သျှမ်းသံတော်ဆင့် |
- တိုင်းရင်းသားပေါင်းစုံညီလာခံထိုင်း၌စတင်ကျင်းပ ကိုယ်စားလှယ်ရာကျော်တက်ရောက်
- ဒု သမ္မတဒေါက်တာစိုင်းမောက်ခမ်း လားရှိုးရေဘေးဒုက္ခသည်နှင့်တွေ့
- သျှမ်းတပ်ဖွဲ့နှင့်ဆက်သွယ်မှုရှိ မရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများအား မြန်မာစစ်တပ်ခေါ်ယူစစ်ဆေး
- တာလေထွေအုပ်ကိုပြသနာရှာတာကတော့ ရွာသားတွေလက်မခံပါ
- လဲချားမြို့နယ် ဒေသခံလူထုတို့ ဆက်ကြေး၊ ရံပုံငွေထည့်နေရ
| တိုင်းရင်းသားပေါင်းစုံညီလာခံထိုင်း၌စတင်ကျင်းပ ကိုယ်စားလှယ်ရာကျော်တက်ရောက် Posted: 14 Sep 2012 08:10 AM PDT စက်တင်ဘာ ၁၄ - ၁၆ ရက်နေ့ အထိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင် နှင့် သျှမ်း ကိုယ်စားလှယ် များ ပါဝင်သည့် ညီလာခံတရပ်အား ထိုင်းနယ်စပ်၌ ကနေ့ စတင်ကျင်းပကြောင်း တက်ရောက်သူ တဦးက ပြော ပါသည်။ "အခုက တိုင်းရင်းသား ကိုယ်စားလှယ်ပေါင်း ၁၅၀ လောက်တက်တယ်။ ဆွေးနွေးတဲ့ အာဂျဲန်ဒါကတော့ အဓိက သမ္မတ ခင်းနေတဲ့ Peace Process ဘဲ၊ ကျနော့်အထင်တော့ ၁၉၆၁ တောင်ကြီးညီလာခံ နောက်ပိုင်း ဒီညီလာခံက အကြီးဆုံးဘဲထင်တာဘဲ" - ဟု ပြည်တွင်းမှ တက်ရောက်သူ တဦးက ပြောပါသည်။ ယနေ့ကျင်းပသည့် တိုင်းရင်းသားပေါင်းစုံညီလာခံသည် ပြည်တွင်းပြည်ပမှ တိုင်းရင်းသား နိုင်ငံရေးပါတီ၊ လက်နက်ကိုင်တပ်ဖွဲ့ ၊ လူမှုအခြေပြု အဖွဲ့အစည်းများလည်း ပါဝင်တက်ရောက် ကြကြောင်း၊ တက်ရောက်သူ လူဦးရေကန့်သတ်ထားကြောင်း တက်ရောက်သူများက ပြောပါသည်။ "ခန့်မှန်းထားတာ ၁၁၅ ယောက်ဘဲ။ အခုတက်ရောက်လာတာ ၁၄၃ ယောက်ထက်မနည်းဘူးလို့ထင်ဒါဘဲ၊ သတင်းထောက်တွေအတွက်တော့ တနင်္ဂနွေနေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်ပေးမယ်" - ဟု အလုပ်အမှုဆောင်တွင် ပါဝင်သူတဦးက ပြောပါသည်။ တိုင်းရင်းသားလူမျိုးများသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်မှစ၍ မြန်မာ ခေါ် ဗမာလူမျိုးများနှင့် ခွဲခြား ဆက်ဆံခြင်းခံရပြီး တန်းတူအခွင့်အရေးလည်း ဆုံးရှုံးနေကြောင်း၊ ၁၉၄၇ ဖွဲ့စည်းပုံမှစ၍ ၂၀၀၈ ဖွဲ့စည်း ပုံအထိ တိုင်းရင်းသားများအား အကာအကွယ်ပေးသည့်၊ အမာခံပေးသည့်အချက်များ မရှိကြောင်း ဝေဖန် ပြောဆိုကြပါသည်။ လက်ရှိအာဏာရ မြန်မာအစိုးရကလည်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် ပင်လုံညီလာခံကဲ့သို့ သို့မဟုတ် ပင်လုံညီလာခံထက်သာလွန်သည့် ညီလာခံမျိုး ကျင်းပ ပေးဖို့ရှိကြောင်း - ငြိမ်းချမ်းရေးလုပ်ငန်း ဖေါ်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်းက နိုဝင်ဘာ ၁၉ ရက် ထိုင်းနယ်စပ်၌ သျှမ်းပြည်တပ် မတော် RCSS/SSA နှင့် ပထမ ဦးဆုံးတွေ့ဆုံစဉ်က ပြောကြားထားပါသည်။ |
| ဒု သမ္မတဒေါက်တာစိုင်းမောက်ခမ်း လားရှိုးရေဘေးဒုက္ခသည်နှင့်တွေ့ Posted: 14 Sep 2012 08:09 AM PDT စက်တင်ဘာ ၁၄ ရက် ယနေ့ ဒု သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သျှမ်းပြည်မြောက်ပိုင်း လားရှိုးသို့ရောက်ရှိ ကာ ရေဘေးဒုက္ခသည် ဒေသခံများ နှင့်တွေ့ဆုံခဲ့ကြောင်း လားရှိုးမြို့သတင်းရပ်ကွက်ကဆိုပါသည်။ ဒု သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း"သျှမ်းစာပေယဉ်ကျေးမှု ရုံးမှာရေဘေးဒုက္ခသည်တွေနဲ့တွေ့တယ်။ ပိုက်ဆံတယောက် သုံးသောင်း ပေးတယ်။ဆန်အိတ်ကိုတော့ ၅၀ လာချထားပေးတယ်။ မခွဲပေးသေးဘူး။ ဒုသမ္မတနဲ့အတူ ကုမ္မဏီတွေလဲလာတယ်။ စားစရာတွေ၊ အသုံးအဆောင်တွေ လာပေးတယ်။ ကူညီထောက်ပံ့တဲ့အနေနဲ့ပေါ့။ ရေဘေးဒုက္ခခံကြရတဲ့ မြို့တွင်းနေဒေသခံတွေအပြင် အီနိုင်း၊ နားကွန်း၊ နားမခေါ်၊ ဆွန်ကွယ် ရွာတွေက မိသားစု ၅၀၀-၆၀၀ လောက်ရှိတယ်။ " - ဟု ကျားဖြူပါတီ၏ အမျိုးသားလွှတ်တော်အမတ် စိုင်းစံမင်းက ပြောသည်။ ဒု သမ္မတသည် ယနေ့ညနေပိုင်း လားရှိုးသို့ရောက်သည်နှင့် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ရုံး၌ ဒုက္ခသည်များအတွက် ငွေကြေးနှင့်ဆန်များထောက်ပံ့ကူညီခဲ့ပြီးနောက်ပိုင်း ရေဘေးဒုက္ခသည်အများဆုံး ရှိသော ရပ်ကွက် ၉ သို့ သွားရောက်ကြည့်ရှုခဲ့သည်ဟု စိုင်းစံမင်းက ပြောသည်။ လားရှိုးအပြင် သိန္နီ၊ ကွတ်ခိုင်၊ မူစယ်၊ နမ့်ခမ်းဘက်သို့လည်း ဒေသဖွံ့ဖြိုးမှုဆိုင်ရာနှင့် သဘာဝဘေးဒုက္ခရင်ဆိုင်ရသူများအား ကြည့်ရှုအားပေးရန်သွားဖို့ရှိကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည်။ "ကျနော်တို့ မူစယ် နမ့်ခမ်းဘက်လဲလာမယ်ပြောတယ်။ ၉ ရက်နေ့ ကတည်းက သတင်းကြားထားတာ။ မီးသတ်တွေ ၊ ကင်းတွေတော့ အဆင်သင့်ချထားတာ နှစ်ပတ်လောက်ရှိပြီ " - ဟု နမ့်ခမ်းသား စိုင်းခမ်းကပြောပါသည်။ မူစယ် နှင့် နမ့်ခမ်းမြို့နယ်ဘက်တွင် မြေကွက်သိမ်းခံရသည့်ပြဿနာအပြင် လားရှိုးမြို့တွင် ဂျူလိုင်လက နှစ်ကြိမ်၊ ဩဂတ်စ် ၁၉ ရက်နေ့က တကြိမ် ရေကြီးသောကြောင့် ရေဘေးဒုက္ခခံရသူ နှစ်ထောင်ကျော်ကြောင်း၊ အိုးအိမ် နှင့် ခြံမြေများ ပျက်စီးဆုံးရှုံးမှု သန်းပေါင်း ထောင်ချီကြောင်း၊ ရေကြီးမှုကြောင့် လမ်းတံတားများ လည်း ပျက် စီးကြောင်း လားရှိုးမြို့ ရပ်မိရပ်ဖ SNLD ပါတီဝင်တဦးက ပြောပါသည်။ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ပြည်ခိုင်ဖြိုးပါတီဝင်၍ ရွေးကောက်ပွဲဝင်ချိန် အထိ သျှမ်းတမျိုးသားလုံးဆိုင်ရာ စာပေယဉ်ကျေးမှု ၏ (လားရှိုးမြို့) ဗဟိုကော်မတီ ဥက္ကဌ အဖြစ် တာဝန် ခဲ့သူဖြစ်သည်။ |
| သျှမ်းတပ်ဖွဲ့နှင့်ဆက်သွယ်မှုရှိ မရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများအား မြန်မာစစ်တပ်ခေါ်ယူစစ်ဆေး Posted: 14 Sep 2012 08:07 AM PDT သျှမ်းပြည်မြောက်ပိုင်းနမ္မတူမြို့နယ် မိုင်းမုအုပ်စုဝင် ကျေးရွာအုပ်ချုပ်ရေးမှူးများအား မန်စံရှိ ပင်မလျှပ်စစ်ဓါတ်အားခွဲရုံ၌ လုံခြုံရေးတပ်စခန်းချသည့် မြန်မာစစ်တပ် စခန်းမှူး က ယမန်နေ့က ခေါ်ယူစစ်ဆေးကြောင်း ဒေသအတွင်း သတင်းရပ်ကွက်ကပြောသည်။ မန်စံပင်မလျှပ်စစ်ဓါတ်အားခွဲရုံ (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)"မနေ့က နေ့ခင်း ၁ နာရီလောက်မှာ မန်စံအီးဘီစီရုံးမှာ လုံခြုံရေးစခန်းချတဲ့ စခန်းမှူးက မိုင်းမုအုပ်စုဝင် ၇ ရွာက ရွာအုပ်ချုပ်ရေးမှူးတွေကိုခေါ်တွေ့တာ်။ ပြီးတော့ - သျှမ်းသူပုန်ကို အလုပ်လုပ်ပေးတဲ့လူရှိသေးလား။ စကားပြော စက်ကိုင်တဲ့လူ ရှိသေးလားလို့မေးတယ်။ ရွာသူကြီးတွေက မရှိပါဘူး။ မသိပါဘူးဖြေတော့ စခန်းမှူးက - နင်တို့ရွာတွေထဲကို သျှမ်းစစ်သားတွေဝင်ထွက်သွားလာနေ တယ်ဆိုတာ ငါသိတယ် တဲ့။ သူပုန်ကိုထောက်ပံ့ဆက်သွယ်တာကိုတွေ့ရင်တော့ မလွယ်ဘူးမှတ် လို့ပြောတယ်တဲ့" အုပ်ချုပ်ရေးမှူးများနှင့်နီးစပ်သူများ၏ပြန်လည်ပြောပြချက်ကိုကိုးကား၍ လားရှိုးမြို့နေ ဒေသခံလူငယ်တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။ မန်စံအုပ်စု အီးဘီစီရုံးအတွင်း လုံခြုံရေး စခန်းချထားသော အဖွဲ့တွင် လားရှိုးမှ ခမရ ၃၂၄ နှင့် ခလရ ၄၁ တပ် ပူးပေါင်းသည်ဟု ရွာသားများပြောပြချက်အရသိရသည်။ မန်စံအုပ်စုဝင် ဒေသခံရွာသား ၁၀ ယောက်ထက်မနည်းအား သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့၏ အမာခံလူများ ဟုစွပ်စွဲကာ ပြီးခဲ့သည့်လက အဆိုပါ မြန်မာအစိုးရစစ်ကြောင်းက ဖမ်းဆီးခဲ့သည်။ မြန်မာစစ်ကြောင်းမှူးတဦး အား SSPP က ပြန်လည်ဖမ်းဆီးပြီးနောက် ဒေသခံ ရွာသား ၆ ဦးကိုပြန်လွှတ်ပေးလိုက် သော်လည်း စိုင်းကျော်အေးအပါအဝင် ၄ ဦးအား ဆက်လက်ဖမ်းဆီးထားကာ မတရားအသင်း (သူပုန်)နှင့်ဆက်သွယ်မှု ဟုဆိုကာ ရုံးတင်အမှုဖွင့်တရားစွဲထားကြောင်း လားရှိုးဒေသခံ ကျားဖြူပါတီဝင် လူငယ်တဦးကပြောသည်။ " စိုင်းကျော်အေးကို အခု လားရှိုးထောင်ပို့ထားပြီ။ ကျန်တဲ့ ၃ ယောက်က ပိန်းလုံရွာသား စိုင်းလ၊ နားကေးရွာသားစိုင်းတင်းနဲ့ နမ့်ပိုင်ရွာသူကြီး စိုင်းထွေးညွန့်။ စိုင်းကမ်မဟုတ်ဘူး။ စိုင်းကမ်က ပြန်လွတ်သွားပြီ။ စိုင်းကျော်အေးကိုတော့ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ လားရှိုးထောင်ကြီးကို ပို့လိုက်ပြီ။ နမ့်ပိုင်ရွာသူကြီးကိုလည်း အမှတ် ၁ ရဲစခန်းမှာတွေ့တယ်။ ကျန် ၂ ယောက်ကိုတော့ သူတို့ပေးမတွေ့ဘူး။ နောက်မှတွေ့ပါလို့ပြောတယ်။ သတင်းထွက်နေသလို တကယ်ဘဲသေပြီ လား။ သို့မဟုတ် သူတို့ဆီမှာဘဲ ရှိနေသေးလားဆိုတာ ကျနော်တို့ အတိအကျမသိရသေးပါဘူး" ဟု လားရှိုးမြို့နေ ကျားဖြူပါတီ ဝင်လူငယ်တဦးကပြောသည်။ စိုင်းလနှင့်စိုင်းတင်းတို့အား ဩဂတ်စ်လ ၃၁ ရက်က ဖမ်းဆီးပြီးနောက် နားကေးရွာတွင် ရိုက်နှက်ကြောင်း၊ ခြေသလုံးရိုး များကျိုးကာ တကိုယ်လုံးတွင်လည်း ဒါးဖြင့်မွှန်းထားသည့်ဒဏ်ရာများပြည့်နေကြောင်း၊ မျက်လုံးများကျွတ်ထွက် လုမတတ် ဖြစ်နေပြီး ည ၉ နာရီခန့် နမ္မတူ ဘက်သွားရန် ၎င်းတို့၏ တုန်းဖုန်းကားပေါ်ပြန်ပစ်တင်စဉ် တုတ်တုတ်မျှမလှုပ်တော့ ကြောင်း၊ သေဆုံးသွားပြီဟုယူဆရကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ နားကေးရွာသားများကပြောသည်။ ထိုစဉ်မှစ၍ ၎င်းတို့ ၂ ဦး၏သတင်းမကြားရသည်မှ ယနေ့တိုင်ဖြစ်ကြောင်းလည်း ဆွေမျိုးတော်စပ်သူများကပြောသည်။ ဩဂတ်စ် ၂၃ ရက်နေ့မှစ၍ စတင်အဖမ်းခံရသူများမှာ ပိန်းထောန်ရွာဥက္ကဌ စိုင်းအောင်ညွန့်၊ ရွာသား စိုင်းကျော်အေး၊ ထိုနောက်ပိုင်း နောင်အော့ ရွာသား စိုင်းကမ်၊ နမ့်ပိုင်ရွာသူကြီး စိုင်းထွေးညွန့်၊ ပိန်းလုံရွာသား စိုင်းလ၊ နားကေးရွာသား စိုင်းအိုက်တင်း၊ လုံးနွံ၊ စိုင်းဆော၊ ကွန်ကျောင်းရွာသူကြီး စိုင်းစံမိန်းနှင့် ရွာသားစိုင်းမြ တို့ဖြစ်သည်။ |
| တာလေထွေအုပ်ကိုပြသနာရှာတာကတော့ ရွာသားတွေလက်မခံပါ Posted: 14 Sep 2012 04:47 AM PDT သို့- သျှမ်းသံတော်ဆင့်အယ်ဒီတာခင်ဗျား ၁။ ကျနော်ကတော့ တာလေ၊ နားဟိုင်းလုံရွာက လယ်သမားတစ်ဦးဖြစ်ပါတယ်။ကျနော်တို့ရွာမှာ ပြီးခဲ့ တဲ့လကရွှေတူးတဲ့အဖွဲ့ (၂) ဖွဲ့က နစ်နာတဲ့လယ်သမားတွေ အတွက် စပါးဘိုးရတဲ့ လျော်ကြေးငွေနဲ့ အသုံးအဆောင်လာဝယ်ရင်း မိတ်ဆွေတစ်ယောက်ကပြောလို့ ဒီလျော်ကြေးငွေအကြောင်း အင်တာနက် မှာပါတယ်ဆိုလို့ အကြောင်းမှန်ကို သိရအောင်ဒီစာကို ရေးလိုက် တာပါ။ ကျနော်တို့ ရွာသားတွေက အင်တာနက်ဆို တာဘာမှန်းမသိပါဘူး။ အမှန်တရားဖြစ်စေချင်လို့ မိတ်ဆွေကိုဘဲအကူအညီတောင်းလိုက်ရတယ်။ ၂။ ကျနော်တို့နားဟိုင်းလုံတစ်ရွာထဲ အတွက် လွယ်ခမ်းလုံနဲ့ စိုင်းတစ်အဖွဲ့က စပါးဘိုးလျော်ကြေးငွေ ဘတ်(၉)သိန်းကျော်ပေးပါတယ်။ အဲဒါအပြင် စိုင်းတစ် အဖွဲ့က ရေလှောင်ကန်နဲ့ရေပိုက်အတွက် ဘတ် ငွေ(၄)သိန်းလောက် အကုန်ခံပြီးလှူတန်းခဲ့ပါတယ်။ ဖြစ်ပုံက စိုင်းတစ်အဖွဲ့က ဦးစိုင်းဝန်းကိုငွေပေးပြီး မှ ရေပိုက်(၃၀၀)ဘိုးငွေ ဘတ်(၄)သောင်းခွဲပြန်တောင်းတာကြောင့်ပါ။ အမှန်က ရေပိုက်ဘိုးငွေဘတ် (၇၆၉၅၀)ကုန်ကျတာကို စိုင်းတစ်အဖွဲ့က အပြည့်မယူဘဲဘတ်(၄)သောင်းခွဲ ဘဲပြန်ယူတာပါ။စိုင်းတစ်က ရေပိုက်ဝယ်တဲ့ပြေစာလဲထည့်ပေးလိုက်ပါတယ်။ ၃။ ဒီကြားထဲ ကျားဖြူပါတီကစိုင်းခမ်းဘတ်(၁)သောင်းခွဲလာယူတာကိုအင်တာနက်ထည့်လည်း အဖြစ် မှန်မို့လို့ ဘာမှမပြောလိုပါဘူး။ ကျားဖြူပါတီကရေရအောင်လုပ်ပေးဘို့နေနေ သာသာ ရေသန့်ဘူး တောင်လာလှူဘူးလို့လား။ကျားဖြူပါတီငွေလာကောက်တဲ့အကြောင်းကိုတော့ ကျနော်တို့လက်မှတ် ထိုးပြီး တာလေ ထွေအုပ်ကိုတိုင် ထားတယ်။ အခုထိတော့မထူးသေးပါဘူး။ ကျားဖြူကိုပြသနာ ရှာတာ ဘာမှမပြောလိုပေမဲ့ တာလေထွေအုပ်ကိုပြသနာရှာတာကတော့ရွာသားတွေလက်မခံပါဘူး။ တာလေ အုပ်ချုပ်ရေးမှူး၊ ရွှေတူးအဖွဲ့နဲ့ မြေစာရင်းကလူတွေ လယ်သမားတွေလျော်ကြေးရဘို့နေပူ မိုးရွာမရှောင် လယ်တောထဲအကြိမ်ကြိမ်ဆင်းပြီး၊ရွာသားတွေကျွေးတဲ့ထမင်းတောင် မစားဘဲ လုပ်ပေးတာ ကျေးဇူး တင်နေတုံး အခုလို မတရားစွပ်စွဲ တာကို မခံချင်လို့ သျှမ်းသံတော်ဆင့်ကနေပြန်ဖြေရှင်းတာပါ။ အယ်ဒီ တာအဖွဲ့လည်းရွာရောက်ရင် ရေပိုက်(၃၀၀)ကျော်နဲ့ ရေလှောင်ကန်အတွက်ဘတ် (၃)သိန်းကျော် ရွာ သူကြီးလက်ထဲမှာရှိနေတာလာကြည့်နိုင်ကြောင်း တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။ နားဟိုင်းလုံက စိုင်းလုံ |
| လဲချားမြို့နယ် ဒေသခံလူထုတို့ ဆက်ကြေး၊ ရံပုံငွေထည့်နေရ Posted: 14 Sep 2012 04:46 AM PDT သို့ - သျှမ်းသံတော်ဆင့် လဲချားမြို့နယ် ပုံတိုက်ကျေးရွာအုပ်စု ၊ နားမန်းကျေးရွာအုပ်စု ၊ ဟတ်လီကျေးရွာအုပ်စု ရှိ ကျေးရွာများ တွင် လုံးယ ၊ ဗိုလ်မှူးဘီလီ ၊ ဗိုလ်မွန်း ၊ ဆရာသောင်း တို့ ခေါင်းဆောင်သော လွိုင်ချယ် အခြေစိုက် PNA ပအိုဝ်း ပြည်သူ့စစ်များ ဗိုလ်ကျစိုးမိုးလျှက်ရှိနေသည်။ ထိုကျေးရွာအုပ်စုများတွင် သျှမ်းလူမျိုးများ နေ ထိုင်ကြပြီး ပအိုဝ်းလူမျိုးများက လက်နက်ကိုင် အဖွဲ့အစည်းများ ဖွဲ့စည်းပြီး အစိုးရနှင့် ငြိမ်းချမ်းရေး ရယူကာ ပြည်သူ့စစ်အသွင်ပြောင်းပြီးကြသူများ ဖြစ်ကြပါသည်။ ယခုအခါတွင် လွိုင်ချယ်အခြေစိုက် ပအိုဝ်း ပြည်သူ့စစ်များသည် ကျေးရွာအုပ်စုများသို့ (၃) လလျှင် တစ်ကြိမ် ငွေကျပ်သိန်း (၃၀) မှ (၄၀) ကြား တောင်းခံနေလျှက်ရှိပါသည်။ ထို့အပြင် ထိုဒေသအတွင်းရှိ ကျောက်မီးသွေးထွက်ရှိသော နေရာများကိုလည်း လွိုင်ချယ်နဂါး ကုမ္ပဏီအမည်ဖြင့် အကွက်ရိုက်ဆွဲ ထားပြီး ကိုယ်ကျိုးစီးပွားဆောင်ရွက်ထားရှိပါသည်။ ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သည့်အာမခံချက်မျှ ခိုင်မာအောင် ဆောင်ရွက်ထားရှိခြင်းမရှိသည့်အပြင် ကျေးရွာလမ်းများကိုလည်း ပြည်သူလူထု၏ လုပ်အားကို အတင်းအဓမ္မ အမိန့်ပေးစေခိုင်း၍ သဲတိုက် ကျောက်တိုက် လမ်းခင်းခြင်း များ ဆောင်ရွက်စေခဲ့ပါသည်။ ၎င်းတို့၏ ကျေးရွာအုပ်စုသို့ အကူအညီပေး ကာကွယ်နေသည်ဆိုသည် များမှာ လည်း အတင်းအဓမ္မ စေခိုင်းခြင်းများနှင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွား ကာကွယ်ခြင်းများသာ ရှိခဲ့ပါသည်။ ထိုကျေးရွာအုပ်စုများရှိ အကွက်အကွင်းကောင်းမွန်၍ စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် စီးပွားဖြစ်ဓာတ်သတ္တုတူးဖော်ရေးနေရာများကိုလည်း ဗိုလ်ကျစိုးမိုး အနိုင်ပိုင်း၍ သိမ်းယူနေခြင်းလည်း များစွာဖြစ်ပေါ်လျှက်ရှိနေပါသည်။ လက်နက်ကိုင်အဖွဲ့အစည်းဖြင့် ပြည်သူများအား အတင်းဖိနှိပ်ချုပ်ချယ် အုပ်ချုပ်လျှက်ရှိပါသည်။ ယခင် နှစ်များတွင် ၎င်းတို့စေခိုင်းသည့်အတိုင်း သို့မဟုတ် စေခိုင်းသည့်အတိုင်း ဖီဆန်ခြင်းများ ရှိခဲ့ပါက လွိုင်ချယ်တောင်ပေါ်သို့ ဖမ်းဆီး ခေါ်ဆောင် နှိပ်စက်ညှင်းပမ်း ထောင်သွင်းအကျဉ်းချခြင်းများ၊ အသက် ဆုံးရှုံးခဲ့ရခြင်းများလည်း ကြုံဆုံခဲ့ရရာ ယခုအခါတွင် ရွာသားများသည်လည်း စီးပွားရေး အဆင်မပြေ ရသည့်အပြင် ပေးဆောင်ရန်အတွက် ကိုယ်ဆင်းရဲ စိတ်ဆင်းကြုံတွေ့နေကြရပါသည်။ ထို့အပြင် ပအိုဝ်းများ နေထိုင်သော ၀မ်ကန်ရွာသားများသည်လည်း ၀မ်မိုင်ဆုံရွာမှ နှစ်ပေါင်းရှည်ကြာစွာ လယ်လုပ် စိုက်ပျိုးလာခဲ့သော လယ်ကွက်အား ၎င်းတို့အပိုင်ဟုဆိုကာ ငါးမွေးမြူရေးကန် တည်ဆောက် ရန် အတင်းသိမ်းဆည်း လုယူနေမှု ဖြစ်ပွားလျှက်ရှိနေပါသည်။ သို့ဖြစ်ပါ၍ ပြည်သူပြည်သားများအား မတရားသောနည်းလမ်းများဖြင့် ချုပ်ချယ်နေကြသော အဆိုပါ အဖွဲ့အစည်းများ၏ ဆောင်ရွက်နေသော ကိစ္စရပ်များအား တာဝန်ရှိသူများမှ စစ်ဆေးအရေးယူ တားဆီးကာကွယ်ပေးပါရန် တောင်းဆိုအပ်ပါသည်။ မခံမရပ်နိုင်သော လဲချားဒေသခံတဦး |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |

