ဒီမိုဝေယံ

ဒီမိုဝေယံ


မိတ္ထီလာမြို့ သတင်းများ..

Posted: 23 Mar 2013 11:53 AM PDT

EMG ရုပ်သံ
(မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)

မတ်လ ၂၃ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်

မိတ္ထီလာမြို့ ပဋိပက္ခ့ဖြစ်စဉ်အတွင်း၌ သေဆုံးသူ ၃၂ဦးရှိခဲ့ပြီး အကြမ်းဖက်မှုနှင့် မီးလောင်မှု ဖြစ်စဉ်များကြောင့် လက်ရှိအချိန်တွင် ဒုက္ခသည် စုစုပေါင်း ၉၆၀၀ ကျော် ယာယီ ကယ်ဆယ်ရေးစခန်းများတွင်
နေထိုင်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက မတ်လ ၂၃ရက်
ည ၈နာရီ သတင်းတွင် ဖော်ပြခဲ့သည်။

မိတ္ထီလာမြို့တွင် ဒေသတည်ငြိမ်မှု ပြန်လည်ရရှိနေပြီဖြစ်၍ လုံခြုံရေးတာဝန်ကျ ၀န်ထမ်းများသည် မတ်လ ၂၃ရက်နေ့ နံနက်မှစတင်ပြီး နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများ ပြုလုပ်ခဲ့ရာ ရပ်ကွက်အပျက်အစီးများ အတွင်းမှ သေဆုံးသူ ၂၁ဦး၏ ရုပ်အလောင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။

အဆိုပါ ရုပ်အလောင်းများသည် ရုပ်ဆင်းအင်္ဂါ ပျက်ယွင်းနေပြီး လူမျိုးဘာသာ ခွဲခြားနိုင်ခြင်း မရှိတော့ကြောင်းနှင့် မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့်
မတ်လ ၂၃ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူ စုစုပေါင်း ၃၂ဦး ရှိပြီဖြစ်ကြောင်း သတင်းကြေညာချက်တွင် ပါဝင်သည်။

မိတ္ထီလာမြို့တွင် မတ်လ ၂၀ရက်နေ့နှင့် ၂၁ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် သာမန် ဈေးအရောင်းအ၀ယ် အချင်းများရာမှ မကျေနပ်သူများ၏ လူအုပ်စုဖြင့် အဆောက်အအုံများ ဈေးဆိုင်ခန်းများ ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သဖြင့် နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် ၁/၂၀၁၃ ဖြင့် အရေးပေါ်အခြေအနေကို
မတ်လ ၂၂ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ခဲ့ပြီး အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်းခဲ့ရာ မတ်လ ၂၂ရက်နေ့ ညပိုင်းက စပြီး မိတ္ထီလာမြို့မှာ တည်ငြိမ်အေးချမ်းမှုများ ပြန်လည်ရရှိခဲ့သည်။

မီးလောင်ပျက်ဆီး ဆုံးရှုံးခဲ့ရသည့် ဒုက္ခသည်များအား မိတ္ထီလာမြို့ ပညာရေးလေ့ကျင့်ရေးကျောင်း၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ခရိုင် အားကစားကွင်းနှင့် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ယာယီ ဖွင့်လှစ်ထားပြီး လက်ရှိအချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများတွင် ဒုက္ခသည် စုစုပေါင်း ၉၆၄၄ဦး
ရှိကြောင်း သိရသည်။

ယာယီ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြီး နေထိုင်လျက်ရှိသည့် ဒုက္ခသည်များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် စေတနာရှင်များမှ
ထောက်ပံရေး ပစ္စည်းလှူဒါန်းခဲ့ကြပြီး ရက်သတ္တပတ်စာ စားဝတ်နေရေးအတွက် စီစဉ်ထားကြောင်းနှင့် မိတ္ထီလာခရိုင်
အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် အလှူခံဌာန ဖွင့်လှစ်ထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကယ်ဆယ်ရေးစခန်းများအတွင်း ရှိသူများသည် မိမိတို့ နေအိမ်များကို ပြန်လည်သွားရောက် ကြည့်ရှုနိုင်သကဲ့သို့ နယ်မြေအေးချမ်းနေပြီ ဖြစ်သည့်အတွက် မိမိတို့ နေအိမ်များကို ပြန်နေလိုသူများကိုလည်း သက်ဆိုင်ရာမှ
တာဝန်ယူပြီး လိုက်ပါ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
 
မိထ္ထီလာမြို့တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခကြောင့် သေဆုံးသူ ဦးရေ (၃၂) ဦးရှိကြောင်း နိုင်ငံပိုင် မီဒီယာများမှ ည ၈ နာရီ သတင်း အစီအစဉ်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ ယနေ့တွင် နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ရင်း သေဆုံးသူ (၂၁) ဦးကို ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း (၃၂) ဦး ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Eleven Media Group