[moemakadaily@moemaka.biz] 5th MAR - MoeMaKa Daily


ဝါရှင်တန်ဒီစီမက်ထရို မြန်မာကွန်မြူနီတီ မတ် ၁၆၊ တံတားနီနှစ်လည်အခမ်းအနားနဲ့ ၈၈မျိုးဆက် ကိုဌေးကြွယ်နှင့် တွေ့ဆုံပွဲ ဖိတ်ကြား
မိုးမခရွာဆော်ကြီး၊ မတ် ၅၊ ၂၀၁၃
မတ်လတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်မည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်အား အမေရိကန်ပြည်ထောင်စုရှိ မြန်မာမိသားစုများက ကြိုဆိုတွေ့ဆုံကြရန် စီစဉ်လျက်ရှိရာ ၀ါရှင်တန်ဒီစီမက်ထရိုဒေသရှိ မြန်မာကွန်မြူနီတီနှင့် မိသားစုများက မတ်လ ၁၆ ရက်နေ့တွင် တွေ့ဆုံကြရန်ဖိတ်ကြားထားသည်ကို တွေ့ရသည်။
မတ်လ ၁၆၊ စနေနေ့ မနက်ခင်း၊ ၆နာရီခွဲမှ ၉ နာရီခွဲအထိ မင်္ဂလာရာမကျောင်းတိုက်(Mingalarama Temple1708 Powder Mill Road, Silver Spring, MD 20903) တွင် ၁၉၈၈၊ မတ်လ ၁၆ ရက် ကျောင်းသားအရေးတော်ပုံ၊ တံတားနီနေ့ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဒီမိုကရေစီအရေးတော်ပုံတွင် ကျဆုံးခဲ့ရသူ ကျောင်းသားများနှင့် အာဇာနည်ပြည်သူတို့အတွက် ကုသိုလ်ပြု ဆွမ်းကျွေး တရားနာပွဲကို ကျင်းပမည် ဖြစ်ကြောင်း၊ ၎င်းနောက် …
မတ်လ ၁၆၊ စနေနေ့၊ ညနေခင်း၊ ၅ နာရီခွဲမှ ည ၈နာရီခွဲအထိ (Twinbrook Community Recreation Center,  12920 Twinbrook Parkway, Rockville, 20851) တွင် အမေရိကန်ပြည်သို့ရောက်ရှိနေသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့် တွေ့ဆုံပွဲနှင့် ဆွေးနွေးပွဲကို ၀ါရှင်တန်မက်ထရိုဒေသရောက် မြန်မာမိသားစုများနှင့်အတူ ကျင်းပမည် ဖြစ်ကြောင်း …
            သို့ဖြစ်ပါ၍ ရပ်နီး ရပ်ဝေးက မြန်မာပြည်အရေး စိတ်ဝင်စားသူ၊ နိုးကြားလှုပ်ရှားနေသူများအား ဖိတ်ကြားအပ်ပါကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ၀ါရှင်တန်ဒီစီမက်ထရို တွေ့ဆုံဆွေးနွေးပွဲကို စီစဉ်သူတဦးကတော့ ကိုယဉ်ထွေး ဖြစ်ကြောင်း၊ အသေးစိတ်ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။
(ယခုတပတ် ဥရောပခရီးစဉ်မှာ တွေ့ရတဲ့ ကိုဌေးကြွယ် ဓာတ်ပုံ)

Aung San Kyaw - Cartoon

မစို့ မပို့
ကာတွန်း - အောင်ဆန်းကျော်
မတ်လ ၅၊ ၂၀၁၃


ကာတွန်း အောင်ဆန်းကျော်ဖေ့ဘုတ်ခ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။

Than Win Hlaing - Articles


တ်ာလှန်ရေးကောင်စီ ဘာကြောင့် နိုင်ငံတော်အာဏာသိမ်းပိုက်ခဲ့သလဲ - အပိုင်း (၃)
သန်းဝင်းလှိုင်
မတ်လ ၅၊ ၂၀၁၃

၁၉၆၂ မတ်လ ၁ ရက်နေ့ တွင် မြန်မာ့အသံ၌ ဖက်ဒရယ်မူနှင့်ပတ်သက်သော လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ကျင်းပနေစဉ်

ဖက်ဒရယ်မူနှင့် ပတ်သက်သော လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ၁၉၆၂ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ကျင်းပပြီးနောက် နာရီပိုင်းမျှအကြာ ည(၁၂)နာရီတွင် မင်္ဂလာဒုံတပ်နယ်မှ စစ်တပ်အဖွဲ့ဝင်များသည် ရန်ကုန်မြို့တွင်းသို့ တိတ်တဆိတ်ဝင်ရောက်လာခဲ့သည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ နံနက်တွင် နိုင်ငံတော်အာဏာသိမ်းယူရေးအတွက် ပထစအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တရားဝန်ကြီးချုပ်နှင့် ပြည်နယ်အကြီးအကဲများ၊ စော်ဘွားများကို ဖမ်းဆီရန် နှင့် အချက်အခြာဌာနများကို ထိန်းသိမ်းထားရန် ရန်ကုန်မြို့တွင်းသို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင်းသို့ စစ်တပ်အဖွဲ့များဝင်ရောက်ခြင်းမပြုမီ ရက်အနည်းငယ်ကပင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်း နှင့် စစ်တပ်အကြီးအကဲ အချို့သည် နိုင်ငံတော်အာဏာကို သိမ်းပိုက်ရေးအတွက် ကြိုတင်ကြံစည်ခဲ့ကြသည်။ ကြိုတင်စီစဉ်နေသော စစ်တပ်အကြီးအကဲများအနက် တစ်ဦးတည် နိုင်ငံတော်အာဏာသိမ်းပိုက်ရေးအတွက် အဆင်ပြေချောမွေ့စေရန်အတွက် ပြည်စောင့် ရဲတပ်ရင်း၏ အခြေအနေကိုပင် ကြိုတင်၍ စူးစမ်းလေ့လာထားခဲ့ကြသည်။ ထိုစဉ်က ပြည်စောင့်ရဲတပ်ဌာန၏ ဒုတိယရဲတပ်ချုပ်မှာ ဗိုလ်မှူးကြီး တန်ယုဆိုင်ဖြစ်သည်။

ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သော စစ်တပ်အကြီးအကဲအချို့သည် လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲ စတင်ကျင်းပသည့် ၁၉၆၂ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ စ၍ နိုင်ငံတော်အာဏာသိမ်းယူရေးကို အဆောတလျင်ဆောင်ရွက်လာခဲ့သည်။ ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေ၀င်းအမိန့်ဖြင့် စစ်တပ်အကြီးအကဲတို့က နိုင်ငံတော်အာဏာသိမ်းယူရေးအတွက် ပထစအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ နိုင်ငံတော်သမ္မတ၊ ၀န်ကြီးချုပ်၊ တရားဝန်ကြီးချုပ်၊ ပြည်နယ်အကြီးအကဲများနှင့် စော်ဘွားများကို ဖမ်းဆီးရေးနှင့် အရေးပါသော နေရာဌာနများကို ထိန်းသိမ်းထားရေးအတွက် သက်ဆိုင်ရာတပ်မှူးများအား တာဝန်ပေးအပ်ခဲ့သည်။ တာဝန်ပေးအပ်ခဲ့စဉ်က အာဏာသိမ်းယူသည့် နေ့ရက်နှင့် အာဏာသိမ်းယူရေးအစီအစဉ် စတင်မည့် အချိန် နာရီတို့ကို လျှို့ဝှက်ထားသဖြင့် မသိခဲ့ရဟု ဆိုသည်။

၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်မူ အာဏာသိမ်းရန် စစ်ဆင်ရေးကို ဆင်နွှဲကြရမည်။ တာဝန်ခံတပ်မှူးများသည် စစ်ဆင်ရေးဆင်နွှဲရန် အမိန့်ရရှိသဖြင့် မိမိတို့၏ တပ်များကို အသင့်ပြင်ဆင်ထားခဲ့သည်။ ထိုညတွင်ပင် စစ်ဆင်ရေးအတွက် အားလုံးအဆင်သင့်ဖြစ်လျှင် ဆင်နွှဲရန် အထက်အကြီးအကဲထံမှ နှုတ်မိန့်ထွက်လာသည်။ ထိုအခါ စစ်ဆင်ရေးတာဝန်ခံတပ်မှူးများသည် အချင်းချင်းတိုင်ပင်ဆွေးနွေးကြပြီး စစ်ဆင်ရေးဆင်နွှဲရမည့်နေ့ကို မတ်လ ၂ ရက်နေ့ ဟုလည်းကောင်း၊ စတင်မည့်အချိန်ကို မတ်လ ၁ရက်နေ့ည ၁၂ နာရီတိတိဟု လည်းကောင်း သတ်မှတ်ခဲ့ကြသည်။ ဤအစီအစဉ်ကို တပ်မတော်ထောက်လှမ်းရေးညွှန်ကြားမှူးဗိုလ်မှူးတင်ဦးနှင့် အချက်ပြ ဆက်သွယ်ရေးတပ်မှူးညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီး ဘနီတို့လည်း သိရှိခဲ့ကြသည်။ သို့သော် ထိုစစ်ဆင်ရေးအစီအစဉ်ကို သိပြီးဖြစ်သော တပ်မတော် တပ်မှူးများသည် အခြားအရာရှိများ၊ မိမိတို့ လက်အောက်အရာရှိများနှင့် စစ်သည်များကို ပြောကြားခြင်းမပြုခဲ့ချေ။ စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲရန်သာ တပ်လှန့်ထားခဲ့သည်။

● အာဏာသိမ်းစစ်ဆင်ရေး
၁၉၆၂ ခုနှစ် မတ်လ ၁ ရက်နေ့ ည ၁၁နာရီခန့်တွင် ရန်ကုန်မြို့တွင်းသို့ ချီတက်ရမည့် တပ်ဖွဲ့များကို စစ်ဆင်ရေးတာဝန်ခံများက စစ်ဆင်ရေးအကြောင်း ရှင်းလင်းပြောကြားပြီး အသင့်ပြင်စေသည်။ ထို့နောက် လက်အောက်အရာရှိများအား တာဝန်အသီးသီး ခွဲဝေပေးအပ်ပြီး ည ၁၂ နာရီတွင် ရန်ကုန်မြို့တွင်းသို့ စစ်ချီခဲ့ခြင်းဖြစ်သည်။

စစ်တပ်သည် မင်္ဂလာဒုံလေယာဉ်ကွင်းရှိ ဆက်သွယ်ရေးစခန်း၊ အသံလွှင့်ရုံ၊ ကြေးနန်းဌာန၊ ပါလီမန်အဆောက်အအုံ၊ ရဲမင်းကြီးရုံး စစ်ရဲတပ်၊ ပြည်ထောင်စုဘဏ်၊ ဘူတာရုံ၊ ဆိပ်ကမ်း၊ ရဲဌာနများ၊ ၀န်ကြီးများနေထိုင်သော ၀င်ဒါမီယာ၊ ၀င်ဒါမီယာကုတ် (ယခု ရွှေလီလမ်း) ရှိ ရှမ်းဂေဟာ၊ ရွှေတောင်ကြားလမ်း၊ ပြည်ထောင်စုလမ်းသွယ်ရှိ ၀န်ကြီးချုပ်နေအိမ်၊ ကုက္ကိုင်းလမ်းနှင့် ဂွတ္တလစ်လမ်း (ယခု ဆရာစံလမ်း) ထောင့်ရှိ စ၀်ရွှေသိုက်နေအိမ်၊ ကမ္ဘာအေးဘုရားလမ်းရှိ တရားဝန်ကြီးချုပ် ဦးမြင့်သိန်းနေအိမ်၊ ဖရေဇာလမ်း (ယခုဒဂုံ မြို့နယ်ရှိ တော်ဝင်လမ်း) ရှိ ကယားဂေဟာ တို့ကို သွားဝိုင်းရံထားလိုက်ကြသည်။ နံနက် ၂ နာရီခန့်တွင် တပ်မတော်တပ်ဖွဲ့များသည် ဂွတ္တလစ်လမ်း ပြည်ထောင်စုလမ်းသွယ် အမှတ် ( ) တွင် နေထိုင်သော ၀န်ကြီးချုပ် ဦးနု၊ ၀န်ကြီးဒေါက်တာဦးဧမောင် နှင့် ပြည်လမ်း ခုနစ်မိုင်ခွဲတွင် နေထိုင်သော မိုးနဲစော်ဘွား စ၀်ပြည့်၊ မိုင်းနောင် စော်ဘွား စ၀်အုန်းမောင်တို့ကို ဖမ်းဆီးခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုကို စစ်ထောက်လှမ်းရေးမှ ဖမ်းဆီးပြီးနောက် ကားပေါ်သို့ တင်အပြီး၌ စကားဝှက်ဖြင့် "လောက်ကောင်" မိပြီဟု ဌာနချုပ်သို့ သတင်းပို့ခဲ့သည်။ နောင်တွင် ဦးနု၏ သမီးကြီးဖြစ်သူ ဒေါ်စန်းစန်းနုက ကျွန်မကြားတာက "ဇာတ်ကောင်" ပါပဲ။ ဖေဖေနားကြားလွဲသွားတယ်နဲ့ တူပါတယ် ဟူ၍ ပြောပြခဲ့ဖူးသည်။ သို့သော် ရန်ကုန်ဘဆွေ၏ ပြည်သူ့အရေးတော်ပုံသမိုင်း (လက်နှိပ်စက်စာမူ) ၌ ဦးနုအားဖမ်းစဉ်က စာကားဝှက် "လောက်ကောင်" ဟုသာ သုံးနှုန်းထားကြောင်း တွေ့ရှိရ၍ ၀န်ကြီးချုပ် ဦးနုကြားသည့်အတိုင်း "လောက်ကောင်" သည်သာ အမှန်ဖြစ်ပါကြောင်း သိရှိရသည်။ ယင်းစာမူ၌ အခြားဝန်ကြီးများ၏ နာမည်ကိုလည်း စကားဝှက်ဖြင့် "ဖာသယ်"၊ "မိန်းမရွှင်" "ဆိတ်လစေ့" "နှစ်ဖက်ချွန်" ဟူ၍ သုံးနှုန်းထားရာ ရန်ကုန်ဘဆွေနှင့် အာဏာသိမ်း ခေါင်းဆောင်ဗိုလ်ချုပ်ကြီးနေ၀င်းတို့ ဆက်နွှယ်ပတ်သက်နေမည်လားဟု တွေးထင်စရာပင်ဖြစ်သည်။

ထို့နောက် နံနက် ၃ နာရီခန့်တွင် အခြားဝန်ကြီးများဖြစ်ကြသော ဦးရာရှစ်၊ သခင်တင်၊ သခင်တင်မောင်၊ ဦးသွင်၊ ဦးဘစော၊ ဒေါက်တာစောလှထွန်း၊ စ၀်ခွန်ချို၊ စ၀်ဝဏ္ဏ၊ နိုင်အောင်ထွန်း၊ ဦးဘမြိုင်၊ ပါလီမန်အတွင်းဝန် ကယားဦးစိန်တို့ကိုလည်းကောင်း၊ အင်းလျားလမ်း နေအိမ်သစ်တွင် နေထိုင်သော သမ္မတ မန်းဝင်းမောင်တို့ကိုလည်းကောင်း၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်းကိုလည်းကောင်း၊ ကယားဂေဟာတွင် တည်းခိုနေသော ဦးကြာပု၊ ဦးစိုးမောင်၊ ဦးလွန်း၊ ဦးချစ်ဦး၊ ဦးထွန်းမြင့် (တောင်ကြီး) တို့ကိုလည်းကောင်း၊ ရှမ်းစော်ဘွားများနှင့် ရှမ်းပြည်နယ်မှ အမတ်များကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစု လွှတ်တော်ဥက္ကဌများကိုလည်းကောင်း ဖမ်းဆီးခဲ့သည်။

အစိုးရအဖွဲ့ဝင် ပုဂ္ဂိုလ်တို့ကို ဖမ်းဆီးရာတွင် တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရှင်းပြ၍ ၎င်းတို့အိမ်တွင် ထားရှိသော လက်နက်များကိုလည်း အပ်နှံစေခဲ့သည်။ တရားဝန်ကြီးချုပ် ဦးမြင့်သိန်းကို ဖမ်းဆီးစဉ်က ဖမ်းဝရမ်းတောင်းသဖြင့် ဖမ်းဆီးသည့် တပ်မတော်အရာရှိလည်း တွေဝေသွားပြီး တပ်ဖွဲ့များကို အုပ်ချုပ်၍ လိုက်ပါလာခဲ့သော တပ်မှူးထံ သတင်းပို့ခဲ့သည်။ တပ်မှူး လည်း ဦးမြင့်သိန်း၏ အိမ်သို့ လိုက်သွားပြီး တပ်မတော်က အာဏာသိမ်းခြင်းဖြစ်ကြောင်း ပြောကြား၍ ဖမ်းဆီးခဲ့ရသည်ဟု ဆိုသည်။

ဝန်ကြီးများ၏ နေအိမ်တွင် လုံခြုံရေးတာဝန်ယူနေကြရသော ရဲအဖွဲ့ဝင်များအား စစ်တပ်တပ်ဖွဲ့ဝင်များရောက်ရှိလာလျှင် ခုခံပစ်ခတ်ခြင်း မပြုရန် ကြိုတင်ညွှန်ကြားထားသောကြောင့် ၀န်ကြီးများကို ဖမ်းဆီးရာတွင် အဆင်ပြေလွယ်ကူစေခဲ့သည်။ သို့သော် ရန်ကုန်မြို့ ကုက္ကိုင်းလမ်းနှင့် ဂွတ္တလစ်လမ်း (ယခု ဆရာစံလမ်း) ထောင့်ရှိ စ၀်ရွှေသိုက်နေအိမ်သို့ ရောက်ရှိစဉ်က

လုံခြုံရေးအစောင့်များအား ရှမ်းဘာသာဖြင့် ခုခံခြင်းမပြုရန် အော်၍ ပြောသေးသည်။ သို့သော် အစောင့်များက ပစ်ခတ်သဖြင့် စစ်တပ်မှလည်း ပြန်လည်ပစ်ခတ်ရာတွင် စ၀်ရွှေသိုက်၏သားငယ် အသက် (၁၇) နှစ် အရွယ်ရှိ စ၀်မီမီသိုက် ခေါ် စ၀်စေးဟုမ်ဖ မှာ ဦးခေါင်းနှင့် ခြေထောက်တွင် ကျည်ဆံထိမှန်၍ သေဆုံးသွားခဲ့ရသည်။ စ၀်မီမီသိုက် သေဆုံးမှုနှင့်ပတ်သက်၍ စ၀်မီမီသိုက်၏ အစ်ကို (ယူဂျင်းသိုက် (Eugene Thaike) က ရန်ကင်းရဲဌာနတွင် အမှုဖွင့် တုင်ကြားခဲံသည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ နံနက် ၂ နာရီခန့်တွင် အမျိုးအမည်မသိသော ယူနီဖောင်းဝတ်ထားသူများက အိမ်အတွင်းသို့ ၀င်ရောက်လာက သေနတ်ဖြင့် ပစ်ခတ်သောကြောင့် မိမိ၏ညီ စ၀်မီမီသိုက်ကို ထိမှန်သေဆုံးသွားကြောင်း တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ရန်ကင်းရဲဌာနမှ လူသတ်မှု ပုဒ်မ ၃၀၂ အရ အမှုဖွင့်ပေးခဲ့သည်။ တပ်မတော်ကမူ စ၀်မီမီသိုက်သေခဲ့ရခြင်းအတွက် စာနာထောက်ထားမှုရှိကြောင်းပြသပြီး တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေ၀င်းကလည်း စ၀်မီမီသိုက် ကွယ်လွန်အနိစ္စရောက်ခြင်းကို တော်လှန်ရေးကောင်စီဝင်များက အထူးဝမ်းနည်းကြေကွဲမိကြောင်း ဖော်ပြထားသည့် သ၀ဏ်လွှာကို ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်နှင့် မဟာဒေ၀ီတို့ထံ ပေးပို့ခဲ့သည်။ ထိုစဉ်က မဟာဒေ၀ီ စ၀်ဟိန်ခမ်းမှာ အင်္ဂလန်သို့ ရောက်နေသဖြင့် ဗိုလ်မှူးကြီးစောမြင့်သည် ၀မ်းနည်းသ၀ဏ်လွှာကို စ၀်ရွှေသိုက်၏သားအကြီးဆုံးဖြစ်သူ စ၀်ဆိုင်အုံ၏ လက်သို့ ပေးအပ်ခဲ့ရသည်။ ၁၉၆၂ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ကျင်းပသည့် ဈာပနအခမ်းအနားသို့လည်း တော်လှန်ရေးကောင်စီက လွမ်းသူ့ပန်းခွေပေးပို့ခဲ့သည်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ နံနက်တွင် တော်လှန်ရေးကောင်စီက ဖမ်းဆီးခဲ့သော ပုဂ္ဂိုလ်တို့မှာ သမ္မတမန်းဝင်းမောင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊ ၀န်ကြီးများဖြစ်ကြသော သခင်တင်၊ ဒေါက်တာဦးဧမောင်၊ ဦးရာရှစ်၊ ဦးဘစော၊ သခင်တင်မောင်၊ ဦးသွင်၊ စ၀်ခွန်ချို၊ စ၀်ဝဏ္ဏ၊ ဒေါက်တာ စောလှထွန်း၊ ဦးဇာရဲလျန်၊ ဦးဘမြိုင်၊ နိုင်အောင်ထွန်း၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌ မန်းဘဆိုင်၊ လူမျိုးစု လွှတ်တော်ဥက္ကဋ္ဌ စ၀်ခွန်ကြည်၊ ညောင်ရွှေစော်ဘွားသမ္မတဟောင်း စ၀်ရွှေသိုက်၊ မိုးနဲစော်ဘွား စ၀်ပြည့်၊ လဲချားစော်ဘွား စ၀်နွံ၊ သာမိုင်းခမ်းစော်ဘွား စ၀်မန်လစ်၊ စ၀်ခွန်ထီး၊ စ၀်မန်ဖ (သိန္နီမြောက်ပိုင်း အမတ်)၊ စ၀်အောင်ဖူး (လွိုင်လင်အလယ်ပိုင်းအမတ်)၊ ဦးချစ် (လွိုင်လင်တောင်ပိုင်းအမတ်)၊ ဦးရီရောင်း (ကျိုင်းတုံမြောက်ပိုင်းအမတ်)၊ ဦးခွန်နော် (ကျိုင်းတုံ အနောက်ပိုင်းအမတ်)၊ ဦးဖြူ (မိုင်းပွန်အမတ်)၊ ဦးကျော်စိန် (သာမိုင်းခမ်းအမတ်)၊ ဦးလွန်း (စကားအမတ်)၊ ဦးအမ်ဇော်လ (ကွတ်ခိုင်အမတ်)၊ ဦးစိန် (ကယား)၊ ဦးထွန်းမြင့် (တောင်ကြီး)၊ ဦးကြာပု၊ ဦးမြတ်ဖူး၊ ဦးစိုးမောင်၊ ဦးချစ်ဦး၊ ဦးသန်းတင်၊ ဦးတင်အောင် တို့ ဖြစ်ကြသည်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ နံနက်တွင် အဖမ်းမခံရသော ပုဂ္ဂိုလ်နှစ်ဦးမှာ ငပလီသို့ ရောက်နေသော ဗိုလ်မှူးအောင်နှင့် သမ္မတ အဖြစ် ရွေးချယ်ရန် လျာထားပြီးဖြစ်သော ဆမားဒူးဝါဆင်ဝါးနောင် တို့ ဖြစ်ကြသည်။ ဆမားဒူဝါးဆင်ဝါးနောင် မှာ မြစ်ကြီးနားခရိုင်အတွင်းရှိ ၎င်း၏ဘိုးဘွားမိဘများအစဉ်အဆက်နေထိုင်ခဲ့သော ဆမားရွာသို့ ရောက်ရှိနေသည်ဟု ဆိုသည်။

အဖမ်းခံရသူတို့တွင် ဒေါက်တာစောလှထွန်းနှင့် ဦးဇာရဲလျန်တို့မှအပ ကရင်ပြည်နယ်၊ ချင်းဝိသေသတိုင်းနှင့် ကချင်ပြည်နယ်တို့မှ အခြားပုဂ္ဂိုလ်များပါဝင်ခြင်းမရှိပေ။

မတ်လ ၂ ရက်နေ့ နံနက်က အဖမ်းခံရသူပုဂ္ဂိုလ်များစွာကို ပထမတွင် ၀င်ဒါမီယာအနီးရှိ အသံလွှင့်ရုံသို့ ပို့ထားခဲ့သည်။ စစ်တပ် တပ်ဖွဲ့များသည် ဖမ်းဆီးလာခဲ့သူများကို အသံလွှင့်ရုံအတွင်းရှိ ယမန်နေ့ညက ဖက်ဒရယ်မူဆွေးနွေးပွဲကျင်းပခဲ့သော ခန်းမဆောင်ကြီးအတွင်းတွင် ထားရှိသည်။ နံနက် ၆ နာရီခန့်တွင်မူ ဖမ်းထားသော ပုဂ္ဂိုလ်များကို လော်ရီကားများပေါ်တင်၍ လက်နက်ကိုင်အစောင့်အကြပ်များ စီးနင်းသော ကားများလိုက်ပါလျက် မင်္ဂလာဒုံသို့ ပို့ခဲ့သည်။ ထိုနေ့နံနက်က ရာသီဥတုမှာ အုံ့မှိုင်း၍ မိုးတဖွဲဖွဲ ရွာလျက်ရှိသည်။ မင်္ဂလာဒုံသို့ သွားရာလမ်းတစ်လျှောက်တွင် တင့်ကားများနှင့် စစ်သားများစောင့်ကြပ်လျက် ရှိသည်။ ဖမ်းဆီးလာသော ပုဂ္ဂိုလ်တို့ကို မင်္ဂလာဒုံရှိ ရန်ကြီးအောင် တပ်မတော်ရုပ်ရှင်ရုံတွင် စုရုံးထားသည်။ စစ်သားများသည် ဖမ်းဆီးလာသော ပုဂ္ဂိုလ်တို့ကို လက်ဖက်ရည်၊ နံပြားတို့ဖြင့် ဧည့်ခံ ကျွေးမွေးသည် ဟူ၍ ကယားဦးစိန်ရေးသားခဲ့သော "အာဏာသိမ်းမှတ်တမ်း" (လက်ရေးမူ) ၌ ဖော်ပြထားသည်။

မကြာမီတွင်ပင် အဖမ်းခံရသူတို့အနက် မန်းဘဆိုင်၊ စ၀်ခွန်ကြည်၊ ဦးဘစော၊ ဒေါက်တာစောလှထွန်း၊ ဦးဇာရဲလျန်၊ ဦးဘမြိုင် နှင့် စ၀်မန်ဖ တို့ကို ရန်ကုန်မြို့သို့ ပြန်ခေါ်၍ စစ်ရုံးချုပ် (ယခုနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်) အတွင်းရှိ ဒဂုံရိပ်သာတွင် ဗိုလ်ချုပ်ကြီးနေ၀င်းက ခေတ္တတွေ့ဆုံကာ မှားယွင်းဖမ်းဆီးမိကြောင်း ပြောကြား၍ ပြန်လွှတ်ပေးခဲ့သည်။

မင်္ဂလာဒုံတွင် ဖမ်းဆီးထားသော ပုဂ္ဂိုလ်များအနက် သမ္မတမန်းဝင်းမောင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်း၊ သခင်တင်၊ စ၀်ခွန်ချို၊ ဦးရာရှစ် နှင့် စ၀်ဝဏ္ဏ တို့ကို သီးခြားစီခွဲ၍ အစောင့်အကြပ် ထူထပ်စွာ ချထားခဲ့သည်။ ကျန်ပုဂ္ဂိုလ်များကို နှစ်စုခွဲ၍ မင်္ဂလာဒုံ ရန်ကြီးအောင် ရုပ်ရှင်ရုံအနီးရှိ လေ့ကျင့်ရေးတပ် ၁၉၈၈ ခုနှစ်အထိ ဗဟိုနိုင်ငံရေးတက္ကသိုလ်အဖြစ် အသုံးပြုခဲ့သည့် အဆောက်အအုံ ဖြစ်ပြီး ယခုအခါ တပ်မတော် ဆေးရုံကြီး၏ တိုးချဲ့အဆောက်အုံ) တွင် ထိန်းသိမ်းထားခဲ့သည်။

သို့သော် ပထစအစိုးရအဖွဲ့ခေါင်းဆောင် ၀န်ကြီးချုပ် ဦးနုနှင့်တကွ ထိန်းသိမ်းထားသူများအား မင်္ဂလာဒုံတွင် ထားရှိရာ၌ အလောသုံးဆယ် စီစဉ်ဆောင်ရွက်ခဲ့ရသဖြင့် လုံခြုံရေးအတွက် အလွန်အန္တရာယ်ရှိသည်ဟု တပ်မတော်အရာရှိဟောင်း စကြာကြည်ဆွေ ရေးသားခဲ့သော စာတမ်း (လက်နှိပ်စက်မူ) ၌ ဖော်ပြထားသည်။ အကြောင်းမှာ ဖမ်းဆီးခံရသော နိုင်ငံသားအများစုသည် လွတ်လပ်ရေး ကြိုးပမ်းမှု အတွေ့အကြုံများ ရှိကြခြင်း၊ နယ်ချဲ့ကိုလိုနီများ၏ အချုပ်ထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့ဖူးသူများရှိခဲ့ကြခြင်း များကြောင့် ဖြစ်သည်။ ထိုစဉ်က ထောက်လှမ်းရေးညွှန်ကြားရေးမှူး တာဝန်ယူထားသော ဗိုလ်မှူးတင်ဦး (နောင်တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေး မှူးချုပ် ဗိုလ်မှူးချုပ်တင်ဦး) သည် လုံခြုံရေးသဘောတရားကို နားလည်ထားသောကြောင့် အထူးဦးနှောက်ခြောက်စရာ ဖြစ်ခဲ့ရသည်။

ရန်ကုန်နယ်နိမိတ်အတွင်းရှိ သေနတ်ကိုင်တပ်ရင်း (၄) နှင့်တကွ အခြားသေနတ်ကိုင်တပ်ရင်းများမှ ရသမျှအင်အားကို ရယူခြင်း၊ လက်နက်ကြီးများမှ စ၍ လက်နက်ခဲယမ်းမီးကျောက်များဖြည့်ဆည်းခြင်း၊ သံချပ်ကာကားတပ်မှ ဘရင်းကရီယာကားများ တွဲဖက်ထားရှိခြင်း စသည်များကို ပြုလုပ်ခဲ့သည်။ တပ်တွင်းလုံခြုံရေးနှင့်တကွ တပ်ပြင်တစ်ဝိုက် လုံခြုံရေးအတွက်ပါ အထူးစီစဉ်ဆောင်ရွက်ခဲ့ကြသည်။ ထိန်းသိမ်းထားသူများအား အခြားနိုင်ငံတစ်ခုခုမှ စစ်သင်္ဘောဖြင့် ပင်လယ်ဝအထိ လာရောက်ပြီး ရုတ်တရက် "ဟယ်လီဘွန်း" စစ်ဆင်ရေးမျိုး ပြုလုပ်ပြီး ကယ်တင်ရန် ကြိုးစားမှုများရှိနိုင်သောကြောင့် အရေးပေါ်တန်ပြန်တိုက်ခိုက်ရန်များကိုပါ စစ်ထောက်လှမ်းရေးမှူးရုံးမှ လေ့ကျင့် ပြင်ဆင်ထားခဲ့သည်။

လုံခြုံရေးကို အတွင်းစည်းလုံခြုံရေး၊ အပြင်စည်းလုံခြုံရေးအဖြစ် ခွဲခြားပြီးဆောင်ရွက်စေခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် အတွင်းအပြင်အားလုံး၌ အင့်ကာဘာခေါ် ထောက်လှမ်းရေးစနစ် အရ ထောက်လှမ်းရေးအမှုထမ်းများပစ္စည်းကိရိယာများ သုံးလျက် လည်းကောင်း၊ လက်နက်ကိုင် တပ်ဖွဲ့များကို တည်ငြိမ်ကင်းများ၊ လှုပ်ရှားကင်းများ အဖြစ် ထားရှိ၍ လည်းကောင်း၊ အသေးစိတ်ဆောင်ရွက် ခဲ့ပါသည်။ ဤသို့လုံခြုံရေးစနစ်ကို တိကျစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဗိုလ်မှူးတင်ဦးသည် နောင်တွင် အထွတ်အထိပ် ရာထူးကြီးများရရှိကာ သမ္မတဦးနေ၀င်း၏ စစ်ဘက်လက်ထောက်အဖြစ် ခန့်ထားခြင်းခံရသည်ဟု ၎င်း၏စာတမ်း၌ ဖော်ပြထားပါသည်။

● တော်လှန်ရေးကောင်စီ၏ ကြေညာချက်
စစ်တပ်မှ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အာဏာသိမ်းပိုက်ခဲ့ပြီးနောက် ယင်းသို့အာဏာသိမ်းရာတွင် မတော်တဆ ထိခိုက်သေဆုံးမှုတစ်ခုမှအပ ချောမောအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ မတ်လ ၂ ရက် နံနက် ၀၇း၁၅ နာရီခန့်တွင် လုံခြုံရေးနှင့် စစ်ဆင်ရေး တာဝန်ယူရသော တာဝန်ခံအားလုံးက ညွှန်ကြားချက်အတိုင်း ချောမောအောင်မြင်စွာ အာဏာသိမ်းပြီးကြောင်း ကာကွယ်ရေးဦးစီး ချုပ်ရုံးတွင် အစီရင်ခံခြင်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်းအိမ်သို့ သွားရောက်အစီအရင်ခံခြင်းကိစ္စများ ပြုလုပ်ကြသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်က တိုင်းပြည်သို့ စစ်တပ်က အာဏာသိမ်းလိုက်သည့်အကြောင်း ကြေညာရန်ကိစ္စ၊ နိုင်ငံခြားရေးဝါဒ ထုတ်ပြန်ရန်ကိစ္စ၊ တော်လှန်ရေးကောင်စီနှင့် အစိုးရသစ်ဖွဲ့စည်းရန်ကိစ္စ၊ ပြည်နယ်များကိစ္စ၊ ပါလီမန်ဖျက်သိမ်းရန်ကိစ္စ အ၀၀ကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ရန် မတ်လ ၂ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး အစည်းအဝေးခန်းမသို့ အောက်ပါပုဂ္ဂိုလ်များကို ပထမဆုံးအကြိမ် ခေါ်ယူခဲ့သည်။

(၁) ဗိုလ်မှူးချုပ်အောင်ကြီး  ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း)
(၂) ဗိုလ်မှူးချုပ်သန်းဖေ   ဒုတိယကာကွယ်ရေးဦးစီးချုပ် (ရေ)
(၃) ဗိုလ်မှူးချုပ် တီကလစ်   ဒုတိယကာကွယ်ရေးဦးစီးချုပ် (လေ)
(၄) ဗိုလ်မှူးချုပ် တင်ဖေ  စစ်ထောက်ချုပ်
(၅) ဗိုလ်မှူးကြီး သန်းစိန်  စစ်ဦးစီး ဗိုလ်မှူးကြီး
(၆) ဗိုလ်မှူးကြီး ကျော်စိုး  စစ်ရာထူးခန့်အတွင်းဝန်
(၇) ဗိုလ်မှူးကြီး စောမြင့်  နယ်ခြားဒေသအုပ်ချုပ်ရေးမှူးချုပ်
(၈) ဦးသီဟန်   စစ်ပစ္စည်းဝယ်ယူရေးညွှန်ကြားရေးဝန်
(၉) ဒုတိယဗိုလ်မှူးကြီးဘနီ  ဆက်သွယ်ရေးညွှန်ကြားရေးမှူး

အစည်းအဝေးတွင် တိုင်းပြည်သို့ ကြေညာချက်တစ်ရပ် ထုတ်ပြန်ရန်ကိစ္စ ဆွေးနွေးရာ၌ ဗိုလ်မှူးကြီးသန်းစိန် (စစ်ဦးစီး ဗိုလ်မှူးကြီး) ယူဆောင်လာသော စာမူကြမ်းကို ဆွေးနွေးကြရာ လိုရင်းသို့ မရောက်သေးဟု ယူဆသဖြင့် ဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေ၀င်းက ပယ်ချခဲ့သည်။ ထိုသို့ အာဏာသိမ်းပိုက်ပြီးနောက် ပြည်တွင်းပြည်ပသို့ ထုတ်ပြန်ရန် အချက်အလက် ရှာမရ၍ အကြံအိုက်နေစဉ်အတွင်း ဗိုလ်မှူးချုပ်အောင်ကြီးက ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီးပြိုကွဲရတော့မည့် အန္တရာယ်ရှိလာမည့်အတွက် အာဏာသိမ်းပိုက်လိုက်ရ ကြောင်း ပြန်လည်ရေးသား၍ တင်ပြခဲ့ရာ ယင်းကို ဗိုလ်ချုပ်ကြီးနေ၀င်းက ဖတ်ကြည့်ကာ သဘောကျ၍ "အေးကောင်းတယ်၊ အဲဒီအတိုင်း အသံလွှင့်ကြေညာမယ်" ဟု ဆိုသောကြောင့် ချက်ချင်း အသံသွင်းခဲ့ကြသည်။ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တိုင်းပြည်သို့ ကြေညာချက်ထုတ်ပြန်မည့်အကြောင်းကိုလည်း တိုင်းပြည်သို့ ကြိုတင်အသိပေးလိုက်သည်။

ဤသို့ဖြင့် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ် အချိန်တွင် ကရင်ပိုင်းအစီအစဉ်ထုတ်လွှင့်နေစဉ် ရုတ်တရက် ရပ်၍ ဗိုလ်ချုပ်ကြီးနေ၀င်းကိုယ်တိုင် အသံလွှင့်ရုံမှတဆင့် တိုင်းပြည်သို့ -

"ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းစေသောငှာ ဗမာ့တပ်မတော်မှ တာဝန်ယူ စောင့်ရှောက်လိုက်ပြီဖြစ်ကြောင်း။ အရပ်ရပ်ရှိ တိုင်းသူပြည်သား ရဟန်း၊ ရှင်၊ လူ အများသည် ကြောင့်ကြစိုးရိမ်ပူပန်ခြင်း မဖြစ်ကြဘဲ ခါတိုင်း သာမန်အချိန်ကဲ့သို့ စိတ်လက်အေးချမ်းစွာ မိမိတို့ လုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း။ အစိုးရအမှုထမ်း အရာထမ်းများသည်လည်း မိမိတို့တာဝန်ဝတ္တရားများကို မပျက်မကွက် ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း။ အထူးသဖြင့် ပညာရေးဆိုင်ရာ တာဝန်ခံများနှင့် ကျောင်းသူကျောင်းသားများသည် မိမိတို့ စစ်ဆေးဖြေဆိုနေဆဲ ကိစ္စများကို မပျက်မကွက် ဆက်လက်ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း" ထုတ်ပြန်ကြေညာခဲ့သည်။

ထိုနေ့ နံနက်ပိုင်းမှာပင် ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်-

၁။ ဗိုလ်ချုပ်ကြီးနေ၀င်း (ကာကွယ်ရေးဦးစီးချုပ်)     - တော်လှန်ရေးကောင်စီဥက္ကဋ္ဌ
၂။ ဗိုလ်မှူးချုပ်အောင်ကြီး (ဒုတိယကာကွယ်ရေးဦးစီးချုပ်-ကြည်း)   - အဖွဲ့ဝင်
၃။ ဗိုလ်မှူးချုပ်သန်းဖေ (ဒုတိယကာကွယ်ရေးဦးစီးချုပ်-ရေ)   - အဖွဲ့ဝင်
၎။ ဗိုလ်မှူးချုပ် တီကလစ် (ဒုတိယကာကွယ်ရေးဦးစီးချုပ်-လေ)   - အဖွဲ့ဝင်
၅။ ဗိုလ်မှူးချုပ် တင်ဖေ (စစ်ထောက်ချုပ်)     -  အဖွဲ့ဝင်
၆။ ဗိုလ်မှူးချုပ်စန်းယု (တိုင်းမှူး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်)  - အဖွဲ့ဝင်
၇။ ဗိုလ်မှူးချုပ်စိန်ဝင်း (တိုင်းမှူး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)   - အဖွဲ့ဝင်
၈။ ဗိုလ်မှူးကြီးသောင်းကြည် (တိုင်းမှူး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်)  - အဖွဲ့ဝင်
၉။ ဗိုလ်မှူးကြီးကြည်မောင် (တိုင်းမှူး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်)  - အဖွဲ့ဝင်
၁၀။ ဗိုလ်မှူးကြီး မောင်ရွှေ (တိုင်းမှူး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်)   - အဖွဲ့ဝင်
၁၁။ ဗိုလ်မှူးကြီး သန်းစိန် (စစ်ဦးစီးဗိုလ်မှူးကြီး)    - အဖွဲ့ဝင်
၁၂။ ဗိုလ်မှူးကြီး ကျော်စိုး (စစ်ရာထူးခန့်အတွင်းဝန်)    - အဖွဲ့ဝင်
၁၃။ ဗိုလ်မှူးကြီး စောမြင့် (နယ်ခြားဒေသအုပ်ချုပ်ရေးမှူးချုပ်)    - အဖွဲ့ဝင်
၁၄။ ဗိုလ်မှူးချုပ် ချစ်မြိုင် (တွဲဖက်စစ်ထောက်ချုပ်)    - အဖွဲ့ဝင်
၁၅။ ဗိုလ်မှူးကြီး ခင်ညို (လေ့ကျင့်ရေးညွှန်ကြားရေးမှူး)    - အဖွဲ့ဝင်
၁၆။ ဗိုလ်မှူးကြီး လှဟန် (ဆေးဝန်ထမ်းညွှန်ကြားရေးမှူး)   - အဖွဲ့ဝင်
၁၇။ ဗိုလ်မှူးကြီး တန်ယုဆိုင် (ဒုတိယရဲတပ်ချုပ်၊ ပြည်စောင့်ရဲတပ်ဌာနချုပ်)  - အဖွဲ့ဝင်တို့ ဖြစ်ကြသည်။

တဆက်တည်း ထိုနေ့မှာပင် တော်လှန်ရေးကောင်စီသည် အုပ်ချုပ်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။ အစိုးရအဖွဲ့တွင် -

၁။ ဗိုလ်ချုပ်ကြီး နေ၀င်း - တော်လှန်ရေးကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီးဌာန။
၂။ ဗိုလ်မှူးချုပ် အောင်ကြီး  - ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုလက်မှုဝန်ကြီးဌာန။
၃။ ဗိုလ်မှူးချုပ် တင်ဖေ  - လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သမ၀ါယမ နှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာန။
၎။ ဗိုလ်မှူးချုပ် သန်းဖေ  - ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန။
၅။ ဦးသီဟန်   - နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ အိမ်ရာဆောက်လုပ်ရေးဝန်ကြီးဌာန၊သတ္တုတွင်းဝန်ကြီးဌာန။
၆။ ဗိုလ်မှူးကြီး ကျော်စိုး  - ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန။
၇။ ဗိုလ်မှူးကြီး စောမြင့်  - ပြန်ကြားရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန။
၈။ ဒုတိယဗိုလ်မှူးကြီး ဘနီ  - လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန။ တို့ ပါဝင်သည်။ ကြေညာချက်တွင် ဖော်ပြမထားသော ၀န်ကြီးဌာနများနှင့် ပတ်သက်၍ မည်သည့်ဝန်ကြီးဌာနက ပူးပေါင်းတာဝန်ယူ ဆောင်ရွက်သွားမည်ကို ဆက်လက်ကြေညာမည်ဟုလည်း ဆိုသည်။ တော်လှန်ရေးကောင်စီ၏ တာဝန်ပေးချက်အရ ၀န်ကြီးဌာနများကို တာဝန်ယူကြသည်။ ပုဂ္ဂိုလ်များသည် ကြေညာချက်ထုတ်ပြန်သည့် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် သက်ဆိုင်ရာ ၀န်ကြီးဌာနအသီးသီးသို့ သွားရောက်လက်ခံတာဝန်ယူဆောင်ရွက်ကြရမည်ဟုလည်း ဆိုသည်။ ၁၉၆၂ ခုနှစ် မတ်လ ၅ ရက်နေ့တွင် တော်လှန်ရေးကောင်စီသည် ကြေညာထားသည့်အတိုင်း ကျန်ရှိနေသေးသော ၀န်ကြီးဌာနများကို ထပ်မံတာဝန်ခွဲဝေသတ်မှတ်ပေးခဲ့သည်။ မူလတာဝန်တွင် ထပ်မံတာဝန်ပေးခဲ့သော ၀န်ကြီးဌာနများမှာ-

ဗိုလ်ချုပ်ကြီး နေ၀င်း  - ၀န်ကြီးချုပ်ရုံး၊ အမျိုးသားစီမံကိန်းဝန်ကြီးဌာန
ဗိုလ်မှူးချုပ် အောင်ကြီး  - ပစ္စည်းထောက်ပံ့ရေးဝန်ကြီးဌာန
ဗိုလ်မှူးချုပ် တင်ဖေ  - လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဝန်ကြီးဌာန
ဦးသီဟန်   -  ပြည်သူ့လုပ်ငန်းဌာနနှင့်ပြန်လည်ထူထောင်ရေးဌာနများကို အိမ်ရာဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းအုပ်ချုပ်သွားရန်

ဗိုလ်မှူးကြီး ကျော်စိုး  - 
(က) ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးနှင့် ဒေသန္တရအဖွဲ့များဝန်ကြီးဌာန
(ခ) သာသနာရေးနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနမှ သာသနာရေးဌာနများကို အုပ်ချုပ်ဆောင်ရွက်သွားရန်
(ဂ) အမျိုးသားမှတ်ပုံတင်ရေးဌာနကို လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းအုပ်ချုပ်သွားရန်

ဗိုလ်မှူးကြီး စောမြင့်  - 
(က) ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးဝန်ကြီးဌာန
(ခ) လူမှုဝန်ထမ်းနှင့်သာသနာရေးဝန်ကြီးဌာနမှ လူမှုဝန်ထမ်းဌာနများကို အုပ်ချုပ်သွားရန်

ဒုတိယဗိုလ်မှူးကြီး ဘနီ  - သယ်ယူပို့ဆောင်ရေးဌာနများကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းအုပ်ချုပ်သွားရန် တို့ ဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်)

Kamarpale - Poem


သစ်ကောင်းအိမ်အတွက် ကဗျာ နှလုံးသား အားတိုးဆေး
ကမာပုလဲ
မတ်လ ၅၊ ၂၀၁၃ 


နှလုံးသားကို အစားထိုး ကုသလို့ရတယ် 
ကဗျာကို အစားထိုး လုပ်ယူလို့မရဘူး ဇော်ကြီး ...။ 

မင်းရော ငါရော  
မသေခင် ကဗျာတွေ ရေးနေကြရမှာပဲ ဇော်ကြီး ...။ 

ကဗျာက ကဗျာလို နေပြီး 
ငါတို့က ကဗျာထဲမှာ နေထိုင်ကြတယ် 
ငတ်တယ် ... ဆင်းရဲတယ် ... လူအထင်အမြင်သေးတယ် 
မဆန်းဘူး ဇော်ကြီး ...။ 

မင်းရော ငါရော  
သူမနဲ့ သူတို့ကို အထင်ကြီးခဲ့ကြ 
မင်းရော ငါရော  
သူတို့ကို ထောင်တန်းအကျခံပြီး ချစ်ခဲ့ကြ 
မင်းရော ငါရော 
၂၀၀၈၊ ၂၀၁၀ နဲ့ ၂၀၁၁ ကြားဖြတ်ကြီးကို 
တူးတူးခါးခါး ဆန့်ကျင်ခဲ့ကြ  
မထွေးနိုင် မမြိုနိုင် ခံစားချက်တွေ ကဗျာဖြစ်ခဲ့ကြ 
မဆန်းဘူးဇော်ကြီး ...။ 

သေချာတာက  
ဒီခေတ်မှာ သံခင်းတမန်ခင်း အနမ်းတွေထဲ  
တဏှာရာဂ စွက်နမ်းလို့ ရတယ် 
အကျိုးစီးပွားတွေ ရင်းနှီးမြုပ်နှံလိုက်လို့ ရတယ် 
မျက်နှာပြောင်တိုက်ပြီး ကမ္ဘာပတ်နေလို့ ရတယ် 
အေး ... ဒါပေမဲ့ ... ဒါကို 
ကဗျာက သိတယ် 
ကဗျာကို ညာလို့မရဘူး ဇော်ကြီး ...။ 

မင်းသေလဲ မြေကြီးပဲ ဖြစ်မယ် 
ငါသေလဲ မြေကြီးပဲ ဖြစ်မယ် 
ကဗျာတွေကတော့ မသေနိုင်ဘူး ရှင်တယ် ဇော်ကြီး ...။ 

မင်း နှလုံးသား ကျန်းမာရေးမကောင်းဘူးဆိုတော့ 
မင့်နှလုံးသား ကျန်းမာဖို့ကို  
ကဗျာစစ်စစ်တွေနဲ့ ကုသလိုက်စမ်းပါ ဇော်ကြီး ... 
ကဗျာနဲ့ နေထိုင်ပါ ဇော်ကြီး ... 
ကဗျာတွေအတိုင်း သစ္စာမြဲစေ ဇော်ကြီး ... 
မင့်ကဗျာတွေ ကျန်းမာသန်စွမ်းနေတာ  
ချစ်သင့်သူတွေကို ချစ်တတ်ပြီး  
မုန်းသင့်သူတွေကို မုန်းတတ်လို့ပဲ ဇော်ကြီးရေ ... ။  

နှလုံးသားကို အစားထိုးကုသလို့ ရတယ် 
ကဗျာကို အစားထိုး လုပ်ယူလို့မရဘူး 
အေး ... 
သစ်ကောင်းအိမ်ဆိုတဲ့ကောင်ကိုလည်း အစားထိုးလို့မရဘူး ဇော်ကြီး ... ။ ။ 

Kyaw Thu - FFSS Yangon Activity,


ဗဟ္မစိုရ် အုတ်မြစ်
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
မတ်လ ၅၊ ၂၀၁၃


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေး၊ ကျန်းမာရေး၊ သဘာဝဘေး၊ စစ်ဘေး အစရှိသည့် ကူညီဖေးမ စောင့်ရှောက်မှုလုပ်ငန်းများအပြင် အသိပညာဖွံ့ဖြိုးရေးအတွက် "သုခအလင်း" ပညာဒါန၏ ပထမဆုံးလုပ်ငန်းစဉ်အဖြစ် ၂ဝ၁ဝ ခုနှစ်၊ ဖေဖော်ဝါရီ (၁၃) ရက်နေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့)တွင် "သုခအလင်း" စာကြည့်တိုက်အား အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။ ၂ဝ၁ဝ ခုနှစ်၊ မတ်လမှစ၍ နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းအဖြစ် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။


၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလပိုင်း အချိန်ကာလသည် ကလေးငယ်များ အတန်းတင်စာမေးပွဲအား ဖြေဆိုနေချိန်ဖြစ်သည်။ အတန်းတင်စာမေးပွဲကြီး ဖြေဆိုပြီးသည်နှင့် တပြိုင်နက် နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်း တက်ရောက်ရန် (၅) တန်းမှ (၈) တန်းအထိ ကလေးငယ်များ ၁.၃.၂ဝ၁၃ ရက်နေ့ နံနက်(၉းဝဝ)နာရီ အချိန်တွင် Section ( A, B, C, D ) အလိုက်ခွဲ၍ တက်ရောက်နိုင်စေရန် ကလေးဦးရေ (၂၅ဝ) ဦးတို့အား ဖြေဆိုခဲ့ကြသည်။ ၅.၂.၂ဝ၁၃ ရက်နေ့တွင် မိမိတို့ တက်ရောက်ကြရမည့် Section အလိုက် နာမည်များအား ကြော်ငြာသင်ပုန်းတွင် ဖော်ပြထားမည်ဖြစ်ပြီး ၇.၂.၂ဝ၁၃ ရက်နေ့မှစတင်၍ နံနက် (၈းဝဝ) နာရီမှ ညနေ (၅းဝဝ) နာရီအထိ (ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ) နေ့ရက်များတွင် တက်ရောက်သင်ကြားရမည်ဖြစ်သည်။ နွေရာသီ အခြေခံအင်္ဂလိပ်စာ သင်တန်း သင်ကြားပို့ချပေးသည်သာမက ယဉ်ကျေးလိမ္မာသင်တန်းအား တွဲဖက်၍ မတ်လ (၄ ၊ ၅ ၊ ၆) ရက်နေ့များတွင် (၁) တန်းမှ (၆) တန်းအရွယ်အထိ ကလေးငယ်များအား နံနက် (၉းဝဝ) နာရီမှ နေ့လည် (၃းဝဝ) နာရီအချိန်ထိ သင်ကြားပို့ချမည်ဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဒု-ဥက္ကဌ ဒေါ်သန်း မြင့်အောင်၊ ကိုရဲ(အောင် ဖောင်ဒေးရှင်း)၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသား ဦးမြတ်သူတို့နှင့် အတူ (Myanmar Story Tellers) မြန်မာပုံပြောသူများအဖွဲ့မှလည်း ကလေးသူငယ်များအား မြန်မာ့လူ့ ဘောင်အဖွဲ့အစည်း၏ လူငယ်/ရွှယ်များ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် သရုပ်ဖော် ပုံပြင်များဖြင့် ပို့ချပေးမည်ဖြစ်သည်။ ယဉ်ကျေးလိမ္မာသင်တန်းတွင် ကလေးများအား ဘုရားရှိခိုးနည်း၊ ယဉ်ကျေးလိမ္မာစာစဉ်များ၊ ကဗျာများ၊ ဆုံးမစာများ တရားထိုင်နည်း စသဖြင့် သင်ကြားပို့ချလျှက်ရှိသည်။


ကလေးမိဘများသည် ကလေးများ၏ ပညာရေး၊ စာရိတ္တရေး၊ စည်းကမ်းရှိစေရေး၊ မိဘများ၏ အုပ်ထိန်းမှုအောက်တွင် မရှိသော်လည်း စိတ်ချရခြင်းတို့အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်း သား/သူများမှလည်း ကလေးငယ်များအား ကြည့်ရှု့စောင့်ရှောက်ခြင်းတို့ကြောင့် ယုံကြည်စွာ အပ်နှံလာခဲ့ ကြသည်။ Group အလိုက်စာမေးပွဲသို့ လာရောက်ဖြေဆိုကြသော ကလေးအများစု ရာခိုင်နှုန်း (၈ဝ) ခန့် သည် နှစ်စဉ်ဖွင့်လှစ်သည့် သင်တန်းတက်ရောက်ကြသော ကလေးငယ်များ ဖြစ်ကြသည်။ သင်ကြားပြသ ပေးကြသော ဆရာ/မများသည်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခအလင်း ပညာဒါနတွင် အခ ကြေး ငွေတစုံတရာမယူဘဲ ဗြဟ္မစိုရ်တရားလေးပါးနှင့်အညီ သင်ကြားပြသပေးသော ဆရာ/မများဖြစ် ကြ သည်။ ထို့ကြောင့် ကုသိုလ်၊ စေတနာ အဓိကထားသော ဆရာ/မများနှင့် သင်ကြားရသောကြောင့် ကလေး မိဘများသည် စိတ်ချ၊ ယုံကြည်ကြသဖြင့် သုခအလင်း ပညာဒါနသို့ လာရောက်အပ်နှံကြခြင်းဖြစ်သည်။

 

သုခအလင်း ပညာဒါနမှ တိုးချဲ့လုပ်ငန်းစဉ်အဖြစ် လူငယ်ပရဟိတ မျိုးဆက်သစ်သင်တန်း၊ နယ် ပရဟိတ စွမ်းရည်မြှင့်သင်တန်းစသည့် သင်တန်းများဖွင့်လှစ်ခဲ့ပါသည်။ ထို့အပြင် လူငယ်/ရွယ်များ အလုပ် အကိုင် အခွင့်အလမ်းကောင်းများရရှိစေရန် ဟိုတယ်သင်တန်း၊ ကွန်ပျုတာသင်တန်း၊ သတင်းနှင့် စာနယ် ဇင်းသင်တန်း၊ ရုပ်/သံရိုက်ကူးရေးသင်တန်း၊ LCCI သင်တန်း၊ တက္ကသိုလ်ဝင်တန်းနှင့် အထက် English 4-Skills သင်တန်း၊ တက္ကသိုလ်ဝင်တန်း (ဘာသာစုံ) ပညာဒါန၊ ရှေးဦးသူနာပြုစုနည်းသင်တန်း၊ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်း၊ ဆရာအတတ်သင်သင်တန်း စသည်တို့ကို ဖွင့်လှစ်သင်ကြားပေးခြင်း တို့အပြင် ကျေးလက်ဒေသများအထိ အသိပညာဖွံ့ဖြိုးစေရန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ဆရာ/မများအား လစဉ်လစာများ ထောက်ပံ့ပေးခြင်း၊ ဆင်းရဲနွမ်းပါး၍ ထူးချွန်သော ဆေးတက္ကသိုလ် ကျောင်းသားများအား ပညာသင်ဆုချီးမြှင့်ခြင်း၊ နယ်ဒေသရှိ စာကြည့်တိုက်များသို့ "သုခအလင်း" စာကြည့် တိုက်မှ စာအုပ်များမျှဝေလှူဒါန်းခြင်း စသည့် ထောက်ပံ့ကူညီပေးမှုများကိုလည်း ပြုလုပ်ပေးခဲ့ကာ နှစ်စဉ် တိုးချဲ့၍ ဆောင်ရွက်လျှက်ရှိပါသည်။

အောက်ခြေအုတ်မြစ်ခိုင်မာမှ အဆောက်အဦး မည်မျှမြင့်မားစေကာမူ လေဒဏ်၊ မိုးဒဏ်၊ သဘာဝ ဘေးဆိုးတို့အား ခံနိုင်မည်ဖြစ်သကဲ့သို့ နုနယ်လှသော မျိုးဆက်သစ်ကလေးငယ်များအတွက် ယဉ်ကျေး လိမ်မာမှု၊ အသိဥာဏ်ဖွင့်ဖြိုးမှု၊ ပညာရည်တိုးမြင့်စေမှု၊ ပဏ္ဍိတမိဘဆရာတို့အား ရိုသေကိုင်းရှိုင်းမှု အတွေး အခေါ်ကောင်းများ တွေးခေါ်စဉ်းစားမှု စသည့်လူသားအကျိုး၊ အများအကျိုးကို ပေးဆပ်ကူညီချင်စိတ်များ ပေါ်ပေါက်လာစေရန်အတွက် ကျွန်တော်တို့ လူမှုရေးသမားများက မိဘဆရာအပေါင်းတို့နှင့် လက်တွဲကာ ကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာကာ လူသားခြင်း စာနာထောက်ထားတတ်သော စိတ်ဓါတ်များ မြင့်မား တိုးတက်လာစေရန် အချိန်ပြည့် ထမ်းရွက်ပေးနေပါတော့သည်။

ပညာသင်ရာမှာ အရှက်တရားဟာ ရန်သူပါ။

မိခင်၏ နှလုံးသားသည် ရင်သွေးငယ်များ၏ ကျောင်းခန်းဖြစ်သည်။

လောကမှာ ဘယ်သူတွေ မေတ္တာပျက်ပျက် မိဘနှစ်ပါးကတော့ မေတ္တာမပျက်ဘူး။

First learner's Thesaurus PZ Publication - Translated by Junior Win


စာအုပ်အမည် - စာသင်သားများအတွက် သီဆောရပ်ရှေ့ပြေး
ဘာသာပြန် - ဂျူနီယာဝင်း
မူရင်းစာအုပ်အမည် - First learner's Thesaurus PZ Publication
ဖေဖော်ဝါရီ ၂၀၁၃ ခုနှစ်
ထုတ်ဝေသူ - ရန်အောင်စာပေ
ပထမအကြိမ်
အုပ်ရေ - ၁၀၀၀
တန်ဖိုး - ၁၅၀၀ ကျပ်
စာမျက်နှာ -၁၇၀
အဖုံးဒီဇိုင်း - Eagle
မြန်မာပြည်မှာ မထွက်ဖူးသေးသော သီဆောရပ်မိတ်ဆက် စာအုပ်ဖြစ်သည်။ တချို့မှာ သီဆောရပ်ဆိုတာ ဘာမှန်းမသိသူများ တွေ့ဖူးသည်။ မူရင်းစာအုပ်မှာပင် Synonymသာ ပါသည်။ ဒါကို Antonym ထပ်မံ ဖြည့်စွက်ပေးထားတာကြောင့် ပို၍ပင် ပညာတိုးအောင် လုပ်ပေးထားပါသည်။ သီဆောရပ်ကို တီထွင်သူ ရော့ဂျေ၏ ပုံကို နောက်ဖုံးမှာတွေ့ကြရပြီး၊ သူ့အထုပတ္တိကိုအတွင်းမှာ ဒေါက်တာခင်မောင်ဝင်းက ရေးပေးထားသည်။ သီဆောရပ်စာအုပ် ဘယ်လို ဖတ်ရူလေ့လာရမည် ဆိုတာကို အတွင်းမှာ လမ်းညွှန်ချက်ပါသည်။ သည်စာအုပ်မူရင်းကလေးကို မိခင်ဖြစ်သူ တက္ကသိုလ်ရွှေရီဝင်းက စာအုပ်ဆိုင်က ၀ယ်လာပေးရာမှ ဘာသာပြန်ဖို့ စိတ်ကူးရလာပါသည်။
ဒါကို ၂၀၁၀ခုနှစ်ကနေ ၂၀၁၂ မေလအထိ The Light Of English တွင် လစဉ်ဖော်ပြခဲ့ကာ ယခု ရန်အောင်စာပေက ထွက်ရှိခဲ့ခြင်းဖြစ်ပါသည်။ အတွင်းပုံများသည် မူရင်းစာအုပ်အတိုင်း စီစဉ်ပေးထားပြီး အထူးကဏ္ဍအဖြစ် Index ပါရှိသည်။
သည်စာအုပ်လေးကိုဖတ်ရူရင်းပျော်ရွှင်ကြပါစေ။

Tu Maung Nyo - Step forward to National Unification, a question


"အမျိုးသားသွေးစည်းညီညွှတ်ရေးရရှိနိုင်ဖို့ ခိုင်မာတဲ့ခြေလှမ်းသစ်တစ်ခုလှမ်းနိုင်ခဲ့ပြီ" လို့ ဆိုနေပြန်ပါလား
တူမောင်ညို  (၂၀၁၃ ခုနှစ်၊ မတ်လ ၄ ရက်)
သမ္မတ (ဗိုလ်) ဦးသိန်းစိန်က  မတ်လ ၁ ရက် ရေဒီယိုမိန့်ခွန်းထဲမှာ (၆၆)နှစ်မြောက်"ပြည်ထောင်စုနေ့ညစာစားပွဲ" ကို သူက ဖိတ်ခေါ်ခဲ့ပေမယ့် KIO/KIA တစ်ဖွဲ့ပဲ မတက်ခဲ့လေသယောင်ပြောခဲ့ပါတယ်။
တကယ်တော့"ပြည်ထောင်စုနေ့ညစာစားပွဲ"သို့ ပဏာမသဘောတူလက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း (၄) ဖွဲ့တက်ရောက်ခြင်းမရှိပါဘူး။
            ၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၃) ဖွဲ့နှင့် ပဏာမသဘောတူညီချက် လက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။ အောက်ပါဇယားကိုကြည့်ပါ။

စဉ်
အဖွဲ့အစည်းအမည်
ပဏာမ သဘောတူလက်မှတ်ရေးထိုးသည့်နေ့ရက်
၁။
"ဝ" အထူးဒေသ(၂)
၂၀၁၁ ခုနှစ်၊  အောက်တိုဘာ ၁ ရက်
၂။
မိုင်းလားအထူးဒေသ (၄)
၂၀၁၁ ခုနှစ်၊  အောက်တိုဘာ ၉ ရက်
၃။
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်
၎။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/ SSA)
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်



၅။
ချင်းအမျိုးသားတပ်ဦး (CNF)
၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ  ၆ ရက်
၆။
ကရင်အမျိုးသားအစည်းအရုံး (KNU)
၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ  ၁၂  ရက်
၇။
ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA)
၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ  ၂၈  ရက်
၈။
မွန်ပြည်သစ်ပါတီ (NMSP)
၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁  ရက်
၉။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA)
၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီ ၇  ရက်
၁၀။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)
၂၀၁၂ ခုနှစ်၊ မတ် ၇   ရက်
၁၁။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)
၂၀၁၂ ခုနှစ်၊ ဧပြီ ၅    ရက်
၁၂။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN (K)
၂၀၁၂ ခုနှစ်၊ ဧပြီ  ၉    ရက်
၁၃။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)
၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၅ ရက်

ဇယားတွင်ဖေါ်ပြထားသည့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း  ၁၃ ဖွဲ့အနက် "ပြည်ထောင်စုနေ့ညစာစားပွဲ" သို့ အဖွဲ့ (၉) ဖွဲ့သာတက်ရောက်ခဲ့ပါတယ်။  အောက်ပါ အဖွဲ့ ၄ ဖွဲ့တက်ရောက်ခြင်းမရှိပါ။

၁။  "ဝ"အထူးဒေသ(၂)
၂။  မိုင်းလားအထူးဒေသ(၄)
၃။  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)
၎။  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)

ဖေါ်ပြပါ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၄ ဖွဲ့တက်ရောက်ခြင်းမရှိတာကို သမ္မတ (ဗိုလ်)ဦးသိန်းစိန်က သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားခြင်းမရှိပါဘူး။  ဖိတ်ကြားခြင်းမရှိတာလား၊ ဖိတ်ကြားသော်လည်း တက်ရောက်ခြင်းမရှိတာလား။
ကချင်ပြည်နယ်ကစစ်ပွဲတွေကိုအကြောင်းပြုပြီး(၆၅)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားတက်ရောက်ခြင်းမပြုတဲ့နိုင်ငံရေး ပါတီအချို့ရှိခဲ့ပါတယ်။
ဖေါ်ပြပါ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်ခြင်းမပြုတာ ဘာ ကြောင့်လဲ။
"ပြည်ထောင်စုနေ့ညစာစားပွဲ" တက်ရောက်နိုင်ခြင်းမရှိတာဟာ(ဗိုလ်)ဦးသိန်းစိန် ရေဒီယိုမိန့်ခွန်းထဲမှာပါသလို "ကျန်ရှိနေသေး တဲ့ အခက်အခဲအမျိုးမျိုး၊အကြောင်းအမျိုးမျိုး"ထဲမှာ "၂၀၀၈ အခြေခံဥပဒေ" ကိစ္စနဲ့ သူတို့လက်နက်ကိုင်တပ်ကို စစ်တပ်ထံ လွှဲပြောင်း ပေးရမယ့်ကိစ္စတွေလည်းပါဝင်မယ်လို့ယူဆပါတယ်။
KIO/KIA အဖွဲ့ တက်ရောက်ခြင်းမရှိတာကိုပဲ ရည်ညွန်းပြောဆိုပြီး ဖေါ်ပြပါအဖွဲ့များတက်ရောက်ခြင်းမရှိတာကို သမ္မတ (ဗိုလ်) ဦးသိန်းစိန်က ထည့်သွင်းပြောဆိုခြင်းမရှိတာဟာ ထူးခြားချက်ဖြစ်ပါတယ်။
KIO/KIA အဖွဲ့မတက်ရောက်တာဟာ ပဏာမအဆင့်သဘောတူလက်မှတ်မထိုးရသေးတဲ့အတွက် တက်ရောက်ခြင်းမရှိတာလို့ စဉ်းစားနိုင်ပေမယ့် ပဏာမသဘောတူလက်မှတ်ထိုးထားတဲ့အဖွဲ့ ၄ ဖွဲ့မတက်ရောက်တာကတော့ မေးစရာနဲ့ တွေးစရာဖြစ်ပါတယ်။

 ဒါ့အပြင် "ဝ"အထူးဒေသ(၂)နဲ့ မိုင်းလားအထူးဒေသ(၄)တို့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ခဲ့ကြပြီး (နဝတ-နအဖ) စစ်အစိုးရနဲ့ပထမဆုံးအပစ်ရပ်ခဲ့ကြတဲ့အဖွဲ့တွေဖြစ်ပါတယ်။
 သမ္မတ(ဗိုလ်)ဦးသိန်းစိန်အစိုးရနဲ့လည်း ပထမဆုံး ပဏာမသဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့အဖွဲ့တွေဖြစ်ပါတယ်။ အပစ်ရပ် အဖွဲ့တွေအနက်လက်နက်ကိုင်အင်အားအများဆုံးရှိတဲ့အဖွဲ့တွေလည်းဖြစ်ပါတယ်။KIO/KIAနှင့်အစိုးရဆွေးနွေးနိုင်ရေးအတွက်"ပန်းဆန်း" မှာလာရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပန်ကြားခဲ့တဲ့အဖွဲ့တွေလည်းဖြစ်ပါတယ်။

ဒီလိုအဖွဲ့တွေပါဝင်တက်ရောက်လာခြင်းမရှိဘဲနဲ့ "အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအတွက် မြန်မာပြည်သူတွေ အနေနဲ့ ပေးနိုင်မယ့် အကောင်းဆုံး လက်ဆောင်တစ်ခုလို့ ပြောလို့ရတဲ့ အမျိုးသားသွေးစည်းညီညွှတ်ရေးရရှိနိုင်ဖို့ ခိုင်မာတဲ့ခြေလှမ်းသစ် တစ်ခု လှမ်းနိုင်ခဲ့ပြီ" လို့ သမ္မတ(ဗိုလ်) ဦးသိန်းစိန် ပြောတာဟာ သက်သက်မဲ့ ကြွားလုံးထုတ်တာ မဟုတ်ရင် လိမ်ညာတာပဲဖြစ်ရမယ်။
(နဝတ-နအဖ) စစ်အစိုးရလက်ထက်မှာ "တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး (၁၇) ဖွဲ့၊ အဖွဲ့ငယ် (၂၃) ဖွဲ့ " နဲ့ ဘယ်အစိုးရ လက်ထက်မှာမှ မရရှိဖူးတဲ့ငြိမ်းချမ်းရေးရခဲ့ပြီလို့ ကြွားလုံးထုတ်ခဲ့ဖူးပါတယ်။ သမ္မတ (ဗိုလ်) ဦးသိန်းစိန်အစိုးရလက်ထက် ပထမဆုံး သတင်းစာရှင်းလင်းပွဲ (၁၂ - ၈ - ၂၀၁၁) အထိ "တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး (၁၇) ဖွဲ့၊ အဖွဲ့ငယ် (၂၃) ဖွဲ့ " ဆိုတဲ့ စာရင်းကို ပြောနေခဲ့ပါသေးတယ်။ အခုတော့ "၁၁ ဖွဲ့ရှိတဲ့အနက် ၁၀ ဖွဲ့" နှင့်ပဏာမသဘောတူညီခဲ့ကြပြီ၊ KIO/KIA အဖွဲ့သာ ကျန်တော့တယ်လို့ ပြောနေပြန်ပါတယ်။
 "တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး (၁၇) ဖွဲ့၊ အဖွဲ့ငယ် (၂၃) ဖွဲ့ " က ဘယ်ရောက်သွားတာလဲ။ သူ့အလိုလိုဖျက်သိမ်းလိုက် တာလား။ (ဗိုလ်)ဦးသိန်းစိန်အစိုးရအဖွဲ့က ဖျက်သိမ်းလိုက်တာလား။ အဆိုပါ အဖွဲ့စာရင်းတွေ အမျိုးမျိုးဖြစ်နေတာ ဘာကြောင့်လဲ။ လောလောဆယ်မှာ ပဏာမ သဘောတူလက်မှတ်ထိုးပြီးတဲ့အဖွဲ့ ၁၃ ဖွဲ့ရှိနေပါတယ်။

စာဖတ်သူ ယခုဖတ်နေရတဲ့ ဆောင်းပါးဟာ သမ္မတ (ဗိုလ်) ဦးသိန်းစိန်ရဲ့ မတ်လ ၁ ရက် ရေဒီယိုမိန့်ခွန်းထဲမှာပါရှိတဲ့ "ပြည်ထောင်စုနေ့ ညစာစားပွဲဟာ နှစ်ပေါင်းများစွာအတွင်း ထူးထူးခြားခြား ကျင်းပနိုင်ခဲ့တာဖြစ်တယ်" ဆိုတဲ့အချက်ကိုသာ ရွေးထုတ်ပြီး ရေးသားတင်ပြခဲ့တာဖြစ်ပါတယ်။
"မတူညီတဲ့ နိုင်ငံရေး ခံယူချက်၊ သဘောထားများကြောင့် ခေတ်စနစ် အခြေအနေအရ အကျဉ်းချခံခဲ့ရသူများ"  ဆိုတဲ့ကိစ္စကို ဆက်လက်ရေးသာတင်ပြပါဦးမယ်။
             

ညွန်း
- နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်း (၁ မတ် ၂၀၁၃ )
- သတင်းစာရှင်းလင်းပွဲ (၁/၂၀၁၁) (၁၃ သြဂုတ် ၂၀၁၁ )

           
            

Aung Din - Regime Hluttaw in Perspective - 11


(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၅၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၃၊ စာမျက်နှာ ၁၈)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၁၁)
အောင်ဒင်၊ မတ် ၅၊ ၂၀၁၃
အပိုင်း (၁၁) ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေများကို လေ့လာသုံးသပ်ခြင်း (ခ)

မဲဆန္ဒရှင်များနှင့် ဆက်ဆံရေး
၂၀၁၂ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေများရဲ့ အခန်း (၄)၊ တာဝန်များ ဆိုတဲ့ အပိုင်း ပုဒ်မ ၉ (စ) နဲ့ (ဆ) မှာ လွှတ်တော်ကိုယ်စားလှယ်များဟာ မဲဆန္ဒရှင်များအား လွှတ်တော်အတွေ့အကြုံတွေ ပြန်လည်ရှင်းလင်းတင်ပြဖို့ နဲ့ မဲဆန္ဒရှင်များရဲ့ တင်ပြချက်များနဲ့ စပ်လျင်းပြီး လွှတ်တော်ကို ပြန်လည်တင်ပြဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်၊ ဒါဟာလဲ အင်မတန်ကောင်းမွန်တဲ့ ပြဋ္ဌန်းချက်ပဲဖြစ်ပါတယ်၊ မဲဆန္ဒနယ်အလိုက် ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်များက မဲဆန္ဒရှင်ပြည်သူများနဲ့ ပုံမှန်ထိတွေ့ဆက်ဆံပြီး သူတို့ရဲ့ တင်ပြချက်တွေကို လွှတ်တော်ကို ပြန်တင်ပြတာ၊ လွှတ်တော်အတွေ့အကြုံတွေကို ပြန်လည်ရှင်းပြတာဟာ အရေးကြီးတဲ့ တာဝန်တွေပါ၊ ဒါမှလဲ ပြည်သူလူထုနဲ့ လွှတ်တော်ဆက်ဆံရေးဟာ ပိုပြီးနွေးထွေးလာမှာပါ၊
တခုမရှင်းတာက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များရော ဒီပြဋ္ဌန်းချက်မှာ အကျုံးဝင်သလား၊ မဝင်ဘူးလား ဆိုတာပါ၊ ဒီဥပဒေရဲ့ ပုဒ်မ ၂ (စ) မှာ "လွှတ်တော်ကိုယ်စားလှယ် ဆိုသည်မှာ ဤဥပဒေပါ ကိစ္စအလို့ငှါ ပြည်သူ့ (အမျိုးသား) လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တို့ကို ဆိုလိုသည်" လို့ အဓိပ္ပါယ်ဖွင့်ဆိုထားတော့ ဒီတာဝန်တွေဟာ အရွေးချယ်ခံကိုယ်စားလှယ်ရော၊ တပ်မတော်သားကိုယ်စားလှယ်များပါ ထမ်းဆောင်ရမည့် တာဝန်တွေ ဖြစ်တယ်လို့ ယူဆရမှာပါ၊

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး (Civil-Military Relation)
တကယ့်ကိုပဲ တပ်မတော်သား ကိုယ်စားလှယ်များက သက်ဆိုင်ရာ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံပြီး လွှတ်တော်အတွေ့အကြုံတွေကို ရှင်းပြ၊ ပြည်သူတွေရဲ့ အသံတွေကိုနားထောင်ပြီး လွှတ်တော်ကို ပြန်လည် တင်ပြမယ် ဆိုရင် သိပ်ကောင်းမှာပါ၊ ပြည်သူ့လွှတ်တော်မှာ ပါဝင်တဲ့ တပ်မတော်သားကိုယ်စားလှယ် ၁၁၀ က မြန်မာနိုင်ငံရဲ့ ဘယ်မြို့၊ ဘယ်ဒေသကိုမှ ကိုယ်စားမပြုပေမည့် အနည်းဆုံး သူတို့ရဲ့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေက တပ်မတော်သားတွေ၊ မိသားစုတွေကို တွေ့ဆုံဆက်ဆံသင့်ပါတယ်၊ အမျိုးသားလွှတ်တော်မှာပါတဲ့ တပ်မတော်သားကိုယ်စားလှယ် ၅၆ ယောက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄၁ (ခ) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီအတွက် ကိုယ်စားလှယ် ၄ ဦးကျစီ ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတာမို့ ပြည်နယ် နဲ့ တိုင်းဒေသကြီး တစ်ခုစီမှာ ကိုယ်စားပြုတဲ့ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၄ ယောက်စီ ရှိနေပါတယ်၊ အဲဒီ တပ်မတော်သားကိုယ်စားလှယ်တွေက သူတို့ရဲ့ မိခင်တပ်ရင်း တပ်ဖွဲ့တွေကိုရော၊ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးများက ပြည်သူတွေကိုရော လွှတ်တော်အတွေ့အကြုံရှင်းလင်းတာ၊ လူထုအသံနားထောင်တာ လုပ်သင့်တာပေါ့၊ တပ်မတော်သားတွေ နဲ့ သူတို့ရဲ့ မိသားစုတွေမှာလဲ လွှတ်တော်ကြီးကို သူတို့ရဲ့ ကိုယ်စားလှယ်များက တဆင့် ရင်ဖွင့်ချင်တာ၊ တောင်းဆိုချင်တာ၊ တိုင်တန်းချင်တာ အများကြီးရှိမှာပါ၊ 

ဒါပေမည့်လဲ နောက်ပြဿနာ တစ်ခုက တပ်မတော်သားကိုယ်စားလှယ်တွေဟာ အရွေးချယ်ခံကိုယ်စားလှယ်များလို လွှတ်တော် ၅ နှစ်သက်တမ်းအပြည့် တာဝန်ထမ်းဆောင်နိုင်သူများ မဟုတ်ကြပါ၊ အကြောင်းအမျိုးမျိုးနဲ့ ကာကွယ်ရေးဦးစီးချုပ်က သူခန့်ထားတဲ့ တပ်မတော်သားကိုယ်စားလှယ်ကို လွှတ်တော်ထဲက ပြန်ခေါ်ပြီး ကိုယ်စားလှယ်အသစ်များနဲ့ အစားထိုးတာကို လွှတ်တော်အစည်းအဝေးတွေ အသစ်ပြန်စတိုင်း တွေ့နေရတာပါ၊ တကယ်တော့ လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်ခြင်းဟာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ တပ်မတော်ကိုယ်စားလှယ်များ လွှတ်တော်သက်တမ်း တစ်ခုအတွင်း အတူတကွ ပူးပေါင်းဆောင်ရွက်ရင်း အပြန်အလှန်နားလည် ယုံကြည်မှုတွေ တည်ဆောက်လို့ တိုင်းပြည်ကောင်းအောင် ဝိုင်းဝန်းတည်ဆောက်ကြဖို့ ဖြစ်သင့်ပါတယ်၊ လွှတ်တော်ဆိုင်ရာ ပြဋ္ဌန်းချက် ဥပဒေများဟာလဲ အရွေးချယ်ခံကိုယ်စားလှယ်များရော၊ တပ်မတော်သား ကိုယ်စားလှယ်များရော အားလုံးအပေါ် အပြည့်အဝ သက်ရောက်သင့်ပါတယ်၊ 

အခုအချိန်အထိကတော့ လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ်များဟာ အရွေးချယ်ခံကိုယ်စားလှယ်များနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းမရှိ၊ လူထုကို ကိုယ်စားမပြု လူထုနဲ့ မပါတ်သက်ပဲ ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်ထဲကိုပဲ သစ္စာခံ၊ လွှတ်တော်ကိုယ်စားလှယ်များအတွက် တာဝန်၊ ကျင့်ဝတ် နဲ့ စည်းကမ်းဆိုင်ရာ ပြဋ္ဌန်းချက်တွေဟာလဲ သူတို့အတွက် မဟုတ်၊ ငါးနှစ်ပြည့်အောင် လွှတ်တော်ထဲမှာ ရှိဖို့လဲ  မသေချာ၊ ဒီလိုနဲ့ တပ်မတော်သားကိုယ်စားလှယ်များဟာ လွှတ်တော်ထဲမှာ သီးခြားအင်အားစုကြီး တခုအနေနဲ့ ရပ်တည်ပြီး လူထုနဲ့ အလှမ်းဝေးနေဆဲဆိုတာ ဝမ်းနည်းစွာ တွေ့မြင်နေရပါတယ်၊

မဲဆန္ဒရှင်များအပေါ်မှာ ပွင့်လင်းပါ
လွှတ်တော်ကိုယ်စားလှယ်များ လူထုနဲ့ တွေ့ဆုံတဲ့အခါ အရေးအကြီးဆုံးက တော့ ပွင့်လင်းမှု၊ ရိုးသားမှုရှိဖို့ပါပဲ၊ လွှတ်တော်အဆောက်အအုံကြီးက ဘယ်လို ခန်းနားထည်ဝါတာ၊ အစားအသောက်တွေက ဘယ်လို ကောင်းမွန်တာ စတာတွေပြောဖို့ထက် လွှတ်တော်ထဲမှာ ပြည်သူလူထုအကျိုးစီးပွါးအတွက် သူတို့ဘာတွေ ဆောင်ရွက်ခဲ့တယ်၊ အောင်မြင်မှု၊ အရေးနိမ့်မှုတွေကို ရိုးသားစွာ တင်ပြဖို့ပါ၊ လူထုရဲ့ အသံကို လေးလေးစားစားနားထောင်ပြီး ဥပဒေတစ်ခု ဖြစ်သင့်တာကို ဖြစ်အောင်ကြိုးစားပေးဖို့ပါ၊
အမေရိကန်ပြည်ထောင်စုမှာတော့ လွှတ်တော်ကိုယ်စားလှယ်တိုင်းဟာ ကိုယ်ပိုင် ဝက်ဆိုက် (Website) တွေ ရှိကြပြီး သူတို့ရဲ့ လွှတ်တော်တွင်း ဆောင်ရွက်မှုတွေကို အဲဒီ ဝက်ဆိုက်တွေမှာ ပွင့်ပွင့်လင်းလင်းတင်ပြထားပါတယ်၊ ဥပဒေ တစ်ရပ်ပြဋ္ဌန်းအတည်ပြုနိုင်ရေးအတွက် ဦးဆောင်အဆိုပြုခဲ့တာတွေ၊ ပြည်သူလူထုအတွက်အကျိုးမရှိဘူးလို့ ယုံကြည်တဲ့ ဥပဒေတွေ အတည်မပြုနိုင်အောင် ကန့်ကွက်ခဲ့တာတွေ၊ မဲဆန္ဒရှင်တွေကိုယ်စား သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနတွေကို မေးခွန်းတွေ ထုတ်ခဲ့တာတွေ၊ လွှတ်တော်အစည်းအဝေးတွေမှာ ပြောခဲ့တဲ့ မိန့်ခွန်းတွေ၊အဆိုပြုချက်တွေ၊ တင်ပြခဲ့တဲ့ ဥပဒေမူကြမ်းတွေ၊ သူ့ကို ဆက်သွယ်ရမည့် နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလိပ်စာ စသဖြင့် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်နဲ့ ပါတ်သက်ပြီး ပြည်သူလူထုသိသင့်သမျှကို အဲဒီ ဝက်ဆိုက်တွေမှာ ရှာဖွေ လေ့လာနိုင်ပါတယ်၊ အရေးအကြီးဆုံးကတော့ မဲပေးမှုမှတ်တမ်း (Voting Record) ပါ၊ အောက်လွှတ်တော် နဲ့ အထက်လွှတ်တော် ဝက်ဆိုက်တွေမှာလဲ ဥပဒေ တစ်ခုခြင်းကို မဲခွဲဆုံးဖြတ်ရာမှာ မဲပေးသူ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အမည်စာရင်းကို သူတို့ ပေးခဲ့တဲ့ မဲဆန္ဒနဲ့တကွ ထုတ်ပြန်ကြေညာပါတယ်၊

အဲဒီ မဲပေးမှုမှတ်တမ်းကို ကြည့်ပြီး မဲဆန္ဒရှင်တွေက ဒီလွှတ်တော်ကိုယ်စားလှယ် သူတို့ရဲ့ အကျိုးစီးပွါးကို အမှတ်တကယ် ကိုယ်စားပြုခြင်း ရှိမရှိ သုံးသတ်ဝေဘန်နိုင်ကြပါတယ်၊ တကယ်လို့ လွှတ်တော်ကိုယ်စားလှယ်က မဲဆန္ဒရှင်တွေ လက်မခံနိုင်တဲ့ ဥပဒေကြမ်းကို ထောက်ခံမဲပေးခဲ့တယ် ဆိုရင် အဲဒီ လွှတ်တော်ကိုယ်စားလှယ်ဟာ လူထုနဲ့ တွေ့ဆုံပွဲတွေမှာ မဲဆန္ဒရှင်တွေရဲ့ မေးခွန်းထုတ်တာကို ခံရမှာ ဖြစ်သလို သူ့ဘက်က ရပ်တည်ချက်ကိုလဲ မဲဆန္ဒရှင်တွေကို လေးလေးစားစားရှင်းပြရမှာပါ၊
မြန်မာနိုင်ငံမှာတော့ အခုအချိန်အထိ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲကြတဲ့ အခါ လက်ထောင်တာ၊ ဒါမှမဟုတ် မတ်တပ်ရပ်တာနဲ့ မဲခွဲကြပြီး ဘယ်သူ ထောက်ခံ၊ ဘယ်သူက ကန့်ကွက်၊ ဘယ်သူက ကြားနေပြီး ဘယ်သူက မဲပေးဖို့ ပျက်ကွက်တယ်ဆိုတာ မှတ်တမ်းတင်ခြင်း၊ ထုတ်ဖော်ကြေညာခြင်း မတွေ့ရပါ၊ ဒီတော့ လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင်က သူတို့ရဲ့ မဲပေးမှုမှတ်တမ်းကို အများသိအောင် ပွင့်ပွင့်လင်းလင်းထုတ်ပြန် ကြေညာသင့်ပါတယ်၊ သူတို့ ဘာကြောင့် ဒီလို မဲပေးခဲ့တယ်ဆိုတဲ့ သူတို့ရဲ့ ရပ်တည်ချက်ကိုလဲ ရဲရဲရင့်ရင့်ရှင်းပြသင့်ပါတယ်၊ ဒါဟာ ပွင့်လင်းမြင်သာမှု နဲ့ တာဝန်ယူမှု (Transparency and Accountability) ပါ၊ လွှတ်တော်ကိုယ်စားလှယ်တိုင်းဟာ မိမိတို့ ပေးခဲ့တဲ့ မဲဆန္ဒကို အများသိအောင် ကြေညာပြီး မိမိရဲ့ မဲဆန္ဒကြောင့် ဖြစ်လာတဲ့၊ ဒါမှမဟုတ် ဖြစ်မလာတဲ့ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် တာဝန်ယူရမှာပါ၊

ဆိုကြပါစို့၊ မကြာသေးခင်က ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များအားလုံးနဲ့ လွှတ်တော်ခေါင်းဆောင်များအားလုံး ရဲ့ ပိုင်ဆိုင်မှုတွေကို လူထုသိအောင် တရားဝင် ထုတ်ပြန်ကြေညာသင့်ကြောင်း အဆိုပြုတော့ အများစုက ကန့်ကွက်လို့ အဲဒီအဆိုအရေးနိမ့်သွားပါတယ်၊ မတရားတဲ့ ဥပဒေ အချို့ကို ရုတ်သိမ်းပေးဖို့ တင်ပြတဲ့ အဆိုပြုချက်ဟာလဲ အရေးနိမ့်ခဲ့ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကိစ္စအငြင်းပွါးမှုမှာ ခုံရုံးတရားသူကြီးများကို ပြစ်တင်စွတ်စွဲခြင်း မပြုသင့်ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ ပြင်ဆင်ခြင်းဖြင့် ဖြေရှင်းသင့်ကြောင်း အဆိုပြုချက်လဲ အရေးနိမ့်ခဲ့ပါတယ်၊ ကန့်ကွက်မှုတွေ ရှိနေတဲ့ ကြားက ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ လိုက်လျောညီထွေမှုမရှိတဲ့ ဥပဒေအသစ်တွေ အတည်ဖြစ်ခဲ့ပါတယ်၊ အများပြည်သူအတွက် ရီစရာဖြစ်နေပြီး လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို အကြီးအကျယ်ခြိမ်းခြောက်လိုက်တဲ့ ဒေါက်တာ ဆိပ်ဖွားအရေးယူရေးကော်မရှင် ပေါ်ပေါက်လာပါတယ်၊ အဲဒီ လွှတ်တော်ရဲ့ ဆောင်ရွက်မှုတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ မိမိတို့ ဘယ်ဘက်က ဘယ်လို ရပ်တယ်ခဲ့တယ် ဆိုတာ ရဲရဲဝန့်ဝန့် ကြေညာသင့်ပါတယ်၊ ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေနောက်မှာ ပုန်းအောင်းမနေသင့်ပါ၊ ပြည်သူလူထုဟာ သူတို့ရဲ့ မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်က ဘယ်လို မဲပေးခဲ့တယ်၊ ဘယ်လို ရပ်တည်ခဲ့တယ် ဆိုတာကို သိခွင့်ရှိပါတယ်၊ လူထု ဆန္ဒ၊ လူထုအသံကို ကိုယ်စားပြုတယ် ဆိုတဲ့ လွှတ်တော်ဟာလဲ လူထုအပေါ် ရိုးသားပွင့်လင်းရမှာပါ၊ ဥပဒေ တစ်ခုခြင်းအလိုက် လွှတ်တော်ကိုယ်စားလှယ်များရဲ့ မဲပေးမှုမှတ်တမ်းကို တရားဝင် ထုတ်ပြန်ကြေညာသင့်ပါတယ်၊
ဆက်ရေးပါဦးမယ်၊

လေးစားစွာ၊
အောင်ဒင်
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၃

Dee Doe - Articles


ခေတ်သစ် အင်္ဂုလိမာ (သို့) မြန်မာ့ရဲ
ဒီးဒိုး
မတ်လ ၄၊ ၂၀၁၃



အမှန်တော့ အင်္ဂုလိမာလ အကြောင်း စေ့စေ့စပ်စပ် မသိရိုးအမှန်ပါ။

ဒါပေမယ့် ကြားဖူးနားဝ ရှိတာတော့ အမှန်ပါဘဲ။

အင်္ဂုလိမာလဟာ တတ်လိုသိလိုတဲ့ လိုအင်တွေကြောင့် သဘောရိုးမမှန်တဲ့ ဆရာနဲ့တွေတော့ မဖြစ်သင့်တာတွေ ဖြစ်အပျက်ပျက်နဲ့ နှာခေါင်း သွေးထွက်ခဲ့တယ်။

နောက်ဆုံးတော့ မိမိကို မွေးဖွား သန့်စင်ခဲ့တဲ့ မာတာ မိခင်ကိုတောင် လိုအပ်တဲ့ လက်ညိုးဖြတ်ဖို့ လုပ်ခဲ့တာဟာ မိမိရဲ့ လိုအင်ပြည့်ဖို့ ဆရာမိုက်ရဲ့ စကားကို အမှန်ထင်ပြီး မိုက်မဲခဲ့တာပါဘဲ။

ဒါပေမယ့် အင်္ဂုလိမာလ က ဘုရားရှင်နဲ့ တွေ့လို့ ကျွတ်တန်းဝင်ခဲ့ပါတယ်။

အင်္ဂုလိမာလ အတွက်တော့ ဘယ်လိုမှ အစားထိုးမရတဲ့ မိခင်လက်ညိုး ဖြတ် ချင်ခဲ့ပေမယ့် မြတ်ဘုရားရှင်နဲ့တွေ့တော ကျွတ်တန်းဝင်ခဲ့တာတော့ အင်္ဂုလိမာလ အတွက် ကံကောင်းတယ်ပြောရမလား။ဒါမှ မဟုတ် ကျွတ်တန်း ၀င် ချိန်တန်လို့ ကျွတ်ခဲ့တာလား ဆိုတာတော့ညဏ်မမှီလို့ မသိကြောင်းပါဗျာ..၊

သူရဲ့ လိုအင်တွေကြောင့် ဆရာမိုက်ရဲ့ သဘောမမှန်တွေကို ဝေဖန်ပိုင်းခြား မနိုင်အောင် ဖြစ်ခဲ့ရလေခြင်းဆိုပြီးတော သနားစိတ်ပိုမိခဲံပါရဲ့။

နောက် မြတ်ဘုရားရှင်နဲ့ တွေမှ မြတ်ဘုရးရှင်ရဲ့ အဆုံးမအကိုနာယူပြီး ရဟန်းဝတ်၊ ၀ိပဿာတရားကျင့်ပြီး ရဟန္တာအဖြစ်ရောက်အောင် အားထုတ်နိုင်သွားလို့ နိုင်လို့ ၀မ်းသာပီတိ ဖြစ်ပါတယ်။

အင်္ဂုလိမာလ အကြောင်းတွေပြောနေရတာက ဒီကနေ့ ခေတ်သစ် အင်္ဂုလိမာလ တွေ မအူပင်ဖက်မှာ သောင်းကျန်း နေပြန်လို့ပါဘဲ။

မြန်မာနိုင်ငံ ရဲတွေကို ခေတ်သစ် အင်္ဂုလိမာလ လို့ နာမည်တပ် မှည့်ခေါ်မယ်ဆိုရင် မှားနေမလားဗျာ။

မအူပင်ဖက်မှာ ဖြစ်ပျက်သွားတဲ့ သတင်းစုံကို အားလုံးသိကြတဲ့ အတိုင်းပါဘဲ။

ခေတ်သစ် အင်္ဂုလိမာလ တွေကြတော့ ဟိုအရင်က အင်္ဂုလိမာလ လိုမဟုတ်ပါဘူး။

ခေတ်သစ် အင်္ဂုလိမာလ တွေကြတော့ ကိုယ် တတ်ချင်၊သိချင်တဲ့ လိုအင် ကြောင့် မဟုတ်ပါဘဲ ဆရာစကား(သို့) အမိန့် ကို တသွေ မသိမ်း နာခံ လုပ်ဆောင်ကြတာလေ။

သဘောရိုးမမှန်တဲ့ အမိန့်တွေကို  လိုက်မလုပ်လို့ ထမင်းငတ်ရင် မင်းကျွေးမှာလား။

ငါတို့ ကလေး မင်းကျောင်းထားပေးမလား။

ငါတို့ မိန်းမ မင်းကျွေးမွေးထားမလား။

ဟုတ်ကဲ့ ကျွန်တော်ဘာတခုမှ မလုပ်ပေးနိုင်ပါဘူး။

ကျွန်တော် က ဘုရားမှ မဟုတ်တာကိုး။

ဘာမှ မလုပ်ပေးနိုင်တာကို မင်း ကိုယ်ထမင်းကိုယ်စား အေးဆေးနေလို့ ပြောကြပေါ့။

ဟိုအရင်က အင်္ဂုလိမာလ ကို ဘာမှ မလုပ်ပေးနိုင်ဘဲ အသနားပိုခဲ့ သလို ခေတ်သစ် အင်္ဂုလိမာလကို လည်း အသနားပိုပါတယ်။

ဒါပေမယ့် ဟိုအရင် အင်္ဂုလိမာလ က မြတ်ဘုရားရှင်နဲ့တွေလို့ ရဟန္တာ ဖြစ်လို့ ၀မ်းသာပီတိ ဖြစ်ရပေမယ့် ခေတ်သစ် အင်္ဂုလိမာလ တွေကိုတော့ ပိုပြီးတောင် အသနားပိုမိပါတယ်။

ဘာလို့လဲဆိုတော့ သေချာပါတယ် ခေတ်သစ် အင်္ဂုလိမာလ တွေက မြတ်ဘုရားရှင်နဲ့ တွေဖို့ အကြောင်း လုံးဝ မရှိဆိုတဲ့ အသိကြောင့်ပါ။

ငါ့မိသားစုအတွက် ဘာမဆိုလုပ်မယ် ဆိုတာတော့ ကောင်းပါတယ်။

ဒါမှလည်း ဖခင်ကောင်းပီသ ပေမပေါ့။

ဒါပေမယ့် ဆရာကောင်းတော့ ဆင်ခြင်သိညဏ်နဲ့ ရွေးချယ်ရမှာပါ။

ခုတော့ ခေတ်သစ် သဘောရိုးမမှန်တဲ့ ဒိတ္ထိ တက္ကဒွန်း ဆရာကြီးတွေ အောက်မှ ခစားနေကြတော့ ခေတ်သစ် အင်္ဂုလိမာလ ဖြစ်မှန်းမသိ ဖြစ်ခဲ့ရပြီ။

ဒိတ္ထိ တက္ကဒွန်း ဆရာကြီးတွေရဲ့ လက်ဝေခံ တပည့်တွေက လည်း ထမင်းရှင် လယ်သမားတွေကို ဒီလိုရိုက် ပြီးရင် ဒီလိုပြန်ပင့်တင်

ခေါင်းတွေ့ ခေါင်းရိုက်၊ခြေထောက်တွေ့ ခြေထောက်ရိုက် ဘယ်နားရာရိုက်ပါလို့ သေချာ သရုပ်ပြပါလို့ မှာကြားလိုက်ပါရဲ့လေ။

ဟိုအရင် အင်္ဂုလိမာလ ရဲ့ ဆရာကြီးက တော့ လက်ညှိုးဘဲ ဖြတ်ခိုင်းတာပေါ့။

ဒီနေခေတ်မှာတော့ ဘာလို့ မသတ်မှတ်ထားတော့ပါဘူး။အကုန်ရိုက် အကုန်ဖြတ်....ဘုရားဘုရား....၂၁ရာစုမှာ သနားကြင်နာခြင်း

ကင်းတဲ့ နှစ်တွေလို့ တင်စားရမလိုဖြစ်နေခဲ့ပါကော။

တကယ်တော့ ဟိုအရင် အင်္ဂုလိမာက ပညာတတ်လို သိလိုဇောနဲ့အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခွင့်မရှိတာပါ။

ဒီကနေ့တော့ စားဝတ်နေရေး အသက်ရှင်သန်နေရေး အတွက် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခွင့် မရှိတော့တာပါ။

နောက်ဒီကနေ့ ဒိတ္ထိ တက္ကဒွန်း ဆရာကြီးတွေကလည်း ဆရာစစ် ဆရာမှန် သဘောမရိုးတာ အမှန်ဆိုတာ ကို ချပြနေစရာ မလိုပါဘူး။

အင်္ဂုလိမာလ က နောက်ဆုံး လက်ညှိုး တချောင်းလိုမှ မာတာမိခင်ရဲ့ လက်ညိုးကို ဖြတ်ဖို့ ကြိုးစားရင်းက မြတ်ဘုရားရှင်နဲ့တွေ့ခဲ့တယ်။

ခေတ်သစ် အင်္ဂုလိမာလတွေက တော့ အမေအရွယ် ဘေးက ရပ်ကြည့်နေတဲ့ မိန်းမနှစ်ယောက်ကို ကျော်ဖြတ်သွားပြီးမှ  နောက်လိုက်တွေက တွန်းထိုး ရိုက်ပြီးတဲ့ နောက် မြတ်ဘုရားရှင်နဲ့ မတွေ့ဘဲ အရှူံးနဲ့ရင်ဆိုင် နောက်ဆုတ်ပြန်ပြေးကြတာများ ကြည့်လို့တောင် မကောင်းပါဘူးဗျာ။

ခေတ်သစ် အင်္ဂုလိမာလ တွေကို ချွတ်ဖို့ မြတ်ဘုရား အမြန် ပွင့်ဖို့ ဆုတောင်းပါရဲ့..။

ခေတ်သစ် ဒိတ္ထိ တက္ကဒွန်း ဆရာကြီးတွေ ကလည်း လွန်လှပါပြီ။

သင်္ကန်းဝတ် ဘုန်းကြီးကို လည်း ရဟန်းတုလို့ ခေတ်သစ် အင်္ဂုလိမာလတွေကို သင်ကြားပေးကြ။

ဓါးမဦးခုတ် လယ်လုပ်တဲ့ သူတွေကိုလည်း ကျေးဇူးရှင်မမည် ရိုက်ချင်သလို ရိုက်နိုင်သည်လို့ အမိန့်ပေးကြ။

တောထဲမှာ အစိမ်းရောင်ဝတ် မြင်ရင် သူပုန်လို့ မှတ်ယူခိုင်းကြ။

စာရေး တံကူ ကိုင်တာမြင်ရင် ငါဆရာကို အသရေဖျက်မဲ့ သူလို့ ပြောဆိုထားခဲ့ကြလေပြီ။
ဗမာလူမျိုး ဗုဒ္ဒဘာသာ မှာ အလွန်ကို ကျေးဇူးသိ သနားကြင်နာ တတ်တဲ့ ဆရာ၊ဆရာတွေကို ဘဲ တွေ့ခဲ့ဖူးတော့ ခုချိန်မှာ အထူးအဆန်းကိုဖြစ်လို့ပါ။

ကိုရင်တပါးကို တွေ့ရင်တောင် အစစ် ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုရင် စည်းထားတဲ့ သင်္ကန်းကို ဘဲ ကြည်ညိုပြီး လေးစားရမှာပါ။

အမေအရွယ် တွေ့ရင်တောင် ၀မ်းနဲ့လွယ်မွေးတဲ့ အမေ မဟုတ်ပေမယ့် အမေ အမေ ဆိုခေါ်ပြီး ၀တ်ကြိးဝတ်ငယ် ပြုစုကြတာ မဟုတ်လား။

ခုတော့ကိုယ့် ရဲ့ စားဝတ်နေရေး၊မိသားစု ဆိုတဲ့ ၀န်ထုပ်ကြီးအတွက် အထက်အမိန့် ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတော့ဘဲ

ဘုန်းကြီးကို လည်း စည်းထားတဲ့ သင်္ကန်းကို မမြင်နိုင်အောင် အမိုက်တွေကဖုံး...လို့ ဘုန်းကြီး တုလို့ ဆိုလိုဆို...။

အမေ အရွယ်ကိုလည်း အမေ ဆိုတာ မသိတော့ အမေက မွေးတာမဟုတ်ဘဲ ဥကဘဲ ပေါက်သလို စုံလုံးကန်းလို့ တွန်းလိုတွန်း၊ရိုက်လိုရိုက်...နဲ့။

နောက်ဆုံးရလဒ်ကတော့ မြတ်ဘုရားရှင်နဲ့ မတွေ့ပါဘဲ။ အပျက်ပျက်နဲ့ ကစဉ်ကလျား ထွက်ပြေးရပေ ပပေါ့။

ခေတ်ကြီးကို က ပျက်ခေတ်...

ဒိတ္ထိ တက္ကဒွန်း ဆရာကြီးတွေ လည်း ချုပ်ငြိမ်းစေချင်ပါတယ်..........။

ခေတ်သစ် အင်္ဂုလိမာလ တွေလည်း မြတ်ဘုရားနဲ့အမြန်တွေ့စေချင်ပါတယ်...။

ကမ္ဘာမြေကြီး ငြိမ်းချမ်း သာယာလှပအောင် မြတ်ဘုရား အရိမေတ္တရ ကို အမြန်ပွင့်စေချင်တော့တာပါဘဲလေ။

ဇတ်တူသားတွေ စားကြတဲ့ ဓလေ့ မြန်ပြည်မှာ ဆက်ပြီ မကြီးထွားစေချင်တော့တာ အမှန်ပါ။


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives