[mrsorcerer:37616] Fwd: [လူဗိုလ်ဟူသည် ...] သင်ကြားခြင်း အနုပညာ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/19
Subject: [လူဗိုလ်ဟူသည် ...] သင်ကြားခြင်း အနုပညာ
To: lubo601@gmail.com


by Hla Shwe (Notes) on Tuesday, March 19, 2013 at 2:17am



"ဆရာ ဒီနေ့ ပုံပြင်တပုဒ်လောက်ပြောပြပါလား၊ သားတို့လည်း မောနေပြီ" လို့ Grade 12 ကျောင်းသားလေးတွေက ကျနော် သင်ရတဲ့ နိုင်ငံရေးသိပ္ပံတန်း နောက်ဆုံးအချိန်မှာ တောင်းဆို လာတော့ ငယ်ဘ၀ ဆရာ့ဆီက ကြားခဲ့ရတဲ့ ပုံပြင်တပုဒ်ကို ပြန်လည် ဖေါက်သည်ချမိလိုက်ပါတယ်။
ပုံပြောမယ်ဆိုတော့ ကျောင်းသားတွေက လက်ခုတ် တဖြောင်းဖြောင်းတီးလို့။
ပြန်တွေးကြည့်ရင် ငယ်ငယ်က ပညာသင်ခဲ့ရတဲ့ အချိန်တွေဟာ ပျော်စရာ အတိပါလားလို့ အောက်မေ့ သတိရပါတယ်။ တောရွာဓလေ့အတိုင်းညနေပိုင်း ကျောင်းမလွှတ်မှီ တနာရီလောက်အလိုဆိုရင် ဆရာ၊ ဆရာမတွေကို ပုံပြင်ပြောပြဖို့ ကလေးတွေက တောင်းဆိုလေ့ ရှိတတ်ကြ ပုံမှန်လိုပါဘဲ။

ဆရာတွေကလည်း နယ်စုံကလာတဲ့ သူတွေ ဖြစ်တော့ ရိုးရာပုံပြင်တွေကလည်း တယောက်တဂါထာ တရွာတပုဒ်ဆန်း သလိုမျိုး ဖြစ်နေတတ်တယ်။ ကလေးတွေကတော့ ပုံပြောကောင်းတဲ့ ဆရာဆိုရင် သဘောကျတယ်။ စာကိုမဲပြီး သင်နေတဲ့ ဆရာတွေထက် ပုံပြောကောင်းတဲ့ ဆရာအနားမှာ မိုးစိမ့်စိမ့်ညနေခင်းတွေမှာ ကလေးတွေ ၀ိုင်းဝိုင်းလည်နေတတ်တာ ဓမ္မတာပါ။

ကျနော်ဘွဲ့လွန်တက်တဲ့အချိန်ထိ မှန်မိနေတဲ့ သင်ခန်းစာတွေက မရှိသလောက် ဖြစ်ပေမယ့် ဆရာတွေပြောပြတဲ့ ရိုးရာ ပုံပြင်တွေကတော့ ခုချိန်ထိ ကျနော့်နားထဲ၊ မှတ်ညဏ်ထဲ ကိန်းအောင်းနေဆဲ ဖြစ်ပါတယ်။ ဆရာတွေပြော ဖြစ်တဲ့ ပုံပြင်တွေထဲက  ရခိုင်ရိုးရာ "ဖားပြုတ်ငယ်" ပုံပြင်ကလည်း တပုဒ်အပါအ၀င် ဖြစ်ပါတယ်။ ဖားပြုတ်ငယ်၏ အမှတ်မထင် စကားတခွန်းကြောင့် တတောလုံး အုံးအုံးကျွတ်ကျွတ် ဖြစ်ကာ ဆုံးရှုံးမှုများနဲ့ ကြုံတွေ့ရပုံကို ဖေါ်ကျူးထားတဲ့ ပုံပြင်ကောင်းတပုဒ်ဖြစ်သလို တရားခံကို အဆင့်ဆင့် ဖေါ်ထုတ်ပြတဲ့ အစဉ်အလာ ကောင်းရှိပုံရသော ရခိုင့်လူ့အဖွဲ့အစည်းကို ဖေါ်ညွန်းသလားလို့ တွေးမိတယ်။

ပုံပြင်ကတော့ ဒီလိုပါ။

တနေ့မှာ ဖားပြုတ်ငယ် တစ်ကောင်ဟာ ဓနိလက်ကို စီးပြီး ချောင်းငယ်တခုကို ၀င်ရောက်လာပါတယ်။ ဖားပြုတ်ငယ် ဓနိလက် စီးလာတာကို မြင်တဲ့ ချောင်းဝနား သစ်ပင်ပေါ်မှာ နားခိုနေတဲ့ " ပန်ဇင်း" ငှက်က သတင်းမေးတယ်။ " အဆွေ ဖါးပြုတ် ဘယ်ကလာပါသလဲ" လို့မေးလိုက်တယ်။ ဖါးပြုတ်ငယ်ကလည်း ခပ်ကြွားကြွားဘဲ " မြို့ရွာနယ်စုံကို လှည့်ပတ်ပြီး ပြန်လာတယ်" လို့ပြန်ဖြေလိုက်တယ်။ ပန်ဇင်း ငှက်ငယ်ကလည်း "ဒါဆို ဘာသတင်းထူးတွေ ကြားခဲ့သလဲ" မေးမြန်း ပြန်တယ်။ ဖားပြုတ်က စိတ်ထဲရှိတာကို ပြန်ဖြေလိုက်တယ်။

"သမုဒ္ဒရာ သီတာ ရေမြေ၊ မိုးလေ မုန်းတိုင်း အုန့် မှိုင်းမှိုင်းနှင့် တော်လဲ ပဲ့တင်၊ ငလျင်မြေကြီး လှုပ်လတ္တံ။ ထိုသို့ လှုပ်ခါ ကျွန်းဒီပါမှာ၊ ကမ္ဘာ ကျောက်ကြီး ကွဲလတ္တံ။ လူလည်း လေးစု ကွဲလတ္တံ" စီကာပတ်ကုံး ဖြေလိုက်တော့ ပန်ဇင်းငှက်က အဟုတ် ထင်သွားတယ်။ ဒါဆို ဒီလို အန္တရာယ်မျိုးကို ဘယ်လို ကာကွယ်ရမလဲ မေးမြန်း ပြန်တယ်။ ဒီလိုမေးတော့ ဖားပြုတ်က "အိုအို မိတ်ဆွေ၊ ပန်ဇင်းငယ်၊ အကယ် စင်စစ် ထိုသို့ ဖြစ်မူ၊ ကြီးသူ ၀မ်းခေါင်း ငယ်သူ အောင်း၊ တကြောင်းထိုတွင်၊ ချမ်းသာ အင်ကို မြင်လိမ့်မည်ဟု" ပြန်ဖြေလိုက်တော့ ပန်ဇင်းငှက်က ကြောက်လန့်သွားပါတော့တယ်။

ညဘက်ရောက်လာတော့ ပန်ဇင်း ငယ်ဟာ သူနဲ့အတူ တပင်တည်းမှာ အိပ်နေတဲ့ ငှက်ကြီ "ရောင်ရင်း" ရဲ့ ၀မ်းဗိုက်ထဲကို ၀င်ဖို့ကြိုးစားလာပါတော့တယ်။ ငှက်ကြီး ရောင်းရင်လည်း သူ့ရဲ့ ဖင်ခေါင်း ကနေ ၀င်ဖို့ကြိုးစားတဲ့ ပန်ဇင်း ငှက်ရဲ့အပြုအမူကို ကြောက်လန့်အားနဲ့ တအားအော်ချလိုက်ပါတော့တယ်။ ရောင်ရင်း ငှက်ရဲ့ အော်သံကြောင့် သပြုပင်ပေါ်မှာ သပြုသီးကို ကိုင်လျက် စားဖို့ပြင်နေတဲ့ မျောက်ကျော် "မက္ကဋ" ရဲ့လက်က သပြုသီး ပြုတ်ကျပြီး သစ်ပင်အောက်ကို ရောက်နေတဲ့ "ဆတ်မ" ကျောကုန်း ပေါ်ကို ကျပါလေရော။ ဆတ်မလည်း ကြောက်လန့်အားနဲ့ ပြေးလိုက်တာ လမ်းတလျှောက်မှာ ရှိနေတဲ့ "တောကြက်မ" ဥတွေကို နင်းသွားပါတော့တယ်။ တောကြက်မလည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ပြီး အနီးအနားမှာ ရှိတဲ့ "ခြ" တောင်ပို့ကို ဖြိုလိုက်ပါတော့တယ်။ ခြတွေကလည်း တောင်မြောက် ဘယ်ညာ ထွက်ပြီး  အိပ်နေတဲ့ "တောဝက်မ" ရဲ့ ကိုယ်ပေါ်ကို တက်ကိုက်ပါတော့တယ်။ တောဝက် မလည်း ယားယံ၊ နာကျင်ပြီး ပြေးလွှားပါတော့တယ်။ ၀က်မဟာပြေးရင်း လွှားရင်းနဲ့ မျောက်နဲ့တိုးတော့ တောင်ယာ စိုက်ခင်းတခုကို ၀င်ရောက်ပြီး စပါးတွေကို ၀င်ရောက်စားသွားဖို့ အကြံပေးလိုက်ပါတော့တယ်။

ယာလုပ်သား ငမဲ ရောက်လာတော့ ၀က်မရဲ့ မဟားတရား ပြုမှုထားပုံကို တွေ့တော့ ယာခင်းပိုင်ချင် သူကြီးဆီကို သွားတိုင် ပါတော့တယ်။ သူကြီးက ငမဲကို အမိန့်ပေးပြီး "တောဝက်မ" ကိုဖမ်းဆီး စေပြီး တောဝက်မကို သူကြီးက စစ်ဆေးမေးမြန်းတော့
"ဘာသာဘာဝ၊ ကျွန် ၀က်မသည်၊ အိပ်ထနေရာ၊ ခြများစွာလျင်၊ ရောက်လာ ဆိတ်ဆွ၊ ကိုက်ခဲကြ၍၊ ပြေးထ ယောင်ခွာ၊ မလွတ်သာလို့၊ ရောက်ရာ ရောက်မိ၊ ဖြစ်ပါစေဟု၊ ပြေးလေ သောအခါ၊ လမ်းမှာတွေ့ပြီး၊ တောမျောက်ထီးက၊ အဆွေဝက်မ၊ အဘယ်ကြောင်းကြောင့် ပြေးသနည်းဟု၊ မေးသော ကာလ၊ ကျွန်ဝက်မမှာ၊ ခြကိုက်ပါသည်၊ တောင်ယာလုပ်ခင်း၊ စပါးခင်းကို၊ ၀င်၍တလေ စားပါလေဟု၊ ဆိုခြင်းပြုက၊ ဗိုက်မှာ ဆာမွတ်၊ တွေ့တဲ့အစာ၊ စပါးယာကို၊ ၀င်ကာမသွေ၊ စားမိပါသည်" ဖြေဆိုလိုက်ပါတော့တယ်။

ဗီလိန် မျောက်ကတော့ တောဝက်မ မတိုင်ခင်က သူကိုယ်တိုင် ၀င်ရောက်မွှေနှောက်ထားတဲ့ ယာခင်းကို တရားခံလိုချင်နေတဲ့အတွက် ၀က်မကို မြှေင့်ပေးလိုက်တာ ဖြစ်ပါတယ်။ သူကြီးကတော့ သူတောင်ယာ ပျက်စီးသွားတဲ့အတွက် တရားခံတွေဖြစ်တဲ့ ခြ၊ တောကြက်မ၊ ဆတ်မ၊ မျောက်၊ ပန်ဇင်းငှက်၊ ရောင်ရင်း ငှက်နဲ့ ဖားပြုတ်ငယ် အထိအဆင့်ဆင့် ခေါ်ယူစစ်ဆေးခြင်းကို ခံလိုက်ရပါတော့တယ်။

ဖားပြုငယ်ဟာ သူကြီးရှေ့တော်မှောက်ကို ရောက်တော့ မျက်လုံးကို ပေကလပ်လုပ်ပြီး သူရဲ့ မာယာပရိယာယ်တွေကို ပြပါလေရော။
"ခြေလက်ပြောင်းပြန်၊ မျက်ဆံဆီသုတ်၊ ဖားပြုတ်ငယ်မှာ၊ လျှာကို ထုတ်လျက်၊ သေရုပ်လုပ်ကာ၊ အဖြာဖြာနဲ့၊ မာယာပရိယာယ်၊ ညဏ်ဆန်းကြယ်စွာ၊ ပြလေသောအခါ၊ ယာကြီးသခင် စပါးရှင်က၊ ဖားပြုတ်ကေကို လိမ်လည်ပြောမှု၊ ကျောက်နဲ့ထု" ဟုအမိန့် ချလိုက်တော့တယ်ဟု အဆုံးသတ်လိုက်လေတော့ပါတယ်။

ပုံပြင်ပြောပြီးသွားတာနဲ့ ပုံပြင်နဲ့ ပတ်သက်တဲ့ အကြောင်အရာလေးတွေကို ဆွေးနွေးခန်းလေး ဖွင့်လိုက်တော့ ကျောင်းသားလေးတွေရဲ့ ပုံပြင်ပါ ဇာတ်ဆောင်တွေရဲ့ အမြင်လေးတွေကို ရှုထောင့်ပေါင်းစုံက ပြောပြဖို့ ကျောင်းသားတွေကို ဖိတ်ခေါ်လိုက်တယ်။
ကျောင်းသားတွေကတော့ သူတို့ရဲ့ ထုံးစံအတိုင် ဒီလိုမှတ်ချက် ပေးခဲ့ကြတယ်။

(၁) ဖားပြုတ်ငယ်မှာ တာဝန်မရှိဘူး၊ သူ့လမ်းကြောင်းအတိုင်းသွားတာ မေးမြန်းလို့ ပြောလိုက်ရတာပါ။ ဟုတ်မဟုတ် မှန်မမှန်ကို ဆန်းစစ်ရမှာက ပန်ဇင်းငှက်သာ ဖြစ်ပါတယ်။

(၂) ပန်ဇင်းငှက်မှာ အပြစ်မရှိဘဲ၊ ဆန်းစစ်ဝေဘန်မှု အားနည်းချက်ကြောင့် စတင်ဖြစ်ပေါ်လာရတာပါ။ သူကသာ ဆန်းစစ်ဝေဘန်မှု ကောင်းရင် ပြသနာကကြီးမှာ မဟုတ်ဘဲ သူ့ဆီဘဲ အဆုံးသတ်ခဲ့မှာ။ ဒါကြောင့် သူ့မှာ အပြစ်မရှိဘူး။

(၃) ဆုံးရှုံးမှုတွေ ကြုံရတဲ့ တောကြက်မ၊ သိုက်မြုံ ဆုံးရှုံးတာ ခံလိုက်ရတဲ့ ခြ၊ တောင်ယာရှင်က ပြသနာမှာ တန်းတူရည်တူမရှိဘဲ စစ်ဆေးမေးမြန်းနိုင်တဲ့ အာဏာရှိတာ တရားမျှတမှု မရှိဘူး။

(၄) ဒီပုံပြင်လေးမှာ အပြစ်ရှိသူက ဖားပြုတ်မဟုတ်ဘူး၊ ရည်ရွယ်ချက် ရှိရှိလုပ်တာမဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တဲ့၊ ကိုယ့်အပြစ်ကို သူတပါးအပေါ် အပြစ်ပုံချလိုစိတ်ရှိတဲ့၊ ဓါးခုတ်ရာမှာ လက်လျို ခိုင်းတဲ့ မျောက်ရဲ့ လုပ်ရပ်ကသာ အပြစ်ရှိတယ်။

(၅) စဉ်းစားဆင်ခြင်ညဏ် နည်းတဲ့သူတွေ တရားဆိုင်ရာ ဆုံးဖြတ်ချက်တွေ လုပ်တဲ့အခါ အားနည်းချက် ရှိကြောင်း ဒီပုံပြင်က သက်သေ ပြသွားတယ်လို့ မှတ်ချက် ပေးခဲ့ကြတယ်။

စာသင်ခန်းတွင်းမှာ စာအုပ်ထူထူထဲက သီအိုရီတွေအပြင် မိမိတို့နဲ့ အကျွမ်းတ၀င် ရင်းနှီးနေတဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာ ပုံပြင်တွေကို ပြောဆိုရင်း လူ့လောကရဲ့ တရားမျှတမှုမရှိခြင်း၊ အနိုင်ကျင့်ဗိုလ်ကျမှု၊ လူမှုရေးဆိုင်ရာ သဟဇာတ မဖြစ်မှု စတာတွေကို ဆန်းစစ်ဖေ၀န်ရင်း စာသင်ခန်းရဲ့ ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ အခြေအနေကို ပြောင်းလိုက်နိုင်တာ၊ ပုံပြင်ထဲက အဖြစ်အပျက်တွေကို သင်ခန်းစာထုတ်ရင်း မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ အမှန်ဖြစ်ပျက်နေတာတွေနဲ့ ထပ်ဟပ်ကြည့်တတ်တဲ့ အလေ့တွေဟာလည်း ကျောင်းသားတွေရဲ့ အရည်အသွေးကို မြင့်တက်စေမှာဘဲလို့ ယုံကြည်မိတယ်။
လှရွှေ
ရည်ညွန်း။ ရခိုင်ရိုးရာ ပုံပြင်များ


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/19/2013 11:55:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.