[moemakadaily@moemaka.biz] 12th Mar - MoeMaKa Daily


လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ သူတပါးကို အမုန်းပွားစေခြင်း ပဋိပက္ခ ဆန်ဖရန်နဲ့ နယူးယောက်မှာ ဖြစ်
နိုင်ငံတကာသာဂိ၊ မတ် ၁၂၊ ၂၀၁၃
လွန်ခဲ့တဲ့ တလက နယူးယောက်မှာ အမေရိကန်အဖွဲ့တခုက ဂျီဟတ်စကားလုံးကို အစ္စလာန်ဘာသာဝင်တွေနဲ့ ချိတ်ဆက်ပြီးတော့ အကြမ်းဖက်သမားတွေအဖြစ် သိမ်းကျုံးစွတ်စွဲတဲ့ ကြော်ညာကင်ပိန်းတွေကို မြေအောင်ရထားတွေ၊ ဘတ်စကားတွေပေါ်မှာ လုပ်တယ်။

(ဂျီဟတ်ဆန့်ကျင်ရေးကြော်ငြာတခု၊ ထည့်သွင်းသူက အောက်မှာရေးထားတယ်။ The American Freedom Defense Initiative တဲ့။ အဲသည် အစ္စလာန်ဆန့်ကျင်ရေး လှုံဆော်သူ အမျိုးသမီးဓာတ်ပုံ)

အမေရိကန်ပြည်က အခြေခံဥပဒေ ပထမဦးဆုံးပြဌာန်းချက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆိုတော့ အခကြေးငွေပေးပြီး အများပြည်သူမျက်စိရှေ့မှာ ကြော်ညာဆိုင်းဘုတ်ထုတ်ဖော်တာကို အာဏာပိုင်တွေကော၊ လုပ်ငန်းရှင်တွေကောက မပိတ်ပင်ပါဘူး။

(သည်ပုံက အမေရိကန်စစ်စခန်း လုပ်ကြံမှုက တရားခံဓာတ်ပုံနဲ့ ဂျီဟတ်ကို တွဲပြထားတယ်၊ လူသတ်သမားရဲ့ ဂျီဟတ်ပေါ့ ဆိုတဲ့ အဓိပ္ဗါယ်)

သို့သော် အဲသည်ကြော်ညာရှင်တွေက ဘာပြောတာလဲဆိုတော့ … အဲသည်လို ဂျီဟတ်ဆိုတာ အစ္စလာန်တွေ အားလုံးရဲ့ ဘာသာရေးစစ်ပွဲဖြစ်တယ်။ အစ္စလာန်တွေဟာ အခြားဘာသာဝင်တွေကို အကြမ်းဖက်ပြီး ဖြေရှင်းတယ်။ အဲဒါကို သူတို့ဘုရားသခင်က ချီးမွန်းတယ်၊ ဂျူးတွေကိုလည်း သတ်ပစ်ရမယ် ဆိုတာမျိုးတွေကို တနည်းမဟုတ် တနည်း ထုတ်ဖော် ၀ါဒဖြန့်တာဖြစ်ပါတယ်။ အဲသည်လို အစ္စလာန်ဘာသာဝင်တွေအားလုံးကို အဲသည်လို အထင်အမြင်ရှုပ်ထွေးစေတဲ့ ကြော်ငြာနဲ့ ရန်စသလို ကန့်သတ်သလို လုပ်လာတာကြောင့် အစ္စလာန်ဘာသာဝင်တွေအပြင်၊ အမြင်ကျယ်သူတွေကပါ လက်မခံဘဲ တန်ပြန် ကန့်ကွက်မှုတွေ လုပ်လာကြပါတယ်။ မူလအစလာန်ဘာသာဝင်တွေကိုယ်တိုင်က "ဂျီဟတ်ဆိုတာ လူတိုင်းအတွက် ကောင်းမှုလုပ်တာကို ဆိုလိုတဲ့အကြောင်း" ပြန်လည်တုန့်ပြန်တဲ့ ကြော်ငြာကင်ပိန်း ဆင်နွဲကြရပါတော့တယ်။

(My Jihad လှုပ်ရှားမှုနဲ့ အစ္စလာန်တွေဖက်က အပေါင်းလက္ခဏာနဲ့ တုန့်ပြန်တဲ့ ကြော်ငြာကင်ပိန်း)

သိပ်မကြာခင် ဆန်ဖရန်က မြူနီဘတ်စကားတွေနံရံမှာ ဂျီဟတ် စကားလုံးကို အသုံးချပြီးတော့ အစ္စလာန်တွေအားလုံးကို အမုန်းပွားစေတဲ့ သွေးထိုးလှုံဆော်ကြော်ငြာတွေ ရောက်လာပါတော့တယ်။ ဆန်ဖရန်ဘေးဧရိယာဆိုတာကလည်း အတွေးအခေါ်ခေတ်ဆန်သူတွေ အများစုနေရာဒေသဆိုတော့ အစ္စလာန်ဘာသာဝင်တွေ အပါအ၀င် လွတ်လပ်သောတွေးခေါ်သူတွေကပါ အဲသည် ဂျီဟတ်ဆိုတဲ့ စကားလုံးကို အခုလိုအသုံးချ ရှုတ်ချတာတွေနဲ့ အစ္စလာန်တွေကိုပါ ထိခိုက်နေတာကို ဆန့်ကျင်ကန့်ကွက်ကြပါတော့တယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိတယ် ဆိုတိုင်း လူတစု တဖွဲ့ကို ရန်စတာ၊ အမုန်းပွားအောင်လုပ်တာဟာ မဖြစ်သင့်ဘူးလို့ ထုတ်ဖော်ပြောဆို ကြတာ ဖြစ်ပါတယ်။
(အမုန်းပွားစေတဲ့ ကြော်ငြာကို အဖမ်းခံပြီး ဆန္ဒပြကန့်ကွက်နေသူ)

အရင်းရှင်တွေပီပီ ပိုက်ဆံပေးရင် ကြော်ငြာထည့်လို့ရတယ်။ သူတပါးထုတ်ဖော်ပြောဆိုခွင့် လွတ်လပ်မှုကို တားမြစ်လို့ မရဘူးလို့ ဆိုပေမယ့် အခုလို လူတွေအချင်းချင်းကြားမှာ အမုန်းပွားအောင် ရန်ငြိုးရန်စများအောင် လုပ်တာကို (Hate crime) ဆိုတဲ့ ပြစ်မှုသဘောမျိုးအဖြစ် သတ်မှတ်ပြီး ကန့်ကွက်ကြောင်း မိမိတို့ ဆန်ဖရန်မြို့တော်က စည်ပင်သာယာလူကြီးတွေက လက်မခံပါကြောင်း သဘောထားထုတ်ပြန်မယ်လို့ မြို့တော်ဝန်ရုံးက ပြောကြားလိုက်ပါတယ်။ မြူနီဆိုတာကလည်း မြို့တော်က ပိုင်တဲ့ လုပ်ငန်းတခုပါပဲ။ အစကတည်းက သူတို့ လက်မခံခဲ့ရင် သည်လို ဖြစ်စရာမရှိပါ။ အခုလိုမျိုး မငြိမ်မသက် အသံတွေထွက်လာမှ မြိုံတော်လူကြီးတွေက ၀င်ရောက်လာတာ ဖြစ်ပါတယ်။

(ဆန်ဖရန်မြိုံတော်ဘတ်စ်တွေမှာ အစ္စလာန်တွေရဲ့ ကြော်ငြာထည့်လို့ တန်ပြန်ကန့်ကွက်တဲ့ ကြော်ငြာ)
(ဒီလိုကြော်ငြာတာဟာ အမုန်းပွားတဲ့ ရန်စပျိုးတဲ့ ကြော်ငြာဆိုပြီး ကန့်ကွက်တဲ့ ပိုစတာ)

အမေရိကန်မှာ ဘာသာရေး၊ အယူအဆရေး၊ အစွန်းရောက်သူတွေ အများကြီးရှိတယ်။ အဖွဲ့တွေလည်း အများကြီးပဲ။ သူတို့တတွေက ပြည်သူတွေကို မငြိမ်မသက်ဖြစ်အောင် လှုံဆော်မှုတွေ၊ သွေးထိုးမှုတွေ မျိုးစုံလုပ်တယ်။ တမြို့ပြီးတမြို့၊ တပြည်နယ်ပြီး တပြည်နယ် လျောက်ပြီး သူတို့ အတွေးအခေါ်တွေ  အယူအဆတွေကို ၀ါဒဖြန့် လှုံဆော်နေတာပဲ။
လိင်တံထိပ်က အရေပြားဖြတ်တာကို မတရားကြေညာဖို့၊ ကိုယ်ဝန်ဖျက်ချခွင့်ကို ရာဇ၀တ်မှုဖြစ်အောင်လုပ်ဖို့၊ လိင်တူဆက်ဆံသူတွေကို ချေမှုန်းပစ်ဖို့၊ လူဖြူတွေသာလျင် အမြင့်မြတ်ဆုံးသတ်မှတ်ဖို့၊ နိုင်ငံခြားသားတွေကို အမေရိကန်ပြည်ကနေ နှင်ထုတ်ပစ်ဖို့၊ စတဲ့ စတဲ့ အိုင်ဒီယာတွေကို မြှင့်တင်ရေးလုပ်နေတာတွေ အများကြီးပဲ။ သူတို့ကြောင့် တချို့နေရာတွေမှာ လူတွေ အငြင်းပွားရ၊ မငြိမ်မသက်ဖြစ်ရတယ်။ အဲသည်ကျရင် မီဒီယာတွေ၊ ပြောရေးဆိုခွင့်ရှိသူတွေ၊ အာဏာပိုင်တွေက လက်ပိုက်ကြည့်မနေဘဲ ပြတ်ပြတ်သားသား ဝေဖန်ပြောဆိုပြီး ထိန်းသိမ်းကြပ်မတ်ရတာတွေ ရှိပါတယ်။

      အခု ဂျီဟတ်ဖြင့် အစ္စလာန်တွေကို နှိမ်ချရေးဆိုတာလဲ အဆိုပါ ကမောက်ကမ၊ ပဋိပက္ခတွေထဲက တခုပါပဲ။ ဒါကို အမေရိကန်ပြည်ကြီးသားတွေက သတိရှိရှိနဲ့ ပြန်လည် တုန့်ပြန်ကြပါတယ်။ ခုချိန်မှာ အစ္စလာန်ဘာသာဝင်တွေကို ဘာသာရေးအစွန်းရောက် အကြမ်းဖက်တွေအဖြစ် ၀ါဒဖြန့်ခြင်း၊ စွတ်စွဲခြင်းတွေဟာ နေရာတကာမှာဖြစ်နေတာကြောင့် သာမန်ဘာသာရေးချင်း မတူသူတွေဟာ သံသယသားကောင်တွေ ဖြစ်ရတာဟာ ၂၁ ရာစု လူနေမှုစနစ်မှာ ရှက်စရာလို့ဆိုရပါမယ်။

 (လက်ရှိ မြန်မာပြည်တွင်းမှာလည်း ၇၈၆ နံပါတ်ကို အစွဲပြုတဲ့ အစ္စလာန်တွေကို ကန့်သတ်တဲ့ ၉၆၉  လှုံဆော်မှု ပိုစတာ)

လက်ရှိ မြန်မာပြည်မှာလည်း နယ်စပ်ဒေသက လူမျိုးခြားများ ၀င်ရောက်နေထိုင်မှုကို ဥပဒေ စည်းကမ်းများနှင့်အညီ၊ ဒေသခံများရဲ့ သဘောသဘာဝနဲ့အညီ ဖြေရှင်းခြင်း၊ ဆောင်ရွက်ခြင်း မရှိတာကြောင့် ဘာသာရေးပဋိပက္ခအသွင် ပုံသွင်းခြင်းအကျိုးကို မြန်မာနိုင်ငံသား အချင်းချင်းတွေကြားမှာ ခံစားနေကြရပြီ ဖြစ်ပါတယ်။ အမုန်းရန်စ ပျိုးထောင်ခြင်းထက် မူရင်းပြသနာကို တရားဥပဒေနဲ့အညီ ဖြေရှင်းထုတ်ဖော်ခြင်း၊ ပြည်သူအားလုံးကြားမှာ တပြေးညီ သတင်းအချက်အလက်ပေးဆောင်ခြင်းဟာ အကောင်းဆုံးဖြစ်မယ် ထင်ပါတယ်။
အမေရိကန်တွေမှာကတော့ ဂျီဟတ်ဆိုတာ ဘာသာရေးစစ်ပွဲလို့ စွတ်စွဲရင် မဟုတ်ဘူး ဂျီဟတ်ဆိုတာ ကုသိုလ်ပြုခြင်းတခုပဲလို့ တုန့်ပြန်ပါတယ်။ အဲသည် ဂျီဟတ်ဆိုတဲ့ စကားလုံးအစွဲလည်း ကျေရောပေါ့။

MONDAY, MARCH 11, 2013

Aung Din - The Month of March, The Revolution (1)


အခန်း ၆ - မတ်လတော်လှန်ရေး  (၁)
အောင်ဒင်၊ မတ် ၁၂၊ ၂၀၁၃
(၆) မတ်လတော်လှန်ရေး
(၆/က) နွေတစ်ညမှာ တိုက်တဲ့ မုန်တိုင်း

၁၉၈၈ ဇန်နဝါရီလဆန်းမှာ စာသင်နှစ်အသစ်အတွက် ကျောင်းတွေပြန်ဖွင့်တော့ ကျနော်ဟာ ၆တန်းရောက်နေပါပြီ၊ နောက်ဆုံးနှစ်ကျောင်းသားကြီးဖြစ်နေပါပြီ၊ အင်ဂျင်နီယာဘွဲ့ရဖို့ အတော်နီးကပ်နေပြီဆိုပါတော့၊ အဲဒီနှစ်မှာ ကျနော်က နေ့ကျောင်းသားဖြစ်ပေမည့် သူငယ်ချင်းတစ်ယောက်က အဆောင်မှာမနေပဲ မြို့ထဲက သူ့မိသားစုပိုင်အိမ်မှာနေပြီး ကျောင်းတက်တာမို့ သူရတဲ့ ကျောင်းဝင်းထဲက F ဆောင်က အခန်းတစ်ခန်းမှာ ကျနော်နေခွင့်ရပါတယ်၊
မတ်လ ၁၂ ရက်နေ့ညမှာ အနောက်ကြို့ကုန်းရပ်ကွက်ထဲက စန္ဒာဝင်းလက်ဘက်ရည်ဆိုင်မှာ စက်မှုတက္ကသိုလ်ကျောင်းသားအချို့နဲ့ ရပ်ကွက်ထဲက လူငယ်တချို့ ရန်ဖြစ်ကြပါတယ်၊ ပြဿနာက အကြီးကြီးမဟုတ်ပါ၊ အရောင်းကောင်တာမှာ ထိုင်တဲ့ မိန်းကလေးက ငယ်ငယ်လှလှလေးဆိုတော့ ကျောင်းသားတွေရော၊ အရပ်သားတွေရော အဲဒီဆိုင်မှာ အထိုင်များကြပါတယ်၊ အဲဒီမိန်းကလေးအနားကို ဆေးလိပ်ဝယ်သလို၊ ပိုက်ဆံရှင်းသလို အကြောင်းအမျိုးမျိုးနဲ့ချဉ်းကပ်ပြီး အသိအမှတ်အပြုခံရအောင် ကျောင်းသားတွေ၊ လူငယ်တွေ ကြိုးစားလေ့ရှိပါတယ်၊ သူတို့ပါလာတဲ့ ကက်ဆက်သီချင်းခွေကလေးတွေ မိန်းကလေးကို ပေးပြီး ဆိုင်က ကက်ဆက်နဲ့ ဖွင့်ခိုင်းတာလဲ ရှိပါတယ်၊ ဒါမှမဟုတ်လဲ မိန်းကလေးကိုပဲ ဆိုင်မှာရှိတဲ့ သီချင်းခွေတွေအထဲက သူတို့နားထောင်ချင်တဲ့ အဆိုတော်ရဲ့ သီချင်းခွေကို ဖွင့်ခိုင်းတာလဲ ရှိပါတယ်၊ အဲဒီညကလဲ တစ်ချိန်ထဲမှာ ကျောင်းသားအုပ်စုနဲ့ ရပ်ကွက်လူငယ်အုပ်စုက သီချင်းခွေတစ်မျိုးစီကို မိန်းကလေးကို ဖွင့်ခိုင်းရာကနေ ရန်ပွဲစပါတယ်၊

ထုံးစံအတိုင်း မိန်းကလေးကလဲ စက်မှုတက္ကသိုလ်ကျောင်းသားတွေကို အင်ဂျင်နီယာလောင်းတွေအဖြစ်မြင်ထားတော့ ပိုပြီးအလေးပေးဆက်ဆံတာမျိုးလဲ ရှိပါတယ်၊ ဒါကြောင့်လဲ ရပ်ကွက်လူငယ်တွေက ကျောင်းသားတွေအပေါ် မကျေနပ်မှုအခြေခံလဲ ရှိပါလိမ့်မယ်၊ ရန်ပွဲဖြစ်ကြတော့ရပ်ကွက်လူငယ်တွေက အင်အားများပြီး ကျောင်းသားတွေက နှစ်ယောက်ထဲဆိုတော့ အတော်ခံခဲ့ရပါတယ်၊ ကျောင်းသားနှစ်ယောက်စလုံး ကျောင်းဝင်းထဲ ပြန်ပြီးရောက်ရှိလာတဲ့အခါမှာတော့ ပြင်းထန်တဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ပါ၊ သူတို့ရဲ့ သူငယ်ချင်းတွေ၊ ဆရာတွေက ချက်ချင်းပဲ အင်းစိန်ဆေးရုံပို့တော့ အတွင်းလူနာအဖြစ်နဲ့ ဆေးရုံက လက်ခံထားလိုက်ပါတယ်၊ ကျောင်းသားတွေက တိုင်ချက်ဖွင့်လို့ အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်ပြီး သူတို့ကို ဝိုင်းရိုက်တဲ့ ရပ်ကွက်လူငယ် ၅ယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်၊
နောက်တစ်နေ့ မတ်လ ၁၃ရက် မနက်ပိုင်းမှာ အင်းစိန်ရဲစခန်းက ဖမ်းဆီးထားတဲ့ လူငယ်တွေထဲက တစ်ယောက်ကို အမှုနဲ့ မသက်ဆိုင်ဘူးဆိုပြီး ပြန်လွှတ်ပေးလိုက်ပါတယ်၊ 

တကယ်က သူတို့ပြန်လွှတ်ပေးလိုက်သူက ရပ်ကွက်ကောင်စီလူကြီးတစ်ယောက်ရဲ့ သားဖြစ်ပြီး ကျောင်းသားများကို ဦးဆောင်ရိုက်နှက်ခဲ့သူဖြစ်ပါတယ်၊ အဲဒီ အဓိက တရားခံက အချုပ်ကလွတ်မြောက်ပြီး ရပ်ကွက်ထဲ ပြန်ရောက်လာတဲ့ သတင်းက ညနေပိုင်းလောက်မှာ ကျောင်းဝင်းထဲကို ရောက်လာတော့ ကျောင်းသားတွေ အတော်စိတ်ဆိုးကြပါတယ်၊ အဲဒီနေ့က ကျောင်းပိတ်ရက်၊ တနင်္ဂနွေနေ့ ဖြစ်တာကြောင့် ကျောင်းဝင်းထဲမှာ အဆောင်နေတဲ့ ကျောင်းသားတွေပဲ ရှိပါတယ်၊ ဆေးရုံတက်နေရဆဲ ကျောင်းသားတွေရဲ့ သူငယ်ချင်းတွေက လှုံ့ဆော်တယ် ထင်ပါတယ်၊ ဒေါသထွက်နေတဲ့ ကျောင်းသားအုပ်ကြီးဟာ အနောက်ကြို့ကုန်းရပ်ကွက်ထဲကို ည ၈နာရီလောက်မှာ ချီတက်သွားကြပါတယ်၊ သူတို့ ဦးတည်ရာက ရပ်ကွက်ကောင်စီရုံးပါ၊ ကျနော်က သူတို့ စည်းဝေးလှုံ့ဆော်နေတာကို တွေ့ပေမည့် သူတို့နဲ့ လိုက်ပါမသွားခဲ့ပါ၊ အရပ်သား နဲ့ ကျောင်းသား တစ်ခါတစ်ရံ ရန်ဖြစ်တယ်ဆိုတာ ကြီးမားအောင်ချဲ့ထွင်ရမည့် ပြဿနာမဟုတ်ဘူးလို့ မြင်ပါတယ်၊ ကျောင်းသားတွေဟာ ပြည်သူတွေနဲ့ ပဋိပက္ခမဖြစ်သင့်ပါ၊ အဲဒီလိုမြင်တဲ့အတိုင်း ဒေါသထွက်နေတဲ့ ကျောင်းသားတွေကို ရပ်ကွက်ထဲက ပြည်သူတွေ ထိတ်လန့်အောင်မလုပ်ဖို့၊ ရပ်ကွက်ထဲကို မသွားဖို့ သတိပေးမိပါတယ်၊ ကျနော့်လိုပဲ အခြားကျောင်းသားကြီး နှစ်ယောက်၊ သုံးယောက်က သူတို့အစီအစဉ်ကို ကန့်ကွက်ပါသေးတယ်၊ဒါပေမည့် ကျနော့်တို့စကား မအောင်မြင်ပါ၊

ည ၉ နာရီကျော်လောက်မှာ ကျောင်းဝင်းခြံစည်းရိုးဘက်က ဆူညံသံတွေ ကြားရပါတယ်၊ ကျနော်နေတဲ့ အဆောင်က ပင်မအဆောက်အအုံကြီးအနီးက ကျောင်းဝင်းထဲဝင်တဲ့ လူဝင်ပေါက်နဲ့ အဝေးဆုံးမှာ တည်ရှိတာမို့ ဘာမှ သဲသဲကွဲကွဲမမြင်ရပါ၊ ဒါပေမည့် ကျောင်းရှေ့ကားလမ်း တစ်ဘက်က အနောက်ကြို့ကုန်းရပ်ကွက်ထဲမှာ မီးလှန့်သံချောင်းခေါက်နေတာ၊ တစ်နေရာရာမှာ မီးလောင်နေတဲ့ အရိပ်အယောင်တွေနဲ့ မီးသတ်ကားဥဩသံတွေကိုလဲ ဆူညံစွာ အဆက်မပြတ်ကြားနေရပါတယ်၊ ဘေးခန်းတွေ၊ အခြားအဆောင်တွေက ကျောင်းသားတွေ ကျောင်းရဲ့ လူဝင်ပေါက်နားက လူစုလူဝေးရှိရာဆီ ပြေးသွားနေတာလဲ တွေ့ရပါတယ်၊ ကျနော်လဲ ဖတ်လက်စ စာအုပ်ကို ပိတ်ပြီး လူအများစုဝေးရာဆီ ပြေးသွားမိပါတယ်၊

မြင်ရတဲ့ မြင်ကွင်းက စိတ်မချမ်းမြေ့စရာပါ၊ စောစောက ရပ်ကွက်ထဲ ချီတက်သွားတဲ့ ကျောင်းသားတွေ ကျောင်းဝင်းထဲ ပြန်ရောက်ပြီး ကျောင်းခြံစည်းရိုး အတွင်းဘက်က မြက်ခင်းပြင်မှာ စုဝေးနေကြပါတယ်၊ ခြံစည်းရိုးရဲ့အပြင်ဘက်၊ အင်းစိန်ကားလမ်းရဲ့ တစ်ဘက်မှာလဲ ဒေါသထွက်နေတဲ့ ရပ်ကွက်ပြည်သူတွေပါ၊ အဲဒီအချိန်မှာပဲ အနောက်ကြို့ကုန်းရပ်ကွက်ထဲကိုဝင်တဲ့ ဘီပီအိုင်လမ်းထိပ်ကို စစ်တပ်သုံး ထရပ်ကားကြီးတွေ နဲ့ မာဇဒါဂျစ်ကားတွေ ရောက်ရှိလာပါတယ်၊ အဲဒီကားတွေပေါ်က ရိုင်ဖယ်သေနတ်တွေ ကိုင်ဆောင်ထားတဲ့ လုံထိန်းရဲတပ်သားတွေ ဆင်းလာပြီး ကားလမ်းအလယ်ခေါင်မှာ နေရာယူကြပါတယ်၊ ဝေါ်ကီတော်ကီတွေ ကိုင်ပြီးအမိန့်ပေးနေတဲ့ ပုခုံးမှာ ရွှေကြယ်ပွင့်တွေနဲ့ စစ်အရာရှိတွေကိုလဲ တွေ့ရပါတယ်၊ ပထမတော့ ဒီ လုံထိန်းရဲတွေဟာ ဒေါသထွက်ပြီး ရန်ဆောင်နေကြတဲ့ ကျောင်းသားတွေနဲ့ ရပ်ကွက်ပြည်သူတွေရဲ့ ပဋိပက္ခကို ဖြန်ဖြေပေးဖို့ ရောက်လာကြတယ်လို့ ထင်မိပါသေးတယ်၊ နောက်တော့ ကျနော်ထင်တာ မှားမှန်းသိလိုက်ရပါတယ်၊

ကျနော်တို့ ကြည့်နေဆဲမှာပဲ လုံထိန်းရဲအချို့က လမ်းတစ်ဘက်က အရပ်သားတွေကို မောင်းထုတ်လို့ အရပ်သားတွေ ရပ်ကွက်ထဲ ပြန်ဝင်သွားကြပါတယ်၊ အဲဒီနောက် လုံထိန်းရဲတွေဟာ လမ်းအလယ်ခေါင်မှာ ကျနော်တို့ ကျောင်းသားများဘက်ကို မျက်နှာပြု၊ ဒူးထောက်ထိုင်ချပြီး သူတို့လက်ထဲက သေနတ်တွေနဲ့ ကျောင်းသားတွေကို ချိန်ရွယ်တာတွေ့ရပါတယ်၊ စစ်အရာရှိတစ်ဦးက အသံချဲ့စက်တစ်လုံးနဲ့ ကျောင်းသားတွေကို ကိုယ့်အဆောင်ကို ပြန်ပြီးလူစုခွဲကြဖို့၊ လူစုမခွဲရင် သက်ဆိုင်ရာက အရေးယူရလိမ့်မယ်ဆိုပြီး အော်ဟစ်သတိပေးတာလဲ ကြားရပါတယ်၊ အဲဒီအချိန်မှာ ကျောင်းသားထုရဲ့ တုန့်ပြန်မှုက "ဟေး၊ ဝါးလားလားလား" ဆိုတဲ့ အင်မတန်ကျယ်လောင်တဲ့ လှောင်ပြောင်မှုပါပဲ၊ ကျောင်းသားတွေအားလုံးဟာလဲ သူတို့ကို သေနတ်နဲ့ချိန်ထားတဲ့ လမ်းပေါ်က လုံထိန်းရဲတွေကို ကြည့်ပြီး အလွန်ဒေါသထွက်နေကြပါပြီ၊ ကျနော်ကိုယ်တိုင်လဲ အင်မတန် ခံပြင်းမိပါတယ်၊ ဒေါသစိတ်တွေနဲ့အတူ ကျနော်လဲ မြက်ခင်းပေါ်က ကျောင်းသားအုပ်ထဲ ပါဝင်ပူးပေါင်းလိုက်ပါတော့တယ်၊

(၆/ခ) ဒဏ်ရာများနဲ့ နွေတစ်ည

ညကလဲ နက်သထက်နက်လာပါပြီ၊ ကျောင်းသားတွေနဲ့ လုံထိန်းရဲတွေကြား တင်းမာမှုကလဲ ပိုပြီး မြင့်မားလာပါပြီ၊ အဆောင်အသီးသီးက အဆောင်မှူးဆရာတွေ၊ ကျောင်းဝင်းအတွင်းက ဆရာများရိပ်သာမှာ နေထိုင်ကြတဲ့ ဆရာတွေလဲ အပြေးအလွှားရောက်ရှိလာကြပြီး ကျောင်းသားများကို အဆောင်တွေကို ပြန်ကြဖို့ ပြောနေကြပါတယ်၊ အဲဒီအချိန်မှာ ဘီပီအိုင်လမ်းထဲက မီးသတ်ကားကြီးတစ်စီးထွက်လာပြီး ကျောင်းရှေ့ကားလမ်းပေါ်မှာရပ်လိုက်ပါတယ်၊ ဒီကားကြီးက စောစောကတင် ရပ်ကွက်ထဲမှာ မီးလောင်နေတာကို ငြိမ်းသတ်ဖို့ ဝင်သွားတာပါ၊ အခုတော့မီးသတ်သမားတွေက ရပ်ကွက်ထဲက မီးကို မငြိမ်းပဲ ကားပေါ်က မီးသတ်ပိုက်ကိုချပြီး ကျနော်တို့ကျောင်းသားတွေကို ချိန်ရွယ်လိုက်ပါတယ်၊ ပြီးတော့ မီးသတ်သမားတွေက မီးသတ်ပိုက်ကရေတွေနဲ့ ကျောင်းသားတွေကို ပက်ဖြန်းပါတော့တယ်၊

အစပိုင်းမှာတော့ မီးသတ်ပိုက်ကထွက်တဲ့ ရေလုံးက မများလှပါ၊ အရှိန်မပြင်းလှပါ၊ ဒီတော့ ကျောင်းသားတွေက ရေပန်းဖွဲဖွဲအောက်မှာ သင်္ကြန်ရေအပက်ခံနေရသလိုမျိုး "သင်္ကြန်နွေဦး တူးပို့ တူးပို့" "မြနန္ဒာ" စတဲ့ သင်္ကြန်သီချင်းတွေကို သံပြိုင်ဆိုပြီး လုံထိန်းတွေကို ပြောင်လှောင်ကြပါတယ်၊ ကတဲ့လူကလဲ ကလို့ပါ၊ ဒါပေမည့် မီးသတ်ပိုက်ကရေက အရှိန်အဟုန်ပြင်းထန်လာတဲ့အချိန်မှာတော့ သီချင်းမဆိုနိုင်၊ မကနိုင်၊မလှောင်ပြောင်နိုင်ကြတော့ပါ၊ ပြင်းထန်လှတဲ့ ရေလုံးကြီးရဲ့အောက်မှာ စိုရွှဲပြီး နီးစပ်ရာလူ တစ်ယောက်နဲ့တစ်ယောက်ကူတွဲပြီး အနိုင်နိုင်ရပ်ကြရတာပါ၊ အဲဒီအချိန်မှာပဲ "ဖောင်း၊ ဖောင်း" ဆိုတဲ့ အသံတွေကြားရပြီး ကျနော်တိုနံဘေးကို သတ္တုဗူးကလေးတွေကျလာပြီး အဲဒီ သတ္တုဗူးကလေးတွေကနေ မီးခိုးတွေထွက်လာလို့ ပါတ်ဝန်းကျင်ကို မမြင်ရတော့ပါ၊ " မျက်ရည်ယိုဗုံးတွေနဲ့ ပစ်တယ်ဟေ့၊ မျက်စိထဲမဝင်စေနဲ့" လို့ တစ်ယောက်ယောက်ရဲ့ သတိပေးသံကြားလိုက်ရပေမည့် မျက်စိထဲမှာ ရေတွေရော၊ မီးခိုးတွေရော စုပြုံဝင်ရောက်လို့ ကြိမ်းစပ်နာကျင်နေပါပြီ၊ မီးသတ်ပိုက်ကရေပန်းကြီးက မြက်ခင်းကိုကျော်ပြီး ကွန်ကရစ်လမ်းပေါ်အထိရောက်လို့ ကွန်ကရစ်လမ်းပေါ်မှာ ရပ်ကြည့်နေတဲ့ ကျောင်းသားတချို့ နဲ့ ဆရာတချို့ ရေစီးနဲ့ ဒလိမ့်ခေါက်ကွေးမျောပါသွာတာလဲ တွေ့ရပါတယ်၊

အဲဒီလို ကျနော်တို့ကျောင်းသားတွေ အပြိုပြိုအလဲလဲ ဖြစ်နေချိန်မှာပဲ "ဒိန်း၊ ဒိန်း" ဆိုပြီး ကျယ်လောင်တဲ့ အသံတွေကြားလိုက်ရပါတယ်၊ "ဟာ၊ သေနတ်နဲ့ ပစ်တယ်ဟေ့" "ပြေးကြ၊ ပြေးကြ" လို့ အော်ဟစ်သတိပေးသံတွေကြားရပြီး ကျနော်တို့အားလုံး နီးရာလူကိုတွဲပြီး ပင်မအဆောက်အအုံကြီးဆီ ပြေးလွှားဆုတ်ခွါခဲ့ကြပါတယ်၊ မီးတွေ လင်းထိန်နေတဲ့ ပင်မအဆောက်အအုံကြီးအောက်မှာ အားလုံးပြန်ဆုံကြတဲ့အချိန်မှာတော့ ကျောင်းသား နှစ်ရာကျော်လောက်ဟာ ကိုယ်စီကိုယ်ငှ ဒါဏ်ရာဒဏ်ချက်တွေနဲ့ပါ၊ တစ်ကိုယ်လုံးမှာလဲ စိုရွှဲလို့၊ မျက်လုံးတွေ နီရဲ၊ ကျိမ်းစပ်လို့၊ ချော်လဲလို့ ပုဆိုးကွဲပြီး ဒူးပြဲတဲ့လူတွေ၊ မီးခိုးတွေအဆုပ်ထဲရောက်သွားလို့ အသက်ရှူလို့မရသူတွေ၊ နာကျည်းစိတ်နဲ့ ငိုကျွေးနေကြသူတွေ၊ ဖိနပ်တွေလဲ မရှိကြ၊ ဒါမှမဟုတ် မစုံကြတော့ပါ၊ အဲဒီထဲမှာ သွေးတွေအလိမ်းလိမ်းနဲ့ သတိမေ့နေတဲ့ ကျောင်းသားသုံးယောက်၊ ကိုဘုန်းမော်၊ ကိုစိုးနိုင် နဲ့ ကိုမြင့်ဦးတို့ပါ၊ သူတို့အနားမှာ ပြုစုဖို့ရောက်ရှိနေတဲ့ ဆရာဦးသိန်းထွန်းအောင်၊ ဦးဗိုလ်အေး တို့က သေနတ်ဒဏ်ရာတွေဖြစ်ကြောင်းပြောပါတယ်၊

ကျနော့်ဘဝမှာ ဒါ ပထမဆုံး သေနတ်ကျည်ဆံထိမှန်ထားသူကို တွေ့ဘူးခြင်းဖြစ်ပါတယ်၊ အရင်တုံးက ဒါမျိုးရုပ်ရှင်ထဲမှာပဲ တွေ့ဘူးတာပါ၊ အခုတော့ ကျနော်တို့ရှေ့မှာတင် သေနတ်နဲ့အပစ်ခံရလို့ သေနတ်ဒဏ်ရာနဲ့ သွေးအလိမ်းလိမ်းနဲ့ စက်မှုတက္ကသိုလ်ပင်မအဆောက်အအုံကြီးရဲ့ ကြမ်းပြင်ပေါ်မှာ မေ့မျောနေတဲ့ သူငယ်ချင်းသုံးယောက်ကို ကျနော်တွေ့မြင်နေရပါပြီ၊ ဒါ ရုပ်ရှင်မဟုတ်ပါ၊ တကယ်ဖြစ်နေတာပါ၊ သွေးအိုင်ထဲလဲနေတဲ့ ကျောင်းသား သုံးယောက်ထဲက ကိုဘုန်းမော်ကို မသိပေမည့် ကိုစိုးနိုင် နဲ့ ကိုမြင့်ဦးကို ကျနော်သိပါတယ်၊ ကိုစိုးနိုင်က စက်မှုအင်ဂျင်နီယာဋ္ဌာနကပါပဲ၊ ကျနော့်ထက် တစ်တန်းငယ်ပါတယ်၊ ကိုမြင့်ဦးက စက်မှုတက္ကသိုလ် အနုပညာအသင်း၊ မဂ္ဂဇင်းကော်မီတီတွေမှာ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ကျနော်ခင်မင်ရတဲ့ ကဗျာရေးဖော်တစ်ယောက်ပါ၊ ကျနော့်စိတ်ထဲ ၁၉၇၅ ခုနှစ်က ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ဦးသန့်ဈာပနအရေးအခင်း မဆလအစိုးရရဲ့ အကြမ်းဘက်ဖြေရှင်းမှုကို ချက်ချင်းသတိရမိလိုက်ပါတယ်၊ အဲဒီတုံးက ကျနော်က အဝေးက ရပ်ကြည့်ခဲ့သူ၊ အခုတော့ကျနော်ဟာ မဆလအစိုးရရဲ့ အကြမ်းဘက်မှုကို ကိုယ်တိုင်ကိုယ်ကျခံစားရသူတစ်ယောက်၊

ဆရာများရဲ့အစီအစဉ်နဲ့ အဆောင်မှူးတစ်ယောက်ရဲ့ကားနဲ့ သေနတ်ဒဏ်ရာရ ကျောင်းသားသုံးယောက်ကို ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပါတယ်၊ ကျောင်းရှေ့လမ်းမကြီးပေါ်က လုံထိန်းရဲတွေကို ရုတ်သိမ်းလိုက်ပြီဖြစ်ပေမည့် ထရပ်ကားကြီးများနဲ့ ကျောင်းရှေ့မှာ စောင့်နေဆဲပါ၊ ကားလမ်းကိုလဲ ပိတ်ထားလိုက်ပါတယ်၊ ဆေးရုံကိုသွားတဲ့ကား ဦးလူပေါကြီးအပေါက်ကနေ လမ်းမပေါ်ကို ထွက်တော့ လုံထိန်းရဲတွေက တားဆီးစစ်ဆေးပါသေးတယ်၊
ကျန်ခဲ့တဲ့ ကျောင်းသားတွေမှာတော့ နာကျည်းခံပြင်းမှုတွေနဲ့ပါ၊ ကျောင်းဝင်းထဲမှာ ပြန့်ကျဲနေတဲ့ ကျည်ဆံခွံတွေ၊ မျက်ရည်ယိုဗုံးအခွံတွေကို လိုက်ကောက်ကြပါတယ်၊ပင်မအဆောက်အအုံရှေ့ ပန်းခြံထဲမှာ ငါးမြှောင့်ကြယ် ပုံသဏ္ဏန်အထိမ်းအမှတ်တစ်ခုကို စာသင်ဆောင်အသစ်ဆောက်နေတဲ့နေရာက အုတ်ခဲတွေ၊ သဲတွေ၊ ဘိလပ်မြေတွေကို သုံးပြီး တည်ဆောက်လိုက်ကြပါတယ်၊ သွေးစွန်းနေတဲ့အင်္ကျီစတွေ၊ ဘိနပ်ကလေးတွေကို ကျည်ဆံခွံ၊ မျက်ရည်ယိုဗုံးခွံတွေနဲအတူစုပြီး အဲဒီ ကြယ်ပုံစံအမှတ်တရထဲမှာထည့်ပြီး အားလုံးအလေးပြုကြပါတယ်၊ နောက်တော့အဆောင်များရှေ့ လမ်းမကြီးတစ်လျှောက်ချီတက်လမ်းလျှောက်ကြပြီး အစိုးရဆန့်ကျင်ရေး ကြွေးကျော်သံများကြွေးကျော်  ပါသေးတယ်၊ အဲဒီနောက် အားလုံးလဲ ပင်ပန်းလွန်းလှပြီမို့ အဆောင်အသီးထဲလူစုခွဲလိုက်ကြပါတယ်၊ အဲဒီအချိန်မှာ မတ်လ ၁၄ ရက်နေ့ကို ကူးပြောင်းလို့ မနက် သုံးနာရီလောက် ဖြစ်နေပါပြီ၊

(အောင်ဒင် ရဲ့ ရေးသားနေဆဲ "လူတယောက်ရဲ့ ဘ၀တခြမ်း မှတ်တမ်းတချို့ "(မှတ်စုစာအုပ်) ထဲကနေ ခွင့်ပြုချက်တောင်းပြီး မတ်လ ၁၃၊ အရေးအခင်းမှတ်တမ်းကို မိုးမခမှာ ကောက်နုတ်ဖော်ပြပါတယ်။ သူ့ရဲ့ ကဏ္ဍ (၆) ကို အစအဆုံး ဆက်လက်ထည့်သွင်းပါ့မယ်)

March 13th Anniversary in Mandalay Invited

မတ်၁၃ ရက်နေ့ နေ့လည် ၂နာရီမှာ ဘုရားကြီး ဒက္ခိဏရာမ အလယ်တိုက်မှာ ဖြစ်တယ်။ ဖိတ်စာ မဝေပါ။ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်မှာဖြစ်တယ်။  အားလုံး လက်ဆင့်ကမ်း ဖိတ်ပေးနိုင်ပါတယ်။  ဗကသ များအဖွဲ့ချုပ်ကျင်းပတာဖြစ်တယ်။

Nway Nway - Travelouge 2 - Valley of Fire


မိုးမခခရီးသွား ဓာတ်ပုံအက်ဆေးများ (၂
မီးလျံတောင်ကြားသို့ တခေါက်
နွေးနွေး၊ မတ် ၁၁၊ ၂၀၁၃

Las Vegas. For me, It comes with slot machines, lights, buildings and people. But, this time it was different. I visited the Nevada's oldest (1935) and largest state park  which was an hour drive from vegas.

လပ်စ်ဗေးဂတ်စ် (Las Vegas) ဆိုတာ ကျမအတွက်ကတော့ အကြွေစေ့စက်တွေ၊ မီးထိန်ထိန်တွေ၊ တိုက်တာကြီးတွေနဲ့ လူထူထူတွေလို့ပဲ မြင်မိတယ်။ ဒါပေမယ့် ဒီတခေါက်တော့ဖြင့် မတူ ထူးခြားတယ်လို့ ဆိုရမယ်။ ဗေးဂတ်မြို့တော်နဲ့ ၁ နာရီ ကားမောင်းသွားရင် ရောက်တဲ့ နီဗားဒါးပြည်နယ်ရဲ့ ရှေးအကျဆုံး ၁၉၃၅ ကတည်းက စတင်ခဲ့တဲ့ အကြီးဆုံး သဘာဝဥယျာဉ်ကို ကျမ သွားလည်ဖြစ်ပါတယ်။








In the morning, I picked up my friend who was a local and never heard of it before. We drove north and it was not very exciting for both of us. Flat land and mountains in a distance. Then, all of a sudden the road went down in between mountains. I kind of like driving right there. 

မနက်ခင်းမှာ ဒေသခံကျမသူငယ်ချင်းကို ၀င်ခေါ်ပြီးတော့ ခရီးကို စတင်တယ်။ သူကိုယ်တိုင်တောင် တခါမှ မကြားဖူးဘူးတဲ့လေ။ ကျမတို့ မြောက်ဖက်ကို ဦးတည်ပြီး ကားမောင်းထွက်ခဲ့တယ်။ ကျမတို့ ၂ ဦးစလုံး စိတ်လှုပ်ရှားနေကြတယ်။ လွင်ပြင်ကျယ်တွေနဲ့ တောင်တန်းတွေကို အဝေးမှာ တွေ့ရတယ်။ ပြီးတော့ ချက်ချင်းလိုလိုပဲ လမ်းဟာ တောင်တွေကြားထဲကို နိမ့်ဆင်းသွားတော့တယ်။ အဲလိုမျိုး ကားမောင်းရတာ ကျမကတော့ အကြိုက်သားပဲ။






 

In addition, the color of rocks were red and the road was just leading to it. Fun to drive! The weather was almost perfect which made me happy. We first stopped at Beehives. Naturally, the rock looked like a beehive. My friend and I tried to climbed up and it was easy.
  

ဒါ့အပြင် ကျောက်သားတွေက အနီရောင်၊ လမ်းက ကျောက်တောင်တွေဆီကို ဦးတည်သွားတယ်။ ကားမောင်းရတာ ပျော်စရာ။ ရာသီဥတုကလည်း သာယာနေတာကလည်း ပါတာပေါ့။ ကျမတို့ ပျားအုံတောင်မှာ ပထမဆုံး ကားကို ရပ်လိုက်တယ်။ သဘာဝကိုယ်တိုင်က ကျောက်တောင်ကို ပျားအုံတွေလိုမျိုးဖြစ်အောင် ဖန်ဆင်းထားတယ်။ အဲသည်ကျောက်တွေပေါ်ကို တက်ကြည့်ရတာ ကျမတို့အတွက် အေးဆေးပါပဲ။






 Atlati Rock was the next stop. We saw ancient Indian rock art, petroglyphs. Amazing. I saw animal drawings, human figures, and a few unexplainable symbols. It also included a description of the atlatl, a notched stick used to throw primitive spears. The atlatl was a predecessor to the bow and arrow. ( You could look at the photo and find it. ) We droved by the Arch Rock. Too bad, it wasn't allow to climb up.


Atlatl Rock (အက်လာတီကျောက်တောင်) က နောက်စခန်းပေါ့။ အဲသည်မှာ ဌာန အင်ဒီးယန်းရှေးဟောင်းလူမျိုးတွေရဲ့ ကျောက်နဲ့အနုပညာလက်ရာတွေ (Petroglyphs) ကို တွေ့ရတယ်။ တိရစ္ဆာန်ပုံတွေ၊ လူပုံတွေ၊ ဘာမှန်းမသိရတဲ့ ပုံတွေ အမျိုးမျိုးပဲ။ အဲသည်မှာ စာနဲ့လည်း ရှင်းပြထားတာတွေ ရှိတယ်။ Atlatl ဆိုတာက လက်နဲ့လွှဲပြီး လှံကို မြားသဖွယ် ပစ်ရတဲ့  ရှေးဟောင်းလှံတံတွေပေါ့။ ပြီးတော့ ကျမတို့ Arch Rock ဆိုတဲ့ သဘာဝ ကျောက်အခုံးတွေ မုဒ်ဦးတွေလိုမျိုးဖြစ်နေတာတွေဆီ ရောက်တယ်။ အဲသည်ကျောက်တောင်တွေအပေါ်ကိုတော့ ကျမတို့ တက်ခွင့်မရတာ ဆိုးတာပဲ။






 As soon as we start the scenic drive, my friend said one word. "Wow". It was so beautiful to me. As a driver it was like euphoria. You could see the the winding road all the way. And, it was surrounding by the red rocks. Mesmerizing! Nature fascinated me one more time. The color of the rock were orangy red. When we stopped at the Mouse's Tank, we were lucky to see two mountain goats. I climbed the most I could to take the pictures. My friend started to make his own version of goat sound. Fair enough, they were curious. We saw the entire group.







ကျမတို့ကား ရှုခင်းသာလမ်း (Scenic drive) ပေါ်မောင်းတက်လိုက်တဲ့အချိန်မှာပဲ ကျမသူငယ်ချင်းဆီက "ဟာ …" ဆိုတဲ့ အသံတသံသာ ပြုလိုက်နိုင်ပါတယ်။ ကျမအတွက် တကယ်ကို ရင်သတ်ရှုမောဖွယ်ပါပဲ။ ကားမောင်းနေသူအတွက် ဒီမြင်ကွင်းဟာ မျက်စိထဲက မထွက်နိုင်တဲ့ အလှရသကို ပေးပါတယ်။ အကွေ့အကောက်တွေနဲ့ လမ်းကို မျက်စိတဆုံး ရှေ့တူရှုမှာ တွေ့နေရတယ်။ အကွေ့အကောက်လမ်းတွေကို ၀န်းရံထားတာက အနီရောက်ကျောက်ဆောင်တွေ၊ မင်သက်သွားသလိုပဲ။ သဘာဝတရားက ကျမတို့ကို စိတ်ချမ်းမြေ့မှုတွေကို ဆက်တိုက်ပေးနေတော့တာပဲ။ ကျောက်တွေရဲ့အရောင်က လိမ္မော်ရောင်စွက်တဲ့ အနီ။ ကျမတို့ Mouse Tank နေရာမှာ ရပ်ကြပြန်တယ်။ ကံကောင်းထောက်မပြီး ကျမတို့ တောင်ဆိတ် ၂ ကောင်ကို တွေ့ရတယ်။ ကျမလည်း အတတ်နိုင်ဆုံးနေရာကို တက်ပြီးတော့ ဓာတ်ပုံတွေ ရိုက်တယ်။ ကျမသူငယ်ချင်းက သူ့နည်းသူ့ဟန်တဲ့ ဆိတ်အော်သံတွေ လုပ်လိုက်တယ်။ ဟုတ်ပါရဲ့။ ဆိတ်တွေကလည်း စပ်စုတတ်တယ်။ ကျမတို့ ဆိတ်အုတ်ကြီးတခုလုံးကို တွေ့လိုက်ရတယ်။









After that, we parked the car and hiked up to see the Petroglyph Canyon. We saw one family hiked back to the parking. They were talking about wather. Hiking in the sand was harder but my friend passed me. He was excited and it was his first hike. There was one bush of flowers that attracted me. The color of those flowers were like the color of the sand. It was spiky also. The trail ended and there was a natural basin in the rock where water collected after rainfalls.


အဲဒါပြီးတော့ ကျမတို့ ကားကိုရပ်ပြီး Petroglyph Canyon ကိုကြည့်ဖို့ ခြေကျင်သွားကြရတယ်။ လမ်းမှာ ခြေကျင်ခရီးက ပြန်ဆင်းလာတဲ့ မိသားစုတစုနဲ့ တွေ့တာ။ သူတို့က ရာသီဥတုအကြောင်းပြောနေကြတယ်။ သဲမြေမှာ Hiking ခြေလျင်တောင်တက် လုပ်ရတာ မလွယ်ဘူးဆိုပေမယ့် ကျမသူငယ်ချင်းကတော့ ကျမကို ကျော်တက်သွားပြီ။ သူ့အတွက် ပထမဦးဆုံး hiking ခြေလျင်တောင်တက်အတွေ့အကြုံဆိုတော့ သူက အရမ်းကို တက်ကြွနေတယ်လေ။ အဲသည်လမ်းမှာ ကျမအတွက် စိတ်ဝင်စားစရာက ပန်းခြုံလေးတခြုံဖြစ်ပါတယ်။ ပန်းရဲ့အရောင်က သဲမြေရဲ့ အရောင်အတိုင်းပဲ။ သူ့မှာလည်း ဆူးတွေရှိတယ်။ အဲသည်လူသွားလမ်းလေးအဆုံးမှာ ကျောက်တောင်တွေကြားထဲက သဘာဝချိုင့်ဝှမ်းကို တွေ့တယ်။ အဲသည်ထဲမှာ ရွာထားတဲ့မိုးတွေ ရှိနေသေးတယ်။





 We tried to looked for the petroglyphs. Finally, we found two little figure. My friend sat down and I took pictures of the rock. It was a short tail but it made you tired easily. We walked back looking at the rock. At last, we found numerous petroglyphs. At Rainbow Vista, I hiked all by myself. There was only a few cactus plants and me.

ကျမတို့တတွေ petroglyphs (ကျောက်ထွင်းပန်းချီ) တွေ ရှာကြတယ်။ နောက်ဆုံးတော့ လက်ရာသေးသေးလေး ၂ ခု တွေ့တယ်။ အဲသည်ကျောက်မျက်နှာပြင်ကို ဓာတ်ပုံရိုက်ခဲ့တယ်။ လမ်းလျောက်သွားရတာ တိုတိုလေးဆိုပေမယ့် ကျမတို့အတွက်ကတော့ မြန်မြန်ပင်ပန်းတယ်။ အဲဒါပြီးတော့ ပြန်လှည့်လာခဲ့ကြတယ်။ နောက်တော့ အဲသည် ကျောက်ထွင်းပန်းချီလက်ရာတွေ အများကြီးကို တွေ့ခဲ့ကြပါတယ်။ Raindow vista ဆိုတဲ့ ရှုခင်းသာစခန်းမှာပေါ့။ ကျမတဦးတည်း ခြေလျင်သွားခဲ့တယ်။ အဲသည်မှာ ကန္တာရပင်တွေနဲ့ ကျမပဲ ရှိတယ်။





I looked around and saw the rainbow. Astonishingly colorful. Then, we droved to White Domes. We sat down and ate sticky rice and boiled beans with coconut topping ( Kauk nyin paung, pea pyote and ohn thee) for lunch. It was delicious.

ကျမတို့ လျောက်ကြည့်နေတုန်းမှာ သက်တံကို တွေ့ရတယ်။ အရမ်းကို အရောင်တွေစုံနေတာပါပဲ။ ပြီးတော့ ကျမတို့ ပေါင်းမိုးဖြု (white domes) တွေဆီကို မောင်းသွားရတယ်။ အဲသည်မှာ ကောက်ညင်းပေါင်း၊ ပဲပြုတ်နဲ့ အုန်းသီးဖြူးပြီးတော့ စားကြတယ်။ စားကောင်းလိုက်တာ။





On the way back, I stopped at the visitor center. There, I saw a spider, two lizards and a snake. The museum was interesting. You could see desert animals which I wouldn't think of. There was a sample of indian life style too. We continued and stoped at Seven Sisters, the seven separated rock formations in different way. My friend and I climbed up and took pictures. We couldn't resist.









အပြန်လမ်းမှာတော့ ခရီးသည်များအတွက်စခန်းကို ၀င်တယ်။ အဲသည်မှာ ပင့်ကူတကောင်၊ ဖွတ် ၂ ကောင်နဲ့ မြွေတကောင်ကို တွေ့တယ်။ အဲသည်က ပြခန်းက စိတ်ဝင်စားစရာပါပဲ။ ကျမတို့ မမြင်ဖူးတဲ့ ကန္တာရတိရစ္ဆာန်တွေကို တွေ့ရတယ်။ အဲသည်မှာ ဒေသခံလူနီတွေရဲ့ နေထိုင်မှုပုံစံကိုလည်း တွေ့ရတယ်။ ကျမတို့ ခရီးဆက်ပြီး Seven Sisters (ညီအမ ၇ ဖော်) နေရာကို ရောက်တယ်။ ဖွဲ့စည်းပုံချင်း မတူဘဲ တည်ရှိနေတဲ့ ကျောက်ဆောင် ၇ ခုကို တွေ့ရတယ်။ အဲသည် ညီအမတွေပေါ် တက်ပြီး ကျမတို့ ဓာတ်ပုံရိုက်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် မတားနိုင်ပါဘူး။

In a little drive, we saw a lady sitting and reading a book. So quiet and it must feel good in the sun. I had to come back and try that. We passed by Clark Memorial, a white color historic monument of an early traveler. The sun was going down. We headed back to Vegas. There was one little stop I needed to do.








နောက်သိပ်မကြာခင်မှာပဲ ကျမတို့ စာဖတ်နေတဲ့ အမျိုးသမီးတဦးကို လမ်းမှာ တွေ့ပြန်တယ်။ တိတ်ဆိတ်တဲ့ နေရောင်အောက်မှာ အတော်ကို ဟန်ကျမယ်လို့ ထင်တယ်။ ကျမလည်း နောက်တခါပြန်လာပြီး အဲသလို စာလာဖတ်ဦးမှပဲလို့ တွေးမိတယ်။ Clark Memorial ကို ကျမတို့ ဖြတ်သွားရတယ်။ ရှေးဦးကာလ ခရီးသွားတွေအတွက် အထိမ်းအမှတ် စိုက်ထူထားတဲ့ သမိုင်းဝင်မော်ကွန်းတိုင် ရှိတယ်လေ။ နေက ကျနေပြီ။ ကျမတို့ ဗေးဂတ်စ်ကို လှည့်ပြန်ခဲ့ကြတယ်။ အဲသည်မှာ ကျမအတွက် ခေတ္တရပ်စရာ နေရာလေးတနေရာ ရှိသေးတယ်လေ။

The Red Rock, the popular destination. We droved though it. I saw a few rock climbers. It was a loop drive and I saw the Vegas in a distance. The sunset was beautiful. But, today, the Valley of the Fire won my heart. I definitely got to drive that road again.

အဲဒါကတော့ ကျောက်ဆောင်နီ (Red Rock) လို့ခေါ်တဲ့ လူသိများတဲ့နေရာပေါ့။ အဲသည်ကို ကျမတို့ ဖြတ်သွားတယ်။ အဲသည်မှာ ကျောက်တောင်တက်သမားအချို့ကို တွေ့တယ်။ အဲသည်က ပတ်လမ်းဖြစ်ပြီး ဗေးဂတ်စ်မြို့တော်ကို လှမ်းမြင်နေရတယ်။ နေ၀င်ချိန်ဟာ အလွန်ကို သာယာလှပပါတယ်။ ဒါပေမယ် ကျမအတွက်က ကျမတို့သွားခဲ့တဲ့ Valley of the Fire (မီးလျံတောင်ကြား) က ဖမ်းစားသွားခဲ့ပြီ။ ကျမကတော့ မဖြစ်မနေကို နောက်တခေါက် ကားမောင်းပြီး သွားဦးမယ်။
(နွေးနွေး)






ဂီတပညာရှင်ကြီး ဒေါ်မာမာအေး အမေရိကန်သို့ ပြန်လည်ရောက်ချိန် စကားစမြီ
မိုးမခအထောက်တော် ၀၀၂၊ မတ် ၁၁
လွန်ခဲ့သည့် မတ်လဆန်းက ဂီတပညာရှင်ကြီး အဆိုတော် ဒေါ်မာမာအေးသည် သူ၏ဒုတိယအိမ်ဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ ဖို့ဝိန်းမြို့တော်သို့ ပြန်လည်ရောက်ရှိပြီ ဖြစ်သည်။ ဒီဇင်ဘာ လဆန်းပိုင်းက စတင်ပြီး ၁၀စုနှစ် တစုစာ ဝေးကွာနေခဲ့သော မွေးရပ်မြေ မြန်မာပြည်သို့ မိသားစုများ၊ ပရိသတ်များနှင့် တွေ့ဆုံရန် ၃ လတာ ခရီးထွက်ခဲ့ရာမှ ပြန်လည် ရောက်ရှိလာခြင်းဖြစ်သည်။
ရောက်ရောက်ချင်းမှာပင် ၂ ညခန့် အိမ်မှာပဲ အချိန်ကုန်နေရကြောင်း၊ ပြင်းထန်သော ဆောင်းရာသီက ကြိုဆိုနေသဖြင့် အပြင်သို့မထွက်နိုင်ဘဲ အိမ်မှာပဲ ရန်ကုန်ပြန် မြန်မာစားစာရာများနှင့် အဟာရဖြည့်နေခဲ့ရကြောင်း ဒေါ်မာမာအေးက မိုးမခကို ပြောကြားသည်။
မြန်မာပြည်သို့ ပြန်ရောက်စဉ်အတွင်း ဘာသာရေးခရီးအဖြစ် ပုဂံသို့ သွားရောက်ပြီး တန့်ကြည့်တောင်ဆရာတော်၏ ကျောင်းတွင် တရားစခန်းဝင်ခဲ့ကြောင်း၊ ၎င်းနောက်မိမိ၏ မိသားစုများနှင့် ဘုရားဖူးခရီး အနည်းငယ်ထွက်ဖြစ်ကြောင်း၊ ထိုနောက်ပိုင်းတွင် ပရိသတ်များ၊ ပွဲစီစဉ်သူများ၊ ဖိတ်ကြားထားသူများ၏ အစီအစဉ်များအတိုင်း တောက်လျောက်ခရီးသွားနေခဲ့ရကြောင်း ပြောကြားသည်။
ပြည်သူ့ရင်ပြင်တွင် ဇန်န၀ါရီ ၁၂က ရသနှလုံးသားပေးဆပ်ပွဲ စင်မြင့်ဖျော်ဖြေပွဲ၊ 

အမျိုးသားပြဇာတ်ရုံတွင် ဖေဖော်ဝါရီ ၁၅တွင် ဒုတိယအကြိမ်မြောက် ဖျော်ဖြေပွဲတို့ကို လက်ရှိမြန်မာသံစဉ်သီဆိုသူ မျိုးဆက်ဟောင်း၊ မျိုးဆက်သစ် အဆိုတော်များနှင့် တွဲဖက်ပြီး ပရိသတ်ကို သီဆိုဖျော်ဖြေခဲ့သည်။ ထို့အပြင် နာဂစ်သင့်ခဲ့ရာ ဧရာဝတီတိုင်း၊ ကွမ်းခြံကုန်းမြို့နယ်သို့သွားရောက်ပြီး လူမှုရေးကူညီမှု ရန်ပုံငွေပွဲကိုလည်း အဆိုတော်များစွာနှင့်အတူ မေတ္တာဖြင့် ဂီတကုသိုလ်ခရီးထွက်သည်ဟု ဆိုသည်။ 
အမေရိကန်အပြန်တွင် စင်ကာပူသို့ ၀င်ရောက်ပြီးနောက် မတ်လ ၃ ရက်နေ့တွင်လည်း ဂီတပဒေသာပွဲတော်တခုကို မြန်မာသံစဉ်အဆိုတော်များနှင့် ဖျော်ဖြေသီဆိုခဲ့သည်ဟု သိရသည်။
မြန်မာပြည်နှင့် ဝေးကွာခဲ့စဉ်အတွင်း ဘီဘီစီမြန်မာပိုင်းအစီအစဉ်ကနေတဆင့် ပြောပြစရာတွေလည်း တပုံကြီး ရှိသေးတယ် ခေါင်းစဉ်ဖြင့် မိမိအတွေ့အကြုံနှင့် ဂီတဘ၀ကို တောက်လျောက် ဟောပြောတင်ဆက်ခဲ့ခြင်းတို့ကြောင့် ပရိတ်သတ်အရွယ်စုံက ဒေါ်မာမာအေးကို အမှတ်တရ အဆက်မပြတ်ကြကြောင်း၊ မိမိ ပြန်လည်ရောက်ရှိခိုက်တွင် စာနယ်ဇင်းများ၊ အနုပညာအလွှာအသီးသီးက လှိုက်လှဲစွာ ကြိုဆိုကြကြောင်း အမှတ်တရ ပြောပြသည်။ ယခုဆက်လက်ပြီး ဘီဘီစီအခန်းဆက်များတွင် မြန်မာပြည်အတွေ့အကြုံများကို ဆက်လက် ဟောပြောတင်ဆက်သွားမည်ဟု ဒေါ်မာမာအေးက ဆိုသည်။

၎င်း မြန်မာပြည်သို့ မပြန်မီကတည်းက ထုတ်ဝေသူများ၏ ကြိုတင်စီစဉ်မှုဖြင့် စာအုပ်များ ထွက်ရှိခဲ့ရာတွင် ယခင်မြန်မာပြည်တွင်က အခန်းဆက်ရေးသားခဲ့သည့် "ရင်ဖွင့်ကြည့်ပါသူငယ်ချင်း" ဘ၀မှတ်တမ်းစာအုပ်၊ "ပြောပြစရာတွေလည်း တပုံကြီး" ဘီဘီစီအခန်းဆက်ကောက်နုတ်ချက်စာအုပ် (အသံစီဒီ အပါအ၀င်)တို့လည်း ဒေါ်မာမာအေး ရောက်ရှိနေချိန်တွင် ပရိသတ်များ၏ စိတ်ဝင်တစား အားပေးဖတ်ရှုမှုတို့ ရရှိခဲ့သည်ကို တွေ့ရသည်။ ကဗျာဆရာကြီးဦးတင်မိုး ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အစီအစဉ်ကို တက်ရောက်ခြင်း၊ အဆိုပါ အထိမ်းအမှတ်စာအုပ်တွင် စာမူအဖြစ် ပြန်လည်ဖော်ပြခြင်းတို့ကို တွေ့ရှိရသည်။ အသက် ၉၀ ကျော်ပြီဖြစ်သည့် စာပေတန်ဆောင် အမျိုးသားစာပေပညာရှင်ကြီး ဒဂုန်တာရာထံသို့ သွားရောက် ဂါရ၀ပြုနိုင်ခဲ့သည်ဟု ဆိုသည်။
လာမည့် မေသို့မဟုတ် ဇွန်လတွင် မြန်မာပြည်သို့ ခရီးပြန်သွားရန် ဆန္ဒရှိကြောင်း၊ ပထမခရီးစဉ်တွင် မြို့တော်ရန်ကုန်တွင်သာ ပရိသတ်ကို ဖျော်ဖြေခွင့်ရခဲ့သဖြင့် နောက်ခရီးစဉ်တွင် မြန်မာပြည် နယ်မြို့များသို့ပါ သွားရောက်ပြီး ပရိသတ်တို့နှင့် တွေ့ဆုံပြီး အနုပညာလက်ဆောင်ပေးလိုကြောင်း ဒေါ်မာမာအေးက ပြောကြားသည်။ ထို့အပြင် မိမိ ဂါရ၀ပြုလိုသော၊ တွေ့ဆုံနှုတ်ဆက်လိုသော သက်ကြီး အနုပညာရှင်ကြီးအားကိုလည်း နောင်ခရီးတွင် သွားရောက် တွေ့ဆုံခြင်း၊ ဂါရ၀ပြုခြင်းတို့ကို ဆောင်ရွက်ရန် ရှိသေးသည်ဟု ဆိုသည်။
လက်ရှိခရီးစဉ် ဂီတဖျော်ဖြေမှုများကို ရုပ်သံ အခွေများ ထွက်ရှိခြင်း ရှိမရှိကို မေးမြန်းရာ ပွဲစီစဉ်သူတို့၏ သဘောဖြစ်သဖြင့် မိမိဘာမှ မပြောနိုင်ကြောင်း၊ သို့သော်လည်း ပြင်ပတွင် ပွဲခင်းတွင်း အလွတ်ရိုက်ကူးထားသော ဒီဗီဒီများ ထွက်ရှိနေုပြီ ဖြစ်သဖြင့် မိမိကိုယ်တိုင်တောင် ပြန်လည်ပြီး ၀ယ်ယူသိမ်းဆည်းခဲ့ရကြောင်း ရယ်မော၍ ပြောကြားသည်။
(Photo credits - Burmese Media from Burma)

Dhamma Piya - Let all know that ...


သူ … သိစေချင်ပါသည် …
ဒေါက်တာဓမ္မပိယ (ITBMU)။ မတ် ၁၁၊ ၂၀၁၃
မိတ်ဆက်
            မြန်မာပြည်မှာ တစ်နှစ်ကျော်ကျော် နေလာခဲ့ပြီး အမေရိကကို ပြန်လာခဲ့စဉ် … ။ လေယာဉ်ပေါ်မှာ ဟိုတွေး ဒီတွေး တွေးရင်း …။ အတွေးတွေ အတော်စုံသွားတယ်။ အတွေးတွေကို ကောက်ချက်ချကြည့်တော့ မိမိလျှောက်လှမ်းလာခဲ့တဲ့ ဘ၀ခရီးလမ်းဟာ ခရီးက အတော်ကြီးကို ရှည်လျားသွားခဲ့ပြီဆိုတာ စိတ်ထဲမှာ ထင်မြင်လာတယ်။ လူတစ်ယောက်ရဲ့ ဘ၀အစကို နေထွက်ချိန်နှင့် ပမာပြုပြီး နှိုင်းခိုင်းပြောဆိုလို့ ရမယ်ဆိုရင် ထိုလူတစ်ယောက်ရဲ့ ဘ၀နေ၀င်ချိန်ဟာ ဘယ်လောက်များ ဝေးနိုင်တော့မလဲဆိုတဲ့ သတိတရားတစ်ခုဟာ စိတ် ထဲမှာ လင်းလက်ပြီး ထင်မြင်လာခြင်းပါ။    
            သတိတရားနဲ့နေပြီး အသိတရားနဲ့သေနိုင်တဲ့ပုဂ္ဂိုလ်မျိုးကို ဘုရားရှင်က ချီးမွမ်းတော်မူတယ်လို့ စာတွေ ပေတွေထဲမှာတော့ ဖတ်ဖူးပါတယ်။ လက်တွေ့ကျင့်သုံးမှုအပိုင်းမှာတော့ သူသူကိုယ်ကိုယ် အမြဲတမ်း သတိ တရားနှင့်နေဖို့ဆိုတာ လွယ်တဲ့ကိစ္စမျိုးမှ မဟုတ်တာ။ သတိမဲ့တဲ့သူဟာ အရာရာတိုင်းကို အရှုံးနှင့်ချည်း ရင်ဆိုင်ရတတ်တယ်ဆိုတဲ့ အဆိုကလည်း ရှိထားပြန်သေးတယ်။ ဒါပေမဲ့ လူအများကျင့်သုံးနေတဲ့ အတွေးအမြင် နဲ့တော့ တစ်မျိုးစီ ဖြစ်နေပြန်တယ်။ လူတွေရဲ့စိတ်တွေထဲမှာ အရာအရာကို "ငါ"ဆိုတဲ့ မာန်မာနကို ရှေ့တန်းတင်ပြီး "ငါ"ကချည်း အနိုင်ယူချင်နေကြတာ။ ကိုယ်စိတ်ထဲမှာ မထင်ရင် မထင်သလိုပြောမယ်။ မခင်ရင် မခင်သလို နှိပ်ကွပ်မယ်။ မကြိုက်ရင် မကြိုက်သလို ဖိုက်မယ်။ ကိုယ်နှင့် သဘောထားမတူရင် မတူသလို အပြစ်မြင်မယ်၊ ဒီနောက် အပြစ်တင်မယ်၊ အဲဒီနောက်မှာတော့ ရန်သူလို သဘောထားပြီး အုပ်စုဖွဲ့၍ တိုက်ခိုက် မယ်။ လူ့တို့ရဲ့သဘာဝဟာ ဒီဘောင်၊ ဒီစည်းကို မကျော်လွန်နိုင်အောင်ပဲ ရှိနေတယ်။ ဒီသဘောသဘာဝတွေ ဘာကြောင့် ဒီလိုဖြစ်နေရသလဲဆိုတာကို ကောက်ချက်ချကြည့်တော့ သတိတရားနည်းပါးလို့ ဖြစ်ရတယ်ဆိုတာ ထင်ရှားပေါ်လွင်နေတယ်။
            စာရေးသူဟာ ၂၀၁၂-ခုနှစ်နှင့် ၂၀၁၃-ခုနှစ်တွေထဲမှာ မြန်မာပြည်မှာပဲ အနေများခဲ့တယ်။ မြန်မာ ပြည်မှာ ပြန်ရောက်နေခိုက်မှာ မြန်မာပြည်မှာရှိတဲ့ သာသနာရေးဆိုင်ရာ အလုပ်တွေထဲမှာပဲ စိတ်ကိုနှစ်မြှုပ်ပြီး ကိုယ့်အလုပ်ကိုပဲ ကိုယ်လုပ်နေခဲ့တာဆိုတော့ ကာလီဖိုးနီးယားပြည်နယ်၊ ဖရီးမောင့်မြို့မှာရှိတဲ့ မေတ္တာနန္ဒနှင့် ပတ်သက်ပြီး ဘာမှ ထွေထွေထူးထူး မစဉ်းစားမိခဲ့ပါ။ ဟုတ်တယ်လေ။ ဟိုရောက်နေခိုက် ဒီကအကြောင်း တွေကို တွေးပူနေရင်၊ ဒီရောက်နေခိုက် ဟိုကအကြောင်းတွေကို တွေးပူနေခဲ့ရင် စာရေးသူအတွက် အသက်ရှည်နိုင်စရာအကြောင်းတွေ ပျောက်ဆုံးသွားနိုင်လို့ပါ။ ဒီတော့လဲ ဘယ်မှာပဲနေနေ Don't worry, Be happy ဆိုတဲ့ အနေအထားမျိုးနဲ့ပဲ နေခဲ့တယ်။ 

သင်္ခါရဓမ္မာရုံ …
            အမေရိကမှာ (March 8, 2013-ခု)ပြန်ရောက်လာတော့ (အနေကြာသွားလို့ထင်ပါရဲ)့ ပတ်ဝင်ကျင်ရဲ့ အနေအထားလေးတွေ ပြောင်းလွဲနေတာကို တွေ့ရတယ်။ သက်ရှိလူတွေထဲမှာဆိုရင်လဲ တချို့မိမိသိထားသူတွေ သေပင် သေသွားကြပြီ။ ၀မ်းနည်းစွာဖြင့် နှုတ်ဆက်ပါ၏။ သက်မဲ့ ၀တ္ထုတွေထဲမှာဆိုရင်လဲ သင်္ခါရသဘောအရ တချို့ အဆောက်အဦးတွေလဲ အနိစ္စသဘောအရ မြေပေါ်မှ ပျောက်ကွယ်သွားကြပြီ။ ဒီအခြေအနေတွေကို တွေ့လာရပြန်တော့ ကိုယ့်ဘ၀ကို တရားသဘောနှင့် မ၀ံ့မရဲ ချိန်ထိုးကြည့်မိတယ်။ မိမိဘ၀ရဲ့ နေ၀င်ချိန်ဟာ ဘယ်တော့ရောက်လာမလဲ။ သိခွင့်ရမယ်ဆိုရင် သိလိုက်စမ်းချင်ပါဘိ။
            သင်္ခါရသဘောကို မလွန်ဆန်နိုင်လို့ ပျက်စီးသွားခဲ့တဲ အဆောက်အဦတွေထဲမှာ ဖရီးမောင့်မြို့က မေတ္တာနန္ဒကျောင်းပရ၀ုန်အတွင်းမှာရှိတဲ ဓမ္မာရုံငယ်လေးတစ်လုံးပါ ပါဝင်သွားခဲ့ခြင်းပါ။ ကရုဏာသက်စရာ အဲဒီဓမ္မာရုံလေးနေရာမှာ မြေကွက်လပ်လေးတစ်ခုကိုပဲ တွေ့ရတော့တယ်။ ပျက်စီးခြင်းအထိမ်းအမှတ်အနေနဲ့ အင်္ဂတေခင်းပြားလေးတွေကတော့ သမိုင်းတစ်ခုကို ကိုယ်စားပြုပြီး သမိုင်းဖြစ်စဉ်ကို ပြန်လည်ပြောချင်ဟန် တူပါရဲ့။  ဖျက်ဆီးခံလိုက်ရတဲ့ ဓမ္မာရုံလေးအတွက် စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါ။ ဓမ္မာရုံလေးကို လွမ်းမိတယ်လို့ ပြောပြန်ရင်လည်း အလွမ်းဓာတ်ခံရှိလို့ ဖြစ်မှာပါလို့ ဆိုလာဦးမယ်။ ဘာပဲဖြစ်ဖြစ် ဘ၀တစ်ခုမှာ အမှတ်တရ အလွမ်းမျိုးဆိုတာ ဒါမျိုးပဲ ဖြစ်လေမလားလို့ တွေးထင်လိုက်မိပါရဲ့။  
            မေတ္တာနန္ဒကျောင်းရဲ့ ဖွားဖက်တော်လေးလို ဖြစ်ခဲ့တဲ့ ဒီဓမ္မာရုံလေးဟာ လွမ်းမယ်ဆိုလဲ လွမ်းလောက် စရာပါ။ ရုပ်ဝတ္ထုတန်ဖိုးတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်တော့ ဒီဓမ္မာရုံလေးဟာ တန်ဖိုးလည်းမကြီး၊ ခမ်းနား ထည်ဝါမှုလည်းမရှိတဲ့ အဆောက်အဦးငယ်လေး တစ်လုံးမျှသာဖြစ်တယ်။ သို့သော် ထိုဓမ္မာရုံလေးနှင့် စပ်လျဉ်းပြီး စိတ်ပိုင်းဆိုင်ရာ ခမ်းနားထယ်ဝါမှုအပိုင်းမှာတော့ စာဖွဲ့ပြ၍ပင် ကုန်နိုင်မည်မထင်ပါ။ ဘာကြောင့်လဲ ဆိုရင် ဒီဓမ္မာရုံလေးအတွင်းမှာ တရားအားထုတ်သွားကြတဲ့ ယောဂီပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ ရရှိသွားကြတဲ့ ထူးခြားတဲ့ တရားအသိဉာဏ်တွေ၊ တရားသင်တန်းများကို တက်ရောက်ပြီး တန်ဖိုးကြီးလှတဲ့ တရားဓမ္မတွေကို ခံယူသွားကြတဲ့ သင်တန်းသူ၊ သင်တန်းသားတွေရဲ့ အသိတရားတွေ၊ ဗုဒ္ဓယဉ်ကျေးမှုသင်တန်းများကို တက်ရောက် သွားကြတဲ့ ကျောင်းသူ၊ ကျောင်းသားများအား သင်တန်းမှ ပို့ချပေးလိုက်တဲ့ ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်တွေနှင့် ဘာသာရေး အသိတရားတွေဆိုတာ ဘယ်အရာမျိုးနဲ့မှ နှိုင်ခိုင်းပြလို့ မရနိုင်တဲ့ အနေ အထားမျိုးမှာ ရှိနေခြင်းပါ။ ဒါကြောင့် ဘယ်သူတွေ ဘာပြောပြော ဒီဓမ္မာရုံလေးကိုတော့ လွမ်းမောတမ်းတ နေမိခြင်းပါ။
            ဒီလိုအလွမ်းတွေကို ဖြေနိုင်ဖို့ ဒီနေရာမှာ သင့်တော်လျှောက်ပတ်တဲ့ အဆောက်အဦးတစ်ခုကို မြို့ပြ စီးတီးမှာ လျှောက်ထားပြီး ဆောက်နိုင်အောင်တော့ ကြိုးစားရမှာပဲလို့ ဆန္ဒတွေ ဖြစ်ရှိနေခြင်းပါ။ သို့သော် အမေရိကနိုင်ငံမှာ ကြာကြာနေပေးဖို့ အခြေအနေမပေးသေးတော့ ဒီအကြံအစည်တွေကို အကောင်အထည် ဖေါ်နိုင်ဖို့ဆိုတာ အချိန်အခါတစ်ခုအထိတော့ စောင့်စိုင်းပေးရဦးမယ်ဆိုတာ နားလည်သဘောပေါက်ထားတယ်။ ဘာပဲဖြစ်ဖြစ်လေ ဒီမှာရှိနေကြတဲ့ ပုဂ္ဂိုလ်တွေကိုပဲ ဆောက်ဖြစ်အောင် တိုက်တွန်းရတော့မှာပဲလို့ စိတ်ထားမှာတော့ ဖြစ်နေမိပါရဲ့။ သာသနာတော်ရဲ့ကံ ရှိမယ်ဆိုရင် သာသနာအလုပ်တွေကို ချမ်းချမ်းသာသာ လုပ်နိုင်ဖို့ မေတ္တာနန္ဒဓမ္မရိပ်သာမှာ သင့်တင့်လျှောက်ပတ်တဲ့ အဆောက်အဦးမျိုး လွယ်လွယ်ကူကူနှင့် ဖြစ်လာ နိုင်ပါစေရယ်လို့ တောင်းဆုတွေကိုလဲ အခါခါ ချွေနေမိပါရဲ့။   

မပြီးသေးသည့် တာဝန်များ …
            ဘ၀ဆိုတာ အကွေ့ အကောက်၊ အချိုး အဆစ်၊ အပြောင်း အလဲတွေ များလွန်းလှတာမို့ နောက်ဆုံး ဘာဖြစ်လာမယ်ဆိုတာကိုတော့ ဘယ်သူမှ တိတိကျကျ ပြောပြနိုင်မည်မဟုတ်ပါ။ စာရေးသူရဲ့ဘ၀မှာ အမေရိက မှာ အကြာကြီးနေဖို့ အခွင့်အရေးရှိပေမဲ့ ကြာကြာနေပေးဖို့ အခွင့်အလန်းတွေက တစ်နေ့တခြား နည်းပါးလာ နေတယ်။ နေလိုတဲ့ဆန္ဒရှိပေမဲ့ နေဖို့အကြောင်းက မတိုက်ဆိုင်နိုင်အောင်ပဲ ဖြစ်နေတယ်။ မြန်မာပြည်မှာ ကျောင်း(၅)ကျောင်းကို ဦးဆောင်မှု ပေးနေရတဲ့အချိန်အခါမို့ အမေရိကမှာ ကြာကြာနေပေးဖို့ အကြောင်းက မဖြစ်နိုင်သေးတဲ့ အနေအထားမျိုးမှာ ရှိနေခြင်းပါ။ ဒါကို နားလည်ပေးကြတဲ့ ရဟန်းသံဃာတွေကိုရော၊ ဒကာ၊ ဒကာမများကိုပါ တိတ်တခိုးလေး ကျေးဇူးတင်နေမိခြင်းပါ။  
            တာဝန်တစ်ခုကို ယူထားပြီးပြီဆိုရင် ထိုတာဝန်ကို ပြီးဆုံးသည်အထိ ဆောင်ရွက်တတ်ခြင်းဟာ စာရေးသူရဲ့ အလေ့အထတစ်ခုပါ။ စာရေးသူ မြန်မာပြည်မှာ ဘာတွေလုပ်နေတယ်ဆိုတာကိုတော့ စာရေးသူနှင့် နှင့်နီးစပ်သူတွေပဲ သိနိုင်တဲ့အခြေအနေမျိုးပါ။ တမင်တကာ လျှိ့ဝှက်ထားခြင်းမျိုးလည်းမဟုတ်ပါ။ သို့သော် လျှိ့ဝှက်ထားသလို ဖြစ်နေခဲ့မယ်ဆိုရင် တောင်းပန်စကားဆိုဖို့ ၀န်လေးသူမဟုတ်ပါ။ စာရေးသူ မြန်မာပြည်မှာ အောက်ဖေါ်ပြပါ ပရိုဂျက်တွေကို စွမ်းနိုင်သမျှ ဆောင်ရွက်နေပါတယ်။
            (၁) သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ငါးကျမ်းပြန်ကျောင်းတိုက်မှာ နိဂြောဓသာမဏေစီမံကိန်းသို့ တက်ရောက် သင်ကြားနေတဲ့ ရှင်သာမဏေ အပါးတစ်ရာကို လောကီ၊ လောကုတ္တရာ နှစ်ဖြာသောပညာရေးကို (ဘုန်းကြီးစာ၊ အတန်းစာ၊ ဘုန်းကြီးစာမှာ အကြီးတန်းအောင်မြင်ပြီး သာမဏေများရှိလာပြီး၊ အတန်းစာမှာလဲ တက္ကသိုလ်​ စာပေးစာယူဖြင့် ဒုတိယနှစ်သို့ (ဥပဒေ၊ စီးပွါးရေး၊ ဆိုကိုလိုဂျီ၊ ဖီလိုဆိုဖီ ပညာရပ်များပါဝင်သည်) တက်ရောက်နေကြသော သာမဏေများအထိရှိနေခြင်းကြောင့် ကြာကြာကြီးပစ်ထားလို့ မရနိုင်သေးတာက တစ်ကြောင်း၊  ဆယ်ကျော်သက်အရွယ် ငယ်ရွယ်သူတွေ ဖြစ်နေတာကတစ်ကြောင်း၊
(၂) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်မှာလည်း (အချိန်ပြည့်) ပါမောက္ခ (မဟာဌာနမှူး)တာဝန်ကို ယူထားပြီး၊ ဒီတက္ကသိုလ်မှာ အချိန်ပြည့်တာဝန်ကို ထမ်းဆောင်နေရတော့ တက္ကသိုလ်နှင့်စပ်တဲ့ ပြည်တွင်း၊ ပြည်ပ ဆီမီနာတွေ၊ ကွန်းဖရင့်တွေကို အခါအားလျော်စွာ တက်ရောက်ပေးနေရတဲ့ တာဝန်တွေကလည်း ရှိနေတာကတစ်ကြောင်း၊
(၃) မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ မေတ္တာနန္ဒ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် မိဘမဲ့ဂေဟာအတွက် လိုအပ်တဲ့ ငွေကြေး အထောက်အပံ့တွေ၊ ပညာရေး၊ ကျန်မားရေးနှင့် စားဝတ်နေရေးတွေ၊ ဒီလိုအရေးမျိုးတွေကို တတ်နိုင်သမျှ အကူအညီများ ပေးနေရတာကတစ်ကြောင်း၊
            (၄) မန္တလေးမြို့၊ မြောက်စလင်းတိုက်ထဲမှာရှိတဲ့ မေတ္တာနန္ဒဓမ္မဒူတကျောင်းမှာ မရှိဆင်းရဲတဲ့ (ကိုးတန်း ဆယ်တန်း) ကျောင်းသူ၊ ကျောင်းသားများအား အခမဲ့ကျူရှင် ဖွင့်ပေးနိုင်ရန်နှင့် ရဟန်းသံဃာတော်များ၊  (အင်္ဂလိပ်စာ)သင်တန်းများကို မတက်နိုင်ကြရှာတဲ့ စက်ရုံ အလုပ်ရုံများတွင် အလုပ်လုပ်နေသူများနှင့် ကျောင်းသူ၊ ကျောင်းသားများအား အင်္ဂလိပ်စာ သင်ကြားပို့ချနိုင်ရန် ဆောက်လုပ်နေဆဲဖြစ်တဲ့ သုံးထပ် ကျောင်းဆောင် ပညာပါရမီကျောင်းဆောင်တော်ကြီးကို အပြီးသတ်နိုင်အောင် ကျိုးစားပေးနေရတာက တစ်ကြောင်း၊
(၅) ရှမ်းပြည်နယ်၊ ကျိုင်းတုံးမြို့ပေါ်မှာရှိတဲ့ ဇေတ၀န်ပရိယတ္တိကမ္မဋ္ဌာန်းကျောင်းတိုက်ကို သာသနာ တော်အကျိုးငှာ လက်ခံပြီး၊ တိုင်းရင်းသူ၊ တိုင်းရင်းသားများရဲ့ ပညာရေးအတွက် အလယ်တန်းအထိ သင်ကြားပေးနေတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ထိုကျောင်းတိုက်မှာပင် တိုင်းရင်းသား ကိုရင်များ အတွက် နိဂြောဓသာမဏေစီမံကိန်းကို စတင်နိုင်ရန် နောက်ထပ် တိုးချဲ့သင်ကြားပေးမည့် ရှင်သာမဏေ အပါးတစ်ရာအတွက် ချမ်းချမ်းသာသာ နေထိုင်နိုင်ရန် အဆောက်အဦးများ မွမ်းမံပြင်ဆင်ခြင်း၊ အသစ် ဆောက်ခြင်းတာဝန်များကို ယူပေးနေရတာကတစ်ကြောင်း၊ ဒီအကြောင်းကြောင်းတွေကြောင့် အမေရိကမှာ ကြာကြာမနေနိုင်အောင် ဖြစ်နေရခြင်းပါ။ အကျိုးတစ်ခု ဖြစ်ထွန်းနိုင်ဖို့အတွက် အကျိုးတစ်ခုကို စွန့်လွတ်ရ ခြင်းဟာ လောကဓမ္မတာပင်မဟုတ်ပါလား။

လမ်းဖောက်ရင်း လမ်းပေါ်ရောက်နေတဲ့ အရှင် …
            အထက်ပါ တာဝန်တွေအပြင် အခါအားလျှော်စွာ တရားဟောထွက်ရခြင်း၊ စာစောင်များ၊ သတင်း စာများ၌ (တိုင်းပြည်အသွင် ကူးပြောင်းဆဲကာလမို့ စာရေးသူ စွမ်းနိုင်သမျှ) သတင်းဆောင်းပါးများကို ရေးသား ပေးနေခြင်း၊ (ရံဖန်ရံခါ) ဗုဒ္ဓယဉ်ကျေးမှု သင်တန်းများကို ပို့ချပေးရခြင်း၊ နိုင်ငံတော်မှ အသွင်ကူးပြောင်းရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်နေချိန်တွင် နိုင်ငံတော်အတွက် အရေးကြီးလှသော လုပ်ငန်း တစ်ခုဖြစ်တဲ့ ပညာရေးဆွေးနွေးပွဲများ၊ ပညာရေးဆီမီနာများကို အားတက်သရော တက်ရောက်ဆွေးနွေး ပေးခြင်း-စတဲ့ တာဝန်တွေကလည်း ရှိနေသေးတာမို့ စာရေးသူအတွက် အချိန်ဆိုတာ ပိုတယ်ဟူ၍ မရှိလှကြောင်း စာရှုသူတို့အား သိစေခြင်းပါ။ ဤကဲ့သို့ စာဖတ်သူတို့အား ဤဆောင်းပါးကို ရေးသားခြင်းဟာ တာဝန်တွေများလွန်းလို့  ညည်းညူပြနေခြင်းမျိုးမဟုတ်ပါ။ စာရှုသူတို့အား စာရေးသူ မြန်မာပြည်မှာ ဘာတွေ လုပ်နေတယ်ဆိုတာကို သိစေချင်တဲ့သဘောမျှဖြင့် ရေးသားခြင်းသာဖြစ်တယ်။ ဒီထက်ပို၍ ဘာကိုမှ မျှော်လင့်ချက်ထားပြီး ရေသားနေခြင်းမျိုးမဟုတ်ကြောင်း နားလည်သဘောပေါက်နိုင်ကြဖို့ပါ။   

ထူးခြားတဲ့ တရုတ်ပြည်က ၈ နှစ်သား ကိုရင်လေး ...
            နောက်တစ်ခု ထူးခြားတာက စာရေးသူ တရုတ်ပြည်ကို သွားရောက်ခဲ့တဲ့ခရီးမှာ ("နှင်းမှုံတွေကြားက တရုတ်ပြည်ကြီးဆိုတဲ့ ခေါင်းစဉ်နှင့် အပိုင်း (၁) (၂) ခွဲပြီး မိုးမခမှာရော၊ ကြေးမှုံသတင်းစာမှာရော ဖေါ်ပြပြီး ဖြစ်သည်) ရှစ်နှစ်သား မဟာယာန ကိုရင်လေးတစ်ပါး စာရေးသူထံ သူ့ဆရာများနှင့်အတူ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရတယ်။ စာရေးသူ ပီးကင်းမြို့မှာ တရားပြနေစဉ် အဲဒီ ကိုရင်လေးဟာ သူ့ဆရာနှင့်အတူ စာရေးသူထံရောက်လာခြင်းပါ။ သူတို့ရောက်လာတော့ စကားပြန်ဖြင့် အလ္လာပ၊ သလ္လာပစကား ပြောကြရင်း ကိုရင်လေးကို မြန်မာပြည်ကို လိုက်ပြီး ဘုရားစာတွေကို သင်မလားလို့ ရုတ်တရက် မေးလိုက်မိတယ်။ အဲဒီကိုရင်လေးဟာ အိမ်ကို ပြန်ရောက်တယ်ဆိုရင်ပဲ မိဘနှစ်ပါးကို သူမြန်မာပြည်ကိုလိုက်ပြီး ဘုရားစာတွေကို သင်လိုတဲ့အကြောင်း၊ ဆရာတော်တစ်ပါးက သူကို မြန်မာပြည်ကို ခေါ်မယ်လို့ ပြောတဲ့အကြောင်း မိဘများအား ပြန်ပြောပြတယ်။ နောက်နေ့မှာ ကိုရင်လေးဟာ မိဘများနှင့်အတူ စာရေးသူထံ ရောက်ရှိလာပြီး အခြေအနေကို လာရောက်စုံစမ်းကြတယ်။ မိဘများက သူတို့သားလေးကို ဆရာတော် ခေါ်မယ်ဆိုရင် မြန်မာပြည်ကို ထည့်မည်ဖြစ်ကြောင်း လျှောက်ထားခဲ့ကြတယ်။ သူတို့သားလေးကို ထည့်ခဲ့မယ်ဆိုရင် ဘာတွေလုပ်ပေးရမယ် ဆိုတာကို မေးမြန်းကြတယ်။
            သူတို့သားလေးဟာ (၃)နှစ် (၄)နှစ်သား အရွယ်လေးတည်းက အိပ်ရာဝင်ရင် ပုတီးလေးကို ကိုင်ပြီး အိပ်လေ့ရှိကြောင်း၊ ဘုရားစာတွေကို သင်ယူရတာ သူနှစ်သက်ပုံရကြောင်း သူတို့သားလေးရဲ့ အခြေအနေ များကို လျှောက်ထားပြကြတယ်။ ဘယ်လိုပဲပြောပြော ကလေးက ငယ်နေသေးတာကြောင့် မိဘ များမှ ထည့်နိုင်စရာအကြောင်းမရှိဘူးလို့ တွေးထင်မိတဲ့အတွက်ကြောင့် မေ့မေ့ပျောက်ပျောက်ပဲ နေလိုက်တယ်။ ဒါပေမဲ့ နောက်သုံးလေး ရက်လောက်အကြာမှာတော့ အဲဒီမဟာယာနကိုရင်လေးထံမှ (မိဘများအကူ အညီဖြင့်ရေးထားတဲ့) စာလေးတစ်ဆောင်ကို ကိုရင်လေးဟာ မိဘများနှင့်အတူ ကိုယ်တိုင်လာရောက် ပေးအပ်ခဲ့တယ်။ စာနှင့်အတူ ဓာတ်ပုံလေး သုံးပုံလည်းပါလာတယ်။
            "ဆရာတော်ဘုရား မြန်မာပြည်ကို ပြန်ရောက်သွားရင် တပည့်တော်ကို မေ့သွားမှာစိုးလို့ ဓာတ်ပုံ(၃)ပုံနှင့်အတူ ပုတီးလေးကိုပါ ဆရာတော်အား ပေးအပ်ပါတယ်။ ဘုရားစာတွေကို သင်ချင်လို့ တပည့်တော်ကို မြန်မာပြည်ကို ခေါ်ဖို့သတိရတော်မူပါ"တဲ့။ အကြောင်းအကျိုးတွေ တိုက်ဆိုင်လာခဲ့ပြီဆိုရမှာပါ။ အဲဒီ မဟာယာနကိုရင်လေးဟာ (၂၀၁၃-ခု၊ မတ်လ ၆ ရက်နေ့က) မြန်မာပြည်ကို ရောက်လာခဲ့တယ်။ စာရေးသူအတွက်တော့ သူကို စောင့်ရှောက်ရမဲ့ တာဝန်ဝတ္တရား တွေ ပိုလာပြီလို့ပဲ ဆိုရတော့မှာပေါ့။ ဘာပဲဖြစ်ဖြစ်လေ သန်းပေါင်းတစ်ထောင်သုံးရာရှိတဲ့ တရုတ်ပြည်ကြီး အတွက် အဲဒီကိုရင်လေးကို စာတတ်ပေတတ် ရဟန်းတစ်ပါးဖြစ်လာပြီး၊ ကမ္မဋ္ဌာန်းဆရာတစ်ပါးဖြစ်လာအောင် စွမ်းနိုင်သမျှ စောင့်ရှောက်ပေးရမှာပဲ။       

သံသရာခရီးသွား ...
             ဒီလိုတာဝန်တွေရှိနေတာကြောင့် ဒီတစ်ခေါက် စာရေးသူ အမေရိကမှာ တစ်လလောက်ပဲ နေနိုင်မယ်။ အမေရိကမှာ အနေနည်းလို့ ၀မ်းမနည်းဘူးလားလို့ မေးလာသူလဲ ရှိလာတယ်ပေါ့။ ၀မ်းတော့နည်းတယ်။ ဒါပေမဲ့ လွမ်းဘွဲ့တွေကို မဖွဲ့တတ်လေတော့ လွမ်းချင်းဆိုတာ စာရေးသူရဲ့ ရင်ထဲမှာ ဘယ်သောခါမှ ပေါက်ဖွားလာမှာ မဟုတ်ဘူးလို့ ဟာသလေးနှောပြီး ဖြေလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ်လေ အမုန်းခံဘ၀နဲ့ သံသရာမှာ ကျင်လည်ရတာမျိုးနဲ့ နှိုင်းစာရင်တော့ အလွမ်းသည်ဘ၀နှင့် သံသရာမှာ ကျင်လည်ရတာမျိုးက ဖြေသာနေသာ ရှိလိမ့်မယ်လို့တော့ တွေးထင်မိပါရဲ့။
            ဧပြီလ (၅)ရက်နေ့မှာတော့ စာရေးသူ မြန်မာပြည်ကို ပြန်ရလိမ့်မယ်။ အလုပ်များတဲ့စာရေးသူဟာ မြန်မာပြည်ကို ပြန်ရောက်ခဲ့ရင် ပြည်တွင်းမှာလဲ ရှိချင်ရှိမယ်။ ကွန့်ဖရင့်များ၊ တရားစခမ်းများသို့ တက်ရောက်နေရတဲ့ အခါမျိုးတွေမှာတော့ ပြည်ပနိုင်ငံများသို့လည်း ရောက်ကောင်းရောက်နေနိုင်တယ်။ ပြည်တွင်းမှာရှိနေတဲ့ အခါမျိုးတွေမှာလည်း ရန်ကုန်မြို့က (ငါးကျမ်းပြန်)၊ သို့မဟုတ် မင်္ဂလာဒုံက (မေတ္တာနန္ဒဘုန်းတော်ကြီးသင် ပညာရေး ကျောင်းနှင့် မိဘမဲ့ဂေဟာ)၊ သို့မဟုတ် မရမ်းကုန်းမြို့နယ်မှာရှိတဲ့ (အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်)၊ သို့မဟုတ် မန္တလေးမြို့က (မေတ္တာနန္ဒ ဓမ္မဒူတကျောင်း)၊ သို့မဟုတ် ကျိုင်းတုံမြို့က (ဇေတ၀န် ပရိယတ္တိကမ္မဋ္ဌာန်းကျောင်းတိုက်) သို့မဟုတ် မြန်မာပြည် တစ်နေရာရာမှာ ရှိနေမှာပါလို့သာ ပြောကြားလိုခြင်းပါ။ ဘယ်အချိန်၊ ဘယ်နေရာမှာ ရှိနိုင်တယ်ဆိုတာကို အတိအကျ သိလိုတယ်ဆိုရင်တော့ ဆက်သွယ်မေးမြန်းနိုင်ရန် မြန်မာပြည် ဖုံးနံပတ်ကို ပေးခဲ့မယ်။ ဖုံးနံပတ်က ၀၉၅၁၀၈၉၅၃။      
            တန်ဖိုးရှိတဲ့ဘ၀တစ်ခုအတွက် တန်းဖိုးမြင့်တဲ့ကုသိုလ်မျိုးကို ဖြည်းဆည်းလိုတယ်ဆိုရင် ဘ၀နှင့်တန်ဖိုး ညီတဲ့ အလုပ်မျိုးကို ကြိုးစားပြီး လုပ်နိုင်ကြဖို့ပါ။ ဘ၀တစ်ခုမှာ ကိုယ်တိုင်လုပ်မှ ရနိုင်တဲ့ ကုသိုလ်မျိုးရှိသလို၊ ကိုယ်တိုင်မလုပ်ဘဲ ရနိုင်တဲ့ ကုသိုလ်မျိုးတွေလဲ ရှိနေခြင်းပါ။ ကုသိုလ်တရားတွေကို များများမလုပ်နိုင် သေးတောင် ကုသိုလ်တရားတွေကို များများရနိုင်တဲ့ နည်းလမ်းကတော့ သူများလုပ်တဲ့ကုသိုလ်ကို ငြူစူ ၀န်တိုခြင်းမရှိပဲ စိတ်စေတနာ ဖြူဖြူသန့်သန့်လေးဖြင့် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ကြဖို့ပါ။ ဒီအခါမှာ အေးမြတဲ့မေတ္တာတရားတွေ သာဓုခေါ်နိုင်သူရဲ့ ရင်ထဲမှာ စမ်းရေပမာ တသွင်သွင် စီးဆင်းနေမယ်ဆိုတာ စာရေးသူ ယုံကြည်ထားမိလို့ပါ။
ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။
ဒေါက်တာဓမ္မပိယ (ITBMU)
       

Than Win Hlaing - Articles


သမိုင်းတကွေ့မှ နိုင်ငံခြားသားများ (စာရေးဆရာ ဂျော့ခ်ျအော်ဝဲလ်)
သန်းဝင်းလှိုင်
မတ်လ ၁၁၊ ၂၀၁၃


မြန်မာ့သမိုင်းတကွေ့၌ ထင်ရှားခဲ့သော ဗြိတိသျှစာရေးဆရာတစ်ဦးမှာ ဂျော့ခ်ျအော်ဝဲလ် ဖြစ်သည်။ သူသည်ထက်မြက်သောစာရေးဆရာတဦးဖြစ်ပြီးအဖိနှိပ်ခံတို့ ဘက်မှရပ်တည်သောစာရေးဆရာလည်းဖြစ်သည်။သူ၏ ပထမဆုံးလုံးချင်းဝတ္ထု ဖြစ်သည့် Burmese Days မှာ ဂျော့ခ်ျအော်ဝဲလ် (George Orwell) စာပေလေ့လာသူတို့ လက်မလွှတ်နိုင်သော စာအုပ်တစ်အုပ် ဖြစ်သကဲ့သို့ မြန်မာပြည်နောက်ခံဖြင့် နိုင်ငံခြားသားတို့ရေးသားကြသည့် ၀တ္ထုများထဲတွင် အထင်ရှားဆုံးလက်ရာတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။

၁၉၃၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် Burmese Days ၀တ္ထုသည် နောက်ပိုင်းသူဆက်ရေးဖြစ်မည့် ၀တ္ထုအတော်များများကို ပုံစံချပေးခဲ့ သော ၀တ္ထုလည်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဖိနှိပ်ချုပ်ချယ်သော၊ ရိုးဖြောင့်မှန်ကန်မှုမရှိသော လူမှုပတ်ဝန်းကျင်တစ်ခုအတွင်း အံမ၀င်ခွင်မကျ ဖြစ်နေသည့် စာနာစိတ်ရှိသူ၊ မှန်ရာကိုသာလုပ်လိုသူ၊ မတူညီသူများအကြားစိတ်ပိုင်းဆိုင်ရာအရာ အထီးကျန်ဖြစ်နေသူတို့အကြောင်း ရေးဖွဲ့ ထားသည့် ၀တ္ထုများဖြစ်သည်။ Burmese Days တွင် အဓိက ဇာတ်ဆောင်သည် အင်္ဂလိပ်သစ်ကုမ္ပဏီတစ်ခုမှ သာမန်အဆင့်အရာရှိတစ်ဦး ဖြစ်သည်။ သူက လူမျိုးကြီးစိတ်ဓာတ်ဝင်နေသည့် သူ့ပတ်ဝန်းကျင်မှ ကိုလိုနီအရာရှိများ၏ ၀င့်ဝါသောအဆင့်အတန်းခွဲခြားသော အပြုအမူ အကျင့်အကြံများကို စိတ်ပျက်နေသည်။သူသည် မြန်မာများ အိန္ဒိယသားများကို စာနာစိတ်ထားကာ ရင်းရင်းနှီးနှီးဆက်ဆံချင်သည်။ သို့သော် နောက်ဆုံးတွင် မျှော်မှန်းမထားသော ပြဿနာများ ကြုံတွေ့ကာ သူ့ဘ၀က ကြေကွဲဖွယ် နိဂုံးချုပ်သွားခဲ့ရသည်ကို ရေးသားထားလေသည်။



မြန်မာ့သမိုင်းတကွေ့၌ ထင်ရှားခဲ့သော ဗြိတိသျှစာရေးဆရာတစ်ဦးမှာ ဂျော့ခ်ျအော်ဝဲလ် ဖြစ်သည်။ သူသည်ထက်မြက်သောစာရေးဆရာတဦးဖြစ်ပြီးအဖိနှိပ်ခံတို့ ဘက်မှရပ်တည်သောစာရေးဆရာလည်းဖြစ်သည်။သူ၏ ပထမဆုံးလုံးချင်းဝတ္ထု ဖြစ်သည့် Burmese Days မှာ ဂျော့ခ်ျအော်ဝဲလ် (George Orwell) စာပေလေ့လာသူတို့ လက်မလွှတ်နိုင်သော စာအုပ်တစ်အုပ် ဖြစ်သကဲ့သို့ မြန်မာပြည်နောက်ခံဖြင့် နိုင်ငံခြားသားတို့ရေးသားကြသည့် ၀တ္ထုများထဲတွင် အထင်ရှားဆုံးလက်ရာတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။

၁၉၃၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် Burmese Days ၀တ္ထုသည် နောက်ပိုင်းသူဆက်ရေးဖြစ်မည့် ၀တ္ထုအတော်များများကို ပုံစံချပေးခဲ့ သော ၀တ္ထုလည်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဖိနှိပ်ချုပ်ချယ်သော၊ ရိုးဖြောင့်မှန်ကန်မှုမရှိသော လူမှုပတ်ဝန်းကျင်တစ်ခုအတွင်း အံမ၀င်ခွင်မကျ ဖြစ်နေသည့် စာနာစိတ်ရှိသူ၊ မှန်ရာကိုသာလုပ်လိုသူ၊ မတူညီသူများအကြားစိတ်ပိုင်းဆိုင်ရာအရာ အထီးကျန်ဖြစ်နေသူတို့အကြောင်း ရေးဖွဲ့ ထားသည့် ၀တ္ထုများဖြစ်သည်။ Burmese Days တွင် အဓိက ဇာတ်ဆောင်သည် အင်္ဂလိပ်သစ်ကုမ္ပဏီတစ်ခုမှ သာမန်အဆင့်အရာရှိတစ်ဦး ဖြစ်သည်။ သူက လူမျိုးကြီးစိတ်ဓာတ်ဝင်နေသည့် သူ့ပတ်ဝန်းကျင်မှ ကိုလိုနီအရာရှိများ၏ ၀င့်ဝါသောအဆင့်အတန်းခွဲခြားသော အပြုအမူ အကျင့်အကြံများကို စိတ်ပျက်နေသည်။သူသည် မြန်မာများ အိန္ဒိယသားများကို စာနာစိတ်ထားကာ ရင်းရင်းနှီးနှီးဆက်ဆံချင်သည်။ သို့သော် နောက်ဆုံးတွင် မျှော်မှန်းမထားသော ပြဿနာများ ကြုံတွေ့ကာ သူ့ဘ၀က ကြေကွဲဖွယ် နိဂုံးချုပ်သွားခဲ့ရသည်ကို ရေးသားထားလေသည်။


ဂျော့ခ်ျအော်ဝဲလ်ကို အိန္ဒိယပြည် ဘီဟာနယ် မွန်တီဟာရီမြို့တွင် ၁၉၀၃ ခုနှစ် ဇွန်လ ၂၅ ရက်နေ့၌ ဖွားမြင်ခဲ့သည်။ သူ၏အမည်ရင်း မှာ အဲရစ်အာသာဘလဲယား (Eric Arthur Blair) ဖြစ်သော်လည်း 'ဂျော့ခ်ျအော်ဝဲလ်' ဟူသော ကလောင်နာမည်ဖြင့်သာ လူသိများသည်။ ယင်းအမည်ကို သူ့အသက်၃၀အရွယ်တွင် ပုံနှိပ်ထုတ်ဝေသည့် Down and out in Paris and London (ပါလီနှင့်လန်ဒန်ကအခြေအနေမဲ့ဘ၀) စာအုပ်မှစတင်၍ အသုံးပြုခဲ့ခြင်းဖြစ်သည်။ သူ့ကလောင်အမည် 'အော်ဝဲလ်' ဆိုသည်မှာ အင်္ဂလန်ပြည် အရှေ့အင်္ဂလီယာနယ်ရှိ သူနှစ်သက်သော အော်ဝဲလ်မြစ် (Orwell River) ၏ အမည်ကို ယူထားခြင်းဖြစ်ပြီး၊ "ဂျော့ခ်ျ" (George) မှာမူ ရိုးရိုးရှင်းရှင်းနှင့် ဆွဲဆောင်မှုရှိသည့် နာမည်တစ်ခုဟု သဘောကျကာ သူရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ နောက်ပိုင်းတွင် သူ၏ စာအုပ်များထင်ရှားကျော် ကြားလာသည်နှင့်အမျှ ကလောင်အမည် ဂျော့ခ်ျအော်ဝဲလ်သည်သာ နာမည်အရင်းကဲ့သို့ လူသိများလာခဲ့လေသည်။

စင်စစ်နာမည်ပြောင်းခြင်းနှင့်အတူ သူ၏ဘ၀နေထိုင်မှုပုံသဏ္ဌာန်ပုံများလည်း ပြောင်းလဲလာခဲ့သည်ဟု ဆိုနိုင်သည်။ ဘလဲယားဘ၀တုန်းက သူသည် ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအဆောက်အဦ၏ ဒေါက်တိုင်တစ်ခုဖြစ်ခဲ့သည်။ အော်ဝဲလ်ဘ၀တွင်မူ ကိုလိုနီနယ်ချဲ့ အဆောက်အဦကို ဆန့်ကျင်ပုန်ကန်သည့် စာပေသမားနှင့် နိုင်ငံရေးဝေဖန်သူအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ 


သူ့ဘ၀ကလည်း စိတ်ဝင်စားဖွယ်အတိပင် ဖြစ်သည်။ ကိုလိုနီခေတ်၌ အိန္ဒိယတွင် မွေးသည့် အင်္ဂလိပ်တစ်ယောက်ဖြစ်သည့် အားလျော်စွာ ဘလဲယားသည် အလိုအလျောက်ပင် ဗြိတိသျှအရှင်သခင်လူတန်းစားထဲတွင် ပါဝင်ခဲ့သည်။ အဖိုးဖြစ်သူ ချားလ်ဘလဲယားမှာ ဒေါဆက်မြို့ရှိ ကြွယ်ဝချမ်းသာသော မြို့မျက်နှာဖုံးဖြစ်သလို၊ အဖွားဖြစ်သူ လေဒီမေရီဖန်းမှာ ရှစ်ဆက်မြောက် အားလ်ဘွဲ့ရ ၀က်စ်မိုလန်းမြို့စားကြီး သောမတ်စ်ဖန်း၏ သမီးဖြစ်သည်။ သို့သော် သူ့ဖခင် ရစ်ချတ်ဘလဲယားမှာ အစိုးရဘိန်းဌာန (Opium Department) မှာ အရာရှိငယ်တစ်ဦးမျှသာ ဖြစ်သည်။ ပြင်သစ်နွယ်ဖွားတစ်ဦးဖြစ်သည့် သူ၏မိခင် အီဒါဘလဲယား (Ida Mabel Blair) မှာလည်း ချမ်းသာသော မျိုးရိုးက ဆင်းသက်လာသူမဟုတ်ချေ။ ထူးခြားသည်မှာ မိခင်ဖြစ်သူသည် မြန်မာနိုင်ငံမော်လမြိုင်မြို့၌ ကြီးပြင်းလာခဲ့သူဖြစ် သည်။ သူ့မိဘများမှာ မိမိတို့နေထိုင်လိုသည့် အဆောင်အယောင်အဆင့်အတန်းကို မမီမကမ်းလှမ်းနေရသည့် လူလတ်တန်းစားအလွှာထဲက ဟု ဆိုရပေမည်။ နောင်တွင် ယင်းအလွှာထဲမှ လူများကို အော်ဝဲလ်က အင်္ဂလိပ်ဝေါဟာရ Landed gentry (မြေရှင်သူရဲကောင်းမျိုး) ဟူသော စကားမှ ဆင့်ပွားယူကာ မြေမဲ့သူကောင်းမျိုး (Landless gentry) ဟူ၍ လှော်ပြောင်ခေါ်ဝေါ်ခဲ့သည်။

အိန္ဒိယတွင် သူကြာကြာမနေခဲ့ရပေ။ တစ်နှစ်သားလောက်မှာပင် မိခင်နှင့်အတူ အင်္ဂလန်သို့ ပြန်လည်နေထိုင်သည်။ အသက် ၅ နှစ် အရွယ်တွင် ဟဲင်လေအွန်တိမ်း(စ်) (Henley-on-Thames)  မြို့ကလေးရှိ အင်္ဂလီကန်စာသင်ကျောင်းသို့ တက်ရောက်သည်။ ၁၉၁၁ တွင် သူ့အား အိစဘုန်းမြို့ရှိ စိန့်ဆိုင်ပရီယန်ကျောင်းသို့ ပို့ကြသည်။ စိန့်ဆိုင်ပရီယန်၌ ဘော်ဒါဆောင်နေ၍ ကျောင်းတက်ရသည့် နာမည်ကြီး ကျောင်းတစ်ကျောင်းဖြစ်လာသောကြောင့် စရိတ်စက ကြီးသည်။ သို့သော် ပညာသင်ဆုရသဖြင့် မိဘများက ကျောင်းစားရိတ် တစ်ဝက်ကိုသာ ပေးကြရသည်။ ကျောင်းတွင် သူသည် အခြားသူများထက် ဆင်းရဲနွမ်းပါးသောကြောင့် ကျောင်းနေမပျော်ခဲ့ပေ။ လူအများကြား ရောရောနှောနှော မနေတတ်သလို၊ မရွှင်ပျသောအမူအရာနှင့် ကွဲပြားခြားနားနေသူဖြစ်သည်။ စိတ်မချမ်းမြေ့ခဲ့သည့် ထိုစဉ်ကာလ သူ့ဘ၀အကြောင်းကို "Such, Such Were the Joys" အမည် အက်ဆေး(စာတမ်းငယ်) တစ်စောင် သူရေးသားခဲ့သည်။ ၄င်းအက်ဆေးမှာ သူကွယ်လွန်ပြီး သုံးနှစ်အကြာ ၁၉၅၃ ခုနှစ်မှ ထွက်ပေါ်လာခဲ့သည်။

စိန့်ဆိုင်ပရီယန်တွင် သူသည် ပညာထူးချွန်သဖြင့်င်္လန်ဒန်မြို့ရှိထိပ်တန်းကောလိပ်ကျောင်းနှစ်ခုသို့ တက်ရောက်နိုင်ရန် ပညာသင်ဆုရ ရှိခဲ့သည်။ သူက အီတန်ကောလိပ်ကို ရွေးချယ်ကာ ၁၉၁၇ မှ ၁၉၂၁ အထိ တက်ရောက်သင်ကြားခဲ့သည်။ အီတန်၌နေစဉ် ကောလိပ်စာစောင်၊ ဂျာနယ်များတွင် ဆောင်းပါးများ၊ ကဗျာများ စတင်ရေးသားခဲ့သည်။ သူရေးဖွဲ့ခဲ့သော ကဗျာများကို Henley and South Oxford-Shire Standard မဂ္ဂဇင်း၌ ဖော်ပြခံရသည်။

အီတန်မှ အောင်ပြီးနောက်တွင်မူ တက္ကသိုလ်ပညာဆက်လက်သင်ကြားမနေတော့ဘဲ မိဘများအစဉ်အလာအတိုင်း အမှုထမ်း လောကသို့ ၀င်ရောက်ရန်ဆုံးဖြတ်ခဲ့သည်။ သို့နှင့် ၁၉၂၂ ခုနှစ်မှာပင်ဗြိတိသျှအင်ပိုင်ယာပုလိပ်(ရဲ)ဝန်ထမ်းစာမေးပွဲဖြေဆိုရာအဆင့် (၇)ဖြင့်အောင်ခဲ့သည်။ထို့နောက်ဗြိတိသျှလက်အောက်အိန္ဒိယပြည်ထဲတွင်ပါဝင်နေသည့်မြန်မာပြည်သို့လက်ထောက်ခရိုင်ရဲဝန်ထောက်အဖြစ် ရောက်ရှိကာ နယ်မြို့အချို့တွင် တာဝန်ထမ်းဆောင်ခဲ့ရသည်။ သူစတင်ထမ်းဆောင်ခဲ့သည့် မြို့မှာ အဖွားဖြစ်သူ နေထိုင်ခဲ့ရာ မော်လမြိုင်မြို့ ဖြစ်သည်။ ထို့နောက် ၁၉၂၆  ဒီဇင်ဘာလတွင် ကသာမြို့သို့ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်သည်။


ယင်းနောက် မန္တလေး၊သံလျင်မြို့နှင့် အင်းစိန်အကျဉ်းထောင်တို့၌ တာဝန်ထမ်းရွက်ခဲ့သည်။ မြန်မာပြည်ရောက်စ ပထမနှစ်များအတွင်း သူ့အား ဗြိတိသျှ အင်ပါယာ၏ စံပြ၀န်ထမ်းကောင်းတစ်ဦးသဖွယ် မြင်တွေ့ရသော်လည်း မြန်မာပြည်သူများအပေါ် အုပ်စိုးသူ နယ်ချဲ့ဗျူရိုကရေစီက အနိုင်ကျင့်၊ ဗိုလ်ကျ၊ သွေးခွဲ၊ အဆင့်အတန်းခွဲ၍ ငွေဝယ်ကျွန်ကဲ့သို့ ပြုမူဆက်ဆံနေပုံကို မြင်တွေ့ခဲ့ရပြီးနောက် မြန်မာပြည်တွင် ကိုလိုနီရဲအရာရှိတစ်ဦး အဖြစ် ထမ်းရွက်နေရသည့် သူ့ဘ၀ကို မကျေနပ် မနှစ်မြို့နိုင်ဖြစ်လာခဲ့ရသည်။

ထိုကာလ သူ့အတွေ့အကြုံမျာ၊ ခံစားချက်များနှင့် အတွေ့အမြင်များကို Burmese Days ၀တ္ထုတွင်လည်းကောင်း၊ Shooting on Elephant (ဆင်ပစ်ထွက်ခြင်း)၊ A Hanging (ကြိုးမိန့်ပေးခြင်း) ခေါင်းစဉ်တပ် ကိုယ်တွေ့ဆောင်းပါးနှစ်ပုဒ်တွင်လည်းကောင်း ရေးသားဖော်ပြ ခဲ့ သည်။ ၄င်းဆောင်းပါးနှစ်ပုဒ်လုံးပင် အလွန်ရသမြောက်လှသော လက်ရာများအဖြစ် ထင်ရှား၍ ကမ္ဘာ့ဂန္တ၀င်အက်ဆေး (စာတမ်းငယ်) စာစုများထဲတွင် မကြာခဏ ရွေးချယ်ဖော်ပြခြင်းခံရလေသည်။

ထို့နောက် ၁၉၂၇ ခုနှစ်တွင် သူအလုပ်မှ ခွင့်ယူပြီး အင်္ဂလန်ပြည်သို့ ပြန်လာခဲ့သည်။ သို့သော် ခွင့်စေ့ပြီးလျှင်လည်း ပြန်သွားရနှ်ဆန္ဒ မရှိတော့ပေ။ သို့နှင့် ၁၉၂၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ရဲအရာရှိရာထူးမှ သူနှုတ်ထွက်လိုက်လေသည်။ မလွတ်လပ်သော အမှုထမ်းဘ၀ ကို စွန့်ခွာကာ လွတ်လပ်မှုရှိသည်ဟု ယူဆသော စာရေးဆရာဘ၀သို့ ကူးပြောင်းရန် ဆုံးဖြတ်ရွေးချယ်လိုက်ခြင်းဖြစ်သည်။

သို့သော် ပီပီသသ စာရေးဆရာဘ၀မရောက်မီ သူပထမဆုံးရောက်ရှိသွားသည်က ဆင်းရဲသားဘ၀ဖြစ်သည်။ ဆင်းရဲသားအများစု နေထိုင်ရာ လန်ဒန်အရှေ့ဖျားရပ်ကွက်သို့ ပြောင်းရွှေ့လာခဲ့ပြီး ဈေးပေါသော တည်းအိမ်ခန်းများ၌ ငှားရမ်းနေထိုင်ခဲ့သည်။ ဆင်းရဲသားများ ကြား၌ သူကိုယ်တိုင် သူဆင်းရဲတစ်ဦးအဖြစ် နေထိုင်ရမှုကို စိတ်ကျေနပ်မှု ရရှိခဲ့သည် ဟု ဆိုသည်။ အကြောင်းမှာ မြန်မာပြည်၌ရှိနေစဉ်က လူမျိုးကွဲပြားမှု၊ အုပ်စိုးသူနှင့် အုပ်စိုးခံဟူသော အနေအထားကွာခြားမှုများကြောင့် ပတ်ဝန်းကျင်ရှိ မြန်မာလူမျိုးများနှင့် ရင်းရင်းနှီးနှီး ဆက်ဆံ ပေါင်းသင်းခြင်းမပြုနိုင်ဘဲ ရှိခဲ့ရာ သည်အဖြစ် ကို သူအမြဲသတိရနေပြီး သည်အတွက် အပြစ်ရှိသလို ခံစားရသောကြောင့် အစိုးရ၀န်ထမ်းဘ၀ မှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ 

၁၉၂၈ ခုနှစ်ထဲမှာပင် သူသည် ပါရီမြို့သို့ ရွှေ့ပြောင်းခဲ့ပြန်သည်။ သီးခြားလွတ်လပ်သော စာရေးဆရာ (Freelance writer) တစ်ဦး အဖြစ် ရပ်တည်ရန် ရည်ရွယ်၍ သွားရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုစဉ်က သူ့စာများကို အသိအမှတ်ပြုခြင်းမခံရသေးသဖြင့် ရပ်တည်ရေး ခက်ခဲလာသည်။ ဟိုတယ်များ၊ စားသောက်ဆိုင်များ၌ အိုးဆေး ပန်းကန်ဆေး စသည့် အောက်ခြေသိမ်းအလုပ်များကို လုပ်ကိုင်ရင်း ပါရီရှိ ဆင်းရဲသားရပ်ကွက်တွင် ဖြစ်သလို နေထိုင်ခဲ့ရသည်။ ယင်းနောက် ၀င်ငွေလည်း ပုံမှန်မရှိ၊ ကျန်းမာရေးလည်း ချို့ယွင်းလာသဖြင့် အင်္ဂလန်သို့ ပြန်ခဲ့ရပြန်သည်။ အရှုံးထဲမှ အမြတ်ဆိုသလို ထိုစဉ်က အတွေ့အကြုံများသည် နောင်တွင် သူသည် Down and out in Paris and London (ပါရီ နှင့် လန်ဒန်က အခြေအနေမဲ့ဘ၀) စာအုပ်ကို ရေးသားရန်အတွက် အချက်အလက်များဖြစ်လာခဲ့သည်။ ဖြစ်ရပ်မှန်များကို ၀တ္ထုသဖွယ် စီစဉ်ချိတ်ဆက်ရေးသားသည့် ၄င်းစာအုပ်ကို ၁၉၃၃ ခုနှစ် တွင် ပုံနှိပ်ထုတ်ဝေခဲ့ရာ ယင်းစာအုပ်ဖြင့် စာပေနယ်တွင် နာမည်အသင့်အတင့် ရရှိခဲ့သည်။

ထို့နောက် ၁၉၃၄ ခုနှစ်တွင် ပထမဆုံး လုံးချင်းဝတ္ထုဖြစ်သည့် Burmese Days စာအုပ်ကို ရေးသားထုတ်ဝေခဲ့ရာ စာပေလောက၌ ထင်ရှားလာခဲ့သည်။ ထိုမှတဖန် ၁၉၃၅ တွင် ဒုတိယမြောက်လုံချင်းဝတ္ထုဖြစ်သည့် A Cleryman's Daughter (ဘုန်းတော်ကြီး၏သမီး) ကို ရေးသားထုတ်ဝေခဲ့သည်။ ယင်းဝတ္ထုတွင် အဓိကဇာတ်ဆောင်မှာ ပျော်ရွှင်ချမ်းမြေ့မှုကင်းမဲ့သည့် အပျိုကြီးတစ်ယောက်ဖြစ်သည်။ ၁၉၃၆ ခုနှစ်တွင် ထုတ်ဝေသည့် Keep the Aspidistra Flying ၀တ္ထု၌မူ စာပေအနုပညာဝါသနာပါသော်လည်း စာအုပ်ရောင်းသောအလုပ်ကိုသာ လုပ်ကိုင်နေရသူတစ်ဦး၏ ဘ၀ကို ရေးဖွဲ့ထားသည်။ ယင်းဝတ္ထုနှစ်အုပ်စလုံးသည် သူ့ဘ၀အတွေ့အကြုံများမှ ပေါ်ထွက်လာသော ၀တ္ထုများပင် ဖြစ်သည်။ ပထမ ၀တ္ထုမှာ ၁၉၃၃ ခုနှစ်က ပုဂ္ဂလိက ကျောင်းတစ်ကျောင်းတွင် ဆရာအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့စဉ်က အတွေ့အကြုံများကို အခြေခံ၍ ရေးသားခဲ့ခြင်းဖြစ်ပြီး ဒုတိယစာအုပ်မှာ ၁၉၃၄ မှ ၁၉၃၆ အထိ စာအုပ်ဟောင်းဆိုင်တစ်ဆိုင်တွင် လုပ်ကိုင်ခဲ့ရသည့် အတွေ့အကြုံ ကို အမှီပြ၍ ရေးသားထားခြင်းဖြစ်လေသည်။
ကိုလိုနီနယ်ချဲ့စနစ်ကို မုန်းတီးသောစိတ်အခြေခံကြောင့် အော်ဝဲလ်က လူလတ်တန်းစားဘ၀အနေအထိုင်များကိုပါ မနှစ်မြို့ဖြစ်ခဲ့ သလို သူ၏ နိုင်ငံရေးအမြင်များလည်း သိသိသာသာပင် ပြောင်းလဲခဲ့သည်။ မြန်မာပြည်မှ ပြန်ရောက်စမှာပင် သူ့ကိုယ်သူ မင်းမဲ့ဝါဒီ (anarchist) ဟု ကြေညာပြောဆိုခဲ့ပြီး နှစ်အတန်ကြာအောင် ၄င်းခံယူချက်အတိုင်း နေထိုင်ခဲ့သည်။ ၁၉၃၀ပြည်လွန်နှစ်များတွင် လက်ဝဲအယူအဆများကို တိမ်းညွတ်၍ သူ့ကိုယ်သူ ဆိုရှယ်လစ်ဝါဒီဟု မှတ်ယူခဲ့ပြန်သည်။ သို့သော် သူ့၌ လူတစ်ဦးချင်းတို့၏ လွတ်လပ်စွာ ဆုံးဖြတ်လုပ်ကိုင်ခွင့်ကို လေးစားတန်ဖိုးထားသော ခံယူချက်က ခိုင်ခိုင်မြဲမြဲအမြစ်တွယ်လျက်ရှိရာ ကွန်မြူနစ်ဟု ကြေညာဖြစ်သည့် အဆင့်အထိ သူမရောက်ရှိခဲ့ပေ။ ထို့နောက် ၁၉၃၅ နှင့် ၁၉၃၆ ခုနှစ်တွင် A Clergyman's Daughter နှင့် Keep the Aspidistra Flying ၀တ္ထု တို့ကို ရေးသားထုတ်ဝေခဲ့သည်။
၁၉၃၆ခုနှစ်တွင် အော်ဝဲလ်အား လက်ဝဲစာအုပ်အသင်း Left Book Club မှ ထုတ်ဝေသူ ဗစ်တာဂိုလဲင်း(ဇ) က စီးပွားရေးအလွန်အမင်း ကျဆင်းနေသည့် အင်္ဂလန်မြောက်ပိုင်းမှုအလုပ်သမားလူတန်းစားတို့၏ ဆင်းရဲမွဲတေသော ဘ၀အခြေအနေများကို သွားရောက်လေ့လာရေး သားရန် အလုပ်အပ်ရာ ယင်း၏ ရလဒ်အဖြစ် ၁၉၃၇ တွင် The Road to Wigan Pier စာအုပ်ထွက်လာခဲ့သည်။ နိုင်ငံရေးစာအုပ်စာတမ်းမျာထဲ တွင် တစ်ဘာသာထူးခြားသည့် ၄င်းစာအုပ်ပထမပိုင်းတွင် ကျောက်မီးသွေးတွင်း နယ်မြေများ၌ ဆင်းရဲသားအလုပ်သမားများ၊ အလုပ်လက်မဲ့ များနှင့် အတူတကွ နေထိုင်ကာ လေ့လာ၍ အသေးစိတ်ရေးသားဖော်ပြထားသည်။ ဒုတိယပိုင်းတွင်မူ ထိုစဉ်က ဖြစ်ပွားနေသည့် ဆိုရှယ်လစ် လှုပ်ရှားမှုများ၏ ချို့ယွင်းချက်၊ အားနည်းချက်များကို ပြင်းပြင်းထန်ထန်ဝေဖန်ထောက်ပြထားသည်။

ထိုစာအုပ်ပုံနှိပ်ချိန်တွင် အော်ဝဲလ်မှာ စပိန်ပြည်သို့ ရောက်ရှိနေသည်။ မူလက စပိန်ပြည်တွင်းစစ်အကြောင်း သတင်းရေးသားဖြစ် သော်လည်း နောက်ပိုင်းတွင်မူ ရီပတ်ဗလီကင် ပြည်သူ့စစ်များနှင့် လက်တွဲမိကာ အာရဂွန် (Aragon) နှင့် အယ်ကျူဘိုင်အဲလ် (Alcubierre) ရှေ့တန်းစစ်မျက်နှာများတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ အယ်ကျူဘိုင်အဲလ်တွင် ဒုဗိုလ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်နေစဉ် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ လည်ပင်းကိုလည်း ထိမှန်ခဲ့သောကြောင့် ကံကောင်းထောက်မ၍ အသက်မသေခဲ့ချေ။ သို့သော် စကားသံပျက်ကာ တစ်သက်တာ ပတ်လုံး ပုံမှန်အသံပြန်မရတော့ပေ။

စပိန်ပြည်မှ အတွေ့အကြုံများကို အခြေခံ၍ ၁၉၃၈ ခုနှစ်တွင် Homage to Catalonia စာအုပ်ကို ရေးသားခဲ့သည်။ အဆိုပါစာအုပ်၌ လက်ဝဲအုပ်စုအချင်းချင်းကြား အကွဲအပြဲများနှင့် စတာလင်သြဇာခံ ကွန်မြူနစ်တို့က အခြားဆိုရှယ်လစ်များအား နိုင်ငံရေးပြိုင်ဘက်များအဖြစ် သဘောထားကာ အပြင်းအထန်တိုက်ခိုက်နှိပ်ကွပ်နေပုံများကိုပါ သူက ဖော်ထုတ်ရေးသားထားလေသည်။

ယင်းစာအုပ်ပြီးနောက် ၁၉၃၉ တွင် အင်္ဂလန်ပြည်၌ ရေးသားသည့် Coming up for Air စာအုပ်ကို ထုတ်ဝေခဲ့သည်။ အဆိုပါ စာအုပ် တွင်မူ အစဉ်အလာ လူမှုစနစ်များကို လက်မခံချင်၊ ချိုးဖောက်ချင်တတ်သည့် သူ့အစဉ်အလာကို ထိန်းသိမ်းလိုသော သဘောဆန္ဒမျိုးကိုလည်း တစိတ်တဒေသ ဖော်ပြထားသည်။ ထို့အပြင် စာအုပ်၌ သက်ကြီးပိုင်းပုဂ္ဂိုလ်တစ်ယောက်၏ ပြန်လည်တမ်းတအမှတ်ရချက်များအားဖြင့် တခါက အင်္ဂလန်၏သာယာချမ်းမြေ့ပုံများကို ဖော်ထုတ်ကာ အနာဂတ်၌ ကြုံတွေ့ရနိုင်သည့် စစ်မက်များနှင့် ဖက်ဆစ်ဝါဒအန္တရာယ်တို့အတွက် သူ၏ စိုးရိမ်ပူပန်ချက်များကို တင်ပြထားသည်။

ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉-၁၉၄၅) ဖြစ်ပွားလာသည့်အခါ စစ်မှုထမ်းခွင့်မရသော အော်ဝဲလ်သည် ဘီဘီစီသတင်းဌာန၏ အိန္ဒိယ ဌာနခွဲတွင် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၄၃တွင် ဘီဘီစီမှ နှုတ်ထွက်၍ Tribune သတင်းစာ၌ စာပေပိုင်းဆိုင်ရာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ထရီဗြွန်းသတင်းစာမှာ လေဘာပါတီခေါင်းဆောင် Aneurin Bevan နှင့် ပတ်သက်သည့် လက်ဝဲယိမ်းဆိုရှယ်လစ်သတင်း စာတစ်စောင် ဖြစ်သည်။ ထိုကာလအတွင်း အော်ဝဲလ်သည် စာပေအမြောက်အမြားကို ရေးသားဖြစ်ခဲ့သည်။ သတင်းစာဆောင်းပါးများ၊ စာအုပ်ဝေဖန်ချက်များ၊ ချားလ်ဒစ်ကင်း၊ ရုဒ်ယာ့ဒ်ကစ်ပလင်း စသည့် ဂန္တ၀င်အင်္ဂလိပ်စာရေးဆရာကြီးများ၏ စာပေများအကြောင်းကို ခွဲခြမ်း စိတ်ဖြာလေ့လာသည်။ စာတမ်းများအပြင် ဗြိတိသျှနိုင်ငံရေးနှင့်စပ်လျဉ်းသည့် သူ့အယူအဆများကို ဖော်ထုတ်တင်ပြသော ဆောင်းပါးများကို ရေးသားခဲ့သည။်

၁၉၄၅ တွင် ကမ္ဘာကျော် Animal Farm (ခြေလေးချောင်းတော်လှန်ရေး) ကို ရေးသားခဲ့သည်။ ယင်းဝတ္ထုသည် နိုင်ငံရေးဦးတည်ချက် နှင့် အနုပညာရသတို့ကို တသားတည်းပေါင်းစပ်နိုင်ရန် တမင်တကာ ရည်ရွယ်၍ ရေးသားခဲ့ကြောင်း Why I Write အမည်ရှိ ဆောင်းပါး ၁၉၄၆ တွင် အော်ဝဲလ်က ရေးသားခဲ့သည်။ ၄င်းဝတ္ထုသည် လူလူချင်းတန်းတူညီမျှရေး၊ ခေါင်းပုံဖြတ်ခံသွေးစုပ်ခြယ်လှယ်ခံဘ၀မှ လွတ်မြောက်ရေး စသည့်အတွေးအခေါ်များဖြင့် စည်းရုံးလှုပ်ရှားခဲ့ကြသော ရုရှားဗော်လရှီဗစ်တို့၏ တော်လှန်ရေးအောင်မြင်ပြီးနောက် နေရာရရှိခဲ့သော ခေါင်းဆောင်တို့က တော်လှန်ရေး၏ ရည်မှန်းချက်ကို ဖောက်ဖျက်ကာ ခေါင်းပုံဖြတ်သူ၊ ဖိနှိပ်ချုပ်ချယ်သူ၊ အခွင့်ထူးခံသူများအဖြစ်ဖေါက်ပြန် ကူးပြောင်းသွားကြကြောင်း ဝေဖန်ရေးသားထားသော ၀တ္ထုဖြစ်သည်။ ယင်းဝတ္ထုတွင် ခေါင်းစဉ်အမည်ကွဲများတပ်လျက် တိရစ္ဆာန်ဇာတ်ကောင် များ ပါဝင်သော ဒဏ္ဍာရီပုံပြင်တစ်ပုဒ်သဖွယ် ဗော်လရှီဗစ်တော်လှန်ရေးကို သူ့အမြင် သူ့ရှုထောင့်မှ ပုံဖော်ကာ ဝေဖန်ထိုးနှက်နိုင်ရန် ပုံဆောင်ဝတ္ထု (allegory) အသွင် ဖန်တီးခဲ့ခြင်းဖြစ်သည်။

အဆိုပါဝတ္ထုကို ဆရာသခင်ဘသောင်းက ဘာသာပြန်ဆို၍ ၁၉၅၁ ခုနှစ်တွင် ဘာသာပြန်စာပေအသင်း (စာပေဗိမာန်) က ရိုက်နှိပ် ထုတ်ဝေခဲ့သည်။ သို့သော် ထိုစဉ် လက်ဝဲ၀ါဒအရှိန်ကောင်းနှင့် ကြုံကြိုက်ရာ မြန်မာလက်ဝဲ၀ါဒီတို့က ကြိုက်နှစ်သက်ခြင်းမရှိလှပေ။ ယခုအခါ ပထမအကြိမ် ထုတ်ဝေပြီး ၆၂ နှစ်အကြာ၌ ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခွင့်ရရှိခဲ့သည်။

Animal Farm ၀တ္ထုထုတ်ဝေပြီးနောက် ၁၉၄၉ ခုနှစ်တွင် Nineteen Eighty Four (1984) ၀တ္ထုရေးသားထုတ်ဝေခဲ့ပြန်သည်။ ယင်းဝတ္ထု၌ နာဇီဝါဒနှင့် စတာလင်ဝါဒများ ပြန်လည်ခေါင်းထောင်ခဲ့သော် လူအပေါင်းတို့ မည်သို့သော ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့ကြရမည် ဟူသော တွေးတောပူပန်ကာ ကြိုတင်သတိပေးနှိုးဆော်သည့်အနေဖြင့် ရေးသားခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။ ထို့အပြင် အော်ဝဲလ်က အကြွင်းမဲ့ချုပ်ကိုင်မှုစနစ်အောက်တွင် လူတို့၏ဘ၀များ မည်မျှအထိ ပျက်ယွင်းသွားနိုင်ကြောင်း ထိတ်လန့်ဖွယ်တင်ပြထားသည်။ အာဏာကို မက်မောသောစိတ်နှင့် သူတပါးတို့အား လွှမ်းမိုးထားလိုသော ဆန္ဒများကြောင့် လူတိုင်းလူတိုင်း မျက်ခြေမပြတ်စောင့်ကြပ်ကြည့်ရှုခြင်း၊ အပြုအမူအတွေးအကြံမှန်သမျှကို ထိန်းချုပ်ကွပ်ညှပ်ခြင်းဖြင့် အုပ်စိုးခံတို့မှာ လူ့တန်ဖိုးများ၊ သဘာဝလွတ်လပ်ခွင့်များအားလုံး ဆုံးရှုံးရသည့် အနေအထားသို့ ရောက်ရှိသွားနိုင်ပုံကို သရုပ်ဖော်ရေးသားထားလေသည်။ယင်းစာအုပ်နောက် Final mouths and death ကိုရေးသားထုတ်ဝေခဲ့သည်။

Nineteen Eighty Four စာအုပ်ကြောင့် ဖြစ်ပေါ်လာသော ဂယက်နှင့် အောင်မြင်ကျော်ကြားမှုများကို အော်ဝဲလ်သည် ကောင်းစွာ ခံစားခွင့်မရရှိခဲ့ပေ။ အကြောင်းမှာ စာအုပ်ထွက်ပြီး များမကြာမီ ၁၉၅၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် အသက် (၄၇) နှစ် အရွယ်၌ လန်ဒန်မြို့ တက္ကသိုလ်ကောလိပ်ဆေးရုံ၌ ကွယ်လွန်သွားခဲ့သောကြောင့်ဖြစ်သည်။

မည်သို့ဆိုစေ… ဂျော့ခ်ျအော်ဝဲလ်၏ စာပေလက်ရာများမှာ မြန်မာတို့နှင့် အတော်ပင်ရင်းနှီးကျွမ်းဝင်ခဲ့သည်။ Burmese Days ၀တ္ထုကို စာရေးဆရာ သက်လယ်က "မြန်မာတို့ဌာနီ" အမည်ဖြင့် ဘာသာပြန်ဆို၍ သွေးသောက်မဂ္ဂဇင်းတွင် အခန်းဆက်ထည့်သွင်းခဲ့သည်။ ထို့နောက် ယင်းကိုပင် လုံးချင်းစာအုပ်အဖြစ် ၁၉၅၈ ခုနှစ်တွင် "ဆုံးတစ်သက်တိုင်" အမည်ဖြင့် ထုတ်ဝေခဲ့သည်။ ထိုဝတ္ထုကိုပင် စာရေးဆရာ ရွှေသွေးက "လောင်းရိပ်အောက်က ဗမာပြည်" အမည်ဖြင့် ပြန်ဆိုပြီး ၁၉၆၆ တွင် ထုတ်ဝေခဲ့ပြန်သည်။ Animal Farm ၀တ္ထုကို စာရေးဆရာကြီး သခင်ဘသောင်းက "ခြေလေးချောင်းတော်လှန်ရေး" အမည်ဖြင့် မြန်မာမှုပြုပြန်ဆိုကာ ဘာသာပြန်စာပေအသင်းမှ ၁၉၅၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။

စာကိုး
၁) George Orwell, Wikipedia, the free encyclopedia
၂) ဖေမြင့်၊ စာအုပ်ကမ္ဘာ၊ ဖေမြင့်စာပေ၊ ၂၀၀၉ ဒီဇင်ဘာ။
၃) Emma Larkin, Secret Histories : Finding George Orwell in a Burmese Teashop John Murray,2004.
၎) သခင်ဘသောင်း၊ ခြေလေးချောင်းတော်လှန်ရေး၊ ဘာသာပြန်စာပေအသင်း ပကြိမ် ၁၉၅၁။

Aung Maw - Cartoon

ကျန်တာကတော့
ကာတွန်း - အောင်မော်
မတ်လ ၁၁၊ ၂၀၁၃


ကာတွန်းအောင်မော်၏ ဖေ့ဘုတ်ခ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

Thiha Thu - Poem


ငါတို့တောင်သူ မီးလိုပူစေ လူဘီလူးတွေ ရူးပါစေ
သီဟသူရ်
မတ်လ ၁၁၊ ၂၀၁၃


ငါတို့တောင်သူ
မီးလိုပူအောင်
လူမဟုတ်တွေ
ယုတ်မာကြ။

ငါတို့တောင်သူ
မီးလိုပူအောင်
လူမစစ်တွေ
ညစ်နေကြ။

ငါတို့တောင်သူ
မီးလိုပူစေ။

လူမဟုတ်တွေ
ယုတ်ပါစေ။

ငါတို့တောင်သူ
မီးလိုပူစေ။

လူမစစ်တွေ
ညစ်ပါစေ။

ငါတို့တောင်သူ
မီးလိုပူစေ။

လူဘီလူးတွေ
 ရူးပါစေ။

Min Myo Win (Yangon University) - Articles

ဒီမိုကရေစီကို မျှော်လင့်ခြင်း 
မင်းမျိုးဝင်း (ရန်ကုန်တက္ကသိုလ်)
မတ်လ ၁၁၊ ၂၀၁၃



လူသားတိုင်း လူသားတိုင်းမှာ မျှော်လင့်ခြင်းဆိုတာ ရှိတယ်။ အုပ်ချုပ်သူဖြစ်စေ၊ အုပ်ချုပ်ခံဖြစ်စေ၊ သူဌေးဖြစ်စေ၊ဆင်းရဲသားဖြစ်စေ၊အလုပ်ရှင်ဖြစ်စေ၊အလုပ်သမားဖြစ်စေ၊လူဖြူဖြစ်စေ၊လူမဲဖြစ်စေ၊ မြို့သားဖြစ်စေ၊တောသားဖြစ်စေ၊ မျှော်လင့်ခြင်းဆိုတာရှိတယ်။ဘယ်ဘာသာကိုးကွယ်ကိုးကွယ်၊ဘယ်ယုံကြည်ချက်ရှိရှိ၊ဘယ်နိုင်ငံ ဘယ်ဒေသမှာပဲနေနေ မျှော်လင့်ခြင်းဆိုတာရှိတယ်။

လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာပါ။ ကျွန်တော်ပြောချင်တဲ့ မျှော်လင့်ချက်ဆိုတာကလည်း တိုင်းပြည်အုပ်ချုပ်ဖို့၊ ခေါင်း ဆောင်လုပ်ဖို့၊အာဏာရဖို့၊ ချမ်းသာဖို့၊ တိုက်ဆောက်ဖို့၊ ကားစီးဖို့ မဟုတ်ပါဘူး။ တိုင်းပြည်အေးချမ်းဖို့၊ မတူကွဲပြားမှုတွေအပေါ်မှာနားလည်ခွင့်လွှတ်နိုင်ဖို့၊ ပဋိပက္ခတွေ၊ပြည်တွင်းစစ်တွေချုပ်ငြိမ်းဖို့၊အခြေခံလူတန်းစားတို့၏ဘဝတွေ အခြေခိုင်ပြီး စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ မျှော်လင့်တာပါ။
      
စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ဆိုရင် အုပ်ချုပ်ရေးအဖွဲ့တစ်ခုလုံးပြောင်းလဲလိုက်ယုံနဲ့လည်း ဒီမိုကရေစီ နိုင်ငံဖြစ်လာမှာမဟုတ်ဘူး၊ စနစ်တစ်ခုလုံးပြောင်းလဲလိုက်ရုံနဲ့လည်း ဒီမိုကရေစီနိုင်ငံဖြစ်လာမှာမဟုတ်ပါဘူး။ မူတွေဘယ်လောက်ပြင်ပြင်၊စနစ်တွေဘယ်လိုပြောင်းပြောင်း လူတွေမပြင်မပြောင်းသေးသရွေ့နိုင်ငံပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပြောင်းလဲရမှာ ကျွန်တော်တို့ပြည်သူတစ်ရပ်လုံး ပြောင်းလဲရမှာ ပါ။

ဒေါ်အောင်ဆန်းစုကြည်လည်း ပြောဖူးပါတယ်။ ဒီမိုကရေစီလိုချင်ရင် ပြည်သူတွေပြောင်းရမယ်တဲ့။ အဲဒီတော့ ကျွန်တော်တို့ ဘယ်ကစပြီး ပြောင်းကြမှာလဲ။ ဘာတွေကိုစပြီး ပြောင်းကြမှာလဲ။ ကျွန်တော့်အယူအဆကတော့ စိတ်ဓါတ်ကစပြီး ပြောင်းရလိမ့်မယ်ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ စိတ်ဓါတ်တွေပျက်စီးနေကြပြီ။ ယိုယွင်းနေပြီ။ နောက်ကျကျန်ရစ်နေပြီ။

ပျက်စီးရတဲ့၊ ယိုယွင်းရတဲ့၊နောက်ကျကျန်ရစ်ရတဲ့ အကြောင်းရင်းကလည်း ကျွန်တော်တို့သက်တမ်းတစ်လျှောက်လုံးက အမှောင်ခေတ်မှာလူဖြစ်လာရတာဆိုတော့ ကျွန်တော်တို့ ဥဏှောက်တွေအားလုံး အမှောင်ကျနေကြပြီ။ အမှောင်ခေတ်က ခေါင်းဆောင်တွေရဲ့ မှိုင်းတိုက်မှု တွေကြား၊ လှည့်ကွက်တွေကြားကြီးပြင်းလာရတော့ ကျွန်တော်တို့တတွေရဲ့အတွေးအခေါ်တွေမှိုင်းမိနေကြပြီ။ အရောင်တွေနဲ့ စွန်းထင်းနေ ပြီ။ ကျွန်တော်တို့ရဲ့အစွဲတွေနဲ့ လွဲနေခဲ့ကြပြီ။ ဒါတွေကို ကျွန်တော်တို့အရင်ပြင်ကြရလိမ့်မယ်။  ဒါတွေကို ကျွန်တော်တို့အရင်ဆေးကြောကြရလိမ့်မယ်။ ဒါတွေကို ကျွန်တော်တို့ ခဝါချလိုက်ရမယ်။ ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ အတွေးအခေါ်တွေ၊ ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ ယုံကြည်မှု တွေဘက်ပြောင်းရမယ်။ 

တစ်ချို့ကလည်း မျိုးချစ်စိတ်ဆိုတာကို မိမိစိတ်ကြိုက်ဘာသာပြန်ပြီး၊ ဥဏှောက်မဲ့ မျက်ကန်းမျိုးချစ်စိတ်အစွဲနဲ့။ တစ်ချို့ကလည်း ဒေသစွဲ၊လူမျိုးစွဲ၊ဘာသာစွဲ၊အယူအဆစွဲ၊လမ်းစဉ်စွဲ၊ဝါဒစွဲ၊ယုံကြည်မှုအစွဲ၊ဘာသာစကား အစွဲ၊ ဝတ်စားဆင်ယင်မှု အစွဲ၊အသားအရောင်အစွဲ စတဲ့ အစွဲ ရောင်စုံနဲ့ ခွဲခြားဆက်ဆံ စော်ကားနှိမ့်ချနေကြတာတွေဟာဒီမိုကရေစီနီုင်ငံထူထောင်တဲ့နေရာမှာ အနှောက်အယှက် အဟန့်အတားတွေ ဖြစ်စေပါတယ်။
       
ဘယ်ဒေသမှာပဲနေနေ၊ ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာပဲကိုးကွယ်၊ ဘယ်ယုံကြည်မှု၊ ဘယ်ဝါဒ၊ ဘယ်လမ်းစဉ်၊ဘယ်အယူအဆပဲရှိရှိ မတူကွဲပြားမှုတွေကို ခွင့်လွှတ်နားလည်မှုအပြည့်နဲ့ စုစုစည်းစည်း ပူးပေါင်း ညှိနှိုင်း အဖြေရှာ လက်တွဲလုပ်ဆောင်သွားမယ်ဆိုရင် လျင်မြန်တဲ့ အဟုန်နဲ့ ဒီမိုကရေစီနိုင်ငံကို တည်ဆောက်နိုင်မှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ 

နိုင်ငံတော်သမ္မတကြီးကလည်း စုစည်းအဖြေရှာမှုသည်ပင်လျှင် မိမိတို့လူ့အဖွဲ့အစည်း၏ နိုင်ငံရေးယဉ်ကျေးမှု စာမျက်နှာသစ်ဟု ဆိုရမည်ဖြစ်ပါသည်။ မတူညီသော အယူအဆများစုစည်း ရှင်သန်နိုင်သော ဗဟုဝါဒကိုဆွေးနွေးညှိနှိုင်း အဖြေရှာသည့်နည်းလမ်းသည်သာ မိမိတို့ လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးသောနည်းလမ်းဖြစ်သည်လို့ညွှန်ကြားထားပါတယ်။

ဒီကနေ့ကျွန်တော်တို့တိုင်းပြည်ရဲ့အခြေအနေက ဒီမိုကရေစီကို စပြီးပြောင်းလဲအကောင်အထည်ဖော်လျှောက်လှမ်း နေတဲ့အခြေအနေပါ။ သွေး နု သား နုပဲရှိသေးတဲ့အခြေအနေပါ။ မတ်တတ်စမ်းခါစ ကလေးငယ်တစ်ယောက်လို လျှောက်လှမ်းနေတဲ့ အခြေအနေပါ။ မြေစမ်းခရမ်းပျိုးနေရတဲ့အချိန်အခါပါ။

ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ကအစွဲတွေပြင်းထန်ပြီး၊မတူကွဲပြားမှုတွေကို နားလည်ခွင့်လွှတ်မှု မပေးနိုင်သေးသမျှ  ကျွန်တော်တို့ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ဟာ အလှမ်းကွာဝေးနေဦးမှာပါ။ နိုင်ငံတော်ကို ဦးဆောင်နေတဲ့ နိုင်ငံခေါင်းဆောင်တွေက ဒီနေ့အချိန်အခါမှာ မတူကွဲပြားမှုတွေကိုခွင့်လွှတ်နားလည်ပေးပြီးညှိနှိုင်းဆောင်ရွက်ဖို့လမ်းညွှန်နေတာတောင် ပြည်သူလူထုအနေနဲ့က မတူကွဲပြားမှုတွေကို ခွင့်လွှတ်နားလည်မှု မပေးနိုင်သေးတာကတော့ လိုအပ်ချက်တစ်ရပ်၊ အားနည်းချက်တစ်ရပ်လိုဖြစ်နေပါတယ်။

နိုင်ငံတော်သမ္မတကြီးက နောက်ကြောင်းပြန်လှည့်လိုသူတွေကို ချန်ထားခဲ့ဖို့ ဆုံးဖြတ်ပြီးပြီဆိုတာလည်း ကျွန်တော်တို့အသိပင် ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့အနှစ်သာရကိုက မတူကွဲပြားမှုကို အခြေခံပါတယ်။ ဒီမိုကရေစီဟာ အယူအဆတွေ၊ ယုံကြည်ချက်တွေကို အမြဲဖွင့်ပေးထားတယ်။ အထူးသဖြင့် သဘောထားကွဲကြတာတွေ၊ မတူကြတာတွေကို ဖွင့်ပေးထားပါတယ်။ လူတိုင်းမှာ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်၊လွတ်လပ်စွာ ယုံကြည်နိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်နဲ့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်တွေ ရှိပါတယ်။

ပြည်သူလူထုဆိုတာကတော့ အားလုံးတစ်သဘောတည်း တစ်ဆန္ဒတည်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။လူများစုရဲ့ဆန္ဒကို အားလုံးကလက်ခံအကောင်အထည်ဖော်ရမယ်။ လူနည်းစုရဲ့ဆန္ဒသဘောထားကိုလေးစားရမယ်၊ အားလုံးကို တစ်သဘောတည်းဖြစ်ရမယ်၊ တစ်ပုံစံတည်းဖြစ်ရမယ်လို့ မဆိုလိုပါဘူး၊လူအားလုံးဟာ တူညီသောလူမျိုး၊ တူညီသောယဉ်ကျေးမှု၊ တူညီသောဘာသာတရား မရှိနိုင်ပါဘူး။
အားလုံး တစ်သွေး တစ်သံ တစ်မိန့်ဖြစ်ရမယ်ဆိုရင်တော့ ဒါဟာ ဒီမိုကရေစီမဟုတ်တော့ဘူး။တစ်ပါတီစနစ်ဟောင်းရဲ့အတွေးခေါ်ဘက်ပြန်လှည့်သွားလိမ့်မယ်။ အာဏာရှင်ဆန်သွားလိမ့်မယ်။

ဒီမိုကရေစီမှာ အတိုက်အခံရှိမယ်၊ သဘောထားမတူတာလည်းရှိမယ်၊ အတွေးအခေါ်အယူအဆ ကွဲပြားတာလည်းရှိမယ်။ လူမျိုးမတူ ဘာသာကွဲပြားတာလည်းရှိမယ်၊ ဒါကို နားလည်နိုင်ရမှာဖြစ်တယ်၊ ခွင့်လွှတ်နိုင်ရမှာဖြစ်တယ်။  အဲဒီအခွင့်အရေးတွေဟာ ဒီမိုကရေစီရဲ့အုတ်မြစ်တွေပဲဖြစ်တယ်။မိမိတို့ယုံကြည်ရာ အယူဝါဒလမ်းစဉ်တွေပေါ်မှာ တယူသန်စွဲမနေဘဲ၊ တခြားသူတို့ရဲ့ယုံကြည်ရာအယူဝါဒလမ်းစဉ်တွေကိုလည်း လေးစားလိုက်နာပြီး ပူးပေါင်းညှိနှိုင်းအဖြေရှာ လက်တွဲဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

နယ်မြေလုမှုတွေ၊ လူမျိုးရေး ဘာသာရေး တိုက်ခိုက်မှုတွေကို ရပ်တန်းကရပ်ပြီး၊ ဒီမိုကရေစီလူဘောင်ထူထောင်ရေးမှာ အမြင်ကျယ်ကျယ်၊ အတွေးအခေါ်ရင့်ကျက်စွာနဲ့ သဘောထားကြီးကြီးထားကာ အတူတကွ ပူးပေါင်းညှိနှိုင်းအဖြေရှာပြီး၊နောင်တက်လာမည့် မျိုးဆက်သစ်တို့ အတွက် မျိုးစေ့ချပေးခဲ့ရမှာ ဖြစ်ပါတယ်။ဒီကနေ့ပြည်နယ်တွေမှာဖြစ်နေတဲ့ ပဋိပက္ခတွေ၊စစ်ပွဲတွေကြောင့် ကျွန်တော်တို့တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို နှောင့်နှေးကြန့် ကြာစေပါတယ်။
ပဋိပက္ခတွေ၊စစ်ပွဲတွေကြားက ပြည်သူလူထုခံစားနေရတဲ့ဒုက္ခကလည်း ကျွန်တော်တို့တတွေရဲ့ဒုက္ခတွေပါ။ သူတို့တစ်တွေရဲ့ဘဝမှာပျော်ရွှင်မှုတွေပျောက်ဆုံးနေရပြီ ။ ငြိမ်းချမ်းမှုဆုံးရှုံးနေကြပြီ။ အနာဂတ်တွေ မရေမရာနဲ့ပျက်သုဉ်းနေရတဲ့ ကျွန်တော်တို့ ညီနောင်တွေ ကြုံတွေ့နေရတဲ့ မတရားပြုကျင့်ခံနေရမှု၊ နိုင်ထက်စီးနင်းပြုကျင့်ခံနေရမှု၊အနိုင်ကျင့်ဗိုလ်ကျစိုးမိုးခံနေရမှု၊ နှိမ့်ချစော်ကားခံနေရမှု၊ ခွဲခြားဆက်ဆံခံနေရမှု၊ နှောက်ယှက်ဖျက်ဆီးခံနေရမှု၊ စစ်ပွဲတို့နှင့်ရင်ဆိုင်နေရမှု၊ ပြေးလွှားပုန်းရှောင်နေရမှု၊ စသည့် စသည့်ဘေးဒုက္ခအသီသီးနဲ့ကြုံတွေ့နေကြတာဟာ တကယ်တော့ အယူအဆကွဲလွဲမှုတွေကို နားလည်ပြီးတော့ စေ့စပ်ညှိနှိုင်းယူတဲ့အလေ့အထတွေ ဆိတ်သုဉ်းပျောက်ကွယ်နေကြလို့ပါ။  လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်ကို အစဉ်အဆက်က ခွင့်မပြုခဲ့ကြလို့ပါ။  မတူကွဲပြားမှုတွေကို 
ဆန့်ကျင်နေခဲ့ကြလို့ပါ။ မတူကွဲပြားမှုတွေကို နားလည်မပေးနိုင်ခဲ့ကြလို့ပါ။

အမှန်တရားကိုမြတ်နိုးကြတယ်၊ ငြိမ်းချမ်းမှုကို လိုလားကြတယ်၊ပျော်ရွှင်ခြင်းကို မက်မောကြတယ်၊တိုးတက်ဖွံ့ဖြိုးမှုကို လိုချင်တောင့်တကြတယ်၊လူသားချင်းစာနာ နားလည်မှုရှိကြတယ် ဆိုရင် အာဏာပိုင်၊ အတိုက်အခံ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအသီးသီးတို့က အစွဲနှင့်မတူညီမှုများကို ဘေးဖယ်ထားပြီး၊ မိဘမဲ့နေကြတဲ့ လူမမယ်ကလေးတွေရဲ့ ငိုရှိုက်သံ၊ အိုးအိမ်မဲ့နေတဲ့ ဒုက္ခသည်တွေရဲ့ ညည်းညူသံ၊ ပြေးလွှား ပုန်းအောင်း နေရတဲ့မိသားစုတွေရဲ့မောဟိုက်သံ၊ စစ်ဘေးဒဏ်ခံနေရတဲ့ လူမျိုးစုတွေရဲ့ပင့်သက်ရှိုက်သံ၊ အနိုင်ကျင့်စော်ကားခံနေရတဲ့ လူနည်းစုတို့ရဲ့ အံကြိတ်သံ၊လင်သေသားဆုံး မုဆိုးမတွေရဲ့ ပူဆွေးသောကသံ၊ လူတန်းစေ့ မနေနိုင်ကြသေးတဲ့ 
အခြေခံ လူတန်းစားတွေရဲ့ ဘဝရင်မောသံ၊စိုးတထိတ်ထိတ် နေနေရသူတွေရဲ့ ရင်ခုံသံ၊ အဲဒီအသံတွေ အပါအဝင် ကျွန်တော်တို့ညီနောင်များ ကြုံတွေ့နေရတဲ့အခက်အခဲ၊ ဒုက္ခအသွယ်သွယ်ကို ကျွန်တော်တို့ရဲ့ မျက်ဝန်းအစုံမှာ၊ ကျွန်တော်တို့ရဲ့ ဥဏှောက်ထဲမှာ၊ ကျွန်တော်တို့ရဲ့ရင်ထဲမှာ၊ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ၊ကျွန်တော်တို့ရဲ့အသွေးအသားထဲမှာ ခံစားနားလည်နိုင်အောင် ကြိုးစားရမယ်။ ခံစားနားလည်တတ်အောင် လေ့ကျင့်ရမယ်။ခံစားနားလည်တတ်သည့် စိတ်ဓာတ်မွေးမြူရမယ်။

လူမျိုးစုတွေရဲ့ဒေသတွေဖွံ့ဖြိုးစည်ပင်ဖို့ ပြန်လည်တည်ဆောက်ရမဲ့အချိန် ၊  ပြန်လည်ရင်ကြားစေ့ရေးခရီးလျှောက်လှမ်းရမဲ့အချိန်ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေ၊ပဋိပက္ခတွေ၊စစ်ပွဲတွေရဲ့သားကောင် ဖြစ်နေရရှာတဲ့ လူသားတွေအချင်းချင်းကြား မတူကွဲပြားမှုတွေကို နားလည် လက်ခံဖို့ လိုအပ်နေကြလို့ပါ။

ကျွန်တော်တို့ ညီနောင်တွေအတွက် အရေးပေါ်လူသားချင်းစာနာမှုတွေ လိုအပ်နေပါတယ်။အိုးအိမ်ဆုံးရှုံးခဲ့ရသူတွေမှာ စားရေရိက္ခာတွေ လိုအပ်နေပါတယ်။ လူမျိုးကွဲ၊ဘာသာကွဲ၊ဒေသကွဲများအကြားစေ့စပ်ညှိနှိုင်းမှုများနှင့် ပြန်လည်ရင်ကြားစေ့ရေးခရီးလျှောက်လှမ်းရမဲ့ အချိန်၊တစ်ဦးနှင့်တစ်ဦးဖေးမ ကူညီကြရမဲ့အချိန် ဖြစ်ပါတယ်။ 
ဒါတွေအပေါ်မှာလည်း ခံစားနားလည်နိုင်အောင်ကြိုးစားရမယ်။ ခံစားနားလည်တတ်အောင် လေ့ကျင့်ရမယ်။အဲဒီတော့မှ ခွဲခြားနှိမ့်ချမှုတွေ၊ အနိုင်ကျင့်စော်ကားမှုတွေ၊ ဗိုလ်ကျစိုးမိုးမှုတွေ၊ နိုင်လိုမင်းထက်ပြုကျင့်မှုတွေ၊မတရား နယ်မြေလုမှုတွေ၊ ဖျက်ဆီးမှုတွေ ကင်းဝေးပြီး ညီညွတ်မျှတ၊သဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင်ကောင်းကိုတွေ့ရမယ်။  ငြိမ်းချမ်းသာယာ ချမ်းမြေ့တဲ့လူမှုဘဝကို ဖော်ဆောင်နိုင်မယ်။  ပဋိပက္ခတွေကင်းဝေးတဲ့လောကနိဗ္ဗာန်ကို တည်ဆောက်နိုင်မယ်။ ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့၊ ကျွန်တော်တို့ လိုချင်တောင့်တနေတဲ့ ဒီမိုကရေစီစနစ်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ 

ရေရှည်တည်တံ့ခိုင်မြဲမည့် ဒီမိုကရေစီဖော်ဆောင်နိုင်ရန်အပြန်အလှန်ထိန်းညှိလျှက် ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်  ဝိုင်းဝန်းဖြေ ရှင်းကြပါ မယ်ဆိုရင် အနာဂတ်မှာငြိမ်းချမ်းလှပတဲ့နိုင်ငံတစ်ခု အနေနဲ့ ကမ္ဘာ့အလည်မှာထည်ထည်ဝါဝါနဲ့ ထွန်းကားပေါ်ပေါက်လာနိုင်မှာဖြစ်ပါတယ်။  

ငြိမ်းချမ်းတဲ့၊ ညီညွတ်တဲ့၊ တိုးတက်ဖွံ့ဖြိုးတဲ့၊ သာယာဝပြောတဲ့ နိုင်ငံသစ်တစ်ခုဟာ မပျောက်မပျက် ကမ္ဘာ့အလည်မှာ ထာဝရ တည်ရှိနေ တော့မှာ ဖြစ်ပါတယ်။     ။

SUNDAY, MARCH 10, 2013

Ku Mo Jo - 11th March 2013


ကာတွန်းကူမိုးကြိုး ၊ မတ် ၁၁၊ ၂၀၁၃



--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives