သစ်ထူးလွင်

သစ်ထူးလွင်


သီလရှင် ဝတ်မယ့် သင်ဇာဝင့်ကျော်

Posted: 20 Jun 2012 04:53 AM PDT


ယခုနှစ် သင်္ကြန်ကာလပြီး ကတည်းက ပြင်ဦးလွင်မြို့တွင် ဗီဒီယို ဇာတ်ကားများ
သွားရောက် ရိုက်ကူး ခဲ့ပြီး ယခုအချိန် တွင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရန်ပုံငွေဖျော်ဖြေပွဲအတွက် ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်နေသော သင်ဇာ ဝင့်ကျော် က ဇူလိုင်လအတွင်း သီလရှင်ဝတ်ရန် စီစဉ်ထားကြောင်း 7 Day News သို့ ပြောသည်။
" ၇ လပိုင်းလကုန်လောက် ဒါမှမဟုတ် လလယ်ပိုင်းလောက် ဖြစ်ဖြစ် သီလရှင်ဝတ်ဖြစ်မယ်။ မွေးနေ့ကြောင့်လည်း မဟုတ်ပါ ဘူး။ ဒီတိုင်းပဲ ဝတ်ချင်လို့ ဝတ်ဖြစ်မှာပါ"ဟု သူမကပြောသည်။ ယခုနှစ်သင်္ကြန်ကာလအတွင်း သူမ၏ဝတ်စားဆင်ယင်မှု သတင်းများနှင့် သူမ၏ ဖခင်နှင့်ပတ်သက်သည့်သတင်းများအပေါ် သင်ဇာဝင့်ကျော်က "အဲဒီအကြောင်းတွေဘာမှမပြောချင်ပါဘူး။ အနုပညာရှင်တစ်ယောက်ရဲ့ ဘဝနဲ့ ပြင်ပကလူမှုဘဝကိုလည်းြေူ-ခေညန မျှအောင် ဘယ်တော့မှမစဉ်းစားခဲ့ဘူး။ ဒါပေမဲ့ လူ့ဘဝဆိုတာ တိုတိုလေး။ ကိုယ်နေနေကျ လိုက်ဖ်စတိုင်လ်အတိုင်းနေမယ်။ အဓိက အရေးကြီးတာက ကိုယ်ဒီလိုအလုပ်လုပ်နေတဲ့အတွက် ဒီအလုပ်ပေါ်စေတနာထားဖို့ အရေးကြီးတယ်" ဟု ဖြေကြားသွားခဲ့သည်။
မေလအတွင်း ဗီဒီယိုဇာတ်ကားတစ်ကားကိုလက်ကျန်ဇာတ်ဝင်ခန်းများ ရိုက်ကူးပေးရန်ရှိပြီး ပြင်ဦးလွင်တွင်ရိုက်ကူးခဲ့သော 'တက်တူး' ဗီဒီယိုဇာတ်ကား ဇာတ်ဝင်ခန်းအတွက် တက်တူးများထိုးခဲ့ရာ တက်တူးထိုးခြင်းအပေါ် သူမ၏ အမြင်ကိုမေးရာ၌ " တက်တူးကို ကြိုက်လို့ထိုးခဲ့တာပါ။ လူစိတ်ဝင်စားအောင်ထိုးတာမဟုတ်ပါဘူး။ ဒီဇာတ်ကားကာရိုက်တာဝင်အောင် ထိုးတာလည်းမဟုတ်ပါဘူး"ဟု ပြောသည်။

ကြူကြူဟန်
BY 7DAY NEWS

တောင်ကုတ်မြို့၌ အုပ်စုဖွဲ့ရိုက်နှက်မှု ကြောင့် လူ၁၀ဦး သေဆုံးခဲ့မှု စတင်စုံစမ်း

Posted: 20 Jun 2012 04:50 AM PDT


ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ ၀ိုင်း ရိုက်နှက် မှုကြောင့် လူ ၁၀ ဦး
သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ မျက်မြင် သက်သေ များအား တွေ့ဆုံ မေးမြန်းမှုများကို အမှတ်(၅)၊ စစ် ဆင်ရေး ကွပ်ကဲ မှု ဌာနချုပ်၊ တောင်ကုတ်တွင် စတင်ပြု လုပ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ဇွန်လ ၂ ရက်က ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်တွင် ပါဝင်သူများအား စုံစမ်းရန် ဖွဲ့စည်းခဲ့သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က ယနေ့သုံးရက်မြောက်တွေ့ဆုံမေးမြန်းခြင်း များကို ပြုလုပ်လျက်ရှိပြီး လူပေါင်း ၃၀ ကျော်လာရောက်ထွက်ဆိုသွားပြီဖြစ်ကြောင်း ယင်းစုံစမ်းမှုတွင် ပါဝင်သူတစ်ဦးက ပြောသည်။ "လူတွေကို ဟိုဘက်ခေတ်ကလို စစ်ဆေးမှုမျိုးမပြုလုပ်ပါဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင်က လာရောက်ဖြေကြားတဲ့လူတွေကို လေးလေးစားစားပြောဆိုဆက် ဆံပါတယ်။ အရပ်သား နား၊ မျက်လုံးနဲ့ ကြည့်ရရင်တော့ ကျေနပ်တယ်လို့ပြောရမယ်"ဟု အခင်းဖြစ်ပွားချိန်တွင် အခြားတစ်မြို့သို့ ရောက်ရှိနေပြီး ယခု ခေါ်ယူမေး မြန်းခံရသည့် တောင်ကုတ်မြို့မှ ရခိုင်အမျိုးသားတစ်ဦးက 7 Day News သို့ပြောသည်။
ယင်းပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး အပါအ၀င် အဖွဲ့ဝင် ၁၆ ဦးပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇွန်လ ၆ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ စစ်ဆေးရာ တွင်မှုခင်းဖြစ်ပွားရသည့် အကြောင်းရင်း၊ အုပ်စုဖွဲ့ကျူးလွန်ရန် စည်းရုံးလှုံ့ဆော်မှုများ၊ အုပ်စုဖွဲ့ကျူးလွန်စဉ်ဦးဆောင်သူများ၊ ပြစ်မှုကျူးလွန်သူများ၊ အခင်းမဖြစ်ပွား မီနှင့် ဖြစ်ပွားပြီးနောက် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခြင်း (သို့) ဆောင်ရွက်နိုင်မှုအခြေအနေ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထင် မြင်ယူဆချက်၊ စုံစမ်းစစ်ဆေး ရေးအဖွဲ့၏ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံတို့နှင့်အညီစုံစမ်းစစ်ဆေးကာ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ နိုင်ငံ တော်သမ္မတထံ တိုက်ရိုက်အစီ ရင်ခံရမည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။
"မေးမြန်းတာတွေကို မနက် ၇ နာရီလောက်ကနေ ည ၇ နာရီ၊ ၈ နာရီလောက်အထိလုပ်တယ်"ဟု ယမန်နေ့က သွားရောက်ထွက်ဆိုခဲ့သည့် ဒေသခံတစ်ဦးက ပြော သည်။ အခင်းဖြစ်ပွားသည့်နေ့က တောင်ကုတ်-သံတွဲလမ်းခွဆုံရှိ လမ်းညွှန်ဆိုင်းဘုတ်ပေါ်မှ ဖုန်း၊ အမ်ပီဖိုးများဖြင့် ဓာတ်ပုံရိုက်နေသူ များရှိခဲ့ရာ ယင်းဓာတ်ပုံတွင်ပါဝင်သူများနှင့် ရုပ်ဆင်တူသူများကို ရဲမှတစ်ဆင့် ခေါ်ယူကာ စုံစမ်းစစ်ဆေးရေးအဖွဲ့က မေးမြန်းခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ ကျောက်နီမော်တွင် ဖြစ်ပွားခဲ့သည့် ရခိုင်အမျိုးသမီးတစ်ဦးအား ဧည့်နိုင်ငံသား ဘင်္ဂါလီအမျိုးသားသုံးဦးက အဓမ္မပြုကျင့်ကာ ပစ္စည်း လုယက်၊ သတ်ဖြတ်ခဲ့မှုဂယက်ကြောင့် တောင်ကုတ်မြို့တွင် ယင်းသို့ နောက်ဆက်တွဲ မှုခင်းဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ၊ ဆူပူသောင်းကျန်းမှုများ ဆက်လက်ဖြစ်ပွားကာ နိုင်ငံတော်မှ နေ၀င်မီးငြိမ်းအမိန့်သာမက အရေးပေါ်အခြေအနေထုတ်ပြန်ရသည်အထိ ဖြစ်ပေါ် ခဲ့ရသည်။

BY 7DAY NEWS

မသီတာထွေးအမှုအားကျူးလွန်သူ တရားခံနှစ်ဦးကို စစ်တွေသို့ပို့

Posted: 20 Jun 2012 03:48 AM PDT

မသီတာထွေးအမှု ကျူးလွန်သူ တရားခံနှစ်ဦးအား ဇွန်လ ၁၉ရက်နေ့က အမိန့်ချမှတ်လိုက်ပြီး ၄င်းတရားခံနှစ်ဦးအား ကျောက်ဖြူမှ စစ်တွေသို့ ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၉ရက်နေ့က ကျောက်ဖြူတရားရုံးတွင် မသီတာထွေးအမှုနှင့်ပက်သက်၍ တရားခံ မာမတ်ရော်ဖီး (ခ) လှဝင်း နှင့် လူလု(ခ)ခေါ်ချီး(ခ)မြင့်ဆွေ(အဖြူ) တို့အား  ပုဒ်မ ၃၇၆(မုဒိမ်မှု)၊၃၉၂(လုယက်မှု)၊၃၀၂/၁(၈)(မသေမချင်းသတ်မှူ) တို့ကိုကျူးလွန်သည့်အတွက် ၃၂၀(၁)(ဂ) အရ သေဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။

"သူတို့နှစ်ယောက်ကို ကျောက်ဖြူတရားရုံးက သေမိန့်ချလိုက်ပြီး၊ အယူခံဝင်ခွင့် ၇ရက်ပေးထားတယ်။ ဒီနေ့ ကျောက်ဖြူ-စစ်တွေ လေယဉ်ခရီးစဉ်နဲ့ ကျောက်ဖြူကနေ စစ်တွေကို နေ့လည်ဘက် ၂း၃၀ နာရီမှာ ခေါ်ဆောင်သွားပြီ၊ ၇ရက်အတွင်း အယူခံမ၀င်ဘူးဆိုရင်တော့ စစ်တွေမှာဘဲ ကြိုးမိန့်ပေးမယ်ထင်တယ်"ဟု ကျောက်ဖြူ လူငယ်တစ်ဦးမှ ပြောပြသည်။

၎င်းတရားခံ နှစ်ဦးအား ကျောက်ဖြူမှ စစ်တွေသို့ ခေါ်ဆောင်သွားရန်ရှိသဖြင့် ကျောက်ဖြူ-စစ်တွေ လေယဉ်ဖြင့် လိုက်ပါမည့် ခရီးသည်များမှာ လိုက်ပါခွင့်မရခဲ့ကြောင်း သိရှိရသည်။ စစ်တွေလေဆိပ်တွင် စစ်ကား ၃စီးဖြင့် လုံခြုံရေးယူထားပြီး၊ လေဆိပ်အတွင်းသို့ မည်သူမှ ၀င်ခွင့်မရကြောင်းလည်း သိရှိရသည်။

by ကိုထွန်းနိုင်-အာရကန်တိုင်းမ်စ်

ရခိုင်တိုင်းရင်းသား ၁၁ ဦးအသတ်ခံရမှု ဘင်္ဂါလီများ တူမီးသေနတ်သုံး

Posted: 20 Jun 2012 03:42 AM PDT

ရန်ကုန်၊ ဇွန် ၂၀

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့က ဘင်္ဂါလီ လူမျိုးများ၏ အကြမ်းဖက်မှုကြောင့် ဒဏ်ရာ ရရှိသူများထဲမှ တစ်ဦးမှာ ယမ်းထောင်း တူမီးသေနတ် ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း ရသေ့တောင် မြို့နယ်ဆေးရုံ ဆရာဝန်၏ မှတ်ချက်တွင် ဖော်ပြထားကြောင်း ရသေ့တောင် ဒေသခံများက ပြောကြားသည်။

ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့က ဘင်္ဂါလီ လူမျိုးများ၏ အကြမ်းဖက်မှုကြောင့် ရခိုင် တိုင်းရင်းသား ၁၁ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ကူတောင် ကျေးရွာ ဒေသခံများကို ဆက်သွယ် မေးမြန်းချက်အရ သိရှိရသည်။

ဘင်္ဂါလီများ နေထိုင်ရာ အနောက်ပြင် ကျေးရွာမှ ဆူပူ အကြမ်းဖက်သူများသည် ဇွန်လ ၁၉ ရက်နေ့ (ယနေ့) နံနက် ၅ နာရီခန့်တွင် ရခိုင် တိုင်းရင်းသားများ နေထိုင်ရာ ကူတောင် ကျေးရွာကို ဝင်ရောက် မီးရှို့ခဲ့ကြောင်း၊ ယင်းမီးရှို့ဖျက်ဆီးသူများကို ပြန်လည် နှိမ်နှင်းလိုက်လံရာမှ ရခိုင်တိုင်းရင်းသားများ အနောက်ပြင် ကျေးရွာနားသို့ အရောက်တွင် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ရသေ့တောင်မြို့ ဒေသခံများက ပြောကြားသည်။

"မီးတိုက်တဲ့သူတွေကို ရွာသားတွေက လိုက်ထုတ်ကြတယ်။ လိုက်ရင်းနဲ့ အနောက်ပြင် ရွာအနား ရောက်တော့ ဘင်္ဂါလီတွေ လူစုပြီး စောင့်နေတယ်။ အဲဒီမှာ အသတ်ခံရတာ။ ထောင်ချောက်ဆင် ထားတဲ့ ပုံစံပဲ" ဟု ကူတောင် ကျေးရွာဒေသခံ တစ်ဦးက ရှင်းပြသည်။

အဆိုပါ သေဆုံးသူများထဲတွင် ကျောင်းဆရာ နှစ်ဦး၊ ရပ်ကွက် အုပ်ချုပ်ရေးရုံးမှ စာရေးမ တစ်ဦး၊ အငြိမ်းစား တပ်မတော်သား တစ်ဦးတို့ ပါဝင်ကြောင်း ကူတောင်ကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိ ရသည်။
"သေသွားတဲ့ အလောင်းတွေကို ပြန်ပေးဖို့ စစ်တပ်က ပြန်တောင်းနေတယ်။ ဘင်္ဂါလီတွေက မပေးဘူး" ဟု ကူတောင် ကျေးရွာမှ ဒေသခံ တစ်ဦးက ဆိုသည်။

ဒဏ်ရာ ရရှိသူ ၇ ဦးအနက်မှ ရခိုင် တိုင်းရင်းသား နှစ်ဦးကို ယနေ့ ညနေပိုင်းက ရသေ့တောင် မြို့နယ်ဆေးရုံသို့ တင်ပို့ ကုသခဲ့ရာတွင် တစ်ဦး ရရှိခဲ့သော ညာဘက်ရင်အုံ ပွင့်ထွက်ဒဏ်ရာမှာ ယမ်းထောင်း တူမီးသေနတ် ထိမှန်ခြင်း ဖြစ်ကြောင်း ရသေ့တောင် မြို့နယ်ဆေးရုံ ဆရာဝန်၏ မှတ်ချက်တွင် ဖော်ပြထားကြောင်း၊ ကျန်တစ်ဦးမှာ ဦးနှောက် အာရုံကြောများ ထိခိုက်သွားသည်ဟု ဆေးရုံသို့ လိုက်ပါသွားသူ တစ်ဦးက တယ်လီဖုန်းဖြင့် ပြောကြားသည်။

ယနေ့ ဖြစ်ပွားသော ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာ အရေးအခင်းတွင်း ရခိုင် တိုင်းရင်းသား ၁၁ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာ ရရှိခဲ့ပြီး၊ ဘင်္ဂါလီလူမျိုး ၂ ဦး၏ အလောင်းကို ဘင်္ဂါလီလူကြီး အီဆူး အိမ်တွင် တွေ့ရကြောင်း ရသေ့တောင် ဒေသခံများထံမှ သိရသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ The Voice Weekly က ရသေ့တောင် မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းပြန်ကြားရေး အဖွဲ့များသို့ ဇွန်လ ၁၉ ရက်နေ့ ညနေ လေးနာရီခန့်က ဆက်သွယ် ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

The Voice Weekly

The Voice Weekly အမှု အခြေခံဥပဒေ ခုံရုံးတင် စရာမလိုဟု ဆုံးဖြတ်

Posted: 20 Jun 2012 03:35 AM PDT

ဇွန် ၂၀၊ ၂၀၁၂၊ YPI

The Voice Weekly ဂျာနယ်၏ သတင်းဖေါ်ပြမှု အပေါ် သတ္တုတွင်းဝန်ကြီးဋ္ဌာနက အသရေဖျက်မှုဖြင့် စွဲဆိုသည့် အမှုတွင် ဂျာနယ်ဘက်မှ ဥပဒေအကျိုးဆောင်က လျှောက်ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးသို့ တင်ဖို့လိုအပ်သည့် အမှုကိစ္စ မဟုတ်ဟု ဒဂုံမြို့နယ်တရားရုံးက ယနေ့ဆုံးဖြတ်လိုက်သည်။

ယင်းကဲ့သို့ ဆုံးဖြတ်သည့်နောက် နကိုစွဲဆိုထားသည့် အသရေဖျက်မှု ပုဒ်မ ၅၀၀ စွဲဆိုချက်ကို ဆက်လက်စစ်ဆေးရန် လာမည့် ဇွန်လ ၂၈ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း တရားရုံးသို့ သွားရောက်နားထောင်သည့် သတင်းထောက် တဦးက ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၅၄(က)တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများ မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့်ရှိသည်ဟု ဖေါ်ပြထားခြင်းကြောင့် ဂျာနယ်၏ ဥပဒေအကျိုးဆောင် ဦးသိန်းညွှန့်က အခြေခံဥပဒေခုံရုံးသို့ တင်ပြရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ယခင်တပတ်ရုံးချိန်းက သတင်းရေးသားသူ၏ အမည်ထုတ်ဖေါ်ရန် သတ္တုတွင်းဝန်ကြီးဋ္ဌာနဘက်မှ လျှောက်ထားချက်ကို တရားရုံးတော်မှ ပလပ်ခဲ့သည်။
ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား အစိုးရသစ်တက်လာပြီးနောက် သတင်းဂျာနယ်များအပေါ် ချုပ်ကိုင်ထားမှုကို အထိုက်အလျှောက်လျော့ပေါ့ပေးပြီးနောက် ယခုကဲ့သို့ ၀န်ကြီးဋ္ဌာနက ပုဂ္ဂလိကပိုင် သတင်းဂျာနယ်အား တရားစွဲဆိုမှုများ ပေါ်ထွက်လာခြင်းဖြစ်သည်။
မကြာမီလပိုင်းအတွင်း လွှတ်တော်တွင် တင်ပြရန်ရှိသည့် မီဒီယာဥပဒေ ပြဋ္ဌာန်းရန်ရှိပြီး ယင်းမတိုင်မီ သတင်းကောင်စီဖွဲ့စည်းကာ သတင်း ဂျာနယ် နှင့် စာအုပ်စာစောင်များအပေါ် ကြိုတင်စိစစ်ခွင့်ပြုသည့် လုပ်ငန်းစဉ်ကို ရပ်ဆိုင်းမည်ဟု ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ ထုတ်ဖေါ်ပြောဆိုထားသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် သတင်းလွတ်လပ်ခွင့်အနည်းဆုံးနိုင်ငံများ စာရင်းတွင် ဆယ်စုနှစ်များစွာ ပါဝင်ခဲ့ပြီး လွန်ခဲ့သည့်နှစ်မှ စတင်၍ သတင်းမီဒီယာထိန်းချုပ်မှုအချို့ကို ဖြေလျော့ပေးခဲ့သည်။ ။

Yangon Press International

ကူတောင် ပျောက်ဆုံး အလောင်းများ ယခုတိုင် ရှာဖွေ မတွေ့သေး

Posted: 20 Jun 2012 03:18 AM PDT

ယမန်နေ့က ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားရာ ကူတောင်နှင့် အနောက်ပြင် ကျေးရွာများတွင် စစ်တပ်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုးမြှင့် ချထားသော်လည်း ပျောက်ဆုံး အလောင်းများကို ယနေ့ နံနက်ထိ ရှာဖွေ မတွေ့သေးကြောင်း သိရသည်။

" စစ်တပ်က အနောက်ပြင် ရွာမှာ ရှိတယ်။ တနေ့နဲ့ တည ရှိသွားပြီ။ ပျောက်ဆုံး အလောင်းတွေကို သူတို့က အပူတပြင်း ရှာဖွေတာမျိုးတော့ မရှိဘူး။ အလောင်းတွေကို မေးရုံသာ မေးတယ်လို့ ကြားတယ်။ အကြမ်းဖက် ဆူပူမူ လုပ်တဲ့ သူတွေကိုလည်း ဖမ်းတာ ဆီးတာ မရှိဘူး" ဟု ဒေသခံ တစ်ဦးက နိရဉ္စရာသို့ပြောသည်။

သေဆုံးသူများထဲမှ ဥဂ္ဂါရွာမှ ကျောင်းဆရာ အလောင်း တစ်လောင်းကိုသာ တွေ့ရှိသေးပြီး အဆိုပါ အလောင်းကို အနောက်ပြင်ကျေးရွာ နောက်ဘက်ချောင်းစပ်မှ ရှာဖွေတွေ့ရှိခဲ့သည်ဟု သူက ဆက်ပြောသည်။ ကူတောင်ကျေးရွာနှင့်  ဥဂ္ဂါရွာတွင်လည်း စစ်တပ်များ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ မြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်ကြားထားတာက ရခိုင် ၁၀ ဦးသေတယ်။ တစ်လောင်းဘဲ ရတယ်။ နောက်ထပ် ၉ လောင်းပျောက်နေတယ်လို့ ပြောထားတယ်။ ဒါပေမယ့် အခုအချိန်ထိ အလောင်းတွေကို ပြန်မရသေးဘူး" ဟု ယနေ့ နံနက် က ဖုံးဆက် မေးမြန်းစဉ် ရတပ ပါတီ မြို့နယ် ဥက္ကဌ ဦးမောင်လှမြင့်က ပြောသည်။

အကြမ်းဖက် ဆူပူသူများကို မေးမြန်း စစ်ဆေးပြီး ဖမ်းဆီး အရေးယူခြင်းလည်း မရှိသေးသဖြင့် ဒေသခံ လူထု အကြား မကျေနပ်မူများတိုးပွားနေကြောင်း  သိရသည်။

ပျောက်ဆုံးနေသူများ အထဲတွင် သန္တာအောင် သားဖ၊ ထွန်းဘော်သားအဖ၊ စောသန်း၊ ပြူးချေ၊ တင်ထွန်း၊ သန်းချေ၊ ဦးတင်လိုင် တို့ပါဝင်ကြောင်း ကူတောင် ကျေးရွာသား တစ်ဦးက ပြောသည်။

နေရဉ္ဖရာ

သမ္မတ ဦးသိန်းစိန်၏ ဘင်္ဂလာဒေခ်ျ့ ခရီးစဉ် ဇူလိုင် ၁၅ ရက်နေ့ စတင်မည်

Posted: 20 Jun 2012 03:12 AM PDT

မြန်မာ သမ္မတ ဦးသိန်းစိန်သည် သူ၏ ဘင်္ဂလာဒေခ်ျ့ ခရီးစဉ်ကို ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ၏ ဖိတ်ကြားချက်အရ သုံးရက်ကြာ မြန်မာ သမ္မတ၏  ဘင်္ဂလာဒေခ်ျ့ ခရီးစဉ်ကို ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိ တစ်ဦးအား ကိုးကားပြီး The Newage သတင်းစာက ဖေါ်ပြသည်။

မြန်မာ သမ္မတ၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ ရောက်ရှိနေသော မွတ်ဆလင် ဒုက္ခသည်များ အရေးကိစ္စကို အဓိကထားပြီး ဘင်္ဂလာဒေခ်ျ့နိုင်ငံက တင်ပြ ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း အဆိုပါ သတင်းတွင် ရေးသားထားသည်။

ဒုက္ခသည် အရေးကိစ္စအပြင် လမ်းပမ်းဆက်သွယ်ရေး ကိစ္စ၊ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ၊ နယ်စပ်ရေးရာ လုံခြုံရေး ကိစ္စ၊ စီးပွားရေး ပူးပေါင်း မြှင့်တင်ရေး ကိစ္စ၊ နိုင်ငံခြား ခရီးသွားလုပ်ငန်း မြင့်တင်ရေး ကိစ္စ၊ ပညာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို လည်း သမ္မတ ဦးသိန်းစိန် ခရီးစဉ် အတွင်း အလေးပေး ဆွေးနွေးကြမည်ဟု ဆိုသည်။

မြန်မာ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့်သည် သမ္မတ ဦးသိန်းစိန် ခရီးစဉ်၏ ခရီးစဉ်နှင့် ပတ်သက်ပြီး စီစဉ်ရန် ရှေ့ပြေး အနေဖြင့် ဇူလိုင်လ ၁ ရက်နေ့တွင် ဒက္ကားမြို့သို့ ရောက်ရှိလာမည် ဟု သိရသည်။

နေရဉ္ဖရာ

ဒလိုင်းလားမားနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် တွေ့ ပြီ (ဓါတ်ပုံ)

Posted: 20 Jun 2012 02:56 AM PDT

နိုဘယ်ဆုရှင် တိဘက်ခေါင်းဆောင်
အရှင်ဒလိုင်းလားမားနှင့် နိုဘယ်ဆုရှင်
မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်တို့ လန်ဒန်တွင်တွေ့ဆုံ။

နိုဘယ်ဆုရှင်တိဘက်ခေါင်းဆောင်အရှင်ဒလိုင်းလားမားနှင့် နိုဘယ်ဆုရှင်မြန်မာ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ လန်ဒန်တွင်တွေ့ဆုံ။
His Holiness the Dalai Lama with Aung San Suu Kyi in London, England, on 19 June 2012/Photo/Jeremy Russell/OHHDL

မန္တလေး စက်မှုဇုန်၌ ယနေ့(ဇွန်လ ၂၀ရက်နေ့က) ဆန္ဒထုတ်ဖော်မှု တစ်ရပ် ဖြစ်ပွား

Posted: 20 Jun 2012 02:46 AM PDT

ယနေ့ နံနက် ဓာတ်ခဲစက်ရုံ ဆန္ဒပြအလုပ်သမားများအားတွေ့ ရစဉ် ၊ ဓါတ်ပုံ( Eleven Media Group)
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုံ၊ (ဆ)ရပ်ကွက်ရှိ နေတံဆိပ် ဓာတ်ခဲစက်ရုံတွင် ယနေ့(ဇွန်လ ၂၀ ရက်နေ့)က စက်ရုံအလုပ်သမားများမှ မိမိတို့လိုလားချက်များအား ငြိမ်းချမ်းစွာ ဆန္ဒပြတောင်း ဆိုမှုတစ်ခုပြုလုပ်ခဲ့ကြောင်း  Eleven Media Group အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။ 
ဆန္ဒပြတောင်းဆိုမှုအား မနက် ၈ နာရီအချိန်မှစ၍ အဆိုပါ စက်ရုံဝင်းအတွင်း၌ အလုပ်သမား ၄၀၀ ခန့်မှ တောင်းဆိုချက် ၉ ချက် တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။ 

အလုပ်သမားများမှ တောင်းဆိုသည့်အချက် ၉ ချက်မှာ အခြေခံ လစာကို ယခင်လစာအပြင် သုံးသောင်းခွဲကျပ်ထပ်တိုးပေးရန်၊ လစဉ်ရက်မှန်ကြေး တစ်သောင်းခွဲကျပ် တိုးပေးရန်၊ သောက်သုံးရေများကို ရေသန့်ဗူးထားပေးရန်၊ တစ်နေ့ အလုပ်ချိန် ၈ နာရီထက် ကျော်လွန်ပါက အလုပ်သမား ခံစားခွင့်အတိုင်း အတိအကျ သတ်မှတ်ပေးရန်၊ အလုပ်သမား မှတ်ပုံတင်ကဒ် တိတိကျကျ ပြုလုပ်ပေးရန်၊ အလုပ်ချိန်အတွင်း ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေထိုင်မကောင်းဖြစ်ပါက စက်ရုံမှ ကျန်းမာရေး စောင့်ရှောက်မှု ခံစားခွင့် အပြည့်အ၀ပေးရန်၊ အလုပ်သမား ၀တ်စုံကို ၀န်ထမ်းအားလုံးကို ထုတ်ပေးပါရန်၊ အလုပ်သမား နားနေဆောင် ဆောက်လုပ်ပေးရန်နှင့် ဓာတုဆေးအတွက် ကာကွယ်ရန် အလုပ်သမားသုံး ပစ္စည်းများ ပြည့်စုံအောင် ထုတ်ပေးရန်တို့ဖြစ်ကြောင်း သိရသည်။

၎င်းဆန္ဒပြတောင်းဆိုမှုနှင့် ပတ်သက်၍ ဇွန်လ ၂၀ ရက်နေ့ မွန်းလွှဲပိုင်းအထိ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ အလုပ်သမားများဘက်မှ တောင်းဆိုချက်များကို စောင့်မျှော်လျက်ရှိကြောင်း  Eleven Media Group အင်တာနက်စာမျက်မှာ ဖော်ပြထားပါသည်။ 
 Eleven Media Group

ဘာသာရေး အစွန်းရောက် ၇ ဦး ဘင်္ဂလာမှာ ဖမ်းဆီးမိ

Posted: 20 Jun 2012 02:39 AM PDT

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ဆက်နွယ်မှုရှိနေပြီး မယုံသင်္ကာမှုဖြင့် မူဆလင်ဘာသာရေးခေါင်းဆောင် ၇ ဦးအား ဘင်္ဂလာ အာဏာပိုင်က ယမန်နေ့က ဟိုတယ်တခုမှ ဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာမှ ထုတ်ဖေါ်ပြောဆိုချက်အရ သိရှိရသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ (အောင်ချမ်းသာမြို့) ရဲမင်းကြီး ကာမ်ရုလ် ဟာဆာန် ဦးဆောင်ပြီး သတင်းအရ တနင်္လာနေ့ နေ့လည် ၁း ၃၀ အချိန်တွင် ကော့စ်ဘဇားမြို့မှ ဖမ်းဆီးခြင်းဖြစ်ကြောင်းနှင့် ယခုအခါ တရားဥပဒေအရ အရေးယူစစ်ဆေး မေးမြန်းမှုများ ပြုလုပ်လျှက် ရှိနေကြောင်း သတင်းများက ဖေါ်ပြသည်။

ယင်း ရခိုင်ပြည်နယ်တွင် ပဋိပက္ခများနှင့် ဆက်စပ်ပြီး ကော့စ်ဘဇားမြို့၌ ငြိမ်းချမ်းစွာ ဆန္ဒပြမည်ဟု ရဲမင်းကြီး ကာမလရုလ်ထံ အခွင့်တောင်းလာသူများအား ကြိုးကိုင်ထားသူများဖြစ်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

ရဲမင်းကြီး အနေဖြင့် ဖမ်းဆီးရမိသူ ကော့စ်ဘဇားမြို့မှ ဘာသာရေးခေါင်းဆောင် အိနာမူလ် ဟော(က်)၊ အကြီးအကဲ အာဟာမတ် နုရုလ် ကော်ဘိရ် ဟေလာလီနှင့် ဟာဖေဇ် အာဘ်ဒူလ် ဟော(က်)၊ တာခ်နာမြို့ နီလာမြို့နယ် ဘာသာရေးခေါင်းဆောင် အာဘ်ဆာရ် အူဒ္ဒိန် ဟောင်ဒူရီ၊ ရာမူး (ပန်းဝါမြို့) ဘာသာရေးခေါင်းဆောင် အာဘူလ် မောင်န်ဇူရ်နှင့် ဘာသာရေးကျောင်းဆရာ အာဘူက္ကရ် ဆိဒ္ဒိကီ တို့ဖြစ်ကြောင်း ဒေသခံ သတင်းထောက်များကို ယမန်နေ့က ထုတ်ဖေါ်ပြောဆိုလိုက်သည်။

ရဲမင်းကြီးက "ကော့စ်ဘဇားမြို့ရှိ အာအာဆိ(က်) ပါလောင်ကိ ဟိုတယ်မှာ ဘာသာရေးအစွန်းရောက် ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခနဲ့ ဆက်စပ်ပြီး သူတို့တွေ စုစည်းဆွေးနွေးနေကြချိန် သတင်းအရ ဖမ်းဆီးတာပါ၊ ဒီမှာ အဲသလို ဖြစ်လာအောင် သူတို့ကြံစဉ်နေခဲ့ပါတယ်။"ဟု သတင်းထောက်များကို ပြောသည်။

ယင်းဘာသာရေး အစွန်းရောက်သူများက ကော့စ်ဘဇားမြို့၌ ဗုဒ္ဓဘာသာဝင်များ၏ လည်သွေးဖြင့် ၀တ်ပြုပူဇော်ပွဲ ပြုလုပ်ရန် စီမံကြိုးပမ်းခဲ့ကြောင်း မြို့လူထုအတွင်း စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာဝင်များက မူဆလင်များကို အကြမ်းဖက် နှိပ်စက် သတ်ဖြတ်လျက်ရှိနေကြောင်း သတင်းမှား ၀ါဒဖြန့်နံရံကပ်စာစောင်များအား မြို့အနှံ့တွင် ဖြန့်ဝေခဲ့သည်။

ယခုအခါ ကော့စ်ဘဇားမြို့၌ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခနှင့် ဆက်စပ်၍ အကြမ်းဖက်မှုများ မဖြစ်လာရေးအတွက် လုံခြုံရေးကို စစ်တပ် အပါအ၀င် ချထားသည်။

ကော့စ်ဘဇားမြို့နှင့် ခရိုင်အတွင်းရှိ ဗုဒ္ဓဘာသာဝင် ကျေးရွာများ အနေဖြင့် ယခုအချိန်ထိ စိုးရိမ်မှုများ ကြီးထွားနေပြီး လုံခြုံရေးအရ ညဥ့်ကင်း စောင့်နေကြသည်။

လွန်ခဲ့သော စနေ့၊ တနင်္ဂနွေနှင့် တနင်္လာနေ့များက ပန်းဝါ(ရာမူး)မြို့နယ် ဆိုနာဆရီ (ရွှေချောင်း)နယ်မြေတွင် ရခိုင်ပြည်မှ ဘာသာရေး ခေါင်းဆောင်များ ကျေးရွာများ အနီးအနားသို့ ရောက်ရှိနေကြောင်း မျက်မြင်များက သတင်းပေးပို့ချက်အရ ဒေသအတွင်း စိုးရိမ်မှုများ ကြီးထွားနေသည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကာလတွင် ဘင်္ဂလာအာဏာပိုင်များက နိုင်ငံအတွင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများကို နေရာအနှံ လိုက်လံဖမ်းဆီးခဲ့ပြီး ထောင်များ၌ ထိမ်းသိမ်းထားကာ ခေါင်းဆောင်များကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျှက်ရှိနေကြောင်း သတင်းရရှိသည်။

ယမန်နေ့ကအထိ နတ်မြစ်ဖြတ်ကျော်ပြီး ကျူးကျော်လာကြသည်ဟုဆိုကာ ဖမ်းဆီးရမိသည့် ၁၅၆ ဦးရေအနက် ၁၄၄ ဦးကို ရခိုင်ပြည်နယ်သို့ တာခ်နာအခြေစိုက် BGBတပ်ရင်းအမှတ် (၄၂)က တရားမ၀င် နယ်စပ်များမှ ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

by သဇင်ဥ - အာရကန်တိုင်းမ်စ်

UWSA နဲ့ SSA ကြား တင်းမာမှုကြောင့် ထိုင်းတပ်တွေ အသင့်ပြင်နေ

Posted: 19 Jun 2012 08:28 PM PDT

(Photo-RFA/KMZ)
ထိုင်းမြန်မာနယ်စပ်မှာ UWSA ၀ ပြည်သူ့တပ်မတော် နဲ့ SSA ရှမ်းပြည် တပ်မတော် တို့ကြား အခြေအနေ တင်းမာနေတဲ့အတွက် တကယ်လို့ ထိပ်တိုက် ရင်ဆိုင်မှုတွေဖြစ်ပွားလာရင် စစ်ပြေး ဒုက္ခသည်တွေ ထိုင်းနိုင်ငံ အတွင်း ထွက်ပြေးတိမ်းရှောင်လာကြဖွယ် ရှိနေတဲ့အနေအထားနဲ့
ပတ်သက်ပြီး ထိုင်းစစ်တပ်က အသင့် ပြင်ဆင်နေတယ်လို့ ဒီကနေ့ ဘန်ကောက်ပို့စ် သတင်းစာ က ဖေါ်ပြပါတယ်။

ချင်းမိုင် အနီး မယ်အိုင်း ခရိုင် တစ်ဖက်မှာ ၀တပ်ဖွဲ့ဝင် တစ်ထောင်ကျော် က SSA တပ်စခန်းတစ်ခုဖြစ်တဲ့ ချင်းရိုင် အနီး မယ်ဖာလောင်း ခရိုင် တစ်ဖက်က ဒွိုင်ကိုဝမ် စခန်း ကို ၀ိုင်းဖို့ လှုပ်ရှားလာနေတယ်လို့ ဆိုပါတယ်။

အမှတ် (၃) ထိုင်းတပ်မတော် တပ်မှူး သာနရန်း က ထိုင်းတပ်ဖွဲ့တွေကို အသင့်အနေအထားမှာရှိဖို့၊ တကယ်လို့ UWSA နဲ့ SSA ကြား တိုက်ပွဲတွေဖြစ်လာလို့ ဒုက္ခသည်တွေ ၀င်ရောက်လာမယ်ဆိုရင် လိုအပ်တဲ့အကူအညီတွေပေးကြဖို့၊ နှစ်ဘက်တပ်တွေ ထိုင်းနယ်နမိတ်ထဲ ကျွံဝင်မလာအောင် နယ်စပ်ကို စောင့်ကြပ်ဖို့ ညွှန်ကြားထားတယ်လို့ စစ်တပ် သတင်းရပ်ကွက် က ပြောဆိုကြောင်း ဘန်ကောက်ပို့စ် က ရေးသားပါတယ်။

SSA တပ်မှူး ကတော့ မိမိတို့တပ်တွေကို အပြည့်အ၀ တပ်လှန့်ထားဖို့ SSA ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ယွတ်စစ်က ညွှန်ကြား ထားကြောင်းဘန်ကောက်ပို့စ်ကိုပြောဆိုပါတယ်။ 

SSA ပြောခွင့်ရသူကလည်း မိမိတို့ နဲ့ မြန်မာအစိုးရကြား ဆက်ဆံရေး တိုးမြင့်လာပြီး၊ မူးယစ်ဆေးဝါးအရောင်းအ၀ယ် နှိမ်နင်းရေး ပူးပေါင်း ဆောင်ရွက်လာတဲ့အပေါ် UWSA က မနှစ်မျို့တာကြောင့် စစ်ရေးအရ လှုပ်ရှားလာတာဖြစ်နိုင်တယ်လို့ ပြောဆိုပါတယ်။ 

RFA Burmese

မြန်မာ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအဆင့် တိုးမြင့်လာ

Posted: 19 Jun 2012 08:26 PM PDT

မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှုပပျောက်ရေးဆောင်ရွက်မှုတွေတိုးတက်လာတဲ့
အတွက် လူကုန်ကူးမှုအခြေအနေပြ စာရင်းထုတ်ပြန်ချက် တစ်ရပ်က 
မြန်မာနိုင်ငံကို အဆင့်တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

မနေ့က အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနမှာ ကျင်းပခဲ့တဲ့ (၁၂) ကြိမ်မြောက် လူကုန်ကူးမှုဆိုင်ရာ နှစ်လည် အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အဆင့် (၃) ကနေ အဆင့်(၂) စောင့်ကြည့်အဆင့် ကို တိုးမြှင့်လိုက်တာ
ဖြစ်ပါတယ်။

မြန်မာကို အဆင့်တိုးမြှင့်လိုကတာနဲ့ပတ်သက်ပြီး လူကုန်ကူးမှုပြဿနာ
ဆိုင်ရာ အမေရိကန် သံအမတ် ကြီး Luis CdeBaca က -

မြန်မာနိုင်ငံကနေ တရုတ်၊ ထိုင်း စတဲ့ နိုင်ငံတွေကို လူကုန်ကူးမှုတွေ တိုးတက်များပြားနေတဲ့အပေါ် မိမိတို့ အလွန်ပဲ စိုးရိမ်မိပါတယ်၊ လူကုန်ကူးမှု ဟာ အဓမ္မလုပ်အားယူ တဲ့ ကိစ္စနဲ့လည်း ဆက်စပ်ပတ်သက်နေပါတယ်၊ ဒါပေမဲ့ အရင်က အဓမ္မလုပ်အားယူ ခိုင်းစေတဲ့ ကိစ္စအပေါ် တရားဝင်အောင်လုပ်ထားတဲ့ ဥပဒေတွေကို လက်ရှိ အစိုးရသစ်က ဖျက်သိမ်းပြီး၊ ဒီလုပ်ရပ်ကို တရားမ၀င်ကြောင်း အတိအလင်းပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ အစား ထိုး ခဲ့ပါတယ်၊ နောက်ပြီး လူကုန်ကူးမှု နဲ့ပတ်သက်ပြီးအမျိုးသားအဆင့်အရေးပေါ်ဆက်သွယ်ရေးလိုင်းကို ပြီးခဲ့တဲ့ 
စက်တင်ဘာလက စတင်ခဲ့ပြီး လူကုန်ကူးခံရသူတွေကို ထုတ်ဖေါ်ကူညီခဲ့ရာ
မှာ (၅၇) ဦး ကို ကယ်တင် နိုင်ခဲ့ပါတယ်- လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံက အမျိုးသား အမျိုးသမီးတွေနဲ့ ကလေးတွေဟာ တိုင်းပြည်အပြင်ထွက်ပြီး အလုပ်လုပ် နေကြ ရတာကြောင့် အဓမ္မလုပ်အားယူ
ခိုင်းစေတာ၊ လိင်လုပ်ငန်းမှာ စေခိုင်းခံရတာတွေနဲ့ကြုံကြိုက်နေကြရ
ကြောင်း၊ ပုဂ္ဂလိက နဲ့ အစိုးရ၀န်ထမ်းတွေပါ ဒီလူကုန်ကူးလုပ်ငန်းနဲ့ ဆက်နွယ်ပတ်သက်နေတာကြောင့် ကြီးမားတဲ့ ပြဿနာအဖြစ် ဆက်လက်
တည်ရှိနေသေးကြောင်းလည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အခုအခါ တိုင်းပြည်အပြင်ထွက်ခွင့်ရပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီပြဿနာကို အလေးထား ပြောဆို ခဲ့ကြောင်း၊ အစိုးရ နဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံ ရဲ့ရှေ့အလား အလာ ပိုပြီးကောင်းမွန်လာမှဖြစ်ကြောင်း လူကုန်ကူးမှု
ပြဿနာဆိုင်ရာ အမေရိကန် သံအမတ် က ပြောဆိုခဲ့ ပါတယ်။


RFA Burmese

စစ်တွေမြို့ငြိမ်းချမ်းရေး မြို့နယ်သံဃာထု က သမ္မတထံ တင်ပြ

Posted: 19 Jun 2012 08:25 PM PDT

စစ်တွေမြို့ပေါ်မှာနေထိုင်ကြတဲ့ ရခိုင်လူမျိုးတွေနဲ့ တစ်ခြားမြန်မာ တိုင်းရင်းသားတွေ ငြိမ်းချမ်းစွာ နေထိုင် နိုင်ရေးအတွက် စစ်တွေမြို့နယ် ဂိုဏ်းပေါင်းစုံကျောင်းထိုင်ဆရာတော်များအဖွဲ့မှ ပြည်နယ်အစိုးရ အဖွဲ့နဲ့ နိုင်ငံတော်သမ္မထံ ဇွန်လ(၁၉) ရက်နေ့စွဲနဲ့ တင်ပြ တောင်းဆိုလိုက်ကြ ပါတယ်။

ဆရာတော်တွေရဲ့တောင်းဆိုချက်တွေထ
ဲမှာ- ဘင်္ဂါလီလူမျိုးတွေကို စစ်တွေမြို့ကနေ အလှမ်းဝေးတဲ့ နေရာ တစ်နေရာမှာ သီးခြားနေထိုင်ခွင့် ချထား ပေးဖို့ ၊ ရခိုင်နှင့် ဘင်္ဂါလီတွေကြားမှာ တပ်မတော် တပ်ရင်းများ (ဒါမှမဟုတ်) ခိုင်မာ စိတ်ချရတဲ့ လုံခြုံရေး အပြည့်အဝထားရှိပေးဖို့ နဲ့ ရခိုင်ပြည်နယ်ထဲ ဝင်ရောက်နေထိုင်ကြ တဲ့ ဘင်္ဂါလီ တွေကို စစ်ဆေးပြီး
နိုင်ငံသားစိစစ်ရေးကဒ် လက်ဝယ်မရှိသူတွေကို ရခိုင်ပြည်နယ်အတွင်းမှ ဖယ်ရှားပေးဖို့ စတဲ့ အချက်တွေ ပါရှိပါတယ်။

စစ်တွေမြို့ပေါ်မှာ ရခိုင်လူမျိုးတွေနဲ့ တခြားမြန်မာတိုင်းရင်းသားတွေ အတူနေထိုင်လာခဲ့ကြ ပေမဲ့၊ ဘယ်တုန်း ကမှ လူမျိုးရေး ပဋိပက္ခတွေ မဖြစ်ပွားခဲ့ဘဲ၊ ဘင်္ဂါလီတွေနဲ့သာ အကြိမ်ပေါင်းများစွာ ပဋိပက္ခဖြစ်ပွားခဲ့ ရကြောင်း၊ အဲဒီလိုဖြစ်ပွားခဲ့ခြင်းကြောင့် တိုင်းရင်းသား ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးနစ်နာခဲ့ရတာ အလွန့်အလွန်များပြား ခဲ့ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကိုလည်း ထိခိုက်စေခဲ့ကြောင်းလည်း
ဖော်ပြထား ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂါလီတွေ အကြား
ပြီးခဲ့တဲ့ (၂၅)နှစ်အတွင်း ၁၉၉၆၊ ၁၉၉၈၊ ၂ဝဝ၁ နဲ့ အခု ၂ဝ၁၂ ခုနှစ်တွေမှာ လူမျိုးရေးအဓိကရုဏ်း (၄) ကြိမ်တိုင်ဖြစ်ပွားခဲ့ပြီး အခုဖြစ်စဉ်ဟာ ၁၉၄၂ ခုနှစ် နောက်ပိုင်း အပြင်းထန်ဆုံးနဲ့ အဆိုးရွားဆုံးဖြစ်တယ် လို့လည်း
ဖော်ပြထားပါတယ်။


ဒီသတင်း ကို စစ်တွေအခြေစိုက် RFA သတင်းထောက် မင်းသိန်းအောင်
ပေးပို့ခဲ့တာပါ။


RFA Burmese

ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာ မီးရှို့ခံရသည့် အိမ်ခြေ ၄၀ ရှိဟုဆို

Posted: 19 Jun 2012 07:59 PM PDT

ဇွန် ၁၉၊ ၂၀၁၂ ၊ YPI

ဇွန်လ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာတွင်ဖြစ်ပွားသည့် နေအိမ်မီးရှို့မှုတွင် လောင်ကျွမ်းသွားသည့် နေအိမ် အရေအတွက်မှာ နိုင်ငံပိုင် သတင်းစာတွင် ဖေါ်ပြသကဲ့သို့ ၁၂ လုံးမဟုတ်ပဲ အိမ်ခြေ ၄၀ နီးပါး ရှိသည်ဟု အမည်မဖေါ်လိုသူ ယင်းကျေးရွာသားတဦးက YPI သို့ပြောသည်။

"ဖြစ်တာက ကျောင်းဆရာဟောင်း ဥိးအေးမောင်က ရှို့တာ၊ အရှို့ခံရတဲ့ အိမ်က မောင်ဖြူရှင်းဆိုတဲ့ ရွာလယ်မှာနေသူရဲ့ အိမ်ပါ။ တဦးနဲ့ တဦးလည်း ရန်ငြိုးရန်စမရှိပါဘူး" ဟု ယင်းရွာသားက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းစဉ် ပြောပြသည်။

ယင်းအဖြစ်အပျက်ကို နိုင်ငံပိုင် သတင်းစာတွင်ဖေါ်ပြထားရာတွင် လူနေခြင်း မရှိသည့် ရွာအစွန်ရှိ နေအိမ်များကို မီးကွင်းပစ်၍ ထွက်ပြေးသွားသည်ဟု ဖေါ်ပြထားကာ မီးရှို့သူများအား ပြည်သူများ ပူးပေါင်း၍ အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်ဟု လည်း ဖေါ်ပြထားသည်ကို တွေ့ရသည်။

ယင်းကျေးရွာသားက မူ မီးရှို့သူ နှစ်ဦးမှာ ရွာတွင် အေးအေးဆေးဆေးပင် နေထိုင်လျှက်ရှိကြောင်း မည်သည့် ဖမ်းဆီးမှုမှ ယနေ့ ထက်ထိ မရှိကြောင်းလည်း ပြောဆိုသည်။

ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ယခုလဆန်းအတွင်းက မငြိမ်မသက်မှုများ အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့်နောက် လူသေဆုံးမှု၊ နေအိမ်မီးလောင်မှုများ ရှိခဲ့ရာ တရားဥပဒေစိုးမိုးမှုကိုထိန်း သိမ်းနိုင်ရေးအတွက် မြို့နယ် ၆ ခုကို ညမထွက်ရ အမိန့်ကြေညာခဲ့ပြီး ရခိုင်ပြည်နယ် တခုလုံးကို အရေးပေါ် ကြေညာချက်ထုတ်ပြန်ထားခဲ့ရသည်။

အကြမ်းဖက်မှုများကြောင့် ယခုလ ၁၅ ရက်နေ့ထိ သေဆုံးသူ အနည်းဆုံး ၅၀ ဦး၊ ဒဏ်ရာရသူ ၅၈ ဦးနှင့် လူနေအိမ် ထောင်နှင့်ချီမီးလောင်ကျွမ်းခဲ့ရသည်။ ယခုအခါ စစ်တွေမြို့တမြို့ထဲတွင်ပင် ဒုက္ခသည် သောင်းနှင့်ချီရှိသည်ဟု အစိုးရနှင့် နိုင်ငံရေး ပါတီများမှ ထုတ်ပြန်သည့် စာရင်းများ အရသိရှိရသည်။ ။

Yangon Press International

ဒေါ်အောင်ဆန်းစုကြည် ၆၇ နှစ်ပြည့်မွေးနေ့ အခမ်းအနား ကျင်းပ

Posted: 19 Jun 2012 05:48 PM PDT

RFA
၂၀၁၂ ခုနှစ် ဇွန်လ ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် (၆၇) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အမေ့မေတ္တာ အခမဲ့ပညာဒါန ကျောင်းဖွင့်ပွဲကို ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်တွင် ကျင်းပနေစဉ်။
ဇွန်လ ၁၉ ရက်နေ့ ဒီကနေ့မှာ ကျရောက်တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည့်မွေးနေ့ (မြန်မာနိုင်ငံအမျိုးသမီးများနေ့) အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားမှာ ၂၀၁၂ ခုနှစ်အတွက် အညတြ သူရဲကောင်းဆု ချီးမြှင့်ခံရသူ ၅ ဦး အတွက် ဆုချီးမြှင့်ခဲ့ပါတယ်။
အခမ်းအနားကို နာယက ဦးတင်ဦး၊ ဦးဝင်တင်နဲ့ သဘာပတိ အဖွဲ့ဝင်တွေ အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ လူမှုရေးအဖွဲ့အစည်းနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ဧည့်သည်တော်တွေ စုစုပေါင်း တစ်ထောင်ကျော် တက်ရောက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့(၆၇) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အနေနဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်မှာ အမေ့မေတ္တာ အခမဲ့ပညာဒါနကျောင်း တစ်ကျောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်က ဦးစီးပြီး ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။
ဒီအခမဲ့ ပညာသင်ကျောင်းဖွင့်ပွဲနဲ့ ပတ်သက်လို့ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဟင်္သာတမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်ကော်မတီဝင် ဦးစောဝင်းက အခုလိုပြောပါတယ်။
"မနက်ပိုင်းမှာ အမေစုရဲ့ မွေးနေ့မင်္ဂလာအဖြစ် မြို့ပေါ်ရှိကျောင်းပေါင်းစုံက သံဃာတော်(၁၀) ပါးကို မုန့်ဟင်းခါးဆွမ်း ဆက်ကပ်တယ်ပေါ့ဗျာ၊ ဒီလာတဲ့ ပရိသတ်ကိုတော့ မုန့်ဟင်းခါးနဲ့ ပဲပြုတ်နံပြားနဲ့ ဧည့်ခံကျွေးမွေးပြီးတော့ ကျောင်းဖွင့်ပွဲအခမ်းအနားကို (၇း၁၅) မိနစ်မှာ စဖြစ်တယ်ပေါ့ဗျာ။ အဲဒီမှာ အမေ့အိမ် ကျောင်းအုပ်ကြီး ဦးအေးဘိုနဲ့ ကျွန်တော်တို့ ဟင်္သာတမြို့ ဓမ္မဗိမ္မာန်ကျောင်းတိုက်မှ ဆရာတော်တို့က ဖဲကြိုးဖြတ်ပြီးတော့ ဖွင့်လှစ်ပေးတယ်။ (၉) တန်းက အယောက်(၅၀) နဲ့ (၁၀)တန်းက (၁၀၂) ယောက်ပေါ့။ ခလေးတွေက အားလုံး ဒီကနေ့ အကုန်လာကြတယ်။ ကျောင်းစိမ်းလေးတွေ ဝတ်ပြီးတော့ အလံလေးတွေ ဝှေ့ယမ်းပြီးတော့ အမေစု ကျန်းမာပါစေဆိုပြီးတော့ ဝိုင်းပြီးဆုတောင်းကြတယ်ပေါ့နော်"
ဒီကနေ့ ကျောင်းဖွင့်ပွဲ အခမ်းအနားကို (၈၈) မျိုးဆက် ကျောင်းသားများ ဖြစ်တဲ့ ကိုထွန်းမြင့်အောင်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုစိုးထွန်း၊ ကိုမာကီးနဲ့ မစုစုနွေးတို့ အပါအဝင် ပရိသတ်(၃၀၀) ခန့် တက်ရောက်ခဲ့ပြီး အလှူငွေ (၆) သိန်းကျော် လက်ခံရရှိတယ်လို့ သိရပါတယ်။
အလားတူပဲ ချောင်းသာမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကလည်း ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည့် မွေးနေ့ပွဲကို ချောင်းသာ အဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ကြပါတယ်။
ဒီကနေ့ မနက်ပိုင်းကပြုလုပ်တဲ့ မွေးနေ့အစီအစဉ်ကို ချောင်းသာမြို့နယ် NLD စည်းရုံးရေးအဖွဲ့ဝင် မမေဆွိက အခုလို ရှင်းပြပါတယ်။
"ရုံးမှာ မနက် ၅ နာရီခွဲလောက်က ဆွမ်းကပ်တယ်ပေါ့နော်။ အဲဒီကနေ စလိုက်တာလေ အခမ်းနားအစီအစဉ် အခုထိတော့ မပြီးသေးဘူးပေါ့နော်။ အမေစုရဲ့ ၆၇ နှစ်ပြည့် မွေးနေ့အမှတ်တရပေါ့နော်။ သက်စေ့လေ ဂဏန်း ၆၇ ကောင်လွှတ်တယ်"
ဒေါ်အောင်ဆန်းစုကြည် အသက် ၆၇ နှစ် အထိန်းအမှတ် ဂဏန်း ၆၇ ကောင်ကို ဘေးမဲ့လွှတ်ခဲ့ကြတယ်လို့ ပြောဆိုခဲ့ပြီး အရင်နှစ်တွေက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဂုဏ်ပြုပွဲတွေကို ချောင်းသာမှာ လျှို့လျှို့ဝှက်ဝှက် လုပ်ခဲ့ကြပေမယ့် ဒီနှစ်တော့ အာဏာပိုင်တွေဆီက ခွင့်ပြုချက်တောင်းပြီး NLD ရုံးမှာ အခုလို ပေါ်ပေါ်ထင်ထင် ကျင်းပတာလို့လည်း မမေဆွိက ပြောပါတယ်။ ချောင်းသာမြို့ နယ်က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ပရိသတ် ၃၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ် ။

ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ရောက် မြန်မာတိုင်းရင်းသားတွေနဲ့တွေ့ဆုံ (ရုပ်/သံ)

Posted: 19 Jun 2012 07:54 PM PDT


by BurmaVJMedia
ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ရောက် မြန်မာတိုင်းရင်းသားတွေနဲ့တွေ့ဆုံ
ဇွန်လ ၁၈ ရက်နေ့ညနေပိုင်းမှာ ဗြိတိန်နိုင်ငံကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၉ ရက်နေ့ မနက် ၁၀ နာရီမှာ လန်ဒန်မှာရှိတဲ့ မြန်မာတိုင်းရင်းသားတွေနဲ့ သူမတည်းခိုရာ Corinthian Hotel မှာ ၁၅ မိနစ်ကြာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် မနက် ၁၀ နာရီ ၂၀ ကနေ ၁၁ နာရီ ၁၅ အထိ London School of Economics (LES) လို့ခေါ်တဲ့ လန်ဒန်စီးပွားရေးတက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ် ခဲ့ပါတယ်။ ဒီကနေ့ဟာ သူမရဲ့မွေးနေ့ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညမှာ သူမမိသားစု ရှိတဲ့ အောက်စ်ဖိုဒ့်မှာ မွေးနေ့ပွဲပြုလုပ်မှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေတဲ့ လန်ဒန် စီးပွားရေးတက္ကသိုလ်က ကျင်းပတဲ့ ဆွေးနွေးပွဲ (ရုပ်/သံ)

Posted: 19 Jun 2012 08:09 PM PDT


 by RFABurmese
Video London School Of Economics ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေတဲ့ လန်ဒန် စီးပွားရေးတက္ကသိုလ်က ကျင်းပတဲ့ ဆွေးနွေးပွဲ (မူရင်း-၁)
 by RFABurmese
Video London School Of Economics ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေတဲ့ လန်ဒန် စီးပွားရေးတက္ကသိုလ်က ကျင်းပတဲ့ ဆွေးနွေးပွဲ (မူရင်း-၂)

ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မြို့ ရောက်ရှိ

Posted: 19 Jun 2012 05:31 PM PDT

AFP
၎ ရက်တာ ဗြိတိန်နိုင်ငံ ခရီးစဉ်အတွက် ဇွန်လ ၁၉ ရက်နေ့က လန်ဒန်မြို့ကို ဒေါ်အောင်ဆန်းစုကြည် စတင်ရောက်ရှိလာစဉ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိုင်ယာလန်နိုင်ငံကနေ သူ ၂၄ နှစ်ကြာ ခွဲခွာခဲ့တဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ဒီကနေ့ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။

မနက်ဖြန် နေ့လည်ပိုင်းမှာ အောက်စ်ဖို့မြို့မှာ ကျင်းပမယ့် မိသားစုနဲ့ ပြန်လည်ဆုံဆည်းပွဲ အခမ်းအနားကို တက်ရောက် မှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီမြို့မှာ နေထိုင်နေတဲ့ သားငယ် ကင် ဟာ မိသားစုပြန်လည် ဆုံဆည်းပွဲကို တက်ရောက်မှာ ဖြစ်ပေမယ့် အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်မှာ နေထိုင်နေတဲ့ သားအကြီး Alexander ကတော့ လာ မလာ မသေချာသေးဘူးလို့ သိရပါတယ်။
ဒီနောက် အောက်စ်ဖို့တက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ကို လက်ခံရယူမှာ ဖြစ်သလို အောက်စ်ဖို့တက္ကသိုလ် အကြီးအကဲတွေနဲ့ ပရိသတ်တွေကို မိန့်ခွန်းပြောမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီကနေ့မှာပဲ လန်ဒန် စီးပွားရေးတက္ကသိုလ်က ကျင်းပတဲ့ ဆွေးနွေးပွဲကိုလည်း တက်ရောက်ပြီး တခြားကျွမ်းကျင်သူ ပညာရှင်တွေနဲ့ တွေ့ဆုံ စကားပြောဖို့  ရှိပါတယ်။
လာမယ့် ကြာသပတေးနေ့မှာ ဗြိတိသျှ အစိုးရပါလီမန်မှာ မိန့်ခွန်း ပြောကြားမှာ ဖြစ်သလို ဗြိတိသျှဝန်ကြီးချုပ် မစ္စတာ ဒေးဗစ် ကမ်မရွန်းအပြင် အိမ်ရှေ့မင်းသား Charles နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
မနေ့ကတော့ အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့ မှာ အေအိုင် ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ဦးစီးကျင်းပတဲ့ ကမ္ဘာကျော် ယူတူး  ရော့ခ်တီးဝိုင်း ဖျော်ဖြေပွဲကို တက်ရောက်ခဲ့ပါတယ်။ အဲဒီပွဲမှာ အေအိုင်အဖွဲ့က ပေးအပ်တဲ့ Ambassador of Conscience Award ခံယူချက် ထူးချွန်မှုဆုကို လက်ခံရယူခဲ့ပြီး ဒီကနေ့ ကျရောက်တဲ့ သူ့ရဲ့ ၆၇ နှစ်မြောက် မွေးနေ့ပွဲကိုလည်း ကျင်းပခဲ့ပါတယ်။

RFA Burmese

RNDP ပါတီဝင်လေးဦး သက်ဆိုင်ရာက ဖမ်းဆီး

Posted: 19 Jun 2012 05:22 PM PDT

RFA
ပဋိပက္ခများ ဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင် တချို့ကိုတွေ့ရစဉ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇွန်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပါတီဝင်လေးယောက်ကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။

အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်မှု ရှိတယ်ဆိုပြီး ဆူပူမှုနဲ့ အမှုဖွင့်ပြီး စစ်တွေထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပါတယ်။ အခု ဖမ်းဆီးခံထားရသူတွေဟာ အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိဘဲ ဆူပူမှုကို တားဆီးခဲ့သူတွေသာဖြစ်တယ်လို့ RNDP ပါတီ ပြောခွင့်ရသူ ဦးခိုင်ပြည်စိုးက အခုလိုပြောပါတယ်။
"စစ်တွေရဲစခန်းမှာ ဖြစ်တဲ့ပြဿနာမှာ ကျွန်တော်တို့ပါတီက တာဝန်ရှိပုဂ္ဂိုလ်တွေက ရုန်းရင်းဆန်ခတ်ဖြစ်မှာစိုးလို့ ရှေ့ကနေ လူထုနဲ့ရဲတွေရဲ့ကြားမှာ ကျွန်တော်တို့က ဝင်ပြီးတော့ ဖြန်ဖြေပေးတယ်။ ပထမပိုင်းမှာကတော့ ဖြန်ဖြေတာပေါ့နော်။ နောက်ပိုင်းမှာလူထုကို ထိန်းလို့မနိုင်တဲ့အခါမှာ ကျွန်တော်တို့ပါတီကလူတွေက လွှတ်ပေးလိုက်တယ်။ အဲဒီမှာနည်းနည်း ရုန်းရင်းဆန်ခတ်တွေ ဖြစ်သွား တယ်လေ။ ခဲနဲ့ပေါတ်တာတို့၊ ဘာတို့။ ဒါပေမဲ့ကျွန်တော်တို့ ပါတီကလူတွေက စခန်းထဲကိုဝင်နေကြတယ်။ အပြင်ကိုထွက်လာတဲ့ လူတွေလည်းရှိတယ်။ အဲဒီဟာကို ဓာတ်ပုံမှာမြင်ပြီးတော့ ဒီလူတွေက ရုန်းရင်းဆန်ခတ်ကို ဖန်တီးတဲ့လူတွေဆိုပြီးတော့ အဲဒီလိုထင်ကြေးနဲ့ ဖမ်းတဲ့ဟာ၊ ဒါပေမဲ့တကယ့်တော့ ဒီပုဂ္ဂိုလ်တွေက ရဲစခန်းကို ကာဗာပေးတဲ့လူတွေဖြစ်တယ် ဆိုတာကို ပြည်နယ်အစိုးရကလည်း သိတယ်။ ရဲစခန်းတာဝန်ရှိ ပုဂ္ဂိုလ်တွေကလည်း သိတယ်"
အဲဒီ RNDP ပါတီဝင် ၄ ဦးကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းဆီးသွားတာဖြစ်ပြီး စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှာ ပထမထိန်းသိမ်းထားခဲ့ပြီးနောက် စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်ထားကြောင်း သိရပါ တယ်။
ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး စစ်တွေမြို့မှာ ဖမ်းဆီးခံရသူ ၉ ဦးရှိနေပြီး ကျောက်တော်မြို့မှာ ၁၁ ဦးရှိကြောင်း သိရပါတယ်။

RFA Burmese

ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်တွေ ဒေါ်စု ထောက်ပြ

Posted: 19 Jun 2012 05:13 PM PDT

ဓာတ်ပုံ ASSOCIATED PRESS
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာပဲ လန်ဒန်စီးပွားရေး တက္ကသိုလ်မှာ ပြုလုပ်တဲ့ နှီးနှောဖလှယ်ပွဲ တက်ရောက်ခဲ့ပြီး တော့ အဲဒီ နှီးနှောဖလှယ်ပွဲ အတွင်းမှာပဲ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေမှာ အခြေခံကျကျ အပြောင်း အလဲတွေ လိုအပ်နေတုန်းပဲဖြစ်သလို  ဒီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ လူထုကိုပါ အကျိုးရှိစေမယ့် အစီအစဉ်တွေ ဖြစ်ဖို့ လိုအပ်မယ်လို့လည်း ပြောဆိုခဲ့ပါ တယ်။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။
မကြာသေးခင်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို တိုက်ခိုက်မှုတွေလို ပြဿနာမျိုးတွေဟာ တရားဥပဒေ စိုးမိုးရေး အပါအ၀င် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အရေးတကြီး လုပ်ဖို့ လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာကို ပြသ နေတယ်လို့ ဥရောပ ၅ နိုင်ငံ ခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံမှာ ရောက်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာ ဖြစ်ပါ တယ်။ လူပေါင်း ၅၀ ထက်မနည်း သေဆုံးပြီး၊ အများ အပြား ထိခိုက်ဒဏ်ရာတွေ ရခဲ့သလို၊ ထောင်သောင်းချီ အိုးအိမ် စွန့်ခွာ ထွက်ပြေးရတဲ့ ပြဿနာတွေရဲ့ အခြေခံဟာ တရားဥပဒေ စိုးမိုးမှု အားနည်းတဲ့ အတွက် ဖြစ်တယ်လို့ လန်ဒန် စီးပွားရေး တက္ကသိုလ် က နှီးနှော ဖလှယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာပါ။
"တရားဥပဒေ စိုးမိုးရေးအပေါ်မှာ အခြေခံ ဆောင်ရွက်နိုင်ပါတယ်။ ဒီနေရာမှာလည်း အပိုင်း ၂ ပိုင်း ရှိပါတယ်။ ပထမ တခုကတော့ နိုင်ငံသား ဥပဒေနဲ့ သတ်မှတ်ချက်တွေပါ။ မြန်မာနိုင်ငံက နိုင်ငံသားအဖြစ် သတ်မှတ် ချက် ဥပဒေဟာ ဘယ်လို ပုံစံမျိုးလဲ၊ ဒါတွေဟာ တရားမျှတမှု ရှိရဲ့လား၊ ဒါတွေဟာ နိုင်ငံတကာက လက်ခံ ထားတဲ့ စံတွေနဲ့ ညီရဲ့လား ဆိုတာတွေက တပိုင်းဖြစ်ပါတယ်။ နောက်တပိုင်းကတော့ လုပ်ထုံး လုပ်နည်းတွေ မှာပါ။ လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေ ဘယ်လို လုပ်ကိုင်နေကြသလဲ၊ ရဲတပ်ဖွဲ့က ဘာတွေ လုပ်နေလဲ၊ တရားရုံးတွေကရော ဘယ်လို လုပ်ကိုင်နေသလဲဆိုတာတွေပါ။ ကျမတို့ အနေနဲ့ နိုင်ငံမဲ့ ဖြစ်နေရသူတွေ ဘယ်လိုကြောင့် ပေါ်ပေါက်လာရသလဲ ဆိုတာကို ကျမတို့ အနေနဲ့ တိတိကျကျ သိလိုတယ်ဆိုရင် ဒီအပိုင်း ၂ ပိုင်းဟာ မရှိမဖြစ် ဖော်ထုတ်ဖို့ အရေးကြီးပါတယ်။"
တရားဥပဒေ စိုးမိုးမှုကို လက်တွေ့ကျင့်သုံး အကောင်အထည် ဖော်တယ် ဆိုတာမျိုးကို လက်တွေ့မြင်တွေ့ဖို့ လိုအပ်တဲ့ အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည် ကပြောသွားပါတယ်။ တရားဥပဒေ စိုးမိုးရေး အဖြစ် ခေါင်းစဉ်ပေးထားတဲ့ လန်ဒန်စီးပွားရေး တက္ကသိုလ်က ဆွေးနွေးပွဲ အတွင်း ပါဝင်သူ တဦးဖြစ် တဲ့ ဒေါက်တာဇာနည်ကတော့ မကြာသေးခင် တုန်းက ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေဟာ အစိုးရ အဆက် ဆက်က လုပ်ရပ်တွေရဲ့ ဆိုးကျိုးတွေအဖြစ် ပြောဆိုခဲ့တာပါ။
"နိုင်ငံမဲ့ ဖြစ်ရတဲ့ ကိစ္စဟာ အစိုးရတွေရဲ့ လုပ်ရပ်တွေက ထွက်ပေါ်လာတဲ့ အကျိုးဆက်ဖြစ်ပါတယ်။ လူထုနဲ့ လူမှုအသိုင်းအ၀ိုင်းကြောင့် မဟုတ်ပါဘူး။ အစိုးရတွေ အနေနဲ့ လူမျိုးရေး ဘာသာရေး အခြေခံတဲ့ ပြဿနာတွေ တခါတလေ မုန်းတီးမှုတွေကိုလည်း နိုင်ငံရေးအရ အမြတ်ထွက်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ဖန်တီးလေ့ ရှိပါတယ်။"
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကစလို့ အစိုးရသစ်အဖြစ် တက်လာပြီး နောက်မှာတော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်ဆောင် သွားမယ်လို့ ကြေညာခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ လူတချို့အတွက် အကျိုးရှိမယ့် ပြုပြင် ပြောင်းလဲရေးမျိုး မဖြစ်ဖို့ လိုမယ်လို့ သတိပေးပါတယ်။
"ပြုပြင်ပြောင်းလဲရေးဟာ တရားဥပဒေ စိုးမိုးရေး အပေါ်မှာ အခြေခံတယ်ဆိုတာကို ကျမတို့ သိရဖို့ လိုပါ တယ်၊ ပြုပြင်ပြောင်းလဲရေးဟာ မျှမျှတတ ဖြစ်ရမယ်၊ ပြုပြင်ပြောင်းလဲမှုတွေဟာ လူတချို့ကို အကာ အကွယ်ပေးတာမျိုး၊ လူတချို့ နေရာရအောင် အသုံးချတာမျိုး မဖြစ်သင့်ပါဘူး။"
နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် သီတင်း ၃ ပတ် နီးပါးကြာ ထွက်လာတဲ့ ဒီခရီးစဉ် အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ထင်ရှားသူတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆို ခဲ့ကြတာပါ။ ခရီးစဉ်အစအဖြစ် ဆွစ်ဇာလန်နိုင်ငံကို သွားရောက်ခဲ့ သလို နော်ဝေနိုင်ငံ မှာလည်း ၁၉၉၁ ခုနှစ်ကတည်းက ချီးမြှင့်ခံထားရတဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို လက်ခံ ရယူခဲ့တာ ဖြစ်ပါတယ်။ တနင်္လာနေ့မှာတော့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International ရဲ့ အမြင့်ဆုံးဆုအဖြစ် ယုံကြည်မှုဆိုင်ရာ ဂုဏ်ထူးဆောင် သံအမတ်ကြီးဆုကို အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့မှာ ကမ္ဘာကျော် U2 တေးဂီတအဖွဲ့က အဆိုတော် Bono က ချီးမြှင့် ခဲ့တာကို အခမ်းအနားနဲ့ လက်ခံရယူခဲ့တာပါ။ အင်္ဂါနေ့မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် မွေးနေ့ကိုတော့ ဗြိတိန်နိုင်ငံမှာ ကုန်လွန်ဖို့ရှိပြီး ဗြိတိန်ပါလီမန် မှာလည်း စကားပြောဆိုဦးမှာ ဖြစ်သလို ၂၄ ရက်နေ့ ခရီးစဉ် အဆုံးမသတ်မီမှာတော့ ပြင်သစ်နိုင်ငံကို ၀င်ရောက်ဦးမှာလည်း ဖြစ်ပါတယ်။

By အောင်လွင်ဦး - VOA

ရသေ့တောင်မြို့ ကူတောင် အဓိကရုဏ်း မှာ သေဆုံးသူ ရခိုင်အလောင်းများ ရှာမတွေ့ 

Posted: 19 Jun 2012 04:46 PM PDT

ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ရသေ့တောင်မြို့ ကူတောင်ကျေးရွာ ဘင်္ဂလီမူဆလင်-ရခိုင် အရေးအခင်းတွင် ရခိုင် ၁၁ဦးနှင့် ဘင်္ဂလီမူဆလင် ၂ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူ ရခိုင် ၁၁ဦးတွင် ကျောင်းအုပ်ဆရာ ဦးဟန်သာ ၁ဦး၏ အလောင်းကိုသာ စစ်တပ်မှ ရရှိခဲ့ပြီး၊ ကျန်လူ ၁၀ဦး အလောင်းများမှာ လုံးဝရှာမတွေ့တော့ကြောင်း သိရှိရသည်။

"အဓိကရုဏ်းဖြစ်နေတဲ့အချိန်မှာ လူတွေဓါးဒဏ်ရာနဲ့ လဲနေတာကိုသာ မြင်ခဲ့ရတယ် ယူဖို့မရခဲ့ဘူး။ နေ့ခင်းဘက် မိုးရွာတော့ မြေထဲကနေ ခြေထောက်တစ်ချောင်းထွက်နေတာကိုတွေ့ပြီး စစ်တပ်က သွားဖော်တော့၊ ကျောင်းအုပ်ဆရာ ဦးသာဟန်ရဲ့ အလောင်းကိုသွားတွေ့တယ်၊ ကျန်တဲ့အလောင်းတွေအကုန်လုံးကိုတော့ ဘင်္ဂလီမူဆလင်တွေ အစဖျောက်ပစ်လိုက်ပြီထင်တယ်။"ဟု ကူတောင်ရွာသားတစ်ဦးက ပြောပြသည်။

သေဆုံးသူများမှာ ဦးသောင်းစိုးထွန်း၊ ဦးဖြူချေ၊ ဦးသိန်းဟန်၊ ဦးတင်လှိုင်၊ စန္တာအောင်တို့ သားဖနှစ်ဦး၊ ဦးစိုးသန်း၊ ဦးကျော်မင်းထွန်း၊ ဦးထွန်းပေါ်နှင့် ဦးသန်းရွှေ တို့ဖြစ်ကြပြီး ကျန်တစ်ဦး၏ အမည်ကို မသိရသေးကြောင်း ၄င်းရွာသားပြောပြချက်အရ သိရှိရသည်။

ညနေပိုင်းတွင် ဒဏ်ရာပြင်းထန်သော လူနာ ၂ဦးကို ရသေ့တောင်ဆေးရုံသို့ ပို့ဆောင်လိုက်ရပြီး ကူတောင်ရွာအပါအ၀င် ကူတောင်ရွာနှင့် နီးစပ်သော တစ်ခြားကျေးရွာများတွင် စစ်တပ်မှ လုံခြုံရေးယူထားကြောင်း သိရှိရသည်။

by ရွှေဘန်း(စစ်တွေ)-အာရကန်တိုင်းမ်စ်      

ရသေ့တောင်တွင် ရခိုင်တိုင်းရင်းသား ၁၁ဦးအသတ်ခံရ

Posted: 19 Jun 2012 04:34 PM PDT

ရန်ကုန်၊ ဇွန် ၁၉

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ဇွန်လ ၁၉ရက်နေ့က ဘင်္ဂါလီ လူမျိုးများ၏ အကြမ်းဖက်မှုကြောင့် ရခိုင်တိုင်းရင်း သား ၁၁ဦး အသတ်ခံရပြီး ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကူတောင်ကျေးရွှာ ဒေသခံများကို ဆက်သွယ်မေးမြန်းချက်အရ သိရှိ ရသည်။
ဘင်္ဂါလီများ နေထိုင်ရာ အနောက်ပြင်ကျေးရွှာမှ ဆူပူ အကြမ်းသူများသည် ဇွန်လ ၁၉ရက်နေ့ (ယနေ့) နံနက် ၅နာရီခန့်တွင် ရခိုင်တိုင်းရင်းသားများ နေထိုင်ရာ ကူတောင်ကျေးရွှာကို ၀င်ရောက် မီးရှို့ခဲ့ကြောင်း၊ ယင်းမီးရှို့ဖျက်ဆီးသူများကို ပြန်လည် နှိမ်နှင်းရာမှ ရခိုင်တိုင်းရင်းသားများ အနောက်ပြင် ကျေးရွှာနား သို့ အရောက်တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ရသေ့တောင်မြို့ ဒေသခံများက ပြောကြားသည်။

"မီးတိုက်တဲ့သူတွေကို ရွှာသားတွေက လိုက်ထုတ်ကြတယ်။ လိုက်ရင်းနဲ့ အနောက်ပြင် ရွှာအနား ရောက်တော့ ဘင်္ဂါလီ တွေ လူစုပြီးစောင့်နေတယ်။ အဲဒီမှာ အသတ်ခံရတာ။ ထောင်ချောက်ဆင် ထားတဲ့ပုံစံပဲ" ဟု ကူတောင်ကျေးရွှာ ဒေသခံ တစ်ဦးက ရှင်းပြသည်။

"သေသွားတဲ့ အလောင်းတွေကို ပြန်ပေးဖို့ စစ်တပ်က ပြန်တောင်းနေတယ်။ ဘင်္ဂါလီတွေက မပေးဘူး" ဟု ကူတောင် ကျေးရွှာမှ ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ သေဆုံးသူများထဲတွင် ကျောင်းဆရာနှစ်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ စာရေးမ တစ်ဦး တပ်မတော်သား အငြီမ်း စားတစ်ဦး ပါဝင်ကြောင်း ကူတောင်ကျေးရွှာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဇွန်လ ၁၉ရက်နေ့ ညနေ လေးနာရီများတွင် ဆက်သွယ်မေးမြန်းချက်များ အရ ရသေ့တောင်မြို့နယ်မှ တပ်မတောင်သား ၃၀ကျော် ၀င်ရောက် ထိန်းသိမ်းနေကြောင်း ကူတောင် ကျေးရွှာ ဒေသခံများက ပြောကြားသည်။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ The Voice Weekly က ရသေ့တောင်မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းပြန်ကြား အဖွဲ့များသို့ ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် ဆူပူအကြမ်းဖက်မှုများကြောင့် လူ ၅၀ဦးသေဆုံးပြီး ၅၈ဦး ဒဏ်ရာရရှိကာ နေအိမ်နှင့် အဆောက် အအုံ ၂၅၀၀ကျော် ပျက်စီးဆုံးရှုံးသွားကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများတွင် ဇွန်လ ၁၅ရက်နေ့က တရားဝင်ထုတ် ပြန်ထား သည်။

The Voice Weekly

ဇူလိုင်လအတွင်း နိုင်ငံခြားသို့ Call Center မှတဆင့်တိုက်ရိုက်ဖုန်း ခေါ်ဆိုနိုင်တော့မည်

Posted: 19 Jun 2012 05:17 PM PDT

အင်တာနက်ဆိုင် သွားစရာမလိုပဲ အိမ်ဖုန်းနှင့် မိုဘိုင်းဖုန်းများမှနေ၍ နိုင်ငံခြားသို တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင် ရေးအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီနှစ်ခုက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရတနာပုံ Call Center က သိရှိရသည်။

အဆိုပါစနစ်အရ နိုင်ငံခြားဖုန်းခေါ်ဆိုမှုအတွက် Y-talk Password နံပါတ်မလိုပဲ Call Center ကုတ်နံပါတ် (1877) ကိုနှိပ်၍  ညွှန်ကြားသည့်အတိုင်း ခေါ်ဆိုလိုသည့် နိုင်ငံသို့ ဆက်သွယ်ခေါ်ဆိုနိုင်မည် ဖြစ်သည်။

၎င်းစနစ်၏ အားသာချက်မှာ  ဖုန်းခေါ်ဆိုလိုသူများအနေဖြင့် အင်တာနက်ဆိုင်ကို သွားရောက်စရာမလိုဘဲ ကြိုးဖုန်း၊ မိုဘိုင်းလ်ဖုန်းများ အသုံးပြု၍ ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်သည်။

" အခုလက်ရှိမှာ ခေါ်ဆိုခနှုန်းထားများတွေတော့ မသတ်မှတ် ရသေးဘူး၊ ခေါ်ဆိုခ နှုန်းထား သတ်မှတ် ပြီးရင် တရားဝင် ထပ်မံထုတ်ပြန်ကြေညာသွားမှာပါ" ဟု Call Center မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

သုံးစွဲသူများအနေဖြင့် ဖုန်းခေါ်ဆိုခနှုန်းထားများအား မိမိ တယ်လီဖုန်းဘေလ်မှ ကျပ်ငွေဖြင့် ပေးဆောင်ရမည် ဖြစ်သည်။

 "ကျွန်တော်တို့က အရင်ကတည်းက ဒီလို လုပ်ဖို့ရှိတာပါ နောက်ပြီး မိုဘိုင်းဖုန်းတွေမှာလည်း  နိုင်ငံခြားဖုန်းခေါ် ဆိုနိုင်အောင် လုပ်ဖို့ရှိပါတယ် ခုလောလောဆယ်တော့ Call Center နဲ့ ဒီစနစ်ကို ပေါင်းပြီးလုပ်နေပါတယ် " ဟု VMG Telecoms ကုမ္ပဏီတို့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုခဲ့သည်။

အဆိုပါ ဖုန်းခေါ်ဆိုမှုကို Y-talk Callingမှ နည်းပညာစနစ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ပြီးပါက ဇူလိုင်လ အတွင်းရရှိအောင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

"အခုလို နိုင်ငံခြားကို တိုက်ရိုက်နီးပါး ဖုန်းခေါ်နိုင်မှာဆိုတော့ ကောင်းတယ်၊ ကျွန်တော်ဆို သားက စင်ကာပူ မှာလေ ဖုန်းခေါ်ခြင်ရင် Internet ဆိုင်ကို သွာရတယ်၊ အရေးကြီးရင် လွယ်လွယ်ကူကူ ဖုန်ခေါ်ဆိုလို မရဘူလေ ခုလို Call Centerနှင့် Y- talk Calling တို့ ပူပေါင်ပြီးလုပ်ပေးမှာဆိုတော့ အရင်ကထက်စာရင် ပိုကောင်တာပေါ့" ဟု လှည်းတန်းမှ ဦးဇော်ဝင်းက ဆိုသည်။

လက်ရှိအချိန်တွင် နိုင်ငံခြားသို့ဖုန်းခေါ်ဆိုလိုသူများအနေဖြင့် Pfingo နှင့် Skype ဆက်သွယ် စနစ်များကိုသာ အားထားခေါ်ဆိုနေရပြီး၊ နိုင်ငံအလိုက် တစ်မိနစ်လျှင် (၂၅)ကျပ် မှ ကျပ်(၂၀၀)၀န်းကျင်အထိ ရှိကြောင်း အင်တာနက်ဆိုင်များက သိရှိရသည်။
                                                                                            by Myit Makha

'ကျရှုံးနိုင်ငံစာရင်း’ မြန်မာနိုင်ငံအဆင့် ၁၈ တွင်ရှိ

Posted: 19 Jun 2012 05:17 PM PDT

နိုင်ငံများ၏ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး ဖိအားများကို လေ့လာပြီး မီးမောင်းထိုး ဖော်ပြထားသည့် ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့ Fund for Peace မှ တနင်္လာနေ့က ထုတ်ပြန်လိုက်သော ကျရှုံးနိုင်ငံများစာရင်း "Failed State Index (FSI)" တွင် မြန်မာနိုင်ငံသည် အဆင့် ၁၈ တွင် ရှိနေကြောင်း တွေ့ရသည်။


၂ဝ၁၂ ခုနှစ် 'ကျရှုံးနိုင်ငံများစာရင်း' အခြေပြမြေပုံတွင် မြန်မာနိုင်ငံသည် အဆင့် ၁၈ တွင်ရှိပြီး 'အန္တရာယ်' အဆင့်တွင်ရှိကြောင်း တွေ့ရှိရသည်။


အဆိုပါအဆင့်သည် 'အန္တရာယ်' အဆင့်တွင် ရှိနေသည်။ ၂ဝ၁ဝ ခုနှစ်က မြန်မာနိုင်ငံသည် အဆိုပါစာရင်းတွင် အဆင့် ၁၆ ရှိခဲ့ပြီး ယခုအဆင့်ထက် နှစ်ဆင့် နိမ့်သည်။

ငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့၏ အမှုဆောင်ညွှန်ကြားရေးမှူး ကရစ်စတာဟန်ဒရီ က FSI ကိန်းဂဏန်းကို အစိုးရများ၊ မီဒီယာများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများက ပဋိပက္ခ၏ နောက်ခံအခြေအနေများကို
လေ့လာရာ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရာတွင် အသုံးပြုကြသည်ဟု ပြောသည်။

"ကျနော်တို့ နိုင်ငံ ၁၇၈ နိုင်ငံကို လေ့လာခဲ့ပါတယ်။ နိုင်ငံတိုင်း ဖိအားဒဏ်တွေ ရှိနေပြီး ဒီဒဏ်တွေကို ကိုင်တွယ်ဖြေရှင်း ဖို့ လိုတယ်လို့ အသိအမှတ်ပြုလို့ ခုလို လေ့လာတာ ဖြစ်ပါတယ်။ ပရိယေသန ဝမ်းစာရှာဖွေရာမှာ နိုင်ငံတခုချင်းအကြား ကွာခြားချက်ဟာ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်က ထွက်ပေါ်လာတဲ့ အကျိုးရလဒ်ပဲ ဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံမှာ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေနဲ့ အားကောင်းတဲ့ နိုင်ငံတော် အဖွဲ့အစည်းတွေ ရှိနေပြီး တရားဥပဒေ စိုးမိုးမှုနဲ့ ဒီမိုကရေစီကိုသာ အခြေခံပြီး ဖြေရှင်းဆောင်ရွက်မယ်ဆိုရင် ဒီဖိအားဒဏ်တွေကို ပို အောင်အောင်မြင်မြင်
ဖြေရှင်း ဆောင်ရွက်နိုင်မယ်ဆိုတဲ့ အယူအဆကို အခြေခံဆောင် ရွက်မှာဖြစ်ပါတယ်" ဟု ဟင်ဒရီ က ပြောသည်။

SFI ၂ဝ၁၁ စာရင်းတွင် ဆိုမာလီယာနိုင်ငံက ငါးနှစ်မြောက်ဆက်တိုက် ဗိုလ်စွဲသည်။ အနှံ့အပြား ဖြစ်ပွါးနေသော ဥပဒေမဲ့ဖြစ်ရပ်များ၊ ထိရောက်မှုကင်းမဲ့သော အစိုးရစနစ်၊ အကြမ်းဖက်ဝါဒ၊ ပြည်တွင်းသောင်းကျန်းမှု၊ ရာဇဝတ်မှုနှင့် နာမည်ကျော်လှသော နိုင်ငံခြား သင်္ဘောများအား ပင်လယ်ဒါးပြ တိုက်သည့်လုပ်ရပ်တို့ကြောင့် ဆိုမာလီယာနိုင်ငံမှာ ထိုသို့ ထိပ်ဆုံးအဆင့်တွင် ရောက်ရှိသွားခြင်းဖြစ်သည်။

ဖင်လန်နိုင်ငံကမူ အလွတ်လပ်ဆုံး တိုင်းပြည် စာရင်းတွင် ဗိုလ်စွဲသည်။ သူ့လို စကင်ဒီနေ ဗီးယန်းကျွန်းဆွယ်နိုင်ငံ အိမ်နီးချင်းများဖြစ်ကြသော ဆွီဒင်နှင့်ဒိန်းမတ်နိုင်ငံတို့က သူနှင့် ကပ်လျက် အလွတ်လပ်ဆုံး နိုင်ငံများစာရင်း ဝင်ကြသည်။

အဆိုပါ သုံးနိုင်ငံစလုံးသည် အားကောင်းလှသော လူမှုရေးနှင့် စီးပွါးရေး ညွှန်ကိန်းများကြောင့်လည်းကောင်း၊ အကောင်းဆုံး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများနှင့် လူ့အခွင့်အရေး ဥပဒေ စိုးမိုးမှုတို့ကို လေးစားလိုက်နာအား
ကောင်းလှခြင်းတို့ကြောင့် ထိုသို့ အကောင်းဆုံးနိုင်ငံ စာရင်းဝင်ကြခြင်း ဖြစ်သည်။

နိုင်ငံ ၁၇၈ နိုင်ငံကို ကျရှုံးနိုင်ငံအဆင့် စာရင်းသတ်မှတ်ရာတွင် နိုင်ငံတခုအပေါ် ကျရောက်နေသည့် ဖိအားများဖြစ်သော လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး စသည့် ညွှန်ကိန်း ၁၂ မျိုးကို အသုံးပြုပြီး သူ့အောက်တွင် အသေးစိတ် ညွှတ်ကိန်း ၁ဝဝ ရှိသည်။

အဆိုပါ ညွှန်ကိန်းများတွင် တပြေးညီညာမဟုတ်သော ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတခု၏ တရားဝင်မှု၊ အုပ်စုလိုက် နစ်နာမှုများ၊ လူ့အခွင့်အရေးတို့ ပါဝင်သည်။ ညွှန်ကိန်းတခုစီတွင် အဆင့် ၁ မှ ၁ဝ အထိ သတ်မှတ်ထားပြီး ရတတ် သမျှသော စာရွက်စာတမ်း အထောက်အထားများ၊ အခြား အရေအတွက်ပြ ကိန်းဂဏန်းများ စသည့် အချက်အလက် သန်းပေါင်း များစွာကို စိစစ်လေ့လာသူများက ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ကြခြင်းဖြစ်သည်။ ရမှတ် များလျှင် အဆိုပါနိုင်ငံ အပေါ်ကျရောက်နေသော ဖိအားများနေခြင်းကို ပြခြင်းဖြစ်ပြီး မတည်ငြိမ်မှု ပိုဖြစ်နိုင်ချေလည်း ရှိသည်။

ယခုနှစ်အတွင်း ထူးခြားသောအချက်မှာ အာရပ်နွေဦး၏ အကျိုးသက်ရောက်မှု ဖြစ်သည်။ ဘာရိန်း၊ အီဂျစ်၊ လစ်ဗျား၊ ဆီးရီးယားနှင့် တူနီးရှားတို့မှာ ယမန်နှစ်ကနှင့် နှိုင်းယှဉ်လျှင် အာရပ်နွေဦးကြောင့် ယခုနှစ်အခြေအနေ အတော်လေး ဆိုးသွားသည်။

လစ်ဗျား၏ အဆင့်နိမ့်ကျသွားမှုမှာ အသိသာဆုံး ဖြစ်သည်။ ဖြစ်ပွါးနေသော ပြည်တွင်းစစ်ကြောင့် FSI ရာဇဝင်တွင်နှစ်အလိုက် နှိုင်းယှဉ်ချက်အရ ယခုနှစ်မှာ အဆိုးဆုံး ဖြစ်သည်။ ကဒါဖီ အစိုးရကို ဖြုတ်ချရာတွင် နေတိုးဦးဆောင် သည့် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ထိုသို့ အဆင့်ထိုးကျသွားခြင်း ဖြစ်သည်။

အလားတူပင် နှစ်အလိုက်နှိုင်းယှဉ်မှုတွင် ဆီးရီးယားနိုင်ငံမှာလည်း FSI ရာဇဝင်တွင် စတုတ္ထ အဆိုးဆုံးနိုင်ငံ ဖြစ်လာ သည်။ သမ္မတ အာဆတ် အစိုးရအဖွဲ့၏ အကြမ်းဖက် နှိမ်နင်းတိုက်ခိုက်မှုများကြောင့် ထိုသို့အဆင့်ကျခဲ့ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံသည်လည်း ပြင်းထန်လှသောငလျင်ဘေးဒဏ်နှင့် နောက်ဆက်တွဲ ပေါ်ပေါက်လာသော နျူကလီးယာ ဓါတ်ပေါင်းဖို ပေါက်ကွဲသည့် အကြပ်အတည်းကြောင့် သိသိသာသာ အဆင့်ကျသွားခဲ့သည်။ FSI (ကျရှုံးနိုင်ငံ) စာရင်းတွင် အကောင်းဆုံး ၇% နိုင်ငံများတွင် ဂျပန် ပါဝင်နေသေးသော်လည်း ယခုကဲ့သို့ အဆင့်ထိုးကျသွားသည်ကို ကြည့်လျှင် အတည်ငြိမ်ဆုံးနိုင်ငံများပင် ပြင်းထန်ကြီးမားသော တုန်လှုပ်ဖွယ် အဖြစ်ဆိုးမျိုး ကြုံရလျှင် ခံနိုင်ရည် နည်းကြောင်း သက်သေပြနေသည်။

တိုင်းပြည်တွင်း ဖြစ်ပေါ်နေသော စီးပွါးရေး အကြပ်အတည်းကြောင့် ဂရိနိုင်ငံ၏ အဆင့်အတန်းမှာလည်း ဆက်လက် ကျဆင်းနေသည်။ နိုင်ငံတွင်း ယုံကြည်မှု ဆုံးရှုံးခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ချည့်နဲ့လာခြင်း စသည်တို့ကြောင့်
နိုင်ငံအပေါ် ကျရောက်နေသည့် ဖိအားလည်း များလာခဲ့သည်။

ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် တောင်ပိုင်း ဆူဒန်နိုင်ငံကိုလည်း ငြိမ်းချမ်းရေးရံပုံငွေ အဖွဲ့က ဆန်းစစ်လေ့လာ ခဲ့သည်။ ဤနိုင်ငံသည် ၂ဝ၁၁ ခုနှစ် ဒုတိယနှစ်ဝက်က လွတ်လပ်ရေး ရခဲ့သည်။ အချက်အလက် မပြည့်စုံမှုကြောင့် FSI အဆင့်သတ်မှတ်ချက်ကို တရားဝင် သတ်မှတ်ခြင်း မပြုလုပ်ခဲ့သော်လည်း ခန့်မှန်းခြေအားဖြင့် စတုတ္ထမြောက် အဆိုးဆုံးနိုင်ငံ အဆင့်တွင် မြောက်ဖက်အိမ်နီးချင်း ဆူဒန်နိုင်ငံနှင့် ကပ်လျက် အောက်တွင် တည်ရှိနေသည်။
တောင်ပိုင်း ဆူဒန်နိုင်ငံ၏ ချည့်နဲ့လှသော အခြေခံ အဆောက်အအုံ၊ ဆိုးရွားလှသော ဆင်းရဲမွဲတေမှု၊ ချည့်နဲ့သော အစိုးရ၊ အဆင်မပြေလှသော ဆူဒန်နိုင်ငံနှင့် ဆက်ဆံရေး၊ ရေနံအပေါ် အလွန်အမင်းမှီခိုနေရမှု စသည်တို့ကြောင့် ထိုသို့စိုးရိမ်ဖွယ် အခြေအနေ ဆက်လက်ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်သည်။

ကာဂျစ္စတန်နိုင်ငံသည် အဆိုပါစာရင်းတွင် တိုးတက်မှု အရှိဆုံးနိုင်ငံ ဖြစ်သည်။ ၂ဝ၁ဝ နှစ်လယ်က ဖြစ်ပွါးခဲ့သောတော်လှန်ရေးကြောင့် FSI စာရင်းတွင် ထိုးကျသွားခဲ့ရာမှ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ သိသိသာသာ လုပ်ဆောင် ခဲ့ပြီး အာဏာကို တည်တည်ငြိမ်ငြိမ် အသွင်ကူးပြောင်းနိုင်ခဲ့ခြင်းကြောင့် ထိုသို့ အခြေအနေ ကောင်းမွန်လာခဲ့ခြင်း
ဖြစ်သည်။

ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့သည် ဝါရှင်တန်အခြေစိုက် လွတ်လပ်သည့် သုတေသနနှင့် ပညာပေးရေး အဖွဲ့အစည်းတရပ်
ဖြစ်သည်။ အဖွဲ့၏ ရည်ရွယ်ချက်နှင့် တာဝန်မှာ ပဋိပက္ခများကို တားဆီးကာကွယ်ရန်နှင့် ရေရှည်တည်တံ့မည့် လုံခြုံမှုကို
မြှင့်တင်အားပေးရန် ဖြစ်သည်။ ယခုလေ့လာမှုကို နိုင်ငံခြားရေး မူဝါဒ ဂျာနယ်နှင့်အတူ ပူးတွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
                                                                                                                             မဇ္ဈိမသတင်းဌာန