ဒီမိုဝေယံ

ဒီမိုဝေယံ


၂၂ကြိမ်မြောက် တိုကျိုသင်္ကြန်မှသည်....

Posted: 07 Apr 2013 04:36 AM PDT


၂၂ကြိမ်မြောက် တိုကျိုသင်္ကြန်မှသည်....

သင်္ကြန်ကျပြီ.. သင်္ကြန်ကြပြီ မောင်တို့၊ သင်္ကြန်ကျပြီ.. သင်္ကြန်ကြပြီ မယ်တို့ ဆိုတဲ့ သီချင်းသံက တိုကျိုမြို့လယ်ကောင် နာမည်ကျော် ဂင်ဇာရပ်ကွက်အနီး သာယာလှပတဲ့ Hibiyaပန်းခြံအတွင်းက ပေါ်ထွက်လာသည်..။

ယနေ့ တိုကျိုရာသီဥတုက မနေ့ကနဲ့မတူ.. မိုးသက်လေပြင်းကင်းစင်ပြီး သာယာလှပကာ ရာသီဥတုမှာလည်း ၂၄ဒီဂရီ စင်တီဂရိတ်မှထိ ရောက်ရှိလာလေသည်..။ မနေ့ကတော့ လေကြီး၊ မိုးကြီးနဲ့ တိုကျိုတခွင် ဝုန်းဒိုင်းကြဲနေရကာ… ယနေ့တော့ သင်္ကြန်ပွဲအတွက်များ သာယာလှပပေးနေသလားပဲ…။

အမိမြေကို ခွဲခွာပြီး တိုင်းတပါးမှာ ရောက်ရှိနေတဲ့ ဂျပန်ရောက် မြန်မာလူမျိုးတွေရဲ့ နှစ်စဉ် သင်္ကြန်ပွဲကို ဆင်နွှဲလာခဲ့သည်မှာ ယနေ့ဆိုလျှင် ၂၂ကြိမ်မြောက်ပင် ရောက်ရှိလာပေပြီ..။ ၁၉၉၂ခုနှစ်ကစတင်ပြီး ပထမအကြိမ် တိုကျို အတာသင်္ကြန်ပွဲအား စတင်ကျင်းပစဉ်က ဂျပန်နိုင်ငံရောက် ထိုင်းနိုင်ငံသားတွေနဲ့ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်သည်..။ ထူးထူးခြားခြား ၁၉၉၂ခုနှစ်က အဆိုပါ အတာသင်္ကြန်ပွဲအား ဂျပန်နိုင်ငံရှိ မြန်မာသံရုံးမှလည်း မြန်မာနိုင်ငံသားများအား ဖိတ်ခေါ်ကာ စတုဒီတာကျွေးမွေး ဧည့်ခံခဲ့ဘူးသည်..။ ထိုမှ နိုင်ငံရေးရာသီဥတု အခြေအနေများ ပြောင်းလဲလာခဲ့ပြီး မြန်မာသံရုံးနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ဂျင်းစိမ်းနဲ့ မိတ်သလင်ဖြစ်ခဲ့ရသည်..။ ယခုပြောင်းလဲလာသော ပြည်တွင်းနိုင်ငံရေး အခြေအနေများအရ ယခင်မြန်မာသံရုံး၏ ဆက်ဆံရေး အနေအထားများသည်လည်း နွေးနွေးထွေးထွေး ပြောင်းလဲလာခဲ့ပြီဟု သင်္ကြန်ပွဲတော်အတွင်း နှစ်ရှည် ပြည်တော်မပြန်နိုင်သေးသည့်  ကိုမောင်မောင်သန်းက မဏ္ဍပ်ဘက်သို့ ငေးကြည့်ရင်းဆိုသည်..။


ပွဲတော်အတွင်းမှာတော့ သင်္ကြန်အငွေ့အသက်များ ရောယှက်နေသည်..။ မြန်မာနိုင်ငံသားများအတွက် ဝင်ကြေး ယန်း၅၀၀ ရံပုံငွေအတွက် ကောက်ခံသော်လည်း.. ဂျပန်နိုင်ငံသားများနှင့် အခြားနိုင်ငံသားများအတွက် အခမဲ့ ဝင်ခွင့်ပြုသည်..။ ပွဲအဝင်ဝမှာတော့ ပွဲတော်လာ ဂျပန်နိုင်ငံသားများနှင့် နိုင်ငံခြားသားများအား မြန်မာသနပ်ခါးဖြင့် ပါးပြင်ထက်မှာ အလှဆင်ပေးသည်ကို ကြည်ကြည်ဖြူဖြူ လက်ခံလိမ်းကြံသည်ကလည်း ယခုနှစ်အတွက် ထူးခြားသော မြင်ကွင်းဖြစ်သည်..။

"ကျတော်တို့ တနှစ်တခါ ဒီပွဲ မရောက်ရောက်အောင်လာတယ်..။ ဒီလို အချိန်ရှားပါးတဲ့ နိုင်ငံမျိုးမှာ ၁နှစ်တခါတောင် အသိမိတ်ဆွေတွေနဲ့ တွေ့ဖို့ မလွယ်တော့ ဒီမှာပဲ ငယ်ပေါင်းကြီးဖော်တွေ.. တွေ့ဆုံကြရတာလေ… တကယ်တော့ ကိုယ်ပြည့်ကိုယ့်ရွာ မှာပဲ သင်္ကြန်ပွဲ ဆင်နွဲခြင်တာပေါ့ဗျာဟု" ဂျပန်နိုင်ငံမှာ ၁၀စုနှစ်ကြာ ရောက်ရှိနေပြီး ပြည်တော် မပြန်နိုင်သေးသည့် ကိုဇော်ဇော်ကဆိုသည်..။

တိုကျိုသင်္ကြန်ပွဲမှာတော့ တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်များနဲ့ တိုင်းရင်းသားအစားအစာတွေကို တနေရာတည်းမှာ မြည်းစမ်းခွင့် ရရှိတာလဲ တနှစ်တခါမှာပဲ ဖြစ်သည်…။ မဏ္ဍပ်ရဲ့ အရှေ့ထောင့်ဖက်မှာတော့ လူငယ်အချို့ သင်္ကြန်သီချင်းများ အုပ်စုဖွဲ့ လိုက်ဆိုကာ ကနေကြသည်..။

"ပျော်တာပေါ့အကိုရာ ဒီမှာ သူငယ်ချင်းတွေနဲ့လည်း ဆုံရတယ်..။ နောက် တနေ့နေ့ ငွေနောက်လိုက်နေကြရတာလေ  မနက်ကနေည အလုပ်ထဲမှာ အချိန်ကုန်နေကြရတာ..။ ဒီလိုအချိန်မှာ ကျွန်တော်တို့ရဲ့ စိတ်ထွက်ပေါက်က ဒီလို အချိန်မှာပဲ လွတ်လပ်မှုကို ခံစားကြရတာ..။ ပျော်လည်း ပျော်တယ်.. ရန်ကုန်ကိုလည်း သတိရတယ်ဟု" ဘီယာဘူးကို ကိုင်ကာ မြန်မာဆန်ဆန်ကနေတဲ့ ကိုထွန်းထွန်းကဆိုသည်..။ ယနေ့သင်္ကြန်ရဲ့ ထူးခြားချက်ကတော့ နှစ်စဉ်နှစ်တိုင်း မြန်မာ့သတ္တိပြကြတဲ့ ရန်ပွဲတွေကို မမြင်ရပဲ အေးချမ်းလှပနေသည်..။

ဒီနှစ်သင်္ကြန်ရဲ့ ထူးခြားချက်ကတော့ ဂျပန်ရောက် မြန်မာတွေ မျှော်လင့်နေကြတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကြာမှီ ရက်ပိုင်းအတွင်းမှာ ရောက်ရှိလာတော့မှာလည်း ဖြစ်ပါတယ်..။

"ဒီနှစ်တိုကျိုသင်္ကြန်ကတော့ ပျော်လည်း ပျော်တယ် စိတ်လည်းလှုပ်ရှားတယ်လေ..။ ဘာကြောင့်ဆိုတော့ ၁၃ရက်နေ့ဆို အမေစုလာတော့မှာလေ… စိတ်လည်း လှုပ်ရှားတယ်..။ သမီးတို့ သူငယ်ချင်းတွေ ၁၃ရက်နေ့ မနက် ၅နာရီထဲက နာရီတာ လေဆိပ်မှာ အမေစုကို သွားကြိုဖို့ တိုင်ပင်ပြီးပြီး.. အရမ်းလည်းဝမ်းသာတယ်.. ပျော်လည်းပျော်တယ်"ဟု ဂျပန်နိုင်ငံမှာ ဂျပန်ဘာသာစကား လာရောက် တက်ရောက် သင်ယူနေတဲ့ မမီးမီးကဆိုသည်…။


သာယာလှပတဲ့ ရာသီဥတုရဲ့ အောက် အေးချမ်းလှတဲ့ နွေဦးရာသီ လေတချက်တိုက်ခတ် လာတဲ့ အချိန်မှာတော့ နာမည်ကျော် မင်္ဂလာဒိုးအဖွဲ့ရဲ့ ထိထိမိမိ သံချပ်တေးသံတွေက ပျံလွှင့်လာသည်…။ ရေပန်းဘေး ကန်ဘောင်ပေါ် နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့  မိတ်ဆွေတဦးနဲ့ စကားပြောနေရင်းက "ဆရာက သတင်းသမားဆိုတော့ မေးချင်လို့ပါ..။ ကျွန်တော်တို့ မြန်မာပြည်ကို ပြန်ချင်ပြီဗျာ… အမေစုလာရင် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနကို တောင်းဆိုပေးစေချင်တယ်ဗျာ.. ပြည်တွင်းကို လွယ်လွယ်ကူကူနဲ့ ပြန်ခွင့်ရရင် ပြန်ချင်တယ်ဗျာဟု" အသက်(၂၀)ခန့်ကပင် မြန်မာပြည်မှ ထွက်လာခဲ့ပြီး ယခုတိုင် ပြည်တော်မပြန်နိုင်သေးသည်..။ အသက် ၄၀ကျော်အရွယ် ကိုရဲမင်းက သူ့ရဲ့ ခံစားချက်ကို မချင့်မရဲနဲ့ သက်ပြင်းမှုတ်ထုတ်ကာ ဆိုလေသည်..။

ညနေစောင်းလာချိန်မှာတော့ ပွဲတော်အတွင်း လေအေးဓာတ်က အနည်းငယ် တိုးဝင်လာသည်..။ ရာသီဥတု သာယာတဲ့ ယနေ့အဖို့တော့ ပွဲတော်အတွင်း ဆိုင်များ ဈေးရောင်းကောင်းကြသည်…။ "ညီမတို့တော့ ပြန်တော့မယ်.. ရောင်းတာလည်းကုန်ပြီ ထင်တာထက်တောင် ရောင်းရတယ်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်ခန်းအတွင်း"မှ အဖွဲ့ဝင်တဦးကဆိုသည်..။ ဘေးမှာတော့ ကြိုတင် ယန်း၅၀၀တန် လက်မှတ်ဝယ်ထားပြီး ရောင်းစရာမရှိတော့သည့် ဆိုင်ရှေ့မှ နောက်ကျမှ ရောက်လာသည့် အဖွဲ့ချုပ်အဖွဲ့ဝင်တဦးက ရီရခက် ငိုရခက်နှင့် လက်မှတ်ကိုင်ကာ ပြုံးတုံတုံနဲ့ စကားဆိုလာလေရဲ့..။

ယနေ့ ပြည်တွင်းမှာလည်း အပြောင်းအလဲ မြင်ကွင်းအချို့ကို မြင်နေရသလို ယနေ့ တိုကျိုမြို့ရဲ့ မဟာသင်္ကြန်မှာလည်း..။ ယခင်နှစ်တွေနဲ့ မတူ မျှော်လင့်ချက် ရောင်ခြည်သန်းနေသည့် မြင်ကွင်း အပြောအဆိုများကို မြင်တွေ့နေရသည်..။ တိုင်းတပါးမှာ ရောက်ရှိနေပေမယ့် မြန်မာနိုင်ငံသားအားလုံးရဲ့ တူညီတဲ့ အချက်ကတော့ မည်သည့်အရပ်ကို ရောက်နေပါစေ.. မိမိတို့ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာပွဲများကို ဆင်နွှဲကြသလို….. ရုပ်ဝတ္ထုတွေ တိုးတက်ပါသည် ဆိုသော နိုင်ငံများသို့ ရောက်ရှိနေသော်လည်း စံနစ်တခုကြောင့် ချွတ်ခြုံကြနေခဲ့ရသည့် အမိမြန်မာပြည်ကို လွမ်းကြသည်.. တမ်းတကြသည်… မျှော်လင့်ကြလေသည်..။ မိမိတိုင်းပြည်ကို တိုးတက်ကြီးပွားလိုကြသည်..။ တတ်သည့် ပညာနှင့် အသက်မွေးဝမ်းကျောင်းမှု ထပ်တူမကြသ၍ ဝါသနာနှင့် အလုပ် ထပ်တူမကျသရွေ့ အမိနိုင်ငံကို မစွန့်ခွာချင်ပဲ သားတကွဲ မိသားစုတကွဲ မစွန့်ခွာချင်ပဲ စွန့်ခွာနေကြရဦးမှာပါ..။
ပွဲတော်အတွင်းမှ ပြန်လည်ထွက်ခွာတဲ့ အချိန်မှာတော့ ရာသီဥတုက အနည်းငယ် ပြန်အေးစပြုလာပြီ..။ လာမယ့် စနေနေ့မှာတော့ ဂျပန်ရောက် မြန်မာမိသားစုတွေ မျှော်လင့်နေကြတဲ့ လူထုခေါင်းဆောင် ရောက်ရှိလာတော့မည်..။ မျှော်လင့်ချက်တွေ စိတ်လှုပ်ရှားမှုတွေနဲ့ ကြိုဆိုကြတော့မည်..။ မိမိတို့ အနာဂတ်ကို အလင်းရောင် ပေးနိုင်သည့် နိုင်ငံခေါင်းဆောင် တဦးအဖြစ်လည်း ယုံကြည်ကြသည်..။ လူထုခေါင်းဆောင်က မိမိတို့ အတွက် ဘာလုပ်ပေးနိုင်မည် ဆိုတာထက် မိမိတို့က တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်မည် ဆိုသည်ကိုလည်း ဖြေဆိုကြရပေမည်..။ ကျွန်တော်တို့ ပြည်ပရောက်နေသူတွေ ချယ်ရီပန်းထက် ပိတောက်ပန်းကို ပိုခင်တွယ်သည်…။ ပတ်ဝန်းကျင် စိမ်းစိမ်းထက် အေးမြတဲ့ အမိ၊ အဖရင်ခွင်ကို တောင့်တကြသည်..။ အိမ်နီးချင်း နိုင်ငံများကို အမှီလိုက်နိုင်ဖို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း တတပ်တအား ပါဝင်နိုင်ဖို့ မျှော်လင့်ကြသည်…။

သာယာလှပသော တိုကျိုမြို့လယ်က Hibiya ပန်းခြံအတွင်းက ထွက်ခွာလာခဲ့သည်..။ ပတ်ဝန်းကျင်မှ မိုးမျှော်တိုက်များကို မျှော်ကြည့်မိသည်..။ ကိုယ့်နိုင်ငံမှာလည်း ဆိုသော အတွေးနှင့် အမိမြန်မာပြည် မဝေးလှသော အချိန်မှာ သာယာလှပသော လူ့ဘောင်သစ်ကို လျှောက်လှမ်းနိုင်ဖို့ မြန်မာပြည်သားတိုင်း ကိုယ်စီ ကျရာနေရာမှ ထမ်းရွက်ကျမည်ဟု မျှော်လင့်မိသည်…။
မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလမှာ မြန်မာပြည်သူတွေ အေးချမ်းသာယာပြီး ကောင်းကျိုးလိုအင် ဆန္ဒတွေ ပြည့်စုံဖို့ ဆုတောင်းလိုက်သည်..။

အမိမြန်မာပြည် အေးချမ်းသာယာပါစေ..။

ဒီမိုဝေယံ

ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့်နေအိမ် ပြတိုက်ဖွင့်ပွဲ အခမ်းအနားနှင့် ဦးသန့်၏ နေအိမ်မြင်ကွင်း ၁၉၆၇ခုနှစ် ရုပ်သံဖိုင်..

Posted: 06 Apr 2013 08:19 AM PDT




 တတိယမြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၊ ဖ.ဆ.ပ.လ အစိုးရ လက်ထက်တွင် အတွင်းဝန် အဖြစ် တာဝန် ထမ်းဆောင်စဉ် နေထိုင်ခဲ့သည့် ရွှေတာင်ကြား ပန်းဝါလမ်းရှိ နေအိမ်အား ဦးသန့်ပြတိုက်အဖြစ် ဖွင့်လှစ်ရန်အတွက် ပြန်လည် ပြင်ဆင်လျက်ရှိရာ ဧပြီလ ၆ရက်နေ့တွင် အကြို ဖွင့်လှစ်ခဲ့သည်။

သတင်း.. The Voice Weekly
ဓာတ်ပုံ... Popular Journal
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်၏ နေအိမ်မြင်ကွင်း ၁၉၆၇ခုနှစ် ရုပ်သံဖိုင်..

ကမ္ဘာမှာ မြန်မာဟေ့လို့ ဂုဏ်ဆောင်ခဲ့တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဗမာပြည်သား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်၏ နေအိမ်အား ပြတိုက်ဖွင့်လှစ်ခြင်း အခမ်းအနား ယနေ့ ပြုလုပ်ခဲ့ပါတယ်..။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့် သက်ရှိထင်ရှား ရှိစဉ် ၁၉၆၇ခုနှစ် ဖေဖော်ဝါရီလက မိခင်ကြီးကို လာရောက် ဂါရဝပြုစဉ်က မြင်ကွင်းနဲ့ ထိုစဉ်က ဦးသန့်ရဲ့ မိသားစုမြင်ကွင်း ရုပ်သံဖိုင်ပါ။

ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့် ခေတ္တ အလည်အပတ် ပြန်ရောက်ချိန် အဆိုပါ ၁၉၆၇ခုနှစ်ဟာ သမိုင်းတရားခံ ဦးနေဝင်းရဲ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး ၅နှစ်ပြည့်ခါနီး အချိန်အခါဖြစ်ပါတယ်..။ ကမ္ဘာကျော်
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့် ၁၉၆၇ခုနှစ်က ခေတ္တ မြန်မာပြည်ပြန်လာတဲ့ အချိန် ထိုစဉ်က ရန်ကုန်မြို့မှာ ဦးနေဝင်းကို တွေ့ဆုံဖို့ ကြိုးစားခဲ့ပေမယ့် ဆင်ဖြူမျက်နှာ ဆင်မဲ မကြည့်သာ ဆိုသလို ဦးသန့်ရဲ့ ကျော်ကြားမှုကို မနာလို မရှုစိမ့် ဖြစ်နေတဲ့ ဦးနေဝင်းဟာ ငပလီသို့ အပန်းဖြေခရီးထွက်တယ် ဆိုပြီး ရှောင်သွားခဲ့ပါတယ်..။ ဦးသန့်ဟာ ငပလီသို့ သွားရောက် လိုက်လံ တွေ့ဆုံခဲ့ပေမယ့်လည်း ဦးနေဝင်းဟာထပ်မံ ရှောင်လွှဲခဲ့ပါတယ်..။

သမိုင်းလိုအပ်ချက်အရ ကမ္ဘာကျော် ခေါင်းဆောင်တွေ ပေါ်ထွန်းလေ့ရှိတဲ့ အမိမြန်မာပြည်မှာ တပြိုင်တည်း တချိန်တည်းမှာပဲ ထိုကဲ့သို့ အာဏာရှင်များ ပေါ်ပေါက်လေ့ရှိတယ်ဆိုတာ ပြီးခဲ့တဲ့ အနေအထားတွေ မှာလည်း မြင်တွေ့ကြရမှာပါ.. ဖြစ်ပါတယ်..။

ဒီလိုအာဏာရှင်ခေတ်ဆိုတဲ့ အမှောင်ခေတ် အခြေအနေတွေ ပြန်လည်မပေါ်ပေါက်နိုင်အောင် ကျွန်တော်တို့အားလုံး ဝိုင်းဝန်းကြိုးစားသွားကြရမှာပါ..။

အများသိစေရန် ရုပ်သံဖိုင်ကို ပြန်လည်ဖော်ပြလိုက်ပါတယ်..

ဒီမိုဝေယံ..