ဒီမိုဝေယံ

ဒီမိုဝေယံ


ပန်းပေးတာ ကျေနပ်မှာလား၊ ဦးထုပ်ဆောင်းပေးတာ ကြည်ဖြူမှာလား..

Posted: 22 Apr 2012 05:43 AM PDT

ပန်းပေးတာ ကျေနပ်မှာလား၊ ဦးထုပ်ဆောင်းပေးတာ ကြည်ဖြူမှာလား..
  ယနေ့ ဂျပန်နိုင်ငံမှာ လေးရက်ကြာ မဲခေါင်မြစ်ဝှမ်းနိုင်ငံများရဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေတဲ့ သမ္မတဦးသိန်းစိန်နဲ့အဖွဲ့  အပူဓာတ်နဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ Tokyo Electric Power Co's (TEPCO)ကို သွားရောက် လေ့လာခဲ့ပါတယ်..။  Tokyo Electric Power Co's (TEPCO)ကို သွားရောက် လေ့လာစဉ်မှာ ဂျပန် အမျိုးသမီးဝန်ထမ်း တဦးက Safety ဦးထုပ်ဆောင်းပေးနေတာ မြင်မိတော့ တရုတ်က ဆောက်လုပ်ပေးပြီး ၂၀၁၁ဇန္နဝါရီလ ၂၁ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ တာပိန် ရေအားလျှပ်စစ်စီမံကိန်း ဖွင့်ပွဲမှာ သမ္မတကြီးကို ပန်းပွင့်လေးတပ်ဆင် ပေးတဲ့ တိုင်းရင်းသူ တဦးရဲ့ ပုံကို သွားမြင်ယောင်မိတယ်...။

တလောကတော့ ဂျပန်ကုမ္ပဏီတွေ မြန်မာပြည်ကို ပြန်လည် ဝင်ရောက်မယ့်အကြောင်းအရာနဲ့ ပတ်သက်ပြီး နိုင်ငံရေး မိတ်ဆွေတဦးနဲ့ ဆွေးနွေးဖြစ်ခဲ့တုန်းက ကျွန်တော်အမြင်လေး ပြောပြခဲ့မိပါတယ်..။ ကွန်မြူနစ်စံနစ် တရုတ်နဲ့ ဒီမိုကရေစီစံနစ် ဂျပန် ကွာခြားပုံပေါ့။ ကျွန်တော်မြင်မိတာကတော့ ကမ္ဘာက ပစ်ပယ်ထားတဲ့ ဆင်းရဲတဲ့ အာဏာရှင် နိုင်ငံတွေမှာ ရသမျှ ဖြစ်ညှစ်ယူပြီး၊ လူ့အခွင့်အရေး လေးစားလိုက်နာမှုမရှိတဲ့ တရုတ်ထက်စာရင် နည်းပညာတိုးတက်ပြီး လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ ဒီမိုကရေစီနိုင်ငံတွေက ရင်းနှီးမြုပ်နှံတာကို ပိုပြီးထောက်ခံသင့်တယ်လို့ ပြောပြခဲ့ပါတယ်..။ ယခုလောလောဆယ်မှာပဲ ဂျပန်နိုင်ငံက မြန်မာပြည်မှ ပေးဆပ်ရန်ရှိတဲ့ အမေရိကန်ဒေါ်လာ ၃.၇၂ ဘီလျံကိုလျှော်ပစ်လိုက်ပါပြီ။
၂၀၀၉ခုနှစ် ၅လပိုင်းက ဖွင့်လှစ်ခဲ့တဲ့ ရွှေလီရေကာတာဟာ ၂၀၁၂ခုနှစ်မှာတော့ အောက်ခြေတမံတွေ ပျက်စီးနေလို့ ပြန်လည် ပြင်ဆင်နေရပါပြီ..

ဒီနေ့လည်း သမ္မတနဲ့အဖွဲ့ ဂျပန်က လျှပ်စစ်စီမံကိန်းတွေ သွားရောက် လေ့လာတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာပါ။ ပန်းဆိုတာ သဘာဝအတိုင်း ကြာလေ လန်းဆန်းလေ ဆိုတာမရှိပါဘူး..။ ထို့အတူ တရုတ်ပစ္စည်းတွေလဲ ကြာလေ ဆိုးလေပေါ့..။ တရုတ်ကဆောက်လုပ်ပေးပြီး ၃နှစ်အတွင်း စက်ပစ္စည်းတွေ ပြန်လဲလှယ်တပ်ဆင်ရ၊ ရေတားတမံတွေ ပျက်ဆီးနေရတဲ့ ရွှေလီရေအားလျှပ်စစ် စီမံကိန်းနဲ့ နှစ်(၆၀)ရှိပြီ ဖြစ်တဲ့ လောပိတရေအား လျှပ်စစ်ဓာတ်အားပေးစက် အခြေအနေ နှိုင်းယှဉ်ကြည့်ပါ။ စေတနာ အသပြာကွာသလို ဒီဓာတ်ပုံထဲက ဖိုင်ဘာဦးထုပ်နဲ့ ပန်းလို ကွာခြားပါတယ်..။ ဂျပန်ပစ္စည်းနဲ့ တရုတ်ပစ္စည်း ဘယ်ဟာကြိုက်မကြိုက် ကျွန်တော်တို့ ပြည်သူတွေ စစ်တမ်းကောက်စရာ မလိုပါ..။ 

ဒီတော့ သမ္မတကြီး အနေနဲ့ ပန်းပြပြီး အဆီကိုစား အသားကိုမျို ရသမျှယူနေတဲ့ တရုတ်စီမံကိန်းတွေကို ဒီဘဝဒီမျှသာနဲ့ ရပ်တန်းက ရပ်သင့်ပါပြီ။ ပုံ(၂)ပုံကို နှိုင်းယှဉ် ကြည့်ရသလို တရုတ်ရဲ့ အဆင်းသာရှိတဲ့ တခဏတာ ပန်းကို ယူမလား၊ ပြည်သူ့အကျိုးအတွက် နှစ်ရှည် ခံမယ့် ဦးထုပ်ကိုသာ ဆောင်းမလားဆိုတာ သက်သေပြရပါတော့မယ်..။ ထို့အတူ သမ္မတကြီးအနေနဲ့ သမိုင်းတကွေ့မှာ မှတ်ကျောက်အတင်ခံဖို့ ပြည်သူ့အကျိုးကို မျှော်ကိုးပြီး ပြည်သူ့ပါတီနဲ့ ပူးပေါင်း လက်တွဲပါဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါတယ်..။

ဒီမိုဝေယံ
ဓာတ်ပုံ ဒီမိုဝေယံ၊ Getty Images
(မှတ်ချက်... ပုံထဲမှ ဦးထုပ်နှင့် ပန်းအား ရည်ရွယ်၍ ဝင်လာသည့်အတွေးအား ရေးသားချင်း ဖြစ်ပါသည်။ ဘယ်နိုင်ငံက ဘာပဲဆောက်ဆောက် ဧရာဝတီမြစ်ဆုံနဲ့ သဘာဝဝန်းကျင်များ ပျက်ဆီးမည် ဆိုပါက ကန့်ကွက်ပါမည်)

 တရုတ်ကဆောက်ပေးပြီး တဲ့ ၃နှစ်အတွင်း ပြင်ဆင်နေရတဲ့ ရွှေလီရေကာတာ ပြန်ဖတ်ချင်ရင် http://www.demowaiyan.org/2012/04/blog-post_06.html
မြစ်ဆုံဆည်ကို ၂၀၁၁ ဇန္နဝါရီလက သွားရောက်လေ့လာခဲ့တဲ့ သမ္မတဦးသိန်းစိန်သတင်း ပြန်ဖတ်ချင်ရင်
http://www.demowaiyan.org/2011/10/blog-post_22.htmlSee More
ရွှေလီလျှပ်စစ်စက်ရုံ အသေးစိတ် အစီရင်ခံစာ..
http://www.demowaiyan.org/2012/04/blog-post_20.html

သာဓု .. သာဓု .. သာဓုပါဗျာ.. (သာဓုခေါ်ဆိုထိုက်တဲ့ သာဓုပါဗျာ သံချပ်အဖွဲ့)

Posted: 22 Apr 2012 04:25 AM PDT

သာဓု .. သာဓု .. သာဓုပါဗျာ

ယခုနှစ်သင်္ကြန်တွင် ကုသိုလ်၊ ဗေလုဝ၊ မေတ္တာစသည့် သင်္ကြန်မင်းသားများသည် ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးတို့တွင် "သာဓုပါဗျာ" သံချပ်အဖွဲ့ဖွဲ့စည်း၍ လိုက်လံဖျော်ဖြေ တင်ဆက်ခဲ့ရာ အလှူငွေများ ရရှိခဲ့ပြီးသည့်နောက် နှစ်သစ်ကူးအချိန်ကာလတွင် လူမှုရေးအသင်းအဖွဲ့များသို့ မိမိတို့ ဖျော်ဖြေရေးမှ ရရှိ သော အလှူငွေများထဲမှ အချိုးကျ တစ်ဆင့်လှူဒါန်းမှုများကို ပြုလုပ်ခဲ့ကြသည်။
၂၁.၄.၂၀၁၂ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ "သာဓု ပါဗျာ" သံချပ်အဖွဲ့(ကုသိုလ်၊ ဗေလုဝ၊ မေတ္တာ၊ အရိုင်း)တို့မှအလှူငွေကျပ် (၅) သိန်းနှင့် မေတ္တာ + လွင်မီမီကို (မိသားစု)မှ (၁)သိန်းကျပ်၊ မေတ္တာမြင့်မြတ်ဟိန်းနှင့် (၇) ရက်သားသမီးမှ (၃) သောင်းကျပ်၊ ငြိမ်းချမ်းနိုင်+မဇင်မာအေးနှင့် သမီးတို့မှ (၁) သောင်းကျပ်၊ မောင်ဇေယျာမင်း+မစောမြတ်မွန် ၉ခ) မအိမွန်တို့၏ မင်္ဂလာဦးအလှူအဖြစ် (၅) သောင်းကျပ်တို့အား အသီးသီးလှူဒါန်းခဲ့ကြသည်။ "သာဓုပါဗျာ" အဖွဲ့သားများအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်များအား လိုက်လံရှင်းလင်းပြသခဲ့ကာ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ယင်းအလှူဒါနပွဲသို့ ပြည်တွင်းသတင်း မီဒီယာများမှလည်း လာရောက်၍ မှတ်တမ်း တင်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် သင်္ကြန်အချိန်ကာလအတွင်း သံချပ်တည်းဟူသော စကားလုံးကို မကြားမမြင်ခဲ့ ရသည်မှာ နှစ်ပေါင်းသုံးဆယ်နီးပါးခန့် ရှိခဲ့ပြီဖြစ်ရာ ယခု ၂၀၁၂ ခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် ပြန်လည်၍ သံချပ်အဖွဲ့များဟူ၍ ရှင်သန်လာမှုသည် ပြည်သူ/သားများအတွက် များစွာဝမ်းသာပီတိ ဖြစ်ခဲ့ရပါသည်။ သံချပ်ဟူသောစကားသည် အများပြည်သူလူထုတို့၏ ဟစ်တိုင် ဆိုလျှင်လည်း မမှားချေ။ မြန်မာပြည်တွင်းရှိ ပြည်သူလူထုတို့ တွေ့ကြုံခံစားနေရသည့် အခက်အခဲ၊ အကြောင်းအရာများအား ဟစ်တိုင်သဖွယ် တီးလုံး သံစဉ်တို့ဖြင့် ပြည်သူလူထု ကိုယ်စား ဖျော်ဖြေတင်ဆက်ရသော တင်ဆက်ပြသမှုတစ်ရပ်ပင် ဖြစ်သည်။
ထို့ကြောင့် ပြည်သူလူထုကိုယ်စား ဟစ်တိုင်သဖွယ် တောင်းဆိုမှုများကို ၂၀၁၂ ခုနှစ်တွင် ပြန်လည် ၍ ထိုးဖောက်ကာ သံချပ်သမိုင်းကို ပြန်လည်ကာ ရဲရဲဝံ့ဝံ့ဦးဆောင်ဖော်ထုတ်ခဲ့သော အဖွဲ့များအနက် ယခု "သာဓုပါဗျာ" အဖွဲ့အား လှူဒါန်းမှုအစုစုနှင့် ဖျော်ဖြေမှုအစုစုတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ သာဓု .. သာဓု .. သာဓု ဟုခေါ်ဆိုလိုက်ပါတော့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)
သာဓုပါဗျာ သံချပ်အဖွဲ့ရဲ့ နာမည်ကြီး သံချပ်အသံဖိုင်

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားများ ရွှေညဝါဆရာတော်ထံမှာ ဒုလ္လဘ ရဟန်းခံမည်နှင့် ကြည်ညိုစရာ ရွှေညဝါ.. (ရုပ်သံ)

Posted: 21 Apr 2012 08:30 PM PDT

လာမယ့်(၂၄)ရက်နေ့ မှာ ရွှေညဝါဆရာတော်ကြီးအား သိက္ခာထပ်ပွဲ မင်္ဂလာအခမ်းအနားနှင့် အတူ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားများမှ ရွှေညဝါဆရာတော်ထံမှာ ဒုလ္လဘ ရဟန်းခံပြီး  ရွှေညဝါတောရကျောင်း (မှော်ဘီ)မှာ သီတင်းသုံးနေထိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။ 

၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးဇော်ဇော်မင်း၊ ဦးကိုကိုကြီး(စမ်းချောင်း)၊ ဦးနေဝင်းထွန်း၊ ဦးဥာဏ်လင်းတို့နှင့် ဗမာ့နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသ)မှ ကိုဒီငြိမ်းလင်း အပါအဝင် ရဟန်းလောင်း (၂၄)ဦးတို့၏ ဒုလ္လဘ ရဟန်းခံပွဲ  မင်္ဂလာအခမ်းအနားအား သာဓုကျောင်းတိုက်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ရေစက်ချ တရားနာယူရန်နေရာအား ရွှေညဝါတောရကျောင်း မှော်ဘီမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်..။

ကြည်ညိုစရာ ရွှေညဝါ 
ညီငယ် ဇေယျာ ဖန်တီး တင်ဆက်သည်။