ရိုက်စားတွေ ရှိတုန်းပဲလား???????
ကျွန်တော် မတ်လ ၆ ရက်နေ့ က ရုံးကနေ holiday ရလို့  မိသားစုနဲ့ အပန်းဖြေခရီးထွက်ဖြစ်ပါတယ်။ ရုံးက holiday ပေးတယ်ဆိုပြီး e-mail ရတော့ ပျော်လိုက်တာ။ ကျွန်တော်တို့ သတင်းထောက် ဘ၀မှာ အရှားပါးဆုံးက အားလပ်ရက်ပါပဲ။
totally free လို့ ပြောလို့ ရတဲ့ အားလပ်ရက်ကိုပြောတာပါ။ တစ်ချို့ ရက်တွေမှာ ဘာအလုပ်မှ မရှိပေမယ့် stand by အနေအထားမှာ ရှိနေတော့ အားလပ်ရက် လို့ ဘယ်ခေါ်လို့ ရမလဲနော်။ ရတောင့်ရခဲ အားလပ်ရက်ကိုဘယ်လို အသုံးချရမလဲ?
အသက် ၆၀ နီးပါး ရှိပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ အမေကို ခရီးထွက်တဲ့အခါ ပါစေချင်တယ်။ အဲဒါနဲ့ အမေ ဒီအသက်အရွယ်အထိ တစ်ခါမှ မရောက်ဖူးသေးတဲ့ ပင်လယ်ဘက်ကို ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ငွေဆောင်ကိုသွားမယ်လို့  မိသားစုအားလုံး
သဘောတူဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီမှာ နောက်ထပ် တစ်ခုက ကျွန်တော်တို့ သတင်းထောက်ဆိုတာက ရတဲ့လစာနဲ့ ပဲလောက်ငှအောင်သုံးရတာ။ သူဌေးတွေ အပန်းဖြေခရီးထွက်သလိုမျိုး ကိုယ်ပိုင်ကားတို့ ၊ ကားစီးလုံးငှားပြီးသွားတာမျိုးတို့ 
မလုပ်နိုင်တော့ ကားလက်မှတ်ဖြတ်ပြီးသွားကြပါတယ်။ Golden Star Travels & Tours Co. Ltd. ကနေ အသွားအပြန်ကားလက်မှတ် ၀ယ်ဖြစ်ပါတယ်။ တစ်ယောက်ကို ၂၅၀၀၀ ကျပ် နဲ့  လက်မှတ် ငါးစောင် ၀ယ်လိုက်ပါတယ်။ တည်းခိုဖို့ ဟိုတယ်ကို
လည်း မိတ်ဆွေတစ်ဦးရဲ့  ဟိုတယ် E.F.R Seconda Casa Beach Resort ကိုရွေးလိုက်ပါတယ်။ ၆ ရက်နေ့ ည ၉ နာရီ ကျော်လောက်မှာ သတ်မှတ်စုရပ်ကနေ Golden Star က ကားနဲ့ ငွေဆောင်ကို ခရီးစတင် ထွက်ဖြစ်ပါတယ်။ ပျော်နေတဲ့ အမေရယ်၊
ဇနီးရယ်၊သမီးလေးရယ်ကိုကြည့်ပြီး ကျွန်တော့်ရဲ့ အားလပ်ရက်က အရမ်းကို အဓိပ္ပါယ် ရှိသွားတယ်လို့ ထင်လိုက်မိတယ်။ ကျွန်တော်တို့  မနက် ၃နာရီခွဲလောက် ငွေဆောင်ကို ရောက်ပါတယ်။ Reservation ကြိုလုပ်ထားတော့ ဟိုတယ်ကလည်း
အဆင်ပြေပါတယ်။ ခဏလောက် နားပြီးတော့ မနက်လင်းတာနဲ့  အမေရယ် သမီးရယ်ကို ခေါ်ပြီး ကမ်းခြေမှာ ဓါတ်ပုံ လိုက်ရိုက်ပေးပါတယ်။ ငွေဆောင်မှာ နေခဲ့တဲ့ ရက်တွေအကုန်လုံး တကယ့်ကို အားလပ်ရက်ကြီးတစ်ခု ရခဲ့ ပါတယ်။
၉ ရက်နေ့ မနက်... ပြန်ဖို့ ပြင်ဆင်ကြပြီပေါ့... အဲဒီမှာ...စတွေ့ တာပဲ၊ ဟိုတယ် reception က ၀န်ထမ်းတစ်ယောက်က Golden Star Travels & Tours က ဖုန်းဆက်တယ်တဲ့ ငွေဆောင်ထိကားလာမကြိုနိုင်တော့ကြောင်းနဲ့ ဟိုတယ်က ကားနဲ့ 
စိန်တောင် လမ်းခွဲကို သွားရမည်ဖြစ်ကြောင်း ကားခ ၂၅၀၀၀ ကျပ် ထပ်ပေးရမည်ဖြစ်ကြောင်း လာပြောပါတယ်။ ကျွန်တော် တော်တော်လေး စိတ်ညစ်သွားပါတယ်။ လက်မှတ်ဝယ်တဲ့ အချိန်မှာရော၊ ငွေဆောင်ရောက်လို့ ကားပေါ်က ဆင်းတဲ့ အချိန်မှာပါ
သေသေချာချာ မေးပါတယ်။ ဟိုတယ်အထိ ကားပြန်လာကြိုမယ့် အကြောင်း ဟိုတယ်ထဲ မ၀င်ခင် အထိ ကားဆရာရော၊ ယာဉ်အကူတွေကပါ သေသေချာချာ ပြောသွားပါတယ်။ ကားလက်မှတ်ပေါ်မှာလည်း စိန်တောင်လမ်းခွဲတွင် စုရပ်ဟု မပါပါ။
ပြန်တော့ မယ့် မနက် ဟိုတယ်က check out လုပ်ခါနီး ၁ နာရီလောက် အလို ကျမှ လာမကြိုမှန်းသိရတာပါ။ အဲဒါနဲ့ ကျွန်တော်လည်း ကားလက်မှတ်ပေါ်မှာ ပါတဲ့ Golden Star Travels & Tours ကဖုန်းနံပါတ်ကို ဆက်ကြည့်တော့ ဟိုလူ့ ကိုပြောပါ၊
ဒီလူ့ ကိုပြောပါနဲ့  သေသေချာချာ ရှင်းမပေးနိုင်ပါဘူး။ နောက်ဆုံးတော့ တခြား travels & tours company က သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ ငွေဆောင်ကနေ စိန်တောင်လမ်းခွဲကို မည်သည့်ထပ်ဆောင်းငွေမှ ပေးရန် မလိုဘဲ
ဟိုတယ်က ကားနဲ့ ရောက်သွားပါတယ်။ ကျသင့်ငွေကို ကားလက်မှတ်ရောင်းလိုက်တဲ့ Golden Star Travels & Tours ကပေးမယ်ပေါ့။ ကျွန်တော်တို့ မိသားစုလည်း စိန်တောင်လမ်းခွဲကို ဟိုတယ်က ကားနဲ့ ထွက်ခဲ့ပါတယ်။
စိန်တောင်လမ်းခွဲရောက်တော့ ရန်ကုန်ကို ပြန်လိုက်ရမယ့် ကားက မရောက်သေးပါဘူး။ ပြသနာ မရှိပါဘူး... စောင့်ကြတာပေါ့။ ဒါပေမယ့် ဘယ်လောက်စောင့်လိုက်ရတယ် ထင်လည်း.... သိပ်မကြာပါဘူး.... နှစ်နာရီ ကျော်ကျော်လေးပါပဲ...
လမ်းဘေးမှာ ငုတ်တုတ်.... နေ့ လည် ၁၂ နာရီကျော်တော့ ကျွန်တော်တို့ စီးရမယ့် ကား ရောက်လာပါတယ်။ Golden Star Travels & Tours က ကားမဟုတ်ဘဲ တစ်ခြားလိုင်းကားတစ်စီးဖြစ်နေတယ်။ အစားထိုးပေးတာတဲ့.... အစားထိုးပေးတဲ့
ကားက အလာတုန်းကကားလို မကောင်းပါ...အဲယားကွန်း လုံးဝ မရပါ။ နောက်လမ်းမှာ ၄ ခါလောက် ရပ်ပါသည်။ ကျွန်တော့် အမေရယ်၊ ညီဝမ်းကွဲလေးရယ်၊ ကျွန်တော့် သမီးရယ် လမ်းမှာ အန်ပါသည်။ အခု တစ်ယောက်မှ မထနိုင်တော့ပါ။
သက်ဆိုင်သူများဟု ထင်ရသူများကို ဖုန်းဆက်ကြည့်တော့ သူတို့ နဲ့ မဆိုင်သလိုလို... စိတ်မကောင်းပါဘူး... ပြောပေးပါမယ် ဆိုတာလောက်နဲ့ ပဲပြီးသွားပါသည်။ ကိုယ့်ဘက်က တစ်စုံတစ်ခုသော Service ကိုရောင်းလိုက်ပြီးရင် After Sale Service
ဆိုတာကိုလည်း ကောင်းကောင်း မလုပ်တတ်... ငါတို့ ခရီးသည်ဆီက လက်မှတ်ဖိုး ရပြီးပြီ... ဖြစ်ချင်တာဖြစ်တော့ ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်...
ဒီလို အကြံအဖန် နည်းနဲ့ ပိုက်ဆံ ရှာစားတာ ၁၉၉၄၊ ၁၉၉၅ ခုနှစ်လောက် ကတော့ ကြုံဖူးပါသည်။ အဝေးပြေးဂိတ်မှာ ကားအကောင်းစားတွေကို ဓါတ်ပုံရိုက်ပြထားပြီး လက်မှတ်ရောင်း၊ ခရီးထွက်မယ့် နေ့ လာကြိုတော့ ဓါတ်ပုံထဲက ကားမဟုတ်၊
ခရီးသည်နဲ့ ခရီးသွားဌာနနဲ့ ပြသနာတက်။ အဲဒါတွေက လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က ရိုက်စားလုပ်ခဲ့တဲ့ ဂွင်တွေပါ။ အခု ၂၀၁၂ ခုနှစ်ကို ရောက်နေပါပြီ။ နိုင်ငံတကာ ကခရီးသွားတွေလည်း အရင်နှစ်တွေကထက် လာလည်ကြလို့  ဟိုတယ်တွေတောင်
အခန်းမလောက်တော့ဘူးတဲ့။ ကဲ... ဒီလို အချိန်မှာ Golden Star Travels & Tours က လွန်ခဲ့ တဲ့ ၁၇ နှစ်က ပုံစံမျိုး ရိုက်စားလုပ်နေဦးမယ် ဆိုရင် ပြည်တွင်း ခရီးသွားလေး နည်းနည်းကိုတောင် take care မလုပ်နိုင်ဘူးဆိုရင် ဒီ ကုမ္ပဏီလို မျိုးကို
ဟိုတယ်နဲ့ ခရီးသွားလာရေး ၀န်ကြီးဌာနက ဘယ်လို စံချိန်တွေနဲ့ လုပ်ငန်းလိုင်စင်ထုတ်ပေးထားလဲ... မေးဖို့ လိုအပ်လာပါပြီ...
ကျွန်တော်ပြောချင်တာကတော့ အခု ကျွန်တော်ကြုံတွေ့ ခဲ့ရတဲ့ ပြသနာမျိုး ကျွန်တော့် မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများ မခံစားရစေဖို့ ... နောက်ဆိုရင် Golden Star Travels & Tours Co., Ltd. ဆိုရင်တော့............
သူငယ်ချင်း သတင်းထောက် တစ်ယောက်ရေးထားသလိုပေါ့..... ရှယ်လိုကရှယ်... တွယ်လိုကတွယ်နိုင်ပါသည်.... ကျွန်တော်ကထပ်ဖြည့်ပြီးတော့.... Like လိုက Like, Fight လိုက Fight နိုင်ပါသည်...
"အညာနွေ နဲ့ အတာရေ"
"လတပေါင်း ရွက်ဟောင်းငယ်တဲ့ကြွေခဲ့ပြီ။
ရိုးတံမှာရွှေရည်လူးတယ် ဖူးကိုက်ညွှန့်စီ။
နွေဂိမာန်ခါသာစွပေမို့ လွမ်းစရာ့လရာသီ ရွှေပြည်နဲ့မနီး၊
ချောင်လျှိုရိုးဆီက ရွှေချိုးတောင်သူဖြူတို့ရယ် လွမ်းမူနှင့်ညည်း။" တဲ့။
ရာသီခွင် တစ်ဆယ့်နှစ်လမှာ မြန်မာတွေအတွက် လွမ်းစရာအကောင်းဆုံးလကို ညွှန်းပါဦးဆိုရင် တပေါင်းလကိုပဲ ညွှန်းကြလိမ့်မယ် ထင်ပါတယ်။ သာတပေါင်း လို့လည်းခေါ်ကြတယ်။ တပေါင်းသာခေါင် လများနောင် လို့လည်း ပြောလေ့ရှိကြတယ်။ နေ့ပူလို့ညချမ်း တပေါင်းလသရမ်း လို့လည်း ဆိုကြတယ်။ သီချင်းကြီးတွေထဲမှာ ဖွဲ့ခဲ့တာကတော့ "နှင်းငွေ့ကျန် လေပြန်လောင်း ညှာညောင်းကြွေလု စုံတခွင်" တဲ့။ ဆောင်းကြွင်းတဲ့ နှင်းကလေးတွေကလည်း မနက်အခါမှာ ငွေ့ငွေ့ကလေး ကျန်နေသေးတုန်း။ မြောက်ပြန်လေကလေးက အရှိန်ကုန်သွားပြီး ဟိုဘက်ကလာသလိုလို သည်ဘက်ကိုသွားမလိုလို ထင်သလိုမွှေ့တတ်တဲ့ လေပွေလေရူးကလေးတွေ ဆော်တတ်တဲ့အခါပေါ့။ သစ်ရွက်ကလေးတွေ အပင်ပေါ်မှာညောင်းညာလာလို့ ကြွေလုကြွေခင်လည်း ဖြစ်တတ်တဲ့အခါပါတဲ့။ အရွက်တွေကြွေလို့ ရိုးတံချည့်ပဲ မကျန်ခင်မှာတော့ တပင်လုံးဝေနေအောင် အလှဆင်ထားတာ အပွင့်တွေပေါ့။ လေယာဉ်ပေါ်ကနေ ရိုးမပေါ်နိမ့်နိမ့်ကလေး ပျံသွားရင် ခါတိုင်းမြင်နေကြ စိမ်းစိမ်းညို့ညို့ တောအုပ်ကြီးဟာ မှိုတွေတက်နေသလို ဖြူဖြူအဖတ်အဖတ်ကလေးတွေ ဖွေးနေတာတွေ့ရပါတယ်။ အနီးရောက်တော့မှ ပင်လုံးညွှတ်အောင် ပွင့်နေကြတဲ့ တောပန်းတောင်ပန်းကလေးတွေမှန်း သိတော့တယ်။ အဲဒီတော့မှပဲ တောင်ပေါ်မှာပွင့်တဲ့ပန်း ဘာပန်းရယ်လို့ခေါ်ပါတယ် လို့ ပြန်မေးချင်လာတယ်။ လက်စသတ်တော့ တတောလုံး တတောင်လုံးဟာ သည်အပင်တစ်မျိုးတည်းလိုလို ဖုံးလွှမ်းထားတာကလား။ တူရာတူရာ အပင်တွေစုပြီး တောကြီးဖြစ်လာလို့ အင်တိုင်းတောတို့ ဒဟတ်တောတို့ ပျဉ်းတောတို့ အခေါ်ရှိကြတာကိုး။ ကလေးတုန်းက သင်ခဲ့ရတဲ့ သဘာဝပေါက်ပင်ဆိုတာ သည်လိုကျတော့လည်း စိတ်ဝင်စားဖို့ အကောင်းသားနော်။ တော်ပါသေးရဲ့ သဘာဝမကျတဲ့ပေါက်ပင်တွေ အတင်းစိုက်ခိုင်းတဲ့ခေတ်က ကုန်သွားလို့။ နို့မို့ ခက်ပဲ ခက်ရချည့်။
ကိုအံကြီးဆိုခဲ့တဲ့ "ခိုင်ရွှေညှာဝင်း နှင်းကြွင်းဖွဲ့တဲ့ မိန်လရာသီ၊ လေသွေးရာချီ၊ ရွှေဖီငုံကင်း အင်ကြင်းတွေကနီ၊ နံသာရည် တောလုံးဖြာချေပြီ" ဆိုတာလည်း သည်ရာသီ လတပေါင်းပဲ။ ဒေါ်မေလှမြိုင်ကြီးဆိုတဲ့ "ပင်စုံအောက်ကို လျှောက်ခဲ့ပြန်၊ ရွက်ခြောက်ကိုနင်းမိတော့ ပြင်းသည့်အသံ၊ မြိုင်ယံဆူဝေ လူခြေတိတ်ပေမယ့် မဆိတ်အောင်ညံ။ တကိုယ်ရေမယ့်နား လှည့်စားကြပြန်၊ စိုးရွံ့အောင်ဖန် ဖြေသော်ပြေဘူး လေရူးကလေးထန်၊ နွေဦးတေးသံ။" ဆိုတာလည်း သည်တပေါင်းပဲ။ လွမ်းစရာ ကောင်းလှပါဘိ။ လူသံတွေ ဆူညံပေတယ်လို့ ထင်ရင်ဖြင့် ဥသြကလေးတွေ၊ ချိုးငှက်ကလေးတွေက ဖျော်ဖြေပေးလိမ့်ဦးမယ်။ ကိုယ့်ဆီမှာလို ဥတုသုံးလီနဲ့မနေပဲ နွေ၊ နွေဦး၊ ဆောင်း၊ ဆောင်းဦးနဲ့ လေးရာသီကျင်လည်နေတဲ့ အရပ်မှာတောင် အလှဆုံးရာသီက နွေဦးပဲ မဟုတ်လား။ "ခါနွေဆန်း ပုရစ်ငုံလန်း၊ လန်းဆန်းတောသာခေါင်" ဆိုတဲ့ သီချင်းထဲကလိုပဲ ရွက်ဟောင်းကလေးတွေ ကြွေပြီးသွားရင် ရွက်သစ်ကလေးတွေ ထွက်ချင်လာလို့ ရိုးတံပေါ်မှာ ပုရစ်ကလေးများ နားနေသလို စိမ်းဝါရောင်အဖူးနုနုကလေးတွေ ပေါ်လာပြန်တော့ တို့ မြန်မာတွေက မြပုရစ်ဖူးလို့ နံမယ်လှလှလေး ပေးထားကြပြန်တယ်။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ကပ္ပိလ၀တ်ပြည် ပြန်မလာလို့ နောက်ဆုံးတမာန်တော်အဖြစ် စေလွှတ်လိုက်တဲ့ ကာဠုဒါယီဖွားဖက်တော်ဟာ ရဟန္တာဖြစ်အပြီး တစ်ခုသော သာတောင့်သာယာ အခါသမယမှာ မွေးရပ်မြေရဲ့ ရာသီသဘာဝ အလှအပအပေါင်းကို ဂါထာပေါင်းများစွာဖွဲ့သီလို့ လျှောက်တင်တဲ့အခါ ဘုရားရှင်ကိုယ်တော်တိုင် ရွှေစိတ်တော်ညွှတ်နူးလို့ ခရီးဦးကြွတော်မူခဲ့တာကလည်း သည်တပေါင်းလအခါမှာ ဆိုပဲဗျ။ ဟုတ္တိပတ္တိနဲ့ လိုက်သာဖတ်နေကြတယ်။ ဘယ်သူတွေများ ကိုယ်တိုင်မြင်ဖူးကြပါလိမ့်လို့ မေးမိရင်တော့ ကိုယ်လို အိုကြီးအိုမ တောကတက်လာတဲ့သူတွေသာ ငယ်ငယ်တုန်းက မြင်ဖူးကောင်းမြင်ဖူးပေလိမ့်မယ်ဗျာ။ မျက်စိအောက်မှာ တွေ့နေရရင်တောင်မှပဲ ကိုယ့်အာရုံနဲ့ကိုယ်မို့ မမြင်မိ မကြည့်မိကြဘူး ထင်ပါရဲ့လေ။ သူများတကာတွေ ပိုက်ဆံပေးပြီး လာကြည့်ယူရတယ်ဆို ယုံမှာမှ မဟုတ်ပဲ။ အပြင်လောကမှာ လေညှင်းကလေး၊ ထုံနံသာကလေး၊ သာရကာငှက်ကျေး တေးသံချိုကလေးတွေကို မခံစားနိုင်တော့ပဲ အိမ်ခန်းထဲမှာ တစ်တောင်လောက် အမြင်အကြားကလေးသက်သက်ကို အာရုံနှစ်ယူထားရတာဟာ ကမ္ဘာကြီးက ကျယ်လာလို့လား ကျဉ်းလာလို့လား တော်တော်ပြောရခက်ပါတယ်။
မြို့ပြဟာ မြို့ပြအလှပဲ ရှိတော့မပေါ့။ သဘာဝကို ခံစားချင်ရင်တော့ "တောကိုသာမောင်ခေါ်မယ်" လို့ပဲ ဆိုရတော့မယ်။ သမီးတို့ကို အလည်လာဖို့ခေါ်လို့ရှိရင် "ချစ်၍ခေါ်ရာ လိုက်ချင်ပါလည်း နော်ဇာရွှေကုံး တစ်ခိုင်လုံးကို လုံးလုံးမယ်ထွေး မပိုင်သေး၍ …" လို့ မဆိုသာပေမယ့် ဖုန်တသောသော၊ နေပူကျဲကျဲ၊ မီးကမလာ၊ ရေကမကြည်၊ လိုချင်တာတွေ ဘာမှမရလို့ "ယောင်လို့တောင် မလာချင်ဘူး" လို့ ပြောနေကျဆိုတော့ "နောက်ချေးနဲ့ အိုင်ဗွက်အလယ်မှာ ကျွန်မတို့ စတိုင်ပျက်ပါတယ် ဆိုပြီးတော့ ငိုတော့မလိုနေတာများ…" လို့ဆိုတဲ့အခန်းလေးတောင် မရောက်လိုက်နိုင်ပါဘူး။ ရန်ကုန်မှာတောင်မှ မီးကလေး ခနတဖြုတ်ပျက်လို့ရှိရင် အဲယားကွန်းဖွင့်မရလို့ အဖိုးအိမ် အဖေအိမ် တလှည့်စီ ကူးသန်းနေတဲ့သမီးက အမ်းနွေကို စမ်းရေထဲမှာစိမ်ပြီးတော့လည်း အေးတတ်မှာမဟုတ်။ အနေဆင်းရဲခြင်း၊ အစားဆင်းရဲခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းတွေထဲကနေ လွန်ပြီး သဘာဝအလှအပတွေကို ခံစားဖို့ဆိုတာ ဘယ်ဖြစ်နိုင်မှာလဲလေ။ သူကြီးပျင်းခဲ့တာ သည်လိုပတ်ဝန်းကျင်မဟုတ်တော့ စိမ်းနေဦးမှာပေါ့။ ဖန်သားပြင်ပေါ်က ဘာဘီမင်းသမီးလေး၊ စင်ဒရဲလားမင်းသမီးလေး၊ ထူးဆန်းမြေရောက် အဲလစ်ကလေးတို့ ကျင်လည်ရာ ရဲတိုက်ကြီးတွေ၊ ပန်းခင်းလှလှလေးတွေ၊ ဖန်သားနန်းတော်ကြီးတွေကိုပဲ အစစ်လုပ်ပြီး ပျော်မွေ့နေရတော့မယ်ထင်တယ်။
ကိုယ်တွေကတော့ ငယ်ငယ်က နွေကျောင်းပိတ်တိုင်း အမေနဲ့တလှည့်၊ အဖွားနဲ့တလှည့် အညာပြန်နေကျဆိုတော့ အညာနွေကို ပူတဲ့အရသာကလေး ခံစားလို့ရတာပေါ့လို့ မှတ်တာပဲ။ ပူတဲ့အရပ်မှာ တစ်သက်လုံး နေလာကြတဲ့သူတွေအဖို့ ဘယ်လိုနေရင် အေးတယ်ဆိုတာ အလိုလို သိပြီးသားလေ။ ဘယ်သူက နေပူစပ်ခါး လမ်းသလားမှာလဲ။ သွားစရာလာစရာရှိရင် မနက်စောစောဖြစ်ဖြစ် ညနေနေချိုတော့မှဖြစ်ဖြစ် စီစဉ်တယ်။ အညာသားတွေ ခမောက်ဆောင်းတာ၊ တဘက်ကြီးတွေ ခေါင်းပေါင်းပေါင်းတာ ပဲခံတာ သက်သက် မဟုတ်ပေါင်။ အညာသူတွေ သနပ်ခါးဘဲကျားလိမ်းတာလည်း တူတူပဲ။ ဘယ်ရွာကိုဝင်ဝင် အရိပ်ကောင်းကောင်း အပင်ကြီးတွေအောက်မှာ နားစရာ ကွပ်ပျစ်ကလေးတွေ မြက်ကလေးတွေ စိမ်းနေတဲ့ သဲအိုးအေးအေးလေးနဲ့ ရေချမ်းစင်ကလေးတွေရှိကြတယ်။ ယာပြင်လယ်တောထဲမှာတောင် ကောက်စိုက်သမများ ထမင်းစားရာ လဲလျောင်းနားခိုရာ မြေကမ္ဗလာမွေ့ယာ အရိပ်ကောင်းကောင်းကလေးတွေရှိတယ်။ အလကားရတဲ့ အရိပ်မှာလည်း တန်ဖိုးရှိတယ်ဆိုတာ အညာနွေနဲ့တွေ့ရင် သဘောပေါက်သွားမှာပေါ့။ နေရောင်ကို အမှောင်ကွယ်တာချင်းအတူတူ ထီးရိပ်နဲ့ သစ်ရိပ်ဝါးရိပ်ချင်း တူမှမတူတာကလား။
အဖွားအိမ်ဝင်းထဲမှာတော့ မန်ကျည်းပင်အရွက်စိပ်စိပ်ကလေးအောက်က အုတ်ရေတွင်းကလေး ရှိတယ်။ ရေတွင်းဘေးအုတ်ကန်ကလေးနဲ့ ချိုးတဲ့သုံးတဲ့ရေတွေကို မြောင်းကလေး စီးနေအောင်တူးပြီး ကွမ်းပင်ကလေးတွေ သနပ်ခါးပင်ကလေးတွေ စိုက်ထားတယ်။ အရိပ်ထဲမှာပေမယ့် မန်ကျည်းရွက်တွေ ရေတွင်းထဲမ၀င်အောင် သွပ်မိုးကလေးနဲ့ဆိုတော့ နေ့လည်နေ့ခင်းဆို အရမ်းနေလို့ကောင်းတာပါပဲ။ အိမ်နီးပတ်လည် ဘယ်သူလာခပ်ခပ် ကုန်တယ်လို့ မရှိဘူး။ လေကလေးကလည်း တဖြူးဖြူးနဲ့ အေးလို့။ အိမ်ထဲမှာပဲ နေချင်တယ်ဆိုလည်း ဦးလေးလုပ်သူက အညာစောင်ထူထူကြီးတွေ ရေရွှဲရွှဲဆွတ်လို့ တံစက်မြိတ်ကနေ တန်းနဲ့ ကာထားပေးတယ်။ အပြင်ကလေပူတွေဟာ အထဲရောက်တော့ လေအေးပေါ့။ ရေသောက်ရတာကိုက အရသာရှိတယ်။ မချိုပေမယ့် အေးလို့။ ဆွမ်းခံပြန်ချိန်လောက်ဆို မုန်းချောင်းထဲရေသွားချိုး၊ ပြန်လာရင် ၀မ်းဟာဟာမှာ ထမင်းဟင်းအဆင်သင့်၊ ပြည့်အင့်တော့ ရေတွင်းဘေးမှာ ထမင်းလုံးစီ၊ အိပ်ချင်လာတော့ အိမ်ထဲက ကွပ်ပျစ်ပေါ်ရောက်၊ ညနေချိုတော့ ရွာရိုးကိုးပေါက်ပေါ့။ စိုင်းထီးဆိုင်က အညာနွေပူလွန်းတယ် လို့ဆိုတော့ "အမယ် အဲဒါ သူမရောက်ဖူးလို့ ပြောတာနေမှာ" လို့ထင်မိတယ်။ သူ့တူတွေလာရင် ဖုန်သိပ်အောင် အေးအောင် မုန်းချောင်းထဲက ရေစည်လှည်းနဲ့တိုက်ပြီး အိမ်ပတ်လည် အိုင်နေအောင် ဖြန်းထားပေးတဲ့ ဦးလေးများကျေးဇူးပေါ့။ အခုလည်း တူမမြေးမများ အလည်လာမယ်ဆို ဖူးဖူးမှုတ် ခြေမြေမကျ ထားဦးမှာပါ။ လာမယ့်သူတွေကသာ သူတို့အရပ်မဟုတ်လို့ မလာချင်တာ။
အညာနွေဆိုတာ ဘယ်လောက်ပဲပူပူ၊ ရန်ကုန်မှာလိုတော့ လှောင်အိုက်အိုက်ကြီး မဟုတ်ဘူး။ ပူချင်ပူ နွေးချင်နွေး လေကလေးတော့ တသုန်သုန်နဲ့ရယ်။ ညဘက်များဆို စောင်ပါးလေးတစ်ထည်တော့ ပါမှ။ အညာမှာ အဲယားကွန်းမပြောနဲ့ ပန်ကာ ယပ်တောင်များတောင် မလိုသလောက်ပဲ။ မီးရောင်တထိန်ထိန်မလင်းပဲ လရောင်ကလေးဖွေးနေတာကိုက မျက်စိထဲမှာ အေးနေတာ။ ဆူဆူညံညံ စက်သံပွက်သံ မကြားရတာကိုက နားထဲမှာအေးနေတာ။ ရွာထဲအလှူခံလာလို့။ ရွာမှာ အလှူရှိလို့ ဓါတ်စက်ဖွင့်ရင် တစ်ရွာလုံးကြားရတယ်။ လသာတဲ့ညမှာ ဓါတ်မီးမပါလည်း လယ်ကွင်းထဲ လမ်းမပျောက်ဘူး။ ရွာမှာ ဘာနာရီမှမလိုဘူး။ အရာအားလုံး သူ့တိုင်ပင်နဲ့သူ။ မြို့ကလူတွေကျမှ ထူးထူးခြားခြား မနက် ဘုန်းကြီးပင့်ရင် အာရုဏ်ဘယ်ချိန်တက်သလဲ မေးပြီး နာရီနဲ့ပင့်ရတယ်။ အညာကလူတွေက ရယ်မှာပေါ့။ အာရုဏ်တက်ပါဆိုမှ အာရုဏ်တက်ပေါ့ လို့ ဖြေလိမ့်မယ်။ အာရုဏ်၊ ရောင်နီ၊ မိုးသောက်၊ နေထွက်၊ လင်းအားကြီး၊ ထန်းတစ်ဖျား၊ ဆွမ်းခံပြန်၊ ဆွမ်းစား၊ မွန်းတည့်၊ နေစောင်း၊ နေချို၊ နေညို၊ နေ၀င်၊ ဆည်းဆာ။ ကိုင်း ဘယ်မှာ နာရီကြည့်စရာလိုလို့တုန်း။ ဒါတောင် ကြက်တွန်သံကို စကားထဲထည့်မပြောသေးဘူး။ ညကြီးမင်းကြီးတောင်မှပဲ ခုနှစ်စဉ်ကြယ်အမြီးကလေး ဘယ်အပင်ထိပ်နားရောက်ရင်ဖြင့် ဘယ်နှစ်နာရီလို့ ခန့်မှန်းတတ်တယ်။ ရန်ကုန်မှာလို အိပ်ယာထနောက်ကျလို့၊ ဘတ်စကားနောက်ကျလို့၊ လမ်းပိတ်လို့ နာရီတကြည့်ကြည့် အပြေးအလွှား သွားသွားလာလာ လုပ်စရာမလိုဘူး။ ညဥ့်နက်သန်းကောင် ဗီဒီယိုကြည့်၊ ဂိမ်းဆော့၊ စာဖတ် ဘာမှမှ လုပ်လို့မရပဲနဲ့။ မှောင်ရင်အိပ်၊ လင်းရင်ထ သဘာဝအတိုင်းပဲ။ အချိန်တွေကလည်း ဖြေးဖြေးလေးပဲ ကုန်တယ်။ (အပြောင်းအရွှေ့စောင့်တဲ့သူတွေကျမှသာ နာရီကိုတကြည့်ကြည့်နဲ့ တွက်နေတာက ပြက္ခဒိန်။) အဲလိုဆိုတော့ အညာနွေဆိုတာ ဘယ်မှာပူလို့တုန်း။ လူရောစိတ်ပါ အေးအေးဆေးဆေးပဲ မဟုတ်လား။
အညာနွေမှာ ရာသီစာကလေးတွေကတော့ အကိုင်းလိုက် ငိုက်ကျနေတဲ့ သီးပင်၊ ဥသျှစ်ပင်ကြီးတွေရှိတယ်။ အပင်အောင်ဝင်သွားရုံနဲ့ကို ချိုအီမွှေးမြနေတာပဲ။ ဖျော်ရည်လုပ်သောက်ရင်လည်း ၀မ်းအေးသတဲ့။ အစိမ်းရောင်နဲ့ ပန်းရောင်ပြေးပြေးကလေးရှိတဲ့ ကုလားမန်ကျည်းသီးဆိုတာလေးတွေလည်း ချိုတာပဲ။ ကလေးဘ၀ ငတ်ကြီးကျလို့လား မပြောတတ်။ မန်ကျည်းသီးမှည့်အတောင့်လိုက်တောင်မှ အခွံကလေး ရေဆေးပြီး ဆားကလေးနဲ့ တို့တို့စားတာ ချိုချိုချဉ်ချဉ်ကလေး။ အဒေါ်တွေချက်ပေးတဲ့ မန်ကျည်းသီးချက်ဆိုတာ မန်ကျည်းသီး နဲ့ ငါးပိကလွဲလို့ ဘာမှ မပါဘူး။ စားလို့ကောင်းလိုက်တာများ။ မန်ကျည်းရွက်နုနုကလေးတွေကို ဆားလေးဖြူးပြီး ဖက်ကလေးနဲ့ထုပ်၊ ဖနောင့်နဲ့ဝိုင်းပေါက်လို့ ဘုတ်မဆီဆမ်းကစားရင်း စားရတာလည်း ကောင်းတာပဲ။ စိတ်ထဲမတော့ ဆီတွေကို နစ်အိုင်လို့။ သင်္ဘော၊ ဖရဲ၊ ပိန္နဲ၊ ငှက်ပျော၊ သရက်၊ သြဇာ၊ မာလကာတွေကတော့ ဘကြီးဘုန်းကြီးကျောင်းမှာ အလျှံပါယ်။ နေ့လည်ဘက်ရောက်ရင် ရွာမြောက်ပိုင်းက ကြီးတော်ကြီးက မုန့်လုပ်ဆောင်းလိုက်ရောင်းတယ်။ ထန်းလျက်ရည်ကျဲကျဲကလေးမှာ အုန်းသီးဖတ်ကလေးတွေ ဖွေးလို့။ သူ့မုန့်လုပ်ဆောင်းဖတ်ကလေးတွေက နူးအိမွှေးချိုလို့။ ရေခဲတစ်တုံးမှ မပါပဲ အေးနေတာ။ ရွာမှာ ရေခဲမရှိဘူးလေ။ ဘီစကစ်နှစ်ချပ်ပူးကြားက ကရင်မ်ဖြူဖြူကလေးတွေကို ရေခဲညှပ်ဘီစကစ်ပါဆိုပြီး စားကြတာ။ နေမကောင်းတဲ့လူမမာများဆို ဂလူးကိုးမှုန့်လေး ဖျော်သောက်လိုက်ရင် ရင်ထဲကိုအေးပြီး အမောပြေသွားတာပဲတဲ့။ အခုသမီးစားနေတဲ့ မုန့်ပဲသွားရည်စာတွေတော့ ဘာဆိုဘာမှ မရှိဘူး။ အညာမှာရှိတဲ့ မုန့်ပဲသွားရည်စာတွေကိုလည်း သမီးက ဘာဆိုဘာမှ စားတတ်မှာ မဟုတ်ဘူး။ ဘယ့်နှယ်လုပ်မတုန်း။
"တပေါင်း တန်ခူး မိုးသားကျူး လေရူးဆော်လှာပုံ၊ လွမ်းလေပူပုံ ပူပုံပွားပါလို့ အားကကုန်" တဲ့။ တပေါင်းကျူးတော့ တန်ခူးလာဦးမှာပေါ့ကွယ်။ သည်အခါမှာတော့ မြန်မာတွေအကုန် မြူးကြပျော်ကြပြန်သတဲ့။ အညာနွေရဲ့ အပူဟာ တန်ခူးလမှာတော့ ကျွမ်းလုလောင်လုမတတ်ပေါ့။ အေးရာအေးကြောင်းကတော့ အတာရေသဘင်ပွဲ နွှဲကြပြန်လေသတည်း။ အညာသင်္ကြန်ပွဲတွေဟာ သမီးမြင်ဖူးနေကျ ရန်ကုန်သင်္ကြန်၊ မန်းသင်္ကြန်တွေနဲ့တော့ မတူလေဘူး။ ရေရှားတဲ့အရပ်မို့ ရေတွေအိုင်ပြီး လမ်းပေါ်စီးနေအောင် ဘယ်လောင်းနိုင်ပါ့မလဲ။ ဘုံဘိုင်ကလာတာမှ မဟုတ်ပဲ။ အနည်းဆုံးတော့ ရေတွင်းက ငင်လာခဲ့ရတာ။ ဒါပေမယ့် ရွှဲအောင်တော့ လောင်းတာပါပဲ။ ကာလသား ကာလသမီးတွေ သူ့အဖွဲ့နဲ့သူ တစ်အိမ်တက်ဆင်း အိမ်ရှိလူကုန် နံမည်ခေါ်ထုတ် တုတ်တုတ်ရွှဲအောင် လောင်းကြတယ်။ လူကြီးသူမများကိုလည်း ရေကန်တော့ပြီး ခေါင်းလျှော်၊ ရေချိုး၊ ခြေသည်းလက်သည်းညှပ်ပေးကြတယ်။ အမြင်ကပ်ရင် အိုးမဲသုတ်တယ်။ ဖမ်းချုပ်ပြီး ကလေးအမေတွေက နို့ရည်မျက်စဉ်းခပ်ပေးကြတယ်။ အိမ်တိုင်းစေ့ကတော့ မုန့်ပဲသွားရည်စာလေးများနဲ့ ဧည့်ခံကြတယ်။ အများအားဖြင့် ထိုးမုန့်ဆိုတာ အဲဒီအခါတွင်းအတွက် ထိုးကြတာလေ။ လူကြီးသူမများ အခါတွင်း ဥပုသ်သီလယူကြတော့လည်း ကျောင်းမှာ တစ်အိမ်တစ်ခွက်တည်ကြတာ အလျှံပါယ် မှ အလျှံပါယ်။ အိုးစည်ဗုံမောင်း အကအခုန်များလည်း ပါတယ်။ ခုခေတ်လို ကာရာအိုကေတွေ မပေါ်သေးပေမယ့် တို့ရွာသားတွေ ဆိုတဲ့တီးတဲ့ဘက်မတော့ မခေပေါင်။ သည်ပွဲတွေက နှစ်ဆန်းတစ်ရက်နေ့ ဘေးမဲ့လွှတ်၊ ပရိတ်နာပြီးတဲ့အထိ ဆက်မှာ။ ရန်ကုန်သင်္ကြန်ပျော်စရာကောင်းပုံကတော့ သင်္ကြန်ရက် ဆေးရုံမှာ ၂၄ နာရီ ဂျူတီဆင်းဖူးသူတိုင်း သိပါတယ်။ သူများပျော်လို့ မပျော်နိုင်တာမဟုတ်ဘူး။ ထိုင်ကို မထိုင်နိုင်တာ။ ညနေစောင်းရင် အရေးပေါ်မှာ ကျိတ်ကျိတ်ကို တိုးလို့။
ပြီးခဲ့တဲ့ တန်ခူးလတုန်းကတော့ သူတို့သားအမိက အမ်းကိုမလိုက်ချင်လို့ ရမယ်ရှာကြတာနဲ့ သူငယ်ချင်းဖြစ်သူ စန္ဒယားဆရာ ကိုဘသန်းတင်နဲ့ မုံရွာသင်္ကြန်ကို လိုက်လည်ခဲ့ပါတယ်။ ဒါလည်း အညာသင်္ကြန်ပဲလေ။ တခိုင်လုံးရွှေ သီချင်းအကြောင်းရေးတုန်းက သီချင်းပို့ပေးတဲ့ မုံရွာသားကလေးက အဲဒါ သူတို့သင်္ကြန်မှာ ကခဲ့တဲ့သီချင်းကလေးပါဆိုပြီး မုံရွာသင်္ကြန်ကို ညွှန်းလွန်းတာနဲ့ စိတ်ဝင်စားသွားပြီး ရောက်ဖူးအောင် လိုက်လည်ကြည့်တာပါ။ ညွှန်းလောက်ပါပေသည် လို့ပဲ ပြောရတော့မယ်။ အရင်တုန်းကလောက် စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ပျော်စရာမကောင်းတော့ဘူးလို့ ဆိုကြတဲ့ အထည်ကြီးပျက် မုံရွာသင်္ကြန်တောင်မှပဲ မည်ကာမတ္တ ခြောက်တီးခြောက်ကပ် မဟုတ်ပေဘူး။ ထူးထူးခြားခြား ချီးကျူးစရာကောင်းတာကတော့ မုံရွာသင်္ကြန်မှာ ရန်ကုန် မန္တလေးမှာလို "ရှာပုံတော်မင်းသားကြီး" တို့၊ "သင်္ကြန်မိုးလေးရေ စိုရုံဖြန်းပက်ဦး" တို့ သွားလုပ်ရင် ပြုံးစိစိနဲ့ အကြည့်ခံရမယ်။ ဒါမျိုးလောက်နဲ့ ရွာရိုးလျှောက်စရာလား။ မုံရွာက သူ့သီချင်းနဲ့သူ ရှိတယ်။ အဟောင်းတွေ အမြဲကောင်းနေတယ်ဆိုတာ အသစ်ရေးတဲ့သူ အသုံးမကျလို့။ သူတို့ဆီမှာတော့ မနှစ်ကသီချင်း သည်နှစ်ဆက်ဆိုနေရင် သည်ကောင်တစ်နှစ်လုံး သီချင်းမရေးပဲ ဘာတွေလုပ်နေသတုန်း လို့ ပြောစရာ။ အရပ်သူအရပ်သားပေမယ့် ရေးတဲ့ဆိုတဲ့တီးတဲ့နေရာမှာ ခေသောသူမဟုတ်တွေချည့်ပဲ။ ဒါကြောင့်မို့ မုံရွာသင်္ကြန်ဟာ ရေပက်ဖို့ထက် ဆိုကြတီးကြကကြဖို့က အဓိက။
သို့သော်လည်း ဘာဖြစ်လို့ ပျော်စရာမကောင်းတော့သလဲ ဆိုတာကတော့ ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျဦးတော့မှာပဲ။ ရပ်ကွက်တိုင်းရပ်ကွက်တိုင်းက မနေနိုင်မထိုင်နိုင်လို့ စုစည်းတီးမှုတ်ပြီး ကားကြီးတွေနဲ့ အရပ်တကာလှည့်လည်း ငွေကုန်သံပြာရုံအပြင် မရှိဘူး။ ဘာကြီးလုပ်ထားထား အချိန်တန်တော့ ရှင်ဘုရင့်သားပဲ မင်းဖြစ်ရမှာ။ အသင်းကြီးကထွက်တဲ့ကား ဆုတွေရဖို့ ကိုယ်တွေက အိမ်ပြည့်အောင် ၀င်ကစားပေးရတဲ့ ဖဲသမားများလိုပဲ။ ကြာတော့ စိတ်ကမကုန်တောင် ငွေကကုန်လာတော့ သင်္ကြန်ဆိုရင် မတတ်သာ ခပ်ခွာခွာနေဦးတော့ ဖြစ်လာတယ်။ ဒုတိယတစ်ချက်ကတော့ နရသီဟပတေ့မင်းကြီး ဧရာဝတီမြစ်ကမ်းမှာ သင်္ကြန်တော်မင်္ဂလာ အခမ်းအနားလုပ်တာနဲ့ တူတူလာလို့။ အောက်မှာ ပရိသတ်က ကျွက်စီကျွက်စီဖြစ်နေသေးလည်း မစောင့်နိုင်ပြန်ကြ။ တို့ပွဲက အဘလာမှ ကမှာ။ အဆိုတော်တွေကိုယ်တိုင်က အဘလာချိန်ဆို မိုက်လုရတာအမော။ သည်နေရာမှာတော့ တို့အမ်းသင်္ကြန်က ပိုတောင်ရယ်ရသေး။ တခုသောသင်္ကြန်အခါမှာ မောင်မယ်တွေ ရေကစားကြဖို့ မဏ္ဍပ်ထဲမှာတို့ရှိမယ် ဖြစ်နေပေမယ့် မယ်မယ်ဘုရားက ခေါင်းဆေးကျွန်းမှာ သင်္ကြန်တော်မင်္ဂလာ ယတြာတွေစီရင်လို့ မပြီးနိုင်မစီးနိုင်ဖြစ်နေသတဲ့။ ခနနေတော့ ဝေါ်လကီတော်လကီတွေနဲ့ အခါပေးပုဏ္ဏားတော်ကြီးတွေက "ဟော .. လာချေပြီ" လို့လုပ်လိုက်ရင် လုံမပျိုကလေးတွေက "မြနန္ဒာ ရေညိုညိုရစ်ကာသန်းတော့" ဆို ထကလိုက်ကြ၊ နောက် မဟုတ်သေးဘူးဆို ပြန်ထိုင်စောင့်လိုက်ကြ။ လေးငါးခါတိုင်လာတော့ စင်ပေါ်နေပူပူက မြေးမလေးကို သနားလာတဲ့ အမယ်ကြီးတစ်ယောက်က "ယင်းကောင်မချေတစ်ယောက် အအေးမိလို့ သီဖို့ရာ။ ဇာနှိုက်ခါ ခေါင်းလျှော်လေရယ် မသိ" လို့ ညည်းတွားပါသတဲ့။ ပြောစမှတ်ကိုတွင်ရော။ လူအင်အား ငွေအင်အား ၀ီရိယစိုက်ထုတ်မှုများစွာနဲ့ ပွဲသဘင်ကြီး ဆင်ယင်ကျင်းပတာဟာ ရွှေကိုယ်တော်ပျော်တော်ဆက်ဖို့သက်သက်လား ဆိုတာ စဉ်းစားစရာပါ။ သာယာတဲ့သူကလည်း သာယာလို့၊ ပျာယာတဲ့သူကလည်း ပျာယာလို့။ ဘွဲ့ယူတုန်းက ဇာတ်ထဲက၀န်မင်း ရေမြေ့ရှင်ထံ စာသ၀ဏ်ဆက်သလို ဒူးတုပ်ခစား လက်ဖ၀ါးလေးနှစ်ဖက်ထပ်လို့ ရိုရိုသေသေ ဘွဲ့နှင်းသဘင် အစီအစဉ်စာရွက် ကမ်းပေးတဲ့သူတစ်ယောက် မကြာခင်မှာ ရာထူးတွေ တက်သွားတာ မြင်ခဲ့ဖူးတော့ လက်ငင်းအကျိုးပေးတဲ့ကုသိုလ်လို့တော့ မှတ်လိုက်မိသား။ ဘုရားတစ်ခွန်းထူးရင် တစ်ကျပ်ပေးမယ်ဆိုတာထက် သာတယ်။
အဲဒီခရီးမှာ မုံရွာသင်္ကြန်လိုပဲ မှတ်မှတ်ရရရှိခဲ့တာ တစ်ခုကတော့ အေးချမ်းတဲ့အညာနွေကလေးပါပဲ။ သင်္ကြန်အပြီးမှာ ကိုဘသန်းတင်တို့ဇာတိ အရာတော်နားက သနပ်ခါးခြံကလေးကို လိုက်လည်ပြီး တစ်ညအိပ်ခဲ့တယ်။ ထန်းရွက်မိုးတဲကလေး၊ ထန်းပင်ကလေးတွေစီလို့။ သနပ်ခါးပင်ကလေးတွေ တန်းလို့။ အိမ်ရှင်ကြီးက မြို့သားဧည့်သည်ကလေး မစားနိုင်မှာစိုးလို့ အရာတော်ဈေးထိပ်က တရုတ်စာတွေ တကူးတက၀ယ်လာတာ။ ဒီကတောသားလူလည်က ခပ်တည်တည်နဲ့ အ ချင်ယောင်ဆောင်ပြီး တောစာတွေ လှိမ့်တွယ်ခဲ့ရော။ ထန်းရည်ချိုကလေးက နွေးနွေးလေး။ ညနေပိုင်းပေမယ့် မခါးသေးဘူး။ ပုဇွန်ဆိတ်ခုန်ခုန်နေတာ မျက်နှာတောင် လာစင်တယ်။ ပဲကြီးနှပ်ကလေးက အိဆိမ့်နေတာ။ ထန်းရည်ချိုးနဲ့ချက်တဲ့ ဆိတ်သားကလေးကလည်း ဆီတောင်မပြန်ဘူး။ အရည်ချိုကျဲကျဲကလေး။ လေညှင်းကလေးက အေးအေးလေး။ အဲဒီညက ဖက်ဆွတ်မိုးကလေးလည်း ရွာလိုက်သေးတာ။ ဘုတ်အီသံကလေးတွေ၊ ချိုးကူသံကလေးတွေကလွဲရင် လူခြေတိတ်ဆိတ်လို့။ သနပ်ခါးခြံထဲဆိုတော့ အညာနွေကလည်း မွှေးလို့၊ အတာရေကလည်းအေးလို့။ ဘာတွေမှလည်း မေးမနေပါနဲ့တော့လေ။ အိပ်ပျော်သွားပြီ။
"အတာရေလောင်းတဲ့ပွဲ ဘာပွဲရယ်လို့ ခေါ်ပါတယ်။ သင်္ကြန်ပွဲရယ်လို့ ခေါ်ပါတယ်ဗျ။
အတာရေကလည်း အေးတယ် အေးတယ်။ ကညာမေကလည်း မွှေးတယ် မွှေးတယ်။
အညာနွေကိုလည်း လွမ်းတယ် လွမ်းတယ်။ ကညာမေကိုလည်း ………..။"
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ