သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


အစိုးရတပ်နှင့် ပြည်သူ့စစ် - ကျေးလက်တောင်ယာထဲ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

Posted: 21 Mar 2013 04:24 AM PDT

 သျှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ်အနီးရှိ ကျေးလက်လူထု ၏ တောင်ယာထဲသို့ မြန်မာစစ်တပ်မှ ယမန်နေ့ က လက်နက် ကြီးများ စက်သေနတ်များဖြင့် နာရီဝက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထိုင်းနယ်စပ်သို့ ထွက်ပြေး ရောက်ရှိသည့် ဒေသခံများပြောပြချက်အရသိရပါသည်။


"ကျနော့်  ယာဘေးက ယာထဲကို ပစ်ချတာ။  အားဟုန်ဆိုသူရဲ့တောင်ယာ လုပ်ကွက် ပေါ့။ သျှမ်းစစ်သားတွေ လာတယ်ဆိုပြီး လိုက်ပစ်တဲ့သဘော။ ဒါပေမယ့် အဲဒီမှာ ဘယ်သူမှ မရှိဘူး၊ ကျနော်လဲ ကြောက်ကြောက်နဲ့ ဒီဘက်ခြမ်းကူးလာတာ" ဟု တောင်ယာ လုပ်သားတဦးက ပြောပါသည်။

မတ်ခ်ျ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ မှ ၁ နာရီခွဲအထိ ဟိုမိန်းမြို့နယ်ခွဲအတွင်း လွယ်နဂါးတောင်ကြောဘက် သို့ ဝမ့်ပန် (နမ့်ဟူးဖရား ထမ့်) ပြည်သူ့စစ်အဖွဲ့ ၄၀ ယောက်၊ မတ်ကျိုင်းပြည်သူ့စစ် ၂၀ ယောက်၊ နားယိုင်း ပြည်သူ့စစ် ၂၀ ယောက်တို့အပြင် ဟိုမိန်းပြည်သူ့ စစ်တို့ ပါဝင်သည့်အင်အား ၁၆၀ ကျော် နှင့် မြန်မာ အစိုးရတပ် ခလရ ၂၈၇ တို့ ပူးပေါင်းပြီး စစ်ကြောင်းလှည့်ကြောင်း၊တောင်ယာ အတွင်း မီးခိုးထွက်နေသည်ကို အကြောင်းပြု၍ သျှမ်းစစ် သားများရှိသည်ဟုဆိုကာ မနီးမဝေးမှ လက်နက်ကြီး အလုံး ၃၀ ကျော် ၊ စက်သေနတ်များဖြင့် နာရီ ဝက်ကြာအောင် အားဟုန်ဆိုသူ၏ တောင်ယာအတွင်း ပစ်ခတ်ခဲ့ကြောင်း၊ အနီးရှိ တောင်ယာလုပ်သား ၁၀ ဦး ခန့် ထိုင်းနယ်စပ်သို့ ထွက်ပြေးကြောင်း၊ အဆိုပါ အစိုးရတပ်တိုက်ခိုက်သည့်ဒေသအနီးတွင် သျှမ်းစစ် သား RCSS/SSA တစ်ယောက်မှ မရှိကြောင်း ဒေသအတွင်း အရာရှိတဦးကပြောပါသည်။

"ကျနော့်အမြင်ကတော့ အစိုးရတပ် လုပ်ရပ်က တပ်မတော် အာဏာပြန်ရှိလာအောင် ငြိမ်းချမ်းရေးကို တမင်ဖျက်ဆီးချင်တာဘဲ လို့ပြောချင်တယ်။ သစ်ပင်လှုပ်တိုင်း၊ မီးခိုးထွက်တိုင်း ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာက အပစ်မရပ်ခင်ကာလက အနေအထား အတိုင်းလုပ်နေတာ။ တောင်သူယာသားတွေရှိနေရင် အကုန်သေမှာ ပေါ့" - ဟု အဆိုပါ RCSS/SSA အရာရှိက ပြောပါသည်။

သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ အစိုးရ စစ်ကြောင်းနှင့်အတူ ပွိုင့်ထိုးပေးရသည့် ပြည်သူ့စစ်တပ်ဖွဲ့မှ ဒုဗိုလ်အဆင့် ရှိသူက တောင်ယာအနီးထောင်ထားသည့် မိုင်းတလုံး နင်းမိကာ ပွဲခြင်း ပြီးသေဆုံးသွားသောကြောင့် ထိုကဲ့သို့ တောင် ယာဘက် သို့ ရမ်းတမ်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့စစ်နှင့် နီးစပ်သူတဦးက ပြောပါသည်။

RCSS/SSA အတွက် ဌာနချုပ်တည်ရန် သဘောတူညီမှုရထားသည့် မိုင်းထားမြို့နယ်ခွဲအတွင်းရှိ လွယ်မွတ်နန်းလျဲန်း စခန်းမှ ၂၀ ရက် နေ့ နောက်ဆုံးထားပြီး တပ်ဆုတ်ပေးရန် တြိဂံတိုင်းမှူးက ညွှန်ကြားထားသော်လည်း လွယ်တိုင်းလျဲန်း ဌာနချုပ်က  အစည်း အဝေး ခေါ်ယူဆုံးဖြတ်ခြင်းမရှိသေးကြောင်း၊ သို့သော် မပြတ်သားသည့် စစ်ရေးထိန်းချုပ်နယ်မြေသတ်မှတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးဖို့ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ဦးအောင်မင်းထံ အကြောင်းကြားထားသည်ဟု ပြောခွင့်ရ စိုင်းဆိုင်မိန်း က ပြောပါသ ည်။

အခြေခံ ဥပဒေသစ်ရေးဆွဲရန်သာ ဆန္ဒရှိကြောင်း လားရှိုးညီလာခံတက်ရောက်သူများပြော

Posted: 21 Mar 2013 04:23 AM PDT

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း သျှမ်းပြည်နယ်-ကယားပြည်နယ် ဆွေးနွေးပွဲ၌ တက်ရောက်လာကြသူများက ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ပြန်လည်ရေးဆွဲရန်သာ ဆန္ဒရှိကြ ကြောင်း သိရှိရပါသည်။

Shan-Kayar                                                  Photo: Kawli Medai

"ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ပြင်ဖို့တော့ အသံသိပ်မထွက်ကြဘူး။ ပြင်တာဟာ အသစ်ပြန်ရေးတာ ထက် အချိန်ပိုကြာတယ်။ အဲဒါကြောင့် အစကနေ ပြန်ရေးဖို့က အသံပိုထွက်ကြတယ်။ ခွန်ထွန်းဦးက မျက်နှာဖုံးကိုပါ ပြောင်းသင့် ပြောင်းရမယ်လို့ပြောတယ်။ ဆိုလိုတာက အသစ်ရေးဖို့ဘဲ" ဟု ညီလာခံ တက်ရောက်သူတစ်ဦးက ပြောသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ကမူ မိမိတို့ စိတ်ကူးယဉ်သည့်အတိုင်း မပြောသင့်ကြောင်း၊ လုပ်သင့် သည်ကို လုပ်ရမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု ၎င်းက ဆက်ပြောပြသည်။

"ရေတိုရေရှည် စဉ်းစားရမယ်။ ရေတိုမှာ  အခြေခံ ဥပဒေထဲက လုပ်နိုင်တာကို လုပ်ရမယ်။ ယူနိုင်တာ ကို ယူရမယ်။ ရေလယ်မှာ အခြေခံ ဥပဒေထဲက ဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို ကြိုးစားဖြေရှင်းရမယ်။ ရေရှည်ကတော့ အခြေခံ ဥပဒေထဲက ခက်ခဲတာတွေကို အချိန်ယူ ဆွေးနွေးရမယ်လို့ ဦးအောင်မင်းက ပြောတယ်။"

တဖက်၌လည်း ငြိမ်းချမ်းရေး တည်ဆောက်နေသည်မှာ အနာတခြား ဆေးတခြားသာ ဖြစ်ကြောင်း၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့် မဖြေရှင်းဘဲ စစ်ရေးနည်းနှင့်သာ ဖြေရှင်းနေသည်မှာ ယုံကြည်မှု ကင်းမဲ့အောင် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ညီလာခံတက်ရောက်သူများ ပြောဆိုကြ သည်ဟု ဆိုပါသည်။

တာချီလိတ်မြို့ တပ်ရင်းမှူးပစ်သတ်သတ်ခံရမှု ယာဘအစည်း ၇၀၀ ကြောင့်ဟုဆို

Posted: 21 Mar 2013 04:23 AM PDT

ဖေဖော်ဝါရီလကုန်က တာချီလိတ်မြို့၌ တပ်တွင်း အချင်းချင်းပစ်သတ်မှုမှာ ဖမ်းမိယာဘများခွဲဝေမှု မမျှတသောကြောင့် ဖြစ်ရပြီး ပတ်သက်ဆက်နွှယ်နေသူများအား ယနေ့တိုင်ဆက်လက်ဖမ်းဆီးစစ်ဆေးနေကြောင်းတပ်တွင်းနှင့်နီးစပ်သည့် သတင်း ရပ်ကွက်ကဆိုပါသည်။

yaba                                      ယာဘ စည်းများ (ဓါတ်ပုံ -အင်တာနက်)

"ဖေဖော်ဝါရီလထဲမှာ ခမရ ၃၃၁ ပူးပေါင်းပါဝင်တဲ့အဖွဲ့တဖွဲ့  ဆမ်ပူးဘက်မှာ ယာဘတွေအများကြီး ဖမ်းမိတယ်။ အဲတာကို အဝေမတည့်လို့ စကားများပြီး သေနတ်နဲ့ချိန်ကြတယ်။ သေနတ်လုရင်းနဲ့ ပစ်ခတ်မိကြတာ။ သူတို့ ကတော်  တွေရဲ့ ပယောက လဲမကင်းဘူးလို့ ပြောလို့လဲရတယ်။ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ချပါလား ရိုက်ပါလားလို့ ကတော်တွေက ဘေးကနေဆွပေးကြလို့ သေတဲ့အထိဖြစ်ရတာ။ အခု နေပြည်တော်ကလာတဲ့ စစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးကြတာ မပြီးသေးဘူး။ ဖမ်းကြဆီးကြတုန်းဘဲ" ဟု တပ်တွင်းနှင့်နီးစပ်သည့် ဒေသခံတဦးကပြောပါသည်။

ဖေဖော်ဝါရီလအတွင်းက တာချီလိတ်မြို့နယ် မိုင်းဖုန်းအုပ်စု ဆမ်ပူးရွာ၌ ယာဘအစည်းပေါင်း ၇၀၀ ကို   ဖမ်းဆီးမိသဖြင့် ခွဲဝေယူကြရာ ခမရ ၃၃၁ အတွက်ဝေစုမှာ ယာဘအစည်း ၃၀၀ ဖြစ်ကြောင်း၊ အစည်း ၃၀၀ အနက် ၎င်းတို့ဗျူဟာမှူးမှ အစည်း ၂၀၀ ယူဆောင်သွားကြောင်း ထို့သို့ဖြစ်ရာကနေ ခွဲဝေယူကြရာမှ စကားများ၍ သေနတ်လုကြရာမှ ၄ ချက် ပစ်မိ ကြခြင်းဖြစ်ကြောင်း ဆိုပါသည်။

" ဖေဖော်ဝါရီလ ၂၈ ညက ဒု-တပ်ရင်းမှူးက - ကျနော့်မှာ သေနတ်ရှိတယ် ဆိုထုတ်လာတော့ အဲဒီသေနတ်ကို တပ်ရင်းမှူးက လုယူလို့ ကျည် ၄ လုံးပစ်မိတယ်။ ၃ လုံးကတော့ မထိဘူး။ နောက်ဆုံးတလုံးမှ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဇေယျာဝင်းရဲ့ဘယ် လည်ချောင်းကနေဝင်ပြီး နားထင် နားရွက်ဘက် ပွင့်ထွက်သွားတော့ လည်တိုင်တခြမ်းထိမိပြီးတော့ သေတာ။ အဲဒီ ကိစ္စက နေ ဝှစ်သောက်ကားမှု၊ မတရားချစားမှုတွေက အစ ပေါ်လာပြီး အခု တပ်တွင်းမှာ တပ်ကြပ်ကြီး အဆင့်ထိ အမှုမှာ ပါဝင်နေ တယ်။ သူတို့နဲ့ဆိုင်တဲ့ ရွှေငွေ ဥစ္စာပစ္စည်းတွေလဲ သိမ်းဆည်းနေတာတွေရှိတယ်" ဟု အဆိုပါဒေသခံက ပြောပါသည်။

တပ်ရင်းမှူး ဗိုလ်မှူးကြီးဇေယျာဝင်း၏ ရုပ်အလောင်းအား မတ်ခ်ျလ ၄ ရက်နေ့က တာချီလိတ်မြို့ရှိ မြို့မ သုသာန်သို့ ပို့ဆောင်သဂြိုဟ်ခဲ့ပြီးဖြစ်ပါသည်။

အဆိုပါအမှုအခင်းအား မတ်ခ်ျလ ၂ ရက်နေ့က တြိဂံတိုင်းမှူးကလည်းကောင်း၊ သက်ဆိုင်ရာ အဆင့်အဆင့်မှ လည်းကောင်း စစ်ဆေးမေးမြန်းရာတွင် ယာဘ ဖမ်းမိ၍ အထက်သို့တင်ပြမှုမရှိဘဲ အချင်းချင်းဝေငှပေးခြင်း၊ လိုင်စင်မဲ့ကားများဖမ်းဆီး၍ အထက်သို့တင်ပြမှုမရှိခြင်း အစရှိသဖြင့် ပြစ်မှုများတွေ့ ရှိလာကြောင်း၊ ထို့ကြောင့် တာချီလိတ်ရှိမူးယစ်ရဲ ၅ ဦးကိုပါ ဖမ်းဆီး၍  အချုပ်ခန်းသို့ပို့ဆောင်ထားကြောင်း၊ အဆိုပါရဲ ၅ ဦးအနက် သျှမ်းလူမျိုး မူးယစ်ရဲတဦးလည်း ပါဝင်ကြောင်း၊ နေပြည်တော်မှ  တပ်မတော်စစ်ဆေးရေးမှူး/ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီးသောင်းအေး ကိုယ်တိုင် လာရောက်စစ်ဆေးနေကြောင်း တပ်အရာရှိများနှင့် ဝင်ဆန့်သည့် ဒေသခံအမျိုးသားတဦးက ဆက်လက်ပြောပြသည်။

အဆိုပါ ယာဘ အစည်းပေါင်း ၇၀၀ မှာ မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦး အသတ်ခံရမှုကြောင့် ဖမ်းဆီးစွပ်စွဲကာ တရုတ် ပြည် ကူမင်းမြို့၌ဆေးထိုးသတ်ခံရသော စိုင်းနော်ခမ်း၏ ပစ္စည်းများဖြစ်သည်ဟုလည်း ဒေသတွင်း၌ သတင်းများထွက်နေ ကြောင်း ဒေသခံတချို့ကပြောပါသည်။

သျှမ်း-ကယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ ၀ ပြည်နယ်ရရှိရေး UWSP/UWSA တောင်းဆို

Posted: 21 Mar 2013 04:22 AM PDT

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ လားရှိုးမိုတယ်၌ ယမန်နေ့က စတင်ကျင်းပသော ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း သျှမ်းပြည်နယ်-ကယားပြည်နယ် ဆွေးနွေးပွဲ၌ ၀ တပ်ဖွဲ့ UWSP/UWSA က သီးခြား ၀ ပြည်နယ်ထူထောင်နိုင်ရန် တောင်းဆိုကြောင်း သိရှိရပါသည်။

Shan-Kayar 1                                                      Photo:Kawli Media

"ဆွေးနွေးပွဲမှာ ၀ ဖက်က သီးခြား ၀ ပြည် ထူထောင်ဖို့ တောင်းဆိုတယ်။ ၀ ဒေသကို လာရောက်တဲ့ သူတိုင်းကိုလည်း ဒီအကြောင်း ပြောပြတယ်ပေါ့။ ၁၉၉၃ ကတည်းက တောင်းဆိုလာတာပေါ့။ ၀ ပြည် မထူထောင်နိုင်သရွေ့ ဆက်ပြီး တောင်းဆိုသွားမယ်လို့ ၀တပ်ဖွဲ့ ကိုယ်စားလှယ်အဖြစ်တက်ရောက်တဲ့ သျှောင်းဆမ်ခွန်း က ပြောတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝင်ဆွေးနွေးတဲ့သူတော့ မရှိဘူး" ဟု ဆွေးနွေးပွဲ တက်ရောက်သူတစ်ဦးက ပြောပါသည်။

သီးခြား ၀ ပြည် ထူထောင်ရန် တောင်းဆိုမှုနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့် အယ်ဒီတာ ဦးခွန်စိုင်း က အိန္ဒိယကို ဂန္ဒီမှ ဦးဆောင်စဉ် မူဆလင်ဘာသာဝင်များက အိန္ဒိယမှ ခွဲထွက်ရန် တောင်းဆိုရာ ဂန္ဒီက မူဆလင်ဘာသာဝင်များအား အိန္ဒိယနိုင်ငံကို အုပ်ချုပ်စေကြောင်း၊ သို့သော် ဟိန္ဒူဘာသာဝင်များက သဘောမတူကြောင်း  ဥပမာပေး သုံးသပ်ပြောဆိုပါသည်။

"မူဆလင်တွေ အိန္ဒိယကို အုပ်ချုပ်ခွင့် ပေးနိုင်ပေမဲ့ ဟိန္ဒူတွေ မူဆလင်ကို ဆန့်ကျင်တာ သူ မတားနိုင် ဘူးလို့ ဂန္ဒီက ပြောတယ်။ အခုလည်းဘဲ ၀ ပြည်ထူထောင်ဖို့ တောင်းဆိုလာတာလည်း ဒါသူတို့ရဲ့အခွင့် အရေးဘဲ။  ဒီလိုတောင်းဆိုလာတာ  ဆန့်ကျင်တဲ့သူတွေရှိရင်လဲ ကျနော်တို့ သွားတားလို့ မရဘူး။ ဒါကြောင့် သွေးချင်း ဝ တွေက သျှမ်းပြည်ကနေ မခွဲထွက်ဘဲ အတူတကွ ပူးပေါင်းနေနိုင်ဖို့ ဘယ်လိုလုပ် ရမယ်ဆိုတာလည်း ဆွေးနွေးရမယ်"  ဟုဆိုပါသည်။

ဆွေးနွေးပွဲသို့ အမေရိကန်၊ အင်္ဂလန်၊ အင်ဒိုနီးရှား၊ ပရူနိုင်းနိုင်ငံတို့မှ အရာရှိများ၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ နိုင်ငံရေးပါတီနှင့် လက်နက်ကိုင်အဖွဲ့ အစည်း ၂၁ ဖွဲ့မှ ကိုယ်စားလှယ်များ၊ လူထုကိုယ်စားလှယ်များ စုစုပေါင်း ၁၈၀ ကျော် တက်ရောက် သည်ဟု သိရှိရပါသည်။

ရပ်နားထားသော တရုတ်သတ္တုတူးဖေါ်ရေးလုပ်ငန်း ပြန်လည်စတင်

Posted: 21 Mar 2013 04:20 AM PDT

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခမ်း ကျေးရွာအနီး တူးဖေါ်လုပ်ကိုင်နေသည့် တရုတ်  ကြေးနီနှင့် ခဲ တူး ဖေါ်ရေး လုပ်ငန်း များ နယ်မြေလုံခြုံရေး အခြေအနေကြောင့် ရပ်နားထားရာမှ ယခုအခါ  ပြန်လည် လုပ်ကိုင် နေပြီး ဓါတ်သတ္တုများကို ဗန်းမော်မှ လွယ်ဂျယ်မြို့သို့ မတ်လ ၁၈ ရက်နေ့က စတင်ပို့ဆောင်နေကြောင်း သိရသည် ။

COAL 1                               သျှမ်းပြည်နယ်အတွင်း သတ္တုတူးဖေါ်ရေးလုပ်ငန်းတခု

မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြုလုပ်သည့် KIO နှင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံပွဲ နောက်ပိုင်း ၄င်းသတ္တုတူးဖေါ်ရေးလုပ်ငန်း ပြန်လည်လုပ်ကိုင်လာခြင်း ဖြစ်ပြီး တစ်ရက် လျှင် ကားအစီးရေ ၂၀ ခန့် တရုတ် နယ်စပ် လွယ်ဂျယ်မြို့သို့ ဓါတ်သတ္တုများ ပို့ဆောင်နေကြောင်း ၄င်း လုပ်ငန်းနှင့်နီးစပ်သူ ဗန်းမော်မြို့ခံတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည် ။

"စင်းခမ်းရွာကနေဆို ၁၀ မိုင်လောက်ဝေးတဲ့ တောထဲမှာ တရုတ်နဲ့ ဗမာ သတ္တု ဖက်စပ်တူးနေတာပေါ့။ KIAနဲ့ စစ်တွေ ဖြစ် တော့ ဒီလုပ်ငန်း ရပ်ထားရတာပေါ့နော်။ အခုပြန်လုပ်နေပြီ ဒီလ ၁၈ ရက်နေ့က ၂၂ ဘီးကားတွေနဲ့ သတ္တုကုန်ကြမ်းတွေ ပြန်သယ်နေပြီ။ ဗန်းမော်ကနေ လွယ်ဂျယ်အထိပေါ့။ အဲဒီကနေ တရုတ်ပြည်ထဲကို ပြန်သယ်တယ်" ဟု သူက ဆိုသည် ။

ကားတစ်စီးလျှင် ဓါတ်သတ္တု အလေးချိန် တန် ၃၀ ခန့် တင်ဆောင်ကာ သယ်ဆောင်ခအဖြစ် တစ်တန်လျှင် မြန်မာကျပ်ငွေ ၆ သောင်းပေးရကြောင်း ၄င်းထွက်ရှိသည့် ဓါတ်သတ္တု အထဲတွင် ကြေးနီ ၊ ခဲ ၊ သွပ် စသည့် သတ္တုအမျိုးအစားများ အဓိက ပါဝင်ကြောင်း သူက ဆက်ပြောသည် ။

"တကယ် ကားတစ်စီး တင်တာက တန် ၃၀ လောက်ပေါ့နော်။ ဒါပေမဲ့သက်ဆိုင်ရာက ၁၀ တန်ပဲ စာရင်းပြတယ်။ ကျန်တဲ့ တန် ၂၀ တင်ဆောင်ခတွေကို ဖြတ်စားတယ်။ သတ္တု ကုန်ကြမ်းတွေကို သယ်တာပေါ့။ အရောင်က ခဲရောင်သန်းတယ် " ဟု ဆိုသည် ။

ယခင်က အဆိုပါ စင်းခမ်းကျေးရွာတစ်ဝိုက်တွင် ရွှေကြောများတွေ့ရှိကာ ရွှေအမြောက်အများ ထွက်ရှိခဲ့ကြောင်းလည်း သိရ သည် ။

သျှမ်း-ကယား ငြိမ်းချမ်းရေးညီလာခံ လားရှိုး၌စတင်

Posted: 21 Mar 2013 04:19 AM PDT

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း သျှမ်းပြည်နယ် ကယားပြည်နယ် ဆွေးနွေးပွဲကို ယနေ့မနက်စတင်ရာ မြန်မာအစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းလည်း တက်ရောက်ခဲ့ပြီး အစီ အစဉ် ၈ ခုဖြင့် ကျင်းပကြောင်း သိရသည်။

shan kayah1                             လားရှိုး၌ကျင်းပသော သျှမ်း-ကယား ငြိမ်းချမ်းရေးညီလာခံ

မတ်ခ်ျလ ၂၀ ရက် ယနေ့မနက် ၉ နာရီတွင်အခမ်းအနားစတင်ရာ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ခွန်ထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌဦးအောင်မင်း မှ စကားပြောကြားခဲ့သည်ဟုဆို၏။

ထိုနောက်ပိုင်း ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးကျော်ဆွေမှပေးပို့သောငြိမ်းချမ်းရေးသဝဏ်လွှာဖတ်ကြားခြင်း၊ဆွေးနွေး ပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ဖြစ်မြောက်ရေး ကော်မတီဝင်တဦးကဖတ်ကြားခြင်း၊ ထိုနောက်ပိုင်း ငြိမ်းချမ်းရေးတည် ဆောက်ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများကိုယ်စား ဦးအေးသာအောင်က အမြင်သဘောထား များတင်ပြခြင်း၊ လက်နက် ကိုင်အဖွဲ့အစည်းများကိုယ်စား သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်နာယက ဒုဗိုလ်ချုပ်ကြီး ဆေထဲန့်က အမြင် သဘောထားတင်ပြပြီး ယနေ့အဖို့ အခမ်းအနားအစီအစဉ်ပြီးဆုံးမည်ဖြစ်ကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး၌ ပါဝင်ကူညီ သည့်လူငယ်တဦးကပြောပါသည်။
shan kayah2                             လားရှိုး၌ကျင်းပသော သျှမ်း-ကယား ငြိမ်းချမ်းရေးညီလာခံ

အခမ်းအနားကို မတ်ခ်ျလ ၂၂ ရက်နေ့အထိ လားရှိုးမြို့ရှိ လားရှိုးမိုတယ်တွင် ကျင်းပမည်ဖြစ်သည်။ ဆွေးနွေးပွဲတက်ရောက် ရန်အတွက် နိုင်ငံရေးပါတီနှင့် လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့အား ဖိတ်ကြားထားသော် လည်း ၂၁ ဖွဲ့သာတက် ရောက်ခဲ့ကြောင်း အဆိုပါလူငယ်က ပြောပါသည်။

သို့သော် မည်သည့်အဖွဲ့များမှ တက်ရောက်ရန်ပျက်ကွက်သည်ကို သျှမ်းသံတော်ဆင့်မှ အတည်ပြုချက်မရယူနိုင်သေး ပေ။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအရေး လှုပ်ရှားမှုအတွက် ရတက်မအေးနိုင်ဖွယ်ဖြစ်ရပ်တစ်ခု

Posted: 21 Mar 2013 04:18 AM PDT

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ တရားဝင်ရပ်တည်နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် မြန်မာအစိုးရ၊ ထိုင်းအစိုးရနှင့် နိုင်ငံတကာမှ အလုပ်သ မားအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှား သူများ ပူးပေါင်းကာ ဝိုင်းဝန်းဆောင်ရွက် ပေးနေ သည်မှာ ကာလအတိုင်းအတာတစ်ခု အထိရောက်ရှိ နေပြီဖြစ်ပါတယ်။


ယင်းသို့ဆောင်ရွက်မှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား တစ်သန်းသုံးသိန်းခန့်ကို သက်သေခံ အထောက် အထားများ ထုတ်ပေးနိုင်ပြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော မြန်မာအလုပ်သမားများအတွက်  ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားရရှိနိုင်ဖို့ရာ တရားဝင်ရပ်တည်မှုက အလွန်အရေးပါပါတယ်။

ကာလရှည်ကြာစွာရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားအရေးဟာ  အတိတ်ကာလတွေ မှာ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံအစိုးရတို့နှင့်တကွ ကမ္ဘာ့အသိုင်းအဝိုင်းမှာပါ အလေးထားခြင်း ခံရမှုတို့ အားနည်း ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ လူ့အသိုင်းအဝိုင်းအတွင်း ရွှေ့ပြောင်းအလုပ်သမားရေးရာ ဆောင်ရွက်ပေးတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်း များစွာပေါ်ပေါက်ခဲ့ပါ တယ်။ မကြာသေးခင်အချိန်အတွင်းက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေရဲ့အရေးကို တက်ကြွစွာဆောင် ရွက် နေတဲ့ တက်ကြွ လှုပ်ရှားသူတစ်ဦး အပေါ် ထိုင်းအလုပ်ရှင်တွေ ဘက်က တုံ့ပြန်လိုက်မှုကို နိုင်ငံတကာမီဒီယာများနှင့် INGO အသိုင်းအဝိုင်းက အံ့သြတစ်ကြီးဖြစ်ခဲ့ရပါတယ်။

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှာ အခြေစိုက်ပြီး ရွှေ့ပြောင်းလုပ်သားတွေရဲ့အရေးကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တက်ကြွစွာလက်တွဲပူးပေါင်းဆောင်ရွက်နေရာမှာ ထင်ရှားသူ တစ်ဦးဖြစ်တဲ့  ရွှေ့ပြောင်း လုပ်သားအရေးနှင့် အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်သူ Mr. Andy Hall ကို ထိုင်းနိုင်ငံ Pranburi Prachuapkirikhan ခရိုင်ရှိ Natural Fruit ကုမ္ပဏီက ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အသရေ ဖျက်မှုနှင့် Nakhon Pathom တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။ Mr. Hall အနေဖြင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ဖင်လင်နိုင်ငံမှ အကျိုးအမြတ်မယူသောအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Finnwatch နဲ့ ပူးပေါင်းရေးသားတဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားချက် တွေဟာ Natural Fruit ကုမ္ပဏီကို အကြီးအကျယ်ထိခိုက်နစ်နာစေတယ်ဆိုပြီး အသရေဖျက်မှုသာမက ထိုင်းနိုင်ငံရဲ့ ပြစ်မှု ဆိုင်ရာဥပဒေ ပုဒ်မ ၉၀၊ ၉၁၊ ၃၂၆၊ ၃၂၈၊ ၃၃၂ စသည်တို့နှင့် တရားစွဲဆိုထားတဲ့အပြင် ကွန်ပျူတာမှုခင်းအက် ဥပဒေနဲ့လည်း တရားစွဲဆိုခဲ့ပါတယ်။ အကယ်၍ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်နေသူ Mr. Hall အနေဖြင့် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပေါ်ပေါက်ပါက ပြစ်မှုတစ်ခုချင်းအတွက် ထောင်ဒဏ် (၂)နှစ်စီ ချမှတ်ခံရမည့်အပြင် ဒဏ်ငွေ ဘတ်နှစ်သိန်းစီလည်း ပေးဆောင်ရမှာဖြစ်ပါတယ်။ ထို့အပြင် အသေရေဖျက်မှု အတွက် နစ်နာကြေး ဘတ်သန်း (၃၀၀) ပေးလျော်ရန် Natural Fruit ကုမ္ပဏီက Mr. Hall ကို တောင်းဆို ထားပါတယ်။

၂၀၀၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Natural Fruit ကုမ္ပဏီဟာ နာနတ်သီးစည်သွပ်ဘူးနှင့် အခြားသီးနှံ စည်သွပ်ဘူးများကို ထုတ်လုပ်ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှာ Finnwatch နှင့် Mr. Hall တို့ ပူးပေါင်းပြီး ဖင်လန်နိုင်ငံအတွင်းသို့ တင်ပို့ရောင်းချနေတဲ့ အချိုရည်၊ သစ်သီးစည်သွပ်ဘူးစက်ရုံတွေရဲ့ လူ့အခွင့်အရေးကို လေ့လာကာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ယင်းအစီရင်ခံစာထဲမှာ Natural Fruit ကုမ္ပဏီရဲ့ သစ်သီးစည်သွပ်စက်ရုံဖြစ်တဲ့ Prachuapkirikhan ခရိုင်အတွင်းရှိ Pranburi စက်ရုံက လုပ်သား များကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက မေးမြန်းထားချက်တွေကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။ မေးမြန်းမှု များအရ Natural Fruit ကုမ္ပဏီဟာ ရွှေ့ပြောင်းအလုပ်သမားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကို ဆိုးရွားစွာပြုလုပ်နေတာကို သိရှိရပြီး ယင်းကို အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ထို့အပြင် အစီရင်ခံစာရေးသားနေချိန်အတွင်းမှာ Natural Fruit ကုမ္ပဏီက တာဝန်ရှိသူများဟာ အစီရင်ခံစာရေးသားတဲ့အဖွဲ့ကို တွေ့ဆုံရန် အကြိမ်ကြိမ်ငြင်းပယ်ခဲ့ပါတယ်။ Finnwatch မှ ယင်းအစီရင်ခံစာကို ဖင်လန်အစိုးရတာဝန်ရှိသူများ၊ ဥရောပသမဂ္ဂ၊ ထိုင်းအစိုးရ၊ အလုပ်သမားနှင့် လူ့အခွင့် အရေးဆိုင်ရာ အဖွဲ့အစည်းများကို ပေးပို့ခဲ့ပါတယ်။

တက်ကြွလှုပ်ရှားသူများရဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Front Line Defenders ကတော့ Mr. Hall သည် လူ့အခွင့်အရေး ဆိုင်ရာ များကို ငြိမ်းချမ်း၍ မျှတမှုရှိစွာဆောင်ရွက်ခဲ့ခြင်းကြောင့်လည်းကောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် ထင်မြင်ယူဆခွင့်အရ သော်လည်းကောင်း၊ ထိုင်းနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများသည် တရားစီရင်ရေးဆိုင်ရာ စွက် ဖက် နှောင့်ယှက်မှုများအပါအဝင် ကန့်သတ်ချက်များ ထားရှိမှုကို ရင်ဆိုင်နေရခြင်းမှ ကင်းလွတ်ရန်အတွက် လည်းကောင်း Mr. Hall အပေါ်စွပ်စွဲထားချက်များကို ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုလျှက်ရှိပါတယ်။ ထို့အပြင် နိုင်ငံတကာမီဒီယာ များမှလည်း Mr. Hall ၏ အမှုကိစ္စနှင့်ပတ်သက်၍ ထိုင်းအစိုးရ၏ တရားစီရင်ရေးစနစ်အပေါ် ဝေဖန်ပြစ်တင်လျှက်ရှိပါတယ်။

ယင်းသို့ ရွှေ့ပြောင်းလုပ်သားများ၏ အရေးနှင့်ပတ်သက်၍ တက်ကြွစွာဆောင်ရွက်နေသူများကို အလုပ်ရှင်များမှ ပြန်လည် တုံ့ပြန်ဆောင်ရွက်မှုများကြောင့် ရွှေ့ပြောင်းလုပ်သားများ၏ အရေးကိစ္စများကို ဆောင်ရွက်ရာတွင် နှောင့်နှေးသွားနိုင်သည့် အပြင် လုပ်သားများအတွက်လည်း ရတတ်မအေးနိုင်စရာများ ဆက်လက်ဖြစ် ပေါ်နိုင်လာပါတယ်။

အခြေအနေအရပ်ရပ်တို့မှာ နိမ့်ကျနေတဲ့ ရွှေ့ပြောင်းအလုပ်သမားရေးရာတို့အတွက် သင့်တင့်မျှတသော ရပိုင်ခွင့်များရရှိ ခံစားနိုင်ရေးမှာ သက်ဆိုင်ရာအစိုးရများ၊ လွပ်လပ်သောအဖွဲ့အစည်းများ၊ အလုပ်သမားများ၊အလုပ်ရှင်များက အပြုသဘော ဆောင်သော ပူးပေါင်းဆောင်ရွက်မှုတွေရှိဖို့ အထူးလိုအပ် လှပါတယ်။ သို့မှသာ ဘက်ပေါင်းစုံအကျိုးခံစားခွင့်တွေ ဖြစ်ပေါ် လာမှာပါ။ တိုက်ခိုက်မှုတွေကတော့ ယာယီစိတ်ကျေနပ်မှုကလွဲလို့ နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပွားစေမှာဧကန်ပင် ဖြစ် ပါတယ်။ထို့ကြောင့် ထိုင်းလုပ်ငန်းရှင်များဘက်မှလည်း ရွှေ့ပြောင်းလုပ်သားများအရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက် လာနိုင်မည့် နည်းလမ်းများကို စဉ်းစားသုံးသပ်နိုင်ရန် Mr. Hall ၏ အမှုဖြစ်စဉ်ကို ကိုးကား၍ ဖော်ပြလိုက်ပါတယ်။

အထက်ဖော်ပြပါ ဆောင်းပါမှာ ဆောင်းပါးရှင် Mwrn ၏ အာဘော်သာဖြစ်ပါသည်။
အယ်ဒီတာ
သျှမ်းသံတော်ဆင့်