သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ကျိုင်းတုံမြို့ SNLD ဗဟိုကော်မတီရုံးခွဲအား ခွန်ထွန်းဦးတက်ရောက်ဖွင့်လှစ်

Posted: 07 Dec 2012 05:46 AM PST

သံလွင်အရှေ့ခြမ်း ကျိုင်းတုံမြို့၌ ယနေ့မနက်ပိုင်းက ကျင်းပသော သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ ရုံးခွဲဖွင့်ပွဲအား ဥက္ကဌကြီး ခွန်ထွန်းဦး တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည်။

KTO open at KT                    SNLD ကျိုင်းတုံရုံးဖွင့်ပွဲအား ခွန်ထွန်းဦးတက်ရောက် (ဓါတ်ပုံ- SSL-Ktg)

"ဒီမနက် ကျနော်တို့ဥက္ကဌ ကြီးနဲ့ ရန်ကုန်ရုံးချုပ်က လူတွေ ကျိုင်းတုံကို မနက် ၁၀ နာရီခွဲလောက်ရောက်လာတယ်။  ၁၁ နာရီ လောက်မှာ ဥက္ကဌကြီးခွန်ထွန်းဦးက ဗဟိုကော်မတီရုံးခွဲဖွင့်ပွဲ အခမ်းအနားကို  ဖွင့်လှစ်ပေးတယ်" - ဟု ကျိုင်းတုံသား စိုင်းတစ် ကပြောပါသည်။

ယနေ့နံနက်ပိုင်း၌ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ခွန်ထွန်းဦး နှင့် အဖွဲ့ ကျိုင်းတုံလေဆိပ်သို့ ရောက် ရှိရာ ကျိုင်းတုံဒေသခံ သျှမ်းလူမှုအဖွဲ့အစည်းများ၊ ကျားဖြူပါတီမှ ပုဂ္ဂိုလ်များ၊ လားဟူ၊ အင်  စသည့် ဒေသခံ တိုင်းရင်းသား များ စုပေါင်းအင်အား ၄၀၀ ခန့်က လေဆိပ်၌ စောင့်ကြိုခဲ့ကြကြောင်း စိုင်းဆိုင်က ပြောပါသည်။

"ကျနော်တို့ ကျိုင်းတုံကိုရောက်လာတာ ကျိုင်းတုံသူ ကျိုင်းတုံသားတွေက အင်အားရာဂဏန်းနဲ့ ကြိုဆိုတော့ ဝမ်းမြောက် ဂုဏ်ယူ ပါတယ်။ ကျနော်တို့အနေနဲ့တော့ ထိထိရောက်ရောက် အလုပ်လုပ်နိုင်ဖို့ ဗဟိုကော်မတီ ရုံးခွဲကို ၁။ ကျိုင်းတုံ၊ ၂။ တောင်ကြီး၊ ၃။ လားရှိုး နဲ့ ၄။ မန္တလေးတွေမှာဖွင့်သွားဖို့ရှိတယ်" - ဟု SNLD ပြောခွင့်ရ စိုင်းလိတ်ကပြောပါသည်။

လက်ရှိ ကျိုင်းတုံမြို့ SNLD ဗဟိုကော်မတီရုံးခွဲအား ကျိုင်းတုံမြို့နယ် SNLD ဥက္ကဌ အဖြစ်တာဝန်ထမ်းဆောင်ထားသူ စဝ်ဆုလဖွန်း နေအိမ်၌ ယာယီဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ အတွင်းရေးမှူးမှာမူ စိုင်းဆမ်တစ် ကျိုင်းလန်းက တာဝန်ယူကြောင်းကြား သိရပါသည်။

ကျိုင်းတုံမြို့ရောက်ရှိနေသော သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ ဥက္ကဌ ခွန်ထွန်းဦးမှာမူ - အလျဉ်းသင့်ပါက တာချီလိတ် မိုင်းလား ဆီလူး ဘက် ခရီးဆက်ဖွယ်ရှိကြောင်း၊ မည်သို့ပင်ဆိုစေ ပြည်တွင်းပြည်ပ အနယ်နယ်အရပ်မှ သျှမ်းများစုပေါင်း ကျင်းပ မည့် ၂၁၀၇ နှစ်သစ်ကြိုဆိုပွဲ စာပေဟောပြောပွဲအခမ်းအနားအားတက်ရောက်ရန် ပွဲဖြစ်မြောက်ရေးကော်မတီဖြစ်သည့် ကျိုင်းတုံသျှမ်း စာပေယဉ်ကျေးမှုအဖွဲ့နှင့် ရန်ကုန်သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့မှ ဖိတ်စာပို့ထားသောကြောင့် ကျိုင်းတုံမြို့၌ ဒီဇင်ဘာ ၁၂ ရက် နှစ်ကြိုဆိုပွဲ ဖွင့်ပွဲတက်ရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြားသိရပါသည်။

ငြိမ်းချမ်းရေးကိစ္စ RCSS ကိုယ်စားလှယ်အဖွဲ့ မူစယ်မြို့ခံများနှင့် တွေ့မည်

Posted: 07 Dec 2012 05:45 AM PST

အစိုးရနှင့် လက်မှတ်ထိုးထားသော ငြိမ်းချမ်းရေးအပေါ် သျှမ်းလူထု၏ သဘောထား သိရှိနိုင်ရန် သျှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS)  ကိုယ်စားလှယ်အဖွဲ့သည် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ သျှမ်းပါတီများ ၊ ရပ်မိရပ်ဖ များနှင့် ယနေ့မွန်းလွဲ ၁ နာရီတွင် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည် ။

Baung Khur              အောက်တိုဘာလ တာချီလိတ်တွေ့ဆုံပွဲက တွေ့ရသော ဗိုလ်မှူးချုပ်ပေါင်ခေး

အဆိုပါကိစ္စ တွေ့ဆုံဆွေးနွေးရန် မူစယ်မြို့ပေါ်ရှိ သျှမ်းနိုင်ငံရေးပါတီများ ၊ သျှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ရပ်မိ ရပ်ဖများအား RCSS ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်း ဆောင် ဗိုလ်မှူးချုပ်ပေါင်ခေးဦးဆောင်သည့် အဖွဲ့မှ ဖိတ်ကြားထား ကြောင်း သျှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"ဒီကနေ့ကျနော်တို့ ယဉ်ကျေးမှုရုံးမှာပဲ စဝ်ပေါင်ခေးဦးဆောင်တဲ့ အဖွဲ့က တွေ့ဆုံပွဲလုပ်မယ်။ ရပ်မိရပ်ဖတွေပါမယ် ။ သျှမ်းပါတီ နှစ်ခုပါမယ်။ ယဉ်ကျေးမှုအဖွဲ့ကပါမယ်။ နောက်ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေကို လည်းဖိတ်ထားတယ် ။ လောလောဆယ် ဒီလောက်ပဲ ပြောလို့ရသေးတယ် "  အဆိုပါ တာဝန်ရှိသူက ပြောသည် ။

ငြိမ်းချမ်းရေးကိစ္စ RCSS / SSA နှင့် အစိုးရတို့ နှစ်ဘက် လက်မှတ်ထိုးအပြီး RCSSမှ သျှမ်းပြည်အတွင်းရှိ ပြည်သူလူထုနှင့် တွေ့ဆုံခွင့်ရရန် အစိုးရထံ တင်ပြထားရာ ယခုအခါ  သျှမ်းလူထုနှင့်တွေ့ဆုံခွင့် ရရှိ၍ ၄င်းကိုယ်စားလှယ်အဖွဲ့ သျှမ်းပြည် (မြောက်ပိုင်း)သို့ ထွက်ခွာလာခြင်း ဖြစ်ပြီး သျှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ မြို့နယ်တိုင်းတွင် သျှမ်းလူထုနှင့် တွေ့ဆုံခဲ့ ကြောင်း သိရသည် ။

သျှမ်း/မြောက် ကျေးလက်လူထုကိုပါ ဖုန်းကဒ်အရစ်ကျချပေးနေ

Posted: 07 Dec 2012 05:39 AM PST

သျှမ်းပြည်မြောက်ပိုင်း မြို့တော်လားရှိုးနှင့် ကျေးလက်ဒေသတို့တွင် မြန်မာ့ဆက်သွယ်ရေး စာတိုက် နှင့် ကြေးနန်းဝန်ကြီးဌာနမှ လက်ကိုင်ဖုန်း နံပတ်များကို အရစ်ကျငွေပေးသွင်းမှုစနစ်ဖြင့် ချရောင်းပေးနေ ကြောင်း စုံစမ်းသိရှိရပါသည်။

mpt                                                    (ဓါတ်ပုံ- မြန်မာတိုင်းမ်း)

" မြို့နယ် ဆက်သွယ်ရေးရုံး ကနေ ဖုန်းနံပတ်တွေချရောင်းပေးတယ် ။ ပိုက်ဆံ ၄ သောင်း ၆ ထောင် သွားသွင်းပြီးရင် ဖုန်းပြောလို့ရပြီ။ ကျန်တဲ့ တစ်သိန်းခြောက်သောင်းကိုတော့ လစဉ် အရစ်ကျစနစ်နဲ့ ပေးချေသွားရမယ်။ တလ တသောင်းပေါ့" ဟု လားရှိုးဒေသခံ စိုင်းမောင်ညွန့်ကပြောသည်။

လားရှိုးမြို့ တွင်းရပ်ကွက်များနှင့် ကျေးလက်ဒေသ အထိ အဆိုပါ ဖုန်းနံပတ်များကို MPT ( Myanmar Post and telecommunications ) က အရစ်ချ ရောင်းပေးနေခြင်းဖြစ်ပါသည်။

ပိုက်ဆံစသွင်းရာတွင် နံပတ်ဖိုး ကျပ် ၄ သောင်းအပြင် သက်ဆိုင်ရာ ရပ်ကွက်စာရေးအတွက် ကျပ် ၁၀၀၀ ၊ ဖုန်းဆက်ခ  ၅၀၀၀ ကျပ် စုစုပေါင်း ၄၆၀၀၀ ကျပ် ပေးသွင်းရမည်ဖြစ်သည်။ ကျန်ငွေ ၁၆၀၀၀၀ ကျပ် ကို အရစ်ကျ တလ ၁၀၀၀၀  ကျပ် ကိုလည်း ရပ်ကွက်စာရေးများထံ ပေးသွင်းရမည်ဖြစ်ရာ စာရေး များအတွက် ဝန်ဆောင်ခ ၅၀၀ ကျပ် စုစုပေါင်းတလ ၁၀၅၀၀ ကျပ် ကုန်ကျမည်ဖြစ်ကြောင်း ပြောဆို လိုက်သည် ဟု စိုင်းမောင်ညွန့်က ပြောပြသည်။

" အခုလို ဝေစားမျှစားတဲ့စနစ်ကြီးကတော့ ခုထိမပျောက်သေးပါဘူးဗျာ။ ဖုန်းကဒ်တွေချပေးတယ် ဆိုတာ နောက်ပိုင်း မိုဘိုင်းဖုန်းဈေးတွေကျလာနေလို့လေ။ ထိုင်းနိုင်ငံလိုဖြစ်သွားရင် သူတို့အတွက် ဘာမှရတော့မှာမဟုတ်ဘူး။ ထိုင်းက ဖုန်းကဒ်အလကားပေးနေတဲ့အဆင့်လေ" ဟု မြို့ခံတဦးကလည်း ပြောသည်။

ယခုနှစ်ဆန်းမှစ၍ အစိုးရ၏ ဆက်သွယ်ရေးဝန်ကြီးဌာနက CDMA၊ GSM ဖုန်းနံပတ်များကို မြို့နယ် တိုင်းနီးပါးသို့ချပေးခဲ့သဖြင့် ဒေသခံလူငယ်များဝမ်းသာနေကြကြောင်း သို့သော် လာဘ်စားချစားစနစ် သည်လည်း မြို့နယ်တိုင်းနီးပါး၌ရှိနေကြောင်း သိရပါသည်။ ဟဲန်းဆက်(လက် ကိုင်ဖုန်းတလုံး)အညံ့စား ဖုန်းတလုံး၏ အနည်းဆုံးတန်ဖိုးမှာ ကျပ်သုံးသောင်း သာရှိသည်ဟု ဆိုပါသည်။

ကျိုင်းတုံမြို့ သျှမ်းလူမျိုးဆိုင်ရာစာပေဟောပြောပွဲသို့ နိုင်ငံတကာပညာရှင်လာရောက်ဟောပြောမည်

Posted: 07 Dec 2012 05:37 AM PST

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ ကျင်းပမည့် ၂၁၀၇ ခု ရိုးရာနှစ်သစ်ကူး အထူးပွဲတော်နှင့်အတူ သျှမ်းလူမျိုးများ စာပေ ဓလေ့ သမိုင်းဆိုင်ရာ စပေဟောပြောပွဲ၌ ထိုင်း၊ ဂျပန် နှင့် အန္ဒိယနိုင်ငံတို့မှ သျှမ်းအရေးကျွမ်းကျင်ပညာရှင်များ လာရောက် ဟောပြောကြမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီဝင် များကပြောပါသည်။

sny2107                                         သျှမ်းသက္ကရာဇ် ၂၁၀၇ (မြွေနှစ်)

" ကျနော်တို့ အခု စာရင်းရထားတာက ၁၉ ယောက်ရှိတယ်။ ဂျပန်နိုင်ငံက ၁ ယောက် ထိုင်းနိုင်ငံက ၃ ယောက် မန္တလေး တက္ကသိုလ်က ၂ ယောက် နေပြည်တော်က ၁ ယောက် အိန္ဒိယနိုင်ငံ အာဆမ်ပြည်နယ်က ပါမောက္ခတယောက်၊ ကျန်တာ တော့ သျှမ်းထဲကပညာရှင်တွေ၊ ဆရာတော်တွေလေ။ နောက်ထပ် ၃ ဦးရှိသေးတယ်။ နာမည်မသိရသေးဘူး" ဟု ပွဲဖြစ် မြောက်ရေး ကော်မတီဝင် စိုင်းမုံ့ က ပြောပါသည်။

ပွဲတော်ကျင်းပမည့်ရက်မှာ ယခုလ ၁၂ မှ ၁၄ အထိဖြစ်ပြီး ယခုလည်း ပွဲတော် အတွက် အကြီးအကျယ် ပြင်ဆင်နေကြဆဲ ဖြစ်ကြောင်း၊ ဆယ်မီနာဟောပြောပွဲအတွက် ၁၃ ရက်နေ့တရက် အချိန်ပေးထားသော်လည်း ထိုင်းနိုင်ငံ ဓမ္မဆတ် တက္ကသိုလ် မှ ဒေါက်တာ ဒွန်းလယားဖတ်၊ ဂျပန်နိုင်ငံ ဟီရိုရှီးမား တက္ကသိုလ်မှ ပါမောက္ခချုပ် တကထားနီး မီချီယို ၊ ဒေါက်တာခင် မောင်ကြည် မန္တလေးတက္ကသိုလ်၊  ရန်ကုန်မှ ဒေါက်တာ စိုင်းဆန်အိုက်၊ ဒေါက်တာစိုင်းဆန်ဖေ ခမ္တီးမှ စဝ်နွဲ့ဆာတော် စသည့် ပညာရှင် ၁၉  ဦးဟောပြောမည်ဖြစ်ကြောင်း၊ အချိန်မလောက်ပါက ၁၄ ရက်နေ့အထိဟောပြောပွဲ ဆက်လက်ကျင်းပသွား မည်ဖြစ်ကြောင်း စိုင်းမုံ့ကပြောသည်။

" ပြည်ပက သျှမ်းတွေအပြင် ပြည်တွင်းထဲမှာဆိုရင်တော့ သံလွင်အနောက်ဘက်ခြမ်းမှာ ၂၈ မြို့နယ် သံလွင်အရှေ့ခြမ်း မှာဆိုရင် ၁၀ မြို့နယ် ဖိတ်ထားတယ်။ အဲဒါက စိတ်ပါဝင်စားသူ အနည်းဆုံးတမြို့နယ် နှစ်ယောက် ဆယ်မီနာမှာလာရောက် နားထောင်ဖို့၊ ပါဝင်ဆွေးနွေးဖို့။ ဆယ်မီနာပွဲမှာ စောင့်ကြည့်တာဝန်ယူပေးမှာက ကျနော်တို့ရဲ့ ပညာရှင်အဆင့် ဆရာစိုင်း အောင်ထွန်း၊ ဒေါက်တာ စိုင်းဆန်အိုက်၊ ဆရာမ နန်းဟွမ်လိတ်၊ ဆရာမ နန်းမိုခမ်းတို့ပေါ့" ဟု ဆိုပါသည်။

ပွဲတော်တက်ရောက်ရန် သျှမ်းလူထုခေါင်းဆောင်များ၊ ကျိုင်းတုံမြို့ဆိုင်ရာအုပ်ချုပ်ရေးမှူးများ၊ တြိဂံစစ်တိုင်းမှူးအပြင် သျှမ်းပြည်နယ် ဝန်ကြီးချုပ် စဝ်အောင်မြတ် နှင့်  မြန်မာနိုင်ငံဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့လည်းဖိတ်ကြား ထားကြောင်း ဆိုပါသည်။

ဖွင့်ပွဲအတွက် တောင်ကြီးသျှမ်းစာပေယဉ်ကျေးမှုအသင်းမှ တိုးနယား ၆ ကောင်၊  ထိုင်းနိုင်ငံ ချင်းမိုင် သျှမ်းစာပေယဉ်ကျေးမှု အသင်းမှ ကိန္နရီ ကိန္နရာ ၆ ကောင် ယူလာမည်ဟုတာဝန်ယူထားကြောင်း ကျိုင်းတုံမြို့ခရိုင်အတွင်း မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုတိုင်း ကိန္နရီ ကိန္နရာ နှင့် တိုးနယား  ကပြဖို့ ယူလာကြရန်လည်း တောင်းဆိုထားကြောင်း ကြီးကျယ် ခန်းနားစွာဖြင့် ဖွင့်ပွဲကျင်းပမည်ဖြစ်ကြောင်း စိုင်းမုံ့ကပြောပါသည်။

ပွဲတော်၌ ပြည်တွင်းပြည်ပ စာအောင်သံဃာတော်များအားလည်း ဂုဏ်ပြုဆိုပေးအပ်မည်ဖြစ်ရာ သီရိလင်္ကာနိုင်ငံနှင့် အင်္ဂလန် နိုင်ငံတို့မှ BA -MA -Ph.D အောင် ၊ မြန်မာနိုင်ငံအတွင်း ဓမ္မစရိယ၊ မဟာဓမ္မစရိယအောင် ၊ ထိုင်းနိုင်ငံ ပညာရေး၌ ဓမ္မာစရိယ အောင် သျှမ်း သံဃာတော်များ အပါး ၅၀ ကျော် အား ဂုဏ်ပြုဆုချီးမြင့်သည့်အခမ်းအနားလဲရှိကြောင်းပြော သိရသည်။

ထိုင်းဘုရင့်မွေးနေ့ဂုဏ်ပြုပွဲ၌ သျှမ်းအလုပ်သမားများအတွက် RCSS/SSA ခေါင်းဆောင်မိန့်ခွန်းပြော

Posted: 07 Dec 2012 01:01 AM PST

ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်ဂ်ျ၏ သက်တော် ၈၅ နှစ်ပြည့်မွေးနေ့ပွဲအား ထိုင်းနိုင်ငံရှိမြို့နယ်တိုင်း အုပ်စုတိုင်းတွင်ကျင်းပရာ ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားသျှမ်းများလည်း မိမိနီးစပ်ရာ၌ကျင်းပသော ပွဲတော်သို့ ပါဝင်  ဂါရ၀ပြုကြကြောင်း စုံစမ်း သိရှိရသည်။
shan cm 1ဒေါန်းဂျန်ဘုန်းကြီးကျောင်း ၌ ဘုရင့်မွေးနေ့ဆုတောင်းပွဲနှင့်အတူ သျှမ်းနှစ်သစ်ကူးကျင်းပ

သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သမား အများဆုံးနေထိုင်သော ထိုင်းနိုင်ငံချင်းမိုင်မြို့၌လည်း ဒေါန်းဂျန်ဘုန်းကြီးကျောင်း ၌ကျင်းပသော ဘုရင့်မွေးနေ့နှင့်အတူ ၂၁၀၇ သျှမ်းနှစ်သစ်ကူးအကြိုပွဲပါ ပူးတွဲကျင်းပကြောင်း၊ ထိုပွဲ၌ ရောက်ရှိလာသော ရွှေ့ပြောင်း အလုပ်သမားများအတွက် သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က တက်ရောက် မိန့်ခွန်းပြောကြားကြောင်း တက်ရောက်သူများကပြောပါသည်။

" ဒီဇင်ဘာ ၅ ရက်မနက်ပိုင်း ဘုရင်ကြီးအသက်ရှည်စေဖို့ ဇာတာဆက်ပွဲလုပ်တယ်။ ဘုန်းတော်ကြီး ၉ ပါးက မင်္ဂလာတရား ဟောပြီး ဆုတောင်းပေးတယ် အဲဒီကျောင်းမှာ။ ထိုင်းနိုင်ငံသားတွေနဲ့အတူ သျှမ်းပြည်အလုပ်သမား ၁၀၀ ကျော် ပူးပေါင်း ပါဝင်တယ်။ ညပိုင်းပျော်ပွဲရွှင်ပွဲမှာတော့ ပရိသတ် ၁ သောင်းထက်မနည်းဘူး။ RCSS/SSA ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် စဝ်ကဏ်း ဂျစ်နဲ့ ဥက္ကဌကြီး စဝ်ယွက်စစ်က တက်ရောက်မိန့်ခွန်းပြောတယ်" ဟု ပွဲတက်ရောက် သတင်းယူသည့် သျှမ်းသံတော်ဆင့် သတင်း ထောက် စိုင်းဖောန်းလီက ပြောသည်။

ဥက္ကဌကြီး ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က - မွေးရပ်မြေစွန့်ခွါကာ တခြားတိုင်းတပါး၌ ခိုလှုံရောက်ရှိနေကြသော သျှမ်းပြည် သားတို့အချင်းချင်း သစ္စာရှိကြရန်၊ သတိ၊ ဝိရိယ ထားရှိကြရန်သတိပေးပြောဆိုလိုက်သည်ဟု စိုင်းဖောန်းလီက ပြန်လည် ပြောပြသည်။
shan cm 2ဒေါန်းဂျန်ဘုန်းကြီးကျောင်း ၌ကျင်းပသော ဘုရင့်မွေးနေ့တွင်တွေ့ရသော RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်

" သစ္စာ၊ သတိ၊ ဝိရိယ ကင်းမဲ့တဲ့သူဟာ တိုးတက်ဖို့လမ်းမရှိဘူး လို့ပြောတယ်။ နောက်တခုက အချင်းချင်းကြားမှာ တရားမ ဝင်ကိုယ်ပိုင်ကဒ်ပြားလို့ဖို့ မဖြားယောင်းကြဖို့၊ ထိုင်းအစိုးရမှ တရားဝင်ပြန်ပြီး ဌာနဆိုင်ရာတွေ၊ နှစ်နိုင်ငံသဘောတူညီမှုမှ လုပ်ပေးတဲ့ ကဒ်ပြားတွေသာလုပ်ဖို့ တွန်းအားပေးသင့်တယ်။ သဘောကတော့ သူများချွေးနဲစာကို တန်ဖိုးထားတတ်ဖို့ပေါ့။ အရေးကြီးတာက ကိုယ့်ရွာကိုယ့် ဒေသကလူတွေကို ထိုင်းကိုထပ်ပြီး မခေါ်လာဖို့ပေါ့။ လူကုန်ကူးမှုမပြုဖို့။ ခုတလာသျှမ်းပြည် က မိန်းခလေးတွေ မလေးရှား အထိသွားပြီး မကောင်းတဲ့လုပ်ငန်းတွေပါ လမ်းမှားပြီးသွားလုပ်နေတယ်ဆိုတာ ဆက်တိုက် ကြားနေရတယ်လို့ပြောသွားတယ်" ဟု ဆိုပါသည်။
at BKKဘန်ကောက်မြို့၌ကျင်းပသောပွဲတွင်လည်း သျှမ်းလူမျိုးများ ပူးပေါင်းဂါရ၀ပြု

အလားတူ ချင်းမိုင်မြို့အထွေထွေအုပ်ချုပ်ရေးရုံး၊ တော်ဝင်ပန်းခြံ Royal Flora Ratchaphruek တွင်လည်း ထိုင်းနိုင်ငံ အစိုးရက မွေးနေ့ဆုတောင်းပွဲကျင်းပရာ သျှမ်းဝတ်စုံဖြင့်တက်ရောက်ဆုတောင်းခဲ့ကြသည့် ရွှေ့ပြောင်းအလုပ်သမားများ အများအပြား တွေ့ရကြောင်း၊ ဘန်ကောက်မြို့ အနန္ဒဆမားခုံး(မ်း) နန်းတော် ရင်ပြင်၌ ကျင်းပသည့် အခန်းအနား၌လည်း သျှမ်းလူမျိုး ၅၀၀ ကျော်က သျှမ်းဝတ်စုံဖြင့်တက်ရောက်ကြကြောင်း သိရပါသည်။

ထိုင်းနယ်စပ် ပလောင်ရွာသားအား မြန်မာစစ်တပ်ကပစ်ခတ် ချင်းမိုင်ဆေးရုံသို့ပို့ရ

Posted: 07 Dec 2012 01:00 AM PST

သျှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ်၌ လှုပ်ရှားနေသော မြန်မာအစိုးရစစ်တပ်တခု၏ စစ်ကြောင်းတကြောင်း က ထိုင်းဘက် ခြမ်းနေ ပလောင်ရွာသားအား ပစ်ခတ်သဖြင့် ထိုင်းနိုင်ငံချင်းမိုင်မြို့ ဆွန်ဒေါက်ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း လူနာနှင့်နီးစပ်သူများပြောပြချက်အရသိရသည်။


" ထိုင်းဘက်ခြမ်း နောလဲရွာမှာနေတဲ့ စိုင်းအောင်နဲ့အဖွဲ့ လမ်းကူးပြီး သျှမ်းပြည်ဘက်ခြမ်းမှာရှိတဲ့ လွယ်ဟိုနုတ်တောင်မှာ  ယာလုပ်ဖို့သွားတာ။ အဲဒါကို ကင်းလှည့်ဗမာစစ်သားတွေက ပေးမသွားဘူး။ စိုင်းအောင်က သူ့မှာပါဘာတဲ့ ရေပုံးကို ယာတဲမှာ သွားထားပြီးပြန်ထွက်အလာမှာ ဗမာစစ်သားက ပစ်လိုက်တာ။ သူ့ဗိုက်ထဲ ကျည်ဆံဝင်သွားတယ်။ အဲဒါကြောင့် ချင်းမိုင်ဆေးရုံကို ပို့လိုက်ရတယ်။ အခုဆွန်ဒေါက်ဆေးရုံမှာ" - ဟု စိုင်းအောင်နှင့်ခင်မင်ရင်းနှီးသည့် လုပ်ငန်းဖော်တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ယခုလ ၂ ရက်နေ့ မနက်ပိုင်း ၁၀ နာရီအချိန်တွင် ယာခင်းသွားသည့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဖှန်မြို့နယ် မယ့်ငေါန်းအုပ်စုရှိ လွယ်အန်ခန် ဘုရင့်စိုက်ပျိုးရေးစီမံကိန်း အနီး နောလဲရွာတွင်နေထိုင်သော ပလောင်အမျိုးသား စိုင်းအောင် ၂၃ နှစ်အား မြန်မာစစ်ကြောင်းက ပစ်ခတ်ခြင်းဖြစ်သည်။

"သူတို့အဖွဲ့ကို စိုင်းအောင်ကနေ အကြမ်းဖက်မှာစိုးလို့ ပစ်လိုက်တာလို့ပြောတယ်။  ဗိုက်ထဲ ကို ကျည်ဆံဝင်သွားတဲ့  စိုင်းအောင်ကို  ရွာသူကြီးနဲ့ ဒေသခံတွေ နယ်စပ်လုံခြုံရေးထိုင်းစစ်သားတွေ ဆွေမျိုး တွေ ကဘဲ ဖှန်ဆေးရုံကိုပို့တယ်။ အဲတာ ထုတ်ဖို့ ဖှန်ဆေးရုံက ချင်းမိုင်ဆေးရုံကို လွှဲပြောင်းပေးလိုက်တယ်။ ထုတ်ရခက်တယ် လို့ဆေးရုံကပြောတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဘက်နိုင်ငံ နယ်ခြားတာဝန်ခံတွေက ပြောဆိုဆွေးနွေးတာ မတွေ့ရဘူး။ ဘယ်လိုဆက်ဖြစ်လာမလဲ စောင့်ကြည့်ရတာပေါ့" ဟု လွယ်အန်ခန်တွင် အလုပ်လုပ်နေသည့် သျှမ်းပြည်သားအလုပ်သမား စိုင်းရွှေက ပြောပြသည်။

အဆိုပါမြန်မာစစ်တပ်မှာ သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အခြေစိုက် ခလရ ၂၂၅ ၏ ပါခီးတပ်စခန်းမှ ဖြစ်ကြောင်း သိရသည်။ ဤစခန်းကို ၂၀၀၁ ခုနှစ်က SSA တောင်ပိုင်းက သိမ်းပိုက်ဖူးသည်။

လွယ်အန်ခန်အနီး နောလဲရွာသည် ထိုင်းနယ်အတွင်း ရှိပြီး ထိုင်း-မြန်မာနယ်စပ်မျဉ်းနှင့် ၃ ကီလိုမီတာတွင် ကွာဝေးသည်။ ပုံပါကျင်သို့ ခြေကျင်သွားပါက ၃ နာရီသာကြာကြောင်း စိုင်းရွှေက ဆက်ပြောပြသည်။ နယ်စပ်မျဉ်းတလျှောက် လူသွားလမ်း ခြားထားရာ လမ်း၏လက်ယာမှောထိုင်းနယ်မြေဖြစ်ပြီး လမ်း၏လက်ဝဲဘက်မှာ သျှမ်းပြည်နယ်မြေဖြစ်သည်ဟုဆိုသည်။

အပစ်ရပ်ပြီးနောက် အဓမ္မပြုကျင့်မှုလျော့သွားသော်လည်း ညှင်းပမ်းမှုပိုမိုများပြားလာ

Posted: 07 Dec 2012 12:57 AM PST

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရစစ်တပ်ကြား အပစ်ရပ်ကာ ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက်ပိုင်းကျေး လက်ဒေသ၌ အဓမ္မပြုကျင့်ခံရမှု အနည်းငယ်လျော့သွားသည်ဟုဆိုသော်ငြားလည်း စစ်ပွဲများဖြစ်ပွါးရာဒေသတို့၌ ညှင်းပမ်းမှု ပိုမိုများပြားလာသည်ကို တွေ့ရသည်ဟု သျှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း၏ နိုဝင်ဘာလထုတ် အစီရင်ခံစာတွင်ဖော်ပြထား သည်။


ဒေသခံ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှု၊ အမျိုးသားများအား ပေါ်တာဆွဲ သတ်ဖြတ်မှုတို့မှာ သိသိသာသာ ကျဆင်း သွားသည်ကိုတွေ့ရသော်လည်း ကျေးလက်လူထု၏ ပိုင်ဆိုင်မှုများကို ဓါးပြတိုက် လုယက်စားသောက်မှု၊ အိမ်မွေးတိရစ္ဆာန် များအား ဖမ်းဆီးသတ်ဖြတ်ယူငင်မှု စသည်တို့မှာလျော့ကျမသွားသည့်ပြင် စစ်ပွဲဖြစ်ပွါးရာဒေသတို့၌ ပိုမိုဖြစ်ပွါးလာသည် ကိုတွေ့ရကြောင်း အဆိုပါအစီရင်ခံစာ၌ ဖော်ပြထားသည်။

ယခင်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သည့်နည်းအစား ထိုးနှက်ရိုက်ပုတ်ခြင်း၊ လူထုပိုင်ပစ္စည်းဥစ္စာ ခိုးယူခြင်း၊ လူထု အားအဓမ္မခိုင်းစေခြင်း စသည်ဖြင့် နည်းလမ်းပြောင်းလဲလာကြောင်း၊ အဆိုပါ ဖြစ်ရပ်များအား သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်၊ လဲချား၊ မိုင်းကိုင်၊ မိုးနဲနှင့်မိုင်းတုံမြို့နယ်တို့တွင် အများအပြားဖြစ်ပွါးနေသည်ကိုတွေ့ရကြောင်း ဆိုပါသည်။

ယမန်နှစ် ဒီဇင်ဘာလ ၂ ရက်က အပစ်ရပ်ရေးသဘောတူကြပြီးနောက်ပိုင်း မြန်မာစစ်တပ်ဘက်မှ စတင်တိုက်ခိုက်နေသည် သာမက လက်နက်ကြီးများသုံးသဖြင့် ဒေသခံလူထုတို့ ဆုံးရှုံးမှု ဒဏ်ရာရရှိမှုလည်း ပိုမိုများပြားကြောင်း ဆိုပါသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွါးမှု၊ လယ်ယာမြေသိမ်းယူမှု စသည့် ဖြစ်ရပ်များကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူများ လည်း များပြားနေလျက်ရှိရာ နယ်စပ်ပေါက်များဖြစ်သော မယ်ဟောင်ဆောင်ခရိုင်၊ ချင်းမိုင်၊ ချင်းရိုင်းခရိုင်တို့၌ လစဉ်လ တိုင်း ပျှမ်းမျှတလ ၁ ထောင်ခန့် ဝင်ရောက်နေကြောင်း နယ်စပ်နေ ဒုက္ခသည်များအရေးကူညီဆောင်ရွက် ပေးသည့်အဖွဲ့က ပြောပါသည်။

၁၉၉၆-၉၈ က သျှမ်းပြည်အလယ်ပိုင်း ၁၁ မြို့နယ် ရွာပေါင်း ၁၅၀၀ မှ လူဦးရေ ၃ သိန်းဝန်းကျင်မှာ အဓမ္မပြောင်းရွှေ့ ခိုင်းခြင်းခံရသဖြင့် ထိုစဉ်က ထိုင်းနယ်စပ်နှင့် ထိုင်းနိုင်ငံအတွင်း အများအပြားဝင်ရောက်ခိုလှုံခဲ့ကြသည်။ အချို့မှာ ထိုင်းနိုင်ငံသားကဒ်ရရှိသွားသော်လည်း အများအားဖြင့် ထိုင်းအစိုးရမှ ထုတ်ပေးသည့် တိုင်းပြည်မဲ့ကဒ်ပြားများ၊ ရွေ့ပြောင်းအလုပ်သမားကဒ်များဖြင့် ထိုင်းနိုင်ငံအတွင်း၌ ခိုလှုံနေကြရသည်။

http://www.shanhumanrights.org/index.php?option=com_content&view=article&id=349:november-2012&catid=76:2012&Itemid=77