သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


RCSS ၏ စခန်းဟောင်းအား မြန်မာစစ်တပ်မှ ၂ ရက်ကြာတိုက်ခိုက်

Posted: 18 Mar 2013 07:41 PM PDT

သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့နယ်အတွင်းရှိ RCSS/SSA ၏ လွယ်နဂါးတောင်ကြောရှိ လွယ်လန်းတပ်စခန်း ဟောင်းအား မြန်မာအစိုးရစစ်တပ်က ၂ ရက်ကြာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း သျှမ်းပြည် တပ်မတော်က ပြောပါသည်။

rcss ssa soldiers on baseစခန်းတခုမှ သျှမ်းပြည်တပ်မတော်တပ်သားများ (jamesrobertfuller.photoshelter.com)

" ၁၅ နဲ့ ၁၆ ရက်နေ့ ၂ ရက်စလုံး ပစ်တယ်။ ၁၂၀ မမ၊ ၁၀၅ မမ တွေနဲ့ ပစ်တယ်။ ကျနော်တို့ စခန်းဟောင်း ဆီကိုပစ်တာ။ အဲဒီစခန်းကနေ ကျနော်တို့ အရင်အပတ်ကတည်းက ခွါလိုက်တာလေ။ ကျနော်တို့ဘက်ကတော့ ပြန်မပစ်ခတ်ပါဘူး" ဟု သျှမ်းပြည်တပ်မတော်မှ အရာရှိတဦးကပြောပါသည်။

မြန်မာစစ်တပ် စကခ ၂ လက်အောက်ခံ မိုင်းနောင် ၊ ကျေးသီး အခြေစိုက် ခလရ ၂၈၆၊ ၂၈၇၊ ၁၃၂ တို့မှ တပ်ရင်း များက ဟိုမိန်းမြို့နယ်အတွင်းရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏ တပ်စခန်းများအား လိုက်လံတိုက် ခိုက်နေကြောင်း၊ ဖေဖော်ဝါရီလကုန်နောက်ဆုံးထား၍ လွယ်လန်းတပ်စခန်းမှ ဆုတ်ခွါရန် ရလခ တိုင်းရုံးက ညွှန်ကြားလာကြောင်း၊ သို့သော် သျှမ်းပြည်တပ်မတော်က မတ်လ ၁၁ ရက်နေ့မှ ဆုတ်ခွါသဖြင့် မြန်မာစစ်တပ်က တိုက်ခိုက်ခြင်းဖြစ်ကြောင်း အဆိုပါအရာရှိကပြောပါသည်။

"လူမရှိတော့တဲ့ စခန်းအလွတ်ကို ၂ ကြာတိုက်ခိုက်တယ်။ ကျနော့်အမြင်ကတော့ - အထက်က တိုက်ဖို့ အမိန့် ချလာလို့ လုံးဝစစ်ဆင်တိုက်ခိုက်ရတယ်။ ဒါမှ မဟုတ် ကျနော်တို့ တပ်စခန်းကို သူတို့တိုက်ယူရတယ် ဆိုတာကို အထက်ကို တင်ပြချင်လို့ တိုက်ပွဲအတု ဆင်နွဲတာဖြစ်နိုင်တယ်။ နောက်တခုက စခန်းကနေ ရုပ်ပေးဖို့ ညွှန်ကြား ထားလို့ မပြောင်းပေးရင် မရုပ်ပေးရင် မြန်မာစစ်တပ်ဘက်က အင်အားသုံးတိုက်ယူရမယ် ဆိုတာ သူတို့မှာ ပေါ်လစီ ရှိလို့ - လို့ဘဲ ထင်တယ်။ ဒါပေမယ့် ကျနော်တို့က ၁၁ ရက်နေ့ကတည်းက ထွက်ထားပြီးပြီ" ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

ယခု လွယ်လန်းတပ်စခန်းအားတိုက်ခိုက်နေသည်မှာ မြန်မာစစ်တပ်မှ အင်အား ၂၀၀ ခန့်ရှိပြီး ဟိုမိန်း နယ်ခြား ကာကွယ်ရေးတပ်ဖွဲ့ ( နမ့်စန်၊ ကျိုင်းတောင်းဘက်) မှ အင်အား ၁၀၀ ခန့်လည်း ပါဝင်ပူးပေါင်းခဲ့ကြောင်း၊ စစ်ယာဉ်တန်း ၁၃ စီးထက်မနည်း ရှိကြောင်း၊ အဖွဲ့ ၃ ဖွဲ့ခွဲ၍ နေရာ ၅ နေရာမှ တိုက်ခိုက်ခဲ့ကြောင်း ဆိုပါသည်။

လွယ်နဂါးတောင်ကြောသည် ဟိုမိန်းမြို့နယ် အနောက် တောင်ဘက် ကီလိုမီတာ ၂၀ ကျော်အကွာတွင် တည်ရှိ သည်။ RCSS/SSA နှင့် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ ပြည်ထောင်စုအဆင့် ဆွေးနွေးကြစဉ် ဟိုမိန်း၊ မိုင်းထားနှင့် မိုင်းတော့တို့တွင် သျှမ်းပြည်တပ်မတော်၏ တပ်မိသားစု နေရာချထားရန် သဘောတူညီမှုရရှိထားကြသော်လည်း မြန်မာစစ်တပ်က ယနေ့တိုင် အကောင်အထည်ဖော်ခွင့်မပေးဘဲ တိုက်ခိုက်နေဆဲဖြစ်ပါသည်။ 

စိုင်းနော်ခမ်းအမှု၌ နိုင်ငံတော်သက်သေအဖြစ် တရုတ်သို့ပို့ဆောင်ခံရသူအား မြန်မာသို့ပြန်လည်လွှဲအပ်

Posted: 18 Mar 2013 07:40 PM PDT

 ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦးသတ်ဖြတ်မှု၌စွပ်စွဲခံရပြီး တရုတ်နိုင်ငံ၌ ရုံးတင်စစ်ဆေးခံရသော စိုင်းနော်ခမ်းအမှုအတွက် နိုင်ငံတော်သက်သေအဖြစ် စစ်ဆေးဖို့ အပို့ခံရသူ စိုင်းအောင်မြတ်အား တရုတ်အစိုးရက မြန်မာ အစိုးရထံ ပြန်လည်လွှဲအပ်ပြီးဖြစ်ကြောင်းစုံစမ်းသိရှိရသည်။

Sai Aung Myatနိုင်ငံတော်သက်သေအဖြစ် စစ်ဆေးဖို့ အပို့ခံရသူ စိုင်းအောင်မြတ်

"မနေ့က ၁၁ နာရီ လောက်ပေါ့ ကျိုင်းတုံကိုရောက်လာတာ။ လောလောဆယ်တော့  သူ့ရဲ့လုံခြုံရေးအတွက် သူ့ကိုဘယ်မှာ ထားတယ်ဆိုတာ အာဏာပိုင်တွေ မပြောပြသေးဘူး။ နေပြည်တော် သို့မဟုတ် ရန်ကုန်မှာ သွားထားမယ်လို့လဲ သတင်းတွေ ထွက်နေတယ်၊ သူ့မိသားစုကော ခေါ်မယ်လို့ ကြားတယ် " ဟု စိုင်းအောင်မြတ်၏ မိတ်ဆွေတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ယမန်နှစ် ဩဂတ်စ်လ က နိုင်ငံတော်သက်သေအဖြစ် ကျိုင်းတုံ-မိုင်းလားလမ်းမှ တရုတ်ပြည်သို့ ပို့ဆောင်ခြင်းခံရသော စိုင်းနော်ခမ်း၏တပည့်တဦးဖြစ်သူ စိုင်းအောင်မြတ်အား စိုင်းနော်ခမ်းဆေးထိုးသတ်ခံရပြီး ၂ ပတ်အကြာ မတ်ခ်ျလ ၁၇ ရက် တနင်္ဂနွေနေ့၌ ကျိုင်းတုံမြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

"နေပြည်တော်ကနေ လာတဲ့ စရဖအရာရှိ ကျိုင်းတုံကိုရောက်လာတယ်။ မိုင်းလားဘက်ဆက်တက်သွားပြီး စိုင်းအောင်မြတ် ကိုသွား ကြိုတာလေ။ သူအသွားတုန်းကလမ်းအတိုင်းဘဲ ပြန်ပို့တာ၊ တရုတ်ရဲတွေလဲ မိုင်းလားအထိလာပို့တယ်" ဟုလည်း ဆွေမျိုးတော်စပ်သူ တဦးကပြောပါသည်။

စိုင်းအောင်မြတ်သည် စိုင်းနော်ခမ်းအဖမ်းမခံရခင် ၁၀ ရက်အလိုဖြစ်သော ၂၀၁၂ ဧပြီလ ၁၅ ရက်နေ့တွင် နောက်လိုက် ၂၅ ယောက်နှင့်အတူ တာချီလိတ်၌ လက်နက်ချခဲ့သည်။ စိုင်းနော်ခမ်းအမှု၌ စိုင်းအောင်မြတ်အား နိုင်ငံတော်သက်သေအဖြစ် စစ်ဆေးရန် တရုတ်ကတောင်းဆိုသဖြင့် မြန်မာအစိုးရ မှ တရုတ်အစိုးရထံသို့ ကျိုင်းတုံ၌ အခမ်းအနားအဖြင့် ၂၀၁၂ ဂျူလိုင်လ ၂၈ ရက် မနက် ၄ နာရီ က လွှဲအပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းအား ကျိုင်းတုံ - မိုင်းလားလမ်း မှတဆင့် တရုတ်နယ်စပ် ဖြတ်သန်းကာ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

စိုင်းနော်ခမ်းကိုလည်း  တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့အစိုးရက မတ်လ ၁ ရက်နေ့ ဆေးထိုးသတ် သေဒဏ်ပေး လိုက်ပြီး ၂ ပတ်အကြာ ဆွေမျိုးမောင်နှမများက တာချီလိတ်မြို့နယ် ပါမိတ်ရပ်ကွက်တွင် (စိုင်းနော်ခမ်း၏အလောင်းအစား ၎င်း၏ အဝတ်အစားများ အသုဘ အခေါင်းထဲထဲ့၍ ) ၎င်း၏ဓါတ်ပုံဖြင့် အသုဘအခမ်းအနား ကျင်းပပေးခဲ့ ကြောင်း၊ သတင်းထောက်များနှင့် အစိုးရစစ်တပ်ပိုင်းမှ လာရောက်မေးမြန်းမှုများကြောင့် အသုဘ ၇ ရက်ထားမည့် အစီအစဉ်အား ဖျက်လိုက်ရပြီး  အလောင်းမဲ့အခေါင်းကို ၃ ရက်မြောက်နေ့၌ မီးသဂြိုဟ်လိုက်ရကြောင်း နီးစပ်သည့်ဆွေမျိုးတဦးကလည်းပြောပါသည်။

စိုင်းနော်ခမ်းအား မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦး သတ်ဖြတ်ရာတွင်အမိန့်ပေးသူအဖြစ် စွပ်စွဲခံရသော်လည်း တရုတ် အစိုးရ ဆေးထိုးသတ်သေဒဏ်ပေးလိုက်သည်အထိ အမှုဝန်ခံသွားခြင်းမရှိပေ။ ၎င်းအလောင်းအားလည်း မြန်မာသို့ ပြန်ပို့ ပေးမည်ဟု တရုတ်အစိုးရ ပြောဆို ခဲ့ဘူးသော်လည်း မြန်မာအစိုးရဘက်မှ အရေးယူပြောဆိုမှုမရှိသဖြင့် အလောင်း အား ပို့ဆောင်ပေးခြင်းမရှိကြောင်း ၎င်း၏ဆွေမျိုးဘက်မှ တောင်းဆိုခြင်းလည်းမရှိခဲ့ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြန်လည်ပြောပြပါသည်။

မြန်မာ့ငြိမ်းချမ်းရေးဖေါ်ဆောင်မှု အမေရိကန်တိုက်ရိုက်ပါဝင်သင့်

Posted: 18 Mar 2013 07:39 PM PDT

တိုင်းရင်းသားမီဒီယာများစုပေါင်းဖွဲ့စည်းထားသည့် ဘီအဲန်အိုင် က မြန်မာ့ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ယနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ 'မြန်မာ့ငြိမ်းချမ်းရေးဖေါ်ဆောင်မှုမှာ အမေရိကန် တိုက်ရိုက်ပတ်သက်သင့်' သည်ဟု ပြောကြားလိုက်ပါသည်။

Deciphering
"ထိုင်းနိုင်ငံမှာလုပ်တဲ့ တွေ့ဆုံပွဲမှာဆို ဂျပန်က ကမကထ ပြုတယ်။ မူစယ်တဘက်ခြမ်းရွှေလီမှာ တွေ့ဆုံ တာက တရုတ်က တိုက်ရိုက်ပတ်သက်တယ်။ ဝင်ရောက်စွက်ဖက်တယ်လို့တောင် ကြားရတယ်။ ဂျပန်နဲ့ တရုတ်က ရန် ဘက်လေ။ ငြိမ်းချမ်းရေးလမ်းစဉ်က ဖြောင့်တော့မှာမဟုတ်ဘူး။ သူတို့နှစ်ဦးဘဲ ပြိုင်လုမနေ ရအောင် အမေရိကန် ပါဝင်လာသင့်တယ်" - ဟု Deciphering – Myanmar's Peace Process အစီရင်ခံစာ ထုတ်ပြန် မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ် ဦးခွန်စိုင်းက ပြောပါသည်။

ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ ဒုတိယ ဉက္ကဌ ဦးအောင်မင်း အဖွဲ့ နှင့် UNFC ကိုယ်စားလှယ်တို့ တွေ့ဆုံရာတွင် ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်း မှ ကမကထ ပြု၏။ မတ် ၁၁ ရက်နေ့ ကေအိုင်အို နှင့် ဦးအောင်မင်းတို့အဖွဲ့ တရုတ်နယ်စပ် ရွှေလီမြို့၌ တွေ့ ဆုံရာတွင် တရုတ်အစိုးရက ကမကထပြုသည်ဟုဆို၏။

"ရွှေလီတွေ့ဆုံပွဲ တရုတ်က ဝင်ပါလာလို့ တချို့ဟာတွေ ဆုံးဖြတ်ချက်ထဲ မပါလိုက်ရဘူး။ humanitarian assistant တို့ ceasefire monitoring တို့ မပါဘူးလေ။  အဲဒီကိစ္စထည့်ထားရင် အနောက်နိုင်ငံက NGO တွေဝင်လာမယ်။ ဒါကိုတရုတ်က မကြိုက်ဘူး၊ အဲဒါကြောင့် တရုတ်က တဘက်၊ ဂျပန်က တဘက် လွန်ဆွဲ နေရင် မြန်မာ့ငြိမ်းချမ်းရေးလဲ ဟိုမရောက်ဒီမရောက် ဖြစ်သွားနိုင်တယ်၊ ပိုမိုကြန့်ကြာသွားနိုင်တယ်" - ဟု ပြောပါသည်။

Deciphering – Myanmar's Peace Process A Reference Guide 2013 အစီရင်ခံစာအား သတင်းစာရှင်းလင်းပွဲကို ဘီအဲန်အိုင် အကြီးအကဲများဖြစ်သည့် ဦးခွန်စိုင်း၊ နန်းဖေါ့ကေ နှင့် စိုင်းလိတ် တို့က ဦးဆောင်ပြီး ဘန်ကောက်မြို့ FCCT -The Foreign Correspondents' Club of Thailand ၌ ယနေ့ပြုလုပ်ခဲ့ခြင်းဖြစ် သည်။

၁၉၆ စာမျက်နှာ ရှိ Myanmar's Peace Process A Reference Guide 2013 အစီရင်ခံစာအား ဖတ်ရှုရန် - http://www.mmpeacemonitor.org/#!deciphering-myanmars-peace-process/chz2

ဓါးထိုးသတ်ခံရ ကျားဖြူဥက္ကဌတူ အမှုကို မတ်လ ၂၂ ရက် နေ့တွင်ရုံးပြန်ချိန်း

Posted: 18 Mar 2013 07:37 PM PDT

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် လူသတ်မှုကျူးလွန်သော ပြည်သူ့လွှတ်တော်အမတ်(ပန်းဆေး ပြည်သူစစ်ခေါင်း ဆောင်) ဦးကျော်မြင့်၏တူ ရဲအောင်ထွေး(ခ) လိဖန် နှင့် အပေါင်းအပါ အိုက်ဆမ် တို့အား ယခုလ ၁၄ ရက်က မူစယ်ခရိုင် တရားရုံး၌ ရုံးထုတ်စစ်ဆေးပြီးနောက် ၂၂ ရက်နေ့တွင် ထပ်မံရုံးချိန်းလိုက် ကြောင်း သိရှိရသည်။

march 14 at muse courtမတ်ခ်ျလ ၁၄ ရက်က တရားခံအား ရုံးထုတ်စစ်ဆေးစဉ်

" ၁၄ ရက် မနက်ပိုင်း ၁၀ နာရီခွဲမှာ တရားခံ ၂ ယောက်ကို တရားရုံးကို ခေါ်လာတယ် ၊ လုံခြုံရေးတော့ အပြည့်ပဲဗျာ၊ ရဲ  ၃၀ လောက်ရှိမယ်၊ တရားခံ ရဲအောင်ထွေးကိုတော့ ဘာမှမမေးဘူး ၊  အိုက်ဆမ် ကိုတော့  "မင်းကော ရှေ့နေ ငှားပြီး အမှု လိုက်မလား" လို့ရုံးတော်ကမေးတော့ အိုက်ဆမ်က  " မငှားဘူး၊ မလိုက်ဘူး" ပြန်ဖြေတယ်။   ပြီးတော့ နမ့်ခမ်းရဲအုပ်ကျော်စိုး ၊ နမ့်ခမ်းမြို့စာရေးတန်းရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးစိုင်းထွန်းလှ နဲ့ နမ့်ဖတ်ကာ အုပ်ချုပ်ရေးမှူး တို့ကို တရားရုံးက ဆက်ပြီး မေးမြန်းတယ်" ဟု သေဆုံးသူ၏ ဆွေမျိုး တော်စပ်သူတစ်ဦးကပြောသည်။

aik sam and li fanတရားခံ အိုက်ဆမ်နှင့် လိဖန်


နမ့်ခမ်း မြို့နယ် ဝိန်းဆာကျေးရွာ ဇာတိဖြစ်သည့် (လူသတ်တရားခံအား ဆိုင်ကယ်မောင်းပေးသူ ) အိုက်ဆမ်ကိုလည်း နမ့်ခမ်းအာဏာပိုင်များက ယခုလဆန်းပိုင်းက ဖမ်းဆီးရမိခဲ့သည်။ ကျန်တရားခံ ၂ ဦး ဖြစ်သော နမ့်ခမ်းမြို့ စာရေးတန်း ရပ်ကွက် နေ တရုတ်လူမျိုး အားကျိ နှင့် နမ့်ဖတ်ကာ မြို့နယ်နေ ကချင်လူမျိုး အားနော် တို့မှာထွက်ပြေးလွတ်မြောက် လျှက်ရှိရာ သက်ဆိုင်ရာမှ ဖမ်းဝရမ်းထုတ်ထားကြောင်းသေဆုံးသူ၏ အမျိုးတော်စပ်သူက ဆက်လက်ပြောပြသည်။

" ရုံးချိန်းတဲ့ ၁၄ ရက်တုန်းက မူစယ်တရားရုံးမှာ မူစယ်၊ နမ့်ခမ်း ကလာရောက်စောင့်ကြည့်တဲ့ ဒေသခံ ၁၀၀ လောက် ရှိတယ်။ နေ့လည်စာ ကိုတော့ မူစယ်စက်မှုဇုံက စေတနာရှင်က လာရောက် ကျွေးမွေး  တယ် ၊ သက်ဆိုင်ရာကနေ ဒီအမှုကို တရားမျှတစွာ မကိုင်တွယ်ပေးရင်တော့  အခြေအနေက မလွယ်ဘူး ။ ကျနော်တို့တွေ  ဒီအတွက် စိုးရိမ်နေကြတယ် " ဟု မူစယ်မြို့မှ နိုင်ငံရေးပါတီ ၀င်တစ်ဦးကပြော သည်။

ဓါးခုတ်ခံရသဖြင့် ဒဏ်ရာပြင်းထန်သော  စိုင်းလိုင်းပန်အတွက် ဆေးကုသစရိတ် နှင့် သေဆုံးသူ မိသားစု အတွက်  ငွေကြေးထောက်ပံ့မှုရရှိရေး  လက်ကမ်းစာစောင်များကိုလည်း မူစယ်နှင့်နမ့်ခမ်းမြို့ အတွင်း ဖြန့်ဝေနေကြသည်ကိုတွေ့ရပြီး ယခုလက်ရှိ  ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၃၀ ကျော် ကောက်ခံရရှိပြီး ဖြစ်ကြောင်း လှုပ်ရှားမှု၌ပါဝင်သော လူငယ် တစ်ဦးကဆိုသည်။

မတ်လ ၁၄ ရက်နေ့ တရားခံနှင့်တရားလိုသက်သေများကို ရုံးထုတ်စစ်ဆေးပြီးနောက် မူစယ်တရားရုံးမှ ယခုလ ၂၂ ရက်  ထပ်မံရုံးချိန်းလိုက်ကြောင်း သျှမ်းသံတော်ဆင့်မှစုံစမ်းသိရှိရပါသည်။

မြစ်ကြီးနား - ဗန်းမော် ကားလမ်း ပြန်ဖွင့်ပြီ

Posted: 18 Mar 2013 07:36 PM PDT

 ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက စတင်ခဲ့သည့် KIOနှင့် အစိုးရတပ် နှစ်ဘက်တိုက်ပွဲများကြောင့် တစ်နှစ်ကျော်ကြာ ကား အသွား အလာများ ရပ်ဆိုင်းနေသော မြစ်ကြီးနား - ဗန်းမော်ကားလမ်းကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်လိုက်ပြီး ဗန်းမော်မှ မြစ်ကြီးနားသို့ ကား ၈ စီး စတင်ထွက်ခွာကြောင်း သိရသည် ။


ယနေ့ နံနက် ၈ နာရီချိန်က ဗန်းမော်မြို့ သိမ်တော်ကြီးကျောင်းတိုက် အရှေ့တွင် အဆိုပါ ကားလမ်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ ဗန်းမော်မြို့ အခြေစိုက် စကခ ၂၁ မှူးကိုယ်တိုင် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ဗန်းမော်မြို့ခံတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည် ။

"ဒီမနက် ၈ နာရီမှာ ဖွင့်ပွဲလုပ်တယ် မနောဧရာယာဉ်လိုင်းပေါင်းစုံပေါ့။ စကခမှူးကိုယ်တိုင်လာဖွင့်သွားတယ်။ ဖွင့်ပွဲပြီးတာနဲ့ ဗင်ကား ၅ စီး ဟိုင်းလက် ၃ စီး မြစ်ကြီးနားကို ထွက်သွားပြီ " ဟု အဆိုပါ မြို့ခံက ပြောသည် ။

ယခုလ ၁၁ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့၌ KIO နှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲ အပြီး ယခု ကားလမ်းပြန်ဖွင့်မည့် အစီအစဉ်အား ဗန်းမော်မြို့တွင် ဆိုင်းဘုတ်များချိတ်ဆွဲ၍ ကြိုတင် အသိပေးကြေငြာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည် ။

ရွှေလီ တွေ့ဆုံပွဲ၌ အစိုးရဘက်မှ အပစ်ရပ်ရေး လက်မှတ်ထိုးရန် အပါအဝင် မြစ်ကြီးနား - ဗန်းမော်ကားလမ်းဖွင့်ရေး စသည့် အချက်များကို KIO ထံ တောင်းဆိုခဲ့သည် ။

သို့သော် ဆွေးနွေးပွဲအပြီး နှစ်ဘက် ထုတ်ပြန်သည့် ကြေငြာချက်တွင် ၄င်းအချက် ပါဝင်ခြင်း မရှိသော်လည်း လက်ရှိတွင် အခြေအနေများ တိုးတက်လာပုံရသည်ဟု နောက်ထပ်မြို့ခံတစ်ဦးက ဆိုသည် ။

"တရုတ်နိုင်ငံသားတွေ အရင်တိုက်ပွဲစဖြစ်တဲ့ ၁၇ မိုင်နားက ရေအားလျှပ်စစ်စက်ရုံ ပြန်ပြင်နေပြီ။ ကားလမ်းမှာ မိုင်းရှာတာ တွေလည်း လုပ်နေတယ်။ တပ်တွေပြန်ရုပ်တာတော့ မကြားသေးဘူး။ အရင်တပ်မ ၁၀၁ နေရာကို တပ်မ ၃၃ နဲ့ လဲလှယ် တယ်။ အခုကားလမ်းပြန်ဖွင့်ပြီဆိုတော့ အခြေအနေတွေ ကောင်းလာပုံရတယ် " ဟု ၄င်းက ဆိုသည် ။

မြစ်ကြီးနား - ဗန်းမော်လမ်း၌ ကားအသွားအလာများ ရပ်ဆိုင်းထားသည့် ကာလအတွင်း ဒေသခံများ အနေဖြင့် ရေလမ်း ခရီးကိုသာ အားထား သုံးစွဲခဲ့ရကြောင်း သိရသည် ။

တာချီလိတ်မြို့ဆန်ဆိုင်းဈေး စည်ပင်မြေတွင်တရားမဝင်ငွေကြေးကောက်ခံခြင်းအား ဖြေရှင်းပေးပါရန်

Posted: 18 Mar 2013 07:34 PM PDT

သို့- သျှမ်းသံတော်ဆင့်အယ်ဒီတာ

တာချီလိတ်မြို့ဆန်ဆိုင်းဈေးကားလမ်းဘေးတွင် ဈေးလာဝယ်သောကားများဆိုင်ကယ်များသည် ရပ်နားခအဖြစ် အခကြေးငွေပေးဆောင်နေရပါသည်။

0000-
ဈေးဝယ်ရန်အတွက်ခဏလေးရပ်လျှင်လည်း မရကြောင်း ရပ်နားခ အခကြေးငွေပေးမှရပ်ခွင့်ရှိကြောင်း ပြောဆိုမောင်းထုတ်နေပါသည်။ ထို့ကြောင့်မည်သူ့ခွင့်ပြုချက်နှင့်ကောက်ခံနေပါသလဲ ဟု စုံစမ်း မေးမြန်းရာ ဆန်ဆိုင်းဈေးသူဌေးအား တနေ့လျှင် (၅၀၀)ဘတ်ပေးသွင်း၍ ကောက်ခံနေကြောင်း စုံစမ်းသိရှိရပါသည်။

ကျနော်တို့ကားများဆိုင်ကယ်များရပ်သောနေရာသည် ၄င်းတို့၏ဈေးဧရိယာနှင့် လည်း မသက်ဆိုင်သော ဈေးတဖက်ခြမ်း ကားလမ်းမတဖက် စည်ပင်ပိုင်မြေတွင်လည်း ရပ်၍ မရဖြစ်နေပါသည်။ အထက်ပါ ဖြစ်စဉ်အား သက်ဆိုင်ရာမှတာဝန်ယူဖြေရှင်းပေးနိုင်ရန်ဓါတ်ပုံနှင့်တကွတင်ပြလိုက်ပါသည်
0001-0002-0003-


တာချီလိတ်သား

မူစယ်မြို့မှ အကျော်ကြားဆုံး၂၀၁၃ ဆီးဂိမ်းအကြို အကောက်ခွန် နှင့် န.က.သ လက်ဝှေ့ပွဲ

Posted: 18 Mar 2013 07:33 PM PDT

သို့- သျှမ်းသံတော်ဆင့်

၁၁.၃.၂၀၁၃ ရက်နေ့ ညနေ ရး၃၀ အချိန်ခန့် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်အတွင်း ခိုက်ရန်ဖြစ်ပွားမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ ၄င်းနှင့်ဆက်နွယ်ပြီး ည ၁၁: ၃၀ ခန့်တွင် မူဆယ်မြို့ ပြည်သူ့ဆေးရုံတွင် ထပ်မံဖြစ်ပွား ခဲ့သည်။


ဖြစ်စဉ်မှာ ၁၁.၃.၂၀၁၃ ရက်နေ့ ညနေ ၇:၃၀နာရီအချိန်တွင် မူဆယ် ၁၀၅ မိုင်မောင်းတံဂိတ်တွင် တာဝန်ထမ်းဆောင်နေသော အကောက်ခွန်ဝန်ထမ်း ဦးထွန်းဝင်းနှင့် တာဝန်ကျရဲတပ်ဖွဲ့ဝင်များမှ ဒေသတွင်းစားသုံးရန်တင်ဆောင်လာသောအာလူး၊ မုန်လာဥအနီ၊ မုန်လာဥအဖြူ၊ ငရုတ်ပွနှင့်အခြားသစ်သီးများ တင်ဆောင်လာသောကားနှစ်စီးအားစစ်ဆေးနေစဉ် ဟိုင်းလပ်ကားအဖြူရောင်မှ အမည်မသိလူနှစ်ဦးက ဓါတ်ပုံရိုက်ယူနေကြောင်းတွေ့ရှိရသဖြင့် မည်သည့်အတွက်ကြောင့် ဓါတ်ပုံရိုက်နေကြောင်း မေးမြန်းရာ မချေမငံပြောဆိုမှုဖြစ်ပွားပြီး ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားခဲ့ ပါသည်။

ထိုအမည်မသိလူနှစ်ဦးမှာ၎င်းတို့သည် နယ်စပ်ကုန်သွယ်ရေး Mobile Team တွင်တာဝန် ထမ်းဆောင် နေသော တပ်မတော်မှအသွင်ပြောင်းဦးစီးအရာရှိတစ်ဦးနှင့် အခြားအဆင့်တစ်ဦး ဖြစ်ကြောင်း ပြောဆို သည်ဟုသိရပါသည်။ ၄င်း ၀န်ထမ်းနှစ်ဦးမှာ တာဝန်ကျဝန်ထမ်း ယူနီ ဖောင်းဝတ်ဆင် ထားခြင်း မရှိဘဲ အရပ်ဝတ်သာဝတ်ဆင်ထားပြီး သောက်စားမူးယစ်ထားသည်ဟုသိရပါသည်။ Mobile Team ၏ တာဝန် အမှန်မှာ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် အခြားမိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် အကောက် ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သတင်းမီဒီယာအဖွဲ့များဖြင့် ကုန်သွယ်ရေးဇုန်၏ အပြင်ဖက်မှ အခွန်တိမ်းရှောင်သည့်တရားမဝင်ကုန်စည်များသယ်ဆောင်နေသည့် လမ်းကြောင်းများပေါ်တွင် တာဝန်ထမ်း ဆောင်ရန်သာ ဖြစ်ပါသည်။ သို့သော် ယခုဖြစ်စဉ်တွင်လည်း န.က.သ ၀န်ထမ်းမှာ ၄င်းတို့၏ အစဉ်အလာအတိုင်း တာဝန် ထမ်းဆောင်နေသည့် မည်သည့်အဖွဲ့အစည်း ကိုမှ လေးစားမှုမရှိဘဲ ရာထူးအရှိန်အဝါသုံးကာ ရိုင်းပြစွာပြုမူ ဆောင်ရွက်ခဲ့ကြောင်း၊ တာဝန်ကျဝန်ထမ်းများအားလည်း ကိုယ်ထိလက်ရောက် တုန့်ပြန်ခဲ့ပါသည်။

ထိုကဲ့သို့ ကိုယ်ထိလက်ရောက်တုန့်ပြန့်သည့်အပြင် ၄င်းမှာ ထိခိုက်မှု ကြီးကြီးမားမားမရှိပါ ဘဲ မူစယ် ပြည်သူ့ဆေးရုံသို့ တက်ရောက်ခဲ့ပါသည်။ ထို့အတွက် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများမှ ဌာန ဆိုင်ရာဝန်ထမ်းအချင်းချင်းပြေလည်မှုရရှိစေရန် မည်သူမှားသည်၊ မှန်သည်ဟု သဘောမထားဘဲ တောင်းပန်ရန်ဆေးရုံသို့ လာရောက်ခဲ့ပါသည်။ ဆေးရုံသို့ရောက်ရှိလာစဉ် ဦးဟန်( ညွှန်ကြားရေးမှူး၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ) အား ဦးလွင်ဦး( အကောက်ခွန်မှူး၊ အကောက်ခွန်ဦးစီး ဌာန )မှ ထပ်မံဓါတ်ပုံရိုက်သည့် ကိစ္စနှင့်ပတ်သက်ပြီး ကန့်ကွက်ပြောဆိုရာ ဦးဟန်မှ စတင်ပြီးကိုယ်ထိ လက် ရောက် ထိုးကြိတ်ခဲ့ရာမှ ဦးလွင်ဦးကလည်း ပြန်လည် ထိုးကြိတ်ခဲ့ပါသဖြင့် ဆေးရုံတာဝန်ကျဝန်ထမ်း များနှင့် ရဲတပ်ဖွဲ့ဝင်များမှ ၀င်ရောက်ဖြန်ဖြေခဲ့ပါသည်။ ညွှန်ကြားရေးမှူး ဦးမြဟန်မှာ မူစယ် ၁၀၅-မိုင်ဒေသတွင် ၄င်းတို့ န.က.သ ပြီးမှသာ ပြီးရမည်ဖြစ်ကြောင်း၊ ဒီဒေသမှာငါတို့ န.က.သ ဆိုတာဘယ်ဌာနကိုမှ ဂရုမစိုက်ခဲ့ကြောင်း စသဖြင့် အာဏာကိုအလွှဲသုံးစားလုပ်ကာအာဏာရှင်ဆန်ဆန် ပြောဆိုပြုမူခဲ့ပါသည်။

၎င်းညွှန်မှူးဆိုသူမှာ ယခင်န.က.သ ဦးဆောင်ခဲ့သည့်ခေတ်တွင် လာဘ်ပေး လာဘ်ယူတွင်လည်း ဘုရင် တစ်ဆူ ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ခေါင်းဆောင်ကာ ကြိုးစားတည် ဆောက်နေသည့် ပြောင်းလဲနေပြီဖြစ်သောခေတ်အခြေအနေကို ၄င်းအနေဖြင့်လက်ခံလိုခြင်းမရှိဘဲ နောက်ပြန်သွားလိုသည့် ဆန္ဒသာရှိကြောင်း ၄င်း၏ န.က.သဌာနမှ ၀န်ထမ်းများကိုယ်တိုင် ပြော ဆိုသည်ကို  ကြားဖူးကြောင်း မူစယ်ဒေသခံများမှ ပြောဆိုနေကြပါသည်။

၎င်းဖြစ်ရပ်မှာ တစ်နိုင်တစ်ပိုင်ကုန်သွယ်နေသောဒေသခံများ၊ ကုန်သည်များနှင့် တိုင်းရင်းသား များအတွက် အာဏာရှင်ဆန်ဆန်ဖိနှိပ်နေသည်ဟုခံစားနေကြရပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်း အချင်းချင်းလည်း ဂုဏ်သိက္ခာမဲ့စွာခွဲခြားဆက်ဆံခံနေကြရကြောင်း၊ စည်းကမ်းပြည့်ဝသော ခေတ်မှီ ဖွံ့ဖြိုးသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဖော်ဆောင်ရာတွင်လည်း ခလုတ်ကန်သင်း၊အတားအဆီး၊ အမှိုက်တစ်ခုဖွယ် ဖြစ်နေကြောင်း သုံးသပ်မိပါသည်။



ဂိုးချေ (မောမြေ)