[mrsorcerer:36259] Fwd: [လူဗိုလ်ဟူသည် ...] အံ့သြလွန်းလို့ သေတော့မယ် (ကောင်းဆက်နိုင်)
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/6
Subject: [လူဗိုလ်ဟူသည် ...] အံ့သြလွန်းလို့ သေတော့မယ် (ကောင်းဆက်နိုင်)
To: lubo601@gmail.com
by ပြည်သူ့ခေတ် on Thursday, December 6, 2012 at 5:50am ·
မချင့်မရဲ
ခုတလော သမ္မတကြီး လုပ်ပုံတွေက ကျုပ်စိတ်ကို တော်တော် ကသိကအောက် ဖြစ်စေပါ တယ်။ ကြည့်ဦးလေ၊ အရာရာမှာ  အကောင်းမြင်တတ်အောင် လေ့ကျင့်ထားတဲ့ ကျုပ်က သမ္မတကြီးအနေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌရာထူးပါ ဆက်ယူ ထားမယ်ဆိုတော့ ၀မ်းသာမိပါတယ်။ သြော်၊ ငါတို့ သမ္မတကြီးက တိုင်းပြည်တာဝန်တွေ များပြားလို့ မအားမလပ်တဲ့ ကြားထဲက တစ်ဖက်တစ်လမ်းကနေ ပါတီ တာဝန်ပါ ထမ်း ဆောင်မယ်ဆိုရင် ကောင်းတာပေါ့လို့ ၀မ်းသာမလို့ ရှိတုန်းမှာ ပါတီတာဝန်ကို ထမ်းဆောင်မှာ မဟုတ်ဘူးလို့ ဆိုလာပြန်ပါတယ်။ အခြေခံ ဥပဒေ ပုဒ်မ ၆၄ မှာ နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိတို့ ရာထူး သက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရလို့ ဆိုထားလို့ပါတဲ့။ ဥက္ကဋ္ဌ မလုပ်ရလို့တော့ ပုဒ်မ ၆၄ မှာ မပါသည့်အတွက် ဥက္ကဋ္ဌ ရာထူးကိုတော့ ယူမယ်ဆိုပါတယ်။
ဒါဆိုရင် ဘယ်လို အကျိုးကို မျှော်ကိုးပြီးတော့ အမည်ခံ ဥက္ကဋ္ဌ လုပ်ရ တာပါလဲ ကျုပ်အပါအ၀င် ပြည်သူတွေက သိချင်လာပါတယ်။ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းက ဘာပါလဲပေါ့။
          ကျုပ်တို့ ကာလသား အရွယ်တုန်းက နောင်တော် တစ်ယောက်က တစ်နေ့တော့ မင်္ဂလာဆောင်တယ်ဗျ။ ကာလသားတွေ ၀ိုင်းမေးတော့ မင်္ဂလာဆောင်တာတဲ့၊ ကတိက၀တ် ထားလို့ လက်ဖျားနဲ့တောင် မတို့ဘူးတဲ့၊ တစ်ရက်လာလည်း လက်ဖျားနဲ့မတို့၊ နောက်တစ်ရက် လာလည်း လက်ဖျားနဲ့ မတို့ဘူးဘဲ ပြောနေတော့ ကြားရသူအပေါင်း မချင့်မရဲကြီး  ဖြစ်ကြ ရတာပေါ့ဗျာ။
ပြည်သူ့အသံ
ပြည်သူ့အသံကို ကြားချင်လှပါတယ် ဆိုတိုင်းလည်း ၀မ်းမြောက်ဝမ်းသာ မဖြစ်ကြစေချင်ဘူး။ တကယ်လည်း အသံတွေ ကျယ်လာရော အရင်အတိုင်း ပဲ လက်သံပြောင်လှပါတယ်။ သြော်၊ ဒါကတော့ အခုလည်း အရင်လူတွေပဲကိုး။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ဆန္ဒထုတ်ဖော်နေ သူများကိုလည်း စိတ်မကောင်းစွာနဲ့ သတိပေးရပါတယ်။ ဒီမိုကရေစီ တကယ်ရမှ ဆန္ဒထုတ်ဖော်ပါလို့။ ဒါမှမဟုတ် ရင်တော့ ဆေးရုံကို အိမ်လုပ်ပြီး နေရ လိမ့်မယ်လို့။
          အရင်လူတွေ လုပ်ခဲ့တာလို့ ဒီလူတွေက ပြောပါတယ်။ ဒါပေမဲ့ ဒီလူတွေက အရင် လူတွေပါပဲ။ အားလုံးလည်း သိကြပါတယ်။ အားလုံး မသိကြတဲ့ ကိစ္စကတော့  သပွတ်အူကြီး အကြောင်း ပါပဲ။ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့  ပုလဲမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်  ကိုယ်စားလှယ် ခေါ်ခင်စန်းလှိုင်ရဲ့ တင်ပြချက်ကို ကိုးကားပြီး ပြောရရင် ၂၀၁၀ ခုနှစ်ဆီကပေါ့ဗျာ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ အကြီးမားဆုံး လက်နက်ကုမ္ပဏီ ကြီးများအနက် တစ်ခုဖြစ်တဲ့ china north industries corp. (NORINCO) က မုံရွာ ကြေးနီ စီမံကိန်းကို ဆက်လက် ဆောင်ရွက်မယ် ကြေညာပြီး သဘောတူညီချက် လက်မှတ်တွေ ထိုးခဲ့ကြတယ် တဲ့ဗျာ။
          ပထမအကြိမ် ပြည်သူ့လွှတ်တော်  တတိယ ပုံမှန်အစည်းအဝေးကို တင်သွင်းတဲ့ ပြည်သူ့ငွေစာရင်း ကော်မတီရဲ့ အစီရင်ခံစာ အမှတ်စဉ် ၃/၂၀၁၂၊ ၂၀၁၂ ခုနှစ်  ပြည်ထောင်စု ၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေအပေါ် ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များဆိုတာက တစ်နိုင်ငံလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့တယ်ဗျာ။ အဲ၊ ဂျာနယ်တစ်စောင်တောင် တရားစွဲခံခဲ့ရတယ်လေ။
          ဒီနေရာမှာ အလျဉ်းသင့်လို့ စာရင်းအင်းနဲ့ ပတ်သက်ပြီး ကျုပ်နားလည်သလောက် ဆွေးနွေး တင်ပြချင်ပါတယ်။  စာရင်းဆိုတာက ဘယ်လုပ်ငန်းမှာမဆို လုပ်ငန်းအောင်မြင်မှု၊ ရိုးသားမှု စတာတွေရဲ့ အချုပ်ပါပဲ။ စာရင်းဆိုတာ မပိုရဘူး၊ မလိုရဘူး၊ လိုရင်အပြစ်ရှိသလို ပိုရင် လည်း အပြစ်ရှိပါတယ်။ ငွေစာရင်းတွေဟာ  အကြောင်း မခိုင်လုံဘဲ ထွက်မသွားရသလို၊ အကြောင်း မခိုင်လုံဘဲ ၀င်မလာရဘူး။ အကြွေးတွေ မရလို့ဆိုပြီး အကြွေးမပေးသူတွေကို လက်ညှိုးထိုး ပုံချရုံနဲ့  ပြီးမသွားဘူး။ တာဝန် ယူထားသူမှာ ပြည်သူ့ဘဏ္ဍာနဲ့ ပတ်သက်ပြီး တာဝန် အပြည့်ရှိတယ်။ နောက်ဆုံး ရာသီဥတုကိုတောင် အကြောင်းပြလို့ မရဘူး။ ကြိုတွက် ထားပြီးသား ဖြစ်သင့်တယ်။ ပြည်သူ့ဘဏ္ဍာဟာ ဘယ်နည်းနဲ့ ဆုံးရှုံးသည်ဖြစ်စေ ကိုယ်ကျိုးရှာ ထားခြင်း မရှိခဲ့ရင် တောင်စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ဆိုတာ ၀န်ခံရမယ်။ တာဝန် ဆက်မယူသင့်ဘူး   ပေါ့ဗျာ။
          အဲ၊ ခုနက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် တင်သွင်းခဲ့တဲ့ အဆိုကို ကိုးကားပြီး ဆက်ရှင်းပြ ရရင်...
          ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ဟာ ထူးခြားတဲ့နေ့ တစ်နေ့ပါပဲ။ အဲဒီနေ့ မတိုင်ခင် အထိ ၁၉၉၆ ခုနှစ်ဆီကပေါ့၊ အမှတ် ၁ သတ္တုတွင်း လုပ်ငန်းနဲ့ အိုင်ဗင် ဟို သတ္တုတွင်း ကုမ္ပဏီ အချိုးတူဖက်စပ်ပြီး 'Myanmar Ivanhoe Copper Company Limited' (MICCL) ကို တည်ထောင်လိုက်ကြတယ်။ ကြေးနီ ထုတ်တာကျတော့ S&KMine ဆိုတဲ့ နာမည်နဲ့ပါ။ "စံပယ်တောင်၊ စံပယ်တောင် (တောင်ဘက်) နဲ့ ကြေးစင် တောင်မှ တူးဖော်လိုက်တာ ၂၀၀၆ ခုနှစ်မှာ ၀င်ငွေ အမေရိကန်ဒေါ်လာ ၃၁၂ သန်းနဲ့ ၂၀၀၇ ခုနှစ်မှာ ဒေါ်လာသန်း ၁၆၀ ရခဲ့ကြတယ်ဗျ။ (ကျုပ်အိတ်ကပ်ထဲကိုတော့ တစ်ပြားမှ ၀င်မလာတာ စိတ်ဆင်းရဲစရာပေါ့)။
          ဒါပေမဲ့ ၂၀၀၇ ခုနှစ်မှာ ရှယ်ယာရှင် နှစ်ဦးနှစ်ဖက်အခွန်၊ ခိုင်ကြေးတွေနဲ့ အမြတ်ခွဲဝေမှု မှာ အငြင်းပွားခဲ့ကြရပြီး အဲဒီနှစ်မှာပဲ ဟိုင်ဗင်ဟို ကုမ္ပဏီက သူ့ရဲ့ အစုရှယ်ယာ အားလုံးကို ရောင်းဖို့ ကြိုးစား ခဲ့တယ်ဗျ။ ၂၀၀၉ ခုနှစ်မှာ ရှယ်ယာ ရောင်းချမှုတွေ ရှိခဲ့ပေမယ့် ထင်သာ မြင်သာမရှိတာရယ်၊ ယုံကြည်စိတ်ချရမှု မရှိတာရယ်၊ ပြည်တွင်းက ကိုယ်ကျိုးစီးပွားတွေ ပါဝင် ပတ်သက်မှုတွေရယ်၊ EU ရဲ့ စီးပွားရေး  ပိတ်ဆို့မှုကို ချိုးဖောက်တယ်လို့ သံသယရှိတာရယ် တွေကြောင့်  ကန့်ကွက်မှုတွေ အများကြီး ရှိခဲ့တယ်လို့  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုမှာ ဖော်ပြထား ပါတယ်။
          အခု စိတ်ဝင်စားစရာ ကောင်းတဲ့ ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ ရောက်ပါပြီ။ စောစောက ပြောခဲ့သလို MICCL (Myanmar Ivanhoe Copper Company Lamited) မှာ          "အမှတ် ၁ သတ္တုတွင်း လုပ်ငန်း"က ၅၀ ရာခိုင်နှုန်း "အိုင်ဗင်ဟို ကုမ္ပဏီ"က ၅၀ ရာခိုင်နှုန်း ခုထိ ပိုင်ဆိုင်ထားတယ် ဆိုတာတော့ မှတ်မိကြမှာပါ။ နည်းနည်းတော့၊ အဲလေ အများကြီး ရှုပ်တယ်ဗျာ။ သည်းခံပြီး ဖတ်ကြပါ။၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ  ၃၁ ရက်နေ့မှာတော့ အထက်က ပြောခဲ့တဲ့ ရှယ်ယာရှင် ၂ ဦးစလုံးက လွှဲပြောင်းမှုတွေ အသီးအသီး လုပ်ကြတယ်ဗျာ။ လွှဲပြောင်းမှုတွေ ကတော့ အမှတ် ၁ သတ္တုတွင်း လုပ်ငန်းက ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက် (UMEHL) ကို လွှဲလိုက်တယ်။ အိုင်ဗင်ဟို ကုမ္ပဏီက Wanboa Minining (Hong Kong) Copper Limited ကို လွှဲလိုက်တယ်။
ပြည်ထောင်စု စာရင်းစစ်ချုပ်က ထောက်ပြတာက ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက် (UMEHL) က ပေးချေရမယ့် အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကို  Wanboa Mining (Hong Kong) Copper Limited ကနေ ပေးပို့ခဲ့တယ် ဆိုတာပါပဲ။
          စာရင်းဆိုတာ မှန်ကန်တဲ့ နေရာကိုမှန်ကန်တဲ့ ခေါင်းစဉ်နဲ့ မှန်ကန်တဲ့ ပမာဏ ထွက်ရမှာ ဖြစ်သလို၊ မှန်ကန်တဲ့ နေရာက မှန်ကန်တဲ့ ငွေပမာဏဟာ မှန်ကန်တဲ့ ခေါင်းစဉ်နဲ့ ၀င်ရမှာဖြစ်ပါတယ်။ စိတ်ဝင် စားစရာကောင်းတဲ့ တစ်ချက်လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုမှာ ပါပါတယ်။ ခုနက ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက် (UMEHL) အစား အမေရိကန် ဒေါ်လာသန်း ၁၀၀ ပေးသွင်းသွားတဲ့ Wanboa Mining Limited ဟာ ဒီဆောင်းပါး စောစောပိုင်းမှာ ဖော်ပြခဲ့တဲ့ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံရဲ့အကြီးမားဆုံး လက်နက်ကုမ္ပဏီကြီးများ အနက်က တစ်ခုဖြစ်တဲ့ china north industries corp. (NORINCO) ရဲ့ လက်အောက်ခံ ကုမ္ပဏီ ဖြစ်နေတယ် ဆိုတာပါပဲ။ အဲဒီထဲမှာ မျက်စိလည်စရာက  Wanbao Mining Limited  ကို Myanmar ရှေ့က တပ်ပြီး Myanmar Wanbao Minig Copper Limited (MWMCL) အဖြစ် ဖွဲ့စည်းပြီး လက်ပံတောင်း တောင် ကြေးနီစီမံကိန်း တူးကြတယ်။
          Myanmar Yangtse Copper Ltd. (MYTCL) ကို စံပယ်တောင်၊ စံပယ်တောင် (တောင်ဘက်) နဲ့ ကြေးစင်တောင် ကြေးနီ စီမံကိန်းကို တူးဖော်ကြတယ်လို့ သိရပါတယ်။ အဲဒီ MYTCL ကိုတော့ ကျုပ် မသိဘူးဗျာ။ ဒါပေမဲ့ MYTCL  ရော MWMCL ရော အစု ရှယ်ယာရှင် တွေ အမည်စာရင်းကိုကြည့်ခွင့် ရမယ်ဆိုရင်တော့ စိတ်ဝင်စားစရာ တော်တော် ကောင်းမယ် ဗျာ။ ဒါကိုတော့ မိုးနတ်မင်းကြီးပဲ သိနိုင်မှာပဲ။ မိုးနတ် မင်းကြီးတောင် ရှယ်ယာ ၀င်ထားမှန်းမှ မသိနိုင်တာ။
          သဘာဝ တောတောင်တွေ ပျက်စီးဆုံးရှုံးခံပြီး ရလာမယ့် ငွေကိုတော့ ဘယ်လောက် ဖြစ်ဖြစ် ကျုပ်လုံးဝ စိတ်မ၀င်စားဘူးဗျ။ ဒီစိတ်က ကျုပ်တစ်ယောက်တည်း မဟုတ်ဘဲ နိုင်ငံချစ်သူ၊ ငွေကို အဓိကမထားသူ၊ ပြည်သူတိုင်းမှာ ရှိလိမ့် မယ်ဆိုတာ ယုံကြည်ပါတယ်။ ဘယ်သူမှ လည်း သွေးထိုးခြင်း လှုံ့ဆော်ခြင်း မရှိပါဘူး။ နိုင်ငံကို ချစ်တယ်ဆိုတာက သွေးထိုးမှတဲ့လားဗျာ။ ဒီတိုင်း မချစ်ကြရ တော့ဘူးလား။ ပြည်သူတွေရဲ့ ဆန္ဒသဘောထား ကောက်ကြည့်ရင်တော့ စီမံကိန်း ရပ်စေချင်သူ များမှာပါ။
အလှည့်ကျရင်တော့
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန့်ကျင်ဆန္ဒပြသူများကို အစိုးရအဖွဲ့က နှိမ်နင်းရာမှာ နိုင်ငံတကာ အဓိကရုဏ်း  ဖြိုခွဲမှု စံချိန်စံညွှန်းအတိုင်း ဆောင်ရွက် တယ်လို့ ရုပ်မြင်သံကြားမှာ ကြေညာသွားပါတယ်။ နှိမ်နင်းစဉ် နှိမ်နင်းပုံကို ရုပ်မြင်မှတ်တမ်း ရိုက်ကူးထားခဲ့ရင်တော့ ကောင်းမှာပါ။ ရုပ်မြင်မှာ ရဲတပ်ဖွဲ့က မီးသတ်ပိုက်နဲ့ မျက်ရည်ယိုဗုံး သုံးတယ်လို့ ပြောပါတယ်။ ဆေးရုံက ဆရာဝန် ကြီးများက လူနာအဖြစ် ရောက်လာသူ များဟာ မီးလောင်ဒဏ်ရာတွေနဲ့လို့ ပြော ပါတယ်။ မီးသတ်ပိုက်ထဲ ရေထည့်ပက်ရင်တော့ မီးလောင်စရာ အကြောင်းမရှိဘူးလို့ လူတွေ သုံးသပ်ကြပါတယ်။
          ရှိပါစေတော့၊ ပြည်သူတွေ ဆန္ဒပြတာကို ဥပဒေအရ ပြတ်ပြတ်သားသား အရေးယူပြီး တဲ့ အခါမှာ အစိုးရအဖွဲ့အတွင်း စာရင်းအလွှဲသုံးစား၊ စာရင်းမှား၊ စာရင်းပြောင်း စာရင်းပျောက်မှုတွေကိုလည်း သမ္မတကြီး အနေနဲ့ ကိုယ့်အလှည့်မှာ မနွဲ့ဖို့ တိုက်တွန်းချင်ပါ တယ်။  ဌာန ပြောင်းရုံ၊  စာရင်းကွာတဲ့ ငွေပြန် အထည့်ခိုင်းရုံနဲ့တော့ ပြည်သူတွေ ကျေနပ် မယ် မထင်ပါ။ စံပြအဖြစ် ထိထိရောက်ရောက် တရားဥပဒေ အတိုင်းအရေးယူ ပြစ်ဒဏ် ချမှတ်ရင်တောင် လေးငါးမှု လောက်နဲ့တော့ ဖြုံမယ် မထင်ပါဗျာ။
          အရိုးသားဆုံး ပြောရရင် သမ္မတကြီးရဲ့ အစိုးရအဖွဲ့ကို တကယ်အောင်မြင် စေချင်ပါ တယ်။ မနိုင်မနင်းဖြစ်ပြီး ၀န်ကြီးချုပ် ဦးနုတုန်းကလို တိုင်းပြည်အာဏာကို ပစ္စည်း တစ်ခုလို သဘောမျိုးနဲ့ ဟိုအပ်သည်လွှဲ လုပ်မှာပဲ ငယ်ထိပ်မြွေပေါက် ခံရမှာလောက် ကြောက်မိပါတယ်။ သမ္မတကြီး အောင်မြင်ပါစေ။ သမ္မတကြီး အလှည့်ပြီးရင် အရပ်သားစစ်စစ်ထဲက တစ်ယောက် ယောက်လည်း သမ္မတကြီး ရဲ့ နေရာကိုရပါစေ၊ ဆုတောင်းပါတယ်။
အစ  မကောင်းတော့
အစမကောင်းတော့ အနှောင်းဗလာချာပါ။ သမ္မတကြီးနဲ့ လွှတ်တော်တွေ အကြားမှာ အပြန်အလှန်ပေးပို့ကြတဲ့ သ၀ဏ်လွှာတွေကို ဖတ်ကြည့်ရခြင်းအားဖြင့် ပြည်သူတွေ စိတ်မသက်သာ ဖြစ်နေရပါတယ်။ ဘာကြောင့် ဒီလို ဖြစ်နေကြတာလဲ၊ ဘာကို အခြေခံတာလဲ ဆိုတာ ပြည်သူတွေ သိပါတယ်။
          ပြည်သူတွေကြားထဲမှာ ကျယ်ကျယ် ပြန့်ပြန့်ချပြီး ပွင့်ပွင့်လင်းလင်း လွတ်လွတ် လပ်လပ် ဆွေးနွေးရင်း ပေါ်ပေါက်လာမယ့် "အခြေခံ ဥပဒေ"သည်သာ ကုစားနိုင်မယ့် တစ်ခုတည်းသော ဆေးဖြစ်ပါတယ်။
ကိုးကား - ပုလဲမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်  တင်သွင်းသော လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်သောအဆို။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/07/2012 12:01:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ