[moemakadaily@moemaka.biz] 4th March - MoeMaKa Daily

ကာတွန်းစောငို - နိုင်ငံတော်နဲ့ ကိုယ့်အတွက် မကွဲတဲ့ပြည် ဗမာပြည်
မတ် ၄၊ ၂၀၁၃

Letter from Readers -


ဧရာဝတီ၊ အင်္ဂါပူ၊ ညောင်ကျိုး ကိုယ်ထူကိုယ်ထလျပ်စစ်လိုင်းကိစ္စ အမတ်နဲ့ အငြင်းပွား
ဟင်္သတသားများ၊ မတ် ၄၊ ၂၀၁၃
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ အင်္ဂပူ-ညောင်ကျိုး ပြည်သူများစုပေါင်း
ထည့်ဝင်ငွေများနှင့် တည်ဆောက်ခဲ့သော ကိုယ့်အားကိုယ်ကိုး လျပ်စစ်ပင်မဓါတ်အားလိုင်းကို အဆိုပါကျေးရွာ၏ လျပ်စစ်မီးလင်းရေးကော်မီတီဥက္ကဌ ဒေါက်တာဌေးဝင်း (အမျိုးသားလွှတ်တော်အမတ်)က အခြားကျေးရွာတခုဖြစ်သည့် သပြေကုန်းကျေးရွာကို လျပ်စစ်မီးသွယ်တန်းရန် ကြိုးစားလာသည့်အပေါ် အင်္ဂါပူ- ညောင်ကျိုးဒေသခံများက ကန့်ကွက်ခဲ့ကြပါတယ်။
အဆိုပါ မီးလိုင်းချိတ်ဆက်မှုကို မူလလျပ်စစ်သုံးစွဲသူများကို ကြိုတင်အသိမပေးခြင်း၊ သဘောထားကောက်ခံခြင်း မပြုခဲ့ခြင်းတို့ကြောင့် ဒေသခံများက သဘောမတူကြောင်း ဆန္ဒပြုခဲ့ကြတာကြာင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်စု ၃ စုမှာ ဆန္ဒခံယူပွဲများ ကျင်းပခဲ့ကြကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၂၆ ညောင်ကျိုးကျေးရွာအုပ်စုမှာ အပြီးသတ်ဆန္ဒခံယူမှု စာရင်းအရ သပြေကုန်းကျေးရွာသို့ လျပ်စစ်မီးမချိတ်ဆက်လိုသူက မဲ ၄၃၂၊ ချိတ်ဆက်ပေးလိုသူက ၂၅ မဲနဲ့ အဆုံးအဖြတ်ကျခဲ့ပါတယ်။ အဆိုပါ ပြည်သူ့သဘောထားကို ရပ်ကျေးအုပ်ချုပ်ရေးမှူးကိုယ်တိုင်က တိုင်း လျပ်စစ်အင်ဂျင်နီယာ ဦးကိုကိုနိုင်၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူး၊ ထွေအုပ် ဦးစီးဌာန၊ အင်္ဂါပူမြို့နယ်နှင့် မြန်အောင်မြို့နယ် မြိုံနယ်လျပ်စစ်အင်ဂျင်နီယာများ၊ လျပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများသို့ ပေးပို့ အကြောင်းကြားခဲ့ပါတယ်။
သို့ဖြစ်ပါ၍ ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်နဲ့ သက်ဆိုင်ရာလူကြီးများက ကျေးရွာလူထု၏ ဆန္ဒကို အလေးဂရုပြု တန်ဖိုးထားပြီး ဖြေရှင်းပေးပါရန် တင်ပြလိုက်ပါကြောင်း။

Ku Mo Jo - Why Burmese Regime afraid of Chinese Regime ...


ကာတွန်းကူမိုးကြိုး - ကိုကိုဖွတ်ဝန်ကြီးက တရုတ်ကို ကြောက်သတဲ့လား …
မတ် ၄၊ ၂၀၁၃

3rd March 2013 - MoeMaKa Radio

မတ် ၃၊ မိုးမခရေဒီယိုဆစ်ဒနီ
အမေလူထု ပူမှုစကားနဲ့ ရင်မှာပျိုးသောပန်း - လူထုဒေါ်အမာ၊ စန္ဒယားချစ်ဆွေ
ဘ၀တခုပြောင်းတဲ့ည - ဖိုးသံ(လူထု)
သတင်းတိုထွာ၊ သီချင်းပဒေသာ
ကြိမ်မီးတွေလောင် - ကဗျာ၊ သီဟသူရ်၊ မိုးမခ
လွှတ်တော်အတည်ပြည် ကာကွယ်ရေးစာရိတ် - JACDB
နော်ဝေဆန္ဒပြသူများသို့ အစိုးရဖြေရှင်းချက် - JACDB
ကိုးကွယ်တတ်ပါစေ - ကွန်ပျူတာဦးအောင်ဇော်
လူကြီး၊ လူငယ် ပြသနာ တခါက - အောင်သင်း၊ စာပေဟောပြောပွဲ
မြန်မာ့ဂန္ဓ၀င်စာပေ - သန်းဝင်းလှိုင်၊ မိုးမခ
ကင်ဆာရောဂါ တရုတ်အစားအစာ - မြတ်စိုး၊ မိုးသီးဇွန်ဝက်ဆိုက်
ကေအိုင်အေမလေး ရေ … - လားရှိုးသိန်းအောင်
ဦးတင်မိုး ကွယ်လွန်ခြင်း ၆ နှစ်ပြည့် စာအုပ် အမှတ်တရ
အထူးကဏ္ဍ - အောင်ခြင်း ၈ပါး နောက်ဆုံးပိုင်း - အေ၀မ်းစိုးမြင့်၊ တင်တင်မြ
ခေါင်းဆောင်ဖြစ်ချင်ရင် - ဦးဘုန်းဓာတု၊ စင်္ကာပူ၊ ပြည်ထောင်စုနေ့ စာပေဟောပြောပွဲ
စီစဉ်သူများ - ဦးပန်တျာ၊ မေရီ
(မိုးမခမှတ်ချက် - မိုးမခရေဒီယို (ဆစ်ဒနီ)အစီအစဉ်တွင် သတင်းထည့်သွင်းခြင်း၊ ကြော်ငြာများ ထည့်သွင်းခြင်းတို့အတွက် ဦးပန်တျာတို့ မိုးမခရေဒီယိုအဖွဲ့သို့upantra@gmail.com အီးမေးဖြင့် ဆက်သွယ်နိုင်ပါကြောင်း)

Cartoon OKay Linn - No more lunch for monks


ကာတွန်းအိုကေလင်း - ဆွမ်းတောင် တနပ်လျော့ခိုင်းမှဖြင့်ကွယ် …
မတ် ၄၊ ၂၀၁၃

Dr. Mying Oo (GP)


ကျန်းမာရေး ဒီမိုကရေစီ
ဒေါက်တာမြင့်ဦး (ဂျီပီ)
မတ်လ ၃၊ ၂၀၁၃


● မြန်မာ့ကျန်းမာရေးအဆင့်အတန်း
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းထဲမှာပါရှိတဲ့ "လူတိုင်းလူတိုင်း မိမိကိုယ်တိုင်ကျန်းမာရေးနဲ့ မိသားစုကျန်းမာရေးအတွက် လုံလောက် တဲ့ အစာအာဟာရ၊ အဝတ်အထည်၊ နေအိမ်နဲ့ ဆေးဝါးအကူ အညီအထောက်အပံ့တွေကို ရယူခံစားပိုင်ခွင့်ရှိသည်" ဆိုတဲ့ အခွင့်အရေးကို လူတိုင်းခံစားနိုင်ဖို့အတွက် ကမ္ဘာပေါ်မှာရှိတဲ့အစိုးရတိုင်းဟာ လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို လုပ်ဆောင်ပေးကြ ရပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်းကို သက်ဆိုင်ရာနိုင်ငံအစိုးရရဲ့ ကျန်းမာရေး ဘတ်ဂျက်အသုံးစရိတ်နဲ့ ဆေးလောကဝန်ထမ်းတွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေအပေါ်မူတည်ပြီး တွက်ချက်ကြလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ အာဏာရှင်အစိုးရအဆက်ဆက်ဟာ ပြည် သူတစ်ယောက် ကျန်းမာရေးအတွက် တစ်နှစ်မှာ ငွေကျပ်တစ်ထောင်ပြည့်အောင်တောင် မသုံးစွဲပေးခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ကျန်းမာ ရေးအဆင့်အတန်းဟာ ကမ္ဘာ့နိုင်ငံ ၁၉ဝ ကျော်ရဲ့ အောက်ဆုံးအဆင့်-ဒုတိယနေရာကို ရောက်ရှိသွားခဲ့ရပါတယ်။

● အာဏာရှင် ကျန်းမာရေးစနစ်
အာဏာရှင်အစိုးရလက်ထက်မှာ နိုင်ငံ့ဝန်ထမ်းတွေကို "မလုပ်၊ မရှုပ်၊ မပြုတ်" စိတ်ဓါတ်သွတ်သွင်း ထားခဲ့တဲ့အတွက် မြန်မာနိုင်ငံ က ဆရာဝန်တွေဟာ ကိုယ်ပိုင်အစွမ်းအစတွေကို ဖေါ်ထုတ်ခွင့်မရရှိခဲ့ဝကပဲ၊ အစိုးရရဲ့ အတင်းအကြပ်စေခိုင်းတာတွေကိုဆောင်ရွက် ပေးခဲ့ကြရရှာပါတယ်။ အစိုးရထောက်ခံပွဲတွေကို မဖြစ်မနေတက်ရောက်ကြရပြီး၊ တက်ရောက်ဖို့ပျက်ကွက်ရင် ဆေးကုသခွင့်လိုင်စင်ရုတ်သိမ်းခံရနိုင်ပါတယ်။ လူသူနည်းပါးတဲ့ဒေသက ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ငြင်းဆန်ခဲ့ရင်လည်း ဆေးကုသခွင့်လိုင်စင် အသိမ်း ခံကြရပြန်ပါတယ်။ စာပေထူးချွန်တဲ့ဆရာဝန်တွေဟာ နိုင်ငံတကာဆေးပညာသင်တန်းတွေကို တက်ရောက်နိုင်ဖို့ စစ်ဗိုလ်ချုပ်တွေကို လာဘ်ပေးခဲ့ကြရပြီး၊  ပြည်တွင်းဘွဲ့လွန်သင်တန်းတွေကို တက်ရောက်ချင်ရင်လည်း အာဏာပိုင်တွေဆီမှာ လာဘ်ထိုးခဲ့ကြရပြန်ပါတယ်။ အလုပ်အကိုင်ပြောင်း ရွေ့ဖို့၊ ဒါမှမဟုတ် မပြောင်းရွေ့ပဲဆက်လက်နေရဖို့၊ မဆလပါတီနဲ့ အထက်အာဏာပိုင်တွေကို ဝန်ထမ်းအချင်းချင်းဖြစ် နေတာတောင်မှ လာဘ်ထိုးပေးနေခဲ့ကြရပါတယ်။

နာဂစ်မုန်တိုင်းအလွန်ကာလတုံးက စေတနာ့ဝန်ထမ်း နယ်လှည့်ဆေးကုသပေးခဲ့တဲ့ ဆရာဝန်တွေဟာ မုန်တိုင်းသင့်ကျေးရွာတွေကို သွား ရောက်နိုင်ဖို့အတွက် အာဏာပိုင်အဆင့်ဆင့်ဆီမှာ ခွင့်ပြုချက်တောင်းခံကြရလေ့ရှိပါတယ်။ ခွင့်ပြုချက်ကိုစောင့်ဆိုင်းနေရတဲ့အတွက် အ ရေးပေါ်နဲ့ ရေရှည်အကျိုးရှိတဲ့ ဆေးကုသချက်တွေကို မပေးနိုင်ကြတော့ပါဘူး။ နိုင်ငံတကာကလှူဒါန်းလိုက်တဲ့ စွမ်းအားမြင့်ဘီစကစ်တွေ ကို အာဏာပိုင်တွေကနေတဆင့် ပေးအပ်ခဲ့ကြရတဲ့အတွက် ပြည်တွင်းဖြစ်ဘီစကစ်နဲ့လဲလှယ်ပစ်တာကိုလည်း မုန်တိုင်းသင့်ပြည်သူတွေ ခံခဲ့ကြရပြန်ပါတယ်။ အာဏာရှင်စနစ်မှာ နိုင်ငံခြားသားပညာရှင်တွေရဲ့ ခရီးသွားလာခွင့်တွေကို ကန်သတ်ထားတဲ့အတွက် အမှန်တကယ် လိုအပ်တဲ့နေရာဒေသတွေကို  မသွား ရောက်နိုင်ခဲ့ကြပြန်ပါဘူး။ အမေရိကန်ဆေးတက္ကသိုလ်ကြီးတစ်ခုက ပါမောက္ခဆရာဝန်ကြီးတစ်ယောက် ဟာ မြန်မာဆရာဝန်တွေကို ကယ်ဆယ်ရေးသင်တန်းတွေပို့ချဖို့ ရန်ကုန်လေဆိပ်အရောက်မှာ ပြည်ဝင်ခွင့်တားဆီးခံလိုက်ရပါသေးတယ်။ ဆရာဝန်တွေကိုယ်တိုင်လည်း လူနာတွေအပေါ်မှာ အာဏာရှင်ဆန်ဆန် ဆက်ဆံဆေးကုသခဲ့ကြတဲ့အတွက် လူနာတွေကကြောက်ရွံ့ပြီး ဆရာဝန်တွေကို ပြန်လည်မေးခွန်းမထုတ်ဝံ့ရဲခဲ့ကြရှာပါဘူး။ ဆရာဝန်ပြုသမျှ နုခဲ့ကြရသလို ဆေးကုမှုမှားယွင်းခဲ့ရင်လည်း ကံတရားကိုသာ ပုံချခဲ့ကြရရှာပါတယ်။

● ဂွန်ဂိုအဖွဲ့
အာဏာရှင်စနစ်မှာ ဆရာဝန်အသင်းအဖွဲ့တွေရဲ့ အမှုဆောင်အဖွဲ့ဝင်စာရင်းကို အာဏာပိုင်တွေက စိစစ်အတည်ပြုပြီးမှ ခန့်အပ်တာဝန် ပေးကြရပါတယ်။ အာဏာပိုင်တွေမလိုလားတဲ့ဆရာဝန်ပါဝင်လာခဲ့ရင် အမှုဆောင်စာရင်းကနေ ထုတ်ပယ်ပေးကြရပါတယ်။  အမှုဆောင်ရွေး ချယ်ရာမှာလည်း En Bloc လို့ခေါ်တဲ့ အုပ်စုလိုက် အမည်စာရင်းတင်သွင်းတဲ့စနစ်ကိုကျင့်သုံးရတဲ့အတွက် ဒီမိုကရေစီအနှစ်သာရနဲ့ ကင်း ဝေးခဲ့ကြရပြန်ပါတယ်။ ဆရာဝန်အသင်းကြီးကို အစိုးရက လိုသလိုချယ်လှယ်နေတဲ့အတွက် နိုင်ငံတကာအသိုင်းအဝန်းက အန်ဂျီအိုအဖွဲ့ လို့ မသတ်မှတ်တော့ပဲ ဂွန်ဂိုလို့ သတ်မှတ်လာကြပါတော့တယ်။ ဂွန်ဂိုဆိုတာကတော့ Government Organized Non-Government Organization ကို အတိုကောက် ဂျီအိုအန်ဂျီအိုလို့ စာလုံးပေါင်းပြီး အသံထွက်ခေါ်ဆိုတာဖြစ်ပါတယ်။ အန်ဂျီအိုကို ရှေ့ကနေ ဂျီအို (Government Organized) တစ်လုံးထပ်တိုးပေးလိုက်တဲ့အတွက် အစိုးရကချယ်လှယ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကိုသက်ရောက်သွားပါတော့တယ်။ အစိုးရအလိုအတိုင်းဆောင်ရွက်ပေးဖို့ အစိုးရကဖွဲ့စည်းထားတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းလို့ အဓိပ္ပါယ်ပြန်ဆိုနိုင်ပါတယ်။ ဆရာဝန်အသင်း ဟာ စစ်အာဏာ ရှင်လက်ထက်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့နဲ့၊  စွမ်းအားရှင်အဖွဲ့ စတာတွေနဲ့ တစ်တန်းတစ်စားထဲသတ်မှတ် ခံလိုက်ရတာဖြစ်ပါ တယ်။

လက်ရှိအခြေအနေမှာလည်း En Bloc စနစ်နဲ့ ကိုယ့်အုပ်စုကို ကိုယ်တိုင်ရွေးချယ်ထားတဲ့အမှုဆောင်အဖွဲ့ဟာ ဆရာဝန်အသင်းအဆောက် အဦကြီးကို နိုင်ငံခြားကုမ္ပဏီလက်ထဲကိုလွှဲအပ်ဖို့စီစဉ်နေပါတယ်။ ထင်သာမြင်သာမှုမရှိတဲ့အတွက် မကျေနပ်သံတွေထွက်ပေါ်လာပါတော့တယ်။  ဒီမိုကရေစီခေတ်မှာ မြန်မာ နိုင်ငံဆရာဝန်အသင်းရဲ့အမှုဆောင်အဖွဲ့တစ်ခုလုံးကို ဆရာဝန်ထုတစ်ရပ်လုံးက မဲပေးရွေးချယ်ရတဲ့စနစ်နဲ့ အစားထိုးလဲလှယ်ဖို့ လိုအပ်နေပါတယ်။

● ဗီအိုင်ပီလူနာ
ကျန်းမာရေးဒီမိုကရေစီကို မခံစားဖူးသေးတဲ့လူနာတွေဟာ တစ်ပါတီအာဏာရှင်စနစ်တုံးက အခမဲ့ဆေးကုသခွင့်တွေရရှိခဲ့ကြပေ မယ့် စစ်အာဏာရှင်စနစ်အောက်မှာ ကိုယ့်အိပ်ထဲကငွေကို ကိုယ်စိုက်ထုတ်ပြီး ဆေးဝါးကုသလာခဲ့ကြရပြန်ပါတယ်။ အာဏာပိုင်အသိုင်း အဝန်း နဲ့ပတ်သက်နေတဲ့ ဗီအိုင်ပီလူနာတွေလည်း ပေါ်ထွန်းလာကြပါတယ်။ ဗီအိုင်ပီလူနာတွေဟာ ဆေးရုံတွေမှာရှိတဲ့ အိုင်စီယူး အထူးကြပ်မတ် ကုသခန်းတွေကို မောင်ပိုင်စီးထားလိုက်ကြပါတော့တယ်။ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ လူနာတစ်ယောက် ဟာ အိုင်စီယူးအခန်းထဲမှာကုသဖို့လိုအပ်လာပါတယ်။ အိုင်စီယူးမှာ နှလုံးခုန်နှိုးဆွစက်နဲ့ အသက်ရှုအထောက်အကူကိရိယာတွေ မရှိတဲ့အ တွက် ရန်ကုန်ဆေးရုံကြီး အိုင်စီယူး ကို ထပ်မံလွှဲပြောင်းပေးလိုက်ရပြန်ပါတယ်။ ရန်ကုန်ဆေးရုံကြီးရဲ့ အိုင်စီယူးမှာ ဗီအိုင်ပီလူနာကိုသာလက် ခံတဲ့အတွက် လူနာကို ဗီအိုင်ပီဖြစ်အောင်ပြောင်းလဲဖို့ လူနာရဲ့ဆွေမျိုးတွေက ဒုတိယဝန်ကြီးတစ်ဦးဆီကို သွားရောက်ပြီး လဘ်ထိုးပေးလိုက် ကြရပါတော့တယ်။

● ဒီမိုကရေစီ ကျန်းမာရေးစနစ်ဆီသို့
အခုဖေါ်ပြလိုက်တဲ့အဖြစ်အပျက်လေးတွေဟာ အာဏာရှင်စနစ်အောက်မှာ ဆရာဝန်နဲ့လူနာ့အခွင့်အရေး ချိုးဖေါက်ခံခဲ့ရတဲ့သာဓကအချို့ပဲရှိပါသေးတယ်။ ဒီမိုကရေစီရောင်ခြည်သန်းလာတဲ့ အခုလိုအ ခြေအနေမျိုးမှာတော့ ဆရာဝန်အသင်းကြီးနဲ့ ဆေးကောင်စီကို ပြင်ဆင်ဖွဲ့စည်းဖို့ ဆရာဝန်တွေကိုယ်တိုင်က ကြိုးစားနေကြပါတယ်။ သတင်းမီဒီယာတွေကလည်း လူနာ့အခွင့်အရေးတွေကို ကာကွယ်ရေးသား ပေးနေကြပါ တယ်။ ကျန်းမာရေးဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းရာမှာ ဆရာဝန်တွေရဲ့လုပ်ပိုင်ခွင့်နဲ့ လူနာတွေရဲ့လွတ်လပ်ခွင့်တွေကို ပိုမိုတိုးမြှင့်ပေး ဖို့ လိုအပ်နေပါတယ်။ နိုင်ငံခြားသားဆေးပညာရှင်တွေကို မကန့်သတ်မချုပ်ချယ်ပဲ၊ မြန်မာဆရာဝန်တွေနဲ့အတူ ပူးတွဲလုပ်ဆောင်နိုင်ဖို့ အား ပေးသင့်ပါတယ်။ ဆရာဝန်တွေအားလုံး မလုပ်-မရှုပ်-မပြုတ်စိတ်ထားတွေကိုဖယ်ရှားပြီး ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ တာဝန်ယူရဲတဲ့သတ္တိနဲ့ လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာသတင်းဌာနတွေနဲ့ ကျန်းမာရေးအင်တာဗျူးတွေမှာ ရဲရဲဝံ့ဝံ့ပါဝင်ဆွေးနွေးပေးဖို့လည်း လိုအပ် ပါတယ်။ 

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးပြီး စာနယ်ဇင်းလွတ်လပ်ခွင့်တွေပေးရသလိုမျိုး ကျန်းမာရေးဒီမိုက ရေစီစနစ်ကိုဖေါ်ဆောင်ရာမှာလည်း အာဏာရှင်စနစ်ရဲ့ လက်ကျန်အကျင့်စရိုက်တွေကို ဆရာဝန်အပေါင်းက စွန့်လွှတ်ပစ်ဖို့လို အပ်နေပါ ကြောင်း ဆွေးနွေးတင်ဆက်လိုက်ရပါတယ်ခင်ဗျား။

Kyaw Thu Yein - Cartoon

ဆင်သွား လမ်းဖြစ်တယ်
ကာတွန်း - ကျော်သူရိန်
မတ်လ ၃၊ ၂၀၁၃


ကာတွန်းကျော်သူရိန် ဖေ့ဘုတ်ခ်စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြပါသည်။

SATURDAY, MARCH 2, 2013

Kamarpale - Poem


ဝဋ်ကောင်
ကမာပုလဲ
မတ်လ ၃၊ ၂၀၁၃


ခေတ်က ပျက်တော့
အရပ်ပျက် ဇာတ်ပျက်နဲ့ လူပျက်တွေသာ ခေတ်စား ...။

ခေတ်က ပျက်တော့
အဲဒီ ခေတ်ပျက်ကြီးနဲ့ လိုက်လျောညီထွေ ရှိဖို့ရာ
ကိုယ်ဟန်ပြသူတွေ ခေတ်စား
ကိုယ်ခန္ဓာကို အောက်ဈေးနဲ့ ချရောင်းနေသူတွေ ခေတ်စား
ကိုယ့်နာမည် ကိုယ် ရောင်းစားသူတွေ ခေတ်စား
ကိုယ့်ရပ်တည်ချက် ကိုယ်ချရောင်းနေသူတွေ ခေတ်စား
နှလုံးသား သစ်ခေါင်းပေါက်နဲ့ လူပျက် ဦးခေါင်းတွေ ခေတ်စား
အနုပညာလိုလို ... မေတ္တာတရားလိုလို ... ကြောင်သူတော်လိုလို ...
သူရဲကောင်းလိုလို ... ခေတ်ရှေ့ပြေးသူတွေ လိုလို ... 
နိဗ္ဗာန်ကို အရောက်ပို့မယ့် ဖေါင်ကူးတို့တွေလိုလို ...။

ကျနော် မမွေးခင်ကတည်းက ပျက်စီးနေတဲ့ ခေတ်ပျက်ကြီး
အဲဒီ ခေတ်ပျက်ကြီးနဲ့ ကျနော် ကြီးပြင်းခဲ့
အဲဒီခေတ်ပျက်ကြီးကို အဆုံးသတ်ချင်ခဲ့
အဆုံးက သတ်သတ် ... အစက သတ်သတ်
ဆန္ဒက သတ်သတ် ... လက်တွေ့က သတ်သတ်
ကျောသပ်လိုက် ... နားချလိုက် ... ရွှေနားတော်သွင်းလိုက်
လူပျက်တွေက ခေတ်ပျက်ကြီးကို ဦးဆောင်နေတဲ့အခါ ...။

ခွဲမှ စိတ်မှ
အမြစ်ကနေ ဖြတ်တောက်ပစ်မှ ဖြစ်တော့မယ့် ခေတ်ကြီး
အဲဒီ ခေတ်ကြီး မပျက်သုဉ်းသေးသရွေ့ ခေတ်က ပျက်နေဦးမှာပဲ ...
ခေတ်က ပျက်တော့
အပျက် အပျက်နဲ့ ရှေ့ဆက်ရမယ့် ဘ၀ခရီးမှာ
ဘုရားသခင်ရဲ့ နောက်ဆုံးညစာ ပန်းချီကား
သက်ဝင်လှုပ်ရှား ပီပီပြင် ...။ ။

U Myo (Law)


ဖက်ဒရယ် ပြည်ထောင်စု သဘောတရားဆိုတာ ဘာလဲ
ဦးမျိုး (ဥပဒေ)
မတ်လ ၃၊ ၂၀၁၃


ဖက်ဒရယ်ဆိုတာ သဘောတူညီသည့် စာချု့ပ် လို့အဓိပ္ပါယ်ရပါတယ်။ ဖက်ဒရယ်စနစ်မှာ လက်တင်ဘာသာစကား 'foedus' မှဆင်းသက် လာပြီး သဘောတူညီမှု "covenant" လို့ အဓိပ္ပါယ် ထွက်ပါတယ်။ နှစ်ဦး နှစ်ဖက် သဘောတူညီမှုနဲ့ အပြန်အလှန် လေးစား အသိအမှတ်ပြုမှုကို အခြေခံလို့ နိုင်ငံတခုကို အတူတကွ ပူးပေါင်းတည်ဆောက်ကြတာပဲ ဖြစ်ပါတယ်။

ဖက်ဒရယ် ပြည်ထောင်စု စနစ်မှာ တဦးတဖွဲ့ချင်း အသိအမှတ်ပြုခြင်းနဲ့ ခွဲခြားလို့ မရဘဲ တစည်းတလုံးတည်း တန်းတူရည်တူ ဖြစ်မှုဟာ တပြိုင်နက်တည်း တည်ရှိနေပါတယ်။(Individual indentity and Integrity) အတူတကွ ပူးပေါင်းပါဝင် တည်ဆောက်နေကြသူအားလုံးက ငါတို့ အတူ တကွ ပူးပေါင်းနေထိုင်ကြစို့ ပါလို့ အားလုံးက မိမိတို့ရဲ့ ဆန္ဒသဘောထားကို အလိုအလျှောက် ဖော်ထုတ်ကြပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ ကောင်းမြတ်မှန်ကန်တဲ့ စိတ်ဆန္ဒ (good will) ကို အလိုအလျှောက်ကိုယ့်သဘောနဲ့ကိုယ် (voluntarily) ပါဝင်ဆောင်ရွက် သဘောတူညီကြရပါတယ်။ ဒီဥပဒေရေးရာ ၀ိညာဉ်ဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ သဘောထား (concept) ကျမှ လက်တွေ့လုပ်လို့ရပါတယ်။

ဒီစနစ်ဟာ နိုင်ငံတနိုင်ငံမှာ မတူကွဲပြားနေတဲ့ လူမျိုးများ၊ ပြည်နယ်များ၊ အုပ်စုများ က အတူတကွ စုစည်းလို့ အချုပ်အခြာအာဏာကို ခွဲဝေအုပ်ချုပ်တဲ့ အယူအဆတရပ်လည်း ဖြစ်ပါတယ်။ဖက်ဒရယ်ပြည်ထောင်စုစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ တနိုင်ငံလုံးနှင့် သက်ဆိုင်တဲ့ အဖွဲ့ဝင် ပြည်နယ်များနဲ့ ဖွဲ့စည်းထားတဲ့ ဗဟို ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရ အဖြစ်ဖွဲ့စည်းထူထောင် ထားကြပါတယ်။

သက်ဆိုင်ရာ အစိုးရ အသီးသီးတိုင်းဟာ အချုပ်အခြာအာဏာကို အားလုံးရဲ့ သဘောတူညီမှုများနဲ့ ခွဲဝေအပ်နှင်းထားတဲ့အတိုင်း အပြည့်အ၀ ကျင့်သုံးပိုင်ခွင့်ရှိပါတယ်။ အဖွဲ့ဝင် ပြည်နယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရာ မှာ ဘယ်သူကမျှ လွှမ်းမိုးမှုမရှိစေရဘဲ ဆောင်ရွက်ရမယ့်မူကို အဓိက ဖော်ဆောင်ကြရ ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ပုံသေ တသမတ်တည်းမယူဆရဘဲ၊ အချင်းချင်း အပေးအယူ၊အလျော့အတင်းများရှိကြပါတယ်။ အရေးကိစ္စရပ်တိုင်းကို ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း စဉ်းစားညှိနှိုင်း ဆွေးနွေးကြရပါတယ်။ အဖွဲ့ဝင် များရဲ့သဘောတူညီချက်နဲ့သာ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်း အုပ်ချုပ်ကြရပါတယ်။ အဖွဲ့ဝင်ပြည်နယ်များအတွင်း စုစည်းညီညွတ်မှုဟာ စစ်မှန်တဲ့ စိတ်ရင်းစေတနာနဲ့ အပြန်အလှန်လေးစား အသိအမှတ်ပြုမှုတွေကို အခြေခံရပါတယ်။

ဖယ်ဒရယ် ပြည်ထောင်စု စနစ်ဆိုတာ ကိုယ်ပိုင်အုပ်ချုပ်ခြင်း (Self-Rule) နဲ့ မျှဝေ အုပ်ချုပ်ခြင်း (Shared-Rule) တို့ပဲဖြစ်ပါတယ်။ ဒီအပေါ်မှာ ပြည်နယ်များအချင်းချင်း စိတ်တူကိုယ်တူ သဘောတူလက်ခံတဲ့ ဘုံသဘောတူညီတဲ့ စိတ်ဓါတ်တူညီမှု ရှိရေးဟာ အဓိကကျပါတယ်။ သဘောတရားညီညွတ်မှ အလုပ်ညီညွတ်ပါမယ်။ အတွေးအခေါ်ရှိရှိ လက်တွေ့ အကောင်အထည်ဖော်ဆောင်နိုင်ပါမယ်။ ဒီနေရာမှာ အမျိုးသားအသီးသီး တန်းတူညီမျှဖို့၊ စည်းလုံးညီညွတ်ဖို့ နှဲ့ အတူတကွ တိုးတက်ကြီးပွားဖို့ မူကို အခိုင်အမာ လိုက်နာရပါလိမ့်မယ်။ လူမျိုးတိုင်းရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အခွင့်အရေးကို နိုင်ငံတော်က အပြည့်အ၀ အလေးထားကာ အာမခံပေးနိုင်ရပါမယ်။

နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းရပ် တစုံလုံးကို အလုပ်အကျွေးပြုရေးအတွက် ကိုယ့်ဒူးကိုယ်ချွန် အဆင်းရဲအပင်ပန်းခံ လုံးပမ်းတဲ့စိတ်ဓါတ်ထားကာ အမျိုးသားစီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေအရ စီးပွားရေးနဲ့ ယဉ်ကျေးမှုကို မြှင့်မားလာဖို့ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို ယဉ်ကျေးမှုနဲ့ ဒီမိုကရေစီ မြင့်မြင့်မားမားရှိတဲ့ နိုင်ငံအဖြစ်ထူတောင်နိုင်ဖို့ အရေးကြီးတဲ့ နိုင်ငံရေးစနစ်တရပ်လည်း ဖြစ်တယ်ဆိုတာကို နုလုံးသွင်းကြရပါမယ်။

ဖယ်ဒရယ် ပြည်ထောင်စုစနစ်ဆိုတာ ပြည်နယ်များစုပေါင်းထားတဲ့စနစ်ဖြစ်လို့ ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုပါလီမန်၊ ပြည်ထောင်စုတ ရားရုံးတို့နဲ့ ပြည်ထောင်စု အဆင့်မှာ ဖွဲ့စည်းထားသလို ပြည်နယ်များအတွက်လဲ ပြည်နယ်အစိုးရ၊ ပြည်နယ်ပါလီမန်၊ ပြည်နယ်တရားရုံးတို့နဲ့ လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဖွဲ့စည်းထားကြတာ ဇြစ်ပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စုရဲ့ သဘောတရားကိုယ်၌က မိမိတို့ရဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ မိမိတို့ကိုယ်စား ဘုံလုပ်ငန်းအကျိုးစီးပွားကို အကောင်အထည် ဖော်ဆောင်မယ့်သူကို လွှဲအပ်လုပ်ဆောင်စေတာဖြစ်ပါတယ်။ ဒီလို နိုင်ငံရေးစနစ်တရပ်ကို ကျင့်သုံးခြင်းဟာ ပြည်သူ့အုပ်ချုပ်ရေး ဆိုတဲ့ ဒီမိုကရေစီကို ပိုမိုအားကောင်းလာစေပါတယ်။ ဒီမိုကရေစီ ရှိရှိ ပြည်ထောင်စု စစ်စစ် နိုင်ငံတော်ကို ထူထောင်နိုင်ပါမယ်။

 နိုင်ငံရဲ့ နိုင်ငံရေးစနစ်တရပ်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ချမှတ်ကျင့်သုံးရာမှာ အရေးကြီးတဲ့ အခြေခံမူ ၃ ချက်ကို လိုက်နာကျင့် သုံးကြပါတယ်။

(က) လွတ်လပ်မှု
လူတိုင်း လွတ်လွတ်လပ်လပ် ပါဝင်လာနိုင်စေဖို့ လွတ်လပ်မှုကို ကျယ်ပြန့်အောင် လုပ်ဆောင်ပေးရပါတယ်။လွတ်လပ်မှုကို ကျင့်သုံးတဲ့နေ ရာမှာလည်း တခြားသူများရဲ့ အကျိုးကို ထိခိုက်နစ်နာစေတဲ့ လုပ်ငန်းရပ်တွေ မပါစေရပါဘူး။ဒီမိုကရေစီ အခြေခံလွတ် လပ်မှုတစုံလုံးရှိရပါမယ်။

(ခ) ပူးပေါင်းပါဝင်ဆောင်ရွက်မှု
ဆန္ဒအလျှောက် ပူးပေါင်းပါဝင်တာမျိုးဖြစ်ရပါမယ်။ ဘယ်မူဝါဒကိုမဆို ချမှတ်ထားတဲ့နေရာမှာ ပူးပေါင်းပါဝင်မှု မရှိဘူးဆိုရင် ဖယ်ဒရယ်ပြည်ထောင်စု ပန်းတိုင်ကို ရောက်ဖို့ မလွယ်ကူပါဘူး။ ပူးပေါင်းပါဝင်မှုကို ဒီမိုကရေစီကျင့်သုံးရာမှာ အများဆုံး တွေ့ကြုံရမှာ ဖြစ်ပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စုကို အကောင်အထည် ဖော်ဆောင်ရာမှာ ပူးပေါင်းဆောင်ရွက်တဲ့အခါ ဒီမိုကရေစီသဘောတရား အခြေခံကို စနစ်တကျ လိုက်နာရပါတယ်။

(ဂ) ကောင်းမွန်သည့် အစိုးရတရပ်
စီမံအုပ်ချုပ်မှုကောင်းမွန်တယ်ဆိုတာ ပြည်သူလူထုရဲ့ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို တရားမျှတ နည်းလမ်းကျစွာ စီမံခန့်ခွဲတာကို ခေါ်ပါတယ်။ အဂတိတရား လုံးဝကင်းရှင်းရပါမယ်။ စစ်စစ်မှန်မှန် ကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးသာ ဖြစ်ရပါမယ်။စစ်မှန်တဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး ဖြစ်ရမယ်။ တရားမျှတတဲ့ အာဏာခွဲဝေမှု မျိုး ရှိရပါမယ်။

ဖက်ဒရယ် ပြည်ထောင်စုစနစ်နဲ့ အုပ်ချုပ်လျှင် ဗဟိုပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရတို့ဟာ အရာရာတိုင်းမှာ ဆွေးနွေးမှုနဲ့သဘော တူညီမှုအပေါ်မှာ အခြေခံရပါတယ်။ ဒီသဘောတူဆုံးဖြတ်ချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေကသာ အာမခံထားရပါတယ်။ ပြည်ထောင်စု စနစ်ဟာ စေ့စပ်ညှိနှိုင်းမှုမှာ အလွန်အရေးကြီး ပါတယ်။ ညှိနှိုင်းမှုမရှိ၊ အလျော့အတင်းမရှိလျှင် ဘယ်လိုမှ ရှေ့ဆက် လျှောက်လှမ်းနိုင် မှာမဟုတ်ပါ။ ညှိနှိုင်း အဖြေရှာလိုတဲ့ စိတ်ရင်း ဆန္ဒရှိရပါမယ်။ တဖက်နှင့် တဖက် အပြန်အလှန် လေးစား အပြန်အလှန် အသိအမှတ်ပြုရပါမယ်။ သည်းခံ စိတ်ရှည်မှု့နဲ့သာ ညှိနှိုင်း ဆောင်ရွက်ကြရပါမယ်။ ရည်မှန်းချက် ပေါက်မြောက်အောင်မြင်ဖို့ဆိုလျှင် တဖက်လူရဲ့ ဆန္ဒကိုလည်း လေးစားရမယ်။ ကိုယ့်ဆန္ဒနဲ့ ကိုယ်ချည်း လျှောက်လှမ်းလို့ မရပါ။အားလုံးသဘောတူညီမှုအပေါ် အခြေခံပြီး စိတ်ရှည်ရှည်ထား ဆောင်ရွက်သွား ရန်လိုပါတယ်။

Gaew Dee - Staire


သမဒဂျီး ဖင်လန်သွားခြင်း
ဂျော်ဒီး
မတ်လ ၃၊ ၂၀၁၃



"သတင်းထူးတွေ..သတင်းထူးတွေ  ..သမဒဂျီး ဖင်လန်သွားခြင်း...သမဒဂျီးဖင်လန်သွားခြင်း"

မိုးမခရွာရဲ့ တဦးတည်း  ဂျာနယ်လက်ပွေ့ ရောင်းသူ ဖိုးထက်  ရဲ့  ဂျာနယ်ကြော်ညာရောင်းသံ ကြောင့် မိုးမခရွာသားတွေ  အားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်..။မိုးမခရွာသား ကလေးတသိုက်ကား "သမတဂျီးဖင်လန်သွားသော" သတင်းကို  စိတ်အ၀င်စားဆုံးသူများပင်..။နွေကျောင်းပိတ်ရက်မို့  ရွာထိပ်ညောင်ပင်ကြီးအောက်တွင်  ကစားနေရင်းမှ သူတို့ အချင်းချင်းလဲ  ဆက်လက် လက်ဆင့်ကမ်း ဆော်သြကြဧ။်..။

"ဟေ့ရောင်ဒွေ .. သမဒဂျီး ဖင်လန်သွားလို့တဲ့..တွ။လာ..တွားကြည့်ကြစို့ "

စက်ဘီးတာယာခွေ  အဟောင်းကြီးကို တုတ်တချောင်းနှင့်  ခွေလှိမ့်နေသော..မောင်ရစ်  က  ခွေလှိမ့်မပျက်

"သမတဂျီး ဖင်လန်သွားတာများ  သတင်းလုပ်လို့တွာ"  ဟု  ညစ်တစ်တစ် ပြောလိုက်သည်..။

နံမယ် နဲ့ လိုက်အောင်  မနက်အစောကြီး ထထငိုတတ်သော  စောငို  ကတော့ ...မျက်လုံးထောင့်က မျက်ဝတ်များကို  ကို  လက်ခုံနှင့်  ပွတ်ဆွဲသုတ်လိုက်ရင်း  သမတဂျီးကို   စာနာရှာသည်..။

"သမဒဂျီးတော့  ရှက်ရှာမယ် နော်.."

လေးခွတလက်နဲ့  ဟိုပစ်သည်ပစ် လုပ်နေသော  သာဂိ က

"မင်းတို့ ဘာတိရို့ ရဲ...။သမတဂျီး တို့ က  အရှက်မရှိဘူးတဲ့ ..တွ။ဟိုေ န့က   အဖေတို့ စကားဝိုင်းမှာ ပြောနေတာကြားခဲ့ တယ်.."

ဆော့လွန်းသဖြင့်  ခဏခဏ လဲ တတ်သော  ကမာပုလဲ ကလည်း   အားကျမခံ ၀င်ရောက်ဆွေးနွေးဧ။်။

"အေးလေ...အရှက်မရှိလို့  အစိုးရလုပ်တာ ..ဆိုလား..။ဘကြီး စွမ်း တို့ပြောနေတာ..ငါလဲကြားခဲ့ တယ်"

အုန်းမှုတ်ခွက်ကို  ကားလုပ်ပြီး တွန်းလိုက် ဆွဲလိုက်ဖြင့် အလုပ်ရှုပ်နေသော  ကားတွန်းဆရာ လုပ်တမ်းကစားနေသော  ကူမိုးကြိုး  ကားနှာခေါင်းတွင်းမှ  တန်းလန်းထွက်ကျနေသော နှာရည်များကို  လက်မအားသဖြင့်   မသုတ်အားပဲ ..အသက်ပြင်းပြင်းရှုကာ မူရင်းဌာနေ နှာခေါင်းတွင်းသို့ သာ.ရှူးခနဲ 

ပြန်ရှုံ့ သွင်းရင်း..သမတဂျီးအပေါ် သူ့ အမြင်ကို  ၀င်ရောက်ဆွေးနွေးလိုက်ချေသေးဧ။်..။

 "ဘာပဲ ပြောပြော  သမတဂျီး ဖင်လန်သွားရင် တော့ အပေါ်ပြောင် အောက်ပြောင်  တော်တော်ကြည့်ကောင်းဦးမယ်..ခိခိ."

မိုးမခရွာသား  ကလေးတို့ ကား  သမတဂျီးဖင်လန်သွားခြင်း ကို  အမျိုးမျိုး စိတ်ကူးပုံဖော်ကြည့်ရင်း ဂျာနယ်အရောင်းသမားကြီး  ဖိုးထက်   လက်ထဲမှ  ဂျာနယ်ကို အလွန်အမင်း ဖတ်ချင်လာကြသည်..။

"ဦးကြီး ဖိုးထက် ..သမတဂျီးဖင်လန်သွားတဲ့ ပုံလေးကြည့် ချင်လို့.."

ဂျာနယ်ရောင်းသမားကြီး ဖိုးထက် ကား  ..ကလေးတသိုက်တွင်  ဂျာနယ်ဝယ်ရန် ဖွတ်ကလိဒင်္ဂါး မရှိမှန်းသိသဖြင့် 

အရေးမစိုက်..။စောင်းငဲ့ မျှပင်  မကြည့် ..။အော်မြဲတိုင်း အော်ကာ..ဂျာနယ်ဝယ်ဖတ်နိုင်မည့်  ရွာလည်ကာလသားများဆီသို့   ဦးတည်လေသည်..။အရာရာ ရန်လို တတ်သော  ရန်လိုကျွဲကား  လက်ထဲမှ  ကလေးကစားစရာ   သစ်သားဓါးကြီးကို  ကျစ်ကျစ်ပါအောင် ကိုင်ရင်းဓါးကြိမ်း

ကြိမ်း  လိုက်ဧ။်..။

"သမတဂျီးဖင်လန် သွားတာညားဂျာ..။မကြည့်ရ..ဘာအရေးရဲ..။ဖင်လန်သွားတယ်ဆိုတာ ရှက်စရာကြီးဗျ..။အနော် တို့   ကရေးတွေတောင်  တိဒ.ယ်...."

မိုးမခရွာဧ။် အနာဂတ် ကလေးများထဲတွင်  အမျိုးသမီးအခွင့် အရေးကို  ကာကွယ်သောအားဖြင့် ယောက်ျားလေးများ ကစားသော  ထွေခင်းခြင်း၊ခေါင်းပုံပစ်ခြင်း၊လောက်လေးတလက်ဖြင့်  ငှက်ပစ်ခြင်း၊၊ဘောလုံးကန်ခြင်း၊သိုင်းချ ခြင်း ကစားနည်းမှန်သမျှကိုအညံ့ မခံ ၀င်ရောက် ဆင်နွဲနေသော..မျက်နှာကြောင်ချီးရုပ်နှင့် ဂျော်ဒီး က...နားသံသီးကလေး တခါခါ.. ထမီတိုတိုကို စွန်တောင်ဆွဲကာ

"နင်တို့ဘာသိလို့လဲ ..။သမတဂျီး ဖင်လန်သွားတဲ့ အကြောင်းရင်းကို..။ငါပြောပြမယ်"  ဟု  မိန်းကလေးပီပီ  လျှာရှည်လိုက်သည်..။

ဂျာနယ် လက်ပွေ့ ရောင်းသမားကြီးကား  သူ့ ဂျာနယ် ရောင်းစွံစေရန်လူစိတ်ဝင်စားမည့်  သတင်းခေါင်းစဉ်များကို သာရွေးအော်နေလေသည်..။

"သမတဂျီးဖင်လန်သွားခြင်.း...။.ပြည်ပရောက်မြန်မာ များက    ရွှေပန်းများဖြင့်  ကြိုဆိုခြင်း"

"သမတဂျီး ဖင်လန်သွားခြင်း..။...ပြည်သူ့ လွှတ်တော်နှိုက်   ကာကွယ်ရေးအသုံးစရိတ်များ ကို  သုံးမြဲတိုင်း  ဗုံးဗောလအော  ဆက် လက်သုံးစွဲ စေရန်   ၂၀၀၈အခြေခံဥပဒေဧ။် စောင့် ရှောက်မှုဖြင့် မဲအပြတ်အသတ်အနိုင်ရကာ  ခွင့် ပြုလိုက်ခြင်း။ထို့ ကြောင့် တိုင်း သူပြည်သားများ ငတ်ပြတ်ဆင်းရဲမွဲတေနေစေကာမူ...အာဏာရှင်ကြီးများဧ။် လုံခြုံရေးအတွက်..ကျည်ဆန်ကာ ကားများကို  အထူးဦးစားပေးတင်သွင်းနိုင်ရန်...လယ်သမားများမှ ထမင်းတနပ်လျှော့ စားပြီး..ဆင်းရဲသားပြည်သူများကား ထမင်းလုံးဝမစားပဲ နေသင့်ကြောင်း..ပြည်ထောင်စု ၀န်ကြီး   ဦးဖွတ်လျှော်မှ ပြောကြားလိုက်ခြင်း"

"သမတဂျီးဖင်လန်သွားခြင်း....။  မအူပင် မြို့ နယ် မလက်တိုကျေးရွာနှိုက်..မတရားလယ်သိမ်းခံ လယ်သမားများအား  ခရိုနီလက်ပါးစေ အုပ်ချုပ်ရေး အရာရှိများ မှ  ၁၄၄အမိန့် ထုပ်ပြန်ကာ ခရိုနီကူညီပါရစေ ရဲများက  သေနတ်ဖြင့် ပစ် ..။နံပါတ်တုတ်များဖြင့့် ရိုက်နှက်ခြင်းကြောင့်   အဓိကရုဏ်းများ ဖြစ်ပွါးခြင်း"

"သမတဂျီး ဖင်လန်သွားခြင်း..။ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံများ  နွေရာသီရောက်ရွေ့  ရေခမ်းခြောက်ပြီး

လျှပ်စစ်ဓါတ်အား အပြည့် အ၀ ထုတ်မပေးနိုင်ခြင်းကြောင့်  တိုင်းသူပြည်သားများအား လျှပ်စစ်ဓါတ်အားလျှော့

သုံးစေပြီး   ထိုင်းနှင့်  တရုတ်နိုင်ငံသို့  လျှပ်စစ်စွမ်းအားများ ဖောဖောသီသီ ထုတ်ရောင်းစားနေခြင်း"

"သမတဂျီး ဖင်လန်သွားခြင်း...။တိုင်းပြည်သူ ပြည်သားများမှာ  လျှပ်စစ်မီး မလုံလောက်သဖြင့်   သမတအကြံပေးဧ။် အကြံပေးချက် အရ   ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီး ထွန်းငြိလမ်းလျှောက်ခြင်းကို  ပုဒ်မ(၁၈)ဖြင့်  မတရား  စွဲဆို  အရေးယူခံရခြင်း"

"သမတဂျီး  ဖင်လန်သွားခြင်း...။သမတဂျီးဧ။်   အီးဂါးဗားမန့်  လုပ်ငန်းစဉ်များတွင်  အီး လျှပ်စစ်မီးမလုံလောက်သဖြင့်   အီးအင်တာ နက်လိုင်းများ  မသုံးနိုင်သောကြောင့်   အီးမေးလ်များ ကြန့် ကြာကာ လက်ပံတောင်းတောင် အရေး စုံစမ်းစစ်ဆေးမှု များ   တောင်များ အကုန်ပြောင်သည့် တိုင်  စောင့် နေသလောဟု  ထင်မြင်လောက်အောင်..ထွက်မလာနိုင်သေးပဲ  နှောင့် နှေး နေရခြင်း....။"

"သမတဂျီး ဖင်လန် သွားခြင်း....။တိုင်းသူပြည်သားများ  မသိပဲ မသုံးရပဲ  ယူထားသော  နိုင်ငံတကာ ကြွေးမြီများ..ယခုမှ  ဗူးပေါ်သလို  ပေါ်လာခြင်း..။  သမတဂျီးမှ  တိုင်းပြည့် ဂုဏ်ဆောင်ကာ နိုင်ငံတကာသို့  လှည့် လည် .ပြီး..အကြွေးများ လျှော်ပေးကြပါခင်ညာဟု..သူတောင်းစားပမာအောင်မြင်စွာ  တောင်းပန်နိုင်ခြင်း"

မိုးမခရွာ ကလေးများကား...ဂျာနယ်လက်ပွေ့ သမားကြီးဧ။် သတင်းခေါင်းစဉ်များကို  နားထောင်ရင်း နားရှုပ်လာကာ.. "သတင်းကလည်း  သမတဂျီး ဖင်လန်သွားတာနဲ့ ချည်း စနေတာပဲ.."ဟု ပြောလေရာ ..ဆရာလုပ်ရန်အကွက်ကောင်း စောင့် နေသော  ဂျော်ဒီးအတွက် အကွက်ကောင်းဆိုက်သွားလေသည်..။

"အဲဒါ  သမတဂျီး ဖင်လန်သွားရတဲ့ အကြောင်းရင်းတွေဟဲ့ ..။ဗဟုသုတကို မရှိဘူး...။နင်တို့..ဟိုပုံပြင်လေး မကြားဖူးဘူးလား.." 

"ဘာပုံပြင်လဲ..ဂျော်ဒီး.."

" အဟမ်းးးတခါတုံးက တဲ့   လူတယောက်ဟာ  ညဖက်ကြီးမှာ  အရေးတကြီးကိစ္စရှိလို့  ခရီးတခုသွား ရ သတဲ့..။လမ်းတ၀က် ရောက်တော့ ဗိုက်ထဲက  ရစ်နာလာပြီး  အခင်းကြီး သွားချင်လာသတဲ့.."

"အခင်းကြီးဆိုတာ ဘာရဲဟင်"

"ဗိုက်ထဲက  ရစ်နာပါတယ်..ဆိုမှ အခင်းကြီးဆိုတာ  အီးအီးပါတာ..ကွ့။ အမလေး ..မောင်ရစ်ရယ်...နံမယ်မှာ ရစ်..ပါပြီး  ဒါလေးတောင် မတိဘူးရားတွ"

"အဲဒါနဲ့   ညကလဲ မှောင်မှောင် ဆိုတော့   လမ်းနံဘေးမှာပဲ...အခင်းကြီး..သွားရတာပေါ့ ။အဲလိုတုံးမှာ  ကားတစီးက  မီးတွေထိုးပြီး  မောင်းလာသတဲ့..။အခင်းကြီးသွားနေတဲ့  ခရီးသည်လဲ  ရုတ်တရက် ဘာလုပ်ရမှန်းမသိတော့   ၀တ်ထားတဲ့ ပုဆိုးစကို  ဆွဲပြီးခေါင်းမြီးခြုံထားလိုက်သတဲ့..။ကားမီးရောင် ဖွေးဖွေးအောက်မှာ  ခရီးသည်ကိုအခင်းသွားရင်း တန်းလန်းကြီး တွေ့ တော့ ..ကားဆရာက  လှမ်းပြောသတဲ့.."

"ဟိ..ဟိ.."

"ဟေ့ လူ...ကားမီးရောင်အောက်မှာ..ဖင်ကြီး အလန်သားနဲ့   မရှက်ဖူးလားကွ..လို့ဆိုလိုက်တော့.."

"ခိ..ခိ..ခိ"

"အခင်းကြီးသွားနေတဲ့ ခရီးသည်က  ရှက်ရမှာ သည်မျက်နှာကွ..။သည်ဖင်က မဟုတ်ဖူး"  လို့ ပြန်ပြောလိုက်သတဲ့.."

"ဂျော်ဒီး ငရွှီး..ဒီပုံပြင်နဲ့  သမတဂျီး ဖင်လန်သွားခြင်း  ဆိုတာနဲ့   ဘာဆိုင်လို့လဲကွ.."လို့ ပုံပြင်အဆုံးမှာ  ကလေးများက ၀ိုင်းအော်လေသည်..။ဂျော်ဒီးကား  ပိတ်သတ်ကြီး ဧ။် အားပေးမှုကို မရရှာသဖြင့်  မျက်နှာကလေး ငယ်ကာ..

"သိဘူးလေ..။တို့ သမတဂျီးလဲ..လူတောထဲမှာ  မီးထိုးခံနေရတုံး ရှက်စရာ အခင်းကြီးတွေ နဲ့ တွေ့ လို့  ..ရှက်ရမှာက သည်ဖင် မဟုတ်ဘူး ..ဆိုပြီး  ဖင်လန်သွားတာများလားလို့ပါ.."

သရုပ်ဖော်ကာတွန်း - စောငို

Best Friends 6 years Event


မဲဆောက်၊ မိတ်ဆွေကောင်းစာကြည့်တိုက် ၆ နှစ်ပြည့် အခမ်းအနားကျင်းပ
မိုးမခဓာတ်ပုံသတင်း၊ မတ် ၃၊ ၂၀၁၃
မတ် ၃ ရက်နေ့က မဲဆောက်မြို ရှိမိတ်ဆွေကောင်းစာကြည့်တိုက်၌ "ဆရာတော်ဦးဣသရိယ သို့မဟုတ် အမှောင်ခွင်း၍အလင်းဆောင်နေသူ" စာအုပ်မိတ်ဆက်ပွဲနှင့် မိတ်ဆွေကောင်း စာကြည့်တိုက် (၆) နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့ရာ၊ မဲဆောက်မြို့ ရှိမြန်မာ ရွေ့ပြောင်းအလုပ်သမားများ၊ ကျောင်းသား ကျောင်းသူများ၊ စာပေမိတ်ဆွေများ၊ တကာတကာမများ အပါအဝင် ဧည့်ပရိသတ် စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ကြောင်း သတင်းရရှိပါသည်။ အဆိုစာအုပ်ကို စာရေးဆရာ သန်းဝင်းလှိုင်က ရေးသားပေးခဲ့ပါသည်။

Saung Luu - Poem


ဒီကနေ့ ကဗျာ
ဆောင်းလူ
မတ်လ ၃၊ ၂၀၁၃


ဒီကနေ့ ....
ဗင်ဂိုးရဲ့ နွေဦးကဗျာကို ဖတ်မိတယ်
နောက် ...
နော်ခမ်းနဲ့ အပေါင်းအပါတွေ ဘ၀ကူးတယ် ...

စိတ် .....
မလက်တိုကို ရောက်သွားလိုက် ...
ကြေးနီတောင်ကို ရောက်သွားလိုက် ....

မျက်လုံးထဲ ....
ကျောက်စိမ်းတွေလား ....
ကချင်မလေးတွေလား ....
နန်းတော်ကြီး မီးပုံးကြီးနဲ့ နှစ်သစ်အကူး ...
ကျုံးထိပ်မှာ နဂါးကြီး စောင့်ကြောင့်ထိုင်လို့ ...

မနေ့ကလား ...
တနေ့ကလား ....
ပြည်သူတွေကို ချစ်ရင်း ...
ပြည်သူတွေကို ချစ်ရင်း ...
ကမ္ဘာလှည့်တောင်းရမ်းသူကြီး ...
အပြုံးကြီးက ခပ်ကြီးကြီး....။

ခုတလော
ခြေရှုပ်တဲ့ ရန်ကုန်ဟာ
သံခင်း တမန်ခင်းအတွက်
ငြိမ်းချမ်းနေသတဲ့ ...
........
........
အာမင် ...

88 Generation Student Leader - Ko Htay Kywe to meet with Burmese community from New York City


၈၈ မျိုးဆက် ကိုဌေးကြွယ် နယူးယောက်မြန်မာကွန်မြူနီတီနှင့် မတ် ၂၂ မှာ တွေ့ဆုံမည်
မိုးမခရွာဆော်ကြီး၊ မတ် ၃၊ ၂၀၁၃
မတ်လတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်မည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်အား အမေရိကန်ပြည်ထောင်စုရှိ မြန်မာမိသားစုများက ကြိုဆိုတွေ့ဆုံကြရန် စီစဉ်လျက်ရှိရာ နယူးယောက်မြန်မာကွန်မြူနီတီက မတ်လ ၂၂ ရက်နေ့တွင် မြန်မာတိုင်းရင်းသားမိသားစုများနှင့် တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပမည်ဖြစ်ကြောင်း အသိပေး ဖိတ်ကြားလိုက်သည်ကို တွေ့ရသည်။
            ဖိတ်ကြားစာမှာ အောက်ပါအတိုင်းဖြစ်သည်။

"ရင်းနှီးစွာ အသိပေးဖိတ်ခေါ်ခြင်း"                       
နေစ­ွဲ  - ဖေဖော်ဝါရီလ ၂၈ ၂၀၁၃
                        မြန်မာနိုင်ငံမှ ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဌေးကြွယ်ဟာ မတ်လ ၂၂ ရက်နေမှာ နယူးယောက်မြို့ကိုရောက်ရှိလာ၍ နယူးယောက်မြိုမှ မြန်မာတိုင်းရင်းသား မိသားစုများနဲ  ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးမည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူတိုင်းအောက်ပါအစီအစဉ်တိုင်း  ကြွရောက်ပါရန် လေးစားစွာဖြဋ် ဖိတ်ခေါ်အပ်ပါသည်

နေ့ရက် _ မတ်လ ၂၂ ရက် (သောကြာနေ)
အချိန် _  ညနေ ၆ နာရီ မှ ၈  နာရီ
နေရာ _ 39, Eldridge Street, 4th floor, Manhattan.

 (လက်ရှိ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏အခြေအနေအရပ်ရပ်တို့နဲ့ ပါတ်သက်၍ သိချင်သည့် အချက်အလက်များကို လွတ်လပ်စွာ ဆွေးနွေးမေးမြန်းနိုင်ပါသည်)

 "နယူးယောက် မြန်မာကွန်မြူနီတီအင်အားစုများအဖွဲ"
 ဆက်သွယ်ရန် 
နေတင်မြင့် (347-944-7341)

Dee Doe - Articles


မြေလွတ် မြေရိုင်းတဲ့လား
ဒီးဒိုး
မတ်လ ၃၊ ၂၀၁၃


တနေ့ က ရွာက သူငယ်ချင်းဆီဖုန်းဆက်ပြီး သာကြောင်းမာကြောင်းလေး မေးခဲ့ပါတယ်။

ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြပြီးတော့ လက်ရှိ အကြောင်းလေးကို စကားစမြည် ပြောကြရင်းက ရွာမှာ လက်ရှိဖြစ်နေတဲ့ အကြောင်းလေး တစ်ခုကို သိခဲ့ရတယ်။

စစ်တပ် က ဗိုလ်မှူးတယောက် က ရွာကိုလာပြီး ပြောတယ်တဲ့ ကေအိုင်အေ ကို ရွာထဲ အလာမခံ နဲ့ ဆိုတဲ့ အကြောင်းနဲ့ တကယ်လို့ ရွာအနီးနားတ၀ိုက်မှာ ကေအိုင်အေ ကို တွေ့တယ် ဆိုရင် ဒီရွာကို နိုင်ငံတော်ပိုင် မြေလွတ်၊မြေရိုင်းပေါ် မှာ တည်ဆောက်ထားတဲ့ ရွာဆိုပြီး ရွာကိုပြောင်းပလိုက်မယ် ဆိုဘဲ။

တောင်ပေါ်သား တွေမှာ တော့ ဗိုလ်မှူး အဆင့်မပြောနဲ့ တပ်ကြပ်လောက်ကိုတောင် တော်တော်သိ တော်တော်တတ် လို့ ထင်ကြတာ။

ကျွန်တော်လည်း ဟိုအရင်က အဲလိုဘဲ ထင်တာပါ။ ခုတော့ ၀န်ကြီး အဆင့်တောင် စဉ်းစား ဆင်ခြင် ညဏ် မရှိသော၊ ပရမ်းပတာ စကားပြော ခြိမ်းခြောက်တတ်သော၊အမိန့် ကို ဝေဖန်မပိုင်းခြားနိုင်သော စစ်သား လို့ဘဲ မှတ်တော့တယ်။အဲလိုပြောလို့ စစ်သား အားလုံးကို ဆိုလိုခြင်းမဟုတ်ပါ။

ဒါနဲ့ သူငယ်ချင်း မိန်းမ ကတော့ တငိုငို တရီရီနဲ့ပေါ့။

ငါတို့က ကချင်ဖြစ်လို့ ဒီလို မတရား အနိုင်ကျင့် ခံရတာ...ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။

ကျွန်တော်လည်း ဘုရားသခင်ဆီမှာ ဆုတောင်းပြီး နေရအောင် ဘုရားသခင်သာ အားလုံးကို တတ်နိုင်တယ် အားပေးနှစ်သိမ့်ပေးခဲ့မိတယ်။

တကယ်တော့ စစ်အာဏာရှင် လက်အောက်နဲ့ ခုအရောင်ပြောင်း အစိုးရ လက်ထက်မှာ နဂို ဗီစ အာဏာပြမယ်၊ခြိမ်းခြောက်မယ်၊

ဥပဒေအရ လို့ ပြောမယ်၊ အမိန့်အရလို့ ပြောပြီး မသိနားမလည် သူကော သိနားလည် သူကိုပါမတရားလုပ်တာဟာ အမြစ်စွဲနေဆဲပါ။

အဲဒီ ရက်စက်ကြမ်းကြုတ်မှု အောက်မှာ ကချင်တမျိုးတည်း ခံနေရတာ မဟုတ် ဘူးလို့ ကျွန်တော့် သူငယ်ချင်း မိသားစုကို သိစေချင်လိုက်တာ။

သူတို့မှာလဲ တနေ့နေ့ ၀မ်းစားရှာနဲ့ အသက်မသေဖို့ ရုန်းကန်နေရတော့ ဘယ်မှာ ဘာဖြစ် မသိရှာကြဘူး။

ဘယ်သိနိုင်ပါ့မလဲ သူတို့မှာ အဲဒီအကြောင်း ကို စိတ်ဝင်စားဖို့ အချိန်လဲ ရှိရှာမယ် မထင်ပါဘူး။

တကယ် တော့ ဒီအာဏာရှင် စနစ် အောက်မှာ တိုင်းရင်းသား အားလုံး၊ဘာသာကြီး အားလုံးဟာ နှိပ်စက်မှု အမျိုးမျိုးကို အနည်းအများ ခံစားကြရတာပါ။

ကချင်လူမျိုးမှ မဟုတ်ပါဘူး ဗမာလူမျိုးနဲ့ ဗုဒ္ဒဘာသာ လည်း ခွဲခြား ဆက်ဆံခြင်းအောက် ခံနေကြရတာပါဘဲ။

ဗမာလူမျိုး ဘုန်းတော်ကြီးတွေတောင် သူတို့ ထိရင် မလွယ်အောင် ရက်ရက်စက်စက် ဆက်ဆံ ခဲ့ကြတာပါဘဲ။

ဘယ်လို ကမ္ဘာကျော် တက္ကသိုလ် ကျောင်းတော်ကြီးက ဘွဲ့တွေရပြီး ဗိုလ်မှူး အဆင့်တာဝန်ကို ထမ်းဆောင်တာလဲတော့ မသိဘူး

ဘယ်အရာကို ဘယ်လိုခေါ်ဝေါ် သမုတ်တယ် ဆိုတာတောင်မသိရှာဘူး။

မြန်မာနိုင်ငံ မှာနေ ကချင်ပြည်နယ်မှာ တာဝန်ကျပေမယ့် ကချင်လူမျိုးတွေရဲ့ထုံးတမ်း စဉ်လာကို လားလားမျှမသိတဲ့ အရိုင်းအစိုင်းတွေ နယ်တွေမှာ လာစုနေတာတော့ အမှန်ပါဘဲ။

ဘယ်ပညာတတ်၊ယဉ်ကျေးနားလည်တဲ့ တဦးတယောက်မှာ နယ်ကို မရောက်တာ ဟိုးအရင် ကတည်းက အစိုးရ ၀န်ထမ်းလောကမှာ ရှိပြီးသား။

မြန်ပြည်မြို့တော်တွေမှာ အကျင့်ပျက်၊ကလန်ကဆန် လုပ်တဲ့ ၀န်ထမ်းဆို အလုပ်က မထုတ်ဘဲ နယ်ပို့ လုပ်တာ လုပ်ရိုးလုပ်စဉ်ဘဲမဟုတ်လား။

မြေလွတ်ဆိုတာ လူတွေ မနေထိုင်တဲ့ နေရာ ကို မြေလွတ်လို့ ခေါ်တယ်။

မြေရိုင်းဆိုတာ စိုက်ပျိုးထား ခြင်း မရှိတဲ့ မြေကို မြေရိုင်းလို့ ခေါ်ပါရဲ့။

ကချင်လူမျိုးတွေက ရွာတည်ပြီးနေထိုင်ကြတယ် ဆိုမှတော့ မြေလွတ်လို့ခေါ်မလား။

ကချင်လူမျိုးတွေ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကို မြေရိုင်းလို့ခေါ်မလား။

မနေ့တနေ့ ကမှ ထုတ်ပြန်တဲ့ ဥပဒေအရ ဂရမ် မရှိလို့၊ပုံစံ ၁၅ မရှိလို့ အဲဒီ နေရာတွေကို မြေလွတ်မြေရိုင်းလို့ ခေါ်သလား။

အဲဒီမြေမှာ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ အစဉ်အဆင် ခေါင်းချခဲ့တဲ့ နေရာပါ။

ဂရမ်တို့ ပုံစံ ၁၅ တို့ ဆိုတာ ဘယ်နေမှန်း မသိတဲ့ အချိန်က စလို့ အဲဒီမြေပေါ်မှာ ကျွန်တော်တို့ နေထိုင်ခဲ့ကြတာပါ။

နည်းနည်းတော့ စဉ်းစားဖို့ ကောင်းပါတယ်။ ဂရမ်တို့၊ပုံစံ ၁၅ လား ဘာလား နိုင်ငံတော်က ထုတ်ပြန်တယ် ဆိုရင်လည်း တနိုင်ငံလုံးမှာ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်ခဲ့ကြတာတွေကို သတ်မှတ်ချက် တွေ ထုတ်ပေးပါလား။

ခုတော့ စိတ်မထင်တာနဲ့ ဥပဒေနဲ့ ကိုင်ပေါက်၊ အထက် အမိန့် နဲ့ လုပ်ချင်တိုင်းလုပ်ကြမလို့လား။

ဂရမ်တို့ ပုံစံ တို့ မရှိရင် မြေလွတ်၊မြေရိုင်း ဖြစ်နေတယ် ဆိုရင်တော့ တော်တော် အံ့သြစရာပါဘဲ။

တောင်ပေါ်ဒေသမှာတော့ ရှင်းပါတယ်..။ဒီမြေ၊ဒီလယ် ကို ဘယ်သူ ပိုင်တယ် ဆိုတာကို ဘေး မျိုးဆက်လောက်က စပြီး ဒီမြေ၊ဒီလယ် အကြောင်းပြောပြကြရတယ်။ နောက်ပိုပြီးခိုင်လုံအောင် ဒီမြေရဲ့ ဘယ်နားမှာတော့ ဖြစ် ငါတို့ ဘေးက ဘာအပင် စိုက်ထားတယ်။ဘယ်နားမှာတော့ ဘာကျောက်တုံး မြုပ်ထားတယ်၊ ဘယ်အပင်ကြီးကို ဘယ်နေရာလောက်မှာ ဘယ်နှချက်ခုတ်ထားတယ် စသည်ဖြစ်ပြောပြရတယ်။အားလုံးမှန်တယ် ဆိုရင် ဒီမြေကို သူပိုင်တာပါဘဲ။ ဘယ်သူမှ လိုချင်တပ်မက်ပြီး ဖင်ပိတ်ငြင်းပြီးတော့ ငါဟာလို့ အော်မနေပါဘူး။

ဒီလိုပါဘဲ လူမနေတဲ့ ကချင်တောင်ပေါ်တွေမှာတောင် လူရောက်ခဲ့တဲ့ဆိုတဲ့ အကြောင်း မြေရိုင်းမဟုတ်တဲ့ အကြောင်း သစ်ပင်တွေက ပြောပြနိုင်တယ်။ဥပမာ သစ်ပင်မှာ လူတွေ စိုက်မှ ပေါက်တဲ့ အပင်ဆိုတာရှိတယ်။တောထဲမှာ သူအလိုလို ပေါက်တဲ့ အပင်ဆိုတာ က သပ်သပ်ပေါ့။တောထဲမှာ တွေ့တိုင်း သူဟာသူပေါက်နေတာ နိုင်ငံတော်ပိုင်တယ် ဆိုရင် မှားနေအုန်းမှာပါ။

ဘိုး၊ဘေးတွေ တောလိုက်ထွက်တဲ့ အခါ တိုင်း ရောက်တဲ့နေရာမှာ အမှတ်အသားတခု ခု ထားခဲ့ရှိတယ်။

အဲလို အမှတ်အသား ကို တခြားတယောက်ယောက် ကတွေ့လို့ ကတော့ ဒီနေရာမှာ ပိုင်တဲ့ သူေ၇ာက်ခဲ့တဲ့သူရှိပြီဆိုပြီးတော့ အဲဒီနေရာမှာ ဘယ်တော့မှ ပိုင်စိုး ပိုင်နှင်း မလုပ်တာ ကချင်တွေရဲ့ ရိုးရာပါ။

ကျွန်တော်တို့ က ပြည်ထောင်စုလို့ ခေါ်တဲ့ မြန်မာနိုင်ငံတွင်းမှာနေတာဖြစ်တယ်။

မြန်မာနိုင်ငံအတွင်း မှာနေလို့ မြန်မာနိုင်ငံ ဥပဒေကို လေးစားလိုက်နာရမှာလည်း ဖြစ်တယ်။

အဲဒီ ဥပဒေကို လည်း တနိုင်ငံလုံး စိုးမိုးအောင်နဲ့ စာ၇ွက်စာတမ်းတွေကို လည်း ရအောင် ထုတ်ပေးစေလိုပါတယ်။

ဥပဒေဆိုတာ ကြီးက ပြည်သူလူထုကို ဘာဆို ဘာမှ မလုပ်ပေးနိုင်ပေမယ့် မသိနားမလည် တဲ့ သူတွေကို ထိခိုက်နှစ်နာအောင် လုပ်တဲ့ ဥပဒေ မဖြစ်သင့်ဘူး။

သိနားလည်တဲ့ သူတွေကိုလည်း နားလှည့် ပါးရိုက် မလုပ်သင့်ပါဘူး။

မြန်မာနိုင်ငံမှာ တနိုင်ငံလုံးက မြေလွတ်မြေရိုင်းရှိမယ် မထင်ပါဘူး။

အဲဒီ မြေတွေကို ဥပဒေအရ ပိုင်ဆိုင်ကြောင်းတွေ ထုတ်ပေးနိုင်အောင် ကြိုးစားပြီး သတ်မှတ်တဲ့ အခွန်ကောက်ပေါ့။

ကိုယ် လိုအပ်တဲ့ အချိန်မှ အကြောင်းအမျိုးမျိုးပြ ဇွတ် သိမ်းယူတာမျိုး လုံးဝမဖြစ်သင့်ပါဘူး။

ကိုယ်မလုပ်နိုင်ရင် လုပ်နိုင်တဲ့ သူ ကိုယ့်နိုင်ငံသားတွေလုပ်ပါစေပေါ့။

တကယ်တော့ ဒီမြေ ဒီရေတွေဟာ  ကိုယ်ပိုင်တခုမှ မဟုတ်ပါဘူး။

မြန်မာနိုင်ငံရဲ့ အနာဂတ် လူငယ်တွေရဲ့ အရင်းအမြစ်ဘဲဖြစ်တယ်။

ကိုယ်သားသမီး တွေကို ချစ်တယ် ဆိုရင် ဒီမြေ၊ဒီရေကို ချစ်ရမှာပါ။

ဒီမြေဒီရေတွေ ကို ဥပဒေ အတွင်းကနေ တိုင်းတပါးသားတွေ မပိုင်ဆိုင်သွားအောင် တန်ဖိုးထားကြရမှာပါ။

ဒါမှမဟုတ်ရင်တော့ ကျွန်တော်တို့ လူမျိုးတွေ အားလုံး မြေလွတ် မြေရိုင်းတွေပေါ်မှာဘဲ အိမ်ယာ တည်နေကြရအုန်းမှာပါ။

ဘယ်အချိန်မှာ ဘယ်လူမျိုးတွေက ဒီမြေကို ငါတို့ဝယ်ထားပြီးပြီ မင်းတို့ နေရာရွေ့ကြ ဆိုတဲ့ အချိန်ရောက်လာအုန်းမှာလား..။

မင်းတို့ တည်တဲ့နေရာတွေက မြေလွတ် မြေရိုင်းပေါ်မှာ လို့ ဆိုမယ့် သူရှိလာအုန်းမှာလား။

သရုပ်ဖော်ပန်းချီအား ဤနေရာမှ ကူးယူဖော်ပြပါသည်။

Saw Ngo - Norway & Thein Sein


ကာတွန်းစောငို - နော်ဝေမှာ ဦးသိန်းစိန်အတွက် သာတဲ့လ …
မတ် ၃၊ ၂၀၁၃


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives