အယ်ဒီတာ့လက်ရေး (၁၈)
၂၀၁၂ နဲ့ မိုးမခ၊ ပြီးတော့ … ဦးနုပါလီမန်မှသည် ဒေါ်စုပါလီမန် ဆီသို့
မောင်ရစ်၊ ဇန်န၀ါရီ ၁၈၊ ၂၀၁၃
၂၀၁၃ နှစ်သစ်ကူးမှာ ၂၀၁၂ နှစ်ကို နှုတ်ဆက်လှည့်ကြည့်တဲ့စာ မရေးရသေးဘူး။ မိုးမခရဲ့ လက်တဆုပ်စာမရှိတဲ့ အယ်ဒီတာတွေကလည်း နှစ်ကူးကို အဖက်လုပ်ပြီး မရေးကြဘူး။ သည်တော့ ကာတွန်းရေးတာတွေ ဘေးချပြီး စာလေးဘာလေး ရေးရတော့မှာပေါ့။
မိုးမခနဲ့ ပတ်သက်လို့ကတော့ ၂၀၁၂ မှာ စာမူပေါင်း ၂၉၂၈ ပုဒ် တင်ခဲ့တယ်။ တလကို ဆောင်းပါး ၂၄၀ ကျော်ပေါ့။ စာမူခ လက်ခ လဘက်ရည်ဖိုး ဘာမှ မပေးနိုင်တဲ့ ကိုယ်ထူကိုယ်ထ စာနယ်ဇင်းအဖွဲ့ဟာ ၂၀၁၂ မှာ ပင်တိုင်စာမူရှင် ၈ ဦးလောက်ကို တိုးလာတယ်။ အရင်လူတွေလည်း ကြိုကြားကြိုကြား ဆက်ရေးနေကြတယ်။ ၀မ်းသာစရာပဲ။ ၀မ်းနည်းစရာက စာမူရှင်တွေ နယ်က သတင်းတွေ ပေးစာတွေ ရေးပေးနေသူတွေကို စာမူခလေး၊ ခရီးစာရိတ်လေးတောင် မပေးနိုင်တာ။ မပေးနိုင်ဘူးဗျာ။ ဒီလိုပဲ ဆက်သွားကြမှာပဲ။ အင်း … ဘယ်လောက်ကြာကြာခံမလဲ။ မသိဘူးဗျ။ ခေတ်အဆက်ဆက်မှာ လူမိုက်တွေဆိုတာ ကုန်ခန်းသွားတဲ့အရာမဟုတ်ဘူးလေ။ လူမိုက်တွေနဲ့ပဲ စခန်းသွားရမှာပဲ။ လူလိမ္မာတွေဆိုတာက မိုးမခကို ဖတ်ကောင်းတဲ့အရာလို့ ထင်တာမဟုတ်ဘူးမို့လား။
၂၀၁၂ မှာ ကွန်မြူနီတီလှုပ်ရှားမှုတွေဟာ ဒေသအသီးသီးမှာ တက်ကြွလာတယ်။ ကွန်မြူနီတီတွေဆီက သတင်းနဲ့ စာတွေကို တင်ဆက်တာ၊ လက်တွဲလှုံဆော်တာတွေ လုပ်တဲ့ မိုးမခမှာ ကွန်မြူနီတီက မြင်ကွင်းတွေနဲ့ အရောင်စုံလာတယ်လို့ ပြောရမယ်။ ပင်တိုင်ရေးလာသူတွေ ကိုယ်တိုင်ကလည်း သူတို့ကွန်မြူနီတီထဲမှာ ၀င်ရောက်ကူညီ လှုပ်ရှားနေကြတော့ ခေတ်ပေါ်အသံသစ်တွေ ကြားရတယ်လို့ ဆိုရမယ်။ ဆရာ (ဦး) မောင်စွမ်းရည်နဲ့ ဆုံတော့ ခေတ်ပြိုင်စာရေးဆရာတွေ၊ မိုးမခမှာ စာရေးသူတွေထဲမှာ ဘုန်းကြီးတွေလည်း အတော်ရှိတာပဲလို့ မှတ်ချက်ပေးတယ်။ ဟုတ်တယ်နော်။ သံဃာတော်တွေဟာ ဒေသခံပြည်သူတွေအတွက် အရိပ်အာဝါသပေးသူတွေ အားပေးကူညီသူတွေဆိုတော့ သူတို့ရဲ့ အသံတွေ၊ အာဘော်တွေဟာ အများကြီး သြဇာရှိပါတယ်။ သူတို့တွေရေးတဲ့စာတွေ ထည့်ခွင့်ရတာလည်း မိုးမခအတွက် ဂုဏ်ယူစရာ ၀မ်းမြောက်စရာ ဖြစ်ရပါတယ်။
မိုးမခမှာ စာရေးသူတွေအပြင် ကာတွန်းရေးသူတွေ၊ ကာတွန်းဆရာတွေအတွက် Cartoon Box ကဏ္ဍကို တင်ဆက်ထားမိတော့ ခေတ်ပြိုင်ကာတွန်းဆရာတွေရဲ့ လက်ရာတွေ အတော်ကို စုဆောင်း ကူးယူ ဖော်ပြခွင့်ရတာကလည်း ၀မ်းသာစရာပါပဲ။ ပန်းချီခန်းတွေ ဓာတ်ပုံခန်းတွေ လုပ်ချင်သော်လည်း ခါးက မသန်သေးဘူး။ တချို့ကလည်း စိတ်ပျက်စကားဆိုကြတယ်။ လက်ရှိမြန်မာ့အရေး စိတ်မအေးတော့ စာတွေလည်း မရေးချင်သေးဘူးတဲ့။ စိတ်ကူးရှိတာ ရေးချင်တာသာ ရေးပါဗျာ။ သည်မိုးမခဆိုတဲ့နေရာဟာ နှလုံးသားချင်း စိတ်ကူးတာချင်း တူတဲ့ သူတွေ စုနေတဲ့ ဆုံနေတဲ့ ဇရပ်လိုနေရာလေးပဲ။ ကျော်ဟိန်းသီချင်းထဲကလို "သည်နေရာမှာ ခနလောက်နားပြီးတော့ ပြန်ထွက်သွားမှာလည်း သိရက်နဲ့ ကူညီချင်တယ် …" သည်လိုမျိုးပေါ့။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ဦးချစ်ဆိုင်၊ ကာတွန်းဘောက်စ်၊ စွယ်တော်ရိပ်၊ ပန်းချီခန်း၊ အဲသည်မှာ ဖြတ်သန်းခဲ့ရဘူးတဲ့ ခံစားမှုမျိုး ကျနော်တို့ သည်နေရာကနေ ပေးနိုင်ခဲ့ရင် ကျေနပ်ပါတယ်။ သည်အပင် သည်အရိပ်ကို ကျနော်တို့ အတူစိုက်ခဲ့တာ ဒီ ၂၀၁၃ မှာ ၁၀ နှစ်ပြည့်မယ်။ မိုးမခပင်ဟာ ဓာတ်မြေသြဇာတွေ မပါတဲ့ လူထုထဲက အဟာရနဲ့ အော်ဂင်နစ် သစ်ပင်လေးပေါ့။
အင်း … ကို်ယ်ထူကိုယ်ထဆိုတော့ ပြောချင်တာလည်း လွတ်လွတ်လပ်လပ် ပြောရတာပဲ။ တလောက ပြည်တွင်းကမိတ်ဆွေတွေက မေးတယ်။ ခင်ဗျားတို့က ဒေါ်စုတို့ အင်န်အယ်ဒီတို့ ၊ ၈၈တွေ ၉၀တွေ ၁၀၀တွေ၊ ဘာတို့ ညာတို့ အတိုက်အခံတို့ကို အတော် ပြောချင်ဆိုချင် ခလုတ်တိုက်ချင်လှချေလားတဲ့။ ကာတွန်းတွေကလည်း အတော် အပေါက်ဆိုးလိုက်တာ တဲ့။ ကိုယ်တိုင်လည်း လာလုပ်ကြည့်ပါဦးလားတဲ့။ အင်း … ဒါကလည်း အတော်ကို လုံလထုတ်ပြီး အားစိုက်ပြီး ပြောရ ဆိုရတာပါဗျာ။ လာတော့ မလုပ်ပါဘူး။ သူတို့လည်း သူတို့အလုပ်လုပ်ပေါ့။ ကိုယ်လည်း ကိုယ့်အလုပ်ကိုယ် လုပ်တာပေါ့။
မင်းကာတွန်းဆွဲတာ နေရာမကျပါဘူးကွာ ဖယ်ဖယ် ငါဆွဲမယ်ဆိုရင် "ဟေ့ကောင်ရေ … ကိုယ့်မင်၊ ကိုယ့်စာရွက်၊ ကိုယ့်အိုင်ဒီယာ၊ ကိုယ့်လက်ရာနဲ့ ဆွဲပါ" လို့ ပြောရမှာပေါ့။ ရော့ရော့ ငါ့ကလောင်၊ ငါ့စင်၊ ငါ့နေရာတွေ ယူပြီး ဆွဲပါလို့ ဖယ်ပေးပြီးတော့ ပေးလုပ်လို့ရတာမှ မဟုတ်ဘဲ။ ဟာ … အင်န်အယ်ဒီလုပ်တာ နေရာမကျပါဘူး။ ဖယ်ဖယ် ဒေါ်စု ဖယ်။ ဒီက ဂျော်ဒီးကို လွှတ်ပြီး လုပ်ခိုင်းလိုက်မယ်လို့ ပြောလို့ ရတာမျိုးမှ မဟုတ်တာပဲ။ အခုဟာက သူတို့လည်း သူတို့အလုပ်တွေလုပ်၊ ကိုယ်လည်း ကိုယ်လုပ်နိုင်တာ လုပ်နေကြတဲ့သဘောပဲ။ ပြောတာ ဆိုတာ ဝေဖန်ကြတယ်ဆိုတာကလည်း တိုင်းပြည်နဲ့ လူမှုဝန်းကျင်ဆက်ဆံရေးဘ၀ အပြောင်းအလဲကို ထူထောင်နေကြတာ၊ လေ့ကျင့် ဖြတ်သန်းနေကြတာလေ။
ပြောရရင် အနှစ် ၂၀ ကျော် သွေးတွေ ချွေးတွေ ပေးဆပ်မှုတွေနဲ့ ထူထောင်လာတဲ့ ဘ၀တွေ၊ အဖြစ်အပျက်တွေ၊ သမိုင်းမှတ်တိုင်တွေ၊ အဖွဲ့အစည်းတွေဆိုတာ အစကနေ ပြန်စလို့ ရတာတွေ မဟုတ်ဘူး၊ လူစားထိုးလို့ လူစားလဲလို့ ရတာတွေ မဟုတ်ဘူး။ သူတို့ ပေးဆပ်မှုတွေ စွမ်းဆောင်မှုတွေနဲ့ ဖြစ်တည်လာတာ ဖြစ်တယ်။ ပါတီတွေ ဘာတွေဆိုတာကလည်း ခုတမျိုး နောင်တမျိုး ထောင်လိုက် လှဲလိုက် လုပ်လို့ရတာမျိုးလည်း မဟုတ်ပါဘူး။ ဆက်ပြီးတော့ ဖြတ်သန်းရဦးမှာ။ ဆက်ဖြတ်နေဆဲပဲ။
ခုချိန်မှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ အတိုက်အခံ၊ လက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသားများ၊ ပြည်သူလူထု၊ အရပ်ဖက်အဖွဲ့အစည်း၊ မီဒီယာ စသည့် လူတန်းစား အလွှာအသီးသီးဟာ ၂၀၁၂ အတွင်းမှာ နိုင်ငံရေးအဆင့် ပွင့်လင်းမှုတွေ ရလာတယ်။ အပြောင်းအလဲတွေ မြင်လာရပါတယ်။ ကြိုဆိုပါတယ်။ ထစ်ခနဲ ရှိ ဆဲလိုက် ဆိုလိုက် ရိုက်လိုက် ဖမ်းလိုက် သတ်လိုက် ပစ်လိုက်ကနေပြီး ဆင်ဆင်ခြင်ခြင် ဖြစ်လာတယ်။ အိနြေ္ဒလေး ဘာလေး ဆည်လာတယ်။ ဒီကနေ ရှေ့ဆက်တိုးဖို့မှာ လူတန်းစားအသီးသီးစိတ်ထဲမှာ အရင်တုန်းကလို သံသယစိတ်တွေ မသွင်းစေတော့ဘဲ သတိထားတဲ့စိတ်၊ ကမူးရှုးထိုးမဟုတ်ဘဲ သတ္တိနဲ့ ရင်ဆိုင်တဲ့စိတ်တွေ အကျင့်လုပ်ကြဖို့ လိုတယ် ထင်မိတယ်။
ဘာကြောင့် ဒါတွေ ပြောနေမိသလဲဆိုတော့ တလောက ကိုကိုမောင်ကြီးရဲ့ တရံရောအခါကများဆိုတာကို ဖတ်မိတာကြောင့်ပါ။
လွတ်လပ်ရေး ရကတည်းက မြန်မာပြည်မှာ ပြည်တွင်းစစ်နဲ့ ကြီးရတော့တာပဲ။ ပါလီမန်ဒီမိုကရေစီစနစ်အောက်မှာ လူတွေဟာ တဖက်က နိုင်ငံရေးပြသနာတွေ အကြပ်အတည်းတွေကို ရင်ဆိုင်ရ၊ တဖက်က ပြည်တွင်းစစ်မီးတွေကို ရင်ဆိုင်ရ၊ ဒါတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီးတော့ မြန်မာပြည်သူတွေဟာ ရင့်ကျက်ခွင့် မရလိုက်ဘဲနဲ့ စစ်အာဏာရှင်စနစ်ထဲကို ကျုံးသွင်းခံလိုက်ရတယ်လို့ တွေးမြင်မိတော့တယ်။ အဲသည်မှာ စာရေးဆရာ ရေးထားပုံက မြန်မာပြည်သူတွေအတွက် ပါလီမန်စနစ်ဆိုတာဟာ မသင့်တော်၊ မလျော်ညီတဲ့အတွက် မြန်မာပြည်သူတွေအတွက် ပကတိအခြေအနေတွေအတွက် သင့်တော်တဲ့ စနစ်ဖြစ်တဲ့ မြန်မာနည်း မြန်မာ့ဟန် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နဲ့ တပါတီစနစ်ကို ထူထောင် အသက်သွင်း (သွတ်သွင်း) ရတယ်လို့ ရေးထားပါတယ်။ အဲသည်တော့ ပင်ပန်းနွမ်းနယ်နေတဲ့ သံသယအမဲတုံး မိနေတဲ့ ပြည်သူတွေ လူထုလူတန်းစားတွေကို အပေါ်ယံ ဖွဲ့စည်းပုံတွေ၊ ပါတီ၊ ကောင်စီတွေ၊ ဘာတွေ ညာတွေနဲ့ ချွေးသိပ်ပြီး သကာလမှာ စစ်အာဏာရှင်တွေဟာ တပ်မတော်ကို လက်ကိုင်တုတ်လုပ်ပြီးတော့ တပြည်လုံးကို ဖိနှိပ်ချုပ်ချယ် အုပ်စိုးခဲ့တော့တာပဲ မဟုတ်လား။
ပြန်တွေးမိတော့ နိုင်ငံရေးအာဏာကို အပြိုင်အဆိုင် အနိုင်လုကြတဲ့ဆီမှာ ဦးနုပါတီနဲ့ ဦးနု ဆိုတာဟာ တပြည်လုံးရဲ့ အသည်းစွဲပါ။ ဦးနုပါတီ ခွဲထွက်တွေ၊ ခေတ်ပြိုင်အခြားပါတီတွေ၊ ခေါင်းဆောင်တွေ ဘယ်လောက် ကြိုးစား ကြိုးစား … ရွေးကောက်ပွဲမှာ ဦးနုပဲ နိုင်တာပဲ။ ဦးနုပါတီပဲ ဗိုလ်စွဲခဲ့တာပဲ မဟုတ်လား။ သို့သော်လည်း အစိုးရအဖွဲ့ထဲမှာ ပါလီမန်ထဲမှာ ပဋိပက္ခတွေ၊ အကြပ်အတည်းတွေ၊ ပြသနာမျိုးစုံတွေ စီးပွားရေး၊ နိုင်ငံရေး စားကျက်တွေ၊ စားခွက်တွေ လုကြ၊ ပြိုင်ကြ၊ ရင်ဆိုင်ဖြေရှင်းကြတဲ့အခါ အဲသည်တုန်းက ဗိုလ်နေ၀င်း ဦးဆောင်တဲ့ စစ်ခေါင်းဆောင်တွေဟာ မြန်မာ့နိုင်ငံရေးကို လက်နက်ကိုင် စွက်ဖက်ခဲ့ကြ၊ လူမွေး၊ ပါတီမွေး၊ အတွင်းမီး အပြင်မီးတွေ မွှေးခဲ့ကြတာတွေ၊ ပြည်တွင်းစစ်မီးတလူလူကို ငြိမ်းချမ်းရေးနဲ့ မဖြေရှင်းဘဲ သံသယမီးနဲ့ သွေးထိုးခဲ့တာတွေကြောင့် နောက်ဆုံးမှာ လက်နက်ကိုင် ဗိုလ်လုပ်ပြီးတော့ ငြိမ်ဝပ်ပိပြားတည်ငြိမ်ရေးကို အင်အားသုံးရှင်းပေးတဲ့ တပ်မတော်အစိုးရ အာဏာသိမ်းတာနဲ့ မြန်မာပြည်သူတွေ ချွေးသိပ်ခံခဲ့ရတယ် မဟုတ်ပါလား။
ဦးနုပါလီမန်မှာ၊ ဦးနုဆီမှာ လူထု လူတန်းစား အဆင့်ဆင့်၊ မြို့နယ်၊ ကျေးရွာ အဆင့်ဆင့်၊ တောင်တန်း မြေပြန့် အသီးသီးက နိုင်ငံရေးခေါင်းဆောင်တွေ၊ နောက်လိုက်တွေ၊ အင်အားတွေကသာ အခြားအပြိုင်အဆိုင်တွေ အတိုက်အခံတွေကို တည်ငြိမ် ရင့်ကျက်စွာ ရင်ဆိုင်နိုင်ရင်၊ ပြည်သူတွေကိုလည်း ပကတိပြသနာတွေ အဖြေရှာဖို့ ပွင့်လင်းလွတ်လပ်တဲ့ အခြေအနေတွေ ဖန်တီးပေးနိုင်ခဲ့ရင် စစ်အာဏာရှင်လက်ထဲ အာဏာထိုးအပ်ရတဲ့ အဖြစ်ရောက်ခဲ့မယ် မဟုတ်ပါဘူး။ နောက်ဆုံး ၆၂ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်မှာ ဦးနေ၀င်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီကို ခေတ်ပြိုင်အလွှာတွေ အတော်များများက နောက်လိုက် နောက်ပါ ၀ိုင်းဝန်း စောင်မခဲ့ကြတာကြောင့် ၁၉ ၇၄။ ၇၅ မှာ မြန်မာဆိုရှယ်လစ်လမ်းစဉ် အခြေခံဥပဒေကြီးနဲ့ အုတ်မြစ်စွဲခဲ့ရတယ် မဟုတ်ပါလား။ (ဆန့်ကျင်ခဲ့တဲ့ အင်အားစုတွေလည်း အများအပြားရှိခဲ့ပါတယ်၊ သို့သော် …)
အခုလည်းပဲ သိပ်များမကြာခင်မှာ ဒေါ်စုပါလီမန်ဆိုတာ ပေါ်ထွန်းလာဖို့ မဝေးတော့ပါပြီ။ အဲသည်အခါကျရင် "ဟိတ် သည်အခန်း ဖြတ် …" ဆိုပြီး မောင်ရစ်တို့လို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကိုင်စွဲ ကျင့်သုံး လေ့ကျင့်နေသူတွေကို "ဖြတ်" ခိုင်း "သတ်" ခိုင်းခဲ့တာမျိုး မဖြစ်စေဖို့ ရွှေတိဂုံဘုရား အင်္ဂါထောင့်မှာ ဠင်းတ ၆ ကောင်ကို ရွှေချပြီး ယတြာကောင်းကောင်း ချေကြရင်ပဲ ကောင်းလေမလားလို့ တွေးရင်းနဲ့ အယ်ဒီတာ့လက်ရေးကို တခန်းရပ်လိုက်တယ်။ ။
(လူမုန်းများမယ့် သည်စာကို မရေးခင် ရွှေည၀ါဆရာတော်ရယ်၊ ဦးဝင်းတင်ရယ်ကို နှုတ်ကနေ ပြောမိ၊ တင်ပြမိပါတယ်။ ပြီးတော့ ရေးဖို့ ချိန်ရင်းကနေ ခုတလော လွှတ်တော်မှာ အဆိုတွေ တင်လိုက်၊ ထောက်ခံလိုက်၊ ကန့်ကွက်လိုက်တွေ မြင်မိလို့ မနေနိုင်တာနဲ့ ရေးမိပါကြောင်း)
THURSDAY, JANUARY 17, 2013
MoeMaKa Traveling Photo Essay - Death Valley (Nway Nway)
မိုးမခခရီးသွား ဓာတ်ပုံအက်ဆေးများ (၁)
သေမင်းတောင်ကြားသို့ နှစ်ခေါက်
နွေးနွေး၊ ဇန်န၀ါရီ ၁၈၊ ၂၀၁၃
မိုးမခမီဒီယာက ခရီးသွားကဏ္ဍတခု တိုးချဲ့လိုက်ပါတယ်။ မိုးမခရဲ့ စာရေးဆရာ နွေးနွေးက မိုင်ထောင်ပေါင်းများစွာ ခရီးသွားပြီး ရေမြေသဘာဝ၊ ဒေသန္တရ နောက်ခံသမိုင်းနဲ့ တိရစ္ဆာန်တွေကို လေ့လာမှတ်တမ်းတင်ခဲ့သမျှ တင်ဆက်သွားမှာဖြစ်ပါတယ်။
သည်တခေါက် ခရီးသွားဓာတ်ပုံအက်ဆေးကတော့ Death Valley (သေမင်းတောင်ကြား) လို့အမည်ရတဲ့ နီဗာဒါးပြည်နယ်နဲ့ ကယ်လီဖိုးနီယားပြည်နယ် ကြား၊ လ့ပ်ဗေးဂပ်မြို့တော်အနီးက သဘာဝဥယျာဉ် (National Park) ဖြစ်ပါတယ်။
Death Valley
ဒီဆောင်းရာသီမှာတော့ဖြင့် အပူဆုံး၊ အခြောက်သွေ့ဆုံးနဲ့ ပင်လယ်ရေမျက်နှာထက်အနိမ့်ဆုံး သဘာဝဥယျာဉ်ကို သွားဖြစ်ခဲ့တယ်။ မြောက်ဖက်စွန်းကနေ တောင်ဖက်စွန်းအထိ ရောက်အောက် ကားနဲ့ မောင်းပြီး သွားခဲ့တာဖြစ်ပါတယ်။ အမှန်ကတော့ ရာသီဥတုက အတော်ကောင်းပြီး သာယာတဲ့ ရာသီလို့ ဆိုရမယ်။
ပထမဆုံး သွားခဲ့စဉ်က နွေရာသီမှာပါ။ အဲသည်နှစ်တုန်းကဆို မောင်းသွားတဲ့ ကားဘီးတွေများ အရည်ပျော်ကုန်မလားလို့တောင် စိုးရိမ်မိပါသေး။ အဲသည်လောက်တောင် ဒေသက ပူပြင်းပါတယ်။ ဘာဆို ဘာမှလည်း မတွေ့ရဘူး။ တွေ့ရတာက ကျမရယ်၊ ကျမအမျိုးသားရယ် ကျီးကန်းတွေရယ်ပဲ ရှိတယ်လို့ ပြောရမယ်။ သဲတောင်ပို့ လှိုင်းတွန့်ကြီးတွေကို အနီးကပ်ကြည့်ချင်တာနဲ့ ၁၅ မိနစ်လောက် ခြေကျင်လျောက်ကြပါသေးတယ်။ ကန္တာရကင်းခြေများတွေရဲ့ ခြေရာတွေကို သဲမြေတွေပေါ်မှာ တွေ့ရတယ်။
အစက ထင်တာကတော့ အပူဒဏ်ကို ခံနိုင်ရည် ရှိလိမ့်မယ်လို့ပေါ့။ သောက်ရေသယ်မလာဘဲနဲ့ ကန္တာရာထဲကို လမ်းလျောက်ထွက်လာတယ်ဆိုတာကို ပေါ့ပေါ့ဆဆ မေ့နေမိကြတာလေ။ ဒါနဲ့ ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ ကားဆီကို ပြန်လှည့်လာကြတော့ သဲတွေက ခြေထောက်တွေကို ဆွဲထားကြသလိုမျိုး ခံစားရတယ်။ ပါးစပ်တွေလည်း ခြောက်လာပြီး ရေကလည်း ငတ်လာတော့တာပဲ။ အဲသည် ၅ မိနစ်လောက်လေး ကာလဟာ သေရေး ရှင်ရေးတမျှ ရင်ဆိုင်ရတဲ့ ခံစားချက်ပါပဲ။ နောက်ထပ် ၅ မိနစ်လောက်သာ ဆက်ပြီး လမ်းလျောက်ရဦးမယ်သာ ဆိုရင် ရေငတ်တာနဲ့ သေသွားမယ်လို့တော့ တွေးမိတယ်။ နောက်ဆုံးတော့ ကားဆီကို အသက်နဲ့ ကိုယ် အိုးစားမကွဲ ပြန်ရောက်တယ်။ အဲသည်မှာ သောက်လိုက်ရတဲ့ ရေတပုလင်းဟာ တသက်မှာ အရသာအရှိဆုံး ရေပါပဲ။
ကဲ … ဒီတခေါက်တော့ ပြင်ဆင်ပြီးမှ သွားတယ် ဆိုကြပါစို့။ သောက်ရေနဲ့ စားစရာတွေကို ကားထဲမှာ ထည့်တယ်။ ရက်အနည်းငယ်စာ ရိက္ခာအဖြစ်တော့ ခံလောက်ပါရဲ့။ သဲကန္တာရထဲက အရုဏ်တက်နေဟာ အလှဆုံးပဲလို့ ဆိုချင်ပါတယ်။ မြူခိုးတွေနဲ့ လိမ္မော်ရောင်နေလုံးကြီးက တဖြည်းဖြည်းနဲ့ တက်လာတယ်။ အသက်ရှုရပ်သွားလောက်တဲ့ တဒင်္ဂအချိန်လေးကို အမြဲပဲ အမှတ်ရနေမိတော့မှာ ဖြစ်ပါတယ်။
သဲတောင်ပို့တွေ (လေတိုက်စားပြီး ပေါ်ထွန်းနေတဲ့ သဲတွန့်လှိုင်းတောင်တွေ)၊ Zabriskie Point လို့ ခေါ်တဲ့ တွန့်ခေါက်တောင်တန်းတွေပြီးတော့ မြေခွေး ၂ ကောင်ကို အဝေးပြေးလမ်းမကနေ မြင်တွေ့ရတယ်။
ကိုယ်ခံစားမိတဲ့အတိုင်းပြောရရင် ဒီလိုကားမောင်းရတဲ့ ခရီးဟာ အထီးကျန်ပြီး ဂန္ဘီရဆန်တဲ့ ခံစားမှုတွေကို ပေးတယ်။ အရင်တခါလာတုန်းက ကျီးကန်းတွေ့ခဲ့တဲ့နေရာမှာ ကားကို ရပ်ပြီး အပြင်ကိုထွက် ဓာတ်ပုံရိုက်ဖို့ လုပ်မိတယ်။ အဲသည်နေရာက တောင်ကြားနဲ့ နီးပြီ။ အဲသည်မှာ တောင်ကြားရယ်၊ မိမိကိုယ်တိုင်ရယ်၊ ကားလမ်းရယ်ဟာ တခုတည်း၊ တဦးတည်းလိုမျိုး ဖြစ်သွားတယ်။
ပြီးတော့ စွဲမက်ဖွယ် ရှုခင်းသာလမ်းဖြစ်တဲ့ Artists Drive ကို ဖြတ်မောင်းရတော့တယ်။ အရောင်အသွေးစုံတဲ့ မြင်ကွင်းမှာ လေပြင်းတွေ တိုက်ခတ်နေတဲ့ ရုတ်တရက် အချိုးအကွေ့ လမ်းကျဉ်းတွေ အပြည့်နဲ့ ကားလမ်းပေါ့။ နောက်ပြီးကျတော့ ပင်လယ်ရေမျက်နှာထက် ပေ ၂၈၂ အနက်အောက်အထိ နိမ့်ဝင်နေတဲ့ Bad Water ဆိုတဲ့ နေရာကို ရောက်ခဲ့တယ်။ အဲသည်မှာ ပတ်ဝန်းကျင်တခုလုံးဟာ ဆားတွေချည်း ဖုံးလွှမ်းနေတယ်လို့ ပြောရမယ်။ အရင်တခေါက်တုန်းက ဆားငန် မငန်မြည်းကြည့်ခဲ့ပြီးပြီဆိုတော့ ဒီတခါတော့ ထပ်မစမ်းတော့ပါဘူး။ တကယ်ကို ငန်ကျိနေတဲ့ ဆားတွေပါ။
တဖြေးဖြေး ဆက်သွားရင်းနဲ့ပဲ ထွက်ပေါက်လမ်းဆုံကို ရောက်လာခဲ့တော့တယ်။ မောင်းရတဲ့ ခရီးလမ်းဟာ တကယ်ကို စိတ်ဝင်စားဖွယ်ရာ အပြည့်နဲ့ပါ။ နောင်တချိန်မှာ ထပ်သွားပြီး သဲကန္တာရကြီးအကြောင်း ပိုသိအောင် ကြိုးစားဦးမယ်လို့ စဉ်းစားထားပါတယ်။
နွေးနွေး
RFA (Tibet) questioned by US Congressman
အမေရိကန်၏ သတင်းဌာန RFA တိဗက် အုပ်ချုပ်ရေးပိုင်းကို လွှတ်တော်အမတ် မေးခွန်းထုတ်
ဘာသာပြန်သတင်း၊ ဇန်န၀ါရီ ၁၈၊ ၂၀၁၃
အမေရိကန်နိုင်ငံခြားသတင်းဌာနတခုအနေနဲ့ RFA ရဲ့လုပ်ရပ်တွေဟာ အဓိကအငြင်းပွားစရာ ဖြစ်လာနေပြီလို့ အမေရိကန်အောက်လွှတ်တော်အမတ်တဦး သတိပေး …
RFA တိဗက်ဌာနမှုး Mr. Jigme Ngapo ကို RFA အုပ်ချုပ်ရေးပိုင်းက ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာ အလုပ်ထုတ်ပစ်လိုက်တာနဲ့ပတ်သက်လို့ RFA ဥက္ကဌ လီဘီလူးဘက်က ရှင်းရှင်းလင်းလင်း မဖြေရှင်းတဲ့အပေါ်မှာ အမေရိကန်အောက်လွှတ်တော်အမတ် Dana Rohrabacher က RFA သတင်းဌာနကို စုံစမ်းစစ်ဆေးဖို့ လွှတ်တော်တွင်းသတိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဇန်န၀ါရီလ (၁၆)ရက်နေ့ရက်စွဲနဲ့အမေရိကန်အောက်လွှတ်တော်အမတ် Dana Rohrabacher ရဲ့ ထုတ်ပြန်ကြေညာချက်မှာ RFA အပါဝင် အမေရိကန်ပြည်ထောင်စုအစိုးရက ထောက်ပံနေတဲ့ နိုင်ငံခြားသတင်းဌာနတွေရဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ လွှတ်တော် နိုင်ငံခြားရေးရာကော်မတီနဲ့ ဘတ်ဂျက်ရေးရာကော်မတီကို တင်ပြထားကြောင်း ဖေါ်ပြထားပါတယ်။
ဒါအပြင် RFA ရဲ့အုပ်ချုပ်ရေးပိုင်းမှာ အာဏာရှင်ဆန်ဆန်အုပ်ချုပ်တဲ့ပုံစံမျိုးဖြစ်လာတာဟာ RFA သတင်းဌာနကို ထိခိုက်စေတယ်ဆိုတာ မြင်နေရကြောင်းလည်း အောက်လွှတ်တော်အမတ်Rohrabacher ကရေးသားထားပါတယ်။ တိဗက်ဌာနမှုးကို RFA အုပ်ချုပ်ရေးပိုင်းက အလုပ်ထုတ်လိုက်တာဟာ ပြည်ပရောက်တိဗက်အစိုးရရဲ့ ပယောဂမကင်းဘူးလို့လည်း အောက်လွှတ်တော်အမတ်ရဲ့ အရင်ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
လက်ရှိ ပြည်ပရောက်တိဗက်အစိုးရခေါင်းဆောင်ဟာ အရင် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့နေရာကိုဆက်ခံသူ Dr Lobsang Sangay ဖြစ်ပြီးတော့ သူဟာ တရုတ်အစိုးရပတ်သက်ရင် သဘောထားပျော့ပြောင်းသူအဖြစ် စွပ်စွဲခံထားရပါတယ်။
အောက်လွှတ်တော်အမတ် Mr.Rohrabacher ရဲ့ ကြေညာချက်မှာ တိဗက်ဌာနမှုးကို အကြောင်းပြချက်မရှိပဲ RFA ဥက္ကဌ လီဘီလူးက အလုပ်ကထုတ်ပစ်လိုက်တယ်လို့ရေးသားထားပါတယ်။ ဒီကိစ္စဟာ နိုင်ငံခြားကလွှမ်းမိုးမှုတွေရှိနေတယ်ဆိုတာကိုပြလိုက်တဲ့ သတိပေးချက်ဖြစ်နေတယ်လို့လည်း အောက်လွှတ်တော်အမတ်က ဖေါ်ပြထားပါတယ်။ အလုပ်ထုတ်လိုက်တဲ့ကိစ္စကို ဖြေရှင်းဖို့ ပန်ကြားချက်ကို တုန့်ပြန်တဲ့နေရာမှာ အသေးစိတ်ရှင်းလင်းဖေါ်ပြဖို့လဲ လီဘီလူးအနေနဲ့ပျက်ကွက်ခဲ့တယ်လို့လည်း အောက်လွှတ်တော်အမတ်ကဆိုပါတယ်။
RFA သတင်းဌာနတခုအနေနဲ့ ဂုဏ်သိက္ခာဆည်တဲ့အနေနဲ့ တိဗက်ဌာနမှုးကို အလုပ်ပြန်ခန့်ဖို့လည်း အောက်လွှတ်တော်အမတ်က တိုက်တွန်းထားပါတယ်။
အမေရိကန် လွှတ်တော်ကထောက်ပံတဲ့ ငွေကြေးရံပုံငွေနဲ့လည်ပတ်နေရတဲ့ RFA သတင်းဌာနအနေနဲ့ ဆောင်ရွက်ချက်တွေကို အခွန်ပေးဆောင်နေတဲ့ အမေရိကန်ပြည်သူတွေအတွက် တာဝန်ခံနိုင်ဖို့၊ ထင်သာမြင်သာရှိဖို့ကိုလည်း အောက်လွှတ်တော်အမတ်ရဲ့ အရင်ကြေညာချက်မှာ သတိပေးထားပါတယ်။ (Photo - file photo from his website)
Sunday Burmese Class at Metta Nanda turns 1 year
မေတ္တာနန္ဒကျောင်း မြန်မာစာသင်တန်း ၁ နှစ်ပြည့် မြင်ကွင်း
မိုးမခဓာတ်ပုံသတင်း၊ မေတ္တာနန္ဒ၀ိဟာရ ၊ ဇန်န၀ါရီ ၁၈၊ ၂၀၁၃
ဇန်န၀ါရီ ၁၃ ရက်နေ့က ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ မေတ္တာနန္ဒ၀ိဟာရကျောင်းတိုက်၊ ကလေးများအတွက် မေတ္တာနန ကလေးများအတွက် မေတ္တာနန္ဒ တနင်္ဂနွေ မြန်မာစာကျောင်း သင်တန်း ၁ နှစ်ပြည့် ကျောင်းသား မိဘများ မိတ်ဆုံပွဲနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ဧည့်ပရိသတ်များ စည်ကားစွာ တက်ရောက်ကြတာကို တွေ့ရပါတယ်။ ကျောင်းထိုင်ဆရာတော် ဦးဃောသိတာဘိဝံသနဲ့ အရှင်သီရိဝံသတို့ ကြည့်ကြပ်ပြီး သင်ကြားပေးတာဖြစ်ပါတယ်။
ဧည့်ပရိသတ်များ စည်ကားစွာ တက်ရောက်ကြတာကို တွေ့ရပါတယ်။ ကျောင်းထိုင်ဆရာတော် ဦးဃောသိတာဘိဝံသနဲ့ အရှင်သီရိဝံသတို့ ကြည့်ကြပ်ပြီး သင်ကြားပေးတာဖြစ်ပါတယ်။
Kamarpale - Poem
ဖွဲ့ဆိုခြင်း
ကမာပုလဲ
ဇန်န၀ါရီ ၁၇၊ ၂၀၁၃
ကမာပုလဲ
ဇန်န၀ါရီ ၁၇၊ ၂၀၁၃
ချစ်ခြင်းမေတ္တာကို
သံယောဇဉ်နဲ့ ဖွဲ့ပါ ...။
အမေ့ကို
ကျေးဇူးတရားနဲ့ ဖွဲ့ပါ ...။
ချစ်သူကို
အိပ်မက်နဲ့ ဖွဲ့ပါ ...။
အမေ့ကို
မေတ္တာတရားနဲ့ ထပ်မံဖွဲ့ပါ။
ချစ်သူကို
မြတ်နိုးခြင်း သစ္စာတရားနဲ့ ထာဝရဖွဲ့ပါ။
ယုံကြည်ချက်ကို
အသွေး ... အသား ... ဘ၀တခုလုံးနဲ့ဖွဲ့ပါ။
ကိုယ့်ကိုယ်ကိုယ်တော့
စင်ကြယ်ခြင်း သမိုင်းလိပ်ပြာနဲ့ ဖွဲ့ပါလေ ...။ ။
Maung Yin Nga Tay - Articles
ရောက်တတ်ရာရာ အတိုအစများ
မောင်ရင်ငတေ
ဇန်န၀ါရီ ၁၇၊ ၂၀၁၃
မောင်ရင်ငတေ
ဇန်န၀ါရီ ၁၇၊ ၂၀၁၃
● မီနီဘိုင်အိုနိဒါန်း
သေသေချာချာအကြောင်းမသိတဲ့သူတွေအများစုက မောင်ရင်ငတေကိုအပေါက်ဆိုးတယ်ရိုင်းတယ်စကားပြောကြမ်းတယ် ပြောကြတာဘဲ၊ မောင်ရင်ငတေ ဘာသာတော့ အဲလိုမျိုးတော့ဘယ်တော့မှမထင်ပါဘူး၊ ဒါပေမဲ့ ဒီလောကကြီးရဲ့ နေရာဒေသမျိုးစုံမှာ လူပုံစံမျိုးစုံနဲ့ တွေကြုံလာရတာတွေ များလာတော့ အရာရာကို ထေ့ပြီးငေါ့ပြီးသရော်ပြီး ဟာသလုပ်ပြောရတာကို ပိုပြီးသဘောကျလာမိတယ်ထင်တာဘဲ၊ တချို့ကလဲမောင်ရင်ငတေ့ကို လက်ရှိဘဝ လောကကြီးကိုကျေနပ်နေပြီး သဘောကျပြီး ပျော်ရွှင်နေတယ် ထင်ကြတယ်၊ အမှန်တော့ လောကကြီးက ဘာမှမဟုတ်ပါဘူး၊ သူ့ဘာသာသူ နေ့ပြီးတော့ည ဖြစ်ပျက်ပြောင်းလဲနေတဲ့ သဘာဝတရားအတိုင်း လည်ပတ်နေတာပါ၊ တကယ်တမ်းတော့ မောင်ရင်ငတေဘဝမှာ ကိုယ်လုပ်ချင်ရာတွေကိုလျှောက်လုပ်ပြီး ဖြစ်လာလာဖြစ်မလာလာလာ ရင်ဆိုင်ခဲ့ရတာတွေကအရေထူပြီးလာတော့ လောကကြီးကိုကျေနပ်အောင် နေတတ်လာတယ်ဘဲထင်ပါတယ်၊ လူတွေကသာ ဒါတွေကိုအရမ်းခံစားနေကြတာပါ၊ တကယ်ဆို ငိုစရာဆိုရင်လည်းအရမ်းမငိုနဲ့၊ ရယ်စရာဆိုရင်လည်းအရမ်းမရယ်နဲ့၊ ပျော်စရာဆိုရင်လည်း အရမ်းမပျော်နဲ့ အဲလိုမျိုးတွေ အရာရာအားလုံးကို ထိမ်းချုပ်နိုင်ခဲ့ပြီဆိုရင် လောကကြီးက သာယာလှပလာမှာပါ။
မောင်ရင်ငတေဘဝအစက မရှိမရှား အလယ်အလတ်တန်းစာမိသားစု၊ မောင်ရင်ငတေအဖေက ဒိစတြိတ်ကောင်စီက ဒိစတြိတ်အင်ဂျင်နီယာ နောက်ပိုင်းမှာ မြူနီစပယ်ဆိုတာနဲ့ပေါင်းပြီးတော့ စည်ပင်သာယာဆိုပြီးဖြစ်လာခဲ့တော့ စည်ပင်သာယာလက်ထောက်အင်ဂျင်နီယာ နောက်တော့ ရေရရှိရေးစီမံကိန်းတွေ ပေါ်လာပြီးတော့ကာ ရေပေးရေးအင်ဂျင်နီယာ၊ မောင်ရင်ငတေ မမွေးခင်ကနေစပြီးတော့ ၁၉၈၈ ထိ အဲဒီဌာနတခုတည်းမှာ အလုပ်လုပ်ခဲ့ပြီး၊ ၈၉ ကနေ ၂၀၀၇ အထိ ထိုင်းမှာအလုပ်လုပ်တယ်၊ ဗမာပြည်မှာ လုပ်သက် ၃၀ နီးပါး ထိုင်းမှာ ၁၈ နှစ်နီးပါး၊ နှစ်ခုပေါင်း ပင်စင်ခံစားခွင့် တစ်ပြားတစ်ချပ်မှ ခုထိမရရှိပါ၊ ၂၀၀၈ ကနေ ၂၀၁၀ ထိယူအက်စ်မှာနေတယ်၊ သူ့သားအငယ်ဆုံး မောင်ရင်ငတေညီနဲ့သွားနေတာ၊ မနှစ်ကကျန်းမာရေးမကောင်းလို့ ဗမာပြည်ကိုပြန်ပြီး အခုရန်ကုန်ချောင်းဝကျောင်းနားက ရတနာမွန်မှာ မောင်ရင်ငတေအမေနဲ့အတူနေတယ်၊ အမေရိကားကနေပြီးတော့ ကျန်းမာရေးမကောင်းလို့ ဗမာပြည်ပြန် ဆေးကုပြီးအသက်ဆက်တာ သူတစ်ယောက်ဘဲရှိသေးတယ်ထင်တယ်၊ အမရဲ့မိသားစုက အဖေ့အမွေရတဲ့အိမ် ဗဟန်းရွှေတိဂုံဘုရားနားက တိုက်ခန်းမှာ နေတယ်၊ ညီမကသူ့ယောက်ျားနဲ့ တောင်ဥက္ကလာလား မြောက်ဒဂုံမှာလား မသိဘူးနေတယ်၊ ညီအလတ်က မန္တလေးမှာကျောင်းတက်ရင်း ရွှေမန်းသူနဲ့တွေ့ဆုံခဲ့ပြီးညားလို့ အခုထိသူ့မိန်းမနေတဲ့ မန္တလေးမြို့မှာဆက်နေထိုင်ပြီး သားတယောက်အဖေဖြစ်နေပြီ၊ ဗဟန်းကအမမှာ သားတစ်ယောက်ရှိ ပထမနှစ် ရေကြောင်းအင်ဂျင်နီယာလား သေချာတော့မသိဖူး ရွာတစ်ရွာမှာဖွင့်ထားတဲ့ တက္ကသိုလ်မှာ ကျောင်းသွား တက်နေတယ်၊ ညီမမှာခလေးမရှိ၊ နယူးယောက်မြို့ကညီအငယ်ဆုံး လူပျိုကြီး ၇၄ ဖွား ၃၈ နှစ်ဆိုတော့ မောင်ရင်ငတေနဲ့ ဆယ်နှစ်ကွာ၊ အဖေရဲ့အမေ မောင်ရင်ငတေအဖွားက ကရင်လူမျိုးစစ်စစ် မအူပင်နယ် ရေလဲကလေးဆိုလား ငယ်ငယ်ကတခေါက်နှစ်ခေါက်တော့ရောက်ဖူးပေမဲ့ ခုတော့မမှတ်မိတော့ဘူး နောက်တော့ရေကြည်ရာမျက်နုရာရှာရင်း မြိုတက်လာပြီး ကျောင်းကန်ဇရပ်ပေါတဲ့ ရွှေတိဂုံဘုရားခြေရင်းရောက်လာအခြေချရင်း ဗဟန်းဇာတိဖြစ်ရော၊ အဖိုးကနတ်မောက်ဇာတိ အသက် ၁၃ နှစ်သားနဲ့ရန်ကုန်ရောက်ပြီး အတန်းကျောင်းကောင်းကောင်းမနေဖူးခဲ့ရပေမဲ့ အင်္ဂလိပ်စာကို လေ့လာလိုက်စားခဲ့တာကြောင့် အသက်ကြီးမှအမေရိကန်သံရုံးမှာ စကားပြန်လုပ်တာ သူ့ရတဲ့ပင်စင်လစာဒေါ်လာတွေက သူ့မြေးမောင်ရင်ငတေတို့ညီအကိုတွေရဲ့ သုံးဖို့ဖြုန်းဖို့မုန့်ဖိုးများ ဖြစ်ခဲ့တာဘဲ။
ဒါကြောင့်အဖေက ကရင်နှစ်ပိုင်းတပိုင်းလူမျိုး၊ အမေ့အမေကမြင်ကွန်းဇာတိ အမေဘက်ကအဖိုးကမိချောင်းရဲသား အဖိုးနဲ့အဖွားညားပြီး အဲဒီကာလက အညာမြေဒေသမှာ တိုးတက်ဖွင့်ဖြိုးဆုံးလို့ဆိုရမယ့် ရေနံချောင်းမှာ ပြောင်းရွှေ့အခြေစိုက်ခဲ့တာပါ၊ အဖိုးကစာပေဝါသနာပါလို့ စာအုပ်ဆိုင်ဖွင့်စားခဲ့တယ်၊ နိုင်ငံရေး နဲနဲပါးပါးလုပ်တယ်၊ အာဏာရမယ့် နိုင်ငံရေးမျိုးမဟုတ်ဘူး အတိုက်အခံနိုင်ငံရေးလုပ်တာ၊ မောင်ရင်ငတေကအဲဒီနေရာမှာတော့ အဖိုးနဲ့သွားတူလို့ထင်တယ် အတိုက်အခံဘဲကြိုက်လို့ အခံကြီးဘဲခံနေရတာလေ(တမျိုးမတွေးနဲ့နော်)၊ ဒါကြောင့်လည်းဘိုးဘွားတွေက တွင်းရိုးတွင်းစားမဟုတ်တဲ့ တွင်းပိုင်ကြီးမျိုးရိုး၊ အထင်တော့မကြီးလိုက်နဲ့ ရေတွင်းကိုပြောတာနော့၊ ရေကမနံဘူးရေမွှေး၊ အဲဒါကြောင့်ပြင်သစ်အစိုးရက မောင်ရင်ငတေကို ရေမွှေးတွင်းပိုင်ကြီးမျိုးရိုးမှန်း မြင်ကွန်းမင်းသားကြီးရဲ့မျိုးရိုးမှန်းသိသွားပြီး ဒီမှာနေထိုင်ဖို့ကိုဖိတ်ခေါ်လိုက်တာဘဲ၊ ဘယ်တော့ပြန်လို့ရမှန်းမသိနိုင်တဲ့ နေထိုင်ခွင့်ကိုပေးလိုက်တာဘဲ၊သူများတွေလို ပြန်ပြီးတော့လည်း ဘာမှလုပ်ကိုင်မစားတတ်ဖူးလေ၊ လုပ်ကိုင်စားတတ်မှတော့ ဒီကိုဘယ်လာတော့မလဲဗျာ ဟိုမှာလုပ်ကိုင်စားဖို့ ဂွင်တွေကိုရခဲ့သိရဲ့သားနဲ့မှ ဘာမှမလုပ်တတ်မကိုင်တတ်တော့ ကြာရင်ငတ်တော့မှာရယ် နံရံလေးဘက်ထဲ မနေချင်တာရယ်ကြောင့်ပါ၊ ၁၉၆၄ ခုမွေး စကားကြီးစကားကျယ် အလွန်ပြောဆိုတတ်သော မျက်နှာဖုံးစွပ်ပြီး မွေးလာခဲ့သော နဂါးနှစ်ဖွား အဓိပတိဖွား သောကြာသား၊ မတ်လ ၂၇ ရက်နေ့ တန်ခူးလပြည့်နေ့ တော်လှန်ရေးနေ့မွေးပြီး တော်လှန်ရေးနေ့ညစာစားပွဲ ဖိတ်ကြားခြင်းမခံရသော တော်လှန်ရေးလုပ်ရမှာကို အလွန်ကြောက်သော သေနတ်ကိုင်ရမှာကို အလွန်မုန်းသောကြောက်သော တော်လှန်ရေးသမား ဖြစ်ပါကြောင်း …..။
● ဧရာဝတီကမ်းနဘေးမှသည်
မဆလခေတ်ဦးပိုင်းကာလတွေမှာ အစိုးရဝန်ထမ်းဘဝကို နှစ်နှစ်ချိုက်ချိုက်မက်မောစွာခံယူခဲ့သော တတ်မြောက်ထားသောပညာဖြင့် တိုင်းပြည် ကိုအလုပ် လုပ်ရင်း ကျေးဇူးပြန်ဆပ်ရန်ခံယူချက်ရှိသော မောင်ရင်ငတေ့အဖေတို့ခေတ် မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်လမ်းစဉ်စံနစ်ကြီး၏ အောက်ဝယ် ကံဇာတာ ညိုးငယ်စွာဖြင့် လူလားမြောက်ခဲ့ရရှာသော မောင်ရင်ငတေတို့သည် သူငယ်တန်းလေး ကျောင်းသားဘဝမှစကာ ဝါစိမ်းနီပြာအလံလေးများကို ကလေးပီပီ နှစ်ချိုက်စွာကိုင်စွဲရင်းဘာမသိညာမသိ ဆိုရှယ်လစ်အလံတော်သစ်ကြီး၏အရှေ့တွင် သစ္စာအဓိဌာန်ငါးချက်ကို နောက်ကဝါးချရင်းလိုက်ဆိုခဲ့ဖူးတာတွေကို ပြန်စဉ်းစားတော့ နောင်တစ်ချိန်ကြ ဒို့အရေးဒို့အ ရေးအော်ဖို့ ငယ်ငယ်ထဲကထရိန်နင်အပြည့် ရှိခဲ့တာလို့တွေးမိပါတယ်၊ ဤသည်မှာမောင်ရင်ငတေရဲ့ ချက်မြုပ်ရာဇာတိ ဧရာဝတီကမ်းန ဘေးက အလွမ်းမင်းသားလေးမင်းအောင်ရဲ့ (ဦးဘရဲဘုရားလမ်းဟုထင်ပါသည် ရေတွင်းညီနောင်နှင့် သိပ်မဝေးလှ တာကိုတော့ မှတ်မိပါတယ်) မျက်စောင်းထိုးအိမ်မှာပါ၊ ဟုတ်ပါတယ်ခင်ဗျာ ယခုအခါ ဧရာကမ်းနဘေးနဲ့အလှမ်းအနည်းငယ်ဝေးသွားရှာတဲ့ ဟင်္သာတ ရွှေမြို့ တော်ကြီးပါ၊ အဲဒီလိုနဲ့ အကြောက်တရားကိုရင်မှာပိုက်ပြီး အ.လ.က ၅ မှာ ၇ တန်းထိနေခဲ့ပါတယ်၊ ကျောင်းအုပ်ကြီးက နောင်တွင်မြို့ နယ်ဥက္ကဌကြီး ဖြစ်ခဲ့တာဆိုတော့ ကြောက်ရတာပေါ့ဗျာ၊ ကြိမ်လုံးကလည်းကြီးတာကိုဗျ၊ မိုးတွင်းအခါဆိုရင် မြစ်ရေတွေကြီးတာတွေကျိုးတော့ ပြည်သူ့ဝန်ထမ်းကောင်းတွေ အတွက် အလုပ်အကိုင်ပေါတာပေါ့၊ မောင်ရင်ငတေအဖေလည်းပါတာပေါ့၊ သူတို့တွေ နေမအားညမနားဘဲ မြစ်ရေကြီးတာကို လုပ်အားအပြည့်အဝပေးပြီး ကာကွယ်ခဲ့ကြတာပေါ့၊ ဒါကြောင့်ထင်တယ် မောင်ရင်ငတေလည်းဓါတ်ကူးပြီး ခုထိဖရီးဆား ဗစ်ပေးရတာကို ဝါသနာထုံခဲ့တာ၊ အများအကျိုးဆောင် ကိုယ့်ကျိုးပြောင်တော့ မဖြစ်ခဲ့ရပါဘူးလေ၊ သိပ်ကောင်းတဲ့စိတ်ထားပါ၊ အဲဒီတုန်း ကတော့ခလေးဘဝဆိုတော့ လှေစီးရတာဘဲပျော်ပြီး ဘေးမသန်းဘဲ အေးချမ်းတဲ့ဘဝ ထင်ခဲ့တာပေါ့၊ ရာသီဥတုသာယာတဲ့ နေရက်တွေ ဆိုရင် မောင်ရင်ငတေအဖေတို့လို မြို့နယ်အရာရှိကြီးတွေကတော့ တိုက်ဂါးဝုဒ်တို့ မပေါ် ပေါက်ခင်ကတဲက ဂေါက်တံလေးတွေ တယမ်းယမ်း နဲ့ ဂေါက်ကွင်းကောင်းကောင်းမရှိလဲ ဝန်ထမ်းအိမ်ယာတွေနားက မြက်ခင်းပြင်ကျယ်ကြီးတွေမှာ ဂေါက်ရိုက်ကြတာပေါ့၊ အဲဒီအချိန်တုန်းက အဲလိုမြေကွက်လပ်လွတ်တွေ အများကြီးရှိခဲ့တာကိုတော့ သေချာမှတ်မိပါ့ဗျာ၊ မောင်ရင်ငတေတို့လည်း ဘယ်နေပါ့မလဲ အတုမြင် အတတ်သင်ပေါ့၊ ဂေါက်သီးတော့မရိုက်ပါဘူး၊ ကျောက်ဒိုးတွေနဲ့ ကျင်းစိမ်တမ်းကစားတာပေါ့၊ အတူတူဘဲလေ ကျင်းစိမ်ရတာချင်း၊ ခင်ဗျားတို့လည်းကစားဖူးမှာပါ၊ အဲလိုကာလက ကျောက်ဒိုးမပစ်တတ်ရင် ဂျင်မပေါက်တတ်ရင် သရေကွင်းမပစ်တတ်ရင် ခေတ်မမှီဘူးဗျ၊ ဒါပေါ့ဗျာ မြန်မာ့ အားကစားကမ္ဘာကိုလွှမ်းရမည်ဆိုတဲ့ စကားတောင်မပေါ်သေးပါဘူးလေ၊ ဒါပေမဲ့ အဲဒီအချိန်တုန်းက အာရှဘောလုံးမှာမြန်မာ က နှစ်ကြိမ်ဆက်ချန်ပီယံကိုး၊ တိုင်းနဲ့ပြည်နယ်ဘောလုံးပွဲဆို အိမ်မှာရှိတဲ့ အကြီးစားစက်မှုလုပ်ငန်း က.စ.လ မှထုတ်လုပ်သည်ဆိုတဲ့ နေရှင်နယ် မာတီမီဒီယာသစ်သားလေဒီယိုကြီးနဲ့ မြန်မာ့အသံကလွှင့်သမျှကို (မမြင်ရတော့ သူတို့ပြောသမျှကိုသာ ယုံရတာပေါ့ဗျာ) စိတ်ကူးမြင်ယောင်နားထောင်ပြီး တို့ဗမာနိုင်ပြီသီချင်းကို အလွတ်ရခဲ့တာပေါ့၊ ကျက်စရာမလိုပါဘူးဗျာ၊ ခဏခဏ ကြားရတာကိုး၊ ခဏခဏ ကြားရဆို ခဏခဏနိုင်တာကိုဗျ၊ ခုတော့ အသက်ကြီးလာလို့လားမသိဘူး မေ့တေ့တေ့ ဖြစ်သွားပြီ၊
၁၉၇၂ အနောက်ဂျာမဏီမြူးနစ် အိုလံပစ် ဘောလုံးခြေစစ်ပွဲထင်တယ် အာရှဇုံနှစ်ခြေစစ်ပွဲ အောင်ဆန်းကွင်းမှာကန်တာ အစ္စရေးတို့ထိုင်းတို့ကိုအနိုင်ကန်ပြီး အိုလံပစ်သွား ကန် ရတာ ဗဟာဒူးတို့ လှဌေးတို့ ဂိုးတင်အောင်တို့ အေးမောင်ကြီးတို့ နာမည်ကြီးခဲ့တာပေါ့ဗျာ ခုများတော့ အိမ်မက်လိုလိုပါဘဲ၊ အခု ခင်ဗျားတို့ပြောပြောနေတဲ့ ဆီးဂိမ်းဆိုတဲ့ ကျွန်းဆွယ်ပွဲတို့ မာဒေးကားတို့တော့ထည့်ပြောမနေပါနဲ့တော့ဗျာ၊ နောက်တခု မှတ်မိသေးတာကတော့ စောစောအိပ်လို့စောစောထလို့ သီချင်းဆိုပြီးလမ်းလျှောက်ကြတာဗျာ၊ မှတ်မိလား မောင်ရင်ငတေကတော့ ကောက်ညင်းပေါင်း စားရတာကိုတော့ သိပ်ကောင်းကောင်း မှတ်မိနေသေးတယ်၊ နောက်တော့ဘာလို့လဲမသိဘူး မလျှောက်ရတော့ဘူး၊ တော်တော်ကြီးကို ကြာတော့မှ ၈၈ ခုနှစ်ကျမှ ပြန်လျှောက်ရတယ်၊ ဒါပေမဲ့ ၈၈ ကျတော့ ဒီလူကြီးတွေ ဦးဆောင်တာမဟုတ်တော့ဘူး၊ သူတို့ကနောက်လိုက်ဖြစ်သွားပြီ၊ အော် ချော်တောငေါ့သွားရပြန်ပြီ၊ မဲရုံမဲရုံကိုလာတို့ လက်ယာကပ်မောင်းတို့ သီချင်းတွေတော်တော်များပါတယ်၊ ခုခေတ်လို ဝမ်းစီးရီးမှာ အကျိုးပြုတစ်ပုဒ် ပါရတာမဟုတ်ဘူး၊ သြော်... သီချင်းခွေတွေရှိသေးလား၊ ဟာ ခင်ဗျားကလည်း ဘာတွေလာမေးနေတာလည်း အခွေဝယ်စရာ မလိုဘူးလေဗျာ လေဒီယို ခေတ်ဗျ၊ နိုင်ငံတော်ကအကုန်အကျခံပြီး ပြည်သူတွေအတွက် လွှင့်ပေးနေတာ ခိုးကူးခွေလည်းမလိုဘူးလေ ဒါတွေကို ထားလိုက်ပါတော့ဗျာ၊ မီနီဘိုင်အို ပေရှည်နေလို့ ဆင်ဆာထိသွားအုံးမယ်၊ လေရှည်ခြင်းပေရှည်ခြင်းကို သည်းခံကြပါခင်ဗျာ၊ အဲဒီတုံးက မောင်ရင်ငတေတို့က ငါးတန်းနှစ်ရောက်မှ အင်္ဂလိပ်စာစသင်ခဲ့ရတာဘဲ ဘာတတ်ခဲ့လဲမမေးနဲ့လေ၊ ဘလက်ကိုင်းစူးစမ်းဆိုတဲ့ အင်္ဂလိပ်ကဗျာလားသီချင်းလား မသိဘူး ဆိုခဲ့ရဘူးတယ်ဆိုတာကိုတော့ မှတ်မိသလိုပါဘဲ ၊ အော် … ဘာမေးတာ …. ကွန်ပြူတာသင်ရလား …. ခင်ဗျားဗျာ မနောက်ပါနဲ့ ကျုပ်က အတည်ပြောနေတာပါ။
● ဧရာဝတီမှသည် ငဝန်ဆီသို့
အပိုင်းတွေများလို့ စိတ်ပျက်တော်မမူကြပါနဲ့၊ သည်းခံပြီး ဆက်လက်အားပေးကြပါအုံး၊ မူရင်းပရော်ဖက်ရှင်နယ်စာရေးဆရာ မဟုတ်ရ ကြောင်းပါ၊ ခုမှမနေနိုင် မထိုင်နိုင် လက်ကမြင်းခွင့်ရတဲ့ ကိုယ်ရေးကိုယ်ဖတ် ဆင်ဆာမဲ့သောအင်တာနက်ဖွဘုတ် ပေါ်လာလို့သာရေးခွင့်ရတဲ့ ကျောင်းသားသစ်တယောက်မို့ပါဗျာ၊ မြက်ခင်းပြင်ကျယ်ကြီးတွေမှာ နွားတွေကမြက်စား လူကြီးတွေဂေါက်ကစား လူငယ်တွေဘောကန် ကျောက်ဒိုးပစ် ဂျင်ပေါက် သရေကွင်းပစ် အဲလိုမျိုး အကြောင်းတွေ ပြန်စဉ်းစားရင်းတွေးမိရလို့ပါ၊ ခုတော့ အဲဒီမြက်ခင်းတွေလည်း အိမ်ယာစီမံကိန်းတွေနဲ့ ဘဝပြောင်းသွားရပါပြီ၊ ခင်ဗျားတို့ကျုပ်တို့ရဲ့ အဖေတို့တတွေလည်း ဂေါက်မကစားတော့ပါ၊ မြို့နယ်အရာရှိကြီးတွေလည်း တချို့တွေက အချိန်ပိုဒုတိယအလုပ်တွေနဲ့ မအားကြရပါဘူး၊ ဂေါက်မရိုက်ရတော့ ပေမဲ့လည်း ဂေါက်တောက်တောက်တော့ဖြစ်နေကြပါပြီ၊ ဂေါက်တာခြင်းတော့ အတူတူပါဘဲ၊ တချို့တွေလည်း သီချင်းဆက်ဆိုနေကြဆဲပါ၊ မနက်စောစော စောစောအိပ်တို့ စောစောထတို့ အဲဒီသီချင်းတွေ မဟုတ်တော့ပါဘူး၊ ညနေခင်းအချိန်တွေမှာ မိုက်ကိုင်ပြီး ကိုယ်တိုင်ဟဲနေကြပါပြီ၊ လူငယ်သွေးသစ်တွေ လည်း ရွန်းနီတို့ မက်စီတို့ ဒိုလေးတို့နဲ့ ချန်ပီယံလိဒ်ပွဲတွေကို အိမ်ခန်းထဲ နက်ကဖေးဆိုင်တွေထဲကနေ တိုက်ရိုက်ကစားနေကြပါပြီ၊ မြက်ခင်းဟောင်းထဲက နွားတွေလည်း ဂလုပ်ဘယ်လိုက်ဇေးရှင်းခေတ်နဲ့အညီ နိုင်ငံရပ်ခြားကို ထွက်ကုန်ကြပါပြီ၊ မြက်ခင်းရှိစရာ လိုသေးလို့လား၊ ဟုတ်တယ်မလား လူတွေအကုန် အထဲရောက်ကုန်ပြီလေ၊ ကဲ မီနီဘိုင်အို ပြန်ဆက်ပါမည်၊ အဲဒီလိုနဲ့ အဖေအလုပ်ပြောင်းရာ ပုသိမ်မှာနှစ်နှစ်နေခဲ့ရတယ်၊ ဘာမှတော့ ထူးထူးခြားခြားတွေ မရှိခဲ့ တဲ့နှစ်တွေပါ၊ အ.ထ.က ၃ မှာကျောင်းဆက်တက်တယ်၊ မောင်ရင်ငတေလောင်းလျှာအတွက်တော့ အနည်းငယ်ပြောင်းလဲခဲ့တယ်၊ မြို့သစ်ကျောင်းသစ်မှာ အပေါင်းသင်းသစ်တွေနဲ့ စတွေ့ခဲ့တယ်၊ အရင်မြို့မှာတုန်းကမြို့သေး၊ အဖေ့ရာထူးကလည်းမြို့သေးလို့ ရာထူးကြီးတာပေါ့၊ အကောင်သားပေါက်စလေးကို လူတိုင်းသိ၊ အဲဒီလိုအဖေရဲ့ကြိုးနီစံနစ်အောက်မှာ ဆံပင်ညှပ်တာတောင်ပုံစံကေနဲ့ ပြားပြားဝပ်နေခဲ့ရတာက မြို့အသစ်ရောက်မှ လွတ်လပ်ရေးအမှန်အကန် ရတော့တာပါ၊ မြို့အသစ်မှာ အဖေကရာထူးတက်တယ်သာပြောတာ ဒီမြို့ရောက်တော့ သူ့ကို ဘယ်သူမှ သိပ်မသိတော့ဘူးခင်ဗျ၊ နိုင်ငံရေးရေချိန်ကလည်း တင်းပြည့်တွေရဲ့ခေတ်ကိုး၊ အဖေကတော့တင်းလျော့သွားပြီး ကင်းကွာဖြစ်နေပြီ၊ မောင်ရင်ငတေကတော့ အသက်ကလေးကလည်း ကြီးကောင်ဝင်နေပြီ၊ ဂီတပိုးကလည်းထစ ဘာတခု မှတော့ ဇမရှိပါဘူး၊ ဘောင်းဘီဖင်ကျပ်ဝတ် ဒေါင်ဒေါင်ဒင်ဒင် လုပ်ချင်တာဘဲသိတယ်၊ လမ်းသရဲခေတ်လေ၊ ကျောင်းတက်ရတဲ့ အတန်းကလည်း ဆွေတော်တွေမျိုးတော်တွေ လူတော်တွေနဲ့ လူကြီးသားဆိုသူတွေက တန်းခွဲအေတို့ဘီတို့မှာ နေရာယူထားပြီးသားဆိုတော့ မောင်ရင်ငတေ အတွက်နေရာက တန်းခွဲစီမှာခွဲတမ်းရတာပေါ့၊ ရှယ်ပေါ့၊ ဘာလို့လဲဆိုတော့ အေတွေဘီတွေမှာက ပြိုင်ဆိုင်မှုတွေကများတယ်၊ စာကောဘာကောလေ၊ အဲဒီမှာ မောင်ရင်ငတေရဲ့လွတ်လပ်ရေးကစရတာပေါ့၊ ညနေ ၃ နာရီခွဲ ကျောင်းဆင်းရင်ဘောလုံးကန် တနာရီလောက် ကျောင်းဘောလုံးကွင်းက ခြုံတောမြက်တော ရွှံတောဗွက်တောထဲမှာ ကြုံးရုန်းနဗန်းလုံးကန်ပြီးရင်ရပြီ၊ မက်စီတို့လို သိပ်ကြိုးစားစရာမလိုပါဘူး၊ အဲဒီထဲက အမှန်အကန် ဧရာတိုင်းလက်ရွေးစင် အောင်ဆန်းလက်ရွေးစင် ဂိုးလီဘာသူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးပါတယ်၊ " ဟာ !!! ဘာပြောကောင်းမလဲ… ခင်ဗျားကလည်းဗျာ ရှိတာပေါ့ လူကြီးသားဘဲ နေဝင်းလက်ရွေးစင်ပေါ့ ကန်တော့သူကန်တယ် သေချာမကြားဖူးပါဘူး လေဒီယိုကနေ ကြားခဲ့ရတာဆိုတော့ သူဟုတ်မဟုတ် သေချာဘယ်သိပါ့မလဲ မကန်ရတဲ့အရန်ပေါ့ ဒါပေမဲ့ဗျာ ဂျာဆီရလဲ နည်းတဲ့ခေတ်မှမဟုတ်တာ၊ ဘာ !!! အောင်ဆန်းကွင်းဘဲကြားဖူးတယ် ခင်ဗျားဗျာ ညံ့ပါ့ ကျုပ်ကိုဘဲ မေး မေး နေရတာ၊ အဲဒါကြောင့် အခု ခင်ဗျားအင်တာဗျူးဆရာ ဖြစ်လာတာဘဲ၊ သူတို့ကအရန်လေ ကန်စရာကိုး မလိုဘူး ထိုင်ခုံမှာဘဲ ထိုင်ထိုင်နေရတာ ဒါကြောင့် ကျုပ်တို့က နေဝင်းလက်ရွေးစင်လို့ တင်စားထားတာ၊ အောင်ဆန်းပြီးရင် နေဝင်းဘဲမဟုတ်လား မနာလိုမဖြစ်ပါနဲ့ဗျာ၊ မကန်ရဘဲ ထိုင်ခုံမှာဘဲ ထိုင်နေခဲ့ရတာကြာတော့ မထနိုင်တော့တာပေါ့ အကျင့်ပေါ့ဗျာ ခင်ဗျားဝင်ဝင် ဗျူးနေတာနဲ့ ပြောနေတဲ့ကျုပ်ရဲ့ဘိုင်အိုလမ်းကြောင်းက လွဲလွဲသွားတယ်၊ မသိတိုင်းလည်း ဝင်ပြီးသိပ်မမေးနဲ့အုံး ကျုပ်ပြောချင်တာက ဘောလုံးကန်ပြီးရင် ကျောင်းခြံစည်းရိုးနားက အုတ်ခုံမှထိုင်ပြီး ဆယ်တန်းရပီတာဘဲကြီး ဂစ်ခေါက်တာကို နားထောင်ခဲ့ရတာကိုလေ ဟော .. . ဝင်မေးပြန်ပြီ၊ လျှာကိုရှည်တယ်၊ ခင်ဗျားအလုပ်နဲ့တော့ကိုက်ပါ့လေ ခြံစည်းရိုးနားမှာဟုတ်လား အဲဒီတုန်းကပလက်ဖောင်းကအကျယ်ကြီး လမ်းချဲ့လို့ကျဉ်းသွားတာ မဟုတ်ပါဘူး ခြံစည်းရိုးမှာ ဆိုင်ခန်းတွေ ဆောက်လိုက်လို့ပါ မြို့တော်စည်ပင်သာယာရေးပေါ့ဗျာ၊ အင်း … ကျုပ် အဖေ တော့ မပါဘူးထင်တာဘဲ ဘာလို့လဲဆိုတော့ ဟာဗျာ နောက်မှပြောမယ်ဗျာ၊ သေချာစုံစမ်းလိုက်အုံးမယ် ဆိုင်ခန်းတွေဆောက်လိုက်တော့ တစ်ခုတော့ ကောင်းတယ်ဗျ ဘောသမားလေးတွေ အေးအေးဆေးဆေး ဘောလုံးကန်လို့ရတာပေါ့၊ သူတို့ကန်နေတာကို ဓါတ်ပုံတွေရိုက်ပြီး ဖွလို့မရတော့ဘူးပေါ့ဗျာ၊ ဟာဗျာ အခုဖွတာ ကျုပ်မဟုတ်ပါဘူးဗျာ ကျုပ်က မြန်မာပြည်မှာ နေနေတာမှမဟုတ်တာ ကျုပ်ကသူများရိုက်ထားတဲ့ပုံတွေကို ကော်ပီကူးရုံကူးတာပါ ………… "အဲဒါနဲ့ အိမ်ကို ဘောလုံးကန်မယ် ပြောပြောပြီး ကျောင်းခြံစည်း ရိုးဘေး ရေမြောင်းဘောင်ပေါ်နဲ့အုတ်ခုံပေါ်က ဂစ်တာဒေါင်ဒင်ဖရီးရှိုးတွေကိုအားပေးခဲ့တာပါ အဲဒီတုန်းကဘာသီချင်းတွေ မှန်းတောင် ကောင်းကောင်းမမှတ်မိတော့ပါဘူး၊ ဖွဘုတ်ပေါ်ကမှတ်တမ်းများအရဆိုရင်တော့ အပေါ်ထပ်နဲ့အောက်ထပ်ခေတ်ဘဲ ဖြစ်မယ်ထင်တယ်၊ကြုံတုန်းပြောရ ရင်တော့ ခုခေတ်သီချင်းတစ်ပုဒ်တောင်းရတာလွယ်ပါ့နော် …… အွန်လိုင်းပေါ်မှာ ဘာသီချင်လေးလို့ ခေါင်းစဉ်အသေအချာမသိတာတောင်မှ ရသမျှ စာသား သုံးလေးလုံးလောက်ရေးပြလိုက်ရင် အဆိုတော်အမည် နေရပ်လိပ်စာ နေ့စွဲရက်စွဲ အတိအကျနဲ့ ဗားရှင်းအမျိုးမျိုးနဲ့ တက်လာလိုက်တာ မြန်ပါ့ မဟုတ်လား တောင်းပန်ယူရတယ်နော့၊ မြန်မာ့အသံတို့ အမျိုးသားစာကြည့်တိုက်တို့နဲ့များတော့ ကွာပါ့ဗျာ၊ လိုချင်တာ ချက်ချင်းရဖို့နေနေသာသာ ဝင်ခွင့်ရဖို့တောင် မလွယ်ဖူးမဟုတ်လား၊ အမျိုးသားစာကြည့်တိုက်ဆိုရင် အခုနေရပ်လိပ်စာအတိအကျတောင် မရှိတော့ဘူးလို့ကြားတာဘဲဗျ ဟုတ်ရဲ့လား၊ ခုတော့ အမျိုးသမီးစာကြည့်တိုက် ဖွင့်မလားမသိဘူး၊ ပုခက်လွှဲတဲ့ခေတ်ကို ရောက်နေပြီလေ၊ အဲနေပါအုံး ..... ပုသိမ်မှာ ကျုပ်မှတ်မိနေတာ တစ်ခုရှိသေးတယ်ဗျ ဆိုင်းဘုတ်အကြီးကြီးနဲ့ဗျာ ငဝန်ကမ်းနဖူးမှာလေ အဝါရောင်နဲ့ ဆောက်လုပ်ရေးကော်ပိုရေးရှင်းတံဆိပ်နာမည်နဲ့လေ၊ အဲတုန်းကတော့ ပ.လ.ကဆိုလား ပြည်သူ့လုပ်ငန်းကော်ပိုရေးရှင်းလို့ခေါ်တယ်ထင်တယ် သေချာတော့မမှတ်မိတော့ဘူး၊ ပုသိမ်-မုံရွာ-ရေဦးလမ်းမကြီး ဤနေရာမှစ၍ ဤနေရာမှာဆုံးသည် ဆိုလားဗျာ ဟဲဟဲ … နောက်တာပါဗျာ … ဒီခေတ်လိုဆိုရင်တော့ ဗခအင်ဆန်းကြီးပွားရေးကုမ္ပဏီတို့ ခရိုနီကြီးများဆောက်လုပ်ရေးလုပ်ငန်းတို့နဲ့ဆိုရင် ဈေးကွက်စီပွားရေးကြီးပွားရေးအရ သုံးလပြတ်စီမံကိန်းဖြင့် နိုင်ငံခြားစံချိန်မီ ဖောက်လုပ်ထားသည်ဆိုတဲ့ ခြောက်လမ်းသွားကွန်ကရစ်လမ်းမကြီးတွေ ဖြောင့်လို့ ဖြူးလို့ဖြစ်နေမှာဗျ၊ ပြန်ပြီးမြင်ယောင်ကြည့်မိတာပါဗျာ၊
Mr. Goat on the line of duty
ရန်လိုကျွဲ
ဇန်န၀ါရီ ၁၇၊ ၂၀၁၃
![]() |
ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား အမည်ခံထားသူကို အင်းစိန်ထောင်သို့ ပို့ရေး မပို့ရေးကို ငြင်းခုံနေသောကြောင့် ဖြစ်လေ၏။
အများစုသော ကိုယ်စားလှယ်များနည်းတူ လွှတ်တော်တွင် ငိုက်မျဉ်းလေ့ရှိသည့် သတင်းထောက်ကြီး ရန်လိုကျွဲလည်း အတွေ့အကြုံများအရ ဤဆွေးနွေးချက်သည် အင်မတန့်အင်မတန် အရေးပါကြောင်း သဘောပေါက်လေ၏။
ရန်လိုကျွဲ မှန်ပေသည်။ ဒေါက်တာဆိတ်ဖွားကို အသေရရ အရှင်ရရ ဖမ်းဆီးပြီး ပုဒ်မမျိုးစုံဖြင့် အမှုဆင်ရေးအဆိုကို မဲခွဲကြရသည်အထိ ငြင်းခုံချက်က ပြင်းထန်သည်ကို တွေ့ရ၏။
မည်သူမည်ဝါမှန်းမသိရသူ၊ မည်သည့်ဒေသတွင် နေထိုင်မှန်း မသိရသူကို မည်သို့ စုံစမ်း အရေးယူမည်နည်း ဟု ယူဆသော အမတ်မင်းတစ်ချို့က ပြန်လည် ငိုက်မျဉ်းစ ပြုလာကြ၏။
မည်သို့ပင် ဆိုစေကာမူ လွှတ်တော်ကြီးကား စိုစိုပြေပြေ ရှိလာလေသည်။ အမတ်မင်းတချို့က ပြုံးစိစိ။ တချို့က ငုံးတိတိမုတ်ဆိတ်ကျင်စွယ်ကို ပွတ်သပ်ပြီး ဒေါသကို ထိန်းချုပ်ထားကြသည်၊ ငါတို့လွှတ်တော်ကို မထိနဲ့ မီးပွင့်သွားမယ်ဟု ကြိမ်းဝါးသူလည်း ရှိပေ၏။
ဗိုလ်ချုပ်လေးခင်ညွန့်တို့ကွန်ရက်ကို တာဝန်နှင့်လုပ်ပိုင်ခွင့် အပြည့်အ၀ ပြန်လည်ပေးအပ်ပြီး ဒေါက်တာဆိတ်ဖွား အမြန်ဆုံး ဖမ်းမိရေးဆောင်ရွက်ရန် အဆိုပြုသင့်ကြောင်း တိုင်ပင်သူတို့က တိုင်ပင်ကြ၏။
ရန်လိုကျွဲလည်း လွှတ်တော်တွင်း နိုင်ငံ့အရေး အထူးကြိုးပမ်းချက်များအကြောင်း အွန်လိုင်းမှ တဆင့် ချက်ချင်းပင် လက်တို့လိုက်ရာ အွန်လိုင်းမိတ်ဆွေတို့က ချက်ချင်းပင် တုံ့ပြန်လေသည်။
ပထမဆုံး ရောက်လာသည့် တုံ့ပြန်ချက်မှာ ထိုင်းနိုင်ငံရောက် ခန့်ခန့်ငြားငြားရှိသော မြန်မာသတင်းသမား တစ်ဦးထံမှ ဖြစ်လေ၏။ သူရရှိသော သတင်းသည်ကား ဒေါက်တာဆိတ်ဖွား လွတ်မြောက်ရာသို့ ထွက်ပြေးပြီ ဟူသော သတင်းဦးပင် ဖြစ်တော့၏။
လွှတ်တော်အမတ်တို့ ၀ိုင်းဝန်း အရေးယူရန် ကြုံးဝါးနေသဖြင့် အကောင်းဆုံးလုပ်ဆောင်သင့်သည့်အရာမှာ ထိုသို့ ထွက်ပြေးခြင်းပင် မဟုတ်လော။ ဒေါက်တာဆိတ်ဖွားကား နှယ်နှယ်ရရ မဟုတ်ချေ။
သတင်းအချက်အလက်မှာ ခိုင်လုံ၏။ ဒေါက်တာဆိတ်ဖွား ထိုင်းမြန်မာနယ်စပ် ရောက်လာသောကြောင့် ဆိုင်ကယ်ဖြင့် သွားကြိုခဲ့ကြောင်း၊ လေယာဉ်ကွင်းသို့ ပို့လိုက်ရကြောင်း၊ မယုံလျင် ဓာတ်ပုံကိုကြည့်ပါ ဟု ဆိုလာ၏။ ထိုဓာတ်ပုံကို ယခုစာစု၏ ထိပ်ဆုံးတွင် တွေ့နိုင်၏။
အမေရိကန်ရောက် ညီလေး မောင်ရစ်ထံမှလည်း
ဒေါက်တာဆိတ်ဖွား သတင်းကို ဓာတ်ပုံနှင့်တကွ အမြန်ဆုံး ပို့မည်ဟု ဆိုသော မက်ဆိတ်ခ်ျ ရောက်လာ၏။
မောင်ရစ်မှာ အမည်နှင့်လိုက်အောင် ရစ်တတ်သော်လည်း ကတိတည်သူဖြစ်လေရာ ဒေါက်တာဆိတ်ဖွား၏ အပ်ဒိတ်သတင်း ဓာတ်ပုံနှင့်တကွ ရောက်လာသည်။
မောင်ရစ်၏ ဓာတ်ပုံရိုက်ကျွမ်းကျင်မှု အားနည်းခြင်းကို သူပို့လာသော ပုံတွင် အထင်းသား တွေ့ရသည်။ ဒေါက်တာဆိတ်ဖွား၏ မျက်နှာကို ရိုက်ယူနိုင်ခြင်း မရှိချေ။ သို့သော်ငြား - လူမည်းရပ်ကွက်အတွင်း ဒေါက်တာဆိတ်ဖွား ရောက်သွားကြောင်း၊ ရုပ်ပြောင်းရုပ်လွဲ လုပ်ထားကြောင်း စသဖြင့် သူ၏ ဂျီတော့ မက်ဆေ့ခ်ျတွင် အတွင်းကျကျ ရေးထား၏။
မောင်ရစ်၏ သတင်းပို့ချက်ကို အတည်ယူရန် ခက်ခဲကြောင်း တွေးနေစဉ်မှာပင် ဒေါက်တာဆိတ်ဖွားက ဖေ့စ်ဘုတ်တွင် ဘွားခနဲ ထွက်ပေါ်လာသည်။ သူ ရုပ်ပြောင်းရုပ်လွဲ တနာရီတမျိုး လုပ်နေကြောင်း၊ လွှတ်တော်အမတ်များ သူ့ခြေရာကို တွေ့ဖို့ ဆယ်နှစ်၊ ဆယ်နှစ်ကြိုးစားဖို့ လိုမည်ဖြစ်ကြောင်း ခပ်ကြွားကြွား ရေးထားရုံတင်မက ရုပ်ပြောင်းထားသည့် ဓာတ်ပုံကိုပင် တင်လိုက်သေး၏။
![]() |
ဒေါက်တာဆိတ်ဖွားကား အမတ်မင်းများရန်မှ အမှန်တကယ်ပင် လွတ်မြောက်သွားချေပြီဟု ထင်စရာ ရှိသည်။ သို့သော် ....
အမေရိကန်ရဲတစ်ကောင်က သေနတ်တကားကား ဒေါက်တာဆိတ်ဖွားကို ထိန်းသိမ်းလိုက်လေသည်။ အမှုကား ... လိုင်စင်မရှိဘဲ သေနတ် ကိုင်သောအမှု ဟူ၏။
အဆိုပါ ပုလိပ်က ဒေါက်တာဆိတ်ဖွားကို ဖမ်းဆီးခေါ်ဆောင်သွားသည့် သတင်းမှာ နိုင်ငံတကာ ရုပ်သံတို့က ထုတ်လွှင့်ကြသော ထိပ်တန်းသတင်းကြီး ဖြစ်၏။
ဒုက္ခသီရိမြို့ရောက် အမတ်မင်းတချို့လည်း ထိုအခါတွင်မှ လက်ခမောင်း ခတ်လေသည်။
အမေရိကန်နဲ့ ငါတို့ ဘယ်လို အချိတ်အဆက်ရှိလဲ မသိဘဲ အဲဒီကို ထွက်ပြေးတာ ဆိတ်ဖွားအမှားပဲ။ အိုဘားမားကိုယ်တိုင်တောင် ဒီကိုလာပြီး မိတ်ဖွဲ့ရတဲ့အထိ နှစ်နိုင်ငံဆက်ဆံရေးအခင်းအကျင်း သိပ်ကောင်းနေပြီ။ ဒေါက်တာဆိတ်ဖွားကို မြန်မာပြည်ပြန်ပို့မှာ အသေအချာပဲ။ ဒီကောင်ရောက်လာရင် အရေခွံခွာပစ်မယ်။ အသားကို စင်းကောချက်ပြီး သောကြာည ပါတီပေးတဲ့အခါ အရက်နဲ့မြည်းမယ်၊ အရေခွံကိုတော့ လွှတ်တော်လှေကားမှာ ခင်းရမယ်ဟု ကြုံးဝါးသူက ကြုံးဝါး၏။
သို့သော်လည်း အမေရိကန်အစိုးရက ဒေါက်တာဆိတ်ဖွားကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရသည်။
သူ့လွတ်မြောက်ရေးကို ဘလော်ဂါများ၊ ဖေ့ဘုတ်သုံးသူများမှအစ ခြံစည်းရိုးမရှိသတင်းစာဆရာများအဖွဲ့အထိ တောင်းဆိုကြသဖြင့် အိုဘားမားတို့က လွှတ်ပေးရခြင်းဖြစ်၏။
ထို့ပြင်တ၀ အမေရိကန်အစိုးရက အရှည်ကို မျှော်တွေးပြီး ဒေါက်တာဆိတ်ဖွားကို စီအိုင်အေ အထူးအရာရှိအဖြစ် ခန့်အပ်လိုက်သေးသည်။ အထက်ပါပုံမှာ စီအိုင်အေအရာရှိ သင်တန်းဆင်းပွဲမှဓာတ်ပုံ ဖြစ်ကြောင်း သိရ၏။
ဒေါက်တာဆိတ်ဖွား ကိုယ်တိုင်သည်ကား ရန်ကုန်မြို့ အင်းလျားကန်ဘေးရှိ အမေရိကန်သံရုံးတွင် ရုံးထိုင်ရမည်လော၊ သို့တည်းမဟုတ် သူ၏ မိခင်အဖွဲ့အစည်းတွင်ပင် ဆက်လက် တာဝန်ယူပြီး ဆောင်းပါးများ ဆက်လက် ရေးသားရမည်လော ဆိုသည်များကို ဝေခွဲမရ ဖြစ်နေလေတော့သတည်း။
Send email to - editors@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives