[moemakadaily@moemaka.biz] 29th March - MoeMaKa Daily

အယ်ဒီတာ့လက်ရေး ၂၁
သမိုင်းရေစီး လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်
မောင်ရစ်၊ မတ် ၂၉ ၊ ၂၀၁၃
၈၈ အရေးတော်ပုံ၊ အရေးအခင်းကြီး မဖြစ်ခင်မှာ အကြောင်းတရားတွေ အများကြီးပဲ။ ၈၇ မှာ ငွေစက္ကူတွေကို မတရားကြေညာတယ်။ ၈၈ မတ်လ မှာ ကျောင်းသားတွေကို ဆူပူလို့ဆိုပြီး သေနတ်နဲ့ ပစ်သတ်တယ်။ တပါတီအာဏာရှင်တွေဟာ လက်နက်မဲ့ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို စစ်လက်နက်တွေနဲ့ အဓမ္မ ပစ်ခတ် သတ်ဖြတ် ဖမ်းဆီး နှိမ်နင်းခဲ့တယ်။ လူထုဟာ တပြည်လုံးအတိုင်းအတာနဲ့ နောက်မဆုတ်ဘဲ ရှေ့တိုးပြီး အာဏာရှင်ကျဆုံးရေး တိုက်ပွဲကို တိုးပြီး တိုက်ခဲ့လို့ တပါတီအာဏာရှင်တွေ ပြုတ်ကျခဲ့တယ်။
ဒါပေမယ့် …
ဒါပေမယ့်နောက်မှာ စစ်အာဏာရှင်တွေဟာ တပါတီအာဏာရှင်မျက်နှာဖုံးကို ခွာချပြီး လူထုတွေကို သပိတ်စခန်းတွေမှာ စီးနင်းသတ်ဖြတ်၊ လမ်းမတွေမှာ ပစ်ခတ်သတ်ဖြတ်ပြီး အစတုံးပစ်ခဲ့တယ်။ အာဏာသိမ်းခဲ့တယ်။
အဲသည်အာဏာမသိမ်းခင်မှာ စစ်တပ်ဟာ စစ်အာဏာရှင်တွေဟာ လမ်းပေါ်ထွက် ဆန္ဒပြပြီး အထွေထွေသပိတ်မှောက်နေတဲ့ ပြည်သူလူထုကို ပြိုကွဲအောင်၊ သပိတ်ပြိုကွဲအောင် နည်းမျိုးစုံနဲ့ စနစ်တကျ လုပ်ကြံ အကွက်ဆင်ခဲ့တယ်။ ဘာတွေလဲ။
လူထုသပိတ်ကြီး ကာလမှာ လူတွေက လမ်းပေါ်ဆန္ဒပြတယ်။ မိမိအိမ်ယာတွေကိုတော့ မိမိတို့ ရပ်ရွာ လမ်းကျောင်း အလိုက် ဒေသန္တရအုပ်ချုပ်ပြီး လုံခြုံအောင် ထိန်းသိမ်းစောင့်ရှောက်ရတယ်။ မဆလအစိုးရက ထောင်တွေကနေ ရာဇ၀တ်သားတွေကို ထောင်ခါပြီး လွှတ်လိုက်တယ်။ စားရမဲ့ သောက်ရမဲ့ ခရီးလမ်းစာရိတ် မလုံလောက်တဲ့ ထောင်ထဲကထွက်လာသူတွေကို ရပ်ကွက်တွေ စာနာကူညီ ကျွေးမွေးရတယ်။ သူတို့ အိမ်ပြန်နိုင်အောင် ဆောင်ရွက်ပေးရတယ်။ အဲသည် ရာဇ၀တ်သားတွေဟာ သပိတ်ကာလမှာ အနှောက်အယှက်တွေ ပေးလာခဲ့ရင် မခက်ပါလား။ လူထုက စည်းစည်းလုံးလုံးနဲ့ ကာကွယ် ခဲ့ရတာပဲ။
နောက်တခုက မဆလအစိုးရက သူတို့ လက်နက်ကိုင် အစောင့်အကြပ်တွေကို အစိုးရ အဆောက်အဦ၊ ဂိုဒေါင်တွေကို လုံခြုံရေးပေးထားတာကနေ ဆုတ်ခွာလိုက်တယ်။ အဲသည်မှာ တောကြောင်တွေဟာ အစိုးရဂိုဒေါင်တွေ အစိုးရအဆောက်အဦထဲ ပစ္စည်းတွေကို အကာအကွယ်မဲ့ဖြစ်ချိန်မှာ စိတ်တိုင်းကျ ဖောက်ယု၊ ထုတ်ယူပြီးတော့ ခိုးယူအစဖျောက်ကြတော့တာပဲ။ သပိတ်မှောက်ပြည်သူတွေဟာ အစိုးရအဆောက်အဦတွေ၊ ဂိုဒေါင်တွေကို ကိုယ့်အားကိုယ်ကိုးပြီး ကာကွယ်စောင့်ရှောက်ကြရတယ်။ ကျောင်းသားသမဂ္ဂတွေဟာ ခိုးယူလာတဲ့ အစိုးရပစ္စည်းတွေကို ပြန်လည်သိမ်းဆည်းပြီး မူလနေရာတွေ ပြန်ပို့ရ၊ သိမ်းဆည်းကြရတယ်။
သပိတ်အရှိန်ရနေတဲ့ကာလမှာ မဆလအစိုးရက သူတို့ လက်နက်ကိုင် တပ်မတော်အတွက် အသုံးစာရိတ် ငွေတွေကို ဘဏ်တွေကနေ ထုတ်ယူသိမ်းဆည်းထားလိုက်တယ်။ ပြည်သူတွေက တပါတီအာဏာရှင်အစိုးရ ပြုတ်ကျပြီး ကြားဖြတ်အစိုးရ ထူထောင်နိုင်ဖို့၊ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ ရုန်းကန် ဆောင်ရွက်နေချိန်မှာ အာဏာရှင်တွေနဲ့ စစ်ခေါင်းဆောင်တွေဟာ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ကြံမှုတွေ စနစ်တကျ လုပ်နေခဲ့တာပဲ။
ပြီးတော့ … ကောလဟာလတွေ သွေးတိုးလှုံဆော်မှုတွေ ဖြန့်ချိ လုပ်ကိုင်တာတွေ လုပ်လာတယ်။ အဆိပ်ခပ်နေတယ်။ လက်နက်တွေ ဗုံးတွေနဲ့ လုပ်ကြံမှုတွေ လုပ်နေတယ်ဆိုတဲ့ အလန့်တကြားသတင်းတွေ ဖြန့်တယ်။ လှုံဆော်တယ်။ ရပ်ကွက်တွေထဲ တစိမ်းတွေ ၀င်ရောက်လာလို့ ဖမ်းရ ဆီးရ။ စစ်ရ ဆေးရ။ နောက်ဆုံးတော့ လူထုဟာ ထိန်းသိမ်းမရတဲ့ လူအုပ်ကြီးအသွင်နဲ့ တန်ပြန်သပိတ်သမားတွေကို ဖမ်းမိရင် ခေါင်းဖြတ်သတ်တယ်။ မင်းမဲ့စရိုက် လက်တုန့်ပြန်တာတွေ ဖြစ်ခဲ့တယ်။
အဲသည်အချက်တွေနဲ့ လူတွေကြားထဲမှာ သွေးခွဲတာတွေ သံသယတွေ ဖြစ်နေချိန်မှာ စစ်ခေါင်းဆောင်တွေက ၈၈ အရေးတော်ပုံကြီးကို အကြမ်းဖက်သမားတွေ ကွန်မြူနစ်တွေ ပုဆိန်ရိုးတွေ မင်းမဲ့စရိုက်တွေ လှုံဆော်တဲ့ ဥပဒေမဲ့ ဖြစ်ရပ်ကြီးအဖြစ် လုပ်ကြံဖန်တီးပြီး အာဏာသိမ်းတော့တာပဲ။ တပ်မတော်သားတွေဟာ မြို့ရွာ လမ်းတွေပေါ်က လက်နက်မဲ့ အပြစ်မဲ့တဲ့ သပိတ်မှောက်ပြည်သူတွေကို အကြမ်းဖက်သမားတွေ အစွန်းရောက်တွေအဖြစ် သဘောထားပြီး ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းလိုက်တော့တာပဲ။
နောက်တော့ကော … တက်လာတဲ့ စစ်အစိုးရဟာ ၈၈ အရေးတော်ပုံကြီးကို အကြမ်းဖက်သမားတွေ ဆူပူလှုံဆော်သူ လူတစု လူအဖွဲ့တွေရဲ့ လုပ်ကြံမှုသာဖြစ်တယ်ဆိုပြီး သိမ်ဖျင်းအောင်လုပ်ပြီးတော့ အခုဆောင်းပါး ခေါင်းစဉ်နဲ့ "သမိုင်းရေစီး လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်" ဆိုပြီး စာအုပ်တွေ ထုတ်ပြီး သမိုင်းမှန်ကို ဖျက်ဆီး နင်းခြေတော့တာပဲ။ သပိတ်မှောက်ဝန်ထမ်းတွေကို ရုံးပြန်တက်ဖို့ ရာဇသံပေး၊ မတက်တဲ့သူတွေကို အလုပ်က ထုတ်၊ တက်လာတဲ့ သူတွေကို မေးခွန်း ၁၀၀ ကျော်ပါတဲ့ ခံဝန်ချက်စစ်တမ်းကို ဖြေဆိုခိုင်းတယ်။ သူတို့မေးခွန်းတွေက တပ်မတော်က အာဏာသိမ်းတာ မှန်တယ်။ အရေးအခင်းကြီးဟာ အကြမ်းဖက်သမားတွေ လူတစုရဲ့ လက်ချက်လို့ အဓမ္မဖြောင့်ချက် ခံဝန်ချက် ထိုးခိုင်းတာပဲ။ မထိုးတဲ့သူတွေကို ဖြုတ်ပစ်တယ်။ တပ်မတော်ဟာ လူထုကို သွေးခွဲပြီး နှိမ်နင်း ဖြိုခွဲခဲ့တာပဲ။
ဒီလိုနဲ့ ၈၈ အရေးတော်ပုံကြီးကို စစ်အာဏာရှင်တွေက သံသယတွေ၊ အကြမ်းဖက်မှုတွေ၊ သွေးထိုး လှုံတော်မှုတွေ၊ ဆူပူ ဖျက်ဆီးမှုတွေနဲ့ ထိုးနက်နှိမ်နင်းပြီး ပြိုကွဲအောင် လုပ်ခဲ့တာကို ပြောချင်တာပါ။ သမိုင်းရဲ့ တရားခံတွေဟာ အဲသည်တုန်းက တဦးမှ မပေါ်ပေါက်ခဲ့ဘူး။ အပြစ်မဲ့တဲ့ ပြည်သူတွေကိုပဲ အကြမ်းဖက်သမားတွေ၊ ကွန်မြုနစ်တွေ၊ သူပုန်တွေဆိုပြီး မတရားစွပ်စွဲ သတ်ဖြတ် ဖမ်းဆီးခဲ့တာပဲ။
ဆိုတော့ အာဏာရှင်တွေဆီမှာ အကြမ်းဖက်သမားတွေ၊ အစွန်းရောက်တွေ၊ ထောက်လှမ်းရေးသမားတွေ ရှိနေတယ်။ သူတို့က သံသယတွေ ကောလဟာလတွေ ဖြန့်တယ်။ သွေးထိုးလှုံဆော်တယ်။ မင်းမဲ့စရိုက် ဖျက်ဆီးတာတွေ လုပ်နေကြဖြစ်တယ်။ သူတို့တွေနဲ့အတူ အာဏာရှင်တွေ လက်သတ်မွေးထားတဲ့ သတင်းပေးတွေ၊ အလိုတော်ရိတွေက ပြည်သူတွေကို သွေးခွဲပြီး စုစည်း ညီညွတ် ယိုင်းပင်းမှုမရှိအောင် ဖိနှိပ်ထားခဲ့ကြတယ်။ ဆန္ဒပြဖို့ ဆန္ဒထုတ်ဖော်ဖို့ ကြိုးစားသူ တော်လှန်ရေးသမားတွေ မိသားစုတွေကို လူမဆန်တဲ့ ပြစ်ဒဏ်တွေနဲ့ နှိမ်နင်း အစဖျောက်ခဲ့ကြတာပါပဲ။
လိုအပ်တဲ့အခါကျရင် အဲသည် "စွမ်းအားရှင်" တွေ "အစွမ်းရောက်အကြမ်းဖက်သမား" တွေ၊ "မင်းမဲ့ဝါဒီ"တွေ ပေါ်ပေါက်လာလေ့ရှိတယ်။
အထင်ရှားဆုံးဥပမာကတော့ ဒေါ်စုကို ၂၀၀၃ မေ ၃၀ မှာ ဒီပဲယင်းလုပ်ကြံမှုကြီးနဲ့ အစဖျောက် အကြမ်းဖက် လုပ်ကြံဖို့ ကြိုးစားခဲ့ကြတာဖြစ်တယ်။ အဲသည်တုန်းက သောင်းသောင်းဖျဖျ ကြိုဆိုနေတဲ့ ပြည်သူတွေကြားထဲကနေ အကြမ်းဖက်သမားတွေ၊ ဆူပူလှုံဆော်သူတွေ "မိုးပေါ်က" ကျလာပြီး လှိုင်းလုံးကြီးတွေလို ဒေါ်စုနဲ့လူထုကို နင်းခြေဖျက်ဆီးခဲ့ကြတယ် မဟုတ်လား။
၈၈ တုန်းကလည်း တရားခံမပေါ်ခဲ့ဘူး။ ၂၀၀၃ မှာလည်း တရားခံ မပေါ်ခဲ့ဘူး။ ဒီလိုပဲ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဆန္ဒထုတ်ဖော်သူ ၈၈တွေ၊ အင်န်အယ်ဒီတွေ၊ သံဃာတွေ ပြည်သူတွေကို လူတွေကြားထဲကနေ ခွေးဆွဲသလို ၀ိုင်းဆွဲပြီး ညာသံပေး အော်ဟစ် ဆွဲလွဲ ဖမ်းဆီးခဲ့တာတွေ၊ ပြီးတော့ ဘုန်းကြီးကျောင်းတွေကို ညဖက်တွေမှာ သူပုန်စခန်းစီးသလို စီးနင်း ဖျက်ဆီးပြီး သံဃာတော်တွေကို နင်းခြေ ဖမ်းင်္ဆးခဲ့တာတွေ။ ဒါတွေဟာ ပြည်သူလူထုကနေ လုပ်ကြံခဲ့တာမဟုတ်ဘူး။ အာဏာရ စစ်အစိုးရကနေ အကွက်ချပြီး လုပ်ကြံဖန်တီးခဲ့ကြတာချည်းပဲ မဟုတ်လား။ အဲသည်တုန်းကလည်း အဲသည် တရားခံတွေ မပေါ်ပေါက်ခဲ့ဘူး။ ခြေရာလည်း ပျောက် ရေလည်း နောက်ဖြစ်ခဲ့ရတာ ချည်းပဲ။
အခု မိတ္ထိလာက ရာဇ၀တ်မှုတခုကနေ အစပြုပြီး မြိုံ့ရွာအနှံ့ အကြမ်းဖက်တွေ၊ မင်းမဲ့စရိုက်တွေ၊ လုပ်ကြံမှုတွေ မြင်တွေ့နေကြရပြီ။
အခုလည်း ဘယ်လိုလဲ။ မိုးကျရွှေကိုယ်တွေ ပေါ်လာပြန်ပြီလို့ ပြောရတော့မယ်။ သည်စာကို ရေးရတာက လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း သမိုင်းမှာ မပြေးသော်လည်း ကန်ရာရှိတယ်ဆိုတဲ့ လက်စွမ်းလက်စ၊ ခြေစ လက်နတွေကို ပြန်ဖော်ထုတ်ပြတာပါ။ တိုင်းရင်းသားအရေး၊ လူမျိုးအရေး၊ ဘာသာရေး အငြင်းပွားမှုတွေ၊ မတည်ငြိမ်မှုတွေတိုင်းမှာ လက်နက်ကိုင်ပြီး ဖြေရှင်းတာ၊ လူအုပ်စုအားကိုးနဲ့ လက်နက်အင်အား အားကိုးနဲ့ သံသယတွေ၊ ဆူပူလှုံဆော်မှုတွေ၊ မသိနားမလည်သူတွေကို မင်းမဲ့စရိုက်ဖြစ်အောင် သွေးထိုးမြှောက်ပင့်ပြီး အကြမ်းဖက်အောင်၊ ဖျက်ဆီးရေးသမားတွေဖြစ်အောင် လုပ်နေတာတွေကို မြန်မာပြည်သူတွေကိုယ်တိုင် ၈၈ တုန်းက သတိနဲ့ အချင်းချင်း လက်တွဲ ချိတ်ဆက်ပြီး ကာကွယ်ရမယ်။ တားဆီးရမယ်လို့ တွေးနေမိပါတယ်။ သူတို့တတွေကို သည်တခါလည်း လက်ပိုက်ကြည့်နေလိုက်ရင် အရင်တုန်းကလိုပဲ တရားခံရှာလို့ ရလိုက်မယ် မထင်ဘူး။ အပြစ်မဲ့တဲ့ လက်နက်မဲ့တဲ့ ပြည်သူအလောင်းတွေဟာ ပေတရာပေါ်မှာ အတုံးအရုံး လဲပြိုကာနေပြီး ကျန်ရစ်လိမ့်မယ်။


THURSDAY, MARCH 28, 2013

Ko Htay Kywe welcomes to SF Bay Area Burmese


၈၈ မျိုးဆက် ကိုဌေးကြွယ် ဆန်ဖရန်ဘေးဧရိယာ ရောက်ပြီ
ဓာတ်ပုံသတင်း၊ SFBC Photo, မတ် ၂၉ ၊ ၂၀၁၃
            မတ် ၂၈၊ ညနေခင်းက ဆန်ဖရန်စစ္စကိုမြို့တော်လေဆိပ်သို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ရောက်ရှိလာသည်ကို ဒေသခံ မြန်မာ့အရေးလှုပ်ရှားသူများနှင့် San Francisco Burmese Community Organizers & Friends မိတ်ဆွေတို့ကို ၀ိုင်းဝန်းကြိုဆိုခဲ့ကြသည်ကို တွေ့ရစဉ်။ ဒေသခံ မိတ်ဆွေများက ကိုဌေးကြွယ်ကို ညနေစာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြသည်။ မတ်လ ၂၉ ၊ ညနေခင်းတွင် ဖရီးမောင့်မြို့ Centerville ရိပိသာတွင် ဘေးဧရိယာမြန်မာတို့နှင့် တွေ့ဆုံကြမည်ဖြစ်သည်။ လက်ရှိ မြန်မာပြည်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများ အမြန်ဆုံး ငြိမ်းအေးပြီး မြန်မာပြည်သားများ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေး၊ တည်ဆောက်ရေးအတွက် မြန်မာတိုင်းရင်းသားတို့ စုပေါင်း ဆုတောင်းပြီး ဆန္ဒပြုကြမည် ဖြစ်သည်။

Bagger Citizen - Cat & Mouse Commission


ကြောင်ခြူဆွဲကော်မရှင်
ကယ်ပါတိုင်းသား၊ မတ် ၂၉ ၊ ၂၀၁၃
အားလုံးရဲ့အထက်မှာ ဖိုးလပြည့်ကတော့ ချီးတက်ပါချလိုက်ပြီ။
ဘာလုပ်ကြမလဲအလွှတ်ကတို့။ (လွှတ်တော်ဆိုတော့ အရပ်ကတို့လို့ပြောလို့မဖြစ်ဖူးပ)
ပထမလုပ်စရာကတော့ ပြည်ထဲရေးဝန်ကြီးမောင်ကိုကိုကို လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်မဲ့ကော်မတီ ဆိုသဟာကြီးထဲကနေ အဖွဲ့ဝင်အဖြစ်က ဖြုပ်ထုတ်ပေးဖို့ဘဲ။
ဘာ့လို့ဆို အရည်အချင်းမပြည့်မီဘူးလေ။
ကိုယ့်ဝန်ထမ်းတယောက်ကို တိုင်းပြည်တာဝန်ထမ်းဆောင်နေတုန်း အမြတ်သားတယောက်က (အရပ်သားနဲ့မတူပါ) အလုပ်ခွင်ထဲကထုတ် အိမ်ခေါ်ပြီး ပါးရိုက်ခံရတာတောင် သူဘာမှ တုံ့ပြန်လုပ်ဆောင်ပေးနိုင်တာမှမှုတ်ဘဲ။ နောက်ထပ်လဲ ကာကွယ်ပေးနိုင်တဲ့အခြေအနေမမြင်။ လက်ပံတောင်းကိစ္စဆို ဝေးရောပေါ့။ ဘယ်တောင်သူတွေအတွက် ဘာလုပ်နိုင်မှာလဲ။
ရဲကလေးခမျာ ကျုပ်အသက်အန္တရာယ်ကင်းပြီးတာပါဘဲဗျာတဲ့။ တရားမစွဲတော့ပါဘူးတဲ့။ အဲသလိုကို သိမ်ငယ်ကြောက်ရွံ့နေရှာတာ။ နေပြည်တော်ခေါ်ပြီး စောင့်ရှောက်ပေးထားတယ်လို့တော့ ကြားရတာဘဲ။ အဲဒီနေရာမှာရော ကြောက်ရခြင်းမှ ကင်းဝေးပါ့မလား။ ဟူး တွေးကြည့်တာနဲ့တင် မောတယ်။
ဒီကိစ္စမှာ ခံရသူတရားစွဲမှ အမှုအရာမြောက်မှာလား၊ စဉ်းစားစရာပေါ့လေ။
ရဲတွေလဲ ခွင့်ပြုချက်လေးဘာလေးတောင်း အရေးယူပေးဖို့ ဆန္ဒပြကြဖို့ကောင်းတယ်။ နို့မဟုတ်ရင်လဲ ကိုယ်နဲ့နီးစပ်တဲ့တပ်မတော်သားလွှတ်တော်အမတ်တွေချဉ်းကပ်ပြီး ဖိုးလပြည့် ထိန်းချုပ်ရေးကော်မရှင် ဖွဲ့ပေးဖို့ဖြစ်ဖြစ်ပေါ့။ လူရိုသေရှင်ရိုသေဖြစ်အောင်ပြောရရင် ကြောင်ခြူဆွဲကော်မရှင်ပေါ့လေ။
နောက်ကာကွယ်ရေးဝန်ကြီး၊ သို့ ၊ ကာချုပ်မှာများ တာဝန်ရှိမလားမသိဘူး။
တိုင်းပြည်အခွန်စားဗိုလ်မှုးတွေ တိုင်းပြည်တာဝန်မထမ်းဆောင်ဘဲ၊ တပ်မတော်ခွဲတမ်းစားတွေ တပ်မတော်တာဝန် မထမ်းဆောင်ဘဲ ဖိုးလပြည့်ဆီ ရံရွှေတော်လုပ်နေတဲ့ကိစ္စ။
ဘယ့်နှယ်ဗျာ တိုင်းပြည်ခေါင်းဆောင်တွေမွေးထုတ်တဲ့ဗိုလ်သင်တန်းကြီးကိုမှ အားမနာ။ ဗိုလ်ချုပ်အောင်ဆန်းတို့လိုပုဂ္ဂိုလ်ကြီးတွေ အသက်ရင်းသွားသင်ပြီး ထူထောင်ဖွင့်လှစ်ထားခဲ့ရတဲ့ ဗိုလ်သင်တန်းကျောင်းကြီးရဲ့ ဂုဏ်ကိုမှမထောက်။ တိုင်းရေးပြည်ရေးအမြဲတမ်းခေါင်းခဲနေရရှာတဲ့ လက်ရှိစစ်ခေါင်းဆောင်ကြီးတွေကိုမှ မညှာ။ လုပ်ရက်လိုက်ကြတာ။
အဲသလိုနိုင်ငံ့ကျက်သရေဆောင်ကျောင်းတော်ကြီးက တပတ်ထဲဆင်းကြီးတွေကိုလဲ မငဲ့ကွက်။ ဗိုလ်မှုးရင့်မကြီးတွေက ဒီအလုပ်မျိုးလုပ်ရတယ်လို့။ အရပ်ရပ်နေပြည်တော် ကြားလို့မှတော်သေးလား။
အဲ … နေပြည်တော်တင် မဟုတ်ပါဘူးလေ ရန်ကုန်မှာလဲ ကြားမတော်၊ မန္တလေးမှာလဲ ကြားမတော်၊ ရွာမှာလဲ ကြားမတော်။ ကမ္ဘာမှာလဲ ကြားမတော်။ အဟုတ်ကွယ် ဆွေထဲမျိုးထဲမှာလဲ ကြားမတော်၊ ကုန်ကုန်ပြောရရင် ကိုယ့်ရည်းစားတောင် ကြွားလို့မတော်တဲ့အလုပ်။
ဘယ့်နှယ် ကြားကြားသမျှ ကြေးစားငှားကုန်မှဖြင့် အရှက်ချော် လဲရချည့်။
၂၇ ရက်နေ့က စစ်ရေးပြအခမ်းအနားကြီးမြင်ရတော့ ပိုလို့တောင်ဝမ်းနည်းသွားတယ်။ အော် ဒို့တပ်မတော်ကြီး ဂုဏ်သိက္ခာ။ တကယ့်ကို ရင်နာစရာ။
ကဲဗျာ ဘယ်လိုလုပ်ကြမတုန်း။
ဝိုင်းစဉ်းစားကြအုံး။ စဉ်းစားဆို မြန်မာမှန်သမျှ စဉ်းစားကြဖို့ပြောတာ။ ဒါ တိုင်းပြည်အရေးဗျ။ တိုင်းပြည်ဂုဏ်သိက္ခာနဲ့ ဆိုင်တယ်။ အထူးသဖြင့် ကျုပ်တို့သမတကြီး၊ ကြီးတောင်ကြီးမားနဲ့၊ မကျန်းမားတဲ့ကြားထဲ ကမ္ဘာပတ်ပြီး ကျုပ်တို့မှာ တရားဥပဒေစိုးမိုးဖို့ဘာတွေလုပ်နေပါတယ်။ လူ့အခွင့်အရေးတွေ၊ စုအခွင့်အရေးတွေ၊ ပြည်သူ့အခွင့်အရေးတွေ ဘယ်လိုတွေကာကွယ်ပေးနေပါတယ်။ အဲဒီအတွက် ကူကြပါအုံး၊ ညီကြပါအုံး၊ ထောက်ကြပါအုံး၊ ပံ့ကြပါအုံးနဲ့ တောင်းလိုက်ရတာများ။ ဟော ခု ကွဲပြီ။
တရားဥပဒေစိုးမိုးရေး ကွဲပြီ။
နေ့စဉ်ရွတ်ဖတ်သရဇ္ဈယ်နေရတဲ့ လူ့အခွင့်အရေးဆိုတဲ့စကားလုံးကြီး၊ ဂွမ်းကနဲနေတာဘဲ။
ဒီမိုကရေစီကူးပြောင်းရေးဖြစ်စဉ်မှာ Win Win သီအိုရီ၊ ဂွီကနဲပေါ့။
အခြေခံဥပဒေပြင်ကြမလို့တဲ့၊ အမ်မလေး အတိုက်အခံတွေတင်မက မတိုက်မခံတွေရောတရုန်းရုန်းနဲ့။
ကျုပ်ဖြင့် ဥပဒေဆိုတာ လိုရောလိုလို့လားလို့တောင် စဉ်းစားနေတာ။
ဂုဏ်သိက္ခာစကားပြောကြမယ်ဆိုရင် လွှတ်တော်ကြီးလဲ ထိခိုက်တာမှအလွန်။ ဟိုလေ ဆိတ်ဖွားတုန်းက လွှတ်တော်ထက် တက်ထိုင်ရကောင်းလားဆိုပြီး ခါးတောင်းကျိုက်တွေပြင်ကြ၊ ထမိန်တွေခါကြ။
ပြီးရင် ကြည့်အုံး၊ လွှတ်တော်ကြီးက အားကြိုးခနဲဥပဒေတွေ ရေးနေလိုက်ကြတာ။ တိုင်းပြည်ဘဏ္ဍာတွေလဲ တရက်တရက်ကုန်လိုက်တာမှ တထွေးကြီး။ လက်ပံတောင်းဒေသပြန်ပြင်ရင်တောင် သုံးတောင်လောက် ပြင်နိုင်တယ်။ တရုတ်ကြွေးတွေ ဆပ်မယ်ဆို ဆပ်လိုက်လို့ရတယ်။ တောင်သူတွေလဲ ကိုယ့်မြေလေးနဲ့ကိုယ် စိတ်ချလက်ချ၊ သက်တောင့်သက်သာနေရ။ လူသာဓုခေါ်၊ ဗြဟ္မာသာဓုခေါ်။
သို့ကလို လွှတ်ကြီးက ဥပဒေတွေကုန်းရေး၊ ဖိုးလပြည့်က နိုင်ငံဝန်ထမ်းတွေပါးခေါ်ရိုက်၊ နားခေါ်ရိုက်၊ ခုဟာက  စစ်ဗိုလ်ကိုခေါ်ခိုင်းပြီး ရဲကိုရိုက်တာ။ ရိုးရိုးဝန်ထမ်း၊ သာမန်ပြည်သူသာ ဖိုးလပြည့်ကြည့်မရလို့ကတော့ အမလေး တွေးတောင် မတွေးရဲဘူး။
နောက်ဆို ကြားရအုံးမယ်။ ဘယ်သူ့သားက ဘယ်ရဲသားကို ခေါ်ဗျင်းပြန်ပြီ။ ဘယ်စစ်သားတော့ ကားကနဲဘဲ။ ဘယ်ကောင်မလေးဆို ကွေးလို့။ ဘယ့်သကောင့်သား နားစုပ်သွားပြန်ပြီနဲ့။ အဆက်မပြတ် ကြားရအုံးမယ်။
တိုင်းလုံးဥသျှောင်လွှတ်ကြီးရေးတဲ့ဥပဒေတွေဆိုတာ လူရီစရာဖြစ်သွားရင်ဒုက္ခ။
ဒီတိုင်းဆို ဒီတိုင်းပြည် ဘယ်လိုအုပ်ချုပ်ကြမလဲ။
အကျိုးတူအုပ်ချုပ်ရေးလုပ်ငန်းဆိုပြီး ဦးပိုင်က တရုတ်နဲ့ အုပ်ချုပ်ရေးစာချုပ် ထပ်ချုပ်လိုက်ရင် ဒုက္ခ။
ကယ်တော်မူကြပါအုံးခင်ဗျာ။            ။
(ကယ်ပါတိုင်းသား )


Win Aung Gyi - Thank You, MoeMaKa


 
မိုးမခသို့ ကျေးဇူးစကား
ဝင်းအောင်ကြီး၊ မတ် ၂၉၊ ၂၀၁၃
            အပတ်စဉ်ဝတ်ပြုပွဲသို့အသွား မိတ်ဆွေကသူ့ကားနဲ့လာခေါ်လေ့ရှိပြီး အပြန်မတော့ ကျွန်တော်လမ်းလျှောက် လာလေ့ရှိတယ်။ နေပူလွန်းတဲ့အခါ သစ်ပင်ကြီးအောက်မှာ ခိုနားရတဲ့အရသာဟာ အအေးဓာတ်ပေးထားတဲ့ ဧည့်ခန်းဆိုဖာပေါ်ထိုင်ရတာထက် ပိုကောင်းတယ်။ ငယ်ငယ်တုန်းက ရွာမှာ ညောင်ပင်ကြီးအောက် ကုက္ကိုပင်ကြီးအောက် ဆော့ကစားခဲ့ရတာကိုသတိရမိတာကိုး။
ဒါပေမယ့် သစ်ပင်စိုက်သွားသူဝေးလို့ အရိပ်ခိုရတဲ့အတွက် အပင်ကိုကျေးဇူးတင်ဖို့တောင်မေ့နေလို့ ရှက်မိသလိုလို တာဝန်ပျက်သလိုလို ခံစားမိတယ်။
သန်းဝင်းလှိုင်
မိုးမခမှာ သန်းဝင်းလှုင်ရေးသားနေတဲ့ အတ္ထုပ္ပတ္တိတွေကို တွေ့တိုင်း ကျေးဇူးတင်မိတယ်။ သေသေချာချာမသိဘဲ စိတ်ထင်တိုင်း ကွန်မင့်ဆိုတဲ့လွတ်လပ်ခွင့် အလွဲသုံးစားလုပ်ကာ တခါတလေ မကြားဝံ့မနာသာ မိုက်ရိုက်စော်ကားခံရသူ တွေအတွက် စိတ်မကောင်းဖြစ်ခဲ့ရလို့၊ အဲဒီပုဂ္ဂိုလ်ကြီးတွေ အကြောင်းအမှန်အတိုင်း သိပြီဆို ကြိုက်သလိုထင် ကြိုက်သလို မြင်။ သန်းဝင်းလှိုင်ရေးတာ သူတို့ဖတ်မဖတ်ကျွန်တော်မသိပါ။ သန်းဝင်းလှုင်ရေးတာ ပြီးပြည်စုံခြင်းရှိမရှိလည်း မပြောနိုင်။ အဘက်ဘက်က ဖျက်ဆီးခံနေရတဲ့ မြန်မာပြည်မှာ သတင်းအချက်အလက်တွေ ကမောက်ကမဖြစ်ကုန်ခဲ့ရာ တည့်ပေး မတ်ပေးသူကို အားပေးအသိအမှတ်ပြုကြရမယ်လေ။
မိုးမခပင်ကြီး
ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဘုန်းမော်သေဆုံးတာ ၂၅ နှစ်ပြည့်သွားပြီးကိုးလို့ မိုးမခက ပြန်လည် ဖေါ်ပြပေးတဲ့ စက်မှုအားမာန်မှ မဏ္ဍပ်မထိုးရ--- ဆောင်းပါးဖတ်ပြီးသတိရလိုက်တယ်။ သွေးစွန်းတဲ့လမ်းတွေပေါ် အလောင်းတွေကြား ပြေးရင်းလွှားရင်း ကျွန်တော်တို့ သတင်းစာစောင်ထုတ်ခဲ့ကြတယ်။ ရုန်းကန်လှုပ်ရှား ထောင်သွင်း အကျဉ်းချခံပြီး အသက်စတေးသွားသူတွေ။ အသက်မသေ ရှင်ကျန်လွတ်မြောက်လာသူ တစ်ယောက်ရဲ့ကြိုပမ်းမှု အမှတ်အသား။
၁၀ နှစ် သက်တန်းရှိလာတဲ့ မိုးမခပင်ကြီး။ မျိုးစေ့ချ၊ အပင်ပေါက်လေး ယိမ်းမသွား ယိုင်မသွား ချိမသွား နဲ့မသွားအောင် ထိန်းသိမ်းကာ မြေတောင်မြှောက်ပေး ရေလောင်းပေးသူက ၀ါသနာပါလို့ ရေးတယ်။ ထားပါတော့။ လမ်းလျှောက်ရင်း သီချင်းအော်ဆိုသလို၊ အေးအေးလူလူထိုင်ကာ ရုပ်ရှင်ကြည့်သလို၊ အိပ်ယာပေါ်ပက်လက်လှန်ရင်း ၀တ္ထုဖတ်သလို ၀ါသနာမျိုးတော့မဟုတ်။ အရိပ်အာဝါသက ကျေးဇူးဘယ်လောက် ကြီးမားသလဲဆိုတာပြနေလေရဲ့။
လွတ်လပ်မှုနဲ့တာဝန်
မနက်အိပ်ယာကလာပြီး ကော်ဖီခွက်ကိုင်ကွန်ပျူတာရှေ့ထိုင်ကာ မိုးမခဖွင့်လိုက်ရင် သတင်းတွေသိရ၊ ဆောင်းပါးတွေဖတ်ရ၊ ဓာတ်ပုံတွေ ကာတွန်းတွေကြည့်ရတယ်။ လွတ်လပ်တဲ့နယ်မြေက ခေတ်မီနည်းပညာကျေးဇူး။ များပြားစုံလင်လို့  ကြိုက်ရာရွေးဖတ်။ အမှားအမှန် ရဲရဲဝံ့ဝံ့ဝေဖန် ထောက်ပြလေ့ရှိတဲ့ တူမောင်ညိုဆိုလည်း လက်လွှတ်လို့ မရ။ ဆရာအုန်းနိုင်ရဲ့ မှတ်တမ်းတွေကလည်း ဖြတ်သန်းခဲ့တာတွေ ပြန်ပေါ်လာစေတယ်။
ဒီကြားထဲ ဘ၀င်မကျစရာတွေ တွေ့မိဖတ်မိတော့လည်း စိတ်မကောင်းဖြစ်ရတယ်။ မြန်မာပြည်မှာ တာဝန်မဲ့ကြလို့ လွတ်လပ်ခွင့်ဆုံးရှုံးရတာကို သက်ကြီးရွယ်အိုအနေနဲ့ဆင်ခြင်မိသလို၊ စာရေးရင် စင်မြင့်ကိုရော စာဖတ်သူကိုပါလေးစားဖို့ တာဝန်ရှိတယ်ဆိုတဲ့ ကျင့်ဝတ်ကိုလည်း ကလောင်အိုကြီးသတိရမိတယ်။
မြ၀တီရဲခေါင်
          ၁၉၉၂ ခုနှစ်မေလ မြန်မာပြည်ကထွက်လာပြီး ဘန်ကောက်မှာ ဘီဘီစီမြန်မာပိုင်းအတွက် သတင်းထောက်လုပ် နေစဉ်၊ ခေတ်ပြိုင်မှာ မြ၀တီရဲခေါင်နဲ့ဆုံတယ်။ အယ်ဒီတာချုပ် ဦးဝင်းခက် ဘန်ကောက်ကိုပြန်လို့မရ အမေရိကန်မှာ သောင်တင်နေချိန် ထုတ်ဝေသူ ကိုတင်မောင်ဝင်းကို ၀င်ကူရင်း တွဲခဲ့ရတာပါ။ နောက်ပိုင်း သူသြစတြေးလျကိုရောက်သွား၊ ကျွန်တော်လည်း အလုပ်ရလို့ဝါရှင်တန်ရောက်လာခဲ့တယ်။
            အမေရိကန်ကို သူအလည်ရောက်ခိုက် မြန်မာသုံရုံးရှေ့ဆန္ဒပွဲမှာသတင်းယူရင်း ပြန်ဆုံလိုက်တယ်။အဲဒီအချိန်မှာ ကျွန်တော်တို့မိသားစုဝင် ၄ ယောက် ၃ နိုင်ငံမှာ ၆ နှစ်လောက်ကွဲနေကြရာကနေ ပြန်စုမိနေကြပြီမို့ သူ့ကိုထမင်းဖိတ် ကျွေးနိုင်ခဲ့တယ်။ သူခရီးဆက်တဲ့ ရစ်ချမွန်အထိလိုက်ပါသွားတယ်။ သူကွယ်လွန်ကြောင်း မိုးမမခထဲမှာ ဖတ်လိုက်ရတော့ သူ့နောက်ဆုံးခရီး လိုက်မပို့နိုင်တော့ပါ။
ဟံသာဝတီဦးဝင်းတင်မွေးနေ့
            ဒီတစ်သက် ဘယ်တော့မှ ပြန်မတွေ့ကြရတော့လို့ လက်လျှော့ထားသူ ဟံသာဝတီဦးဝင်းတင်နဲ့ ရန်ကုန်မှာပြန်ဆုံ လိုက်ရတာ ကြည်နူးဝမ်းသာလို့မဆုံး။ အားပါးတရစကားပြောကြအပြီး လာခဲ့ဦးဗျာလို့မှာလိုက်သေးတယ်။ သူ့မွေးနေ့ သတင်းမိုးမခထဲ ဖတ်ရတော့ ဘာလုပ်မလဲ။ ဖယောင်တိုင် ၈၃ တိုင်ထွန်း၊ကိတ်မုန့်ဓာနဲ့လှီးကာ Happy Birthday လို့ သီချင်းဆိုကာ သူကျင်းပတာ ကြုံဖူးကြားဖူးဖို့ဝေးလို့ စိတ်ကူးကြည့်လို့တောင်မရ။
            သူထောင်ထဲ တိုက်ပိတ်ခံရစဉ် Centrum အားဆေး ရောက်အောင်ပို့ပေးနိုင်ခဲ့တယ်။ထောင်ကလွတ်တဲ့နေ့က တစ်နာရိနီးပါး တယ်လီဖုန်းဆက်စကားပြောခဲ့တယ်။ ခုတော့ ဘယ်သူကဘာဘယ်လောက်ပေးပေး အကုန်လှူပစ်တယ်လို့ သူကိုယ်တိုင်ပြောပြတယ်။ သတိရပြီသူ့အတွက် မေးနေ့လက်ဆောင်။ အနှစ် ၅၀ လောက်ခင်မင်ရင်းနှီးလေးစားခဲ့ရသူကြီး အကြောင်း လူငယ်တွေသိအောင် ပြောပြရေးပြဖို့လေ။
ကာတွန်းစောငို
          မိုးမခမှာ သူ့လက်ရာကာတွန်းတွေ့တိုင်း မေ့မရနိုင်ဖြစ်ရပ်ခေါင်းထဲပေါ်လာတယ်။ ထိုင်းနိုင်ငံကိုရောက်လာပြီး မကြာခင် ABSDF  နဲ့အဆက်အသွယ်ဖြစ်ကာ ကျောင်းသားရဲဘော်တွေကို သတင်းယူတတ်ဖို့၊ ဘာသာပြန်တတ်ဖို့ သင်တန်းပေးဖြစ်တယ်။ သင်တန်းမှူး ကိုမင်းအောင်၊ ဒေါင်းအိုဝေစာစောင်တာဝန်ခံ မိဆူးပွင့်တို့နဲ့အတူ ကာတွန်းစောငို ကိုလည်းတွေ့ဆုံခင်မင်ခဲ့တယ်။
            ABSDF စခန်းမှာ တစ်နေ့အဘ (အငြိမ်းစား ဒုဗိုလ်မှူးကြီးအေးမြင့်) ကျောင်းသားတွေကို နန်းကြီးသုတ်လုပ်ကျွေး တာငြုတ်သီးလက်လွန်းသွားလို့ စောငိုမျက်ရည်မကျဘဲ နှာရည်တွေကျနေတာကိုကြည့်ကာ ပွဲကျနေတဲ့မြင်ကွင်းပါ။ ခုတော့ ဘယ်ဆီရောက်နေတယ်မသိ၊ ကာတွန်းစောငိုရဲ့လက်ရာတွေနဲ့တော့ မိုးမခမှာမကြာခဏဆုံရတယ်။
သစ်ပင်ပေါ်က ငှက်တစ်သောင်း
            မိုမခပင်ကောင်းတော့လည်း ငှက်ပေါင်းတစ်သောင်းမက နားကြခိုကြ အသိုက်အမြုံဖွဲ့ပေလိမ့်မယ်။ ငှက်ပေါင်းစုံ။ အသံပေါင်းစုံ။ ခွပ်ဒေါင်းရဲ့အိုဝေသံပါမယ်၊ ချိုးကလည်း ငြိမ်းချမ်းရေးသံကူမယ်၊ ဆက်ရက်တွေကလည်း တွတ်တွတ် ထိုးမယ်။ ကျီးကန်းတွေကလည်း အာကြမယ်။ ခိုညည်သံတွေလည်းကြားရမယ်။ တစ်တီတူးတွေကလည်း အခွင့်အရေးဝင်ယူကာ ကိုယ်ရည်သွေးကြမယ်။
 မသာအလောင်း လာမျှော်တဲ့ လင်းတတွေလည်းပါချင်ပါမယ်လေ။ အညစ်အကြေးစွန့်ကြမယ်။ ၀ိုင်းဖွဲ့ခွတ်ချင် ခွတ်ကြလိမ့်မယ်။ ငှက်တွေကိုး။
အရိပ်နေနေ အခက်ချိုးချိုး
မိုးမခပင်မှာ အရိပ်ခိုကြတာလူတွေလေ။ အရိပ်နေနေ အခက်ချိုးချိုးမလုပ်ဖို့ဆိုတာက လူတွေအတွက် သတိပေး စကား။ မိမိနဲ့အရောင်မတူ မျိုးနွယ်ကွဲပြားလည်း လူကိုလူလိုမြင် လူလိုဆက်ဆံတတ်ခြင်းဟာ လူသားဝါဒ (Humanism)ရဲ့ မရှိမဖြစ် အခြေခံလိုအပ်ချက်။
ဘောလုံးပွဲမှာ မြေပဲဆားလှော်ဝါးရင်း ချလိုက်ပါလား၊ ဆော်လေကွာလို့ အော်ဟစ်နေသူတွေဟာ အားကစား ၀ါသနာရှင်မဟုတ်၊ ဘောလုံးပွဲလာဖျက်သူတွေ။ မိုးမခမှာ အဆိပ်အတောက် ဖြစ်စေနိုင်တာတွေ ရေးမိပါက အခက်ချိုးရာ ကျပေလိမ့်မယ်။ စာရေးရင်း ကွယ်လွန်သူ ကေအန်ယူခေါင်းဆောင် ဗိုလ်ချုပ်မြပြောဖူးတာ ခေါင်းထဲဝင်လာလို့ ဝေငှပါရစေ။ ကိုယ့်လူမျိုးကိုယ်ချစ်ဖို့ တခြား လူမျိုးကို သွားမုန်းစရာမလိုဘူး၊ သူတစ်ပါးဘာသာကို သွားမပုတ်ခပ်ဘဲလည်း ကိုယ့်ဘာသာကိုယုံကြည်လို့ရပါတယ်ဆိုတာပါ။
မိုးမခပင်ကြီးကား အေးမြလှပါဘိ။ အရိပ်ခိုရင်း အခက်မချိုးမိဖို့ ဆင်ခြင်ရင်း ကျေးဇူးစကားဆိုလိုက်ရကြောင်းပါ။

Ashin Dhamma Piya - Embrasing for the season


ဟန်ရေးပြင်တဲ့ မိန်ရာသီ
ဒေါက်တာဓမ္မပိယ (ITBMU)၊ မတ် ၂၉၊ ၂၀၁၃
       

          "မိန်ရာသီ လတပေါင်းပေမို့ ရွက်ဟောင်းတွေကကျွေ" ဆိုတဲ့ အဖွဲ့အနွဲ့တွေ။ "ဟန်ရေးပြင်တဲ့ မိန်ရာသီ" ဆိုတဲ့ ဂီတသံစဉ်လှိုင်းတွေ။ ဒီလိုအဖွဲ့မျိုးတွေနဲ့ ပြည့်လျှမ်းနေတဲ့ မြတ်နိုးဖွယ်ကောင်းတဲ့ ဒီမိန်လရာသီကို မမေ့နိုင်အောင် ရှိနေခဲ့လို့ … ။ ဟန်ရေးပြင်နေတဲ့ မိန်ရာသီအလှကို ကြည်နူးခံစားမိရင်း ဟန်ရေးပြင်နေတဲ့ အမိမြန်မာပြည်ကြီးဆီသို့ စိတ်ကရောက်သွားမိတယ်။ ဒါဟာ စာတစ်ပုဒ်ဖြစ်လာဖို့အတွက် အကြောင်းတစ်ရပ် ဖြစ်ခဲ့ခြင်းပါ။
          မိန်ရာသီဆိုတဲ့ လတပေါင်းကို စာရေးသူ သတိတရရှိနေခဲ့သည်မှာ ငယ်စဉ်တောင်ကျေး ကလေးဘ၀ ထဲက စခဲ့တာလို့ ဆိုရမှာပါ။ သဘာဝအလှအပတွေ၊ ထိုအလှအပတွေကို စာပန်းချီချယ်မှုန်းထားတဲ့ အဖွဲ့အနွဲ့ တွေ၊ ရတုကဗျာတွေနှင့်ပြည့်လျှန်းနေတဲ့ သာမောဖွယ်ကောင်းတဲ့ ဒီတပေါင်းလရာသီဟာ ဒီနှစ်မှာတော့ (မြန်မာပြည်မှာ) အေးချမ်းသာယာမှုတွေ ပျောက်ဆုံးလုနီးပါး ဖြစ်ခဲ့ရတယ်။ စိတ်ဘ၀င်မှာ ချမ်းမြေ့ကြည်နူး ဖွယ်ကောင်းတဲ့ ဒီတပေါင်းလရာသီကို ကြောက်ရွံ့စိုးရိမ်စိတ်များနှင့်အတူ အချိန်ကာလတစ်ခုကို ဖြတ်သန်းရ တော့မှာပဲလို့ စဉ်းစားမိခဲ့တယ်။ ဒီတော့လဲ ရွှေစိတ်ဘ၀င်မှာ ချမ်းသာကြည်နူးမှုမျိုးဆိုတာ ဘယ်မှာလာပြီး ရှိနိုင်တော့မှာလဲ။  
          မိန်ရာသီဆိုတဲ့ ဝေါဟာရနှင့်စပ်လျဉ်း၍ (၁၂)လရာသီခွင်ရဲ့ နက္ခတ်ဇာတာ ဟောစတမ်းမျိုးမှာ  မိန်ရာသီရဲ့ သင်္ကေတကို ငါးကြင်းနှစ်ကောင်နှင့် ပုံဖေါ်ပြထားတာကို တွေ့ရတယ်။ မိန်ရာသီရဲ့ အချိန်နှင့်ကာလ အပိုင်းအခြားကိုတော့ ဖေဖေါ်ဝါရီလ (၂၀)ရက်မှ မတ်လတ် (၂၁)ရက်ထိ သတ်မှတ်ဖေါ်ပြထားကြတယ်။ မြန်မာစာဆိုတော်များကတော့ မိန်ရာသီရဲ့ အချိန်ကာလကို ဖေါ်ပြရာမှာ "မိန်ရာသီ လတပေါင်း" ရယ်လို့ ဖွဲ့ဆိုထားကြပြီး တပေါင်းလကိုပင် မိန်လရာသီရယ်လို့ ပြောဆိုထားကြတယ်။ မိန်ရာသီမှာ ပွင့်လန်းနေတဲ့ ပန်းတွေရဲ့ အလှထူးပုံတွေ၊ မိန်ရာသီမှာ ကြည်နူးဖွယ်ကောင်းလှတဲ့ တောတောင်ရေမြေတို့ရဲ့  သဘာဝအလှ အပတွေကို စာစီရေးဖွဲ့ပြလို့ မကုန်နိုင်အောင်ပဲ ရှိနေကြတယ်။
          မိန်လရာသီရဲ့ ရာသီသဘာဝဟာ အေးလည်းမအေးလွန်း၊ ပူလည်းမပူလွန်းတာကြောင့် လတကာ တွေထဲမှာ ထူးကဲသာယာတဲ့လလို့ ဆိုကြရမှာပါ။ ရာသီက အအေးအပူ မျှတတာကြောင့် ချစ်စဖွယ်ကောင်းတဲ့ ချယ်ရီပန်းတွေ၊ မွှေးကြူစရာကောင်းတဲ့ သရဖီပန်းတွေ၊ ကေသာမှာ ပန်ဆင်စရာကောင်းတဲ့ အင်ကြင်းပန်းတွေ၊ ဒီပန်းမျိုးတွေအပြင် (အေးတဲ့နိုင်ငံများမှာဆိုရင်) ပန်းပွင့်ပွင့်နိုင်တဲ့ သစ်ပင်တွေ၊ ပန်းပင်တွေအားလုံးဟာ ပန်းအလှပြိုင်ပွဲကြီးကို ကျင်းပနေသည့်အလား စိတ်ဘ၀င်မှာ ထင်မှားရလောက်အောင် ကြည်နူးသာယာဖွယ် ကောင်းနေခြင်းပါ။ ဤကဲ့သို့ ရာသီကလည်းသာယာ၊ ပန်းတွေကလည်းမွှေး၊ ရနံ့တွေကလည်း ၀န်ကျင်တစ်ခု လုံးကို ထုံသင်းနေအောင် မွှေးကြိုင်နေတတ်တာမို့ ဒီလိုရာသီမျိုးမှာ ဈာန်ပျံရသေ့များပင် ဈာန်မှလျှောကျ သွားတတ်ကြကြောင်း အင်းဝစာဆိုအကျော် ရှင်ဥတ္တမကျော်က တောလား (ကိုးပိုဒ်) ရတုမှာ စာပန်းချီ ရေသီလို့ ဖွဲ့နွဲ့ထားတာကို ဖတ်ဖူးကြမှာပါ။
          သားကိုလွမ်းလို့ နန်းတွင်းကနေ အမျှော်ကြီး မျှော်နေရှာတဲ့ ဖခင်အို သုဒ္ဓေါဒနမင်းကြီးကို အလွမ်းတော်
ပြေစေဖို့ အရှင်ကာဠုဒါယီမထေရ်က ဒီတပေါင်းလမှာ နေပြည်တော်ဌာနကို ပြန်လည်ကြွချီတော်မူရန် အချိန် ကောင်း၊ အခါကောင်းဖြစ်ပါကြောင်း ဘုရားရှင်အား ဂါထာ (၆၀)ဖြင့် လျှောက်ထားပုံများကို အင်းဝစာဆို အကျော် ရှင်ခေမာက ဂါထာ(၆၀)ပျို့ ခန်းခန်းနားနား စာပန်းချီ ရေးဖွဲ့ထားခဲ့၍ ဒီရာသီကို သတိတရရှိသူတိုင်း မလွမ်းဘယ်သူရှိပါမလဲလို့ ပြောစမှတ်တွင်လောက်အောင် ဖွဲ့ဆိုသီကုံးထားနိုင်ခဲ့တယ်။ ဒါကြောင့် ဒီရာသီရဲ့ အလှကြက်သရေဟာ ကောင်းခြင်းမင်္ဂလာတွနဲ့ ပြည့်စုံနေတယ်လို့ ဆိုရမှာပါ။  


          ဒီလို ထူးခြားတဲ့ မိန်ရာသီလကို ကလေးဘ၀ထဲက နှစ်ခြိုက်နေမိတာ။ ငယ်စဉ်ကလေးဘ၀က ကြားခဲ့ဖူးတဲ့ "မိန်ရာသီ"ဆိုတဲ့ တပေါင်းလဖွဲ့ သီချင်းလေးကို စာရေးသူရဲ့ အကြားအာရုံထဲမှာ ပဲ့တင်ထပ်သလို ထင်ဟပ်နေဆဲပါ။ အဲဒီသီချင်းကို ရေဖွဲ့သီကုံးခဲ့တဲ့ ဂီတစာဆိုက ဆရာဦးဘသိန်း (မန္တလေး)ဖြစ်ပြီး၊ ထိုသီချင်းရဲ့ မူရင်းအဆိုတော်ကြီးက နိုင်ငံကျော်အဆိုတော်ကြီး ကိုအံ့ကြီးပါ။ မိန်ရာသီဆိုတဲ့ သီချင်းလေးဟာ စာသားက လည်းနု၊ အဆိုကလည်း ကောင်းဆိုတော့ ဒီရာသီဘွဲ့သီချင်းကို ကြားရရင် ဘယ်ဆီကိုလွမ်းလို့၊  ဘယ်သူကို တမ်းတရမယ်ဆိုတာ သဲသဲကွဲကွဲ မသိရပေမဲ့ အဲဒီသီချင်းကို ကြားရလေတိုင်း ရာသီဓလေ့ကို လွမ်းမောနေမိ တာတော့အမှန်ပါ။ ဆောင်းအကုန်၊ နွေအကူးရာသီရဲ့ သဘာဝအလှကို လွမ်းချင်စဖွယ်ဖြစ်အောင် ပီပီပြင်ပြင် ဖွဲ့သီပြနိုင်တဲ့  ဆရာကြီးဦးဘသိန်းကို အတော်ကို သဘောကျခဲ့မိတယ်။
          ဘာသီချင်းကိုပဲဆိုဆို၊ ဘယ်လိုအနေထားမှာပဲရှိရှိ သဘာဝဓလေ့ကို ပိုင်ပိုင်နိုင်နိုင် ဆိုနိုင်စွမ်းရှိတဲ့ အဆိုတော်ကြီး ကိုအံ့ကြီးရဲ့ ဆိုဟန်ကလည်း လွမ်းမောဖွယ်ဖြစ်အောင် ပံ့ပိုးပေးနေသလို ဖြစ်နေပြန်တယ်။ ဒီရာသီ အချိန်မျိုးမှာ လွမ်းစရာရှိသူတွေအတွက် မလွမ်းပဲကို မနေနိုင်လောက်အောင် ဆိုဟန်နှင့်စီးချက်က ပိုင်နိုင်လှတာကြောင့် အလွမ်းဓာတ်ခံရှိသူတို့အတွက် မျက်ရည်မ၀ဲခဲ့သော်လည်း အလွမ်းရောင်သန်းနေတဲ့ မျက်နှာကို အများမြင်မှာစိုးလို့ တိတ်တခိုး သိုဝှက်ခဲ့ကြရသူတွေကလည်း ဒုနှင့်ဒေးပါ။ ဆိုလှချည်းလားရယ်လို့ ဝေဖန်ဖို့ ဆန္ဒတွေလည်း စောမနေဖို့ပါ။ သီချင်းစာသားလေးကို ဖတ်ရှုခံစားပြီးမှ သဘောတော်အတိုင်း ဝေဖန်လိုကဝေဖန်၊ သုံးသပ်လိုက သုံးသပ်နိုင်ကြဖို့ပါ။ ဖတ်ရှုခံစားကြည့်စေချင်ပါတယ်။
"ခိုင်ရွှေညှာဝင်း … နှင်းကြွင်းဖွဲ့တဲ့ မိန်လရာသီ … လေသွေးရာချီ … ရွှေဖီ ငုံကင်း အင်ကြင်းတွေက နီ … သန္တာရည် … တောလုံး ဖြာချေပြီ … ။ ငွေရည် .. နှင်းငွေရည် … ထွေလီ ..  အဆင်းထွေလီ … လေပြေ(ပြီ) ..  ညှင်းလေပြေ (ပြီ)… ။ ညှင်းလေပြေက .. မြောက်တောင်နှော … ရွက်ဝါမြေခလို့ သက်ကျွေလျောခဲ့ပြီ … သိင်္ဂီ တောလုံးထိန်ချေပြီ …။

          "မိန်ရာသီ"ကို အထူးတလည် အမှတ်ရစေနိုင်တဲ့ နောက်ထပ် သီချင်းလေးတစ်ပုဒ်လည်း ရှိသေးတယ်။   အဲဒီသီချင်းကို ရေးဖွဲ့သီကုံးသူက ရေနံသာစိုးလှိုင်၊ သီချင်းကို သီဆိုထားသူက အဆိုတော်ကြီး ဒေါ်တင်တင်မြ။ သီချင်းနာမည်က "တောင်းတန်းပြာနဲ့ ကျောပိုးအိတ်"။ သီချင်းကို အဓိကပုံဖေါ်ပြချင်တာက မိန်ရာသီရဲ့အလှ။ သီချင်းရဲ့ အတွေးပုံရိပ်ကို ဖေါ်ပြထားတာက ချစ်သူ (ခင်သူ)နဲ့ ဝေးနေရတဲ့သူမျိုးဆိုတာ မချိတင်ကဲ ရင်ထဲမှာ ဆွေးဆွေးမြေ့မြေ့ ခံစားနေကြရကြောင်းကို ရှေ့တန်းရောက်နေတဲ့ စစ်သည်တစ်ယောက်ကို အဓိကဇာတ် ကောင်နေရာမှာထားပြီး ဖွဲ့ဆိုထားတဲ့ အိမ်သူဆွေ မယ့်သက်ထားကို သိစေချင်တဲ့ လင်္ကာစကားပါ။ ဖတ်ရှုခံစား ကြည့်ဖို့ပါ။
မှိန်ပြာပြာ မြူကျင်း … တိမ်တိုက်ကယ် ခြုံလွှာသိုင်းဖွဲ့ဆင် … ဆေးပန်းချီ ရေးမမှီနိုင်တဲ့ ဟန်ရေးပြင် သည့် မိန်ရာသီ… ရွက်သိင်္ဂီ လေချီသုတ်ပြီ .. ညှာညောင်းမပြုတ်ခင် ဤမှာဘက်ဆီ … စိတ်သည်း ရွှေဘ၀င်မှာ … လွမ်းပါလေနဲ့ ပြေစေကြောင်းရည် … အိမ်သူဆွေ မယ့်သက်ထားဆီ … စစ်လင်္ကာပါး .. လိုက်သည် … 

          စာသားတွေက နုလွန်းတော့ အသဲညှာ မခိုင်သူတွေအတွက် အသဲညှာတွေ ကြွေလေမလားရယ်လို့ စိုးရိမ်စိတ်များပင် ဖြစ်မိပါရဲ့။ တကယ်တော့ သီချင်းစာပိုဒ်မှာပါတဲ့ "ဟန်ရေးပြင်တဲ့ မိန်ရာသီ"ဆိုတဲ့ စာသား လေးဟာ နုလွန်းလို့၊ ရွလွန်းလို့ စာရေးသူရဲ့ဘ၀င်ကို အကြိုက်တွေ့စေခဲ့တာ အမှန်ပါ။ တစ်ချိန်တည်းမှာ ဆိုသလို ဘာမဆိုင်၊ ညာမဆိုင်နဲ့ အဲဒီစာပိုဒ်လေးကို အခြားစကားလုံးတစ်ခုနှင့် အစားထိုးပြီး ဖလှယ် ကြည့်မိတယ်။ အစားထိုးကြည့်မိခဲ့တဲ့ စာသားလေးက  "ဟန်ရေးပြင်တဲ့ မြန်မာပြည်"တဲ့။
          မိန်ရာသီနှင့် မြန်မာပြည်။ ဘယ်လိုများ ဆက်စပ်မှုတွေ ရှိနေပါလိမ့်မလဲလို့ တွေးကြည့်မိခြင်းပါ။ တွေးမိ တော့လည်း ဆက်စပ်မှုက ရှိနေသလိုပဲ။ ဥပမာ၊ မိန်ရာသီမှာ သဘာဝတရားတွေနဲ့ အလှတရားတွေ ဝေဆာနေခဲ့သလို၊ မြန်မာပြည်မှာလည်း ရေမြေ တောတောင်သဘာဝတရားတွေနဲ့ အလှတရားတွေ ဝေဆာနေ ခဲ့တယ်။ မြစ်တွေချောင်းတွေမှာတော့ အလှတရားတွေနဲ့ ဝေဆာနေခြင်းမျိုးမဟုတ်ပဲ သဘာဝသယံဇာတ တရားတွေနဲ့ မြန်မာပြည်ကြီးရဲ့ အလှတွေကို ချယ်မှုန်းထားသလို ဖြစ်နေခဲ့တယ်။ ဒါကြောင့်လားမသိ သယံဇာတ အလှတရားတွေကို ယာဇ်မူးနေကြတဲ့ ပျားပိတုံးတွေဆိုတာကလည်း တ၀ီဝီ တစီစီနဲ့ ညံလို့၊ စီလို့။ ဒါပေမဲ့ တစ်ခုတော့ ကြိုတင်သတိထားနိုင်ဖို့ သတိတော့ပေးရဦးမယ်။ ပျားပိတုံးဆိုတာ ၀တ်ရည်စုတ်တတ်တဲ့ သတ္တ၀ါ မျိုးမို့ ပန်းပျိုးလိုသူတို့အတွက် ကိုယ့်ခြံတွင်းမှာ ကိုယ့်စိုက်ပျိုးထားတဲ့ ပန်းတွေကို စနစ်တကျ ကာကွယ်စောင့် ရှောက်ထားဖို့လိုတယ်။
          တစ်ခုတော့ ရှိတယ်။ ပျားပိတုံးဆိုတာ ၀တ်ရည်ပဲစုတ်တတ်တယ်လို့ ရန်လိုတဲ့အမြင်မျိုးနဲ့ (နက်ဂေ တစ်ဗ်ဗျူး - Negative view) ဆန့်ကျင်ဘက်အမြင်မျိုးနှင့် မုန်းစိတ်ကို ရှေ့တန်းတင်ပြီး ကြည့်မယ်ဆိုရင်တော့ အမှားကြီးမှားသွားနိုင်တယ်ဆိုတာ ကြိုတင်ဆင်ခြင်နိုင်ဖို့ပါ။ ဘာကြောင့်လည်းဆိုရင် ပျားပိတုံးတို့ရဲ့သဘာဝဟာ ပန်းတွေမှ ၀တ်ရည်ကိုစုတ်ယူတတ်သလို၊ ချိုမြတဲ့ပျားရည်ကိုလည်း ထုတ်လုပ်ပေးနိုင်စွမ်းရှိတာကို မေ့မထားကြ ဖို့ပါ။ ဒီတော့ ပျားပိတုံးတွေဆီက ချိုမြိန်တဲ့ပျားရည်တွေကို တန်ရာတန်ကြေးနှင့်ရအောင် ပြန်လည်ယူနိုင်ကြဖို့ပါ။
          ဘာပဲဖြစ်ဖြစ် အလှတရားတွေနဲ့ ဝေဆာနေခဲ့တဲ့ မြန်မာပြည်ကြီးဟာ ဒီနေ့၊ ဒီအချိန်ခါမှာ ဘာတွေဖြစ် နေပြီလဲ။ မေးခွန်းထုတ်စရာပါ။ ရေမြေတောတောင် သဘာဝတွေနဲ့ အလှတွေကြွယ်နေခဲ့တဲ့ မြန်မာပြည်ကြီးဟာ လုယက်မှုတွေ၊ တိုက်ခိုက်မှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေနှင့် အကျည်းတန်အရုပ်ဆိုးနေခြင်းဟာ ဘာကြောင့်လဲ။  တစ်ချိန်က အပူအအေးတွေ ညီမျှနေလို့ ပန်းမျိုးစုံ ဖူးပွင့်ခဲ့တဲ့၊ ပန်းရနံ့တွေနဲ့မွှေးကြူထုံသင်းနေခဲ့တဲ့ မြန်မာပြည်ကြီးဟာ ယခုအခါမှာ မတရားမှုတွေ၊  မကျေနပ်မှုတွေ၊ လူမျိုးရေးအဓိကရုဏ်းတွေ မကြာခဏ ဆိုသလို ဖြစ်ဖြစ်နေတော့ ကမ္ဘာ့အလယ်မှာ မျက်နှာပျက်စရာအကြောင်းတွေ ဖြစ်နေခဲ့ရတာဟာ ဘာကြောင့်လဲ။ သူများတော့ ဘယ်လိုခံစားရမယ်မသိ စာရေးသူအတွက်တော့ ၀မ်းနည်းလို့မဆုံးပါ။ အသွင်ကူးပြောင်းဆဲ ကာလမှာ ခေါင်းဆောင်ပိုင်းမှ လက်တွဲခေါ်ယူနေသော်လည်း အလယ်ပိုင်းနှင့် အောက်ခြေပိုင်းတို့မှာ အသွင် မပြောင်းနိုင်အောင် ဖြစ်နေကြခြင်းဟာ ဘာကြောင့်လဲ။ ဘယ်သူကြောင့်လဲ။ အုပ်ချုပ်ရေးမဏ္ဍိုင်ကြီးပဲ ယိုင်လဲ သွားလို့လား။ သို့မဟုတ် အကြမ်းဖက်နေသူများဟာ အားကိုးရှိ၍ တမင်တကာပင် မထေမဲ့မြင် ဆက်လက် လုပ်ပြနေခြင်းမျိုးလော။ ဝေခွဲပြောဆိုဖို့ ခပ်ခက်ခက်ပဲ ရှိနေဆဲပါ။
          ဒါပေမဲ့ တစ်ခုတော့ သတိထားဖို့လိုတယ်။ ဒီမိုကရေစီစနစ်ကို အစပျိုးကျင့်သုံးရတဲ့ နိုင်ငံတိုင်းမှာ အခက်အခဲများစွာကို ကျော်ဖြတ်ကြရခြင်းဟာ ဖြစ်ရိုးဖြစ်စဉ်လို့ ဆိုရမှာပါ။ ဟိုရှေးယခင်အခါက ကျင့်သုံးသွားတဲ့ သက်ဦးဆံပိုင်စနစ်တို့လို၊ အာဏာရှင်စနစ်တို့လို စီမံကိန်းတစ်ခုကို အကောင်အထည်ဖေါ်ရာမှာ တစ်ဦးတစ် ယောက်တည်းရဲ့ အမိန့်အာဏာနှင့် ဆုံးဖြတ်ခဲ့ကြတာပါ။ တစ်မိန့်တစ်အာဏာနှင့်အရာအားလုံးကို ဆုံးဖြစ်ခဲ့ကြ၍ အမှားသံသရာလည်ခဲ့ရတယ်။ နောက်ဆက်တွဲအနေနဲ့ အမှားရယ်လို့ သိလာတဲ့ အချိန်မှာလည်း ထိုအမှားကို ပြင်ဆင်နိုင်ဖို့ အခက်အခဲမျိုးစုံနဲ့ ကြုံကြရပြန်တယ်။ ဒီမိုကရေစီစနစ်မှာတော့ အမှားကို နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ရတာမျိုးမို့ စီမံကိန်းတစ်ခုကို အကောင်အထည်ဖေါ်ဆောင်နိုင်ဖို့ ကြာတော့ကြမယ်။ ဒါပေမဲ့ လာမယ်။ ဒါကို ပြည်သူများ လေးလေးနက်နက် သိထားနိုင်ဖို့ပါ။ မြန်မာပြည်ရဲ့အခြေအနေဟာ ဒီအခြေအနေမျိုးမှာပဲ ရှိနေဆဲပါ။ ဒီမိုကရေစီစနစ်နှင့် မညီတဲ့ဥပဒေတွေ၊ ခေတ်နှင့်မလျော်ညီတဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင် ရွက်ကြပါမှ ဒီမိုကရေစီအလင်းရောင်ဆိုတာ ထွန်းတောက်လာနိုင်မှာပါ။
          လူအတော်များများဟာ မြန်မာပြည်မှာ ကျင့်သုံးနေတဲ့ ဒီမိုကရေစနစ်ရဲ့ အားနည်းချက်များ၊ ပျော့ကွက် ဟာကွက်များကို ထောက်ပြပြောဆိုလေ့ရှိကြတယ်။ ထိုသို့ပြောဆိုကြတဲ့အခါ အခြေခိုင်နေပြီဖြစ်တဲ့ အမေရိကန် နိုင်ငံရဲ့ ဒီမိုကရေစီစနစ်မျိုးနှင့် စံထိုးပြီး တစ်ဖက်သတ် ဝေဖန်ပြစ်တင်လိုကြတယ်။ ဖြစ်နေတာ၊ ဖြစ်သင့်တာ တွေထက် ဖြစ်ချင်တာတွေကိုပဲ ဇောင်းပေးပြီး မဟာဉာဏ်ကြီးရှင်ကြီးတစ်ယောက်ပမာ အာဘော်အာရင်း သန်သန်နှင့် ပြောဆိုနေတဲ့လူမျိုးတွေကိုလည်း တွေ့ရတယ်။ အမေရိကန်နိုင်ငံရဲ့ လူမှုရေးဖီလိုဆိုဖီမှာ ပြောလေ့ပြောထရှိတဲ့ စကားတစ်ခွန်းက - "လိမ္မော်သီးနှင့်ပန်းသီးကို နှိုင်းယှဉ်ပြောဆိုခြင်းမျိုးဟာ တရားမျှတမှု မရှိနိုင်ဘူးတဲ့။ တရားမျှတမှုအတွက် ပြောချင်တယ်ဆိုရင်တော့ ပန်းသီးအချင်းချင်း၊ လိမ္မော်သီးအချင်းချင်းတို့ရဲ့ အားနည်းချက်၊ အားသာချက်များကို နှိုင်းခိုင်းပြောဆိုပါမှ တရားမျှတမှုဆိုတာ ရှိလာနိုင်မှာပါ" တဲ့။ ကြားဖူး ထားတဲ့ စကားလေးတစ်ခုကို ထပ်ဆင့်ဝေငှခြင်းပါ။ အတွေးအခေါ်များ မတူကွဲပြား ရှိနေပါက အချင်းချင်း နားလည်နိုင်ကြဖို့ပါ။ သင့်အတွေးအခေါ်များကိုလည်း ပြည်သူများအတွက် ပြည်သူများရှေ့မှောက်မှာ ဆွေးနွေး နိုင်ဖို့ပါ။
          ကိုယ့်နိုင်ငံကို ကိုယ်တိုင်က လေးစားဖို့၊ မြတ်နိုးဖို့အတွက် အမေရိကန်နိုင်သားတွေကို အမေရိကန် သမ္မတ ဂျွန်ကနေဒီက ပြောပြဘူးသည်မှာ - "ကိုယ့်တိုင်းပြည်ကို ကိုယ်တိုင်က တကယ်ချစ်တယ်ဆိုရင် တိုင်းပြည်က ငါ့အတွက် ဘာလုပ်ပေးပြီးပြီလဲ မမေးနဲ့၊ ငါက တိုင်းပြည်အတွက် ဘာလုပ်ပေးပြီးပြီလဲဆိုတာ မေးကြဖို့ပါ"တဲ့။ တိုင်းပြည်ရဲ့အကျိုးစီးပွားအတွက် အစိုးရနှင့်ပြည်သူ အတူပူးပေါင်းပြီး ဆောင်ရွက်နိုင်ဖို့ ဒီအဆို အမိန့်ကို မျှဝေခံစားနိုင်ဖို့ ဆွေးနွေးတင်ပြထားခြင်းမျိုးပါ။
          ကိုယ့်တိုင်းပြည်ကို ချစ်လှပါတယ်ဆိုတဲ့လူတွေကို မေးချင်စမ်းပါတယ်။ တိုင်းပြည်ကို ဒီမိုကရေစီ အသွင်နှင့် ကူးပြောင်းဆဲကာလမှာ ကိုယ်က တိုင်းပြည်အတွက် ဘာလုပ်ပေးပြီးကြပြီလဲ။ ထစ်ကနဲဆို လက်သီး လက်မောင်းတန်းပြီး ဆန္ဒပြတာ၊ ထစ်ကနဲဆို မြို့ရွာတိုက်တာတွေကို မီးတင်ရှို့ တာ၊ ထစ်ကနဲဆို ယခင်အစိုးရ လက်ထက်က သိမ်းယူထားတဲ့ လယ်ယာမြေတွေကို ပြန်လည်ရနိုင်အောင် အကြမ်းဖက်တဲ့နည်းကိုသုံး၍ ဆန္ဒပြတာ၊ ဒါမျိုးတွေကို ပြုလုပ်နေခြင်းဟာ တိုင်းပြည်တိုးတက်အောင် ၀ိုင်းဝန်းလုပ်ကိုင်ပေးနေခြင်းလို့ ထင်နေ ကြသလားဆိုတာ သံသယစိတ်များပင် ၀င်လာမိခြင်းပါ။ အရင့်အရင်က ဖြစ်ပျက်ခဲ့သမျှအားလုံးကို ကောက် ကြောင်းပြန်၍ လိုက်နေကြမည်ဆိုလျှင် သီပေါမင်းလက်ထက်က ပါးတော်မူသွားတဲ့ ပတ္တမြားငါးမောက်ကြီး ပြန်လည်ရရှိနိုင်ဖို့ မည်သူတွေက ဦးဆောင်၍ ဆန္ဒပြကြမည်နည်း။  
          ပြောလိုရင်းက ဆန္ဒမပြရဘူးလို့ ပြောလိုရင်း မဟုတ်ပါ။ ဆန္ဒကို ထုတ်ဖေါ်ပြသခွင့် လူတိုင်းမှာ ရှိတယ်ဆိုတာ ယုံကြည်ထားပြီးသားပါ။ ဒီအချိန်မှာ ဖြစ်သင့်တာက ပြည်သူ့ဆန္ဒတွေကို ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ အလေ့အကျင့်ကောင်းများကို ကျင့်သုံးကြဖို့နှင့် ပြည့်သူ့သဘောဆန္ဒကို လက်မှတ်များကောက်ခံ၍ ပြည်သူ များရဲ့ဆန္ဒကို လွတ်တော်သို့တင်၍ ပြဿနာကို ပြေလည်အောင် ဆွေးနွေးနိုင်ခြင်းက ပိုမိုကောင်းမွန်နိုင် လိမ့်မည်ဟု ထင်မြင်ယူဆမိ၍ ဤနေရာဆွေးနွေးတင်ပြခြင်းပါ။ မိမိရဲ့အကျိုးစီးပွားအတွက် မိမိဆန္ဒကို ထုတ်ဖေါ်နိုင်ရန် ရိုးသားတဲ့ ပြည်သူများကို မစည်းရုံးသင့်၊  မလှည့်စားသင့်ပါ။ ဥပမာ၊ ရဟန်းတော်များကို ကိုယ်ကျိုးစီးပွားအတွက် ဆန္ဒပြရန် စည်းရုံးခြင်း၊ ရိုးသားတဲ့ ပြည်သူများကိုလည်း အလားတူ စည်းရုံးခြင်းမျိုးပါ။ တကယ်တော့ ကိုယ်ကျိုးစီးပွားအတွက် အများရဲ့အကျိုးစီးပွါးကို မပျက်စီးစေသင့်ပါ။ ဒီလုပ်ရပ်မျိုးသည် ငြိမ်းချမ်းစွာနေလိုတဲ့ ပြည်သူတွေရဲ့ဘ၀ကို မငြိမ်းမချမ်းဖြစ်အောင် ကိုယ်တိုင်က လှုံ့ဆော်နေခြင်းမျိုးပါ။
          အသွင်ကူးပြောင်းဆဲကာလမှာ တိုင်းပြည်ကို တည်ငြိမ်းအေးချမ်းအောင် အစိုးရနှင့်ပြည်သူ အတူပူး ပေါင်းပြီး စုပေါင်းဆောင်ရွက်နိုင်ပါမှ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ကို စနစ်တကျ တည်ထောင်နိုင်မှာဖြစ်တယ်။ သူတလူ၊ ငါတမင်း လုပ်ချင်ရာလုပ်မယ်၊ မိုက်ချင်ရင်မိုက်မယ်။ သူ့ဘုရား ငါ့ဘုရား၊ သူ့နယ်မြေ ငါ့နယ်မြေရယ်လို့ တရားဥပဒေနှင့်အညီ မဖြေရှင်းကြပဲ လက်သီးလက်မောင်းတန်း၍ ငြင်းခုံနေကြ မယ်ဆိုရင် ဘယ်သောအခါမှ ငြိမ်းချမ်းတဲ့ဒီမိုကရေစီနိုင်ငံတော်ဆိုတာ ဖြစ်လာနိုင်မည်မဟုတ်ပါ။
          မြန်မာနိုင်ငံတော်ကို ဒီမိုကရေစီစနစ်ဆီသို့ အသွင်ကူးပြောင်းဆဲကာလမို့ ဟန်ရေးပြင်နေတဲ့ မြန်မာ ပြည်ကြီးပါလို့ ပြောလိုကပြော၊ တရားဥပဒေစိုးမိုးရေးမဏ္ဍိုင်ကြီး ပြိုလဲနေတဲ့ မြန်မာပြည်ကြီးပါလို့ ရှုတ်ချလိုက လည်းရှုတ်ချ၊ ဘယ်အရာကိုမှ စနစ်တကျ မူမချနိုင်သေးတာဟာ လက်ရှိခေါင်းဆောင်များ အရည်အချင်း မပြည့်ဝလို့ ဖြစ်ရတာပါလို့ နှိမ်နှိမ်ချချ ပြောလိုကပြော။ ဒီအပြောမျိုး၊ ဒီအရေးအသားမျိုးတွေက တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် အရေးကြီးချင်မှ ကြီးမှာပါ။ အမှန်တကယ်အရေးကြီးနေတာက မြန်မာနိုင်ငံတော်ကြီးကို ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်အောင် အစိုးရနှင့်ပြည်သူ အတူပူးပေါင်းပြီး ဆောင်ရွက်နေကြရတဲ့ အချိန်မှာ ပြည်သူတွေ အတူတကွ ပါဝင်လာနိုင်ဖို့ပါ။ အထူးသဖြင့် စကားပြော ကောင်းလှတဲ့ မဟာက၀ိအကျော် ပညာရှိကြီးများလည်း ပါဝင်နိုင်ကြဖို့ပါ။ ကိုယ်ကိုယ်တိုင်က (အရာဌာန အားလျှော်စွာ) ကိုယ့်တန်ဖိုးကို ထုတ်သုံးမပြခဲ့လျှင် ဘယ်သူကမှ ကိုယ့်တန်ဖိုးကို သိနားလည်နိုင်မည်မဟုတ်ပါ။ တန်ဖိုးရှိတဲ့လူဆိုတာ တန်ဖိုးမဲ့တဲ့အလုပ်မျိုးကို ဘယ်သောခါမှ လုပ်မည်မဟုတ်ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။
ဒေါက်တာဓမ္မပိယ (ITBMU)

Lai Lone - Cartoon

...... ..... .....
ကာတွန်း- လိုင်လုဏ်
မတ်လ ၂၈၊ ၂၀၁၃


Kyaw Thu - FFSS Yangon Activity,


မျောက်ဖိုးစိန်လေးလိုတော့ မကနိုင်တော့ပြီ
ကျော်သူ
မတ်လ ၂၈၊ ၂၀၁၃



မိတ္ထီလာတွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးသည့်နောက် ၂၄.၃.၂ဝ၁၃ ရက်နေ့တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိသူအချို့တို့မှ သွားရောက်၍ ကူညီအားပေးစကား ပြောကြားသည့် အချိန်တွင် ကျွန်တော် (ကျော်သူ)နှင့် အသင်းသူ/သားအချို့သည် ယခင်ကတည်းက လူမှုရေးပရဟိတ ဟောပြောပွဲများ လာရောက်ဟောပြောပေးရန်အတွက် ကြိုတင်ချိတ်ဆက်ထားမှုကြောင့် ပြည်မြို့သို့သွား ရောက်ခဲ့ရသည်။ ကျွန်တော့်အား ဖိတ်ကြားထားသော ပြည်မြို့ဝန်းကျင်ရှိ ပေါင်းတလည်၊ ရွှေပေါက်ပင် ကျောင်း (နိဗ္ဗာန်ဈေး)၊ ပေါင်းတည်၊ ဇီးကုန်း၊ ဖရဲ၊ ကြံခင်း၊ ပုတီးကုန်း (မီးသင်္ဂြိုလ်စက်)ဖွင့်ပွဲ၊ ဆင်မြှီးဆွဲ၊ ပခုက္ကူ၊ မန္တလေးတိုင်း စကျင်မြို့မှ တဆင့် ချင်းပြည်နယ် ဂန့်ဂေါ၊ ဟားခါး၊ ဖလန်း၊ ကလေးမြို့များသို့ သွားရောက်၍ ဟောပြောရမည်ဖြစ်သောကြောင့် ၂၅.၃.၂ဝ၁၃ ရက်နေ့တွင် ရန်ကုန်မြို့မှ ပြည်မြို့သို့ ထွက်ခွါခဲ့ရသည်။ ယင်းနေ့ ည (၇း၃ဝ) နာရီအချိန်တွင် ပေါင်းတလည်မြို့ စာပေဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့ခံမိဘပြည်သူလူထု (၅ဝဝဝ) ကျော်ခန့်သည် ဟောပြောပွဲစင် ဘေးတစ်ဖက်ရှိ လမ်းမကြီးတစ်ခုလုံး ပိတ်ဆို့သွားသည်အထိ ပရိသတ်များ လာရောက်အားပေးခဲ့သည်။ 

၂၆.၃.၂ဝ၁၃ ရက် နေ့ နံနက်ပိုင်းတွင် ပြည်မြို့ရွှေပေါက်ပင်ကျောင်းဝင်းအတွင်း၌ နှစ်စဉ်ကျင်းပလေ့ရှိသည့် တပေါင်းလပြည့် နိဗ္ဗာန်ဈေးပွဲတော်ကြီးတွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူဒါန ဆိုင်ခန်းတစ်ခု ဖွင့်လှစ်ကာ သောက်ရေခွက်(စတီး)၊ ဇလုံ(စတီး)၊ ပန်းကန်ပြား(စတီး)၊ လင်ဗန်း(စတီး)များအပြင် 2013 Kyaw Thu 1st BreakOut Calendar အပါအဝင် ပစ္စည်းအရေအတွက် (၅ဝဝ) ကျော်ခန့်အား မဲဖောက်လှူဒါန်းပေးခဲ့ သည်။ ရွှေပေါက်ပင်ဆရာတော်ကြီးထံသို့လည်း သင်္ကန်း၊ ထီး၊ ဖိနပ်၊ နေကထိုင်နှင့် အလှူငွေကျပ် (၃) သိန်းအား ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ည (၇းဝဝ) နာရီအချိန်တွင် ဇီးကုန်မြို့ စာပေဟော ပြောပွဲ ကျင်းပမည်ဖြစ်သောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား/သူများတို့သည် ညနေ (၄းဝဝ) နာရီအချိန်တွင် ၂၅.၃.၂ဝ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကြို့ပင်ကောက်မြို့ ဆူပူအကြမ်းဖက်မှု ဂယက်များကြောင့် ဇီးကုန်းမြို့တွင်လည်း ၂၆.၃.၂ဝ၁၃ ရက်နေ့ ည (၇းဝဝ) နာရီအချိန်တွင် ကျင်းပမည် ဖြစ်သော ကျွန်တော် (ကျော်သူ)၏ စာပေဟောပြောပွဲ အခမ်းအနားပြီးဆုံးသည်နှင့် တပြိုင်နက်တည်း အကြမ်းဖက်မှုအဖျက်လုပ်ငန်းများ စတင်မည်ဟု သတင်းကြားသိရှိရသည့်အတွက် ဒေသခံ မိဘပြည်သူ အပေါင်းနှင့် ညှိနှိုင်း၍ ဟောပြောပွဲအစီအစဉ်အား ဖျက်သိမ်းခဲ့ရသည်။ 

မိမိတို့ ထင်မြင်ထားသည့်အတိုင်း ယင်းညတွင် ဇီးကုန်းမြို့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကျန်ရှိနေသော ဖရဲ၊ ကြံခင်း၊ ပုတီးကုန်း၊ ဆင်မြှီးဆွဲ၊ ပခုက္ကူ စသည့်မြို့များတွင် ပြုလုပ်မည်ဖြစ်သော ဟောပြောပွဲ အစီအစဉ် များအား ကျွန်တော်သည် ဆက်လက်ဟောပြောခြင်း မပြုလုပ်တော့ဘဲ ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်တည်ရှိရာသို့ ၂၇.၃.၂ဝ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အသင်းသူ/သားများနှင့်အတူ ပြန်လည်ထွက်ခွါခဲ့တော့သည်။

အကြောင်းမှာ ယခုဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက်လုပ်ရပ်များသည် မြို့ခံ၊ နယ်ခံ ပြည်သူတို့မှ စတင်ခြင်းမဟုတ်ဘဲ ပြင်ပမှသူစိမ်းများ ဒေသအတွင်းသို့ ရဲတင်းစွာဝင်ရောက် သွေးထိုးလှုံ့ဆော်မှုကြောင့် ၄င်း၊ အစိုးရဌာနဆိုင်ရာများမှလည်း လက်ရှိအခြေအနေဆိုးကြီးတွင် စတိတ်ရှိုးများ၊ ကပွဲသဘင်များ၊ စာပေ ဟောပြောပွဲများအား တရားဝင်ပြုလုပ်ခွင့် ပေးထားခြင်းသောကြောင့်၎င်း၊ စတိတ်ရှိုးများ၊ ကပွဲများ၊ စာပေ ဟောပြောပွဲများသည် ကြည့်ရှု့သူအပေါင်းတို့အား သွေးကြွစေခြင်း၊ စိတ်ဓာတ်ထကြွစေခြင်း၊ ခန္ဓာကိုယ် သွေးများဆူပွက်စေခြင်း စသည့်ဦးတည်သော ရည်ရွယ်ချက်များ ဖြစ်စေခြင်းကြောင့်၎င်း ပြဿနာ တစ်စုံ တစ်ရာ ဖြစ်ပေါ်လာခဲ့ပါက ဒေသခံ မိဘပြည်သူတို့၏ အသက်အိုးအိမ်၊ စည်းစိမ်၊ စားဝတ်နေရေး စသည့် နောက်ဆက်တွဲ အဖြစ်ဆိုးများနှင့်သာ ကြုံတွေ့ရမည်ဖြစ်သည်။ ယခုဖြစ်ပေါ်ခဲ့သော အကြမ်းဖက်ဆူပူမှု များကို ပြန်လည်သုံးသပ်သော် မိတ္ထီလာမှတဆင့် ရမည်းသင်း၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်သလင်း စသဖြင့် တစ်မြို့နှင့်တစ်မြို့ ကူးစက်အကြမ်းဖက်မှုတို့ကို စိုးရိမ်ဖွယ်ရာ မျက်မြင်တွေ့ရှိနေ ရသည်။

ထို့ကြောင့် ဤကဲ့သို့ အကြမ်းဖက်ကွန်ယက် ဆက်နွယ်မှုတို့သည် ကျွန်တော်တို့ မြန်မာနိုင်ငံ အတွက် အစိုးရိမ်ရဆုံး၊ အန္တရာယ်အကြီးမားဆုံးသော အချိန်ကာလတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သုံးသပ်မိတော့သည်။ အကယ်၍များ ဤဖြစ်ရပ်ဖြစ်စဉ်များသည် မိမိနှင့်မဆိုင်၊ မိမိနှင့်မပတ်သက်ဟူသော အတ္တသမားတစ်ယောက်၏ အတ္တဝါဒီခံယူချက်ဖြင့် "ငါဆိုမည့်ပွဲ၊ ငါကမည့်ပွဲ၊ ငါဟောမည့်ပွဲတွေကို သက် ဆိုင်ရာမြို့နယ် အာဏာပိုင်တွေကတောင် ခွင့်ပြုချက်ပေးထားတာဘဲ၊ ပွဲပါမင့် ကျပြီးသားဘဲ၊ ဒေသခံတွေ ကလည်း တောင်းတနေတာဘဲ… ဒါကြောင့် ငါကတော့ ကမှာဘဲ၊ ဆိုမှာဘဲ၊ ဟောမှာဘဲ" ဟူသော စိတ်ဓါတ်ခံယူချက်မျိုးဖြင့် ကပြ၊ ဟောပြော အသုံးခံမည်ဆိုပါက စိုးရိမ်စိတ် ကြီးထွားနေကြသော ပြည်သူ လူထုတို့အား စော်ကားခြင်း (သို့) အကြမ်းဖက်လှုပ်ရှားမှုကို အားပေးလှုံ့ဆော်ခြင်းဟူသော ကြံရာပါ တရားခံအဖြစ် မြန်မာ့သမိုင်း၏ တရားခံဆိုးထဲတွင် ပါဝင်သွားပေလိမ့်မည်။ ကမ္ဘာ့အလယ်တွင်လည်း မြန်မာလူမျိုး၊ မြန်မာနိုင်ငံဟူသည် ကြောက်စရာကောင်းသော နိုင်ငံလူမျိုး၊ လူသားချင်းစာနာစိတ် ကင်းမဲ့သော နိုင်ငံလူမျိုး၊ မငြိမ်းချမ်းသော နိုင်ငံလူမျိုးဟူ၍ မျက်နှာငယ်ရပေတော့မည်။ ထိုသို့ အကြမ်း ဖက်မှုအား အားပေး၊ လှုံ့ဆော်၊ တိုက်တွန်း၊ ပါဝင်လှုပ်ရှားသော သူအပေါင်းတို့သည်လည်း ကျွန်တော်တို့၏ ဗုဒ္ဓမြတ်စွာဘုရားတင်မကဘဲ ဘာသာပေါင်းစုံတို့၏ ငြိမ်းချမ်းမှုကိုလိုလားသော ဘုရားသခင်တို့အား စော်ကားခြင်းလည်းမည်ပေသည်။ ထို့ကြောင့် ကျွန်တော်သည် လူမှုရေးပရဟိတ ဟောပြောပွဲများအား ခက်ခက်ခဲခဲ စီစဉ်ဆောင်ရွက်ပေးထားသော မြို့ရွာအသီးသီးတို့၏ ကြိုတင်ဖိတ်ကြားထားမှုတို့အား စိတ်မ ကောင်းစွာဖြင့် မြန်မာနိုင်ငံအရေး၊ မြန်မာပြည်သူလူထုအရေးတို့အတွက် အချိန်ကာလတစ်ခုကို ပြောင်း ရွှေ့မှုကို ပြုလုပ်ခဲ့ရတော့သည်။

ငယ်စဉ်ကလေးဘဝက မိဘ၊ အဘိုးအဘွားတို့မှ ကလေးငယ်လေးများအား နောက်ပြောင်ကျီစယ် ဆော့ကစားခဲ့သော "ရှေ့ဂျွမ်းလေးထိုးပါဦး … နောက်ဂျွမ်းလေးထိုးပါဦး … မျောက်ဖိုးစိန်လေးရေ" ဟူသော မြှောက်ပင့်ကျီစယ်၊ ဆိုခဲ့သော စကားလေးအတိုင်း အနုပညာရှင်များ၊ စာပေပညာရှင်များ၊ နိုင်ငံရေး သမားများအနေဖြင့် ယခုလက်ရှိတိုင်းပြည်အတွက် စိုးရိမ်ရသော အခြေအနေတွင် ပွဲပါမင့်များ ခွင့်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ မိမိတို့၏ အတ္တများကိုဖြုတ်၍ အများအကျိုးအား ရည်သန်သော စိတ်စေတနာ တို့ဖြင့် ကိုယ့်မိသားစု၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်မြို့နယ်၊ ကိုယ့်နိုင်ငံအတွက် ပြင်ပပယောဂများ မဝင်ရောက်နိုင် ရန်အတွက် စည်းလုံးညီညွတ်စွာ ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ကြရန်နှင့် "ရှေ့ဂျွမ်းလေးထိုးပါဦး၊ နောက်ဂျွမ်းလေးထိုးပါဦး၊ မျောက်ဖိုးစိန်လေးရေ" ဟူ၍ ချော့မြူတိုင်း မကမိဖို့ အရေးကြီးပါကြောင်း ပရဟိတစိတ်ထားဖြင့် အသိပေးနှိုးဆော်လိုက်ပါတော့သည်။


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives