[moemakadaily@moemaka.biz] 26th March - MoeMaKa Daily

Google ဝက်ဘ်ဆိုက်ကို မြန်မာဒိုမိန်းဖြင့် အသုံးပြုလာနိုင်ပြီး Google Play လည်း စတင်အသုံးပြုနိုင်

မိုးမခသတင်းကောက်နုတ်ချက်၊ ၀ိကလီးအီလဗင်း၊ မတ် ၂၆၊ ၂၀၁၃

Google ဝက်ဘ်ဆိုက်မှာ www.google.com.mm ဟူသော မြန်မာဒိုမိန်းဖြင့် စတင်အသုံးပြုလာနိုင်ကြောင်း သိရသည်။ ထို့ပြင် Android ဆော့ဝဲလ်နှင့် ဂိမ်းများကို Download ဆွဲရယူနိုင်မည့် Google Play ကိုလည်း မတ်လ ၂၂ ရက်နေ့တွင် စတင်အသုံးပြုလာနိုင်ကြောင်း သိရသည်။ ယခင်က Google Play ကို အသုံးပြုနိုင်ရန် အတွက် Proxy ကျော်ရခြင်းများရှိပြီး Android Apps များ စုစည်းပေးထားသော ကြားခံဝက်ဘ်ဆိုက်များကို အသုံးပြု၍လည်း Download ဆွဲကြရကြောင်း သိရသည်။ Google Play ကို အသုံးပြုလာနိုင်ခြင်းကြောင့် Android အသုံးပြုသူများ၊ Developer များအတွက် အခွင့်အလမ်းကောင်းများ ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Aung DIn - Hluttaw in Perspective (14)








(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၈၊ မတ်လ ၂၁ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၁၄)
အောင်ဒင်၊ မတ် ၂၆။ ၂၀၁၃

အပိုင်း (၁၄) ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေများကို လေ့လာသုံးသပ်ခြင်း (င) 

လွှတ်တော်ကိုယ်စားလှယ် နှင့် စောင့်ထိန်းသင့်သော ကိုယ်ကျင့်တရား

(၃) ပိုင်ဆိုင်မှုနှင့် ဝင်ငွေကို ထုတ်ပြန်ကြေညာခြင်း (Financial Disclosure) 

 အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ လိုက်နာရတဲ့ ကျင့်ဝတ်တွေထဲမှာ ပိုင်ဆိုင်မှုနဲ့ ဝင်ငွေတွေကို နှစ်စဉ်ကြေညာရတာလဲ အရေးကြီးတဲ့ ကျင့်ဝတ်ဖြစ်ပါတယ်၊ နှစ်စဉ်နှစ်တိုင်း မေလ (၁၅) ရက်ကို နောက်ဆုံးထားပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များက ခန့်အပ်ထားတဲ့ အကြီးတန်းလက်ထောက်များ၊ လွှတ်တော်ဆိုင်ရာအကြီးတန်းအရာရှိများဟာ ပြီးခဲ့တဲ့ တစ်နှစ်တာကလအတွင်း သူတို့ရဲ့ ပိုင်ဆိုင်မှု၊ ဝင်ငွေ နဲ့ အခွန်ပေးဆောင်မှုတွေကို လွှတ်တော်ကျင့်ဝတ်ကော်မီတီကို မပျက်မကွက်တင်သွင်းရပါတယ်၊ အကြောင်းကြောင်းကြောင့် အချိန်မီ မတင်သွင်းနိုင်လို့ သက်ဆိုင်ရာပုဂ္ဂိုလ်က စာရေးပြီး မေတ္တာရပ်ခံရင် ကော်မီတီက ရက်အနည်းငယ် တိုးမြှင့်ပေးနိုင်ပါတယ်၊
ဒီနေရာမှာ အကြီးတန်းအရာရှိများဆိုတာက နှစ်စဉ်ဝင်ငွေ ဒေါ်လာ တစ်သိန်းအထက်ရသူတွေကို ဆိုလိုတာပါ၊ ဒေါ်လာ တစ်သိန်းအောက်ရတဲ့ ဝန်ထမ်းတွေတင်စရာမလိုပါ၊ မြန်မာနိုင်ငံအနေနဲ့ကြည့်မည်ဆိုရင် လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်တို့၊ ညွှန်ကြားရေးမှူးတို့ကို အကြီးတန်းအရာရှိများလို့ ခေါ်ဆိုနိုင်မယ် ထင်ပါတယ်၊
မေလ ၁၅ ရက်ကို နောက်ဆုံးသတ်မှတ်ရတာက အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံသားများအားလုံးရဲ့ ဝင်ငွေခွန်ကို ဧပြီလ ၁၅ရက်နောက်ဆုံးထားပေးဆောင်ရတာမို့ အခွန်ဆောင်ပြီး တစ်လအကြာရက်ကို သတ်မှတ်ထားတာပါ၊ သူတို့မလွဲမသွေကြေညာရတဲ့ ဝင်ငွေစာရင်းမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ခံစားရရှိတဲ့ လစာငွေတင် မကပါ၊ လက်ရှိပိုင်ဆိုင်မှုများနဲ့ ပိုင်ဆိုင်မှုပေါ်ကရတဲ့ ဝင်ငွေ (ဥပမာ အိမ်တွေ၊ ခြံတွေပိုင်ပြီး အဲဒီ အိမ်၊ ခြံတွေကို အငှါးချထားတယ်ဆိုရင် ရတဲ့ ဝင်ငွေ၊ ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းတွေရှိရင် အဲဒီလုပ်ငန်းရဲ့ တန်ဘိုးနဲ့ အဲဒီလုပ်ငန်းကဝင်ငွေ)၊ ကိုယ်ကချေးငှါးထားတာရှိရင် ရရန်ရှိငွေ၊ မိမိပိုင် အိမ်၊ ခြံ၊ လုပ်ငန်းတွေကို ရောင်းချခဲ့တယ်ဆိုရင် အဲဒီရောင်းချမှုကရတဲ့ အမြတ်အစွန်း၊ ပြင်ပကုမ္ပဏီတွေမှာ အစုရှယ်ယာ ဝင်ထားတယ်၊ ရင်းနှီးမြှုတ်နှံထားတယ်ဆိုရင် အဲဒီ အစုရှယ်ယာနဲ့ ရင်းနှီးမြှုတ်နှံမှုရဲ့ တန်ဘိုးနဲ့ တစ်နှစ်အတွင်းတိုးပွါးလာမှု၊ တန်ဘိုးကြီးမားတဲ့ လက်ဆောင်ပစ္စည်းတွေ၊ ခရီးသွားတဲ့ ကုန်ကျစားရိတ်တွေ၊ လွှတ်တော်ပြင်ပ အဖွဲ့အစည်းတွေမှာ ဆောင်ရွက်နေတဲ့ ရာထူးတာဝန်တွေနဲ့ သဘောတူညီချက်တွေ၊ အားလုံးကို တင်ပြရတာပါ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အကြီးတန်းအရာရှိတွေတင် မကပါဘူး၊ သူတို့ရဲ့ အိမ်ထောင်ဘက်တွေ၊ သူတို့နဲ့ အတူနေဆဲ သား၊ သမီးတွေရဲ့ ငွေရေးကြေးရေး အချက်အလက်များ အားလုံးကို တင်ပြရတာပါ၊
သတ်မှတ်ထားတဲ့ ရက်အမီ မတင်ပြနိုင်ရင် ကော်မီတီက ဒဏ်ငွေ ဒေါ်လာ ၂၀၀ နောက်ကျကြေးတပ်ပါတယ်၊ မှားယွင်းတင်ပြမှု၊ မပြည့်စုံတဲ့ တင်ပြမှုတွေကို ကော်မီတီက စစ်ဆေးတွေ့ရှိရင် အခြားအရေးယူမှုများကိုလဲ ပြုလုပ်နိုင်ပါတယ်၊ ပိုပြီးကြီးမားတဲ့အမှားအယွင်းတွေ စစ်ဆေးတွေ့ရှိရင် ကော်မီတီက တရားရေးဋ္ဌာနကို ရာဇဝတ်မှုနဲ့ အရေးယူဖို့ လွှဲပြောင်းပေးနိုင်ပါတယ်၊
လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူလူထုရဲ့ ကိုယ်စားလှယ်ဖြစ်တာမို့ ပြည်သူ့ကိုယ်စားလှယ်ပီသအောင် သန့်ရှင်းစင်ကြယ်ဖို့ အထူးလိုအပ်လှပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ သန့်ရှင်းစင်ကြယ်မှုကို တိုင်းတာနိုင်တဲ့ အချက်တစ်ချက်ကတော့ ဝင်ငွေ နဲ့ ပိုင်ဆိုင်မှုများကို အများသိအောင် ထုတ်ပြန်ကြေညာတာပါ၊
လွှတ်တော်ကိုယ်စားလှယ်ရဲ့ ငွေရေးကြေးရေးအခြေအနေဟာ ဖွင့်ထားတဲ့ စာအုပ်တစ်အုပ်လို ပွင့်လင်းမြင်သာမှုရှိရမှာပါ၊ အင်မတန်ချမ်းသာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အမေရိကန်ပြည်ထောင်စုမှာ အများကြီးရှိပါတယ်၊ ချမ်းသာတာ အပြစ်မဟုတ်ပါ၊ ဒါပေမည့် ဒီပုဂ္ဂိုလ်ရေးကြွယ်ဝမှုတွေ၊ မိသားစုပိုင်ဆိုင်မှုတွေဟာ တရားနည်းလမ်းကျ ရရှိခဲ့တာဖြစ်ဖို့လိုပါတယ်၊ အများပြည်သူရဲ့ မျက်ရည်တွေကို နင်းချေပြီးမှ ချမ်းသာကြွယ်ဝတာမဖြစ်သင့်ပါ၊ ဆင်းရဲနွမ်းပါးသူတွေရဲ့ ဘဝတွေကို ဖျက်ဆီးပြီးမှ ကြွယ်ဝချမ်းသာတာ မဖြစ်သင့်ပါ၊ အဲဒီလို ပုဂ္ဂိုလ်မျိုးဟာလဲ ပြည်သူ့ကိုယ်စားလှယ်မဖြစ်သင့်ပါ၊ 

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ရတဲ့ ဝင်ငွေကသိပ်မများလှပေမည့် နန်းတော်လို စံအိမ်ကြီးတွေမှာ ဇိမ်ခံကားတွေကို အလဲလဲအလှယ်လှယ် စီးနိုင်သူတွေ၊ အခြွေအရံတွေ အများကြီးခန့်ထားနိုင်သူတွေ၊ ကိုယ်ပိုင်လေယဉ်တောင် စီးနိုင်သူတွေ၊ လူမှုရေးကိစ္စတွေမှာ သိန်းပေါင်း ရာပေါင်းများစွာ လှူဒါန်းနိုင်သူတွေကို သူတို့ ဒီကြွယ်ဝမှုတွေ ဘယ်လိုရရှိပိုင်ဆိုင်ခဲ့သလဲဆိုတာ စုံစမ်းစစ်ဆေးသင့်ပါတယ်၊

(၄) ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှု (Campaign Activities) 


(က) လွှတ်တော်အမတ်ဟာ သူရဲ့ ရာထူးတာဝန်အရ လွှတ်တော်က ပေးအပ်ထားတဲ့ ရုံးခန်းတွေ၊ အဆောက်အအုံတွေကို သုံးပြီး မဲဆွယ်ခွင့်မရှိပါ၊
(ခ) လွှတ်တော်အမတ်ရဲ့ ရုံးဋ္ဌာနက ရုံးသုံးပစ္စည်းကြိယာတွေ (လွှတ်တော်အမတ်ရဲ့ အမည်နဲ့ရုံးသုံးစာရေးစက္ကူကစလို့ ကွန်ပြူတာတွေ၊ ပုံနှိပ်စက်တွေ၊ ဖိုင်တွေ၊ တယ်လီဖုန်းစတဲ့ ဆက်သွယ်ရေးကြိယာတွေ စသဖြင့်) ကို ရွေးကောက်ပွဲမဲဆွယ်ရာမှာ လုံးဝသုံးခွင့်မရှိပါ၊
(ဂ) လွှတ်တော်အမတ်က ခန့်အပ်ထားတဲ့ လွှတ်တော်ရုံးဝန်ထမ်းတွေဟာ သက်ဆိုင်ရာ ကိုယ်စားလှယ်အတွက် မဲဆွယ်ရေးလုပ်ငန်းတွေကို သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေမှာ ဆောင်ရွက်ပါတယ်၊ ရုံးချိန်အတွင်းမှာ လုပ်ခွင့်မရှိပါ၊ ဒါပေမည့် ဘယ်သူမှ သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒမပါပဲ မဲဆွယ်ဖို့ ဖိအားပေးခိုင်းစေလို့မရပါ၊
(ဃ) လွှတ်တော်အဆောက်အအုံကြီးများအတွင်းမှာ ဘယ်လွှတ်တော်အမတ်မှ ရွေးကောက်ပွဲဆိုင်ရာ အလှူငွေတွေတောင်းခံခြင်း၊ လက်ခံခြင်း လုံးဝမပြုလုပ်ရပါ၊
(င) ရွေးကောက်ပွဲဆိုင်ရာ ရန်ပုံငွေတွေကို ရွေးကောက်ပွဲ သို့မဟုတ် သက်ဆိုင်ရာ နိုင်ငံရေးကိစ္စများမှာပဲ သုံးခွင့်ရှိပါတယ်၊ ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲခွင့်မရှိပါ၊ နောက်ကျပြန်ပေးမယ်ဆိုပြီး ချေးငှါးခွင့်မရှိပါ၊
(စ) လွှတ်တော်အမတ်က သူ့ရဲ့ လွှတ်တော်ဆိုင်ရာလုပ်ငန်းများမှာ အထောက်အကူပြုဖို့ ခန့်အပ်တာဝန်ပေးထားတဲ့ ဝန်ထမ်းများဟာ သူတို့ကို အလုပ်ခန့်ထားတဲ့ လွှတ်တော်အမတ်အတွက် ရွေးကောက်ပွဲရန်ပုံငွေ ထည့်ခွင့်မရှိပါ၊

(၅) အကျိုးစီးပွါးဆိုင်ရာ ပဋိပက္ခဖြစ်မှု (Conflict of Interest)


(က) မိမိရဲ့ ရာထူးနဲ့ ရာထူးတာဝန်ကြောင့်သိခွင့်ရတဲ့ အတွင်းသတင်းတွေကို မိမိရဲ့ ကိုယ်ရေးအကျိုးစီးပွါးအတွက် သုံးစွဲခွင့်မရှိပါ၊
(ခ) လွှတ်တော်အမတ်တစ်ယောက်ဟာ မိမိရဲ့အကျိုးစီးပွါးနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ကိစ္စတွေကို ဆုံးဖြတ်ရာမှာ ပါဝင်မဲပေးခွင့်မရှိပါ၊
(ဂ) လွှတ်တော်အမတ်တစ်ယောက်ဟာ မိမိရဲ့မဲဆန္ဒနယ်မြေအတွက် နိုင်ငံတော်ရသုံးခန့်မှန်းခြေငွေစာရင်းထဲကနေ ရန်ပုံငွေတစ်စုံတစ်ရာတောင်းခံမယ်ဆိုရင် သူကိုယ်တိုင်ရော သူ့ရဲ့ အိမ်ထောင်ဘက်ပါ ဒီ ရန်ပုံငွေအပေါ်မှာ ဘယ်လိုအကျိုးခံစားမှုမှ ရှိမှာမဟုတ်ကြောင်း ကတိပြုစာကို သက်ဆိုင်ရာလွှတ်တော်ရေးရာကော်မီတီထံ ပေးပို့တင်ပြဖို့လိုပါတယ်၊
(ဃ) လွှတ်တော်အမတ်တစ်ယောက်ဟာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းများနဲ့ အိမ်၊ ခြံ၊ အဆောက်အအုံ ငှါးရမ်းတာ၊ ရောင်းချတာ လုပ်ခွင့်မရှိပါ၊
(င) လွှတ်တော်အမတ်တစ်ယောက်ဟာ သူ့ရဲ့ အိမ်ထောင်ဘက်အပါအဝင် မိသားစုဝင်တွေကို သူ့ရဲ့ လွှတ်တော်ရုံးခန်းမှာ တာဝန်ထမ်းဆောင်ဖို့ ငှါးရမ်းခွင့်ရှိပါတယ်၊ သို့သော်လဲ မသင့်တော်ကြောင်း အကြံပြုထားပါတယ်၊ တစ်ကယ်လို့ ဆွေမျိုးသားချင်းကို အလုပ်ခန့်တယ်ဆိုရင်လဲ လွှတ်တော်ကျင့်ဝတ်ကော်မီတီကို ဆက်သွယ်ပြီး အကျိုးစီးပွါးပဋိပက္ခမဖြစ်အောင် ရှောင်နိုင်ဖို့ အကြံဉဏ်တောင်းခံသင့်ပါတယ်၊ ရုံးမှာလဲ ဆွေမျိုးသားချင်းဝန်ထမ်းကို လွှတ်တော်အမတ်ကိုယ်တိုင်ကရော အခြားဝန်ထမ်းများကပါ အထူးအခွင့်အရေးမပေးရပါ၊
(စ) လွှတ်တော်အမတ်နဲ့ အဆင့်မြင့်အရာရှိတွေ၊ အကြီးတန်းဝန်ထမ်းတွေဟာ လွှတ်တော်တာဝန်တွေကို စွန့်ခွါပြီး ပြင်ပအလုပ်တစ်ခုကို ပြောင်းရွှေ့လုပ်ကိုင်တော့မယ်ဆိုရင် အဲဒီလို ပြောင်းရွှေ့ဖို့ ပြင်ပကုမ္ပဏီ၊ အဖွဲ့အစည်းနဲ့ စတင်ညှိနှိုင်းတဲ့ရက်ကစလို့ သုံးရက်အတွင်း ကျင့်ဝတ်ကော်မီတီကို စာနဲ့ မပျက်မကွက် ရေးသားတင်ပြရပါမယ်၊

အခြားကျင့်ဝတ်များ


အရေးယူခြင်း


အသက် ၄၇ နှစ်ပဲရှိသေးတဲ့ ဂျက်စီဂျက်ဆင် (အငယ်) ဟာ ဒီမိုကရက်တစ်ပါတီရဲ့ ထင်ရှားလာတဲ့ ခေါင်းဆောင်ငယ်တစ်ယောက်ပါ၊ ထင်ရှားတဲ့ အမေရိကန်လူမဲခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဘုန်းတော်ကြီး ဂျက်စီဂျက်ဆင် (အကြီး) ရဲ့ သားတစ်ယောက်ဖြစ်ပြီး ပညာတတ်၊ ထက်မြက်သူတစ်ယောက်ဖြစ်လို့ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်ကို အီလီနွိုင်ပြည်နယ်၊ လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) ကနေ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမှာ အရွေးချယ်ခံပြီး ရောက်ရှိခဲ့တာပါ၊ ၁၉၉၇-၁၉၉၈၊ ၁၉၉၉-၂၀၀၀၊ ၂၀၀၁-၂၀၀၂၊ ၂၀၀၃-၂၀၀၄၊ ၂၀၀၅-၂၀၀၆၊ ၂၀၀၇-၂၀၀၈၊ ၂၀၀၉-၂၀၁၀၊ ၂၀၁၁-၂၀၁၂၊ စသဖြင့် နှစ်နှစ်သက်တမ်း ၈ ကြိမ်ဆက်တိုက်အရွေးခံရပြီး ဒီမိုကရက်တစ်ပါတီတွင်းမှာ မျှော်လင့်ချက်ရှိတဲ့၊ အလားအလာကောင်းတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာသူပါ၊ ပြီးခဲ့တဲ့ ၂၀၁၂ နိုဝင်ဘာလရွေးကောက်ပွဲ မှာလဲ ၂၀၁၃-၂၀၁၄ နှစ်နှစ်သက်တမ်းအတွက် ထပ်မံအရွေးချယ်ခံရပါတယ်၊ 

ဒါပေမည့် ရွေးကောက်ပွဲနိုင်ပြီး ၁၆ ရက်အကြာမှာ သူ လွှတ်တော်ကိုယ်စားလှယ်ဘဝက နှုတ်ထွက်ကြောင်းကြေညာပါတယ်၊ အကြောင်းပြချက်ကတော့ သူ့ကျန်းမာရေးမကောင်းတာရယ်၊ အောက်လွှတ်တော်ကျင့်ဝတ်ကော်မီတီက သူ့ရဲ့ ကျင့်ဝတ်ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးနေပြီး မကြာခင်အရေးယူတော့မှာရယ်မို့ပါ၊
အောက်လွှတ်တော် ကျင့်ဝတ်ကော်မီတီက ၂၀၁၂ ခုနှစ် ဇွန်လဆန်းကစလို့ ဂျက်စီဂျက်ဆင် နဲ့ သူ့ဇနီး စန္ဒီဂျက်ဆင် (Sandi Jackson) တို့ကို ရွေးကောက်ပွဲရန်ပုံငွေတွေအလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးနေတာပါ၊ အချက်အလက်တွေ ခိုင်လုံလို့ ကော်မီတီ ရဲ့ တိုက်တွန်းချက်နဲ့ ပြည်ထောင်စုထောက်လှမ်းရေးအဖွဲ့ (Federal Bureau of Investigation/FBI) ကလဲ တစ်ချိန်ထဲမှာ စုံစမ်းနေတာပါ၊ ၂၀၁၃ ဖေဖော်ဝါရီလဆန်းမှာတော့ သူတို့ လင်မယားနှစ်ယောက်စလုံးက ရွေးကောက်ပွဲရန်ပုံငွေ ဒေါ်လာ ၇သိန်း ၅သောင်းကို ကိုယ်ရေးကိုယ်တာသုံးစွဲခဲ့ကြောင်း ဝန်ခံချက်ပေးပါတယ်၊ လွှတ်တော်ကျင့်ဝတ်ကော်မီတီက ဆုံးဖြတ်ချက်မချခင် လွှတ်တော်အမတ်အဖြစ်က နှုတ်ထွက်သွားလို့ လွှတ်တော်ဆိုင်ရာအရေးယူမှုကို ရင်မဆိုင်ရပေမည့် ရာဇဝတ်ကြောင်းအရ  ပြည်ထောင်စုထောက်လှမ်းရေးအဖွဲ့က တရားစွဲတာကိုတော့ ရှောင်လို့မရပါ၊ လာမည့် ဇွန်လ ၂၈ ရက်နေ့မှာ ချီကာဂိုမြို့မှာရှိတဲ့ ပြည်ထောင်စုအစိုးရရဲ့ ခရိုင်တရားရုံးက လင်မယားနှစ်ယောက်စလုံးကို ပြစ်ဒါဏ်စီရင်ပါလိမ့်မယ်၊ ဂျက်စီဂျက်ဆင်အနေနဲ့ ထောင်ဒါဏ် ၄၆လကနေ ၅၅လအထိကျနိုင်ပြီး သူ့ဇနီးကတော့ ထောင်ဒါဏ် တစ်နှစ်ကနေ နှစ်နှစ်အထိကျနိုင်တယ်လို့ ဆိုပါတယ်၊ ဒါ့အပြင် သူတို့ အလွဲသုံးထားတဲ့ ဒေါ်လာ ခုနှစ်သိန်းငါးသောင်း ကိုလဲ ပြန်လည်ပေးဆပ်ဖို့အတွက် ရှိသမျှပစ္စည်းတွေကို တရားရုံးက သိမ်းမှာပါ၊

ကျင့်ဝတ်ရှိသော လွှတ်တော်ဖြစ်ဖို့


  

Po Htet - Compassion


ကိုယ်ကျင့်တရားက နောက်၊ ကိုယ်ချင်းစာခြင်းက အရင်
ဖိုးထက်၊ မတ် ၂၆၊ ၂၀၁၃
တစ်မြန်မနေ့က ရင်ဘတ်မိတ်ဆွေ တစ်ယောက်မှ စာအုပ် တစ်အုပ် လက်ဆောင်ပေးလာသည်။ သူနဲ့ ကျွန်တော်နဲ့က ပြောမနာ ဆိုမနာ အပြန်အလှန် စိတ်ကောက်ဘူးကြသူတွေ။ ဒီလူက စိတ်ရှင်း၊ လူရှင်း။ ကိုယ်ကျင့်တရားမှာ၊ စိတ်ချယုံကြည်ရမှုမှာ သံသယရှိစရာ မလိုသောလူ။ ဒီလိုလူနှင့် ကျွန်တော်လို အကုသိုလ်အကောင် အဘယ်ကြောင့် မိတ်ဆွေ သံယောဇဉ်ရှိနေကြသလဲ ဆိုတာတော့ သူ့ ကုသိုလ်ကံ ဆိုးပြီး ကျွန်တော့် ကုသိုလ်ကံ ကောင်းသော ကြောင့်ဟုသာ သတ်မှတ်ချင်သည်။
            သူပေးသော စာအုပ်လေးက မဟာဂန္ဓာရုံဆရာတော် အရှင် ဇနကဘိဝံသ  ရေးသားတော်မူသည့် "ကိုယ်ကျင့် အဘိဓမ္မာ" စာအုပ်လေး။ ဒီစာအုပ်လေး ကျွန်တော့်ဆီမှာ အပိုင်ရှိနေတာ သေချာသည်။ အိမ်က စာအုပ်စင်ပေါ်မှာလား။ သို့မဟုတ် စာအုပ် သေတ္တာထဲမှာလား။ ဒီလောက်ေ၀၀ါးနေပုံထောက်လျှင် စာဖတ်သူက ကျွန်တော့် ကိုယ်ကျင့်တရားကို ခန့်မှန်းမိလောက်ပြီ ထင်ပါသည်။ စာအုပ်ရေးသားပြုစုတော်မူသည့် ဆရာတော်၏ သာသနာတော်အတွက် ၀ီရိယကြီးမားပုံကို စာအုပ်တွေထဲမှာ မကြာခဏ ဖတ်ဘူးသည်။ စာရေးလျှင် မတ်တပ်စားပွဲကြီးနှင့် ရေးသည့် ဆရာတော်ကို အံ့သြရသည်။ ပျံလွန်တော်မူမည့် နေ့မှာ မနက်စာဝါ ပို့ချသွားသည့် ဆရာတော်ကို တွေးမိပြီး ကြက်သီးများ ထမိခဲ့သည်။
            အခုလဲ ဆရာတော်၏ အနီရောင်အဖုံးနှင့် ကိုယ်ကျင့် အဘိဓမ္မာ စာအုပ်လေးကို ကျွန်တော် ဖတ်ဘူးခဲ့ တာသေချာသည်။ သို့သော် စဉ်းစားဆင်ချင်ခြင်းမပါသော လူပြိန်း စာဖတ်နည်းဖြင့် ကျွန်တော်ဖတ်မိခဲ့ဟန်တူသည်။ အခု ပြန်ဖတ်တော့ စာကြောင်း၊ စာလုံးတွေက ဖတ်ပြီးသား အဟောင်း။ အတွေးတွေက အသစ်။ ပြီးတော့ သူငယ်ချင်းက စာအုပ်ရှေ့ဆုံးမှာ စာတိုလေး တစ်ကြောင်းရေးပေးသွားသည်။ "တစ်ချိန်ချိန်မှာ အသုံးဝင်လိမ့်မယ်" ဟု ရေးပေးခဲ့သည်။ သူပြောသော အချိန်က ဘယ်အချိန်လဲ။ သေမင်း တွင်းဆုံးကျသောအချိန်လား။ လောကဓံတရား၊ အခက်အခဲတွေ စိတ်ခြောက်ခြားလောက်အောင် ဖြစ်နေတဲ့ အချိန်တွေကိုလား။
            စာအုပ်ကို စပြီး မဖတ်သေးခင် ကိုယ့် ကိုယ်ကျင့်တရားကို ပြန်ငှဲ့ကြည့်မိသည်။ တစ်ခါတစ်ရံ လက်မထောင်လောက်သော အကြောင်းအရာများတွေ့ရသည်။ တစ်ခါတစ်ရံ မှန်ပြန်ကြည့်ပြီး ထွီခနဲ့ နေအောင် တံတွေးထွေးပစ်ချင် စိတ်တွေ ပေါက်လာသည်။ တိန်တိန်မြည် ကိုယ်ကျင့်တရား မဟုတ်တာတော့ သေချာသည်။ လူတွေရဲ့ ကိုယ်ကျင့်တရားကို ကြက်ဥ တစ်လုံးဟု ဆိုပါစို့။ တစ်ချို့ရဲ့ ကိုယ်ကျင့်တရားက ကြက်ဥ အစိမ်းနှင့် တူသည်။ ထိမိခိုက်မိပြီး အပြင်ကို အကာ အရည်တွေ၊ အနှစ်တွေပါ ထွက်လာပြီး ပတ်ဝန်းကျင်ကို၊ အ၀တ်အစားတွေကို ပေပွကုန်သည်။ လူမြင်မကောင်းအောင် ဖြစ်စေသည်။ ကိုယ်ကျင့် တရား အလွန်ဆိုးသော သူများကြတော့ ကြက်ဥအပုတ် ကျကွဲတာနှင့် တူမည်ဟု ထင်သည်။ ပတ်ဝန်းကျင်ကို အလွန်ပုတ်စော်နံစေသည်။
            ကျွန်တော့်ရဲ့ ကိုယ်ကျင့်တရားကျတော့ ကြက်ဥပြုတ် တစ်လုံးနှင့် ပမာပြုရမည်ထင်သည်။ ထိမိ ခိုက်မိလျှင် အပြင်ဘက်သို့ စွန်းထင်း အနှောင့်အယှက်ဖြစ်စေမည့် အရာများ ထွက်ကျမလာသော်လည်း အပြင်အကာများကတော့ ကြေမွကုန်သည်။ အပြင်အခွံမာများ မွမွ ကြေနေသော ကြက်ဥပြုတ်တစ်လုံးနှင့် ကျွန်တော့် ကိုယ်ကျင့်တရား တူပါလိမ့်မည်။ တစ်စစီ ကြေမွပြီး စုတ်ပြတ်မသွားအောင် ထပ်ပြီး မထိမိ၊ မခိုက်မိအောင် ကျွန်တော်ကြိုးစားရအုံးမည်။
            ဆရာတော့် စာအုပ်လေးက တစ်ထိုင်တည်း ဖတ်ပြစ်သင့်သော စာအုပ်မဟုတ်။ တစ်ပိုဒ်ဖတ်၊ တစ်ခါတွေး။ မကြေနပ်ရင် မရှင်းလျှင် တစ်ခေါက်ပြန်ဖတ်။ မသေမချင်း အထပ် ထပ် အခါခါ ဖတ်ရမည့် စာအုပ်ဟု ထင်သည်။ ထို့ကြောင့် စာအုပ်ကို စဖတ်ခင်မှာ ကိုယ်ကျင့်တရားနှင့် ပါတ်သက်ပြီး ဥာဏ်မှီသလောက် အတွေးနယ်ချဲ့နေမိသည်။
            ကိုယ်ကျင့်တရားနှင့် ပါတ်သက်လျှင် ဆရာတော်ကြီးကဲ့သို့ အလွန်သိက္ခာ ရှိသော ရဟန်းများကို ကျွန်တော် ထူးပြီး မအံ့သြမိ။ ဘုရားသားတော်တွေ ပီပီ မြတ်စွာဘုရားရှင်၏ အဆုံးမ၊ လမ်းပြမှုအောင်မှာ လူ့လောကကြီးကောင်းကျိုး၊ ငြိမ်ချမ်းသာယာဝပြောအောင် နေထိုင် ပြုမူကြသည်။ ကိုယ်၊ စိတ်၊ နှုတ်သုံးပါးကို သတိကပ်ပြီး မေတ္တာတရားတော်များ ထုံမွှန်းပြီး ဒါမှ ဗုဒ္ဓသားတော်ကွဟု စံပြုလောက်အောင် နေနိုင်သော အရှင်တွေ။ ဒါကြောင့် ထူးထူးခြားခြားကြီး မအံ့သြမိခြင်း ဖြစ်သည်။
            သို့သော် လူတောထဲမှာနေ၊ လူတွေနဲ့ အလုပ် လုပ် သာမန်လူသားတစ်ယောက်အတွက် ကိုယ်ကျင့်တရား ကောင်းဖို့ဆိုတာ အလွန်ရှင်းလင်း ပြတ်သားသော ဥာဏ်ပညာနှင့် အလွန်ခိုင်မာသော ယုံကြည်ချက်တွေ ရှိရမည် ထင်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဆိုပါစို့။ အငြိမ့်မင်းသမီးကို ဗိုလ်ချုပ်သူငယ်ချင်းများက မြှောင့်ပင့်ပေးပြီး စနောက်ခိုင်းသည်ကို ဗိုလ်ချုပ်တုံ့ပြန်ပုံက ပြုံးချင်စရာ။ ကျွန်တော်သာ ဆိုလျှင် ငါ့ကို ချွန်တွန်း လုပ်နေကြပြီဟု တွေးမိနိုင်သေးပေမယ့် နယား ပါးယား စကားတွေ ပြောမိနိုင်တာ သေချာသည်။ ကိုယ်ကျင့်တရား ကောင်းမွန်သော ဗိုလ်ချုပ်ကို ဘယ်သူတွေ ဘယ်လောက် ၀န်တိုမစ္ဆိရိယ စိတ်တွေများနေပါစေ။ မြန်မာနိုင်ငံကြီး မပျက်မခြင်း၊ ကမ္ဘာကြီး မပျက်မခြင်း တည်တံနေမည့် လူဖြစ်သည်။
            ကိုယ်ကျင့်တရားနှင့် ပါတ်သက်ပြီး ဆရာကြီး သော်တာဆွေ၏ "မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း" (ခေါင်းစဉ် အမှတ်မှားနိုင်ပါသည်။) ဆိုသည့် ၀တ္ထုတိုလေးကို သတိတရ ရှိမိသည်။ တစ်သက်လုံး မှန်ကန်တည်ကြည်လာခဲ့သော၊ အလွန်သတ္တိရှိ ရဲရင့်သော ရွာလူကြီး သူကြီးက ဆေးသမား မိန်းမကို လိုချင်တပ်မက်သော စိတ်ဇောကြောင့် မလုပ်သင့် မလုပ်ထိုက်သော အပြုအမူများ လုပ်ခဲ့သည်။ တစ်ရပ်လုံး အသိ။ တစ်ရွာလုံး အသိ။ မတရားဘူးဆိုတာ သိကြသော်လည်း ကြောက်စိတ်ကြောင့် စောဒက မတက်ရဲကြ။ သို့သော် ဆေးသမား၏ အမေ အမယ်အိုကြီးက ဓားကြိမ်း လာကြိမ်းသော အခါ အိမ်ထဲက အိမ်အပြင်မထွက်ရဲလောက်အောင် ဖြစ်ခဲ့ရသည်။ ရပ်ရွာထဲကလဲ အဖွားကြီးကို ဆွဲမည့် တားမည့်သူ မရှိ။ နောက်တော့ တစ်ရပ်တစ်ပါးသို့ ပြောင်းပြေးရပြီး မထင်မရှား ဘ၀နှင့် ဘ၀သေသွားခဲ့ရသည်။
            ကျွန်တော့်အတွေးကို တစ်ဆင့်မြှင့်ကြည့်သည်။ ကျွန်တော်တို့ နိုင်ငံ သမိုင်းမှာရော။ အဖေကိုသတ်ပြီး ဘုရင်ဖြစ်လာသည့် နရသီဟပတေ့မင်း၊ ကြက်တိုက် ဘုရင် ပုဂံမင်း အလွန်အရုပ်ဆိုးသော သမိုင်းထဲက ဘုရင်တွေ။ ဒီဘုရင်တွေပေါ့ကွာဟု သေသွားသည့်တိုင်အောင် မေးငေါ့ခံနေရဆဲ။ ကျွန်တော်တို့ အသက်အရွယ် အပိုင်းအခြားမှာ နိုင်ငံလွတ်လပ်ရေးအတွက် ဒုက္ခဆင်းရဲခံလာသည့်တိုင်အောင် အာဏာ၊ လုပ်ပိုင်ခွင့် တွေပေါ်မှာ သာယာပြီး မိုးပေါ်ထောင်မပြစ်ဘူး၊ တည့်တည့်ဘဲ ပြစ်တယ်ဟု လူမိုက်စကားပြောသော လူကြီး၏ ကိုယ်ကျင့်တရားကတော့ ဟုတ်တာတွေကော၊ မဟုတ်တာတွေပါ သပုတ်လေလွင့် အပြောခံရသည်။
            ကိုယ့်ကျင့်တရားဆိုတာကို အကန့်တွေခွဲထုတ်ဖို့ ဆရာ့တော်စာအုပ်ကို ကျော်ပြီး ကျွန်တော် မလုပ်ရဲပါ။ သူများ ပစ္စည်းမခိုးရ ဆိုသည့် ကိုယ်ကျင့်တရားကို ဖောက်ဖျက်ပြီး လူကြားထဲမှာ မျက်နှာမပြရဲတော့ဘဲ ရှင်လျက်နဲ့ သေနေကြသော လူကြီးတွေ။ လူ့လောကကြီးက အလွန်ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကိုယ့်ကျင့်ကောင်းမွန်မှုကို တောင်းဆိုလွန်းလှသည်။
            ကိုယ်ကျင့်တရား ကောင်းသောသူတွေ ကျတော့ရော။ ဘာလုပ်လုပ် အောင်မြင်တာလား။ ဒီလိုလဲ မဟုတ်ပြန်။ ကိုယ်ကျင့်တရား ကောင်းကောင်း၊ ပညာဥာဏ်ကြီးကြီးဖြင့် ဦးဆောင်နေပါလျက်နှင့် ခါးအောက်ပိုင်း လက်သီးတွေ ထိုးချင်နေကြတာ စိတ်ဆင်းရဲစရာ။ ကျွန်တော်တို့က ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေ၊ စာအုပ်တွေထဲမှာ ကိုယ်ကျင့်တရား ကောင်းသောသူက ယုတ်မာ ကောက်ကျစ်သော လူတွေကို အနိုင်ရသွားခြင်းတွေမှာ ကြေနပ်အားရကြသည်။ အပြင်လောကမှာတော့ စုတ်ပဲ့သော လူများက အနိုင်ရသွားခြင်းတွေလဲ အများကြီးရှိပါသည်။
            ကိုယ်ကျင့်တရားနှင့် ပါတ်သက်ပြီး ယခု ကမ္ဘာမှာ ပြောနေကြသည့် လူ့အခွင့်အရေးကို နှိုင်းယှဉ်ကြည့်မိသည်။ လူဆိုသည့် သတ္တ၀ါ ဖြစ်တည်လာလျှင် အသားမဲတာ၊ မမဲတာ၊ ၀ါတာ ၊ မ၀ါတာ ဘေးချိတ်။ ရသင့်ရထိုက်သော အခွင့်အရေး အပြည့်ရ ရမည်ဟု ဆိုကြသည်။ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်၊ လွတ်လပ်စွာ တောင်းဆိုပိုင်ခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေပိုင်ခွင့်၊ လွတ်လပ်စွာ…လွတ်လပ်စွာ။ လွတ်လပ်စွာတွေ အလွန်များသော အကြောင်းခြင်းရာတွေပေါ်မှာ အကျင့်ကောင်းသော လူများ ဦးဆောင်လျှင် ပိုပြီး နေသော ထိုင်သာရှိသော လူ့ပါတ်ဝန်းကျင် ဖြစ်လာသည်။ ပိုပြီး ခြေခင်း လက်ခင်းသာသော နေ့များ ဖြစ်လာသည်။ သို့သော် အကျင့်တန်သော ဗီဇနှင့် လွတ်လပ်စွာတွေ ရောရှက်လာသော အခါ အလွန်စိတ်ညစ်ဖွယ်ကောင်းသော အမှုအခင်းများ ဖြစ်လာကြသည်။ ထိုအပေါ်ကိုမှ မာန်မာန တစ်လွဲတွေ၊ အတွေးအခေါ် အမှားတွေ ပေါင်းထည့်ပြန်သောအခါ ရှင်းမနိုင်တော့သော၊ ဘယ်တော့မှ မပြီးဆုံးတော့သော ပြဿနာပေါင်း သောင်းခြောက်ထောင်။
            ဆိုကြပါစို့။ ပြီးခဲ့သော မိထ္ထီလာ အရေး အခင်းကြီး ဆိုပါစို့။ ဘေးပရောဂတွေ၊ လူတွေ အလန့်တကြား ဖြစ်မှ၊ သေကြ ကြေကြမှ စိတ်ချမ်းသာကြသော လူ့အန္ဓများကို ဘေးချိတ်။ အရေးအခင်း စဖြစ်သည် ဆိုသည့် အကြောင်းအရာပေါ်မှာ ရိုးရိုးရှင်းရှင်းတွေးကြည့်မိသည်။ မွတ်ဆလင်တွေ၊ ခရစ်ယာန်တွေ၊ ဗုဒ္ဓဘာသာတွေ ခဏဘေးဖယ်ထား။ ကိုယ်ကျင့်တရား စုတ်ပဲ့သော လူ့လောဘ၊ ဒေါသ၊ မောဟတွေကြောင့် ဖြစ်လာသည်လို့ တွေးလို့ရမည်။
            ထိုအခြင်းအရာကိုမှ ကိုယ်ကျင့်တရား စုတ်ပဲ့သော လူများက ဟုတ်တာတွေကော၊ မဟုတ်တာတွေပါ ထပ်မံပြီး ဖွကြသော အခါ တည်ငြိမ်ခြင်းပျက်ပြားရသည်။ ဘယ်လိုမှ မဖြစ်သင့်သော အမုန်းတရားတွေ လက်ဆင့်ကမ်းကြသည်။ အားပေးအားမြှောက်ပြုကြပြန်သည်။
            ကျွန်တော်က ဆရာတော်ကြီး၏ စာအုပ်ကို မဖတ်သေးဘဲ အတွေးနယ်ချဲ့မိနေခြင်းဖြစ်သည်။ ကိုယ်ကျင့်တရားဆိုသော ဘာသာရပ်ကို သရုပ်ခွဲပြဖို့ ကျွန်တော်လို လူသာမာန်များ ဥာဏ်မမှီတာ သေချာပါသည်။ လူ့အခွင့်အရေးတွေ အော်ကြီး ဟစ်ကျယ်ပြောနေကြသော နိုင်ငံကြီးတွေက နိုင်ငံသားတွေကရော နိုင်ငံသား အချင်းချင်း လူ့အခွင့်အရေး အပြည့်အ၀ ပေးနိုင်ကြသလား။ သံသယ၀င်စရာ၊ ထောက်ပြစရာတွေ အများကြီးရှိပါသည်။
ကိုယ်ကျင့်တရားဟူသည့် စကားလုံးကို ထပ်ခါ ထပ်ခါ စာစီနေရသော ကျွန်တော့်လက်တွေက ယားယံလာသည်။ လူ့အခွင့်အရေးဗျ ဟု ပြောနေကြသော လူတွေကို ဟားတိုက်ချင်သည်။ ကျွန်တော်တို့ လူတိုင်း လိုက်နာနိုင်သော အလွန်ရိုးရှင်းသော စကားလုံးရှိပါသည်။ ဒီစကားလုံးက အလာအရှင်မြတ်ရဲ့ သားတော်တွေ၊ ယေရှုခရစ်ရဲ့ သားတော်တွေ၊ ဗုဒ္ဓဘာသာဝင်တွေ၊ ဘယ်ဘာသာကိုမှ မယုံကြည်သော လူတွေ အားလုံးအတွက် အကျုံးဝင်ပါလိမ့်မည်။ ထိုစကားလုံးကတော့ ကိုယ့်ကို သူများ လာလုပ်လျှင် မကြိုက်သော အပြုအမူတွေ၊ ကိုယ့်ကို သူများက တွေးလျှင် မကြိုက်သော အတွေးတွေ ကို သတိပေးနေသည့် "ကိုယ်ချင်းစာစိတ်" ဖြစ်ပါသည်။ ကိုယ်ကျင့်တရားတည်းဟူသည့် အလွန်ခက်ခဲ့သော စကားလုံးကို မပြောခင် ကိုယ်ချင်းစာစိတ်လေး အရင်မွေးဖို့ ကျွန်တော်အများကြီး ကြိုးစားရပေအုံးမည်။

Suu's Daily publishing very soon


ဒေါ်အောင်ဆန်းစုကြည်၏ ဒီလှိုင်းသတင်းစာအပါအ၀င် နေ့စဉ်ထုတ်သတင်းစာများ ထုတ်ခွင့်ရ
သတင်းကောက်နုတ်ချက်။ မတ် ၂၆၊ ၂၀၁၃
(ယနေ့သတင်းစာဖြတ်ပိုင်း)

SUNDAY, MARCH 24, 2013

Mar Mar Aye - 473

"ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်" အမှတ် (၄၇၃)
နှုတ်ဆက်ပွဲ၊ တင်မိုး (၆)နှစ်မြောက်
မာမာအေး
မတ် ၂၅၊  ၂၀၁၃


(photo: Mya Thandar's facebook)
သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … မာအေးတော့ ကိုယ့်အိမ်ကလေး ရှိနေတဲ့ အမေရိကန်ရွာကလေးကို ချောချောမောမော ပြန်ရောက်နေပါပြီ။ အများသူငါ ပို့သတဲ့မေတ္တာပါဘဲ။
နေကေါင်းကျန်းမာရှိပါတယ်။ ချစ်စွာသော ပြည်သူ ပရိသဒ်အပေါင်းတို့တွေလဲ အစစ အရာရာ အေးချမ်းသာယာ မင်္ဂလာရှိပါစေရှင်။ မပြန်ခင်ကတည်းက လွမ်းရစ်ဦးတော့မှာဘဲဆိုတဲ့ ရောင်းရင်းတို့ကိုလဲ သွားလမ်းသာလို့ ပြန်လမ်းလှတဲ့ အချိန်မျိုးမှာ မကြာမကြာ ကျိုးစားလာမှာပါလို့ ပြောခဲ့တဲ့အတိုင်း တည်မှာပါ။

ကိုယ့်နိုင်ငံ ကိုယ်ပြန်ရောက်ခဲ့တဲ့ သုံးလ ဆိုတာ ဘာမှ ကြာလိုက်တယ်မထင်ဘူး။ ဘယ်မှလဲ သိတ်မရောက်လိုက်ဖူး။ မိတ်ဆွေတွေ အသိတွေနဲ့လဲ သိတ်မတွေ့ဖြစ်ပါဘူး။
အပြင်ရောက်တာ ကြာတော့ လိပ်စာတွေမမှတ်မိ၊ ဖုန်းနံပါတ်တွေလဲ မသိတော့လို့လေ၊ မှတ်မိသလေါက်ကလေးတောင်မှ ကိုယ်က လိုက်မတွေ့နိုင်၊ သူတို့လာကြပြန်တော့လဲ
ကိုယ်က ရှိမနေတော့ လွဲချည်းနေမှာလို့ တွေးမိပြီး ဆုံချင်သူတို့ ဆုံလို့ရအောင် နှုတ်ဆက်ပွဲလေးတပွဲ လုပ်မယ် လို့ အချိန်စောင့်နေခဲ့ရပါတယ်။

ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့ကတော့ နှုတ်ဆက်ပွဲလေး အထမြောက်သွားပါတယ်။ ဖိတ်စာလိုလိုလေးပေါ့။ ကိုယ့်လက်ရေးနဲ့ ကိုယ့်ဓါတ်ပုံလေးနဲ့ စာရွက်ကလေးတွေကို မြေးငယ် မမိဖူးက လက်စွမ်းပြပေးတာဘဲ။
ရတဲ့သူလဲရ မရတဲ့သူလဲမရတော့ ဖြစ်ဦးမှာဘဲပေါ့။ ကိုယ်ခွဲက သိတ်မရှိတော့ သိပြီးတဲ့သူက တွေ့တဲ့မိတ်ဆွေကို တဆင့်ပြီးတဆင့် ပြောပေး နှုတ်ဖိတ်ကလေးလဲ လုပ်ပါတယ်ရှင်။
မာအေးတို့တွေ အသံအလှူပေးနေကျဖြစ်တဲ့ မင်းကွန်းဆရာတော်ဘုရားကြီး တည်တော်မူခဲ့တဲ့ တိနိကျောင်းတော် ငွေရတုခန်းမမှာပါ။
မာအေးရဲ့ သီချင်းပွဲတွေမှာ ငွေလက်ဆောင်တွေလဲ ရခဲ့တော့ စေတနာရှင်တွေလဲ ၀မ်းမြောက် သာဓုခေါ်နိုင်ပါစေရယ်လို့ သာသနာရေး လူမှုရေး အဖွဲ့တချို့ကို လှူဖြစ်ပါသေးတယ်။ ကျောင်းရှိ သံဃာကုန် ဆွမ်းလုပ်ကျွေးပါတယ်။
မိတ်ဆွေတွေကို ကျွေးတဲ့နေရာမှာတော့ မျက်နှာလိုက်သလို ထင်ကြမှာ ထင်ပါရဲ့။ မြောင်းမြဒေါ်ချို မုန့်ဟင်းခါး ကျွေးတာကိုးရှင့်။ အဆင်သင့်သွားတာလဲ ပါပါတယ်။ မြောင်းမြအသင်းကလဲ မြောင်းမြသူ မာအေးဆီလာတာပေါ့။ အဲဒီမှာ သူတို့ ညီအမ မိသားစုတွေလဲ လူမှုရေး သာသနာရေးကိစ္စတွေ ကူညီနေတာတွေ့တော့ ဖြစ်တာတင်မက မုန့်ပါကျွေးဖြစ်သွားတာပါဘဲ။
အားလုံးလဲ ရောက်လာကြ စါးကြ ပြောနဲ့ အတော်ပျော်ကြပါတယ်။
သွားလေသူ ဂီတ အကိုတော်တွေလဲ ကုန်သလေါက်လို့တောင် ပြောလို့ရနေတော့ သတိရလိုက်မိတာနဲ့ အရင့်အရင် ဆုံကြရင် အော်ဟစ်နောက်ပြောင်ခဲ့သူတွေ မပါတော့ပါလား ဆိုတဲ့ ရင်တွင်းကြိတ်နဲ့ ဆွေးချင်ကြပါတယ်။
ကိုယ်လဲ  တနေ့ လို့ သံဝေဂ ယူရတာပေါ့ရှင်။

နောက်တပါတ်အတွင်းမှာ ကဗျာဆရာ ဖလ်မီးအိမ်တင်မိုး အတွက် ကျန်ရစ်သူတွေက ရောင်းရင်းများက မမေ့တဲ့နေ့လေး လုပ်ပါတယ်။ ကြုံတောင့်ကြုံခဲ ကဗျာမိုးရဲ့ ပွဲမို့လဲ မာအေး ဒီအခန်းအနားကို သွားတက်ခဲ့တာပါဘဲ။
ပန်းချီဆရာ ယဉ်မင်းပိုက် ရေးဆွဲခဲ့တဲ့ - တင်မိုးရဲ့ အပြုံးဟာ မြန်မာလွယ်အိတ်လေးတွေပေါ်မှာ အထင်အရှား ငါ့ကို ခေါ်သွားလို့ ပြောနေတဲ့အလား ခံစားမိတယ်။
အမှတ်တရ ကဗျာစာအုပ်လဲ ဝေငှပါတယ်။

ဆရာတင်မိုး အကြောင်းတွေကို ဆရာ့အရင်းအခြာတွေဖြစ်တဲ့ ဂုဏ်ထူးဦးသိန်းနိုင် စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ၊ ဟံသာဝတီဦးဝင်းတင် နဲ့ တောင်စွန်းဆရာတော်ဘုရားတို့က ပြောပြဘို့ရှိပါတယ်။ မာအေးလဲ ရောက်သွားတော့ အပြင်ကမ္ဘာမှာ ခင်လာရှာတဲ့နှမမို့ ၀င်ပြောခွင့်ပေးကြပါတယ်။

မာအေးအလှည့်ကျလို့ ပြောဖို့ စတဲ့အခါ ရင်ထဲမှာ ဆို့တက် ငိုချင်လာတာကို အတော် ပြန်ထိမ်းလိုက်ရပါတယ်။ ကိုယ်ကတော့ ပြန်ရောက်ပြီ၊ သူကတော့ သူအင်မတန့်အင်မတန် ပြန်ချင်တဲ့ ချစ်တဲ့မြေကို ခြေမချခဲ့ရလေခြင်း ဆိုတဲ့ ယူကြုံးမရစိတ်ကြောင့် ကြေကွဲလွန်းလို့ပါ။
အမှတ်တရ ကဗျာစာအုပ်မှာ မာအေးရေးတဲ့ ကဗျာလေးတွေ့ပါတယ်။ မဆုံးသေးတာက တွေ့တာနဲ့ ပါလာတဲ့ မာအေး မှတ်စုစာအုပ်ကလေးထဲက - ကဗျာမိုးကြီးတောင်ကွယ်တာ (၂) နှစ်မြောက်ချိန်မှာ ရေးတဲ့ ကဗျာလေးကို ထုတ်ပြီး ဖတ်ပြခဲ့ပါတယ်။

'(၂) နှစ်ပြည့်ကဗျာမိုးအမှတ်တရ' လို့ ခေါင်းစဉ် ပေထားတဲ့ကဗျာပါ။

* ဆရာတင်မိုး
ဒေါင်းရိုးဖြူစင် ဂန္တ၀င်၊

* ပွဲဝင် စင်တက်၊ ၀ိညာဉ်လက်တို့၊
အကို့နေရာ၊ လပ်ရှာသိ (၂) နှစ် ရှိပြီ၊

* ကသီလင်တ နှိုင်းမရသော
ဒေါသလောင်မီး၊ ခါးသီးစရာ
မြန်မာခံစား၊ ဒုက္ခများကို
ကြားရလေလေ၊ လူစုံလေတိုင်း
နဘေကါရံ၊ နှံထက်နှံတက်
'ကလောင်မြတ်'သာ၊ ရှိစမ်းပါလား
'အုတ်ကြားမျက်'တွေ၊ ညက်ညက်ကြေအောင်
"တဒေါင်နှင့်ထောင်း၊ ခြေစောင်းနှင့်ခတ်
မြိုင်ရပ်ကိုနှင်၊ ကဗျာဆင်လိမ့်" ပြောချိမ့်ချိမ့်၊

* တသိမ့်သိမ့်ဝေး၊ နုအေးညင်သာ
တွေးမိလာသော်၊ အတော်ပါဘဲ
ဆင်းရဲကိုယ်စိတ်၊ နိဗာန်ဆိတ်မည့်
သပိတ်မှောက်ကံ၊ သံဃာသွေးရှင်
မြင်ရဘူးပေါ့၊
* သော့သောရမ်းရမ်း၊ ရေလွှမ်းဒီရိုက်
လေကြမ်းတိုက်နှင့်၊ ဒိုက်သောလူသော
အတူမျောကြ၊ သဘာဝပေး
ကူဖေးမနိုင်၊ လက်မှိုင် မျက်ရည်
တို့တွေကျရာ၊ သူ မပါတာ၊ ကံကေါင်းတာပေါ့။

* ကန်တော့ရည်မှန်း၊ ဆွမ်းပန်းကပ်လှူ
ကဗျာချစ်သူ၊ စာချစ်သူတို့
သူနှစ်မြို့အောင် ...
ကလောင်လက်စမ်း၊ ကဗျာတမ်းလော့
ကိုယ်စွမ်းရှိစဉ် ...
ခွပ်ဒေါင်းပီပြင်၊ မြန်မာခင်လော့ ။   ။

နှစ်ထောင့်ကိုးခုနှစ်၊ ဇန္န၀ါရီလ (၂၁) ရက်၊ မနက် ကိုးနာရီခွဲက စန်ဖရန်စစ်စကိုမြို့ရောက် 'မောင်ရစ်'တို့ အိမ်မှာ ရေးခဲ့တဲ့ ကဗျာလေးပါရှင်။


စာစီစာရိုက် လုပ်အားပေး- မျိုးဇော် 

88 Htay Kywe met with Burmese activist community from Buffalo


နယူးယောက်၊ ဘတ်ဖဲလိုးရောက် မြန်မာမိသားစုတွေနဲ့ ၈၈ ကိုဌေးကြွယ် တွေ့ဆုံပွဲမြင်ကွင်း
မိုးမခ၊ (ဓာတ်ပုံ လောအယ်စိုး)  မတ် ၂၅၊ ၂၀၁၃
မတ်လ ၂၄၊ တနင်္ဂနွေနေ့ညနေခင်းက နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြိုံ့၊ El Wood Ave ခန်းမဆောင်တွင် မြန်မာတိုင်းရင်းသား ၁၀၀ ခန့်စုဝေးကြပြီး အမေရိကန်ပြည်ရောက် ၈၈ မျိုးဆက် ကိုဌေးကြွယ်အား ကြိုဆိုနှုတ်ဆက်ပွဲ နွေးထွေးစွာ ကျင်းပခဲ့ကြသည်။
ပွဲစီစဉ်သူများထဲတွင် တဦးအပါအ၀င်ဖြစ်သော ကို မိုးသီဟက ပြောကြားရာတွင် တက်ရောက်လာကြသူအများစုမှာ ၈၈ မျိုဆက် မိသားစုများ၊ အသိုင်းအ၀ိုင်းများနှင့် တိုင်းရင်းသားမိသားစု အများစု ဖြစ်ကြောင်း မြန်မာပြည်အရေး၊ တိုင်းရင်းသားအရေးနှင့် ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူများ နေရပ်ပြန်နိုင်ရေးတို့ကို စိတ်ဝင်တစား မေးမြန်းကြကြောင်း၊ ကိုဌေးကြွယ်ကလည်း ပွင့်ပွင့်လင်းလင်း ၎င်းတတ်နိုင်သမျှ ဖြေကြားသွားကြောင်း ပြောကြားသည်။ ပြည်ပရောက်နေသော်လည်း မြန်မာ့အရေးကို စဉ်ဆက်တစိုက် စိတ်ဝင်စားသူများ၊ လှုပ်ရှားနေသူများ၏ အခမ်းကဏ္ဍနှင့် လှုပ်ရှားမှုများ ဆက်စပ်မှုများကို ပြောဆို ဆွေးနွေး ကြသည်ဟု ဆိုသည်။
ထူးခြားသောအစီအစဉ်တခုအဖြစ် ABSDF ကျောင်းသားတပ်မတော်သားဟောင်း တဦးဖြစ်သူ ကိုထွန်းထွန်းက မီနီဆိုးတားပြည်နယ်မှ လာရောက်ပြီး တွေ့ဆုံပွဲကို တက်ရောက်ရာတွင် ကျောင်းသားတို့၏ ခွပ်ဒေါင်းအလံတော်ကို ကိုဌေးကြွယ်ကို အမှတ်တရ ပေးအပ်ခဲ့သည်။ အဆိုပါအလံတော်မှာ တိုက်ပွဲတွင် ကျဆုံးခဲ့သော ကျောင်းသားများကို လွှမ်းခြုံပြီး အလေးပြုခဲ့သော အလံကို ကိုဌေးကြွယ်နှင့်တကွ ပြည်တွင်းရှိ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအား ဂုဏ်ပြုပြီး ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ကိုထွန်းထွန်းက ပြောကြားသည်။



            နယူးယောက်ပြည်နယ်ရှိ ဘတ်ဖဲလိုးမြို့နယ်အပါအ၀င် အမေရိကန်သို့ ပြောင်းရွှေ့အခြေချသည့် မြန်မာတိုင်းရင်းသားများစုဝေးရာ အခြားမြိုံနယ်များတို့အပြင် ဖလော်ရီဒါ၊ မီနီဆိုးတားပြည်နယ်တို့အပြင် ကနေဒါနိုင်ငံမှ မြန်မာတိုင်းရင်းသားတို့ကလည်း ကိုဌေးကြွယ်နှင့် လာရောက်တွေ့ဆုံကြသည်ကို တွေ့ရသည်။
            ၈၈ မျိုးဆက် နှင့် ABSDF ခေါင်းဆောင်တဦးအဖြစ် ဆောင်ရွက်ခဲ့သူ ကိုသန်းဝင်းက ဖလော်ရီဒါပြည်နယ်မှ လာရောက်ပြီး ဘတ်ဖဲလိုးအခမ်းအနားကို တက်ရောက်ခဲ့သည်။ မိမိအနေနှင့် ၈၈ မျိုးဆက် မိတ်ဆွေရဲဘော်ဟောင်းများကို ပြန်လည် ဆုံတွေ့ကြသည့် တွေ့ဆုံပွဲတခုအဖြစ် ၀မ်းမြောက်မိသည်ဟု မိုးမခသို့ ပြောကြားသည်။ မိမိတို့ ၈၈ မတိုင်မီက ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်ခဲ့ကြစဉ်က အခက်အခဲ အတားအဆီးမျိုးစုံကို ရင်ဆိုင်ခဲ့ကြရကြောင်း၊ ပတ်ဝန်းကျင်အချို့ ငြိုငြင်မှု၊ ငြင်းပယ်မှုတို့ကို ရင်ဆိုင်ခဲ့ရကြောင်း၊ ၈၈ အရေးတော်ပုံနှင့် နောက်ပိုင်းတွင်လည်း အသက်ပေါင်းများစွာ ဆုံးရှုံးအနစ်နာခံခဲ့ကြရကြောင်း၊ ယခုအချိန်တွင်လည်း စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း သို့သော်လည်း ယခုကဲ့သို့ ၈၈ မျိုးဆက် ကိုဌေးကြွယ်ကို အများပြည်သူက ပြည်တွင်း ပြည်ပတွင် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြသည်ကို တွေ့ရသဖြင့် မိမိတဦးတည်းအမြင်အရ ၀မ်းမြောက်မိသည်ဟု ပြောကြားပါသည်။
            ကိုဌေးကြွယ်သည် အမေရိကန်အရှေ့ခြမ်းတွင် မြန်မာမိသားစုများနှင့် တွေ့ဆုံခြင်း၊ အဖွဲ့အစည်းများနှင့် ဆွေးနွေးခြင်းတို့ပြီးနောက် အမေရိကန်အနောက်ခြမ်း ဆန်ဖရန်ဘေးဧရိယာ မြန်မာမိသားစုများနှင့် လာမည့် မတ် ၂၉  သောကြာနေ့ညနေခင်းတွင် ဆုံတွေ့ရန် စီစဉ်ထားသည်။ 

Children Art Show at RAC, Richmond, East By


Richmond Art Center က ကလေးပန်းချီပြပွဲ မြင်ကွင်း
မိုးမခအထောက်တော် ၀၀၂၊ မတ် ၂၅၊ ၂၀၁၃
 ဆန်ဖရန်ဘေးဧရိယာက ဘေးအရှေ့ခြမ်း၊ ရစ်ခ်ျမွန်မြို့၊ မြို့တော်ရင်ပြင်က RAC လို့ အတိုကောက်ခေါ်တဲ့ Richmond Art Center ကို ခရီးလမ်းကြုံလို့ ရောက်ခဲ့တယ်။ လက်ရှိ မတ်လနဲ့ ဧပြီတလလုံး ရစ်ခ်ျမွန်မြို့က ကျောင်းပေါင်းစုံကလေးတွေရဲ့ ပန်းချီအနုလက်ရာတွေကို ပြခန်းလုပ်ပြီး ပြသထားတယ်။ ကလေးတွေဆိုတာက ဆယ်ကျော်သက်ကလေးတွေရဲ့ လက်ရာမျိုးစုံလို့ ပြောရမယ်။ လက်နဲ့ ဆွဲတာကော၊ ကိရိယာတန်ဆာပလာတွေသုံး ဆွဲတာကော၊ ကွန်ပျူတာနဲ့ ဆွဲတာကော စုံလို့။ လက်ရာပေါင်း ၅၀ ကျော်မယ် ထင်ပါတယ်။


ကြုံလို့ သူတို့မြို့ရဲ့ အနုပညာခန်းမကို လိုက်ကြည့်တော့ မြို့သူ မြို့သားတွေ ၀ါသနာပါရာကို အပျော်တန်း လေ့လာ ဆည်းပူးနိုင်အောင် အနုသင်တန်းတွေ မျိုးစုံလည်း ဖွင့်လှစ်ထားတယ်။ လာမယ့် အမေရိကန်နွေရာသီ ဇွန်၊ ဇူလိုင်၊ သြဂုတ်မှာ ကလေး လူကြီးတွေ အတွက် နွေရာသီသင်တန်းတွေ ခေါ်နေတာ တွေ့ရတယ်။ 



အခု ၀င်ကြည့်မိတာကတော့ ရိုးရား ယက်ကန်းစင်တွေ ဖြစ်ပါတယ်။ ချည်မြည်တွေကို လက်နဲ့ လွန်းထိုးပြီး ခြေနင်းစက်နဲ့ ယက်တဲ့ ယက်ကန်းသင်တန်းဖြစ်ပါတယ်။ ရှေ့းအကျဆုံး ကွန်ပျုတာယက်ကန်းစက်လို့ ဆိုနိုင်တဲ့ ချည်အကွက်တွေကို အဆင်ဖော်တဲ့ ကိရိယာလေး တတ်ပြီး ခြေနင်းရတဲ့ စက်လည်း တွေ့ခဲ့ရသေးတယ်။ ကွန်ပျုတာနဲ့ ချိတ်ပြီး ခြည်ကွက်တွေ ချိတ်ဆက် ပြောင်းလဲပေးတဲ့ ယက်ကန်းစက်လည်း ရှိတယ်။ လူကတော့ ခြေနဲ့ နင်းပေးရပါတယ်။



  

မြန်မာတွေ စုဝေးရာ နေရာဌာနတွေမှာ ကလေး လူငယ်တွေရဲ့ အနုပညာအရည်အချင်းတွေ ထုတ်ဖော်ပြသတဲ့ ပြပွဲတွေ ပြခန်းတွေ ကျင်းပပေးဖို့ လိုလေမလား တွေးမိတယ်။ အခု တွေ့ရတာကတော့ လူမျိုး ဘာသာ အသွေးအရောင်စုံတဲ့ အမေရိကန် လူပေါင်းစုံပြသတဲ့ ကလေးပန်းချီခန်းပေါ့။ ပြခန်းက ပြယုဒ်ကတော့ ခွဲဖြာထွက်မှုတွေ စုစည်းထားတာလို့ ဆိုရမယ်။ အနုပညာတွေမှာ ဘာသာစကားက တခုတည်းပဲဆိုတော့ လူတိုင်း ခံစားလို့ရတာ မြင်ရတယ်။




ဆယ်ကျော်သက် မြန်မာကလေးမတဦးရဲ့ ပန်းချီ တင်ဆက်မှုတခုလည်း ပါတယ်။ မာတင်လူသာကင်း (လူမည်း လူ့အခွင့်အရေးခေါင်းဆောင်) ကို မီပြီး သရုပ်ဖော်ထားတယ်။ I have a dream မိန့်ခွန်းကို စာရွက်ပေါ်မှာ သေးသေးလေး ခဲနဲ့ရေးပြီးတော့ စက္ကူလေယျာဉ်ပျံ ချိုးထားတယ်။ ကမ္ဘာမြေပုံ ရောင်စုံပေါ်မှာ ကြိုးနဲ့ ဆွဲပြီး ကပ်ချိတ်ထားလိုက်တယ်။ ဥာဏ်သွားနိုင်သလောက် တွေးရုံပေါ့။
နောက်တပုံကတော့ အမေရိကန်ဆယ်ကျော်သက်တဦးရဲ့ ပုံ အိုင်းစတိုင်းနဲ့ မာယာလူမျိုးတွေရဲ့ ပြက္ခဒိန်ကို ယှဉ်တွဲပြီး ရေးဆွဲထားတယ်။ E = Mayan Clanader လို့ အမည်ပေးထားတယ်။ သိပ္ဗံနဲ့ သမိုင်းထဲက မှတ်တိုင်တွေကို ရယ်မောပြလိုက်တယ် ထင်တာပဲ။ 



--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives