[moemakadaily@moemaka.biz] 16th March - MoeMaKa Daily

အော်ကလန်မြို့ ၊ နယူးဇီလန်နိုင်ငံသို့ (အသံတိတ်) သမတကြီးရောက်လာခြင်း
မွန်ဦးမြေ၊ မတ် ၁၆၊ ၂၀၁၃
အော်ကလန်မြို့ တောင်ဘက်ရှိ မင်ဂရီး ဒုက္ခသည် စင်တာသို့ မြန်မာဒုက္ခသည်များရောက်လာမည်ကို တစ်ပတ်ခန့် ကျနော်တို့ ကြိုတင်သိ ကြပါသည်။ ဌာနေရှိမြန်မာများ ကြိုတင်ပြီး မြန်မာအစားအသောက်များ ချက်ကြသည်။ ဒုက္ခသည်စင်တာဆိုတာက ပေါင်မုံထောပတ် သုတ် ကိုသာအဓိကထားကြွေးတပ်ပါသည်၊ မြန်မာဒုက္ခသည်ဆိုတာက ထမင်းကိုသာ အားထားစားခြင်ပါသည်၊ အဲဒါကြောင့် မြန်မာ အစားအသောက်များကို ကောင်းနိုးရာရာ ချက်ကြတာ အော်ကလန်က မြန်မာများရဲ့ ဓလေ့ဖြစ်ပါသည်။
 
သမတကြီးနှင့် အဖွဲတည်းခိုဟော်တယ်မှ မြန်မာ့အလံ

ဟောတယ်ရှေ့  အသံတိတ် ဆန္ဒပြနေသော မြန်မာတိုင်းရင်းသားများ

အော် - သမတကြီး ဦးသိန်းစိန် ရယ် ကြိုကြိုတင်တင်ပြောရော ပေါ့၊ ကျနော်တို့ အော်ကလန်က ကောင်းနိုးရာရာ ကလေးတွေနဲ့ ပြုစုခြင် တာပေါ့။ အခုတော့ မတ်လ ၁၄ ရက်နေ့  နေ့ လယ် အော်ဇီကဖုံးလာတယ်၊ မင်းတို့ ဆီမှာ မြန်မာ သမတကြီးနဲ့ အဖွဲ့ ဝင် ၅၃ ယောက် ရောက်နေတယ် သွားတွေ့ လိုက်ပါတဲ့။ ဟ ဟုတ်မှ ဟုတ်ပါ့မလား၊ အော်ကလန်ကို ဘယ်နိုင်ငံရဲ့ အကြီးအကဲလာလာ ဒို့ ကြိုတင် သိတာဘဲ TV တို့  ရေဒီယို တို့ ဆိုတာ တနာရီခြားသတင်းတွေလွှင့်နေတာ၊ နေ့ စဉ်သတင်းစာတွေမှာလည်း ဘာမှမပါဘဲနဲ့  မင်းမနောက်ပါနဲ့ ကွာ လို့ ပြောလိုက်တော့။
 
အသံတိတ် ဆန္ဒပြနေသူများနှင့် သမတကြီးနှင့်အဖွဲ တည်းခိုနေသော ဟော်တယ် နောက်ခံပုံ

မဟုတ်ဖူး မင်းတို့ ကီဝီတွေကော ဒို့ အော်ဇီတွေကိုကော အကြောင်ရိုက်သွားတာ။ အော်ဇီကို ၁၄ ရက် မတ်လမှာလာပြီး ၁၇ ရက်နေ့ မှာ နယူးဇီလန်ကို သွားမယ်လို့ သတင်းပို့ ပြီး၊ ပြောင်းပြန်လုပ်လိုက်ထာ။ ကုလားဖန်ထိုးထားတဲ့ ဖဲချပ်ကတော့ အဆင်သင့် ဖြစ်နေတဲ့ အော်ဇီက ဆန္ဒပြသမားတွေကိုလည်း ရက်ရွှေ့ ထားလိုက်တယ်၊ အဆင်သင့်မဖြစ်တဲ့ မင်းတို ကီဝီတွေလည်း ဘာမှ မလုပ်နိုင်အောင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်အောင် ကုလားဖန်ထိုးလိုက်ထာဘဲတဲ့။ အဲဒီ့ နောက်ကွယ်က တစ်ချပ်မှောက်ဖဲ တစ်ခုမှာတော့ - နယူးဇီလန်မှာ ဆန္ဒပြရင် အနဲဆုံး ၃ ရက်ခန့် သက်ဆိုင်ရာများကို စာတင်ရတဲ့ သတ်မှတ်ချက်ကို သမတကြီး အကြံပေး (ကီဝီ-ဗီ့မာ) တွေက မှောက်ထားတဲ့ ဖဲချပ်ကို ဖွင့်ပြလိုက်တယ်လေ - - -။ အော် လူယုံသတ်ရင်သေတယ်ဆိုတာ ဒါ ပါလား 



စုထက် စူ လူစွမ်းကောင်းကြီးများ

ဒါပေမဲ ကိစ္စမရှိဘူး စု ထက် စူ လူစွမ်းကောင်းရှိတယ်။ ဗျောင်လိမ် ဗျောင်လိမ် ဆိုတဲ့ လူစွမ်းကောင်းထွက်လာပြီး၊ မင်းတို ဆန္ဒပြခြင်ရင် အသံတိတ်ပြမယ်ဆိုရင် ခွင့်စာတင်ဘို့ မလိုဘူး လုံခြုံရေးမှူး နဲ့  ရဲကိုပြောပြီးရင်ရတယ်ဆိုတာနဲ့  ဒီစာရေးနေတဲ့ ၁၆ မတ်လ မှာ ပုံတွေပါအတိုင်း အသံတိတ် ဆန္ဒပြခဲ့ကြရပါတယ်။ 
အဲဒီ့ နောက် အိတ်ဖွင့်ပေးစာဆိုတာကလည်း အသံတိတ်ဖြစ်နေတာကြောင့် ပေးလို့  ရမလားလို လုံခြုံရေးကို မေးတော့၊ ရတယ် ရတယ် သူကိုယ်တိုင် သမတအဖွဲ့ ကို သွားပေးပေးမယ်ဆိုပြီးပြောပေမဲ့။ တခုတော့ ကတိပေးရမယ်တဲ့ - ဘယ်သူမှ အသံထွက်ပြီး မဖတ်ရဘူးတဲ့။ 
အဲဒါကြောင့် စာရှု့ သူ သူတော်စင်များခင်ဗျား အောက်ပါ အိတ်ဖွင့်ပေးစာကို အသံထွက်ပြီး မဖတ်မိဘို့  အနူးအညွတ်တောင်းပန်ပါသည်ခင်ဗျား - - -

==================================================
နေ့ စွဲ။   ၂၀၁၃ ခု၊ မတ်လ၊ ၁၆ ရက်နေ့ 
သို့        သမတကြီး ဦးသိန်းစိန် နှင့် အဖွဲ့ 
            ပြည်ထောင်စုမြန်မာနိုင်ငံတော်
            သမတရုံး၊ နေပြည်တော်
မှ          ပြည်ထောင်စုမြန်မာနိုင်ငံ
            စစ်မှန်သော ဒီမိုကရေစီ ဖြစ်မြောက်ရေး ကြိုးပန်းသူများ၊
            အော်ကလန်မြို့ ၊ နယူးဇီလန်နိုင်ငံ
အကြောင်းအရာ။   ပြည်ထောင်စုမြန်မာနိုင်ငံ စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက် သမတ ထံအိပ်ဖွင့်ပေးစာ။

သမတကြီး ခင်ဗျား
ကျွန်တော်များ အထက်ဖေါ်ပြပါ ကြိုးပန်းသူများသည်၊ အောက်ပါအချက်များအရ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် စစ်မှန်သော ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ ရရှိရေးအတွက် သမတကြီးထံ အိပ်ဖွင့်ပေးစာ ပေးပို့ ပါသည်။
၁။ ပြည်ထောင်စုမြန်မာနိုင်ငံ ၂၀၀၈ ခု ဖွဲ့ စည်းအုပ်ချုပ်ပုံကို ယနေ့ လက်ရှိ ပြည်သူ့ ဆန္ဒအရပြုပြင်ပြောင်းလဲရန်။ ၂၀၀၈ ခုနှစ် တဖက်သတ်ရေးဆွဲထားသောဖွဲ့ စည်းအုပ်ချုပ်ပုံ နှင့် တရားမမျှတသော လူထုဆန္ဒခံယူပွဲကို လက်ရှိ မြန်မာပြည်သူများနှင့် ကျွန်တော်တို့  မယုံကြည်သောကြောင့် ဖြစ်ပါသည်။
၂။ မြန်မာပြည်တွင်းဖြစ်ပေါ်နေသောစစ်ပွဲများကို၊ စစ်မှန်သော အပစ်အခတ်ရပ်စဲရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ပြည်သူ့ ဆန္ဒအရ အကောင်အထည် အမြန်ဆုံး ဖေါ်ရန်။
၃။ လက်ပံတောင်း တောင်အရေးတော်ပုံကြီးတွင်၊ မီးလောင်ဗုံးဖြင့်ဖြိုခွင်း ခဲ့သော တာဝန်ရှိ ပါဝင်ပတ်သက်သူများအား အပြည်ပြည်ဆိုင်ရာ တရားဥပဒေအရ အရေးယူ အပစ်ပေးရန် ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေး ရေးကော်မီရှင်၏ အစီရင်ခံစာအားလုံးမှ တချို့ ချန်လှပ်ထားသည်ကို ထင်သာမြင်သာမရှိဟု ကျွန်တော်သံသယရှိသည်။
လေးစားစွာဖြင့်
စစ်မှန်သောဒီမိုကရေစီရရှိရေးကြိုးပန်းသူများ (ကိုယ်စား) ဆက်သွယ်ရန်
၁။ ဒေါက်တာကောင်းညွန့် ၊ ဖုံး ++ ၆၄ ၉ ၆၃၆ ၅၈၃၅
Postal Address: 105 Coronation Road, Mangere Bridge, Auckland 2022 New Zealand
၂။ ဦးစောနီနီ၊ ဖုံး ++ ၆၄ ၉ ၄၄၃ ၈၅၃၄
Postal Address: 1/69 Stanley Road, Glenfield, North Shore, Auckland, New Zealand
၃။ ဦးစံထွန်း၊ ဖုံး ++ ၆၄ ၉ ၅၇၀ ၅၄၀၉
Postal Address: 16/118 Line Road, Glen Innes, Auckland, New Zealand
------------------------------------------
မိတ္တူကို၊
၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံး ရန်ကုန်မြို့ 
၂။ ၈၈ မျိုဆက်ကျောင်းသားများအဖွဲ့ ၊ ရန်ကုန်မြို့ 
၃။ BCA Burma Campaign Australia
၎။ ရုံးလက်ခံ







Ku Mo Jo - All tears in letpadaung front

ကာတွန်း ကူမိုးကြိုး - ငိုရင် ပုလဲ၊ ရီရယ် ရွဲ ... အားလုံးက မျက်ရည်ချည်းပဲ
မတ် ၁၆၊ ၂၀၁၃

Interview with Ko Htay Kywe - MoeMaKa


၈၈မျိုးဆက် ကိုဌေးကြွယ်နဲ့ စကားစမြည်
မိုးမခ၊ မတ် ၁၆၊ ၂၀၁၃
မတ်လ ၁၃ ရက်နေ့က ဥရောပခရီးစဉ်ကနေ ကိုဌေးကြွယ် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်က ၈၈မတ်လ ကျောင်းသားအရေးအခင်းကာလမှာ လက်တွဲလုပ်ခဲ့ကြတဲ့ မိတ်ဆွေဟောင်းတွေသာမက မြန်မာ့ဒီမိုကရေစီရေး နိုးကြားလှုပ်ရှားသူ မြန်မာမျိုးဆက်ဟောင်း၊ မျိုးဆက်သစ်တွေက ၀ိုင်းဝန်းကြိုဆိုကြပြီး မိတ်ဆုံဆွေးနွေးပွဲတွေ စကားဝိုင်းတွေ စီစဉ်ကြဖို့ ပြင်ဆင်နေကြပါတယ်။
            လက်ရှိ ၀ါရှင်တန်ဒီစီကို ရောက်ရှိနေခိုက် သတင်းဌာနများက တွေ့ဆုံမေးမြန်းနေကြတာမို့ မိုးမခကလည်း ရရှိတဲ့အချိန်အနည်းငယ်အတွင်းမှာ ကိုဌေးကြွယ်ကို မိတ်ဆက်ပြီး စကားစမြည် အနည်းငယ် ပြောဆိုခွင့် ရရှိခဲ့ပါတယ်။  
လာမယ့် မတ် ၁၆ မှာ ရန်ကုန်တက္ကသိုလ် အင်ယားကန်ဘောင်ပေါ်မှာ လုံထိန်းများလက်ချက်နဲ့ ကျောင်းသား ကျောင်းသူများ သွေးမြေကျခဲ့ရတဲ့ ၂၅ နှစ်မြောက် တံတားနီနေ့ဖြစ်တဲ့အားလျော်စွာ မေရီလန်း၊ မင်္ဂလာရာမကျောင်းမှာ တံတားနီနေ့ ဆွမ်းသွတ်ခြင်းနှင့် အောက်မေ့ဘွယ်အခမ်းအနားကို ကျင်းပမှာဖြစ်ပါတယ်။ အဲသည်တုန်းက မတ်အရေးအခင်းမှာ ဖမ်းဆီးနှိမ်နင်းခြင်း ခံခဲ့ရတဲ့ ကျောင်းသားတွေဟာ ထောင်တွင်းမှာ (၀မ်းဖိုးဝမ်း) အမည်နဲ့ တော်လှန်တဲ့ကျောင်းသားအစုအဖွဲ့လေး ဖွဲ့ပြီး ကျောချင်းကပ်ခဲ့ကြပါတယ်။ အဲသည်ကနေ ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက် မတ်လမှသည် ဇွန်လအရေးအခင်း၊ နောက် တပြည်လုံးအတိုင်းအတာနဲ့ ပေါ်ထွန်းလာတဲ့ သြဂုတ်လ ၈လေးလုံးအရေးတော်ပုံကြီးအဖြစ် ဆက်လက်ပြီး လက်တွဲလို့ တိုက်ပွဲဝင်ခဲ့ကြတဲ့ ၀မ်းဖိုးဝမ်း (၁၄၁) အဖွဲ့က အဝေးရောက်နေတဲ့ ကျောင်းသားဟောင်းတွေနဲ့ ကိုဌေးကြွယ်တို့ အမေရိကန်ပြည်မှာ ပြန်လည်ဆုံတွေ့ကြမယ့် အခမ်းအနားလည်း ဖြစ်တာမို့ ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။
ကိုဌေးကြွယ်က ပြောကြားရာမှာ ဥရောပခရီးစဉ်မှာ လူ့အခွင့်အရေးအဖွဲ့များ၊ ကုလသမဂ္ဂဆိုင်ရာ အစည်းအဝေးများကို တက်ရောက်ခြင်း၊ ဆွေးနွေးခြင်း၊ သဘောထားထုတ်ဖော်ခြင်းတို့ ဆောင်ရွက်ခဲ့တဲ့အကြောင်း၊ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတယ်ဆိုသော်လည်း အပေါ်ပိုင်းမဟုတ်တဲ့ အောက်ခြေပိုင်း၊ နယ်စပ်ဒေသ၊ အလှမ်းဝေးတဲ့ ဒေသတွေမှာ တရားဥပဒေစိုးမိုးမှု၊ အားနည်းတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိနေတဲ့အကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ပြီးပြတ်အောင် ဆောင်ရွက်ရေးစတဲ့ အရေးများ ရှိကြောင်း၊ သည့်အတွက် ပြည်တွင်း ပြည်ပက မြန်မာတွေသာမက နိုင်ငံတကာက ကုလနဲ့ အဖွဲ့အစည်းများ၊ အစိုးရများက မျက်ခြေမပျက် ဆက်လက်ဆောင်ရွက်နေဖို့ လိုတဲ့အကြောင်း တိုက်တွန်းနှိုးဆော်ခဲ့တယ်၊ သဘောထားထုတ်ဖော်ခဲ့တယ်လို့ ရှင်းပြပါတယ်။
လက်ရှိမှာ မြန်မာပြည်တွင်း နေရာဒေသအနှံ့အပြားမှာ တရားမျှတမှု၊ လွတ်လပ်မှုတွေ ရှိဖို့၊ ပွင့်လင်းမြင်သာမှုအပြင် အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်မှုတွေ ပေါ်ထွန်းစေဖို့အတွက် လှုပ်ရှားနေကြတာဖြစ်တဲ့အကြောင်းပြောပြပါတယ်။ အဲသည်ရဲ့ လိုအပ်ချက်တွေ အများအပြားရှိတဲ့နေရာမှာ ပြည်ပရောက်တွေ၊ နယ်စပ်ဒေသက ဒုက္ခသည်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ တိုင်းရင်းသားပြည်သူတွေအားလုံး မိသားစုတွေနဲ့  ခြွင်းချက်မဲ့ ပေါင်းစည်းနိုင်ရေး၊ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံရဲ့ အဖြစ်အပျက်မှတ်တမ်းများ ပြုစုထုတ်ပြန်နိုင်ရေးကလည်း အခမ်းကဏ္ဍတခုဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ကြောင်းပြန်လှည့်ပြီး အရေးယူတာထက် သမိုင်းဖြစ်ရပ်မှန်တွေကို သင်ခန်းစာယူနိုင်ဖို့၊ အနာဂတ်မှာ ရှောင်ရှားနိုင်ဖို့အတွက် အဖြစ်အတိုင်း အရှိအတိုင်း ရင်ဆိုင်ကြဖို့လည်း လိုအပ်ချက် တခုဖြစ်တယ်လို့လည်း ပြောကြားလိုက်ပါတယ်။
မြန်မာပြည်မှာ တရားမျှတမှု၊ ဥပဒေစိုးမိုးမှုတို့ ပွင့်လင်းမြင်သာမှုတို့၊ အားလုံးပါဝင်ပတ်သက်နိုင်မှုတို့ ပြောနေချိန်မှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထွက်ပေါ်လာတဲ့ လက်ပတောင်းတောင်အစီရင်ခံစာပေါ် အခြေခံပြီး အများပြည်သူကြားထဲမှာ မတူကွဲပြားတဲ့သဘောထားတွေ အပြန်အလှန်ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီးလည်း မေးမြန်းဖြစ်ခဲ့ပါတယ်။ ကိုဌေးကြွယ်ကတော့ လက်ပတောင်းအရေး ကော်မရှင်က တတ်နိုင်သလောက် ဆောင်ရွက်တယ်၊ ထုတ်ပြန်တယ်။ တကယ်တမ်းမှာကတော့ သည်စီမံကိန်းကို စတင်ခဲ့သူတွေ၊ ကာယကံရှင်တွေရဲ့ သက်ဆိုင်ရာတွေရဲ့ တာဝန်ခံမှုတွေ၊ တာဝန်ယူမှုတွေ ဘယ်လိုဖော်ဆောင်လာမလဲဆိုတာက အဓိကဖြစ်တယ်လို့ ပြောပါတယ်။
လာမည့် မနက်ဖြန်မှာ ကိုဌေးကြွယ်ကိုယ်တိုင် ရင်ဆိုင်ဖြတ်သန်းခဲ့တဲ့ တံတားနီနေ့ ၂၅ နှစ်ပြည့် ဖြစ်ပါတယ်။ အဲသည်နှစ်ပတ်လည်မှာ အမေရိကန်ပြည်မှာ ကွဲကွာနေတဲ့ မိတ်ဆွေ ကျောင်းသားဟောင်းတွေနဲ့ ပြန်လည်တွေ့ဆုံပြီး အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်ဖို့ စီစဉ်ထားချိန်မှာ ဘယ်လိုမျိုး ပြန်ပြောင်းတွေးမိသလဲလို့လည်း မေးမြန်းခဲ့ပါတယ်။ ကိုဌေးကြွယ်က ပြောကြားရာမှာ ၂၅ နှစ်တလျောက်လုံးမှာ ကျောင်းသားပြည်သူတွေ၊ တိုင်းရင်းသားမိသားစုတွေ အများအပြားဟာ အသက် အိုးအိမ် မိဘ သားသမီး စွန့်လွှတ် ဆုံးရှုံးခံပြီး ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတယ်။ အခုချိန်မှာလည်း မြန်မာပြည်ဟာ ဒီမိုကရေစီအရေးအတွက် ပြုပြင်ပြောင်းလဲမှု အလားအလာကို ရောက်ရှိနေပြီလို့ ဆိုသော်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် စိန်ခေါ်မှုတွေကို အားလုံးက အတူတကွ ဆက်လက်ရင်ဆိုင်ကြရဦးမှာ ဖြစ်တယ်လို့ ပြောကြားပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ကိုဌေးကြွယ်ဟာ ၁၉၈၈ မတ်လ ကျောင်းသားအရေးအခင်းက စတင်လို့ တရားမျှတမှု၊ လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှုတွေအတွက် တိုက်ပွဲဝင်ခဲ့တယ်။ ၂၀၀၄ ခုနှစ်နောက်ပိုင်း အကျဉ်းထောင်က လွတ်မြောက်လာပြီးနောက်ပိုင်း ၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံမှာလည်း မြန်မာပြည်အရေးအတွက် မတွန့်မဆုတ် ရပ်တည်ခဲ့တာ နောက်တကြိမ် ဖမ်းဆီးထောင်ချခံခဲ့ရတဲ့အထိပါပဲ။ ခုချိန်မှာလည်း ဒီမိုကရေစီရေးအတွက် ဆက်လက် လှုပ်ရှားဆောင်ရွက်နေဆဲပဲ ဖြစ်တာကြောင့် အဲသည်ဖြတ်သန်းမှုတလျောက်လုံးနဲ့ အခုလက်ရှိအချိန်မှာ အခြေအနေမှာ ဘာတွေ ထူးခြားတာ ပြောင်းလဲတာတွေ ရှိသလဲလို့ မေးမြန်းခဲ့ပါသေးတယ်။
၈၈ အရေးတော်ပုံတုန်းက တရားဥပဒေ စိုးမိုးမှုမရှိလို့၊ မဆလတပါတီစနစ်ရဲ့ မတရားမှုတွေကို တွန်းလှန်ဖို့ တိုက်ပွဲဝင်ခဲ့ကြရတယ်။ အဲသည်တုန်းကလည်း တရားမျှတမှုရှိဖို့၊ လွတ်လပ်မှု အာမခံချက်ရှိဖို့၊ ပွင့်လင်းမြင်သာမှုတွေအတွက် ဒီမိုကရေစီရေးအတွက် တောင်းဆိုတိုက်ပွဲ ၀င်ခဲ့ကြတယ်။ အဲသည်နောက် မြန်မာပြည်ရဲ့ ဒီမိုကရေစီသမိုင်းမှာ ထင်ရှားတဲ့ ရွှေဝါရောင်အရေးတော်ပုံမှာလည်း အထက်ပါ အချက်အလက်တွေအတွက် ဆက်လက် တောင်းဆိုရ၊ တိုက်ပွဲဝင်ခဲ့ရတာ ဖြစ်တယ်။ အဲသည်မှာ မြန်မာပြည်အရေး အားလုံး ပါဝင်ဆောင်ရွက်ခွင့်ရဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက်ပါ တောင်းဆိုခဲ့ကြရတယ်။ ဖမ်းဆီး နှိမ်နင်းမှုတွေကို မြန်မာပြည်သားတွေ အားလုံးက ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကြရတာဖြစ်တယ်လို့ သူက ပြန်ပြောင်းပြောပါတယ်။ အခုအချိန်မှာလည်း အထက်ပါ အချက်အလက်များ အခြေအနေများနဲ့ ဒီမိုကရေစီခေတ် ပြောင်းနိုင်ဖို့ ဆက်လက်ပြီး ဦးတည် လှုပ်ရှားနေရဆဲဖြစ်တယ်။ ဒါပေမယ့် ယခုအချိန်မှာတော့ဖြင့် မြန်မာပြည်ဟာ ဒီမိုကရေစီခေတ်ကို ပြောင်းလဲဖို့ အချိန်ကျနေပြီ။ အချိန်ဟာ အိမ်နီးချင်းတွေနဲ့ ယှဉ်ရင် အချိန်ဟာ နောက်တောင် ကျနေပြီ။ အဲသည်အတွက် တိုင်းသူပြည်သားတွေ အားလုံးပါဝင်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးသာမက တိုင်းပြည်ကို အစွမ်းကုန် ပြန်လည်ထူထောင် တည်ဆောက်ကြရေးအတွက်ပါ အရေးပေါ်နေတဲ့ အချိန်ဖြစ်နေတယ်လို့ သူက ပြောပါတယ်။ သူတို့အနေနဲ့ နှစ်ပေါင်းများစွာ သာမန် ကျောင်းသားလူငယ်များအဖြစ် မကြီးပြင်းခဲ့ကြရဘူး၊ ရုန်းကန် တိုက်ပွဲဝင်ခဲ့ကြရတယ်။ အဲသည်အတွက် တိုင်းပြည် ပြုပြင်ပြောင်းလဲရေးအတွက် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းကြဖို့ အချိန်ဖြစ်တယ်လို့လည်း သူ့ခံစားချက်ကို ပြောပါတယ်။
ကိုဌေးကြွယ်တို့ မျိုးဆက်တွေအနေနဲ့ ခေတ်အဆက်ဆက်မှာ နောက်မဆုတ်ဘဲ တိုက်ပွဲဝင်ခဲ့ကြတယ်။ အဲသည်လိုပဲ လိုအပ်လာရင်လည်း မဆုတ်မနစ် ရုန်းကန်ဖို့ ၀န်မလေးဘူး။ သို့သော်လည်း အခုအချိန်မှာတော့ဖြင့် မျိုးဆက်သစ်တွေ၊ လက်ရှိအခြေအနေတွေမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အမြန်ဆုံး အတတ်နိုင်ဆုံး ပြုပြင်ပြောင်းလဲ ပြင်ဆင် တည်ဆောက်ရေးတွေ လုပ်နိုင်ဖို့ အချိန်အခါ အခွင့်အရေးအဖြစ် ဖော်ဆောင်ဖြစ်ပေါ်စေချင်တယ်လို့ သူ့ဆန္ဒကို ပြောကြားလိုက်ပါတယ်။
ကိုဌေးကြွယ်ဟာ မတ်လ ၁၆ ရက် မနက်ခင်းမှာ မေရင်လင်း ၊ မင်္ဂလာရာမကျောင်း၊ တံတားနီ ၂၅ နှစ် ဆွမ်းကျွေးနှင့် အောက်မေ့ဖွယ်အခမ်းအနား၊ ညနေခင်းမှာ ၀ါရှင်တန်မက်ထရို မြန်မာမိသားစုများနဲ့ တွေ့ဆုံပွဲ၊ နောက်တပတ် နယူးယောက်မှာ ၂၂၊ ၂၃ နေ့ရက်တွေမှာ မြန်မာမိသားစုများနဲ့ တွေ့ဆုံပွဲများ တက်ရောက်မှာ ဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကို ဘေးဧရိယာ မြန်မာကွန်မြူနီတီနဲ့ မိတ်ဆုံဆွေးနွေးပွဲကိုတော့ မတ် ၂၉ ၊ သောကြာနေ့ညနေခင်းမှာ ဖရီးမောင့်ကွန်မြူနီတီစင်တာမှာ စီစဉ်ထားပါတယ်။ ဆန်ဖရန်က မြန်မာမိသားစုတွေ၊ မိတ်ဆွေဟောင်းတွေနဲ့လည်း တွေ့ချင်တယ် ဆုံကြမယ်လို့ ကိုဌေးကြွယ်က ပြောသွားပါတယ်။

(မိုးမခ မှတ်ချက် - တယ်လီဖုံးမှတဆင့် အသံသွင်းအင်တာဗျုး ပြုလုပ်ရတာမို့ အကျဉ်းချုံးပြီး ကောက်နုတ်တင်ပြလိုက်တာဖြစ်ပါတယ်။ ကိုဌေးကြွယ်နဲ့ တွေ့ဆုံပွဲတွေမှာ သူ့အာဘော်အတိုင်း နားထောင်ရမှာ ဖြစ်ပါတယ်)

FRIDAY, MARCH 15, 2013

Kaung Soe Lay - Articles


လက်ပံတောင်းအကြပ်အတည်းနဲ့ ကနေဒါသဲမိုင်း  
(oil sands mining ဥပမာနဲ့ ရှုထောင့်များ)
ကောင်ဆိုးလေး
မတ်လ ၁၆၊ ၂၀၁၃



ကျနော်က Australia မှာ မြို့ပြ အင်္ဂျင်နီယာ ကျောင်းတက်နေတဲ့ကျောင်းသားတစ်ယောက်ပါ။ ခုတလော မြန်မာ့ နိုင်ငံရေးမှာ မကြေနပ်သံတွေ ဆဲသံတွေ ဆူညံနေတာတော့ လက်ပံတောင်းကြေးနီ မိုင်းကိစ္စပါ။ ကျနော်လဲ မကြေနပ်တဲ့အထဲ ပါပါတယ်။ ဒေါ်စုကလဲဆင်းရဲသားလယ်သမား ပြည်သူ ဘက်နဲနဲမှ မစဉ်းစားတော့ အားမရမိတာ အမှန်ပါ ။ရှည်လျားလှတဲ့ အစီရင်ခံစာ မဖတ်ပဲ ဆန္ဒပြတာ ဒေါ်စု သဘောမတွေ့ပါ။ ကျနော်ကတော့ လယ်သမားတွေ ဖတ်စရာမလိုဘူးထင်တယ်။ ဘာလို့လဲ ဆိုတော့ နိုင်ငံတော်အကျိုးအမြတ်ဆိုပြီး တစ်နှစ်အစိုးရက ဘယ်လောက်ရလဲ ဒေါ်စု မပြောပါ။ပြောရင်လဲ ပြောပလောက်တဲ့ ပမာဏမဟုတ်တာ သေချာတယ်။ ဆရာ ဝင်းမျိုးသူ ပြောသလို တခြားနည်းနဲ့ အဲလောက်ငွေရှာလို့ရပါတယ်။ တရုတ်ကို ကြောက်တယ် တရုတ်မှီခိုရလို့ လုပ်တယ် ဆိုတဲ့ ရှုထောင့်တော့ ကျနော်က နိုင်ငံတကာ ဆက်ဆံရေး သိပ်နားမလည်တော့ မဆွေးနွေးတော့ဘူး။ ပြီးတော့ social impact (including cultural impact), environment impact ရှုထောင့်ကနေ ကြည့်ရုံနဲ့တင် မလုပ်သင့်ဘူးဆိုတာ ထင်ရှားပါတယ်။

တရုတ်က ကွန်မြူနစ် အစိုးရဆိုပေမယ့် အရင်းရှင် စီးပွားရေးသမားတွေပါ။ ဆင်းရဲတဲ့ အာဏာရှင်နိုင်ငံက အရင်းမြစ်တွေနဲ့ သူ့နိုင်ငံလည်ပတ်နေတာပါ။ တရုတ်က စီးပွားရေးအင်အားကြီးလာဖို့ အတုတွေလဲ လုပ်တယ်။ အခွန်ရှောင်ပြီး ကုန်သွယ်တယ်(ဆိုလိုတာက အမေရိကန်ကို စစ်ဝတ်စုံကအစ ခိုးသွင်းတာ)၊ ရွမ်ငွေ ဈေးချတယ်။ တကယ်တော့ တရုတ်စီးပွားရေးက ပုံမှန်တက်နေပေမယ့် ကျမ္မာရေး မကောင်းလှပါ။ အနောက်အုပ်စုစီးပွားကျနေပေမယ့် ယောက်ျားလို ကြိုးဝိုင်းပေါ်တက် မယှဉ်ရဲပါဘူး။ ဈေးပေါပေါ အလုပ်သမား က အချိန်မရွေး ပေါက်ကွဲ နိုင်သလိုတရုတ် စီးပွားရေးတခုလုံးကို ခရိုနီ ၂၀၀၀(ဘီလျံနာဖြစ်နေသူတွေပါ) အာဏာပိုင်အသိုင်းဝိုင်းနဲ့ ပေါင်းသူတွေပဲ ချမ်းသာနေတာ။ ခလေးတစ်ယောက်ပေါ်လစီအရ နောက်နှစ်၂၀ဆို လူအိုတွေ ကလဲ ဝန်ထုတ်ဝန်ပိုးတွေပါ။ ခလေးနှစ်ယောက်မွေးခိုင်းလို့လဲ မကျွေးနိုင်သေးပါဘူး။ ဆင်းရဲချမ်းသာ ကွာဟ မှုလဲ ကြီးတယ်။ တရုတ်မှာ စက်ချုပ်သမ တစ်ယောက်က ဒေါ်လာ၁၀၀ ပဲ ရပါတယ် ထိုင်းထက်နဲပါတယ်။ ဒါကြောင့်တရုတ်က တတိယ ကမ္ဘာက အရင်းမြစ်မရရင် သူတို့ မရှင်နိုင်ပါ။ ကျနော်တို့က အဲဒီ အပေါ် ပါးနပ်ဖို့လိုပါတယ်။

စုံစမ်းရေးကော်မရှင် အစီရင်ခံစာက ထောက်ပြသလို နိုင်ငံတကာသဘာဝပတ်ဝန်းကျင် ပညာရှင်တွေ ဝင်စစ်ခိုင်းတယ် ထားဦး ဝမ်ပေါင်လို ကမ္ပဏီက လိုက်နာမယ် မထင်ပါ ဘာလို့လဲ ဆိုတော့ တရုတ်က သူ့နိုင်ငံမှာ တောင် ဖြစ်သလို လုပ်တာပါ။ ဝမ်ပေါင်မပြောနဲ့ ကနေဒါမှာ သဲမိုင်းလုပ်တဲ့ Chevron လိုကော်ပိုရေးရှင်းကြီးတောင် မလုပ်နိုင်ပါဘူး။ ကျနော်တို့ သင်တဲ့အထဲမှာ သဘာဝပတ်ဝန်းကျင် ဆိုတဲ့ဘာသာရပ်လဲ မဖြစ်မနေ သင်ခဲ့ရပါတယ်။ ဥပမာပြောပါ့မယ် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ လူတွေ ရေနံကို ပင်လယ်က သဲကန္တာရအောက်က မြေကြီးအောက်က တူးကြပါတယ်။ ဒါပေမယ့် ကနေဒါမှာတော့ ထင်းရူးတောအောက် ရေခဲတွေ ဖုံးနေတဲ့ တောင်တွေအောက်မှာ မြေကြီးမဲတွေထဲမှာ ရေနံပါနေတာ တွေ့ တော့ ကမ္ဘာကျော် ကော်ပိုရေးရှင်းကြီးတွေ သဘာဝပတ်ဝန်းကျင် သမားတွေ တားနေတဲ့ကြားက တူးကြပါတယ်။ ရေနံတူးတာက ရေနံက မြေကြီးနဲ့ ရောနေတော့ ရေပူနဲ့ဆေးရတယ် ဓါတု ပစ္စည်းတွေ သုံးရတယ်။ အဲမှာ ရေနံတွေ ကတ္တရာတွေက ရေပူကြောင့် ရေပေါ်ပေါ်လာတယ် မြေကြီးနဲ့ ဆီပေနေတဲ့ ဓါတုပစ္စည်းပေနေတာတွေက စွန့်ပစ်ရတယ်။ ပမာဏသိပ်များတော့ ဧက ထောင်ချီတယ် စွန့်ပစ်တဲ့ဧရိယာက။ recycle လုပ်ဖို့လဲ အကုန်ကျများတယ်။ လုပ်ပြီး ထွက်လာတဲ့toxic လိုပခေါ်တဲ့အဆိပ် အများကြီး ဘယ်မှာ ပစ်မလဲ။ ရေကန်လိုတူးပြီး သွန်တယ်။အဲမှာ ငှက်တွေသာမန်ရေထင်တော့ လားနားတော့သေတယ်။ အဲကရေတွေ ရေသဘာဝအတိုင်း မြစ်ထဲစိမ့်ဝင်တယ် ငါးတွေသေတယ်။ မြေကြီးထဲ စိမ့်ဝင်တော့ မြေအောက်ရေထု ပျက်စီးတယ်။ လူတွေက ငါးစားမိတော့လူရာချီ ကင်ဆာဖြစ်တယ်။ သေတယ်။ ရာသီဥတု ပိုပူလာတယ်။ လျော်ကြးတွေပေးနေပေမယ့်ခုထိ ရှင်းလို့ မပြီးနိုင်သေးဘူး။ လူမှုရေးပြသနာ မိုင်းလုပ်သားတွေက ကျွမ်းကျင်လုပ်သား ပဲ လုပ်ရတာဆိုတော့ ရေနံကျွမ်းကျင်တဲ့ မူဆလင်နိုင်ငံက နိုင်ငံခြားသားတွေရောက်လာတယ်။ ဒေသခံတွေက ဒီမိုကရေစီနဲ့ ကျင့်သားရနေတော့ ခွဲခြားမှုတွေဖြစ်လာတယ်။ ဒေသခံတွေ မနေရဲလို့ ပြောင်းရတယ်။ ဒါတောင် လက်ပံတောင်းလို ရွာတွေ အပြောင်းမခံရဘူးနော်။ မိုင်းလုပ်သားတွေက ယောက်ျားတွေ ဆိုတော့ ပြည့်တန်ဆာတွေ ရောက်လာတယ်။ စီးပွားရေးတိုးတက်တာ မှန်ပေမယ့် ဒေသခံတွေမဟုတ်ဘူး။ မိုင်းလုပ်သားတွေက ဝင်ငွေကောင်းတော့ ကားတွေ အိမ်တွေ ဝယ်တယ် အိမ်တွေ ဈေးကြီးကုန်တယ် ဒေသခံတွေ လက်လှမ်းမမှီတော့ ပြောင်းကုန်တယ်။မပြောင်းနိုင်တဲ့သူတွေက ငါးတွေစားမိ ရင်လဲ ရောဂါရ။ ရေကိုလဲ သောက်လို့မရနဲ့ အတော် ဒုက္ခရောက်ပါတယ်။ ကော်ပိုရေးရှင်းကြီးတွေက နှစ်တိုင်းဘီလျံရာချီ အကျိုးမြတ် ဖြစ်ပါတယ်။ ကြားထဲ သူတို့ရေနံချက်စက်ရုံပေါက်ကွဲသေးတယ်။

လက်ပံတောင်းကြေးနီမိုင်းပြန်ဆက်ပါ့မယ်။ စီးပွားရေးအရ နိုင်ငံ အတွက် တစ်နှစ် ဘယ်လောက်ရမှာမို့ ခွင့်ပြုရမှာလဲ။ အစိုးရရမှာက သန်း၁၀၀ ထက်မပိုဘူးထင်ပါတယ်။အဲလောက်ငွေကို အဲဒီက လယ်သမားတွေကို ခေတ်မီ လယ်သမားဖြစ်အောင် ကူညီလိုက် ပြန်ရမှာ သေချာတယ်။သယံဇာတ ရောင်းစားပြီး ချမ်းသာ တာဘယ်နိုင်ငံမှ မရှိဘူး သယံဇာတကြောင့် စစ်ဖြစ်ရ၊ လဘ်စားရ နဲ့ ခြာလပတ်လိုက်နေတာ။အမေရိကန်စီးပွားကျတာတောင် သူ့နိုင်ငံသယံဇာတာ ထုတ်မသုံးသေးဘူးဗျ။ သယံဇာတဆိုတာ ကျနော် တို့ မျိုးဆက်ပဲ သုံးလိုက်ရင် နောက်မျိုးဆက်တွေ ဘာကျန်တော့မလဲ။ အတတ်နိုင်ဆုံး ထိမ်းသိမ်းရပါမယ်။ ခုပြောင်းရမှာက ရွာ တွေများတယ်လို့ သိရတယ်။ ကျနော့်အနေနဲ့ မလုပ်သင့်ဘူး ထင်ပါတယ်။ ပြီးတော့ ကြေးနီ မိုင်းဆိုတာ မိုင်းခွဲတာ ကြေးနီ သန့်စင်တာ process တွေအကုန်လုံး ဓါတုပစ္စည်းသုံးရပါတယ်။ ခုတောင် အက်စစ်တွေကြောင့် ရေသောက်လို့မရတော့ဘူး ဖြစ်နေတယ်။

ပြီးတော့ တောင်တွေဆိုတာ တောအုပ်တွေလို သစ်ပင်လို ပြန်စိုက်လို့မရပါဘူး။ ကျနော်တို့ နိုင်ငံမိုးများပါတယ် သူတို့စွန့်ပစ်ပစ္စည်းတွေက မိုးရေကြောင့် မြစ်ချောင်းထဲ မြေလွှာထဲ စိမ့်ဝင်မယ်ဆိုတာ အညင်းပွားစရာမလိုပါဘူး။

ဒီမိုကရေစီသွားနေတာ ဒေသခံတွေ ဆန္ဒကိုလဲ လေးစားသင့်တယ် ထင်တယ်။ အနဲဆုံးဆိုင်ငံ့သင့်တယ်။ ဥပမာထဲက ကနေဒါမိုင်းက စိုက်ပျိုးမရတဲ့ မြေရိုင်းတောင် အဲလောက် impacts တွေ ဖြစ်နေတာ။ ပြီးတော့ ယဉ်ကျေးမှု ယုံကြည်မှုအရ လယ်တီဆရာတော် သာသနာထွန်းကားရာဖြစ်နေပြန်ရော။ ဆရာသမားတွေ ထောက်ပြသလို ပြောင်းလို့ရကြေးဆို ရွှေတိဂုံ ပါ ပြောင်းရင်ရော။

မြစ်ဆုံလဲ ပြန်စမှာပါ။ 
တရုတ်တွေက ကျနော်တို့ နှလုံးသားတွေကို 
ပစ်မှတ်ထားသလားထင်ရတယ်။
မြစ်ဆုံ -ကချင်နှလုံးသား 
မြန်မာတနိုင်လုံးရဲ့ အသက်ဗျ။ 
မန္တလေး- မြန်မာ တွေ အစဉ်လာကြီးတဲ့နန်းမြို့၊ 
လက်ပံတောင်း- လယ်တီ သာသနာ မြင့်မြတ်တဲမြေ၊ 
ရခိုင်က ရွှေဂက်စ် ရခိုင်တွေရဲ့အမွေ။

မလုပ်နဲ့မဟုတ်ဘူးလုပ်ပါ စာချုပ်မချုပ်ခင် လူထုချပြပါ။ပါဝင်ခွင့်ပေးပါ။ နိုင်ငံကောင်းစားရေးသာပြောတာ အဲဒီမှာ တူးနေတာ အရင်ထဲကပါ။ ဒေသခံတွေ အိမ်မှာ မီးတောင် မရှိပါဘူး။ စေတနာ ရှိတယ်ဆိုရင်အရင်ထဲက လျော်ကြေးပေးရင် ကိစ္စပြီးနေပြီး သီးစားခပေးပြီး မလိမ့်တပတ်လုပ်ခဲ့လို့ ၊ မီးလောင်ဗုံ သုံးခဲ့တာ အရေးမယူလို့ ခုလို ဖြစ်နေတာ။ အစီရင်ခံစာလဲ အရေးယူဖို့ ဘာမှ မပြောထားပါဘူး။ 
rule of law ကို ခဏခဏ ပြောတဲ့ ကျနော် တို့ ခေါင်းဆောင် ကြီးလဲ မေ့သွားတာတော့ မဖြစ်လောက်ပါဘူး။ ပြီးတော့ လယ်သမား တွေကို ဆန္ဒပြတာ ခွင့်တောင်းပါတဲ့ ခွင့်သာတောင်းရရင် ကိုမိုးသီးပြော သလို ၈၈၈၈တုန်းက ၂၀၀၇ တုန်းက ခွင့်တောင်းမှ ပြရမယ်ဆို ဒေါ်စုလဲ နိုဗယ်ဆုရမယ်မထင်ဘူး မစုစုနွေးတို့လဲ ဘာဆုမှ ရမယ်မထင်ပါ။

မတရားတဲ့ ဥပဒေမှန်သမျှတာဝန်အရ ဖီဆန်ကြဆိုတာ ဒေါ်စုပြောခဲ့တာ စစ်အုပ်စု အတွက်သီးသန့်ပြောခဲ့တာ မဟုတ်ဘူးယူဆတယ်။ 

ဆန္ဒပြတာ လူသားအခွင့်အရေးပါ။ ထိုင်းမှာလို တိုက်တွေမီးရှို့ပြီး စခန်းဖွင့်ထားတာ မဟုတ်ပါဘူး။ လယ်သမားတွေက လူကုန်ထံ အင်းလျားလမ်းမှာ မြေလာသိမ်းတာလဲ မဟုတ်ဘူး။ 

သူတို့ အဖိုးအဖွားမြေ ကိုရိုရိုးလေး ကာကွယ်နေတာပါ။

ပြသနာက ဒေါ်စု မပါရင်တောင် ပြီးသွားလောက်ပြီး ခုပါလာတော့ ဆုတ်လဲစူးစားလဲရူးဖြစ်နေပြီး။ 

ကျနော်လဲ ဒေါ်စုကိုချစ်ပါတယ်။ လူတိုင်းချစ်ပါတယ်။ မကြိုက်ရင်မကြိုက်ဘူး ပြောခွင့်ပေးသင့်ပါတယ်။ကျနော့် အမေတောင် မမှန်ဘူးထင်ရင် ကျနော်နားမထောင်ပါဘူး။ ဒါမိဘစော်ကားတာမဟုတ်ဘူး ကျနော့်အခွင့်အရေးပါ။ အခွင့်အရေးနဲ့ စော်ကားတာ ခွဲဖို့လိုတယ်။


နိုင်ငံရေးမှာ အဖော်မရှိဘူးဗျ။ အဖော်လိုချင်ရင်ခွေးမွေးတဲ့။ ဆိုလိုတာ ကိုယ်မှန်ရင် လူတွေ ထောက်ခံမှာပဲ။ ကိုယ့်ပေါ်လစီ မှားရင်တော့အိမ်က ခွေးလေးပဲ ကိုယ်နဲ့ကျန်မှာ သူနဲ့ပဲအဖေါ်လုပ်ပါလို့ပြောတာပါ။ အနောက်အုပ်စု နိုင်ငံရေးသမားတိုင်းသိတယ်။ ပြီးတော့ တောသားတွေ ပညာ မတတ်ဘူး ဘာဘူး နှိမ်ကြတယ်။ အဲဒီပြောနေတဲ့သူတွေ တောသားတွေလောက် ရိုးသားလား။ တောသားတွေလောက် အစွမ်းရှိလား။ ဗိုလ်ချုပ်လဲနတ်မောက်သား တောသားပဲဗျ။ တောသားတွေ လျပ်စစ်မီးမရှိ တင်းတိမ်ရောင့်ရဲတယ်။မြို့သားတွေ မီးမရှိရင် ခင်းဗျားတို့ facebook မှာ တက်မဆဲရမှာစိုးလို့ ဆန္ဒပြကြတယ်။ 

ကိုလိုနီခေတ၊်ဂျပန်ခေတ် ၊မဆလ၊ နအဖခေတ် ခေတ်တိုင်းမှာ သူတို့ မြေစာပင်ပဲ ။ သူတို့ကိုဘယ်နိုင်ငံရေးသမားဂရုစိုက်တာမှ မခံရဘူး။ ပညာတတ်မှ လုပ်ကြေးဆို မိတ်ဆွေတို့ရော ပညာတတ်ပဲ လုပ်ပေါ့။ တတ်တဲ့ပညာက နိုင်ငံတကာ ကလူတွေကိုယှဉ်ရဲလား။ မပြည့်တဲ့ရေ ဘောင်ဘင်ဝေပါတယ်။ အဘ နဲ့ အမေ ခေါ်တတ်ရုံနဲ့ နိုင်ငံရေးသမားထင်မနေနဲ့။ ဝေဖန်ပိုင်းခြားတတ်အောင်လဲလေ့လာစေချင်တယ်။ အလွတ်ကျက်ပြီး ဘွဲ့ရလာတာပညာတတ်လို့ သတ်မှတ်ရမှာလား။ အင်တာနက်တွေရှိနေတာ နိုင်ငံတကာအတွေးခေါ်တွေလဲ လေ့လာကြပါဦး။

ဤနေရာမှ ပြန်လည်ကူးယူဖော်ပြပါသည်။

Maung Thaw Ka - Poem


မီးခြစ် တဆံ
မောင်သော်က (ခ) ဗိုလ်မှူး ဘသော်
မတ်လ ၁၆၊ ၂၀၁၃


(၁)
အနှစ်၂၀ ဆိုပါလားဟေ့ …။
အမြင်ကပ်လောက်အောင်
ကိုယ့်ကိုယ်ကိုယ် တပ်မက်စိတ်ရှိသူများက
ကြောင်သူတော်သောကနဲ့လေ…။

အနှစ်၂၀ ဆိုပါလားဟေ့ …။
ကောက်ကျစ်သော အမြင်တိုသော
ကိုယ်ကျိုးငဲ့ ရန်လိုစိတ်နဲ့ 
လူလားမြောက်လာတဲ့ အာဏာပါးကွက်သားတို့က
ကိုယ့်ကိုယ်ကိုယ် လေးစားခြင်းငှာ မတတ်စွမ်းနိုင်တဲ့
ကောက်ရိုးမျှင် ဥပဒေနဲ့လေ…။

အနှစ်၂၀ ဆိုပါလားဟေ့ …။
အကောင်းအဆိုးအပေါ်မှာ
ရှက်ဖွယ်လိလိ ဥပက္ခာပြုနိုင်သူများက
ယုတ်ညံ့သိမ်ဖျင်းမှုနဲ့
မသန့်စင်သောအရာမှန်သမျှ မုသားပုဒ်မနဲ့လေ…။

အနှစ်၂၀ ဆိုပါလားဟေ့ …။
ရုပ်မှာ အာဏာနဲ့ ကျည်ဆန်
နာမ်မှာ ဖက်ဆစ်
မအောင်မြင်တဲ့ သူရဲကောင်းများရဲ့
အာဃာတထက် အဆိပ်အတောက်ပြင်းတဲ့ ခုံရုံးအမိန့်နဲ့လေ…။

(၂)
"မီးပွားကလေးကနေပြီး မီးတောက်ကြီးဖြစ်လာတဲ့အခါမှာ
ကမ္ဘာမြေပေါ်မှာရှိတဲ့ အညစ်အကြေးဟူသမျှနဲ့
လူလေလူလွင့် ဂျပိုးတေလေတွေကို လောင်စားသွားလိမ့်မယ်…" (ဂေါ်ကီ)
မောင်သော်ကရဲ့ 'မီးခြစ်တဆံ' ဟာ
နောင် … အနှစ် ၂၀ ကြာတဲ့အခါမှာ
လောင်စာများရဲ့ ပြာနဲ့ထုဆစ်
သမိုင်းဝင်ကျောက်တိုင် ဖြစ်လာလိမ့်မယ် ။ ။

လွန်ခဲ့သည့် ၂၅ နှစ်ခန့်ကရေးသားခဲ့သည့် ဆရာမောင်သော်က၏ မီးခြစ် တဆံ ကဗျာဖြစ်ပါသည်။ မိုးမခစာဖတ်ပရိတ်သတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါသည်။ ပေးပို့ပေးသူအားလည်း ကျေးဇူးတင်ပါသည်။

Adv

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၁၃၇ နှစ်မြောက် မွေးနေ့အခမ်းအနားဖိတ်ကြားလွှာ
မတ်လ ၁၆၊ ၂၀၁၃


Zaw Aung (Mon Ywa) - Beyond Let Pa Daung ...


လက်ပံတောင်းတောင်ကို ကျော်၍ … (ဖြတ်ကျော်စရာများ) ကို ဖြတ်မည်
ဇော်အောင် (မုံရွာ)၊ မတ် ၁၆၊ ၂၀၁၃
မုံရွာကြေးစင်တောင်ဒေသမှာ ကြီးပြင်းလာသူ ဒေါက်တာကျော်တင့် ကြေးနီစီမံကိန်း မုံရွာကြေးနီသိုက်များကို သိပ္ပံနည်းကျလေ့လာခြင်း စာတန်း ၁၃ဇန္န၀ါရီ၂၀၁၃ ထွက်လာပါတယ်။ စာမျက်နှာ၃၄ ရှိပါတယ်။ တောင်ကြီး၂ခု ကြေးစင်တောင်နဲ့စပယ်တောင်တို့ ဖြိုဖျက်ပြီး၊ ယူဂိုဆလားဗီးယားနိုင်ငံက အိုင်ဗင်ဟိုးကုမ္မဏီက အကုန်ထုတ်သွားပါပြီ။ ကြေးနီအကြောင်း ပညာရှင်တစ်ဦးအနေနဲ့ ကြေးနီဖြစ်ပေါ်လာပုံ၊ ကြေးနီအသုံးဝင်ပုံ၊ အခုခေတ် အီလက်ထရွန်းနစ် အိုင်စီများ၊ ၀ါယာကြိုးများ၊ လက်နက်ကျည်ဆံများမှာ ကြေးနီအသုံးပြုပုံ၊ ၂၀၀၆ နောက်ပိုင်း ဈေးနှုန်း ၂ဆ၊ ၃ဆ (1 metric ton = US$3000 to US$8000)  ဈေးတက်လာပြီး အခု တရုပ်ဝမ်ပေါင်မှ ကြေးနီစက်ရုံကို ဆက်လက်ထုတ်လုပ်နေခြင်းများ၊  စပယ်တောင်၊ ကြေးစင်တောင်နဲ့ လက်ရှိ လက်ပံတောင်းတောင် ကြေးနီပါဝင်မှုများကို ဇယားနဲ့ဖေါ်ပြထားပါတယ်။ ၀.၄% လောက်ပဲ ရှိပါတယ်။
 ကမ္ဘာ့ဈေးကွက်၊ ကမ္ဘာ့ကြေးနီသိုက်များနဲ့ ယှဉ်ပြပါတယ်။ လက်ပံတောင်းတောင် ကြေးနီပါဝင်မှုဟာ ၀.၄၃ ရာနှုန်းလောက်သာ ရှိတဲ့အတွက် ကမ္ဘာ့ကြေးနီထုတ်လုပ်မှု ၁ ရာနှုန်းလောက်ရှိမှာ စီးပွားဖြစ် ထုတ်လုပ်လေ့ရှိကြောင်းကို ဖေါ်ပြထားပါတယ်။ ကြေးနီသန့်စင်ရုံဟာ ဒေါ်လာ ၁၅၀သန်း လောက်တန်ဖိုးရှိပြီး ဂျပန် မာရုဘဲနီ နဲ့ နစ်ရှိုးအီဝအီ (ယခု ဆိုးဂျစ်ဆု) နာမည်ကြီးပွဲစားကုမ္မဏီများက တည်ဆောက်ပေးခဲ့ပြီး၊ ယခုတိုင် အသုံးပြုနေတဲ့ စက်ရုံဖြစ်ပါတယ်။

နှစ်စဉ် ထုတ်လုပ်ခဲ့တဲ့ ကြေးနီတန်ချိန်ပေါင်း များစွာဟာ အရင်းကြေ၊ အမြက်ထွက်ပေမဲ့ အိုင်ဗင်ဟိုးကုမ္မဏီဟာ သမရိုးကျမဟုတ်တဲ့ အက်စစ်များသုံးစွဲမှုကြောင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တရားစွဲဆိုခံခဲ့ရပါတယ်။ အခု တရုပ်များက ဆက်လက်ထုတ်နေရာမှာ အမြက်အစွန်းများစွာ ရနေတယ်ဆိုတာ သေချာပါတယ်။
ကမ္ဘာက မသုံးတဲ့နည်းလမ်းကို ဆက်လက်သုံးစွဲခြင်းကတစ်ချက်၊ တကယ်လဲ စီးပွားဖြစ်ထုတ်နိုင်တဲ့ ရာနှုန်းက ၅၅% နဲ့ အထက်ဖြစ်ကြောင်း အမေရိကား၊ သြစတြေးလျား နဲ့ တရုပ်အပါဝင် ပျှမ်းမျှ ကြေနီသတ္တုတွင်းများကို ဖေါ်ပြထားပါတယ်။ မြန်မာ့ လက်ပတောင်းတောင် ကြေးနီပါဝင်မှု ၀.၄၃% ကလည်း နည်းတော့ စက်အားနဲ့ထုတ်ရင် အမြက်မရှိနိုင်ကြောင်း၊ ရပ်ဆိုင်းသင့်ကြောင်း ဖေါ်ပြထားပါတယ်။
သို့သော် ...လူလုပ်အားခ ဈေးချိုလှတဲ့ မြန်မာပြည်မှာ သမရိုးကျနည်းလမ်းမဟုတ်တဲ့ နည်းပညာကြောင့် တရုပ်စက်ရုံဟာ အမြက်အစွန်းများစွာထွက်မှာသေချာပါတယ်။ မြန်မာအစိုးရ ဘယ်လောက်ရမယ် ဆိုတာလည်း မသိနိုင်၊ ပတ်ဝန်းကျင်ပျက်စီးမှုဆိုတာတော့ (ကျွန်တော် မုံရွာကို ဇန္န၀ါရီ ၂၀၁၃ ရောက်သွားချိန်) မျက်ဝါးထင်ထင် မြင်ခဲ့ရပါတယ်။  ဆက်လုပ်မလုပ်ဆိုတာလည်း လက်ရှိအစိုးရက ဆုံးဖြတ်ရမှာဖြစ်ပေမဲ့ နောင်လာမဲ့ စီမံကိန်းများအတွက် ဒေါက်တာကျော်တင့်ရဲ့ သုတေသန စာတန်းလေးဟာ စံနမူနာဖြစ်ကြောင်း ရေးလိုက်ပါတယ်။

ဇော်အောင်(မုံရွာ)

Ref:


(ဒေါက်တာကျော်တင့်၏ ကြေးနီတောင် စာတမ်း)
http://mingalaronline.biz/ebooks/copper.mine.monywa.pdf
  
(ဒေါ်စုကော်မရှင်၏ လက်ပံတောင်းတောင် အစီရင်ခံစာ)
http://www.scribd.com/doc/130173797/%E1%80%9C%E1%80%80%E1%80%B9%E1%80%95%E1%80%B6%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9-%E1%80%B1%E1%80%80%E1%80%AC%E1%80%B9%E1%80%99%E1%80%9B%E1%80%BD%E1%80%84%E1%80%B9-%E1%80%A1%E1%80%85%E1%80%AD%E1%80%9B%E1%80%84%E1%80%B9%E1%80%81%E1%80%B6%E1%80%85%E1%80%AC  

နောက်တိုး -


ဝမ်ပေါင်ကုမ္မဏီ၏ သဘောထား ထုတ်ပြန်ချက်

ဦးပိုင်ကုမ္မဏီ၏ သဘောထား ထုတ်ပြန်ချက်

Saw Ngo - Regime cannot read the report ....

ကာတွန်း စောငို - သက်ဆိုင်သူတွေ ဖတ်မိကြပါေ
မတ် ၁၆၊ ၂၀၁၃

Maung Ko Oo - Side Track Thinking


ကန့်လန့်တွေးခြင်း
မောင်ကိုဦး၊ မတ် ၁၆၊ ၂၀၁၃
ခေါင်းစဉ်ဖတ်ပြီး ကိုတာရဲ့` ဖြန့်ထွက်တွေးခြင်း` နဲ့ ဘယ်လိုသက်ဆိုင်သလဲလို့တော့ မတွေးစေချင်ဘူး။ ဘယ်လိုမှ မဆိုင်ပါဘူး။ လက်ရှိ ခေတ်စားနေတဲ့ လက်ပံတောင်းတောင် ကိစ္စ တွေနဲ့ ပတ်သက်ပြီး ကန့်လန့် တွေးမိခဲ့တာလေးကို တင်ပြချင်တာပါ။ တွေးမိတာ ကြာပေမယ့် ကိုယ့်ရဲ့ ကန့်လန့်အတွေးကို ချမရေးဖြစ်ဘူး။ ခုတော့ `လက်ပံတောင်းကိစ္စ´ တခေတ်ဆန်းလာတာမို့ တင်ပြလိုက်တာဖြစ်ပါတယ်။
ကန့်လန့်မတွေးခင် ကန့်လန်အမြင်နဲ့ မြင်ကြည့်မယ်ဆိုရင်.. ဒီလို မြင်ရမှာဖြစ်ပါတယ်။
ခုဆို လက်ပံတောင်းတောင် အစီရင်ခံစာကြီးကလည်း ထွက်ပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံတချို့ နဲ့ နားလည်မှု လွဲတာတွေဖြစ်ကုန်ပြီ။ အမေစုထိ ဓါးကြည့် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ချစ်သူများနဲ့ ကျန် အယူအဆ မတူသူ တွေနဲ့လည်း ထပ်ကွဲကုန်ပြီ။ ဆက်လုပ်သင့်တယ်၊ ရပ်သင့်တယ်၊ ညှိသင့်တယ်၊ ဆိုတာတွေအပြင် ဆက်လုပ် သင့်တယ် ဒါပေမယ့် တရုတ် ၀မ်ပေါင်နဲ့ မဟုတ်ဆိုတာတွေလည်း ပါသေးခင်ဗျ။ သဘောထား ကွဲလိုက်တာ ကလည်း ၀က်ဝက်ကွဲ လို့ ဆိုရမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကို မှန်တယ်။ အမေ့ဖက်က ၁၀၀% လုံးဝ ထောက်ခံတယ်။ သူရဲကောင်းမေမေ၊ စွန့်စားဝံ့သူ အမေ ဆိုတာတွေလည်း ရှိသလို နည်းနည်းမှားတယ်၊ လုံးဝမှားတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ဓါးခုတ်ရာ လက်ဝင်သျှိုခံရသူ၊ အသုံးချခံရသူ ဆိုတာလည်း ထပ်ကွဲသေးသဗျ။
ဒီကြားထဲ ဆန္ဒပြတယ်ဆိုသူတွေဖက်မှာ ရွာသားတွေအပြင် ဘယ်သူဘယ်ဝါတွေက မြှောက်ထိုးပင့်ကော် လုပ်တယ်။ ဘယ်သူတွေကတော့ ဘုမသိဘမသိ လုပ်နေတယ်။ မီဒီယာကို ဘယ်လို စော်ကားတယ်၊ ဆန္ဒပြသူတွေ ကို ၊ ဆန္ဒပြပွဲဖြစ်အောင်လုပ်တဲ့သူတွေကို ပြည်ပက ဘယ်သူ ဘယ်ဝါတွေက ထောက်ပံ့နေတယ်။ ဆိုတာတွေက လည်း အမြင်တွေ အားပါးတရ ထပ်ကွဲ ပြန်ပါသေးတယ်။
ကဲ. . ကန့်လန့်တွေးကြည့်ရအောင်..။ ကျနော်တို့ဟာ `ဒီမိုကရေစီသမား´ `တော်လှန်ရေးသမား´ `အမေစုချစ်သမား´ `ပွင့်လင်းသမား´ မဟုတ်ပဲ လက်ရှိ အုပ်စိုးသူ၊ အာဏာခိုင်မြဲအောင် ထိန်းသိမ်းလိုသူ ဖက်က ဆိုပါတော့ခင်ဗျာ။ (ရုပ်ရှင်တွေမှာ မင်းသား ဖက်ကချည်း တင်ပြတာမျိုးမဟုတ်ပဲ လူကြမ်း ဗီလိန်ဖက်ကို အသားပေး ရိုက်တာမျိုးပေါ့)
လက်ရှိ လက်ပံတောင်းတောင်ကိစ္စကို ဘယ်လိုကစားမလဲ။ ဘယ်လိုအသုံးချမလဲ။ တဖက်က လူကောင်း သူကောင်းတွေကို ဘယ်လိုအလဲထိုး အမြတ်ယူမလဲ။ ဘယ်လို ပရိယာယ်သုံးမလဲ (ဘယ်လိုကလိမ်ကကျစ် ကျမလဲ) ပေါ့ခင်ဗျာ။ လက်တလော အခြေအနေလေးတွေကတော့.. အားရစရာပါပဲ။
ဒီမိုကရေစီအင်အားစု ခွပ်ဒေါင်းတွေ မျက်ဖြူဆိုက်နေတဲ့ကိန်းဆိုတော့ ခြင်္သေ့ အကြိုက်ပေါ့ဗျာ။ ဆိုတော့.. ဒီပြသနာနဲ့ ပတ်သက်ပြီး လုပ်လို့ရတဲ့အကွက်တွေက...
(၁) လက်ရှိအခြေအနေလေးအတိုင်း မျှောထားပြီး တူးဖေါ်ရေးကိစ္စတွေ ဆက်အကောင်အထည်ဖေါ်။ တောင်းဆိုတာတွေကို မတတ်သာမှ နည်းနည်းပါးပါး လုပ်ပေး။
(၂) မသိချင်ယောင်ဆောင်ပြီး ဆက်လုပ်၊ ဥပဒေအရ တောင်းဆိုရမှာကို .. ဘောင်ကျော်လာအောင် ဆွ ပေး၊ ဥပဒေအပြင်ဖက်ရောက်ပြီလို့ ပြောလို့ရတာနဲ့ ပြင်းပြင်းထန်ထန်နှိမ်နင်း
(၃) ဒေသခံတွေရဲ့ တောင်းဆိုမှုတွေထဲက (အရေးမကြီး မထိခိုက်လောက်တဲ့ အချက်တွေကို) လိုက်လျော သင့်တာလောက်ကို လုပ်ပေးပြီး နာမည်ကောင်းယူ
(၄) ၀ပ်ပေါင်ကုမ္မဏီနဲ့ လက်ဝါးရိုက်(အပေးအယူလုပ်)ပြီး ဒေသခံတွေလည်း ချော့လိုက် ခြောက်လိုက် မြှောက်လိုက်လုပ်ရင်း (ဖျံ နှစ်ကောင်ရဲ့ ငါးကြင်းကို ခွဲဝေပေးတဲ့ မြေခွေးလို) ရနိုင်သမျှ ညှစ်ယူ
(၅)ဆန္ဒပြပွဲတွေ မရပ်ပဲ ဆက်တိုက်ဖြစ်ပြီး တစစ ကြီးထွားအောင်လုပ်၊ နောက်ဆုံးမှာ ဧရာဝတီလို အကန့်အသတ် တခုအထိ ပိတ်ပြီး နာမည်ကောင်းယူ... စတဲ့ အခွင့်ကောင်းတွေ တလှေကြီး ရရှိနေပြီဖြစ်ပါတယ်။
အချက် (၁-၂-၃) တွေက လုပ်ခဲ့ပေါင်းများလို့ ရိုးရှင်းနေပြီ။ ဒီလိုလုပ်မယ်ဆိုလည်း အဆင်ပြေတယ်။ (၄) အချက်ကို လုပ်မယ်ဆိုလည်း အီအီဆိမ့်ဆိမ့် စားနိုင်မယ့် အခြေအနေဖြစ်ပါတယ်။ အချက် (၅)ကတော့ အချိုမြိန်ဆုံး ပေါ့ဗျာ။ အဲဒီလိုသာ လုပ်လိုက်မယ်ဆိုရင်..
(၁) ပြသနာထဲ ထိုးကျွေးထားတယ်လို့ ဆိုနေကြတဲ့ ကော်မရှင်ကို အလဲထိုးပြီးဖြစ်မယ်။ (လူထု ထောက်ခံမှု အပြည့်ရှိတဲ့ အင်အားအကြီးဆုံးပြိုင်ဖက်ကို တံတွေးဆွတ်လိုက်နိုင်မယ်)
(၂)လူထုထောက်ခံမှု ယုံကြည်အားကိုးမှုက ပိုရရှိပြီး (ဧရာဝတီနဲ့ လူထုကို ဆွဲစားလိုက်နိုင်သလိုမျိုး) ၂၀၁၅ အတွက် ထောက်ခံမှုက ထူထူထဲထဲ ရလာနိုင်မှာ ဖြစ်ပါတယ်။
(၃)တရုတ်နဲ့ပြိုင်ဖက်ဖြစ်တဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ၊ တရုတ်အပေါ်အစာမကြေတဲ့ ဂျပန် အပါအ၀င် အရှေ့နိုင်ငံတွေရဲ့ ထောက်ခံအားပေးမှုကိုလည်း ပိုပြီး ရရှိလာနိုင်စရာ ရှိပါတယ်။
ဒါကြောင့်.. ကိုယ်သာ ဗီလိန်ဆိုရင်.. လက်ပံတောင်းတောင်အရေးကို ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပြီး ကြီးထွားအောင်လုပ်၊ တရုတ်ကုမ္မဏီကြီးကို ချနင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ထိုးကြွေး၊ ၂၀၁၅ အတွက် ကင်းပေါက် ကစားနိုင်တဲ့ အကွက်ဖြစ်သွားလေမလားလို့ ကန့်လန့်တွေး မိကြောင်းပါဗျား......။
မှတ်ချက်။ ။ဒီလူတွေ ဒီကိစ္စကို ဒီလိုညစ်မကစားနိုင်အောင် ဘယ်လို လုပ်သင့်တယ်။ ဘယ်လို ညီညွတ် သင့်တယ်။ ဘယ်လို ကာကွယ်သင့်တယ်၊ ဘယ်လိုတောင်းဆိုသင့်တယ်၊ ဘယ်လို ထိန်းသိမ်းသင့်တယ်၊ ဘယ်လို ခရီးဆက်သင့်တယ်ဆိုတာတွေကိုတော့.... `အဖြောင့်တွေးသူများ´ `အမျှော်အမြင်ရှိသူများ´က ၀ိုင်းဝန်းဆွေးနွေး အဖြေရှာပြီး အကောင်းဆုံးကို ဆောင်ရွက်အကောင်အထည်ဖေါ်နိုင်လိမ့်လို့ ယုံကြည်မိပါကြောင်း။
မောင်ကိုဦး

Maung Yin Nga Tay - Articles


ရောက်တတ်ရာရာ အတိုအစများ
မောင်ရင်ငတေ
မတ်လ ၁၅၊ ၂၀၁၃

● ပြင်သစ်ပြည်သို့ ဒုတိယဝင်ပေါက်
ပြင်သစ်ပြည်ရဲ့ အဓိကအကျဆုံးဝင်ပေါက်ဖြစ်သလို ပါရီမြို့တော်ရဲ့ အရေးအပါဆုံးဝင်ပေါက်ဖြစ်တဲ့ L'aéroport Paris Charles-de-Gaulle ရှားလ်တဂိုရ်လေဆိပ်အကြောင်း အချက်အလက် တော်တော်များများကို ဟိုအရင်တပတ်က ရေးသားခဲ့ပါတယ်၊ ပြီးပြည့်စုံတယ်လို့ မပြောနိုင်ပေမဲ့ အတော်အသင့်တော့ သိရှိသွားနိုင်မယ်ထင်ပါတယ်၊ ဒီရှားလ်ဒဂိုးရ် လေဆိပ်ပြီးရင် ပြင်သစ်ပြည်ရဲ့ ဒုတိယအရေးပါဆုံး ဝင်ပေါက်တပေါက်ကတော့ ပါရီမြို့တောင်ဘက် ၁၄ ကီလိုမီတာ ၈ မိုင်ခန့် အကွာမှာတည်ရှိတဲ့ L'aéroport de Paris-Orly အော်လီလေဆိပ်ဘဲ ဖြစ်ပါတယ်၊

L'aéroport de Paris-Orly

ဒီလေဆိပ်ကတော့ ရှားလ်တဂိုးရ်လေဆိပ် မတည်ဆောက်မီ ၁၉၆၄ ခုနှစ် ပတ်ဝန်းကျင်လောက်ထိ ပြင်သစ်နိုင်ငံရဲ့ အဓိကအကျဆုံးဝင်ပေါက် ဖြစ်ခဲ့တာပါ၊ ယနေ့အချိန်ကာလမှာတော့ ဒီလေဆိပ်မှာ ပြည်တွင်းခရီးစဉ်တွေက အဓိကဖြစ်သလို အခြားဆင်းသက်နေတဲ့ လေကြောင်းလိုင်းတွေကတော့ ခရီးသိပ်မဝေးကွာလှတဲ့ ဥရောပနိုင်ငံများမှ ဒေသအတွင်းပျံသန်းသွားလာကြတဲ့ စရိတ်သက်သာတဲ့ လေကြောင်းလိုင်းတွေရယ် Le Maghreb လို့ခေါ်တဲ့ အာဖရိကတိုက်အနောက်မြောက်ပိုင်းအရပ်က ပြင်သစ်စကားပြောတဲ့ နိုင်ငံများဖြစ်ကြတဲ့ Le Maroc မော်ရိုကို L'Algérie အယ်ဂျီးရီးယား La Tunisie တူနီးရှား La Mauritanie မိုရီတာနီးယားနဲ့ La Libye လစ်ဗျားတို့က လေကြောင်းလိုင်း တွေရယ် အဓိက ဝင်ထွက်ဆိုက်ကပ် သွားလာအသုံးပြု နေကြပါတယ်၊

 L'aérogare de Orly ouest

အော်လီလေဆိပ်ဟာ ပါရီမြို့တောင်ဘက်ယွန်းယွန်း ၁၄ ကီလိုမီတာလောက်ဝေးကွာတဲ့ အော်လီ မြို့နယ်မှာ တည်ရှိပါတယ်၊ ဒီလေဆိပ်က ခုနေခါမှာ ရှားဒဂိုးရ် CDG လောက် လူသိမများတော့ပေမဲ့ ပြင်သစ်ရဲ့ ဒုတိယအကြီးဆုံး လေဆိပ်ဖြစ်သလို ဥရောပရဲ့ ၁၁ ခုမြောက် အကြီးဆုံးလေဆိပ်လည်း ဖြစ်နေပါတယ်တဲ့၊ ဒီလေဆိပ်ဟာ ဥရောပရဲ့ လေဆိပ်ကြီးစာရင်းဝင် လန်ဒန်ဟိသရိုး Heathrow ပါရီစီဒီဂျီ CDG ဂျာမဏီဖရန့်ဖွတ် Frankfurt အမ်စတာဒမ်ရှီပိုး Schiphol စတဲ့လေဆိပ်ကြီးတွေ   ပြီးရင်တော့ ဒုတိယစာရင်းဝင် ယူရိုပီယံ အင်တာနေရှင်နယ် လေဆိပ်ကြီးတွေထဲမှာတော့ ထိပ်ဆုံး နေရာမှာ ပါဝင်နေပါသေးတယ်၊ ခရီးသည်ဦးရေ တနှစ်ကို ၂၆ သန်းကျော် ၂၇ သန်းလောက် ဝင်ထွက်သွားလာနေတာ ဖြစ်ပါတယ်တဲ့၊ ၁၉၀၉ ခုနှစ်ဝန်းကျင်ကာလက စတင်တည်ဆောက် အသုံးပြုခဲ့ပြီး အခု ကမ္ဘာ့အကြီးဆုံးလေယာဉ် အမျိုးအစားဖြစ်တဲ့ Airbus A 380 လေယာဉ်လည်း ဆင်းသက်နိုင်တဲ့ ပြေးလမ်းကြောင်းရှိပါတယ်၊

Orly Sud Terminal

အော်လီလေဆိပ်ကနေ ပါရီမြို့လယ်ကို အငှားကားနဲ့ သွားမယ်ဆိုရင်တော့ ယူရိုငွေ ၃၀ လောက် ကနေ ၅၀ ကျော်လောက်ထိ ကျသင့်နိုင်ပါတယ်၊ ပြင်သစ်တနိုင်ငံလုံးမှာ တက္ကစီကားပေါင်း ၅၀၀၀၀ ကျော်လောက်ရှိပြီး ပါရီမေထရိုပိုလီတန်ဧရိယာမှာတော့ နှစ်သောင်းနီးပါးလောက် ရှိပါတယ်၊


ဈေးနှုန်းကတော့ နေ့ရက်အချိန်ရယ် နေရာအကွာအဝေးဇုံတွေပေါ်မှာ မူတည်ပြီး တွက်ချက်တာပါ၊ ပါရီမှာကျသင့်မဲ့ တက္ကစီနှုန်းထားခကတော့ ကားပေါ်ထိုင်လိုက်တာနဲ့ နှစ်ယူရိုပြားလေးဆယ် စတင် ပေးရမှာဖြစ်ပြီး ဘယ်ကိုဘဲစီးစီး ဘီးလှိမ့်ပြီဆိုတာနဲ့ အနည်းဆုံးကျသင့်ငွေက ခြောက်ယူရိုခွဲ လောက်ပေးရပါမယ်၊ ၁ ကီလိုမီတာသွားတိုင်းမှာ သတ်မှတ်ဇုံပေါ်မှာ မူတည်ပြီး ၁ ယူရိုကနေ တယူရိုခွဲဝန်းကျင် ပေးရပါမယ်၊ ကားတစီးကို ခရီးသည်သုံးယောက် သတ်မှတ်ထားပြီး စတုတ္ထ ခရီးသည်အတွက် ၃ ယူရို အပိုဆောင်းငွေပေးရမှာပါ၊ ကလေးနှစ်ယောက်ကို လူကြီးတယောက်နှုန်း သတ်မှတ်ပါတယ်၊  ခရီးဆောင်အိတ်တွေအတွက် အိတ်တလုံးသာ အလကားသယ်ခွင့်ရပြီး နောက် တလုံး ပိုလာတိုင်း တယူရို ထပ်ဆောင်းပေးရမှာပါ၊ တခုသတိထားရမှာက ဒီနှုန်းထားတွေကလည်း အမြဲလိုလို ပြောင်းနေတာပါ၊ ဈေးနှုန်းကတော့ ကျတယ်မရှိပါဘူး၊ အစဉ်အမြဲ တိုးတက်နေလျှက်ပါ ခင်ဗျာ၊ ပါရီမြို့တွင်းခရီးဆိုရင် အနည်းဆုံး ၁၀ ကနေ ၃၀ ယူရိုခန့် ပေးရမှာပါ၊ မြို့ပြင်ထွက်မယ်ဆို ဥပမာ ပါရီကနေ ၃၂ ကီလိုမီတာဝေးတဲ့ Disneyland ကိုသွားမယ်ဆိုရင် ယူရို ၅၀ ကျော်ပေးရမှာ ဖြစ်ပြီး အော်လီလေဆိပ်ကနေ ၄၂ ကီလိုမီတာဝေးတဲ့ ရှားလ်တဂိုးရ်ကို သွားမယ်ဆိုရင်တော့ ၇၀ ယူရိုခန့် ပေးရမှာပါ၊

Orlyval Airport Shuttle & RER B

အော်လီလေဆိပ်ကနေ ပါရီကို ရထားနဲ့သွားမယ်ဆိုရင် လေဆိပ်ကနေတိုက်ရိုက်စီးလို့ရမဲ့ ရထား ဘူတာမရှိဘဲ လေဆိပ်ကနေ မြို့ထဲသွားမဲ့ RER B ရထားရှိရာ Antony ဘူတာကို Orlyval ခေါ် Airport Shuttle ပုံစံမျိုး ရထားနဲ့ အရင်သွားရမှာ ဖြစ်ပါတယ်၊ ထူးခြားတာက ဒီ Orlyval ဟာ တာမီနယ် Ouest နဲ့ Sud ကိုအလကားစီးခွင့်ရှိပေမဲ့ ၇ ကီလိုမီတာခွဲ ဝေးတဲ့ RER B Antony ဘူတာထိစီးရင် ၉ ယူရို နီးပါး ပေးရမှာဖြစ်ပြီး ပါရီမြို့ထဲထိကို စီးမယ်ဆိုရင်တော့ ၁၁ ယူရိုခွဲလောက် ပေးရမှာပါ၊ ခလေးခကတော့ တဝက်ဈေးပါ၊ အော်လီလေဆိပ်ကနေ ပါရီမြေအောက် မေထရို လိုင်းနံပတ် ၇ နဲ့ဆက်သွယ်ပေးမဲ့ Tramway T 7 မြေပေါ်ရထားလိုင်းကတော့ ဖောက်လုပ်ဆဲဖြစ်ပြီး ဒီနှစ်ကုန်နောက်နှစ်ဆန်း ၂၀၁၄ ခုနှစ်အစပိုင်းလောက်မှာ ဖွင့်လှစ်နိုင်မယ်လို့ သိရှိရပါတယ်၊

 La ligne Orlybus

ထုံးစံအတိုင်း လေဆိပ်ဘတ်စ်ကားတွေရှိပါတယ်၊ Orlybus နှစ်စီးတွဲဘတ်စ်ကားနဲ့ ပါရီမြို့တွင်း Denfert-Rochereau အာအီးအာ ဘီ ဘူတာကိုရောက်နိုင်ပြီး Les Cars Air France နဲ့ဆိုရင်တော့ Gare Montparnasse မွန့်ပါးနပ်စ်ဘူတာရယ် နပိုလီယံသင်္ချိုင်းဂူရှိရာ Invalides မြေအောက် ဘူတာရယ် အောင်ပွဲခံမုဒ်ဦး L'arc de triomphe နဲ့ ရှောင်ဇေလီဇေလမ်းမကြီးရှိရာ La place Charles-de-Gaulle လမ်းဆုံ မြေအောက်မေထရိုဘူတာ Charles de Gaulle - Étoile ကို သွားနိုင်ပါတယ်၊ ကားခတွေကတော့ ၇ ယူရိုအနည်းဆုံးပေးရမှာပါ၊ ရိုးရိုးပုံမှန်လိုင်းဘတ်စ်ကားလိုင်း တွေနဲ့ သွားတတ်လာတတ်တဲ့ ဒေသခံတွေအတွက်ကတော့ လက်မှတ်တစောင် ၂ ယူရိုအောက်နဲ့ ပါရီကို ရောက်နိုင်ပါတယ်၊

ပါရီမေထရိုပိုလီတန်ရဲ့ ဒီအဓိကလေဆိပ်ကြီးနှစ်ခုအပြင် ပါရီမြို့နဲ့ အနည်းငယ်အလှမ်းကွာဝေးတဲ့ Beauvais မြို့ကလေးအနီးမှာ L'aéroport de Beauvais-Tillé ဆိုတဲ့ လေဆိပ်ငယ်လေးတခု ရှိပါသေးတယ်၊ စရိတ်သက်သာတဲ့ လေကြောင်းလိုင်းတွေ ဆင်းသက်တဲ့ လေဆိပ်ငယ်လေးဆိုပေမဲ့ တနှစ်ကို ခရီးသည်ပေါင်း သုံးသန်းခွဲလေးသန်းလောက် ဝင်ထွက်ကြပြီး ပြင်သစ်ပြည်ရဲ့ ၉ ခုမြောက် အကြီးဆုံးလေဆိပ်ပါ၊ ဒီလေဆိပ်မှာ အဓိကအများဆုံး ဆင်းသက်တဲ့ လေကြောင်းလိုင်းကတော့ အိုင်ယာလန်နိုင်ငံက Ryanair လေကြောင်းလိုင်းပါ၊ သတိထားရမှာက လေယာဉ်စီးခသက်သာလို့ ဒီလေဆိပ်ကိုဆင်းတဲ့ လေယာဉ်ကို ရွေးချယ်စီးမိရင် ဒီလေဆိပ်ကနေ ကီလိုမီတာ ၈၀ ကျော်ဝေးတဲ့ ပါရီမြို့ကို ထပ်သွားရမဲ့ စရိတ်နဲ့အချိန်ကို ထည့်တွက်ရမှာ ဖြစ်တာပါ၊ ပါရီနဲ့ ဘိုးဗေးလေဆိပ်ကို SuperShuttle ကားနဲ့သွားရင် ယူရို ၃၀ ကျော်ပေးရမှာဖြစ်ပြီး ကားမောင်းချိန် ၁ နာရီခွဲ အစဉ်မသင့်
တဲ့အခါမျိုးမှာ ၂ နာရီကျော် ကြာနိုင်ပါတယ်၊ ရိုးရိုး အဲယားပို့စ်ဘတ်စ်နဲ့ဆိုရင် ၁၆ ယူရိုပေးရပါ လိမ့်မယ်၊ အငှားကားခကတော့ လေယာဉ်ခထက် နှစ်ဆလောက်များပြားနိုင်ပြီး ပျမ်းမျှခြင်း ၁၅၀ ယူရိုလောက်ပေးရမှာပါ၊ ပြင်သစ်နိုင်ငံရဲ့ပြည်တွင်းသွားလာတဲ့ ရထားခတွေကားခတွေရဲ့ဈေးနှုန်းက တခြားသောနိုင်ငံများ ဥပမာ ဂျာမဏီနိုင်ငံထက် ပိုမိုဈေးကြီးပါတယ်၊ လာရောက်ကြတဲ့ နိုင်ငံခြား ခရီးသွားတွေများပြားသလို ဈေးနှုန်းတွေကလည်း မြှင့်တင်ထားပြီး ဒီခရီးသွားလုပ်ငန်းတွေက ဝင်တဲ့ ဝင်ငွေက နိုင်ငံတော်ဘတ်ဂျက်ထဲမှာ တော်တော်များတဲ့ ရာခိုင်နှုန်းပါ၊

 La cathédrale Saint-Pierre de Beauvais

ဒါပေမဲ့ လာရောက်တဲ့ ခရီးသွားဧည့်သည်တွေ အရေအတွက်ဟာ တနှစ်တခြား ပိုမိုများလာတာဘဲ တွေ့ရတာပါ၊ အဟောင်းတွေကို ထိမ်းသိမ်းထားပြီး ပြစားတဲ့ ခရီးသွားလုပ်ငန်းနဲ့ ရပ်တည်နေတဲ့ နိုင်ငံတခုလို့ သတ်မှတ်နိုင်ပါတယ်၊ ဒီပြင်သစ်ပြည်မြောက်ပိုင်း La Picardie ပြည်နယ်ရဲ့ တတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ဘိုးဗေးမြို့လေးမှာလည်းဘဲ ဘိုးဗေးလေဆိပ်ထက် ပိုပြီးထင်ရှားလူသိများတဲ့ အဆောက်အဦကတော့ ၁၃ ရာစု ၁၂၇၂ ခုနှစ်က စတင်တည်ဆောက်ခဲ့တဲ့ La cathédrale de Beauvais ရိုမန်ကာသိုလိပ် ဘုရားကျောင်းကြီးဘဲ ဖြစ်ပါတယ်၊ ဒီလို ရှေးဟောင်းအဆောက်အဦ ဘာသာရေး ယဉ်ကျေးမှု အဆောက်အဦဘဲဖြစ်ဖြစ် လမ်းဘေးသစ်ပင်ဘဲဖြစ်ဖြစ် သူ့သမိုင်း သူ့ ရာဇဝင်နဲ့သူ ရှိခဲ့တာတွေကို ထိမ်းသိမ်းသင့်တာတွေကို စုပေါင်းပြီးထိမ်းသိမ်းခဲ့လို့ ယခုအခါမှာ ဥရောပတလွှားမှာ ဘယ်နေရာဘယ်ဒေသ မြို့လည်ခေါင်ဘဲရောက်ရောက် တောချုံအုံကြားဘဲ သွားသွား တောင်ပေါ်တောင်အောက် မြစ်ကမ်းချောင်းနဘေးဘဲဖြစ်ဖြစ် ခရီးလှည့်လည် သွားရောက်ချင်သူတွေကို နောက်တခေါက်ထပ်လာချင်အောင် သဘာဝအလှတွေနဲ့ ဆွဲဆောင်ထား ပါတယ်၊ ဟိုတယ်ဇုံကြီးတွေ မိုပျံတိုက်ကြီးတွေနဲ့ သွေးဆောင်ဖျားယောင်းထားတဲ့ နေရာတွေ ရှားပါး လွန်းလှကြောင်းပါ ခင်ဗျာ၊

 L'aéroport de Beauvais-Tillé


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives