[moemakadaily@moemaka.biz] 21st March - MoeMaKa Daily

"၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေးမြင်းရိုင်း"ကို ဇောင်းထဲသွင်း ဇက်ခွံ့လိုက်သည့် "အရေးကြီးအဆို"
တူမောင်ညို (၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်)

ယခုအခါ ကြံ့ဖွံ့အမတ်များက "၂၀၀၈အခြေခံဥပဒေ" ပြင်ဆင်ရေးလှုပ်ရှားမှုကို ထားမြစ်ချုပ်ကိုင်နိုင်မည့် အဆိုတစ်ခုကို ပြည်သူ့ လွှတ်တော်တွင် တင်သွင်းအတည်ပြုခဲ့ပြီဖြစ်သည်။
မတ်လ ၁၅ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် တင်သွင်းအတည်ပြုခဲ့သည့် သူရဦးအေးမြင့်၏ "အရေးကြီးအဆို" သည် "ဝင်- ပြင်"သမား (ဝင်-ပြင်သမား = ၂၀၀၈အခြေခံဥပဒေဘောင်ထဲဝင်ပြီး အခြေခံဥပဒေပြင်ဆင်မယ်လို့ ဆိုသူတွေ) တွေရဲ့ လှုပ်ရှားမှုမှန်သမျှ ကို တားမြစ်ချုပ်ကိုင်လိုက်ခြင်းဖြစ်သည်။
 ဦးဝင်းတင် စကားနဲ့ပြောရရင် "သော့ခလောက်ကြီးတန်းလန်းနဲ့ လွှတ်တော်ထဲဝင်သွားတဲ့ ဒီချုပ်အမတ်တွေ"ကို နောက်ထပ် သော့ခလောက်တစ်လုံးနဲ့ ထပ်ပြီးခတ်လိုက်ခြင်းပင်ဖြစ်သည်။
ထို့အပြင် "တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း လိုရာဆွဲဆောင်ရွက်ခြင်းသည် နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားသည်"ဟု ပြည်သူ့ လွှတ်တော် ၌ ပြောဆိုခဲ့သော သူရဦးအေးမြင့်၏ စကားသည် အဓိပ္ပါယ် ၂ ခု တစ်ပြိုင်ထဲ သက်ရောက်နေပါသည်။
ပထမအဓိပ္ပါယ်မှာ"၂၀၀၈ အခြေခံဥပဒေ" ပြင်ဆင်ရေးကြွေးကြော်နေသော ဒီချုပ် (NLD) ၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) နှင့်"၂၀၀၈ အခြေခံဥပဒေ" ကို ဥပဒေအသစ်ဖြင့် အစားထိုးရန် ရေးသားဟောပြောနေသော ရှေ့နေဦးကိုနီတို့ကို  တိုက် ရိုက်ခြိမ်းချောက်ပိတ်ပင်၊ တားမြစ်လိုက်သည့်သဘောပင်ဖြစ်သည်။
ဒုတိယအဓိပ္ပါယ်မှာ ၂၀၀၈ အခြေခံဥပဒေ၊ပုဒ်မ၂၀(စ)အရ "အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်အဓိကတာဝန်ရှိသည်" ဟူသော ဗိုလ်မင်းအောင်လှိုင်နှင့် စစ်တပ်ကို မျက်စပစ်ပလိုက်ခြင်း လည်းဖြစ်သည်။
တင်သွင်းအတည်ပြုလိုက်သည့်အဆိုကိုဖတ်ကြည့်လျှင်ပင် သူတို့၏ ရည်ရွယ်ချက်က ထင်းကနဲပေါ်နေသည်။ ၂၀၀၈ အခြေခံ ဥပဒေတွင်မည်သည့်ပုဒ်မများ ပြင်ဆင်ရန်လိုအပ်/မလိုအပ်၊ မည်သည့်ပုဒ်မများပြင်ဆင်ရန်လိုအပ်သည်၊ မည်သို့ပြင်ဆင်မည်၊  မည်သည့် အချိန်အခါတွင် ပြင်ဆင်မည်ဆိုသည့်လုပ်ငန်းအားလုံးကို သူတို့ဖွဲ့စည်းပေးမည့် ကော်မရှင်/ကော်မတီတွင် လေ့လာသုံးသပ်မည်ဟုအဓိပ္ပါယ် ထွက်နေသည်။ ပြင်ဆင်ရမည့် အချက်အလက်ကိုရော ပြင်ဆင်မည့် အချိန်အခါကိုပါ လက်ဦးမှုယူပြီး ချုပ်ကိုင်လိုက်ခြင်းဖြစ်သည်။
ဤသို့ဖြင့် ပြင်ဆင်လိုသည့် ပါတီများနှင့် ပြင်ဆင်ရေးသားဟောပြောနေသော ပုဂ္ဂိုလ်များကို အဆိုပါ ကော်မရှင်/ကော်မတီတွင် ထည့်သွင်းဖွဲ့စည်းပေလိမ့်မည်။ သို့ဖြင့် "၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေးမြင်းရိုင်း"ကို ဇောင်းထဲသွင်း၍ ဇက်ခွံ့လိုက်သည့် သဘောဖြစ် သွားပေတော့မည်။ သို့ဖြင့်ဖွဲ့စည်းပေးမည့် ကော်မရှင်/ကော်မတီသည် ကျောကုန်းပေါ်ခွထိုင်ပြီး ဇက်ကိုင်ထားသူ၏ စေရာခရီးသို့ ဒုန်းစိုင်း ဆိုလျှင်ဒုန်းစိုင်းရပြီး ၊ အသားကျပြေးဟုဆိုလျှင် အသားကျပြေး ရပေတော့မည်။
 (ဗိုလ်) ဦးသိန်းစိန် အစိုးရဖွဲ့ပေးသောကော်မရှင်/ ကော်မတီများ မည်သို့သော ကံကြမ္မာသို့ ဆိုက်ရောက်သွားတတ်သည်ကို သိရှိ လိုလျှင် လက်တွေ့ပူပူနွေးနွေး တွေ့ကြုံလိုက်ရသည့် "လက်ပံတောင်းစုံစမ်းရေးကော်မရှင်" ကိုသာ ကြည့်လျှင်သိပါလိမ့်မည်။
"၂၀၀၈အခြေခံဥပဒေ"ကို ဒီချုပ် (NLD) ၊ ရှမ်းဒီချုပ်(NLD)တို့ပြောဆိုနေသော ထိထိရောက်ရောက်ပြင်ဆင်ရေး၊ ဒီမိုကရေစီ နည်းကျသော အခြေခံဥပဒေဖြစ်အောင်ပြင်ဆင်ရေးနှင့် ရှေ့နေဦးကိုနီတို့ ဟောပြောရေးသားနေသော အခြေခံဥပဒေအသစ်ရေးပြီးအစားထိုး ရေးတို့သည် "၂၀၀၈အခြေခံဥပဒေ"ဘောင်ထဲတွင် မည်သို့မျှမဖြစ်နိုင်ချေ။
လွှတ်တော်ထဲတွင် အမတ်ဦးရေက အဆုံးအဖြတ်ဖြစ်သည်။ ထိုအဆုံးအဖြတ်သည် ကြံ့ဖွံ့ပါတီလက်ထဲမှာရှိသည်။ ဒီချုပ် ပါတီ ရရှိထားသော အမတ်အရေအတွက်သည် ကြံ့ဖွံ့ပါတီ၏အစွန်းထွက်မျှပင် မရှိချေ။ ယင်းသို့များသည့် အမတ်ဦးရေက ဆုံးဖြတ်ခြင်းကို ဒီမိုကရေစီနည်းကျသည်ဟုလည်း ပြောကြလိမ့်မည်။
သို့ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်လိုသူ/ အခြေခံဥပဒေသစ်တစ်ခု ထပ်မံရေးဆွဲပြီး အစားထိုးလိုသည့်လူပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများကို ကော်မရှင်သို့မဟုတ် ကော်မတီအောက်သို့ ဆွဲသွင်းပြီး ချုပ်ကိုင်တော့ပေမည်ဖြစ်သည်။
"ဝင်- ပြင်"သမားများ အတွက် "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ" က သင်ခန်းစာများစွာ၊ အတွေ့အကြုံများစွာကို တမျိုးပြီး တမျိုး မရိုးရအောင်ပေးပါလိမ့်မည်။ တပြိုင်နက်တည်းတွင် "စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ"၏အရသာကိုလည်း အသေအချာစားသုံးရပါလိမ့် မည်။
၂၀၀၈ အခြေခံဥပဒေကိုထိထိရောက်ရောက် မပြင်ဆင်နိုင်လျှင်/ အသစ်ရေးပြီးအစားမထိုးနိုင်လျှင် အနိမ့်ဆုံးအားဖြင့် "သမ္မတ ဖြစ်ရေး" မှသည် အမြင့်ဆုံးအားဖြင့် "စစ်မှန်သော ဒီမိုကရေစီအရေးနှင့် ပြည်ထောင်စုစစ်စစ်ပေါ်ထွန်းရေး" တို့သည် ဝေးနေမြဲဝေးနေဦး မည်သာဖြစ်သည်။ 
ဒီမိုကရေစီရှေ့ခရီးကို ရဲရဲချီတက်မယ်၊ "၂၀၀၈အခြေခံဥပဒေ"ကို ပယ်ဖျက်ပြီး ဒီမိုကရေစီနည်းကျတဲ့ အခြေခံဥပဒေသစ်တစ်ခု ရေးဆွဲပြီး အစားထိုးမယ်လို့ တကယ်တန်းရည်ရွယ်ထားတယ်ဆိုရင် လွှတ်တော်ပြင်ပလူထု၊ လမ်းမပေါ်က လူထုလှုပ်ရှားကို မျက်နှာမူကြရ ပါ လိမ့်မည်။
"နောက်ကြောင်းပြန်လှည့်သွားလိမ့်မယ်"ဆိုတဲ့ တစ္ဆေကို ကြောက်နေရင်တော့ ရှေ့ဆက်တိုးစရာမရှိဘဲ၊ သူတို့ခွင့်ပြုထားတဲ့ "စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီဘောင်"ထဲတွင် တဝဲဝဲတလည်လည်ဖြစ်နေကြရပါလိမ့်ဦးမည်။
(Photo – Popular News, Facebook, Thuya Aye Myint)

SAW Ngo - no where to go - Bayar Gyi

ကာတွန်း စောငို - ဘုံပျောက်တဲ့ ဘုရားကြီး
မတ် ၂၁၊ ၂၀၁၃

Maung Luu Yay - Letpadaung # 3



ပြည်သူ့အတွက် ရေရှည်အကျိုးစီးပွားတဲ့ဗျား
မောင်လူရေး၊ မတ် ၂၁၊ ၂၀၁၃
(လက်ပံတောင်းကို ဖတ်ရှုခြင်း အပိုင်း ၃)
လက်ပံတောင်းတောင်ကိစ္စမှာ နိုင်ငံတော် ဆိုတာ ဘယ်မှာလဲလို့ ရှာပုံတော်ဖွင့်မိတယ်။
သတ္ထုတွင်းနဲ့ ဦးပိုင်နဲ့ စာချုပ်တယ်၊ ပီးတော့ ဦးပိုင်နဲ့ ဝမ်ပေါင် စာချုပ်တယ်၊ အဲဒီထဲမှာ ဦးပိုင်က ၅၁၊ ဝမ်ပေါင်က ၄၉ ခွဲယူကြမယ်။ သတ္ထုတွင်းဝန်ကြီးဌာနဆိုတဲ့ နိုင်ငံတော်လားမသိဘူး၊ အဲဒါပျောက်သွားပြီ။ ဒီလိုဆို ဦးပိုင်က ကာကွယ်ရေးဝန်ကြီးဌာနအောက်ကဆိုတော့ ကာကွယ်ရေးက နိုင်ငံတော်လေလားပေါ့။ ဒါလဲ မဟုတ်ပြန်ဘူး၊ ကာကွယ်ရေးကငွေကို နိုင်ငံတော်က စာရင်းတောင်စစ်ခွင့်မရှိလို့ အခြေခံဥပဒေကဆိုထားတာကတကြောင်းရယ်၊ နောက်တခါ ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံတော်ကတောင်းခံတာရယ်ဆိုတော့ ဒီနေရာမှာ ကာကွယ်ရေးကလဲ နိုင်ငံတော်မဟုတ်ပြန်ဘူး။
နိုင်ငံတော်အတွက်လို့တော့ ဒေါ်စုရော၊ ကော်မရှင်ရော၊ ဟိုလူရော၊ ဒီလူရော ပြောနေကြတာဘဲ။ ကျုပ်တော့ ပါဝါနဲလို့လား မသိဘူး၊ နိုင်ငံတော်ကို မမြင်မိဘူး။
စုံစမ်းစစ်ဆေးရေးကော်မရှင်ဆောင်ရွက်ရာတွင် အခြေခံသည့်မူများဆိုတဲ့ဟာထဲမှာ ပြည်သူ့အတွက် ရေရှည်အကျိုးစီးပွား ဆိုတာ ပါတယ်။
ကော်မရှင်ဟာ ဒေသခံတွေနဲ့တွေ့တဲ့အခါ အောက်ပါစကားများကို နာကြားခဲ့ရပါတယ်။
စီမံကိန်းရပ်စေလို၊ မိုင်းဒဏ်ခံရ၊ စားကျက်မြေရှား၊ ဘိုးဘွားပိုင်မြေမှာသာ လုပ်ကိုင်လို၊ တောင်မပျက်စေလို၊ လယ်ယာမြေတွေ မသိမ်းစေလို၊ နိုင်ငံတော်နဲ့ ဝမ်ပေါင်ဘာတွေသဘောတူထားသလဲ၊ သာသနိကအဆောက်အဦတွေ၊ အထိမ်းအမှတ်နေရာတွေ မပျောက်စေလို၊ အကြမ်းဖက်ဖြိုခွင်းမှုကို ဖေါ်ထုတ်ပေးစေလို၊ အက်စစ်ဖျန်းတဲ့မြေပုံတွေက ရွာနဲ့နီး၊ ရွာပျောက်မှာစိုးရိမ်၊ အက်စစ်ငွေ့ကြောင့် တိရစ္ဆာန်တွေအတွက် အစာရေစာရှားပါး၊ ကျန်းမာရေးထိခိုက်၊ မျက်စိစပ်၊ သွပ်ပေါက်၊ ရေမသန့်၊ ခွင့်ပြုချက်မရှိတဲ့အက်စစ်စက်ရုံ၊ စံမမီစက်ရုံမှ တနေ့ အက်စစ်တန်ငါးဆယ်ထွက်၊ အန္တရာယ်ရှိစသဖြင့်ပေါ့လေ။
နောက်ထပ် အများကြီး---ဒေသခံပညာရှင်ဒေါက်တာကျော်တင့်က သူ့ရဲ့ မုံရွာကြေးနီသိုက်များကို သိပ္ပံနည်းကျလေ့လာခြင်းထဲမှာ ပြောတာ နားထောင်ကြည့်ပါအုံး။
ပတ်ဝန်းကျင်ကကောမြတ်ရဲ့လားတဲ့ သူက မေးပြောလေးပြောထားတယ်။
            "ဟုတ်ကဲ့၊ပတ်ဝန်းကျင်ပျက်စီးမှုရှိမရှိကိုမေးတာမျိုးမဟုတ်လား။တောင်ဖြိုတော့လဲ ပတ်ဝန်းကျင်အနေအထားက အရင်လိုတော့ဘယ်ဟုတ်လိမ့်မလဲဗျာ။ ကျားကိုက် ခံရမှတော့ နာတာရှည်လား လာမေးသလိုဖြစ်နေပါပြီ။ ပစ် (pit) ဆိုတဲ့ကျင်းကြီး တွေလဲတူးကြတာဆိုတော့။ နောက်ပြီး ထွက်လာတဲ့မြေစာကျောက်တုံးကျောက်ခဲတွေ။ သတ္တုရိုင်းကို သန့်စင်ရလို့ စွန့်ပစ်ဓါတုပစ္စည်းတွေ။ အကွက်ချလေ့လာရမဲ့ဟာက လေးပိုင်းတောင်ရှိတာပဲ။
            အဲ- ဒါပေမဲ့ ဒေသခံညီနောင်ရင်းတွေ အလုပ်ရကြတော့ ကောင်းပေစွလို့တွေးနိုင် ဘူးလား။ တောင်ကြီးကို ဖြိုတာဆိုတော့ နယ်ခံအလုပ်သမားကတော့ အများကြီးလိုတာ ပေါ့။ အမြတ်ထွက်ဖို့ဆိုရင် ဒီအလုပ်သမားစရိတ်ကလဲ သေးဖို့ လိုတာပဲလေ။ မြန်မာပြည်က အလုပ်သမားစရိတ်က သိပ်မရှိတော့ လုပ်ပျော်သား။ ဘူဒိုဇာမောင်းသူ၊ ထရပ်ကား မောင်းသူတစ်ယောက်ကို ကနေဒါမှာဆိုတစ်လ ဒေါ်လာ ၃၅၀၀ အနိမ့်ဆုံးနဲ့ကျန်းမာရေး အာမခံအပြည့်၊ တရုပ်ပြည်မှာဆို ဒေါ်လာ ၁၅၀၀ ဆိုပါတော့။ မြန်မာပြည်မှာဆို ဘယ် လောက်ပေးရမလဲ သိကြမှာပေါ့။ မြန်မာအလုပ်သမားက ပေးရတာနည်းပြီး များများခိုင်း ရမယ်ဆိုရင် ပုံမှန်အမြတ် တကယ် မထွက်နိုင်တဲ့ လုပ်ငန်းကနေတောင် အမြတ်တွေ ဘာတွေမြင်လာနိုင်တာပေါ့။
"သည်မြန်မာအလုပ်သမားတွေရဲ့လက်နဲ့ သည်မြန်မာ တောင်ကြီးကိုဖြိုပြီး သည်နားကရွာတွေ၊ ယာတွေပေါ်များသွားပုံနိုင်ခဲ့လျှင် "  ဖက်စပ်လုပ်တဲ့ လုပ်ငန်းရှင်ကြီးတွေ ချမ်းသာနိုင်ကြမှာပါ။"
            "ကဲ - စပါယ်တောင်ကလေးတစ်လုံးတည်းနဲ့ မြေစာတန်ချိန်သန်းပေါင်း ၁၀၀ က လက်ဦးပထမနေရာသစ်သို့ ရောက်ခဲ့တာနော်။ အနီးဆုံးဖြစ်တဲ့ဒုံးတော၊ ဂုဏ်တော၊ ကံ ကုန်း၊ ရွာသာရွာတွေမှာ နေရာလပ်ရှိကြလား။ နေရာလပ်မရှိလဲ ဝေးဝေးပို့နိုင်တာမဟုတ် တော့ ရှိတဲ့နေရာမှာပဲ ပုံရတော့မှာပဲ။ ကြဲနေကျ ကုလားပဲတွေ စိုက်နေကျ ကြက်သွန် တွေမစိုက်ရလဲ ဒုတ္ထာနံ့သာ တဝရှုရင်း အိပ်ကြပေတော့။
အခုတောင် အနီးအနားမှာ လက်ညှိုးညွှန်ရာ မြေစာပုံဖြစ်နေပြီ။ ဒီအောက်ကဓါတ်ပုံမှာ ယမားချောင်းတောင်ဘက် ဘေးတလျှောက် ဒုံးတောကိုဖြတ်၊ ကံကုန်းကိုပတ်ပြီး အရှေ့အနောက်သွယ်တန်းနေတဲ့ အဖြူရောင်မြေစာကျောက်ပုံတွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတည်းက အောက်မှာ ပုံးနေခဲ့တဲ့မြေစာတွေကို နိုင်ငံခြားကလူကြီးတွေ လာတူးထုတ်ပြီး လာပုံပေး သွားတဲ့ ဧရိယာပဲ။
စပါယ်တောင်သတ္တုသိုက်၃နေရာလေးကို ဖော်လိုက်တဲ့စီမံကိန်း ကြောင့် စုစုပေါင်းစတုရန်းမိုင် ၁၂မိုင်လောက် အပေါ်အကျိုးသက်ရောက်ခဲ့ပြီဆိုတော့ အကျယ်အဝန်းအားဖြင့် မုံရွာတစ်မြို့စာလောက်ရှိပြီပေါ့။ လုပ်သင့်လို့ ဆက်လုပ်မယ် ဆိုရင်လဲ ဒီထက်အဆများစွာ ပိုကျယ်လာအုံးမယ်ဆိုတာ၊ အထက်ကဇယားထဲမှာပါတဲ့ ကိန်းဂဏန်းတွေက ညွှန်ပြနေလေတယ်။
သတိထားရမှာက ဒီအရပ်ဟာလူနေတဲ့ အရပ်ပါ။ စပါယ်တောင်လုပ်ငန်းနဲ့အနီးကပ်ဆုံး ဒုံးတော၊ ဂုဏ်တော၊ ကံကုန်းစတဲ့ ထိစပ်နေတဲ့ရွာတွေကိုပေါင်းရင် အိမ်ခြေသုံးလေးလေးထောင်ထက် နည်းစရာမရှိပါဘူး။ သိတဲ့အတိုင်း ဒီအရပ်က လူတွေဟာတောင်သူလုပ်ငန်းနဲ့ အသက်မွေးကြတဲ့သူတွေ မဟုတ်လား။ ချောင်းကလဲရှိတော့ မြေသြဇာကလဲ ကောင်တဲ့အမျိုးအစားထဲမှာပါခဲ့လို့ပဲ၊ ဆေးရွက်ကြီး၊ ငရုပ်၊ ကြက်သွန်၊ ပြောင်းစတဲ့ အသီးအနှံထွက်တွေ ကောင်းခဲ့လွန်းတာမို့ သီးနှံပေါ်ချိန်ရောက်တိုင်း မုံရွာမန္တလေးက လာဝယ်သူကုန်သည်တွေ ခြေချင်းလိမ်နေခဲ့ ပါတယ်။
            ဒီအရပ်ကလူတွေဟာ မြေယာတွေမရှိတော့ရင် ဘာမှလုပ်မစားတတ်ရိုးအမှန်ပါ။ သူတို့မြေပေါ်မှာ စပါယ်တောင်ကမြေစာတွေမခေါ်ပဲရောက်လာတော့ လုပ်စားစရာ ပျောက်သွားလို့ မိုးရေနဲ့ပျော်ထွက်လာတဲ့ အပြာရောင်အရည်ကနေ ဒုတ္ထာတွေချက် ကြမယ်ဆိုပြီး အရှင်လတ်လတ် ဟင်းလင်းပြင်ဓါတ်ပေါင်းအိုးထဲဝင်ကာ စားစရာရလို ရငြား ရှာဖွေနေကြတာများ ဓါတ်ပုံထဲများ မြင်တော်မူကြတဲ့အတိုင်းပါပဲ။ မျက်စိတွေစပ်ပြီး အသားတွေယားခဲ့ရင်တောင်မှ ညဘက် အိမ်ပြန်တော့ ရေတွင်းကရေနဲ့ ချိုးလိုက်ရုံပဲ။ ရေတွင်းရေကဆပ်ပြာတိုက်လဲ အမြှုပ်ထွက်လာတာ မဟုတ်တော့ ဆပ်ပြာတောင်တိုက်စရာပဲ အသားယားတာ ပြေနိုင်မလား။"
"စပါယ်တောင်ဘေးစောင်းမှာ အပုံလိုက်ဖျော်တဲ့နည်းအတွက် ခင်းထားတဲ့ခုံ leas-hing pad အခင်းအကျယ်က ဧက ၃၅၀ကျော်နေတော့ အဲသည်ကစိမ့်ထွက်လာတဲ့ သတ္တု ဖျော်ရည် ပျင်းပျင်းနဲ့ပဲ ခရီးဆက်ကြတာပေါ့။ "
            "စိမ့်ထွက်လာတဲ့ ကော့ပါးဆာလ်ဖိတ်ရည်တွေက ဘေးကခံထားတဲ့ ကန်တွေ ထဲကို အလိုအလျှောက်စီးဝင်လာကြတယ်။ ကန်တွေဆောက်တုန်းက အရည်မစိမ့်နိုင် အောင် ကြမ်းခင်းတစ်မျိုးမျိုး ထူထူခံထားခဲ့ရင်တော့ မြေအောက်ရေထဲအထိ အဲသည်ဓါတုရည်တွေ မရောက်ဘူးပေါ့။ ဒီမိုင်းမှာ အဲသလိုကြိုတင်စဉ်းစားဆောက်ထား သလားတော့ အလွယ်တကူစစ်လို့ရနိုင်တာဖြစ်သလို ဘေးပတ်ဝန်းကျင်အဖြစ်အပျက် တွေကတစ်ဆင့်လည်း သိနိုင်တာပေါ့။
ဆရာနန်းတော်ရှေ့ရေးသလို 'နောက်တော့လည်းသိကောင်းပါရဲ့ရှင်' ပေါ့ လေ။"


            "မကြေးနီတစ်ပြားလေးထွက်လာဘို့ အိုးသတ္တုရိုင်း ၃၅တန် တောင်စောင်းမှာ           အညှစ်ခံရမယ်။ သုံးမရတဲ့ကျောက်တွေ မြေစာတွေ တန် ၁၀၀ လောက် ပတ်ဝန်းကျင်မှာ ရှောက်ပုံရမယ်။ နောက်ရေတွေ၊ ဓါတ်ငွေ့တွေ။ တန်ဘိုးကြီးလိုက်တာ။"
            "အခုစပါယ်တောင်က အက်ဆစ်ဂါလံပေါင်း ဘယ်လောက်သုံးပြီးပြီလဲ။ နောက် ဘယ်လောက်သုံးဦးမှာလဲ။ ဘယ်သူက ဘယ်လိုခွင့်ပြုတာလဲ။ အထူးသဖြင့် ဘေးနားက လူတွေကို အသိပေးခဲ့ရဲ့လား။ စည်းမရှိတဲ့မိုင်းတွေရဲ့ဘေးနားမှာ တွေ့ရတတ်တဲ့ အောက်ကဓါတ်ပုံကလို အက်ဆစ်အိုင်တွေတွေ့နေရပြီလား။ အခုမတွေ့သေးလဲ နောက်တော့ တွေ့မှာလား။
            နောက်တစ်ခု ပတ်ဝန်းကျင်လေထုထဲကို အတားအဆီးမရှိထွက်သွားမှာက စက် ရုံရဲ့အမြင့်ဆုံးခေါင်းတိုင်ကထွက်တဲ့ ဆာလ်ဖါဒိုင်အောက်ဆိုဒ်လို ကာဗွန်ဒိုင်အောက် ဆိုဒ်လို ဓါတ်ငွေ့တွေ။ အားလုံးက အက်ဆစ်မိုးရွာနိုင်တယ်။ မိုးပေါ်တက်သွားပြီးရင် အနီးတဝိုက်မှာလဲ ပြန်ကျနိုင်သလို၊ လေသင့်ရင် ခပ်ဝေးဝေးမန္တလေးတောင်အထိ မရောက်ဘူးလဲ မဆိုနိုင်ဘူး။ အဲ- အခုနည်းပညာသစ်ကိုသုံးနေလို့ အဆိပ်ဓါတ်ငွေ့ သိပ်မထွက်တော့ပါဘူးဆိုရင်လဲ အဝေးကလူတွေအသက်ရူချောင်ပေမဲ့ မပြတ်တမ်း သွန်းလောင်းနေတဲ့ အက်ဆစ်တွေကြောင့် အနီးကလူတွေမှာတော့ အသက်ရူကြပ် ရဦးမှာ။
            အဲလေ၊ ကြေးနီနဲ့ကပ်ပါသေးတဲ့ ရွှေ၊ငွေ၊မိုလီဘီဒ်နမ်၊ အသေးအဖွဲလေးတွေလဲ တန်တာမတန်တာ အပထား၊ စရိတ်ကာမိတာမကာမိတာအပထား၊ လိုချင်ပါသေးရဲ့ ဆိုရင် ခုနကတင်ပြခဲ့တဲ့ ဓါတုဆေးတွေအပြင် ဆိုင်ယင်နိုက်စတဲ့ သင့်တော်ရာဆေးတွေ ထပ်ထည့်ပြီး ခွဲယူရမှာ။ အဲသည်ဆေးတွေကြောင့် ဖြစ်လာမဲ့ စွန့်ပစ်ဓါတုပစ္စည်း စာရင်းက နောက်ထပ်ဆယ်ခုမက တိုးလာမယ်။ စည်းကမ်းရှိရှိ စွန့်တတ်ကြပါစေလို့ ဆုတောင်းပြည့်မဲ့ လေညှင်းတောင် ဘုရားပေါ်တက်ကာ ဆုတောင်းရုံပဲရှိတယ်။"
နာရတာ စိတ်ဆင်းရဲစရာကောင်းတဲ့ အမှန်တရားတွေပါ။
အဲသလို ဘေးအန္တရာယ်နဲ့ ညစ်ညမ်းမှုဒဏ်ခံရတဲ့ဒေသတွေဟာ ကော်မရှင်ပြောတဲ့၊ အမျိုးအမည်တိတိပပမသိရတဲ့ နိုင်ငံတော်အတွက်ပေါ့လေ၊ စွန့်လွတ်ပေးဆပ်ရတဲ့နေရာတွေ ဖြစ်နေပါပြီ။ သူတို့ကို ဘယ်စာနာမှုမျိုးနဲ့ ဘယ်လိုနှစ်သိမ့်ကြမှာလဲ။
တကယ်တော့ ဆုံးဖြတ်ချက်ချမှတ်သူတွေဟာ လုံခြုံရာဒေသကလူတွေပါ။ ရေသန့်သောက်၊ အဲယားကွန်းနဲ့နှပ်နေသူတွေပါ။ နေရောင်မခံ ပန်းပျံပင်ဆင့်တွေပါ။ မြေနှင့်ရန်ဖက်တွေပါ။ ခက်လက်စိမ်းမြ မိုးမခတွေပါ။
ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့အာဏာရှိသူတွေ၊ မူဝါဒအကြံပေးတွေဟာ သဘာဝပတ်ဝန်းကျင်ပျက်တဲ့ဘေးတွေ၊ ဒဏ်တွေကနေ လွတ်လွတ်ဝေးဝေးကင်းကင်း နေနိုင်သူတွေချည်းပါဘဲ။ တကယ့်ဒေသခံတွေရဲ့ ဘဝအခက်အခဲအကျပ်အတည်းတွေကို နားလည်ပေးနိုင်ကြသူတွေ မဟုတ်ပါဘူး။
သူတို့ဆီမှာ နိုင်ငံတော်အတွက်၊ အနာဂတ်အတွက်၊ ရေရှည်ကောင်းဖို့အတွက်၊ အပြောင်းအလဲအတွက် သတ္တိရှိပါစတဲ့စကားလုံးလှလှလေးတွေနဲ့ သူတို့ရဲ့မမျှတမှုကို ဖုံးကွယ်တဲ့ပြောဆိုချက်တွေ ထွက်လာပါတယ်။
တကယ်တော့ ဖွံ့ဖြိုးရေးဆိုတာ ဆင်းရဲသားတွေဆီအမြန်ဆုံးရောက်လာတဲ့ကပ်ဆိုးပါ။ ဖွံ့ဖြိုးရေးအတွက် သယံဇာတတွေထုတ်ယူလိုက်တဲ့အခါ သဘာဝပတ်ဝန်းကျင်ဟန်ချက်ပျက်ပြီး နဂိုဆင်းရဲလို့ ဆေးမကုနိုင်တာကနေ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းလို့ ကင်ဆာ၊ ရင်ကြပ်ပန်းနာစတဲ့ ရောဂါစုံထူပြောမှုပါ ဆတိုးပေါ်လာပါတယ်။ နောက်ဆက်တွဲအနေနဲ့ နေပျော်တဲ့၊ နေသင့်တဲ့ပတ်ဝန်းကျင် ပျောက်ပြီး စိတ်စွမ်းရည်တွေပါ ရှာမရဖြစ်သွားကြရမှာပါ။ အဲဒီဒေသဟာ ဓာတုအဆိပ်တွေနဲ့ဘဲ ရိုးမြေကျပေါင်းဖက်သွားရတော့မှာပါ။ အဲဒီညစ်ညမ်းတဲ့သဘာဝပတ်ဝန်းကျင်ဟာ ဒေသခံတွေရဲ့ အသက်ရှင်ခွင့်ကို ခြိမ်းခြောက်နေပါပြီ။ ခင်ဗျားမသေချင်သလို ဘယ်သူမှ မသေချင်ပါဘူး။ ဒါ သေချာပါတယ်။ အသက်ရှင်နေဖို့အတွက် ဘေးကင်းကောင်းမွန်တဲ့သဘာဝပတ်ဝန်းကျင်ဟာ မရှိမဖြစ်လိုပါတယ်။ အဲဒီဝန်းကျင်နဲ့ အသက်ရှင်မှုကိုထိခိုက်နိုင်တဲ့ ဘယ်စီမံကိန်းမဆို ဒေသခံတွေက သဘောမတူရင် မလုပ်ကောင်းပါဘူး။
တကယ်တော့ ကြေးနီထုတ်ယူတာဟာ အဲဒီဒေသခံဆင်းရဲသားတွေကို ကာကွယ်ပေးနိုင်တာ ဘာတခုမှ မရှိပါဘူး။ တဖြည်းဖြည်းနဲ့ လူမှုရေးစည်းတွေပါကျိုးပေါက်ပြီး လူ့တန်ဖိုးတွေပါ ပျောက်ဆုံးသွားမှာပါ။
မောင်လူရေး

Nyein Chan Aye - Articles


"Moral Authority"၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗမာ့နိုင်ငံရေး
ငြိမ်းချမ်းအေး
မတ်လ ၂၁၊ ၂၀၁၃



ဒေါ်အောင်ဆန်းစုကြည် ရဲ့ လက်ရှိ ရပ်တည်ချက်၊ ဗမာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်း၊ ဖွံ့ဖြိုးတက်မှု အလားအလာ စတဲ့ ဗမာ့အရေးကိစ္စတွေ ကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အောက်စဖို့ဒ် တက္ကသိုလ် အရှေ့တောင်အာရှရေးရာ ဆွေးနွေးပွဲ အစီအစဉ် အနေနဲ့ ပညာရှင်များက ဆွေးနွေးသုံးသပ်ခဲ့ကြရာမှာ "She had lost "moral authority" by failing to be more vocal on human rights abuses." ဆိုပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ အပေါ် ဒေါ်ဆောင်ဆန်းစုကြည် အနေနဲ့ အရင်လို ခပ်မာမာရပ် အသံမထွက်တော့တာကြောင့် သူ့ရဲ့ "Moral Authority" ဆုံးရှုံးခဲ့ရတယ် လို့ သုံးသပ်ထားတာ တခုပါခဲ့တယ်။  သတင်းဌာနတခုက အဆိုပါ ဆွေးနွေးပွဲ သတင်းကို ရေးသားရာမှာ "Moral Authority" ကို "စိတ်ပိုင်းဆိုင်ရာ သြဇာညောင်းမှု" လို့ ဘာသာပြန်ထားတာလည်း သတိထားလိုက်မိတယ်။ သတင်းအနေနဲ့ ဘာသာပြန်ရတာဖြစ်လို့ လိုတိုရှင်း ချုံ့ပြန်ရတဲ့အတွက် "Moral Authority" ရဲ့ အဓိပ္ပာယ် ကို ဘာသာပြန်ချက်က တစိတ်တပိုင်းသာ ဖောင်ဆောင်နိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ "Moral Authority" အကြောင်း အကျယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြစ်ပေါ်လာခဲ့တဲ့ နောက်ခံ၊ လက်ရှိ အခြေအနေ၊ အနာဂတ် နဲ့ ဗမာ့နိုင်ငံရေးဓလေ့ကို ဆွေးနွေးချင်ပါတယ်။


ပထမဦးဆုံး အနေနဲ့ "Moral Authority" ကို အတို ဘာသာပြန်ရရင် "ကျင့်ဝတ် ပိုင်းဆိုင်ရာ စံနမူနာပြု ဦးဆောင် လမ်းပြ၊ လွှမ်းမိုး ချုပ်ကိုင်၊ သြဇာညောင်းနိုင်မှု" လို့ စာရေးသူအနေနဲ့ ဆိုပါမယ်။  အဓိပ္ပာယ်ကို အကျယ် အနက်ဖွင့်ရင် ၀ိဇ္ဇာ (ပညာ) နဲ့ စာရဏ (အကျင့်) ကို ထပ်တူပြု သိမြင် ကျင့်ကြံ စံပြ လုပ်ဆောင်နိုင်မှုကနေ သီလ၊ သမာဓိ၊ စာရိတ္တ၊ ကျင့်ဝတ် ပိုင်းဆိုင်ရာ အတွေးအခေါ်တွေ ဖော်ထုတ်နိုင်၊ လူသားတွေအပေါ် ရှေ့ဆောင် လမ်းညွှန် သင်ပြနိုင်၊ လူသားတွေအတွက် စိတ္တ အာဟာရ ခွန်အားကို ဖြည့်စွက်နိုင်ကာ လူသားတွေက ပြန်လည် စံနမူနာပြု လိုက်လံ အတုယူ၊ ရိုသေ၊ မြတ်နိုး၊ ကိုးစားမှု ခံယူရခြင်းနဲ့အတူ လူသားတွေအပေါ် လွှမ်းမိုးနိုင်မှု သြဇာ ဖြစ်ပေါ်လာပါတယ်။


ဒါတွေ အားလုံးဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ "စံနှုန်း၊ သတ်မှတ်ချက် (Norm)" တွေ၊ "မူဝါဒ (Principle)" တွေ နဲ့ တန်ဖိုး (Value) တွေကို အခြေခံပြီး စံနမူပြု ရေရှည် ကျင့်ကြံ လုပ်ဆောင်ပြနိုင်မှု ရလဒ် ဖြစ်ပါတယ်။ တနည်းအားဖြင့် ဒီ ရလဒ်ဟာ အသိအမြင်၊ ဗဟုသုတ များပြားခြင်း၊ အကျင့် သီလ စင်ကြယ်ခြင်း၊ ကျိုးကြောင်း ဆင်ခြင် ပိုင်းဖြတ် နိုင်မှု ရှိခြင်း၊ ဦးဆောင် လမ်းညွှန် နိုင်စွမ်း ရှိခြင်း၊ မိမိအလုပ်ကို တစိုက်မတ်မတ် စူးနစ် စွဲမြဲ လုပ်ကိုင်မှု ရှိခြင်း၊ လူသား အကျိုး ဆောင်ရွက်နိုင်မှု ရှိခြင်း၊ လူသားတွေရဲ့ ဒုက္ခဆင်းရဲ ကို ကယ်တင် လွတ်မြောက် နိုင်စေတဲ့ စွမ်းပကား ရှိခြင်း၊ လူသားတွေကို ဉာဏ်ပညာ အလင်း ဖွင့်ပေး နိုင်စွမ်းရှိခြင်း စတဲ့ အသိ/အတတ် ပညာ တင်မကတဲ့ ဖြောင့်မတ် မှန်ကန် ဆင်ခြင်ဆုံးဖြတ်နိုင်မှု ဉာဏ်ပညာ၊ ကျင့်ဝတ် အလုပ် နဲ့ အထုံ ပါရမီ တို့ ပေါင်းစပ်ထားခြင်းလည်း ဖြစ်ပါတယ်။


ဆိုခဲ့တဲ့ ကျင့်ဝတ် "စံနှုန်း၊ သတ်မှတ်ချက် နဲ့ မူ" တွေဟာ လူလုပ် ဥပဒေ ဆိုတာတွေထက် ပိုလေးနက်ပြီး အခြေခံကျသလို လူသားတွေရဲ့ အတွင်း အဇ္ဈတ္တသန္တာန် (Inner Nature) ကို လွှမ်းမိုးနိုင်၊ ကာလကြာရှည် စွဲမြဲနိုင်စွမ်းလည်း ရှိပါတယ်။


အထက်မှာ ဆိုခဲ့တဲ့ ဖွင့်ဆိုချက် အရ လူသားတွေအပေါ် "Moral Authority" အရှိဆုံးကတော့ ကမ္ဘာမှာ ပွင့်တော်မူခဲ့တဲ့ ဘာသာတရား အသီးသီးရဲ့ ဘုရားတွေ ဖြစ်ပါတယ်။ ဗုဒ္ဓ ရဲ့ ဘုရားဂုဏ်တော် (၉) ပါး ဟာ ဘုရားရှင်ရဲ့ "Moral Authority" ရှိမှုကို ညွှန်းဆိုထားခြင်းလို့ ဆိုနိုင်ပါတယ်။ ခေတ်အဆက်ဆက် နဲ့ မျက်မှောက်ခေတ် ကမ္ဘာရဲ့ ထေကြီးဝါကြီး ရဟန်းသံဃာတော်တွေ၊ ဘာသာတရားအသီးသီးမှ ကြီးမြတ်တဲ့ ဘာသာရေး ခေါင်းဆောင်တွေ ဟာလည်း လူသားတွေအပေါ် "Moral Authority" သြဇာကြီးတယ်လို့ ဆိုနိုင်ပါတယ်။


ဒါ့အပြင် ကိုးကွယ်ယုံကြည်မှု ဘာသာတရားတွေ နဲ့ မသက်ဆိုင်တဲ့ အခြား လူသားအကျိုးပြု စွမ်းဆောင်နိုင်စွမ်း ရှိတဲ့ သာမန် လူသား ပုဂ္ဂိုလ်တွေမှာလည်း "Moral Authority" သြဇာ ရှိနိုင်ပါတယ်။ အကြောင်းက လုပ်ရပ်တခုခု၊ ဖြစ်စဉ်တခုခု၊ အကြောင်း ကိစ္စ တခုခု ကနေပြီး ကမ္ဘာ့ လူသား အကျိုးပြု နဲ့ လောကီ ရေးရာ လွတ်မြောက်၊ ငြိမ်းချမ်းရာ လုပ်ငန်းတွေ စွမ်းဆောင်ပေးနိုင်စွမ်းတဲ့ လူပုဂ္ဂိုလ်တွေမှာလည်း သူမတူ ထူးခြား၊ ရှားပါးတဲ့ "သီလ၊ သမာဓိ၊ ပညာ" ရှိနေလို့ဖြစ်ပါတယ်။ အဆိုပါ ပုဂ္ဂိုလ်မျိုးတွေဟာ မနှိုင်းအပ်ပေမယ့် ဘုရားဂုဏ်တော် (၉) ပါး နဲ့ မြင်သာအောင် ဆိုရရင် "သုဂတိ (သီလ၊ သမာဓိ၊ ပညာ ကို အခြေခံပြီး ကောင်းမြတ်သော စကား နဲ့ အလုပ်ကိုသာ ဆိုခြင်း၊ ပြုခြင်း၊ သွားခြင်း၊ လာခြင်း)" ဆိုတဲ့ ဂုဏ်နဲ့ ပြည့်စုံနေလို့ ဖြစ်ပါတယ်။ အတုမရှိတဲ့ ဘုရား လို "သတ္တ၊ သြကာသ၊ သင်္ခါရ" ဆိုတဲ့ လောကသုံးခွင်ကို အကုန်အစင် သိမြင်နိုင်မှု "လောကဝိဒူ" ဂုဏ်မြောက်၊ သစ္စာလေးပါး အမှန်တရားကို ပိုင်းခြား သိမြင်နိုင်မှု မရှိပေမယ့် အဆိုပါ လူသားအကျိုးပြု လူပုဂ္ဂိုလ်တွေမှာ လူသား အတိုင်းအတာအရ "သီလ၊ သမာဓိ၊ ပညာ" အလုပ်၊ "၀ိဇ္ဇာ စရဏ သမ္ပန္န" ဆိုတဲ့ အသိဉာဏ် ပညာ (၀ိဇ္ဇာ) နဲ့ အကျင့်တရား (စရဏ) ပြည့်စုံနေလို့ ဖြစ်ပါတယ်။


ဥဒါဟရုဏ် ပြုရရင် မဟတ္တမဂန္ဒီ (၁၈၆၉-၁၉၄၈) လို ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးမျိုး၊ မာသာထရီဆာ (၁၉၁၀-၁၉၉၇) လို ကြီးမားတဲ့ ကရုဏာရှင်ကြီးမျိုး ကို "Moral Authority" သြဇာကြီးတဲ့ လူသား ပုဂ္ဂိုလ်တွေလို့ ဆိုနိုင်ပါတယ်။


ဂန္ဒီကြီး ရဲ့ အတွေးအခေါ်၊ အကျင့်အကြံ၊ လမ်းညွှန်မှု နဲ့ အကြမ်းမဖက်ရေး တရားတွေဟာ ကမ္ဘာအရပ်ရပ်က ခေတ်အဆက်ဆက် လွတ်မြောက်ရေး၊ လူ့အခွင့်အရေး၊ ပြည်သူ့ရေးရာ အခွင့်အရေး၊ တန်းတူညီမျှရေး၊ ဖိနှိပ်မှု ဆန့်ကျင်ရေး တိုက်ပွဲတွေကို ကြီးစွာသော လွှမ်းမိုးမှု၊ နမူနာပြုနိုင်မှု ဖြစ်ပေါ်စေခဲ့သလို ကမ္ဘာ့လူသားများစွာရဲ့ အကျိုးကို ဖြစ်ထွန်းစေခဲ့ပါတယ်။ ဒါ့အပြင် ဂန္ဒီကြီး နဲ့ သူ့ လမ်းစဉ်ရဲ့ ရှေ့ဆောင်မှုကနေ တဆင့် မင်ဒဲလား (၁၉၁၈-) လို၊ မာတင်လူသာကင်းဂျူနီယာ (၁၉၂၉-၁၉၆၈) လိုမျိုး "Moral Authority" ရှိ စံနမူနာပြုစရာ ပုဂ္ဂိုလ်မျိုးတွေ ကမ္ဘာ့သမိုင်းမှာ ထပ်မံ ပေါ်ထွန်းခဲ့ပြီး သူတို့ကြောင့် လူသားများစွာဟာ တရားမျှတမှု နဲ့ လွတ်မြောက် ငြိမ်းချမ်းရေး သုခ ချမ်းသာ ကို ခံစားနိုင်ခဲ့ပါတယ်။


အလားတူပဲ မာသာထရီဆာ ရဲ့ ကြီးမားတဲ့ မေတ္တာတရားနဲ့ ယှဉ်တဲ့ ဘာသာရေးအခြေပြု လူမှုရေးလုပ်ငန်းတွေဟာလည်း လူသားများစွာကို ဒုက္ခဆင်းရဲက လွတ်စေခဲ့ရုံသာမကဘဲ ကမ္ဘာအနှံ့က လူမှုရေး နဲ့ ဘာသာရေး လုပ်ငန်းတွေကိုပါ ရှေ့ဆောင်လမ်းပြ နိုင်ခဲ့ပါတယ်။


ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်တွေကို လေ့လာကြည့်ရင်လည်း နှစ်တချို့မှာ အငြင်းပွားဖွယ် ဆုရွေးချယ်မှု သမိုင်းဖြစ်စဉ်တွေ ရှိခဲ့ပြီး အင်အားကြီး ကမ္ဘာ့နိုင်ငံတချို့၊ အထူးသဖြင့် အနောက်အုပ်စုရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ တစိတ်တပိုင်း ပါဝင်ပတ်သက် လွှမ်းမိုးမှု ရှိခဲ့ပေမယ့် ယေဘုယျ သဘော အနေနဲ့ ငြိမ်းချမ်းရေး ဆုရှင်တွေဟာ ကမ္ဘာမှာ အထိုက်အလျောက် "Moral Authority" သြဇာကြီးသူတွေလို့ ဆိုနိုင်ပါတယ်။ သူတို့ဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်ခြင်း၊ တရားမျှတမှုကို ကိုယ်စားပြုခြင်း၊ လူသား (အမျိုးသမီး/အမျိုးသား/လူမျိုး/ဘာသာ/ အသားအရောင် မခွဲ တန်းတူ) အခွင့်အရေး အပြည့်အဝ ရရှိအောင် ကြိုးစားဆောင်ရွက်ခြင်း၊ လူသား တန်ဖိုးကို မြှင့်တင်ပေးနိုင်ခြင်း၊ လူသားတွေရဲ့ လူမှုစီးပွား ဘဝ တိုးတက်အောင် ကြံဆောင်ခြင်း၊ သတ္တ၊ ရုက္ခ လောက၊ ကမ္ဘာ့ ပထဝီမြေကြီး နဲ့ သဘာဝ ပတ်ဝန်းကျင်ကို စည်ပင်ဝပြော ရှင်သန်အောင် လုပ်ဆောင်ခြင်းတို့ကြောင့် လူသား နဲ့ ကမ္ဘာမြေအပေါ် ကျေးဇူးပြုနိုင်ခြင်းနဲ့အတူ သူတို့ရဲ့ "Moral Authority" ဟာလည်း ကမ္ဘာ့ လူသားများအကြားမှာ ကြီးမားလှပါတယ်။


ဆိုခဲ့တဲ့ နောက်ခံအခြေအနေနဲ့ သဘောမှာ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် တယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နိုင်ငံရေး ခေါင်းဆောင် ဆိုတာထက်ပိုတဲ့ ဗမာ့လူထု ကိုးစားပြု ခေါင်းဆောင် အနေအထား အပြင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ၊ ဒီမိုကရေစီ ရဲ့ သင်္ကေတ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်၊ အမှန်တရာ နဲ့ တရားမျှတမှုရဲ့ ပုံရိပ် အနေနဲ့ နိုင်ငံတကာမှာ၊ ကမ္ဘာ့ လူသားတွေ အပေါ်မှာ "Moral Authority" ရှိပါတယ်။ သူရေးတဲ့ စာတွေ၊ သူပြောတဲ့ မိန့်ခွန်းတွေ ကို ထင်ရှားတဲ့ အရှေ့၊ အနောက် ကမ္ဘာ့ခေါင်းဆောင်တွေ အပါအဝင် ကမ္ဘာ အနှံ့က လူသား အတော်များများဟာ ဂရုတစိုက် ဖတ်ရှု၊ ကြားနာကြသလို သူ့ရဲ့ လုပ်ရပ် နဲ့ ခံယူချက်၊ သဘာထားတွေကိုလည်း လေးစား အသိအမှတ်ပြု၊ စံနမူနာယူမှုတွေ ရှိပါတယ်။


ဒီလို အနေအထားမှာ ကမ္ဘာ့ အဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေ၊ ရုပ်သံ နဲ့ စာနယ်ဇင်း မီဒီယာတွေ၊ နိုင်ငံတကာက ခေါင်းဆောင်တွေ၊ သံတမန်နဲ့ ထင်ရှားကျော်ကြားသူတွေဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်း၊ သူ့ရဲ့ အမြင်၊ သဘောထား၊ ဟောပြောချက်တွေကို ရယူခြင်းတွေ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု အတွင်း အမြောက်အမြား ပြုလုပ်ခဲ့ခြင်းနဲ့အတူ သူ့ရဲ့ သြဇာ၊ လွှမ်းမိုးနိုင်မှု နဲ့ "Moral Authority" ဟာလည်း ကြီးမား ခိုင်မာ လာပါတယ်။


သူဟာ ရုပ်ရည် ပြေပြစ်ခြင်း၊ ဘာသာစကား ကျွမ်းကျင်ခြင်း၊ သိက္ခာ၊ သမာဓိ၊ ပညာ ပြည့်စုံခြင်း၊ တကိုယ်ရေ အားဖြင့် အရည်အချင်း ကြွယ်ဝခြင်း၊ ပုဂ္ဂလိက မိသားစုဘဝ စွန့်လွှတ်အနစ်နာခံမှု တို့အပြင် လူအများကို သြဇာစူး၊ စွဲဆောင်နိုင်စွမ်းတဲ့ အထုံ ပါရမီ အရည်အသွေးများဖြစ်တဲ့ အလိုအလျောက် မျက်နှာပွင့်လန်း၊ ကျော်စောထင်ရှား အကြီးအမှူး ခေါင်းဆောင် နေရာရယူနိုင်ခြင်း ဖြစ်စေမှု မွေးရာပါ "Charisma" နဲ့လည်း ပြည့်စုံနေပြန်ပါတယ်။ ဖန်တီးတည်ဆောက် လုပ်ယူလို့မရတဲ့ သဘာဝ ခရစ်စမား အရည်အသွေး ရှိတဲ့ ခေါင်းဆောင် (Charismatic Leader) မျိုးရဲ့ သြဇာလွှမ်းမိုး သက်ရောက်မှုက လွတ်ကင်းအောင် နေနိုင်တဲ့ လူသာမန် ဆိုတာ အင်မတန် ရှားလှပါတယ်။


ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာပြည်အနေနဲ့ဆိုပြန်ရင်လည်း ဗမာလူထု အကြွင်းမဲ့ အလုံးစုံ လေးစားချစ်ခင်မြတ်နိုးရတဲ့ လွတ်လပ်ရေးဖခင်ကြီး နဲ့ အာဇာနည် သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက် ဖြစ်နေခြင်းဟာလည်း သူ့ရဲ ဗမာလူထုအပေါ် သြဇာသက်ရောက်မှုကို အထွပ်အထိပ် ဖြစ်စေပါတယ်။ ဗမာလူထုအနေနဲ့ မျိုးဆက် နှစ်ဆက်/သုံးဆက် ဒဏ္ဍာရီလာ သူရဲကောင်းလို လေးစားအားကျ၊ နှမြောတသ လွမ်းဆွတ်ရင်းနဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ်နေရတဲ့ ဗိုလ်ချုပ်အောင်ဆန်း အစား သူ့ရဲ့ မျိုးဆက်သစ် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ပြီးတော့ လူပုဂ္ဂိုလ် အခြေပြု ကိုးကွယ်စရာ ဖြစ်လာခဲ့ပါတယ်။


ဒီလို နောက်ခံကားချပ် အနေအထားမှာ ဗမာလူထု အနေနဲ့ သူ့ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု၊ မဟာလူသား ဆန်ဆန် သာမန်ထက်ပိုတဲ့ အလေးထား၊ ဂုဏ်ပြုဆက်ဆံမှုတွေနဲ့အတူ ဘုရားတဆူ ဂူတလုံးသဖွယ် ပူဇော်ဆည်းကပ်၊ အမြတ်တနိုးထားကာ နတ်ဘုရားဆန်ဆန် ကိုးကွယ်မှု (Divine Worship) တွေလည်း ရှိလာပါတယ်။  ဒီလို ပုဂ္ဂိုလ်စွဲ ကိုးကွယ်မှု၊ ချဉ်းကပ်မှု နဲ့ ဝိုင်းဝန်းမှုမှာ အစစ်အမှန် ချစ်ခင်မြတ်နိုး၊ လေးစား တန်ဖိုးထားမှုကြောင့် ကိုးကွယ်နေသူ နောက်လိုက် (Followers) တွေ ရှိသလို လက်ရှိအခြေအနေ ဗမာ့နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နဂိုရှိရင်း သြဇာအပြင် အာဏာ ပါ တက်လာမှုကြောင့် သာပေါင်းညာစား ဖော်လံဖား အခွင့်အရေးသမား (Sycophants) တွေလည်း များပြားလာတာ သဘာဝပဲ ဖြစ်ပါတယ်။ (စကားချပ် - "Sycophants" တွေအကြောင်းက "Moral Authority" နဲ့ မသက်ဆိုင်တဲ့အတွက် ဒီဆောင်းပါးမှာ အကျယ် မဆွေးနွေးတော့ပါ။)


ဗမာလူထုရဲ့ ယေဘုယျ အခြေအနေကို တဘက်က ပြန်သုံးသပ်ကြည့်ပြန်ရင်လည်း ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင်စနစ်ဆိုးဒဏ် ခံခဲ့ရခြင်းကြောင့် ပညာရေး နိမ့်ကျ၊ လွတ်လပ်စွာ ကိုယ်ပိုင် တွေးခေါ်စဉ်းစာဆင်ခြင်နိုင်မှု အမျှော်အမြင်နည်းပါး၊ လွတ်လွတ်လပ်လပ် မေးခွန်းထုတ် ပြန်လည် ဆွေးနွေးမှုနိုင်မှု၊ အမြင်သစ်၊ အတွေးသစ်၊ အလုပ်သစ်ကို ကိုယ်ပိုင်စူးစမ်း ရှာဖွေလိုမှု ဓလေ့ ဆိတ်သုဉ်းခြင်းနဲ့အတူ အလုံးစုံ အမိန့်နာခံတတ်မှုဟာ နေရာ၊ ကိစ္စ တိုင်းလိုလိုမှာ အရည်အသွေးတခု (သို့) လိုအပ်မှု တခုလို ဖြစ်လာကာ သာမန်ထက် ထူးကဲတဲ့ စွမ်းရည်ရှိတဲ့၊ သြဇာရှိတဲ့၊ အာဏာရှိတဲ့ ခေါင်းဆောင်ရဲ့ စကားကိုသာ တသွေမတိမ်း နာခံလိုစိတ်ဟာ လူအများကြားမှာ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုတခုလို အမြစ်တွယ်လို့လာခဲ့ပါတယ်။


နဂို ရှိရင်းစွဲ ဗမာ့ဓလေ့ကို ကြည့်ပြန်ရင်လည်း အထက်လူကြီး၊ အကြီးအမှူး ကို မိဘ၊ ဆရာ နည်းတူ ရိုသေ ကိုးကွယ် ဆည်းကပ်ရလေ့ရှိတာကြောင့် အထက်လူကြီး (သို့) ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်၊ ရပ်တည်ချက် နဲ့ သဘောထားတွေကို ပြန်လည် ဝေဖန်ဆန်းစစ်လိုမှု အင်မတန် နည်းပါးလှပါတယ်။


ဗမာပြည် တည်ရာ အာရှတိုက်တခုလုံးရဲ့ ဓလေ့မှာလည်း အမိန့်နာခံမှု၊ ခေါင်းဆောင် နဲ့ လူပုဂ္ဂိုလ် ကိုးကွယ်မှုဟာ ကျယ်ကျယ်ပြန့်ပြန့် ရှင်သန်နေဆဲဖြစ်ပါတယ်။ ဒါ့အပြင် အာရှ လူ့အဖွဲ့အစည်းမှာ မျိုးရိုး မိသားစုနောက်ခံဟာ အင်မတန် အရေးပါပြီး ထင်ရှားကျော်ကြား၊ သြဇာစူးစေမှု နဲ့ ခေါင်းဆောင်ဖြစ်စေမှုကို ပြင်းပြင်းထန်ထန် တွန်းအားဖြစ် အကျိုးသက်ရောက်လေ့ ရှိပါတယ်။


မျိုးရိုးနောက်ခံကြောင့် သြဇာထက်မြက် ခေါင်းဆောင်နေရာယူနိုင်မှုအပြင် ပင်ကိုယ်အရည်အသွေးနဲ့ ကျင့်ဝတ်၊ ခံယူချက်၊ အလုပ်ကြောင့် ဗမာလူထု နဲ့ နိုင်ငံတကာအသိုင်းအဝန်းမှာပါ "Moral Authority" သြဇာရှိ အရာရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးအတွက် အထက်မှာ ဆွေးနွေးခဲ့တဲ့ အခြေအနေအားလုံးဟာ အကြွင်းမဲ့ နာခံတော် နောက်လိုက် အများအပြားကို မွေးဖွားစေခဲ့ပါတယ်။


ဒီလို လူပုဂ္ဂိုလ်စွဲ ကိုးကွယ်ယုံကြည် နောက်လိုက်မှု၊ အကြွင်းမဲ့ ထောက်ခံမှု နဲ့ အလုံးစုံ အမိန့်နာခံမှု ရဲ့ သဘောဟာ အကိုးကွယ်ခံ ပုဂ္ဂိုလ်ရဲ့ "Moral Authority" သြဇာ အားပြည့်နေသမျှ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ ရပ်တည်ချက်၊ သဘောထား မပြောင်းလဲသမျှ လူ့အဖွဲ့အစည်းအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေလို့ မဆိုနိုင်ဘူးလို့ ယူဆပါတယ်။


ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်တွေကစလို့ ပြောင်းလဲလာတဲ့ နိုင်ငံရေးလမ်းကြောင်း သဘောအရ ပါတီနိုင်ငံရေး၊ ရွေးကောက်ပွဲ နဲ့ လူအများစု (သို့) တိုင်းပြည်မှာ အရေးပါ၊ အရာရောက်တဲ့ လူတန်းစားတစု ထောက်ခံမှုကို ပိုမိုအရေးပေးဖို့ အခြေအနေတွေက တောင်းဆိုလို့ လိုအပ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအချိန်မှာ "Moral Authority" ရှိသူ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ ငြိမ်းချမ်းရေး ရဲ့ သင်္ကေတ ပြယုဂ် အနေအထားကနေ ယုတ်လျော့လို့ လာနေပါပြီ။ ဒီသဘောကို စံနှုန်း၊ မူတွေ အလေးပေးရတဲ့ "Normative Approach" ကနေ မူဝါဒ၊ အတွေးအခေါ်၊ စံသတ်မှတ်ချက်တွေထက် လက်တွေ့ အလုပ်ဖြစ်ရေးကို ဦးစားပေး စဉ်းစားလုပ်ဆောင်ရတဲ့ "Pragmatic Approach" ကို ပြောင်းပြီး ပါတီ နဲ့ အာဏာ နိုင်ငံရေး လမ်းကြောင်းကို စတင်ခဲ့တဲ့ မနှစ်ကတည်းက နိုင်ငံတကာ ခေါင်းဆောင်တချို့ (ဥပမာ - ဟီလာရီ ကလင်တန်) ၊ ပညာရှင် နဲ့ လေ့လာသူ တချို့က သတိပေးပြောဆို၊ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။


ဒီအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေး ကစားမှုတွေ၊ နိုင်ငံရေးသဘောအရ အပေး-အယူ၊ အလျှော့-အတင်းပြုလုပ် ဈေးဆစ်ရမှုတွေ၊ ဈေးဆစ်ခံရမှုတွေ၊ ငဲ့ကွက်ရမှုတွေ မဖြစ်မနေ ကြုံလာ၊ လုပ်လာရပါတော့တယ်။ ဒီအနေအထား နဲ့ သဘောမှာ နိုင်ငံရေး သမား တယောက်ကို "ပုဂ္ဂိုလ်ကိုခင်လို့ တရားမင်" ဆိုသလို လူပုဂ္ဂိုလ်ဗဟိုပြု ထောက်ခံမှု နဲ့ နတ်ဘုရားဆန်ဆန်း ချီးပ ကိုးကွယ်မှုတွေဟာ ကောင်းမွန်ပြည့်စုံ၊ တော်တည့်မှန်ကန် တဲ့ အနာဂတ် တိုင်းပြည် နဲ့ နိုင်ငံရေးဓလေ့ ဖြစ်ဖို့အတွက် ကြီးမားတဲ့ ဟန့်တားမှု၊ အနှောင့်အယှက် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ တန်ခိုးရှင် မဟုတ်တဲ့ ပုထုဇဉ် လူသားတယောက်သာ ဖြစ်တဲ့အတွက် အားသာချက် ရှိသလို၊ အားနည်ချက်လည်း ရှိမှာ ဖြစ်ပါတယ်။  ဆုံးဖြတ်ချက် အမှားအယွင်း နဲ့ မူဝါဒ အလွဲတွေလည်း ချမှတ်နိုင်ပါတယ်။ ဒါကြောင့် လူကို မူတည်ပြီး နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေး ရောထွေးယှက်တင်ဖြစ်ကာ လူ နဲ့ နိုင်ငံရေး မကွဲရင် နိုင်ငံမှာ အကောင်းထက် အဆိုးဖြစ်ဖို့က ပိုများပါတယ်။ ဒီလို အခြေအနေမျိုးကို ဒီမိုကရေစီ အကျင့်၊ အလေ့အထ နဲ့ ဓလေ့ မရင့်သန်တဲ့ နိုင်ငံတွေမှာ များသောအားဖြင့် တွေ့ရတတ်ပါတယ်။ ဒီမိုကရေစီစနစ် အမြစ်တွယ်နေပြီဖြစ်တဲ့ အနောက် နိုင်ငံကြီးတွေမှာ နိုင်ငံရေးဟာ ပုဂ္ဂိုလ်ရေးနဲ့ တသီးတခြား ဖြစ်နေပြီး "လူ" ကို ကိုးကွယ်တဲ့ကိစ္စ မရှိသလောက် နည်းကာ "မူ" ကို သာကြည့် ဝေဖန်သုံးသပ်၊ ဝါဒ၊ လမ်းစဉ် နဲ့ ရပ်တည်ချက်ကိုသာ အလေးပေးစဉ်းစာတဲ့ နိုင်ငံရေးဓလေ့သာ ရှင်သန်ပါတယ်။ ဒါဟာ ပိုမိုကောင်းမွန် လွတ်လပ်၊ မျှတတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေအနေတခု ဖြစ်ပါတယ်။


လက်ရှိ ဖြစ်ပေါ်နေတဲ့ ဗမာ့ နိုင်ငံရေးလားရာကို သုံးသပ်ကြည့်ပြန်ရင်လည်း လက်နက်ကိုင် အဖွဲ့အစည်း၊ စစ်တပ်ဗဟိုပြု စစ်အုပ်စု တခုလုံးရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးရင်းနဲ့ ကျောထောက်နောက်ခံပြုထားတဲ့ လက်ရှိ အစိုးရမှာ လုပ်ပိုင်ခွင့် နဲ့ အာဏာ အပြည့်ရှိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်လို လူထု နဲ့ နိုင်ငံတကာ အပေါ် လွှမ်းမိုးနိုင်တဲ့ သြဇာ နဲ့ "Moral Authority" မျိုးတော့ မရှိပါဘူး။  ဒါကြောင့် လက်ရှိ အစိုးရ နဲ့ စစ်အုပ်စု အနေနဲ့ သူတို့ စိတ်ကြိုက် ဖန်တီးထားတဲ့ နိုင်ငံရေးအရွေ့ကို လူအများ နဲ့ နိုင်ငံတကာက ပိုမိုထောက်ခံ အသိအမှတ်ပြုလာဖို့ရာအတွက် လူထု နဲ့ ကမ္ဘာ အပေါ် သြဇာညောင်းတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပူးပေါင်းမှုကို အလိုရှိပါတယ်။  ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း ရွေးချယ်လိုက်တဲ့ နိုင်ငံရေးလမ်းကြောင်းအပေါ်မူတည်ပြီး အစိုးရ နဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်လာရပါတယ်။


ဒီအနေအထားမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သြဇာပိုင် အဖြစ်ကနေ အာဏာရှိသူ နဲ့ အခြေအနေအရ ပူးပေါင်းနေရတဲ့အတွက် အာဏာပိုင်အဖြစ်ကို ကူးပြောင်းသွားနေပါတယ်။ လက်ရှိ အာဏာရ အစိုးရရဲ့ လွှတ်တော်မှာလည်း လွှတ်တော်အမတ် နေရာ အပြင် အခြား ရာထူး နဲ့ တာဝန်တွေကိုပါ ပူးတွဲ တာဝန်ယူ လုပ်ဆောင်နေရတဲ့အတွက် သူဟာ အတိုက်အခံပါတီရဲ့ ခေါင်းဆောင်၊ လူထုခေါင်းဆောင် အနေအထားထက် အာဏာရ အစိုးရရဲ့ တစိတ်တပိုင်း အဖြစ် ပိုမို ရှုမြင်နိုင်စရာ ဖြစ်လာနေပါတယ်။


ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဟိုအရင် အစဉ်တစိုက် ထောက်ခံလာခဲ့တဲ့ နောက်လိုက်တွေထဲက လူပုဂ္ဂိုလ်စွဲ ကိုးကွယ်သူတွေကလွဲလို့ လက်ရှိ မူဝါဒ၊ လုပ်ရပ် နဲ့ သဘာကိုသာ သုံးသပ်လေ့လာပြီး ထောက်ခံခဲ့တဲ့ ကျန် လူအများကြားမှာ သူ့ရဲ့ လက်ရှိ အနေအထား အပေါ် ပြန်လည် မေးခွန်းထုတ်မှု နဲ့ ဝေဖန်ပိုင်းခြားမှုတွေ တိုးလာပါတယ်။


"စံနှုန်း၊ သတ်မှတ်ချက် နဲ့ မူ"ကို အလျှော့-အတင်း၊ အပေး-အယူ လုပ်ရတဲ့ နိုင်ငံရေးသမားဘဝကို အခြေအနေ၊ အတိုင်းအတာတခုအထိ နားလည်လက်ခံပေးနိုင်စရာလည်း ရှိပါတယ်။ ဒါပေမယ့် မူဝါဒ နဲ့ စံနှုန်း သတ်မှတ်ချက် ခိုင်ခိုင်မာမာ မရှိတဲ့ နိုင်ငံရေး လမ်းစဉ်ဟာ လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးမများနိုင်ပါ။  ဂန္ဒီကြီးရဲ့ လှုမှုအပြစ် (၇) ပါး အရ ဆိုရင်လည်း ဒါဟာ လူ့အဖွဲ့အစည်းအတွက် ကြီးမားတဲ့ အန္တရာယ်ဖြစ်စေတဲ့ အပြစ် ဖြစ်ပါတယ်။


အခုအချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ "စံနှုန်း၊ သတ်မှတ်ချက်၊ မူ (Principles)" တွေကို လုံးလုံး ပစ်ပယ် မျက်ကွယ်ပြုထားတယ်လို့ မဆိုနိုင်သေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ မျက်မှောက် နဲ့ အနာဂတ် နိုင်ငံရေး မှာ အထက်မှာ ဆွေးနွေးခဲ့တဲ့ ပါတီ နဲ့ အာဏာ နိုင်ငံရေး သဘောကြောင့် ဟိုယခင် ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ခေါင်းဆောင် ဘဝကလို မတရားမှု မှန်သမျှ ဆန့်ကျင်ပြောဆိုရဲတဲ့၊ တရားမှုကို ရဲရဲဝင့်ဝင့် ပုံဖော်နိုင်တဲ့၊ ကျင့်ဝတ် ပိုင်းဆိုင်ရာ ကို အလေးပေးတဲ့၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ တန်းတူညီမျှရေး၊ လူမှုတရားမျှတမှု ကို ဖော်ဆောင်တဲ့၊ မူဝါဒ ကို အထိအပါးမခံတဲ့ အနေအထားမျိုး၊ ရပ်တည်ချက်မျိုး နဲ့ သဘောထားမျိုးတော့ လျော့နည်းလာမှာ ဖြစ်ပါတယ်။ အလားတူပဲ တွဲလျက် သူ့ရဲ့ "Moral Authority" လည်း ကျဆင်းလာမှာ ဖြစ်ပါတယ်။


ဒီလိုအနေထားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ခံယူချင်တဲ့ သူ့ရဲ့ ပါတီဝင် နဲ့ နောက်လိုက် လူထုအနေနဲ့ လူပုဂ္ဂိုလ်ဗဟိုပြုမှု၊ မစဉ်းစား၊ မဆင်ခြင် မျက်စိမှိတ် ထောက်ခံမှု၊ နတ်ဘုရား နဲ့ မဟာလူသား ဆန်ဆန် ကိုးကွယ်ဆည်းကပ်မှုတွေကို လျှော့ချပစ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့လည်း မူဝါဒ၊ လုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ခွင့် ပိုင်းဆိုင်ရာကို ဗဟိုခေါင်းဆောင်ပိုင်းက အပြည့်အဝ ထိန်းချုပ်ထားမှုကို လျှော့ချဖို့ အရေးတကြီး လိုအပ်လှပါတယ်။


စစ်အုပ်စု ရဲ့ အကျိုးစီးပွားအတွက် အာဏာ ရေရှည်တည်တံ့ ခိုင်မြဲရေးကို ရှေးရှုကာ စိတ်ကြိုက် ဖန်တီးထားတဲ့ မျက်မှောက် နဲ့ အနာဂတ် ဗမာ့ နိုင်ငံရေး လမ်းခရီးမှာ အမျိုးမျိုးသော လှည့်ကွက်တွေ၊ ထောင်ခြောက်တွေ၊ ခါးအောင်ပိုင်း လက်သီးပုန်း ထိုးကွက်တွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီအခြေအနေဟာ "ပြည်ထဲအရေး ပေါက်နှင့်ကျေး၊ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်" ဆိုတာထက် ပိုမို ရှုပ်ထွေးမှာ သေချာလှပါတယ်။ ဒါကြောင့် ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက် ကို ပြန်လည် မေးခွန်းထုတ်တတ်မှု၊ ဝေဖန်နိုင်မှု၊ သုံးသပ်နိုင်မှု ရှိဖို့ ဗမာ့နိုင်ငံရေး ဓလေ့ နဲ့ လူ့အဖွဲ့အစည်းမှာ လိုနေပါတယ်။ ခေါင်းဆောင်တယောက်တည်းရဲ့ သဘော၊ ဆန္ဒ၊ ဆုံးဖြတ်ချက် နဲ့ သွားနေရင် ဗမာပြည်ရဲ့ အနာဂတ် နဲ့ ဒီမိုကရေစီအရေးဟာ ပြည့်စုံကောင်းမွန် သန်စွမ်းတဲ့ အနေအထားမျိုး၊ အခြေအနေမျိုး ဘယ်လိုမှ ဖြစ်မလာနိုင်ပါ။


နိဂုံချုပ်ရရင် စာရေးသူ အနေနဲ့တော့ စိတ်ကူးယဉ်၊ လက်တွေ့မကျဘူးပဲဆိုဆို ပြစ်မျိုးမထင်၊ မူဝါဒ၊ ကျင့်ဝတ် ခိုင်မာ၊ "Moral Authority" အပြည့်ရှိတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုပဲ မြင်ချင်ပါတယ်။ ဗမာ့ နိုင်ငံရေး အခင်းအကျင်းဟာ ဆိုခဲ့သလို မဖြစ်နိုင်ဘူးဆိုရင်တောင် အနည်းဆုံး နိုင်ငံရေးမှာ လူစွဲကင်း၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကင်း၊ ဘက်ပေါင်းစုံက အမြင်ပေါင်းစုံ နဲ့ လူတိုင်း အသံကျယ်ကျယ်ထွက်၊ ခေါင်းဆောင်အပေါ် အကျိုး/အကြောင်း ထောက်ပြ၊ ခေါင်းဆောင်ကလည်း လက်ခံစဉ်းစား သုံးသပ် တဲ့ နိုင်ငံရေး အလေ့အကျင့်ကောင်း၊ ဓလေ့ကောင်းတွေ ရှင်သန်၊ ထွန်းကား၊ အမြစ်တွယ် စေချင်ပါတယ်။  ဝေဖန်ပိုင်းခြား၊ ကျိုးကြောင်း ဆင်ခြင်သုံးသပ်မှု "ဝိဘဇ္ဇ" သဘောဟာ ဘာသာတရားရဲ့ အဆုံးအမနဲ့လည်း ညီပါတယ်။  ကြိုးစားဖော်ဆောင် စေချင်ပါတယ်။

Dr. DamaPiya (ITBMU) - Articles


လူငယ်များပညာရေးနှင့် မီဒီယာများ၏အခန်းကဏ္ဍ
ဒေါက်တာဓမ္မပိယ (ITBMU)
မတ်လ ၂၁၊ ၂၀၁၃



မြန်မာနိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများနှင့်အတူ ရင်ဘောင်တန်းနိုင်ဖို့  နိုင်ငံ့ခေါင်းဆောင်များ၊ ပြည်သူ၊ ပြည်သားများ အတူပူးပေါင်း၍ အားသွန်ခွန်စိုက် ဆောင်ရွက်နေချိန်ဝယ် … ။ လူငယ် လူရွယ်များနှင့် ပြည်သူ၊ ပြည်သားအများစုဟာ နိုင်ငံတော် တိုးတက်ရေးလုပ်ငန်းများ၌ ပါဝင်ပူးပေါင်း လာမှု အသိစိတ်ဓာတ်များ နည်းပါးနေသေးကြောင်း တွေ့မြင်နေရ၍ နိုင်ငံတော်အတွက် အားမလိုအားမရ ဖြစ်နေမိတယ်။ လူငယ်၊ လူရွယ်အများစုသည် ပန်းတိုင်ပျောက်ဆုံးနေသည့် ခရီးသွားပမာ ဘယ်ဆီကို လျှောက် လှမ်း၍ ဘယ်လမ်းကို လိုက်ကြမယ်ဆိုတာ သူတို့ကိုယ်တိုင် မရေမရာ မသေမချာ ဖြစ်နေကြဆဲပါ။

အကြောင်းကိုရှာကြည့်တဲ့အခါ လူငယ်လူရွယ်အများစုသည် ဘ၀တစ်ခုအတွက် စဉ်းစားဝေဖန်နိုင်တဲ့ ပညာရေး အသိဉာဏ်များ နည်းပါးနေသေးခြင်း၊ ခံယူချက်များ ပျောက်ဆုံးနေခြင်း၊ တိုင်းပြည်မှာ ကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရကို နားမလည်နိုင်ကြသေးခြင်းစသော အကြောင်းများဟာ အဓိကအကြောင်း ရင်းများဖြစ်နေတယ်။ လမ်းပျောက်နေတဲ့ လူငယ်များပီပီ အပျော်မက်ခြင်း၊ အဖေါ်မက်ခြင်း၊ ခေတ်ပေါ်ပစ္စည်း များကို အားကျလွယ်ခြင်း၊ အတုယူ၍ မှားယွင်းစွာသုံးစွဲခြင်းစတဲ့ ဘောင်စည်းများကို မကျော်လွန်နိုင်အောင်ပဲ ရှိနေကြခြင်းပါ။ စနစ်တစ်ခုရဲ့ အပြောင်းအလဲကာလမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောတရားပဲလို့ ဆိုရလေ မလားမသိ။

ဒီလိုအခြေအနေများရှိနေတာကြောင့် တိုင်းပြည်အတွက် တိုးတက်ရေးလုပ်ငန်းများကို ဖေါ်ဆောင်ရာ၌ မီဒီယာများရဲ့အခန်းကဏ္ဍသည် မည်မျှအရေးကြီးကြောင်း သိသာထင်းရှားလှတယ်။ ထိုကြောင့် မီဒီယာများမှ တဆင့် လူငယ်များရဲ့စိတ်ဓာတ် မြှင့်တင်ရေးလုပ်ငန်းများကို ပြုလုပ်ပေးကြရန်ဖြစ်တယ်။ ထိုသို့ပြုလုပ် ပေးကြ၀ယ် ဦးစွာပထမ စဉ်းစားပေးသင့်တာက တိုင်းပြည်တိုးတက်ရေးအတွက် အထောက်အကူမဖြစ်လှတဲ့ TV ပရိုဂရမ် အစီအစဉ်များကို ဖြတ်တောက်နိုင်သမျှ ဖြတ်တောက်၊ လျှော့ချနိုင်သမျှ လျှော့ချပြီး၊ ထိုအစီ အစဉ်များ၏နေရာမှာ ပညာရေးဆွေးနွေးခန်း အစီအစဉ်များကို ပိုမို ထုတ်လွင့်ပေးရမှာဖြစ်တယ်။ ဥပမာ၊ ဖျော်ဖြေရေးသက်သက်ဖြစ်နေတဲ့ ကိုးရီးယားဇာတ်လမ်းတွဲများ၊ မော်ဒယ်အလှပြိုင်ပွဲများ၊ ဆိုကရေးတီး ပြိုင်ပွဲများ၊ အခြားအခြားသော ဖျော်ဖြေရေးအစီအစဉ်များကို လျှော့ချထုတ်လွှင့် ပေးရမှာဖြစ်တယ်။ ထိုအစီ အစဉ်များအစား ပညာရေးဆိုင်ရာ အစီအစဉ်များကို ထုတ်လွှင့်ပေးသင့်ခြင်းပါ။

တိုင်းပြုပြည်ပြုလုပ်ငန်းများ၌ အရေးကြီးလှသော ပညာရေးဆိုင်ရာ အစီအစဉ်များသည် အသွင်ကူး ပြောင်းဆဲ ကာလများ၌ မရှိမဖြစ် လိုအပ်နေတဲ့ အစီအစဉ်များဖြစ်တယ်။ ထိုအစီအစဉ်များမှာ - ပညာရေး ဆိုင်ရာ အစီအစဉ်များ၊ ကျန်းမာရေးဆိုင်ရာ အစီအစဉ်များ၊ လူငယ်များသိသင့် သိထိုက်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ များနှင့် နိုင်ငံတော်နှင့် လူငယ်များရဲ့အခန်းကဏ္ဍတို့ဖြစ်တယ်။ ဥပမာ၊ ပညာရေးဆိုင်ရာ ဆွေးနွေးခန်းများ၊ ကျမ်းမာရေးဆိုင်ရာ ဆွေးနွေးခန်းများ၊ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးခန်းများ၊ တိုင်းပြု ပြည်ပြုလုပ်ငန်းများအတွက် လူငယ်များပါဝင်နိုင်သော လူငယ်ဆွေးနွေးခန်းများ၊ လူ့အခွင့်ရေးဆိုင်ရာ ဆွေးနွေးခန်းများ၊ လူငယ်များအတွက် အားကျအတုယူနိုင်ရန် အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားဖြင့် ပြိုင်ပွဲဝင်နိုင်သော စကားရည်လုပွဲများ၊ ကျဘမ်းစကား ပြောပြိုင်ပွဲများ၊ ပညာရေးဆိုင်ရာ ဆီမီနာများစတဲ့ တိုင်းပြည်တိုးတက်ရေးလုပ်ငန်းများ၌ များစွာအထောက် အကူပြုနိုင်တဲ့ TV (ပရိုဂရမ်) အစီအစဉ်များကို အဓိကထား၍ ထုတ်လွှင့်ပေးနိုင်ရန် နိုင်ငံတော်မှ တိုက်တွန်း ပေးရမှာဖြစ်တယ်။

ဘာသာစကားတစ်ခုကို လေ့လာသင်ကြားရာမှာ ကြားပါများတော့ယဉ်၊ ယဉ်ပါများတော့ အတုယူ၊ (ကောင်းတာတွေကို) အတုယူတော့ ဘ၀တွေတိုးတက်၊ တိုးတက်တဲ့ဘ၀တွေနှင့် တိုင်းပြည်ကြီးကို အတူပေါင်း စည်းပြီး ထူထောင်ကြမည်ဆိုလျှင် တိုးတက်တဲ့နိုင်ငံတော်ကြီးဆိုတာ မလွဲမသွေ ဖြစ်လာနိုင်မှာပါ။ လူငယ်၊ လူရွယ်များ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးနှင့် ကိုယ့်ယဉ်ကျေးမှုကို မြတ်နိုးနိုင်ဖို့ဆိုတာ မြတ်နိုးနိုင်စရာ အကြောင်းတွေရှိထားမှ ဖြစ်နိုင်တဲ့အရာမျိုးပါ။ ပညာရေးကို စိတ်ဝင်စားတဲ့ လူငယ်များရဲ့အနာဂတ်ဟာ တိုး တက်တဲ့ တိုင်းပြည်တစ်ခုရဲ့ အနာဂတ်လို့ဆိုရမှာပါ။ တိုင်းပြည်ကြီးကို ဂုဏ်တက်စေဖို့၊ ပြည်သူတွေ သွေးစည်း၊ ညီညွတ်ကြဖို့ပါ။ လောကသဘာဝကို စံထားပြောရမယ်ဆိုရင် ကောင်းမြတ်တဲ့ အကြောင်းတရား တွေရှိမှ ကောင်းမွန်တဲ့ အကျိုးတရားတွေဆိုတာ ဖြစ်ပေါ်လာနိုင်မှာပါ။  

ထို့ကြောင့် တိုင်းပြည်တစ်ပြည်မှာ ကျင့်သုံးနေတဲ့စနစ်၊ ထိုစနစ်မှာ ပြည်သူပြည်သားတွေ ပါဝင်နိုင်တဲ့ အခွင့်အလမ်း၊ တိုင်းပြည်ကြီး တည်ငြိမ်အေးချမ်းစွာ တိုးတက်နိုင်ရေးအတွက် ပြည်သူပြည်သားတွေ စောင့်ထိန်း လိုက်နာရမဲ့ စည်းမျဉ်းဥပဒေ၊ မူနှင့်လူ၊ စည်းနှင့်ဘောင်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်၊ ပြုသင့်တာနှင့် မပြုသင့်တာ၊ တာဝန်နှင့်ဝတ္တရား၊ တိုင်းပြည်နှင့်လူမျိုး၊ အချိုးတကျ ဖြစ်လာနိုင်စေရန် မီဒီယာများရဲ့ အခန်းကဏ္ဍဟာ အလွန် အရေးပါတဲ့ အခန်းကဏ္ဍဆိုတာ လူတိုင်းနီးနီး သိထားပြီးဖြစ်မှာပါ။ တိုင်းပြည်ကို တည်ငြိမ်အေးချမ်းစွာ တိုးတက် အောင် အစိုးရနှင့်ပြည်သူ အတူပူးပေါင်း၍ ဆောက်ရွက်နေချိန်မှာ မီဒီယာများ၏ အခန်းကဏ္ဍနှင့် မီဒီယာများ၏ တာဝန်ကို ပီပြင်စွာ စေတနာနှင့် ဆောင်ရွက်နိုင်ကြဖို့ပါ။

တိုင်းပြည်မှ ပြည်သူ၊ ပြည်သားများသို့ ပေးပို့လိုသော မက်ဆေ့ခ်ျ (Message)လို့ခေါ်တဲ့ သတင်း စကားများကို မီဒီယာများမှတဆင့် မြို့ပြမှသည် ကျေးလက်တောရွာများဆီသို့ အရောက်ဖြန့်နိုင်ရန် မီဒီယာ များ၏ စွမ်းအားဖြင့် နိုင်ငံတာဝန်များကို ပူးပေါင်းဆောက်ရွက်ပေးရမည့် အချိန်အခါမျိုးပါ။

ထိုသို့ဖြန့်ချည်​ထုတ်လွှင့်ရာမှာလည်း ယဉ်ကျေးမှုကဏ္ဍ၊ ဝေဖန်ရေးကဏ္ဍ၊ ဘာသာရေးကဏ္ဍ၊ မူဝါဒ ရေးရာဆိုင်ရာကဏ္ဍစတဲ့ ထိုကဏ္ဍအသီးသီးအတွက် ဆင်ဆာဖြတ်တောက်မှုမျိုးဆိုတာ မလွဲမသွေ ရှိသင့် ခြင်းပါ။ ဂုဏ်နှင့်သိက္ခာ၊ တာဝန်နှင့်ဝတ္တရား၊ ဖြစ်ချင်တာနှင့်ဖြစ်သင့်တာ၊ သူ့အမြင် ကိုယ့်အမြင်၊ ပါဝင်မှုနှင့် ပတ်သက်မှု၊ မိသားစုတာဝန်နှင့် တိုင်းပြည်တာဝန်၊ ပြည့်သူဆန္ဒနှင့် တိုင်းပြည်ဆန္ဒ၊ သူ့စည်း ကိုယ့်စည်း၊ လွတ်လပ်ရေးနှင့် လွတ်လပ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးကိုလေးစားလိုက်နာမှုစတဲ့ ဒါတွေအားလုံးကို ကွဲပြား ခြားနားအောင် မီဒီယာများက ဆက်တိုက်ဆိုသလို ထုတ်လွှင့်ပေးနေကြရမှာပါ။

အမျိုးသားရေးနှင့် အမျိုးသားယဉ်ကျေးမှု၊ ဘာသာတရားနှင့် ဘာသာယဉ်ကျေးမှု စတဲ့ ဒီအချက်တွေကို ပြည်သူ၊ ပြည်သားတွေ ကွဲပြားခြာနားစွာ သိမြင်နိုင်စေရန် မကြာခဏဆိုသလို အထူးအစီအစဉ်များ ပြုလုပ်၍ ထုတ်လွှင့်ပေးသင့်ခြင်းပါ။ မြန်မာယဉ်ကျေးမှုနှင့် မသင့်လျှော်တဲ့ မပေါ့တပေါ်၊ မလုံ့တလုံ ၀တ်စားဆင်ယင်မှု မျိုးကို (အခုခေတ်အခေါ် Free Style ကို) အထူးဦးစားပေး၍ TV ပရိုဂရမ်များမှ လွင့်ထုတ်နေမည့်အစား ပြည်သူတွေကို အက်သစ် (က်စ်) (Ethics) လို့ခေါ်တဲ့ ပြည်သူနီတိ အသိတရားများ ရှိလာနိုင်ဖို့၊ (ရှက်သင့်၊ ကြောက်သင့်သော နေရာများ၌) ဟိရီ သြတ္တပ္ပလို့ခေါ်တဲ့ အရှက်တရား၊ အကြောက်တရား (လောကပါလ တရား)များ ရှိလာနိုင်စေဖို့ မီဒီယာများမှတဆင့် တိုင်းပြည်ကို ကူညီပေးကြဖို့ပါ၊ ထိုကဲ့သို့ တိုင်းပြုပြည်ပြု လုပ်ငန်းများကို အစိုးရနှင့်ပြည်သူ အတူပူးပေါင်း၍ ပြုလုပ်မပေးနိုင်ခဲ့ဘူးဆိုလျှင် ပြည်သူတွေမျှော်မှန်းနေတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံကြီးဆိုတာ ဘယ်သောအခါမှ ဖြစ်လာနိုင်မည်မဟုတ်ပါ။

လွတ်လပ်စွာ ပြောဆိုခွင့်တို့၊ လွတ်လပ်စွာ ရေးသားခွင့်တို့၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်တို့ဆိုတာ ဒီမိုကရေစနစ်နှင့်အတူ မွေးဖွားလာတဲ့ မွေးရာပါ လူ့အခွင့်အရေးများပါ။ သို့သော် ဒီမိုကရေစီ စနစ်ဆိုတာ ပြည်သူအများစုရဲ့ဆန္ဒနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ပေးရတဲ့ စနစ်မျိုးဖြစ်လို့ ဘယ်နိုင်ငံ၊ ဘယ် ယဉ်ကျေးမှုမှာပဲဖြစ်ဖြစ် ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်လိုတဲ့နိုင်ငံတိုင်းမှာ ဆင်ဆာဆိုတာ ရှိနေရစမြဲပါ။ ပြည်သှူ့ဆန္ဒများကို ထုတ်ဖေါ်ရမှာ ဆင်ဆာရှိနေခြင်းမျိုးအတွက် နိုင်ငံရေးရေးရာ မူဝါဒများ၌ အဟန့်အတားများ ဖြစ်ကောင်းဖြစ်နေနိုင်သော်လည်း ကိုယ့်ပိုင်ယဉ်ကျေးမှုကို ထိန်းသိမ်း ကာကွယ်စောင့် ရှောက်နိုင်ဖို့ ဆင်ဆာဆိုတာ မရှိမဖြစ် လိုအပ်နေခြင်းပါ။ ဥပမာ၊ အမေရိကန်နိုင်ငံမှာ သတင်းလွတ်လပ်ခွင့်၊ မီဒီယာလွတ်လပ်ခွင့်များ ရှိတယ်ဆိုပေမဲ့ ကလေးငယ်များ၊ အရွယ်မရောက်သေးတဲ့ တင်းနေဂျာ (ဆယ်ကျော် သက်)များ ကြည့်ရှုနိုင်တဲ့ ပပ်ဘလစ် တီဗီချန်နယ် (Public TV Channal)လို ချန်နယ်မျိုး၌ အတုယူ လွဲမှားစေနိုင်စေသော အစီအစဉ်များကို အထူးစိစစ်၍ ထုတ်လွှင့်ပေးနေရခြင်းမျိုးပါ။ မီဒီယာလွတ်လပ် ခွင့်ရှိ သော အမေရိကန်နိုင်ငံလို နိုင်ငံများမှာပင် မော်ရယ် အက်သစ်က်စ် (Moral Ethics)အတွက် ဆင်ဆာစနစ်ကို ဆက်လက်ကျင်းသုံးနေရဆဲဖြစ်လျှင် မြန်မာနိုင်ငံလို ဖွင့်ဖြိုးစနိုင်ငံနိုင်ငံမျိုး၌ မော်ရယ် အက်သစ်က်စ်အတွက် ဆင်ဆာစနစ်ကို ဆက်လက်ကျင့်သုံးရခြင်းသည် ပြည်သူ့ဆန္ဒနှင့်အညီ လိုက်လျောညီထွေ ရှိနေခြင်းပါ။

အမေရိကန်နိုင်ငံလို တိုးတက်ပြီးသော နိုင်ငံများ၌ ကလေးသူငယ်များအတွက် ပညာရေးဆိုင်ရာ (အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံစသည့် သင်ခန်းစာများ) ပရိုဂရမ်များကို စနစ်တကျ ထည့်သွင်းထုတ်လွှင့်ပေးနေ၍ အာရှမှ ပြောင်းရွှေ့လာသော ကလေးသူငယ်များ သည်ပင် ကျောင်းမနေရသေးမီ အရွယ်ကစ၍ အင်္ဂလိပ် စကားများ ပြောတတ်နေသည်ကို တွေ့ရှိရခြင်းဖြစ်တယ်။ သို့သော် မြန်မာပြည်၌ ထုတ်လွင့်ပြသနေသော TV ပရိုဂရမ်များ၌ ယခုအချိန်အထိ ကလေးငယ်များ၊ လူငယ်၊ လူရွယ်များအတွက် ကြည့်ရှုနိုင်ရန် ဘာ TV ပရိုဂရမ်မှ မယ်မယ်ရရ မရှိသေးသည်ကို တွေ့မြင်နေရဆဲပါ။ လူငယ်များ အတုခိုးမှားစေနိုင်သော ပရိုဂရမ်များကို ထုတ်လွင့်ပေးနေခြင်းမျိုးသည် ခေတ်ကို ရင်ဘောင်တန်းနိုင်အောင် ရည်ရွယ်၍ ထုတ်လွှင့်ပြသတာမျိုး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အမှန်မှာမူ လူငယ်များအား စိတ်ရိုင်းများဖြစ်ပွားအောင် နိုးဆွပေးနေခြင်းမျိုးဖြစ် ပြီး၊ လူငယ်များ၏စာရိတ္တမဏ္ဍိုင်နှင့် ယုံကြည်မှုပန်းတိုင်များကို စနစ်တကျ ဖျက်ဆီးပေးနေသလို ဖြစ်နေခြင်းပါ။ အမျိုးသားယဉ်ကျေးမှု၊ ဘာသာယဉ်ကျေးမှုအတွက် ကာကွယ်စောင့်ရောက်နိုင်ရန် လူတိုင်းမှာ တာဝန်ရှိနေ ခြင်းပါ။   

တိုင်းပြည်တွင်းရှိ ပြည်သူ၊ ပြည်သားများ၏ အသိတရားများ တိုးပွားလာနိုင်စေရန် မီဒီယာကို စနစ်တကျ အသုံးပြုရန် လိုအပ်နေဆဲဖြစ်တယ်။ ရုပ်ရှင်ဇာတ်လမ်းများ၊ အနုပညာရှင်များ၊ စာရေးဆရာများသည် မြန်မာ့ယဉ်ကျေးမှု (မြန်မာ့ယဉ်ကျေးမှုဆိုရာ၌ ရှမ်း၊ ကရင်၊ ကချင် စသော တိုင်းရင်းသားများ၏ ယဉ်ကျေးမှုများလည်း ပါဝင်သည်) ကို အခြေပြုသော ဇာတ်လမ်းများကို အထူးပုံဖေါ်၍ ရုပ်ရှင်ဇာတ်လမ်းများကို ရိုက်ကူးတင်ဆက် ပေးကြမည်ဆိုလျှင် ကိုးရီးယားဇာတ်လမ်းတွဲများကြောင့် ကိုးရီးယားယဉ်ကျေးမှုသည် မြန်မာ လူငယ်တို့အပေါ်၌ အကျိုးသက်ရောက်မှုများရှိလာနိုင်သလို၊ မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲများ၊ ဗီဒီယိုဇာတ်လမ်း တွဲများသည်လည်း မြန်မာ လူငယ်၊ လူရွယ်များအပေါ်၌ စစ်မှန်သော မြန်မာယဉ်ကျေးမှု အမွေအနှစ်များသည် နိုင်ငံနှင့်လူမျိုးအတွက် မလွဲမသွေ အကျိုးသက်ရောက်မှုများ ရှိလာနိုင်ခြင်းပါ။

အများစုဖြစ်တဲ့ လူငယ်များဟာ ပညာရေး၌ စိတ်မ၀င်းစားနိုင်ကြပဲ လူငယ်တို့ရဲ့သဘာဝအတိုင်း အပျော် အပါး မက်မောလွန်းခြင်း၊ သူငယ်ချင်းအပေါင်းအသင်းကို တွယ်တာလွန်းခြင်း၊ ခေတ်ပေါ်အ၀တ်အစားများကို အားကျအတုယူခြင်းစတဲ့ မလိုအပ်သည့်အရာများ၌ အချိန်ကို ကုန်လွန်နေကြခြင်းဖြစ်၍ လူငယ်နှင့် အပျော် အပါး၊ လူငယ်နှင့်အရက်သေစာ၊ လူငယ်နှင့် မူးယစ်ဆေးဝါးဆိုတာ လူငယ်တို့ရဲ့ဘ၀ကို ပျက်စီးစေနိုင်တဲ့ အကြောင်းတရားများလို့ ဆိုရမှာပါ။ အရွယ်မရောက်ပဲ ဆေးလိပ်သောက်ခြင်း၊ အရွယ်နှင့်မမျှအောင် အရက် သောက်ခြင်းမျိုးသည် အညွှန့်လူနေတဲ့ လူငယ်၊ လူရွယ်တွေရဲ့ဘ၀ကို ရိုက်ချိုးပစ်နေခြင်းပါ။ ဘ၀ဆိုတာ မျှော်လင့်ချက်နှင့် ရှင်သန်နိုင်တယ်ဆိုပေမဲ့လို့ ယုံကြည်ချက်နှင့် ဘ၀ကို စနစ်တကျ မတည်ဆောက်နိုင်ဘူး ဆိုလျှင် ခါးကျိုးတဲ့မွေ၊ ခြေကျိုးတဲ့မြင်း၊ အတောင်ကျိုးတဲ့ငှက်များလို  ပျော်ရွှင်တဲ့ဘ၀မျိုးဆိုတာ ဘယ်သော အခါမှ ရှိလာနိုင်မည်မဟုတ်ပါ။   

̏ပျော်ပျော်နေ သေခဲ˝ဆိုတဲ့ အဆိုဟာ အမူးသမားတို့ ယုံကြည်ထားတဲ့ သီအိုရီတစ်ခုပါ။ ဘ၀ဆိုတာ ပျော်ရွင်စွာ နေရခြင်းထက် အပြစ်ကင်းစွာ နေရခြင်းမျိုးက သာလွန်ကောင်းမွန်ခြင်းပါ။ အပျော်အပါးများကြောင့် ငွေးကြေးဓနတွ မလိုအပ်ပဲ ကုန်းခမ်းသွားခြင်းမျိုးထက် တန်ဖိုးရှိတဲ့ ဘ၀တစ်ခုအတွက် လူ့သိက္ခာ၊ လူ့တန်ဖိုး တွေ မြှင့်တက်စေနိုင်ဖို့ ပညာရေးအတွက် ငွေးကြေးဓနများကို သုံးစွဲပေးခြင်းက အများအတွက် အကျိုးများစွာ ဖြစ်ထွန်းလာနိုင်ခြင်းပါ။ ထာဝရပျော်ရွှင်ခြင်းမျိုးနှင့် တဒင်္ဂပျော်ရွှင်ခြင်းမျိုးကို လူငယ်များ ခွဲခြားနားလည်နိုင် ကြဖို့ပါ။

အရွယ်မရောက်သေးသော ကလေးသူငယ်များ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက် သောက်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းများကို တားမြစ်နိုင်ရန် တင်းကျပ်သော ဥပဒေများကို နိုင်ငံတော်မှ ထုတ်ပြန်ထားသင့်ခြင်းပါ။ တကယ်ဆိုလျှင် အရက်ရောင်းသူ၊ မူးယဇ်ဆေးဝါး ရောင်းသူများကိုသာ ဥပဒေအရ အရေးယူခြင်း ပြုတာမျိုးမဟုတ်ဘဲ ရောင်းသူ၊ ၀ယ်သူနှစ်ဦးစလုံးကို ထိုက်တန်သောအပြစ်ဒဏ်များ (ငွေဒဏ်၊ သို့မဟုတ် ထောင်ဒဏ်များ) ဖြင့် အပြစ်ပေးသင့်ခြင်းပါ။

ဘ၀ဆိုတာ ရှင်သန်ဖို့ လိုအပ်သလို အပြစ်ကင်းစင်တဲ့ ဘ၀မျိုးနှင့် ပျော်ရွှင်စွာ နေနိုင်ဖို့ဆိုတာကလည်း လူတိုင်းအတွက် လိုအပ်နေတဲ့အရာပါ။ တန်ဖိုးရှိတဲ့ဘ၀မျိုးဆိုတာ တန်ဖိုးညီတဲ့ဘ၀မျိုးနှင့် နေတတ်ဖို့ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ

Letter to Moemaka


ကလေးသူငယ် စားပွဲထိုးအလိုရှိသည်
ကလေးချစ်သူ
မတ်လ ၂၁၊ ၂၀၁၃


နိုင်ငံတကာမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်ကိုစေခိုင်းရင် ဥပဒေအရ ထိရောက်စွာ အရေးယူကြပါတယ်။ ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံမှာလည်း ဒီလိုပါဘဲ ကလေးသူငယ်ကို စေခိုင်းတာဟာ ဥပဒေအရ ကာကွယ်ရပါ့မယ်။ဒီမိုကရေစီမို့ လုပ်ချင်တာ လုပ်တယ် ဘာဖြစ်လည်း ဆိုတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့မြ၀တီက နာမည်ကြီး ဘောဂိတ်မှာ ပုံပါအတိုင်း ကလေးအလုပ်သမားခေါ်တဲ့ ဆိုင်ဘုတ်ကို ချိတ်ဆွဲထားတာပါ။ ဒါပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း ကလေးအလုပ်သမားကို တရားဝင်သကဲ့သို့ ဆိုင်း ဘုတ်တင်ပြီး အလုပ်ခေါ်နေတာကို မသိတာလား မသိချင်ရောင်ဆောင်နေသလား မသိပါဘူး ဘာမှအရေးယူတာမျိုးမရှိပါဘူး။

ကျွန်တော်အမြင်မှာတော့ ကလေးအလုပ်သမားကို ဆိုင်ဘုတ်တင်ပြီးပြီး မခေါ်သင့်သလို ဒီလိုလူမြင်ကွင်းမှာ ဆိုင်ဘုတ်တင် ကလေးစားပွဲထိုး ခေါ်တာကို သက်ဆိုင်ရာအာဏာပိုင်ကလည်း တားသင့်တယ်လို့ ထင်ပါတယ်ဗျာ . . . 

Lai Lone - Cartoon

သတင်းလိုက်နည်း
ကာတွန်း - လိုင်လုဏ်
မတ်လ ၂၁၊ ၂၀၁၃


free hotel rooms for foreign visitors in Nay Pyi Daw

နေပြည်တော်ဟိုတယ်များတွင် နိုင်ငံခြားသား တည အခမဲ့ တည်းခွင့်ပြုမည်
မိုးမခအထောက်တော် အမှတ် ဝဝ၎
မတ် ၂၁၊ ၂ဝ၁၃



နေပြည်တော်သို့ရောက်လာသော ခရီးသည်များ သွားရောက် လည်ပတ်နိုင်သည့် နေရာ အနည်းငယ်ထဲတွင် ဆင်ဖြူတော်များကို ထိန်းချုပ်ထားသည့်နေရာလည်း ထိပ်တန်းက ပါဝင်သည် (ဓာတ်ပုံ - မိုးမခ)

နေပြည်တော်သို့ နိုင်ငံခြားဧည့်သည်များ လာရောက်ကြရန် မက်လုံးပေးသည့်အနေဖြင့် အခမဲ့ အစီအစဉ်အများအပြားကို ၃ လ ကြာ ဆောင်ရွက်မည် ဟု ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောဆိုလိုက်ကြောင်း ဗုဒဟူးညပိုင်း ရုပ်သံသတင်းများတွင် ထုတ်လွှင့်သွားသည်။

ဧပြီ၊ မေ၊ ဇွန်လတို့တွင် နိုင်ငံခြားသား ခရီးသည်ကို လေဆိပ်မှ ဟိုတယ်အထိ အခမဲ့ ပို့ဆောင်ရေး၊ ဟိုတယ်တွင် နံနက်စာ အပါအ၀င် အခမဲ့ တစ်ညတည်းခွင့် ပြုရေး စသည့်အစီအစဉ်များ ဖြစ်သည်ဟု ဆိုသည်။

နေပြည်တော်ဟိုတယ်များမှ ပိုင်ရှင်များ၊ မန်နေဂျာများကို  ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ခေါ်ယူ ဆွေးနွေးပြီး အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
ယခု နည်းလမ်းဖြင့် မက်လုံးပေးပါက နေပြည်တော်သို့ နိုင်ငံခြားသား ပိုမို လာရောက်မည်ဟု  ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ဆက်လက် ရှင်းပြသည်။

ထို မက်လုံးပေး အစီအစဉ်အတွက်  ဟိုတယ်တစ်လုံးလျှင် နေ့စဉ် အခန်း ၁၀ ခန်း သုံးရန် လျာထားကြောင်း၊ ဟိုတယ်ပေါင်း ၃၁ ခု ရှိသည့်အတွက် အခန်းပေါင်း ၃၁ဝ ပါဝင်မည်ဟု  ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ရှင်းပြသည်။

တည်းခိုခ နှုန်းထား ကန့်သတ်သည့် ၃ လ အစီအစဉ်ကိုလည်း  ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ရှင်းပြသည်။

ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလများတွင် ဟိုတယ်အခန်းခကို တစ်ရက် ဒေါ်လာ ၃ဝ သတ်မှတ်သည်ဟု  ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောသည်။

နေပြည်တော်လေဆိပ်ကို ပြည်ပဧည့်သည်တင်ဆောင်သည့် လေယာဉ်များ ပုံမှန် ဆင်းနိုင်ရေးအတွက် နိုင်ငံခြားဧည့်ရရှိရန် ဆောင်ရွက်နိုင်ခြင်း ဖြစ်သည်ဟု  ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က  ရှင်းလင်း ပြောကြားသည်။

Wutthmoe - Articles


ပညာဒါနအဖွဲ့ (စင်ကာပူ)
ဝတ်မှုန်
မတ်လ ၂၀၊ ၂၀၁၃



● HISTORY
ပညာဒါနအဖွဲ့ ပင်နီဆူးလား သင်တန်းများကို (၂၀၁၀) ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် သင်တန်း (၁၀) ခုဖြင့် စတင်ခဲ့ကြပါသည်။ ဦးဆောင် သူ (၁၀) ဦး၏ တူညီသောအမြင်မှာ စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား ဘာသာစကားနှင့် ပညာရပ်ဆိုင်ရာများ လိုအပ်နေသည်ကို ဖြည့်ဆည်းပေးရန် ဖြစ်ပါသည်။

အဖွဲ့စတင်တည်ထောင်သူ တစ်ဦးဖြစ်သူ ကိုသက်နိုင်စိုး၏ ကုမ္ပဏီရုံးခန်း "ပင်နီဆူးလားပလာဇာ (၇) လွှာ အခန်း (၂၁)" ၌ သင်တန်းများကို ပူးတွဲသင်ကြားခြင်းဖြင့် ပညာဒါနအဖွဲ့လုပ်ဆောင်မှုများအားစတင်ခဲ့ပါသည်။ ကုမ္ပဏီရုံးခန်းအပြင် အခြား လိုအပ်ချက်ကို လူအား၊ စိတ်အား၊ ပညာအား၊ ငွေအားတို့ဖြင့်ပါဝင်ခဲ့ပြီး အခြားဦးဆောင်သူများမှလည်း တတ်အားသမျှ ဖြည့်ဆည်းပေးရန် သဘောတူခဲ့ကြပါသည်။

သင်တန်းများကို ဇူလိုင် (၂၀၁၀) ပထမပါတ်တွင် သင်တန်းသားပေါင်း အယောက် (၁၁၀) ဖြင့်စတင်ခဲ့ပါသည်။ အများ၏ တောင်းဆိုချက် နှင့် ဆရာများ၏ အားတက်သရောကူညီမှုတို့ကြောင့် Accounting, Engineering, Revit နှင့် AutoCAD, IT နှင့် Computer, Software Design & Programming, Photoshop & Web Design နှင့် IELTS သင်တန်းသစ်များကို တိုးချဲ့ ဖွင့်လှစ်ခဲ့ပါသည်။

(၂၀၁၀) ခုနှစ် လှုပ်ရှားမှုများ

(၂၀၁၀) ခုနှစ် ဒီဇင်ဘာလတွင် သင်တန်းသားပေါင်း (၃၃၀) ဦးခန့် မွေးထုတ်ပေးခဲ့ပါသည်။

(၂၀၁၁) ခုနှစ် လှုပ်ရှားမှုများ

(၂၀၁၁) ခုနှစ် ဧပြီလတွင်"ပင်နီဆူးလားပလာဇာ (၇) လွှာ အခန်း (၂၆)" သို့ပြောင်းရွေှ့ခဲ့ပြီး ပညာဒါနအဖွဲ့ ပင်နီဆူးလားသင်တန်း၏ နှစ်ပတ်လည် ညစာစားပွဲကို ဇူလိုင်လ (၂) ရက်, (၂၀၁၁) ခုနှစ် (စနေနေ့) တွင် ညနေ (၆း၀၀) နာရီ မှ (၈း၃၀) ထိ စာသင်ခန်းမ၌ ကျင်းပခဲ့ပါသည်။ 

(၂၀၁၁) ခုနှစ် ဒီဇင်ဘာလတွင် သင်တန်း (၃၄) ခု ဖွင့်လှစ်ခဲ့ပါသည်။

(၂၀၁၂) ခုနှစ် လှုပ်ရှားမှုများ

(၂၀၁၂) ခုနှစ် ဧပြီလတွင် သင်တန်း (၄၂) ခု ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားဦးရေ တိုးပွားလာသဖြင့် စာသင်ခန်းမ ထပ်မံတိုးချဲ့ ငှါးရမ်းရန် လိုအပ်ငွေ သက်သာစေရန် ကိုသက်နိုင်စိုး၏ "ပင်နီဆူးလားပလာဇာ (၁၆) လွှာ အခန်း (၆)" ကုမ္ပဏီရုံးခန်းရှိ "Polyline Studio Training Center" နှင့် ပူးတွဲသင်ကြားရန် (၂၀၁၂) ခုနှစ် မေလတွင် ပြောင်းရွေှ့ခဲ့ပါသည်။ 

(၂၀၁၂) ခုနှစ် ဇွန်လတွင် သင်တန်း (၅၀) ဖွင့်လှစ်ထားပြီး သင်တန်းသား (၆၂၅) ခန့် တက်ရောက်ပညာရှာမှီးလျှက် ရှိပါသည်။ 
ပင်နီဆူးလားသင်တန်း၏ နှစ်ပတ်လည် ညစာစားပွဲကို ဇွန်လ (၃၀) ရက်, (၂၀၁၂) ခုနှစ် (စနေနေ့) တွင် ညနေ (၆း၀၀) နာရီ မှ (၈း၃၀) ထိ Cultural Hotel ရှိ Fushionnel Restaurant ၌ ကျင်းပခဲ့ပါသည်။  

● သင်တန်းများနှင့် PNDN Open Courseware
မြန်မာပြည်တစ်ဝန်းရှိ ညီအကိုမောင်နှမများအတွက်အွန်လိုင်းမှ notes နှင့် curriculum သာမက video/audio များပါတင်ရန် ကြိုးစား လျှက်ရှိပါသည်။ 

PNDN Open Courseware (http://open.pyinnyar.com) တွင် အွန်လိုင်း notes နှင့် curriculum များအကြောင်း ဆက်လက်ဖတ် ရှုနိုင်ပါသည်။

● ပညာဒါနအဖွဲ့ (စင်္ကာပူ) ပင်နီဆူးလား သင်တန်းများနိုဝင်ဘာ လက်ကမ်းစာစောင် 

● Helping our community
သင်ကြားရေး နှင့် အထွေထွေ အကူအညီ ပေးလိုသူများအားလုံးကို ပညာဒါနအဖွဲ့ မှ ဖိတ်ခေါ်ပါသည်။
If you want to share your knowledge and work experience 

ပညာဒါနအဖွဲ့တွင် သင်ကြားရေး အကူအညီ လုပ်အားပေးလိုသော ဆရာ၊ ဆရာမများအား ဖိတ်ခေါ်ပါသည်။ 
မိမိလုပ်အားပေးလိုသော ဘာသာရပ်နှင့်ပတ်သက်သည့်အကြောင်းအရာများကို အဖွဲ့ရုံးခန်းတွင် လာရောက် စုံစမ်းနိုင်ပါသည်။ 

လုပ်အားပေး ဆရာ၊ ဆရာမ အသစ်များအား ပညာဒါနအဖွဲ့ Senior Group Monitor မှ တွေ့ဆုံရှင်းလင်း၍ လုပ်အားပေးဖေါင်ဖြည့်မည် ဖြစ်ပါသည်။

လက်ရှိအသုံးပြုလျှက်ရှိသော သင်ရိုးညွှန်းတမ်းကို တင်ပြပါမည်။

သင်ကြားရေး အကူအညီ လုပ်အားပေးလိုသော ဆရာ၊ ဆရာမအား လက်ရှိသင်တန်းတွင် (၂) ပတ် မှ (၄) ပတ်ခန့် ၀င်ရောက်ကြည့်ရှုရန်ဖိတ်ခေါ်ပါမည်။

အပတ်စဉ်သင်တန်းအချိန်သည် (၁) နာရီခွဲ မှ (၂) နာရီ မျှရှိပြီး သင်တန်းကာလသည် (၃) လ မှ (၄) လ အတွင်းကြာရှိပါသည်။

လုပ်အားပေးကာလအနေဖြင့် သင်တန်းအပတ်စဉ် (၂) ခု အနည်းဆုံးကူညီပါရန်ဖိတ်ခေါ်ပါသည်။

● If you want to assist us in helping the community 

ပညာဒါနအဖွဲ့တွင် အထွေထွေ အကူအညီ ပေးလိုသူများအား ဖိတ်ခေါ်ပါသည်။ 

မိမိအားလပ်သော အချိန်နှင့်ကူညီလိုသည့် အကြောင်းအရာများကို အဖွဲ့ရုံးခန်းတွင် လာရောက် စုံစမ်းနိုင်ပါသည်။ 

အထွေထွေ အကူအညီ ပေးလိုသူ အသစ်များအား ပညာဒါနအဖွဲ့ Senior Group Monitor မှ တွေ့ဆုံရှင်းလင်း၍ လုပ်အားပေးဖေါင်ဖြည့်မည် ဖြစ်ပါသည်။

သင်ကြားရေး နှင့် အထွေထွေ အကူအညီ ပေးလိုသူများအားလုံးကို ပညာဒါနအဖွဲ့ Founder and Chief Organizer ကိုသက်နိုင်စိုး SOE at PYINNYAR dot COM ဆီသို့ ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။  

● Pyin Nyar Darna Speech Contest 
ပညာဒါနအဖွဲ့ (စင်္ကာပူ) တွင်တက်ရောက်လျှက်ရှိသော ကျောင်းသားကျောင်းသူများ အင်္ဂလိပ်စကားပြော နှင့် ကိုယ်ရည်ကိုယ်သွေးမြင့် မားစေရန် စီစဉ်ကျင်းပပေးခြင်းဖြစ်ပါသည်။ 

Best Speaker ဆု ရရှိသူအား  ပညာသင်ဆု စင်္ကာပူဒေါ်လာ ၄၀၀ ပေးအပ်ချီးမြှင့်ပါမည်။ (*Terms and Conditions apply.) 

သတ္တမအကြိမ်မြောက် ပညာဒါနအဖွဲ့ (စင်္ကာပူ) ၏ စကားပြောပြိုင်ပွဲကို (၂၀၁၂) ဇန်နဝါရီလ တွင် Cultural Hotel (270 Jalan Besar, Singapore 209019) တွင်ကျင်းပပါမည်။  

● Help for Job Finder 
 Accounting, Drafting, Engineering, Software & IT နှင့် ပတ်သက်သည့် အလုပ်အကိုင်ရှာဖွေရာတွင် အခက်အခဲရှိသူများအား ပညာဒါနအဖွဲ့ (စင်္ကာပူ) တွင် သင်ကြားပေးလျှက်ရှိသော ဆရာ ဆရာမများမှ အကြံပေး ကူညီဆောင်ရွက်ပေးနေပါပြီ။

- ကိုယ်ရေးရာဇ၀င် ပြင်ဆင်ပေးခြင်း နှင့် စီစစ်ပေးခြင်း
- အင်တာဗျူးတွင် ကြုံတွေ့ရမည့် မေးခွန်းများအား ရှင်းလင်းပြခြင်း
- လုပ်ငန်းခွင် နှင့် နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများအား မျှဝေခြင်း
- အကူအညီလိုအပ်နေသူများ အပတ်စဉ် တနင်္ဂနွေနေ့ (နေ့လည် ၁၂း ၀၀ မှ ၁း ၃၀ နာရီ) တွင် ပညာဒါနအဖွဲ့ ရုံးခန်းသို့ လာရောက်စုံစမ်း နိုင်ပါသည်။  

● Food Donation at the Toa Payoh Temple
စင်္ကာပူရောက် ညီအကိုမောင်နှမများ နှင့် ပညာဒါနအဖွဲ့ဝင်များ လစဉ် ဒုတိယ နှင့် တတိယအပတ် စနေနေ့ (ညနေ ၈း၀၀ မှ ၉း၃၀ နာရီ) Toa Payoh Buddhist Temple ဓမ္မစကြာရွတ်ဆိုပွဲတွင် အလှူဒါနပြုပါသည်။

ချက်ပြုတ်ရေးတွင် တတက်တအား ဝိုင်းဝန်းကူညီလိုသူများနှင့် စေတနာ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းလိုသူ မြန်မာနိုင်ငံသားများအား လုံးကို ပညာဒါနအဖွဲ့မှ ဖိတ်ခေါ်ပါသည်။ 

သွားရောက်လှူဒါန်းမည့်နေ့များတွင် ပညာဒါနအဖွဲ့ ရုံးခန်း သို့ ညနေ ၇း၀၀ နာရီ အမှီ လာရောက်ပါဝင်ကူညီနိုင်ပါသည်။  

● T-shirt Donation 
 "$2 for a T-Shirt" ခေါ် T-Shirt တစ်ထည်လျှင်နှစ်ဒေါ်လာ အလှူငွေကောက်ခံပြီး မြန်မာပြည်အနှံ့ အပြားရှိ ဆင်းရဲနွမ်းပါးသော၊ အ၀တ်အစားဝယ်ဝတ်ဖို့ရန်ပင် မတတ်နိုင်သော မိသားစုများအား T-Shirt များ လှူဒါန်းရန်ဖြစ်ပါသည်။

စေတနာသဒ္ဓါတရားထက်သန်သော မြန်မာနိုင်ငံသားများအားလုံးကို ပညာဒါနအဖွဲ့မှ ဖိတ်ခေါ်ပါသည်။ 

ပညာဒါနအဖွဲ့ ရုံးခန်း လာရောက်လှူဒါန်းနိုင်သလို ဘဏ်မှငွေလွှဲ၍လည်း လှူဒါန်းနိုင်ပါသည်။  

● One Village One Computer (OVOC)
စင်္ကာပူနိုင်ငံ ပညာဒါနအဖွဲ့  စေတနာရှင်များ အနေဖြင့် မြန်မာနိုင်ငံရှိ လက်လှမ်းမီရာ ကျေးလက်ဒေသများတွင် နေထိုင်သော ညီအစ်ကို မောင်နှမများ၏ ကွန်ပြူတာအတတ်ပညာ တိုးတက်မြင့်မား လာနိုင်ရေးအတွက် ခိုင်မာစွာ ယုံကြည်ပါသည်။ 

(Volunteers of Pyin Nyar Dar Na (PNDN) Singapore believe strongly in the betterment of our brethren in rural reaches of Myanmar through computer literacy.)

ထို့ကြောင့် ကျေးလက်တောရွာများတွင် ကွန်ပြူတာ တတ်မြောက်မှု အရေအတွက် မြှင့်တင်ရန် မြန်မာနိုင်ငံရှိ NGO အဖွဲ့များ အခြားသော လူမှုရေးအဖွဲ့အစည်းများ နှင့် ပညာဒါနအဖွဲ့ (စင်္ကာပူ) အဖွဲ့သားများ ပူးပေါင်းကာ   "တစ်ရွာ လျှင် ကွန်ပြူတာတစ်လုံး" (One Village One Computer) ဟု အမည်တပ်ထားသော ကျေးလက်ကွန်ပြူတာတတ်မြောက်ရေး အစီအစဉ် တစ်ခုကို ကျွန်တော်တို့ စတင်နေပြီ ဖြစ်ပါတယ်။ 

(Therefore, we have initiated a rural computer literacy program called "One Village One Computer" (OVOC) where PNDN partners with volunteering organizations and NGOs in Myanmar to increase computer literacy in rural villages.)

OVOC အစီအစဉ်ဆိုင်ရာ လှုပ်ရှားမှု  နောက်ဆုံး အခြေအနေများ နှင့် ဓါတ်ပုံများ ကို စနစ်တကျ ပြင်ဆင်လျက်ရှိပါသည်။ 
(Stay tuned for updates and photographs of OVOC program in action.)

● OVOC Approach
ပညာဒါနအဖွဲ့ (စင်္ကာပူ) အနေဖြင့် အောက်ပါတို့ကို တာဝန်ယူမည်ဖြစ်ပါသည်။

- ကွန်ပြူတာစက်ပိုင်းဆိုင်ရာ ကိရိယာ -  Laptop နှင့် ကွန်ပြူတာတွဲဖက်ပစ္စည်းများ
- ကွန်ပြူတာ software ပိုင်းဆိုင်ရာ  -  သင်ကြားမှုပိုင်းနှင့် သက်ဆိုင်သော Operation System နှင့် Software Application များ
- ကျောင်းသားများအတွက် သင်ရိုးညွှန်းတမ်း  -  ကွန်ပြူတာအခြေခံ အဆင့် (၁) ၊  ကွန်ပြူတာအခြေခံ အဆင့် (၂) နှင့် အင်္ဂလိပ်စာ အခြေ ခံ အဆင့် (၁) ၊ အင်္ဂလိပ်စာ အခြေခံ  အဆင့် (၂)
- ပူးပေါင်းကူညီသူ ဆရာများအတွက် သင်ကြားမှုဆိုင်ရာ အထောက်အကူပြု ပစ္စည်း နှင့် စာရွက်စာတမ်းများ
- PNDN Singapore will be responsible for
- Hardware: laptop and computer accessories
- Software: operating system and other software applications relevant for computer literacy
- Curriculum for Students: Computer Level 1 & 2 and English Level 1 & 2
- Training materials for volunteer teachers

ပူးပေါင်းကူညီလိုသူများ အနေဖြင့် ....
- Partnership Form ကို ဒေါင်းလုပ် စွဲ၍ ပုံစံဖြည့်ပြီး soe@pyinnyar.com သို့ အီးမေးလ် ပို့ပေးပါရန်။
- ဖြည့်ထားသော ပုံစံရရှိသည်နှင့် တပြိုင်နက် အထက်တွင်ဖော်ပြထားသော သင်ရိုးညွှန်းတမ်းများအပါအ၀င် laptop တစ်လုံးကို အတတ် နိုင်ဆုံး ကြိုးစား၍ အမြန်ဆုံး ပေးပို့ပါမည်။
- သင်တန်း လာရောက်တက်သူများအား ပညာဒါနအဖွဲ့ (စင်္ကာပူ) အမှတ်တံဆိပ်ပါ T-shirt များ ပေးဝေလှူဒါန်းပါမည်။

သင်ကြားရေး အစီအစဉ် ပြီးဆုံးသွားပြီးနောက်ပိုင်းတွင်လည်း  ကိုယ်တိုင်ဆက်လက် လေ့လာနိုင်စေရန်အတွက် ၊ ကျွန်တော်တို့ အနေဖြင့် အနည်းဆုံး (၁၂) နာရီ မှ နာရီ (၂၀) အထိ  လိုအပ်သော ကွန်ပြူတာ အခြေခံ အဆင့် (၁) သင်ရိုးကို သင်ကြားပေးရန် တိုက်တွန်း အကြံပြု လိုပါသည်။

အကျိုးသက်ရောက်မှု မြင့်မားစေရန် အတွက်လည်း ပူးပေါင်းကူညီသူများ အနေဖြင့် မိမိ သွားရောက်သင်ကြားပေးပြီးသော ကျေးရွာသို့ နောက်သုံးလကြာသည့်အထိ လစဉ် သွားရောက်ကာ သင်တန်းသားများ၏ တိုးတက်မှုအခြေအနေကို သွားရောက်အကဲဖြတ်ပေးစေလို ပါသည်။

အလှူရှင်များ၏အကျိုးအတွက် ပညာဒါနအဖွဲ့ (စင်္ကာပူ) website တွင် မျှဝေနိုင်စေရန်အတွက်လည်း ပူးပေါင်းကူညီသူများမှ မိမိ သွားရောက်ခဲ့သော ရွာများတွင် လှုပ်ရှားခဲ့သော မှတ်တမ်း ဓါတ်ပုံများကို လည်း ပေးပို့ရပါမည်။

- Partnership with Myanmar volunteering organizations and NGOs
- Download the Partnership Form and email it to us at soe@pyinnyar.com
- Once the form is received, we will try our very best to send you a laptop (as mentioned above) along with the training materials
- We will also be donating T-shirts (with PNDN logo) for the villagers attending the lessons
- We recommend teaching at least 12 to 20 hours of Computer Level 1 curriculum in order for them to continue with self-study after your visit
- To increase the effectiveness, we need you to visit the same village monthly for the next three months to assess their progress
- We need photographs of your visit to the villages so that we may share it on our PNDN website for the benefits of our donors


● Contact Us
ရုံးခန်းလိပ်စာ
ပင်နီဆူးလား (၁၆) လွှာ အခန်း (၆) 
(ပင်နီဆူးလား ပလာဇာ မြေညီထပ်မှ ဓါတ်လှေကား နံပါတ် ၃၊ ၄၊ ၅၊ ၆၊ ၇ နှင့် ၈ ကိုစီးပါ။)

● ရုံးခန်းဖွင့်ချိန်
တနင်္လာနေ့ မှ သောကြာနေ့ ( ညနေ   ၈ နာရီ – ညနေ ၉ နာရီ ) 
စနေနေ့ ( ညနေ ၃ နာရီ – ညနေ ၉ နာရီ ) 
တနင်္ဂနွေနေ့ ( နံနက် ၁၀ နာရီ – ညနေ ၉ နာရီ )

● Contact Information for Donors
POSB Saving account (၁၃၃ ၂၃၄၉၃ ၄) သို့လည်း  အလှူငွေပေးပို့နိုင်ပြီး ဖုန်းနံပါတ် (၈၃၉၄ ၃၆၁၈) (သို့) donate@pyinnyar.com သို့ အလှူရှင်များ၏ 
  
အမည် – xxx xxx
ဖုန်းနံပါတ် – xxxx xxxx
အီးမေးလ် – your-email@your-email.com

For "General PNDN" (or) "2 4 T" (or) "Satudithar
Description 
- General PNDN (ပညာဒါန အထွေထွေ အသုံးစရိတ် အလှူတော်) 
- 2 4 T (အဝတ်အထည်အလှူတော် – "$2 for a T" ခေါ် T-Shirt တစ်ထည်လျှင်နှစ်ဒေါ်လာ) 
- Satudithar (စတုဒီသာအလှူတော် – လစဉ် ဒုတိယနှင့် တတိယအပတ် စနေနေ့ညနေ)

ပိုမိုသိရှိလိုလျှင် = http://open.pyinnyar.com/

Aung Maw - Cartoon

ကိုယ့်အကြောင်း ကိုယ်သိကြလို့
ကာတွန်း - အောင်မော်
မတ်လ ၂၀၊ ၂၀၁၃


ကာတွန်းအောင်မော် ဖေ့ဘုတ်ခ်စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြပါသည်။

Ashin TayzaWunna - Articles


ဝဋ်ကြွေးရှိလျှင်ကျေပါစေ
အရှင်တေဇ၀န္တ (ကာလီဖိုးနီးယား)
မတ်လ ၂၀၊ ၂၀၁၃



ဆောင်းရာသီဥတု ကုန်ခါနီးပြီမို့ ရာသီဥတုက ဆောင်းလည်းမပီ နွေလည်းမမည် ဖြစ်နေတဲ့အချိန်။ အကြင်နာမဲ့စွာ တစ်ချက်တစ်ချက် တိုး ဝှေ့တိုက်ခိုက်လိုက်တဲ့ လေးရူးကြောင့် သစ်ပင်များပေါ်မှာ ချိနှဲ့နဲ့နှင့် ခိုတွဲနေတဲ့ ရော်ရွက်ဝါလေးများဟာ ကယ်သူမဲ့ဘ၀နဲ့ မိခင်ပင်အိုကို စွန့်ခွါခဲ့ရတယ်။ နောက်ပြီး လေရူးနှင့်အတူ မြေပြင်ကိုဆင်းသက်ခဲ့ရတယ်။ မြေပြင်ပေါ်ကို ရောက်ပြန်တော့လည်း တည်ငြိမ်စွာ မဆင်း သက်နိုင်တာကြောင့် မြေပြင်ပေါ်မှာ ဟိုဟိုဒီဒီ ပြေးလွှားနေတဲ့ ပုံရိပ်သဏ္ဍာန်ဟာ ကျွန်ုပ်ရဲ့ စိတ်အစဉ်နှင့်တူနေတာကို တွေ့ရတယ်။ ထို ကြောင့် ရွက်ဝါလေးတွေရဲ့ ပြေးလွှားနေဟန်ကိုကြည့်ပြီး အတွေးနှယ်မှာ လွှင့်မျောခဲ့ရတယ်။

အတွေးဆိုတာ ရောက်တတ်ရာရာကို တွေးတယ်ဆိုပေမဲ့ ကျွန်ုပ်တွေးနေမိတာကတော့ လူတွေရဲ့အကြောင်းပဲဖြစ်တယ်။ အော် … လူတွေ လူတွေ … ။  စီးပွားရေးနဲ့ပဲဖြစ်ဖြစ်၊ ပညာရေးနဲ့ပဲဖြစ်ဖြစ် အဆင်များပြေလာပြီဆိုရင်၊ အထက်တန်းစားဘ၀များကို ရောက်သွားကြပြီဆိုရင် စိတ်ထားတွေက ပြောင်းလဲသွားတတ်ကြတယ်။ "ရေမြင့်ရင် ကြာမြင့်တယ်״ ဆိုတဲ့ ဆိုရိုးစကားရှိပေမဲ့ ဘ၀မြင့်လာတဲ့လူတွေဟာ မြင့်မြတ် တဲ့စိတ်ထားတွေတော့ မြင့်တက်မလာပဲ ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်ပြီး အထင်တွေကြီးလာတတ်ကြတယ်။ ဒါကို လောကစကားနဲ့ပြောရင် ဘ၀င်မြင့်တယ်လို့ ဆိုကြတယ်။

ဘ၀င်မြင့်တယ်ဆိုတဲ့သဘောက မာန်မာနကို အထိန်းအကွပ်မရှိ တိုးမြှင့်ပေးလိုက်တဲ့သဘောပါပဲ။ မာန်မာနဆိုတဲ့သဘောတရားကို လော ကနယ်ပယ်ဘက်က ကြည့်ကြည့်၊ ဓမ္မနယ်ပယ်ဘက်က သုံးသပ် သုံးသပ် အလွန်ကြောက်စရာကောင်းတဲ့တရားဖြစ်တယ်။ မာနတရား ရှိလာပြီဆိုရင် လူမှုရေးမှာ အစွန်းရောက်လာပြီး တစ်ဖက်သားကို မတူမတန်ဆက်ဆံလာတတ်တယ်။ ဒါဟာ မာန်မာနရဲ့ သဘောတရားပဲ။         

ကျွနုပ်တို့ ဗုဒ္ဓလက်ထက်က ၀ိဒေဟရာဇ်မင်းကြီး တနေ့တော့ ဥယျာဉ်တော်ထဲလာတဲ့အခါ ပုတ်သင်ကလေးက အပင်ပေါ်ကဆင်းပြီး ၀ိဒေ ဟရာဇ်မင်းကြီးကို အလေးပြုတယ်။ ဒီတော့ ၀ိဒေဟရာဇ်မင်းကြီးက ဒီပုတ်သင်ကလေးကလိမ်မာတယ်။ ဒီပုတ်သင်ကလေးကိုကျွေးဖို့ဆိုပြီး အသပြာပေးထားတယ်။ မင်းကြီးခိုင်းထားတဲ့ဥယျာဉ်စောင့်ကလည်း အမြဲမပြတ်ကျွေးနေတာပေါ့။ တနေ့တော့ ဥယျာဉ်စောင့်ကလည်း အ စာဝယ်ဖို့မေ့နေပြီး အသပြာတပြားစေ့လေးဖေါက်ပြီး လည်မှာဆွဲပေးလိုက်တယ် အဲဒီအသပြာလေးဆွဲပေးတဲ့အချိန်ကစပြီး ပုတ်သင်က လေးဟာ စိတ်ပြောင်းသွားတော့တာဘဲ အစကတော့ ၀ိဒေဟရာဇ်မင်းကြီး ဥယာဉ်ထဲလာတိုင်း ဆင်းဆင်ြး့ပီးအလေးပြုတယ်။ အခုတော့ မင်းကြီးလာလဲ အလေးမထားဂရုမပြုတော့ဘူး။ မင်းမှာလဲနန်းတော်ကြီးပိုင်တယ်။ ငါ့မှာလဲတပြားစေ့ပိုင်တယ်ဆိုပြီး မာန်မာနတွေ ၀င်နေသတဲ့။

နောက်တခုကလည်း ဗုဒ္ဓလက်ထက်ကပါဘဲ မြင်းမြီးဆွဲ မောင်ဆန်လို့ခေါ်တဲ့ ရှင်ဆန္ဒမထေရ်ကိုကြည့်လေ။ မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးတော့ သူက ရှင်မဟာကဿပတို့ ရှင်အာနန္ဒာ စတဲ့မထေရ်ကြီးတွေကို ဂရုမစိုက်ဘူး။ ငါကမြတ်စွာဘုရားနဲ့ရင်းနှီးတယ် တောထွက်တုန်းက တည်းက အတူလိုက်ခဲ့တာဆိုပြီး မာန်မာနတွေတက်ကာ ဘယ်သူ့ကိုမှဂရုမစိုက် ဘယ်သူဆုံးမလို့မှမရဘူး။ နောက်ဆုံးတော့သူ့ကို ဘယ် သူမှမဆက်ဆံဘဲ ဗြဟ္မာ့ဒဏ်ခတ်ရသည်အထိဖြစ်တယ် မဟုတ်ပါလား။ အဲဒါမာန်မာနကြောင့်ပေါ့။

အဲဒီမာန်မာနဆိုတဲ့တရားက  ကိန်းသူရဲ့သဏ္ဍာန်မှာ အကျိုးမဲ့ကိုဖြစ်စေတတ်သောတရားမို့ ဗုဒ္ဓကလည်း မကောင်းသောတရားလို့ မိန့်ခဲ့ပါ တယ်။              

မာန်မာနကြောင့် အကျိုးမဲ့ ဖြစ်ပုံ  ၀ဋ်လည်ပုံလေးကို ကိုယ်တွေ့ဖြစ်ရပ်တခုအနေနဲ့  တင်ပြပါရစေ။ စာရေးသူဟာ တချိန်တုံးက အသင့်အတင့် နာမည်လေးရလာတော့ ဘာမဆိုပြည့်စုံတာပေါ့။ စာသင်သားဘ၀နဲ့မတူတော့ဘူး။ နာမည်ကျော်တဲ့တရားဟောဓမ္မကထိက ကမ္မဌာနာစရိယ တပါးဖြစ်လာပြီး နာမည်ကလည်းရ ပရိသတ်ကလည်းများလာ၊ နေရတဲ့နေရာကလဲ နာမည်ကြီး မဟာစည်ရိပ်သာ၊ ဆရာသမားတွေကလဲ နာမည်ကြီးတွေဆိုတော့ အစစအရာရာအဆင်ပြေတာပေါ့။

အဲဒီအချိန်က အသက်ကလဲငယ်သေးတော့ နားထင်သွေးရောက်ပြီး မာန်မာနတွေတက် ဘ၀င်မြင့်နေတဲ့အချိန်ပေါ့။ အတော်သင့်လူဆို စ ကားတောင်ပြောတာမဟုတ်ဘူး။ တနေ့တော့ သာကေတဘက်ကို ဆွမ်းစားကြွကြတော့ အတူသွားတဲ့ ဆရာတော်တပါးက ဦးတေဇ၀န္တ အရှင်ဘုရား ကျောင်းအတွက်နေရာရှာနေတာ ဒီနေရာလာနေပါလားလို့ ဒေါပုံမြို့အ၀င် လမ်းမြောက်ဘက် ခရာတောတွေ ပြည့်နေတဲ့နေရာ ကိုပြလိုက်ပါတယ်။ အဲဒီအချိန်ကဒေါပုံဆိုတာက ရွှံ့တွေဗွက်တွေပြည့်နေတဲ့ ကျူးကျော်ရပ်ကွက်တွေပါ။  အဲဒီတော့ဒီကဘာ ပြန်ပြောလိုက်သ လဲဆိုတော့  နှာခေါင်းရှုံ့ပြီး ဒီလိုနေရာကြီးမနေချင်ပါဘူးကိုယ်တော်လို့ ပြန်ပြောမိပါတယ်။ နောက်နှစ်တွေအတော်ကြာလို့ အရေးအခင်း တွေပြီးတော့ ဒေါပုံဝါဆိုရပ်ကွက် ၀ါဆိုဦးဓမ္မာရုံကတရားစခန်းပွဲပင့်တော့ တရားပြလာရင်း ၀ါဆိုကျောင်းတိုက်ကဆရာတော် ဦးဝိစိတ္တနဲ့တွေ့ တော့ အလ္လာပသလ္လာပစကားတွေပြောကြရင်း ....

အရှင်ဘုရားတပည့်တော် အရွယ်ကလဲရလာပြီဘုရား ကိုယ့်ကျောင်းကိုယ့် ကန်လေးနဲ့ နေချင်တယ်လို့ပြောတော့ အဲဒီဆရာတော်က အရှင် ဘုရား ဟုတ်ပြီ ကြည်စုရပ်ကွက်ထဲမှာ ဘုန်းကြီးပျံတော်မူထားတဲ့ တဲကျောင်းလေးတခုရှိတယ်။ အဲဒါမြို့နယ်ဥက္ကဌဆရာတော် ဦးဥာဏိက ထံသွားလျှောက်ကြည့်ရအောင်လို့ ပြောပြီး သွားလျှောက်တော့လည်း ဥက္ကဌဆရာတော်ကလည်း    အဆင်သင့်ပါဘဲ။ အရှင်ဘုရားသာသနာ ပြုပါဆိုပြီးပေးလိုက်တာပါဘဲ။  အဲဒီဝါးကျောင်းလေးကိုရတော့ အများတကာတွေကတော့ ကိုယ့်ကိုကြည့်ပြီးသနားနေကြတာပါ။ သနားကြ မှာပေါ့။ ကျောင်းလေးလည်း ဓနိမိုးးဝါးကျောင်းကလေး ဘေးကလဲညစ်ပတ်နေတာကို။ တချို့ တကာ တကာမတွေကလည်း ပြောကြတာပေါ့။ အရှင်ဘုရားမို့ ဒီလိုနေရာနေတယ်ပေါ့။ အဲဒီအခါမှ ဘ၀ရဲ့အကြောင်း လူတွေရဲ့အကြောင်းကို သေသေချာချာနားလည်လိုက်ပါတော့တယ်။ "ဘ၀ကို ပုံသေမတွက်နဲ့ဆိုတာ ဒါပါလားလို့ နားလည်လိုက်ပါတော့တယ်" လူတွေကလည်း ရှိတော့တမျိုး မရှိတော့တမျိုးပါလားဆိုတာ လူတွေရဲ့အကြောင်းကိုလည်း နားလည်လာပါတယ်။

တနေ့ညအိပ်ရာဝင်တော့ စဉ်းစားမိတယ်။ အော်ဒီနေရာကလေးက ငါခပ်ငယ်ငယ်က ငါနှာခေါင်းရှုံ့ခဲ့တဲ့နေရာလေးပါလား။ အဖြစ်တွေက ထူးဆန်းလိုက်တာ။ ငါဘယ်သောအခါမှ ဒီလိုနေရာမျိုး နေရမယ်လို့မထင်ခဲ့ဘူး။ တချိန်က ငါနှာခေါင်းရှုံ့ခဲ့တဲ့နေရာ အခု ငါတကယ်လာနေ ရတာပါလား။ ဘ၀များဆန်းကြယ်လိုက်တာ။ အနံ့အသက်တွေကလဲမကောင်း တဲကျောင်းလေးကလဲ ဒယိမ်းဒယိုင် ဓနိအမိုးတွေကလဲ မလုံမလဲ လေလာရင်လဲမှာစိုးလို့ ဘေးကသစ်ပစ်ပင်ကို သွပ်နန်းကြိုးနဲ့ ဆွဲချည်ထားရတယ်။ 

ကြွက်တွေကလဲတသောသော့  တဲကျောင်းအောက်ကလဲ ရေတွေနဲ့ဆိုတော့ ရေညှိစော်ကနံ။ ညအခါဆို အောက်ကဖားတွေကလဲ တကွိကွိ နဲ့ အိပ်လို့ မရတော့ ဟိုတွေးသည်တွေးနဲ့ ကိုယ့်ဘ၀ကိုစိတ်မကောင်းဖြစ်မိပါသည်။

တချို့ မန္တလေး အောင်လံ တောင်ငူ ရန်ကုန်စတဲ့ တပည့် တကာ တကာမတွေက တို့ဆရာတော်ဦးတေဇ၀န္တ ရန်ကုန်မှာ ကျောင်းခွဲတယ်ဆိုပြီး အထင်ကြီးပြီးးလာကြတာပေါ့။ ကျောင်းကိုမြင်လိုက်သည်နှင့်တပြိုက်နက် သူတို့အထင်နဲ့ အမြင်နဲ့ တခြားစီဖြစ်နေတော့ သူတို့ရဲ့မျက်နှာ တွေကပျက်လို့။ တချို့ကြတော့လဲ ပြန်ချင်လို့ လက်တတို့တို့နဲ့။ တချို့ကြတော့လည်း နောက်လှည့်ပြီး အထင်သေးတဲ့သဘောနဲ့ ခနိုးခနဲ့ပေါ့။ အစားကြွေးလဲမစား၊ ရေတောင် မသောက်ကြပါဘူး။ ပတ်ဝန်းကျင်ကလဲမသန့်တော့ ရွံကြတာပေါ့။ ကိုယ်ကလည်း  သူတို့သာ ဟန်လုပ်ပြီး စကားပြောနေရတာ မျက်နှာတွေပျက်ပြီး အားငယ်နေတာပါ။

အဲဒီအချိန်တုံးကဆိုရင် ကိုယ့်ရင်းနှီးတဲ့ဧည့်သည်တွေ မလာပါစေနဲ့လို့ ဆုတောင်းနေရတာ။

အဲဒီတော့  ညအိပ်ရာဝင်တော့စဉ်းစာမိတယ်။ အော် ငါငယ်ငယ်တုံးက ဒေါပုံ ဒီလိုနေရာမျိုး မနေချင်ပါဘူးလို့ နှာခေါင်းရှုံ့ခဲ့တယ်။ ဒေါပုံ ၀ါဆိုရပ်ကွက်ဝါဆိုဦးဓမ္မာရုံတရားပြတော့ သူတို့ကပ်တဲ့ဆွမ်းဟင်းတွေကြည့်ပြီး နှာခေါင်းရှုံ့ခဲ့တယ။် အဲဒီကံတွေက အခု ငါ့ကိုအကျိုးပေး နေတာ များလား အများတကာတွေရဲ့ အထင်သေးနှာခေါင်းရှုံ့ ခြင်းခံနေရပါပေါ့လား။

တချို့လူကြီးတွေကပြောကြတယ်။ ငှက်သိုက်ခလေးတွေဖျက်တာမြင်ရင် အကောင်းလေးတွေသတ်တာတွေ့တော့ ဟဲ့ကောင်လေးမလုပ်နဲ့ ၀ဋ်လည်လိမ့်မယ်လို့ပြောကြတယ။် ငါပြုလုပ်ခဲ့တဲ့ ကံတွေက ဘ၀တောင်မခြားဘဲ ယခုပစ္စုပ္ပန်မှာပင် လည်နေပါပေါ့လားလို့ ထိတ်လန့် သံ ဝေဂတွေရမိပါတယ်။

ရေချိုးပြန်တော့လည်း ကန်ရေတွေချိုးရတော့ ကျုပ်က ကန်ရေတွေမချိုးနိုင်ဘူးလို့ပြောတော့ သူတို့ခမျာ ရေချိုးဖို့ဆိုပြီး အခြားတနေရာကသွားဝယ်ပြီးထမ်းပေးရတယ်။ လူဆိုတာ တဖက်သားကို ကိုယ်ကအသာစီးကရတယ်ဆိုပြီး အနိုင်ယူချင်ကြတယ်လေ။ အခုကိုယ့်ကျတော့ ရေချိုးရုံတင် မဟုတ်ဘူး။ အဲဒီကန်ရေကိုသောက်နေရတယ်။ အဲဒီကန်ရေကိုတောင် လွယ်လွယ်နဲ့ရတာမဟုတ်ဘူး။ သူများဆီက ထန်းပိုး ရေပုံးငှားပြီး အဝေးကြီးသွားးထမ်းရတယ်။ မိုးအခါဆို ရေတထမ်းရဖို့ မလွယ်ပါဘူး။ ၀ဋ်ဆိုတာ အလွန်ကြောက်စရာကောင်းပါတယ်။

တချို့ နိုင်ငံကျော်ဓမ္မကထိကဆိုပြီး အထင်ကြီးပြီးနေကြတဲ့ပရိသတ်တွေလည်း ဒေါပုံကျောင်းထိုင်မှ အကုန်ပြတ်ကုန်တာဘဲ။  ကျောင်းမ ထိုင်ခင်က သားတော်လေး သားတော်လေးဆိုတဲ့သူတွေ လိုတာပြောပါဆိုတဲ့သူတွေလဲ တယောက်မှမတွေ့ ရတော့ပါဘူး။  ကိုယ့်ဇာတိက လာတဲ့သူတွေကတောင် ကျောင်းလာတည်းပြီး အရပ်ရောက်တော့ဘာပြောကြသလဲဆိုတော့ ဦးတေဇ၀န္တ ဦးတေဇ၀န္တနဲ့ နာမည်တော့ ကြီးလိုက်တာ။ နေရတော့လည်း ဆင်းဆင်းရဲရဲနဲ့ ရွှံ့ထဲ ဗွက်ထဲ အမှိုက်ပုံထဲ တဲကလေးနဲ့နေရတာ။ အဲဒီအချိန်တုံးကတော့ ဘ၀ကိုအလူး အလဲခံခဲ့ရတာပါ။

၁၉၉၁  အစိုးရလက်ထက် နေရာတွေပြန်ချပေးတော့လည်း အမှိုက်တွေဝယ်ဖို့ရပြန်တော့ အမှိုက်နံ့တွေ ကတထောင်းထောင်း  ယင်ကောင် တွေက တလောင်းလောင်းနဲ့ ကျောင်းတဲလေးထဲကတန်းတွေမှာဆို ယင်ကောင်ချေးတွေကလည်း မဲလို့။ နောက်မှပြန်စဉ်းစားမိတယ်   အော် အဲဒီတုန်း ကမသေလို့ ကံကောင်းတာ။ မကောင်းတဲ့အနံ့အသက်ကလည်း လူကိုသေနိုင်တာဘဲ။

စာရေသူကို ကျောင်းလှူခဲ့တဲ့ဆရာတော်ဆို တပည့်တော်လည်း အမှိုက်ချမယ်ဆိုပြီး အမှိုက်တွေကျောင်းထဲပုံလိုက်တာ အဲဒီအမှိုက်နံ့ တွေကြောင့် ပျံတော်မူသွားတယ်။ အဲဒီကျတော့မှ ကြောက်လာမိတယ်။ တချို့တကာမတွေကတော့ နာမည်ပေးကြပါတယ်။ ဒေါပုံကျောင်း မဟုတ်ဘူး။ ဒိုက်ပုံကျောင်းလို့တောင် ခေါ်ကြပါသေးတယ်။

ကျောင်းကလည်း ဘယ်လောက်ခမ်းနားသလဲဆိုတာကြည့်လိုက်ပါအုံး။ သီလရှင်ကတောင် အိမ်ထင်ပြီး ဆွမ်းဆံလာရပ်ပါတယ်။ အနားက ဆွမ်းလာကပ်တဲ့ တကာမကြီး ဒေါ်ညွန့်က ဆရာတော် သီလရှင်ဆွမ်းလာရပ်နေတယ်။ ဘယ်လိုလုပ်မလဲလို့ပြောတော့ သွားလောင်းလိုက်ပါ ဗျာလို့သာ ပြောလိုက်ရပါတယ်။ ကိုယ်ကတော့ ရှက်တာနဲ့ အပြင်တောင်မထွက်ရဲပါဘူး။ အဒီအချိန်တုန်းကဆို တရားဟောဘက်ဖြစ်တဲ့အ ပေါင်းသင်းသူငယ်ချင်းကိုတောင် မတွေ့ရဲတဲ့ဘ၀ပါ။ ကိုယ့်မှာမပြည့်စုံရင် ဘယ်လူကြားမှမသွားချင်တော့ပါဘူး။

အော် ကိုယ်ကတော့ အိပ်ရာဝင်တိုင်းနဖူးပေါ်လက်တင်ပြီး စဉ်းစားရင်းပြီးးခဲ့တဲ့အတိတ်တွေက အရိပ်သဖွယ်ထင်ဟပ်ပြီး အော်---- မင်း တချိန်တုန်းက မင်းကိုယ်မင်း အထင်ကြီးပြီး မာန်မာနတက်ခဲ့တဲ့ဒဏ်၊ ဘ၀င်မြင့်ခဲ့တဲ့ဒဏ်၊ သူများကိုအထင်သေးပြီး နှာခေါင်းရှုံ့ခဲ့တဲ့ဒဏ် တွေယခုမင်းကိုယ်တိုင်ခံစားနေရပါပေါ့လားလို့ နောင်တကြီးစွာရမိပါတော့သည်။  စာရှုသူများလည်း ဤအရှင်လို အဖြစ်ဆိုးများနဲ့ မကြုံတွေ့ ကြစေရန် သံဝေဂယူနိုင်ကြပါစေ။ အော်--- လောက၌အရာအားလုံးဟာဘယ်အရာမှတည်တံ့ခိုင်မြဲနေတာမဟုတ်ပါဘူး။ အနိမ့်အမြင့် အ တက်အဆင်းဆိုတာ ရှိကြစမြဲပါဘဲ။ ပြောလိုတာက မြင့်နေတဲ့အခါမှာလည်း ပလွှားခြင်းမရှိကြဖို့ နိမ့်ကျနေတဲ့အခါမှာလည်း စိတ်ဓာတ်တွေ မကျဖို့ပါဘဲ။ လူသားတိုင်းဟာ လောကဓံနဲ့တော့ ဘယ်သူမှမကင်းကြပါဘူ။း

ဗုဒ္ဓသည်ပင်လျှင် ၀ိပါက်တော် ၁၂  ပါးဆိုတဲ့ ၀ဋ်ကြမ္မာတွေကိုမလွတ်သာပဲ ခံခဲ့ရသေးတာဘဲ။ အော်ငါလဲဘဲ သူများတွေက ငါ့ကိုဘယ်လို ဘဲပြောကြပါစေ နှိမ့်ချပါစေ ဘယ်သူ့ကိုမှ အပြစ်မမြင်အပြစ်မတင်လိုတော့ပါ။ ကိုယ်မလိမ္မာလို့ ကိုယ်မိုက်ခဲ့လို့ ကိုယ့်ရဲ့ မိုက်ပြစ်မိုက်ကြွေး တွေကို နောင်ဘ၀မကူးဘဲ ဒီဘ၀တွင်လက်တွေ့ခံစားခဲ့ရတာဘဲ။

သူတို့ကို အပြစ်မမြင်တဲ့အပြင် သူတို့ကိုကျေးဇူးတင်ရမှာပါ။ သူတို့ကြောင့် ကိုယ့်သဏ္ဍာန်မှာ ကိန်းအောင်းနေတဲ့ မာန်မာနတွေလျောကျ ပြီး အမြင်မှန်ကိုရစေခဲ့ပါတယ်။ စာသူအာလုံးတို့လည်း စာရေးသူရဲ့ အဖြစ်အပျက်ကလေးကိုဖတ်ရှုပြီး သံဝေဂယူနိုင်ကြပါစေ။ စာရေးသူက တော့ နေ့စဉ်နေ့တိုင်း ဘုရားရှေ့ မှာဦးချပြီး တပည့်တော်မှာတင်ရှိနေတဲ့ဝဋ်ကြွေးတွေကို ဒီမျှနဲ့ဘဲ ၀ဋ်ကြွေးရှိလျှင်ကျေပါစေလို့ ဆုတောင်း ရင်းဖြင့်သာ  .....။

သံဝေဂပွားနိုင်ကြပါစေ

သရုပ်ဖော်ပန်းချီအား ဤနေရာမှ ကူးယူပါသည်။

                                                       

Burmese woman delivers her own baby on bus

ဘန်ကောက်သွားသည့် ဘတ်စ်ကားအတွင်း မြန်မာအမျိုးသမီးတစ်ဦး ကလေးမွေး
မိုးမခအထောက်တော် အမှတ် ဝဝ၆
မတ် ၂ဝ၊ ၂ဝ၁၃


  ယမန်နေ့ ညက ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတစ်ဦး  ထိုင်းနိုင်ငံတောင်ပိုင်း Trang မြို့မှ ဘန်ကောက်မြို့တော်သို့ ခရီးသည်တင် ဘတ်စ်ကားဖြင့် သွားရောက်စဉ် အဆိုပါ ကားပေါ်တွင် သမီးကလေး မွေးဖွားခဲ့ကြောင်း၊ မိခင်ရော ကလေးပါ ကျန်းကျန်းမာမာ ရှိကြောင်း ထိုင်းမီဒီယာအများအပြားတွင် ရေးသား ထုတ်လွှင့်နေကြသည်။

ကိုယ်ဝန်သည် အကူအညီ လိုသဖြင့် ဘတ်စ်ကားမောင်းသူက လမ်းဘေးထိုးရပ်ခဲ့ကြောင်း၊  အရေးပေါ်ဆက်သွယ်ရေးဖုန်းနံပါတ်မှတဆင့် ဆက်သွယ်ပြီး မကြာခင် ကူညီကယ်ဆယ်ရေးဝန်ထမ်းများ ရောက်လာပြီး ကလေးမွေးဖွားမှုကို အကူအညီ ပေးခဲ့ကြောင်း၊ မြန်မာမိခင်နှင့် ကလေးကို ဘန်ကောက်မြို့အနီး ဆေးရုံတစ်ရုံတွင် ပြုစုစောင့်ရှောက်ထားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ခရီးသွားသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတချို့ လမ်းတွင် ကလေးမွေးသည့် ဖြစ်ရပ် ထိုင်းသတင်းများတွင် တခါတရံ တွေ့ရသည်။

အရေးပေါ်အခြေအနေတွင် ကိုယ်ဝန်ဆောင်တို့ကို အကူအညီပေးရန် ဘန်ကောက်ရှိ ယာဉ်ထိန်းရဲအများအပြား သင်တန်းတက်ထားရပုံကို မိုးမခ မီဒီယာတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

http://moemaka.blogspot.com/2011/09/burmese-baby-born-in-bangkok-taxi.htmlယာဉ်ကြောပိတ်မှုများသည့်ဘန်ကောက်တွင် မြန်မာတဦး ကားပေါ်တွင် ကလေးမွေး

ကူညီကယ်ဆယ်ရေး လုပ်ဆောင်သည့် ကျန်းမာရေးဝန်ထမ်းတို့၏ အခန်းကဏ္ဍကို အထက်ပါ ဘတ်စ်ကားအတွင်း ကလေးမွေးသည့် ဖြစ်ရပ်တွင် ထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။

ထိုင်းနိုင်ငံတွင် အရေးပေါ် သွားလာနေကြသည့် အရေးပေါ်ကားများကို လမ်းပေါ်တွင် မကြာခဏ တွေ့နိုင်သည်။
မြို့ကြီးများတွင် အရေးပေါ်ကားတို့ကို ဦးစားပေးမှု အလွန် နည်းပါးသည်ကို တွေ့ရသည်။

မီးပွိုင့်မိပြီး ကားအများအပြားကြားတွင် အရေးပေါ်ကားတို့ တမေ့တမော စောင့်ဆိုင်းနေရသည့်မြင်ကွင်းမှာ ဘန်ကောက်တွင် မထူးဆန်းသည့် မြင်ကွင်းမျိုး ဖြစ်သည်။ 
အရေးပေါ်ကားတို့ကို ဦးစားပေးခြင်း မရှိသည့် ကား၊ ဆိုင်ကယ်တို့ကို စောင့်ကြည့် အရေးယူမည့် ယာဉ်ထိန်းရဲ မရှိသလောက် ရှားပါးခြင်းမှာ ထိုင်း နှင့် မြန်မာနိုင်ငံတို့၏ တူညီသော အချက်တစ်ခု ဖြစ်သည်။











--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives