[mrsorcerer:37519] Fwd: [လူဗိုလ်ဟူသည် ...] သတိ…. ဤနေရာ ပိုင်ရှင်ရှိသည်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/10
Subject: [လူဗိုလ်ဟူသည် ...] သတိ…. ဤနေရာ ပိုင်ရှင်ရှိသည်
To: lubo601@gmail.com


by Wai Maw on Saturday, March 9, 2013 at 3:09am ·

 
ကျနော်က ကျေးလက်တောရွာမှာ မွေးဖွားကြီးပြင်းခဲ့သူဆိုတော့ တောရပ်တောဓလေ့တွေနဲ့ ယဉ်ပါးခဲ့ရသူပါ။ ကျနော်တို့ဆီမှာ ကလေးကစ လူကြီးအဆုံး အများစုလက်ခံကျင့်သုံးနေတဲ့ စရိုက်လေးတခုရှိပါတယ်။


အဲဒါက သွားရင်းလာရင်း အန္တရာယ်  မလွယ်သာလို့ လယ်ကွင်းပြင်၊ ချောင်းရိုး၊ မြောင်းရိုး၊ တောစပ် လို နေရာတွေမှာ အခင်းကြီးအခင်းငယ် စွန့်ကြရတဲ့ အခါမျိုးမှာ လုပ်ငန်းမစတင်ခင် ဟိုဟိုဒီဒီ ကျီးကန်း တောင်းမှောက် ကြည့်ရင်းက လက်အုပ်လေးချီပြီး ' အရှင် (ကွင်းပိုင်၊ တောပိုင်၊ တောင်ပိုင်) မင်းကြီးခင်ဗျား … အမိုက်အမဲလေး ကို ခွင့်လွှတ်တော်မူပါ' လို့ ခပ်တိုးတိုးလေး တောင်းပန်တိုးလျှိုးပြီးမှ စိတ်ချလက်ချ ကိစ္စ ဆောင်ရွက် တတ်ကြရတာပါ။

တခါတလေမှာတော့ ညောင်သီးလည်းစား လေးသံလည်းနားထောင်ဆိုသလို ကိုယ့်ကိုယ်ကို မလုံစိတ်နဲ့ တောင်တောင်အီအီ လှည့်ပတ်မော့ကြည့်ရင်း ကိုယ်ရောက်နေတာ ညောင်ပင်အောက် ဖြစ်နေတာမျိုး ကြုံရ တဲ့အခါ ရုက္ခစိုးနတ်မင်းကြီးအတွက် သီးသန့်ဂါထာတပုဒ် အဆစ်တိုးသွားပြန်ရော။

ဘာရယ်တော့ သေချာမသိ။ ဘာဆိုဘာမှ ရေရေရာရာ မရှိတာကြီးကို ကြံဖန်ပြီး ကြောက်နေကြပုံများ ပြောပါတယ်။ အဲလို လုပ်ဖို့ပျက်ကွက်သွားပြီး အဆင်မပြေတာတခုခု ကြုံလိုက်လို့ကတော့ ပိုဆိုးပြီသာမှတ်။ ငါ့နှယ် ဖြစ်ရလေ သတိပေါ့ဆမိလို့ ခုတော့ အရှင်ကြီးဒဏ်ခံတာခံရပြီ.. ဆိုပြီး အိမ်မှာ ရှိတဲ့ ကြက်တကောင် ဂုတ်ချိုး(သတ်နည်းကတော့ အမျိုးမျိုးပေါ့လေ) ပြီး ကိုယ့်ကိုယ်စား ယစ်ပူဇော် ခယတောင်းပန်ရတာ။

ဆိုးတော့ မဆိုးပါဘူး… အရှင် ကိုယ်တော်ကြီးက အငွေ့သာယူပြီး အတွေ့ စားသုံးနိုင်တဲ့ ကြက်ကောင်လုံးကြီးကို ကိုယ့်အတွက် ပြန်စွန့်သွားလို့…။

နောက်ပိုင်း နည်းနည်းအရွယ်ရောက်လာလို့ စာတိုပေစလေးတွေဖတ် ဗဟုနဲ့သုတ မိတ်ဆွေဖွဲ့မိလာတဲ့အခါမှ ဖြစ်နိုင်ခြေလေးတွေ စဉ်းဝါးတတ်လာပြီး ဆောင်ရန် ရှောင်ရန် နည်းနည်းပါးပါး ခွဲခြားသိလာခဲ့တယ်။
……………………………………………………………………………….


ကျနော် ရန်ကုန် မြောက်ဥက္ကလာပမှာ နေတုန်းက အမှတ်(၃)လမ်းမတန်း၊ (ဋ)ရပ်ကွက် ဣန္ဒာအပိုင်းထဲက အသိ ဦးလေး အိမ်ကို မကြာခဏ ရောက်ဖြစ်ပါတယ်။ သူ့အိမ်မရောက်ခင်  ဥဇ္ဇနာနဲ့ ဣန္ဒာအပိုင်းနှစ်ခု အကြား မီးတားမြေ ကွက်လပ် ရှိတယ်။ အရင်က အဲဒီနေရာဟာ ချိုင့်တခုလိုဖြစ်နေပြီး မိုးရာသီမှာ ရေအိုင် ဖြစ်နေတယ်။ နွေဘက်မှာဆို ရေတွေခမ်းသွားလို့ ကနဖော့နဲ့ ကန်စွန်းပင်လေးတွေ ရောယှက်ပေါက်နေတတ်ပါတယ်။

နောက်ပိုင်းနှစ်တွေမှာ အဲဒီနေရာကို စည်ပင်က အမှိုက်ကားတစီး အမှိုက်လာလာသွန်တာ သတိထားမိတယ်။ ဘာအကြောင်းရယ်လည်းလို့ ဆက်စပ်မတွေးမိပါ။ အဲဒီမြေကွက်နဲ့ မျက်နှာချင်းဆိုင် (ဇ) ရပ်ကွက်ဘက်က မီးတားမြေကွက်ပေါ်မှာတော့ အဆောက်အဦဆောက်ဖို့ ဖောင်ဒေးရှင်း လုပ်ထားတာတွေ့ရတယ်။

ကျနော့်မိတ်ဆွေ ဦးလေးက ရေစက်တခုထောင်ထားပြီး ရပ်ကွက်အတွင်း ရေပေးပါတယ်။ တနေ့မှာ သူ့အိမ်ကို ရောင်းတော့မယ်ဆိုပြီး ကျနော့်ကို 'ခုနေ ငါ့အိမ်ရောင်းရင် ဘယ်လောက်ရနိုင်လဲ' မေးလို့ ကျနော်လည်း ကာလတန်ကြေး သိပ်မခန့်မှန်းမိတဲ့အတွက် 'သိန်း ၅၀ ကျော်တော့ ရမှာပေါ့ ဦးလေးရဲ့' … ပြီးစလွယ် ဖြေလိုက်တော့  သူက… 'ဟေ.. ငါ့အိမ် ဟိုဘက်နားက မီးတားမြေချိုင့်ကို သိတယ်မလား.. လွန်ခဲ့တဲ့ နှစ်က အရောင်းအဝယ် ဖြစ်တာ သိန်း (၈၀) ရတယ်ကွ။ ငါ့မြေကွက်က အိမ်သိပ်မကောင်းပေမဲ့ နှစ် ၆၀ ဂရန်ရှိတယ်။ ပါဝါမီတာ ရှိတယ်ကွာ.. သိန်း ၁၀၀ ကျော်မရရင် ဘယ်ရောင်းနိုင်မလဲ' တဲ့။

ဟုတ်ပါတယ်…. သူ့အိမ် တကယ်အရောင်းအဝယ်ဖြစ်တဲ့အခါ သိန်း ၁၄၀ ရလိုက်တယ်။ သူပြောပြမှ မီးတားမြေကွက် ပိုင်ရှင်ရှိမှန်း ကျနော် သိလိုက်ရတယ်။ အဲဒီလို နေရာကောင်းတဲ့ မြေကွက်အလွတ်တွေကို စည်ပင်၊ မြေစာရင်း နဲ့ ထွေ/အုပ် ဌာနတွေပေါင်းပြီး ရောင်းစားနေတာ များပြီတဲ့။ ခက်လိုက်လေ….။
……………………………………………………………..


ဒဂုံမြို့သစ် မြောက်ပိုင်း ၅၁ ရပ်ကွက်ကို ကျနော်ပြောင်းရွှေ့စမှာ ကြိုးတံတားဈေးနဲ့ မနီးမဝေး လမုဈေး တည်ရှိရာ လမ်းမကြီး ရဲ့ ၅၀ ရပ်ကွက်ဘက် အခြမ်းက မီးတားမြေကွက်လပ်မှာ ဘော်လီဘောကွင်း လေးရှိတယ်။ နောက်တနှစ်လောက်ကြာတော့ အဲဒီမြေကွက်မှာ သွပ်မိုးပျဉ်ထောင် အိမ်ကြီးကြီးတလုံး ဆောက်နေတာ တွေ့ရတယ်။

ကျနော့်အမျိုးသမီးက လမုဈေးထဲမှာ ရခိုင်မုန့်တီ ရောင်းပါတယ်။ လမ်းမဘေး ရေမြောင်းနဲ့ ကတ္တရာ လမ်းပခုံးစောင်းအကြားနေရာမှာ ရောင်းတာမို့ စည်ပင်ကို နေ့စဉ် ဈေးခွန် ၆၀ ပေးရပြီး ကျနော့်ဆိုင် နောက်ဖက်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကိုလည်း တနေ့ ၁၀၀ ပေးရပါတယ်။ ကျနော့်ဆိုင်မှာ ဝယ်သူတွေ ကျလာပြီ ဆိုရင် တချို့က မုန့်ပွဲယူပြီး လက်ဖက်ရည်ဆိုင်ထဲမှာ သွားစားတတ်တာမို့ ပေးပျော်တယ် ဆိုရပါမယ်။ ဆိုးတာက… မီးတားမြေကွက်ပေါ်က အိမ်သစ်မျက်နှာစာမှာ ရောင်းတဲ့ ဈေးသည်တွေ။ သူတို့ရောင်းတဲ့ ၅ ပေလောက် နေရာအကျယ်အတွက် နောက်က အိမ်ရှင်ကို တနေ့ ၁၀၀ ပေးရတာပါ။ အဲဒီအိမ်ရဲ့ မျက်နှာစာ အကျယ်က ပေ ၆၀ နီးနီးလောက်ရှိတော့ နေ့တိုင်း ငွေ တထောင်ကျော် သပိတ်ဝင်အိတ်ဝင် ဖြစ်နေတာပေါ့။

နေရာခငွေ တောင်းခါစမှာ ဈေးသည်တွေနဲ့ အိမ်ရှင် ခွန်းကြီးခွန်းငယ်ဖြစ်ကြသေးတယ်။ အိမ်ရှင်က ခပ်မာမာပဲ ပြောတယ်… 'ငါတောင်းတာ မပေးနိုင်ရင် ငါ့အိမ်ရှေ့မှာ လာမရောင်းနဲ့ … မကျေနပ်ရင် တိုင်ချင်ရာတိုင်' တဲ့။ သူက မြို့နယ်စည်ပင် လူကြီးနဲ့ ဘာတော်တယ် ညာတော်တယ် ဆိုလားပဲ….။ မိုက်ကြေးခွဲ တောင်းတယ်။ မတတ်သာတဲ့အဆုံး ဈေးသည်တွေ လက်လျှော့လိုက်ရတော့တယ်။

ဒါတွေဟာ ၂၀၀၀-၂၀၀၃ လောက်က ကျနော် လက်တကမ်း မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတချို့ပါ။ မြို့အင်္ဂါရပ်နဲ့ မညီညွှတ်အောင် နဲ့ မီးအလွယ်တကူ ကူးစက်လောင်ကျွမ်းအောင် လုပ်နေတာ ဘယ်သူတွေလဲ။

သာမန်ပြည်သူတွေ နေစရာမရှိလို့ ချောင်ကြိုချောင်ကြားက မြေကွက်လပ်လေးမှာ တဲတလုံးသွားထိုးမိရင် တိုင်တလုံးတောင် မတ်အောင်မထူရ သေးဘူး သက်ဆိုင်ရာတွေ ရောက်လာပြီး ဖမ်းဟဲ့ဆီးဟဲ့ ဒဏ်ရိုက်ဟဲ့ လုပ်နေတဲ့ ကာလကြီးမှာ သူတို့အတွက်ကျတော့ မြေယာပိုင်ဆိုင်မှုက အရမ်းကို လွယ်ကူလှပါလား။
……………………………………………………………….


အခု ဆက်တိုက်ဖြစ်ပေါ်နေတဲ့ မြေသိမ်းယာသိမ်း ကိစ္စ တွေဟာလည်း ငါ့မင်းငါ့ချင်း ထင်သလို လုပ်ခွင့် ရခဲ့ချိန်မှာ ကိုလိုနီခေတ်ကတည်းက ပလပ်မြေအဖြစ် ခွင့်ပြုထားတဲ့ စားကျက်မြေ၊ ရေနက်ကွင်းတွေပါမကျန် အစိုးရခေါင်းဆောင်များ၊ ဒေသအာဏာပိုင်များနဲ့ ငွေရှင်ကြေးရှင်များ၊ ကုမ္ပဏီများ ပူးပေါင်း မောင်ပိုင်စီးထားတဲ့ မြေယာတွေနဲ့ လယ်သမားတွေဆီက စီမံကိန်းအကြောင်းပြသိမ်း၊ မတန်တရာဈေးနဲ့ မလိမ့်တပတ် ရယူထားတဲ့ မြေယာ ပြဿနာ များသာဖြစ်ပါတယ်။

လယ်သမားတွေ ခမျာ ရာသီဥတု ဖောက်ပြန်မှုနဲ့ သဘာဝဘေးဒဏ်တွေကို ခါးစည်းခံစားနေရတဲ့အပြင် ကြုံတွေ့လာရတဲ့ အခက်အခဲမှန်သမျှကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်အားကိုယ်ကိုး ဖြေရှင်းနေရတော့ အကြွေးတင်ခြင်း သံသရာကို ဘယ်လိုလွတ်အောင် ရှောင်တိမ်းနိုင်ကြပါမလဲ။ ၁၉၆၂ ကတည်းက ပြည်သူတွေရဲ့ ဂုတ်ပေါ်မှာ ဒီဒဏ်တွေ ပိနေခဲ့တာပါ။ ဒါပေမဲ့ သူတို့ထုတ်လုပ်တဲ့ ဆန်စပါးကျတော့ နိုင်ငံတကာ တက်ဈေးကျဈေးအလိုက် မခံစားကြရပါဘူး။

ဦးနေဝင်း အာဏာသိမ်းပြီး ၁၉၇၀ ပြည့်လွန်နှစ်တွေအထိ ကမ္ဘာ့ဆန်ဈေးကွက်မှာ မြန်မာ့ဆန် ရောင်းပန်းလှနေ ဆဲ ဖြစ်ပြီး ဈေးကောင်းရခဲ့တယ်လို့ သိရပါတယ်။ သို့သော် လယ်သမားတွေဆီကဝယ်တဲ့ စပါးဈေးကျတော့ ၁ တင်း ငွေ ၉ ကျပ်နှုန်းနဲ့ ကြိုးချည်သတ်မှတ်ထားတာ ၁၉၈၈ အထိပါပဲ။ ဒါတောင်မှ လယ်သမားတွေဟာ ဒီခေတ်ထက် စာရင် အရင်မဆလခေတ်က တော်သေးတယ်လို့ ပြန်တမ်းတနေကြသေးတယ်။ အခြေအနေချင်း နှိုင်းယှဉ် ကြည့်တော့လည်း မှန်နေတာကိုး။

မြေယာပိုင်ဆိုင်မှုကိစ္စမှာ ရှုပ်ထွေးသော ဖြစ်စဉ်တွေရှိနေတဲ့တိုင် အစိုးရအနေနဲ့ ဆင်းရဲသားတောင်သူ လယ်သမားများ မနစ်နာအောင် ထိုက်တန်သော အကျိုးခံစားခွင့်များရရှိအောင် ကိုင်တွယ်ဖြေရှင်းပေးသင့် ပါတယ်။ လယ်သမားတွေဘက်က ရပ်တည်ရပါမယ်။ ငွေရှင်ကြေးရှင်တွေ နဲ့ မတရားသိမ်းယူထားတဲ့ အာဏာပိုင်တွေဘက်က အလျှော့ပေးလိုက်လျောရတယ် ဆိုသော်ငြား လယ်သမားတွေ ဘဝနဲ့ တန်းတူ ဆင်းရဲနိမ့်ကျ မသွားနိုင်တာ သေချာပါတယ်။


စိုက်ပျိုးရေးကဏ္ဍကို အားပြုရမယ့် နိုင်ငံတခုအနေနဲ့ လယ်သမားတွေရဲ့ဘဝ မြှင့်တင်ပေးနိုင်မှသာ တိုင်းပြည် အမှန်တကယ် ဖွံ့ဖြိုးတိုးတက်မှု ရှိတယ်ဆိုတာ အထင်းသားပေါ်လွင်မှာပါ။

ခုတော့ လယ်သမားတွေခမျာ မမြင်ရတဲ့ အရှင်ကြီးကို ပူဇော်ပသရ၊ ကိုယ်ထင်ပြတဲ့ အရှင်ကြီးတွေရဲ့ အန္တရာယ် လည်း ကြောက်နေရနဲ့ နောင်ဆိုရင် တွေ့သမျှမြေ ခြေချမနင်းရဲတဲ့အခြေ ဖြစ်လာမှာ စိုးရိမ်မိပါတယ်။

ဒီလို စိုးရိမ်ကြောင့်ကြ သောကဗျာပါဒတွေ လွှမ်းခြုံနေတဲ့ ရိုးသားနုံအလှသော တောရွာနေ လယ်သမားများ၊ မြို့နေဆင်းရဲသားများရဲ့ဘဝကို မြင်ရကြားရ ဘဝင်မချမ်းမြေ့လွန်းလို့ပါ။

ဝေမော်
မတ် ၉၊ ၂၀၁၃


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/11/2013 01:34:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.