကျောင်း ဒကာကြီးက ငိုပါလေတော့တယ်။ အဲဒီမှာ ရှင်အာနန္ဒက "စည်းစိမ်တွေကို တွယ်တာနေလို့ ငိုတာလား၊ သေရမှာကို ကြောက်လို့ငိုတာ လား"လို့ မေးမြန်းလိုက်တော့ "ဒီလို မဟုတ်ပါဘူးဘုရား၊ ဒီကျောင်းမှာ ၂၄-နှစ်ပတ်လုံး ဘုရားသတင်းသုံးခဲ့ပေမဲ့ ဒီလောက်ကောင်းတဲ့ တရားကို ဘုရားဆီကလဲ မနာဖူးဘူး။ အရှင်ဘုရားတို့ဆီကလဲ မနာဖူးဘူး။ အခုမှ နာရလို့ ငိုတာပါဘုရား"တဲ့။ ကျောင်းဒကာကြီး ကတော့ ဘုရားနားမှာ ကပ်နေပေမဲ့ အနှစ်ပါတဲ့တရားကို သေခါနီးလေးမှ ကပ်နာလိုက်ရလို့ ငိုတာပါတဲ့။ တရားကောင်းနာလိုက်ရလို့ ကျတဲ့မျက်ရည်ပါ။
အဘိညာဏ် ဈာန်သမာပတ်နဲ့ပြည့်စုံတဲ့ ကာဠဒေဝိလရသေ့ကြီးဟာ ဘုရားအလောင်းတော် ဖွားမြင်တာကို ကြားလို့ နန်းတော်ထဲ ကြွလာပါတယ်။ သုဒ္ဓေါဓနမင်းကြီးက သားတော်လေးကို ပြလိုက်တော့ ဘုရားဖြစ်မဲ့လက္ခဏာအရပ်ရပ်တို့နှင့် ပြည့်စုံနေလို့ သိဒ္ဓတ္ထမင်းသားလေးဟာ ဘုရားဧကန်ဖြစ်လိမ့်မယ်လို့ အနာဂတံသဉာဏ်ဖြင့်သိပြီး အားရဝမ်းသာ ပြုံးရယ်ပါတယ်။ နောက်ပြီး မင်းသား လေး ဘုရားဖြစ်ချိန် မိမိမှာ ဖူးခွင့်ရဦးမည်လောလို့ ဆင်ခြင်ကြည့်လိုက်တဲ့အခါ ဘုရားဖြစ်ချိန်မှာ သူ့ဟာသေလွန်၍ အရူပဗြဟ္မာ့ဘုံသို့ ရောက်နေလေပြီ။ ထိုအခါ သူ့မှာ ဘုရားနှင့်လွဲရလေပြီဆိုတာ သိလိုက်ရလို့ စိတ်မကောင်းခြင်းများစွာနဲ့ ငိုပါလေပြန်တယ်။ ကာဠဒေဝိလရသေ့ကြီးကတော့ ဘုရားနှင့်လွဲလို့ ဝမ်းနည်းပြီး ကျတဲ့မျက်ရည်ပါတဲ့။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၆)ရက်၊ အင်္ဂါနေ့ညက တော့ ကျွန်ုပ်ကိုယ်တိုင် မျက်ရည်ကျခဲ့ပါတယ်။ ညပိုင်း တရားထိုင်ပြီးတော့ သမ္မတရွေးကောက်ပွဲသတင်း ကြည့် မိပါတယ်။ ကြည့်ပြီး မကြာခင် ၁၅-မိနစ်လောက်မှာ မျက်စိစပ်လာပါတယ်။ နောက်တော့ မျက်လုံးပူပြီး မျက်ရည်များပါ ကျလာပါတယ်။ ဒါနဲ့ ရိုးရိုးမျက်စိ ခြောက်လို့ ဖြစ်တယ်ထင်ပြီး မျက်စဉ်းလေးခပ်ကာ သတင်းဆက်ကြည့်ပြန် ပါတယ်။ ကြာကြာ မကြည့်နိုင်ပါ။ မျက်ရည်ကျလာပြန်ပါတယ်။ နောက်တော့ မကြည့် တချက် ကြည့်တချက်နဲ့ အနိုင်အရှုံးရောက်မှဘဲ ပိတ်ပြီး အိပ်လိုက်ပါတယ်။ ဒိမတိုင်ခင် သုံးရက်လောက်ကတော့ ဘယ်ဘက် နားနောက်ကအကြော နာတာရှိပါတယ်။ တခါတလေ အထက်ကိုတက်ပြီး ခေါင်းဦးရေ အောက်ကနေ သစ်မြစ်လိုဖြာပြီး နာတတ်တယ်။ တခါတလေ နားခေါင်းထဲအတိုင်း အတွင်းဘက် စူးဝင်ကာ ဦးနှောက်ထဲအထိ နာတတ်တယ်။ ဒါက ပထမပိုင်း စဖြစ်တဲ့ လက္ခဏာတွေပါ။
နောက်နေ့(နိုဝင်ဘာ ရ-ရက်နေ့)မနက်မှာတော့ ဘုရားဝတ်ကိုတောင် ဆုံးအောင်မတက်နိုင်တော့ပါဘူး။ နားနောက်က နာတာ တော်တော်လေး ဆိုးလာလို့ ဘုရားဝတ်တက်ရင်း တစ်ဝက်လောက်မှာ အခန်းပြန်ပြီး နားနေရပါတယ်။ အာရုံဆွမ်းစားတော့ ဘယ်ဘက် အပေါ်နှုတ်ခမ်းက ရော့တော့တော့နဲ့ စားရင် ဟင်းရေကို စုပ်လို့မရဘူး။ ပြန်ထွက်ချင်တယ်။ ဒါနဲ့ မသင်ကာလို့ ကျောင်းပြန်ရောက်တော့ မှန်ရှေ့မှာ ပါးစပ်ကို လေမှုတ်ကြည့်တော့……….။ ဟုတ်ပါတယ်…..bell's polsy ဖြစ်နေတာပါ။ ဒါကြောင့် ဆရာဝန်ကို ချက်ချင်းခေါ်ပြီး အပွိင့်မန့် လုပ်၊ သူချိန်းတဲ့ မနက် ၉-နာရီ ၁၅ မိနစ်မှာ သွားတွေ့။ စစ်ဆေးပြီး ဆေးများပေးလိုက်ပါတယ်။ အခု ဆေးသောက်လျက်ပါ။ နားနောက်က နာတာတော့ သက်သာသွားပါပြီ။ စားသောက်တဲ့အခါမှာတော့ ဘယ်ဘက်အပေါ်နှုတ်ခမ်း မလုံတဲ့အတွက် အတော့်ကို ကသိကအောက် ဖြစ်လှပါတယ်။ မျက်လုံးကတော့ မှိတ်ရင် အနည်းငယ်ပွင့်နေသေးတဲ့အတွက် မျက်စိ ခြောက်ပြီး မျက်ရည်ကျကျနေလို့ မျက်လုံးကို အုပ်ထားရပါသေးတယ်။ တစ်ပါတ်နှစ်ပါတ်အတွင်း ပျောက်ပါလိမ့်မယ်လို့တော့ ဆရာဝန်က ပြောပါတယ်။ ကျွန်ုပ်ကျတဲ့မျက်ရည်ကတော့ bell's polsy ရောဂါကြောင့် ကျတဲ့မျက်ရည်လို့ ဆိုပါရစေတော့။
အင်း…..မျက်ရည်တွေကျပြီ ဆိုမှဖြင့် ငါ့မျက်ရည် ဘာကြောင့်ကျသလဲဆိုတာ ဆင်ခြင်မိဖို့ လိုလာပါတယ်။ သောကတွေ လောဘတွေ အပူဗျာပါဒတွေကြောင့် ကျတဲ့မျက်ရည်တွေကတော့ ကျွန်ုပ်တို့သံသရာကို ရှည်စေဖို့ဖြစ်လို့ မကောင်းဘူးပြောရမှာပါ။ တရားကြောင့် ကျတဲ့မျက်ရည်မှသာ အငိုတိတ်ရာ မျက်ရည်တွေလုံးဝ ခမ်းခြောက်ရာ အမတာနိဗ္ဗာန်နန်းဆီကို လှမ်းချီနိုင်မှာမို့ တရားကြောင့် ကျတဲ့မျက်ရည်များမှသာ ဆေးပေါင်းခမည် ဖြစ်ပါကြောင်း အကြံကောင်းပေးအပ်ပါတယ်။
မျက်ရည်ခမ်းခြောက်၊ နိဗ္ဗာန်ပေါက်၊ အမြန်ရောက်နိုင်ကြပါစေ။
Send email to - editors@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives


















