[moemakadaily@moemaka.biz] 88 Generation Ko Htay Kywe & SF Burmese Community Event

 
၈၈ မျိုးဆက် ကိုဌေးကြွယ်နှင့် ဆန်ဖရန်ဘေးဧရိယာမြန်မာတို့ တွေ့ဆုံပွဲ အောင်မြင်
မိုးမခ၊ ဓာတ်ပုံ – SFBC ၊ မတ် ၃၀၊ ၂၀၁၃
            ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများနှင့် အမေရိကန်ပြည်ရောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်တို့ မတ် ၂၉ ၊ သောကြာနေ့ ညနေခင်းက ဖရီးမောင့်မြို့ ကွန်မြူနီတီရိပ်သာမှာ မိတ်ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြပါတယ်။
            အခမ်းအနားကို ညနေ ၅ နာရီက စတင်တာဖြစ်ပြီး၊ တက်ရောက်လာသူ ဧည့်သည်တော်များ စုဝေးကြခြင်း၊ ညနေစာ သုံးဆောင်ခြင်း၊ အခမ်းအနားပြင်ဆင်ခြင်း၊ ကိုဌေးကြွယ်နှင့် လွတ်လပ်ပွင့်လင်းစွာ မိတ်ဆက်ကြခြင်းတို့ပြီးနောက် ညနေ ၇ နာရီမှာ မြန်မာပြည်ငြိမ်းချမ်းရေး ဆုတောင်းပွဲ အခမ်းအနားကို ကျင်းပပါတယ်။
            တက်ရောက်လာတဲ့ ပရိသတ် ဦးရေး ၁၀၀ ကျော်ခန့် ရှိပြီး ဧည့်သည်တော်များထဲက တိုင်းရင်းသားများ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တို့က မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ မြန်မာပြည်တွင်း ပြည်ပရှိ တိုင်းရင်းသားအားလုံး အတူတကွ ယှဉ်တွဲနေထိုင်ရေး၊ တိုင်းပြည် ထူထောင်ရေးတို့အတွက် ဆုတောင်းစကားများ ထုတ်ဖော်ပြောကြားကြတာကို တွေ့ရပါတယ်။ အဲသည်နောက်မှာ တက်ရောက်လာတဲ့ ဧည့်ပရိသတ်အပေါင်းက မိနစ်ဝက်ခန့် ငြိမ်သက်စွာ မတ်တပ်ရပ်ပြီး မြန်မာပြည် ငြိမ်းချမ်းရေး ဆုတောင်းမှု ပြုခဲ့ကြပါတယ်။

            ၎င်းနောက် ကိုဌေးကြွယ်ရဲ့ ဘ၀ဖြစ်စဉ်အကျဉ်းကို ဘေးဧရိယာရောက် မြန်မာကျောင်းသူတဦးက ဖတ်ကြားမိတ်ဆက်ခြင်း၊ ကိုဌေးကြွယ်နဲ့ ၈၈ မျိုးဆက်စိတ်ဓာတ်အကြောင်းကို ကိုမင်းဇင်က နှုတ်ခွန်းဆက် ပြောကြားခြင်းတို့အပြီးမှာ ကိုဌေးကြွယ်က မြန်မာမိသားစုများကို ၈၈ မျိုးဆက် ကျောင်းသားများ လက်ရှိ မြန်မာ့အရေးလှုပ်ရှားမှုများ၊ အမြင်သဘောထားများနဲ့ မျှော်လင့်ချက်များကို ဆွေးနွေးပြောကြားပါတယ်။ ကိုဌေးကြွယ်က ပရိသတ်ကို ၈၈ မျိုးဆက်ဆိုတာ ဘာလဲလို့ ကို်ယ့်ဖာသာကိုယ် အသံထွက် မေးခွန်းထုတ်ခိုင်းပြီး သူယုံကြည် ရပ်တည်တဲ့ ၈၈ မျိုးဆက် ဆိုတာကို ဖွင့်ဆို ပြောပြသွားပါတယ်။ နာရီဝက်ခန့် ပရိသတ်ကို တိုက်ရိုက် နှုတ်ခွန်းဆက်စကားပြောကြားပြီး ၁ နာရီ ကျော်အကြာ ပရိသတ်ရဲ့ မေးခွန်းများကို ပွင့်ပွင့်လင်းလင်း ဖြေကြားသွားပါတယ်။
            ပရိသတ်စိတ်ဝင်စားတဲ့ မေးခွန်းအချို့က တော့ မြန်မာပြည်က ပွင့်လင်းလူ့အဖွဲ့အစည်းနံမယ် နဲ့ အမေရိကားက ဆိုးရော့စ်ရဲ့ အိုအက်စ်အိုင် ဘယ်လိုမျိုး ဆက်စပ်နေသလဲ။ တရားဝင် နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲ ၀င်မှာလား။ ပြည်ပက မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ ဘယ်လို ချိတ်ဆက်လုပ်ကိုင်သွားမှာလဲ။ တိုင်းရင်းသားတွေ နားလည်တဲ့ ဖယ်ဒရယ်ဆိုတာနဲ့ အမေရိကန်က ဖယ်ဒရယ်နဲ့ ကွဲခြားမှု ရှိသလား။ ၈၈ အဖွဲ့က  ဘယ်လိုမျိုး ခေါင်းဆောင်မှုနဲ့  ဆုံးဖြတ်လုပ်ကိုင်သလဲ။ မြန်မာပြည်ပြောင်းလဲဖို့အတွက် အာဏာရှင်တွေ၊ အရင်းရှင်တွေအတွက် ပြောင်းလဲမှုပဲလား၊ အခြေခံ ပြည်သူတွေအတွက် ပြောင်းလဲမှု အမှန်တကယ် ဘယ်လိုဖော်ဆောင်မှာလဲ … စသည်ဖြင့် မေးခွန်းတွေကို မေးခဲ့ကြတာကို တွေ့ရပါတယ်။
အခမ်းအနားကို ညနေ ၉  နာရီ ခွဲမှာ နိဂုံးချုပ်နိုင်ခဲ့ပါတယ်။ မြန်မာတိုင်းရင်းသားမိသားစုများကိုယ်စား ပွဲစီစဉ်သူ Organizers တဦးဖြစ်သူ ဒေါက်တာမောင်မောင်သော်က အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ဂုဏ်ပြုခဲ့ပါတယ်။ အမေရိကန်ပြည်အနောက်ခြမ်းမှာ ရောက်ရှိနေတဲ့ မြန်မာ့အရေးလှုပ်ရှားသူများ မိတ်ဆွေဟောင်းများကို ပြန်လည် ဆုံတွေ့ရလို့ ကိုဌေးကြွယ်က ၀မ်းမြော် ပျော်ရွှင်မိတယ်လို့ပြောကြားပါတယ်။ မတ်လလယ်ကတည်း ယခုအချိန်အထိ နားရက်မရှိဘဲ အမေရိကန်ပြည်က မြို့နယ်များအနှံ့ တောက်လျောက်ခရီးဆက်နေရတဲ့အတွက် ကိုဌေးကြွယ်ရဲ့ ကျန်းမာရေးကို မိတ်ဆွေများက စိုးရိမ်ကြသော်လည်း ကိုဌေးကြွယ်ကတော့ ရယ်ရယ်မောမောနဲ့ ရင်ဆိုင်ခဲ့ပါတယ်။ ခရီးပင်ပန်းနေလို့ စကားပြောနိုင်ပါ့မလားလို့သာ စိုးရိမ်မိတယ်လို့ သူက ပြောပါတယ်။ ဘေးဧရိယာမြန်မာတိုင်းရင်းသားများနဲ့ တွေ့ဆုံပွဲဟာ လွတ်လပ် ပွင့်လင်းပြီး နွေးထွေးတဲ့ မိသားစုစကားဝိုင်းဖြစ်တယ်လို့ သူက မှတ်ချက်ပေးသွားပါတယ်။
            San Francisco Burmese Community က ရုပ်သံမှတ်တမ်း ရိုက်ကူးထားပြီး အစီအစဉ်အစအဆုံးကို YouTube ကနေ တင်ဆက်ပေးမယ်လို့ ဆိုပါတယ်။


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives