[moemakadaily@moemaka.biz] 15th March 2012 - MoeMaKa Daily


San Francisco Burmese Community Book Drive
ကလေးစာအုပ်များ ဆက်လှူဒါန်း၊ ရပ်ကွက်တွင်း စာကြည့်ခန်းငယ်များအတွက်ပါရည်ရွယ်
မိုးမခအထောက်တော် ၀၀၂၊ မတ် ၁၅၊ ၂၀၁၂
မြန်မာပြည်တွင်းရှိ ကလေးသူငယ်များအတွက် San Francisco Burmese Community – Book Drive က ကလေးစာအုပ်များ စုဆောင်းပြီး ပေးပို့လှူဒါန်းသည့် လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်လျက်ရှိရာ ယခင်လက စာအုပ်သေတ္တာများ အသုတ် ၃ သုတ်ခန့် စုဆောင်း ပေးပို့ခဲ့သည်ဟု သိရသည်။ ရှေ့လာမည့် လအတွင်း အဆိုပါစာအုပ်များ ရန်ကုန်သို့ ရောက်ရှိပါက အဝေးနယ်များရှိ ကလေးကျောင်းအချို့ထံ ပေးပို့မည်ဟု ဆိုသည်။
ရန်ကုန်မြို့တွင်း mini library ခေါ် အိမ်တွင်းစာကြည့်တိုက် (စာကြည့်ခန်း) ဖွင့်ထားသည့် အလင်းသစ်ဦးတည်ရာအဖွဲ့ကလည်း အဆိုပါ SFBC Book Drive ၏ အလှူငွေဖြင့် ကလေးများအတွက် မြန်မာစာအုပ်များ ၀ယ်ယူနိုင်ခဲ့ကြောင်း အကြောင်းကြားခဲ့သည်။
         SFBC Book Drive စီစဉ်သူများက မြန်မာပြည်တွင်းရှိ နေရာဒေသအသီးသီးတွင် ကလေးများအတွက် ဖတ်စရာ စာအုပ်စာတမ်းများ လိုအပ်ချက် အမြဲတမ်းရှိနေကြောင်း၊ တန်ဖိုး နည်းသည် များသည်ထက် မိမိတို့ မိတ်ဆွေများအတွင်း တယောက်တလက် စုဆောင်းပြင်ဆင်ပြီး ကိုယ်ထူကိုယ်ထ ပေးပို့လှူဒါန်းမှုများ ပြုလုပ်ကြစေချင်ကြောင်း၊ မိမိတို့က မိမိလက်လှမ်းမီရာ မိသားစုများ၊ စာကြည့်ခန်းများကို ပေးပို့ လှူဒါန်းခြင်းကို စမ်းသပ်ပြုလုပ်ခြင်းဖြင့် အခြားသူများလည်း ကိုယ့်ဖာသာကိုယ် လုပ်ကိုင်နိုင်သည်ကို ပြသလိုခြင်းဖြစ်ကြောင်း ပြောကြားသည်။ ( http://sfbcbookdrive.blogspot.com
         အလှူရှင်များက ပေးပို့သည့် အလှုငွေများကို လက်ခံရရှိကြောင်း ပြေစာကို ဘေးဧရိယာအခြေစိုက် non profit organization မြန်မာအဖွဲ့အနေဖြင့် ထုတ်ပြန်ပေးသည့်အပြင် လုပ်အားပေးများကိုယ်တိုင်က လုပ်အားအလှူအပြင် အလှူငွေထည့်ဝင်ပြီး မြန်မာပြည်တွင်းမှာ မြန်မာစာအုပ်များ ၀ယ်ယူလှူဒါန်းခြင်းတို့ကို ပြုလုပ်ပေးသည်ဟု ဆိုသည်။

Thargyi Maung Zeya - Return from Thibaw and Other Stories 3

 သီပေါကပြန်ခဲ့တယ်နဲ့ အခန်းဆက်များ (၃)
သားကြီးမောင်ဇေယျ၊ မတ် ၁၅၊ ၂၀၁၂
ငါတို့ရဲ့ လွမ်းဆွတ်ကြေကွဲသံ (ဇော်သက်ထွေး)
သို့
ကိုရစ်
မနေ့ က နယ်စည်းမခြား အရက်သမားများအဖွဲ့ လို့ နာမည်ထင်ရှားတဲ့ အုပ်စုနဲ့တွေ့ပါတယ်။ ကိုဟန်းမြတ်ဇော် အိမ်မှာပါ။ ကိုဥက္ကာ ၊ ကိုမော်သန်း ၊ကိုတိုးလွင်၊ လင်းထိတ်သျှင်၊ တို့ကိုတွေ့တယ်။ ခါတိုင်းတွေ့နေကျ မြင့်သန်းကိုမတွေ့ရတော့ စိတ်မကောင်းဘူး၊ သူ့အကြောင်း တော်တော်များများပြောဖြစ်ကြတယ်။
 ကဗျာဆရာအမည်ခံ၊ ဒါရိုက်တာအမည်ခံ၊ အနုပညာသမားအမည်ခံ၊ နိုင်ငံရေးသမားအမည်ခံပြီး ငွေအပွကြံသူတွေ ရှေ့တန်းရောက်လာတဲ့ အကြောင်းပြောတာ နားထောင်လာခဲ့ရတယ်။ နောက်ပြီး ရှေ့ဆက်ပြီး အဲဒီလူတွေနဲ့ ဝေးဝေး ရှောင်ဖို့ လည်းကျနော့်ကိုသတိပေးကြတယ်။ ရင်ဖွင့်ကြတယ်။
အထူးသဖြင့် ကဗျာ၊ သီချင်း၊ ပန်းချီ (နာဂစ်) အုပ်စုကလေးရဲ့ နာမည်ကိုသုံးပြီး အလှူငွေကောက် ၊ ငွေအလွဲသုံးစား လုပ်တဲ့သူတစ်ယောက်ကို သူတို့တော်တော် စိတ်နာနေပုံရတယ်။ ရိုသား တက်ကြွ အနစ်နာခံတဲ့ အစုအစည်းကလေးကိုမှ သူတို့က လုပ်ရက်လေခြင်း လို့သူတို့ကရင်နာကြတာပါ။ အဲဒီအုပ်စုဟာ ရိုးသား ယုံလွယ်ပြီး ပွင့်လင်းကြတယ်။ သူတို့ဟာအနုပညာမြင်းရိုင်းတွေပါပဲ။ မဟုတ်မခံစိတ်ရှိကြတယ်။ အစွမ်းကုန် သည်းခံကြတယ်။ ဒေါသလည်းကြီးကြတယ်၊ ဖန်တီးမှုအားကောင်းတယ်။ ဒါပေမယ့် စည်းစနစ်ပိုင်းမှာ အားနည်းကြတယ်။ ပုဂ္ဂိုလ်ရေးယုံမှုနဲ့ ပဲ သူတို့ က လက်တွဲ ဆောင်ရွက်လေ့ရှိတယ်။ အဲဒါကို ကလိန်ကကျစ်တွေက အခွင့်ကောင်းယူသွားတာပါ။ ဒါဟာလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောပါ။ ကျနော်တို့လူတွေ အလိမ်မခံရအောင် စနစ်ကျတဲ့ အဖွဲ့ ကလေးတွေ ဖွဲ့ဖို့ အချိန်ရောက်ပြီလေ။
ကဲ . . . ဒါတွေခဏထားလိုက်ပါဦး၊ ကျနော်တို့မနေ့ကရေးလက်စကလေး ဆက်လိုက်ကြရအောင်။
ကျနော် မနက်ပိုင်း ကိုမှိုင်းလွင်နဲ့တွေ့ပြီး ၁၀ နာရီလောက်မှာ ဟာမစ်တစ် က ကိုခင်မောင်ဝင်း တို့အိမ်ကိုသွားတယ်။ သူက ဗိုလ်စက်ရောင်ရဲ့ သားပါ။ သူ့အမေ (ဖွားစော) တစ်လပြည်ဆွမ်းကျွေး ပါ။ ကျနော်က တစ်နှစ်ပြည့်လို့ထင်တာ။ သူ့သားနဲ့သမီးကို ကျနော်က ကွန်ပျူတာ သင်ပေးဖူးတော့ မိသားစု တခုလုံးနဲ့ခင်နေတာပါ။
အဲဒီ ဆွမ်းကျွေးမှာ လူတော်တော်များများပြန်ဆုံတယ်။ ဒေါက်တာနေ၀င်းဇနီး ၊ ကိုမျိုးဝင်း ၊ မဒုံ၊ ဘိုးတော်ခင်ဝင်း၊ ဒေါက်တာမော်ဇင်၊ ဒေါက်တာဇော်မင်းစသည်ဖြင့် အတော်များများကိုပြန်ဆုံဖြစ်တယ်။ ကျနော်နဲ့ သီပေါမှာအတူနေခဲ့တဲ့ မဂ္ဂင်ကျောင်းက ဦးဇင်းဂျောင်းဂျောင်း၊ အင်းစိန်ထောင် အဆောင် (၃) မှာ အတူနေခဲ့တဲ့ ဦးဇင်း တိလောက စတဲ့ ဦးဇင်းတွေနဲ့ အတူ လားရှိုးထောင်ကလွတ်လာတဲ့ မဂ္ဂင် ဆရာတော် တို့ကိုလည်းတွေ့ရတယ်။
စိတ်ဝင်စားစရာကောင်းတာက မဖြိုးဖြိုး၊ ကိုကျော်ကိုကို အပါအ၀င် ဗကသ ကျောင်းသားတွေလည်း ရောက်လာကြတယ်။ သူတို့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ယူဂျီလို့ ထင်ရှားတဲ့သူတွေနဲ့လည်း ခင်မင်ရင်းနှီးစွာဆက်ဆံရင်း သမိုင်းသင်ခန်းစာတွေကို အရယူပုံရတယ်။ အရင်ခေတ်က တော်လှန်ရေးအင်အားစု တွေကလည်း သူတို့ကို လေးလေးစားစား ရိုးရိုးသားသား ဆက်ဆံရင်း တိုင်းပြည်ရဲ့ အနာဂတ်ကို မျှော်လင့်တကြီး ရှိနေပုံရတယ်။ အရင်ခေတ်ကလို့ ၀ါဒရေးတိုက်ပွဲ၊ လူတန်းစားတိုက်ပွဲတွေကို ရှေ့တန်း မတင်ပဲ၊ လူ့အခွင့်အရေး၊ ညီညွတ်ရေးတွေကိုရှေ့တန်းတင်ထား ပုံရတယ်။ အရင်က တော်လှန်ရေးအင်အားစုတွေဟာ မြားတန်းလန်းနဲ့ လေဆန်ပျံတဲ့ ငှက်တွေဖြစ်ရင် ဒီခေတ်တော်လှန်ရေးအင်အားစု လူငယ်တွေဟာ အဆိပ်လူးမြားတွေပေါ်က လေကိုဆန်တဲ့ အမြင့်ပျံ ငှက်တွေ ဖြစ်နေတယ်လို့ ကျနော်မြင်ပါတယ်။ နည်းပညာတွေကလည်း တဟုန်ထိုး တိုးတက်နေတော့ ဒီခေတ်လူငယ်တွေရဲ့တော်လှန်တဲ့ ဖန်တီးတတ်တဲ့၊ စွမ်းရည်တွေကလည်းမြင့်သည်ထက်မြင့်တက်နေပြီလေ။
အဲဒီအိမ်ကနေ ၁၁း၃၀ နာရီ လောက်မှာ သား စညိသူဇေယျ နဲ့အတူ ဗဟန်း NLD ရုံးကိုသွားပါတယ်။ ဆရာစံရပ်ကွက် ဦးချစ်မောင်လမ်းပေါ်က နှစ်ကျိတ်ရှစ်ဆူ ဓမ္မာရုံ နားမှာပါ။ အဲဒီမှာ ကျင်းပတဲ့ နိုင်/ကျဉ်းဂုဏ်ပြုပွဲ က ကျနော် တို့ကိုဖိတ်ကြားထားလို့ပါ။ ဗဟန်း NLD ရုံး ဟာ အရင်ကနဲ့မတူပဲ တသွေးတမွေးဖြစ်နေပါတယ်။ တတိယထပ် တိုက်ခန်းမှာ NLD ဆိုင်းဘုတ် လတ်လတ်ဆတ်ဆတ် ကြီးနဲ့ပါ။ အခန်းကလည်းအသစ်ပါ။ ဆေးသုတ်ပြီးကာစ ပြောင်ပြောင်ရောင်ရောင်ဖြစ်နေပါတယ်။ မှန်တံခါးတွေတပ်၊ လေအေးစက်ဖွင့် ။ လူသစ် စိတ်သစ် အခန်းသစ် မှာ စိတ်ကူးသစ် အတွေးသစ် တွေဟာ အခြေအနေသစ်နဲ့ လိုက်လျှောညီထွေပါပဲ။ ကျနော်တို့ ငှားလာတဲ့ ကားဟာ ပါတီဆိုင်းဘုတ်ရှေ့မှာ ရပ်လိုက် ကတည်းက  ဗိုလ်ချုပ်အောင်ဆန်းသီချင်း တွေ လေထဲမှာ ပျံလွင့်နေတာကိုသတိပြုမိပါတယ်။ ဒီသီချင်းတွေ ဖွင့်နိုင်တာကိုက အရေးတော်ပုံအောင်ပွဲ အခြေအနေကို ဖေါ်ပြနေတာပါ။
ကျနော်တို့ကို ပါတီမှာတာဝန်ရှိတဲ့ ဖျာပုံနီလုံဦးက ဆီးကြိုနေရာချပေးပါတယ်။ မကြာမီက ကျနော်တို့နဲ့ တရက်တည်းလွတ်လာတဲ့ ကိုဋ္ဌေးကြွယ်၊ ကိုဇော်သက်ထွေး၊ ကိုစိုးမိုး၊ ကိုမျိုးမင်းဇော်၊ ကိုမျိုးမင်းထိုက်၊ မစန္ဒာမင်း၊ တို့ရောက်လာကြပါတယ်။ သူတို့ရောက်လာပြီး မကြာခင်မှာပဲ ဆရာဦးဝင်းတင်၊ ဦးနိုင်းနိုင်း တို့ရောက်လာပါတယ်။
ဦးနိုင်းနိုင်းက NLD တိုးတက်မှုအခြေအနေများကိုပြောကြားခဲ့ပါတယ်။ ဆရာဦးဝင်းတင်က NLD ရွေးကောက်ပွဲ ၀င်တာဟာ ပြည်သူ့ လှုပ်ရှားမှုတွေကို လွှတ်တော်ထဲအထိ တိုးချဲ့ လိုက်တာလို့ ဆိုတဲ့ သဘောမျိုးပြောတယ်လို့ ကျနော်နားလည်လိုက်ပါတယ်။ ကိုဋ္ဌေးကြွယ်ကလည်း ထောင်ထဲမှာ ကျန်ရစ်တဲ့ နိုင်ကျဉ်းတွေအတွက် ဆက်လှုပ်ရှားမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံ ကူညီသွားမယ့် အကြောင်းပြောပါတယ်။ ကိုဇော်သက်ထွေး ကလည်း ထောင်ထဲမှာ နေခဲ့ရပုံတွေအကြောင်းပြောပါတယ်။ နောက်ပြီးကဗျာတပုဒ်ရွတ်ပါတယ်။
သူတို့နှစ်ယောက်စလုံးဟာ စကားပြောကောင်းတာကို တအံ့တသြတွေ့ရတယ်။ ၀မ်းလည်းဝမ်းသာမိတယ်။ နောက်တက်လာမယ် လူငယ်ခေါင်းဆောင် တွေရဲ့ အစွမ်းထက်မှုကို တွေ့ရတော့ ကျနော်တော်တော် အားရကျေနပ်မိတယ်။ သူတို့ကိုတိုက်ပွဲတွေက မွေးဖွားပေးလိုက်တာပါ။
 
ကိုဇော်သက်ထွေးရဲ့ ကဗျာကလည်းကောင်းတယ်ဗျာ။ ဖတ်ကြည့်ပါဦး။
            ခေါင်းစဉ်က
ငါတို့ရဲ့ လွမ်းဆွတ် ကြေကွဲသံ
ဒီနေရာမှာ တော့
ညကိုးနာရီမှာ အိပ်ချင်ချင် မအိပ်ချင်ချင်
အိပ်ရတယ်။
မနက် ၅ နာရီမှာတော့
သေတဲ့သူက လွဲလို့
အားလုံး ငုတ်တုတ်ထ ထိုင်ရတယ်။
ငါတို့ပေါ်ကို ဒိန်ခဲလို
လမင်းရဲ့အလင်းရောင် မမြင်ဖူးဘူး။
နွေးထွေးတဲ့နေရောင်ခြည် မကျရောက်ဘူး။
နှစ်ဆယ့်သုံးနှစ်ကြာ ရှင်သန်ခဲ့တဲ့
အလံတော်ရဲ့ အောင်ပွဲခံ အခမ်းအနားကို
ငါတို့ တက်ရောက်ခွင့် မရဘူး။
တရားမျှတမှုတွေ ငါတို့ထံ မဖြတ်သန်းခဲ့ဘူး
ဘယ်လိုပဲ ဖြစ်ဖြစ်
မင်းသာ အောင်မြင်မယ်ဆိုရင်
မင်းသာ မြင့်မားမယ်ဆိုရင်
ငါတို့ရဲ့ အသွေး အသား အသည်းနှလုံးကို
ဆက်လက်နှင်းအပ်မယ်။
ဘယ်လို အခြေအနေဖြစ်ပါစေ
နိုင်ငံ . . .
မင်းကို ငါတို့ သိပ်ချစ်တယ်။
(ဇော်သက်ထွေး)
အခန်းအနားမှာ လက်ရှိ ခေါင်းဆောင်တွေဖြစ်တဲ့ ဆရာဦးဝင်းတင်၊ ဦးနိုင်းနိုင်း တို့ ကို တွေ့ရလို့ ၀မ်းသာရသလို၊ နောင်ခေါင်းဆောင်သစ်တွေဖြစ်လာမယ့် ကိုဋ္ဌေးကြွယ်၊ ကိုဇော်သက်ထွေးတို့ ကိုတွေ့ရတော့ ကျေနပ်မိတယ်။ ဒါပေမယ် ဒီပွဲဟာ ထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေ အကုန်မလွတ်ပဲနဲ့ ဘယ်မှာ ဘယ်လို အောင်မြင်ပြီးမြောက်တဲ့ အခမ်းအနားဖြစ်မှာလဲဗျာ။
အထူးသဖြင့် ကျနော်တို့ ဦးသန့်အရေးအခင်းတုန်းက သေဒဏ်အပေးခံခဲ့ရတဲ့ ကိုတင်မောင်ဦးလို ၊ လက်ရှိထောင်ထဲမှာ ကျန်နေသေးတဲ့ သူငယ်ချင်း မြင့်အေးလို ၊ တောထဲ တောင်ထဲ ထောင်ထဲ မှာ လူမသိ သူမသိ ပျောက်ခြင်းမလှ ပျောက်သွားတဲ့  သူငယ်ချင်းတွေ၊ ရဲဘော်ရဲဘက်တွေ၊ ရေးဘော်ရေးဘက်တွေ သူတို့ရဲ့မျက်နှာတွေဟာ ကျနော့် ရှေ့မှာ တရေးရေးပေါ်နေပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းသီချင်းတွေကလည်း လေထဲမှာ ဝေ့လို့ ၀ဲလို။
ဓါတ်ပုံတွေကလည်း တဖြတ်ဖြတ်ရိုက်လို့၊ ၀င်းကနဲ လက်ကနဲ။ ထောင်ထဲ မှာ ခေါင်းကို အရိုက်ခံ ခဲ့ ရစဉ်က ၀င်းကနဲ လက်ကနဲ ခံစားခဲ့ရတာတွေကို ပြန်သတိရလာတယ်။ လင်းကနဲ လက်ကနဲ အလင်းရောင်များက ဓါတ်ပုံမီးက အရောင်လား၊ ခေါင်းအရိုက်ခံ လိုက်ရလို့ မြင်လိုက်ရတဲ့ အလင်းလား၊ ကျနော်ေ၀၀ါးနေတယ်။
ဒါ အောင်ပွဲလား။ စစ် ကောစစ်ရဲ့လား။
ကျနော့်ညီက ဦးထင်ကျော်နဲ့ ချိန်းထားတယ် သွားမယ်လေ လို့သတိပေးမှ ကျနော်သတိပြန်ရတယ်။ ကျနော်တို့ ထောင်ထဲတွင်ရှိစဉ်ထောက်ပံ့ထားသော သူ၊ ဆရာမင်းသုဝဏ်၏သား ဦးထင်ကျော် နှင့် ချိန်းထားတာကို သတိရတယ်။
ကျနော့်ညီ ကိုဒေ၀ ရယ်၊ သားစည်သူဇေယျ ရယ်၊ ကျနော်ရယ် ၊ သုံးယောက် ကားတစီးငှားကာ ဦးထင်ကျော်တို့ အိမ်သို့ ထွက်လာခဲ့ကြတယ်။ ဒေါ် အောင်ဆန်းစုကြည်၏ အရေးကြီးတာဝန်များကို ထမ်းဆောင်နေရသဖြင့် သူ အားမှ အားပါ့ မလား။  ကား ဘီးတွေ ကတော့ အရှိန်နှင့် လိမ့်နေလေပြီ။
(ဖေဖော်ဝါရီ ၂၈၊ ၂၀၁၂၊ စာပြီးတဲ့ ရက်စွဲ)

ကာရာအိုကေ အဆိုပြိုင်ပွဲ LA မှာ ကျင်းပမယ်

ပြည်သူ့ဂုဏ်ရည်
မတ် ၁၄၊ ၂၀၁၂


ပြည်သူ့ဂုဏ်ရည်အသင်း ရန်ပုံငွေပွဲအဖြစ် "ကာရာအိုကေ အဆိုပြိုင်ပွဲနှင့် တိုင်းရင်းသားရိုးရာ အစားအသောက် ဈေးပွဲတော်" ကို ပြည်သူ့ဂုဏ်ရည်အသင်း လော့စ်အိန်ဂျလိစ်ဌာနခွဲက မတ်လ ၂၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါပွဲကို Monterey Park ရှိ အောင်ဇေခန်းမ တွင် ညနေ ၅ နာရီမှ ၉ နာရီအထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံကျော် အဆိုတော် နီနီဝင်းရွှေ၊ ကချင် ဗီဒီယိုမင်းသမီး Maureen Seng Mai၊ ရေဒီယိုအဆိုတော်များဖြစ်သည့် ကိုတင်ထွဋ်၊ ကိုအောင်မျိုးခင်၊ BBS ဂီတပညာရှင်များဖြစ်သည့် Rickey Zaw နှင့် Brian Tiu တို့က အမှတ်ပေးဒိုင်များအဖြစ် ကူညီဆောင်ရွက်ပေးကြမည် ဖြစ်သည်။

အသေးစိတ်သိလိုပါက ဦးကိုလေး (၆၂၆ - ၃၈၃ ၆၉၀၁)၊ ကိုကျော်ဝဏ္ဏ (၆၂၆ - ၄၇၈ ၇၇၁၇)၊ မနီလာစိန် (၆၂၆ - ၅၀၆ ၉၆၀၇)၊ Monica Yeo (၆၂၆ - ၃၄၈ ၆၅၄၈)၊ ကိုဘိုဘို (၆၂၆ - ၆၁၀ ၅၀၅၄) တို့ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ။


Ku Mojo - Cartoon

စီးပွားဖြစ်တာ မြန်သလားလို့
ကာတွန်း - ကူမိုးကြိုး
မတ်လ ၁၄၊ ၂၀၁၂


Than Win Hlaing - Articles

စာရေးဆရာမ ကြီးခင်မျိုးချစ် (သို့မဟုတ်) မြန်မာကို ကမ္ဘာသို့ သိစေသူ
သန်းဝင်းလှိုင်
မတ်လ ၁၄၊ ၂၀၁၂



စာရေးဆရာမကြီး ခင်မျိုးချစ်ကို ၁၉၁၅ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် စစ်ကိုင်းမြို့အဖရာဇဝတ်ဝန်ထောက် ဦးတော်၊ အမိဒေါ်သန်းတင်တို့မှ ဖွားမြင် ခဲ့သည်။ မွေးချင်း ငါးယောက်အနက် အကြီးဆုံးဖြစ်ပြီး ညီမတစ်ယောက်နှင့် မောင်သုံးယောက်ရှိသည်။ အမည်ရင်းမှာ မခင်မြ ဖြစ်သည်။ ဖခင်ဘက်မှ အဖိုးဖြစ်သူမှာ မြန်မာပညာရှိ သီရိစတုရ င်္ဂဗလဘွဲ့ခံဦးဖေ (ခရစ် ၁၈၆၁-၁၉၄၃) ဖြစ်ပြီး အဖွားဖြစ်သူမှာ ဗန်းမော်အတွင်းဝန်ဦးဖိုး၏ သမီး ဗန်းမော်ခင်လေးကြီးဖြစ်သည်။

ငယ်စဉ်က သရက်မြို့ အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ၁၉၃၂ ခုနှစ်မိတ္ထီလာအမျိုးသားကျောင်းမှ ဆယ်တန်းအောင်မြင်၍ တက္ကသိုလ် ဆက်တက်ခဲ့သည်။ သို့သော် တနှစ်သာတက်၍ ကျောင်းထွက်လိုက်ရသည်။

၁၉၃၂ တွင် တက္ကသိုလ်မဂ္ဂဇင်း 'ဝသန္တ' စာစောင်သို့ ဆာဝါလတာစကော့ (Sir Walter Scott) ၏ Patriotism (မျိုးချစ်စိတ်ဓာတ်) ကဗျာကို မှီး ၍'ဇာတိမာန်' အမည်ဖြင့် တေးထပ်တပုဒ်ကိုရေး၍ပေးပို့ခဲ့ရာ ကလောင်အမည်ထည့်မရေးခဲ့သည့်အတွက် စာစောင်အယ်ဒီတာ ဒေါ်သန်း ရင်က ကလောင်အမည်ကို 'ခင်မျိုးချစ်' ဟု အမည်တပ်ပေးခဲ့ရာမှ 'ခင်မျိုးချစ်' အမည်တွင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဒဂုန်မဂ္ဂဇင်း၊ သူရိယ သတင်းစာ၊ ဘားမား ဂျာနယ်တို့၌ဆောင်းပါး၊ ဝတ္ထုတိုများ ဆက်လက် ရေးသားခဲ့သည်။ ပထမဆုံးရေးသားခဲ့သောဒဂုန်မဂ္ဂဇင်းပါ ဝတ္ထုတိုနှင့်ပတ်သက်၍ ဆရာမကြီးသည် ၁၉၉၅ ဒီဇင်ဘာလထုတ် ရွှေစင်မဂ္ဂဇင်း၌ ဤသို့မှတ်တမ်းတင်ထား သည်။"မနေ့က စာရေးသူဆီကို စာအိတ်ကြီး တစ်အိတ်ရောက်လာတယ်။ သိလိုဇောနဲ့ ဖွင့်ကြည့်လိုက်တော့ စာရေးသူရဲ့ ဝတ္ထုကော်ပီဖြစ် နေတယ်။ ပူးတွဲပါလာတဲ့စာက အယ်ဒီတာဒဂုန်ဦးလှဘေကိုယ်တိုင် စိတ်ရှည်ရှည်ရေးလိုက်တဲ့စာဖြစ်တယ်။ အယ်ဒီတာက စာရေးသူရဲ့ ဝတ္ထုက ရှည်လွန်းနေတယ်တဲ့။ ပြီးတော့ ဝတ္ထုကို ဘယ်လိုပြုပြင်ပေးရင်ကောင်းမယ် ဆိုတဲ့ အကြံပေးချက်တွေလည်းပါတယ်။ ဒဂုန်ဦး လှ ဘေရဲ့ကျေးဇူးကြီးပါပေတယ်။ ဒါနဲ့ အယ်ဒီတာအကြံပေးတဲ့အတိုင်း ဝတ္ထုကို ပြုပြင်ရေးပြီးပြန်ပို့လိုက်တော့ ဒဂုန်မဂ္ဂဇင်းမှာ ပါလာတယ်" ဤသည်ကား ဆရာမကြီး၏ ပထမဆုံးဝတ္ထုတိုနှင့်ပတ်သက်၍ သူကိုယ်တိုင်ရေးသားချက်ဖြစ်သည်။ ယင်းနောက် သူရိယသတင်းစာတွင် အခန်ဆက် ရေးသားခဲ့သော 'ကောလိပ်ကျောင်းသူ' အခန်းဆက်ဝတ္ထုရှည်ကို ၁၉၃၆ ခုနှစ်တွင် လုံးချင်းအဖြစ်ပထမဆုံး ပုံနှိပ်ထုတ်ဝေခဲ့သည်။ အဆိုပါဝတ္ထုနှင့် ပတ်သက်၍ ဆရာမကြီးအား သူရိယသတင်းစာတွင် အဆက်အသွယ်ရှိ သည့် မိတ်ဆွေတဦးက ဇဝန၏ 'ကောလိပ်ကျောင်း သား' ဝတ္ထုခေတ်စားနေသည်မို့ 'ကောလိပ်ကျောင်းသူ' ဝတ္ထုရှည်ရေးရန်တိုက်တွန်းရာမှ ရေးသားခဲ့သည်ဟု ဆိုသည်။

၁၉၃၈ ခုနှစ်တွင် ကျောင်းသားသပိတ်ကြီး၌ ပါဝင်၍ နိုင်ငံရေးကို တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။၁၉၃၉ ခုနှစ်တွင် ဦးခင်မောင်လတ် (လုပ်သားပြည်သူ့နေစဉ် အင်္ဂလိပ်သတင်းစာ အယ်ဒီတာချုပ်) နှင့် လက်ထပ်၍ ၁၉၄ဝ ပြည့်နှစ်တွင် သား ခင်မောင်ဝင်း (သင်္ချာပါမောက္ခ ဒေါက်တာခင်မောင်ဝင်း) ထွန်းကားခဲ့သည်။၁၉၄၁ ခုနှစ်နှင့် ၁၉၄၅ ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော်ရုံး၌ အမှုထမ်းစဉ် Three Years Under the Japs (သုံးနှစ်တာ ဂျပန်လက်အောက်ခံဘဝ)စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။

အဆိုပါစာအုပ်၌ ဆရာမကြီးခင်မျိုးချစ်က ဖက်ဆစ်ဂျပန်များ၏ ဆိုးသွမ်း ယုတ်မာပုံများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့သူဖြစ်ပြီး သူတို့၏ အမူအကျင့်များကို ခါးခါးသီးသီးဆန့်ကျင်ပြီး ဖက်ဆစ်များအပေါ် တော်လှန်ရေးဆင်နွှဲ အပြီးမှာပင် ရေးသားခဲ့ခြင်းဖြစ်သည်။ အဆိုပါစာအုပ်ကို ၁၉၄၅ ခုနှစ်တွင် ပထမအကြိမ်ထုတ်ဝေခဲ့ပြီး အာဇာနည် ဒီးဒုတ်ဦးဘချိုက အမှာစာရေးပေးထားသည်။ အုပ်ချုပ်ရေး၌ နီးနီးကပ်ကပ်နေထိုင် ကျင်လည်ခဲ့ရသဖြင့် ဖက်ဆစ် ဂျပန်များနှင့်လည်း ထိပ်တိုက်ရင်ဆိုင်ခဲ့ရပုံများကို နာနာကြည်းကြည်း မှတ်တမ်းတင်ခဲ့လေသည်။

ဆရာဦးဘချို၏ အမှာစာတွင် –"ဤစာအုပ်သည် သာမန်မြန်မာလူမျိုးတဦး၏ခံစားချက် များကို ရောင်ပြန်ဟပ်ထား သည်။ တဖက်တွင်လည်း သမိုင်းသုတေ သီများအတွက် ဂျပန်ခေတ်သုံးနှစ်အတောအတွင်း မြန်မာနိုင်ငံ၏ သမိုင်းဖြစ်စဉ်များနှင့်ပတ်သက်၍ မှတ်တမ်း မှတ်ရာ သဲလွန် စများကို ရရှိနိုင်ပါ သည်။ သုံးနှစ်တာ ဂျပန်ခေတ်အတွင်းကအဖြစ်အပျက်များကို လှစ်ဟပြထား သည့်ရေးသားချက်များတွင် မြန်မာတပြည်လုံး စစ်အကျဉ်းစခန်းကြီးအဖြစ်ရောက်ရှိခဲ့ရပုံ၊ ထိုအကျဉ်းစခန်းကြီးသည် နာမည်ဆိုးဖြင့်ကျော်ကြားသော 'ရှက်စရာမော်ကွန်းကျောက်တိုင်များ' ဟု အမည်တွင်သော နာဇီအကျဉ်း စခန်းများထက်ပင်သာလွန်သောမှတ်တိုင်တခုဖြစ်ကြောင်းကို ဤစာအုပ်ကလေးတွင် တွေ့ရှိရမည်ဖြစ် သည်" ဟု ရေးသားခဲ့လေသည်။ယခုအခါ အဆိုပါစာအုပ်ကို ဆရာမကြီးခင်မျိုးချစ်၏ မြေးဖြစ်သူ ဂျူနီယာဝင်းက မြန်မာဘာသာသို့ပြန်ဆိုခဲ့ပြီး ၂ဝဝ၉ ခုနှစ်က အတွေးအမြင် မဂ္ဂဇင်းတွင် ၄ လဆက်ဖော်ပြခဲ့သည်။ ထိုဘာသာပြန်နှင့်အတူ မူရင်းအင်္ဂလိပ်ဘာသာဖြင့်တွဲ၍ ဒေါင်းစာပေက ၂ဝ၁၁ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေခဲ့သည်။

ထို့နောက် ဆရာမကြီးခင်မျိုးချစ်သည် စစ်ပြီးနှင့် လွတ်လပ်ရေးရပြီး ခေတ်များတွင် အိုးဝေသတင်းစာ၊ တိုင်းရင်းသူဂျာနယ်၊ စာပေဗိမာန်တို့တွင် အမှုထမ်းခဲ့သည်။၁၉၅၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်စာ) ဖြင့် ရရှိခဲ့သည်။ ၁၉၅၆ ခုနှစ်တွင်၁၃ Carat Diamond (၁၃ ရတီစိန်ကြီးဝတ္ထု) တို့ကိုမေလထုတ် ဂါးဒီးယန်းအင်္ဂလိပ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။ ၁၉၅၂ မှ ၁၉၆၂အတွင်း ဂါးဒီးယန်းအင်္ဂလိပ်သတင်းစာတိုက်တွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ်အမှုထမ်းရင်း အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးများရေးသားခဲ့သည်။ ၁၉၅၃-၅၄ တွင် အပျင်းဖြေနည်း၊ ကမ္ဘာကျော်ကြား စာနှင့်စကား၊ ရှိတ်စပီးယားပုံပြင်များ (ပတွဲ၊ ဒုတွဲ) တို့ကို စာပေဗိမာန်စာစဉ်များအဖြစ် ရေးသားပြုစုခဲ့သည်။

၁၉၆၃ မှ ၁၉၆၈အတွင်း Working People's Daily တွင် အယ်ဒီတာ အဖြစ်အမှုထမ်းရင်း (Hero of Old Burma) ဝတ္ထုရှည်နှင့် Quest for Peace (ကိုယ်ရေးအတ္ထုပ္ပတ္တိ) တို့ကို အင်္ဂလိပ်ဘာသာဖြင့် အခန်းဆက်ရေးသားဖော်ပြခဲ့သည်။

ဆရာမကြီး အင်္ဂလိပ်ဘာသာဖြင့် စားရေးချင်စိတ်ဖြစ်ပေါ်လာသည်မှာဦးခင်ဇော် (ကေ) ၏ 'ကိုယ်ရေးအတ္ထုပ္ပတ္တိ' ကို ဖတ်ရခြင်းနှင့် ဆရာ တက်တိုး၏ အင်္ဂလိပ်ဘာသာဖြင့်ရေးသော ဝတ္ထုတိုများကိုဖတ်၍ အားကျခြင်းတို့ကြောင့် ဖြစ်သည်ဟုဆိုသည်။

အင်္ဂလိပ်ဘာသာဖြင့်ရေးသားခဲ့သည့်စာများအနက် Anawratha of Burma (အနော်ရထာ) နှင့်ပတ်သက်၍ ဆရာမကြီးက သူငယ်စဉ်က သူ့အဖိုး ဦးဖေ ပြောပြသော သမိုင်းပုံပြင်များကို နားထောင်နေခဲ့စဉ်ကပင် အနော်ရထာ၊ကျန်စစ်သားတို့ကို စိတ်ဝင်စားခဲ့သဖြင့် ထိုစဉ်ကပင် အခြေခံအုတ်မြစ်ချခဲ့သည်ဟုဆိုသည်။ သူသည် သူ့ကိုယ်သူ ဝတ္ထုရေးဆရာဟု မသတ်မှတ်။ သတင်းစာဆရာသာဖြစ်သောကြောင့် အနော်ရ ထာကိုရေးသောအခါ အခန်းတခန်းစီကို သတင်းတပုဒ်ရေးသလို သီးခြားစဉ်းစား၍ရေးခဲ့သည်ဟုဆိုသည်။ အနော်ရထာကို ရေးသောအခါ၌ လည်း အဓိကဇာတ်ကောင်များ စတွေ့သည့်အကြောင်းများကို အလေး ပေး၍ရေးသားခဲ့သည်။ ဥပမာ အနော်ရထာနှင့် ကျန်စစ်သား၊ အနော်ရထာနှင့် ညောင်ဦးဖီး၊ အနော်ရထာနှင့် ရှင်အရဟံတွေ့ခန်းတို့ကို ခုနစ်ရက်မျှ စဉ်းစား၍ ရေးခဲ့သည်ဟုဆိုသည်။ ထို့ကြောင့်လည်း Anawratha စာအုပ်သည် သမိုင်းဝင်ပုဂ္ဂိုလ်များကို စာအုပ်ထဲက နာမည်များသာမဟုတ်ဘဲ သက်ရှိလူသားဖြစ်အောင်၊ စာဖတ်သူများ စိတ် ထဲတွင် တကယ့်လူပုဂ္ဂိုလ်များ အကြောင်းကို ဖတ်ရသကဲ့သို့ဖြစ်အောင်ရေးသားနိုင်ခဲ့သည်ကို တွေ့ရလေသည်။အဆိုပါ Anawratha of Burma စာအုပ်ကို နောက်ပိုင်းထုတ် အကြိမ်များတွင် King Among Men ဟူ၍ အမည်ပြောင်းထုတ်ဝေခဲ့သည်။

ယနေ့တိုင် မထုတ်ဝေရသေးသော သူ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်သည့် Quest for Peace (ငြိမ်းချမ်းရေးရှာပုံတော်) စာမူကို မြန်မာဘာ သာဖြင့်မရေးဘဲ အင်္ဂလိပ်ဘာသာဖြင့်ရေးသားရခြင်းနှင့်ပတ်သက်၍ ဆရာမကြီးက –

"ကျမသည် မြန်မာဘာသာအရေးအသားတွင် ကျွမ်းကျင်တတ် မြောက်ချင် သလောက် မတတ်မြောက် သေး၍တကြောင်း၊ ကျမကိုယ် ကျမ သခင် ကိုယ်တော်မှိုင်း၊ သခင်ဘသောင်း၊ ရွှေဥဒေါင်း၊ ဦးထင်ဖတ် (မောင်ထင်) တို့နှင့် နှိုင်းယှဉ်ပြီး မြန်မာလိုရေးတယ်ဆိုတာ ဒီလိုပုဂ္ဂိုလ်ကြီး တွေလို ရေးတတ်မှ ရေးသင့် ဟု ထင်မြင်မိ၍တကြောင်း၊ ရေးသားသောအကြောင်းအရာ တော်တော်များများသည် မြန်မာစာဖတ်ပရိသတ် အတွက် လက်မခံနိုင်သည့်အရာများဖြစ်နေသောကြောင့်ဖြစ်သည်" ဟု ဆိုသည်။ ထို့အပြင် သူ့မြန်မာစာအရေးအသားသည် စကား ပရိ ယာယ်မကြွယ်ဝသဖြင့် တဖက်လူနားဝင်အောင် မရေးနိုင်သည်လည်း ဖြစ်နိုင်သည်ဟုဆိုသည်။ အင်္ဂလိပ်ဘာသာတွင် Understatement, Idiom,Synonym, Antonym များဖြင့် ပရိယာယ်သုံး၍ အပေါ်ယံရေးလိုက်ရုံဖြင့် စာဖတ်သူများအား ထည့်မရေးထားသော အကြောင်းအရာ များကို နားလည်အောင်ရေးနိုင်သည်။ မြန်မာလို ဤသို့ရေးနိုင်စွမ်း သူ့မှာမရှိပါဟုဆိုသည်။

၁၉၅၆ မေလထုတ် ဂါးဒီးယန်းမဂ္ဂဇင်းတွင် ၁၃ ရတီစိန်ကြီး (13 Carat Diamond ) ဝတ္ထုကို စတင်ဖော် ပြခြင်းခံရသည်။ ၎င်းဝတ္ထုကို ဂျာမန်၊ အူရဒူ၊ယူဂိုစလပ်၊ အီတလီဘာသာများသို့ ပြန်ဆိုခြင်းခံရသည်။ ထို့နောက် ၁၉၅၂ သြဂုတ်လတွင် သတင်းစာလောက စာအုပ်ကို ရေးသား ထုတ်ဝေသည်။

ထို့နောက် ဆရာမကြီးခင်မျိုးချစ်သည် ၁၉၆၉ မှ ၁၉၈၁ အတွင်းတွင် "13Carat Diamond and Other Stories, Colourful Burma, BurmeseScenes and Sketches Flowers and Festival Round the BurmeseYear, Anawratha of Burma" ဟူသော အင်္ဂလိပ်ဘာ သာဖြင့် စာအုပ်များနှင့်

ဒင်းနစ်ဝှစ်လီ၏ စာအုပ်ကိုဘာသာပြန်ခဲ့သော နှစ်လောကတိုက်ပွဲ၊ မိုက်ကယ်အိန်ဂျလို၊ အာ၊ ဂျေ မင်းနီးရေးသောစာအုပ်ကိုပြန်ဆိုသည့် စွန့်ခဲ့ရကျွန်မဘဝပါရှင်၊ ဥရောပစာပေယဉ်ကျေးမှုအနုပညာမိတ်ဆက် တို့ကို ရေးသားခဲ့သည်။

၁၉၇ဝ ပြည့်နှစ်တွင် အရှေ့တောင်အာရှနိုင်ငံများမှ စာရေးဆရာများ ပါဝင်ယှဉ်ပြိုင်ကြသော အင်္ဂလိပ်ဘာ သာဝတ္ထုတိုပြိုင်ပွဲတွင် Her Infinite Variety ဝတ္ထုတိုသည် ပထမဆုကို ဆွတ်ခူးနိုင်ခဲ့၏။ ထိုနှစ်မှာ တို့လူကလေးများ ဆိုသလေးနှင့် ဥရောပစာပေ ရှေးခေတ်၊ အလယ်ခေတ် စာအုပ်များ ရေးသားထုတ်ဝေသည်။ ခင်ပွန်းဖြစ်သူ ဦးခင်မောင်လတ်နှင့်တွဲဖက်၍လည်း မိသားစုအတွက်ပျော်တော်ဆက် ဟာသစာစောင် ကို ထုတ်ဝေသည်။ ထိုစာစောင်တွင် တာဝန်ခံအယ်ဒီတာအဖြစ်လည်းကောင်း၊ ပင်တိုင်ဆောင်းပါးရှင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ သည်။၁၉၇၆ ခုနှစ်တွင် မြန်မာယဉ်ကျေးမှုအနုပညာ၊ ဘာသာရေးဓလေ့ထုံးစံတို့နှင့်ပတ်သက်၍ အင်္ဂလိပ်လိုရေးသားချက်များကို Colourful Burma အမည်ဖြင့် စာအုပ်ရေးသားထုတ်ဝေခဲ့သည်။

၁၉၈ဝ ပြည့်နှစ်တွင် Asia Magazine Y Kyaikhtiyo (ကျိုက်ထီးရိုး) ဘုရားအကြောင်းဆောင်းပါးကို ဖော်ပြခြင်းခံရသည်။ ယင်းမဂ္ဂဇင်း၌ပင် ၁၉၈၁ ခုနှစ်၌ A Pagoda Where Fairytale Char-acters Come to Life အမည်ရှိ အင်္ဂလိပ်ဘာသာဖြင့် မယ်လမုဘုရား အကြောင်း ရေးသားသည့်ဆောင်းပါးကို ဖော်ပြခြင်းခံရသည်။ ထိုနှစ်မှာပင် Flowers andFestival Round the Burmese Year စာအုပ်ကိုပြုစု ရေးသား ခဲ့သည်။

ဆရာမကြီးသည် ဗမာ့ကာကွယ်ရေးတပ်မတော်၌ အမှုထမ်းခဲ့မှုကြောင့် ၁၉၈၃ ခုနှစ်တွင် နိုင်ငံတော်မှချီးမြှင့်သော မော်ကွန်းဝင် (တတိယ ဆင့်) ရရှိခဲ့သည်။

ယင်းနောက် သောင်းပြောင်းထွေလာမဂ္ဂဇင်းတွင်ရေးသားခဲ့သော ဆောင်းပါးများကိုစုစည်း၍ ၁၉၈၆ ခုနှစ်တွင် ပဒေသာစာပေမှ ထုတ်ဝေခဲ့ သည်။

၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့၊ (၁၂းဝဝ) နာရီတွင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ပြည်ရိပ်သာလမ်း၊ အမှတ် (၅ဝ၅/၈) နေအိမ်၌ ကွယ်လွန်သွားခဲ့သည်။ ကြွင်းကျန်သောရုပ်ကလာပ်ကို ဇန်နဝါရီလ (၃) ရက်၊ နံနက်(၁၁းဝဝ) နာရီတွင် ထိန်ပင်သုဿန်သို့ပိုဆောင်၍ သင်္ဂြိုဟ်ခဲ့သည်။ ကွယ်လွန်ချိန်၌ သားဒေါက်တာ ခင်မောင်ဝင်း (အငြိမ်းစားပါမောက္ခ၊ သင်္ချာဌာန၊ ရန်ကုန်တက္ကသိုလ်)၊ ဒေါ်ခင်ညွန့်ရီ (ခ) တက္ကသိုလ်ရွှေရည်ဝင်း၊ မြေး မောင်မောင်ဝင်း (ခ) မောင်ရစ်၊ မမေသန်းဌေး၊ မီမီဝင်း (ခ) ဂျူနီယာဝင်းတို့ ကျန်ရစ်ခဲ့သည်။

ရည်ညွှန်း
၁။ မလိခ၊ မြန်မာစာပေအဘိဓာန် (ပထမတွဲ)၊ စာ ၁၈၉။
၂။ ခင်မျိုးချစ်၊ သတင်းစာလောက၊ ခေတ်ပြိုင်စာအုပ်တိုက်၊ ၂ဝဝ၄၊ စက်တင်ဘာ။
၃။ ခင်မျိုးချစ်၊ ကိုင်း ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ ရတနာပုံစာအုပ်တိုက်၊ (တ) ကြိမ်၊ ၂ဝဝ၈။
၎။ ကြေးမုံသတင်းစာ (၇-၁-၉၉)။

Kyaw Thu - FFSS Yangon Activity,

လက်ဆင့်ကမ်း ဒါနပွဲ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
မတ်လ ၁၄၊ ၂၀၁၂





နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် နေ့စဉ် နေ့တဓူဝ ကူညီပေးဆပ်ဖေးမမှုများ စဉ်ဆက်မပြတ်ရှိနေသလို လူ့သားချင်းစာနာသော မွန်မြတ် သည့်စိတ်ထားများဖြင့် လာရောက်လှူဒါန်းမှုများသည်လည်း စဉ်ဆက်မပြတ် ရှိနေခဲ့ပါသည်။

နေ့စဉ်လာရောက်၍ အလှူငွေများလှူဒါန်းကြသော အလှူရှင်များသည် သေဆုံးသူအားရည်စူး၍လည်းကောင်း၊ မွေးနေ့အလှူဒါနအဖြစ် လည်းကောင်း၊ သူငယ်ချင်းများတို့မှ စုပေါင်း၍လည်းကောင်း၊ လစဉ်လတိုင်းလှူဒါန်း၍လည်းကောင်း၊ မိခင် ဖခင်တို့အား အမှူးထား/ရည်စူး ၍ လှူဒါန်းခြင်းတို့အပြင် သုခဆေးခန်းအတွက် လိုအပ်သောဆေးဝါးများ၊ ဆေးခန်းသုံးပစ္စည်းကိရိယာများ၊ ပညာဒါနအဖြစ် သုခအလင်း စာကြည့်တိုက်အတွက် စာအုပ်စာပေများ လာရောက်၍ လှူဒါန်းခဲ့ကြသည်။ နာရေးကူညီမှုအတွက် အလှူငွေအပြင် အလှူမီနီယမ်အခေါင်းဖုံး၊ မှန်ခေါင်း၊ စတီးဗန်းစသဖြင့် ပံ့ပိုးကူညီ လှူဒါန်းခဲ့ကြသည့်အပြင် သဘာဝဘေးကြောင့် ဒုက္ခရောက်နေသော ပြည်သူလူထုတို့အတွက် အဝတ်အထည်၊ အိုးခွက်ပန်းကန် စသည်တို့ကိုလည်း ကြိုတင်လှူဒါန်းထားရာ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါ လျှင်မြန်စွာဖြင့် ကူညီ ဖေးမမှုများ ပြုလုပ်နိုင်ရန်အတွက် ဖြစ်ပေသည်။





ထိုသို့လှူဒါန်းမှုများထဲမှ ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် မြန်မာတပြည်လုံးရှိစာကြည့်တိုက်များမှ မိမိတို့အား လာ ရောက်ဆက်သွယ် အကူအညီတောင်းခံသော မြို့နယ်၊ တိုင်းဒေသများရှိ ပညာရေးဝန်ဆောင်မှုအဖွဲ့များ၊ စာကြည့်တိုက်များသို့ မိမိတို့ သုခ အလင်းစာကြည့်တိုက်ရှိ စာအုပ်စာပေများကို ခွဲခြမ်းစိတ်ဖြာ၍ တစ်ဆင့်ပြန်လည်လှူဒါန်းမှုများကို ပြုလုပ်ခဲ့ပါသည်။

သုခကုသိုလ်ဖြစ်ဆေးခန်း အနေဖြင့်လည်း အနယ်နယ်အရပ်ရပ်ရှိ ကိုယ်ထူကိုယ်ထ ဆေးခန်းများအပြင် သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်) ယခုထပ်မံ၍ ဖွင့်လှစ်မည်ဖြစ်သော သုခကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး) သို့လည်း ငွေကြေး၊ ဆေးဝါး၊ ဆေးရုံကုတိင်၊ ဝှီးချဲ၊ အောက်ဆီဂျင်အိုး စသည်တို့ကို လက်ဆင့်ကမ်း လှူဒါန်းမှုများရှိခဲ့ပါသည်။

နာရေးနှင့်ပတ်သက်၍လည်း အနယ်နယ်အရပ်ရပ်ရှိ ကိုယ်ထူကိုယ်ထ နာရေးကူညီမှုအသင်းများတွင် အရေးတကြီးလိုအပ်နေသော မီး သင်္ဂြိုလ်စက်၊ အလူမီနီယမ်အခေါင်းဖုံး၊ စတီးဗန်း၊ နိဗ္ဗာန်ယာဉ် စသည်တို့ကို အသင်း၏စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်ဖြင့် စနစ်တကျ ထပ်မံလှူဒါန်းမှုများကို ပြုလုပ်ခဲ့ပါသည်။



အချုပ်ဆိုသော် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) သည် "အသင်းသည် မိမိအတွက်မဖြစ်စေရ၊ မိမိကသာ အသင်းအတွက်ဖြစ် စေရမည်" ဟူသောဆောင်ပုဒ်အတိုင်း အများပြည်သူတို့အတွက်ရည်ရွယ်၍ ကူညီဖေးမမှုများကိုပြုလုပ်နေသော အသင်းဖြစ်သည်။ ထို့ ကြောင့် အများပြည်သူ (ပြည်တွင်း/ပ) မှ အလှူရှင်များ လှူဒါန်းထားသော အလှူငွေ၊ အထောက်အကူပြုပစ္စည်း၊ ဆေးဝါးစသည်တို့ကို မိမိတို့ အသင်းမှ အားလုံးကို လက်ဝါးကြီးအုပ်ထား၍မရ။ မိမိတို့သေဆုံးသွားပါက မိမိတို့နှင့်အတူပါသွားမည်မဟုတ်။ ထို့ကြောင့် မိမိတို့တွင် ရှိနေသော အလှူငွေနှင့်တကွ ပစ္စည်းဆေးဝါးများကို စည်းကမ်းစနစ်ကျစွာ လိုအပ်သောနေရာ၊ လိုအပ်သောပြည်သူ၊ လိုအပ်သောအသင်း အဖွဲ့များသို့ တစ်ဆင့်လှူဒါန်းမှုများပြုလုပ်ခြင်းဖြင့် "အများပြည်သူအတွက် အများပြည်သူကောင်းမှု" ဟူသော ကဗ္ဗည်းမှတ်တိုင်ကို ထူထောင် ထားပြီးဖြစ်ပါတော့သည်။



လှူဒါန်းကြသော (ပြည်တွင်း/ပ) အလှူရှင်များအားလုံးကို လှူဒါန်းမှုအစုစုအတွက် ကောင်းမှုအာရုံကို စူးစိုက်တည်ကြည် လေးနက်စွာဖြင့် သာဓု … သာဓု … သာဓု ဟူ၍ နက်ရှိုင်းစွာဖြင့်ခေါ်ဆိုမှုကို သောင်းထိုက်က ကြားကြပါစေသား ....။

Saw Ngo - Cartoon

ဥပဒေစိုးမိုးရေးတဲ့လား ....
ကာတွန်း - စောငို
မတ်လ ၁၄၊ ၂၀၁၂


no Aung San!


ဗိုလ်ချုပ်အောင်ဆန်းပုံ မချိတ်ရန် ရေတပ်တွင် သတိပေး တားမြစ်
မိုးမခအထောက်တော် အမှတ် ၀၀၇
မတ် ၁၄၊ ၂၀၁၂


ဗိုလ်ချုပ်အောင်ဆန်းပုံကို နေအိမ်များတွင် မချိတ်ရန် စစ်သားများကို ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်ရှိ ဒုတိယဗိုလ်မှူးကြီးဇော်ဝင်းထွန်း ဆိုသူက ပြောဆို သတိပေးကြောင်း Youtube တွင် တွေ့ရသော ရုပ်သံဖိုင်အရ သိရသည်။

ထိုရုပ်သံဖိုင်မှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံမေးမြန်းထားသည်ဟု ယူဆရသည့် လူငယ်စစ်သည်တဦးနှင့် ဆက်သွယ်မေးမြန်းခန်း မှတ်တမ်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်အကျီင်္ ၀တ်ဆင်ခြင်း မပြုရန်လည်း သတိပေးထားသည်ဟု ဆိုသည်။

ရေတပ်စခန်းတခုသို့ ကာကွယ်ရေးဦးစီးချုပ်ကြီး ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် သွားရောက် စစ်ဆေးစဉ် အဆိုပါ ဒုတိယဗိုလ်မှူးကြီးက ပြောဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။

Youtube တွင် စစ်သည်၏ အမည်၊ တွေ့ဆုံမေးမြန်းသည့် နေရာကို ဖော်ပြထားခြင်း မရှိချေ။

စစ်သည်၏ ပြောကြားမှု ကောက်နုတ်ချက်

"ဒုတိယဗိုလ်မှူးကြီးဇော်ဝင်းထွန်းက ပြောတာ၊ ဒီအခန်းထဲမှာ ဒုတိယဗိုလ်မှူးကြီးတွေ ထိုင်ခိုင်ပြီးတော့ မင်းကို ငါမေးမယ် တဲ့၊ မင်းက ရဲဘော်၊ ဒုတိယဗိုလ်မှူးကြီးပြောတဲ့စကားနဲ့ မင်းပြောတဲ့စကား ဘယ်ဟာ အရာရောက်မယ် ထင်လဲ တဲ့။ မင်းလည်း ပြောချင်ရာပြော၊ ငါတို့လည်း ရေးချင်သလို ရေးပြီး အမိန့် ချချင်သလို ချမယ် တဲ့။ မင်းကို ဒုတိယဗိုလ်မှူးကြီး (တွေ စုပြီးတော့မှ) မင်းကို ထောင်အနှစ် ၇၀ လောက် ချပစ်လို့ ရတယ် တဲ့။ နိုင်ငံရေးလုပ်လို့ တဲ့။ ကျနော်တို့ လုပ်တာ နိုင်ငံရေး တခုမှ မပါဘူး။ ဘယ်ပါတီနဲ့မှ အဆက်အသွယ် မလုပ်ဘူး။ ၂၈ ရက် ပြည့်တဲ့အချိန်မှာ ကျနော့်ကို အချုပ်ထဲက လာထုတ်တယ်၊ ကျနော့်ကို သင်္ဘောမှာ အကန်အသတ်မရှိ (လေဘာ) လျှော့တယ်။ --

ကာကွယ်ရေးဦးစီးချုပ်ကြီး ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်ကို လာစစ်တယ်၊ တန်းစီပြီး စကားပြောတယ်၊ တန်းစီပြီး စကားပြောတဲ့အချိန်မှာ ဒုတိယဗိုလ်မှူးကြီးဇော်ဝင်းထွန်းက ဘာပြောလဲ ဆိုတော့ အိမ်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ မချိတ်ရဘူး တဲ့၊ ချိတ်ရင် လိုင်းကနေ နှင်ထုတ်မယ် တဲ့။ ရဲဘော်တွေကို လိုင်းထဲကနေ နှင်ထုတ်တော့ ဘယ်နားသွားနေမလဲ။

(ချိတ်တဲ့လူ) အများကြီး ရှိတယ်။ ကျနော့်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းအင်္ကျီ ဘုရားပွဲဈေးက ၀ယ်တာ။ ထောင့်ငါးရာပဲ ပေးရတယ်။ အဲဒီ အင်္ကျီ ကျနော် ၀တ်တယ်။ ကျနော့်ကို မ၀တ်နဲ့ တဲ့။ ကျနော် ပိုက်ဆံပေးပြီး ၀ယ်ထားတာလေ။ ထောင့်ငါးရာပေးပြီး ၀ယ်ထားတာလေ။ သူတို့ ပေးရတာ မဟုတ်ဘူး။ ဒုတိယဗိုလ်မှူးကြီးဇော်ဝင်းထွန်းပဲ၊ သူပဲ ပြောတာ။

ကျနော် ဇန်န၀ါရီလ လစာ မရဘူး၊ ဖေဖော်ဝါရီလ လစာ မရဘူး"

Tuesday, March 13, 2012

Cartoon Maung Yit - Let's go home, commrades ...

ကာတွန်း မောင်ရစ် - အိမ်ပြန်ကြစို့ ရဲဘော်တို့
မတ် ၁၄၊ ၂၀၁၂

Nghet Taw - ညီမလေးရယ် စိုးရိမ်မိတယ်

ညီမလေးရယ်... စိုးရိမ်မိတယ်
ငှက်တော်။ မတ် ၁၄၊ ၂၀၁၂
တစ်ခေတ် တစ်ခါက မြန်မာပြည်သားများ နှုတ်တွင် နှစ်သက်စွာ ဆိုငြီးခဲ့ဖူးသော
နာမည်ကျော် သီချင်းတစ်ပုဒ်၏ ခေါင်းစဉ်လေးဖြစ်ခဲ့သလို၊ ထင်ရှားသောစာရေးဆရာကြီးတစ်ဦး၏
လူကြိုက်များလှသော ၀တ္ထုခေါင်းစဉ်လည်းဖြစ်ခဲ့ပါသည်။
"ညီမလေး ရယ် … စိုးရိမ်မိသေးတယ်"
ဆိုသောသံစဉ်ကို ယခုထိသောတအာရုံတွင် ငြိနေသေးသော်လည်း  ယခုစာစုတွင် ထိုသီချင်းကို လည်းကောင်း၊ ထိုဝတ္ထုကိုလည်းကောင်း၊ ချီးမွမ်းဝေဖန်၊ အကျယ်ချဲ့ရန်မဟုတ်ပါ။
သို့သော် ကျွန်ုပ်တို့ချစ်သောမြန်မာနိုင်ငံ၏ အရေးအတွက် စိုးရိမ်မိသောကြောင့်ယခု
စာစုကို ရေးသားရခြင်းဖြစ်ပါသည်။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် နေ့ တွင် ဗိုလ်ချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာ၊ ကချင်၊ ချင်း၊ ရှမ်းတို့၏ ခေါင်းဆောင်များ ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် သမိုင်းဝင် ပင်လုံစာချုပ်
ကို လက်မှတ်ထိုးခဲ့ပါသည်။ ပင်လုံစာချူပ်ကို အခြေခံ၍ ပင်လုံစိတ်ဓာတ်ဖြင့် စစ်မှန်သောပြည်ထောင်စုကို အခြားညီနောင်များဖြစ်သော ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ တို့နှင့် တည်ဆောက်ရန် ဗိုလ်ချုပ်တယောက် တက်တက်ကြွကြွ ကြွေးကြော် ပြောဆိုဆောင်ရွက်နေစဉ်၊ လက်နက်ကိုင်တစု၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရပါသည်။
ဗိုလ်ချုပ်နာမည်မသေခဲ့သော်လည်း လူကတော့ သေခဲ့ပါပြီ။
၁၉၈၈ ခုနှစ်၊ တိုင်းပြည်ချောက်ထဲ ကျခါနီး၊ လက်မတင်ကလေးမှာ တိုင်းပြည်ကို
ကယ်တင်ဖို့ အကြောင်းပြကာ တပ်မတော်ကိုဦးဆောင်ပြီး အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်ကြီး ပေါ်လာပြန်ပါသည်။
 "လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးမည်။ အနိုင်ရသူကို တိုင်းပြည်အာဏာလွှဲပေးပြီး  ကျုပ်တို့စစ်သားတွေ စစ်တန်းလျားကို ပြန်သွားမယ်"
ဟု ဆိုသော ဗိုလ်ချုပ်ကြီး၏ ရဲရဲတောက် စကားကို မြန်မာလူထုတရပ်လုံးက ၀မ်းသာအားရ ကြိုဆို ကြိုက်နှစ်သက်ကြပါသည်။ လူထုကြိုက်၊ လူထုသဘောကျသော ထိုဗိုလ်ချုပ်ကြီး ကြာကြာ မခံလိုက်ပါ။ ဗိုလ်ချုပ်ကြီး၏ အနီးဆူံးလူများက အနီးကပ် အတိုဖြင့် ထိုးသောကြောင့် ဗိုလ်ချုပ်ကြီး ဖုတ်ကနဲ ကျသွားပါသည်။
အနီးဆုံးလူ၏ အတို ဖြင့်ကပ်ထိုး ခံရသော ဗိုလ်ချုပ်ကြီးမှာ ချက်ချင်း မသေရှာသော်လည်း ဘ၀နာခဲ့ပါသည်။ တကယ်သေပြန်တော့လည်း ဗိုလ်ချုပ်ကြီး၏ ဈာပနတွင် သူနှင့်အတူ ၀တ်စုံတူညီ ၀တ်ခဲ့သူများ တစ်ယောက်တစ်လေမှ အသုဘရှု မရောက်ခဲ့ပါ။
၂၀၁၂ ခု …
ဟော … လာပြန်ပြီ ဗိုလ်ချုပ်ကြီးတစ်ယောက်။
"တရားမျှတသော ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်ရမည်။ ပင်လုံစိတ်ဓာတ်ဖြင့် တိုင်းပြည်ကို တည်ဆောက်သွားမည်။" 
၆၅ နှစ်လုံးလုံး ဘယ်ဗိုလ်ချုပ်မှ စိတ်ကူးထဲတောင် မထည့်ခဲ့သော "ပင်လုံစိတ်ဓာတ်" ဆိုသည်ကို လွတ်တော်ထဲတင်မက ကမ္ဘာသိအောင် ရဲရဲတောက် ကြွေးကြော်နေသဖြင့် ဘုရားတမိပါ၏။ သူ့ ရှေ့ကသွားလေသူ ဗိုလ်ချုပ်နှစ်ယောက်၏ အဖြစ်ကိုမြင်ယောင်မိပါသည်။ ထိုသို့ မြင်ယောင်၍ မဆုံးသေး။
ဗိုလ်ချုပ်သမီးကလည်း သွားလေရာမှာ "ပင်လုံစိတ်ဓာတ်" "ဒုတိယပင်လုံညီလာခံ"
"တရားမျှတသောရွေးကောက်ပွဲ" စသည်၊ စသည်ဖြင့် ပြော၊ ဟောသံ တညံညံ။ လက်ခုတ်သံမစဲ တသဲသဲ ဖြစ်နေပြန်ပါသည်။
            ဒုတိယအကြိမ်ဘုရားတမိပြန်ပါသည်။
ဒီတစ်ခါ ဗိုလ်ချုပ်ကြီးနှင့် ဗိုလ်ချုပ်သမီးတို့မှာ အသွင်မတူသော်လည်း၊  လေသံကတော့ စွတ်ချွတ်ဆိုသလို ဖြစ်ပါသည်။
အတာကူးမည့် တန်ခူးမှာ အကကျူးတော့မည့် "ဧပြီယိမ်း" အဖွဲ့လို ညီညာလို့နေပါသည်။
ညီညာလွန်းအားကြီးတော့ ကြိတ်ပုန်းခုတ်ထားသလား၊ တစ်ဦးဦး၏ အဆင့်မြင့်သောအကြံ (Well plan) လား ဟု သံသယမ၀င်လိုသော်လည်း လက်ဝါးချင်းရိုက်ထားသလို၊ စည်းဝါး ညီနေတာမို့ ၊ တစ်ယောက်ကို တစ်ယောက် ဆန့်ကျင်ရင်းနှင့် ထောက်ခံနေသလား၊ နိုင်ငံရေး ကစားနေတာလား ဟု ဥာဏ်မမီ၍ မတွေးချင်တော့ပါ။ 
သမိုင်း တစ်ပတ်လည်သည် ဟုကြားဖူးပါသည်။ "နောက်ပြန်မလှည့်တော့ဘူး …" ဟု ဆိုကြသော်လည်း၊ ရှေ့သွားမြန်လွန်းလျှင် ဘီးတစ်ပတ်လည်လာမည်ကို စိုးရိမ်မိပါသည်။
တစ်နည်းအားဖြင့် ယနေ့ဗိုလ်ချုပ်ကြီးနှင့် ဗိုလ်ချုပ်သမီးတို့အပေါ် ယခင်ဗိုလ်ချုပ်ကြီးများကဲ့သို့ အန္တရာယ်ကျလာမည်ကို စိုးရိမ်မိပါသည်။ 
ဗိုလ်ချုပ်ကြီးနှင့် ဗိုလ်ချုပ်သမီးတို့က သေမှာမကြောက်ဘူးဟုသတ္တိရှိကြပါလိမ့်မည်။
သို့သော် မသေသင့်၊ မသေထိုက်သေးသောသူ၊ အချိန်မတန်မီ မသေစေလိုသည့် ဆန္ဒ၊ လှေလှော်ရင်း တက်ကျိုးသလို မဖြစ်စေလိုသဖြင့် ကိုယ်လုံသိုင်းပညာရှင်များ၊ အလေးထားသော ကာကွယ်နည်း (၂) ရပ် ကိုဖော်ပြအပ်ပါသည်။
(၁) အတိုနှင့် ထိုးတတ်သူကို အဓိကထား ဂရုစိုက် ကာကွယ်ရမည်။ အရှည်ကိုင်သူများမှာ  မြင်လွယ်ပြီး ရှောင်တိမ်း ခုခံကာကွယ်ရန် လွယ်သလောက်၊ အတိုကိုင်သူများမှာ မမြင်သာသည့်အပြင် အနီးကပ် လှည့်ပတ်ထိုး၊ တွတ်၊ ပူးကပ်နေသောကြောင့်ကာကွယ်ရန် ခက်လှပါသည်။ အကျယ်မချဲ့တော့ပါ။
 "အတိုနှင့် ထိုးတတ်သောရန်သူသည် ကိုယ်နှင့်အနီးဆုံးနေရာအထိ လာနိုင်သောသူ၊ နေသောသူ၊ သာမညလူ မဟုတ်သောကြောင့်" သတိနှင့်လုံခြုံအောင်ကာကွယ်ရမည်။
 (၂) သိုင်းပြောင်းပြန်တတ်သူကို ဂရုစိုက် ကာကွယ်ရမည်။ သိုင်းပြောင်းပြန်တတ်သူသည် မိမိအကြောင်းကို သိသူ၊ မိမိ၏ပျော့ကွက်၊ အားနည်းချက်၊ အားသာချက်ကို သိသူဖြစ်သောကြောင့် သတိထားကာကွယ်ရမည်၊ တစ်ကွက်ကြို စဉ်းစားလုပ်နိုင်မှ တန်ကာကျတတ်ပါ သည်။
လိုရင်း ရေးရလျှင် လုံခြုံအောင် ကာကွယ်နိုင်လျှင် ကာ၊ မကာနိုင်ခဲ့သော်၊ သိုင်းပြောင်းပြန်၏ သဘော တရားအရ၊ လုံခြုံအောင် မကာကွယ်ခဲ့လျှင်၊ တစ်နည်း (လုံ/ကာ) မပြုနိုင်လျှင် (ကာ/လုံ) ကြီးနှင့်တွေ့ လိမ့်မည်တည်း။
ထို့ကြောင့် ဤစကားများနှင့် နိဂုံးချုပ်ပါ၏။
ဗိုလ်ချုပ်ကြီးရယ် စိုးရိမ်မိတယ်။
ဗိုလ်ချုပ်သမီးရယ် စိုးရိမ်မိတယ်။    
(မတ် ၁၀၊ ၂၀၁၂)                  



--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives